News @ M-Media

Blog

  • မြန်မာနိုင်ငံကိုလာကြည့်ချင်သည့် ကုလကိုယ်စားလှယ်ကို စစ်ကောင်စီက ဝင်ခွင့်မပြု

    မြန်မာနိုင်ငံကိုလာကြည့်ချင်သည့် ကုလကိုယ်စားလှယ်ကို စစ်ကောင်စီက ဝင်ခွင့်မပြု

    ဧပြီ ၁၀၊ ၂၀၂၁
    M-Media

    -မြန်မာ့အရေး ကူညီဖြေရှင်းပေးဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ခရစ္စတင်း ရှာရ်နာ ဘာဂီနာဟာ မနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်လာပါတယ်။

    မြန်မာနိုင်ငံကို လာရောက်ဖို့ စစ်ကောင်စီကို ဆက်သွယ်ခဲ့ပေမယ့် လက်မခံခဲ့ဘူးလို့ ဘာဂီနာက Twitter မှာ ရေးသားခဲ့ပါတယ်။

    “ဆွေးနွေးဖို့အတွက် ဘန်ကောက်ကို အခုပဲ ရောက်ပါတယ်။ ကျွန်မကို လက်ခံတွေ့ဆုံဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ တပ်မတော်က အကြောင်းပြန်တဲ့အတွက် စိတ်မကောင်း ဖြစ်ရပါတယ်။ ဆွေးနွေးညှိနှိုင်းဖို့အတွက် ကျွန်မ အသင့်ဖြစ်နေပါပြီ။ ငြိမ်းချမ်းရေးအတွက် ရေရှည်တည်တံ့တဲ့အဖြေကို အကြမ်းဖက်မှုနဲ့ ဘယ်တော့မှ မရပါဘူး”

    ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဘာဂီနာဟာ ကာကွယ်ဆေး ၂ ကြိမ် ထိုးထားသူဖြစ်တဲ့အတွက် ၇ ရက် ကွာရန်တင်းဝင်ရမှာ ဖြစ်ပြီး အဲဒီနောက်မှာ ထိုင်းအစိုးရ ဒုတိယဝန်ကြီးချုပ်၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ တွေဆုံဆွေးနွေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    မြန်မာနိုင်ငံက အခြေအနေအတွက် အလွန်အမင်း စိုးရိမ်မိတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဘာဂီနာဟာ အရှေ့တောင်အာရှက အခြားနိုင်ငံတွေနဲ့လည်း မြန်မာ့အရေး ဆွေးနွေးဖို့ ရှိနေပါတယ်။

    Ref : AFP

  • နေစွမ်းအင်သုံး ဓာတ်အားပေးစီမံကိန်း ၇ ခုကို ဆော်ဒီ ဖော်ဆောင်မည်

    နေစွမ်းအင်သုံး ဓာတ်အားပေးစီမံကိန်း ၇ ခုကို ဆော်ဒီ ဖော်ဆောင်မည်

    ဧပြီ ၉၊ ၂၀၂၁
    M-Media

    -နိုင်ငံတစ်ဝှမ်း နေစွမ်းအင်သုံး ဓာတ်အားပေးစနစ် စီမံကိန်း ၇ ခုကို ဖော်ဆောင်တော့မယ်လို့ ဆော်ဒီအာရေဗျနိုင်ငံက ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။

    နိုင်ငံအနောက်မြောက်ပိုင်းက Sakaka ဆိုလာစီမံကိန်း ဖွင့်ပွဲမှာ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က စီမံကိန်းသစ်တွေကို ထပ်ကြေငြာလိုက်တာပါ။ ဒါဟာ ၂၀၃၀ ရည်မှန်းချက်မှာ ပါဝင်တဲ့ ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်း တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့တစ်တပ်မှာပဲ ဆော်ဒီဟာ စိမ်းလန်းစိုးပြေရေး စီမံကိန်းကြီးနှစ်ခုဖြစ်တဲ့ Green Initiative နဲ့ Middle East Green Initiative တို့ကို ကြေငြာခဲ့ပါသေးတယ်။

    “ရေရှည်တည်တံ့တဲ့ စွမ်းအင်စျေးကွက်မှာ လမ်းသစ်ဖောက်ပြီး လျှောက်လှမ်းနေတဲ့ ကျွန်တော်တို့ဟာ ပြည့်​ဖြိုးမြဲ စွမ်းအင်ကဏ္ဍမှာ ဦးဆောင်သူဖြစ်လာရေး ဆက်လက်ကြိုးစားသွားမှာပါ” လို့ Sakaka စီမံကိန်း ဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာတဲ့ မင်းသား ဘင် ဆလ်မန်က ပြောကြားခဲ့ပါတယ်။

    Sakaka စီမံကိန်းဟာ ဖြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုရေး ဆော်ဒီရဲ့ ပထမခြေလှမ်း ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ Sakaka စီမံကိန်းနဲ့ သိပ်မဝေးတဲ့ ​နေရာမှာ Dumat Al-Jandal လေစွမ်းအင်သုံး ဓာတ်အားပေးစီမံကိန်းကိုလည်း ဆော်ဒီက ဖော်ဆောင်နေပါတယ်။

    Sakaka ကနေ ဓာတ်အား မီဂါဝပ် ၃၀၀ ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။​ နောက်ထပ် နေစွမ်းအင်သုံး ဓာတ်အားပေး စီမံကိန်း ၇ ခုကနေ စုစုပေါင်း ဓာတ်အား မီဂါဝပ် ၃၆၀၀ လောက် ထုတ်ပေးနိုင်ဖို့ ရည်မှန်းထားပြီး ဒီပမာဏဟာ နေအိမ် ၆ သိန်းကျော်ကို ဓာတ်အားပေးနိုင်မှာဖြစ်ကာ ကာဘွန်ထုတ်လွှတ်မှု တန် ၇ သန်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

    Ref: Arab News

  • မြန်မာ့အရေး သံတမန်နည်းဖြင့် ဖြေရှင်းနိုင်ရန် ကုလအထူးကိုယ်စားလှယ် အာဆီယံသို့ လာရောက်မည်

    မြန်မာ့အရေး သံတမန်နည်းဖြင့် ဖြေရှင်းနိုင်ရန် ကုလအထူးကိုယ်စားလှယ် အာဆီယံသို့ လာရောက်မည်

    ဧပြီ ၉၊ ၂၀၂၁
    M-Media

    -ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို သံတမန်နည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေးအတွက် ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် ခရစ္စတင်း ရှာရ်နာ ဘာဂီနာ အာဆီယံကို လာရောက်ဖို့ ရှိနေပါတယ်။

    စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် မြန်မာနိုင်ငံမှာ ၂ လအတွင်း ပြည်သူ ၆၀၀ ကျော် သေဆုံးခဲ့ပြီး နိုင်ငံတကာက ဝေဖန်မှုတွေ မြင့်တက်လာတဲ့အချိန် ဘာဂီနာရဲ့ ဒီခရီးစဉ် ပေါ်ပေါက်လာတာပါ။

    ထိုင်းနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတစ်ချို့ကို သွားရောက်ကာ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိသလို၊ စစ်ကောင်စီရဲ့ အဓိကမဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံကိုလည်း ဘာဂီနာတစ်ယောက် သွားရောက်မှာ ဖြစ်ပါတယ်။

    ဘာဂီနာဟာ စစ်ကောင်စီ ခေါင်းဆောင်တွေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးချင်ပေမယ့် စစ်ကောင်စီက ပြည်ဝင်ခွင့် ငြင်းဆိုထားပါတယ်။

    အာဆီယံကို လာရောက်မယ့်အချိန် အပါအဝင် အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

    ကုလလုံခြုံရေးကောင်စီကလည်း CRPH အဖွဲ့ဝင် ဒေါ်ဇင်မာအောင်နဲ့ ဒီကနေ့ညပိုင်းမှာ အွန်လိုင်းကနေတစ်ဆင့် တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။ ဒီဆွေးနွေးမှုမှာ စစ်ကောင်စီရဲ့ အဓိကမဟာမိတ်တွေဖြစ်တဲ့ ရုရှားနဲ့ တရုတ်ကိုယ်စားလှယ်တွေ ပါဝင်မှာ မဟုတ်ပါဘူး။

    Ref: Asia Times

  • အီဂျစ်တွင် ပျောက်ဆုံး ရှေးဟောင်းမြို့တော်တစ်ခု တွေ့ရှိ

    အီဂျစ်တွင် ပျောက်ဆုံး ရှေးဟောင်းမြို့တော်တစ်ခု တွေ့ရှိ

    ဧပြီ ၉၊ ၂၀၂၁
    M-Media

    -ဖာရိုဘုရင်တွေရဲ့ ရွှေခေတ်ကာလလို့ တင်စားခံရတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်က ပျောက်ဆုံးမြို့တော်တစ်ခုကို အီဂျစ်မှာ ရှာတွေ့ခဲ့ပါတယ်။

    နိုင်ငံတောင်ပိုင်း Luxor မြို့မှာတွေ့ခဲ့တဲ့ အဲဒီ ရှေးဟောင်းမြို့တော်ဟာ သဲတွေအောက်မှာ မြုပ်နေခဲ့တာပါ။ ဒီမြို့ကို တွေ့ရှိတာဟာ ဘီစီ ၁၃၃၄ လောက်က စိုးစံခဲ့တဲ့ နာမည်ကျော် ဖာရိုဘုရင် Tutankhamun ရဲ့ အုတ်ဂူကို ရှာတွေ့ပြီးနောက်ပိုင်း အရေးပါဆုံး တူးဖော်တွေ့ရှိမှုတစ်ခု ဖြစ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

    Luxor မြို့ကလည်း ဖာရိုဘုရင်များစိုးစံခဲ့ရာ ဒဏ္ဍာရှိချိုင့်ဝှမ်းဒေသလို့ နာမည်ကျော်ပါတယ်။

    “အခုတွေ့တဲ့မြို့ဟာ နှစ်ပေါင်း ၃၀၀၀ အရင်က ရှိခဲ့တာပါ။ Amenhotep III ဘုရင်လက်ထက်က စတည်ခဲ့ပြီး Tutankhamun ဘုရင်နဲ့ Ay ဘုရင်တို့ ဆက်လက် အသုံးပြုခဲ့ပါတယ်”

    အဲဒီမြို့မှာ လက်ဝတ်ရတနာတွေ၊ ပန်းအိုးတွေ၊ ဘုရင် Amenhotep III အမည် ရေထိုးထားတဲ့ မြေအုတ်တွေ၊ အခြားအသုံးအဆောင်တွေကိုလည်း တူးဖော်တွေ့ရှိခဲ့ပါတယ်။

    သမိုင်းထဲကဒီမြို့ကို အရင်က နိုင်ငံရပ်ခြားပညာရှင် တော်တော်များများ ရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့ပါဘူး။ အီဂျစ် ရှေးဟောင်းသုတေသနပညာရှင်တွေဟာ ၂၀၂၀ ခုနှစ် စက်တင်ဘာလောက်ကတည်းက တူးဖော်ခဲ့တာ ဖြစ်ပါတယ်။

    မြို့ရဲ့ နံရံတွေ၊ အခန်းတွေ​ စသဖြင့် အဆောက်အဦးတွေဟာ အကောင်းအတိုင်း မူမပျက် တည်ရှိနေပါသေးတယ်။ ဖာရိုဘုရင် Amenhotep III ဟာ ယူဖရေးတီးမြစ်ကနေ ဆူဒန်အထိ ကျယ်ပျောတဲ့ အင်ပါယာကို နှစ်ပေါင်း ၄၀ လောက် အုပ်စိုးကာ ဘီစီ ၁၃၅၄ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

    သူစိုးစံခဲ့တဲ့ ရှေးဟောင်းမြို့ကို အခုလို ရှာဖွေတွေ့ရှိတာဟာ ရှေးဟောင်းအီဂျစ်အင်ပါယာ သာယာ၀ပြောဆုံးအချိန်က လူတွေရဲ့ ဘ၀တွေကို လေ့လာဖော်ထုတ်နိုင်မယ့် ရှားရှားပါးပါး အခွင့်အရေးတစ်ရပ်ကို ရရှိလိုက်တာဖြစ်တယ်လို့ ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ဗြိတိန်ဘုရင်မကြီး၏ ကြင်ယာတော် ဖိလစ်မင်းသား ကွယ်လွန်

    ဗြိတိန်ဘုရင်မကြီး၏ ကြင်ယာတော် ဖိလစ်မင်းသား ကွယ်လွန်

    ဧပြီ ၉၊ ၂၀၂၁
    M-Media

    -ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက်ရဲ့ ကြင်ယာတော် ဖိလစ်မင်းသား ကွယ်လွန်သွားပြီလို့ ဘက်ကင်ဟမ်နန်းတော်က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    သက်တော် ၉၉ နှစ်အရွယ် ရှိပြီဖြစ်တဲ့ မင်းသားဖိလစ်ဟာ နာတာရှည် နှလုံးရောဂါကြောင့် တစ်လကျော်ကြာ ဆေးရုံးတက်ခဲ့ပြီးတဲ့နောက် မတ်လ ၁၆ ရက်နေ့က ဝင်ဆာရဲတိုက်ကို ပြန်ရောက်လာခဲ့ပြီး အခုလို ကွယ်လွန်သွားတာ ဖြစ်ပါတယ်။ ဗြိတိသျှသမိုင်းမှာ အရှည်ကြာဆုံး ကြင်ယာတော်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

    ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က မင်းသားဖိလစ်ဟာ မရေမတွက်နိုင်တဲ့ လူငယ်တွေ လေးစားအားကျရသူတစ်ဦးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    မင်းသားဖိလစ်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဗြိတိန်ရဲ့ ခေတ်သစ်ဘုရင်စနစ်မှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး ဘုရင်မကြီး ယုံကြည်ကိုးစားရာ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

    အဲလစ်ဇဘက် ဘုရင်မကြီးနဲ့ မင်းသားဖိလစ်တို့ဟာ ၁၉၄၇ ခုနှစ်မှာ လက်ထက်ခဲ့တာဖြစ်ပြီး သားတော်သမီးတော် ၄ ပါး၊ မြေးတော် ၈ ပါးနဲ့၊ မြစ်တော် ၁၀ ပါး ထွန်းကားခဲ့ပါတယ်။

    Ref: BBC