News @ M-Media

Blog

  • အောက်တိုဘာ ၂၆၊ အားကစားသတင်း စုစည်းမှု

    အောက်တိုဘာ ၂၆၊ အားကစားသတင်း စုစည်းမှု

    အောက်တိုဘာ ၂၆၊ ၂၀၁၃
    M-Media

    ဘာလော့တယ်လီမှာ ကာကာထံမှ သင်ယူရန်လိုအပ်သည်ဟု အဘာတီဆို


    စံပြုလောက်သော ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦး ဖြစ်လာရန် ဘာလော့တယ်လီအနေဖြင့် ကာကာထံမှ သင်ယူနိုင်သည်ဟု အေစီမီလန်အသင်း၏ ညာနောက်ခံလူ အစ်ဂ်နာဇီယို အဘာတီကပြောကြားခဲ့သည်။

    ထို့ပြင် ကာကာမှာ လူငယ်ကစားသမားများ၏ စံပြုစရာကစားသမားတစ်ဦး ဖြစ်သည်ဟု ယုံကြည်နေပြီး၊ အငြင်းပွားဖွယ်လုပ်ရပ်များကို လုပ်ဆောင်နေသည့် ဘာလော့တယ်လီအား ပြုပြင်ရန်လည်း တိုက်တွန်းလိုက်သည်။

    မန်စီးတီးအသင်း တိုက်စစ်မှူးဟောင်း ဘာလော့တယ်လီမှာ ပေါင်ဒဏ်ရာ ခံစားနေရပြီး၊ ဒဏ်ရာမှ အမြန်ဆုံးသက်သာစေရန် လိုအပ်သောဆေးကုသ မှုများအား ဆောင်ရွက်ခြင်းမရှိပေ။ ကာကာမှာလည်း ပြီးခဲ့သည့်လက ဒဏ်ရာပြဿနာနှင့်ရင်ဆိုင်ခဲ့ရပြီး ပြီးခဲ့သည့်တစ်ပါတ်က အသင်းတွင် ပါဝင်ကစားနိုင်ခဲ့သည်။

    ထို့ကြောင့် ဘာလော့တယ်လီအနေဖြင့် ကာကာ၏ လေ့ကျင့်မှုနှင့် အစားအသောက် နည်းစနစ်အား သင်ယူရမည်ဟု ခံစားနေရသည့် အဘာတီက “ကာကာဟာ အားလုံးအတွက် စံနမူနာကောင်းတစ်ခုပါ။ အထူးသဖြင့် လူငယ်ကစားသမားတွေ အတွက်ပေါ့။ သူဒဏ်ရာရနေတဲ့အခါ လေ့ကျင့်ကွင်းကို မနက်ကတည်းကလာပြီး ညနေကျမှပြန်ပါတယ်” ဟု Gazzetta dello Sport အားကစားသတင်းစာသို့ ပြောကြားခဲ့သည်။
    goal
    _______________________

    ရီးယဲလ်မက်ဒရစ်၏ ကြမ်းတမ်းသောကစားပုံအား ကြောက်ရွံ့နေမည်မဟုတ်ဟု မာတီနိုဆို


    ဘာစီလိုနာအသင်း၏ နည်းပြဖြစ်သူ မာတီနိုက ရီးယဲလ်မက်ဒရစ်အသင်းထံမှ ကြမ်းတမ်းသောကစားပုံများအား ကြောက်ရွံ့နေမည်မဟုတ်ဘဲ ဒိုင်လူကြီးအနေဖြင့် ပွဲစဉ်အား ထိန်းသိမ်းနိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။

    အသက် ၅၀ အရွယ်ရှိပြီဖြစ်သည့် မာတီနိုက ရီးယဲလ်အသင်း၏ ခြိမ်းခြောက်မှု များအားစိုးရိမ်နေမည်မဟုတ်ဘဲ မက်ဆီအားဟန့်တားနိုင်သောသူမှာ ၎င်းတစ်ဦးတည်းသာဖြစ်သည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

    ထို့ပြင် ရီးယဲလ်၏ ကြမ်းတမ်းသောကစားပုံက ပွဲရလဒ်အဖြေအား သက်ရောက်မှု ရှိလိမ့်မည်မဟုတ်ဟု ပြောဆိုခဲ့သည့် မာတီနိုက “မက်ဒရစ်ရဲ့ ကြမ်းတမ်းတဲ့ ကစားပုံကို ကျွန်တော် ကြောက်ရွံ့ရမှာလား။ မကြောက်ပါဘူး။ အသင်းတိုင်းဟာ ကိုယ်ပိုင် စွမ်းဆောင်ရည်အရ ကစားတာပါ။ ပြီးတော့ ဆုံးဖြတ်ပေးမယ့် ဒိုင်လူကြီးလည်းရှိနေပါတယ်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

    ပြိုင်ဆိုင်မှုပြင်းထန်လှသည့် လာလီဂါပြိုင်ဘက်များဖြစ်ကြသည့် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်တို့မှာ ယနေ့ညတွင် ဘာစီလိုနာအသင်း၏ နျူးကမ့်ကွင်းတွင် ယှဉ်ပြိုင်ရန်ရှိနေသည်။ ပြီးခဲ့သည့်နှစ်က ၎င်းတို့နှစ်သင်းကစားခဲ့သည့် ပွဲစဉ်နှစ်ခုတွင် စုစုပေါင်း အ၀ါကဒ် ၁၆ ကဒ်နှင့် အနီကတ် ၁ ကဒ် ပြသခြင်းခံခဲ့ရသည်။
    goal
    _______________________

    တိုက်စစ်မှူးများ၏ ကစားပုံများနှင့် ပက်သက်ပြီး မော်ရင်ဟိုပျော်ရွှင်နေ

    နောက်ဆုံးကစားခဲ့သည့် ချယ်ဆီးအသင်း၏ ပွဲများတွင် ဂိုးများသွင်းယူခဲ့ကြသည့် တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်နှင့် ဆင်မြူယဲလ်အီတိုးတို့အား အသင်းနည်းပြ မော်ရင်ဟိုက ချီးကျူးလိုက်ပြီး ၎င်းတို့၏ စွမ်းဆောင်ရည်များနှင့်ပက်သက်၍ ကျေနပ်မိကြောင်း ပြောဆိုလိုက်သည်။

    ချယ်ဆီးအသင်းမှာ နောက်ဆုံးကစားခဲ့သည့် ၇-ပွဲတွင် ရှုံးပွဲမရှိခဲ့ပဲ တောရက်စ်နှင့် အီတူးတို့မှာလည်း ကာဒစ်ပွဲနှင့် ရှော်လ်ကာ ပွဲတို့တွင် ဂိုးများ အသီးသီးသွင်းယူနိုင်ခဲ့သည်။ သို့သော်လည်း အသင်း၏ အခြားတိုက်စစ်မှူး တစ်ဦးဖြစ်သည့် ဒမ်ဘာဘားမှာ ယခုရာသီတွင် တစ်ဂိုးသာ သွင်းယူထားနိုင်သေးသည်။

    “တိုက်စစ်မှူးအားလုံးရဲ့ စွမ်းဆောင်ရည်ကြောင့် ကျွန်တော်ပျော်ရွှင်မိပါတယ်။ သူတို့ဂိုးတွေမသွင်းနိုင်တဲ့အချိန်မှာ ကြိုးစား ကစားခဲ့ပြီး အသင်းအတွက် အကောင်းဆုံးကို လုပ်ဆောင်ပေးခဲ့ပါတယ်။ ပြီးတော့ သူတို့ဟာ အသင်းအတွက် မတူညီတဲ့ ကူညီမှုမျိုးတွေလည်း လုပ်ဆောင်ပေးပါတယ်။ တစ်ခါတရံမှာဂိုးတွေသွင်းပြီး ဒါဟာတကယ့်ကို အရေးပါတဲ့အရာပါပဲ” ဟု မော်ရင်ဟိုက သတင်းထောက်များအား ပြောကြားခဲ့သည်။
    goal
    _______________________

    Swiss Indoors ပြိုင်ပွဲ ဆီးမီးဖိုင်နယ်သို့ လက်ရှိချန်ပီယံတက်ရောက်


    ဆွစ်ဇလန်နိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် Swiss Indoors တင်းနစ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ အာဂျင်တိုင်းတင်းနစ်သမား ဂျူအန် မာတင် ဒယ်လ်ပေါ်ထရိုမှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဟု သိရသည်။

    ဒယ်လ်ပေါ်ထရိုမှာ ပြင်သစ်တင်းနစ်သမား ပေါလ်-ဟင်နရီ မက်သယူးအား ၆-၄၊ ၆-၄ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    “ကျွန်တော်အကောင်းဆုံး ကစားခဲ့ပါတယ်။ ကျွန်တော့်ရဲ့စပေးဘောတွေကို ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်ဟာ တစ်ပွဲပြီးတစ်ပွဲ ပိုကောင်းလာပါတယ်” ဟု ပေါ်ထရိုက ပွဲအပြီးတွင်ပြောကြားခဲ့သည်။

    ပေါ်ထရိုမှာ ဆီမီးဖိုင်နယ်တွင် ပြင်သစ်တင်းနစ်သမား အဒူယာ့ဒ် ရော်ဂျာ-ဗက်စ်လင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။
    skysports

    _______________________

    WTA Championships ဆီးမီးဖိုင်နယ်သို့ လီနာတက်ရောက်


    တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ကျင်းပပြုလုပ်နေသည့် ရာသီပိတ် WTA Championships တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ တရုတ်တင်းနစ်မယ် လီနာ တက်ရောက်သွားပြီဟု သိရသည်

    လီနာမှာ ဘီလာရုဇ်တင်းနစ်မယ် ဗစ်တိုရီးယား အဇာရန်ကာအား ၆-၂၊ ၆-၁ ဖြင့်အနိုင်ရရှိခဲ့ကာ ဆီးမီးဖိုင်နယ်သို့ တက်ရောက်သွားခြင်းဖြစ်သည်။ ထိုပွဲအနိုင်မှာ လီနာ၏ အဖြူရောင်အုပ်စုအတွင်း သုံးပွဲဆက်နိုင်ပွဲဖြစ်သည်။
    ဆားဘီးယားတင်းနစ်မယ် ဂျလီနာဂျန်ကိုဗစ်မှာ အုပ်စုနောက်ဆုံးပွဲတွင် အီတလီ တင်းနစ်မယ် ဆာရာ အီရာနီအား ရှုံးနိမ့်ခဲ့သော်လည်း လီနာ၏နိုင်ပွဲကြောင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားနိုင်ခဲ့သည်။

    အခြားအုပ်စုတစ်ခုဖြစ်သည့် အနီရောင်အုပ်စုမှ အမေရိကန် နာမည်ကြီးတင်းနစ်မယ် ဆရီနာဝီလီယံနှင့် ပီထရာကဗီတိုဗာတို့ ဆီမီးဖိုင်နယ်သို့ အသီးသီးတက်ရောက်လာခဲ့သည်။

    WTA Championships ချန်ပီယံရှစ်ပြိုင်ပွဲမှာ ကမ္ဘာ့အဆင့် ၁ မှ ၈ အတွင်းရှိ တင်းနစ်မယ်များသာ ၀င်ရောက်ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး အဖြူရောင်အုပ်စုနှင့် အနီရောင်အုပ်စုဟူ၍ အုပ်စုနှစ်ခုခွဲထားသည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး လီနာနှင့် ကဗီတိုဗာ၊ ဆရီနာဝီလီယံနှင့် ဂျလီနာဂျန်ကိုဗစ်တို့ တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။
    skysoprts
    _______________________

  • အောက်တိုဘာ ၁၆၊ ပြည်တွင်းနှင့် နိုင်ငံတကာသတင်း စုစည်းမှု

    အောက်တိုဘာ ၁၆၊ ပြည်တွင်းနှင့် နိုင်ငံတကာသတင်း စုစည်းမှု

    အောက်တိုဘာ ၂၆၊ ၂၀၁၃
    M-Media

     

    အမေရိကန်၏ သူလျှိုလုပ်ငန်းက အကြမ်းဖက်ဝါဒအား တိုက်ခိုက်မှုကို ပျက်စီးစေသည်ဟု အီးယူဆို

    အမေရိကန်အနေဖြင့် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံ့ခေါင်းဆောင် ၃၅ ဦးတို့၏ ဖုန်းခေါ်ဆိုမှုများအား စောင့်ကြည့်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာခြင်း က ဥရောပ နိုင်ငံ များအား အမျက်ထွက်စေခဲ့ပြီး၊ သူလျှိုလုပ်ငန်းနှင့် ပက်သက်၍ အမေရိကန်အပေါ် သံသယရှိခြင်းက အကြမ်းဖက်ဝါဒအား တိုက်ခိုက်ခြင်းကို ပျက်စီးစေနိုင်ကြောင်း၊ ဥရောပ ခေါင်းဆောင်များက ပြောဆိုလိုက်သည်။

    ဥရောပနိုင်ငံများတွင်တိုးပွားလာသော ဒုက္ခသည်များအရေးကို အာရုံစိုက်ဖြေရှင်းရန် ဘရပ်ဆဲလ်မြို့တွင်ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် အမေရိကန်၏ သူလျှိုလုပ်ငန်းများအကြောင်းကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

    “ထောက်လှမ်းရေးအချက်အလက်တွေကို စုဆောင်းတာဟာ အကြမ်းဖက်ဝါဒကို တိုက်ခိုက်ရာမှာ အရေးပါတဲ့လုပ်ငန်းတစ်ခုလို့ ဥရောပခေါင်းဆောင်တွေက အလေးထား ပြောဆိုခဲ့ကြပါတယ်။ ဒီလုပ်ငန်းဟာ ဥရောပနိုင်ငံတွေအကြား ဆက်ဆံရေးနဲ့ အမေရိကန်နဲ့ဆက်ဆံရေးတို့မှာ သက်ရောက်မှုရှိပါတယ်။ ဒါ့ကြောင့် (ဥရောပနဲ့ အမေရိကန်နိုင်ငံများအကြားတွင်) ယုံကြည်မှုနည်းလာခြင်းဟာ လုံခြုံရေးအချက်အလက်တွေ စုဆောင်းတဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ မသေချာမှုတွေ
    ဖြစ်နိုင်ပါတယ်” ဟု ဥရောပသမဂ္ဂ ဥက္ကဌ ဟာမန်းဗန်ရွမ်ပွိုင်က ပြောကြားခဲ့သည်။

    Ref : aljazeera

    _________________________
    သမီးဖြစ်သူများ၏ အပျိုစင်ဘ၀အား ရောင်းစားခဲ့သည့် အမေဖြစ်သူကို ကိုလံဘီယာတွင်ဖမ်းဆီး

    သမီးဖြစ်သူများ၏ အပျိုစင်ဘ၀အား ဒေါ်လာရာဂဏန်းအနည်းငယ်ဖြင့် ရောင်းစားခဲ့သည့် မိခင်တစ်ဦးအား ကိုလံဘီယာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    ထိုအမျိုးသမီးမှာ အသက် ၄၅ နှစ်အရွယ်ရှိ Margarita de Jesus Zapata Moreno ဟု အမည်ရပြီး ကလေး ၁၄ ယောက်၏ မိခင်ဖြစ်ကာ၊ အသက် ၅၁ နှစ်အရွယ်ရှိ ကန်ထရိုက်တာတစ်ဦးနှင့်အတူ ယခု သီတင်းပတ်အတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ထိုကန်ထရိုက်တာမှာ ထိုအမျိုးသမီး၏ သမီးဖြစ်သူအား ကိုဝန်ရရှိစေခဲ့သည်ဟု ရဲတပ်ဖွဲ့က ယုံကြည်နေသည်။

    ကိုလံဘီယာမြို့တော် ဘိုဂိုတာတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး Zapata Moreno မှာ သူမ၏ ၁၂ အရွယ်သမီးဖြစ်သူများအား လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှုအတွက် အသက် အရွယ်ကြီးရင့်သူများထံ ကိုလံဘီယာပီဆို ၃ သိန်းနှင့် ၄ သိန်းအကြား (ကန်ဒေါ်လာ ၁၆၀ နှင့် ၂၁၂ အကြား) ပမာဏဖြင့် ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    Ref : cnn

    _________________________
    အာဆီယံကုန်စည်ပြပွဲ ဘရူနိုင်းတွင်ပြုလုပ်

    ၂၀၁၃ ခုနှစ်အာဆီယံကုန်စည်ပြပွဲကို ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘဂ်ဝန်မြို့တော်ရှိ Bridex ခန်းမတွင် ပြုလုပ်ခဲ့ပြီး ဒေသတွင်းနှင့်  နိုင်ငံတကာမှ ပြသသူ ၁၀၀ ကျော် ပါဝင်ခဲ့ကြသည်ဟု သိရသည်။

    ငါးရက်တာကြာမြင့်မည့် အဆိုပါပြပွဲမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်၊ တောင်ကိုရီးယား၊ ရုရှား၊ အိန္ဒိယ၊ သြတေးလျ၊ နယူးဇီလန်၊ အမေရိကန်နှင့် ကနေဒါ စသည့်မိတ်ဖက်နိုင်ငံများအတွင်း စီးပွားရေးအခွင့်အလမ်းများပေါ် သတိထားမှုများ ပိုမို ဖန်တီးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

    အာဆီယံအဖွဲ့ဝင်နိုင်ငံများမှာ ဘရူးနိုင်း၊ ကမ်ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း၊ မြန်မာ၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့ ဖြစ်ကြပြီး စုစုပေါင်း လူဦးရေ သန်း ၆၀၀ ကျော်ရှိသည်။

    Ref : xinhua
    _________________________

    နယ်စပ်တိုက်ခိုက်မှုများတွင် ပါဝင်သည့် လူ ၁၆-ဦးအား အီရန်ကြိုးပေး

    အီရန်နိုင်ငံနယ်စပ်တွင်သောကြာနေ့က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမား ၁၆ ဦးအား အီရန်အစိုးရက ယနေ့နံနက်တွင် ကြိုးပေး ခဲ့သည်ဟု တရားရေးဌာန တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    ထိုတိုက်ခိုက်မှုမှာ ပါကစ္စတန်နယ်စပ် စစ်ဆတန်နှင့် ဘာလောက်ချက်စတန်ပြည်နယ် ဆရာဗန်မြို့နားရှိ တောင်တန်းဒေသတွင် သောကြာနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နယ်စပ်အစောင့်တပ်သား ၁၇-ဦးသေဆုံးခဲ့ကာ၊ ငါးဦးဒဏ်ရာရရှိခဲ့ပြီး ၄-ဦးမှာ ဓားစာခံအဖြစ် ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။

    Ref : xinhua
    _________________________

    ၇.၃ ပြင်းအားအဆင့် ငလျင် ဂျပန်တွင်ဖြစ်ပွား

    ပြင်းအား ၇.၃ မဂ္ဂနီကျုရှိသည့် ငလျင်တစ်ခုမှာ ဂျပန်ကျွန်းမကြီး၏ အရှေ့ဘက် မိုင် ၂၀၀ အကွာအဝေးရှိ ပစိဖိတ်သမုဒ္ဒရာကို ဗဟိုပြု၍ ယနေ့နံနက်စောစောပိုင်း ဒေသ စံတော်ချိန် ၂-နာရီ ၁၀-မိနစ်ခန့်က လှုပ်ခတ်သွားသည်ဟု အမေရိကန် ဘူမိဗေဒလေ့လာရေးစခန်းက သတင်းထုတ်ပြန်ခဲ့သည်။

    စောစောပိုင်းက ဂျပန် မိုးလေ၀သအေဂျင်စီမှ ဖူကူရှီးမားရှိ ကမ်းရိုးတမ်းဒေသများတွင် ဆူနာမီသတိပေးချက်များထုတ်ပြန်ထားပြီး ဒေသခံများအား မိမိတို့နေအိမ်များ အား စွန့်ခွာရန် သတိပေးထားသော်လည်း နောက်ပိုင်းတွင် ထိုသတိပေးချက်အား ရုပ်သိမ်းခဲ့သည်။

    ထိုငလျင်ကြောင့် ပင်လယ်ရေပြင်မှာ အနည်းငယ်အပြောင်းအလဲ ရှိနိုင်သော်လည်း စိုးရိမ်စရာမရှိဟု အေဂျင်ဆီက ထည့်သွင်းထုတ်ပြန်ခဲ့သည်။ ထို့ပြင် ပစိဖိတ် ဆူနာမီသတိပေးစခန်းကလည်း ပစိဖိတ်ဒေသအတွင်း ဆူနာမီလှိုင်းများ များများစားစားမရှိနိုင်ဟု ကြေညာခဲ့သည်။

    Ref : cnn
    _________________________

  • မျိုးစောင့်တရားမေးခွန်း တက္ကသိုလ် ပထမနှစ် စာမေးပွဲမေးခွန်းတွင်မေး

    မျိုးစောင့်တရားမေးခွန်း တက္ကသိုလ် ပထမနှစ် စာမေးပွဲမေးခွန်းတွင်မေး

    အောက်တိုဘာ ၂၆၊ ၂၀၁၃
    M-Media
    K K

    ရန်ကုန်   ။        ။     ယခုရက်ပိုင်းအတွင်း ပြုလုပ်နေသည့် အဝေးသင် တက္ကသိုလ်စာမေးပွဲများတွင် မေးသည့် မေးခွန်းလွှာများ၌ မျိုးစောင့်တရားကို မေးခွန်းထည့်မေး ထားသည်ဟု သိရှိရသည်။

    အဝေးသင်တက္ကသိုလ် ပထမနှစ် ၀ိဇ္ဖာတန်း မေးခွန်းများ၌ ‘အမျိုးနှင့် အမျိုးစောင့်တရား’စကားပြေတွင် မြန်မာအမျိုးသမီးများအား မည်ကဲ့သို့ ဆုံးမထားသနည်း’ ဟူသည့်မေးခွန်းအား ထည့်သွင်း မေးမြန်းထားခြင်းမှာ ယခင်အခြေအနေမျိုးတွင် သာမန် စာမေးပွဲ မေးခွန်းပုံစံသာ မထူးခြားသော်လည်း ယခုကဲ့သို့ ဘာသာရေး၊ လူမျိုးရေး၊ အမျိုးစောင့်တရားဆိုသည်များ ရှုပ်ထွေးနေသည့် ကာလတွင် ဤကဲ့သို့ ထည့်သွင်း မေးမြန်းခြင်းသည် တက္ကသိုလ်ကျောင်းများတွင်လည်း ခွဲခြားမှုများ ရှိနေသည်မှာ မလွဲဖြစ်သည်ဟု ပြောဆိုလာကြပါတယ်။

    တက္ကသိုလ်ပထမနှစ် ၀ိဇ္ဇာတန်း ကျောင်းသား တစ်ယောက်က “ကျွန်တော်တို့ ကျောင်းမှာ မွတ်စလင်မ်ဆို အနည်းနဲ့အများ ခွဲခြားမှုလေးတွေ တော့ရှိနေတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေကလည်း မသိလိုက် မသိဘာသာ နေခဲ့ကြတာပါ။

    ဒါပေမယ့် ဒီမေးခွန်းကို ကျွန်တော် ကိုယ်တိုင် မကိုင်ရခင် သိပ္ပံသမားတွေဖြေရတော့လည်း မေးခွန်းမှာ ဒီအကြောင်းအရာ ပါသွားတယ်။ သူငယ်ချင်းက ပြောပြလို့သိရ တာ။ အခုတော့ ကျွန်တော်ကိုယ်တိုင်ဖြေတဲ့ စာမေးပွဲမှာ ဒီမေးခွန်းက ပါလာတယ်။ တကယ်ဆို ဆရာတွေ ဒီမေးခွန်း မမေးသင့်ဘူး။တမင်သက်သက်ထည့်မေးတာလို့ပဲ မြင်တယ်။ ကျောင်းသားတွေအချင်းချင်းမှာ ခွဲခြားမှုတွေ ရှိနေရင်တောင် ဆရာ၊ ဆရာမတွေ ပါမောက္ခတွေက ဒါကို ဆင်ခြင်သင့်တာပါ။ အခုတော့ တမင်သက်သက်ကို လုပ်နေတယ်လို့ ခံစားရတယ်။ ကျောင်းတက်ရတာတောင် စိတ်ပျက်တယ်။”လို့ M-Media ကို ပြောပါတယ်။

    အဆိုပါ လူမျိုး ဘာသာ ခွဲခြားမှုများဟာ မူလတန်း၊ အလယ်တန်း၊ အထက်ကျောင်းများသာမက တက္ကသိုလ်အဆင့်ထိပါ ပြုလုပ်မှုများ ရှိနေသောကြောင့် ဤကဲ့သို့သာ ဆက်လက်လုပ်ဆောင်နေပါက ဒီမိုကရေစီ မြန်မာနိုင်ငံတော်ကြီးလည်း မျှော်မှန်းရန် မသင့်ကြောင်း အဆိုပါ ကျောင်းသားမှပင် ပြောခဲ့ပြန်ပါတယ်။

  • ၇.၃ ပြင်းအားအဆင့် ငလျင် ဂျပန်တွင်ဖြစ်ပွား

    ၇.၃ ပြင်းအားအဆင့် ငလျင် ဂျပန်တွင်ဖြစ်ပွား

    အောက်တိုဘာ ၂၆၊ ၂၀၁၃
    M-Media

    73-magnitude-earthquake-strikes-off-the-coast-of-japan

    ပြင်းအား ၇.၃ မဂ္ဂနီကျုရှိသည့် ငလျင်တစ်ခုမှာ ဂျပန်ကျွန်းမကြီး၏ အရှေ့ဘက် မိုင် ၂၀၀ အကွာအဝေးရှိ ပစိဖိတ်သမုဒ္ဒရာကို ဗဟိုပြု၍ ယနေ့နံနက်စောစောပိုင်း ဒေသ စံတော်ချိန် ၂-နာရီ ၁၀-မိနစ်ခန့်က လှုပ်ခတ်သွားသည်ဟု အမေရိကန် ဘူမိဗေဒ လေ့လာရေးစခန်းက သတင်းထုတ်ပြန်ခဲ့သည်။

    စောစောပိုင်းက ဂျပန် မိုးလေ၀သအေဂျင်စီမှ ဖူကူရှီးမားရှိ ကမ်းရိုးတမ်းဒေသများတွင် ဆူနာမီသတိပေးချက်များထုတ်ပြန်ထားပြီး ဒေသခံများအား မိမိတို့နေအိမ်များအား စွန့်ခွာရန် သတိပေးထားသော်လည်း နောက်ပိုင်းတွင် ထိုသတိပေးချက်အား ရုပ်သိမ်း ခဲ့သည်။

    ထိုငလျင်ကြောင့် ပင်လယ်ရေပြင်မှာ အနည်းငယ်အပြောင်းအလဲ ရှိနိုင်သော်လည်း စိုးရိမ်စရာမရှိဟု အေဂျင်ဆီက ထည့်သွင်း ထုတ်ပြန်ခဲ့သည်။  ထို့ပြင် ပစိဖိတ် ဆူနာမီ သတိပေးစခန်းကလည်း ပစိဖိတ်ဒေသအတွင်း ဆူနာမီလှိုင်းများ များများစားစားမရှိနိုင်ဟု ကြေညာ ခဲ့သည်။

    Ref : cnn

  • ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာရှင်းလင်းပွဲနှင့် လူထုဆန္ဒခံယူပွဲ

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာရှင်းလင်းပွဲနှင့် လူထုဆန္ဒခံယူပွဲ

    အောက်တိုဘာ ၂၆၊ ၂၀၁၃
    M-Media
    လင်းလင်း

    ရန်ကုန်   ။        ။      ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာရှင်းလင်းပွဲနှင့် လူထုဆန္ဒခံယူပွဲကို အောက်တိုဘာ ၂၅-ရက် ည ၇း၀၀-နာရီက အရိုးကုန်းရပ်ကွက်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

    ဒီနေ့ အခြေခံဥပဒေအတွက် ရှင်းလင်းတင်ပြခြင်းဟာ အင်မတန်မှလိုအပ်ချက်တစ်ခုဖြစ်ပါတယ်၊ ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီချုပ်ဟာ ပြည်သူတွေအတွက် အရှေ့ကနေ မားမားမတ်မတ် ရပ်တည်သလို ပြည်သူတွေရဲ့အကျိုးပြုလုပ်ငန်းများကိုလည်း အားကုန်ခွန်စိုက်ဆောင်ရွက်နေပါတယ်၊ ဒါကြောင့် ၂၀၀၈ အခြေခံ ဥပဒေသည် ပြည်သူတွေအတွက် ဘယ်လောက် အကျိုးတက်ရောက်မှုတွေရှိလဲ၊ ပြည်သူတွေအတွက် ဘယ်လောက်အကာကွယ်ပေးလဲ၊ ပြည်သူတွေအတွက် ဘယ်လောက် အားထားရာ ဘယ်လောက်ရုံကြည်ရာဖြစ်နေသလဲ၊ ပြည်သူရဲ့ လိုအပ်ချက်တွေ ဘယ်လောက်ကာကွယ်နိုင်သလဲ၊ လူ့အခွင့်အရေးတွေအနေနဲ့ ပက်သက်ပြီး ဘယ်လောက်အာမခံနိုင်သလဲ။ နိုင်ငံတကာရဲ့ဥပဒေများနှင့် ဘယ်လောက်စံနှုန်းတွေနဲ့ ပြည့်ဝနေမလဲဆိုတာ ပြည်သူတွေသိရှိဖို့အတွက် အင်မတန် လိုအပ်ပါတယ်။

    ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၀၈ အခြေခံဥပဒေအတွက်၊ ပြည်သူများသိရှိနိုင်ရန်အတွက် လိုအပ်ပါတယ်၊ ဒီနေ့ ဒီအချိန်အခါဟာ နိုင်ငံတော်အတွက် ပြည်သူသာလျှင်အမိ၊ ပြည်သူသာလျှင်အဖ၊ ပြည်သူသာလျှင်အဒိကဖြစ်ပါတယ်၊ ဒါကြောင့်မိုလို့ ပြည်သူသဘော ဆန္ဒတွေကို ခံယူပြီး ပြည်သူရဲ့ အဆုံးအဖြတ်၊ ပြည်သူရဲ့သဘောထားများကို ရယူခြင်းဖြစ်ပါတယ်၊ ဘာဖြစ်လို့်လဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေသည်များသောအားဖြင့် ပြည်သူတွေအတွက်အကျိုးမဖြစ်ဘူး။ မကောင်းဘူး ပြည်သူအတွက်အကာကွယ်မပေးဘူး နိုင်ငံတော်ရဲ့စံညွန်းစံချိန်များ မညီတဲ့အတွက် မကောင်းဘူး ဆိုတဲ့အစိတ်အပိုင်းလောက်ဘဲ သိနေပါတယ်။
    ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၀၈ အခြေခံဥပဒေနှင့်ပတ်သက်လို့ ပြည်သူတွေ ရှင်းရှင်းလင်းလင်း သိရှိနိုင်အောင် ကျွန်တော်တို့အဖွဲ့ချုပ်အနေနဲ့ ဆောင်ရွက်ချင်းဖြစ်ပါတယ် “ဟု ဦးလှသိန်းမှပြောကြားခဲ့သည်။
    ဆက်လက်ပြီး အရှေ့ပိုင်းခရိုင် ဥပဒေ အထောက်အကူပြုအဖွဲ့မှ ဦးဖြိုးသူရိန်ဌေး ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပက်သက်ပြီး ဆက်လက်ရှင်းလင်းတင်ပြခဲ့ရာ “၂၀၀၈ အခြေခံဥပဒေဆိုသာ ဘာလဲ၊ ဘယ်လောက်အရေးကြီးသလဲ။ ဖွဲ့စည်းပုံဥပဒေအရ ဒီမိုကရေစီစံနှုန်းနဲ့ လွဲနေတာကိုကျွန်တော်အနည်းငယ် ရှင်းလင်းတင်ပြမှာ ဖြစ်ပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဘာလဲဆိုတော့ လက်ရှိုအပ်ချုပ်နေတဲ့ အစိုးရနဲ့ ပြည်သူလူထုနဲ့ ချုပ်ဆိုထားတဲ့ ဥပဒေတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့ လွဲချော်နေတဲ့ကိစ္စရပ်လေးတွေကို ကျွန်တော်အနည်းငယ် တင်ပြချင်ပါတယ်၊ မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံဥပဒေ ၃-ရပ် ရေးဆွဲခဲ့ ပါတယ်၊ ပထမဆုံးရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံဥပဒေကို ၁၉၄၇ ခုနှစ်ကရေးဆွဲခဲ့တယ် ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော် ကိုယ်စားလှယ် တွေ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဖြစ်ပါတယ်၊ နောက်တစ်ခုကတော့ ၁၉၇၄ မဆလ လက်ထက်မှာ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဖြစ်ပါတယ်၊ နောက်ဆုံးတစ်ခုကတော့ ယခုသုံးဆွဲနေတဲ့ ၂၀၀၈ အခြေခံဥပဒေပဲဖြစ်ပါတယ်၊ လက်ရှိ ဖွဲ့စည်းပုံ ဥပဒေမှာ အကြောင်းအရာအနည်းငယ်ကို ရှင်းလင်းတင်ပြပေးချင် ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်မယ်ဆိုရင် လက်ရှိပြည်ထောင်စုလွှတ်တော်မှာ ရှိနေတဲ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ၂၀% အဆိုတင်သွင်း ရမယ်လို့ ဆိုထားပါတယ်၊ ပြီးတဲ့အခါကြတော့ ပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ကိုယ်စားလှယ်တွေ ၂၀%က အဆိုတင်သွင်းပြီးသွားရင် ပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ ကိုယ်စားလည်တွေ ၇၅% ကျော်ကထောက်ခံမဲ ပေးရမယ်လို့လဲဆိုထားပါတယ်၊ နောက်ဆုံးတစ်ခုကတော့ ပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ကိုယ်စားလှယ် ၇၅% ကျော် က ထောက်ခံမဲပေးပြီးသွားပြီဆိုရင် လက်ရှိပြည်သူလူထုအနေနဲ့ ဆန္ဒခံယူ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေရဲ့ ၅၀% ကဆန္ဒမဲပေးကမယ်ဆိုပြီးတော့ဆိုထားပါတယ်။ အဲဒီအပိုင်းမှာလဲ ပြည်သူလူထုအနေနဲ့ ဆန္ဒမဲပေးသူမဟုတ်ပဲနဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅၀% ကျော်က ဆန္ဒမဲပေးကမယ်ဆိုတော့ ဒီမိုကရေစီစံနှုန်းတွေနဲ့ နည်းနည်းများ လွဲနေသလားလို့ ကျွန်တော်ထင်မိပါတယ်” ဟု ဦးဖြိုးသူရိန်ဌေးက ပြောကြားခဲ့ပါသည်။

    ၎င်းနောက် နိဂုံးချုပ်စကားပြောကြားခဲ့ပြီး တက်ရောက်လာသူများကို ၂၀၀၈ အခြေခံဥပဒေကိုပြင်ဆင်ချင်ပါသလားလို့ မေးမြန်းခဲ့ရာ ပြင်ဆင်လိုကြောင်း တညီတညွှတ် တည်းဖြေကြားခဲ့ကြပါသည်။ ယခုပြုလုပ်ခဲ့သည့် သဘောထားခံယူပွဲတွင် လူဦးရေ ၃၅၀-ကျော် တက်ရောက်ခဲ့ကြပါသည်။