News @ M-Media
Blog
  • နိုဝင်ဘာ ၇၊ အားကစားသတင်း စုစည်းမှု
    နိုဝင်ဘာ ၇၊ အားကစားသတင်း စုစည်းမှု
    နိုဝင်ဘာ ၇၊ ၂၀၁၃
    M-Media
    ကမ္ဘာ့ဖလားအား ရရှိနိုင်သည်ဟု အင်္ဂလန်အသင်း ကစားသမားများက ယုံကြည်နေကြောင်း ဘက်ခမ်းပြော
    အင်္ဂလန်အသင်းသားများမှာ ၎င်းတို့အနေဖြင့် ကမ္ဘာ့ဖလားအားရယူနိုင်ပြီး မျှော်လင့်ထားသည်ထက် ပိုမိုလုပ်ပြနိုင်သည်ဟု ယုံကြည်နေကြာင်း အင်္ဂလန်အသင်း ခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းက ပြောကြားခဲ့သည်။
    အင်္ဂလန်အသင်းမှာ ၁၉၆၆-ခုနှစ်တစ်ကြိမ်သာ ကမ္ဘာ့ဖလားအား ဗိုလ်စွဲနိုင်ခဲ့ပြီး ၁၉၉၀-ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှစတင်ကာ နောက်ဆုံးလေးသင်းအဆင့်ကို တက်ရောက် နိုင်ခဲ့ခြင်းမရှိခဲ့ချေ။ ယခုအချိန်တွင် အင်္ဂလန်အသင်းမှာ ကမ္ဘာ့အဆင့်-၁၀ နေရာတွင်ရှိနေပြီး ကစားသမားများအား ရည်ရွယ်ချက်ကြီးကြီးမားမားထားရှိကြရန် ဘက်ခမ်းက မျှော်လင့်နေသည်။
    “အင်္ဂလန်အသင်း ပြိုင်ပွဲ ၀င်ပြိုင်တဲ့အခါ ကျွန်တော်အမြဲတမ်းအကောင်းမြင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်လည်း အင်္ဂလန်အသင်းနဲ့အတူ ၀င်ပြိုင်ခဲ့ဖူးလို့ပါ။ ပြိုင်ပွဲကြီးတွေကို ၀င်ပြိုင်တဲ့အခါ ဘယ်လိုလဲဆိုတာကို ကျွန်တော်ခံစားဖူးပါတယ်”ဟု ဘက်ခမ်းက Sky Sports သို့ ပြောကြားခဲ့သည်။
    ထို့ပြင် နည်းပြ ရွိုင်ဟတ်ဆန်ရောက်လာပြီးနောက် အသင်းတွင် အပြောင်းအလဲများစွာကို ပြုလုပ်ခဲ့ပြီး လူငယ်ကစားသမားများ၊ ပါရမီရှိသည့် ကစားသမားများကို မိတ်ဆက်ပေးခဲ့ကြောင်း၊ အဓိကပြိုင်ပွဲကြီးများတွင် အတက်အကျ ရှိစမြဲဖြစ်ကြောင်း ဘက်ခမ်းက ထပ်လောင်းပြောကြားခဲ့သည်။
    Goal
    ___________________
    ချန်ပီယံလိဂ်ပွဲမတိုင်မီ ဆဲလ်တစ်ပရိတ်သတ်များ အဖမ်းခံခဲ့ရ
    အမ်စတာဒမ်တွင် ယနေ့နံနက်က ကစားခဲ့သည့် အေဂျက်အသင်းနှင့် ဆဲလ်တစ်အသင်းတို့၏ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ ဆဲလ်တစ်အသင်းပရိတ် သတ်များမှာ ရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆတ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
    အရပ်ဝတ်ရဲတပ်ဖွဲ့ဝင်များအား ဆဲလ်တစ်ပရိတ်သတ်များက ပုလင်းများဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်များနှင့် ပရိတ်သတ်များ ထိပ်တိုက်တွေ့ခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင် ၈-ဦး ဒဏ်ရာရရှိခဲ့ကာ၊ ဆဲလ်တစ်ပရိတ်သတ် ၁၅ ဦးအား ဖမ်းဆီးထိန်းသိမ်းထားသည်ဟု အမ်စတာဒမ်ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။
    လက်မှတ်မပါပါက ကွင်းအတွင်းသို့မ၀င်ရောက်ရန် ပရိတ်သတ်များအား ဆဲလ်တစ်အသင်းက သတိပေးထားသော်လည်း အမ်စတာဒမ်တွင် ပရိတ်သတ် ၁၂၀၀၀ က ကွင်းအတွင်းသို့ဝင်ရောက်ရန် စုရုံးခဲ့ကြသည်။
    ပြီးခဲ့သည့် အင်္ဂါနေ့ညနေကလည်း ဆဲလ်တစ်ပရိတ်သတ်များအား အေဂျက်ပရိတ်သတ်များက တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။
    Goal
    ___________________
    မန်ယူလူငယ်ကစားသမား ဂျာနူဇက်ဂ်ျကို တက်နင်းခဲ့သည့် ရီသာအား FA မှ သုံးပွဲပယ်ပြစ်ဒဏ်ချမှတ်
    စနေနေ့က ကစားခဲ့သော မန်ယူအသင်းနှင့် ဖူလ်ဟမ်အသင်းတို့ပွဲစဉ်တွင် မန်ယူလူငယ်ကစားသမား ဂျာနူဇက်ဂ်ျအား တက်နင်းခဲ့သည့် ဖူလ်ဟမ် ကစားသမားရီသာအား အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က သုံးပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့သည်ဟုသိရသည်။
    ဂျာမန်ကစားသမား ရီသာမှာ ဂျာနူဇက်ဂ်ျ၊ အသင်းဖော်များနှင့် ဖူလ်ဟမ်ပရိတ်သတ်များအား တောင်းပန်ခဲ့သောကြောင့် ဒိုင်လူကြီး လီရော်ဘတ်က ပွဲအစီရင်ခံစာတွင် ထိုအဖြစ်အပျက်အား ထည့်သွင်းရေးသားခဲ့ခြင်းမရှိခဲ့သော်လည်း၊ FA ၏ စည်းမျဉ်းသစ်အရ ဒိုင်လူကြီးဟောင်းသုံးဦးက ပွဲမှတ်တမ်းအား ဗီဒီယိုကို ပြန်လည် ကြည်ရှု့ ခဲ့ပြီးနောက် ထိုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
    ထို့ကြောင့် ရီသာမှာ စည်းမျဉ်းအသစ်အရ ပထမဦးဆုံးအရေးယူခံခဲ့ရသော ကစားသမားဖြစ်လာခဲ့သည်။ ရီသာကလည်း ထိုအရေးယူမှုအားလက်ခံခဲ့ပြီး ယခုအချိန်တွင် လေ့ကျင်ခန်းများကိုကြိုးစားလုပ်နေကြောင်း အသင်းတွင်ပြန်လည်ကစားရသည့်အခါ အကောင်းဆုံးကစားသွားမည်ဟု သူ၏ တွစ်တာ စာမျက်နှာတွင်ရေးသားခဲ့သည်။
    Daily
    ___________________
    အရှ်လေယန်း၏ ဟန်ဆောင်ဒိုက်ထိုးမှုအား မန်ယူအသင်း ဒုတိယအကြိမ် သတိပေး
    ရီးယဲယ်ဆိုစီဒက်နှင့်ပွဲတွင် ဟန်ဆောင်လှဲချခဲ့သည့် မန်ယူအလယ်တန်းကစား သမား အက်ရှ်လေယန်းအား မန်ယူအသင်း နည်ပြဖြစ်သူ ဒေးဗစ်မိုယက်စ်က သတိပေးခဲ့ သည်ဟုသိရသည်။
    အက်ရှ်လေယန်းမှာ ထိုပွဲတွင် ပင်နယ်တီရရှိရန်အတွက် ဟန်ဆောင်လှဲချခဲ့ပြီး၊ မိုယက်စ်က ထိုလုပ်ရပ်အား ပွဲပြီးပြီးချင်း လူသိရှင်ကြား ရှုတ်ချရန်ငြင်းဆိုခဲ့သည်။ သို့သော် လည်း ထိုလုပ်ရပ်များအား နောက်ထပ်မလုပ်ရန် မိုယက်စ်က အက်ရှ်လေယန်းအား သတိပေးခဲ့သည်။
    အသက် ၂၈-နှစ်အရွယ်ရှိပြီဖြစ်သည့် အရှ်လေယန်းမှာ ခရစ္စတယ်ပဲလေ့စ်အသင်းအား ၂-ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သော ပရီးမီးယားလိဂ် ပွဲတွင်လည်း ဟန်ဆောင်လှဲ ချခဲ့ပြီး၊ ဖာဂူဆန်လက်ထက် ၂၀၁၁-၁၂ ဘောလုံးရာသီတွင်လည်း ထိုကဲ့သို့ တစ်ကြိမ်လှဲချခဲ့ဖူးသည်။
    ထိုလုပ်ရပ်နှင့်ပက်သက်၍ ဖာဂူဆန်က သူ၏ အထုပ္ပတ္တိစာအုပ်တွင် ယန်း၏ ထိုလုပ်ရပ်မှာ ၎င်းအနေဖြင့်သည်းမခံနိုင်သောလုပ်ရပ်ဖြစ်သည်ဟု ရေးသားခဲ့သည်။
    Mirror
    ___________________
  • တက္ကသိုလ်ကျောင်းသား မွတ်စလင်မ်တချို့ အဆောင်နေရန် အခက်အခဲဖြစ်
    တက္ကသိုလ်ကျောင်းသား မွတ်စလင်မ်တချို့ အဆောင်နေရန် အခက်အခဲဖြစ်
    နိုဝင်ဘာ ၇၊ ၂၀၁၃
    M-Media
    ထွန်းတောက်
    Ygn Uni
    ရန်ကုန်  ။       ။         ရန်ကုန်မြို့ရှိ တက္ကသိုလ်များတွင် ပညာသင်ယူနေသော နယ်မြို့များမှ မွတ်စလင်မ် ကျောင်းသားအချို့ ယခုနှစ် ကျောင်းပြန်ဖွင့်ချိန်တွင် အဆောင် များမှ လက်မခံသောကြောင့် အဆောင်မရရှိပဲ ကျောင်းတက်ရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။
    ယခင်နှစ် တက္ကသိုလ်ဖွင့်ချိန်တွင် နေထိုင်ခဲ့သော အဆောင်တွင် ဆက်လက်နေထိုင်လိုသော်လည်း မွတ်စလင်မ်ကျောင်းသားဖြစ်နေ၍ ပတ်ဝန်းကျင်မှ ပြဿနာ ဖြစ်လာမည်ကို စိုးရိမ်၍ အဆောင်ပိုင်ရှင်မှ လက်မခံတော့သောကြောင့် အခက်အခဲဖြစ်နေသည်ကို ကျောင်းသားတစ်ဦးမှ ပြောပြလာပါသည်။
    “ကျွန်တော် အမြဲတမ်း ဒီအဆောင်မှာပဲ နေခဲ့တာပါ။ အရင်နှစ်တွေကလည်း ကျောင်းဖွင့်ချိန်နေတယ်။ ကျောင်းပိတ်ရင်ပြန်တယ်။ အခု ဒီအဆောင်မှာ ပြန်လာနေဖို့ ဖုန်းဆက်လိုက်တော့ အဆောင်ရှင်က ကျွန်တော့်ကို လက်မခံတော့ဘူးလို့ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က မွတ်စလင်မ်ဖြစ်နေလို့ မွတ်စလင်မ်ကို ထားရင် တခြားက ပြဿနာရှာတာဖြစ်လာမှာစိုးလို့ လက်မခံရဲတော့လို့ လက်မခံတော့ဘူးလို့ ပြောတယ်။ ကျွန်တော်လည်း တခြားအဆောင်တွေ ပတ်ရှာနေရတုန်းပါ အခုထိတော့ အဆောင်မရသေးပါဘူး။”ဟု ပြောပါသည်။
    ယခုကဲ့သို့သော အခြေအနေသည် ရန်ကုန်မြို့ရှိ အဆောင်များတွင်သာမက အချို့ တက္ကသိုလ်၊ ကောလိပ်နှင့်  ကျောင်းများရှိသည့် မြို့အများစုတွင်လည်း ဖြစ်နေသည် ဟုလည်း သိရပါသည်။
    ဓါတ်ပုံအညွှန်း >>  ရန်ကုန်တက္ကသိုလ် (google မှ ရယူထားပါသည်)
  • “ လောင်မြိုက်နေဆဲ၊ ရခိုင် ” (ဆောင်းပါး- စည်သူအောင်မြင့်)
    မြန်မာတိုင်းမ် ဂျာနယ်၊ ၇-၁၁-၁၃။ စာ- ၁၀။
    ရေးသူ-စည်သူအောင်မြင့် FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
    Photo- Zin Linn/asiancorrespondent.com
    Photo- Zin Linn/asiancorrespondent.com
    အခုရက်ပိုင်း ထွက်ပေါ်လာတဲ့ ရခိုင်ပြည်နယ်နဲ့ ပါတ်သက်တဲ့ သတင်းတွေက စိတ်မချမ်းမြေ့စရာပါ။ ပေါက်တောဘက်မှာ ပဋိပက္ခတွေဖြစ်ပြီး နှစ်ဖက် လူအသေအပျောက်တွေ ရှိခဲ့ပါတယ်။ ပေါက်တော ပဋိပက္ခအတွင်း ဒါဏ်ရာရလူနာတွေကို စစ်တွေဆေးရုံကို အမြန်သွားပို့တာနဲ့ ပါတ်သက်ပြီး မကျေနပ်လို့ ရခိုင်တိုင်းရင်းသားတွေ ဆန္ဒပြပါတယ်။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က ရခိုင်ပြည်နယ်ထဲက အင်န်ဂျီအိုတွေ၊ အိုင်အင်န်ဂျီအိုတွေကို ဖြစ်ပွားခဲ့တာတွေနဲ့ ပါတ်သက်ပြီး ခေါ်ယူသတိပေးပါတယ်။ တစ်ပြိုင်နက်တည်း နိုဝင်ဘာ ၄ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရသေ့တောင် အမတ် ဒေါ်ခင်စောဝေက ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ ပါတ်သက်ပြီး အဆိုတစ်ခု တင်ပါတယ်။ အဆိုကို နယ်စပ်ရေးရာ ဒုဝန်ကြီးက ပြန်ဖြေရှင်းပေးပြီးနောက် လွှတ်တော်က မှတ်တမ်းတင်ရုံ တင်ပါတယ်။ ဒါကို နောက်ကျပြီးမှ ထ ကန့်ကွက်တဲ့ ဘူးသီးတောင် အမတ် ဦးရွှေမောင်ကို လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက လုပ်ထုံးလုပ်နည်း မမှန်လို့ဆိုပြီး မှတ်တမ်းတင် သတိပေးပါတယ်။ အားလုံး စိတ်မချမ်းမြေ့စရာတွေ ချည်းပါပဲ။ လက်ရှိ ရခိုင်မှာ ဘာတွေဖြစ်ခဲ့သလဲ၊ လွှတ်တော်ထဲမှာ ဘာတွေ ပြောဆိုနေကြသလဲ၊ ဒီ ပြသနာ ဘယ်လို ဖြေရှင်းရင်ကောင်းမလဲဆိုတာ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
    ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်က ဒီလိုပါ။ အစိုးရပိုင် သတင်းစာ နဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေ ဖော်ပြချက်အရ နိုဝင်ဘာ ၂ ရက်နေ့ နေ့ခင်း ၂ နာရီခွဲလောက်မှာ ပေါက်တော ဆင်တက်မော် တောင်ကြားမှာ အမျိုးသား အလောင်းတစ်လောင်း တွေ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ဒုက္ခသည် စခန်းကနေ တောင်ပေါ်တက် ၀ါးခုတ်ရင်းနဲ့ ပျောက်ဆုံးနေတယ်လို့ဆိုတဲ့ ဘင်္ဂလီ (၆) ယောက်ထဲက တစ်ယောက်ရဲ့ အလောင်းပဲ လို့ ဆိုပါတယ်။ အဲဒီအလောင်း တွေ့တာကနေ အစပြုပြီး ဆင်တက်မော် ကျေးရွာနဲ့ ဆင်တက်မော် (အထက်) ကျေးရွာကြားမှာ လူစုလူဝေး ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ ဘင်္ဂလီတွေ ဖြစ်ပါတယ်။ ဒီ လူစုလူဝေးကို လူစုခွဲဖို့ လုံခြုံရေးတပ်ဖွဲ့က ညွှန်ကြားတာ မလိုက်နာလို့ ဆိုပြီး ပစ်ခတ် လူစုခွဲတယ်လို့ ဆိုပါတယ်။ လုံခြုံရေးတွေရဲ့ ပစ်ခတ် လူစုခွဲမှုကြောင့် ဘင်္ဂလီ (၁) ယောက် နေရာတင် သေဆုံးပြီး ဒါဏ်ရာရသူ သုံးယောက်ကို အိုင်အင်န်ဂျီအို အဖွဲ့ တစ်ဖွဲ့က စပိဘုတ်နဲ့ စစ်တွေ ဆေးရုံ အမြန် ပို့ပေးတယ်လို့ ဆိုပါတယ်။ နောက်ပိုင်း အဲဒီ သုံးယောက်ထဲက တစ်ယောက် ထပ်ပြီး သေဆုံးပါတယ်။
    ညနေ ၃ နာရီ မိနစ် ၅၀ လောက်မှာ အဲဒီ ပဋိပက္ခ ဖြစ်ရာကနေ ရောက်လာတဲ့ လူ(၃) ယောက်က မြစ်ကမ်းစပ်မှာ ဂုံးရှာပြီး ပြန်လာတဲ့ ရခိုင်အမျိုးသမီး (၅) ယောက်ကို ၀င်ရောက် တိုက်ခိုက်တယ်လို့ ဆိုပါတယ်။ အဲဒီမှာ အမျိုးသမီး တစ်ယောက် သေဆုံးပြီး တစ်ယောက် ဆေးရုံ ရောက်ပါတယ်။
    အားလုံးစုပေါင်းလိုက်ရင် ဖြစ်စဉ်တွေအတွင်း သေဆုံးသူ ဘင်္ဂလီ (၃) ယောက်၊ ရခိုင်အမျိုးသမီး တစ်ယောက်၊ ဒါဏ်ရာရသူ ဘင်္ဂလီ (၂)ယောက် ရခိုင်အမျိုးသမီး တစ်ယောက် ဖြစ်ပါတယ်။ သေဆုံးဒါဏ်ရာရ စာရင်းကလွဲပြီး နှစ်ဖက်ဖြစ်စဉ် အသေးစိတ်ကို နှစ်ဖက်စလုံးကနေ အတည်ပြုချက်တွေတော့ မရနိုင်ပါဘူး။ ဒါပေမယ့် အချိန်နဲ့ အခြေအနေကို ကြည့်ရင် ဖြစ်စဉ်ကို အကြမ်းဖျင်း သုံးသပ်နိုင်ပါတယ်။
    ပဋိပက္ခဟာ ဒီမှာတင် ပြီးမသွားပါဘူး။ ဒါဏ်ရာရတဲ့ ဘင်္ဂလီတွေကို စစ်တွေဆေးရုံ စပိဘုတ်နဲ့ ခေါ်သွားပြီး လက်မောင်းဒါဏ်ရာရတဲ့ ရခိုင်အမျိုးသမီးကို ခေါ်မသွားဘူး ဆိုတဲ့အတွက် ကူညီတဲ့ အိုင်အင်န်ဂျီအို အဖွဲ့ကို ရခိုင်ဒေသခံတွေက ကန့်ကွက်ကြပါတယ်။ နောက်ပိုင်း စစ်တွေဒေသခံတွေက အင်န်ဂျီအိုတွေ၊ အိုင်အင်န်ဂျီအိုတွေ အားလုံး ထွက်သွားကြဖို့ အထိ ဆိုင်းဘုတ်ထောင် တောင်းဆိုတာ ရှိခဲ့ပါတယ်။
    အလားတူ နိုဝင်ဘာ ၄ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရသေ့တောင် အမတ် ဒေါ်ခင်စောဝေက ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ ပါတ်သက်ပြီး အဆိုတစ်ခု တင်ပါတယ်။ ရခိုင်ပြည်နယ် နယ်စပ် တစ်ဖက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲမှာ အင်အား သိန်းဂဏန်းလောက်ရှိတဲ့ ဒုက္ခသည် အမည်ခံနေရာတွေမှာ အလုပ်လက်မဲ့ လူလတ်ပိုင်းအရွယ်တွေကို ရခိုင်ပြည်နယ်ကို တိုက်ခိုက်ဖို့ အင်အားစု တစ်ရပ်အဖြစ် အစွန်းရောက် အဖွဲ့တွေက အလုံးအရင်းနဲ့ ကူညီထောက်ပံ့မှုပြုလုပ် သိမ်းသွင်းပြီး သင်တန်းတွေ ဖွင့်လှစ် လေ့ကျင့်ပေးနေတယ်ဆိုတာကို သိရတဲ့အကြောင်း ပြောပါတယ်။ ( ဒါပေမယ့် ဒီအချက်အလက် ဘယ်က သိရတယ် ဆိုတာကိုတော့ ပြောဆို မသွားပါဘူး။ ) နောက် နှစ်ဖက် နိုင်ငံ အခြေအနေအရလည်း လုံခြုံရေး လျော့ရဲနေတဲ့ အခြေအနေ ဖြစ်နေတာကြောင့် “ရခိုင်ပြည်နယ်၏ အမျိုးသားအကျိုးစီးပွားကို ရှေးရှုပြီး ဘူးသီးတောင်၊ မောင်တော ဒေသတွင် ဘက်စုံထောင့်စုံမှ ထိရောက်သော ပေါင်းစပ်ညှိနှိုင်းထားသည့် လုံခြုံရေး၊ လူဝင်မှု ကြီးကြပ်ရေး၊ အုပ်ချုပ်ရေး အစီအမံများကို ယခင်ကထက် သာလွန်ကောင်းမွန်သည့် အစီအမံများဖြင့် အမြန်ဆုံးချမှတ် စတင်အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း ” အဆို တင်ပါတယ်။
    ဒီ အဆိုတင်တာနဲ့ ပါတ်သက်ပြီး ဘူးသီးတောင် အမတ် ဦးရွှေမောင်က ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ နည်းဥပဒေ တွေကို ကိုးကားပြီး “ ပြည်နယ်တစ်ခုအတွင်းမှာ လူမျိုးစုတစ်ခုကို နှိမ်ပြီး ခွဲခြားဆက်ဆံပြီး ထိုသို့ ဖိနှိပ်အုပ်ချုပ်စေလိုသော သဘောပါတဲ့ အဆိုတစ်ခုဟာ အမျိုးသား အကျိုးစီးပွားကို ရှေးရှုတဲ့ အဆိုတစ်ခု မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် မဆီလျော်သော အကြောင်းပြချက်များ၊ ခိုင်လုံသော အထောက်အထား မပါရှိတဲ့ ယူဆချက်များ၊ ဥပမာ အနောက်တံခါး ကျိုးနေပါတယ် ဆိုတာကို ခဏခဏ တင်ပြခြင်း၊ မီဒီယာတွင် ပြောခြင်း၊ အဆိုရှင်ဇ။် ပါတီမှ ထုတ်ဝေသော စာစောင်တွင် ရေးသားဖော်ပြခြင်း စတာတွေဟာ မသင့်တော်ပါကြောင်း၊ လူတစ်စု လူမျိုးစု တစ်စုရဲ့ အကျိုးကို ရှေးရှုပြီး တင်ပြချက်တွေဟာ ရခိုင်ပြည်နယ်ဇ။် အကျိုးစီးပွား၊ နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးစီးပွားကို မဖြစ်စေနိုင်ပါ” ဆိုပြီး ပြန်လည် တင်ပြ ကန့်ကွက်ခဲ့ပါတယ်။ ဒါပေမယ့် ဦးရွှေမောင်ရဲ့ တင်ပြချက်ဟာ လွှတ်တော်ဆိုင်ရာ လုပ်ထုံးလုပ်နည်း မမှန်တဲ့အတွက် ဥက္ကဌ သူရ ဦးရွှေမန်းက မှတ်တမ်းတင် သတိပေးတာ ခံရပါတယ်။
    ဒီအချက်အလက်တွေကိုကြည့်ရင် ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေထဲမှာရော ဘင်္ဂလီတွေထဲမှာပါ အမုန်းတရားတွေ၊ ဒေါသမီးတောက် မီးလျှံတွေ တောက်လောင်နေတာ ထင်ထင်ရှားရှားကြီး မြင်နေရပါတယ်။ ဒီနည်းနဲ့ ရခိုင်ပြည်နယ်ကို အေးချမ်းတဲ့ စည်ပင်သာယာ ၀ ပြောပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်နယ် တစ်ခုအဖြစ် တည်ဆောက်လို့ ရနိုင်ပါ့မလား ဆိုတာ စဉ်းစားသုံးသပ်ကြဖို့ လိုပါတယ်။
    ဒီနေရာမှာ အကြိမ်ကြိမ် အထပ်ထပ် ပြောဆိုခဲ့ပြီးဖြစ်သလို ရခိုင်ပြည်နယ်က ဘင်္ဂလီတွေ ပြသနာဟာ ရခိုင်တိုင်းရင်းသားတွေ ဖန်တီးထားတာ မဟုတ်ပါဘူး။ အရာရာ လက်နက်နဲ့ ဖိနှိပ်ခံထားရတဲ့ စစ်တပ်ရဲ့ အုပ်ချုပ်မှု ခေတ်အဆက်ဆက်မှာ ရခိုင်တိုင်းရင်းသားတွေ ဘာမှ တတ်နိုင်ခဲ့တာ မဟုတ်ပါဘူး။ အခု ပြောပြောနေကြသလို မြန်မာနိုင်ငံသား မဟုတ်တဲ့ ဘယ်နိုင်ငံသားတွေလည်း ဆိုတာ အတည်မပြုနိုင်တဲ့ ဘင်္ဂလီတွေ မမှန်မကန်နည်းနဲ့ အမြောက်အများ ၀င်ရောက်လာခဲ့တယ် ဆိုရင် ဒီလို ဖြစ်လာတဲ့ကိစ္စ အရင် စစ်အစိုးရ အဆက်ဆက် တာဝန်ရှိသူတွေကပဲ လုံးလုံး တာဝန်ယူရမယ် ဖြစ်ပါတယ်။ လက်ရှိ အစိုးရနဲ့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေကတော့ အခု ဖြစ်ပေါ်နေတဲ့ အခြေအနေကနေ အကောင်းဆုံး ဖြစ်အောင် ကြိုးစားရပါမယ်။
    ရခိုင်တိုင်းရင်းသားတွေ ဘင်္ဂလီတွေကို ဘာဖြစ်စေချင်ပါသလဲ။ ဘယ်လို ဖြစ်ချင်တဲ့ ဆန္ဒဖြစ်ပါစေ၊ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲ ဥပဒေ နဲ့ နိုင်ငံတစ်နိုင်ငံက စောင့်ထိန်းရမယ့် အခြေခံ ကျင့်ဝတ်တွေအောက်ကနေပဲ အကောင်အထည် ဖော်ရပါမယ်။ ဘင်္ဂလီတွေကို မြန်မာ့မြေ၊ ရခိုင်မြေ ပေါ်ကနေ အပြီးအတိုင် ဖယ်ရှားချင်နေသလား၊ အဲလို လုပ်ဖို့ အခြေခံဥပဒေ၊ တည်ဆဲဥပဒေ၊ နိုင်ငံတွေ စောင့်ထိန်းရမယ့် ကျင့်ဝတ် အရ ဖြစ်နိုင်မလား စဉ်းစားချင့်ချိန်ရပါမယ်။ မဖြစ်နိုင်ရင် ဘယ်ပုံစံနဲ့ သူတို့ကို ထားမလဲ။ အခုကာလမှာရော နောင်အနာဂတ် ကာလမှာပါ ရခိုင်တိုင်းရင်းသားတွေနဲ့ မြန်မာနိုင်ငံသားတွေရဲ့ ရန်သူတွေဖြစ်လာအောင် တွန်းပို့မှာလား။ သူတို့ရဲ့ပညာသင်ကြားခွင့် အပါအ၀င် လူ့အခွင့်အရေးတွေ အားလုံး ရုပ်သိမ်းပြီး အသိဥာဏ်နည်းတဲ့ လူသားတွေ၊ အကြမ်းဖက်သမားတွေ ဖြစ်လာအောင် ဖန်တီးပေးမှာလား။ အသေအခြာ စဉ်းစားဖို့ လိုပါပြီ။ အထူးသဖြင့် ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေ ဖြစ်ပါတယ်။
    ဘင်္ဂလီတွေကို ဘယ်လို ပြုမူရင် ရခိုင်တိုင်းရင်းသားတွေ လုံခြုံမှုရှိရှိ နေထိုင်နိုင်မလဲ၊ ဘင်္ဂလီတွေကို ဘယ်လို သဘောထားရင် ရခိုင်တိုင်းရင်းသားတွေနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာမလဲ လေးလေးနက်နက် စဉ်းစားနိုင်မှသာ လောင်မြိုက်နေတဲ့ အခြေအနေကနေ ရုန်းထွက်ကျော်လွှားနိုင်ကြမယ် ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
    စည်သူအောင်မြင့်
    Link=>https://www.facebook.com/sithu.aungmyint/posts/217972188385589
  • ကမ္ဘာ့ ပထမဆုံး မြေအောက် ဗလီဝတ်ကျောင်းတော်
    နိုဝင်ဘာ- ၇ ၂၀၁၃
    M-Media
    Worlds First Underground Mosque
    အစ္စတန်ဘူးလ် (ISTANBUL)။    ။ တူရကီနိုင်ငံ အစ္စတန်ဘူးလ်မြို့တော်အတွင်းရှိ  (Buyukçekmece) ဘူယူးက် ချဲက်မယ်ဂျယ်  မြို့နယ်တွင် ပထမဆုံး မြေအောက် ဗလီဝတ် ကျောင်းတော်ကို တည်ဆောက်ထားပြီဖြစ်သည်။ ၄င်းဗလီကျောင်းတော်သည်  ကမ္ဘာ့သာသနိကအဆောက်အဦ ဗိသုကာပြိုင်ပွဲကြီး (World Architecture Fest Competition) ၌ ပထမဆုကို ဆွတ်ခူးရရှိခဲ့သည် ဟု သိရသည်။
    “ ဗလီကျောင်းတော်များဟာ စိတ်တည်ငြိမ်အောင်ပြုကျင့်ရာနေရာ နဲ့ ၀တ်ပြုရာနေရာများ ဖြစ်တယ် ။ ကအ်ဗဟ် ၀တ်ကျောင်းတော်ကြီးရဲ့ အခက်အလက်များလည်း ဖြစ်ပါတယ် ” ဟု ဗုယူးခ်စက်မိစ်၏ မူဖ်သီ မဟ်မဒ် နာရင်း (Mehmet Narin) က နိုဝင်ဘာလ ၄ ရက် တနင်္လာနေ့က World Bulletin သို့ ပြောကြားခဲ့သည်။
    အစ္စလာမ့်ရနံ့များ နှင့် တူရကီလူမျိုးတို့၏ ဗိသုကာ လက်ရာကို ခေတ်မီနည်း စံနစ်များဖြင့် ပေါင်းစည်းထားသော – ဆန်းဂျက်လား (Sancaklar ) ဗလီကျောင်းတော်သည် တမန်တော်မြတ် မုဟမ္မဒ် (ငြိမ်းချမ်းခြင်းနှင့်မင်္ဂလာအပေါင်း သက်ရောက်ပါစေ)၏ ပထမဆုံးဗျာဒိတ်တရားလက်ခံရရှိရာ ဟီရာ (Hira) လိုဏ်ဂူ အတွေးအမြင်အပေါ် အခြေခံထားသည်။
    ဗလီဝတ်ကျောင်းတော်အား တူရကီ ဗိသုကာပညာရှင် အမ်ရီ အာရိုလတ် (Emre Arolat) က မြေပြင်အောက် ၇ မီတာတွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဗလီဝတ်ကျောင်းတော်မှာ မြေအောက် ၁၂၀၀ မီတာပတ်လည်ပေါ်တည်ရှိပြီး လမ်းကြောင်းငယ်များ နှင့် နေရောင်ခြည်ဝင်ထွက်နိုင်မှုများဖြင့်အလင်းပေးကာ ဆိတ်ငြိမ်ရာဒေသလေးအဖြစ် ဖန်တီးထားသည်။
    အခြားအဆင့်မြင့် ဗလီဝတ်ကျောင်းတော်ဒီဇိုင်းများနှင့်ကွဲပြားစွာ ဆန်ကက်လာ ဗလီကျောင်းတော်၏ ၀တ်ပြု ခန်းမအား မြေအောက်ကျောက်ဂူ သဏ္ဍာန် ပုံဖော်ထားသောကြောင့် စိတ်နှလုံးအေးချမ်းမှုကို အပြည့်အ၀ရရှိစေသည်။
    “ လက်ရှိ ဗိသုကာ ပုံသဏ္ဍာန်များနဲ့ လုံးဝကွဲပြားပြီး ဘာသာရေး နယ်ပယ်ထဲက အနံ့အသက်ကို ရရှိစေဖို့ အဓိက ရည်ရွယ်ဆောက်လုပ်ထားတာဖြစ်တယ် ” ဟု ဗိသုကာပညာရှင်များက သူတို့၏ဒီဇိုင်းနှင့်ပတ်သက်၍ု အတိုချုံးတင်ပြထား၏။
      ဖြည့်ဆည်းချက် ------------------- ထိုဗလီကျောင်းတော်သည် ထိုမြို့နယ်အတွင်း ဗလီဝတ်ကျောင်းတော်နေရာ လိုအပ်မှုကို ရှောင်လွှဲရန်အလို့ငှာ တစ်ချိန် တည်း၌ လူအယောက် ၆၅၀ ကျော် ၀တ်ပြုနိုင်အောင် ဖြည့်ဆည်းပေးမည်ဖြစ်သည်။ “ (Karaağaç ) ခါရား အားခ်ျ  မြို့နယ်ဝန်းကျင်မှာ ဗလီဝတ်ကျောင်းတော်တွေ အလုံအလောက် မရှိဘူး၊ ဒါကြောင့် ဒီဗလီကျောင်းတော်ဖြစ်တည်လာဖို့ အလွန်ကို လိုအပ်နေတယ်။ ဒီမြို့နယ်ထဲမှာ လူနေ အိမ်တွေသာပြည့်နှက်နေတယ် ဗလီကျောင်းတော်တော့ မရှိခဲ့ဘူးလေ ” ဟု မုဖ်သီ နာရင်းက ထည့်သွင်းပြောကြားခဲ့သည်။ ကမ္ဘာ့ပထမဆုံး မြေအောက် ဗလီကျောင်းတော်ဖြစ်သည့် အတွက် ဆန်ကက်လာ ဗလီတွင် ၀တ်ပြုရေး ဖိတ်ခေါ်မျှော်စင်(မီနာရာ) သော်လည်းကောင်း၊ ဆန်းစလ သင်္ကေတသော် လည်းကောင်း မပါရှိပေ။ တူရကီနိုင်ငံ လူဦးရေ ၉၉ ရာခိုင်နှုန်း နီးပါးသည် မွတ်စ်လင်မ်များဖြစ်ပြီး၊ အများစုမှာ စွန္နီ(Sunni) များ ဖြစ်ကြသည်။ တူရကီနိုင်ငံ၌ ဗလီကျောင်းတော် ထောင်ချီရှိပြီး၊ ၄င်းတို့အနက် အတွင်းပိုင်းနံရံများကို အပြာရောင်ကြွေပြားများဖြင့် တန်ဆာဆင်ထားသည့် (Blue Mosque) ကျောင်းတော်မှာ အထင်ရှားဆုံးဖြစ်သည်။ ၂၀၁၂ ခုနှစ်၊ မေလက ကမ္ဘာ့ ပထမဆုံး ရေအောက် ဗလီကျောင်းတော်ကို ဆော်ဒီအာရေဗျ အနောက်မြောက်ပိုင်း သဗူးက်(Tabuk) မြို့၌ တည်ဆောက်ခဲ့ကြောင်း သိရသည်။ Ref: OnIslam & News Agencies   ————————————————- ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။ စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။ ဆက်သွယ်ရန် [email protected]
  • ဆင်းရဲမွဲတေခြင်းက ခွဲခြားဆက်ဆံမှုနှင် ဆက်စပ်နေသည်ဟု လူမျိုးခွဲခြားရေးဝါဒ လေ့လာရေး ကျွမ်းကျင်သူ ကုလ အထူးကိုယ်စားလှယ်ပြောကြား
    နိုဝင်ဘာ- ၇ ၂၀၁၃
    M-Media
    A Chin family in Tonzang Township
    ဓါတ်ပုံအညွန်း- ချင်းပြည်နယ် တွန်းဇံမြို့နယ်မှ ချင်းလူမျိုး မိသားစု တစ်စု (Photo: CHRO/Benny)
    ဆင်းရဲမွဲတေမှုက ကမ္ဘာ့တစ်ဝှမ်းရှိ လူနည်းစုများကို မည်မျှရိုက်ခတ်စေပြီး၊ ခွဲခြားဆက်ဆံခြင်းနှင့်၊ လူမျိုးကြီးဝါဒများနှင့် မည်မျှ ဆက်နွယ်နေသည်ကို မီးမောင်းထိုးပြထားသော ကုလသမဂ္ဂ၏ အစီအရင်ခံစာအသစ်တစ်ခုမှာ ပြီးခဲ့သည့်လက ထွက်ပေါ်လာခဲ့သည်။
    ထိုအစီရင်ခံစာအား ခေတ်အဆက်ဆက် လူမျိုးကြီးဝါဒဖြစ်ပေါ်လာမှုကို အထူးပြုလေ့လာသည့် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မူတူမာ ရူတီရီက ကုလသမဂ္ဂ အထွေထွေညီလာခံသို့ အောက်တိုဘာလ ၆ ရက်နေ့တွင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး ထိုအစီရင်ခံစာတွင် “လူမျိုးရေး၊ ဘာသာရေး၊ ဘာသာစကားနှင့် စီပွားရေးဆိုင်ရာများကို အခြေခံသော ခွဲခြားဆက်ဆံမှုများမှာ အားနည်ချက်၊ ပျော့ကွက်များအား ဆွပေးသကဲ့သို့ ဖြစ်စေသည်။ ထိုကဲ့သို့ အားနည်းချက်များရှိနေသော လူအဖွဲ့အစည်းများသည် (နိုင်ငံရှိ) အဓိကကျသည့် ဆောင်ရွက်ချက်များတွင် ပူးပေါင်းဆောင်ရွက်ခွင့်မရရှိခြင်းမှာ သမိုင်းတွင်သည့်ရလဒ်များ ဖြစ်ပေါ်လာစေသည်” ဟု ရေးသားဖော်ပြထားသည်။ ထို့ပြင် စီပွားရေးဆင်းရဲမွဲတေမှု၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အစာရေစာများမပြည့်စုံမှုတို့ကလည်း ထိုကဲ့သို့သော ရလဒ်များကို ဖြစ်ပွားစေနိုင်သည်ဟု ထိုအစီရင်ခံစာတွင် ထည့်သွင်းရေးသားထားသည်။
    ၂၀၁၁ ခုနှစ် ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်၏ ဆင်းရေးမွဲတေမှု အစီရင်ခံစာအရ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အောက်တွင် နေထိုင်နေရပြီး ချင်းပြည်နယ်မှာ တိုင်းနှင့်ပြည်နယ် ၁၄ ခုတွင် အဆင်းရဲဆုံးပြည်နယ်အဖြစ်ရှိနေသည်ဟု ဖော်ပြထားသည်။
    ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO) ၏ ဥပဒေအကြံပေးဒါရိုက်တာဖြစ်သူ ရေချယ်ဖလီမင်းက ချင်းလူမျိုးများနှင့်ပက်သက်ပြီး နားလည်မှု လွဲမှားခြင်းများ၊ တင်ကူးမှန်ဆမှုများ အများအပြားရှိနေကြောင်း၊ ချင်းလူမျိုးများမှာ လွန်စွာဆင်းရဲ မွဲတေမှုအား ရင်ဆိုင်နေရသည်ကို လူအများက သိရှိနေကြောင်း၊ သို့သော်လည်း အဆိုပါဆင်းရဲမွဲတေမှုမှာ အဘယ်ကြောင့်ဖြစ်ရခြင်းနှင့် ဆင်းရဲမွဲတေမှု၏ အရင်းအမြစ်မှာ မည်သည့်အရာဖြစ်သည်ကို မစဉ်းစားကြောင်း  Chinland Guardian နှင့် အင်တာဗျူးတွင် ပြောဆိုသွားခဲ့သည်။
    ထို့ပြင် မစ္စတာ ရူတီရီ၏ အစီရင်ခံစာနှင့်ပက်သက်၍ “ရူတီရီရဲ့အစီရင်ခံစာဟာ ချင်းလူမျိုးတွေရဲ့ အခြေအနေနဲ့ ဆက်စပ်နေပါတယ်။ လူမျိုးရေးနဲ့ ဘာသာရေးကို အခြေခံပြီး အစိုးရကပြုလုပ်တဲ့ ခွဲခြားဆက်ဆံမှုဒဏ်တွေကို ချင်းလူမျိုးတွေ ခံနေရပါတယ်။ ချင်းလူမျိုးတွေရဲ့ ဆင်းရဲမွဲတေမှုကို တိုက်ရိုက် သက်ရောက်မှုရှိတဲ့ အတင်းအဓမ္မခိုင်းစေမှုတွေ၊ မြေယာများသိမ်းဆည်းမှုတွေလို လူ့အခွင်အရေးချိုးဖောက်မှုတွေဟာ ချင်းလူမျိုးတွေ ဆယ်စုနှစ်များစွာကြာ ခံစားနေရတဲ့ ခွဲခြားဆက်ဆံမှုတွေထဲက တစ်ခုပါပဲ။ အဲဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ချင်းလူမျိုးတွေရဲ့ အဓိကအစားအစာ ထုတ်လုပ်ရာ လယ်ယာမြေတွေကို ထွန်ယက်လုပ်ကိုင်ဖို့ လိုအပ်ချက်တွေကို တိုက်ရိုက်အကျိုးသက်ရောက်မှုရှိနေပါတယ်။ အခြား အကျိုးသက်ရောက်မှုတွေကတော့ ချင်းလူမျိုးတွေရဲ့ အခြေံလိုအပ်ချက်တွေဖြစ်တဲ့ လုံလောက်သောကျန်းမာရေးစောင့်ရှောက်မှု၊ ရေကောင်းရေသန့်၊ လျှပ်စစ်ဓာတ်အား၊ စာသင်ကျောင်းများနဲ့ လမ်းပန်းဆက်သွယ်ရေးတွေမှာ အစိုးရရဲ့ လစ်လျူရှုခံထားရတာမျိုးပါ” ဟု ရေချယ်က ထပ်လောင်းပြောကြားခဲ့သည်။
    ကုလသမဂ္ဂ၏ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်စ်ကင်တားနား၏ ကုလသမဂ္ဂအထွေထွေညီလာခံသို့ ပေးပို့ခဲ့သည့် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေနှင့် ပက်သက်သည့် အစီရင်ခံစာတွင် ဖွံ့ဖြိုးတိုးတက်မှုမရှိသည့် ချင်းပြည်နယ်၏ အခြေအနေကို အသားပေးဖေါ်ပြခဲ့သည်။ ထိုအစီရင်ခံစာတွင် ချင်းပြည်နယ်ရှိ ခရစ်ယာန်ဘာသာဝင်များအား စနစ်တကျပြုလုပ်နေသည့် ခွဲခြားမှုများကို အစိုးရအနေဖြင့် တိတိကျကျကိုင်တွယ်ဖြေရှင်းရန်တိုက်တွန်းခဲ့ပြီး၊ ထိုကိစ္စနှင့်ပက်သက်၍ ပြည်နယ်အစိုးရ၏ လစ်လျူရှုမှုများကိုလည်း ဖော်ပြခဲ့သည်။
    Ref:chinlandguardian