News @ M-Media

Blog

  • ဝါဖြေချိန် အလွန်အကျွံမစားရန်နှင့် ရွေးချယ်စားသောက်ရန် ယူအေအီးဆရာဝန်များ အကြံပြု

    ဝါဖြေချိန် အလွန်အကျွံမစားရန်နှင့် ရွေးချယ်စားသောက်ရန် ယူအေအီးဆရာဝန်များ အကြံပြု

    ဧပြီ ၁၆၊ ၂၀၂၁
    M-Media

    -တစ်နေကုန် အစားရှောင်ကာ ဥပုသ်သီလ ဆောက်တည်ပြီးတဲ့နောက် ညနေ ဝါဖြေတဲ့အချိန်မှာ အလွန်အကျွံမစားဖို့နဲ့ အစားအသောက်ကို ရွေးချယ်စားသောက်ကြဖို့ ယူအေအီး ဆရာဝန်တွေက အကြံပြုထားပါတယ်။

    အစ္စလာမ်ဘာသာဝင်တွေရဲ့ ရမ်ဇာန်ဥပုသ်လဟာ ဧပြီလ ၁၃ ရက်နေ့မှာ စတင်ခဲ့တာပါ။ တစ်လတာကြာမြင့်မယ့် ဥပုသ်လမှာ မနက်အရုဏ်တက်ချိန်ကနေ နေဝင်ချိန်အထိ အစားရှောင်ရပြီး ညနေဥပုသ်ထွက်တဲ့အချိန်မှာ အစားအသောက် ရွေးချယ်စားသောက်မှုအားနည်းရင် အစာအိမ်နဲ့ပတ်သက်တဲ့ ရောဂါမျိုးတွေ ဖြစ်တတ်ပါတယ်။

    ရမ်ဇာန်ဥပုသ်လရောက်တဲ့အခါ အစာအိမ်နာတာ၊ ရောင်တာလို ရောဂါမျိုးတွေနဲ့ ဆေးရုံလာရတဲ့လူနာတွေ ပိုများလာတယ်လို့ ယူအေအီးက ဆရာဝန်တွေက ပြောပါတယ်။

    တစ်နေကုန် အစာအမစားတာကြောင့် ခန္ဓာကိုယ်တွင်းက ဇီ၀ကမ္မဖြစ်စဉ်တွေ နှေးကွေးသွားတဲ့အတွက် အစားစားတဲ့အခါမှာ ဖြေးဖြေးချင်းသာ စားသင့်တယ်လို့ Burjeel ဆေးရုံက အစာအဟာရဆိုင်ရာ ဆရာဝန် အာရ်ချာနာ ဘာဂျူက ပြောပါတယ်။

    “ဥပုသ်ထွက်တဲ့အချိန် အလွန်အကျွံစားသုံးတာဟာ အစာချေနိုင်မှုကို အားနည်းစေပြီး၊ အစာမကျေတာ၊ အစာအိမ်ရောင်တာ ဝမ်းလျှောတာတွေ ဖြစ်ကာ တစ်ခါတစ်ရံ ဆရာဝန်သွားပြရတဲ့အထိ ဖြစ်တတ်ပါတယ်။ အစားအသောက်ပမာဏထက် အရည်အသွေးကို အဓိကထားရမှာပါ။ မှန်မှန်ကန်ကန် ရွေးချယ်စားသောက်မှ အားပြန်ပြည့်ပြီး ကျွန်တော်တို့ရဲ့ ဆဲလ်တွေအတွက် လုံ​လောက်တဲ့အဟာရနဲ့ ရေဓာတ် ရရှိစေမှာ ဖြစ်ပါတယ်”

    Bareen International ဆေးရုံက ကိုယ်တွင်းဆေးပညာဆိုင်ရာ စပါယ်ရှယ်လစ် ဒေါက်တာ စော်စံ ဟူမိုင်ဒါက ရမ်ဇာန်ဥပုသ်လဟာ နေထိုင်မှုပုံစံကို ပြောင်းလဲဖို့၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အမူအကျင့်တွေ မွေးမြူဖို့ အကောင်းဆုံး အခွင့်အရေးဖြစ်တယ်လို့ ပြောပါတယ်။

    “ပရိုတိန်းကို လုံလောက်အောင် ဖြည့်တင်းတာ၊ ရေကို မကြာခဏ သောက်သုံးပေးတာတွေဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ နည်းနာတွေပါ။ ရမ်ဇာန်ကို ကောင်းမွန်စွာ ဖြတ်သန်းပါ။ အစာမကျေတာကြောင့် နေမကောင်းဖြစ်ပြီး ဆေးရုံဆေးခန်းသွားရတာမျိုး မဖြစ်အောင် ရှောင်ကျဉ်ကြပါ”

    ဝါဖြေတဲ့အချိန်မှာ စွန်ပလွံသီးစားပြီး ရေများများသောက်တာဟာ ခန္ဓာကိုယ်က ဂလူးကို့စ်ဓာတ် ပမာဏကို ထိန်းညှိပေးပြီး၊ အစာခြေစနစ်ကို အထောက်အကူပေးကြောင်း၊ စွန်ပလွံသီးမှာပါတဲ့ သကြားနဲ့ ကာဘိုဟိုက်ဒရိတ်က ဗိုက်အမြန်ပြည့်အောင် ကူညီပေးတာကြောင့် အလွန်အကျွံစားသုံးမှုကို တားဆီးပေးကြောင်း သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဥပုသ်ထွက် ဝါဖြေတဲ့အချိန်မှာ အဆီများတာတွေရှောင်ပြီး ပရိုတိန်းပါတာတွေ စားသုံးဖို့၊ သ​ကြားဓာတ်များတဲ့အရည်တွေ၊ ကဖင်းဓာတ်ပါတာတွေကို လျှော့ပြီး အသီးဖျော်ရည်၊ ကွေကာအုပ်တွေ သောက်သုံးခြင်းဟာ အစာအိမ်ကို ပိုမိုကောင်းမွန်စေတယ်လို့လည်း ဆရာဝန်တွေက အကြံပြု တိုက်တွန်းထားပါတယ်။

    Ref: Alarabiya

  • ကိုဗစ်တတိယလှိုင်းကြောင့် ထိုင်းတွင် အနီရောင်ဇုန်များ ကြေငြာရပြီ

    ကိုဗစ်တတိယလှိုင်းကြောင့် ထိုင်းတွင် အနီရောင်ဇုန်များ ကြေငြာရပြီ

    ဧပြီ ၁၆၊ ၂၀၂၁
    M-Media

    -ကိုဗစ်ရောဂါ တတိယလှိုင်းကို ကြုံတွေ့နေရတာကြောင့် ဘန်ကောက်အပါအဝင် ပြည်နယ် ၁၇ ခုကို ထိုင်းနိုင်ငံက ဒီနေ့မှာ အနီရောင်ဇုန် ကြေငြာလိုက်ပါတယ်။

    အနီရောင်ဇုန် ကြေငြာထားတဲ့ ဒေသတွေမှာ လှုပ်ရှားသွားလာမှုကန့်သတ်တာ၊ ဆိုင်တွေကို အချိန်အကန့်အသတ်နဲ့ ဖွင့်ခိုင်းတာ၊ ​​ဖျော်ဖြေရေးလုပ်ငန်းတွေ ပိတ်ခိုင်းတာ စတဲ့ ကူးစက်မှုလျှော့ချရေး ဆောင်ရွက်ချက်တွေ လုပ်ဆောင်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

    စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေကိုလည်း ပိတ်ထားမှာ ဖြစ်ပါတယ်။ အနီရောင်ဇုန်ကြေငြာခြင်းခံရတဲ့ ဒေသတွေထဲမှာ ချင်းမိုင်နဲ့ ဖူးကတ်တို့လည်း ပါဝင်ပါတယ်။

    ဒီနေ့ ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်သူ အရေအတွက် ၁၅၈၂ ဦး ရှိခဲ့ပြီး၊ ၁၅၇၇ ဦးက ပြည်တွင်းမှာ ကူးစက်တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ အလွန်ကူးစက်မြန်တဲ့ အသွင်ပြောင်းကိုဗစ်ပိုးကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကူးစက်မှု သိသိသာသာ မြင့်တက်လာတာ ဖြစ်ပါတယ်။

    Ref: CNA

  • တိုင်းရင်းသားဒေသများကို ရုရှားလေယာဥ်များဖြင့် စစ်ကောင်စီက တိုက်ခိုက်နေ

    တိုင်းရင်းသားဒေသများကို ရုရှားလေယာဥ်များဖြင့် စစ်ကောင်စီက တိုက်ခိုက်နေ

    ဧပြီ ၁၆၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ကောင်စီက တိုင်းရင်းသားဒေသတွေမှာ လေကြောင်းကနေတိုက်ခိုက်မှု ပြုလုပ်ရာမှာ ရုရှားထံကရထားတဲ့ လေယာဥ်တွေကို အသုံးပြုနေတယ်လို့ မျက်မြင်တွေ့မြင်သူတွေ၊ ကျွမ်းကျင်သူတွေက ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့ ၃ ပတ်လောက်ကစပြီး စစ်ကောင်စီတပ်တွေဟာ ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ တိုက်လေယာဥ်တွေ၊ ရဟတ်ယာဥ်တွေနဲ့ တိုးမြှင့်တိုက်ခိုက်လာတာ ဖြစ်ပါတယ်။ နိုင်ငံတစ်၀ှမ်းက ဆန္ဒပြပြည်သူတွေကို စစ်ကောင်စီတပ်တွေက အကြမ်းဖက်သတ်ဖြတ်နေမှုကို တုန့်ပြန်တဲ့အနေနဲ့ KIA နဲ့ KNU တို့ဟာ သူတို့ထိန်းချုပ်ရာ ဒေသအနီးက စစ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီက အခုလို ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။

    KNU ဒေသတွေကို စစ်တပ်က နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်း လေကြောင်းကနေ အကြီးအကျယ် တိုက်ခိုက်တာပါ။ မတ်လ ၂၇ ရက်နေ့က တိုက်လေယာဥ်တွေ၊ ရဟတ်ယာဥ်တွေနဲ့ ပထမဆုံး တိုက်ခိုက်ခဲ့တာလို့ KNU ထိပ်ပိုင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ပြည်သူတွေနေထိုင်တဲ့ ရွာတွေပေါ်ကို တိုက်ခိုက်တာကြောင့် အရပ်သားသေဆုံးမှု အများအပြား ရှိခဲ့ပါတယ်။

    ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်က အဲဒီတိုက်ခိုက်မှုအတွင်း ဗုံး ၉ လုံးချခဲ့ကာ ရဟတ်ယာဥ်တွေမှာ တပ်ဆင်ထားတဲ့ စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
    ရုရှားဆီကရတဲ့ တိုက်လေယာဥ်တွေကို စစ်တပ်က နောက်ဆုံးအသုံးပြုတာဟာ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ရခိုင်ပြည်နယ်မှာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ တိုက်ခိုက်တုန်းက ဖြစ်ပါတယ်။

    ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ရုရှားနဲ့ စစ်ရေးဆက်ဆံမှု ပိုမိုနီးကပ်အောင် လုပ်ဆောင်ခဲ့ပြီး စစ်တပ်က တရုတ်အပေါ် မှီခိုနေရမှု လျော့ချဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ စစ်တပ်ဟာ ရုရှားထံက MiG-29 တိုက်လေယာဥ် အစီး ၃၀၊ Mi-24 တိုက်လေယာဥ် ၁၀ စီး၊ Mi-35P တိုက်ခိုက်ရေးရဟတ်ယာဥ် ၅ စီး ၀ယ်ယူထားခဲ့ပြီး၊ Sukhoi-30 တိုက်လေယာဥ် ၆ စီးကိုလည်း လက်ခံဖို့ စောင့်ဆိုင်းနေတယ်လို့ ဆွီဒင် တတ်သိပညာရှင်များအဖွဲ့ Stockholm International Peace Research Institute က ပြောပါတယ်။

    ရုရှားဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာကိုင်ထားတဲ့ နိုင်ငံဖြစ်ပြီး ဆက်ဆံရေးနီးစပ်တာကြောင့် စစ်ကောင်စီဟာ ရုရှားထံကနေ သံတမန်ရေးနဲ့ စစ်ရေးအကူအညီ ပိုရလိမ့်မယ်လို့ နိုင်ငံတကာသံတမန်တွေက သုံးသပ်ပါတယ်။

    တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ UWSA ကလွဲပြီး တစ်ခြားတိုင်းရင်းသားတွေမှာ လေကြောင်းရန် ကာကွယ်ရေးစနစ် မရှိသေးဘဲ စစ်တပ်က လေကြောင်းကနေ အသာစီး ရယူထားတာကြောင့် တိုင်းရင်းသားတွေစုပေါင်းပြီး စစ်တပ်ကို တိုက်ခိုက်ဖို့ နှောင့်နှေးနိုင်တယ်လို့ လုံခြုံရေးဆိုင်ရာ လေ့လာသူတွေ သံတမန်တွေက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref: Nikkei Asia