News @ M-Media

Blog

  • နိုဝင်ဘာ ၁၇ အားကစားသတင်းများ

    နိုဝင်ဘာ ၁၇ အားကစားသတင်းများ

    နိုဝင်ဘာ- ၁၇ ၂၀၁၃
    M-Media

    ဘာလော့တယ်လီမှာ မမျှမတ ဆက်ဆံခံရခြင်းမရှိဟု ဘူဖွန်ဆို

    ဒိုင်လူကြီးများအနေဖြင့် ဘာလော့တယ်လီအား မမျှမတ ဆက်ဆံသည်ဆိုသည့် ထင်မြင်ယူဆချက်အား အီတလီဝါရင့် ဂိုးသမား ဘူဖွန်က ယုံကြည် လက်ခံခြင်းမရှိဘဲ၊ အသင်းဖော်တိုက်စစ်မှူးမှာ ဒိုင်လူကြီး ဆုံးဖြတ်ချက်များ၏ သားကောင်မဟုတ်ဟု ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် သောကြာနေ့က ကစားခဲ့သော ဂျာမနီအသင်းနှင့် ၁ ဂိုးစီ သရေကျသည့်ပွဲတွင် မိမိအား ဒိုင်လူကြီးများက ကာကွယ်မှုမပေးခဲ့ဟု ဘာလော့တယ်လီက ခံစားနေရသော်လည်း၊ ဒိုင်လူကြီးများ၏ ပွဲအား ထိန်းသိမ်မှုကို ကြမ်းတမ်းသော ဆက်ဆံမှုအဖြစ် မမှတ်ယူရဟု ဘူဖွန်က ရှင်းလင်းခဲ့သည်။

    “မာရီယို(ဘာလော့တယ်လီ)နဲ့ ပက်သက်ပြီး မမျှတတာမျိုးတွေ ကျွန်တော် မတွေ့ပါဘူး။ ပွဲကို ရှေ့ဆက်မရဖြစ်မှာကို တားဆီတဲ့အနေနဲ့ ပြုလုပ်တဲ့ ဒိုင်လူကြီးတွေရဲ့နည်းလမ်းမပါ။ ၀ီစီနည်းနည်းပဲသုံးပြီး ပွဲကိုမြိုင်စေဖို့ ဒိုင်လူကြီးတွေက ကိုင်တွယ်ကြတာပါ။ ကျွန်တော် ဒါကို သဘောတူပါတယ်” ဟု အားကစားစာစောင်တစ်ခုဖြစ်သည့် Gazzetta dello Sport သို့ ဘူဖွန်က ပြောကြားခဲ့သည်။

    လာမည့် ဒီဇင်ဘာတွင် မဲခွဲမည့် ကမ္ဘာ့ဖလားပွဲစဉ်များတွင် အီတလီအသင်းမှာ နိုင်ခြေ ထိပ်ဆုံးအဆင့်ရှိသည့် အသင်းများတွင်မပါဝင်ပေ။ သို့သော်လည်း ဂျမနီနှင့်ပွဲတွင် ပြသခဲ့သည့်ခြေစွမ်းက ကြောက်ရွံ့ရမည့်အသင်းဖြစ်သည်ကို ပြသလိုက်ကြောင်း၊ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မည်သည့်အသင်းကိုမဆို အတလီအသင်းက ကြံ့ကြံ့ခံ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ဘူဖွန်က ထပ်လောင်းပြောကြားခဲ့သည်။

    ………………………….
    မက်ဆီမှာ တစ်ကိုယ်ကောင်းဆန်ရမည်ဟု မာရှေရာနိုဆို

    လက်ရှိခံစားနေရသည့် တံကောက်ကြောဒဏ်ရာမှ ပြန်လာသက်သာလာစေရန် မက်ဆီအနေနှင့် တစ်ကိုယ်ကောင်းဆန်ရမည်ဟု ဘာစီလိုနာအသင်းနှင့် အာဂျင်တီးအားအသင်းဖော် မာရှေရာနိုက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်သီတင်းပတ်က ဘက်တစ်အသင်းနှင့် ကစားခဲ့သည့်ပွဲတွင် ရရှိခဲ့သည့် တံကောက်ကြောဒဏ်ရာကြောင့် ဘာစီလိုနာအသင်း၏ တိုက်စစ်မှူး မက်ဆီမှာ အနည်းဆုံး သီတင်းပတ်ခြောက်ပတ်မှ ရှစ်ပတ်အထိ အနားယူရမည်ဖြစ်သည်။

    အီကွေဒေါအသင်းနှင့် သရေကျခဲ့သော မက်ဆီမပါသည့် အာဂျင်တီးနားအသင်းတွင် အသင်းခေါင်းအဖြစ် တာဝန်ယူခဲ့သည့် မာရှေရာနိုက မက်ဆီ၏ ဒဏ်ရာဆိုးရွားမှုကိုသိရှိပြီး၊ အသင်းဖော်များအနေဖြင့် မက်ဆီ၏ ဒဏ်ရာ ကောင်းမွန်လာရေးအပေါ် အာရုံစိုက်ရန် တိုက်တွန်းခဲ့သည်

    “မက်ဆီ မြေပြင်မှာလဲနေပြီး အရန်ခုံကို လှည့်ကြည့်လိုက်ကတည်းက တစ်ခုခု ဆိုးဆိုးရွားရွားဖြစ်နေပြီဆိုတာကို ကျွန်တော်သိလိုက်ပါတယ်။ အခုတော့ သူဟာ ကမ္ဘာပေါ်မှာ တစ်ကိုယ်ကောင်းဆန်ရမယ့် လူဖြစ်နေပါပြီး။ သူ့ကိုယ်သူ ဂရုစိုက်ပြီး ဒဏ်ရာက ပြန်ကောင်းလာဖို့ လိုအပ်နေပါတယ်” ဟု မာရှေရာနိုက ဆိုသည်။

    …………………………….
    စပါးတွင် ပုံမှန်နေရာ ဆုံးရှုံးရခြင်းကြောင့် ကမ္ဘာ့ဖလားပွဲတွင် မပါဝင်နိုင်မည်ကို ဒီဖိုးကြောက်ရွံ့နေ

    ယခုနှစ်ရာသီ စပါးအသင်း၏ ပရီးမီးယားလိဂ်တွင် ပွဲထွက်ကစားသမားအဖြစ် တစ်ပွဲသာ ပါဝင်ကစားခွင့်ရထားသည့် တိုက်စစ်မှူးဒီဖိုးက၊ စပါးအသင်းတွင် ပုံမှန်ကစားခွင့်မရခြင်းက ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွင် ပါဝင်ကစားခွင့်အား ထိခိုက်စေလိမ့်မည်ဟု ပြောကြားသည်။

    ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က အသင်းဟောင်း ၀က်စ်ဟမ်းသို့ ပြောင်းရွှေ့ရန် ချိတ်ဆက်ခဲ့ဖူးသည့် ဒီဖိုးမှာ အင်္ဂလန်အသင်း၏ ၂၀၁၀ ကမ္ဘာ့ဖလား လူစာရင်းတွင် ပါဝင်ခဲ့သော်လည်း အသင်းနည်းပြ ရွိုင်ဟတ်ဆန်က လာမည့် ၂၀၁၄ ကမ္ဘာ့ဖလားတွင် ၎င်းအား ချန်ထားခဲ့နိုင်သည်ဟု ၀န်ခံပြောဆိုလိုက်သည်။

    “ကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်းထဲ ပါဝင်ဖို့ဆိုတာ ကံတရားနဲ့ ကလပ်အသင်းမှာ ကစားရတဲ့အပေါ်မှာ အခြေခံပါတယ်။ တိုက်စစ်မှူးတစ်ယောက်အတွက် (ကလပ်အသင်းမှာ) ကစားခွင့်မရဘူးဆိုရင်၊ (ကမ္ဘာ့ဖလားပွဲမှာ ပါဝင်ဖို့) ခက်ပါလိမ့်မယ်” ဟု ဒီဖိုးက ဖွင့်ဟခဲ့သည်။

    ………………………….
    ကာပယ်လို ရုရှားအသင်းနှင့် သက်တမ်းတိုးမည်

    အင်္ဂလန်အသင်း၏ နည်းပြဟောင်းဖြစ်သည့် ဖေဘီယို ကာပယ်လိုမှာ ရုရှားအသင်းတွင် ၂၀၁၈ ခုနှစ်အထိရှိမည့် စာချုပ်သစ်တစ်ရပ်အား ချုပ်ဆိုတော့မည်ဟု သိရသည်။

    အသက် ၆၇ နှစ်အရွယ်ရှိ ကာပယ်လိုမှာ ရုရှားအသင်းသို့ ပြီးခဲ့သည့် ဇူလိုင်လက ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး၊ ရုရှားတွင်ကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆက်လက်ရှိနေမည်ဖြစ်သည်။

    စာချုပ်သစ်အတွက် နောက်ဆုံးသဘောတူညီမှုများ ပြုလုန်ရန် ကာပယ်လိုမှာ မော်စကိုသို့ လာမည့် သီတင်းပတ်တွင် ရောက်ရှိမည်ဟု ရုရှား အားကစားဝန်ကြီး မွတ်ကိုက ပြောကြားခဲ့သည်။

    “နည်းပြ (ကာပယ်လို)နဲ့ ရုရှားဘောလုံးအဖွဲ့ချုပ်တို့အကြား စာချုပ်သစ်ချုပ်ဆိုဖို့ အဓိက အချက်တွေ သဘောတူညီခဲ့တယ်လို့ ကျွန်တော် ပြောနိုင်ပါတယ်။ စာချုပ်သစ်ချုပ်ဆိုဖို့ လုပ်ရမှာတွေရှိနေပြီ ကမ္ဘာ့ဖလား ပွဲစဉ်ရေးဆွဲပြီးတဲ့အခါ အရာအားလုံးကို တရားးဝင်ဆောင်ရွက်သွားမှာပါ” ဟု မွတ်ကိုက သတင်းထောက်များအား ပြောကြားခဲ့သည်။
    Capello

  • မြန်မာပြည်တ၀ှမ်း ဘုံကထိန်ပွဲများ ပြုလုပ်

    မြန်မာပြည်တ၀ှမ်း ဘုံကထိန်ပွဲများ ပြုလုပ်

    နိုဝင်ဘာ ၁၆၊ ၂၀၁၃
    M-Media
    သူရိန်

    unnamed
    နှစ်စဉ်တန်ဆောင်မုန်းလရောက်တိုင်း ဆင်နွှဲလေ့ရှိသော ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ၏ ရိုးရာမဟာဘုံကထိန်ပွဲများကို နိုင်ငံနှင့်အ၀ှမ်းတွင် စည်ကားစွာ ကျင်းပလျက် ရှိကြသည်။

    ယခုကဲ့သို့ ကျင်းပပြုလုပ်ကြသော ကထိန်ပွဲတွင် ရပ်ရွာအတွင်းရှိ ၇-ရက်သားသမီးအပေါင်းမှ စုပေါင်းထည့်ဝင်ပါဝင်မှုဖြင့် သက်ဆိုင်ရာဘုန်းကြီးကျောင်းများတွင် သီတင်းသုံး နေထိုင်လျက်ရှိကြသော ဆရာတော်သံဃာတော်များကို ကထိန်လျာသင်္ကန်းအပါအ၀င် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည့်ပွဲတော်တရပ်လည်း ဖြစ်သည်။အများအားဖြင့် တန်ဆောင်မုန်းလပြည့်နေတွင် စုပေါင်းဘုံကထိန်ပွဲတော်များလှည့်လည်လေ့ရှိပြီး ငွေပဒေသာပင်များဖြင့် မြို့ရွာအတွင်း စည်ကားလျက် ရှိကြသည်။ ဆရာတော်သံဃာတော်များကို ဆွမ်း၊သင်္ကန်းများဆက်လှူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

    ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင်လည်း တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ဖြင့် စည်ကားလျက်ရှိကြသည်။

    တန်ဆောင်တိုင်ပွဲတော်ဟု လူသိများသော ကထိန်ပွဲတော်သည် မြန်မာ့ရိုးရာတစ်ဆယ့်နှစ်လ ရာသီပွဲများတွင် တစ်ခု အပါအ၀င်ဖြစ်ပါသည်။ တန်ဆောင်းမုန်း လပြည့်ည ကို ကျီးမနိုးပွဲတော် သူခိုးကြီးများညဟုကင်ပွန်းတပ်ကြပြီး ကျေးလက်ရပ်ရွာများတွင် ကျီးမနိုးခင်(မိုးမလင်းခင်) ပစ္စည်းများပြောင်းရွေ့သည့် ဓလေ့လည်းရှိကြသည်။ ဆေးပေါင်းခသည်ဟု အဆိုရှိသည့် ထိုညတွင်မဲဇလီဖူးသုပ်စားခြင်းသည်လည်း မြန်မာ့ဓလေ့တစ်ခုဖြစ်နေပါသည်။

    ယခုအချိန်ကာလတွင် မြန်မာနိုင်ငံအနှံ့အပြား၌ ဘုံကထိန်ပွဲတော်များကို ခြိမ့်ခြိမ့်သဲ ပြုလုပ်လျက်ရှိကြောင်း သိရပါသည်။

  • သမ္မတရုံးမှ OIC အဖွဲ့ အဓိပ္ပါယ်ကို ၃ ရက်အတွင်း အသုံးအနှုန်း(၂) မျိုးဖြင့် သတင်းထုတ်ပြန်

    နိုဝင်ဘာ- ၁၇ ၂၀၁၃
    M-Media
    မောင်ပုည

    17-11 news

    မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အိုအိုင်စီ- Organization of the Islamic Conference (OIC) နှင့်ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးမှ သတင်း ထုတ်ပြန်ချက်များတွင် OIC အဖွဲ့ရဲ့ အမည်ကို ၃ ရက်အတွင်း အသုံးအနှုန်း(၂) မျိုးဖြင့် ဖော်ပြခဲ့တာကို တွေ့ရှိရပါတယ်။

    နိုဝင်ဘာ ၁၄ ရက်နေ့က ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်း နှင့် အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံသည့် သတင်းတွင် “အစ္စလာမ်မစ်ဘာသာနိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ ” ဟုလည်းကောင်း၊ နိုဝင်ဘာ ၁၇ ရက်နေ့ မြန်မာအစိုးရနှင့် အိုအိုင်စီ ပူးတွဲထုတ်ပြန်သော ကြေညာချက်သတင်းတွင် “အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ” ဟုလည်းကောင်း သတင်းဖော်ပြထားတာကို တွေ့ရှိရပါသည်။

    Ref: သမ္မတရုံး ဝဘ်ဆိုဒ်
    1.http://goo.gl/6j0MPa
    2.http://goo.gl/Zt30hq

  • မြန်မာအစိုးရနှင့် OIC အဖွဲ့ ပူးတွဲကြေညာချက်ထုတ်၊ OIC အဖွဲ့နှင့် သမ္မတတွေ့ဆုံခဲ့မှု ယခုထိ သတင်းမထုတ်ပြန်သေး

    နိုဝင်ဘာ-၁၇ ၂၀၁၃
    M-Media

    statement

    OIC ရဲ့ အတွင်းရေးမှူးချုပ် ပါမောက္ခ အက်ခ်မယ်လက်ဒင်န် အီဆာနိုဂလူ (Ekmeleddin Ihsanoglu) ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ စနေနေ့ မနက်ပိုင်းက နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါပြိးနောက် ယနေ့မှာ ရခိုင်ပြည်နယ် တည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟို ကော်မတီနှင့် OIC အဖွဲ့ ပူးတွဲကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ OIC နဲ့ သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံခဲ့တဲ့သတင်းကို တော့ ယခုအချိန်ထိ အစိုးရဘက်မှ တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ၁။ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ ဖိတ်ကြားချက်အရ အိုအိုင်စီ အတွင်းရေးမှူးချုပ် ဂျီဘူတီနှင့် တူရကီ နိုင်ငံခြားရေး ဝန်ကြီးများ ဘင်္ဂလားဒေ့ရှ် ၊ အီဂျစ် ၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဆော်ဒီ အာရေဘီးယား နိုင်ငံခြားရေးဝန်ကြီးဌာနများမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၄-၁၆ ရက်နေ့အထိ လာရောက်ခဲ့ပါသည်။

    ၂။အဆိုပါလေ့လာရေးခရီးစဉ်ကြောင့် အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် မြန်မာနိုင်ငံအတွင်း ပြည်သူများ၏ မျှော်လင့်ချက် ဆန္ဒနှင့်အညီ ငြိမ်းချမ်းရေး ၊ တည်ငြိမ်းရေး ၊ တရားဥပဒေ စိုးမိုးရေး နှင့် လူမှု စီးပွားဖွံ့ဖြိုး တိုးတက်ရေး တို့ကို ရရှိရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဦးဆောင်မှုဖြင့် နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေး ပြောင်းလဲမှုများကို ဆောင်ရွက်နေခြင်းအား လက်တွေ့ကျကျ သိမြင်လေ့လာနိုင်သည့် အခွင့်အရေးရရှိခဲ့ပါသည်။

    ၃။လူ့အသိုက်အဝန်းများအကြား ပြန်လည်သင့်မြတ်ရေး၊ နားလည်သည်းခံရေးနှင့် လူ့အဖွဲ့အစည်း၏ ကဏ္ဍ အသီးသီးများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့ ဖြစ်ထွန်းလာစေရန် စသည့် အစိုးရ၏ ဆောင်ရွက် ချက်များကို ဘာသာများအကြားနှင့် လူ့အသိုက်အဝန်းများအကြား တွေ့ဆုံဆွေးနွေးမှုနှင့် နားလည်မှုကို အားပေးခြင်း လူ့အသိုက်အဝန်းခေါင်းဆောင်များအား ထောက်ခံအားပေးခြင်း စသည့် နည်းလမ်း များဖြင့် အားပေး သွားမည်ဖြစ်သည်။

    ၄။ရခိုင်ပြည်နယ်အပါအဝင် အကြမ်းဖက်မှုများ ပပျောက်ရေးဆောင်ရွက်ရန် ပြည်သူများအား အကြမ်း ဖက်မှုများမှ ကာကွယ်ရန်၊ လူ့အခွင့်အရေးအား လေးစားလိုက်နာရန်နှင့် အခြေခံ လွတ်လပ်ခွင့်များအား ရရှိစေရန် ဆောင်ရွက်မည့် မြန်မာအစိုးရ၏ ဆောင်ရွက်မည့် မြန်မာအစိုးရ၏ ကြေညာချက်များနှင့် အာမခံပြောကြားချက်များအား ကိုယ်စားလှယ်အဖွဲ့ကကြိုဆိုပါသည်။

    ၅။နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းများအား မှတ်သားပြီး အထူးအရေး ကြီးကြောင်းလည်း တွေ့ရှိ ရပါသည်။ ၂၀၁၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အကြမ်းဖက်မှု ကျူးလွန် သူများ အား တရားဥပဒေအရ ပြင်ထန်းစွာ အရေးယူမည်ဖြစ်ကြောင်း အာမခံချက်လည်း အပါအဝင်ဖြစ်သည်။ ရခိုင်ပြည်နယ် တည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟို ကော်မတီ တည်ထောင်ခဲ့ခြင်းကိုလည်းကောင်း ဘာသာကြီး ငါးခုမှ ဘာသာရေးခေါင်းဆောင်များ တွေ့ဆုံ နှီးနှော ဖလှယ်ပွဲသို့ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ပေးပို့ခဲ့သည်။ သဝဏ်လွှာကိုလည်းကောင်း ကိုယ်စားလှယ် အဖွဲ့က မှတ်သားထားပါသည်။

    ၆။ အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ကို မြန်မာနို်င်ငံအစိုးရမှ ဖိတ်ကြားခဲ့ခြင်းနှင့် မြန်မာအစိုးရ နိုင်ငံတကာအ သိုက် အဝန်းနှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့် အညီ အိုအိုင်စီ အဖွဲ့နှင့်လည်ကောင်း၊၎င်း၏ အဖွဲ့ဝင်နိုင်ငံများနှင့် လည်းကောင်း ထိတွေ့ဆောင်ရွက်ရန် အသင့်ရှိခြင်းကို ကိုယ်စားလှယ် အဖွဲ့မှ အထူးတန်းဘိုးထားပါသည်။ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် လူမှုစီးပွားဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန် တာဝန်ပေးထားသော လုပ်ငန်းကော်မတီများအား ကြီးကြပ်ကွပ်ကဲသည့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းဦးဆောင်သော ဗဟိုကော်မတီနှင့် ထိတွေ့ဆွေးနွေးရန်အတွက်လည်းကောင်း စီစဉ်ဆောင်ရွက်ပေးမှုများအတွက် ကိုယ်စား လှယ် အဖွဲ့ အနေဖြင့် ကျေးဇူးတင်ပါသ်ည။

    ၇။ အစိုးရသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပါအဝင် ဥပဒေများအား ပြန်လည်သုံးသပ်ခြင်းကို နိုင်ငံတကာစံနှုန်းများနှင့် ဒီမိုကရေစီ မှုများအရ ကိုက်ညီစွာဖြင့် ဆောင်ရွက်နေမှုများကို ကိုယ်စားလှယ် အဖွဲ့အနေဖြင့် အလေးအနက်ထားပါသည်။ မြန်မာအစိုးရမှ ဆောင်ရွက်နေသလို အခြေခံလွတ်လပ်ခွင့်များကို ကန့်သတ်ရာေ၇ာက်သည့် ဥပဒေများအား ပြင်ဆင်ခြင်း အပါအဝင် ဥပဒေပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန်တိုက်တွန်းပါသည်။

    ၈။ ရခိုင်ပြည်နယ်အခြေအနေ အပါအဝင် လူမျိုးနွယ်နှင့် ဘာသာရေးဆိုင်ရာ လူနည်းစုများ အပေါ် သက်ရောက်မှု ရှိသည့် လူ့အခွင့်အရေး နိုင်ငံသားဖြစ်မှု စီးပွားရေးအခွင့်အလမ်းများနှင့် ဖံွ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ် မှုများကို ဖြေရှင်းရန် စိတ်ပိုင်းဖြတ်ထားမှုနှင့် ဆောင်ရွက်ချက်များကို မြန်မာအစိုးရမှ ရှင်းလင်း ပြောကြား ချက်အား မှတ်သားထားပါသည်။

    ၉။ အရပ်ဘက်လူ့အဖွဲ့အစည်းများအပါအဝင် အိုအိုင်စီ အဖွဲ့ဝင် နိုင်ငံများနှင့် အဖွဲ့အစည်းမျး က အစိုးရနှင့် အပြည့်အဝ ပေါင်းစပ်ညှိနှိုင်း၍ လူသားချင် စာနာထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေး လက်ရှိ အထောက် အပံ့များပေးအပ်နေမှုများကို အိုအိုင်စီ အဖွဲ့ဝင်နိုင်ငံများမှ ဆက်လက်ပံ့ပိုးဆောင်ရွက်ရန် အသင့်ရှိနေကြောင်း ကိုယ်စားလှယ် အဖွဲ့က ဖြော်ပအပ်ပါသည်။ အိုအိုင်စီအဖွဲ့နှင့် ၎င်း၏ အဖွဲ့ဝင်နိုင်ငံများသည် လူမျိုး တိုင်းရင်းသား မျိုးနွယ်နှင့် ဘာသာရေးတို့အပေါ် အခြေခံ၍ ခွဲခြားဆက်ဆံမှု မပြုသည့် အခြေခံ မှုအပေါ် ရပ်တည်ချက်ကို အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့က အာမခံကြောင်း မြန်မာအစိုးရကို ပြောကြားခဲ့ပါသည်။ ဤအခြေခံမှုအပေါ် ရပ်တည်ချက်အရ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် အစိုးရမှ တစ်ဆင့် ခွဲခြားမှု မရှိဘဲ ပေးအပ်ရေးကို သေချာစွာ ဆောင်ရွက်ရန် နှစ်ဖက် သဘောတူကြသည်။

    ၁၀။ ကုလသမဂ္ဂအထွေထွေ ညီလာခံ၌ မြန်မာ အမြဲတမ်း ကိုယ်စားလှယ်က အစိုးရအနေနှင့် အိုအိုင်စီ အဖွဲ့ဝင်နိုင်ငံများ အပါအဝင် မည်ကဲ့သို့ သောအဖွဲ့မှ ဖြစ်စေ ရရှိသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့မှုများနှင့် စပ်လျဉ်း၍ ထောက်ပံ့မှုသည် ခွဲခြားဆက်ဆံမှု မရှိဘဲ ထိခိုက်ခံရသော လူ့အသိုက်အဝန်း နှစ်ရပ်လုံး အတွက် ရည်ရွယ်ခြင်းဖြစ်ပါက ထိုသို့ ထောက်ပံ့ခြင်းကို အစိုးရမှလည်း ကူညီဆောင်ရွက်ပေးသွားရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်ကို ကျေနပ်အား ရပါသည်။ မြန်မာအစိုးရနှင့် အိုအိုင်စီ အဖွဲ့သည် ကဏ္ဍအသီးသီး၌ ဆက်လက် ထိတွေ့ ဆောင်ရွက်သွားရန် ဆန္ဒရှိကြပါသည်။ မြန်မာအစိုးရက စိန်ခေါ်မှုများ အားလုံးကို ရင်ဆိုင်ဖြေရှင်းရာ၌ အိုအိုင်စီ အဖွဲ့အနေဖြင့် သက်ဆိုင်၍ လိုအပ်သော အကူအညီပေးနိုင်ရန် သတင်း အချက်အလက်များ ကဏ္ဍပေါင်းစုံ၌ ဖလှယ်သွားရန် ဆန္ဒရှိကြပါသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် လူသား ပဓာနဆိုင်ရာ တူညီသော သဘောထား၊ မြန်မာနိုင်ငံ၏ တိုင်းရင်းသား စည်းလုံးညီညွှတ်မှုနှင့် အချုပ် အခြာအာဏာ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမှ ရှောင်ကြဉ်သည့် အခြေခံမှုတို့ကို အပြည့်အဝ လေးစား၍ ဆောင်ရွက်သွားမည်ဖြစ်သည်။

    ၁၁။ အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့နှင့် အိုအိုင်စီ အဖွဲ့ဝင်နိုင်ငံများအား မြန်မာနိုင်ငံအတွင်း အမျိုးသား ပြန်လည် သင့်မြတ်ရေး ဒီမိုကရေစီ အပြည့်အဝရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ ကောင်းကျိုးများ ဆက်လက် ဖြစ်ပေါ်တိုးတက်ရေးတို့တွင် ကူညီဆောင်ရွက်ရန် စိတ်ပါဝင်စားမှုရှိသည်ကို မြန်မာနိုင်ငံ အစိုးရက အသိအမှတ်ပြုကြောင်း ဖော်ပြအပ်ပါသည်။

    နိုင်ငံတော်သမ္မတရုံးဝဘ်ဆိုဒ်မှ

  • နိုဝင်ဘာ- ၁၆ အားကစားသတင်းများ

    နိုဝင်ဘာ- ၁၆ ၂၀၁၃
    M-Media

    ပြင်သစ်မှာ ခြေစစ်ပွဲအောင်နိုင်သည်ဟု ဘန်ဇီမာဆို

    ပလေးအော့ပွဲစဉ် ပထမအကျော့တွင် ယူကရိန်းအသင်းအား  ရှုံးနိမ့်ခဲ့ပြီးနောက် ခြေစစ်ပွဲအောင်ရန် မလွယ်ကူတော့သော်လည်း အသင်းမှာ ခြေစစ်ပွဲအား အောင်မြင်နိုင်သည်ဟု ပြင်သစ်အသင်း တိုက်စစ်မှူး ဘန်ဇီမာက ပြောကြားလိုက်သည်။

    ယူကရိန်းမြေတွင် ယနေ့နံနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် ပြင်သစ်အသင်းမှာ ကစားပုံကောင်းခဲ့သော်လည်း ဒုတိယပိုင်းသွင်းဂိုးများဖြင့် အိမ်ရှင်အား အရှုံးပေးခဲ့ ရခြင်းဖြစ်သည်။

    သို့သော်လည်း ဘန်ဇီမာက ခြေစစ်ပွဲအောင်မြင်ရေး မျှော်လင့်ချက်အား စွန့်လွှတ်ရန် ငြင်းပယ်ခဲ့သည်။

    “ပြင်သစ်မှာကစားရမယ့် ဒုတိယအကျော့ ကျန်ပါသေးတယ်။ လွယ်မှာမဟုတ်ဘူး ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် (မျှော်လင့်ချက်ကို) ကျွန်တော်တို့ စွန့်လွှတ်မှာ မဟုတ်ပါဘူး။ သူတိုနဲ့ယှဉ်ပြိုင်ဖို့ ကျွန်တော်တို့ အဆင်သင့် ဖြစ်နေပါပြီ” ဟု ဘန်ဇီမာက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ပလေးအော့ဖ်ပွဲစဉ် ဒုတိယအကျော့အား လာမည့် အင်္ဂါနေ့တွင် ပြင်သစ်၌ ကစားမည်ဖြစ်သည်။
    France can still qualify
    ……………………………………..
    အာဆင်နယ်ဂိုးသမား ဆက်ဇက်နီ အသင်းနှင့် စာချုပ် သက်တမ်းတိုး

    ၂၀၁၅ ခုနှစ်တွင် စာချုပ်သက်တမ်းပြည့်တော့မည့် အာဆင်နယ်အသင်း၏ ဂိုးသမား ဆက်ဇက်နီမှာ အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် သဘောတူခဲ့သည် ဟု သိရသည်။

    ယမန်နှစ်ရာသီက အသင်းတွင် နေရာပျောက်ဆုံးခဲ့သည့်သော်လည်း အာဆင်နယ်အသင်း ဘောလုံးအကယ်ဒမီမှ အသင်းကြီးသို့ ၂၀၀၆ ခုနှစ်တွင် ခေါ်ယူခြင်းခံခဲ့ရသည် ဆက်ဇက်နီမှာ အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်နေနိုင်သည့် ယခုနှစ် အာဆင်နယ်အသင်း၏ ပင်တိုင် ပွဲထွက်ဂိုးသမားတစ်ဦးလာခဲ့သည်။

    ဆက်ဇက်နီ အသင်းနှင့် စာချုပ်သက်တမ်းတိုးခဲ့ခြင်းကြောင့် အသင်းနည်းပြ အာဆင်ဝင်းဂါးမှာ ပျော်ရွှင်နေပြီး၊ အသင်း၏ အနာဂတ်တွင် အရေးပါသော ကစားသမားတစ်ဦးဖြစ်လာမည်ဟု ယုံကြည်နေသည်။

    “ဆက်ဇက်နီက အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့အတွက် ကျွန်တော်တို့ ပီတိ ဖြစ်မိပါတယ်။ သူဟာ တော်တော်ကို ပါရမီရှိတဲ့ ကစားသမားတစ်ယောက်လို့ ကျွန်တော် အမြဲတမ်း ယုံကြည်ခဲ့တာပါ။ ကောင်းမွန်တဲ့ အလိုအလျောက် တုံ့ပြန်မှုတွေရှိပြီး၊ သူရဲ့စိတ်ဓာတ်ကလည်း ခိုင်မာပါတယ်” ဟု အာဆင်နယ်အသင်း၏ ၀ဘ်ဆိုဒ်သို့ အာဆင်ဝင်းဂါးက ပြောကြားခဲ့သည်။

    ထို့ပြင် ဆက်ဇက်နီ၏ အရည်အသွေးများမှာ ဆက်လက်တိုးတက်လာမည်ဖြစ်ပြီး အာဆင်နယ်အသင်းတွင် အရေးပါသော ကစားသမာတစ်ဦးဖြစ်လာနိုင်သည်ဟုလည်း ၀င်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။


    ………………………………
    ဘာစီလိုနာထက် ဘယ်အသင်းကမှ ပိုမကောင်းပါဘူး (ဇာဗီ)

    ဘာစီလိုနာအသင်း၏ ကွင်းလယ်လူဇာဗီက အသင်း၏ လက်ရှိ ပုံစံအား ချီးကျူးလိုက်ပြီး ယခုအချိန်တွင် ဘာစီလိုနာအသင်းထက် မည်သည့်အသင်းကမျှ ပိုကောင်းခြင်းမရှိဟု ပြောကြားလိုက်သည်။

    နည်းပြမာတီနို၏ ဘာစီလိုနာအသင်းမှာ ယခုအခါ လာလီဂါ ၁၃ ပွဲကစားထားပြီး ၃၇ မှတ်ဖြင့် ဇယားထိပ်ဆုံးတွင်ရှိနေသည်။ သို့သော်လည်း ဘာစီလိုနာအသင်းမှာ အကောင်းဆုံးပုံစံသို့ မရောက်သေးဟု ဇာဗီက ဖွင့်ဟခဲ့သည်။

    “ကျွန်တော်တို့အသင်း အကောင်းဆုံးပုံစံကို မရောက်သေးတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ တော်တော်ဟုတ်နေပါပြီ။ ကျွန်တော်တို့ဟာ ဒီထက်ပိုကောင်းတဲ့ အခြေအနေမျိုးကို ရောက်နိုင်ပါတယ်။ အမြင့်ဆုံးအဆင့်ကို ရောက်အောင် လုပ်ဖို့လိုပေမယ့် ဘာကာထက် ဘယ်အသင်းပိုကောင်းလဲလို့မေးရင်၊ ဘယ်အသင်းမှမရှိပါဘူး” ဟု Mundo Deportivo သတင်းစာသို့ ဇာဗီက ပြောကြားခဲ့သည်။

    ထို့ပြင် ဒဏ်ရာရနေသည့် အသင်းဖော်မက်ဆီမှာ အကောင်းဆုံးအနေအထားဖြင့် ပြန်လာမည်ဖြစ်ကြောင်း ဇာဗီက ထည့်သွင်းပြောကြားခဲ့သည်။

    …………………………………..
    အင်္ဂလန်မှာ တိုးတက်အောင်လုပ်ရမည်ဟု လမ်းပတ်ဆို

    အသင်း၏ ကစားပုံ ဆိုးရွာသည်ဟု ပြောဆိုမှုများအား အင်္ဂလန် ကွင်းလယ်လူ လမ်းပတ်က ငြင်းပယ်ခဲ့သော်လည်း၊ အသင်းမှာ ဘရာဇီးသို့မရောက်မီ လုပ်ဆောင်စရာ အများကြီးရှိနေသည်ဟု ပြောကြားလိုက်သည်။

    ယနေ့နံနက် ၀င်ဘလေတွင်ကစားခဲ့သည့် ခြေစမ်းပွဲတွင် ချီလီအသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အသင်း၏ တိုးတက်မှုအတွက် လုပ်ဆောင်ရမည့် ကိစ္စများ များစွာရှိသည်ဟု လမ်းပတ်က ၀န်ခံခဲ့သည်။

    “ကျွန်တော်တို့ရဲ့အလုပ်ကို ကျွန်တော်တို့ သတိပြုရပါမယ်။ ကျွန်တော်တို့ မိုးထဲရေထဲမှာ ရောက်နေတာမဟုတ်သလို၊ ကျွန်တော်တို့ကစားပုံလဲ မဆိုးရွားပါဘူး။ လာမယ့် အင်္ဂါနေ့မှာ ကမ္ဘာ့ထိပ်ဆုံးအဆင့် အသင်းတစ်သင်း(ဂျာမနီ) နဲ့ ကျွန်တော်တို့ ကစားဖို့ရှိနေပါတယ်။ ကျွန်တော်တို့ တိုးတက်ဖို့လိုပါတယ်” ဟု အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ၏ ၀ဘ်ဆိုဒ်သို့ လမ်းပတ်ကပြောကြားခဲ့သည်။

    ထို့နောက် ချီလီအသင်းအား ချီးကျူးခဲ့ပြီး၊ ကစားပုံခြားနားသည့် အသင်းနှင့် ခြေစမ်းရသည့်အတွက် ၀မ်းမြောက်မိကြောင်း လမ်းပတ်က ထပ်လောင်း ပြောကြားခဲ့သည်။

    ———————————-

    ယူကရိန်း၊ ဂရိနှင့် ပေါ်တူဂီတို့အနိုင်ရရှိခဲ့ကြသည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ Play-off ပွဲစဉ်များ

    ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် Play-off ပွဲစဉ်များကို ယနေ့နံနက်က ယှဉ်ပြိုင်ကစားခဲ့ရာ ယူကရိန်း၊ ပေါ်တူဂီ၊ ဂရိတို့ အသီးသီးအနိုင် ရရှိခဲ့ကြသည်။

    ပေါ်တူဂီ ၁-၀ ဆွီဒင်

    လစ္စဘွန်းတွင် ကစားခဲ့သည့် ယခုပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး ရော်နယ်ဒို၏ နောက်ကျဂိုးကြောင့်သာ အိမ်ရှင်တို့ အသက်ရှူချောင်ခဲ့ရခြင်းဖြစ်သည်။

    ယခုပွဲမှာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ဇကာတင်စာရင်းတွင်ပါဝင်ကြသည့် ရော်နယ်ဒိုနှင့် အီဗရာဟီမိုဗစ်တို့၏ ထိပ်တိုက်တွေ့ဆုံမှုကြောင့် စိတ်ဝင်စားဖွယ်ဖြစ်ခဲ့သည်။

    ပထပိုင်းတွင် ပေါ်တူဂီတို့က ဘောလုံးပိုင်ဆိုင်မှုအသာရခဲ့သော်လည်း ဆွီဒင်က အကောင်းဆုံး ဂိုးသွင်းခွင့်များရခဲ့သည်။ သို့သော် ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိပေ။

    ဒုတိယပိုင်းတွင် အိမ်ရှင်တို့က အခွင့်အရေးများရရှိအောင် ဖိကစားနိုင်ခဲ့ပြီး ပွဲပြီးကာနီး ၈၂ မိနစ်တွင် ပေါ်တူဂီအသင်း၏ တစ်လုံးတည်းသော အနိုင်ဂိုးကို ရရှိခဲ့သည်။ ထိုဂိုးအား မီဂွဲ ဗီလိုဆို၏ ဖြတ်တင်ဘောမှတစ်ဆင့် ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုက ၀မ်းလျားထိုး ခေါင်းတိုက်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    ……………………………………..
    ယူကရိန်း ၂-၀ ပြင်သစ်

    အုပ်စုအဆင့်တွင် ရုန်းကန်ခဲ့ရသော ပြင်သစ်မှာ ယခုပွဲတွင်လည်း အိမ်ရှင်ယူကရိန်းတို့အား အရှုံးပေးခဲ့ရသောကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ရေး မျှော်လင့်ချက်မှာ အနည်းငယ် မှေးမှိန်လာပြီဖြစ်သည်။

    ပထမပိုင်း၏ အစောပိုင်းမိနစ်များတွင် နှစ်သင်းစလုံးအခွင့်အရေးများ ရရှိခဲ့သော်လည်း ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပေ။ ဒုတိယပိုင်းတွင် ပြင်သစ်တို့က ပွဲအားပိုမိုစိုးမိုးထားနိုင်ခဲ့ပြီး အိမ်ရှင် ယူကရိန်းတို့က တန်ပြန်တိုက်စစ်မှနေ၍ ပြင်သစ်အသင်းအား ခြိမ်းခြောက်နိုင်ခဲ့သည်။

    ၆၁ မိနစ်တွင် ယူကရိန်းတို့ ဦးဆောင်ဂိုးရရှိခဲ့ပြီး ဇိုဇူလ်ယာက သွင်းယူပေးခဲ့သည်။ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် ပြင်သစ်အသင်းက ချေပဂိုးရရှိရန် အပြင်းအထန် ကြိုးစားခဲ့သော်လည်း ၈၃ မိနစ်တွင် အိမ်ရှင်တို့က ဒုတိယအနိုင်ဂိုး ထပ်မံသွင်းယူသွားခဲ့သည်။

    အာဆင်နယ်နောက်ခံလူ ကွန်စီယန်နီ၏ ဧရိယာအတွင်း ဖျက်ထုတ်ပုံကြမ်းတမ်း မှုကြောင့် ယူကရိန်းတို့ ပင်နယ်တီရရှိခဲ့ပြီး ယာမိုလန်ကိုက အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့သည်။

    ယခုပွဲရှုံးနိမ့်မှုကြောင့် ပြင်သစ်အသင်းမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ရေး မျှော်လင့်ချက်မှာ မှေးမှိန်လာခဲ့ပြီး လာမည့်သီတင်းပတ်တွင် ပြင်သစ်၌ ကစားမည့်ပွဲ၌ အနည်းဆုံး ၃ ဂိုးပြတ်ဖြင့် အနိုင်ရအောင် ကစားရတော့မည်ဖြစ်သည်။
    …………………………………
    ဂရိ ၃-၁ ရိုမေးနီးယား

    ဂရိတွင်ကစားခဲ့သည့် ယခုပွဲတွင် အိမ်ရှင်အသင်းမှာ အိုလံပီယာကော့စ် တိုက်စစ်မှူး၏ သွင်းဂိုးများဖြင့် အရေးပါသောနိုင်ပွဲကို ရယူခဲ့သည်။

    နှစ်သင်းစလုံးမှာ အုပ်စုနောက်ဆုံးပွဲစဉ်တွင် ကစားခဲ့သည့် လူစာရင်းအား သုံးနေရာအပြောင်းအလဲလုပ်ခဲ့သည်။ ဦးဆောင်ဂိုးကို အိမ်ရှင်တို့က စတင်ရရှိခဲ့ပြီး ၁၄ မိနစ်တွင် တိုက်စစ်မှူး မီထရိုလူက ဧရိယာအတွင်းမှ ဘော်လီကန်ချက်ဖြင့် သွင်းယူခဲ့ခြင်းဖြစ်သည်။

    သို့သော် ဂရိတို့၏ဦးဆောင်မှုမှာ ၅ မိနစ်သာ ကြာခဲ့ပြီး ၁၉ မိနစ်တွင် ဘော့ဂ်ဒန် စတန်ကျူက ရိုမေးနီးယားအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပြီး၊ တစ်မိနစ်အကြာတွင် ဂရိတို့ ဒုတိယဦးဆောင်ဂိုးထပ်ရခဲ့သည်။ ထိုဂိုအား ဆာလ်ပင်ဂီဒစ်က သွင်းယူပေးခဲ့သည်။ အိမ်ရှင်တို့အတွက် အနိုင်သေချာစေမည့် ဂိုးကို ဒုတိယပိုင်း ၆၆ မိနစ်တွင် အိုလံပီယာကော့စ် တိုက်စစ်မှူး မီထရိုလူကပင် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

    ဒုတိယပိုင်းနာကျင်အချိန်ပိုတွင် ရိုးမေးနီးယား အသင်းကစားသားမား လာဇာမှာ နှစ်ဝါတစ်နီဖြင့် အထုတ်ခံခဲ့ရသည်။
    ………………………………..
    အိုက်စလန် ၀-၀ ခရိုအေးရှား

    အခြားပွဲစဉ်တစ်ခုဖြစ်သည့် အိုက်စလန်နှင့် ခရိုအေးရှားတို့၏ ပွဲစဉ်တွင် အိမ်ရှင်တို့မှာ အခွင့်အရေးများရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့သောကြောင့် သရေဖြင့်ပင် ပွဲပြီးဆုံးခဲ့သည်။

    Photo-Armando Franca / Associated Press