News @ M-Media
Blog
  • မြန်မာကိုစစ်ရေး အကူအညီပေးခြင်းဖြင့် တရုတ်အင်အားနှင့် ချိန်ခွင်လျှာညှိရန် အိန္ဒိယကြိုးပမ်း
    နိုဝင်ဘာ-၄ ၂၀၁၃
    M-Media
    Manmohan Singhs
    နယူးဒေလီ။        ။ မြန်မာနိုင်ငံတွင်း၌ တရုတ်မှ ဗျူဟာကျကျလမ်းခင်းထားမှုအား တန်ပြန်ရေးအတွက် အိန္ဒိယသည် မြန်မာကို ဒုံးကျည်လက်နက်များပေးနေရာမှာ ဝေဟင်စောင့်ကြည့် ရေကြောင်းကင်းလှည့်မှု နှင့် တန်ပြန်ထောက်လှမ်းမှုအသုံးချ တိုက်ပွဲဝင်စစ်သုံး ဆော့ဖ်ဝဲ အစီအစဉ်များကိုပါ အကူအညီပေးခြင်းဖြင့် တဆင့်ချင်း ခြေလှမ်းလာလျက်ရှိသည်။
    အိန္ဒိယစစ်ဦးစီးဗိုလ်ချုပ် ဘစ်ကရမ်းဆင်းသည် မြန်မာနိုင်ငံသို့အလည်အပတ်ရောက်စဉ် သမ္မတဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် လုံခြုံရေးဆိုင်ရာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု ကိစ္စများကို တွေ့ဆုံဆွေးနွေးခဲ့သည်။
    “ မြန်မာဟာ စစ်လက်နက်ထောက်ပံ့ရေး၊ စစ်သင်တန်း၊ နယ်စပ်ရေးရာကိစ္စများအားဖြင့် အိန္ဒိယနဲ့အနီးကပ်ဆက်ဆံပြီး လုံခြုံရေးတိုးမြှင့်ချဲ့ထွင်ဖို့ စိတ်အားထက်သန်နေပါတယ်။ မကြာတော့တဲ့ကာလအတွင်း ကျွန်တော်တို့က ဘူတန်၊ ဘော့စ်ဝါနာနဲ့အခြားဒေသမှာလုပ်ခဲ့သလိုမျိုး အိန္ဒိယနယ်မြေပိုင်နက်ထဲ စစ်လေ့ကျင့်ရေးသင်တန်းတစ်ရပ် အခြေစိုက်ပြုလုပ်သွားဖို့ မြန်မာဖက်က သဘောတူထားပါပြီ ” ဟု အရာရှိသူတစ်ဦးမှ ပြောကြားသည်။
    အိန္ဒိယသည် ဒုံးကျည်လက်နက်၊ မော်တာနှင့် ရိုင်ဖယ်သေနတ်များ၊ ရေဒါများ၊ ညဥ့်အမှောင်တွင်းအသုံးချကိရိယာများ၊ ဆက်သွယ်ရေးပစ္စည်းများအပြင် လမ်းတံတားတည်ဆောက်ရေးဆိုင်ရာပစ္စည်းကိရိယာများကို မြန်မာစစ်တပ်သို့ ထောက်ပံ့လျက်ရှိသည်။
    မြန်မာစစ်တပ်အတွက် “Combat decision resolution” နှင့် “Infantry company commanders tactical trainer” အမည်ရှိ တိုက်ပွဲဝင်စစ်သုံးဆော့ဖ်ဝဲအစီအစဉ် ၂ ရပ် သင်တန်းနှင့်အတူ ဝေဟင်ပျံစက်မဲ့ဂလိုက်ဒါယာဉ် ငါးစီးကိုလည်း ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်သို့ လွှဲပြောင်းပေးမည်ဟု ဗိုလ်ချုပ်ဆင်း၏ခရီးစဉ်၌ ယာယီသဘောတူညီချက် ရရှိခဲ့သည်။
    “ မီဇိုရမ်နယ် Mizoram က Vairengte မှာရှိတဲ့ အိန္ဒိယတပ်မတော် တန်ပြန်ထောက်လှမ်းရေးနဲ့တောတွင်း စစ်ဆင်ရေး သင်တန်းကျောင်းမှာ မြန်မာစစ်တပ်ကို အထူး သင်တန်းပေးမဲ့ အစီအစဉ်ကိုလည်း ပြုလုပ်ပေးမှာဖြစ်တယ်။ နှစ်စဉ်နှစ်တိုင်း သင်တန်း အသီးသီးနေရာမှာ ဦးရေ တစ်ရာကျော်မက လက်ခံပေးသွားမှာပါ။ ရေတပ်နဲ့လေတပ်တွေလည်း သင်တန်းမှာ အခါအားလျော်စွာ ထည့်သွင်း ပါဝင်ပါလိမ့်မယ်။ သူတို့တစ်တွေက ကုန်းကြောင်း တိုက်ပွဲသုံးယာဉ်နဲ့ တင့်ကားတွေ၊ သတင်းအချက် အလက်နည်းပညာ၊ ထောက်လှမ်းရေး နဲ့ အင်္ဂလိပ်ဘာသာ စကားဆိုင်ရာ သင်တန်းတွေကို အခြားအရာများထက် ပိုပြီးအားသန်နေကြတယ်။ မြန်မာတပ်မတော်ဦးစီးက လာမယ့် ဒီဇင်ဘာ ၁၁ ရက်ကနေ ၁၄ ရက်အထိ အိန္ဒိယကို လာရောက်ပါဦးမယ် ” ဟု ၄င်းမှ ထပ်မံပြောပြသည်။
    အိန္ဒိယ၏ ကုန်းကြောင်းရေကြောင်းနယ်နမိတ်နှင့် ၁၆၄၃ ကီလိုမီတာအထိ ထိစပ်ဆက်နွှယ်နေသည့် တစ်ခုတည်းသော အာဆီယံနိုင်ငံမှာ မြန်မာဖြစ်၏။ ၂၀၁၂ ခုနှစ်၊ မေလက ၀န်ကြီးချုပ် မန်မိုဟန်ဆင်းသည် ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် နေပြည်တော်သို့ရောက်လာ၍ မြန်မာနိုင်ငံနှင့် သံတမန်ရေး၊ စီးပွားရေး၊ စစ်ရေးကိစ္စများ ပူးပေါင်းတိုးမြှင့်ရေးကို အခိုင်အမာဆွေးနွေးခဲ့သည်။
    ထို့နောက်ပိုင်း ကာကွယ်ရေးဝန်ကြီး A K Antony ၊ လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး  N A K Browne စသည့် စစ်ရေးခေါင်းဆောင်များသည်လည်း စစ်ရေးဆက်ဆံမှုခိုင်မာအောင် မြန်မာသို့ အလည်အပတ်ရောက်လာခဲ့ကြသည်။ ယမန်နှစ်နိုဝင်ဘာလက အမေရိကန်သမ္မတ ဘားရက်အိုဘားမား သည် နေပြည်တော်သို့ ပထမဆုံးလာရောက်ခဲ့ပြီးနောက် အနောက်နိုင်ငံများသည် ပင်လျှင် မြန်မာစစ်ခေါင်းဆောင်များနှင့် သဟဇာတဖြစ်လာရေးအတွက် အားထုတ်လျက်ရှိနေပေသည်။
    Ref:indiatimes
  • တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)
    နိုဝင်ဘာ-၄ ၂၀၁၃
    M-Media
    စုစည်းတင်ဆက်သူ- daythanix
    yperloop ကို စတင် တည်ဆောက်မည်
    Hyperloop ဆိုတာကတော့  Telsa နဲ့ SpaceX ကုမ္ပဏီ တို့က စတင် အကြံပေးလိုက်တဲ့ ပို့ဆောင်ရေးစံနစ် ပါ။ မြေပြင်က အမြင့်မှာ ပြွန်ပုံစံလမ်းကြောင်း တစ်လျှောက် သွားမယ့် ရထားပုံစံပါ။ ရထားသွားဖို့ကတော့  သံလိုက် စွမ်းအားနည်းကို သုံးမှာ ဖြစ်ပါတယ်။ အမြန်သွားတဲ့အခါမှာ ရထားရဲ့ ရှေ့ကလေကို စုပ်ယူပြီး ရထားအောက်ခြေကနေ မှုတ်ထုတ် ပေးခြင်းအားဖြင့် သံလမ်းနဲ့ မထိဘဲ သွားနိုင်အောင်  တွန်းကန်ထားပါတယ်။ ရထားရဲ့အမြန်နှုန်းက တစ်နာရီ ၆၀၀ ကနေ ၇၆၀ မိုင်နှုန်းလောက်ထိ သွားနိုင်မှာပါ။ အခုတော့ ဒီအယူအဆကို အကောင်အထည်ဖေါ်ဘို့ စတင်လိုက်ပြီလို့ ဆိုပါတယ်။  Telsa နဲ့ SpaceX တို့ဟာ ပြီးခဲ့တဲ့ အပါတ်က အခြား ကုမ္ပဏီ တစ်ချို့နဲ့ ပေါင်းစည်းပြီး JumpStartFund ဆိုတဲ့ အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။
    hyperloop90_500
    ——————————————————–
    Darkmatter  ကိုမတွေ့
    စကြဝဠာရဲ့ လေးပုံတစ်ပုံခန့်ဟာ Darkmatter တွေ ဖြစ်ပါတယ်လို့ ဆိုတဲ့ ရူပဗေဒ အယူအဆကို စမ်းသပ်ဖို့ မြေအောက်မှာ  အရည်ဖြစ်အောင်  −၁၀၀°C ထိ အေးထားတဲ့  xenon ဓါတ်ငွေ့ အသုံးပြုပြီး Darkmatter ဖမ်းယူဖို့ ကြိုးစားခဲ့ပေမယ့် မတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။ ဒီသုတေသနကို Large Underground Xenon dark matter experiment. လို့ အမည်ပေးထားပါတယ်။ Darkmatter ​တွေဟာ စကြဝဠာရဲ့ ဂလက်ဆီတွေကို ဒြပ်ဆွဲအားနဲ့ တည်မြဲအောင် ထိန်းချုပ်ထားတဲ့ supersymmetry အယူအဆမှာ ထည့်သွင်း တွက်ချက်ထားပြီး အငွေ့သဖွယ် ဒြပ်ဝထ္ထုတိုင်းကို ဖြတ်သန်းသွားနိုင်တဲ့ အမှုန်တွေလို့ ယူဆထားပါတယ်။
    အခုအချိန်ထိ မတွေ့ရှိသေးပေမယ့် ဒီသုတေသနကို တစ်နှစ် တိတိ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
    Xenon
    ——————————————————–
    Dream-chaser စမ်းသပ်ပျံသန်း
    Sierra Nevada Corp. ကတာဝန်ယူ တည်ဆောက်နေတဲ့ NASA ရဲ့ အာကာသလွန်းပျံယာဉ် အသစ် Dream-chaser  ရဲ့ အရွယ်အစားမှန် ပုံစံတူကို အောက်တိုဘာ ၂၉ရက်နေ့က မောင်းသူမဲ့ စမ်းသပ် ပျံသန်းကြည့်ခဲ့ရာမှာ အဆင်းမှာ ဘယ်ဘက်ဘီး တစ်လုံး ချွတ်ယွင်းတာကြောင့် ပျက်စီးမှု အနည်းငယ် ရှိခဲ့ပါတယ်။ ဒီလွန်းပျံယာဉ်သစ်ကို ၂၀၁၆နှစ်ထဲမှာ အာကာသကို လွှတ်တင်စမ်းသပ်မှာ ဖြစ်ပါတယ်။
    dream
    ——————————————————–
    အသံထက် ၆ဆ မြန်မည့် SR-72
    SR-71 ဆိုတဲ့လေယာဉ်ကြီးကတော့ တစ်ချိန်က သူလျှိုလေယာဉ် အဖြစ်သုံးခဲ့တဲ့ အသံထက် ငါးဆမြန်အောင် ပျံသန်းနိုင်တဲ့ လေယာဉ်ကြီး ဖြစ်ပါတယ်။ အခု ထုတ်လုပ်ဖို့ စီစဉ်နေတဲ့ SR-72 ကတော့ drone လို့ ခေါ်တဲ့ မောင်းသူမဲ့ လေယာဉ် အဖြစ်တဲ့ တည်ဆောက်မှာပါတဲ့။ ‘SR-72 ဟာ အသံထက် ၆ဆ မြန်မှာ ဖြစ်ပြီး  ဂျက်အင်ဂျင်ဟာလည်း နည်းပညာသစ် scramjet ကို အသုံးပြုမှာ ဖြစ်ပါတယ်။
    SR72
    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြလိုသူများ M-Media ၏ ခွင့်ပြုချက်လိုအပ်မည်ဖြစ်သည်။
    ဆက်သွယ်ရန် [email protected]
  • တစ်ပတ်အတွင်း ရိုဟင်ဂျာ ၁၅၀၀ ကျော် ဘင်္ဂလား ပင်လယ်အော် အတွင်း လှေငယ်များနဲ့ ထွက်ပြေးကြဟု ကုလပြော
    နိုဝင်ဘာ ၁ ရက် -၂၀၁၃
    M-Media
    Ref: AP
    n_33644_4
    ပြီးခဲ့သည့်ရက်သတ္တပတ်က ရခိုင်ပြည်နယ်အတွင်း အခြေအနေများ ပြန်လည်တင်းမာလာမှုကြောင့် လှေငယ်လေးများဖြင့် ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ကျော် ထွက်ပြေးသူ ၁၅၀၀ ကျော်ရှိကြောင်း ဒုက္ခသည်များဆိုင်ရာကုလသမဂ္ဂအဖွဲ့အစည်းမှ ပြောကြားလိုက်သည်။
    ယမန်နှစ်ကစ၍ အနောက်ပိုင်းရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်များသည် ရိုဟင်ဂျာမွတ်စ်လင်မ်တို့အား နိုင်ငံတွင်း တရားမ၀င်ခိုးဝင်လာပြီး မိမိတို့နယ်မြေများကို လက်ဝါးကြီးအုပ်သည်ဟု စွပ်စွဲကာ အကြမ်းဖက်ခဲ့ကြသဖြင့် မတည်ငြိမ်မှုဖြစ်ပွားရသည်။
    အကြမ်းဖက်မှုကြောင့်  ဘင်္ဂလားပင်လယ်အော်သို့ ထွက်ခွာကြသူဦးရေမှာ ရုတ်တရက်များပြားလာသည်ဟု ကုလသမဂ္ဂပြောခွင့်ရပုဂ္ဂိုလ် မာတင် နီစာကီ Martin Nesirky မှ သောကြာနေ့တွင် ပြောကြားသည်။ ၄င်းတို့မှာ မည်သည်ဖက်သို့ ဦးတည်ထွက်ခွာသွားကြောင်းကိုမူ ပြောကြားခြင်း မရှိပေ။
    လွန်ခဲ့သည် ရက်သတ္တပတ်အတွင်း နယ်မြေစွန့်ခွာ ထွက်ပြေးသူများသာမက သေဆုံးသူများလည်းရှိကြောင်း သတင်းများကို ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းမှ ရရှိခဲ့သည်ဟု သူကဆိုသည်။
    မိုးရာသီကုန်ဆုံး၍ ပင်လယ်ခရီးသွား ရာသီစတင်ဝင်ရောက်လာခြင်းက ရှောင်တိမ်း ထွက်ခွာလိုသူများအား လှေငယ်လေးများဖြင့် သေမထူးနေမထူး စွန့်စားထွက်ခွာမည့်သူများ ပိုမိုများပြားလာစေရန် တွန်းအားပေးသကဲ့သို့ဖြစ်နေမည်ကို UNHCR မှ စိုးရိမ်လျက်ရှိသည်ဟု နီစာကီမှ ပြောကြားခဲ့သည်။
    ဓါတ်ပုံ အညွှန်း- ရခိုင်ပြည်နယ်မှ ဘင်္ဂလာပင်လယ်အော်အတွင်း ထွက်ပြေးကြသည့် ရိုဟင်ဂျာမွတ်စလင်မ်များ
  • နိုဝင်ဘာ ၃ အားကစားသတင်းများ
    နိုဝင်ဘာ-၃ ၂၀၁၃
    M-Media
    ဖက်ဒါရာအား အနိုင်ယူကာ Paris Masters ဗိုလ်လုပွဲသို့ ဂျိုကိုဗစ်တက်ရောက်
    ပြင်သစ်နိုင်ငံတွင်ကျင်းပပြုလုပ်နေသည့် Paris Masters ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်မှာ ဆွဇ်ဇလန်တင်းနစ်အကျော်အမော် ဖက်ဒါရာအား အနိုင်ယူကာ နောက်ဆုံးဗိုလ်လုပွဲသို့တက်ရောက်သွားခဲ့သည်ဟု သိရသည်။
    ၎င်းတို့နှစ်ဦးမှာ အကြိမ် ၃၀ မြောက်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ဂျိုကိုဗစ်မှာ ပထမပွဲငယ်တွင် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယနှင့် တတိယပွဲငယ်တို့တွင် အနိုင်ရရှိအောင် ကစားနိုင်ခဲ့သောကြောင့် ပွဲအပြီးတွင် ၄-၆၊ ၆-၃၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့သည်။
    ယခုပွဲအနိုင်ရရှိမှုမှာ ဂရန်းစလမ်ဖလား ၆ ကြိမ်ရရျိခဲ့သည့် ဂျိုကိုဗစ်၏ ၁၆ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    အခြားဆီးမီးဖိုင်နယ်ပွဲစဉ်တစ်ခုတွင်လည်း စပိန်ကစားသမား ဒေးဗစ်ဖာရာမှာ တစ်နိုင်ငံတည်းသား ရာဖေးနာဒဲလ်အား အနိုင်ရရှိခဲ့သည်။ ကမ္ဘာ့အဆင့် ၃ ရ ဖာရာမှာ ကမ္ဘာ့ဆင့် ၁ နာဒဲလ်အား ၆-၃၊ ၇-၅ ဖြင့်အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲတွင် ဂျိုကိုဗစ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
    Ref: .skysports.
    david-ferrer-paris-masters-tennis_3029311
    ……………………………………….
    အာဆင်နယ်အသင်းမှာ ယုံကြည်မှုပိုလာပြီဟု ၀င်းဂါးဆို
    ယမန်နေ့ညက လီဗာပူးလ်အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီးနောက် အာဆင်နယ်အသင်းမှာ ယုံကြည်မှုပိုမိုတိုးပွားလာသည်ဟု အသင်းနည်းပြ အာဆင်ဝင်းဂါးကာ ပြောဆိုလိုက်သည်။
    “(ထိပ်ဆုံးက ငါးမှတ်ဖြတ်ထားတာဟာ) ကျေနပ်စရာပါ။ ဒါပေမယ့် အခုအချိန်ဟာ ရာသီအစပဲရှိပါသေးတယ်။ အခုလို့ထိပ်ဆုံးရောက်နေခြင်းဟာ အသင်းအတွက် ယုံကြည်မှုနဲ့ ရည်ရွယ်ချက်ကို ပိုမိုကောင်းမွန်စေပါတယ်” ဟု ၀င်းဂါးက Sky Sports သို့ပြောကြားခဲ့သည်။
    ……………………………………………..
    နယူးကာဆယ်နှင့်ပွဲတွင် အမှား ၁၁ ခုပြုလုပ်ခဲ့သည်ဟု မော်ရင်ဟိုဆို
    စိန့်ဂျိမ်းပါခ့်တွင် နယူးကာဆယ်အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သောပွဲတွင် မိမိအနေဖြင့် အမှား ၁၁ ခုပြုလုပ်ခဲ့သည့်ဟု ချယ်ဆီးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက ပြောကြားခဲ့သည်။
    “အသင်းရဲ့လူစာရင်းနဲ့ပက်သက်ပြီး ကျွန်တော် အမှား ၁၁ ခုပြုလုပ်ခဲ့ပါတယ်။ ဒါဟာ အသင်းရဲ့ကစားပုံဆိုးရွားမှုကိုမြင်ပြီးနောက်ပိုင်း ကျွန်တော်ခံစားခဲ့ရတာပါပဲ။ ကျွန်တော်တို့အရှုံးနဲ့ထိုက်တန်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပထမပိုင်း ၄၅ မိနစ်မှာ ကျွန်တော်တို့အသင်းဟာ ခြေစမ်းပွဲကစားနေသလိုဖြစ်ပြီး ဒုတိယပိုင်းမှာတော့ အသင်းတစ်သင်းပျောက်သွားသလိုပါပဲ” ဟု မော်ရင်ဟိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    ထို့ပြင် နယူးကာဆယ်နည်းပြ အလန်ပက်ဒရူးကိုလည်း မော်ရင်ဟိုက ချီးကျုးခဲ့သည်။ ချယ်ဆီးအသင်းမှာ ယခုနှစ်ပရီးမီးယားလိဂ် အိမ်ကွင်း ၅ ပွဲကစားပြီးချိန်တွင် ရာနှုန်းပြည့်အနိုင်ရရှိထားသော်လည်း အဝေးကွင်းကစားခဲ့ရသည့် ၅ ပွဲတွင် ၁ ပွဲသာအနိုင်ရရှိထားသည်။
    ……………………………………………
  • နိုဝင်ဘာ ၃ နိုင်ငံတကာသတင်း
    နိုဝင်ဘာ ၃ နိုင်ငံတကာသတင်း
    နိုဝင်ဘာ-၃ ၂၀၁၃
    M-Media
    တရုတ်နိုင်ငံမှ စစ်လက်နက်ပစ္စည်းများ ၀ယ်ယူရန်ကိစ္စနှင့်ပက်သက်ပြီး အမေရိကန်နှင့် တူရကီတို့ဆွေးနွေးခဲ့ကြ
    တူရကီနိုင်ငံက တရုတ်နိုင်ငံမှ တာဝေးပစ်ဒုံးခွင်းစနစ်ဝယ်ယူမည့် အစီအစဉ်အား အမေရိကန်မှ စိုးရိမ်ကြောင်းပြောကြားခဲ့ပြီးနောက် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း ထိုကိစ္စနှင့် ပက်သက်၍ တူရကီနိုင်ငံနှင့် ဆွေးနွေးခဲ့ကြသည်ဟု တူရကီရှိ အမေရိကန်သံရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။
    ပြီးခဲ့သည့် စက်တင်ဘာလက တရုတ်နိုင်ငံမှ လက်နက်ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် (CPMIEC) မှ တာဝေးပစ်ဒုံးကျည်ဖျက် လက်နက်များကို ၀ယ်ယူရန် သဘောတူညီမှုရခဲ့သည်ဟု တူရကီနိုင်ငံမှ ကြေညာခဲ့သည်။ CPMIEC ကုမ္ပဏီမှာ ဆီးရီးယားနှင့် အီရန်တို့အား လက်နက်များရောင်းချမှုကြောင့် အမေရိကန်က ပိတ်ဆို့မှုများပြုလုပ်ထားသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး အမေရိကန်၏မဟာမိတ် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သည့် တူရကီအနေဖြင့် ထိုကဲ့သိုသောဆောင်ရွက်ချက်အား အမေရိကန်မှ သဘောမကျဖြစ်နေခဲ့သည်။
    အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဂျင်မ် မီလာမှာ တူရကီနိုင်ငံသို့လာရောက်ခဲ့ပြီး ဆီးရီးယားကိစ္စ၊ အမေရိကန် တူရကီနှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးများအပါအ၀င် နှစ်နိုင်ငံ သံတမန်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း တူရကီရှိ အမေရိကန်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဂရူဘီရှာက ပြောကြားခဲ့သည်။
    Ref: english.alarabiya
    ……………………………….
    ရိုမေးနီးယားတွင် ကျန်းမာရေးဝန်ထမ်းများ ဆန္ဒပြ
    နိုင်ငံရှိ ကျန်းမာရေးလုပ်ငန်းများအတွက် ဘဏ္ဍာငွေတိုးမြှင့်ပေးရန် တောင်းဆိုရန်အတွက် ရိုမေးနီးယားနိုင်ငံ ဘူခါရက်မြို့တွင် ကျန်းမာရေးဝန်ထမ်းများက ဆန္ဒပြခဲ့ကြသည်ဟုသိရသည်။
    ယမန်နေ့က ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းထောင်ပေါင်းများစွာတို့က ၎င်းတို့၏ လစာနည်းပါးမှုနှင့် ဆိုးရွားသောလုပ်ငန်းခွင်အခြေအနေများနှင့် ပက်သက်ပြီး ၎င်းတို့၏ မကျေနပ်မှုများကို ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထိုဆန္ဒပြမှုအတွင်း နိုင်ငံအတွင်းရှိ ကျန်မားရေးလုပ်ငန်းများသို့ ဘဏ္ဍာငွေများတိုးမြှင့်ပေးရန်နှင့် နိုင်ငံမှထုပ်လုပ်သည့် ဆေးဝါးပစ္စည်းများကို ၄ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲခွင့်ပြုရန် အစိုးရအားတောင်းဆိုခဲ့ကြသည်။
    ရိုမေးနီးယား ဆရာဝန်များကောလိပ်၏ အဆိုအရ ဆရာဝန် သုံးထောင်ဝန်းကျင်မှာ ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများကို ရရှိရန်အတွက် နိုင်ငံရပ်ခြားသို့ နှစ်စဉ်ထွက်ခွာနေကြသည်ဟု သိရသည်။ ထို့ပြင် ဥရောပသမဂ္ဂ၏ ဒုတိယအဆင်းရဲဆုံးတိုင်းပြည်ဖြစ်သည့် ရိုမေးနီးယားရှိ ဆရာဝန်တစ်ယောက်၏ လခမှာ တစ်လလျှင် ကန် ၂၇၅ ဒေါ်လာသာ ရရှိသည်ဟုသိရသည်။
    Ref: Press TV
    roomtwo91538520
    …………………………..
    ပင်စင်လစာကိစ္စအား မကျေနပ်သောကြောင့် ဗြိတိန်တွင် မီးသတ်သမားများ ဆန္ဒပြ
    အင်္ဂလန်နှင့် ဝေးလ်နိုင်ငံတို့ရှိ မီးသတ်သမားများက ၎င်းတို့အား ဗြိတိန်အစိုးရမှပေးသော ပင်စင်လခကိစ္စနှင့်ပက်သက်ပြီး မကျေနပ်သောကြောင့် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
    မီးသတ်တပ်ဖွဲ့အစည်းရုံးတစ်ခုဖြစ်သည့် Fire Brigades Union (FBU) မှ အဖွဲ့ဝင်များမှာ မီးသတ်သမားများ၏ ပင်စင်ယူရမည့် အသက်အား အစိုးရမှ တိုးမြှင့်မည့်အစီအစဉ်နှင့် အနားယူသွားခဲ့သူများ၏ ပင်စင်လစာများ နည်းပါမှုတို့နှင့်ပက်သက်ပြီး မကျေနပ်သောကြောင့် ပြီးခဲ့သည့်သောကြာနေ့က လေးနာရီကြာ ချီတက်ဆန္ဒပြခဲ့ကြသည်။
    ထို့ပြင် တနင်္လာနေ့တွင်လည်း ဆန္ဒပြရန်စီစဉ်ထားခဲ့ကြပြီး၊ အစိုးရအနေဖြင့် ၎င်းတို့၏အစီအစဉ်အား ဆွေးနွေးညှိနှိုင်းရန်အတွက် ယခုကဲ့သို့ဆန္ဒပြခြင်းဖြစ်သည်ဟု FBU ၏ အထွေထွေ အတွင်းရေးမှူး မတ်ဝရက်က ပြောကြားခဲ့သည်။
    Ref: Press TV
    …………………………………….
    တရုတ်နိုင်ငံတွင် ကျောက်မီးသွေးတွင်းတစ်ခု ပေါက်ကွဲမှုဖြစ်ပွား လူ ၇ ဦးသေဆုံး
    တရုတ်နိုင်ငံအနောက်တောင်ပိုင်းဒေသရှိ ကျောက်မီးသွေးတွင်းတစ်ခုမှာ ယမန်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး ကျောက်မီးသွေးလုပ်သား ၇ ဦးသေဆုံးခဲ့သည်ဟု သိရသည်။
    ဂွမ်ဇူပြည်နယ် ယူမိုမြို့ရှိ ကျောက်မီးသွေးတစ်ခုဖြစ်ပြီး ဒေသစံတော်ချိန် စနေနေ့ နံနက် ၂ နာရီတွင်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ မိုင်းလုပ်သား ၄၅ ဦးအား ကယ်ဆယ်ရေးအဖွဲ့များက ကယ်ထုတ်နိုင်ခဲ့ပြီး ထိုအထဲမှ ၂ ဦးမှာ ရရှိထားသော ဒဏ်ရာများကြောင့် နောက်ပိုင်းတွင် သေဆုံးခဲ့သည်။ အခြား လုပ်သား ၅ ဦး၏ အလောင်း ၅ လောင်းကိုလည်း ပေါက်ကွဲခဲ့သည့်နေရာအနီးအနားတွင် တွေ့ရှိခဲ့ရပြီး မည့်သည့်အကြောင်းကြောင့် ပေါက်ကွဲခဲ့ခြင်းကို စုံစမ်းစစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့က ပြေကြားခဲ့သည်။
    Ref: CNN
    ……………………………..
    အိန္ဒိယတွင်ရထား တိုက်မိသောကြောင့် လူ ၈ ဦးသေဆုံး
    အိန္ဒိယနိုင်ငံတောင်ပိုင်းပြည်နယ် တစ်ခုဖြစ်သည့် အန်ဒရာ ပရာဒက်ရှ်တွင် ယမန်နေ့က ရထား မတော်တဆဖြစ်မှု တစ်ခုဖြစ်ပွားခဲ့ပြီး လူ ၈ ဦးသေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
    သေဆုံးသူများမှာ ၎င်းတို့၏ရထားတွဲမှာ မီးလောင်နေသည်ဟူသောသတင်းကြောင့် ရထားလမ်းဘက်သို့ထွက်ပြေးကြရမှာ အခြားရထားတစ်စီးနှင့်တိုက်မိကာ သေဆုံးခဲ့ခြင်းဖြစ်သည်။
    အိန္ဒိယနိုင်ငံတွင် ရထားမတော်တဆဖြစ်ပွားမှုများအား အဖြစ်များပြီး ရထားတွဲများအား ထိန်းသိမ်မှုညံ့ဖျင်းခြင်းနှင့် ရထားမောင်းသူများ၏ ပေါ့ဆမှုများကြောင်း ဖြစ်ပွားရခြင်းဖြစ်သည်။ ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်နေ့ ကလည်း အဝေးပြေးရထားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ဘုရားဖူး ခရီးသည် ၃၅ ဦး သေဆုံးခဲ့သည်။
    ………………………….
    အင်္ဂလန်အကျဉ်းထောင်တစ်ခုတွင် ထောင်ဖောက်မှုဖြစ်ပွား
    အကျဉ်းထောင်များအတွင်း အပြောင်းအလဲတစ်ချို့ပြုလုပ်ပြီးနောက် အင်္ဂလန်အရှေ့တောင်ပိုင်းရှိ အကျဉ်းထောင်တစ်ခုတွင် ထောင်ဖေါက်မှုတစ်ခု ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်ဟု သိရသည်။
    ကန့်မြို့ရှိ Maidstone အမည်ရှိအကျဉ်းထောင်ဖြစ်ပြီး ဒေသစံတော်ချိန် ယနေ့နံနက် ၄ နာရီကဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အကျဉ်းသား ၁၈၀ ပါဝင်ခဲ့ပြီး ထိုအကျဉ်းသားများက ထောင်အစောင့်များအား မနှောက်ယှက်ရန် ပြောကြားခဲ့သည်။
    အကျဉ်းထောင်များတွင် ၀န်ထမ်းများပြတ်လတ်မှုကြောင့် အကျဉ်းသားများအား မကြာခင်ကစ၍ အကျဉ်းခန်းများတွင် အလုံပိတ်ထားခဲ့ပြီး၊ ထိုကဲ့သို့ အလုံပိတ်ထားမှုအား အကျဉ်းသားများက မကျေနပ်သောကြောင့် ယခုကဲ့သို့ ထောက်ဖောက်မှုများဖြစ်ပွား ခဲ့ခြင်းဖြစ်သည်ဟု အကျဉ်းထောင်တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။
    Ref: Press TV