News @ M-Media

Blog

  • နိုဝင်ဘာ- ၈ နိုင်ငံတကာသတင်း နှင့် ပြည်တွင်းသတင်း

    နိုဝင်ဘာ- ၈ နိုင်ငံတကာသတင်း နှင့် ပြည်တွင်းသတင်း

    နိုဝင်ဘာ-၈ ၂၀၁၃
    M-Media

    နှစ်နိုင်ငံ စစ်တပ်များ ပိုမိုပူးပေါင်းဆောင်ရွက်ရန် မြန်မာနှင့် မလေးရှား စစ်တပ်ခေါင်းဆောင်များ သဘောတူ

    နှစ်နိုင်ငံစစ်တပ်များ အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် မြန်မာနှင့် မလေးရှားနိုင်ငံ စစ်တပ်ခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်ဟု မီဒီယာများက ယနေ့နံနက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

    ထိုသဘောတူညီချက်မှာ မြန်မာနိုင်ငံသို့ အလည်အပတ်ရောက် ရှိနေသည့် မလေးရှား စစ်တပ် အကြီးအကဲ ဗိုလ်ချုပ် ဒါတွတ် ရာဂျာနှင့် မြန်မာနိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ကာကွယ်ရေးဌာနချုပ်တွင် တွေ့ဆုံစဉ် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

    ထို့ပြင် စစ်ရေးဆိုင်ရာ လေ့ကျင့်ခန်းများနှင့် ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန်လည်း ဆွေးနွေးခဲ့ကြသည်ဟု New Light of Myanmar သတင်းစာတွင်ဖော်ပြခဲ့သည်။

    မလေးရှား စစ်တပ် အကြီးအကဲမှာ အရှေ့တောင်အာရှနိုင်ငံ စစ်တပ်ခေါင်းဆောင်များ၏ ၁၄ ကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်ရန် အတွက် မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့တော်ဖြစ်သော မန္တလေးမြို့သို့ ကြာသာပတေးနေ့က ရောက်ရှိလာခဲ့သည်။

    ——————————————–

    အစ္စရေးပစ်သတ်မှုကြောင့် ပါလက်စတိုင်းနှစ်ဦး သေဆုံး

    အစ္စရေးက မတရားသိမ်းပိုက်ထားသော ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေတွင် အစ္စရေးစစ်တပ်မှာ ပါလက်တိုင်းနိုင်ငံသားနှစ်ဦးအား ယမန်နေ့က ပစ်သတ်ခဲ့သည်ဟု သိရသည်။

    ဘက်သလင်ဟမ်မြို့ မြောက်ဘက်တွင်ရှိသည့် စစ်ဆေးရေးဂိတ်တွင် အသက် ၂၃ နှစ်အရွယ်ရှိ ဖိုအဒ်အလ်-အထရက်ရှ်ဆိုသူအား ယမန်နေ့ညပိုင်းက ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး၊ နာဘလုစ်မြို့တောက်ဘက်ရှိ စစ်ဆေးရေဂိတ်တစ်ခုတွင်လည်း အသက် ၂၉ နှစ်အရွယ် ဂျမားလ်အိုဒေးမှာ အစ္စရေးစစ်တပ်၏ ပစ်သတ်ခြင်းကိုခံခဲ့ရသည်။

    ထို့ပြင် အထရက်ရှ်၏ အလောင်းအား ပါလက်စတိုင်းဆေးအဖွဲ့သို့ ပြန်ပေးရန် အစ္စရေးစစ်တပ်ကငြင်းဆိုခဲ့သည်ဟု ပါလက်စတိုင်းမီဒီယာက ဖော်ပြသည်။ အစ္စရေးစစ်တပ်မှာ ၎င်းတို့မတရားသိမ်းပိုက်ထားသော ဒေသရှိ ခရိုင်များအတွင်းတွင် ယမန်နေ့က အကြမ်းဖက်စီးနင်းမှုမြောက်များစွာ ပြုလုပ်ခဲ့ပြီး အနည်းဆုံး ပါလက်စတိုင်းနိုင်ငံသား ၇ ဦးကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။

    Ref:.aljazeera

    ——————————————–

    မုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် အနည်းဆုံး လူ ၃ ဦးသေဆုံး

    ယခုနှစ်အတွင်း ကမ္ဘာ့အဆိုးဝါးအပြင်းထန်ဆုံး တိုင်ဖုန်မုန်တိုင်းတိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် အနည်းဆုံး လူ ၃ ဦးသေဆုံးခဲ့ပြီး အနည်းဆုံး လူတစ်ဦးပျောက်ဆုံးနေသည်ဟု သိရသည်။

    ဟိုင်ယန်ဟု အမည်ရသည့် အဆိုပါမုန်တိုင်းမှာ ဖိလစ်ပိုင်နိုင်ငံသမိုင်းတွင် အဆိုးဝါးဆုံးမုန်တိုင်းဟုလည်း ခေါ်ဆိုနိုင်သည်။ သေဆုံးသွားသူများမှာ နှစ်ဦးမှာ ဓာတ်လိုက်၍ သေဆုံးခဲ့ခြင်းစြဖ်ပြီး အခြားတစ်ဦးမှာ မိုးကြိုးထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်ဟု အမျိုးသား သဘာဝဘေးအန္တရယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီမှ AFP သတင်းဌာနသို့ ယနေ့နံနက်တွင် ပြောကြားခဲ့သည်။

    ဒဏ်ရာရသူ ၇ ဦးရှိခဲ့ပြီး ၆ ဦးမှာ ပြုတ်ကျသော အရာဝတ္ထုများ ခိုက်မိခဲ့၍ဖြစ်ကာ၊ အခြားတစ်ဦးမှာ မိုးကြိုးရှပ်ထိခဲ့ခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် အဓိကဆိမ်ကမ်းမြို့ဖြစ်သည့် ဆီဘူးတွင် အမျိုးသားတစ်ဦးမှာ ပျောက်ဆုံးနေသည်ဟု သိရသည်။

    သေဆုံးသူများမှာ ပိုမိုများပြားနိုင်ပြီး မုန်တိုင်းဒဏ်အဆိုးဝါးဆုံးခံစားရသောဒေသ များအား အာဏာပိုင်များက ချက်ချင်းဆက်သွယ်၍မရနိုင်သေးချေ။ ထိုမုန်တိုင်းမှာ ယနေ့ညနေတွင် ဖိလစ်ပိုင်မှ ထွက်ခွာဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။

    Ref:aljazeera

    Several killed in Philippines super typhoon - Asia-Pacific - Al Jazeera English - 2013-11-08_22.02.23

    ———————————–

    အွန်လိုင်းတွင် ခြိမ်းခြောက်သည့် စာတိုများပေးပို့ခြင်းကြောင့် ၁၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား ဖလောရီဒါတွင်ဖမ်းဆီး

    သက်တူရွယ်တူ အခြားမိန်းကလေးသုံးဦးအား ခြိမ်းခြောက်သည့် စာတိုများ ရာနှင့်ချီ၍ ပေးပို့သောကြောင့် အသက် ၁၅ နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးအား ဖမ်းဆီးခဲ့သည်ဟု အမေရိကန်ပြည်ထောင်စု ဖလောရီဒါပြည်နယ်ရှိ စိန်ပီတာစဘတ်မြို့ ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

    အသက်အရွယ်ကြောင့် အမည်ဖော်ပြခြင်း မရှိသည့် အဆိုပါအမျိုးသမီးငယ်အား ခြိမ်းခြောက်ပြောဆိုမှုအတွက် စွဲချက် ၃ ခုအပါအ၀င် စုစုပေါင်းစွဲချက်လေးခုဖြင့် တရားစွဲဆိုထားသည်ဟု ကြာသာပတေးနေ့က ရဲတပ်ဖွဲ့မှထုတ်ပြန်ခဲ့သော ကြေညာချက်တွင်ဖော်ပြထားသည်။

    ထိုအမျိုးသမီးငယ်ပေးပို့ခဲ့သည့် စာတိုအများစုမှာ အသက်အန္တရာယ်ကို ဆိုးရွားစွာ ခြိမ်းခြောက်ထားသည့်စာများဖြစ်ပြီး၊ အမျိုးသမီးငယ်က ထိုစာတိုများမှ အချို့ကိုသာပေးပို့ခဲ့ခြင်းဖြစ်ပြီး အားလုံးကိုပေးပို့ခဲ့ခြင်းမဟုတ်ဟု ထွက်ဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့က ထပ်လောင်းပြောကြားခဲ့သည်။

    Ref: CNN

    ……………………………
    အီတလီရှိ အမျိုးသမီးများမှာ အမျိုးသားများထက် ပိုမိုခက်ခဲစွာ အလုပ်လုပ်ရ

    အီတလီနိုင်ငံရှိ အမျိုးသမီးများမှာ အမျိုးသားများထက် ပိုမိုခက်ခဲစွာနှင့် အလုပ်ချိန်ပိုမိုလုပ်ရသော်လည်း ရရှိသည့်လစာမှာ အမျိုးသားများထက် ပိုမို၍ နည်းပါသည်ဟု မကြာသေးမီက ပြုလုပ်သည့် လေ့လာမှုအရ သိရသည်။

    ထိုလေ့လာမှုအား ပဲရစ်မြို့အခြေစိုက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်း(OECD) မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ How’s Life? 2013 ဟု အမည်ရသည့် စာတမ်းတွင် အီတလီနိုင်ငံ၏ လုပ်ငန်းခွင်များတွင် အမျိုးသား၊ အမျိုးသမီးခွဲခြားမှုမှာ ကျယ်ကျယ်ပြန့်ပြန့်ရှိနေသည်ဟု ထိုအဖွဲ့က ဖော်ပြထားသည်။

    ထို့ပြင် အီတလီရှိ အမျိုးသမီးများမှာ ပါလီမန်တွင်လည်းရွေးကောက် တင်မြှောက်ခံခွင့်နည်းပါးသည်ဟု ဖော်ပြခဲ့သည်။ ပျမ်မျှအားဖြင့် အမျိုးသမီးများမှာ တစ်ပါတ်တွင် အိမ်မှုကိစ္စများအတွက် ၃၆ နာရီအချိန်ပေးရပြီး၊ အမျိုးသားများမှာ ၁၄နာရီသာ အချိန်ပေးရကြောင်း၊ အမျိုးသမီးများမှာ ညဘက်အပြင်ထွက်သည့်အခါ တိုက်ခိုက်ခံရနိုင်ခြေပိုများကြောင်း၊ ထို့ပြင် ၎င်းတို့ အမျိုးသားများ၏ အနိုင်ကျင့်မှုများကိုလည်း ခံရကြောင်း အဆိုပါစာတမ်းတွင် ရေးသားဖော်ပြခဲ့သည်။

    Ref: Press TV

  • လူမျိုးတုန်းသတ်ဖြတ်မှု မှတ်တမ်းတွေ ပြသထားတဲ့ ဟိုလိုကော့စ် ပြတိုက်တွင် ရိုဟင်ဂျာရုပ်ပုံများ ခင်းကျင်းပြသ

    နိုဝင်ဘာ- ၈ ၂၀၁၃
    M-Media
    Olaie Manzu
    US Myanmar Rohingya Exhibit.JPEG-09511
    အမေရိကန်ပြည်ထောင်စုမြို့တော် ဝါရှင်တန် ဒီစီ မှာရှိတဲ့ ဟိုလိုကော့စ်ပြတိုက်ရဲ့ အပြင်ပိုင်းနံရံတွေမှာ အကြမ်းဖက်ခြင်းခံနေရတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ ဓါတ်ပုံတွေကို ခင်းကျင်းပြသနေပါတယ်။ ဟိုလိုကော့စ်ပြတိုက်ဟာ ဒုတိယကမ္ဘာစစ်ကာလအတွင်း နာဇီ ဂျာမဏီမှ ဂျူး ခြောက်သန်းခန့် စုပြုံသတ်ဖြတ်ခဲ့တဲ့ မှတ်တမ်းတွေကို ခင်ကျင်းပြသတဲ့ သမိုင်းဝင်ပြတိုက်ဖြစ်ပါတယ်။ ဒီပြတိုက်ဟာ အမေရီကန်ပြည်ထောင်စု အစိုးရက ထောက်ပံ့ပေးနေတဲ့ ပြတိုက်ကြီးလည်းဖြစ်ပါတယ်။

    ဟိုလိုကော့စ်လို့ခေါ်တဲ့ ဂျူးတွေကို စုပြုံသတ်ဖြတ်တဲ့ ဖြစ်ရပ်ကြီးဟာ ကမ္ဘာ့သမိုင်းမှာ အကျဉ်းတန်တဲ့ဖြစ်ရပ် တစ်ခုဖြစ်ပြီး နောက်ထပ် ဒီလိုဖြစ်ရပ်မျိုးတွေ ထပ်မံ မဖြစ်ရအောင် ဟိုလိုကော့စ်ပြတိုက်ကြီးက မီးမှောင်းထိုးပေးလေ့ရှိပါတယ်။ ဥပမာ ဘောစနီးယား၊ ရဝါန်းဒါးနဲ့ ဆူဒါန်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးတုန်း သုတ်သင် ရှင်းလင်းမှု ရုပ်ပုံတွေကိုလည်း ကမ္ဘာက သိအောင် ခင်းကျင်းပြသခဲ့ဖူးပါတယ်။ ယခုအခါမှာတော့ မြန်မာနိုင်ငံ အနောက်ဖက် အခြမ်းမှာရှိတဲ့ ရိုဟင်ဂျာလူမျိုးတွေကို အကြမ်းဖက်တိုက်ခိုက်နေတာဟာ လူမျိုးတုန်းသတ်ဖြတ်မှု အသွင်ကူးပြောင်းသွားမှာကို စိုးရိမ်ပြီး ဟန့်တား သတိပေးတဲ့ သဘောနဲ့ အခုလို ပြသနေတာ ဖြစ်တယ်လို့ အေပီ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

    ပြတိုက်မှာ ခင်းကျင်းပြသနေတဲ့ ဓါတ်ပုံတွေကတော့ အင်ဒီယားနားနယ်ဖွား ဓါတ်ပုံဆရာ ဂရေခ့် ကောစတန်တင်း ကိုယ်တိုင် အကြမ်းဖက်ဒေသတွေဆီ သွားရောက် ရိုက်ကူးခဲ့တဲ့ ပုံရိပ်တွေဘဲ ဖြစ်ပါတယ်။ ကောစတန်တင်းဟာ မြန်မာ-ဘင်္ဂလားနယ်စပ်မှာ ခုနှစ် နှစ်ခန့် အချိန်ပေးပြီးဓါတ်ပုံတွေ ရိုက်ကူးလာခဲ့သူဖြစ်ပါတယ်။

    “မြန်မာနိုင်ငံမှာ အံ့မခန်းနိုင်လောက်အောင် ဖွံ့ဖြိုးတိုးတက်မှုတွေလုပ်ဆောင်ဖို့ ပြောဆိုနေကြတဲ့အချိန်ဖြစ်တဲ့အတွက် လူတွေက နိုင်ငံ အနှံ့မှာ ဖြစ်ပွားနေတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်တွေကိုဘဲ အာရုံစိုက်နေကြပြီး ဒီလို ဝမ်းနည်းကြေကွဲဖွယ်ရာဖြစ်ရပ်တွေက အမှောင်ထုထဲမှာ ဖုံးအုပ်နေတာကတော့ တော်တော်စိတ်ပျက်စရာကောင်းပါတယ်” လို့ ကောစတန်တင်းကပြောပါတယ်။

    ကောစတန်တင်းဟာ နိုင်ငံမဲ့ဖြစ်နေရသူတွေကို ကမ္ဘာလည့်မှတ်တမ်းနေခဲ့ပါတယ်။ မလေးရှား၊ နီပေါ၊ သီရီလင်္ကား၊ ကန်နီယား၊ အိုင်ဗရီကောစ်၊ ကူဝိတ်နဲ့ ဒိုမိနီကန် ရီပတ်ပလစ် နိုင်ငံတွေမှာလည်း အလားသဏ္ဍာန်တူတဲ့ အဖြစ်အပျက်တွေကိုမှတ်တမ်းတင်ခဲ့ပေမယ့် ရိုဟင်ဂျာတွေရဲ့ အခြေအနေကတော့ အဆိုးရွားဆုံးပါဘဲလို့ သူကဆိုပါတယ်။

    “အခုဆိုရင် စစ်တွေမြို့မှာ မွတ်စလင်တွေလုံးဝ မရှိတော့သလို ခံစားရတာကတော့ စိတ်မချမ်းမြေ့စရာဘဲ။ မွတ်စလင်တွေရဲ့ ဘုရားဝတ်ပြုဖို့ နိုးဆော်သံ လည်းမကြားရတော့ဘူး။ ဗလီကျောင်းတွေကလည်းပျက်ဆီးကုန်ပြီ။ လုံးဝမပျက်ဆီးတဲ့ဗလီတွေဆိုရင်လည်း မြန်မာစစ်တပ်က ဗလီတွေထဲမှာ ဝင်နေ နေကြတယ်။” လို့ မတ်လ က စစ်တွေကိုသွားလာခဲ့တဲ့အတွေ့အကြုံကို ကောစတန်တင်း ကပြောပြပါတယ်။ ပြောင်းရွေ့နေရာ ချထားပေးတဲ့ စခန်းတွေက ရိုဟင်ဂျာဒုက္ခသည်တွေကလည်း အားကိုးရာမဲ့ဖြစ်နေတာကိုတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

    “မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်နေပါတယ်လို့ ကျနော်တို့ပြောတာမဟုတ်ပါဘူး။ … ဒါပေမယ့် ဒီလိုဖြစ်ရပ်တွေ နောင်အနာဂါတ်မှာ တစ်ခြားလူတွေမကြုံတွေ့ရအောင် ကျနော်တို့ တက်နိုင်တဲ့ဖက်ကနေ ကြိုးစားကာကွယ်ချင်လို့ဘဲဖြစ်ပါတယ်။” လို့ ဟိုလိုကော့စ်ပြတိုက်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကာကွယ်ရေးဌာန ဒါရိုက်တာ မိုက်ကယ် အဘ္ဘရာမိုဝဇ် ကပြောပါတယ်။

    ရိုဟင်ဂျာတွေအပေါ်ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကတော့ လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) မဟုတ်ဘူးလို့ အများစုက သုံးသပ်နေကြပေမယ့်၊ ဒီကျူးလွန်မှုတွေဟာ လူသားများအပေါ်ရာဇဝတ်မှုကျူးလွန်ခြင်း (Crime Against Humanity) ဖြစ်ကြောင်းကိုတော့ ကမ္ဘာ့ပညာရှင်အများက လက်ခံထားကြပါတယ်။ ရိုဟင်ဂျာလူမျိုးတွေကို သူတို့ရဲ့မွေးရပ်ဇာတိမြေမှ ထွက်ပြေးပြောင်ရွေ့သွားရအောင် ဦးနေဝင်းခေတ်ကတည်းက နည်းမျိုးစုံနဲ့ နှင်ထုတ်နေတာဖြစ်တဲ့အတွက် ယေဘုယအားဖြင့် လူမျိုးတုန်းသုတ်သင်ရှင်းလင်းမှု (Ethnic Cleansing) လို့လည်း အများစုကလက်ခံထားကြပါတယ်။ ရခိုင်လူမျိုးတွေဟာ ရိုဟင်ဂျာမွတ်စလင်တွေ မနေနိုင်လောက်အောင် ဇွဲကြီးကြီးနဲ့ ကြိုးပမ်းလုပ်ဆောင်နေပေမယ့် ရိုဟင်ဂျာတွေဖို့ကတော့ပြေးစရာမြေမရှိဘူးဖြစ်နေပါတယ်။

    ဒါကြောင့် ပြောင်းရွေ့ထွက်မပြေးနိုင်တော့တဲ့ အဆုံးမှာ ဂျောင်ပိတ်နေမိတဲ့ ရိုဟင်ဂျာတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှုတွေနဲ့ ရင်ဆိုင်ရမှာကတော့ ကမ္ဘာ ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။ ဒီကြားထဲ မကြာခဏဆိုသလို ရိုဟင်ဂျာတွေ ထွက်ပြေးကြရင်း လှေမှောက်သေဆုံးကြရတဲ့ သတင်းတွေကြောင့် စိုးရိမ်စရာတွေ ပိုမိုကြီးထွားလာနေပါတယ်။

    Photo-washingtonpost

    M-Media သို့ Olaie Manzu ပေးပို့သော ဘာသာပြန် သတင်းဆောင်းပါးဖြစ်ပါသည်။

  • ပိုလိုနီယမ် အဆိပ်ကြောင့် အာရာဖတ် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆွစ် သိပ္ပံပညာရှင်များ အတည်ပြု

    နိုဝင်ဘာ-၈ ၂၀၁၃
    M-Media

    121127081303-arafat-burial-site-2004-story-top

    ပါလက်စတိုင်းခေါင်းဆောင်ဟောင်း ရာဆာ အာရာဖတ်၏ ရုပ်ကြွင်းအား စစ်ဆေးနေသည့် ဆွစ်ဇာလန် သိပ္ပံပညာရှင်များက ထိုရုပ်ကြွင်းတွင် သာမန်မဟုတ်သည့် ရေဒီယိုသတ္တိကြွ ပိုလိုနီယံသတ္တုအားတွေရှိခဲ့ရသည်ဟု ယမန်နေ့က အတည်ပြုပြောကြားခဲ့သည်။ သို့သော်လည်း အတိအကျသိရှိရန် ဆက်လက်လေ့လာနေသည်ဟု သိရသည်။

    ထိုစုံစမ်းလေ့လာမှု၏ ရလဒ်များအား အာရာဖတ်၏ ကျန်ရှိခဲ့သည့် ဇနီး ဆူဟာ အာရာဖတ်၏ ကိုယ်စားလှယ်နှင့်  Lausanne-Geneva ဥပေဒနှင့် သက်ဆိုင်သည့် ဆေးဘက်ဆိုင်ရာ စင်တာ၏ ဒါရိုက်တာဖြစ်ပြီး ပါလက်စတိုင်း တာဝန်ရှိသူတစ်ဦးဖြစ်သူ ပက်ထရစ် မန်ဂင်တို့အား အင်္ဂါနေ့က ပေးအပ်ခဲ့ပြီး၊ ၎င်းတို့က ယမန်နေ့တွင် သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်ခဲ့သည်။

    ထိုသတင်းစာရှင်းလင်းပွဲတွင် အာရာဖတ်သေဆုံးမှုမှာ ပိုလိုနီယမ် သတ္တုကြောင့်ဖြစ်သည်ဟု ရလဒ်များထွက်ပေါ် ခဲ့သော်လည်း အာရာဖတ်အနေဖြင့် အဆိပ်ခပ် ခံခဲ့ရခြင်းရှိ/မရှိဆိုသည်ကို ကောက်ချက်ချ၍ မရသေးကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

    အာရာဖတ် သေဆုံးသွားပြီး ကာလအတော်ကြာမှ စုံစမ်းစစ်ဆေးရေးများ စတင်ပြုလုပ်နိုင်ခြင်းကြောင့် အကြောင်းအရင်းအား ခွဲခြမ်းစိတ်ဖြာ သိရှိနိုင်ရန် ခက်ခဲကြောင်း မန်ဂင်က ထပ်လောင်းပြောကြားခဲ့သည်။

    အာရာဖတ်မှာ ၂၀၀၄ ခုနှစ်၌ ပြင်သစ် စစ်ဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး၊ မည်သည့် အကြောင်းအရင်းကြောင့် သေဆုံးခဲ့မှန်း မသိရှိခဲ့ရပေ။ သေဆုံးပြီးနောက် အလောင်းအား ခွဲစိတ်ခြင်းလည်းမရှိခဲ့ဘဲ၊ သေဆုံးရခြင်းအကြောင်း ရှင်းလင်းသော ဆေးစစ်ချက်ကိုလည်း ထုတ်ပြန်ခဲ့ခြင်းမရှိခဲ့ပေ။
    Ref: ဆင်ဟွာ

    ————————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]

  • လူ(၃) ဦးသေဆုံးခဲ့သည့် အဖြစ်အပျက် NGO တာဝန်ရှိ သူများ၏ ရှင်းလင်းချက်

    နိုဝင်ဘာ-၈ ၂၀၁၃
    M-Media

    NGO များ ဘက်လိုက်သည်ဟူသော စွပ်စွဲချက်နှင့် နောက်ဆုံးဖြစ်ပွားခဲ့သည့် လူ(၃) ဦးသေဆုံးခဲ့သည့် အဖြစ်အပျက် NGO တာဝန်ရှိသူများ၏ ရှင်းလင်းချက်

    Anti NGO

    ရခိုင်မှာ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ NGO များ ထွက်ခွါသွားရန် လှုပ်ရှားမှုတွေ စတင်ဖြစ်ပေါ်ခဲ့ပြီး လူ(၃) ဦးသေဆုံးခဲ့ရသည့် လတ်တလော အဖြစ်အပျက် သတင်းများမှာ NGO တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်များနှင့် ဒေသခံ ရခိုင်လူမျိုးတွေနဲ့ ပြည်နယ် အစိုးရ စွပ်စွဲချက်များ လွဲချော်နေတာ တွေ့ရှိရကြောင်းကို ဗီအိုအေ သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်း တပုဒ်ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

    ဆင်တပ်မော်ကျေးရွာရဲ့ ပဋိပက္ခမှာ ဒဏ်ရာရတဲ့လူအချင်းချင်း၊ မွတ်စလင် ဒဏ်ရာရတဲ့သူတွေကိုတော့ MSF အဖွဲ့ စစ်တွေဆေးရုံကို ပို့ခဲ့ပြီး၊ ဒေသခံရခိုင်တွေကို ဆေးရုံမပို့ခဲ့ကြဘူးလို့ ဆိုပြီး ဒေသခံတွေက ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

    ဒီကိစ္စနဲ့ ပတ်သက်ပြီး ၊ MSF အဖွဲ့ နယ်စည်းမခြားဆရာဝန်များအဖွဲ့က စစ်တွေအခြေစိုက် တာဝန်ရှိသူတဦးဖြစ်တဲ့ Michele Tranite ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ အခုလိုရှင်းပြခဲ့ပါတယ်။

    “ဒါမမှန်ပါဘူး။ စနေနေ့ကဖြစ်တာကို ရှင်းပြရမယ်ဆိုရင်တော့ ညနေ ၄နာရီခွဲလောက်မှာ မူစလင်တွေဘက်က ဖုန်းဆက်လာ ပါတယ်။ သေနတ်ဒဏ်ရာ ရတဲ့သူတချို့ရှိတယ်။ အရေးပေါ်အကူအညီတွေ လိုနေတယ်လို့ပြောပါတယ်။ ကျနော်တို့က သက်ဆိုင်ရာ တာဝန်ရှိအာဏာပိုင်တွေဆီက ခွင့်ပြုချက်ရယူပြီး စပိဘုတ်နဲ့ဒဏ်ရာရသူသုံးယောက်ကို သယ်လာပြီး စစ်တွေဆေးရုံကိုပို့ပါတယ်။ အဲ့ဒီ့နေ့ ညနေမှာပဲ နောက်ထပ် ဒဏ်ရာရနေတဲ့ ရခိုင် အမျိုးသမီးနှစ်ယောက် ရှိတယ်လို့လည်း ကျနော်တို့သိရပါတယ်။ ကျနော်တို့ ဒီသတင်းရတဲ့အချိန်မှာ ဒီအမျိုးသမီးနှစ်ဦးက စစ်တွေဆေးရုံကိုရောက်နေပါပြီ။ ကျနော်တို့ ကြိုသိခဲ့ရတယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ တကယ်ပဲ အကူအညီပေးမှာပါ။ ကျနော်တို့ဟာ ကျန်းမာရေးအဖွဲ့အစည်းဖြစ်ပါတယ်။ ဘယ်လူနာကိုမှ ခွဲခြားဆက်ဆံတာမျိုးမရှိပါဘူး။

    မေး။ ။ “ဟုတ်ကဲ့။ ဒဏ်ရာရတဲ့လူနာတွေကို ဆေးရုံပို့တဲ့နေရာမှာ မွတ်စလင် ဘက်ကိုပဲ ဘက်လိုက်တယ် ဆိုပြီး ပြောနေတာတွေရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ရော ဘာများပြောလိုပါသလဲ။”

    ” ဒေသခံရခိုင်လူမျိုးတွေကြားမှာ ဒဏ်ရာရတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကို ဘယ်သူကမှ အကြောင်းမကြားခဲ့ပါဘူး။ ဒေသခံတွေ ကရော၊ ဒေသခံအာဏာပိုင်တွေဘက်ကပါ မပြောခဲ့ပါဘူး။ ကျနော်တို့ကို အကြောင်းကြားခဲ့မယ်ဆိုရင်တော့ ၊ ကျနော်တို့အနေနဲ့ ဆေးဘက်ဆိုင်ရာ အကူအညီပေးသွားမှာဖြစ်သလို၊ ဆေးရုံကိုလည်း ပို့ဆောင်ပေးမယ်ဆိုတာ ကျနော့်အနေနဲ့ ကျိန်းသေပေါက် အာမခံရဲပါတယ်။ ကျနော်တို့ဟာ ကျန်းမာရေး အကူအညီပေးနေတဲ့အဖွဲ့ဖြစ်တာကြောင့် အရေးပေါ် ဘယ်လူနာကိုမဆို အကူအညီပေးသွားမှာဖြစ်ပါတယ်။ ဘယ်ဘက်ကပဲ ဖြစ်ဖြစ်ပါ။ မွတ်စလင်လား ရခိုင်လူမျိုးလား ဆိုတာကို ကျနော်တို့ မမေးပါဘူး။ ကျနော်တို့က ဒေသခံ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဆေးဘက်ဆိုင်ရာ အကူအညီတွေပေးနေတာပါ။”

    မေး ။ ။ ” MSF အပါအဝင် ဒေသတွင်းမှာ လာပြီးတော့ လုပ်ကိုင်နေတဲ့ နိုင်ငံတကာ NGO အဖွဲ့တွေဟာ မူစလင်တွေကိုပဲ အဖွဲ့အစည်းအတွင်း မှာ နေရာပေးတယ်လို့ပြောနေပါတယ်။ အဲ့တာတွေရော ဟုတ်ပါသလားခင်ဗျ။”

    “ကျနော်တို့ ရာထူးခန့်ထားမှုဟာ လုံးဝမျှတပါတယ်။ စစ်တွေက ဒေသခံတွေကို တခြားအဖွဲ့အစည်းတွေကပါ ခန့်ထားတဲ့အတွက် ရဖို့ခက်ခဲပါတယ်။ ဒါကြောင့် ကျနော်တို့ ဆေးဝန်ထမ်းအများစုကို ရန်ကုန်က ခန့်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ အဖွဲ့ဝင် ၈၀ က ၁၀၀ အထိ ကတော့ စစ်တွေက ခန့်ထားတဲ့ ၀န်ထမ်းတွေ ရှိပါတယ်။ ဒီအထဲမှာ အကုန်လုံး မျှမျှတတ ခန့်ထားခြင်းဖြစ်ပါတယ်။”

    ဓါတ်ပုံရှင်းလင်းချက်- နိုဝင်ဘာ ၁ ရက်နေ့ (စနေနေ့) က လူ ၃ ဦးသေဆုံးခဲ့သော အကြမ်းဖက်မှုများ မတိုင်ခင် တပတ်အရင် အောက်တိုဘာ-၂၅ ရက်နေ့ ရက်စွဲဖြင့် စစ်တွေမြို့တွင် ဖြန့်ဝေသော NGO ဆန့်ကျင်ရေးလှုပ်ရှားမှု လက်ကမ်းစာစောင်

    Photo Credit- FB
    ကိုးကား- VOA(မြန်မာပိုင်း)

    အပြည့်အစုံဖတ်ရန် =>http://burmese.voanews.com/content/burmese-protesters-force-ngos-to-leave-town/1785800.html

  • မွတ်စလင်စစ်သားများ ၀တ်ပြုနိုင်ရန် ၀တ်ပြုဆောင်များ ရုရှား တည်ဆောက်မည်

    နိုဝင်ဘာ-၈ ၂၀၁၃
    M-Media

    Prayer room for muslim soldiers to be built

    ရုရှားနိုင်ငံ Omsk Oblast ပြည်နယ်တွင် အမျိုးသားများ စစ်မှူ မထမ်းမနေရ ဥပဒေ စတင်တော့မည်ဖြစ်သောကြောင့် စစ်တပ်အတွင်းသို့ ၀င်ရောက်လာကြမည့် မွတ်စလင် စစ်သားများ ဆွလာသ်(မွတ်စလင်မ်များ နေ့စဉ် ၅ ကြိမ် မပြုမနေရ ဝတ်ပြုရန် တာဝန်) ၀တ်ပြုရန်အတွက် ၀တ်ပြုခန်းများ တည်ဆောက်သွားမည်ဟု သိရသည်။

    ထိုကဲ့သို့ ၀တ်ပြုခန်းများ တည်ဆောက်ရန် ရုရှား ဖက်ဒရေးရှင်း၏ စစ်ဦးစီးချုပ်က အမိန့်ပေးခဲ့ခြင်းဖြစ်ပြီး Omsk Oblast ပြည်နယ် တစ်ဝှမ်းတွင် မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်သည်။

    စစ်သားများအနေဖြင့် ၎င်းတို့၏ ဘာသာတရားက သွန်သင်သည့် ၀တ်ပြုဆုတောင်းရန် လိုအပ်ချက်အတွက် ကျေနပ်မှုရရှိရန် အရေးကြီးကြောင်း၊ စစ်မှူ မထမ်းမနေရ ဥပဒေအရ စစ်မှူထမ်းရမည့် သူများ၏ ၇ ရာခိုင်နှုန်းမှာ မွတ်စလင်များဖြစ်ကြသည်ဟု  ကာကွယ်ရေးဌာနမှ ပြောကြားခဲ့သည်။

    အစ္စလာမ်ဘာသာမှာ ရုရှားနိုင်ငံတွင် ခရစ်ယာန်ဘာသာပြီးနောက်  ကိုးကွယ်ယုံကြည်မှုအများဆုံး အယူဝါဒတစ်ခုဖြစ်ပြီး ရုရှားနိုင်ငံတစ်ဝှမ်းတွင် အစ္စလာမ့်နှင့် ပတ်သက်သည့် ရှေးဟောင်းအမွေအနှစ်များစွာရှိနေကာ ရုရှား လူဦးရေ၏ ၁၄ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်။

    Ref: Islam.ru

    ————————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]