News @ M-Media

Blog

  • ပြင်သစ်၊ ပေါ်တူဂီ၊ ခရိုအေးရှားနှင့် ဂရိတို့ ၂၀၁၄ ကမ္ဘာဖလား ခြေစစ်ပွဲအောင်ပြီ

    နိုဝင်ဘာ- ၂၀ ၂၀၁၃
    M-Media

    1691599899_B971442077Z.1_20131119231754_000_GCT1HNDSH.1-0

    ၂၀၁၄ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် Play-off ဒုတိယအကျော့ပွဲစဉ်များကို ယနေ့နံနက်က ယှဉ်ပြိုင်ကစားခဲ့ရာ ပြင်သစ်အသင်းမှာ ယူကရိန်းအသင်းအား အိမ်ကွင်းတွင် ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ကစားနိုင်ခဲ့ပြီး ကမ္ဘာ့ဖလာပြိုင်ပွဲ လွဲချော်မည့်ဘေးမှ ရုန်းထွက်နိုင်ခဲ့သည်။ ပေါ်တူဂီ အသင်းမှာ အဝေးကွင်းတွင် ဆွီဒင်အား ရော်နယ်ဒို၏ ဟက်ထရစ်သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အခြားအသင်းများဖြစ်သည့် ခရိုအေးရှားနှင့် ဂရိအသင်းတို့မှာလည်း နှစ်ကျော့ပေါင်း ရလဒ်များဖြင့် ဘရာဇီးသို့ သွားရောက်ခွင့်ရရှိခဲ့ပြီဖြစ်သည်။

    ပြင်သစ် ၃-၀ ယူကရိန်း

    ပြီးခဲ့သည့် တစ်ပါတ်က ကိဗ်မြို့တွင် ယူကရိန်းအား ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် ပြင်သစ်အသင်းမှာ ယခုပွဲတွင် ၃ ဂိုးပြတ်ဖြင့်အနိုင်ရရှိအောင် ကစားနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားဝင်ခွင့်လက်မှတ်အား သေချာစေခဲ့သည်။

    ပထမပိုင်း အစောပိုင်းမိနစ်များတွင် ပြင်သစ်အသင်းမှာ ကစားကွက်အသာစီးရခဲ့ပြီး မိနစ် ၂၀ တွင် ဦးဆောင် ဂိုးရရှိခဲ့သည်။ ထိုဂိုးအား ရီဘာရီ၏ ကန်ချက်မှ ပြန်ထွက်လာသည့် ဘောလုံးအား ဆာခိုကအပိုင်ပိတ်၍ သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ၃၂ မိနစ်တွင် ပြင်သစ်တို့ အရေးပါသည့် ဂိုးတစ်ဂိုးကိုရရှိခဲ့ပြီး ဘန်ဇီမာက အနီးကပ်ကန်သွင်းပေးခဲ့သည်။

    ဒုတိယပိုင်းပြန်အစ ၄၇ မိနစ်တွင် ယူကရိန်းအသင်း၏ ကစားသမား ခါချီရီဒီမှာ အနီကဒ်ဖြင့်ထွက်ခဲ့ရပြီး နောက်ပိုင်းမိနစ်များတွင် ပြင်သစ်အသင်းကသာ ပွဲကို စိုးမိုးထားနိုင်ခဲ့သည်။ ပြင်သစ်အသင်းအတွက် အရေးပါသောအနိုင်ဂိုးကို ယူကရိန်းကစားသမား အိုလေး ဟူစ်ယီဗ်၏ ကိုယ့်ဂိုးကိုယ်သွင်းယူမှုမှတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်သည်။

    ပြင်သစ်အသင်းမှာ ယခုပွဲအနိုင်ကြောင့် နှစ်ကျော့ပေါင်း ၃ ဂိုး ၂ ဂိုးဖြင့် ယူကရိန်းအသင်းအား အနိုင်ရရှိခဲ့ပြီး ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ကစားခွင့်ရရှိခဲ့ပြီဖြစ်သည်။
    …………………………..
    ဆွီဒင် ၂-၃ ပေါ်တူဂီ

    ပထမအကျော့ တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည့် ရော်နယ်ဒိုမှာ ယခုပွဲတွင်လည်း ဟက်ထရစ်သွင်းယူနိုင်ခဲ့ကာ ပေါ်တူဂီအသင်းအား ကမ္ဘာ့ဖလားပွဲသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။

    အိမ်ရှင်ဆွီဒင်အသင်းမှာ ပေါ်တူဂီအသင်းအား ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ဖိကစာနိုင်ခဲ့သော်လည်း ပေါ်တူဂီအသင်းက ဂိုးသွင်းခွင့်ပိုမိုရရှိခဲ့သည်။ ဆွီဒင်အသင်းမှာ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုအားထိန်းချုပ်ရခက်နေခဲ့ပြီး ပထမပိုင်းအပြီးတွင် ဂိုးမရှိသရေဖြစ်နေခဲ့သည်။

    ဒုတိယပိုင်းတွင်လည်း ဆွီဒင်အသင်းကသာ ဖိကစားနိုင်ခဲ့သည်။ သို့သော် ဦးဆောင်ဂိုးကို ပေါ်တူဂီတို့ရရှိခဲ့ပြီး မိနစ် ၅၀ တွင် မော်တင်ဟို၏ ဖန်တီးပေးမှုမှတစ်ဆင့် ရော်နယ်ဒိုကသွင်းယူပေးခဲ့သည်။ ၆၇ မိနစ်တွင် အိမ်ရှင်တို့ ချေပဂိုးပြန်လည်ရရှိခဲ့ပြီး ထောင့်ကန်ဘောမှတစ်ဆင့် အီဗရာဟီမိုဗစ်က ခေါင်းတိုက်သွင်းယူခဲ့သည်။ များမကြာမီ ၇၂ မိနစ်တွင် ဖရီးကစ်မှတစ်ဆင့် အီဗရာဟီမိုဗစ်ကဒုတိယဂိုးထပ်မံသွင်းယူနိုင်ခဲ့ပြီး အိမ်ရှင်တို့၏ ကမ္ဘာ့ဖလားဝင်ခွင့်မျှော်လင့်ချက်ကို ရှင်သန်စေခဲ့သည်။

    သို့သော်လည်း ၇၇ မိနစ်နှင့် ၇၉ မိနစ်တို့တွင် ရော်နယ်ဒိုက ချေပဂိုးနှင့် အနိုင်ဂိုးများ သွင်းယူနိုင်ခဲ့သောကြောင့် ပွဲအပြီးတွင် နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး ၂ ဂိုးဖြင့် ပေါ်တူဂီတို့ ဘရာဇီးသို့ သွားရောက်နိုင်ခဲ့ပြီဖြစ်သည်။ ရော်နယ်ဒိုမှာ ယခုပွဲတွင် အကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့ပြီး နောက်ဆုံးကစားခဲ့သည့် ၆ ပွဲတွင် ၃ ကြိမ်အထိ ဟက်ထရစ် သွင်းယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

    အခြားပွဲစဉ်များတွင် ခရိုအေးရှားအသင်းက အိမ်ကွင်းတွင် အိုက်စလန် အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုး ဂိုးရှိဖြင့်လည်းကောင်း၊ ဂရိအသင်းက ရိုမေးနီးယားအသင်းအား အဝေးကွင်းတွင် ၁ ဂိုးစီသရေကစားနိုင်ခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး ၂ ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကာ ကမ္ဘာ့ဖလားပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။

  • ရိုဟင်ဂျာနှင့် အခြား မွတ်စလင်မ်များကို အကြမ်းဖက်မှုတွေ တားဆီးနှိမ်နှင်းရန် မြန်မာအစိုးရကို ကုလပြော

    နိုဝင်ဘာ-၂၀ ၊ ၂၀၁၃
    M-Media

    201311191943782734_20
    ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ ကလေးငယ်များ [Getty Images]

    မြန်မာနိုင်ငံအတွင်းရှိ လူနည်းစု ရိုဟင်ဂျာများအား နိုင်ငံသားအဖြစ် ခွင့်ပြုရန်နှင့် ဗုဒ္ဓဘာသာဝင်များမှ ရိုဟင်ဂျာများနှင့် မြန်မာနိုင်ငံ အတွင်းရှိ အခြားသော အစ္စလာမ် ဘာသာဝင်များအား အကြမ်းဖက် တိုက်ခိုက်နေမှုများကို နှိမ်နင်းရန် မြန်မာအစိုးရအား တိုက်တွန်းသည့် ဆုံးဖြတ်ချက်ကို  ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီ၏ အင်္ဂါနေ့က ပြုလုပ်တဲ့ နှစ်ပတ်လည် အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံအားလုံးမှ သဘောတူ အတည်ပြုခဲ့ပါတယ်။

    ထိုဆုံးဖြတ်ချက်တွင် မြန်မာအစိုးရ၏ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမှုကို ကြိုဆိုထားပြီး၊ ယခုနှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမည်ဆိုသည့် သမ္မတ ဦးသိန်းစိန်၏ ကတိအား တည်ကြည်ရန်လည်း တိုက်တွန်းခဲ့သည်။

    ထို့ပြင် အခြားလူ့အခွင့်အရေး ချိုးဖောက်မှုများဖြစ်သည့် စုံစမ်းစစ်ဆေးခြင်းမရှိဘဲ ဖမ်းဆီးမှု၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်သူများအား ဖမ်းဆီးထိန်းသိမ်းမှု၊ အတင်းအဓမ္မ နေရာရွှေ့ပြောင်းမှု၊ လယ်မြေများ သိမ်းဆည်းခြင်း၊ စစ်တပ်၏ အဓမ္မကျင့်မှုများနှင့် အခြားသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ ညှင်းပန်းနှိပ်စက်မှုများနှင့် လူမဆန်သော လုပ်ရပ်များနှင့် ပတ်သက်ပြီး စိုးရိမ်မိကြောင်း ဖော်ပြခဲ့သည်။

    ထိုဆုံးဖြတ်ချက်တွင် ကော်မတီတွင် ပါဝင်သည့်အဖွဲ့ဝင် ၁၉၃ နိုင်ငံစလုံးက မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် လူမျိုးရေး အကြမ်းဖက်မှုများ၊ ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာ လူနည်းစုများအား ညှင်းပန်း နှိပ်စက်မှုများနှင့်ပက်သက်၍ အလွန်စိုးရိမ်မိကြောင်း အလေးထား ဖော်ပြခဲ့ကြသည်။

    ထိုဆုံးဖြတ်ချက်အား လာမည့်ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အတည်ပြုရန် ရှိနေသည်ဟု သိရသည်။

    Source: Agencies

  • ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ ကုလတိုက်တွန်း

    ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ ကုလတိုက်တွန်း

    နိုဝင်ဘာ ၂၀- ၂၀၁၃

    မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့၊ နိုင်ငံတွင်းက တခြား အစ္စလမ်ဘာသာဝင်တွေအပေါ် အကြမ်းဖက်တာတွေကို တားဆီး ကာကွယ်ပေးဖို့ မြန်မာ အစိုးရကို တိုက်တွန်းရေး ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက အင်္ဂါနေ့က အားလုံးသဘောတူ အတည်ပြုခဲ့ပါတယ်။

    ဘာသာရေးနဲ့ ဆက်နွယ်တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရ အနေနဲ့ ထိထိ ရောက်ရောက် ကိုင်တွယ် အရေးယူဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။

    ဒါဟာ လာမယ့်ဒီဇင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာလည်း အဲဒီဆုံးဖြတ်ချက်ကို အတည်ပြုမယ့်သဘောဖြစ်တယ်လို့ AP သတင်းက ဖေါ်ပြပါတယ်။

    Ref:RFA Burmese

  • Victoria University College ၏ တတိယ အကြိမ်မြောက် ဒီပလိုမာ ဘွဲ့လက်မှတ်ပေးပွဲ ကျင်းပ

    နိုဝင်ဘာ ၂၀-၂၀၁၃
    M-Media
    သီရိ

    DSC01032a

    ရန်ကုန်။           ။ မြန်မာနိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိက တက္ကသိုလ်အဖြစ် ဖွင့်လှစ်ထားသော Victoria University College ၏ တတိယအကြိမ်မြောက် အောင်လက်မှတ်ပေးပွဲ အခမ်းအနားကို ယနေ့ နိုဝင်ဘာလ ၂၀ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများဟိုတယ် (Traders Hotel) ၌ ကျင်းပခဲ့သည်။

    Victoria University College သည် ဗြိတိန်နိုင်ငံ South Essex College နှင့် Sunderland College ပူးတွဲ စာချုပ်ချုပ်ပြီး Level 3 အဆင့် Engineering၊ Business ၊  Health & Social Care နှင့် Computing ဘာသာရပ်များကိုသူမျာသင်ကြားပို့ချပြီး အောင်မြင်သူများကို Level 3 အဆင့် Foudation Diploma ဘွဲ့လက်မှတ်များနှင့် ဗြိတိန်နိုင်ငံရှိ South Essex College နှင့် Sunderland College တို့မှ အောင်လက်မှတ်များကို ကျောင်းသား၊ ကျောင်းသူများအား ပူးတွဲချီးမြှင့်သည့် ကောလိပ်တစ်ခုဖြစ်သည်။

    အခမ်းအနားတွင် “We are Victoria” သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ပြီး ကျောင်းအုပ်ကြီး Dr.Theresa Thomas Odornel က ဂုဏ်ပြုစကားပြောကြားပြီးနောက် ဘာသာရပ်အလိုက် ဌာနမှူးများ၊ ထိုင်းနိုင်ငံ Lampang University မှ ပါမောက္ခချုပ် Dr.Nimit နှင့် North Chiang Mai Univerity မှ Dr. Vivat တို့က ကျောင်းသား၊ ကျောင်းသူများအား အောင်လက်မှတ်များကိုချီးမြှင့်ခဲ့ကြသည်။

    The Best Student နှင့် The Best Student of Sixth Form ဆု ကို မောင်ကောင်းဆက်သာ ကလည်းကောင်း၊ Engineering Best Student ဆုကို မဖြူသန္တာကို က လည်းကောင်း၊ Business Best Student ဆုကို မထွဋ်ထက်ထက်လင်းက လည်းကောင်း၊ Computing Best Student ဆုကို မောင်သန္တာမှူး ကလည်းကောင်း၊ Health & Social Care Best Student ဆုကို မယဉ်သက်ဖြိုး ကလည်းကောင်း အသီးသီးရရှိခဲ့ပါသည်။

    ယခုအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများသည် HND ရရှိရန် ၂ နှစ် ဆက်လက်ဆည်းပူးပြီးနောက် B.E(Hons:),B.Sc (Hons:), BA (Hons:) ဘွဲ့များရရှိရန် ၁ နှစ် သို့မဟုတ် ၂ နှစ်ဆက်လက် သင်ယူရမည်ဖြစ်ကြောင်း သိရပါသည်။

    အခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူများ၏ မိဘများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ၁၁ နာရီတွင် ပြီးဆုံးကြောင်းသိရှိရပါသည်။

  • နိုဝင်ဘာ-၁၉ပြည်တွင်းနှင့် နိုင်ငံတကာသတင်း

    နိုဝင်ဘာ- ၁၉ ၂၀၁၃
    M-Media

    ကမ္ဘာ့ဖလားအား မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လာရောက်ပြသမည်
    FIFA WORLD CUP ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံတွင် လာရောက်ပြသနိုင်ရန် ကမ္ဘာ့ဖလားအဖွဲ့ချုပ်(FIFA)၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်(MFF) နှင့် Cocacola အချိုရည် ကုမ္ပဏီတို့မှ ပူးပေါင်းစီစဉ်ထားသည်ဟု သိရသည်။ ယင်း ဆုဖလားသည် ၁၄ ဒသမ ၅ လက်မ အမြင့်ရှိပြီး ၁၃ ဒသမ ၆၁ ပေါင်အလေးချိန်ရှိကာ ၁၈ ကာရက်ရွှေဖြင့် သွန်းလုပ်ထားခြင်းဖြစ်ကြောင်း၊ FIFA WORLD CUP ပြိုင်ပွဲတွင် ဗိုလ်စွဲသည့်နိုင်ငံမှသာ ကိုင်မြှောက်ခွင့်ရခြင်းဖြစ်သည်။  ဆုဖလားခရီးစဉ်ကို ဘရားဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့မှ စက်တင်ဘာလတွင် အခမ်းအနားဖြင့်ထွက်ခွာလာပြီး မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၅၀ သို့လှည့်လည်သွားမည်ဖြစ်သည်။

    ဒီဇင်ဘာ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံအားကစားခန်းမ၌ FIFA WORLD CUP ကိုခင်းကျင်းပြသသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိဘောလုံးဝါသနာရှင် ပရိသတ်များလာရောက်ကြည့်ရှု့နိုင်ကြောင်း သိရပါသည်။
    ———————————————-
    ကိုထင်ကျော် နောက်ထပ် ထောင် ၉ လ ချမှတ်ခံရ

    တရားမဝင် စီတန်းလှည့်လည်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၈) နဲ့ တရားစွဲဆိုခံထားရပြီး လက်ရှိ အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထင်ကျော်ကို ဒီကနေ့ ကျောက်တံတားမြို့နယ် တရားရုံးက ထောင်ဒဏ် ၃ လနဲ့ ပန်းပဲတန်းမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လ စုစုပေါင်း ၉ လ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ (RFA)

    ———————————————-

    ကီလိုမီတာ ၂၀၀၀ ထိပျံနိုင်တဲ့ ဒရုန်းလေယာဉ် အီရန် ထုတ်လုပ်နိုင်ပြီ

    နိုင်ငံအတွင်း၌ပင် ဖန်တီးထုတ်လုပ်ထားသည့် ဒုံးကျည်တပ် အကြီးဆုံး ဒရုံးလေယာဉ်ကို အီရန်နိုင်ငံက ယမန်နေ့က ထုတ်ဖော်ပြသလိုက်သည်။

    Fotros အမည်ရသည့် အဆိုပါဒရုန်းလေယာဉ်မှာ ကီလိုမီတာ ၂၀၀၀ အထိသွားရောက်နိုင်ပြီး ကင်းထောက်ရန်နှင့် တိုက်ပွဲဝင်ရန်တွက်အသုံးပြုနိုင်သည်ဟု အီရန်ကာကွယ်ရေးဝန်ကြီး ဟိုစိန် ဒဂ်ဟန်က ယမန်နေ့တွင်ပြောကြားသည်။ ထိုအကွာအဝေးမှာ အစ္စရေးအပါအ၀င် အရှေ့အလယ်ပိုင်းတစ်ခွင်လုံးကို ရောက်နိုင်သည့် အကွာအဝေးဖြစ်သည်။

    “Fotros ဟာ ခရီးအကွာအဝေး ၂၀၀၀ အထိသွားရောက်နိုင်ပြီး အမြင့်ပေ ၂၅၀၀၀ အထိပျံသန်းနိုင်ပါတယ်။ ပျံသန်းချိန်ကတော့ ၁၆ နာရီကနေ နာရီ ၃၀ လောက်ခံပါတယ်။ ပြီးတော့ ကင်းထောက်ဖို့ အတွက် ဆောင်ရွက်နိုင်ပြီး၊ တိုက်ပွဲအတွက် ဝေဟင်မှမြေပြင်ပစ် ဒုံးကျည်တွေကိုလည်း သယ်ဆောင်နိုင်ပါတယ်” ဟု ဒဂ်ဟန်က IRNA သတင်းဌာနသို့ ပြောကြားခဲ့သည်။

    Fotros ဒရုန်းလေယာဉ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး ထိုကဲ့သို့အောင်မြင်ခဲ့ခြင်းက ရန်သူများမှ အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုများပြုလုပ်ထားသော်လည်း အီရန်ကာကွယ်ရေး ကဏ္ဍတိုးတက်မှုကို အတားအဆီးဖြစ်စေခြင်း မရှိဟု အဆိုပါလေယာဉ် ပြပွဲ အခမ်းအနားတွင် ဒဂ်ဟန်က ထည့်သွင်းပြောကြားခဲ့သည်။

    အီရန်နိုင်ငံမှာ ယခင်ကလည်း Shahed-129 ဒရုန်းလေယာဉ်ကို တီထွင်ခဲ့ပြီး ထိုလေယာဉ်မှာ ကီလိုမီတာ ၁၇၀၀ အထိအကွာအဝေးကို  ၂၄ နာရီသာ ပျံသန်းနိုင်သည်။

    Ref:aljazeera

    201292523283497734_20

    ———————————————-

    မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အီတလီတွင်ရေကြီး

    မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မြေထဲပင်လယ်ရှိ အီတလီနိုင်ပိုင် Sardinia ကျွန်းတစ်ခုလုံးတွင် ယမန်နေ့က ရေကြီးမှုများဖြစ်ပေါ်နေပြီး ယခုအချိန်အထိ အနည်းဆုံး လူ ၉ ဦးသေဆုံးခဲ့ကာ လူရာပေါင်းများစွာအား ကယ်ဆယ်ရွှေ့ပြောင်းပေးထားရသည်ဟု သိရသည်။

    Sardinia ကျွန်းရှိ အိုလ်ဘီယာ မြို့တော်ဝင် ဂီယန်နီ ဂျီယိုဗန်နယ်လီက ကျွန်းပေါ်တွင် အလွန်ဆိုးရွားသော မုန်တိုင်းကြီးတိုက်ခတ်ခဲ့ပြီး မြို့အတွင်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကာ အများအပြားသေဆုံး၍ အများအပြားပျောက်ဆုံးနေသည်ဟု ပြောကြားခဲ့သည်။

    မုန်တိုင်းတိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြစ်ရေလျှံခဲ့ကာ ဒေါ်ဂါလီမြို့ရှိ တံတားတစ်ခုလည်းကြိုးခဲ့ရသည်။ ယခုအချိန်တအထိ သေဆုံးမှုမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦး အပါအ၀င် ၉ ဦးရှိနေသည်။ ထိုရဲတပ်ဖွဲ့ဝင်မှာ လူနာတင်ကားအား လိုက်ပါစောင့်ရှောက်စဉ် တံတားကျိုးသည့်အထဲ ပါသွားခဲ့ခြင်းကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။ ဒေါ်ဂါလီမြို့မှာ မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံး ခံရသည့်မြို့ဖြစ်ပြီး ထို့မြို့တွင်ပင် လူ ၆ ဦးသေဆုံးခဲ့သည်။

    ———————————————-

    ဘေရွတ်ရှိ အီရန်သံရုံးအနီးတွင် ကားဗုံးပေါက်ကွဲမှုဖြစ်ပွား အနည်းဆုံး ၂၂ ဦးသေဆုံး

    လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ရှိအီရန်သံရုံးအား ပစ်မှတ်ထားတိုက်ခိုက်သည့် အသေခံကားဗုံးဖောက်ခွဲမှုနှစ်ခု ယနေ့တွင်ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၂၂ ဦးသေဆုံးခဲ့ကာ ၁၅၀ နီးပါးဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။

    သေဆုံးသူများထဲတွင် အီရန်ယဉ်ကျေးမှုဆိုင်ရာ သံမှူး အီဗရာဟင် အန်ဆာရီလည်းပါဝင်ခဲ့ပြီး သေဆုံးသူစာရင်းမှာ ထပ်မံ၍မြင့်တက်နိုင်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ထိုပေါက်ကွဲမှုမှ တစ်မိနစ်ခန့်သာခြား၍ ဆက်တိုက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး သံရုံးအဆောက်အဦး ခြံဝန်းမှာပျက်ဆီးခဲ့သည်။

    အီရန်နိုင်ငံမှာ ဆီးရီးယားပြည်တွင်းစစ်အတွင်း ဆီးရီအား သမ္မတအာဆတ်၏ စစ်တပ်အားကူညီရန် စစ်သားများစေလွှတ်ပေးနေသည့် ဟစ်ဇဘိုလာတို့ကို အဓိကထောက်ပံ့ပေးနေသည့် နိုင်ငံဖြစ်သည်။

    ဆီးရီးယား ပဋိပက္ခက လက်ဘနွန်နိုင်ငံတွင် တင်းမာမှုများကိုဖြစ်ပေါ်စေပြီး မကြာသေးမီလများအတွင်းက ဘေရွတ်မြို့တောင်ပိုင်းရှိ ဟစ်ဇဘိုလာအဖွဲ့၏ ခံတပ်ဟု ယူဆရသောဒေသတွင် တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။