News @ M-Media

Blog

  • ဘင်္ဂလားဒေ့ရှ်မှ အင်တာနက် bandwidth မြန်မာနှင့် အိန္ဒိယတို့ ၀ယ်ယူရန် စီစဉ်

    နိုဝင်ဘာ- ၁၈ ၂၀၁၃
    M-Media

    Bandwidth

    ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အင်တာနက် bandwidth ၀ယ်ယူရန် မြန်မာနှင့် အိန္ဒိယနိုင်ငံတို့က စိတ်ဝင်စားနေသည်ဟု သိရသည်။

    နိုင်ငံအရှေ့မြောက်ပိုင်းရှိပြည်နယ်များအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၁၀၀ ဂီဂါဘိုက်ပမာဏရှိ အင်တာနက် bandwidth အား ဝယ်ယူဖို့ အိန္ဒိယအစိုးရက နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ညွှန်ကြားချက်ပေးခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် ရေအောက် ဖိုက်ဘာလိုင်း ကုမ္ပဏီလိမိတက်မှ မန်နေဂျင်းဒါရိုက်တာ မွန်ဝါရ် ဟိုစိုင်က ပြောကြားခဲ့သည်။

    ထိုပြင် ၅၀ ဂီဂါဘိုက်ပမာဏရှိသည့် အင်တာနက် bandwidth  တစ်ခု ၀ယ်ယူမှုအတွက် ဆွေးနွေးရန် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့တစ်ခုကိုလည်း ယခုသီတင်းပတ်တွင် ဒါကာသို့စေလွှတ်မည်ဟု သိရသည်။

    အိန္ဒိယနှင့် မြန်မာနိုင်ငံတို့မှာ ကိုယ်စားလှယ်များမှာ အဆိုပါအင်တာနက်ကိစ္စအား ဆွေးနွေးရန် ဒါကာသို့ အကြိမ်ကြိမ်သွားရောက်ခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ်အနေနှင့် အင်တာနက် bandwidth  အိန္ဒိယသို့ရောင်းရန် ဆုံးဖြတ်ခဲ့ပါကာ Brahmanbaria မှ အိန္ဒိယနယ်စပ်အထိ အနည်းဆုံး ကီလိုမီတာ ၅၀ ရှိမည့် ဖိုက်ဘာဆက်ကြောင်း တစ်ခုကို တည်ဆောက်ရန် လိုအပ်နေသည်။

    အိန္ဒိယနိုင်ငံမှာ အင်တာနက် အသုံးပြုရန် ဖိုက်ဘာ ဆက်ကြောင်းများစွာရှိသော်လည်း ထိုဆက်ကြောင်းများမှ အရှေ့မြောက်ပိုင်းပြည်နယ်များသို့ အင်တာလိုင်းများ ခွဲဝေပေးရန်မှာ ကုန်ကျစားရိတ် အလွန်များနေသောကြောင့် ဘင်္ဂလားဒေ့ရှ်မှ ၀ယ်ယူရန် စီစဉ်ရခြင်းဖြစ်သည်။

    မြန်မာနိုင်ငံတွင်လည်း အင်တာနက်အသုံးပြုရန်  SEA-ME-WE-3 လိုင်း ရှိနေသော်လည်း၊ အရေးပေါ်အသုံးပြုရန် လိုင်းများ မရှိခြင်းနှင့် ထိုလိုင်းမှာ လာမည့် ၂ နှစ်အတွင်း လုံလောက်မှု မရှိဖြစ်လာမည်ဖြစ်သောကြောင့် နိုင်ငံ၏ ဆက်သွယ်ရေး ကွန်ရက်များကို တိုးချဲ့ရန် လိုအပ်နေသည်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နိုင်ငံ၏ အင်တာနက်ဆက်သွယ်ရေးနှင့် ပတ်သက်ပြီး အရေးပေါ်အသုံးပြုရန်နှင့် ထပ်တိုးအသုံးပြုရန်အတွက် SEA-ME-WE-4  လိုင်းများအပါအ၀င် ရေအောက်ဖိုက်ဘာဆက်ကြောင်းများမှ ၂၀၀ ဂီဂါဘိုက် ပမာဏရှိထားသည်။

    ထို့ပြင် ၂၀၁၅ ခုနှစ် မတ်လတွင် SEA-ME-WE-5 လိုင်းတပ်ဆင်ရန်ရှိနေပြီး ထိုလိုင်း တပ်ဆင်ပြီးပါက ၈၀၀ ဂီဂါဘိုက် ပမာဏရှိ အင်တာနက် bandwidth  ထပ်မံရရှိရန် ဘင်္ဂလားဒေ့ရှ်က မျှော်လင့်နေသည်။

    Ref: thedailystar

  • နိုဝင်ဘာ-၁၈ အားကစားသတင်းများ

    နိုဝင်ဘာ- ၁၈ ၂၀၁၃
    M-Media

    နေးမာမှာ ရော်နယ်ဒိုနှင့် မက်ဆီတို့ကဲ့သို့ ကောင်းမွန်သည်ဟု ဘရာဇီးနည်းပြဆို

    တိုက်စစ်မှူးနေးမာမှာ ကမ္ဘာ့ အကောင်းဆုံးဘောလုံးသမား တစ်ဦးအဖြစ် သက်သေပြခဲ့ပြီးဖြစ်ကြောင်း ဘရာဇီအသင်း၏ နည်းပြဖြစ်သူ စကိုလာရီက ပြောကြားလိုက်သည်။

    အသက် ၂၁ နှစ်အရွယ်သာရှိသေးသည့် နေးမာမှာ ဘရာဇီးကလပ် ဆန်းတို့စ်အသင်းမှ ဘာစီလိုနာအသင်းသို့ ယခုနှစ်နွေရာသီကမှ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ဘာကာအသင်းအတွက် ၁၁ ပွဲပါဝင်ကစားပေးခဲ့ကာ ၄ ဂိုး သွင်းယူပေးထားသည်။

    နေမာ၏ နိုင်ငံတကာ စွမ်းဆောင်ရည်မှာ ကလပ်အသင်းထက်ပိုမို၍ ကောင်းမွန်ပြီး ၄၄ ပွဲစားပြီး ၂၇ ဂိုးအထိ သွားထားနိုင်ခဲ့သည်။

    မကြာသေးမီက ကစားခဲ့သည့် ဘာကာနှင့် ဆဲလ်တစ်အသင်းတို့၏ ချန်ပီယံလိဂ်ပွဲစဉ်တွင် ဆဲလ်တစ် ကစားသမား စကော့ဘရောင်း အထုတ်ခံရမှုအတွက် နေးမာအား ချယ်ဆီးနည်းပြမောရင်ဟိုက ဝေဖန်ခဲ့သည်။ သို့သော်လည်း စကိုလာရီက ၎င်း၏ ကစားသမားအား ကာကွယ်ပြောဆိုခဲ့သည်။

    “အခုဆို နေးမာဟာ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ မက်ဆီတို့အဆင့်လောက်ရှိနေပြီဆိုတာကို မော်ရင်ဟို သိကောင်းသိမှာပါ။ ပြီးတော့ သူ့အသင်းကိုလည်း ထိုးနှက်နိုင်ပါတယ်” ဟု စကိုလာရီက The Guardian သတင်းစာသို့ ပြောကြားခဲ့သည်။
    Neymar
    …………………………..
    ဒီဘရိုင်နီ ချယ်ဆီးမှ ထွက်ခွာသင်သည့်ဟု ဟာဇာဒ့်ဆို

    ဘယ်လ်ဂျီယံကစားသမား ဘရိုင်နီအနေဖြင့် ပုံမှန်ကစားခွင့်နှင့် ကမ္ဘာ့ဖလားပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရချင်ပါက ချယ်ဆီးအသင်းမှ ထွက်ခွာသင့်သည့်ဟု တစ်နိုင်ငံတည်းသား ချယ်ဆီးကွင်းလယ်လူ ဟာဇာဒ့်က ပြောကြားလိုက်သည်။

    နှစ်ဦးစလုံးမှာ ပြီးခဲ့သည့် ကြာသာပတေးနေ့က ကစားခဲ့သော ကိုလံဘီယာအသင်းအား ၂ ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ဘယ်လ်ဂျီယံအသင်းတွင် ပါဝင်ကစားခဲ့သော်လည်၊ ဘရိုင်နီမှာ ချယ်ဆီးအသင်းတွင် ပုံမှန်ပါဝင်ခွင့်ရရန် ခက်ခဲနေသည်။

    ဘယ်လ်ဂျီယံအသင်း၏ နည်းပြဖြစ်သူ မာ့က်ဝီလ်မိုစ့်ကလည်း ဘရိုင်နီအနေဖြင့် စတမ်းဖို့ဒ်ဘရစ်ခ်ျက ထွက်ခွာပါက အကျိုးရှိနိုင်သည်ဟု အကြံပြုခဲ့သည်။

    “သူဟာ ပုံမှန်မကစားရဘူးဆိုရင်တော့၊ အသင်းကထွက်ခွာတာက ပိုကောင်းပါတယ်။ (ကလပ်အသင်းမှာ) တစ်နှစ်လောက်မကစားရဘဲနဲ့ ကမ္ဘာ့ဖလားပွဲမှာ ကစားဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်။ အနာဂတ်မှာ ကီဗင်(ဘရိုင်နီ)ဆီက အကောင်ဆုံးပုံစံကို ကျွန်တော်တို့ရချင်တယ်ဆိုရင်တော့၊ (ချယ်ဆီးက) သူထွက်ခွာတာအကောင်းဆုံဖြစ်မှာပါ။ ဒါပေမယ့် သူဟာ နာမည်ကျော်ကစားသမားပါ။ သူ့ရဲ့ကိုယ်ပိုင်ရွေးချယ်မှုကို သူကိုယ်တိုင် လုပ်ရမှာပါ” ဟု ဟာဇာ့ဒ်က Het Nieuwsblad သတင်းစာသို့ပြောကြားခဲ့သည်။

    ………………………………………..
    ခြေစစ်ပွဲအောင်ရန် ပြင်သစ်အသင်းမှာ ကွင်းထဲတွင် အသေခံရန်ပင် အဆင်သင့်ရှိနေသည်ဟု ဂျရူးဆို

    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေးအတွက် ပြင်သစ်အသင်းမှာ သေရန်ပင်အဆင်သင့်ရှိနေသည်ဟု ပြင်သစ်အသင်း တိုက်စစ်မှူး အိုလီဗာ ဂျရူးက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် သောကြာနေ့က ကိဗ်မြို့တွင်ကစားခဲ့သည့် play-off ပထမအကျော့တွင် ယူကရိန်းအသင်းအား၂ ဂိုး ဂိုးမရှိဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက် ပြင်သစ်အသင်း၏ ကမ္ဘာ့ဖလားအောင်မြင်ရေး မျှော်လင့်ချက်မှာ ရေးရေးသာကျန်ရှိတော့သည်။

    ထိုပွဲတွင် နောက်ခံလူ ကွန်စီယဲလ်နီ အထုတ်ခံခဲ့ရပြီး မနက်ဖြန်တွင် ကစားမည့် ဒုတိယအကျော့တွင် မပါဝင်နိုင်တော့ခြင်းမှာ ပြင်သစ်အသင်းအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်နေသော်လည်း အသင်းမှာ အပြောင်းအလဲတစ်ခုကို လုပ်ဆောင်နိုင်သည်ဟု ဂျရူးက ယုံကြည်နေသည်။

    “အဲဒီ(ကမ္ဘာ့ဖလားပွဲ)ကိုရောက်ဖို့အတွက် ကွင်းထဲမှာအသေခံဖို့ ကျွန်တော်တို့အားလုံး အဆင်သင့်ဖြစ်နေပါပြီ။ ပြင်သစ်နိုင်ငံ အတွက် ကိုယ်စားပြုရတာကို ကျွန်တော်တို့ ဂုဏ်ယူတယ်ဆိုတာ ပရိတ်သတ်ကိုရော ကျွန်တော်တို့ ကိုယ်တိုင်ကိုပါ ပြသချင်ပါတယ်။ ကျွန်တော်တို့ကို ချစ်ကြတဲ့၊ အားပေးကြတဲ့ ပရိတ်သတ်တွေ အကုန်လုံး ဂုဏ်ယူရအောင် ကျွန်တော်တို့ လုပ်ပေးချင်ပါတယ်” ဟု ဂျရူးက သတင်းထောက်များအား ပြောကြားခဲ့သည်။

    အာဆင်နယ်အသင်း တိုက်စစ်မှူး ဂျရူးမှာ ပရီးမီးယားလိဂ်တွင် ခြေစွမ်းပြ ဂိုးများသွင်းယူနေသော်လည်း နိုင်ငံအသင်းတွင် အောင်မြင်မှုများ ထင်သလောက် မရရှိသေးပေ။

    …………………………………..
    David Cup တင်းနစ်ပြိုင်ပွဲတွင် ချက်အသင်းဗိုလ်စွဲ

    ဆာဘီးယာနိုင်ငံ ဘဲလ်ဂရိတ်မြို့တွင် ယမန်နေ့က ကစားခဲ့သည့် David Cup တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲ၏ အဆုံးအဖြတ်ပွဲစဉ်တွင် ချက်တင်းနစ်သမား ရာဒက်စတီပါနက်က ဆားဘီးယား တင်းနစ်သမား ဒူဆန် လာဂျိုဗစ်ကို  ၃ပွဲပြတ်ဖြင့်အနိုင်ရရှိခဲ့ပြီးနောက် ချက်အသင်းမှာ ဆားဘီယားအသင်းအား ၃ ပွဲ ၂ ပွဲဖြင့် အနိုင်ရရှိခဲ့ကာ David Cup ချန်ပီယံဖြစ်လာခဲ့သည်။

    နိုဘက်ဂျိုကိုဘစ်က သော့မတ်စ်ဘာဒစ်ခ်ျအား တနင်္ဂနွေနေ့ အစောပိုင်းတွင် အနိုင်ယူနိုင်ခဲ့ပြီး ၂ ပွဲစီသရေဖြစ်နေချိန်တွင် စတီပါနက်က အိမ်ရှင် လာဂျိုဗစ်အား အနိုင်ကစားနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုပွဲအနိုင်ရရှိမှုမှာ ချက်အသင်း၏ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

    “ဘယ်လိုပြောရမယ်မှန်းမသိတော့ပါဘူး။ ပထမအကြိမ် (ဗိုလ်စွဲခဲ့တာ)နဲ့ လုံးဝခြားနားခဲ့ပြီး ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့တာဟာ ကမ္ဘာကြီးဟာ ကျွန်တော်တို့အတွက်လို့ ဆိုလိုပါတယ်။ ကျွန်တော်တို့ တိုင်းပြည်အတွက်ပါ။ ဒုတိယအကြိမ်ဗိုလ်စွဲဖို့ ကျွန်တော်တို့ ၃၂ နှစ်တာ စောင့်ခဲ့ရပြီး၊ အခုတော့ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့တဲ့ ၅ နိုင်ငံစာရင်းမှာ ကျွန်တော်တို့ ပါဝင်နိုင်ခဲ့ပါပြီ” ဟု စတီပါနက်က ပွဲအပြီးတွင်ပြောကြားခဲ့သည်။

  • ရုရှားနိုင်ငံရှိ ၁၉ ရာစုက ဖျက်ဆီးခံခဲ့ရသည့် ဗလီဝတ်ကျောင်း တစ်လုံးအား ပြန်လည် တည်ဆောက်ခွင့်ရ

    နိုဝင်ဘာ- ၁၈ ၂၀၁၃
    M-Media

    nijny_novgorod_yarmarochnaya_mechet

    တော်လှန်ရေးပြီးနောက် ဖြိုဖျက်ခြင်းခံခဲ့ရသည့် ရုရှားနိုင်ငံ  Nizhny Novgorod Oblast ပြည်နယ် Nizhny မြို့ရှိ The Fair mosque ဗလီဝတ်ကျောင်းတော်အား ထိုမြို့ရှိ အစ္စလာမ်ဘာသာဝင်များ၏ အထောက်အပံ့ဖြင့် ပြန်လည် တည်ဆောက်တော့မည်ဟု သိရသည်။

    ထိုဗလီဝတ်ကျောင်းတော်အား ပြန်လည်ဆောက်လုပ်ရန် Volga Kanavinsky ခရိုင် အိုကာမြစ်အနီးတွင် ပြည်နယ် အစိုးရက မြေနေရာ သတ်မှတ်ပေးခဲ့ပြီး၊ ထိုဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရန် အတွက်လည်း ခွင့်ပြု မိန့်ချပေးခဲ့သောကြောင့်၊ ဆောက်လုပ်ရေး လုပ်ငန်းများကို မကြာမီ စတင်တော့မည်ဖြစ်သည်။  ထို့ပြင် ၂၀၁၈ ခုနှစ်တွင် ကျရောက်မည့် ထိုဗလီဝတ်ကျောင်းတော် နှစ် ၂၀၀ ပြည့် အခမ်းအနားကိုလည်း ကျင်းပရန်စီစဉ်ထားသည်။

    Fair Mosque ဗလီဝတ်ကျောင်းတော်အား ပြန်လည် တည်ဆောက်ရေးကိစ္စမှာ လွန်ခဲ့သည့် ၇ နှစ်ကတည်းက စီစဉ်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းအတွက် ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ထိုစဉ်က ရုရှားသမ္မတ မက်ဗီဒက်နှင့် တွေ့ဆုံဆွေးနွေးကာ တင်ပြခဲ့ခြင်းဖြစ်သည်ဟု Nizhny မြို့ မွတ်စလင်မ်အသင်း ဥက္ကဌ ဂါရက်ဇ် ဟတ်ဇရတ် ဇာကီရော့ဗ့် ပြောကြားခဲ့သည်။

    Source : islam.ru

  • အစ္စလာမ်သာသနာကို တိရိစ္ဆာန်ဝါဒဟု စော်ကားသည့် ကိစ္စ အစ္စလာမ်အဖွဲ့ကြီးမှ သမ္မတထံ တိုင်စာပို့

    နိုဝင်ဘာ- ၁၈ ၂၀၁၃
    M-Media
    KK

    မြန်မာအစိုးရ၏ ဖိတ်ကြားချက်ဖြင့် တရားဝင်လာရောက်ခဲ့သော အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ေ၇းအဖွဲ့( အိုအိုင်စိ) အား ကန့်ကွက် ဆန္ဒပြသူ အချို့မှ ဆန္ဒပြခြင်းကို အကြောင်းပြုပြီး အစ္စလာမ်သာသနာကို မဟုတ်မမှန် စွပ်စွဲပုတ်ခတ်ကာ စော်ကားရေးသား ပြောဆို ထုတ်ဖော်မှုများပြုခဲ့ကြသည့် အပေါ် တည်ဆဲ တရားဥပဒေများအရ အမြန်ဆုံးအရေးယူပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှာ နိုင်ငံတော် သမ္မတ သို့ လိပ်မူပြီး တိုင်ကြားစာ ပေးပို့ထားကြောင်း သတင်းရရှိသည်။

    အဆိုပါ တိုင်ကြားစာတွင် ဆန္ဒပြသူများမှ အစ္စလာမ်ကို စော်ကားပုတ်ခတ်ထားသော “သားဖောက်နှုန်းမြန်အစ္စလာမ် တိရိစ္ဆာန်ဝါဒ ဆန့်ကျင်ကြ” ” လူသတ်ဝါဒ၊ မုဒိမ်းကျင့်ဝါဒ ကို လက်ကိုင်ပြုထားသည့် ရှရီးယား(အစ္စလာမ့်ဥပဒေ) အလိုမရှိ။” စသည့် စာသားများကို ဖော်ပြထားပြီး အဆိုပါစွပ်စွဲ ပုတ်ခတ်စော်ကားမှုများမှာ ဖွဲ့စည်းပုံအခြေခံဥပေဒ၊ ပြစ်မှုဆိုင်ရာ ဥပဒေ( ရာဇသတ်ကြီး ) ပြဌာန်းချက်များနှင့် ဆန့်ကျင်နေပြီး အထူးသဖြင့် ကမ္ဘာတဝှမ်းမှ လူမျိုးပေါင်းစုံ ကိုးကွယ်ရာ ကမ္ဘာ့ဘာသာကြီးတစ်ခုကို “တိရိစ္ဆာန်ဝါဒ”ဟု ပုတ်ခတ်စော်ကားခြင်းမှာ ဘာသာဝင်များ၏ စိတ်ကိုနာကျည်းစေရန်  တမင် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်သောကြောင့် အဖွဲ့ကြီးအနေဖြင့် လုံးဝ(လုံးဝ) လက်မခံဟု ထည့်သွင်းရေးသားထားပြီး အဆိုပါ စော်ကား ပုတ်ခတ်မှုကို လုပ်ဆောင်ခဲ့သည့် လူ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း အားလုံးကို တရားဥပဒေအရ အမြန်ဆုံး အရေးယူပေးရန် တောင်းဆိုထားသည်။

    statement3

    statement2

    statement1

    sittwe 2013

  • မလေးရှား ၀န်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီ အရေးပေါ် ဆေးရုံတင်ရ

    နိုဝင်ဘာ- ၁၈ ၂၀၁၃
    M-Media

    articlesmahathir_mohamad_21103_600_399_100
    မလေးရှားနိုင်ငံ ၀န်ကြီးချုပ်ဟောင်းဖြစ်သူ ဒေါက်တာ မဟာသီယာမုဟမ္မဒ် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ ခံစားရသဖြင့် အမျိုးသားနှလုံးရောဂါ ဆေးရုံသို့ တင်ဆောင်ခဲ့ရကြောင်း မလေးရှားသတင်းအေဂျင်စီ Bernama က ယနေ့တွင် ဖော်ပြလိုက်သည်။

    မဟာသီယာမုဟမ္မဒ် မှာ မလေးရှားဝန်ကြီးချုပ်ရာထူးအား ၁၉၈၁ ခုနှစ်မှ ၂၀၀၃ခုနှစ်အထိ ၂၂နှစ်ကြာ တာဝန်ယူ ထမ်းဆောင်ခဲ့ပြီး မလေးရှားနိုင်ငံအား တည်ငြိမ်အေးချမ်းပြီး၊ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံဖြစ်အောင် ဦးဆောင်ပေးနိုင်ခဲ့သူဖြစ်သည်

    Ref: Bernama

    ဓါတ်ပုံအညွှန်း- ဒေါက်တာ မဟာသီ အောက်တိုဘာ ၁၈ ရက်နေ့က ၄င်း၏ ရုံးခန်းတွင် အင်တာဗျူးတခုဖြေကြားစဉ်
    Photo-Reuters