News @ M-Media

Blog

  • Victoria University College ၏ တတိယ အကြိမ်မြောက် ဒီပလိုမာ ဘွဲ့လက်မှတ်ပေးပွဲ ကျင်းပ

    နိုဝင်ဘာ ၂၀-၂၀၁၃
    M-Media
    သီရိ

    DSC01032a

    ရန်ကုန်။           ။ မြန်မာနိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိက တက္ကသိုလ်အဖြစ် ဖွင့်လှစ်ထားသော Victoria University College ၏ တတိယအကြိမ်မြောက် အောင်လက်မှတ်ပေးပွဲ အခမ်းအနားကို ယနေ့ နိုဝင်ဘာလ ၂၀ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများဟိုတယ် (Traders Hotel) ၌ ကျင်းပခဲ့သည်။

    Victoria University College သည် ဗြိတိန်နိုင်ငံ South Essex College နှင့် Sunderland College ပူးတွဲ စာချုပ်ချုပ်ပြီး Level 3 အဆင့် Engineering၊ Business ၊  Health & Social Care နှင့် Computing ဘာသာရပ်များကိုသူမျာသင်ကြားပို့ချပြီး အောင်မြင်သူများကို Level 3 အဆင့် Foudation Diploma ဘွဲ့လက်မှတ်များနှင့် ဗြိတိန်နိုင်ငံရှိ South Essex College နှင့် Sunderland College တို့မှ အောင်လက်မှတ်များကို ကျောင်းသား၊ ကျောင်းသူများအား ပူးတွဲချီးမြှင့်သည့် ကောလိပ်တစ်ခုဖြစ်သည်။

    အခမ်းအနားတွင် “We are Victoria” သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ပြီး ကျောင်းအုပ်ကြီး Dr.Theresa Thomas Odornel က ဂုဏ်ပြုစကားပြောကြားပြီးနောက် ဘာသာရပ်အလိုက် ဌာနမှူးများ၊ ထိုင်းနိုင်ငံ Lampang University မှ ပါမောက္ခချုပ် Dr.Nimit နှင့် North Chiang Mai Univerity မှ Dr. Vivat တို့က ကျောင်းသား၊ ကျောင်းသူများအား အောင်လက်မှတ်များကိုချီးမြှင့်ခဲ့ကြသည်။

    The Best Student နှင့် The Best Student of Sixth Form ဆု ကို မောင်ကောင်းဆက်သာ ကလည်းကောင်း၊ Engineering Best Student ဆုကို မဖြူသန္တာကို က လည်းကောင်း၊ Business Best Student ဆုကို မထွဋ်ထက်ထက်လင်းက လည်းကောင်း၊ Computing Best Student ဆုကို မောင်သန္တာမှူး ကလည်းကောင်း၊ Health & Social Care Best Student ဆုကို မယဉ်သက်ဖြိုး ကလည်းကောင်း အသီးသီးရရှိခဲ့ပါသည်။

    ယခုအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများသည် HND ရရှိရန် ၂ နှစ် ဆက်လက်ဆည်းပူးပြီးနောက် B.E(Hons:),B.Sc (Hons:), BA (Hons:) ဘွဲ့များရရှိရန် ၁ နှစ် သို့မဟုတ် ၂ နှစ်ဆက်လက် သင်ယူရမည်ဖြစ်ကြောင်း သိရပါသည်။

    အခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူများ၏ မိဘများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ၁၁ နာရီတွင် ပြီးဆုံးကြောင်းသိရှိရပါသည်။

  • နိုဝင်ဘာ-၁၉ပြည်တွင်းနှင့် နိုင်ငံတကာသတင်း

    နိုဝင်ဘာ- ၁၉ ၂၀၁၃
    M-Media

    ကမ္ဘာ့ဖလားအား မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လာရောက်ပြသမည်
    FIFA WORLD CUP ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံတွင် လာရောက်ပြသနိုင်ရန် ကမ္ဘာ့ဖလားအဖွဲ့ချုပ်(FIFA)၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်(MFF) နှင့် Cocacola အချိုရည် ကုမ္ပဏီတို့မှ ပူးပေါင်းစီစဉ်ထားသည်ဟု သိရသည်။ ယင်း ဆုဖလားသည် ၁၄ ဒသမ ၅ လက်မ အမြင့်ရှိပြီး ၁၃ ဒသမ ၆၁ ပေါင်အလေးချိန်ရှိကာ ၁၈ ကာရက်ရွှေဖြင့် သွန်းလုပ်ထားခြင်းဖြစ်ကြောင်း၊ FIFA WORLD CUP ပြိုင်ပွဲတွင် ဗိုလ်စွဲသည့်နိုင်ငံမှသာ ကိုင်မြှောက်ခွင့်ရခြင်းဖြစ်သည်။  ဆုဖလားခရီးစဉ်ကို ဘရားဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့မှ စက်တင်ဘာလတွင် အခမ်းအနားဖြင့်ထွက်ခွာလာပြီး မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၅၀ သို့လှည့်လည်သွားမည်ဖြစ်သည်။

    ဒီဇင်ဘာ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံအားကစားခန်းမ၌ FIFA WORLD CUP ကိုခင်းကျင်းပြသသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိဘောလုံးဝါသနာရှင် ပရိသတ်များလာရောက်ကြည့်ရှု့နိုင်ကြောင်း သိရပါသည်။
    ———————————————-
    ကိုထင်ကျော် နောက်ထပ် ထောင် ၉ လ ချမှတ်ခံရ

    တရားမဝင် စီတန်းလှည့်လည်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၈) နဲ့ တရားစွဲဆိုခံထားရပြီး လက်ရှိ အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထင်ကျော်ကို ဒီကနေ့ ကျောက်တံတားမြို့နယ် တရားရုံးက ထောင်ဒဏ် ၃ လနဲ့ ပန်းပဲတန်းမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လ စုစုပေါင်း ၉ လ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ (RFA)

    ———————————————-

    ကီလိုမီတာ ၂၀၀၀ ထိပျံနိုင်တဲ့ ဒရုန်းလေယာဉ် အီရန် ထုတ်လုပ်နိုင်ပြီ

    နိုင်ငံအတွင်း၌ပင် ဖန်တီးထုတ်လုပ်ထားသည့် ဒုံးကျည်တပ် အကြီးဆုံး ဒရုံးလေယာဉ်ကို အီရန်နိုင်ငံက ယမန်နေ့က ထုတ်ဖော်ပြသလိုက်သည်။

    Fotros အမည်ရသည့် အဆိုပါဒရုန်းလေယာဉ်မှာ ကီလိုမီတာ ၂၀၀၀ အထိသွားရောက်နိုင်ပြီး ကင်းထောက်ရန်နှင့် တိုက်ပွဲဝင်ရန်တွက်အသုံးပြုနိုင်သည်ဟု အီရန်ကာကွယ်ရေးဝန်ကြီး ဟိုစိန် ဒဂ်ဟန်က ယမန်နေ့တွင်ပြောကြားသည်။ ထိုအကွာအဝေးမှာ အစ္စရေးအပါအ၀င် အရှေ့အလယ်ပိုင်းတစ်ခွင်လုံးကို ရောက်နိုင်သည့် အကွာအဝေးဖြစ်သည်။

    “Fotros ဟာ ခရီးအကွာအဝေး ၂၀၀၀ အထိသွားရောက်နိုင်ပြီး အမြင့်ပေ ၂၅၀၀၀ အထိပျံသန်းနိုင်ပါတယ်။ ပျံသန်းချိန်ကတော့ ၁၆ နာရီကနေ နာရီ ၃၀ လောက်ခံပါတယ်။ ပြီးတော့ ကင်းထောက်ဖို့ အတွက် ဆောင်ရွက်နိုင်ပြီး၊ တိုက်ပွဲအတွက် ဝေဟင်မှမြေပြင်ပစ် ဒုံးကျည်တွေကိုလည်း သယ်ဆောင်နိုင်ပါတယ်” ဟု ဒဂ်ဟန်က IRNA သတင်းဌာနသို့ ပြောကြားခဲ့သည်။

    Fotros ဒရုန်းလေယာဉ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး ထိုကဲ့သို့အောင်မြင်ခဲ့ခြင်းက ရန်သူများမှ အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုများပြုလုပ်ထားသော်လည်း အီရန်ကာကွယ်ရေး ကဏ္ဍတိုးတက်မှုကို အတားအဆီးဖြစ်စေခြင်း မရှိဟု အဆိုပါလေယာဉ် ပြပွဲ အခမ်းအနားတွင် ဒဂ်ဟန်က ထည့်သွင်းပြောကြားခဲ့သည်။

    အီရန်နိုင်ငံမှာ ယခင်ကလည်း Shahed-129 ဒရုန်းလေယာဉ်ကို တီထွင်ခဲ့ပြီး ထိုလေယာဉ်မှာ ကီလိုမီတာ ၁၇၀၀ အထိအကွာအဝေးကို  ၂၄ နာရီသာ ပျံသန်းနိုင်သည်။

    Ref:aljazeera

    201292523283497734_20

    ———————————————-

    မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အီတလီတွင်ရေကြီး

    မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မြေထဲပင်လယ်ရှိ အီတလီနိုင်ပိုင် Sardinia ကျွန်းတစ်ခုလုံးတွင် ယမန်နေ့က ရေကြီးမှုများဖြစ်ပေါ်နေပြီး ယခုအချိန်အထိ အနည်းဆုံး လူ ၉ ဦးသေဆုံးခဲ့ကာ လူရာပေါင်းများစွာအား ကယ်ဆယ်ရွှေ့ပြောင်းပေးထားရသည်ဟု သိရသည်။

    Sardinia ကျွန်းရှိ အိုလ်ဘီယာ မြို့တော်ဝင် ဂီယန်နီ ဂျီယိုဗန်နယ်လီက ကျွန်းပေါ်တွင် အလွန်ဆိုးရွားသော မုန်တိုင်းကြီးတိုက်ခတ်ခဲ့ပြီး မြို့အတွင်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကာ အများအပြားသေဆုံး၍ အများအပြားပျောက်ဆုံးနေသည်ဟု ပြောကြားခဲ့သည်။

    မုန်တိုင်းတိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြစ်ရေလျှံခဲ့ကာ ဒေါ်ဂါလီမြို့ရှိ တံတားတစ်ခုလည်းကြိုးခဲ့ရသည်။ ယခုအချိန်တအထိ သေဆုံးမှုမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦး အပါအ၀င် ၉ ဦးရှိနေသည်။ ထိုရဲတပ်ဖွဲ့ဝင်မှာ လူနာတင်ကားအား လိုက်ပါစောင့်ရှောက်စဉ် တံတားကျိုးသည့်အထဲ ပါသွားခဲ့ခြင်းကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။ ဒေါ်ဂါလီမြို့မှာ မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံး ခံရသည့်မြို့ဖြစ်ပြီး ထို့မြို့တွင်ပင် လူ ၆ ဦးသေဆုံးခဲ့သည်။

    ———————————————-

    ဘေရွတ်ရှိ အီရန်သံရုံးအနီးတွင် ကားဗုံးပေါက်ကွဲမှုဖြစ်ပွား အနည်းဆုံး ၂၂ ဦးသေဆုံး

    လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ရှိအီရန်သံရုံးအား ပစ်မှတ်ထားတိုက်ခိုက်သည့် အသေခံကားဗုံးဖောက်ခွဲမှုနှစ်ခု ယနေ့တွင်ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၂၂ ဦးသေဆုံးခဲ့ကာ ၁၅၀ နီးပါးဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။

    သေဆုံးသူများထဲတွင် အီရန်ယဉ်ကျေးမှုဆိုင်ရာ သံမှူး အီဗရာဟင် အန်ဆာရီလည်းပါဝင်ခဲ့ပြီး သေဆုံးသူစာရင်းမှာ ထပ်မံ၍မြင့်တက်နိုင်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ထိုပေါက်ကွဲမှုမှ တစ်မိနစ်ခန့်သာခြား၍ ဆက်တိုက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး သံရုံးအဆောက်အဦး ခြံဝန်းမှာပျက်ဆီးခဲ့သည်။

    အီရန်နိုင်ငံမှာ ဆီးရီးယားပြည်တွင်းစစ်အတွင်း ဆီးရီအား သမ္မတအာဆတ်၏ စစ်တပ်အားကူညီရန် စစ်သားများစေလွှတ်ပေးနေသည့် ဟစ်ဇဘိုလာတို့ကို အဓိကထောက်ပံ့ပေးနေသည့် နိုင်ငံဖြစ်သည်။

    ဆီးရီးယား ပဋိပက္ခက လက်ဘနွန်နိုင်ငံတွင် တင်းမာမှုများကိုဖြစ်ပေါ်စေပြီး မကြာသေးမီလများအတွင်းက ဘေရွတ်မြို့တောင်ပိုင်းရှိ ဟစ်ဇဘိုလာအဖွဲ့၏ ခံတပ်ဟု ယူဆရသောဒေသတွင် တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။

  • နိုဝင်ဘာ ၁၉ အားကစားသတင်းများ

    နိုဝင်ဘာ- ၁၉ ၂၀၁၃
    M-Media

    ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်တို့တွင် ကစားချင်သည်ဟု Bendtner ဆို

    အာဆင်နယ်အသင်း၏ ဒိန်းမတ် တိုက်စစ်မှူး Bendtner က ၎င်းအနေဖြင့် နောက်ပိုင်းတွင် ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့တွင် သွားရောက် ကစားချင်သည်ဟု ပြောကြားလိုက်သည်။

    နော်ဝေး အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် ဒိန်းမတ်အသင်းက အနိုင်ရရှိခဲ့ပြီးနောက် သတင်းထောက်များက မေးမြန်းရာတွင် ယခုကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အသင်းသစ်သို့ပြောင်းရွှေ့ပါက ငွေးကြေးအား ထည့်သွင်းစဉ်စားမည်မဟုတ်ဟု Bendtner က ထပ်လောင်းပြောကြားခဲ့သည်။

    “အားကစားဆိုတာက အရေးအကြီးဆုံးပါ။ ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားနိုင်တဲ့ဘယ်နေရာကိုမဆို ကျွန်တော်ပြောင်းမှာပါ။ ကျွန်ဂိုးတွေသွင်းနိုင်တဲ့ အသင်းနဲ့အတူ ကျွန်တော် (ဖလား)တခုခု ဗိုလ်စွဲချင်ပါတယ်။ အရန်ခုံမှာထိုင်ပြီး စောင့်ကြည့်နေရတာကို ကျွန်တော်မလိုချင်ပါဘူး။ ပွဲများများကစားရတာကို ကျွန်တော်နှစ်သက်ပါတယ်” ဟု ဒိန်းမတ် နေ့စဉ်သတင်းစာ Politiken သို့ Bendtner က ပြောကြားခဲ့သည်။

    Bendtner မှာ ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့တွင် အာဆင်နယ်အသင်းမှ ထွက်ခွာရန် ကြိုစားခဲ့သော်လည်း အာဆင်ဝင်ဂါးမှခွင့်မပြုခဲ့သောကြောင့် အာဆင်နယ်တွင် ဆက်လက်ရှိနေခြင်းဖြစ်ပြီး ယခုအခါ တိုက်စစ်မှူး ဂျရူး၏နောက် ဒုတိယတိုက်စစ်မှူးအဖြစ် ရှိနေသည်။
    Bendtner
    …………………………………..
    အတိတ်ကအောင်မြင်မှုများအား လွမ်းဆွတ်မနေသင့်ဟု ဒဲလ်ဘော့စကေးဆို

    အတိတ်က အောင်မြင်မှုများအားမေ့ပစ်ကာ လာမည့် ၂၀၁၄ ကမ္ဘာ့ဖလားပွဲတွင် ချန်ပီယံဘွဲ့အား ကာကွယ်ရန် အတွက်ပြင်ဆင်ရန် စပိန်အသင်း နည်းပြဖြစ်သူ ဒဲလ်ဘော့စကေးက အသင်းအား တိုက်တွန်းလိုက်သည်။

    စပိန်အသင်းမှာ ၂၀၁၀ ခုနှစ်က အောင်ပွဲခံခဲ့သည့် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ်မြို့၌ အင်္ဂါနေ့(ယနေ့)တွင် တောင်အာဖရိက အသင်းနှင့် ခြေစမ်းပွဲ ကစားရမည် ဖြစ်သည်။

    “အတိတ်နဲ့ပက်သက်ပြီးကျွန်တော်တို့ လွမ်းဆွတ်နေမှာ မဟုတ်ပါဘူး။ ဖြစ်ပြီးခဲ့တဲ့ကိစ္စတွေကို စဉ်စားတာကို ကျွန်တော်တို့ မရပ်တန့်နိုင်ပါဘူး။ ဒါပေမယ့် အခု ကျွန်တော်တို့အနာဂတ်ကိုရှေ့ရှုရပါမယ်။ ဒီ(ဂျိုဟန်နစ္စဘတ်)မှာ ရခဲ့တဲ့ ချန်ပီယံဘွဲ့ကို လာမယ့်နှစ် ဘရာဇီးမှာ ကျွန်တော်တို့ ကာကွယ်ချင်ပါတယ်” ဟု ဂျိုဟန်နစ္စဘတ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဒဲလ်ဘော့စကေးက ပြောကြားခဲ့သည်။

    ……………………………………..
    ဗြိတိန် နံပါတ် ၁ တင်းနစ်မယ်ဟောင်း တင်းနစ်လောကမှအနားယူ

    ဗြိတိန်၏ နံပါတ် ၁ တင်းနစ်မယ်ဟောင်း အယ်လီနာ ဘာလ်တာချာမှာ တင်းနစ်ကစားခြင်းမှ အနားယူတော့မည်ဟု ကြေညာခဲ့သည်။

    ဘာလ်တာချာမှာ ၂၀၁၀ခုနှစ်က ကမ္ဘာ့ထိပ်သီးတင်းနစ်အားကစားမယ်များဖြစ်သည့် လီနာနှင့် ဖရန်ဆက်ကာ စကီယာဗိုနီတို့ကို အနိုင် ကစားနိုင်ခဲ့သည်။ အသက် ၃၀ အရွယ်ရှိပြီဖြစ်ပြီး သြစတေးလျအိုးပင်းတင်နစ်ပြိုင်ပွဲ တတိယအဆင့်သို့ နှစ်ကြိမ်တိုင်တိုင် ရောက်ရှိခဲ့ကာ ၂၀၀၂ ခုနှစ် ၀င်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲတွင်လည်း တတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ ထို့ပြင် ဘာတာချာမှာ Fed Cup တင်းနစ်ပြိုင်ပွဲဝင် ဗြိတိန်အသင်းတွင်လည်း ပုံမှန်အရွေးခံရသူဖြစ်သည်။

    သို့သော်လည်း မကြာသေးခင်နှစ်များမှစ၍ ဘာလ်တာချာမှာ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ပြဿနာများနှင့် ရုန်းကန်ခဲ့ရသောကြောင့် တင်းနစ်လောကမှ အနားယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အနားယူပြီးနောက် သူမ၏ နည်းပြဖြစ်သူ နီနို ဆီဗီရီနိုနှင့်အတူ တင်းနစ် အကယ်ဒမီတစ်ခုဖွင့်ရန် စီစဉ်ထားသည်။

    “(အနားယူဖို့)အချိန်ရောက်ပြီလို့ ကျွန်မ ခံစားရပါတယ်။ လွန်ခဲ့တဲ့ ၁၆ နှစ်လုံးလုံး ခက်ခဲ ပင်ပန်းတဲ့ဘ၀ကို ကျွန်မဖြတ်သန်းခဲ့ပြီးပါပြီ။ နောက်ဆုံးတော့ ကျွန်မ အနားယူလိုက်တာပါ။ တင်းနစ်ကစားရင်းနဲ့ ဆန်းကျယ်တဲ့ အတွေ့အကြုံတွေကို ကျွန်မ ရခဲ့ပါတယ်။ ဒါတွေကိုတော့ ကျွန်မ ပြောင်းလဲပစ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မအနေနဲ့ ဘ၀သစ်တစ်ခုကို ဆက်လက်ရွေ့လျားဖို့ အချိန်ရောက်လာပြီဆိုတာ ကျွန်မရဲ့ စိတ်နဲ့ ခန္ဓာက ပြောနေပါပြီ” ဟု သူမအနားယူရသည့် အကြောင်းအရင်းအား ဘာလ်တာချာက ပြောကြားခဲ့သည်။

  • မြန်မာနိုင်ငံမှ မွတ်စလင်မ်များအား မတရား ဖိနှိပ်မှုများ ရပ်တံ့ဖို့ ဆော်ဒီတောင်းဆို

    နိုဝင်ဘာ- ၁၉ ၂၀၁၃
    M-Media
    မြန်မာနိုင်ငံရှိ ရိုဟင်ဂျာအပါအဝင် မွတ်စလင်များအပေါ် ပြုလုပ်နေသည့် မတရားမှုများအား အဆုံးသတ်ရန်နှင့် ၎င်းတို့၏ လူအခွင့်အရေးများကို ကာကွယ်ရန်အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေဖြင့် လျင်မြန်သော လုပ်ဆောင်ချက်များပြုလုပ်ရန် ဆော်ဒီအာရေဗျနိုင်ငံ ၀န်ကြီးများကောင်စီက ယမန်နေ့တွင် မေတ္တာရပ်ခံခဲ့သည်။

    ထို့ပြင် ဆော်ဒီအိမ်ရှေ့မင်းသား ဆလ်မန်ဘင် အဗ္ဗဒူလ်အဇစ် ဦးဆောင်ပြီး ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေး ၀န်ကြီးတို့ပါဝင်သည့် ကတ်ဘိနက်အဖွဲ့က မြန်မာနိုင်ငံအတွင်း ညှင်းပမ်းနှိပ်စက်ခံနေရသူများထံသို့ ကူညီသည့် အထောက်အပံ့များ လွတ်လပ်စွာ ၀င်ရောက်ခွင့်ရရန်နှင့် ထိုသူများအား သိက္ခာရှိသော ဘ၀တစ်ခုဖြစ်ပေါ်လာရေးအတွက် ကူညီရန်တို့ကို သေချာအောင်ဆောက်ရွက်ပေးရန် တိုက်တွန်းခဲ့ကြသည်။

    ယင်း ကတ်ဘိနက် အစည်းအဝေးတွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင်များ၏ အခြေအနေများကို အကျဉ်းရုံးဆွေးနွေးခဲ့ကြောင်း ဆော်ဒီ သတင်းအေဂျင်စီ (SPA) မှ ရရှိခဲ့သည့် ကြေညာချက်တွင် ဆော်ဒီယဉ်ကျေးမှုနှင့် သတင်းအချက်အလက် ၀န်ကြီး ဒေါက်တာ အဗ္ဗဒူလ်အဇစ်ခိုဂျာက ပြောကြားခဲ့သည်။

    ထို့ပြင် လူ့အခွင့်အရေး၊ နိုင်ငံသားဖြစ်ခွင့်နှင့် စီးပွားရေး အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံရှိ လူနည်းစု မွတ်စလင်များ ရင်ဆိုင်နေရသည့် ပြဿနာများအား ကိုင်တွယ်ဖြေရှင်းရန်အတွက် မြန်မာအစိုးရအား စွဲဆောင်ရန် အားထုတ်မှုများနှင့် ရခိုင်ဒေသရှိ အကြမ်းဖက်ခံ ပြည်သူများအား လူသားချင်း စာနာသည့် အကူအညီများပေးခြင်း၊ ပြည်လည်တည်ဆောက်ရေး လုပ်ငန်းများအား ကူညီလုပ်ဆောင်ပေးမှု စသည့် အစ္စလာမ့်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) ၏ လုပ်ဆောင်ချက်များကိုလည်း ကတ်ဘိနက်အဖွဲ့က ချီးကျူးခဲ့သည်ဟု ခိုဂျာက ထပ်လောင်းပြောကြားခဲ့သည်။

    hedstrom20130327051229607

    ဓါတ်ပုံအညွှန်း- ၂၀၁၃ ခုနှစ် မတ်လ အကုန်ပိုင်းတွင် အကြမ်းဖက်မီးရှို့ ခံရတော့ မြန်မာပြည်အလယ်ပိုင်း မိထ္ထီလာမြို့မှ မြင်ကွင်းတခု၊ အကြမ်းဖက်ခံ မွတ်စလင်မ်များမှာ ၈ လကြာမြင့်ပြီဖြစ်သော်လည်း ယနေ့တိုင် ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြရသည်။

    Ref:Saudi Gazette

  • ပြည်တွင်းစစ်အား ရပ်တန့်ရန် မြန်မာကို ကုလတိုက်တွန်း

    နိုဝင်ဘာ- ၁၉ ၂၀၁၃
    M-Media

    20131212322666734_20

    ကချင်ပြည်နယ်ရှိပြည်သူလူထုမှာ အစားအသောက်နှင့် နေစရာမလုံလောက်သည့် ဒုက္ခသည်စခန်းများတွင်နေ ချို့တဲ့စွာနေထိုင်နေရသောကြောင့် မြန်မာစစ်တပ်နှင့် ကချင်လက်နက်ကိုင်တို့အကြား ဖြစ်ပွားနေသည့် စစ်ပွဲများအား ချက်ချင်းရပ်တန့်ရန် ကုလသမဂ္ဂက တိုက်တွန်းပြောကြားလိုက်သည်။

    ယခုလက်ရှိ ဗန်းမော်-မန်စီ ဒေသတစ်ဝိုက်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲငယ်များက ယခင်တိုက်ပွဲများကြောင့် ရွှေ့ပြောင်းနေထိုင်ရသူများအပါအ၀င် လူပေါင်း ၂၃၀၀ ကို ဆိုးကျိုးသက်ရောက်မှုများရှိနေသည်။

    ပြီခဲ့သည့် စနေ၊ တနင်္ဂနွေနေ့များက မြန်မာစစ်တပ်မှ ကျောင်သား ၇၀၀ ခန့် တက်ရောက်စာသင်ကြားနေသည့် ကျောင်းတစ်ကျောင်းကိုလည်း ၀န်းရံပိတ်ဆို့ထားပြီး ထိုကိစ္စနှင့်ပက်သက်၍ စိုးရိမ်ပူပန်မိကြောင်း ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    “ကျောင်းသားများနှင့် ဆရာများမှာ (စစ်တပ်၏) ကျောင်းအတွင်းတွင် ၀န်းရံပိတ်ဆို့ခြင်းခံထားရပြီး ထိုလူများအားလွှတ်ပေးရန် ကက်သလစ် အသင်းတော်က တောင်းဆိုထားသည်” ဟု ယမန်နေ့ ညနေတွင် ကုလက ထပ်မံထုတ်ပြန်ခဲ့သည်။

    ၁၇ နှစ်တာ အပစ်အခတ်ရပ်စဲရေး ကျိုးပျက်ပြီးနောက် မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်ရှိ ကချင်တိုင်းရင်းသား လက်နက်ကိုင်များအား အစိုးရတပ်က ၂၀၁၁ ခုနှစ်တွင် ပြန်လည်တိုက်ခိုက်ခဲ့ပြီး ထိုစစ်ပွဲကြောင့် လူပေါင်း ၁ သိန်းနီးပါး ရွှေ့ပြောင်းခဲ့ရသည်။

    Source:
    AFP