News @ M-Media

Blog

  • အိုအိုင်စီ ဆန္ဒပြပွဲမှ အစ္စလာမ်ကို စော်ကားသည့် အသုံးအနှုန်း မလေးရှား အစ္စလာမ့် အဖွဲ့အစည်းဆိုင်ရာ အတိုင်ပင်ခံကောင်စီ ရှုံ့ချ

    အောက်တိုဘာ- ၁၇၊ ၂၀၁၃
    M-Media

    ပြီးခဲ့ရက်ပိုင်းများအတွင်း မြန်မာနိုင်ငံရှိ အကြမ်းဖက်ခံ မွတ်စလင်မ်များ၏ အခြေအနေကို လာရောက်လေ့လာရန် မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ တရားဝင် ခရီးရောက်ရှိနေသော အိုအိုင်စီ ကိုယ်စားလှယ် အဖွဲ့ကိုဆန်ကျင့်သောအားဖြင့် ပြည်တွင်းမှ သံဃာတော်များ ဦးဆောင်ပြိး ဆန္ဒပြပွဲများ ရန်ကုန်၊ စစ်တွေနှင့် အခြားမြို့ကြိးများတွင် ပြုလုပ်ခဲ့ကြသည်။

    အချို့နေရာများမှ ဆန္ဒပြပွဲတွင် အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ကို ဆန့်ကျင်ဆန္ဒပြခြင်းကို အကြောင်းပြုပြီး အစ္စလာမ်သာသနာကို စော်ကားသည့် အသုံးအနှုန်းများဖြင့် ကြေညာချက်များနှင့် အပြုအမှုများ ပြုလုပ်ခဲ့ကြသည်။ ဤကဲ့သို့ အစ္စလာမ်ကို စော်ကားသည့် အသုံးအနှုန်းများ အသုံးပြုမှုကို ရှုံ့ချသောအားဖြင့် မလေးရှားနိုင်ငံ အစ္စလာမ့်အဖွဲ့အစည်းဆိုင်ရာ အတိုင်ပင်ခံကောင်စီ (မလေးရှား) – Malaysian Consultative Council for Islamic Organization (MAPIM) မှ ရှုံချသည့် ကြေညာချက် တစောင်ထုတ်ပြန်ခဲ့ပြီး ကြေညာချက်ကို မြန်မာနိုင်ငံနှင့် သံအဆက်အသွယ်ပြုလုပ်ထားသော အိုင်အိုင်စီ အဖွဲ့ဝင်နိုင်ငံများမှ မြန်မာသံရုံးများကို အကြောင်းကြား သတိပေးရန် ထည့်သွင်းရေးသားထားသည်။ ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

    sittwe 2013

    အစ္စလာမ့်အဖွဲ့အစည်းဆိုင်ရာ အတိုင်ပင်ခံကောင်စီ (မလေးရှား) – Malaysian Consultative Council for Islamic Organization (MAPIM) မှ ထုတ်ပြန်စာ

    ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်

    အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများမှ မြန်မာသံရုံးအားလုံးထံ အကြောင်းကြား အသိပေးရန် ထုတ်ပြန်ချက်
    ==========================================

    ဤရက်ပိုင်းအတွင်း အိုအိုင်စီအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ မြန်မာနိုင်ငံသို့လာရောက်မှုအပေါ် မနှစ်မြို့ခြင်းကို အကြောင်းပြုပြီး မြန်မာနိုင်ငံမြို့ကြီးများတွင် ရဟန်းသံဃာများမှ အစ္စလာမ်သာသနာအား စော်ကားပြုမူချက်နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့သည် ထိခိုက်ခံစားရပါသောကြောင့် ပြင်းထန်စွာ ရှုံ့ချလိုက်ပါသည်။

    အစ္စလာမ်သာသနာအား တိရစ္ဆာန်ဝါဒနှင့်နှိုင်းယှဉ်ဖော်ပြလိုက်ခြင်းမှာ စော်ကားမှုလုပ်ရပ်သာမက၊ အစ္စလာမ်သာသနာအပေါ် အငြိုးတကြီး စစ်ကြေငြာလိုက်ရာ ရောက်နေပါသည်။

    မွတ်စ်လင်မ်များနှင့်အစ္စလာမ်သာသနာအား နက်ရှိုင်းစွာမုန်းတီးနေမှုကို မြန်မာအစိုးရအာဏာပိုင်များကိုယ်တိုင်က ရည်ရွယ်ချက်ရှိရှိ ဖော်ထုတ်တင်ပြခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့ သုံးသပ်ပါသည်။

    အစ္စလာမ်သာသနာကိုစော်ကားထားသော – အစ္စလာမ်သာသနာအား တိရစ္ဆာန်လမ်းစဉ်နှင့်နှိုင်းယှဉ်ထားသော စာတန်းများကိုကိုင်ဆောင်ပြသခဲ့သည့် ရဟန်းသံဃာတို့၏ လုပ်ရပ်နှင့်သဘောထားအပေါ် ကျွန်ုပ်တို့မှ ရွံရှာစက်ဆုပ်မိပါသည်။

    ဤအလည်အပတ်ခရီးစဉ်ကို ဗုဒ္ဓဘာသာဝင်များမှကန့်ကွက် ဆန္ဒပြရေးအတွက် မြို့ပြကြီးများရှိအာဏာပိုင်များမှ ခွင့်ပြုချက်ပေးခဲ့သည်ဟု သိရသဖြင့် ကျွန်ုပ်တို့မှ အံ့သြတုန်လှုပ်ရပေသည်။ အိုအိုင်စီခရီးစဉ်အပေါ် ဆန္ဒပြခြင်း၌ ၀န်ကြီးအဆင့်ပုဂ္ဂိုလ်တစ်ဦးသည်ပင် အင်တိုက် အားတိုက်ပါဝင်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

    ကမ္ဘာ့မွတ်စ်လင်မ်ထု၏သည်းခံမှုကို သွေးတိုးစမ်းနေသည့် ဤသို့သောလုပ်ရပ်ဆိုးများ ဆက်လက်ဖြစ်ပွားလာအောင် မြန်မာအစိုးရမှခွင့်ပြုချက်မပေးပါရန် ကျွန်ုပ်တို့မှ တောင်းဆိုပါသည်။

    မလေးရှားကဲ့သို့သော မွတ်စ်လင်မ်တိုင်းပြည် နိုင်ငံတစ်ခုသည် ဗုဒ္ဓဘာသာဝင်များအပါအ၀င် မွတ်စ်လင်မ်မဟုတ်သူအပေါင်းနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို အောင်မြင်စွာ ဖန်တီးထားကြောင်း ထိုသူတို့အား ကျွန်ုပ်တို့မှ သိစေအပ်ပါသည်။ ဘာသာသာသနာ အားလုံးကို ဥပဒေအားဖြင့် အကာအကွယ်ပေးထားပါသည်။ မလေးရှားနိုင်ငံတွင် မွတ်စ်လင်မ်တို့နှင့် အခြားဘာသာဝင်များမှာ အများအားဖြင့် ငြိမ်းချမ်းစွာ ရှိနေကြပါသည်။

    ယဉ်ကျေးမှုမြင့်မားနေပြီဖြစ်သည့် ယခုလိုကာလမျိုးတွင် ယင်းသို့သော သည်းမခံနိုင်ဖွယ်ရာနှင့်အမုန်းတရားများကို မြန်မာအစိုးရနှင့်ရဟန်းသံဃာတို့သည် အဘယ်ကြောင့် ပြုမူဆောင်ရွက်ရပါသနည်း ?

    OIC လာရောက်ခြင်း၌ မြန်မာနိုင်ငံအတွက် မည်သည့်အန္တရာယ်ရှိပါသနည်း ? အကယ်၍ မြန်မာအစိုးရသည် အစွန်းရောက်ဗုဒ္ဓဘာသာဝင်များကို အသုံးပြုလျက် အကြမ်းဖက်မှုဖြစ်ပွားစေသောမူဝါဒကို ကိုင်စွဲမထားပါလျှင် (မည်သည့် ပြဿနာမျှ ဖြစ်ပွားစရာ အကြောင်းမရှိပါ)။

    လက်ခံ၍မရနိုင်သော ဤရဟန်းသံဃာများ၏လုပ်ဆောင်ချက်ကို ကန့်ကွက်ရှုံ့ချကြရန်၊ ဘာသာရေးလူမျိုးရေးဆိုင်ရာအမုန်းတရားထိုးဆွနေသည့် အစွန်းရောက်ဗုဒ္ဓဘာသာဝင်များလက်အောက်၌ မရပ်တည်ရေးအတွက် မြန်မာအစိုးရကို ဖိအားပေးကြပါရန် ကျွန်ုပ်တို့မှ အာဆီယံအဖွဲ့ဝင်နိုင်ငံအပေါင်းသို့ နှိုးဆော်ပန်ကြားပါသည်။

    အစ္စလာမ်ကိုဆန့်ကျင်သည့် ဤသို့အကျည်းတန်လှုံ့ဆော်ဆောင်ရွက်ချက်အား ခွင့်ပြုနေသည့်အပေါ် ပြတ်သားရှင်လင်းသော အဖြေတစ်ရပ်မပေးနိုင်ပါလျှင် (ကမ္ဘာ့)မွတ်စ်လင်မ်များမှာ ဆိတ်ဆိတ်နေ၍ ဘေးထိုင်ရပ်ကြည့်နေတော့မည်မဟုတ်ပါကြောင်း အစွန်းရောက်ရဟန်းသံဃာတို့ကို ကျွန်ုပ်တို့မှ သတိပေးလိုက်ပါသည်။

    မြန်မာနိုင်ငံနှင့်သံတမန်အဆက်အသွယ်ပြုလုပ်ထားသော အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများရှိ မြန်မာသံရုံးအားလုံးထံသို့လည်း အကြောင်းကြားအသိပေးပါရန် ကျွန်တော်တို့မှ တောင်းဆိုပါသည်။

    မြန်မာအစိုးရအပေါ် အင်တိုက်အားတိုက်ဖိအားပေးနိုင်ရေးအတွက် မွတ်စ်လင်မ်နိုင်ငံအားလုံးထံ တာဝန်ရှိပါသည်။ ဤသို့ ဖိအားပေးမှုနှင့်မလုံလောက်ပါက သံတမန်အဆက်အသွယ်ဖြတ်တောက်ခြင်းကိုသာ ရွေးချယ်ပါမည်။

    မုဟမ္မဒ် အဇ်မီ အဗ်ဒုလ် ဟာမစ်ဒ်
    MAPIM ဥက္ကဌ
    ယှူရာ(အစ္စလာမ့်ရေးရာအတိုင်ပင်ခံအဖွဲ့) အတွင်းရေးမှူးချုပ်

  • နိုဝင်ဘာ ၁၇ အားကစားသတင်းများ

    နိုဝင်ဘာ ၁၇ အားကစားသတင်းများ

    နိုဝင်ဘာ- ၁၇ ၂၀၁၃
    M-Media

    ဘာလော့တယ်လီမှာ မမျှမတ ဆက်ဆံခံရခြင်းမရှိဟု ဘူဖွန်ဆို

    ဒိုင်လူကြီးများအနေဖြင့် ဘာလော့တယ်လီအား မမျှမတ ဆက်ဆံသည်ဆိုသည့် ထင်မြင်ယူဆချက်အား အီတလီဝါရင့် ဂိုးသမား ဘူဖွန်က ယုံကြည် လက်ခံခြင်းမရှိဘဲ၊ အသင်းဖော်တိုက်စစ်မှူးမှာ ဒိုင်လူကြီး ဆုံးဖြတ်ချက်များ၏ သားကောင်မဟုတ်ဟု ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် သောကြာနေ့က ကစားခဲ့သော ဂျာမနီအသင်းနှင့် ၁ ဂိုးစီ သရေကျသည့်ပွဲတွင် မိမိအား ဒိုင်လူကြီးများက ကာကွယ်မှုမပေးခဲ့ဟု ဘာလော့တယ်လီက ခံစားနေရသော်လည်း၊ ဒိုင်လူကြီးများ၏ ပွဲအား ထိန်းသိမ်မှုကို ကြမ်းတမ်းသော ဆက်ဆံမှုအဖြစ် မမှတ်ယူရဟု ဘူဖွန်က ရှင်းလင်းခဲ့သည်။

    “မာရီယို(ဘာလော့တယ်လီ)နဲ့ ပက်သက်ပြီး မမျှတတာမျိုးတွေ ကျွန်တော် မတွေ့ပါဘူး။ ပွဲကို ရှေ့ဆက်မရဖြစ်မှာကို တားဆီတဲ့အနေနဲ့ ပြုလုပ်တဲ့ ဒိုင်လူကြီးတွေရဲ့နည်းလမ်းမပါ။ ၀ီစီနည်းနည်းပဲသုံးပြီး ပွဲကိုမြိုင်စေဖို့ ဒိုင်လူကြီးတွေက ကိုင်တွယ်ကြတာပါ။ ကျွန်တော် ဒါကို သဘောတူပါတယ်” ဟု အားကစားစာစောင်တစ်ခုဖြစ်သည့် Gazzetta dello Sport သို့ ဘူဖွန်က ပြောကြားခဲ့သည်။

    လာမည့် ဒီဇင်ဘာတွင် မဲခွဲမည့် ကမ္ဘာ့ဖလားပွဲစဉ်များတွင် အီတလီအသင်းမှာ နိုင်ခြေ ထိပ်ဆုံးအဆင့်ရှိသည့် အသင်းများတွင်မပါဝင်ပေ။ သို့သော်လည်း ဂျမနီနှင့်ပွဲတွင် ပြသခဲ့သည့်ခြေစွမ်းက ကြောက်ရွံ့ရမည့်အသင်းဖြစ်သည်ကို ပြသလိုက်ကြောင်း၊ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မည်သည့်အသင်းကိုမဆို အတလီအသင်းက ကြံ့ကြံ့ခံ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ဘူဖွန်က ထပ်လောင်းပြောကြားခဲ့သည်။

    ………………………….
    မက်ဆီမှာ တစ်ကိုယ်ကောင်းဆန်ရမည်ဟု မာရှေရာနိုဆို

    လက်ရှိခံစားနေရသည့် တံကောက်ကြောဒဏ်ရာမှ ပြန်လာသက်သာလာစေရန် မက်ဆီအနေနှင့် တစ်ကိုယ်ကောင်းဆန်ရမည်ဟု ဘာစီလိုနာအသင်းနှင့် အာဂျင်တီးအားအသင်းဖော် မာရှေရာနိုက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်သီတင်းပတ်က ဘက်တစ်အသင်းနှင့် ကစားခဲ့သည့်ပွဲတွင် ရရှိခဲ့သည့် တံကောက်ကြောဒဏ်ရာကြောင့် ဘာစီလိုနာအသင်း၏ တိုက်စစ်မှူး မက်ဆီမှာ အနည်းဆုံး သီတင်းပတ်ခြောက်ပတ်မှ ရှစ်ပတ်အထိ အနားယူရမည်ဖြစ်သည်။

    အီကွေဒေါအသင်းနှင့် သရေကျခဲ့သော မက်ဆီမပါသည့် အာဂျင်တီးနားအသင်းတွင် အသင်းခေါင်းအဖြစ် တာဝန်ယူခဲ့သည့် မာရှေရာနိုက မက်ဆီ၏ ဒဏ်ရာဆိုးရွားမှုကိုသိရှိပြီး၊ အသင်းဖော်များအနေဖြင့် မက်ဆီ၏ ဒဏ်ရာ ကောင်းမွန်လာရေးအပေါ် အာရုံစိုက်ရန် တိုက်တွန်းခဲ့သည်

    “မက်ဆီ မြေပြင်မှာလဲနေပြီး အရန်ခုံကို လှည့်ကြည့်လိုက်ကတည်းက တစ်ခုခု ဆိုးဆိုးရွားရွားဖြစ်နေပြီဆိုတာကို ကျွန်တော်သိလိုက်ပါတယ်။ အခုတော့ သူဟာ ကမ္ဘာပေါ်မှာ တစ်ကိုယ်ကောင်းဆန်ရမယ့် လူဖြစ်နေပါပြီး။ သူ့ကိုယ်သူ ဂရုစိုက်ပြီး ဒဏ်ရာက ပြန်ကောင်းလာဖို့ လိုအပ်နေပါတယ်” ဟု မာရှေရာနိုက ဆိုသည်။

    …………………………….
    စပါးတွင် ပုံမှန်နေရာ ဆုံးရှုံးရခြင်းကြောင့် ကမ္ဘာ့ဖလားပွဲတွင် မပါဝင်နိုင်မည်ကို ဒီဖိုးကြောက်ရွံ့နေ

    ယခုနှစ်ရာသီ စပါးအသင်း၏ ပရီးမီးယားလိဂ်တွင် ပွဲထွက်ကစားသမားအဖြစ် တစ်ပွဲသာ ပါဝင်ကစားခွင့်ရထားသည့် တိုက်စစ်မှူးဒီဖိုးက၊ စပါးအသင်းတွင် ပုံမှန်ကစားခွင့်မရခြင်းက ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွင် ပါဝင်ကစားခွင့်အား ထိခိုက်စေလိမ့်မည်ဟု ပြောကြားသည်။

    ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က အသင်းဟောင်း ၀က်စ်ဟမ်းသို့ ပြောင်းရွှေ့ရန် ချိတ်ဆက်ခဲ့ဖူးသည့် ဒီဖိုးမှာ အင်္ဂလန်အသင်း၏ ၂၀၁၀ ကမ္ဘာ့ဖလား လူစာရင်းတွင် ပါဝင်ခဲ့သော်လည်း အသင်းနည်းပြ ရွိုင်ဟတ်ဆန်က လာမည့် ၂၀၁၄ ကမ္ဘာ့ဖလားတွင် ၎င်းအား ချန်ထားခဲ့နိုင်သည်ဟု ၀န်ခံပြောဆိုလိုက်သည်။

    “ကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်းထဲ ပါဝင်ဖို့ဆိုတာ ကံတရားနဲ့ ကလပ်အသင်းမှာ ကစားရတဲ့အပေါ်မှာ အခြေခံပါတယ်။ တိုက်စစ်မှူးတစ်ယောက်အတွက် (ကလပ်အသင်းမှာ) ကစားခွင့်မရဘူးဆိုရင်၊ (ကမ္ဘာ့ဖလားပွဲမှာ ပါဝင်ဖို့) ခက်ပါလိမ့်မယ်” ဟု ဒီဖိုးက ဖွင့်ဟခဲ့သည်။

    ………………………….
    ကာပယ်လို ရုရှားအသင်းနှင့် သက်တမ်းတိုးမည်

    အင်္ဂလန်အသင်း၏ နည်းပြဟောင်းဖြစ်သည့် ဖေဘီယို ကာပယ်လိုမှာ ရုရှားအသင်းတွင် ၂၀၁၈ ခုနှစ်အထိရှိမည့် စာချုပ်သစ်တစ်ရပ်အား ချုပ်ဆိုတော့မည်ဟု သိရသည်။

    အသက် ၆၇ နှစ်အရွယ်ရှိ ကာပယ်လိုမှာ ရုရှားအသင်းသို့ ပြီးခဲ့သည့် ဇူလိုင်လက ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး၊ ရုရှားတွင်ကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆက်လက်ရှိနေမည်ဖြစ်သည်။

    စာချုပ်သစ်အတွက် နောက်ဆုံးသဘောတူညီမှုများ ပြုလုန်ရန် ကာပယ်လိုမှာ မော်စကိုသို့ လာမည့် သီတင်းပတ်တွင် ရောက်ရှိမည်ဟု ရုရှား အားကစားဝန်ကြီး မွတ်ကိုက ပြောကြားခဲ့သည်။

    “နည်းပြ (ကာပယ်လို)နဲ့ ရုရှားဘောလုံးအဖွဲ့ချုပ်တို့အကြား စာချုပ်သစ်ချုပ်ဆိုဖို့ အဓိက အချက်တွေ သဘောတူညီခဲ့တယ်လို့ ကျွန်တော် ပြောနိုင်ပါတယ်။ စာချုပ်သစ်ချုပ်ဆိုဖို့ လုပ်ရမှာတွေရှိနေပြီ ကမ္ဘာ့ဖလား ပွဲစဉ်ရေးဆွဲပြီးတဲ့အခါ အရာအားလုံးကို တရားးဝင်ဆောင်ရွက်သွားမှာပါ” ဟု မွတ်ကိုက သတင်းထောက်များအား ပြောကြားခဲ့သည်။
    Capello

  • မြန်မာပြည်တ၀ှမ်း ဘုံကထိန်ပွဲများ ပြုလုပ်

    မြန်မာပြည်တ၀ှမ်း ဘုံကထိန်ပွဲများ ပြုလုပ်

    နိုဝင်ဘာ ၁၆၊ ၂၀၁၃
    M-Media
    သူရိန်

    unnamed
    နှစ်စဉ်တန်ဆောင်မုန်းလရောက်တိုင်း ဆင်နွှဲလေ့ရှိသော ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ၏ ရိုးရာမဟာဘုံကထိန်ပွဲများကို နိုင်ငံနှင့်အ၀ှမ်းတွင် စည်ကားစွာ ကျင်းပလျက် ရှိကြသည်။

    ယခုကဲ့သို့ ကျင်းပပြုလုပ်ကြသော ကထိန်ပွဲတွင် ရပ်ရွာအတွင်းရှိ ၇-ရက်သားသမီးအပေါင်းမှ စုပေါင်းထည့်ဝင်ပါဝင်မှုဖြင့် သက်ဆိုင်ရာဘုန်းကြီးကျောင်းများတွင် သီတင်းသုံး နေထိုင်လျက်ရှိကြသော ဆရာတော်သံဃာတော်များကို ကထိန်လျာသင်္ကန်းအပါအ၀င် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည့်ပွဲတော်တရပ်လည်း ဖြစ်သည်။အများအားဖြင့် တန်ဆောင်မုန်းလပြည့်နေတွင် စုပေါင်းဘုံကထိန်ပွဲတော်များလှည့်လည်လေ့ရှိပြီး ငွေပဒေသာပင်များဖြင့် မြို့ရွာအတွင်း စည်ကားလျက် ရှိကြသည်။ ဆရာတော်သံဃာတော်များကို ဆွမ်း၊သင်္ကန်းများဆက်လှူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

    ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင်လည်း တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ဖြင့် စည်ကားလျက်ရှိကြသည်။

    တန်ဆောင်တိုင်ပွဲတော်ဟု လူသိများသော ကထိန်ပွဲတော်သည် မြန်မာ့ရိုးရာတစ်ဆယ့်နှစ်လ ရာသီပွဲများတွင် တစ်ခု အပါအ၀င်ဖြစ်ပါသည်။ တန်ဆောင်းမုန်း လပြည့်ည ကို ကျီးမနိုးပွဲတော် သူခိုးကြီးများညဟုကင်ပွန်းတပ်ကြပြီး ကျေးလက်ရပ်ရွာများတွင် ကျီးမနိုးခင်(မိုးမလင်းခင်) ပစ္စည်းများပြောင်းရွေ့သည့် ဓလေ့လည်းရှိကြသည်။ ဆေးပေါင်းခသည်ဟု အဆိုရှိသည့် ထိုညတွင်မဲဇလီဖူးသုပ်စားခြင်းသည်လည်း မြန်မာ့ဓလေ့တစ်ခုဖြစ်နေပါသည်။

    ယခုအချိန်ကာလတွင် မြန်မာနိုင်ငံအနှံ့အပြား၌ ဘုံကထိန်ပွဲတော်များကို ခြိမ့်ခြိမ့်သဲ ပြုလုပ်လျက်ရှိကြောင်း သိရပါသည်။

  • သမ္မတရုံးမှ OIC အဖွဲ့ အဓိပ္ပါယ်ကို ၃ ရက်အတွင်း အသုံးအနှုန်း(၂) မျိုးဖြင့် သတင်းထုတ်ပြန်

    နိုဝင်ဘာ- ၁၇ ၂၀၁၃
    M-Media
    မောင်ပုည

    17-11 news

    မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အိုအိုင်စီ- Organization of the Islamic Conference (OIC) နှင့်ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးမှ သတင်း ထုတ်ပြန်ချက်များတွင် OIC အဖွဲ့ရဲ့ အမည်ကို ၃ ရက်အတွင်း အသုံးအနှုန်း(၂) မျိုးဖြင့် ဖော်ပြခဲ့တာကို တွေ့ရှိရပါတယ်။

    နိုဝင်ဘာ ၁၄ ရက်နေ့က ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်း နှင့် အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံသည့် သတင်းတွင် “အစ္စလာမ်မစ်ဘာသာနိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ ” ဟုလည်းကောင်း၊ နိုဝင်ဘာ ၁၇ ရက်နေ့ မြန်မာအစိုးရနှင့် အိုအိုင်စီ ပူးတွဲထုတ်ပြန်သော ကြေညာချက်သတင်းတွင် “အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ” ဟုလည်းကောင်း သတင်းဖော်ပြထားတာကို တွေ့ရှိရပါသည်။

    Ref: သမ္မတရုံး ဝဘ်ဆိုဒ်
    1.http://goo.gl/6j0MPa
    2.http://goo.gl/Zt30hq

  • မြန်မာအစိုးရနှင့် OIC အဖွဲ့ ပူးတွဲကြေညာချက်ထုတ်၊ OIC အဖွဲ့နှင့် သမ္မတတွေ့ဆုံခဲ့မှု ယခုထိ သတင်းမထုတ်ပြန်သေး

    နိုဝင်ဘာ-၁၇ ၂၀၁၃
    M-Media

    statement

    OIC ရဲ့ အတွင်းရေးမှူးချုပ် ပါမောက္ခ အက်ခ်မယ်လက်ဒင်န် အီဆာနိုဂလူ (Ekmeleddin Ihsanoglu) ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ စနေနေ့ မနက်ပိုင်းက နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါပြိးနောက် ယနေ့မှာ ရခိုင်ပြည်နယ် တည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟို ကော်မတီနှင့် OIC အဖွဲ့ ပူးတွဲကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ OIC နဲ့ သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံခဲ့တဲ့သတင်းကို တော့ ယခုအချိန်ထိ အစိုးရဘက်မှ တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ၁။ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ ဖိတ်ကြားချက်အရ အိုအိုင်စီ အတွင်းရေးမှူးချုပ် ဂျီဘူတီနှင့် တူရကီ နိုင်ငံခြားရေး ဝန်ကြီးများ ဘင်္ဂလားဒေ့ရှ် ၊ အီဂျစ် ၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဆော်ဒီ အာရေဘီးယား နိုင်ငံခြားရေးဝန်ကြီးဌာနများမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၄-၁၆ ရက်နေ့အထိ လာရောက်ခဲ့ပါသည်။

    ၂။အဆိုပါလေ့လာရေးခရီးစဉ်ကြောင့် အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် မြန်မာနိုင်ငံအတွင်း ပြည်သူများ၏ မျှော်လင့်ချက် ဆန္ဒနှင့်အညီ ငြိမ်းချမ်းရေး ၊ တည်ငြိမ်းရေး ၊ တရားဥပဒေ စိုးမိုးရေး နှင့် လူမှု စီးပွားဖွံ့ဖြိုး တိုးတက်ရေး တို့ကို ရရှိရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဦးဆောင်မှုဖြင့် နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေး ပြောင်းလဲမှုများကို ဆောင်ရွက်နေခြင်းအား လက်တွေ့ကျကျ သိမြင်လေ့လာနိုင်သည့် အခွင့်အရေးရရှိခဲ့ပါသည်။

    ၃။လူ့အသိုက်အဝန်းများအကြား ပြန်လည်သင့်မြတ်ရေး၊ နားလည်သည်းခံရေးနှင့် လူ့အဖွဲ့အစည်း၏ ကဏ္ဍ အသီးသီးများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့ ဖြစ်ထွန်းလာစေရန် စသည့် အစိုးရ၏ ဆောင်ရွက် ချက်များကို ဘာသာများအကြားနှင့် လူ့အသိုက်အဝန်းများအကြား တွေ့ဆုံဆွေးနွေးမှုနှင့် နားလည်မှုကို အားပေးခြင်း လူ့အသိုက်အဝန်းခေါင်းဆောင်များအား ထောက်ခံအားပေးခြင်း စသည့် နည်းလမ်း များဖြင့် အားပေး သွားမည်ဖြစ်သည်။

    ၄။ရခိုင်ပြည်နယ်အပါအဝင် အကြမ်းဖက်မှုများ ပပျောက်ရေးဆောင်ရွက်ရန် ပြည်သူများအား အကြမ်း ဖက်မှုများမှ ကာကွယ်ရန်၊ လူ့အခွင့်အရေးအား လေးစားလိုက်နာရန်နှင့် အခြေခံ လွတ်လပ်ခွင့်များအား ရရှိစေရန် ဆောင်ရွက်မည့် မြန်မာအစိုးရ၏ ဆောင်ရွက်မည့် မြန်မာအစိုးရ၏ ကြေညာချက်များနှင့် အာမခံပြောကြားချက်များအား ကိုယ်စားလှယ်အဖွဲ့ကကြိုဆိုပါသည်။

    ၅။နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းများအား မှတ်သားပြီး အထူးအရေး ကြီးကြောင်းလည်း တွေ့ရှိ ရပါသည်။ ၂၀၁၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အကြမ်းဖက်မှု ကျူးလွန် သူများ အား တရားဥပဒေအရ ပြင်ထန်းစွာ အရေးယူမည်ဖြစ်ကြောင်း အာမခံချက်လည်း အပါအဝင်ဖြစ်သည်။ ရခိုင်ပြည်နယ် တည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟို ကော်မတီ တည်ထောင်ခဲ့ခြင်းကိုလည်းကောင်း ဘာသာကြီး ငါးခုမှ ဘာသာရေးခေါင်းဆောင်များ တွေ့ဆုံ နှီးနှော ဖလှယ်ပွဲသို့ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ပေးပို့ခဲ့သည်။ သဝဏ်လွှာကိုလည်းကောင်း ကိုယ်စားလှယ် အဖွဲ့က မှတ်သားထားပါသည်။

    ၆။ အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ကို မြန်မာနို်င်ငံအစိုးရမှ ဖိတ်ကြားခဲ့ခြင်းနှင့် မြန်မာအစိုးရ နိုင်ငံတကာအ သိုက် အဝန်းနှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့် အညီ အိုအိုင်စီ အဖွဲ့နှင့်လည်ကောင်း၊၎င်း၏ အဖွဲ့ဝင်နိုင်ငံများနှင့် လည်းကောင်း ထိတွေ့ဆောင်ရွက်ရန် အသင့်ရှိခြင်းကို ကိုယ်စားလှယ် အဖွဲ့မှ အထူးတန်းဘိုးထားပါသည်။ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် လူမှုစီးပွားဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန် တာဝန်ပေးထားသော လုပ်ငန်းကော်မတီများအား ကြီးကြပ်ကွပ်ကဲသည့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းဦးဆောင်သော ဗဟိုကော်မတီနှင့် ထိတွေ့ဆွေးနွေးရန်အတွက်လည်းကောင်း စီစဉ်ဆောင်ရွက်ပေးမှုများအတွက် ကိုယ်စား လှယ် အဖွဲ့ အနေဖြင့် ကျေးဇူးတင်ပါသ်ည။

    ၇။ အစိုးရသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပါအဝင် ဥပဒေများအား ပြန်လည်သုံးသပ်ခြင်းကို နိုင်ငံတကာစံနှုန်းများနှင့် ဒီမိုကရေစီ မှုများအရ ကိုက်ညီစွာဖြင့် ဆောင်ရွက်နေမှုများကို ကိုယ်စားလှယ် အဖွဲ့အနေဖြင့် အလေးအနက်ထားပါသည်။ မြန်မာအစိုးရမှ ဆောင်ရွက်နေသလို အခြေခံလွတ်လပ်ခွင့်များကို ကန့်သတ်ရာေ၇ာက်သည့် ဥပဒေများအား ပြင်ဆင်ခြင်း အပါအဝင် ဥပဒေပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန်တိုက်တွန်းပါသည်။

    ၈။ ရခိုင်ပြည်နယ်အခြေအနေ အပါအဝင် လူမျိုးနွယ်နှင့် ဘာသာရေးဆိုင်ရာ လူနည်းစုများ အပေါ် သက်ရောက်မှု ရှိသည့် လူ့အခွင့်အရေး နိုင်ငံသားဖြစ်မှု စီးပွားရေးအခွင့်အလမ်းများနှင့် ဖံွ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ် မှုများကို ဖြေရှင်းရန် စိတ်ပိုင်းဖြတ်ထားမှုနှင့် ဆောင်ရွက်ချက်များကို မြန်မာအစိုးရမှ ရှင်းလင်း ပြောကြား ချက်အား မှတ်သားထားပါသည်။

    ၉။ အရပ်ဘက်လူ့အဖွဲ့အစည်းများအပါအဝင် အိုအိုင်စီ အဖွဲ့ဝင် နိုင်ငံများနှင့် အဖွဲ့အစည်းမျး က အစိုးရနှင့် အပြည့်အဝ ပေါင်းစပ်ညှိနှိုင်း၍ လူသားချင် စာနာထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေး လက်ရှိ အထောက် အပံ့များပေးအပ်နေမှုများကို အိုအိုင်စီ အဖွဲ့ဝင်နိုင်ငံများမှ ဆက်လက်ပံ့ပိုးဆောင်ရွက်ရန် အသင့်ရှိနေကြောင်း ကိုယ်စားလှယ် အဖွဲ့က ဖြော်ပအပ်ပါသည်။ အိုအိုင်စီအဖွဲ့နှင့် ၎င်း၏ အဖွဲ့ဝင်နိုင်ငံများသည် လူမျိုး တိုင်းရင်းသား မျိုးနွယ်နှင့် ဘာသာရေးတို့အပေါ် အခြေခံ၍ ခွဲခြားဆက်ဆံမှု မပြုသည့် အခြေခံ မှုအပေါ် ရပ်တည်ချက်ကို အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့က အာမခံကြောင်း မြန်မာအစိုးရကို ပြောကြားခဲ့ပါသည်။ ဤအခြေခံမှုအပေါ် ရပ်တည်ချက်အရ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် အစိုးရမှ တစ်ဆင့် ခွဲခြားမှု မရှိဘဲ ပေးအပ်ရေးကို သေချာစွာ ဆောင်ရွက်ရန် နှစ်ဖက် သဘောတူကြသည်။

    ၁၀။ ကုလသမဂ္ဂအထွေထွေ ညီလာခံ၌ မြန်မာ အမြဲတမ်း ကိုယ်စားလှယ်က အစိုးရအနေနှင့် အိုအိုင်စီ အဖွဲ့ဝင်နိုင်ငံများ အပါအဝင် မည်ကဲ့သို့ သောအဖွဲ့မှ ဖြစ်စေ ရရှိသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့မှုများနှင့် စပ်လျဉ်း၍ ထောက်ပံ့မှုသည် ခွဲခြားဆက်ဆံမှု မရှိဘဲ ထိခိုက်ခံရသော လူ့အသိုက်အဝန်း နှစ်ရပ်လုံး အတွက် ရည်ရွယ်ခြင်းဖြစ်ပါက ထိုသို့ ထောက်ပံ့ခြင်းကို အစိုးရမှလည်း ကူညီဆောင်ရွက်ပေးသွားရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်ကို ကျေနပ်အား ရပါသည်။ မြန်မာအစိုးရနှင့် အိုအိုင်စီ အဖွဲ့သည် ကဏ္ဍအသီးသီး၌ ဆက်လက် ထိတွေ့ ဆောင်ရွက်သွားရန် ဆန္ဒရှိကြပါသည်။ မြန်မာအစိုးရက စိန်ခေါ်မှုများ အားလုံးကို ရင်ဆိုင်ဖြေရှင်းရာ၌ အိုအိုင်စီ အဖွဲ့အနေဖြင့် သက်ဆိုင်၍ လိုအပ်သော အကူအညီပေးနိုင်ရန် သတင်း အချက်အလက်များ ကဏ္ဍပေါင်းစုံ၌ ဖလှယ်သွားရန် ဆန္ဒရှိကြပါသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် လူသား ပဓာနဆိုင်ရာ တူညီသော သဘောထား၊ မြန်မာနိုင်ငံ၏ တိုင်းရင်းသား စည်းလုံးညီညွှတ်မှုနှင့် အချုပ် အခြာအာဏာ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမှ ရှောင်ကြဉ်သည့် အခြေခံမှုတို့ကို အပြည့်အဝ လေးစား၍ ဆောင်ရွက်သွားမည်ဖြစ်သည်။

    ၁၁။ အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့နှင့် အိုအိုင်စီ အဖွဲ့ဝင်နိုင်ငံများအား မြန်မာနိုင်ငံအတွင်း အမျိုးသား ပြန်လည် သင့်မြတ်ရေး ဒီမိုကရေစီ အပြည့်အဝရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ ကောင်းကျိုးများ ဆက်လက် ဖြစ်ပေါ်တိုးတက်ရေးတို့တွင် ကူညီဆောင်ရွက်ရန် စိတ်ပါဝင်စားမှုရှိသည်ကို မြန်မာနိုင်ငံ အစိုးရက အသိအမှတ်ပြုကြောင်း ဖော်ပြအပ်ပါသည်။

    နိုင်ငံတော်သမ္မတရုံးဝဘ်ဆိုဒ်မှ