News @ M-Media

Blog

  • အောက်တိုဘာ ၃၀၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

    အောက်တိုဘာ ၃၀၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

    အောက်တိုဘာ ၃၀၊ ၂၀၁၃
    M-Media

    ချင်းလူငယ်တွေရဲ့ အသံကို ထဲထဲဝင်ဝင် မဆောင်ရွက်ရင် ကိုယ်တိုင် လော်ဘီလုပ်မည်ဟုပြော

    ချင်းပြည်နယ်တွင် ဖြစ်နေသော အဖြစ်အပျက်များနှင့် လူငယ်တို့၏ မှန်ကန်သည့်အသံများ ထွက်ပေါ်လာစေရန်အတွက် နိုဝင်ဘာ ၆-ရက်နေ့နှင့် ၇-ရက်နေ့တွင် Chin Youth Forum ကို ဟားခါးမြို့တွင် ပြုလုပ်မည်ဖြစ်ပြီး ချင်းလူငယ်တွေ့ဆုံပွဲမှ ထွက်ပေါ်လာသော သဘောထားထုတ်ပြန်ချက်အား သက်ဆိုင်ရာအစိုးရနှင့် ပြည်နယ် အစိုးရများက ဆောင်ရွက်ခြင်းမရှိသည့်အတွက် ကိုယ်တိုင် လော်ဘီလုပ်သွားရန်ရှိကြောင်းနဲ့ လူငယ်များ၏ ကိစ္စဖြစ်သည့်အတွက် လူငယ်အခန်းကဏ္ဍကို စိတ်ဝင်စားမှု နည်းနေသည်ဟု ထင်ကြောင်း Chin Youth Forum မှ ဆလိုင်းဒေးဗစ်က ပြောကြားခဲ့ကြောင်း မြန်မာ့သတင်းမှ သိရှိရပါတယ်။
    _______________________

    လိုင်ဇာတွင် ငြိမ်းချမ်းရေး ဆွေးနွေးနေသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ

    ကချင်ပြည်နယ် လိုင်ဇာတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတင်နေပြီဖြစ်သော်လည်း ဗန်းမော်မြို့အခြေစိုက် မြန်မာအစိုးရတပ်
    သည် မန်စီမြို့နယ်အတွင်းရှိ တရားမ၀င်လမ်းများကို ရှင်းလင်းရာမှ KIA နှင့် တိုက်ပွဲငယ်များ ပြန်လည်ဖြစ်ပွားနေသဖြင့် ဒေသခံများမှ ထိတ်လန့်ကာ ဗန်းမော်မြို့ ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းကို ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက ဧရာဝတီသို့ ပြောကြားခဲ့ပါတယ်။
    ______________________

    တိုင်းရင်းသားပါတီနှစ်ခု ပါတီတည်ထောင်ခွင့်ရရှိ

    တိုင်းရင်းသားပါတီနှစ်ခုဖြစ်တဲ့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)နဲ့ လီဆူးအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ – LNDP) တို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင်ပါတီ တည်ထောင်ခွင့် ပြုလိုက်ကြောင်းနှင့် ကချင်ပြည်နယ် ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာမနန်တူးဂျာ က လက်ရှိအစိုးရ ဖော်ဆောင်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတွေမှာ အတတ်နိုင်ဆုံး ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ RFA ကိုပြောခဲ့ပါတယ်။
    ______________________

    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာန အမည်ပြောင်းလဲသတ်မှတ်ခြင်း

    သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အသီးသီး၏ သဘောတူညီချက်အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့အသီးသီးရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန (Ministry of Finance and Revenue)ကို ဘဏ္ဍာရေးဝန်ကြီးဌာန (Ministry of Finance) အဖြစ် အမည်ပြောင်းလဲ သတ်မှတ်လိုက်ကြောင်းကို ၂၀၁၃-ခု အောက်တိုဘာလ ၃၀-ရက် ရက်စွဲဖြင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ သတ်မှတ်လိုက်ကြောင်း သမ္မတရုံး၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားပါသည်။
    ______________________


    ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ရန်အခက်အခဲဆုံးနိုင်ငံများစာရင်းတွင် မြန်မာပါဝင်

    မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်အတွက် အခက်အခဲဆုံးနိုင်ငံများစာရင်းတွင် ပါဝင်သည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်သော စာရင်းအရ သိရသည်။

    Doing Business 2014 ခေါင်းစဉ်ဖြင့် ကမ္ဘာ့ဘဏ်မှ ကဏ္ဍ ၁၀ ခုကိုအခြေခံကာ နိုင်ငံပေါင်း ၁၈၉ နိုင်ငံအား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူမှုအတွက် အဆင့်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ဇင်ဘာဘွေ (အဆင့် ၁၇၀)၊ ဗင်နီဇွဲလား(အဆင့် ၁၈၁) ၏နောက် မြန်မာနိုင်ငံမှာ အဆင့် ၁၈၂ နေရာတွင်ရှိနေပြီး အဆင့် ၁၈၃ တွင် ကွန်ဂို နိုင်ငံကရှိနေသည်။

    မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှရင်းနှီးမြှုပ်နှံသူများမှ နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန် ရင်းနှီးမြှပ်နှံရေးနှင့် ပက်သက်သော ဥပေဒများအား စတင်ပြုပြင် ခဲ့ပြီးနောက် ကမ္ဘာ့ဘဏ်၏ စာရင်းတွင် ယခုကဲ့သို့ ပထမဦးဆုံးအကြိမ် ပါဝင်လာခြင်းဖြစ်သည်။

    Ref : mmtimes

    a1

    ________________________


    နိုင်ငံခြားသား ခရီးသွားတစ်ဦးဆီမှ ငွေလိမ်လည်မှု ဧည့်လမ်းညွှန်တစ်ဦး သီရိလင်္ကာတွင် ဖမ်းဆီးခံရ

    မြို့တော်ဝန်းကျင်တွင် လှည့်ပတ်ပြသမှုအတွင် တရုတ်နိုင်ငံသူ ခရီးသွားတစ်ဦးဆီမှ ကန်ဒေါ်လာ ၉၀၀ လိမ်လည် တောင်းခံမှုကြောင့် သီရိလင်္ကာ ခရီးသွားလမ်းညွှန် တစ်ဦးအား ဖမ်းဆီးလိုက်သည်ဟု သီရိလင်္ကာ မီဒီယာများက ယမန်နေ့တွင် ဖေါ်ပြခဲ့သည်။

    ချူဟုအမည်ရသည့် အဆိုပါခရီးသွားအမျိုးသမီးမှာ အောက်တိုဘာ ၁၄-ရက်နေ့က ကိုလံဘိုမြို့သို့ ရောက်ရှိလာပြီး ကိုလံဘိုမြို့ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင် ခဲ့သည် ဟုဆိုသည်။

    နောက်တစ်နေ့တွင် လူတစ်ယောက်က မိမိကိုယ်ကို ဧည့်လမ်းညွှန်ဟု မိတ်ဆက်ခဲ့ပြီး ကိုလံဘိုမြို့ဝန်းကျင်ကို တုတ်တုတ်ဟုခေါ်သည့် သုံးဘီးယာဉ်ဖြင့် လှည့်လည်ပြသ ခဲ့ကြောင်း၊ ထို့နောက် ၀န်ဆောင်ခအဖြစ် ကန်ဒေါ်လာ ၁၂၀၀ ကိုရယူခဲ့ကြောင်း၊ ငွေများလိမ်လည် သွားပြီဆိုသည်ကို သိသည့်အတွက် အခြားလမ်းညွှန် တစ်ဦးအား ပြောပြခဲ့ပြီးနောက် ပထမဧည့်လမ်းညွှန်မှာ ပြန်လည်ရောက်ရှိလာပြီး ၎င်းအတွက် ၀န်ဆောင်ခမှာ ၁၀၀ ဖြစ်ကာ တုတ်တုတ် ငှားရမ်းခမှာ ၉၀၀ ဖြစ်သည်ဟု ပြောဆိုခဲ့ပြီး ပိုငွေ ဒေါ်လာ ၂၀၀ အား ပြန်လည်ပေးသွားခဲ့ကြောင်း ချူက ထွက်ဆိုခဲ့သည်။

    နောက်ပိုင်းတွင် ငွေလိမ်လည်ခဲ့သည့် ဆန်ဂျီဝါ ၀ီဂျစ်ဆင်ဟီဟု အမည်ရသည့် အဆိုပါလမ်းညွှန်အား ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး အောက်တိုဘာ ၃၁-ရက်နေ့တွင် ရုံးထုတ် မည်ဟု သိရသည်။

    သီရိလင်္ကာနိုင်ငံမှာ တရုတ်ခရီးသွားအများစု စိတ်ဝင်စားသည့် နိုင်ငံတစ်ခုဖြစ်လာခဲ့ပြီး ၂၀၁၃-ခုနှစ် ပထမ ၈-လတွင် လာရောက်လည်ပတ်သည့် တရုတ်ခရီးသွား ဦးရေ မှာ အဌမ အများဆုံးနေရာတွင်ရှိနေသည်။

    Ref : xinhua, Photo : sirlankafoundation

    ________________________

     

    ပါလက်စတိုင်း ပိုင်နက်အတွင်း တရားမ၀င်အိမ်ရာများ အစ္စရေး ထပ်မံဆောက် လုပ်မည်

    မတရားသိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင် တွင် တရားမ၀င် အိမ်ရာ ၁၅၀၀ ကို ဆောက်လုပ်မည် ဟု အစ္စရေးနိုင်ငံက ကြေညာလိုက်သည်။

    အစ္စရေးဝန်ကြီးချုပ် ဘင်ယမင် နေတန်ရာဟုနှင့် ပြည်ထဲရေးဝန်ကြီး ဂစ်ဒီယွန်ဆာရ်တို့၏ ပြောကြားချက်အား ကိုးကား၍ ယနေ့နံနက်တွင် ကြေညာလိုက်ခြင်းဖြစ်ပြီး၊ အမေရိကန်က ကမကထပြုသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသဘောတူညီချက် အဖြစ် ပါလက်စတိုင်းအကျဉ်းသား ၂၆-ယောက်အား ပြန်လွှတ်ခဲ့ပြီးနောက်ပိုင်းတွင် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

    ထိုကဲ့သို့ တရားမ၀င်အိမ်ရာများဆောက်လုပ်ခြင်းများက နှစ်နိုင်ငံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် အတားအဆီး ဖြစ်သည် ဟု ပါလက်စတိုင်းတို့က ရှုမြင်နေကြသည်။

    ပြီးခဲ့သည့် သြဂုတ်လကလည်း မတရားဖမ်းဆီးထားသည့် ပါလက်စတိုင်းအကျဉ်း သားများကို လွှတ်ပေးပြီးနောက် တရားမ၀င်အိမ်ရာ ၂၀၀၀-ကျော်ကို အစ္စရေးတို့က ဆောက်လုပ်ခဲ့သည်။

    အစ္စရေးမှာ ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်ကို ၁၉၆၇ ခုနှစ် ၆ ရက်စစ်ပွဲပြီး ကတည်းက မတရား သိမ်းပိုက်ထားခြင်း ဖြစ်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းက ထိုကိစ္စအား လစ်လျူရှုထားသည်။

    Ref : aljazeera

    ________________________

    ဒရုန်းလေယာဉ်ဖြင့်တိုက်ခိုက်မှုကို ခံခဲ့ရသည့် မိသားစုတစ်ခုမှ ၎င်းတို့၏ အတွေ့အကြုံများအား အမေရိကန်အစိုးရသို့ ဖွင့်ဟ

    အမေရိကန်၏ ဒရုန်းလေယာဉ်ဖြင့်တိုက်ခိုက်မှုကို ခံခဲ့ရသည့် မိသားစုဝင်များမှ ၎င်းတို့၏ အတွေ့အကြုံများအား ပြောပြခဲ့ပြီး အမေရိကန်လွှတ်တော်အဖွဲ့ဝင် ၅-ဦးက နားထောင်ခဲ့သည်ဟု သိရသည်။

    ဒရုန်းဖြင့်တိုက်ခိုက်မှုကို ခံခဲ့ရသည့် မိသားစုမှ အသက် ၉-နှစ်အရွယ် နဘီလာ ရဟ်မန်နှင့် ၁၃-နှစ်အရွယ်ရှိ ဇူဘိုင်းရ်တို့ မောင်နှမနှစ်ဦးမှာ အဖေဖြစ်သူနှင့်တကွ ၀ါရှင်တန် သို့ ရောက်ရှိလာခဲ့ပြီး ၎င်းတို့ အတွေ့အကြုံကို ပြောပြခဲ့ကာ အမေရိကန်လွှတ်တော်မှ ဒီမိုကရစ်တစ်ပါတီဝင် ၅-ဦးက နားထောင်ခဲ့ကြသည်။

    ထိုမိသားစုမှာ ပါကစ္စတန်မြောက်ပိုင်း ၀ါဇီရစ္စတန်ကျေးရွာတွင်နေထိုင်ကြသူများ ဖြစ်ပြီး၊ ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၄-ရက်နေ့က အမေရိကန် ဒရုန်း လေယာဉ် ဖြင့်တိုက်ခိုက်မှုကြောင့် ၎င်းတို့မိသားစုမှ အသက် ၆၇-နှစ်အရွယ် အဖွားဖြစ်သူ သေဆုံးခဲ့ပြီး ၎င်းတို့မောင်နှမနှစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။

    နောက်ပိုင်းတွင် ရဟ်မန်မှာ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် သေကြေဒဏ်ရာရရှိ သူများအစာရင်းအား နိုင်ငံတကာသို့ တင်ပြရာတွင် ပါဝင်လာခဲ့သည်။ လန်ဒန်အခြေစိုက် ဂျာနစ်လစ်ဆိုင်ရာ စုံစမ်းရေးဗျူရိုမှ ထုတ်ပြန်ချက်အရ ပါကစ္စတန်နိုင်ငံတွင် အမေရိကန်မှ ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုပေါင်း ၃၇၆-ခုရှိခဲ့ပြီး ကလေးငယ် ၂၀၀-ခန့် အပါဝင် သေဆုံးသူ အရပ်သား ၉၂၆-ဦးရှိခဲ့ပြီဟု သိရသည်။

    Ref : aljazeera

    ________________________

    အိန္ဒိယတွင် ဘတ်စ်ကားတစ်စီးမီးလောင်မှုဖြစ်ပွား လူ ၄၄-ဦးသေဆုံး

    အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာ ပရာဒက်ရှ် ပြည်နယ်တွင် ယနေ့နံနက်ပိုင်းကဘတ်စ်ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၄၀-ကျော်သေဆုံးခဲ့သည်ဟု သိရသည်။

    ထိုဘတ်စ်ကားမှာ လူ ၅၀ ကျော်တင်ဆောင်လာခဲ့ပြီး ဘန်ဂလေါပြည်နယ်သို့ သွားနေစဉ် အန်ဒရာပရာဒက်ရှ်ပြည်နယ် ဟိုက်ဒီရာဘဒ် အဝေးပြေးလမ်းမပေါ်တွင် မီးလောင်ခဲ့ခြင်းဖြစ်သည်။ ထိုဘတ်စ်ကားမှာ လမ်းဘေးမြောင်းတစ်ခုကို ၀င်တိုက်ပြီးနောက် ဆီတိုင်ကီကိုထိမိခဲ့ပြီး မီးလောင်ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။

    ယခုအချိန်အထိ သေဆုံးသူမှာ ၄၄ ဦးရှိနေပြီး ယာဉ်မောင်းအပါအ၀င် လူ ၇-ဦးမှာ ကားမှန်များကိုခွဲထွက်ကာ အပြင်သို့ ထွက်နိုင်ခဲ့သောကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း အခြား ခရီသည်သုံးဦးအခြေအနေအား မသိရ သေးကြောင်း ရဲတပ်ဖွဲ့က ထပ်လောင်းပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှ ထုတ်ဝေသော ကမ္ဘာပေါ်တွင် ယာဉ်လမ်းကြောင်းမတော်တဆမှုကြောင့် သေဆုံးမှုအများဆုံး နိုင်ငံများစာရင်းတွင် ပါဝင်သည်ဟုသိရသည်။

    Ref : presstv


    ________________________

  • ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ရန် အခက်အခဲဆုံး နိုင်ငံများစာရင်းတွင် မြန်မာပါဝင်

    ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ရန် အခက်အခဲဆုံး နိုင်ငံများစာရင်းတွင် မြန်မာပါဝင်

    အောက်တိုဘာ ၃၀၊ ၂၀၁၃
    M-Media

    a1

    မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်အတွက် အခက်အခဲဆုံးနိုင်ငံများစာရင်းတွင် ပါဝင်သည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်သော စာရင်းအရသိရသည်။

    Doing Business 2014 ခေါင်းစဉ်ဖြင့် ကမ္ဘာ့ဘဏ်မှ ကဏ္ဍ ၁၀ ခုကိုအခြေခံကာ နိုင်ငံပေါင်း ၁၈၉ နိုင်ငံအား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူမှုအတွက် အဆင့်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ဇင်ဘာဘွေ (အဆင့် ၁၇၀)၊ ဗင်နီဇွဲလား(အဆင့် ၁၈၁) ၏နောက် မြန်မာနိုင်ငံမှာ အဆင့် ၁၈၂ နေရာတွင်ရှိနေပြီး အဆင့် ၁၈၃ တွင် ကွန်ဂိုနိုင်ငံကရှိနေသည်။

    မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှရင်းနှီးမြှုပ်နှံသူများမှ နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန် ရင်းနှီးမြှပ်နှံရေးနှင့် ပက်သက်သော ဥပေဒများအား စတင်ပြုပြင်ခဲ့ပြီးနောက် ကမ္ဘာ့ဘဏ်၏ စာရင်းတွင် ယခုကဲ့သို့ ပထမဦးဆုံးအကြိမ် ပါဝင်လာခြင်းဖြစ်သည်။

    Ref : mmtimes

     

  • မြန်မာနိုင်ငံရှိ အကြမ်းဖက်ခံဒေသများသို့ နိုဝင်ဘာလတွင် OIC အတွင်းရေးမှူးချုပ် နှင့် အဖွဲ့ လာရောက်ရန်ရှိ

    အောက်တိုဘာ- ၃၀ ၊ ၂၀၁၃
    M-Media

    ekmeleddin-ihsanoglu

    နိုင်ငံခြားရေးဝန်ကြီးခြောက်ဦးပါ အဖွဲ့နှင့်အတူ OIC အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu သည် မြန်မာနိုင်ငံရှိ အကြမ်းဖက်ခံ မွတ်စ်လင်မ်များရှိရာ ဒေသသို့ လာရောက်လေ့လာမည်ဖြစ်သည်။

    ရိုဟင်ဂျာမွတ်စ်လင်မ်တို့၏ နိုင်ငံသားအခွင့်အရေးအပေါ် အထူးပြုလေ့လာရန် မြန်မာနိုင်ငံသို့ သွားရောက်မည်ဟု Ihsanoglu က ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ အထူးဆွေးနွေးပွဲ တစ်ခုအပြီးတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

    ရိုဟင်ဂျာမွတ်စ်လင်မ်တို့မှာ ၁၉၈၂ တွင်ပြဌာန်းသည့် နိုင်ငံသား ဥပဒေသစ်ကြောင့်  မြန်မာနိုင်ငံသားများအဖြစ် အသိအမှတ်ပြုခြင်း မခံရကြောင်း၊ ၄င်းတို့၏ ရပ်တည် ရှင်သန်ခွင့်မှာလည်း ဒုတိယ အခြေခံ ပြဿနာဖြစ်နေကြောင်း ၊မြန်မာပြည် ပြဿနာများနှင့် ပတ်သက်၍ မိမိအနေဖြင့် OIC အထွေထွေအတွင်းရေးမှု တာဝန် စယူသည့် အချိန်မှစ၍ အမေရိကန်သမ္မတ ဘားရက် အိုဘားမား၊ ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒ အထူးကိုယ်စားလှယ် ကက်သရင်း အက်ရှ်တန်တို့နှင့် ဆက်သွယ် ဆောက်ရွက်လျက် ရှိကြောင်း၊ မြန်မာပြည်မှ အစွန်းရောက် ဗုဒ္ဓဘာသာဝင် သံဃာများ၏ ကြီးမားသော ဖိအားများကြားမှ လူသားချင်းစာနာထောက်ထားမှု ထောက်ပံ့ရေးရုံး တစ်ခု ဖွင့်လှစ်နိုင်ရန် မြန်မာအစိုးရနှင့် သဘောတူညီမှု ရရှိခဲ့ကြောင်း Ihsanoglu က ဆိုသည်။

    တစ်ချိန်တည်းမှာပင် EU တင်သွင်းသည့်မူကြမ်းအပြင် OIC ၏ မြန်မာနိုင်ငံ၌ အကြမ်းဖက်မှု အဆုံးသတ်ရေး မူကြမ်းကို ကုလလုံခြုံရေးကောင်စီထံ နိုဝင်ဘာ ၁ ရက်တွင် တင်သွင်းသွားမည်ဟု ကုလသမဂ္ဂဆိုင်ရာ စောင့်ကြည့်လေ့လာရေး OIC အမြဲတန်း အတွင်းဝန် Ufuk Gokcen က AA သတင်းဌာနသို့ ပြောကြားသည်။

    UNSC ၏ အလှည့်ကျ ဥက္ကဌဖြစ်သည့် အဇာဘိုင်ဂျန်၏  ကမကထပြုသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ UNSC  နှင့် OIC အကြား ကျင်းပသော အစည်းအဝေးအပြီး မြန်မာပြည်ခရီးအကြောင်းကြေညာခြင်းဖြစ်သည်။

    ၂၀၁၃ ခုနှစ်အတွင်း အစွန်းရောက်ဗုဒ္ဓဘာသာဝင်တို့မှ ရိုဟင်ဂျာ မွတ်စ်လင်မ်တို့၏အိုးအိမ်၊ လုပ်ငန်းခွင်များကို မီးရှို့ဖျက်ဆီးကာ စုပြုံသတ်ဖြတ်မှုဖြစ်ပွားပြီးနောက် ရိုဟင်ဂျာပေါင်း တစ်သိန်းလေးသောင်းကျော် အိုးမဲ့အိမ်မဲ့ ဌာနီမဲ့ ဖြစ်ခဲ့ရသည်။ ၁၉၆၂ မှ ၂၀၁၁ ခုနှစ်အထိ စစ်အစိုးရမှ တင်းကြပ်စွာ အုပ်ချုပ်ခဲ့သည့် မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်စ်လင်မ်တို့အပေါ် အဓိကအားဖြင့် အကြမ်းဖက်ခဲ့ခြင်းဖြစ်သည်။

    Ref:worldbulletin

    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]

  • ဆီးရီးယားစစ်ပွဲမှာ ဂျီဟတ် စစ်ပွဲမဟုတ်၊ ဂိုဏ်းဂဏ ရန်ငြှိုးသာဖြစ်ဟု ဆော်ဒီ မွဖ်သီချူပ် ပြောကြား

    အောက်တိုဘာ- ၃၀ ၂၀၁၃
    M-Media

    Sheikh Abdul Aziz Al-Asheikh

    ဆီးရီးယားအာဏာရှင် ဘာရှာအလ်အာဆတ် အစိုးရအား ဖြုတ်ချရန်အတွက် အတိုက်အခံများအား ကူညီရန် ကမ္ဘာ့တစ်ဝှမ်းရှိ မွတ်စလင်လူငယ်များ ဆီးရီးယားသို့သွားရောက်ကာ အတိုက်အခံများဘက်မှ ကူညီတိုက်ခိုက်ပေးနေသော်လည်း ဆော်ဒီ လူငယ်များအနေဖြင့် ဆီးရီးယားသို့ မသွားရန် ဆော်ဒီအာရေဗျ ဘုရင့်နိုင်ငံ၏ အစ္စလာမ့်ဓမ္မသတ်မှူးချုပ် ရှိုင်းခ် အဗ်ဒုလ် အဇီးဇ် အလ် အရှ်ရှိုင်းခ် က တိုက်တွန်းပြောကြားခဲ့သည်။

    “ဒါ (ဆီးရီးယားသို့ သွားရောက်ပူးပေါင်းမှု) ဟာ လုံးဝကို မှားယွင်းပါတယ်။ မလုပ်မနေရ ၀တ္တရားမဟုတ်ပါဘူး။ ဒီစစ်ပွဲဟာ ဂိုဏ်းဂဏ ရန်ငြှိုးတွေကြောင့်သာဖြစ်ပြီး၊ မွတ်စလင် လူငယ်တွေ မသွားသင့်ပါဘူး။ အဲဒီကိုသွားဖို့ ကျွန်တော် အကြံ မပြုလိုပါဘူး” ဟု ဆော်ဒီ လူငယ်များ ဆီးရီးယားသို့ သွားရောက် တိုက်ခိုက်ခြင်းနှင့် ပတ်သက်ပြီး ဆော်ဒီမွဖ်သီချုပ် ရှိုင်းခ် အဗ်ဒုလ် အဇီးဇ် အလ် အရှ်ရှိုင်းခ်  က ပြောကြားခဲ့သည်ဟု al-Hayat နေ့စဉ် သတင်းစာတွင် ဖော်ပြခဲ့သည်။

    ထို့ပြင် မိမိမကျွမ်းကျင်သည့်၊ အတွေ့အကြုံမရှိသည့် ဒေသတစ်ခုသို့ သွားရောက်ခြင်းမှာ ထိုဒေသတွင် ရှိနေသူများအား ၀န်ထုပ်ဝန်ပိုးဖြစ်စေကြောင်း၊ ထိုဒေသရှိ လူများလိုချင်သည့်အရာမှာ ဒိုအာ တောင်းဆုသာဖြစ်ကြောင်း မွဖ်သီချုပ်က ထည့်သွင်းပြောကြားခဲ့သည်။

    အာဆတ်ဦးဆောင်သည့် အစိုးရတပ်များနှင့် အတိုက်အခံများအကြား ဖြစ်ပွား နေသည့် အဆိုပါစစ်ပွဲမှာ ၂ နှစ်နီးပါး ကြာမြင့်နေပြီဖြစ်ပြီး ထိုစစ်ပွဲကြောင့် လူပေါင်း တစ်သိန်းနီးပါး သေဆုံးခဲ့ပြီဖြစ်သည်။ ထို့ပြင် စစ်ပွဲကြောင့် ဆီးရီးယားနိုင်ငံသား ၁ သန်းကျော် ထွက်ပြေးခဲ့ရပြီး အိမ်နီးချင်းနိုင်ငံများ၌ ခိုလှုံနေရကာ၊ နောက်ထပ် ၂ သန်းကျော်မှာလည်း ဆီးရီးယားနိုင်ငံ အတွင်းတွင် အိုးအိမ်များကို စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင် နေရသည်။

    ပြီးခဲ့သည့် ဇွန်လက အာရပ်ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်ပညာရှင်များက အလ်အာဆတ်ပေါ် ဂျီဟတ်စစ်ပွဲစစ်ပွဲရန် တိုက်တွန်းခဲ့ကြပြီး၊ အာဏာရှင် ဆန့်ကျင်ရေး စစ်ပွဲမှာ အစ္စလာမ့်စစ်ပွဲအဖြစ် ကြေညာခဲ့သည်။ ထိုကြေညာချက်အပြီးတွင် မွတ်စလင်နိုင်ငံများမှ လူငယ်များမှာ အာဆတ်၏ အစိုးရတပ်များအား တိုက်ခိုက်ရန်အတွက် ဆီးရီးယားသို့ သွားရောက်ခဲ့ကြသည်။

    သို့သော်လည်း ဆော်ဒီမွဖ်သီချုပ်က လူငယ်များအား ဆီးရီးယားတွင်း သွားရောက် တိုက်ခိုက်ရန် တိုက်တွန်းဟောကြားနေသည့် မွတ်စလင် တရားဟောဆရာများအား သတိပေးပြောဆိုခဲ့သည်။

    “မွတ်စ်လင်တွေဟာ အလ္လာဟ်အရှင်မြတ်ကို အကြောက်တရားထားရှိရပါမယ်။ ပြီးတော့ မွတ်စ်လင်မ်လူငယ်တွေရဲ့ အသိအမြင်နည်းမှုနဲ့အားနည်းချက်တွေအပေါ် လှည့်ဖြားအမြတ်ထုတ်ပြီး ချောက်ထဲတွန်းချတာမျိုး မလုပ်အပ်ပါဘူး။ တရားဟောပြောသူတွေက လူငယ်တွေကို မိမိတို့ရဲ့ရင်သွေးငယ်တွေလိုသဘောထားပြီး လမ်းညွှန်ပေးကြဖို့ ကျွန်တော် အကြံပြုလိုပါတယ်” ဟု ဆော်ဒီမုဖ်သီချုပ်၏မိန့်ကြားချက်ကို တနင်္လာနေ့သတင်းစာတွင် ဖော်ပြခဲ့သည်

    Ref: OnIslam

    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]

  • ပညာအရည်အသွေးမြင့်မားဖို့ ဆရာအရည်အချင်းမြင့်တင်စို့

    ပညာအရည်အသွေးမြင့်မားဖို့ ဆရာအရည်အချင်းမြင့်တင်စို့

    အောက်တိုဘာ ၃၀၊ ၂၀၁၃
    M-Media
    ဆောင်းပါးရှင် – ဒေါက်တာသန်းမင်းထိုက်(မြန်မာစာ)

    2013-10-30 11.02.06

    လက်ရာညံ့၍ အလှမပီသော ယမင်းရုပ်က ထုဆစ်သူ ပန်းပုဆရာ၏ ခပ်ညံ့ညံ့ပညာကို လှစ်ဟဖော်ပြနေပါသည်။ လက်ရာ မြောက်၍ အသက်ဝင်သော ယမင်းရုပ်မှာမူ လက်ရာရှင် ပန်းပုဆရာ၏ ပါရမီပြည့်ဝသည့် အတတ်ပညာကို ဖော်ကျူး ပြသနေပါသည်။ ပန်းပုပညာ၏ အရည်အသွေးသည် ပန်းပုဆရာ၏ အရည်အချင်းပေါ်တွင် တိုက်ရိုက် တည်မှီနေသကဲ့သို့ ပညာတိုင်း ပညာတိုင်း၏ အရည်အသွေးသည် ပညာကမ်းဆင့်သူ ဆရာတို့၏ အရည်အချင်းပေါ်တွင် တည်မှီနေပါသည်။ ဆရာ့ အရည်အချင်း မြင့်ပါမှ ပညာအရည်အသွေးမြင့်ပါလိမ့်မည်။ပညာအရည်အသွေးကို မြှင့်မားစေလိုလျှင် ဆရာ့အရည်အချင်းကို ဦးစွာမြှင့်တင်ကြရပါမည်။

    ‘ပညာ’ဟုဆိုရာတွင် ‘၀ိဇ္ဖာ’တည်းဟူသော အသိပညာ၊ သိပ္ပံတည်းဟူသောအတတ်ပညာ ဟူ၍ နှစ်မျိုးနှစ်စားရှိသည်။ ဆရာတော်ရှင်မဟာရဋ္ဌသာရက ကိုးခန်းပျို့တွင် “၀ိဇ္ဖာသိပ္ပ လူ့ကိစ္စ” ဟု သုံးနှုန်းမိန့်ဆိုခဲ့ပါသည်။ အသိပညာ အတတ်ပညာ ရှာမှီးခြင်းသည် လူတို့နှင့်သာဆိုင်သောကိစ္စ ဖြစ်သည်။ လူတို့၏အမှတ်လက္ခဏာဖြစ်သည်။ လူပီသရန် ပညာကို သင်ယူကြရပါသည်။ သင်ယူသူရှိလျှင်သင်ကြားပေးသာဆရာလည်းရှိရပါမည်။

    ‘ဆရာ’သည် ‘ပညာ’ကို လက်ဆင့်ကမ်းသယ်ဆောင်ပေးသူဖြစ်သည်။ ရှေးလူတို့၏ အမွေဖြစ်သော အသိ၊ အတတ်တို့ကို နှောင်းလူတို့က ဆရာဖြင့် တဆင့်သယ်ဆောင် ရယူပြီးနောက် အသိသစ် အတတ်သစ်တို့ဖြင့် ပေါင်းစည်းကာ ပညာ အဆောက်အအုံကို ပိုမိုမြင့်စွင့်ခိုင်မာ စေသည်။ ပညာသယ်ဆောင်သူဆရာတို့က အရည်အချင်း မြင့်လျှင် မဖိတ်စင်၊ မယိုယွင်း၊ မတိမ်းပါးအောင် သယ်ဆောင်ပို့ပေးနိုင်ပါမည်။ ဆရာ့အရည်အချင်းနိမ့်လျှင်မူ ပညာသယ်ဆောင်ရာ၌  အလေအလွင့် ရှိနိုင်ပါသည်။ ဆုတ်ယုတ်လျော့ပါးနိုင်ပါသည်။

    ၂၁-ရာစု မုခ်ဦးအလွန်ကို အင်တာနက်ခေတ်၊ နည်းပညာခေတ်၊ အီလက်ထရောနစ်ခေတ်၊ သတင်းကွန်ရက်ခေတ် စသည်ဖြင့် သမုတ်ကြသည်။ မည်သို့ခေါ်ခေါ် ဤခေတ်သည် ကမ္ဘာကို ရွာဖြစ်စေသောခေတ် ဖြစ်သည်။ ခြုံပြောရလျှင် ပညာလှိုင်လှိုင်ကြွယ်သော ပညာခေတ်ဖြစ်သည်။ ပညာနိမ့်ပါးလျှင် ခေတ်ကိုမျက်ခြည်ဖြတ်သူ၊ ခေတ်နှင့် အံမ၀င်သူ၊ ခေတ်နောက်ကျန်သူ ဖြစ်ပေမည်။ ဤခေတ်၏ လူ့အဖွဲ.အစည်းသည် ပညာလူအဖွဲ့အစည်းဖြစ်သည်။ ပညာနိမ့်ပါးလျှင် လူတောတိုးဝံ့မည် မဟုတ်၊ တိုးဝံ့သော်ပဲထား၊လူပုံအလယ်တင့်တယ်မည်မဟုတ်။ ယနေ့ ကမ္ဘာ၏ သြဇာသည်လည်း ပညာဖြစ်သည် လူခါးတောင်ကျိုက်ပြီး လက်ရုံးချင်းယှဉ်ပြိုင်ရသောခေတ် မဟုတ်။ ဥာဏ်ခါးတောင်းကြိုက်ပြီး ပညာချင်း ယှဉ်ရသောခေတ်ဖြစ်သည်။

    ခေတ်က ဤသို့သောခေတ်၊ မိမိတိုင်းပြည်ကလဲ ယခုမှ စနစ်သစ် ခေတ်သစ်ဆီသို့  ခြေလှမ်းသစ်လှမ်းနေသော နုနုထွေးထွေးကာလ။ ဤခေတ် ဤစနစ်တွင် တိုင်းပြည် အတွက် ပညာသည် အရေးအပါဆုံး မောင်းနှင်အားတရပ် ဖြစ်သည်။ ခပ်ညံ့ညံ့ပညာရေးဖြင့် ခရီးတွင်မည်မဟုတ်။ ကမ္ဘာနှင့်ယှဉ်ကာ အမှီလိုက်ရန်လည်း လွယ်မည် မဟုတ်။ အရည်အသွေးမြင့်သော ပညာဖြင့်သာ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ကာ အနာဂတ်တိုင်းပြည်ကို လှပဝေစည်အောင် ၀ိုင်းဝန်းတည်ထောင်ကြရပါမည်။

    အရည်အသွေးမြင့်သော ပညာဆိုသည်မှာ အဘယ်နည်း။ ရှင်မဟာသီလ၀ံသက ပါရာယန၀တ္ထုတွင် ပညာဟူသည် အပြစ်အကျိုးကို ခွဲခြမ်းနိုင်ခြင်းဥာဏ် ဟူ၍ ဖွင့်ဆိုခဲ့ ပါသည်။ မြန်မာအဘိဓာန်တွင်လဲ ပညာကို ခွဲခြမ်းသိမြင်နိုင်သော အသိဥာဏ်၊ ‘အတတ်’ ဟူ၍ဖွင့်ဆိုထားပါသည်။ ဤအဖွင့်တွင် ပညာ၏သဘောလက္ခာဏာကို ပြတ်ပြတ် ထင်ထင် တွေ့နိုင်သည်။ ပညာသည် အကောင်း၊ အဆိုး၊ အမှား၊ အမှန်၊ အကျိုး၊ အပြစ်တို့ကို ခွဲခြားသိမြင်စေတတ်သော လက္ခဏာရှိသည်။ တစ်ဖန် ပုဂံခေတ် သိင်္ဃသူ့ သမီးကျောက်စာတွင် ‘ပညာမရှိသော၊ မိုက်သော’ဟူ၍လည်းကောင်း၊ ‘ပညာရှိသော၊ အကြောင်းကိုသိတတ်သော’ဟူ၍လည်းကောင်း အနက်တူစကားလုံးကွဲများဖြင့် ဆုတောင်းထားပုံကို တွေ့ရသည်။ ပညာမရှိခြင်းသည် မိုက်ခြင်းဖြစ်သည်။ မိုက်မဲခြင်း၊ မှောင်မိုက်ခြင်း၊ အသိအမြင် အလင်းမဲ့ခြင်းတို့သည် ပညာမဲ့ခြင်း၊ ပညာကင်းခြင်း လက္ခဏာဖြစ်သည်။ ပညာရှိလျှင်ကား အကြောင်းကိုသိ၏။ အကျိုးတရားတိုင်း၏ အကြောင်းတရားတို့ကို ဆင်ခြင်သိမြင်အောင် ကြိုးစားနိုင်စွမ်းရှိ၏။ ပန်းသီးကြွေခြင်း၏ အကြောင်းရင်းမှာ ကမ္ဘာမြေ၏ ဆွဲအားကြောင့်ဟု သိသွားသော နယူတန်သည် ပညာရှိသူဖြစ်လာ၏။

    တစ်စုံတစ်ယောက်သည် အတန်းပညာသင်ယူတတ်မြောက်၍ ဘွဲ့လက်မှတ်တို့ကို ကိုင်ဆောင်ထားပါသော်လည်း အကောင်းနှင့်အဆိုး မကွဲမပြားဖြစ်နေလျှင် အမှားနှင့် အမှန် ရောရောထွေးထွေး ရှိနေလျှင် အကျိုးနှင့်အပြစ် ခြားခြားနားနား ဆင်ခြင်မသိလျှင် ပြဿနာ၏အကြောင်းရင်းကို ခြေခြေမြစ်မြစ် စေ့ငှသေချာ လေ့လာစူးစမ်းခြင်း မရှိပဲ ကောလဟလများကို ယုံလွယ် လက်ခံလွယ် လက်ဆင့်ကမ်းလွယ်လျှင် ပဋိ့ပက္ခများတွင် ကျင်လည်နစ်မျော အရုန်းခက်သူဖြစ်နေလျှင် ထိုသူသည် ပညာ၏ သဘောကို ငုံမိခြုံမိသူမဟုတ် အရည်အသွေးနိမ့်သော ပညာကိုသာ ရရှိထားသူဖြစ်သည်။

    ၂၁-ရာစု ကမ္ဘာတွင် အသိပွားရန်၊ လုပ်တတ်ကိုင်တတ်ရန်၊ ဖွံ့ဖြိုးစေရန်၊ အတူရှင်သန်နေထိုင်ရန်တို့အတွက် ရည်ရွယ်၍ ပညာသင်ကြပါသည်။ ဤရည်ရွယ်ချက်ကို အောင်မြင်စွာ ပေါက်မြောက်ခြင်း ရှိ-မရှိသည်လည်း ပညာအရည်အသွေးနှင့် သက်ဆိုင်ပါသည်။ အရည်အသွေးမြင့်သောပညာ ဟုတ် မဟုတ်ကို ဤနည်းဖြင့် ဆန်းစစ် ကြည့်နိုင်ပါသည်။

    ပညာအရည်အသွေးမြင့်မားရန် ဆရာ့အရည်အချင်းကို မြှင့်တင်ရပါမည်။ သို့ဖြစ်လျှင် ဆရာ့အရည်အချင်းတို့ကား အဘယ် အရာများနည်း။

    လူတိုင်းသည် အခြားသူများအတွက် တစ်ကြိမ်တစ်ခါမက ဆရာဖြစ်ခဲ့ဖူးပေမည်။ သို့သော် ဆရာဘ၀ဖြင့် အသက်မွေး၍ ပညာလက်ဆင့်ကမ်းသည့်အလုပ်ကို တစိုက် မတ်မတ်လုပ်မည့်သူအတွက်ကား ၀ါသနာသည် မရှိမဖြစ် အခြေခံ အရည်အသွေးဖြစ်သည်။ အချို့က ဆရာအလုပ်ကို ရရာအလုပ်ရှာရင်း ၀င်လုပ်မိလျက်သား ဖြစ်သွား သူများရှိသည်။ အသက်မွေးဝမ်းကျောင်းတစ်ရပ်အနေဖြင့် ၀င်လုပ်ကြသည်။ အချို့လည်း ဆရာဘ၀ ရကာမှ ဆရာစိတ် စီးဝင်လွှမ်းခြုံမိသွားသည်။ အချို့ကမူ ဆရာဟု အမည်တွင်သော်လည်း ဆရာမပီ၊ ဆရာမည်ကာမတ္တဖြစ်သည်။ အကြောင်းမှာ မူလကပင် ၀ါသနာအခြေမခံသောကြောင့်ဖြစ်သည်။ ၀ါသနာမပါလျှင် အနစ်နာမခံလို၊
    စေတနာပါမည်လည်း မဟုတ်။ စွဲမြဲကြံ့ခိုင်စိတ်လည်းမရှိ၊ စာသင်သား၏အကျိုးကို မကြည့်ဘဲ မိမိ အကျိုးကိုသာ ကြည့်တတ်ကြသည်။ ထို့ကြောင့် အရည်အသွေးမြင့် ဆရာများ ပေါ်ထွန်းစေရန် ၀ါသနာအခြေခံဆရာများကို ရွေးချယ်အပ်သည်။ ကာယကံရှင်များကလည်း ၀ါသနာပါမှသာ ဆရာအလုပ်ကို ရွေးချယ်သင့်သည်။

    ဆရာသည် ‘သင်ခြေပညာ’နှင့် ‘သင်ဝေပညာ’ကို ဖြည့်ဆည်းထားရန် လိုအပ်ပါသည်။ ‘အခြေခံပညာ’ဆိုသည်မှာ မိမိသင်ကြား ပို့ချရမည့် အခြေခံအကြောင်းအရာ၊ ဘာသာရပ်ကို ဆိုလိုသည်။ ဘာသာရပ်မကျွမ်းကျင်ဘဲ ဆရာလုပ်လျှင် အရည်အချင်းရှိသော ဆရာမဖြစ်နိုင်ပေ။ အရည်အသွေးမြင့်သော ပညာကိုလည်း ကမ်းဆင့် နိုင်မည်မဟုတ်ပေ။ ဆရာသည် အချို့ကို အကုန်သိ၍ အကုန်ကို အချို့သိအပ်သည်။ မိမိကျွမ်းကျင်ရာဘာသာရပ်အချို့တွင် မမိသည် သိမြင်နှံ့စပ်သူ ဖြစ်ရမည်။ မိမိဘာသာရပ်အတွက် မိမိကိုယ်ကို ယုံကြည်မှုရှိရမည်။ မိမိဘာသာရပ်မဟုတ်သော ဆက်စပ်ရာ အကြောင်းအရာတို့ကိုလည်း ဗဟုသုတရှိနေရမည်။ ထိုသို့ဖြစ်ရန် ဆရာသည် အမြဲစာဖတ်ရမည်။ ၀မ်းစာပြည့်ဖို့ လိုသည်။

    ဆရာသည် ထာဝရကျောင်းသား ဖြစ်သည်။ အစဉ်အမြဲ လေ့လာဖြည်းဆည်းနေရပါမည်။ သုတေသနမပြတ်ပြု၍ အတွေးသစ် အမြင်သစ်များဖြင့် မိမိအရည်အချင်း ကို မြှင့်တင်နေရပါမည်။ ဆရာသည် မိမိသင်မည့်ဘာသာရပ်တစ်ခုတည်းကိုသာ ကျွမ်းကျင်နေရုံဖြင့် မလုံလောက်သေးချေ။ တစ်နည်း ‘သင်ခြေပညာ’ဖြင့် မလုံလောက်။ ‘သင်ဝေပညာ’ကိုပါ ဖြည့်ဆည်းထားအပ်သည်။ ‘သင်ဝေပညာ’ဆိုသည်မှာ သင်ကြားမျှဝေပုံ နည်းနာဖြစ်သည်။ ‘ဘာသင်မလဲ’ဆိုသည်ထက် ‘ဘယ်လိုသင်မလဲ’ကပို၍ အရေးကြီးသည်ထင်သည်။ သင်မည့် အကြောင်းအရာက အရေးမကြီးဟု ဆိုလိုခြင်းမဟုတ်ပေ။ သင်မည့် အကြောင်းအရာသည် အဓိကပေးမည့် ပညာဖြစ်သည်။ သို့သော် ‘သင်ပြနည်း’ကို မသိပဲသင်လျှင် ‘ပေးကားပေး၏အရ’ဆိုသလို ဖြစ်တတ်သည်။ ထို့ကြောင့် ဆရာ့ အရည်အချင်းကို ‘သင်ဝေပညာ’ဖြည့်ဆည်းခြင်းအားဖြင့်လည်း မြှင့်တင်ရပါမည်။

    မျက်မှောက်ခေတ်ပညာရေးသည် ဆရာဗဟိုပြု ပညာရေးမှသည် ကျောင်းသားဗဟိုပြု ပညာရေးဘက်သို့ ပြောင်းလဲလာပြီ ဖြစ်သည်။ ဆရာက တပည့်များအား ပို့ချရုံ သက်သက် ပညာရေးမျိုး မဟုတ်တော့ပေ။ သင်ယူမှု လွယ်ကူချောမွေ့အောင် စီစဉ်ပေးသူ၊ ကူညီသူ၊ လမ်းညွှန်သူ၊ နည်းလမ်းပြသူ၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ များကို လေ့ကျင့်ပြုပြင်ပေးရသူ ဖြစ်လာပါသည်။ ဤအရည်အချင်းများ ဆရာ့တွင် ရှိရပါမည်။

    ဆရာသည် အဂတိတရားကင်းစင်ရန်လည် လိုအပ်သည်။ မိမိတပည့်သားတို့အား အဆင့်အတန်း၊ ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာ ခွဲခြားခြင်းကင်းရမည်။ ရင်ဝယ်သား ကဲ့သို့ တစ်တန်းတစ်စားတည်း ဆက်ဆံတတ်သူဖြစ်ရမည်။ စာသင်သား၏ နောက်ခံလူမှုအခြေအနေကိုလည်း သိနားလည်အောင် အားထုတ်သင့်သည်။အားပေးနှစ်သိမ့် ခြင်း၊ ကူညီပံ့ပိုးခြင်း၊ စာနာခြင်းတို့ဖြင့် ပညာသင်ကြားရာတွင် အခက်အခဲ ဆူးငြောင့်ခလုတ်များကို ဖယ်ရှားနိုင်ကောင်းသည်။ ဆရာသည် တပည့်အား စာသာမက ယဉ်ကျေးမှု၊ ကိုယ်ကျင့်တရား၊ မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်တို့ကိုလည်း သွတ်သွင်းပေးသင့်ပါသည်။ ၀န်းကျင်နှင့် သဟဇာတရှိရှိ နေတတ်ထိုင်တတ် ပေါင်းသင်း တတ်အောင်လည်း သင်ကြားပေးနိုင်ရပါမည်။ ဆရာသည် စာကိုသာမဟုတ် စိတ်ကိုပါ သင်ကြားရာသည်။

    ဆရာသည် ဆရာ့ဘ၀၊ ဆရာ့အလုပ်ကို တန်ဖိုးထားတတ်သူဖြစ်သည်။ ဆောင်ရွက်ရမည့်တာဝန်ကို သိရမည်။ စောင့်စည်းရမည့် ကျင့်ဝတ်ကိုလည်း သိရမည်။ လိုက်နာ ရမည့်စည်းကမ်းကိုလည်း သိရမည်။ စာသင်ခန်းကို ကောင်းစွာ ထိန်းနိုင်၊ ကိုင်တွယ်နိုင်သူဖြစ်ရမည်။ စာသင်ချိန်တွင် အသံကို လုံလောက်စွာ မြှင့်နိုင်ရမည်။ အတက် အကျလည်း ရှိရမည်။ နှုတ်နှင့်မဟုတ်သော အမူအရာတို့ဖြင့်လည်း ပြောဆိုညွှန်ကြား သရုပ်ဖော်နိုင်ရမည်။ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးနှင့် စာကို ထိထိမိမိ သင်နိုင် ရမည်။ စာသင်သား၏ တစ်ဆက်တစ်စပ်တည်း အာရုံစိုက်နိုင်စွမ်းသည် မိနစ် ၂၀-မျှသာဖြစ်သည်ကို မမေ့သင့်ပေ။ သင်ကောင်းတိုင်း သင်၍ မရပါ။ သင်တိုင်း တတ်သည် မဟုတ်။ ပေးတိုင်းရသည်မဟုတ်။ အာရုံအပြောင်းအလဲ ဖြစ်စေရမည်။ စာသင်ချိန်အဆုံးပိုင်းတွင် ပြန်လည် ခြုံငုံသုံးသပ်တင်ပြမှုပြုရန် အရေးကြီးသည်။ ဟင်းကောင်းရန် ဟင်းကို မြည်းရသကဲ့သို့ မိမိသင်ကြားမှု အောင်မြင်ထိရောက်မှု ရှိ မရှိကိုလည်း အမြဲမပြတ် ပြန်လည် အကဲဖြတ်မှု ရှိရပါမည်။ ပြန်လည် စစ်ကြောမှု ပြုရပါမည်။ မြေဖြူ ကိုင်သည့်ခေတ်မှ ကွန်ပျူတာ၊ ပါဝါပွိုင့်၊ ပရိုဂျက်တာတို့ဖြင့် သင်ကြားရသောခေတ်သို့ ပြောင်းလာပြီဖြစ်ရာ ဆရာသည် နည်းပညာပိုင်းတွင်လည်း ပြတ်ကျန်ခဲ့၍ မရပေ။
    သင်ထောက်ကူ များနှင့် ခေတ်မီနည်းပညာများကို ကောင်းစွာ အသုံးပြုနိုင်ရပါမည်။

    စင်စစ် ပညာသင်ရာတွင် စာသင်သားအတွက် ဆရာအပြင် စာသင်ခန်း၊ သင်ရိုးညွှန်းတမ်း၊ သင်ထောက်ကူပစ္စည်းများလည်း လိုအပ်ပေသည်။ သို့ရာတွင် ထိုအရာများကို ဆရာကတဆင့် ဖန်တီးနိုင်ပါသည်။ သို့မဟုတ်လည်း ထိုအရာများကို အလဲအလှယ်ဖြင့် အစားထိုးနိုင်ပါသည်။ တိုးတက်ထွန်းကားလာသော နည်းပညာများဖြင့် အစား ထိုး၍ မရသော အရာကား ‘ဆရာ’ပင်ဖြစ်သည်။

    ဆရာသည် ပညာဖြင့် အသက်မွေးသူဖြစ်၍ မြတ်သော အသက်ရှင်ခြင်းဖြင့် ရှင်သန်နေသူဖြစ်ပါသည်။ စေတနာ၊ ပါသနာ၊ အနစ်နာဟူသော နာ(၃)နာအပြင် အကြင်နာ၊ နမူနာ၊ နည်းနာ တို့ ထပ်လောင်း၍ နာ(၆)နာနှင့် ပြည့်စုံရသူဖြစ်ပါသည်။ ထို့ပြင် ‘ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ထောက်ရှု’ဟူသော နာယကဂုဏ်(၆)ပါး နှင့်လည်း ပြည့်စုံရသူဖြစ်ပါသည်။ ‘အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့’ဟူသော ဆရာ့ဝတ္တရားတို့နှင့်လည်း အလေ့အထုံ စွဲမြဲသူ ဖြစ်ရပါသည်။ ပညာခေတ်တွင် နည်းပညာ စက်ပစ္စည်းများ မည်မျှပင် တိုးတက်စေကာမူ ဆရာတို့၏ နှလုံးသားမျိုးကို မည်သည့်နည်းပညာနှင့်မျှ အစားထိုး၍ မရနိုင် သေးပါ။ ထို့ကြောင့်လည်း ပညာအရည်အသွေးမြင့်မားရေး လိုအပ်ချက်ကို ဆရာဖြင့်သာ စွမ်းဆောင်နိုင်မည်ဟု ယုံကြည်ကြသည့်အတိုင်း ဆရာ့အရည်အချင်း မြှင့်တင်ဖို့ ကိုသာ အားထုတ်ကြရမည် ဖြစ်ပါသည်။

    ဆရာ့အရည်အသွေးမြှင့်တင်ရန် နိုင်ငံတော်က ခေတ်ပြောင်း စနစ်ပြောင်းသည်နှင့်အညီ တတ်နိုင်စွမ်းသလောက် ကြိုးပမ်း အကောင်အထည်ဖော်လျက် ရှိပါသည်။ ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် အခြားသော ပညာရေးကောလိပ် ၂၁-ခုလည်း ရှိနှင့်ပြီးဖြစ်ပါသည်။ ထိုတက္ကသိုလ်၊ ကောလိပ်များမှ အခြေခံပညာကဏ္ဍအတွက် လိုအပ် သော အရည်အသွေးမြင့် ဆရာများကို မွေးထုတ်ပေးလျက်ရှိပါသည်။ အဆင့်မြင့်ပညာကဏ္ဍအတွက် ၂၀၁၂ စက်တင်ဘာတွင် အသစ်ခန့်လိုက်သော တက္ကသိုလ်နည်းပြ၊ သရုပ်ပြများကို အရည်အချင်းမြှင့် သင်တန်းများ ဖွင့်လှစ်သင်ကြားမွမ်းမံပေးခဲ့ပါသည်။ ထိုသင်တန်းများတွင် ‘သင်ခြေပညာ’ရော ‘သင်ဝေပညာ’ပါ ဖြည့်ဆည်းလေ့ကျင့် ပေးနိုင်ခဲ့ ပါသည်။ အင်္ဂလိပ်စာ အရည်အသွေးမြင့်မားစေရန်လည်း အင်္ဂလိပ်စာသင်တန်း သီးသန့် ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။

    မြန်မာနိုင်ငံသည် အာဆီယံပညာရေးကွန်ရက်ကို ၀င်ရောက်ရန် တာစူနေပါသည်။ အရည်အချင်းမြင့် ဆရာများမရှိလျှင် ၀င်ဆံ့နိုင်မည်မဟုတ်ပါ။ကမ္ဘာ့တက္ကသိုလ်များ နှင့်လည်း ပညာရေးနှီးနှောဖလှယ်မှုများ၊ ပူးပေါင်းမြှင့်တင်မှုများ ပြုလုပ်ရန် အစီအစဉ်များ ရှိနေပါသည်။ တိုင်းပြည်၏အနာဂတ် အလားအလာကောင်းများကို မြင်တွေ့ နေရပါပြီ။ ဆရာတို့သည်လည်း ဘ၀မျှော်လင့်ချက်ရှိသော လူသားများဖြစ်ပါသည်။ တိုင်းပြည် အနာဂတ်အတွက် ပခုံးထမ်းလိုစိတ်ကြောင့်ဖြစ်စေ၊ မိမိတို့၏ အရည် အချင်းပေါ်မူတည်၍ တိုးတက်လမ်းများ ခင်းကျင်းပေးထားလျှင်ဖြစ်စေ၊ ဘ၀ဖူလုံမှုမှာ အပြည့်အ၀ရှိလျှင်ဖြစ်စေ မိမိတို့ အရည်အချင်းကို မိမိတို့ကိုယ်တိုင် မြှင့်တင် ကြလိမ့်မည်ဟု ယုံကြည် ယူဆပါသည်။

    အချုပ်အားဖြင့်ဆိုပါမည်။ အရည်အသွေးမြင့်ပညာအတွက် အရည်အချင်းမြင့်ဆရာတို့ကို ခေတ်က တောင်းဆိုနေပါပြီ။ အရည်အချင်း မပြည့်မီသူများ တစ်စတစ်စ နောက်ကောက်ကျ ကျန်ရစ်ခဲ့ပါလိမ့်မည်။ မကျန်ခဲ့၊ မချန်ခဲ့စေလိုလျှင် အရည်အချင်း မြှင့်ကြပါမည်။ ကမ္ဘာ့အလယ်တွင် တိုင်းပြည်ဂုဏ်တက်၍ ပြည်သူ့ဘ၀ အရောင် လက်လိုလျှင် ‘ပညာအရည်အသွေး မြင့်မားဖို့ ဆရာအရည်အချင်း မြှင့်တင်စို့’ဟုသာ တိုက်တွန်းနှိုးဆော်လိုပါတော့သည်။

    —————————————
    * ယခုဆောင်းပါးသည် ၂၀၁၃-ခု အောက်တိုဘာ ၅-ရက်၊ ကမ္ဘာ့ဆရာများနေ့ နိုင်ငံတော်အဆင့် တက္ကသိုလ် ကောလိပ်အဆင့်တွင် ဒေါက်တာသန်းမင်းထိုက်(မြန်မာစာ) ပထမဆုရရှိခဲ့သော ဆောင်းပါးဖြစ်ပါသည်။ ယခု ဆောင်းပါး ပထမဆုကို နေပြည်တော်တွင် လက်ခံရယူရခဲ့ပါသည်။ ၎င်းနောက် ပြီးခဲ့သည့် အောက်တိုဘာလ ၂၆-ရက် နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ၀ိဇ္ဇာနှင့် သိပ္ပံပပညာရှင်အဖွဲ့ဆု ၂၀၁၂- ခုနှစ်အတွက် ဆယ်သုံးကြိမ်မြောက် သုတေသန စာတမ်းဖတ်ပွဲ ဆုချီးမြှင့်မှုတွင်လည်း ၀ိဇ္ဇာပညာရပ်(မြန်မာစာ)တွင် ‘မြန်မာဘာသာစကား၏ စကားလုံးဖွဲ့ပုံကို သမူဟဘာသာဗေဒ ရှုထောင့်မှ လေ့လာချက်’ခေါင်းစဉ်ဖြင့် ဆုထပ်မံလက်ခံရယူခဲ့ရသူဖြစ်ပါသည်။

    ဒေါက်တာသန်းမင်းထိုက်နှင့် အင်တာဗျူး ဖတ်လိုပါက >> http://www.m-mediagroup.com/?s=%E1%80%80%E1%80%AF%E1%80%AD%E1%80%9E%E1%80%94%E1%80%B9%E1%80%B8%E1%80%99%E1%80%84%E1%80%B9%E1%80%B8%E1%80%91%E1%80%AD%E1%80%AF%E1%80%80%E1%80%B9