News @ M-Media

Blog

  • ဒေါ်အောင်ဆန်းစုကြည်၏ ဘီဘီစီ မှတ်ချက်အပေါ် သဘောထား ကွဲ (By ဧရာဝတီ)

    အောက်တိုဘာ-၂၉ ၂၀၁၃
    ဆမန်သာ မိုက်ကယ်
    ဧရာဝတီသတင်းဌာနမှ ကူးယူဖော်ပြပါသည်။

    source : http://burma.irrawaddy.org/news/2013/10/29/50186.html

    _65532289_d3slornf

    မြန်မာနိုင်ငံတွင် မွတ်ဆလင်များကို ဦးတည်ချက်ထားသည့် လူမျိုးဖြုတ် သတ်ဖြတ်မှုများ မရှိကြောင်း ငြင်းဆိုလိုက်ပြီး ဗုဒ္ဓ ဘာသာဝင်များ ကြားတွင်လည်း ဘာသာရေးပဋိပက္ခနှင့် တင်းမာမှုများကြောင့် ကြောက်ရွံ့မှုများကို ခံစားခဲ့ရသည်ဟု ပြောခဲ့ခြင်းအတွက် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ခေါင်းဆောင်အဖြစ် လူသိများသည့် ဒေါ်အောင်ဆန်းစုကြည် အပေါ် လူ့အခွင့်အရေး ဆောင်ရွက်သူများနှင့် ဘာသာရေး ခေါင်းဆောင်များ၏ ဝေဖန်ပြောဆိုမှုနှင့် ထောက်ခံမှုများ အမျိုးမျိုး ရှိနေသည်။

    ဘီဘီစီ သတင်းဌာနနှင့် ယခင်အပတ် ကြာသပတေးနေ့က ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းမှုတွင် ဒေါ်အောင်ဆန်းစုကြည် က လူဦးရေ ၁၄၀၀၀၀ ကျော် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရသည့် ဆူပူအကြမ်းဖက်မှုသည် ဗုဒ္ဓဘာသာဝင်များကြားတွင်လည်း မွတ်ဆလင်များကဲ့သို့ အကြောက် တရားကို ခံစားခဲ့ရသဖြင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

    “ဒါဟာ လူမျိုးဖြုတ် သတ်ဖြတ်မှုမဟုတ်ပါဘူး။ နှစ်ဘက်လုံးမှာ ဖြစ်ပေါ်ခဲ့တဲ့ ကြောက်ရွံ့မှုကြောင့်လို့ ထင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ အနေနဲ့ နားလည်ထားဖို့ လိုအပ်တာက ကြောက်ရွံ့မှုကို မွတ်ဆလင်တွေပဲ ခံစားရတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေ ဘက်မှာလဲ တူတူပါပဲ။ ဟုတ်ပါတယ်။ မွတ်ဆလင်တွေဟာ ပစ်မှတ်ဖြစ်ခဲ့တယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တွေဟာ လည်း ပဋိပက္ခတွေဆီကို တွန်းပို့ ခံခဲ့ရပါတယ်။ နှစ်ဘက်လုံးမှာ ကြောက်ရွံ့မှုတွေ ရှိနေတယ်။ ဒါဟာ အားလုံးကို ဒုက္ခတွေဆီ ပို့ဆောင်လိုက်တဲ့ အကြောင်းတရားပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

    ယမန်နှစ်က စတင်ဖြစ်ပွားခဲ့သော မွတ်ဆလင်ဆန့်ကျင်ရေး အဓိကရုဏ်းများကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခြင်း မပြုခဲ့သည့် အတွက် ဝေဖန်ခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်က “မွတ်ဆလင် အင်အားနဲ့ ပတ်သက်လို့ ကမ္ဘာ့ မွတ်ဆလင် အင်အားဟာ အရမ်းကြီးမားတယ် ဆိုတဲ့ အမြင်တစ်ခု ရှိနေပါတယ်။ ကမ္ဘာ့နေရာတိုင်းမှာ ဒီအမြင် ရှိနေပါတယ်။ ကျမတို့ နိုင်ငံမှာလည်း တူတူပါပဲ။ ဒီအမြင် ရှိနေပါတယ်” ဟု ပြောသည်။

    မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ်တွင် ယမန်နှစ် ဇွန်လ နှင့် အောက်တိုဘာလတွင် နှစ်ကြိမ် အထိဖြစ်ပွားခဲ့သော ပဋိပက္ခများပြီး ကတည်းက ဆင်းရဲ ညစ်ပတ်သော ဒုက္ခသည် စခန်းများတွင် နေထိုင်နေကြရသည့် မွတ်ဆလင်များနှင့် ပတ်သက်၍ မေးမြန်းသည့်အခါ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဘာသာဝင်များသည်လည်း စစ်အုပ်ချုပ်ရေး အောက်တွင် ဆယ်စုနှစ်ပေါင်းများစွာ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် တွေ့ကြုံခံစားခဲ့ရ သည်ဟု ဆိုသည်။

    “အကြောင်း အမျိုးမျိုးကြောင့် တိုင်းပြည်ကို စွန့်ခွာသွားရတဲ့ ဗုဒ္ဓဘာသာဝင်တွေ အများကြီးရှိပါတယ်။ အကြောင်းအမျိုးမျိုး ကြောင့် ဒုက္ခသည်စခန်းတွေမှာ ရောက်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေ အများကြီးရှိပါတယ်။ သူတို့ထဲက အမြောက်အများကို ထိုင်းနိုင်ငံမှာ တွေ့နိုင်ပါ တယ်။ ကမ္ဘာအနှံ့မှာ ပြန့်ကြဲရောက်ရှိနေတာကိုလည်း တွေ့ရပါလိမ့်မယ်။ ဒါဟာ ကျမတို့ခံစားခဲ့ရတဲ့ ဒုက္ခတွေနဲ့ အာဏာရှင်စနစ် ရဲ့ ရလဒ်ပါ။ ကျမထင်ပါတယ်။ အာဏာရှင်လက်အောက်မှာ နှစ်ပေါင်းများစွာနေခဲ့ရမယ်ဆိုရင် လူတွေက တယောက်ကို တယောက် ယုံကြည်ဖို့ကို မသင်ကြားနိုင်တော့ဘူး။ အာဏာရှင် စနစ်ဟာ မယုံကြည်မှုနဲ့ သံသယ တွေပြည့်နေတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးပါတယ်” ဟု ဆိုပြီး အကြမ်းဖက် ဆူပူမှုများ၏ လက်သည်တရားခံများကို ဖော်ထုတ် အရေးယူပေးရန်လည်း အစိုးရကို သူက တောင်းဆို လိုက်သည်။

    “ကျမတို့ အတိုက်အခံ အဖွဲ့ဝင်တွေကို ဘယ်လိုခံစားရသလဲ၊ ဒါနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်မှာလဲ ဆိုတဲ့ မေးခွန်းတွေမေး နေမယ့်အစား မြန်မာနိုင်ငံရဲ့ လက်ရှိ အစိုးရကို သူတို့ရဲ့ မူဝါဒက ဘယ်လိုလဲ၊ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လောက် ခရီး ရောက်နေပြီလဲ၊ ဘယ်လိုဖြေရှင်းဖို့ ရည်ရွယ်ထားသလဲ ဆိုတာမေးသင့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမတို့ဟာ အစိုးရ တရပ် လုပ်ဆောင်ရမယ့် ဒီလို ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရမယ့် နေရာမှာရှိမနေဘူး ဆိုတာ ရှင်တို့ သိသင့်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာတလွှားသို့ အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်နေသည့် ဘီဘီစီ ရုပ်မြင်သံကြား၏ အမေးအဖြေ ကဏ္ဍတွင် ပြောကြားခဲ့သည်။

    ဥရောပ ခရီးစဉ် အတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် ယခင်အပတ် အင်္ဂါနေ့က ပြင်သစ်သို့ သွားရောက်ပြီး ၁၉၉၀ ခုနှစ်ကတည်းက ရရှိခဲ့သော်လည်း လက်ခံယူနိုင်ခြင်း မရှိခဲ့သည့် ဆာခါရော့ဗ် လူ့အခွင့်အရေးဆုကို လက်ခံရယူခဲ့သည်။

    တိုက်ဆိုင်စွာပင် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အိုဟေး တောမတ်စ် ကင်တားနားက မွတ်ဆလင်ဆန့်ကျင်ရေး သဘောထားများသည် မြန်မာနိုင်ငံကို အာဏာရှင်စနစ်မှ အသွင်ကူးပြောင်းရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ခြိမ်းခြောက်နေသည်ဟု သတိပေးခဲ့သည်။

    “ရခိုင်ပြည်နယ်ရဲ့ အခြေအနေက မြန်မာနိုင်ငံက မွတ်ဆလင်ဆန့်ကျင်ရေးဟာ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို အကြီးမားဆုံး တားဆီး ခြိမ်းချောက်နေမှုတွေထဲက တခုဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် ပြသနေပါတယ်။” ဟု ကုလသမဂ္ဂ လူ့ အခွင့် အရေး အထူးကိုယ်စားလှယ်က ကုလသမဂ္ဂ အထွေထွေညီလာခံမှ လူ့အခွင့်အရေးနှင့် သက်ဆိုင်သော တတိယ ကော်မီတီသို့ တင်ပြခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည်၏ ဘီဘီစီ အင်တာဗျူးအပေါ်လည်း တိုက်ရိုက် ဝေဖန်တုန့်ပြန်ခဲ့ကြသည်။  လန်ဒန်မြို့ရှိ The Daily Telegraph သတင်းစာမှ နိုင်ငံခြားရေးရာ သတင်းထောက်ချုပ် ဒေးဗစ်ဘလဲက “ဒီလိုမျိုး ရေးရလိမ့်မယ်လို့ ကျနော် ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။ ဒါပေမယ့် ဒီမနက် BBC ရဲ့ Today အစီအစဉ်မှာ အောင်ဆန်းစုကြည် ဒီလိုပြောတာ ကြားလိုက်ရတော့ ကျနော် အရမ်းတုန်လှုပ်သွားပါတယ်။ ပဋိပက္ခတွေမှာ ထိခိုက်ခံစားခဲ့ရတဲ့ မြန်မာနိုင်ငံက လူနည်းစု မွတ်ဆလင်တွေနဲ့ ပတ်သက်ပြီး နားလည်ရခက်တဲ့ သူ့သဘောထားက စိတ်ပျက်စရာပါ” ဟု သတင်းစာ ၀က်ဘ်ဆိုက်ပေါ်တွင် မှတ်ချက်ပေးခဲ့သည်။

    သမ္မတဦးသိန်းစိန်၏ အစိုးရ အုပ်ချုပ်ရေး စတင်ခဲ့သည့် ၂၀၁၁ ခုနှစ်အထိ စစ်အာဏာရှင်၏ အတိုက်အခံအဖြစ် ရပ်တည်ပေးဆပ်ခဲ့သည့်အတွက် တိုင်းသူပြည်သား အများစု၏ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင်အပေါ် စာနာနားလည်ပေးနိုင်သော မြန်မာများလည်း ရှိနေပါသည်။

    မြန်မာနိုင်ငံ၏ ပထမဆုံးသော လူ့အခွင့်အရေးဆိုင်ရာ ဂျာနယ်၏ အယ်ဒီတာ တဦးက ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မွတ်ဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုများကို ပိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်သင့်သည်ဟု ပြောသော်လည်း ၂၀၁၅ ခုနှစ်တွင် သမ္မတ ဖြစ်လာဖို့ မျှော်လင့်နေသည့် အချိန်တွက် တဘက်ဘက်ကို မျက်နှာသာပေးခြင်းမှ ရှောင်လွှဲဖို့ ဆုံးဖြတ်လိုက်သည့် အပေါ် နားလည်နိုင်ပါသည်ဟု  ဆိုသည်။

    “သူက သံတမန်နည်းကျကျ ပြောသွားတာပါ။ သူက ဗုဒ္ဓဘာသာဝင် လူများစုရဲ့ မဲတွေကို အဆုံးရှုံး မခံနိုင်ဘူး။ နောက်ပြီး သူက အရင်နှစ်က ပဋိပက္ခတွေမှာ ဓားစာခံဖြစ်ခဲ့တဲ့ မွတ်ဆလင်တွေကိုလည်း ထိခိုက်နစ်နာမှု မဖြစ်စေချင်ပါဘူး” ဟု ရန်ကုန်မြို့တွင် အခြေစိုက်သည့် Myanmar Knowledge Society က မကြာသေးမီကမှ ထုတ်ဝေဖြန့်ချိခဲ့သော Human Rights and Democracy ဂျာနယ်၏ တာဝန်ခံ အယ်ဒီတာ ဦးဝေယံဘုန်း ကပြောသည်။

    ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများတွင် တာဝန်ရှိနေသော တရားခံများကို ဖော်ထုတ်အရေးယူရန်အတွက် အစိုးရဖက် က လုံလောက်သော တာဝန်ယူမှု မရှိခဲ့ဟု ပြောဆိုမှုကို သူကလည်း သဘောတူသည်။

    “မတူညီတဲ့ ဘာသာရေး အသိုင်းအ၀ိုင်းတွေကြားမှာ အမုန်းစကားတွေ ပြန့်ပွားနေတာကို ရပ်တန့်စေဖို့နဲ့ ဟန်ချက်ညီမျှမှုကို ထိန်းသိမ်းပေးဖို့ အစိုးရမှာ အပြည့်အ၀ တာဝန်ရှိပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ အရပ်ဖက်အဖွဲ့ အစည်းတွေကပဲ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးကြဖို့ ဦးစီးလုပ်နေရသေးတယ်။ အစိုးရဘက်ကတော့ ဒီကိစ္စကို ဖွင့်ဟပြောဖို့ အရမ်းဝန်လေးနေတုန်းပဲ။ ကျနော်တို့ လေ့လာကြည့်ခဲ့သလိုဆိုရင် လုံခြုံရေးတပ်ဖွဲ့တွေဟာ ဘာမှ မလုပ်ခဲ့ကြဘူး။ မွတ်ဆလင်တွေကို လူစုလူဝေးနဲ့ အကြမ်းဖက်တိုက်ခိုက်ဖို့ လုပ်နေတဲ့ အချိန်မှာတောင် မတားဆီးနိုင်ခဲ့ကြပါဘူး” ဟု ဦးဝေယံဘုန်း ကပြောသည်။

    “သူ ဒီထက်ပိုပြီး ပြောသင့်တယ်လို့ ကျနော်ထင်တယ်။ ဒီအကြောင်းအရာကို ရောက်လာတဲ့အခါ အထူးသဖြင့် မွတ်ဆလင်တွေအပေါ် အကြမ်းဖက်မှု အကြောင်းတွေနဲ့ ပတ်သက်ရင် ပြောသင့်သလောက် မပြောဘူး” ဟု သူက ထပ်ပြောသည်။

    မြန်မာနိုင်ငံမှ ထင်ရှားသည့် ဒီမိုကရေစီရေးလှုပ်ရှားမှု အဖွဲ့တခုဖြစ်သည့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဦးပြုံးချိုကလည်း အစိုးရ၏ ၀တ္တရားနှင့် ပတ်သက်၍ ထောက်ပြသည့် အချက်ကို ထောက်ခံသည်။

    “ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရအာဏာပိုင်တွေနဲ့ တိုက်ရိုက်ဆက်ဆံ ဆောင်ရွက်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေကို အကြံပေး ချင်ပါတယ်” ဟု သူက ဧရာဝတီသို့ ပြောသည်။ သူ၏ အမြင်များသည် အဖွဲ့အစည်း၏ အမြင်ဟု မယူဆရန်လည်း ဦးပြုံးချိုက ဆိုသည်။ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အနေဖြင့် မြန်မာနိုင်ငံ အနောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကို လူမျိုးဖြုတ် သုတ်သင်ရေး အဖြစ် ဖော်ပြခြင်း မပြုရန်လည်း သူက တောင်းဆိုလိုက်သည်။ အမေရိကန် အခြေစိုက် လူ့ အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ယမန်နှစ် ဇွန်လနှင့် အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ ယခုနှစ် အစောပိုင်းက အစီရင်ခံစာ တစောင်ထုတ်ပြန်ခဲ့ရာတွင် ဤသို့ ရည်ညွှန်းဖော်ပြခဲ့သည်။

    “လူမျိုးဖြုတ် သုတ်သင်ခြင်း” ဟုသော အသုံးအနှုံးကို မည်သည့်အတွက်ကြောင့် လက်မခံနိုင်ရပါသနည်းဟု မေးသည့် အခါ ဦးပြုံးချိုက “ဘာဖြစ်လို့လဲ ဆိုတော့ နှစ်ဖက်လုံးက အကြမ်းဖက်ခဲ့ကြတယ်။ ဒီပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရပ်တန့် ဖြေရှင်းနိုင်ဖို့ အတွက် လူတိုင်းကြိုးစားသင့်ပါတယ်” ဟု ပြောသည်။

    ယမန်နှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများသည် သမ္မတ ဦးသိန်းစိန် အစိုးရ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များအပေါ်တွင် အဓိကကျသည့် ထိုးနှက်မှုများ ဖြစ်လာသည်။ လူပေါင်း ၁၄၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ၎င်းတို့ထဲမှ အများစုမှာ ရိုဟင်ဂျာဟု ခေါ်ကြသည့် မွတ်ဆလင်များ ဖြစ်ကြသည်။ မွတ်ဆလင် မိသားစု အများအပြားသည် မြန်မာနိုင်ငံအတွင်းတွင် မျိုးဆက်နှင့် ချီ၍ နေထိုင်ခဲ့ကြသော်လည်း ၎င်းတို့ကို နိုင်ငံသားအဖြစ် သတ်မှတ်ပေးရန် အစိုးရက ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တရားမ၀င် လာရောက်နေထိုင်သူများ ဖြစ်သည်ဟု သတ်မှတ်ထားခဲ့သည်။

    မွတ်ဆလင် ဆန့်ကျင်ရေး သဘောထားများသည် ပြီးခဲ့သည့် နှစ်အတွင်းတွင် ကြီးထွားပျံ့နှံ့လာခဲ့ပြီး မြန်မာနိုင်ငံ အလယ်ပိုင်း၊ အရှေ့ပိုင်း နှင့် အနောက်မြောက်ပိုင်းတို့တွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ရသည်။ ယခုနှစ် စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်း အစောပိုင်းကလည်း မြန်မာနိုင်ငံ အနောက်ပိုင်း သံတွဲမြို့အနီးတွင် အကြမ်းဖက်မှုများ ပြန်လည်ဖြစ်ပေါ်ခဲ့သေးသည်။ ယခုတကြိမ် အကြမ်းဖက်မှုများ တွင် ပစ်မှတ်အထားခံရသူများမှာ ရိုဟင်ဂျာများ မဟုတ်ဘဲ နိုင်ငံသား အဖြစ် သတ်မှတ်ခြင်းခံထားရသော ကမန်တိုင်းရင်းသား မျိုးနွယ်စုဝင်များ ဖြစ်သည်။

    ဗုဒ္ဓဘာသာ ဘုန်းကြီးများ ပညာသင်ကြားရေးကို ကူညီထောက်ပံ့ပေးနေသော ရန်ကုန် အခြေစိုက် ဗုဒ္ဓဘာသာ အဖွဲ့တခုမှ ခေါင်းဆောင် တဦးဖြစ်သော ဦးကြည်ထွေးက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကာလ အတောအတွင်း ဘာသာရေး တင်းမာမှုများ မြင့်တက်လာခဲ့သည်ဟု ဆိုသည်။

    “ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ကျနော် မှတ်ချက်များများ မပေးချင်ပါဘူး။ အခြေခံအားဖြင့်တော့ သဘောတူပါတယ်” ဟု နှစ်စဉ် ကိုရင်များ အတွက် စာမေးပွဲများ ကျင်းပပေးပြီး ဗုဒ္ဓဘာသာ စာပေပြန့်ပွားရေးကို ဆောင် ရွက်နေသော ရှင်သာမဏေ ဓမ္မဗိမ္မာန် သာသနာ့ဝန်ဆောင် အဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ ဦးကြည်ထွေးက ပြောသည်။

    “ဒါပေမယ့် ပြဿနာတွေရဲ့ အရင်းအမြစ်နဲ့ ပတ်သက်လို့တော့ နည်းနည်းပြောချင်ပါတယ်။ အရင်တုန်းက ဆိုရင် မြန်မာ နိုင်ငံက ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်ဆလင်တွေ လက်တွဲပြီး ငြိမ်းချမ်းစွာနဲ့ နှစ်ပေါင်း ရာနဲ့ချီပြီး အတူတကွ နေလာခဲ့ကြပါတယ်။ ပြဿနာက မွတ်ဆလင်တွေရဲ့ ခေတ်သစ် အဆုံးအမတွေနဲ့ လုပ်ရပ်တွေကြောင့်ပါ။ သူတို့က အရမ်းကို ရန်လိုလာကြပြီး ဗုဒ္ဓဘာသာဝင်တွေက သည်းမခံနိုင်တော့တဲ့ အခြေအနေကို ရောက်လာပါတယ်” ဟု သူက ဆိုသည်။

    “အစိုးရ အနေနဲ့ အပြန်အလှန်လေးစားမှုကို အခြေခံတဲ့ မူဝါဒတခု ခိုင်ခိုင်မာမာ ချမှတ်ဖို့ လိုအပ်ပါတယ်။ စီးပွားရေးကို ကောင်းမွန်လာအောင် ပြုပြင်ပေးဖို့လဲ လိုပါတယ်။ ဒုတိယ အရေးအကြီးဆုံးနဲ့ အမြန်ဆုံးလုပ်ဆောင်ရမှာကတော့ နယ်စပ်ကို လုံခြုံအောင် လုပ်ဖို့ပါပဲ။ တရားမ၀င် နိုင်ငံခြားသားတွေ ထပ်ပြီး ၀င်မလာနိုင်အောင် လုပ်ရပါမယ်” ဟုလည်း ဦးကြည်ထွေး ကပြောသည်။

    ထိုအချိန်တွင် ရိုဟင်ဂျာအရေး လှုပ်ရှားသူများကမူ ဒေါ်အောင်ဆန်းစုကြည်၏ စကားနှင့် ပတ်သက်၍ “လုံးဝ အဓိပ္ပါယ်မရှိ” ဟု ဆိုသည်။

    “နိုဘယ်ငြိမ်းချမ်းရေးဆုရှင်က မြန်မာနိုင်ငံက မွတ်ဆလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေကို “ကြောက်ရွံ့မှု” ကြောင့် ဖြစ်ရတယ်လို့ ဖွင့်ဆိုသွားတာ လုံးဝ အဓိပ္ပါယ် မရှိပါဘူး။ ရိုဟင်ဂျာတွေနဲ့ မြန်မာမွတ်ဆလင်တွေပဲ သားကောင်ဖြစ်ရတဲ့ မြန်မာနိုင်ငံက အကြမ်းဖက်မှု ပဋိပက္ခတွေဟာ အမြဲတမ်း တဖက်သတ် ဖြစ်ခဲ့ပါတယ်” ဟု Arakan Rohingya Union ၏ ညွှန်ကြားရေးမှူးချုပ် ဝါကာအူဒင်က ယခင်အပတ်က ထုတ်ပြန်ကြေညာခဲ့သည်။

    ရိုဟင်ဂျာအရေး ဆောင်ရွက်နေသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့တခုဖြစ်သည့် Arakan Project မှ ဒါရိုက်တာ ခရစ်စ်လေးဝါးကလည်း ဒေါ်အောင်ဆန်းစုကြည်သည် မွတ်ဆလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ပိုမိုတာဝန်ယူ ပြောကြားပေးရန် တောင်းဆိုသည်။ “တာဝန်ရှိမှုနဲ့ ပတ်သက်ပြီး အစိုးရ အပေါ်မှာ ပုံချဖို့က လွယ်ပါတယ်။ ဒါပေမယ့်လည်း အတိုက်အခံတွေနဲ့ NLD အပါအ၀င် တာဝန်ရှိသူတွေ အားလုံးဟာ မြန်မာ့ လူ့အဖွဲ့အစည်းအတွင်းမှာ အမြစ်တွယ်နေတဲ့ မွတ်ဆလင် မုန်းတီးရေး စိတ်ဓာတ်တွေကို ဖြေရှင်းပေးနိုင်ဖို့ အတွက် အရေးပါတဲ့ နေရာမှာ ရှိနေပါတယ်” ဟု သူကပြောသည်။

    မြန်မာ မွတ်ဆလင် အစည်းအရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးဝင်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကို လူမျိုးဖြုတ် သုတ်သင်ရေးဟု မသတ်မှတ်နိုင်ဟု ဆိုလျှင်ပင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး လူသောင်းနှင့်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရခြင်းမှာ အလွန်ရှင်းလင်းစွာ သိနိုင်ကြောင်း ပြောသည်။ “မဖြေရှင်းရသေးတဲ့ ပြဿနာက ရှိနေတုန်းပါပဲ” ဟု သူကပြောသည်။ အစိုးရက တာဝန်ယူဖြေရှင်းပေးဖို့ လိုသည်ဆိုသော ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားမှုကို သဘောတူသည်ဟုလည်း သူက ဆက်ပြောသည်။

    သို့သော်လည်း  စစ်အုပ်ချုပ်ရေးကာလအတွင်း တွင် ဗုဒ္ဓဘာသာဝင်များသည်လည်း ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် သွားရောက်နေထိုင်ခဲ့ရသည်ဟု အတိုက်အခံခေါင်းဆောင်က တုန့်ပြန်ခဲ့သည့် အပေါ်တွင် စိတ်ပျက်မိသည်ဟုလည်း ဦးမျိုးဝင်းက ဆိုသည်။

    “မွတ်ဆလင်တွေ ဒုက္ခတွေ အများကြီး ခံစားခဲ့ရတယ်လို့ သူပြောမယ်လို့ ကျနော်က မျှော်လင့်ထားခဲ့တာ” ဟု သူက ပြောသည်။ “တကယ်လည်း မြန်မာ မွတ်ဆလင် အများအပြားဟာ နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်ခဲ့ပါတယ်။ လူ့အဖွဲ့အစည်းထဲမှာလည်း အခြေတကျ ပေါင်းစည်းမိသားပါ။ ဒါက လက်ရှိကာလရဲ့ အခြေအနေလည်း ဖြစ်ပါတယ်”  ဟု ဦးမျိုးဝင်းက ပြောဆိုခဲ့သည်။

  • မန္တလေးမြို့မှ ရှေးဟောင်းသမိုင်းဝင် လင်းဇင်းကုန်း(မွတ်စလင်မ်) သုဿာန်အား ဖျက်သိမ်းမိန့် ရပ်ဆိုင်းပြီး ဆက်လက် ထိန်းသိမ်းခွင့်ပြု

    အောက်တိုဘာ ၂၉၊ ၂၀၁၃
    M-Media
    သုတမောင်

    Lin Zin Kone

    မန္တလေး ။            ။            မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ ရှေးဟောင်း သမိုင်းဝင် လင်းဇင်းကုန်း(မွတ်စလင်မ်)သုဿာန်အား စည်ပင်သာယာမှ ဖျက်သိမ်းရန်အမိန့်ထုတ်ထားမှုအား ရပ်ဆိုင်းလိုက်ပြီး ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ခွင့် ပြုလိုက်ကြောင်း သိရပါတယ်။

    အဆိုပါ သုဿာန်အား လွန်ခဲ့သော ၁-နှစ်ကျော်မှစ၍ ဖျက်သိမ်းရန် စည်ပင်သာယာမှ ထုတ်ပြန်ကြေညာခဲ့ပြီးနောက် သမိုင်းဝင်သုဿာန်နှင့် သာသနိက အဆောက်အအုံများ ဆက်လက် ထိန်းသိမ်းခွင့်ရရှိရန် တင်ပြ တောင်းဆိုမှုများ ရှိခဲ့ပါတယ်။ သို့သော် လွန်ခဲ့သော ၁-လကျော်က ထပ်မံအမိန့်ထုတ်ပြန်ခဲ့သည့် အတွက် အစ္စလာမ်သာသနာဝင်များအနေနှင့် စိတ်မချမ်းမြေ့ဖွယ်များဖြစ်ခဲ့ပြီး ဖျက်သိမ်းခြင်း မပြုရန် ဆွေးနွေး ညှိနှိုင်းခဲ့ကြပါတယ်။

    1391572_1419678058249224_68738376_n

    ယခုအခါ မန္တလေးမြို့ရှိ အစ္စလာမ်သာသနာပရမတ္တအဖွဲ့ (KAFTG)မှ ခလီဖွှဟ် ဦးသိန်းဝင်းအောင်သည် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် ဦးစိုးသိန်းတို့နှင့် ရန်ကုန်မြို့တွင် မတူကွဲပြားသော ဘာသာဝင်တစ်ခုနှင့် တစ်ခုအကြား ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးဆွေးနွေးပွဲတွင် ရှေးဟောင်း သမိုင်းဝင်သုဿာန်နှင့်ပတ်သက်၍ ရှင်းလင်းပြောပြခဲ့ပြီး၊ သမိုင်းဝင်နေရာအား ဆက်လက် ထိန်းသိမ်းစောင့်ရှောက် ခွင့်ပြုရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ မေတ္တာရပ်ခံပေးစာ တစ်စောင်ပေးပို့ခဲ့ကြောင်း၊ ယခုအခါ ၎င်းသမိုင်းဝင် ရှေးဟောင်းသုဿာန်နှင့် သာသနိက အဆောက်အအုံများ၊ ဂူဗိမ္မာန်များအား ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ခွင့်ပြုကြောင်း တရားဝင် အကြောင်းပြန်ကြားစာ ရရှိခဲ့ပြီဟု သိရပါတယ်။

    အကြောင်းအရာအပြည့်အစုံအား ခလီဖွှဟ်ဦးသိန်းဝင်းအောင်နှင့် ဆက်သွယ်မေးမြန်းပြီး ထပ်မံတင်ပြပေးမည် ဖြစ်ပါတယ်။

    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြလိုသူများ M-Media ၏ ခွင့်ပြုချက်လိုအပ်မည်ဖြစ်သည်။
    ဆက်သွယ်ရန် [email protected]

  • ပင်လယ်ရေလက်ကြား ကိုဖြတ်ပြီး ဥရောပနှင့် အာရှတိုက်ကို ဆက်သွယ်သော မြေအောက် လှိုဏ်ခေါင်းတစ်ခု တူရကီတွင်ဖွင့်လှစ်

    ပင်လယ်ရေလက်ကြား ကိုဖြတ်ပြီး ဥရောပနှင့် အာရှတိုက်ကို ဆက်သွယ်သော မြေအောက် လှိုဏ်ခေါင်းတစ်ခု တူရကီတွင်ဖွင့်လှစ်

    အောက်တိုဘာ ၂၉၊ ၂၀၁၃
    M-Media

    406da2a4-9574-48d0-b6a0-74a2b922e6d5_16x9_600x338

    ဥရောပနှင့် အာရှတိုက် နှစ်ခုကို ဆက်သွယ်ထားသည့် Marmaray မြေအောက် ရထားလမ်းတစ်ခုကို တူရကီနိုင်ငံ၌ ယနေ့တွင် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

    လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ အရင်က အော်တိုမန်ပြည့်ရှင် ဆူလ်တန် အဗ္ဗဒူလ် မစစ်က ၎င်း၏ အင်ပါယာကြီးအား ဥရောပသို့ဆက်သွယ်ရန်အတွက် ရေအောက် လှိုဏ်ခေါင်း တစ်ခုဖေါက်လုပ်ရန် ပုံကြမ်းရေးဆွဲခဲ့သော်လည်း ထိုခေတ်အခါက နည်းပညာမဖွံ့ဖြိုးမှုနှင့် ဘဏ္ဍာရေးအခက်အခဲများကြောင့် ဆူလ်တန်၏ စိတ်ကူးမှာ အထမမြောက်ခဲ့ပေ။

    သို့သော်လည်း ယခုအခါ Marmaray မြေအောက် ရထားလမ်း ဖွင့်လှစ်နိုင်ခဲ့ခြင်းက ဆူလ်တန်၏ အစီအစဉ်အား အကောင်အထည် ဖော်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုရထား လမ်းအား ယနေ့တွင် ဖွင်လှစ်ခဲ့သော်လည်း ဆောက်လုပ်ရေးလုပ်ငန်းများမှာ အပြီးသတ်ခြင်းမရှိသေးပေ။

    ၂၀၀၄ခုနှစ်က စတင်ဆောက်လုပ်ခဲ့သော အဆိုပါမြေအောက် ရထားလမ်းမှာ အစ္စတန်ဘူလ်မြို့ အာရှတိုက်ဖက်ခြမ်းရှိ အူစကူဒါမြို့မှ ဥရောပတိုက်ဘက်ခြမ်းရှိ ဖာတီမြို့သို့ မာမာရာ ပင်လယ်ရေလက်ကြား  ဖြတ်ကာ ဖောက်လုပ်ထားခြင်းဖြစ်ပြီး ၄၇.၄ မိုင်ရှည်လျားသည်။ ထိုရထားလမ်းမှာ အစ္စတန်ဘူလ်မြို့ရှိ ယာဉ်ကျောပိတ်ဆို့မှုအား ၅ ပုံတစ်ပုံအထိ လျော့ချပေးနိုင်မည်ဖြစ်ပြီး နေ့စဉ် လူပေါင်း ၁ သန်းကျော်ကို သယ်ယူ ပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။

    Ref : alarabiya

  • ကမ္ဘာအရပ်ရှည်ဆုံး လူသား ဖူးစာရှင်ကို ရှာဖွေတွေ့ရှိပြီ

    အောက်တိုဘာ- ၂၉ ၊၂၀၁၃
    M-Media

    World’s tallest man
    ဟိုးအဝေးအကြီး မိုင်များစွာကို လှမ်းမျှော်မြင်နိုင်သူအဖို့ အချစ်ကိုရှာဖွေရန် မခက်ခဲပေ။
    စူလ်တန် ကိုဆဲန် (Sultan Kosen) သည် တူရကီနိုင်ငံသား လယ်သမား တစ်ယောက်ဖြစ်ပြီး၊ အရပ် ၂.၅၁ မီတာ(၈ ပေ ၂ လက်မ) ရှည်၍ ကမ္ဘာအရပ်အရှည်ဆုံးလူသားဖြစ်သည်။

    သူသည် သူ၏ဘ၀ကြင်ဖော်ကို ရှာဖွေတွေ့ရှိရန် မာဗီ ဒီဘို (Merve Dibo) အား ဆုံးစည်းမိချိန်အထိ နှစ်ပေါင်း ၃၀ ကျော်ဖြတ်ခဲ့ရသည်။  သူမသည် အရပ် ၁.၇၃ မီတာ(၅ ပေ ၆ လက်မ) သာရှိပြီး သူနှင့်နှိုင်းစာသော် အလွန်ကိုသေးငယ်လွန်းနေ၏။

    “ ယခုတော့ ကျွန်တော် ကိုယ်ပိုင်မိသားစုနဲ့ ကိုယ်ပိုင်ဘ၀ကို စတင်နိုင်ပါပြီ ဖြစ်ပါတယ်။ ကျွန်တော့်အရွယ်အစားနဲ့ဘက်ညီတဲ့ မိန်းကလေးတစ်ဦးကို ရှာမတွေ့နိုင်အောင်ကျွန်တော်ဟာ ကံမကောင်းခဲ့ဘူး၊သို့ပေမယ့် ကျွန်တော့်အတွက် သင့်တော်တဲ့သူကိုတော့ရှာတွေ့ပါပြီ ” ဟု ဒီဘို နှင့် စေ့စပ်ထားပြီဖြစ်သော ကိုဆဲန်က  UK သတင်းစာ The Daily Mail သို့ ပြောကြားခဲ့သည်။

    တူရကီတွင် ကိုဆဲန်သည် ကျော်ကြားစာရင်းဝင်သည့် လူတစ်ယောက်အလားဖြစ်နေပြီး၊ နိုင်ငံတောင်ပိုင်း မာဒင်မြို့(Mardin)တွင် ကျင်းပပြုလုပ်မည့် သူ၏ မင်္ဂလာအခမ်းအနားသို့ နိုင်ငံရေးသမား များစွာကိုလည်း ဖိတ်ကြားထားခဲ့သည်။ ဒီဘိုနှင့်လက်ထပ်မည့် ယင်းမင်္ဂလာပွဲတွင် သူသည် ကြီးမားသော ရိုးရာဝတ်စုံနှင့်ဖိနပ်ကို ဆင်ယင်မည် ဖြစ်သည်။

    သူ၏ နောက်ထပ်အကြီးမားဆုံးရည်ရွယ်ချက်ကတော့ သူ့ကိုယ်ခန္ဓာ ၀င်ဆန့်နိုင်သည့်ကားတစ်စီးအတွင်း သူ၏ အသစ်စက်စက်ဇနီးလေးဖြင့် အတူတကွမောင်းနှင်စီးနိုင်ရန်ဖြစ်၏။

    ကိုဆဲန်သည် ဦးနှောက်အောက်ခြေအကြိတ် ထိန်းချုပ်မှုဖရိုဖရဲဖြစ်သည့် ဝေဒနာကိုခံစားနေရပြီး၊ ၄င်းကြောင့် ဟော်မုန်းကြီးထွားမှု အဆမတန်တိုးမြှင့်လာခြင်းဖြစ်သည်။ ထိုဦးနှောက်အကြိတ်တွင်းမှ ဆဲလ်များပျက်စီးမှုကြောင့် သူ့အား ယင်းအခြေအနေသို့ ရောက်သွားစေခဲ့သည်။ ဆရာဝန်များက အဆိုပါ အကြိတ်ရှိပျက်စီးဆဲလ်များကို ဖယ်ရှားပြီးသည့်တိုင် သူ့အရပ်အမောင်းမှာ ဆက်လက် ဆန့်ထွက်နေခဲ့ပါသည်။ သူ၏မိသားစုသည် သာမန်အရပ်အမောင်းသာရှိသူများဖြစ်ကြသည်။

    သူ၏ရှည်လျားသောအရပ်အမောင်းကြောင့် နောက်ပြောင်မှုကိုခံရသော်လည်း ယခုသော် ကိုဆဲန်က သူ့အရပ်အမောင်းနှင့်ပတ်သက်၍ ဂုဏ်ယူကြောင်း ပြောကြားနေပေသည်။ ကိုဆဲန်သည် လက်ဖဝါး အလျား ၂၇.၅ စင်တီမီတာ နှင့် ခြေဖဝါး အလျား ၃၆.၅ စင်တီမီတာဖြင့် Guninness World Record ၌ ကမ္ဘာ့လူထူးဆန်းတစ်ဦးအဖြစ် စံချိန်တင်မှတ်တမ်းဝင်ခဲ့သည်။

    Ref:Al Arabiya

    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြလိုသူများ M-Media ၏ ခွင့်ပြုချက်လိုအပ်မည်ဖြစ်သည်။
    ဆက်သွယ်ရန် [email protected]

  • ၂၀၁၃ နိုဝင်ဘာမှ စပြီး မီတာခများ ဈေးတက်ပြီ

    အောက်တိုဘာ- ၂၉
    M-Media
    သတင်း- KK

    meters eco eye tranmitter၂၀၁၃ ခုနှစ် နိုဝင်ဘာလမှ စတင်ပြီး  မီတာခများ တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း  လျှပ်စစ်စွမ်းအင် ၀န်ကြီးဌာ၊ ရန်ကုန်မြို့ လျှပ်စစ်ဓါတ်အားပေးရေး အဖွဲ့က ထုတ်ပြန်ကြေညာလိုက်သည်။ ဓါတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် ဓါတ်အားဝယ်ယူမှု ကုန်ကျစရိတ်များ ကာမိစေရန် မီတာ တယူနစ် နှုန်းထားများကို ပြင်ဆင် သတ်မှတ်ကြောင်း ကြေညာချက်မှာ ဖော်ပြပါရှိသည်။

    ပြင်ဆင်သတ်မှတ်လိုက်သည့် ဓါတ်အားခ နှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်သည်။

    (က) အများပြည်သူ (အိမ်သုံး)
    ————————————-
    (၁) ၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၃၅ ကျပ်
    (၂) ၁၀၁ ယူနစ်နှင့်အထက် ၅၀ ကျပ်

    (ခ) အများပြည်သူ (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊ယာယီ)
    ———————————————————————
    (၁) ၁ ယူနစ်မှ ၅၀၀၀၀ ယူနစ်အထိ ၁၀၀ ကျပ်
    (၂) ၅၀၀၀၁ ယူနစ်နှင့်အထက် ၁၅၀ ကျပ်

    (ဂ) အစိုးရဌာန
    ——————–
    (၁) ရုံးသုံး ၅၀ ကျပ်
    (၂) စက်မှုသုံး ၁၀၀ ကျပ်

    အထက်ပါနှုန်းထားများ အတိုင်း ၂၀၁၃ ခုနှစ် နိုဝင်ဘာတွင် တိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ငွေတောင်းခံလွှာများတွင် စတင်ပါရှိမည်ဟု ကြေညာချက်မှာ ဖော်ပြပါရှိသည်။

    ကိုးကား-သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း