News @ M-Media

Blog

  • ဖိလစ်ပိုင်အစိုးရက နိုင်ငံအား အရေးပေါ်အခြေအနေကြေညာ

    ဖိလစ်ပိုင်အစိုးရက နိုင်ငံအား အရေးပေါ်အခြေအနေကြေညာ

    နိုဝင်ဘာ ၁၂၊ ၂၀၁၃
    M-Media

    ဖိလစ်ပိုင်နိုင်ငံသမိုင်းတွင် အဆိုးရွားဆုံးတိုက်ခတ်ခဲ့သည့် တိုင်ဖုန်းဟိုင်ယန်ကြောင့် လူသောင်းချီသေဆုံးခဲ့ပြီးနောက် အစိုးရက နိုင်ငံအား ကပ်ဘေးကျရောက်သည့် အရေးပေါ်အခြေအနေကြေညာလိုက်သည်ဟု သိရသည်။

    မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံးခံစားရပြီး စားဝတ်နေရေးအခက်အခဲများ ကြုံတွေနေရသည့် သန်းချီသောလူများအား အကူအညီများအလျင်အမြန် ဆောင်ရွက်ပေးရန် အတွက် ဖိလစ်ပိုင်သမ္မတ ဘန်အစ်ဂနို အကွီနိုက ယမန်နေ့တွင်အမိန့်ပေးခဲ့ပြီး၊ ဒုက္ခရောက်နေသူများထံ အကူအညီများမြန်မြန်ရောက်ရှိလိမ့်မည်ဟု ကတိပေးခဲ့သည်။

    “တည်တည်ငြိမ်ငြိမ်နေဖို့၊ ဆုတောင်းဖို့နဲ့ ပူပေါင်းဆောင်ရွက်မှုတွေပြုလုပ်ဖို့ ကျွန်တော်မေတ္တာရပ်ခံလိုပါတယ်။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ဖေးမခြင်းကသာ ဒီကပ်ဆိုး ကနေ လွတ်မြောက်နိုင်ဖို့ ကျွန်တော်တို့ကို ကူညီနိုင်မှာဖြစ်ပါတယ်” ဟု အကွီနိုက ရုပ်မြင်သံကြားမှတစ်ဆင့် ယမန်နေ့ကပြောကြားသော မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

    အမေရိကန်၊ ဥရောပ၊ နယူးဇီလန်နှင့် သြစတေးလျနိုင်ငံတို့အပါအ၀င် အခြားသောနိုင်ငံများနှင့် အဖွဲ့အစည်းများမှာ မုန်တိုင်းဒဏ်ခံခဲ့ရသော ဒေသများတွင် ကယ်ဆယ်ရေး နှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ယမန်နေ့ကတည်းက ဖိလစ်ပိုင်သို့ လာရောက်နေကြသည်ဟု သိရသည်။

    Ref : Aljazeera

  • တောင်ကြီးမြို့ မြို့မဈေးကြိးအနီး မီးလောင်မှုဖြစ်ပွား

    နိုဝင်ဘာ ၁၁၊ ၂၀၁၃
    M-Media
    ကျောက်ခဲ

    တောင်ကြီး ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ မြို့မဈေးကြီး အနောက်ဘက်တွင် ယနေ့ နိုဝင်ဘာ ၁၁-ရက် ည ၉-နာရီမီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။

    တောင်ကြီးမြို့ မြို့မဈေးကြီးအနောက်ဘက်၊ ဈေးမျက်နှာချင်းဆိုင်ရှိ လှသီရိ ဖန်စီပစ္စည်းရောင်းဝယ်ရေးဆိုင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

    အဆိုပါ မီးလောင်ကျွမ်းရာသို့ မီးသတ်ကားတစ်စီးစတင်ရောက်ရှိလာခဲ့သော်လည်း အနည်းငယ်သာ ရေပက်ဖြန်းပြီးချိန် ရေကုန်သွားခဲ့သဖြင့် နီးစပ်ရာ မြို့မဈေးကြီးအတွင်းမှ မီးသတ်ဗူးများကို ထုတ်ယူငြိမ်းသတ်ခဲ့ရပြီးနောက် မီးတောက်များ ထပ်မံပေါ်ထွက်လာပြီး ၁၅-မိနစ်ခန့် ကြာချိန်မှသာ ရေကားတစ်စီး ထပ်မံရောက်ရှိလာကာ မီးငြိမ်းသတ်ခဲ့ရပါတယ်။

    ယင်းမီးလောင်ရာသို့ မီးသတ်ကား ၂-စီးနှင့် ရေကားတစ်စီး ရောက်ရှိလာပြီး ည ၁၀-နာရီခန့်တွင် အပြီးတိုင် မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။

    ၎င်း မီးလောင်ကျွမ်းမှုမှာ ၀ါယာရှော့ခ်ဟု ယူဆရသော်လည်း မီးစတင်လောင်ကျွမ်းမှုအား အတိအကျ မသိရှိရသေးပဲ စုံစမ်းလျက် ရှိပါတယ်။

     

    TGI 2

    Tgi1

  • အမယ်အို တဦး အသတ်ခံရမှုက ဂါရ၀တရား ပျောက်ဆုံးသွားစေမှု လှစ်ပြလိုက်သော မြန်မာနိုင်ငံတွင်း ဘာသာရေး ခွဲခြားမှု

    နိုဝင်ဘာ ၁၁ ၂၀၁၃
    M-Media
    မူရင်းဆောင်းပါးရှင်- သောမတ်စ် ဖူလာ
    ဘာသာပြန်- မြင့်မိုရ်မောင်မောင်

    MYANMAR-2-articleLarge

    ဓာတ်ပုံ အညွှန်း- မသေမချင်းဓားနဲ့ ထိုးခုတ် သတ်ဖြတ်ခံရသူ သဗြုချိုင်ကျေးရွာက အသက် ၉၄ နှစ်အရွယ် အမယ်အိုရဲ့သမီး

    သဗြူချိုင်၊ မြန်မာ။     ။ ဆန်စပါးစိုက်ပျိုးသက်မွေးနေကြတဲ့ ဒီရွာထဲ ဗုဒ္ဓဘာသာအကြမ်းဖက်အုပ်စုတွေ ၀င်ရောက်လာချိန်မှာ ခါးအောက်ဖက် ကိုယ်တစ်ပိုင်း လေဖြတ်ထားတဲ့ ဒေါ်အေးကြည်ကို သမီးနဲ့မြေးမနှစ်ဦးက အနီးဝန်းကျင်ကတောအုပ်အတွင်း အလျဉ်မီသယ်ဆောင်ခေါ်ယူသွားဖို့ အင်မတန် လေးပင်ခက်ခဲလွန်းလှပါတယ်။

    မီးကွင်းတွေ၊ ဓားတွေ ကိုင်ဆောင်ဝှေ့ရမ်းနေကြတဲ့ အမျိုးသားသုံးဦးဟာ အသနားခံတောင်းပန်မှုကို အလျဉ်းအရေးမစိုက်ပဲ ဒေါ်အေးကြည်ထံကို တဟုန်ထိုး ပြေးဝင်သွားခဲ့ကြတယ်။ သူမရဲ့ သမီးနဲ့မြေးမကလည်း အလွတ်ရုန်းထွက်ပြေးလိုက်ရတယ်။ နာရီအနည်းငယ်ကြာပြီးနောက် မီးခိုးငွေ့တလူလူ သူမရဲ့သစ်သားအိမ်ဘေးမှာ ဒေါ်အေးကြည်ရဲ့ရုပ်အလောင်းကို ပြန်တွေ့ခဲ့တယ်။ သူမဟာ ဓားနဲ့ ခြောက်ကြိမ်အထိ ထိုးခုတ်ခံရတယ်လို့ ရဲတပ်ဖွဲ့က ဆိုတယ်။ သူမရဲ့အသက်က ၉၄ နှစ်အထိ ရှိနေပါပြီ။

    ပြီးခဲ့တဲ့လအတွင်း သဗြုချိုင်တိုက်ခိုက်မှုမှာ သတ်ဖြတ်ခံရသူ မွတ်စ်လင်မ်ငါးဦးအနက် ဒေါ်အေးကြည်လည်း အပါအ၀င် တစ်ဦးပါ။ အဲ့ဒီတိုက်ခိုက်မှုမှာ အိမ်ပေါင်း တစ်ဒါဇင်ကျော်လည်း မီးတင်ရှို့ခဲ့ကြတယ်။ တစ်နှစ်ခွဲလောက် ကြိုကြားကြိုကြားနဲ့ အဆက်မပြတ် ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုကြောင့် လူပေါင်း ၂၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီ။ အများစုကတော့ မွတ်စ်လင်မ်တွေ ဖြစ်ကြပါတယ်။

    သို့သော်လည်း ကယ်ကူရာမဲ့အမယ်အိုကြီးတစ်ဦးကို သတ်ဖြတ်လိုက်ခြင်းဟာ ဗုဒ္ဓဘာသာဝင်လူများစုတိုင်းပြည်ထဲရှိနေတဲ့ မွတ်စ်လင်မ်ဆန့်ကျင်ရေးဆိုင်ရာ ကမ်းကုန်အောင်ဆိုးသွမ်းချက်များထဲက လက္ခဏာတစ်ခုအဖြစ်၊ အကြမ်းဖက်ခံသူများအပေါ် သနားညှာတာခြင်းကင်းမဲ့မှု၊ သတ်ဖြတ်ခြင်းအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ မတားမြစ်မှု မြင်ကွင်းကြီးအဖြစ် ပေါ်လွင်လာပါတော့တယ်။

    ဒီသတ်ဖြတ်မှုတွေကို နိုင်ငံပိုင်သတင်းမီဒီယာတွေကလည်း ပဋိပက္ခရဲ့ဓားစာခံဖြစ်ရတဲ့ပုံဟန်နဲ့ တဖက်စောင်းနင်း ဖော်ပြခဲ့ကြတယ်။ အသေးစိပ်အချက်အလက်တွေကို ထုတ်ပြန်ခြင်း မရှိကြဘူး။ သေမှုသေခင်းများနဲ့ပတ်သက်ပြီး တိုက်ရိုက်စစ်ဆေးစုံစမ်းဖို့ အပျံသင်စဒီမိုကရေစီသမ္မတက သူ့သမ္မတရုံးကို အမိန့်ပေးခဲ့ပေမယ့် တိုင်းသိပြည်သိ ရှုတ်ချကန့်ကွက်တာ မတွေ့ရပါဘူး။

    “ ဒီလောက် အိုမင်းမစွမ်းဖြစ်နေသူကို လူ့ယဉ်ကျေးမှုအရ လေးလေးစားစားဆက်ဆံရမှာဖြစ်တယ်။ ဒီအမယ်အိုကြီးကို သတ်ဖြတ်မှုက အမျိုးသားရေးဝါဒဆိုတဲ့အမြင်ကို လှစ်ဟပြလိုက်သလိုပါပဲ။ ဒီကိစ္စသာ မဖြစ်ပွားခဲ့ဘူးဆိုယင် သတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်နေဦးမယ့် အချက်ကို တွေ့ရတယ် ” ဆိုပြီး မြန်မာနိုင်ငံမှာ အမှုထမ်းခဲ့ဖူးတဲ့ ကုလသမဂ္ဂအရာရှိဟောင်း ရစ်ချတ် ဟော်စီ Richard Horsey က ဆိုပါတယ်။

    မကြာသေးမီအချိန်အထိ တည်ရှိနေခဲ့တဲ့ နောက်ဆုံးလက်ကျန်ငြိမ်းချမ်းမှုလေးကို ဒီအကြမ်းဖက်မှုက လှဲကျင်းဖယ်ထုတ်ပစ်ခဲ့တယ်။ ဒီဒေသအတွင်း မွတ်စ်လင်မ်နဲ့ဗုဒ္ဓဘာသာဝင်များဟာ အေးအတူပူအမျှ သင့်သင့်မြတ်မြတ် မျိုးဆက်ပေါင်းများစွာ နေထိုင်လာခဲ့ကြတာပါ။ စစ်အာဏာရှင်ဟောင်းတွေက မြန်မာနိုင်ငံရဲ့မကောင်းဆိုးဝါးအချို့ကို လွတ်မြောက်ခွင့် မပေးခင်ကာလအထိ ဆိုပါတော့။ အနောက်ပိုင်းရခိုင်ပြည်နယ်က ဒီသဗြုချိုင်ရွာမှာရော အခြားဒေသများပါ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေက မီးမွှေးမှုပါပဲ။ အစွန်းရောက်ဗုဒ္ဓဘာသာဝင်အုပ်စုဖြစ်တဲ့ ၉၆၉ အဖွဲ့ရဲ့ဟောပြောလမ်းကြောင်းချက်တွေက အဲ့ဒီမီးကိုမွှေးယူခဲ့ခြင်းဖြစ်တယ်။ အာဏာပိုင်များကလည်း အဲ့ဒီ အမုန်းသွတ်သွင်းဟောပြောလှုံ့ဆော်ချက်တွေကို ဆက်လက်လိုက်လျောခွင့်ပြုတဲ့အခါ တိုင်းပြည်အနှံ့ သြဇာလွှမ်းပြီး ကြီးစိုးမင်းမူလာကြတယ်။

    ကိုလိုနီခေတ်ကာလမကျေလည်မှုတစ်စိတ်တစ်ပိုင်းပေါ်အခြေပြုလာတဲ့ မွတ်စ်လင်မ်တွေကိုမုန်းတီးမှုက မြန်မာနိုင်ငံထဲ တော်တော်လေး နက်ရှိုင်းနေတယ်။ မွတ်စ်လင်မ်တွေအပေါ် စာနာနားလည်မှုကိုပင်လျှင် မဖော်ပြရဲလောက်အောင် ဖြစ်နေကြတယ်။ အာဏာပိုင်တွေပင်လျှင် အကြမ်းဖက်ခံမိသားစုတွေကို နှစ်သိမ့်မှုပေးဖို့ ကြောက်ရွံ့နေတဲ့အထိပါပဲ။

    ဒေါ်အေးကြည်ရဲ့ရုပ်အလောင်းကို စစ်ဆေးကြည့်ရှုခဲ့စဉ် ရဲတပ်ဖွဲ့မှူး ဦးတင်မောင်လွင်က “ ရက်စက်လိုက်ကြတာဗျာ ” လို့ ပြောကြားခဲ့တာ သူမရဲ့သမီးနဲ့မြေးမဖြစ်သူတို့ မှတ်မိနေကြပါတယ်။ ဒါပေမယ့် တယ်လီဖုန်းနဲ့အင်တာဗျူးတဲ့အခါမှာတော့ ဦးတင်မောင်လွင်က အခြားသော ဗုဒ္ဓဘာသာဝင်အစိုးရ၀န်ထမ်းများအတိုင်း ဒီလူသတ်မှုအပေါ် ရက်စက်ကြမ်းကြုတ်မှုဆိုတဲ့ ဝေါဟာရမသုံးပဲ ရှောင်လွှဲသွားခဲ့ပါတယ်။

    “ တစ်ဖက်ဖက်ကို မျက်နှာလိုက်တဲ့အသုံးအနှုန်းမျိုးနဲ့ ကျွန်တော် မပြောဆိုခဲ့ပါဘူး ” လို့ သူက ဆိုပါတယ်။

    နှစ်ငါးဆယ်စစ်အုပ်ချုပ်ရေးအလွန်မှာ မြန်မာနိုင်ငံက စစ်ကျွန်တိုင်းပြည်အဖြစ် ရှိနေဆဲပါ။ စစ်တပ်တစ်ခုထဲမှာ အင်အား ငါးသိန်းဝန်းကျင်ရှိနေတဲ့အပြင် အရပ်ဝတ်ထောက်လှမ်းရေးအရာရှိတွေကလည်း နေရာအနှံ့ စိုးမိုးနေဆဲပါ။ ဒါတောင်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ ဗုဒ္ဓဘာသာဝင်လူရမ်းကားအုပ်စုကို မတားမြစ်နိုင်ကြဘူး သို့တည်းမဟုတ် တားမြစ်လိုစိတ်မရှိတာ တွေ့နေရတယ်။

    အာဏာပိုင်တွေက ဒီလိုပြဿနာတွေဖြစ်လာမှာကို ကောင်းစွာသိပြီးဖြစ်တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ အကြမ်းဖက်မှု မတိုင်မီတစ်ရက်အလို စက်တင်ဘာ ၃၀ ရက်က လာလတ္တံ့သော အန္တရာယ်နဲ့ပတ်သက်ပြီး ဒေသခံရဲစခန်းကနေ ဖုန်းဆက်ပြောကြားမှုတစ်ရပ်ရှိခဲ့ကြောင်း၊ ရွာအ၀င်လမ်းဝမှာ အကာအကွယ်ပြုလုပ်ဖို့ ညွှန်ကြားခဲ့ကြောင်း မွတ်စ်လင်မ်ရွာသားများက ပြောပြလို့ပါပဲ။

    အောက်တိုဘာလ ၁ ရက် အစောပိုင်းမှာ ဒါဇင်နဲ့ချီတဲ့ လူရမ်းကားအုပ်စုချီတက်လာကြတာကို ရွာသားတွေ သတင်းရတဲ့အခါ  သူတို့ရွာနဲ့မိုင်အနည်းငယ်မျှသာကွာဝေးတဲ့ ရဲစခန်းနဲ့စစ်တပ်ဆီ မတုန့်မဆိုင်း ဖုန်းဆက်အကြောင်းကြားကြပါတယ်။

    ဒါပေမယ့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သံသယစကားနဲ့သာ တုန့်ပြန်ခဲ့ကြောင်း “ မင်းတို့ သေချာရဲ့လား၊ ဟုတ်ရောဟုတ်ရဲ့လား ဆိုပြီး သူတို့က ကျွန်တော်တို့ကို မေးမြန်းခဲ့ကြတယ်။ အသေအချာပါပဲ။ အမြန်ဆုံးလာ(တားဆီး)ကြပါ ဆိုပြီး ကျွန်တော်တို့က သူတို့ကို အကြောင်းကြားခဲ့ပါတယ် ” လို့ မွတ်စ်လင်မ်လယ်သမား ဦးမြင့်အောင်က ပြန်လည် ပြောပြပါတယ်။

    ရဲကားတစ်စီးသာ ရောက်လာခဲ့တယ်။ အရုဏ်မတိုင်မီ ၀င်ရောက်လာတဲ့ တိုက်ခိုက်သူတွေ တစ်ကြိမ်သာ လူစုခွဲခဲ့ကြတယ်။ ဒါပေမယ့် နံနက်လင်းအားကြီး အကြမ်းဖက်အုပ်စုထပ်မံရောက်လာလို့ ဒေါ်အေးကြည်ကိုသတ်ဖြတ်တဲ့အချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေက လေထဲ သေနတ်ထောင်ဖောက်ပြီးတဲ့နောက် ထွက်ခွာသွားကြောင်း ရွာသားများက ဆိုကြတယ်။

    ရခိုင်ပြည်နယ်ရဲမှူးကြီး ဦးကျော်တင့်က “ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အကောင်းဆုံးလုပ်ဆောင်ခဲ့ကြပါတယ် ” လို့ ပြောကြားခဲ့တယ်။ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ Tomás Ojea Quintana က မွတ်စ်လင်မ်တွေအပေါ်အကြမ်းဖက်မှုများ ထပ်ဖန်တလဲလဲ ဖြစ်နေပါလျက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကြားဝင်တားဆီးဖျန်ဖြေမှု မပြုကြခြင်းနဲ့ပတ်သက်ပြီး အာဏာပိုင်တွေကို ဝေဖန်ထားပါတယ်။ မိတ္ထီလာမြို့ထဲ မွတ်စ်လင်မ်တွေစုပြုံသတ်ဖြတ်ခံခဲ့ကြတဲ့နေရာမှာ ပြီးခဲ့တဲ့သြဂုတ်လအတွင်း သွားရောက်လေ့လာစဉ်က ရဲတပ်ဖွဲ့ဝင်တွေရဲ့အရေးမယူလစ်ဟင်းခဲ့မှုကို ခံစားနားလည်ခဲ့ရကြောင်း၊ မိမိရဲ့ကားကို လူရမ်းကားတွေ ထုရိုက်ကန်ကျောက်ချိန်မှာ ရဲတွေက ရပ်ကြည့်လျက်သာရှိနေခဲ့ကြောင်း ကင်တားနားရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ပုံရိပ်များရဲ့မြင်ကွင်းကျယ်
    —————————
    အခင်းဖြစ်ဒေသဖက် မြန်မာသမ္မတ ဦးသိန်းစိန် ရောက်ရှိနေချိန်ဖြစ်ပါလျက် အောက်တိုဘာ ၁ ရက် အကြမ်းဖက်မှုကို တားဆီးဖို့ ပျက်ကွက်ခဲ့ခြင်းကတော့ ထူးခြားလှပါတယ်။ မိမိအနေနဲ့ လူမှုရေး၊ ဘာသာရေး၊ လူ့အဖွဲ့အစည်းခေါင်းဆောင်များကို ပူးပေါင်းအဖြေရှာဖို့ တိုက်တွန်းခဲ့ပါတယ်လို့ ဦးသိန်းစိန်က ပြောဆိုပါတယ်။

    သမ္မတရုံးရဲ့တိုက်ရိုက်ညွှန်ကြားချက်အရ ဒီတစ်ကြိမ်အကြမ်းဖက်မှုအပေါ် စစ်ဆေးကိုင်တွယ်တာကတော့ ယခင်သတ်ဖြတ်မှုများထက် လျင်မြန်ခဲ့တယ်။ ဗုဒ္ဓဘာသာဝင် ၅၀ ဦးအပါအ၀င် လူ ၇၀ ကျော်ကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

    ရက်အတန်ကြာပြီး နောက်ရွာတစ်ခုမှာ ဗုဒ္ဓဘာသာဝင်နှစ်ဦးရဲ့ ရုပ်အလောင်းကို ရှာတွေ့ကြတယ်။ ဒါပေမယ့် သေမှုသေခင်းနဲ့ပတ်သက်ပြီး သေချာရှင်းလင်းစွာ မသိရသေးပါဘူး။

    မြန်မာပြည်ရဲ့ပထမဆုံးအကြမ်းဖက်လှိုင်းလုံးက ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသတစ်ခုမှာ တိုက်ခိုက်တာကနေ စတင်ခဲ့တာပါပဲ။ ရိုဟင်ဂျာနဲ့ဗုဒ္ဓဘာသာဝင်တွေအကြား တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့တယ်။ ရိုဟင်ဂျာတွေဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အပြင်းအထန်ရှုတ်ချမှုကိုခံနေရတဲ့ ဌာနီမဲ့မွတ်စ်လင်မ်အုပ်စုတစ်ခုဖြစ်တယ်။ သို့ပင်သို့ငြား မိုင်ပေါင်းရာနဲ့ချီဝေးကွာတဲ့နေရာက အကြမ်းဖက်မှုဟာ နိုင်ငံအ၀ှန်း မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှု အသွင်အဖြစ် ဘယ်လိုလုပ်ပြီး ကူးစက်ပျံ့နှံ့ရတာလဲ။ အလေးထားစဉ်းစားစရာပါ။

    ဒေါ်အေးကြည်ရဲ့ရွာက ဗုဒ္ဓဘာသာဝင်နဲ့မွတ်စ်လင်မ်တွေ ဘာသာရေးအရ အလွန်သဟဇာတဖြစ် သင့်မြတ်လွန်းလှတဲ့ ပန်းချီကားတစ်ချပ်ပါ။ သူမရဲ့အမျိုးသားတွေက ကမန်တိုင်းရင်းသားများဖြစ်ပြီး ပဋိပက္ခဆိုတာတွေလဲ ဘယ်တုန်းကမှ မဖြစ်ပေါ်ခဲ့ဖူးပါဘူး။

    နှစ်ဖက်နှစ်ဝ ရွာခံမိသားစုဝင်များဟာ အပြန်အလှန် ကူးလူးဆက်ဆံပတ်သက်နေတာချည်းပါပဲ။ ဒေါ်အေးကြည်ဟာ ဗုဒ္ဓဘာသာဝင်အဖြစ် မွေးဖွားကြီးပြင်းတယ်။ မွတ်စ်လင်မ်အမျိုးသားနဲ့ အိမ်ထောင်ထူတယ်။ သူ့ရဲ့သားသမီးလေးဦးအနက် သုံးဦးက ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူထားပြီးသား။ ဗုဒ္ဓဘာသာဝင်တွေ နဲ့ မွတ်စ်လင်မ်များဟာ ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းမှာ အတူတူ။ မင်္ဂလာဆောင်နဲ့အသုဘတွေမှာလည်း တစ်ဖက်နဲ့တစ်ဖက် ၀င်ထွက်မဆုံးရှိကြတယ်။ ယမန်နှစ် မြန်မာပြည်အနှံ့ အကြမ်းဖက်မှုတွေအုံကြွနေချိန်မှာတောင်မှ ရွာလေးက တည်ငြိမ်အေးဆေးနေခဲ့တယ်လေ။

    အမုန်းတရားကွင်းဆက်တွေက ရွာပြင်ပကနေ ကျယ်ကျယ်ပြန့်ပြန့် တိုးဝင်လွှမ်းမိုးလာတာလို့ မွတ်စ်လင်မ်များက ဆိုကြပါတယ်။

    အစ္စလာမ်ကို အန္တရာယ်အဖြစ် ရှုမြင်လာအောင် တိုင်းပြည်အနှံ့ လှည့်လည်ဟောကြေားနေတဲ့ အစွန်းရောက် ၉၆၉ ဂိုဏ်းခေါင်းဆောင်တစ်ဦးဟာ လွန်ခဲ့တဲ့ ဧပြီလက အနီးအနားရွာတစ်ရွာမှာ တရားပွဲလာလုပ်ပြီးတဲ့နောက် အိမ်နီးချင်းဗုဒ္ဓဘာသာင်များဟာ ခပ်ခွာခွာ စတင်ပြုလုပ်လာကြတယ်လို့ သူတို့အဆိုအရ သိရတယ်။ ဗုဒ္ဓဘာသာဝင်မိသားစုများက သူ့ရဲ့အမုန်းသွတ်သွင်းဗီဒီယိုတွေကို ဝေငှကြတယ်။ သြဂုတ်လမှာ အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးဆိုတဲ့ ဗုဒ္ဓဘာသာအဖွဲ့အစည်းရဲ့ ဆော်သြမှိုင်းတိုက်မှုအားဖြင့် ဗုဒ္ဓဘာသာဝင်တို့က မိမိတို့ရဲ့အိမ်ရှေ့မှာ သာသနာ့အလံတွေ လွှင့်ထူလာခဲ့ကြတယ်။ ဒါဟာ ရွာသားတွေရဲ့သက်တမ်းတစ်လျှောက် ပထမဦးဆုံး ပြုမူတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ရွာခံကျောင်းထိုင်ဘုန်းတော်ကြိးက ဆိုပါတယ်။

    မွတ်စ်လင်မ်တွေရဲ့အမြင်အရ သာသနာ့အလံများက “ မင်းတို့ နဲ့ ငါတို့ ” ဆိုပြီး ခွဲခြားမှုကို ကိုယ်စားပြုချက်ဖြစ်ပြီး အကြမ်းဖက်အုပ်စုတွေအနေနဲ့ ကွဲပြားအောင် ခွဲခြားနိုင်စေဖို့ဖြစ်နေတယ်။

    မွတ်စ်လင်မ်ရွာသူတစ်ဦးဖြစ်တဲ့ ဒေါ်သန်းသန်းနွယ်က “ သူတို့က အစ္စလာမ်ဘာသာကို မုန်းတီးနေပြီး ဒီတိုင်းပြည်က ပျောက်ကွယ်သွားစေချင်နေတာရှင့် ” လို့ ပြောပြခဲ့ပါတယ်။

    ၉၆၉ ရဲ့ ပင်မခေါင်းဆောင် အရှင်ဝီရသူက ဗုဒ္ဓဘာသာဝင်တွေဟာ မွတ်စ်လင်မ်တွေရဲ့လက်ဝါးကြီးအုပ်မှုကို ခံနေကြရတယ်၊ သူတို့က ဗုဒ္ဓဘာသာဝင်တွေထက် ကလေးပိုများတယ်လို့ ပြောဆိုတယ်။ ဒါ့အပြင် မိမိရဲ့အဖွဲ့ သတ်ဖြတ်မှုများရဲ့နောက်ကွယ်ကကြိုးမကိုင်ပါဘူးလို့လည်း ပြောပါသေးတယ်။ ဒါပေမယ့် သူ့ရဲ့ဟောပြောချက်က အကြမ်းဖက်မှုကိုဖြစ်ပွားအောင် လှုံ့ဆော်နေခြင်းသာဖြစ်တယ်လို့ လူပေါင်းများစွာက ဆိုနေပါတယ်။ တစ်ခါက သမ္မတ ဦးသိန်းစိန်သည်ပင်လျှင် မစ္စတာ ၀ီရသူကို ကြည်ညိုဖွယ်ရာပုဂ္ဂိုလ်တစ်ဦးအဖြစ် ပြောထုတ်ခဲ့ပါသေးတယ်။

    ဗုဒ္ဓဘာသာဝင်တစ်ဦးရဲ့သုံးဘီးတက္ကစီဆိုင်ကယ်ပေါ်က သာသနာ့အလံကို မွတ်စ်လင်မ်လုပ်ငန်းရှင်တစ်ဦးက စော်ကားပြုမူရာကနေ အောက်တိုဘာ ၁ ရက် အကြမ်းဖက်မှုဆီ ဆင့်ကဲဖြစ်ပွားခဲ့တာပါလို့ ဗုဒ္ဓဘာသာဝင်များက ဆိုကြတယ်။

    မြန်မာပြည်ရဲ့အကျော်ကြားဆုံးကမ်းခြေ – ငပလီက ကျောင်းထိုင်ဆရာတော် ဦးအိန္ဒသာလ ဆိုသူကလည်း အစွန်းရောက် ဘုန်းကြီးတစ်ဦးဖြစ်သလို ဗုဒ္ဓဘာသာဝင်လူ့အသိုင်းအ၀ိုင်းအပေါ် တော်တော်လေး သြဇာကြီးမားသူ ဖြစ်တယ်။ သူကလည်း ဒီဖြစ်ရပ်ကို ပြောင်တင်းစွာ လီဆည်ပြောကြားခဲ့တယ်။

    သူ့ကျောင်းမှာ အင်တာဗျူးလုပ်စဉ်က အသက် ၉၄ နှစ်အရွယ် အမယ်အိုကြီးသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး သူ့ပြောကြားချက်ဟာ ရဲဌာနထွက်ချက်နဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတယ်။ “ ဒေါ်အေးကြည်ဟာ ထွက်ပြေးယင်း အသက်ရှူကြပ်အမောဖောက်လို့ သေဆုံးခဲ့တာပါ။ သူမရဲ့ရုပ်အလောင်းကို မွတ်စ်လင်မ်တွေကပဲ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်လုပ်ပြီး ဗုဒ္ဓဘာသာဝင်တွေအပေါ် မကောင်းမြင်သွားစေတာပါ ” တဲ့။

    ဒီဘုန်းတော်ကြီးက မိမိကိုယ်ကိုကာကွယ်မှုအရ မွတ်စ်လင်မ်တွေကို သတ်ဖြတ်ရသလိုမျိုး အောက်ပါအတိုင်း ပြောကြားခဲ့ပါတော့တယ်။

    “ တကယ်လို့ ကျားကို ထိပ်တိုက်တွေ့ယင် အတတ်နိုင်ဆုံး ရှောင်ပြေးပါ။ ဒါပေမယ့် မပြေးနိုင်ယင်တော့ ပြန်ပြီး တိုက်ခိုက်ရပါလိမ့်မယ် ”။

    ဝေမိုး(ရန်ကုန်၊ မြန်မာ)ရဲ့ အချက်အလက်ပေးပို့မှုအပေါ် New York Times တွင် သောမတ်စ် ဖူလာ Thomas Fuller ရေးသားတဲ့ Elderly Woman’s Killing Lays Bare Myanmar’s Religious Divisions သတင်းဆောင်းပါးကို “ မြင့်မိုရ်မောင်မောင်” မှ ဆီလျော်အောင်ပြန်ဆိုချက်ဖြစ်ပါတယ်။

  • ဆက်သွယ်ရေး ဂြိုလ်တုအား မျှဝေ အသုံးပြုရန် ကာဂျစ္စတန်အား ကာဇက်စတန်ကမ်းလှမ်း

    နိုဝင်ဘာ ၁၁၊ ၂၀၁၃
    M-Media

    Kazakhstan Offers Kyrgyzstan Jointly Use KazSat_0

    အလယ်အာရှရှိ မွတ်စလင်မ်နိုင်ငံများ ဖြစ်ကြသည့် ကာဇက်စတန်က ဆက်သွယ်ရေးလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ရန်အတွက် ကာဂျစ်စ္စတန်နိုင်ငံသို့ KazSat ဟု အမည်ရသည့် ဂြိုဟ်တု ဆက်သွယ်ရေး ကွန်ယက်အား မျှဝေအသုံးပြုရန် ကမ်းလှမ်းခဲ့သည်ဟု ကာဇက်စတန်နိုင်ငံ အမျိုးသား အာကာသ အေဂျင်စီ၏ ၀ဘ်ဆိုဒ်တွင် ဖော်ပြထားမှုကို ကိုးကား၍ Tengrinews သတင်းစာက ရေးသားဖော်ပြခဲ့သည်။

    ဂြိုဟ်တုအား အတူတကွအသုံးပြုရန် ကမ်းလှမ်းမှုအပြင် ဂြိုဟ်တုဆက်သွယ်ရေးနှင့် သက်ဆိုင်သည့် ပစ္စည်းကိရိယာများကိုလည်း ငှားရမ်းရန် ကာဇက်စတန်က ကမ်းလှမ်းခဲ့သည်။ ထိုကဲ့သို့ ကမ်းလှမ်းမှုများမှာ ကာဇက်စတန်နိုင်ငံ ဘီရှ်ကက်မြို့တွင် နိုဝင်ဘာလ ၁-ရက်နေ့က ပြုလုပ်ခဲ့သည် ကာဇက်စတန်-ကာဂျစ္စတန် ၄ ကြိမ် မြောက် နှစ်နိုင်ငံအစည်းအဝေးတွင် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

    ထိုကမ်းလှမ်းမှုအား ကာဂျစ္စတန်နိုင်ငံအနေဖြင့် စဉ်းစားပြီးနောက် ဆုံးဖြတ်ချက်အား ၂၀၁၄ ခုနှစ်တွင် ပြန်လည်ကြေညာသွားမည်ဟုသိရသည်။ ကာဇက်စတန်၏ KazSat ဂြိုဟ်တု ကွန်ယက်တွင်ပါဝင်မည့် KazSat-3 ဂြိုဟ်တုအား ၂၀၁၄ ခုနှစ်တွင် လွှတ်တင်ရန် အစီအစဉ်ရှိပြီး ထိုဂြိုဟ်တု လွှတ်တင်ပြီးနောက် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ကာဂျစ္စတန်၊ တာခ့်မီနစ္စတန်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံများ၏ ဆက်သွယ်ရေးလုပ် ကိစ္စရပ်များကို ကူညီပေးနိုင်မည်ဖြစ်သည်။

    Ref : Islam RU
    ————————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]

  • ဗြိတိန် မွတ်စလင်မ်များက ဗြိတိန်စီပွားရေး ဒေါ်လာသန်းထောင်ချီ မြင့်တက်စေ

    နိုဝင်ဘာ ၁၁၊ ၂၀၁၃
    M-Media

    M_Id_436377_muslims

    ဗြိတိန်တွင်နေထိုင်သည့် မွတ်စလင်မ် ၂.၈ သန်းမှာ ဗြိတိန်၏ စီးပွားရေးအား နှစ်စဉ် ပေါင် ၃၁ ဘီလီယံ မြင့်တက်စေသည်ဟု စစ်တမ်းကောက်ယူမှုများအရ သိရသည်။

    ဗြိတိန်မွတ်စလင်မ်ကောင်စီ(MCB) က စစ်တမ်းကောက်ယူကာ အစီရင်ခံစာထုတ်ပြန်ခဲ့ပြီး ထိုအစီရင်ခံစာတွင် ဗြိတိန်ရှိ မွတ်စလင်မ် ၂.၈ သန်းတွင် ၁ သိန်းခန့်မှာ သန်းကြွယ်သူဌေးများဖြစ်ကြပြီး ဗြိတိန်စီးပွားရေးအား ပေါင် ၃၁ သန်းအထိ မြင့်တက်စေသည်ဟု ရေးသားထားသည်။ မကြာသေးမီက Sunday Times သတင်းစာမှ ၂၀၁၃ ခုနှစ် ဗြိတိန်၏ အချမ်းသားဆုံ လူ ၁၀၀ စာရင်းကိုထုတ်ပြန်ခဲ့ရာ မွတ်စလင်မ် ၁၂ ဦးမှာ ထိုစာရင်းတွင် ပါဝင်ခဲ့သည်။

    ပြီးခဲ့သည့်တစ်ပါတ်က လန်ဒန်မြို့တွင် ၉ ကြိမ်မြောက် ကမ္ဘာ့အစ္စလာမ့်မစ်စီးပွားရေးဖိုရမ်(WIEF)ကို ကျင်းပခဲ့ပြီး ထိုဖိုရမ်မှထုတ်ပြန်သော အစီရင်ခံစာတွင် လန်ဒန်မြို့၌ မွတ်စလင်မ်ပိုင် စီးပွားရေလုပ်ငန်းများမှာ ၁၃၄၀၀ ရှိပြီး ထိုလုပ်ငန်းများမှ အလုပ်အကိုင်ပေါင်း ၇ သောင်းကျော်ကို ဖန်တီးပေးသည်ဟု ရေးသားဖော်ပြထားသည်။

    MCB အဖွဲ့တွင် ဗြိတိန်တစ်ဝှမ်းရှိ မွတ်စလင်မ်လူမှုရေးအသင်းအဖွဲ့များ၊ ဗလီဝတ်ကျောင်းတော်များ၊ အလှူဒါနပြုသည့်အဖွဲ့အစည်းများနှင့် စာသင်ကျောင်းများစသဖြင့် အသင်းအဖွဲ့ပေါင်း ၃၀၀ ကျော် အသင်းဝင်အဖြစ် ပါဝင်ထားကြသည်။

    Ref: The Financial Express

    ————————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]