News @ M-Media

Blog

  • နိုဝင်ဘာ-၂၀ နိုင်ငံတကာနှင့် ပြည်တွင်းသတင်း

    နိုဝင်ဘာ ၂၀ ၂၀၁၃
    M-Media

    အပြည်ပြည်ဆိုင်ရာ ကလေးသူငယ် အခွင့်အရေးများနေ့ အထိမ်းအမှတ် မြန်မာနိုင်ငံတွင်လည်း ပြုလုပ်

    အပြည်ပြည်ဆိုင်ရာ ကလေးသူငယ် အခွင့်အရေးများနေ့အထိမ်းအမှတ် ပျော်ရွှင်ပွဲများကို ရန်ကုန်မြို့ရှိ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာတွင် ပြုလုပ်ခဲ့ပြီး၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှခြင်း၊ ပိုစတာများ ချိတ်ဆွဲပြသခြင်း၊ ကလေးသူငယ်များ၏ဘ၀ ဓါတ်ပုံပြခန်းများပြုလုပ်ခဲ့ပြီး လာရောက်ကြသော ကလေးများအား ကစားနည်းများဖြင့် ကစားပေးခြင်း၊ တေးသီချင်းဖျော်ဖြေမှုများ ပြုလုပ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးခြင်းဖြင့် အထိမ်းအမှတ်နေ့ ကျင်းပခဲ့ကြောင်း သိရပါတယ်။
    _______________________
    နေပြည်တော် ကောင်စီ နှင့် ပြည်ထဲရေး အာဏာလွန်ဆွဲခဲ့သည့် NLD လူထု ဟောပြောပွဲ ခွင့်ပြုမှု

    နိုဝင်ဘာလ ၁၈-ရက်နေ့က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် လက်ပံခါးလှ ကျေးရွာတွင် ပြုလုပ်ခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ အခြေခံဥပဒေဆိုင်ရာ လူထုဟောပြောပွဲအား ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထို့တံ ခွင့်ပြုချက် တောင်းခံခဲ့ရာတွင် နေပြည်တော်ကောင်စီမှ ကန့်ကွက်ခဲ့မှုကြောင့် ဟောပြောပွဲ ကျင်းပခွင့်ပြုရန် ရဲတပ်ဖွဲ့မှ ပထမပိုင်းတွင် ငြင်းပယ်ခဲ့သော်လည်း နေပြည်တော် ခရိုင် ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီးရုံးထံ ဆက်သွယ်၍ ဟောပြောပွဲ ကျင်းပခွင့်ပြုခဲ့လိုက်သည့်အတွက် နေပြည်တော်ကောင်စီနှင့် ပြည်ထဲရေး ၀န်ကြီးဌာနအကြား အာဏာလွန်ဆွဲမှုသဖွယ် ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားလျက်ရှိကြောင်း ဧရာဝတီ သတင်းဌာနမှတဆင့် သိရှိရပါတယ်။

    ______________________
    ရခိုင်ပြည်နယ် အကြမ်းဖက်ခံရသူများအား လူသားချင်းစာနာမှုအပိုင်းတွင် စိုးရိမ်ဖွယ်ရှိသေးကြောင်း အမေရိကန်သံရုံးမှ ထုတ်ပြန်

    ရခိုင်ပြည်နယ်တွင် အကြမ်းဖက်ခံရသည့်အတွက် အိုးအိမ်စွန့်ခွာခဲ့ရသူများ နေထိုင်ရန် ယာယီတန်းလျားများအား မိုးရာသီအတွင်း ဆောက်ထားမှုသည် တိုးတက်မှုဖြစ်သော်လည်း လူသားချင်း စာနာထောက်ထားမှု အနေအထားမှာမူ စိုးရိမ်ဖွယ်ဖြစ်နေသေးကြောင်း၊ အကြမ်းဖက်မှု ကျူးလွန်သူများနှင့် မတရားပြုလုပ်သူများကို ခွဲခြားမှုမရှိဘဲ အစိုးရက ဥပဒေနှင့်အညီ ပြတ်ပြတ်သားသား အရေးယူသင့်သည်ဟု မှတ်ချက်ပြုကြောင်း အမေရိကန်သံရုံးက ဒီနေ့ထုတ်ပြန်လိုက်တယ်လို့ မဇ္ဈိမသတင်းဌာနအား ကိုးကား၍ ဖော်ပြလိုက်ပါတယ်။
    ______________________
    အစိုးရနှင့် ကျောင်းသားဒီမိုကရက်တစ်တပ်ဦး တွေ့ဆုံဆွေးနွေး

    အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)အဖွဲ့နှင့် ယနေ့ ညနေပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး ယခု တွေ့ဆုံမှု ကော်မတီ ၂-ခုကြားတွင် ကျန်ရှိနေသည့် နိုင်ငံရေါ် ကိစ္စရပ်များအား ပြည်ထောင်စုအဆင့် ဆွေးနွေးရန် နိုဝင်ဘာလမှာ လုပ်ရန် ဆွေးနွေးခဲ့ပြီး အများပြည်သူ လက်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ အာမခံချက်ရှိသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များရှိမှ နိုင်ငံမှာ စစ်မှန်သည့် ငြိမ်းချမ်းရေးရမှာဖြစ်ကြောင်း ABSDF အဖွဲ့ ဥက္ကဋ္ဌ ကိုသံခဲက RFA ကို ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

    ______________________

    အမေရိကန် ဆီးနိတ်အမတ်တစ်ဦးအား သားဖြစ်သူမှ ဓားဖြင့်ထိုးပြီးနောက် မိမိကိုယ်ကို သတ်သေ

    အမေရိကန်ပြည်ထောင်စု ဆီးနိတ်လွှတ်တော်အမတ်တစ်ဦးအား သားဖြစ်သူမှ ဓားဖြင့်ထိုးမှုဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

    ဗာဂျီးနီးယားပြည်နယ် ဆီးနိတ်လွှတ်တော် အမတ်တစ်ဦးဖြစ်သည့် ခရီဂ်ျဒီဒ်၏ ရင်ဘတ်နှင့် ဦးခေါင်းတို့အား သားဖြစ်သူ ဂူစ်ဒီဒ်က ယမန်နေ့တွင် ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ပြီး၊ နောက်ပိုင်းတွင် ဂူစ်မှာ ၎င်း၏ဦးခေါင်းအား ကိုယ်တိုင် သေနတ်ဖြင့်ပစ်ကာ အဆုံးစီရင်ခဲ့သည်။

    ဂူစ်မှာ ဆီးနိတ်အမတ်၏ သားလေးယောက်အနက်မှ တစ်ယောက်ဖြစ်ပြီး တနင်္လာနေ့က ၎င်း၏ စိတ်ပိုင်းဆိုင်ရာရောဂါအား ကုသရန် Bath Community ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း ဆေးရုံတွင် အိပ်ယာ လုံလောက်မှု မရှိသောကြောင့် ပြန်လည် ဆင်းလာခဲ့ခြင်းဖြစ်သည်။

    အခင်းဖြစ်ပွားချိန်တွင် ၎င်းတို့သားအဖ နှစ်ဦးသာရှိနေခဲ့သည်။ ခရီဂ်ျဒီဒ်မှာ စောစောပိုင်းက အသက်အန္တရာယ် စိုးရိမ်ရသည့်အနေအထား ရှိခဲ့သော်လည်း ယခုအချိန်တွင် ပြန်လည်ကောင်းမွန်လာပြီဖြစ်ကာ ဆေးကုသမှုအား ဆက်လက်ခံယူနေရသည်။

    ဓါတ်ပုံအညွှန်း- ၂၀၀၅ ခုနှစ် စက်တင်ဘာက မဲဆွယ်ပွဲတခုသို့ သားအဖ နှစ်ယောက်အတူ သွားရောက်စဉ်က ဓါတ်ပုံ
    Source:Agencies

    senator-assault————————————————————————–

    တောင်အာဖရိကတွင် တည်ဆောက်ဆဲရှော့ပင်း မောလ်တစ်ခုပြိုကျ

    တောင်အဖာရိကနိုင်ငံ ဒါဘန်မြို့တွင် ဆောက်လုပ်ဆဲ ရှော့ပင်းမောလ်တစ်ခု ယမန်နေ့က ပြိုကျခဲ့ရာ အနည်းဆုံး လူတစ်ဦးသေဆုံးခဲ့ပြီး ၅၀ ခန့် ပိတ်မိနေသည်ဟု သိရသည်။

    သုံးထပ်အမြင့်ရှိသည့် အဆိုပါရှော့ပင်းမောလ် ပြိုကျမှုမှာ ယမန်နေ့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပိတ်မိနေသူများမှာ ထိုရှော့ပင်းမောလ် တည်ဆောက်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေကြသူများဖြစ်သည်။

    ထိုရှောပင်းမောလ်၏ မျက်နှာချင်းဆိုင်တွင်နေထိုင်သည့် မျက်မြင်သက်သေတစ်ဦးက သူမအနေဖြင့် မီးဖိုဆောင်တွင် ရပ်နေစဉ် ကျယ်လောင်သော အသံတစ်ခုကြားခဲ့ရပြီး ထို အဆောက်အဦးမှာ ပြိုကျခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ပြိုကျမှုကြောင့် ၁ ဦးသေဆုံးခဲ့ပြီး ၂၆ ဦးအား အပျက်အဆီးများကြားမှ ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ အဆောက်ဦးများကြားတွင် ပိတ်မိနေသူများရှိနေပြီး ၎င်းတို့အားလုံးမှာ ဆောက်လုပ်ရေးအလုပ်သမားများဖြစ်ကြောင့် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မန်ဒီ ဂိုဗန်ဒါက ပြောကြားခဲ့သည်။ ထို့ပြင် ပြိုကျခဲ့သည့် အကြောင်းအရင်းကို မသိရှိရသေးကြောင်း ဒုတိယမြို့တော်ဝန် ရှာဘာလာလာက ဆိုသည်။

    အခင်းဖြစ်ပွားပြီးနောက်ပိုင်း ကယ်ဆယ်ရေးလုပ်သားများက အနံ့ခံခွေးများ စက်ကိရိယာများအသုံးပြုကာ ပိတ်မိနေသူများကို ကယ်ဆယ်လျက်ရှိသည်ဟု သိရသည်။
    ————————————————————-

    အမေရိကန်တွင် လိင်ပိုင်းဆိုင်ရာစော်ကားမှုများအား တိုင်ကြားမှုလျော့နည်း

    ပြည်စုံသောလေ့လာဆန်းစစ်မှုများပြုလုပ်ပြီးနောက် ယမန်နေ့ကထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် အမေရိကန်တွင်ဖြစ်ပွားသော လိင်ပိုင်းဆိုင်ရာစော်ကားမှုများအား တိုင်ကြားမှုလျော့နည်းပြီး၊ မှတ်တမ်းမှတ်ရာများလည်းလျော့နည်းသည်ဟု သိရသည်။

    အမျိုးသားလေ့လာဆန်းစစ်မှုကောင်စီမှ ပြုလုပ်ခဲ့သော အဆိုပါစစ်တမ်းကောက်ယူမှုတွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို ထုတ်ဖော်မှုများ နည်းသောကြောင့် ရလဒ်များမှာလည်း ကွဲပြားနေပြီး၊ ထိုကဲ့သို့ဖြစ်နေခြင်းက လူထု၊ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်း၊ နိုင်ငံရေးပေါ်လစီချမှတ်သူများ၊ သုသေသနပြုလုပ်သူများနှင့် စော်ကားခံရသူများအတွက် အကျိုးဆောင်ပေးမည့် ဥပဒေဆိုင်ရာအဖွဲ့အစည်းများအတွက် ရှုပ်ထွေးမှုများဖြစ်ပေါ်စေသည်ဟု စာမျက်နှာ ၂၆၅ စာမျက်နှာပါသည့် အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

    အမေရိကန်တွင် အဓ္ဓမပြုကျင့်မှုနှင့် လိင်ပိုင်းဆိုင်ရာစော်ကားမှုများမှာ ၂၀၁၁ ခုနှစ်တွင် ၂၄၄၁၉၀ မှုရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ပိုမိုဖြစ်ပွားလာခဲ့ကာ ၃၄၆၈၃၀ မှုရှိအထိ ရှိခဲ့သည်ဟု ရာဇ၀တ်မူသားကောင်းများစစ်တမ်းကောက်ယူမှု(NCVS) ၏ စစ်တမ်းအရ သိရသည်။ NCVS ၏ စစ်တမ်းကောက်ယူမှုများကို တရားမျှတမှုအချက်အလက်စုဆောင်းရေးဗျူရိုအတွက် အမေရိကန်သန်းခေါင်စာရင်းဗျူရိုမှ ဦးဆောင်ဦးရွက်ပြုကာ စီစဉ်ပေးခြင်းဖြစ်သည်။

    သို့သော်လည် အဓ္ဓမပြုကျင့်မှုနှုန်းမှာ စစ်တမ်း၏ ရလဒ်ထက်ပိုမိုမြင့်မားနိုင်ပြီး တစ်နှစ်လျှင် အကြိမ်ရေ ၁.၃ သန်းဝန်းကျင်ဖြစ်ပွားနိုင်သည်ဟု အမေရိကန်ရောဂါထိန်းချုပ်ရေးစင်တာ (CDC) က ဖော်ပြသည်။

    အမေရိကန်တွင်ဖြစ်ပွားလေ့ရှိသည့် အဓ္ဓမပြုကျင့်မှုများနှင့် လိင်ပိုင်းဆိုင်အကြမ်းဖက်မှုများမှာ များသောအားဖြင့် ရင်းနှီးသူများက တစ်ဦးချင်းကျူးလွန်ကြခြင်းဖြစ်သည်။ သိုသော်လည်း အဓ္ဓပြုကျင့်ခံရသူသည် သူမ၏ လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုများအား မိသားစုများကို ဖွင့်ပြောရန် ရှက်ရွံ့ကြသည်ဟု လေ့လာမှုကဆိုသည်။

    ရင်းနှီးသောသူများ၏ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ခြိမ်းခြောက်ပြုကျင့်မှု များမှာ အမေရိကန်နိုင်ငံရှိ ပြည်သူများအား အရေးပါပြီး၊ ကျယ်ပြန့်သော ကျန်းမာရေးဆိုင်ရာ ပြဿနာများဖြစ်စေသည်ဟု CDC ၏ ကဖော်ပြခဲ့သည်။

    ပျမ်းမျှအားဖြင့် အမေရိကန်နိုင်ငံတွင် တစ်မိနစ်အတွင်း လူ ၂၄ ဦးခန့်မှာ အဓ္ဓမပြုခြင်းခံရခြင်း၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းနှင့် ရင်းနှီးသောသူများ၏ ခြိမ်းခြောက်စော်ကားခံရခြင်းတို့ကို ခံစားနေရကြောင်း ၂၀၁၀ခုနှစ်က ပြုလုပ်ခဲ့သည့် လေ့လာမှုများအရသိရသည်။

    Ref: presstv

    ————————————-

    ဒရုန်းလေယာဉ်နယ်ပယ်တွင် အမေရိကန်နှင့်ယှဉ်ပြိုင်နိုင်ရန် ဒရုန်းကလပ်အား အီးယူဖွဲ့စည်း

    အမေရိကန်နှင့် အစ္စရေးတို့မှ ထုတ်လုပ်သော မောင်းသူမဲ့ ဒရုန်းလေယာဉ်များအား ယှဉ်ပြိုင်ရန်အတွက် ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့အပါအ၀င် ဥရောပနိုင်ငံအများစုက ‘ဒရုန်းလေယာဉ်အ သုံးပြုသူများ ကလပ်’ ဖွဲ့စည်းရန် သဘောတူညီခဲ့ကြသည်ဟု သိရသည်။

    ယမန်နေ့က ဘရက်ဆဲလ်မြို့တွင် ပြုလုပ်ခဲ့သည့် ဥရောပနိုင်ငံများ၏ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးတွင် လာမည့် ၁၀ နှစ်အတွင်း ဥရောပ၏ဒရုန်းလေယာဉ် မျိုးဆက်အား တိုးတက်အောင်ပြုလုပ်ရန် အဖွဲ့ဝင်နိုင်ငံအားလုံးက သဘောတူခဲ့ကြခြင်းဖြစ်သည်။ ထိုကလပ်တွင် ဂရိ၊ အီတလီ၊ နယ်သာလန်၊ ပိုလန်နှင့် စပိန်နိုင်ငံတို့ကလည်း အဖွဲ့ဝင်များအဖြစ် ပါဝင်ကြမည်ဖြစ်သည်။

    အချို့သော ဥရောပနိုင်ငံမျာမှာ အနာဂတ် စစ်ဘက်လေကြောင်းပိုင်းဆိုင်ရာတွင် ပြိုင်ဘက်များကို မယှဉ်ပြိုင်နိုင်မည်ကို စိုးရိမ်ပူပန်နေကြသည်။ ယခုအချိန်တွင် ဥရောပနိုင်ငံများမှာ အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ဘက်ဆိုင်ရာ ဒရုန်းလေယာဉ်များကို ကောင်းမွန်စွာအသုံးပြုနေသော်လည်း ထိုဒရုန်းလေယာဉ်များအား ဥရောပလေပိုင်နက်တွင် အသုံးပြုရန် ခွင့်ပြုချက်မရရှိပေ။

    ပြီးခဲ့သည့်ဇွန်လကလည်း ဥရောပရှိ လေကြောင်းဆိုင်ရာ အကြီးဆုံး လေကြောင်းဆိုင်ရာ ကုမ္ပဏီများဖြစ်ကြသည့် ဥရောပလေကြောင်းကာကွယ်ရေးနှင့် အာကာသဆိုင်ရာကုမ္ပဏီ၊ ပြင်သစ်လေကြောင်းဆိုင်ရာအဖွဲ့နှင့် အီတလီနာမည်ကြီး လေကြောင်းနည်ပညာများ တီထွင်ထုပ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Finmeccanica တို့ပူပေါင်းကာ အလယ်အလတ်အမြင့်ပျံသန်းနိုင်သည့် အကြမ်းခံ မောင်းသူမဲ့လေယာဉ်များကို ထုတ်လုပ်ရန် စီစဉ်ခဲ့ကြသည်။

    ယခုနှစ်အစောပိုင်းက မာလီနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် စစ်ပွဲတွင် ပြင်သစ်နိုင်ငံမှာ အမေရိကန်ဒရုန်းများနှင့် ဆီဖြည့်လေယာဉ်များကို မှီခိုခဲ့ရသည်။ ဂျာမနီနိုင်ငံကလည်း အာဖဂန်စစ်မြေပြင်နှင့် အခြားနိုင်ငံရှိ စစ်မြေပြင်များတွင် အစ္စရေးမှထုတ်လုပ်သည့် Heron 1 မောင်းသူမဲ့လေယာဉ်များကို အသုံးပြုနေသည်။

    ————————————————–

  • ကျောက်ဖြူမြို့မှ ဗလီဖျက်ဆီးမှုနှင့် ဒုက္ခသည် စခန်းမှ မွတ်စလင်မ်များအား ခြိမ်းခြောက်မှု အမေရိကန် ပြင်းထန်စွာရှုံချ

    နိုဝင်ဘာ ၂၀ ၂၀၁၃
    M-Media

    U.S. Embassy Rangoon

    ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် နောက်ဆုံးဖြစ်ပွားခဲ့သော ဗလီဝတ်ကျောင်း တစ်ခုအား ဖျက်ဆီးခဲ့ခြင်းနှင့် ဒုက္ခသည် စခန်းသို့ပြောင်းရွှေပြီးနေထိုင်နေရသော မွတ်စလင်မ်များကို ခြိမ်းခြောက်မှုများပြုနေခြငိးု အမေရိကန်ပြည်ထောင်စု အနေဖြင့် လွန်စွာ စိုးရိမ်ရပါကြောင်းနှင့် အနီးကပ် စောင့်ကြည့်လျက်ရှိကြောင်း ရန်ကုန်မြို့မှ အမေရိကန်သံရုံးက သတင်းထုတ်ပြန်လိုက်ပါသည်။

    အမေရိကန်ပြည်ထောင်စု အနေဖြင့် ယခုကဲ့သို့ ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်းများကို ပြင်းထန်စွာရှုံ့ချကြောင်း နှင့် အစိုးရ အာဏာပိုင်များနှင့် လူမျိုးစုခေါင်းဆောင်များ အနေဖြင့် အကြမ်းဖက်လုပ်ရပ်များကို အရေးယူရန်နှင့် အမုန်းတရား လှုံဆော်မှုများကို ထိထိရောက်ရောက် အရေးယူရန် တိုက်တွန်းလိုက်ပါသည်။

    ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသောအခြေအနေများကို အနီးးကပ် လေ့လာစောင့်ကြည့်ရန် အမေရိကန် သံရုံးအားလည်းညွှန်ကြားထားပြီး။ ပြည်ထောင်စုအစိုးရ နှင့် ပြည်တွင်းအာဏာပိုင်များအား လုံခြုံရေး နှင့် ဥပဒေ စိုးမိုးရေး၊ တရားမျှတမှု၊ လူသားချင်းစာနာမှု လုပ်ဆောင်ချက်များ နှင့် ပြန်လည်သင့်မြတ်ရေး လုပ်ဆောင်မှုများအား ရခိုင်ပြည်နယ်အတွင်းလုပ်ဆောင်ရန် နှင့် လက်ရှိတွင် တင်းမာနေသော အခြေအနေများအား ငြိမ်းအေးစေပြီး၊ ငြိမ်းချမ်းရေး နှင့် တိုးတက်ရေးများ ဖြစ်ပေါ်လာစေရန် လုပ်ဆောင်ရန် လိုအပ်နေပါသ်ည။

    အဓိကအားဖြင့် တစ်နိုင်ငံလုံးရှိ ဘာသာရေး နှင့် လူမှုရေးအသင်းဖွဲ့ ဦးဆောင်သူများ နှင့် ပြည်သူများအားအကြမ်းဖက်မှုများကိုဆန့်ကျင်ပြီး၊ နားလည်မှု၊ အပြန်အလှန် လေးစားမှု နှင့် အတူတကွ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်မှုများကိုမတူညီသောလူမျိုးများကြား ဖြစ်ပေါ်စေဖို့ ကြိုးစားရန် လိုအပ်ကြောင်းကိုလည်းပြောကြားခဲ့ပါသည်။

  • မန္တလေးတွင် ခွင့်ပြု မိန့်မရဘဲ OIC ကို ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်

    နိုဝင်ဘာ ၂၀-၂၀၁၃
    M-Media
    သီရိ

    MDY

    မန္တလေး။ ။မန္တလေးမြို့တွင် သံဃာတော်များမှဦးဆောင်၍ OIC ကန့်ကွက်ဆန္ဒပြပွဲကို နိုဝင်ဘာ ၁၉ ရက်(ယမန်နေ့) မွန်းလွဲ ၁ နာရီတွင် ပြုလုပ်ခဲ့သည်။

    “တခြားမြို့တွေမှာ ပြပြီးသွားပြီ။ မန္တလေးကငြိမ်နေတော့ OIC ကိုထောက်ခံသလိုဖြစ်နေတယ်။ အဲလိုမထင်ရအောင် မန္တလေးမြို့ကလဲ ကန့်ကွက်တယ် အလိုမရှိဘူး၊ ဒါကြောင့် ဒီနေ့လုပ်တာပဲ၊ ခွင့်ပြုမိန့်တင်ထားတာ ဒီနေ့ငါးရက်ပြည့်တယ်၊ ဘာမှအကြောင်း မပြန်ဘူး ခွင့်ပြူမိန့်ရရ၊ မရရ ဆန္ဒပြတယ်။ ကြွေးကြော်သံတွေမှာ နိုင်ငံတော်ပုန်ကန်တဲ့ စာသား လုံဝမပါဘူး” ဟု ဦးဆောင်ဆရာတော် ဦးကာဝိယ(ဂဋ္ဌုန်နီ ဆရာတော်) ကမိန့်ကြားခဲ့သည်။

    ဤဆန္ဒဖော်ထုတ်မှုကို ဘဂါင်္လီများအား နိုင်ငံသားအဖြစ် လက်မခံရန်၊ OIC ရုံးအခြေစိုက်ဖွင့်လှစ်ခြင်းမပြုရန် စသော အချက်ငါးချက်ဖြင့် ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ဆန္ဒပြမှုကို သက်ဆိုင်ရာမှ ဟန့်တားနှောက်ယှက်မှု မရှိဟု ဆရာတော်မှ ဆက်လက်မိန့်ကြားခဲ့သည်။

    ထိုဆန္ဒဖော်ထုတ်ပွဲကို မဟာမြတ်မုနိဘုရားကြီးတောင်ဘက်မှ စတင်စီတန်း လမ်းလျှောက်ခဲ့ပြီး ၄၂ လမ်းနှင့် ၈၄ လမ်း ၈၄ လမ်းမှ ၈၂ လမ်းနှင့် ၈၁ လမ်းတို့ကိုပတ်ကာ ဦးပွားဘုရားသို့ ပြန်လည်ချီတက်ခဲ့ပြီး မွန်းလွဲ ၂ နာရီတွင်ပြီးဆုံးခဲ့သည်။

    သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ငြိမ်းချမ်းစွာ ဆန္ဒပြုခွင့် နည်းဥပဒေအရ ခွင့်ပြုမိန့်မရဘဲ ဆန္ဒထုတ်ဖော်လျှင် ပုဒ်မ ၁၈ နှင့် ပုဒ်မ ၅၀၅(ခ) တို့ ဖြင့် အရေးယူမှုများ အများအပြားပြုလုပ်ခဲ့သည်။

    Photo Credit- Eleven Media Group

  • နိုဝင်ဘာ-၂၀ အားကစားသတင်းများ

    နိုဝင်ဘာ- ၂၀ ၂၀၁၃
    M-Media

    မိမိမပါဝင်သည့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသက်မ၀င်ဟု အီဗရာဟီမိုဗစ်ဆို

    ပေါ်တူဂီအားအိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ကမ္ဘာ့ဖလား ၀င်ရောက်ခွင့် အိပ်မက် ပျက်ပြယ်ခဲ့ရသည့် ဆွီဒင်အသင်း၏ တိုက်စစ်မှူး အီဗရာဟီမိုဗစ်က ၎င်း မပါဝင်သော ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တန်ဖိုးမရှိတော့ဟု ပြောဆိုလိုက်သည်။

    ယနေ့နံနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် အီဗရာဟီမိုဗစ်မှာ အသင်းအတွက် ၂ ဂိုးသွင်းယူပေးခဲ့သော်လည်း ရော်နယ်ဒို၏ ဟက်ထရစ်ဂိုးကြောင့် ဆွီဒင်အသင်းမှာ အိမ်ကွင်းတွင် အရှုံးပေးခဲ့ရသည်။

    အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်သည့် မိုဗစ်က ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ကစားခွင့်ရရန် ယခုအကြိမ်မှာ ၎င်း၏နောက်ဆုံးအကြိမ်ကြိုးပမ်းမှုဖြစ်ခဲ့ပြီး၊ လာမည့် ဇွန်လတွင်ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၎င်းမပါဝင်သောကြောင့် ကြည့်ရှုရန် ထိုက်တန်ခြင်းမရှိဟု ဖွင့်ဟခဲ့သည်။

    “နိုင်ငံအသင်းနဲ့ ကမ္ဘာ့ဖလားပွဲကို ၀င်ရောက်စားနိုင်ဖို့ အခုအချိန်ဟာ ကျွန်တော့်ရဲ့ နောက်ဆုံးအချိန်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သေချာ တစ်ခုကတော့ ကျွန်တော်မပါတဲ့ ကမ္ဘာ့ဖလားပွဲဟာ စောင့်ကြည်ဖို့ မထိုက်တန်ပါဘူး” ဟု သူ၏ Application တစ်ခုဖြစ်သည့် Zlatan unplugged သို့ ပြောကြားခဲ့သည်။

    ထို့ပြင် ခြေစစ်ပွဲအောင်မြင်သွားခဲ့သည့် ပေါ်တူဂီအသင်းကိုလည်း ချီးကျူးခဲ့ပြီး၊ ဘရာဇီးကမ္ဘာ့ဖလားပွဲမှာ ဆွီဒင်အသင်းအတွက် အိပ်မက်အဖြစ်သာ ရှိနေတော့မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    Ibrahimovic
    ………………………………..
    နည်းပြ ဒက်ချမ့် ပြင်သစ်အသင်းနှင့် သက်တမ်းတိုး

    ပြင်သစ်အသင်းအား ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရန် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြ ဒက်ချမ့်မှာ အသင်းတွင် ၂၀၁၆ ခုနှစ်အထိရှိနေမည့် သက်တမ်းတိုး စာချုပ်ကို ချုပ်ဆိုခဲ့သည်ဟု သိရသည်။

    ထိုစာချုပ်သစ်မှာ ယနေ့နံနက်က ယူကရိန်းအသင်းအား ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသော ပွဲအပြီးတွင် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ပြင်သစ်အသင်းမှာ ယခုပွဲအနိုင်ကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၃ ဂိုး ၂ ဂိုးဖြင့်အနိုင်ရရှိခဲ့ကာ ဘရားဇီးသို့ သွားရောက်ခွင့် လက်မှတ် ရရှိသွားခဲ့သည်။

    ဒက်ချမ့်က ထိုပွဲတွင်ကစားခဲ့သည့် ကစားမားများ၏စိတ်ဓာတ်ကို ချီးကျူးလိုက်ပြီး၊ ပြင်သစ်အသင်းမှာ ကြီးကျယ်သောအရာများအား လုပ်ဆောင်နိုင်သည်ဟု ပြောကြားခဲ့သည်။

    “ဒါဟာ ဘောလုံးလောကရဲ့ ပဉ္စလက်တစ်ခုပါပဲ။ လေးရက် အရင်တုန်းက ကျွန်တော်တို့ဟာ အခြေအနေဆိုးမှာရှိခဲ့တာပါ။ ဒါပေမယ့် ဒီညတော့ ကစားသမားတွေဟာ အံ့သြဖွယ်ပါပဲ” ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ဒက်ချမ့်မှာ ယခုချုပ်ဆိုလိုက်သည့် စာချုပ်အသစ်ကြောင့် ပြင်သစ်အသင်းအား ၂၀၁၆ ဥရောဖလားပြိုင်ပွဲ အထိ ကိုင်တွယ်ခွင့်ရတော့မည်ဖြစ်သည်။

    …………………………………….
    ကျွန်တော်ဘယ်သူ့ကိုမှ သက်သေပြစရာမရှိပါဘူး (ရော်နယ်ဒို)

    နိုင်ငံ၏ ဂိုးအများဆုံးသွင်းခဲ့သည့် ပေါ်လက်တာနှင့် စံချိန်တူသွားခဲ့သည့် ပေါ်တူဂီအသင်း တိုက်စစ်မှူး ရော်နယ်ဒိုက ၎င်းအနေဖြင့် ပေါ်တူဂီအသင်း ခြေစစ်ပွဲအောင်ရန်သာ အာရုံစိုက်ခဲ့ပြီး မည်သူကိုမှ သက်သေပြခြင်းမဟုတ်ဟု ပြောကြားလိုက်သည်။

    ပေါ်တူဂီအသင်းမှာ ယနေ့နံနက်တွင် ဆွီဒင်အသင်းအား အဝေးကွင်းတွင် ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အနိုင်ဂိုး ၃ ဂိုးစလုံးအား ရော်နယ်ဒိုက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ထိုပွဲအနိုင်ကြောင့် ပေါ်တူဂီအသင်းက နှစ်ကျော့ပေါင်း ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ကမ္ဘာ့ဖလားပွဲအား ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသွားပြီဖြစ်သည်။

    “မှတ်တမ်းဆိုတာဟာ ချိုးဖျက်ဖို့ပါ။ အဓိကထားရမယ့် ကိစ္စတော့မဟုတ်ပါဘူး။ ပေါ်တူဂီက ကျွန်တော့်ကိုလိုအပ်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ (ဆွီဒင်က ဂိုးသွင်းလိုက်တဲ့အခါ) ကျွန်တော်တို့ စိတ်နည်းနည်းပျက်ခဲ့ပေမယ့် (နောက်ပိုင်းမှာ) ကျွန်တော်တို့ ပိုကောင်းခဲ့ပြီး၊ ပိုကောင်းအောင် ကစားနိုင်ခဲ့ပါတယ်” ဟု ပွဲအပြီးတွင် ရော်နယ်ဒိုက ပေါ်တူဂီ နေ့စဉ်သတင်းစာတစ်စောင်ဖြစ်သည့် Publico သို့ပြောကြားခဲ့သည်။

    ထို့ပြင် ရော်နယ်ဒိုက အီဗရာဟီမိုဗစ်မှာ ဆွီဒင်၏ ကြီးကျယ်သော ကစားသမားတစ်ဦးဖြစ်ပြီး ၎င်းအနေဖြင့် မိုဗစ်နှင့် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း၊ ပေါ်တူဂီအသင်း အတွက်သာ ကစားပေးခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

  • ဗလီ ဗုံးခွဲမည့် မသင်္ကာသူ ၃ ဦးကို ရဲက ဖမ်းထား

    November 20, 2013
    ဧရာဝတီ

    Bomb to masjid

    အစ္စလာမ် “ဘာသာရေး အဆောက်အဦးများ” အား ဗုံးဖောက်ခွဲရန် ရည်ရွယ်ချက် ရှိသည်ဟု စွပ်စွဲကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရန်ကုန်တိုင်း လှိုင်သာယာတွင် တစ်ဦး ၊ ပဲခူးတိုင်း သာယာဝတီတွင် တစ်ဦး၊ ရခိုင်ပြည်နယ် စစ်တွေတွင် တစ်ဦး စုစုပေါင်း ၃ ဦးကို ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့ပြီး အမှုကို ဆက်လက်စုံစမ်းစစ်ဆေးနေသည်။

    ဖမ်းဆီးမှု ဖြစ်စဉ်များနှင့် ဖမ်းဆီးခံရသူများအကြောင်း ယနေ့ထုတ် ပြန်ကြားရေးဝန်ကြီးဌာနပိုင် မီဒီယာများတွင် ဖော်ပြထားပြီး  အမည်မဖော်လိုသော ရဲတပ်ဖွဲ့ဝင်ကို ကိုးကား၍  AFP က ရေးသားပေးပို့သော သတင်းတပုဒ်တွင် ဖမ်းဆီးခံရသူများသည် ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး ဗလီများကို ပစ်မှတ်ထားကြောင်း ဖော်ပြထားသည်။

    အဆိုပါကိစ္စကို ဧရာဝတီက စုံစမ်းမေးမြန်းရာ  နေပြည်တော် မှုခင်းတပ်ဖွဲ့မှ ဒုရဲမှူးကြီး မင်းအောင်က နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီခန့်က လှိုင်သာယာမြို့နယ် အတွင်းပဒံကျေးရွာရှိ SKY အအေးခန်း ဧည့်ရိပ်သာကို ၀င်ရောက်ရှာဖွေရာ မြောက်ဦးမြို့နယ်မှ အသက် ၃၁ နှစ် အရွယ် ကိုခိုင်နေမင်းကို ဖောက်ခွဲရေး ပစ္စည်းများဖြစ်သည့် ယမ်းနှင့်ဆက်စပ်ပစ္စည်းများ တပ်ဆင်နေစဉ် ဖမ်းမိခဲ့ကြောင်း၊ ထိုမှတဆင့် ကိုခိုင်နေမင်းအားမေးမြန်း၍ ကွင်းဆက်တရားခံ သာယာဝတီမြို့နယ်မှ ၃၄ နှစ်အရွယ်ကိုသိန်းညွှန့်ကို နေ့လည် ၁၂ နာရီတွင် ဖမ်းမိခဲ့ကြောင်း၊ ယင်းတို့နှစ်ဦးကို စစ်ဆေးမေးမြန်းချက်အရ ရခိုင်ပြည်နယ် စစ်တွေမြို့ တရားသီးစုရပ်ကွက် ကျောင်းလမ်းတွင် အခြားဆက်စပ်သူ ကိုဘိုဘိုထွန်းကို နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဖမ်းမိခဲ့ကြောင်းဧရာဝတီသို့ ပြောကြားသည်။

    ”ရန်ကုန်မှာမိတဲ့ နှစ်ယောက်ကို စစ်လိုက်တော့ ကိုဘိုဘိုဆီက ယမ်းတောင့်တွေရလို့ လုပ်တာဆိုပြီး ထွက်တယ်။ ဘိုဘိုကို စစ်တွေမှာ ဖမ်းမိတဲ့အတွက် အခုရန်ကုန်ကိုခေါ်ထားပြီး စစ်နေတယ်။ အသေးစိတ်ကတော့ ရဲလုပ်ငန်းတွေကို  ထိခိုက်မှာစိုးလို့ မပြောနိုင်သေးဘူး”ဟု ဒုရဲမှူးကြီး မင်းအောင်က ဆိုသည်။

    ဖောက်ခွဲရန် ကြံစည်သူများ၏ ထွက်ဆိုချက်များအရ ခိုင်နေမင်းသည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှ စ၍ နယ်စပ်တွင် ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဘိုဘိုထွန်းထံမှ အသင့်ဆင်ပြီး လက်လုပ်မိုင်းနှစ်လုံး၊ ယမ်းကပ် တစ်ထုပ်၊ ခဲရောင်ယမ်း သုံးခုတို့ကို ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

    ဖောက်ခွဲရေး လုပ်ရန် ကြံစည်သူများသည် “ဘာသာရေး အဆောက်အဦများ”အား တိုက်ခိုက်ရန် ရည်ရွယ်ခဲ့ပြီး နောက်ကွယ်တွင် ဆက်စပ်ပါဝင်သူများရှိသကဲ့သို့ မြေပေါ်အဖွဲ့အစည်းအချို့နှင့် ဆက်စပ်မှုများပါ ရှိနေသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သော်လည်း အသေးစိတ် မထုတ်ပြန်နိုင်သေးကြောင်း ဒုရဲမှူးကြီး မင်းအောင်က ပြောဆိုသည်။

    ရန်ကုန်မြို့ ထရိတ်ဒါးဟိုတယ် ဗုံးပေါက်ကွဲမှုအပါအ၀င် နေရာဒေသအချို့တွင် အောက်တိုဘာလပိုင်း အတွင်းက ဖြစ်ပေါ်ခဲ့သော ဗုံးဖောက်ခွဲမှုများတွင် တရားခံဟု စွပ်စွဲခံထားရသူများသည် ဘာသာရေး အဆောက်အဦများအား ပစ်မှတ်ထားတိုက်ခိုက်ရန် ၄င်းတို့နှင့် ဖမ်းဆီးထိန်းသိမ်းထားရာတွင် သွားရောက် တွေ့ဆုံခဲ့သော ကရင်အမျိုးသားအစည်းအရုံး(KNU)မှ မန်းငြိမ်းမောင်က မီဒီယာများသို့ ပြောကြားခဲ့ဖူးသည်။

    ယခု ဖမ်းဆီးမှုများသည် ယခင်အမှုဖြစ်စဉ်များနှင့် ဆက်စပ်မှုရှိမရှိကို ဧရာဝတီက မေးမြန်းရာ ” ကျနော်တို့က ဒီသတင်းကို အရေးကြီးလို့ တန်းမထုတ်ပြန်ဘဲ သိမ်းထားတာ။ အဲဒီကိစ္စကို ပြောခွင့်မရှိသေးဘူး။ ဆက်စုံစမ်းဖော်ထုတ်တဲ့အခါ မလိုလားအပ်တာတွေ ဖြစ်မှာစိုးလို့ပါ”ဟု ဒု-ရဲမှူးကြီးမင်းအောင်က ဆိုသည်။

    Link=> http://burma.irrawaddy.org/news/2013/11/20/51181.html