News @ M-Media

Blog

  • အောက်တိုဘာ-၂၅ အားကစားသတင်းများ

    အောက်တိုဘာ-၂၅

    M-Media

    အိုဇေးလ်က အာဆင်နယ်အသင်းအတွက် အကောင်းဆုံးများကို ယူလာမည်ဟု ဖာဘရီဂတ်ဆို

    ဘာစီလိုနာအသင်းတွင်ကစားနေသည့် ကွင်းလယ်လူဖာဘရီဂတ်စ်က အာဆင်နယ်အသင်း၏ ကွင်းလယ်လူ အိုဇေးလ်အား ချီးကျူးလိုက်ပြီး အသင်းအားအဆင့်တစ်ခုသို့ရောက်အောင် မြှင့်တင်ပေးနိုင်သည်ဟု ယုံကြည်ကြောင်း ပြောဆိုလိုက်သည်။

    အာဆင်နယ်အသင်းတွင် ကွင်းလယ်ကစားသမားများစွာရှိနေပြီး အိုဇေးလ်အား မလိုအပ်ဟု ပြောဆိုမှုများရှိနေသော်လည်း ထိုပြောဆိုမှုများအား ဖာဘရီဂတ်စ်ကပယ်ချလိုက်သည်။

    “ခင်ဗျားအနေနဲ့ အိုဇေးလ်ဖို့ခေါ်ယူဖို့ အခွင့်အရေးရမယ်ဆိုရင်၊ အဲဒီအခွင့်အရေးကို ခင်ဗျားလက်လွတ်ခံနိုင်မှာ မဟုတ်ပါဘူး။ သူဟာ အာဆင်နယ်အတွက် ကစားချင်ခဲ့ပါတယ်။ သူဟာ နေရာလွတ်တွေကိုရှာဖွေပေးပြီး၊ သူ့ရဲ့ဖြတ်တင်ဘေတွေဟာလည်း လက်ဖျားခါလောက်ပါတယ်” ဟု ဖာဘရီဂတ်စ်က Daily Mail သတင်းစာသို့ ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့က အာဆင်နယ်အသင်းနှင့် ဆက်သွယ်ခဲ့သော်လည်း ဘာစီလိုနာအသင်းတွင် ဆက်လက်ရှိနေခဲ့သည့် ဖာဘရီဂတ်စ်က အာဆင်နယ်အသင်းသို့ နည်းပြအနေဖြင့် ပြန်လာနိုင်ဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောဆိုခဲ့သည်။

    ……………………………………….
    ဖလားရရန်အတွက် မန်ယူအသင်းမှာ ကစားသမား ၁၀ ဦးလိုအပ်သည်ဟု ရော်ဂျာဆို


    ပရီးမီးယားလိဂ်ဖလားအားရရှိရန် ၎င်း၏အသင်းအနေဖြင့် ကစားသမားသစ် ၈ ဦးခန့်လိုအပ်ပြီး မန်ယူအသင်းမှာ ထိုထက်ပိုလိုအပ်သည်ဟု လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ဘရန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။

    လီဗာပူးလ်အသင်းမှာ ပရီးမီးယားလိဂ်ဖလားအား ရရှိရန်နီးစပ်ခြင်းမရှိသေးဟု မန်ယူနည်းပြဟောင်းဖာဂူဆန်၏ ရေးသားမှုအားပြန်လည်တုံ့ပြန်သောအားဖြင့် ရော်ဂျာက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

    ဖာဂူဆန်၏နောက်ဆုံးထွက် ကိုယ်ရေးအထုပ္ပတ္တိတွင် လီဗာပူးလ်နည်းပြဟောင်း ကင်နီဒဂ်လစ်ရှ်၏ ငွေကြေးသုံးစွဲမှုကို ဝေဖန်ရေးသားထားပြီး၊ ပရီးမီးယားလိဂ် ဖလားအားကိုင်မြှောက်ခွင့်ရရန် ယခုနှစ် လီဗာပူးလ်အသင်းမှာ ကစားသမား ၈ ဦးခန့်လိုအပ်သည်ဟုလည်း ထည့်သွင်းရေးသားထားသည်။ ထို့ပြင် လီဗာပူးလ်ကွင်းလယ်လူဟန်ဒါဆန်နှင့်ပက်သက်၍လည်း ဖာဂူဆန်ကဝေဖန်ပြော ကြားထားသေးသည်။

    သို့သော်လည်း လီဗာပူးလ်အသင်းမှာ မန်ယူအသင်းထက် ပိုမိုကောင်းမွန်သော အနေအထားတွင်ရှိနေသည်ဟု ရော်ဂျာက ယုံကြည်နေသည်။

    ………………………………….
    အီဗရာဟီမိုဗစ် အသင်းသို့ပြန်လည်ရောက်ရှိလာပါက ကောင်းမည်ဟု ရော်ဘင်ဟိုဆို


    ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်အနေဖြင့် အေစီမီလန်သို့ရောက်ရှိလာပါက မာရီယိုဘာလော့တယ်လီနှင့် အတွဲညီလိမ့်မည်ဖြစ်ပြီး ကာကာမှာလည်း သူ၏ အကောင်းဆုံးပုံစံကို ရရှိနေပြီဟု အေစီမီလန်အသင်း၏ ဘရာဇီးတိုက်စစ်မှူး ရော်ဘင်ဟိုက ပြောကြားခဲ့သည်။

    ထို့ပြင် မီလန်အနေဖြင့် အီဗရာဟီမိုဗစ်အား ပြန်လည်ခေါ်ယူခဲ့လျှင် အဆုံးအရှုံး ရှိလိမ့်မည်မဟုတ်ဟု ရော်ဘင်ဟိုက၀န်ခံခဲ့သည်။

    “အီဗရာဟာ ထူးချွန်တဲ့ကစားသမားပါ။ သူ့ကိုအသင်းက ပြန်ခေါ်မယ်ဆိုရင် မနစ်နာနိုင်ပါဘူး။ ဘာလော့တယ်လီနဲ့ အီဗရာကို အရှေ့မှာထားပြီး ကျွန်တော်နဲ့ ကာကာက အနောက်မှာနေပါတယ်။ တိုက်စစ်မှူးတွေပိုများလေလေ နေရာလွတ်တွေ ကျွန်တော် ပိုရလေလေပါ။ ပြီးတော့ ကျွန်တော်တို့ ဂိုးသွင်းခွင့်လည်း ပိုရလေလေပါပဲ” ဟု ရော်ဘင်ဟိုက Corriere dello Sport သတင်းစာသို့ပြောကြားခဲ့သည်။

    အီဗရာဟီမိုဗစ်မှာ အေစီမီလန်အသင်းမှ ပီအက်စ်ဂျီသို့ ၂၀၁၂ ခုနှစ်က ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်သည်။

    ………………………………………..
    လူမျိုးရေးခွဲခြားမှုများကို မဖြေရှင်းနိုင်ပါက ကမ္ဘာ့ဖလားအား သပိတ်မှောက်မည်ဟု ယာယာတိုးယေး ခြိမ်းခြောက်
    YayaToure_1509466a

    ရုရှားအနေဖြင့် ၎င်း၏နိုင်ငံသားများ၏ လူမျိုးရေးခွဲခြားမှုများကို မဖြေရှင်းနိုင်ပါက ၂၀၁၈ ကမ္ဘာ့ဖလားကို လူမည်းကစားသမားများက သပိတ်မှောက်သွားမည်ဟု မန်စီးတီးအသင်း၏ ကွင်းလယ်လူ ယာယာတိုးယေးက ပြောကြားလိုက်သည်။

    မန်စီးတီးအသင်းနှင့် စီအက်စ်ကေအေမော်စကိုအသင်းတို့ မော်စကိုတွင်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် တိုးယေးမှာ လူမျိုးရေးခွဲခြားသောစကားများဖြင့် အော်ဟစ်လှောင်ပြောင်ခြင်းခံခဲ့ရပြီး ထိုကိစ္စအားအရေးယူရန် မန်စီးတီးအသင်းကလည်း ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေအား တိုက်တွန်းထားသည်။

    ထို့ပြင်မော်စကိုတွင်ကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ကစားသမားများ မရောက်ခင် ရုရှားအနေဖြင့် လူမျိုးရေးခွဲခြားမှုများအားအရေးယူနိုင်ရန် ကြိုစားရမည်ဟု တိုးယေးက ထပ်လောင်းပြောဆိုခဲ့သည်။

    ရုရှားအနေဖြင့် လူမျိုးရေးခွဲခြားမှုများအားတိုက်ထုတ်ရန် လိုအပ်ခြင်းရှိမရှိမေးမြန်းရာ တိုးယေးက “တကယ်ကို လိုအပ်ပါတယ်။ ဒါဟာ သိပ်ကိုအရေးကြီးပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကိုလာဖို့ ကျွန်တော်တို့မှာ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိရင် ကျွန်တော်တို့လာမှာမဟုတ်ပါဘူး” ဟု ပြေကြားခဲ့သည်။

    Ref: Goal.com
    http://www.goal.com/en/news/89/africa/2013/10/25/4358841/yaya-toure-threatens-world-cup-boycott?ICID=OP

  • ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထား ရယူရေးဟောပြောပွဲ သန်လျင်မြို့၌ပြုလုပ်

    အောက်တိုဘာ ၂၅-၂၀၁၃
    M-Media
    A.N.Lay

    17

    သန်လျင်  ။       ။     ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထား ရယူရေး ဟောပြောပွဲတစ်ခုကို အောက်တိုဘာ ၂၅-ရက်နေ့ မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် တောင်ပိုင်းခရိုင်၌ ပြုလုပ်ခဲ့ပါတယ်။

    ဟောပြောပွဲတွင် ဥပဒေပညာရှင် ဦးကိုနီမှ ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ သဘောဆန္ဒကို တောင်းခံယူခဲ့ပါတယ်။ ပြည်သူ့ဆန္ဒ သဘောထားကို ပြည်သူ့ ဆန္ဒ၊ ပြည်သူ့ အသံ အညီ  ရန်ကုန်တောင်ပိုင်း ခရိုင် အလုပ်မှုဆောင်အဖွဲ့ ဦးဝင်းမင်းက ကောက်ခံရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန် ၉၅% ထောက်ခံခဲ့ပြီး၊ အသစ်ပြန်လည်ရေးဆွဲရန် ဆန္ဒသဘောထား ကောက်ယူရာတွင် ၅% သာထောက်ခံခဲ့ပြီး ၎င်းကောက်ခံမှုကို သဘာပတိ ဒေါက်တာ ဦးစိုးမင်းဦးမှ အတည်ပြုပေးခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ သန်လျင်မြို့နယ်တခွင်မှ လူဦးရေ ၅၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

    ဆက်လက်ပြီး ဦးကိုနီ၏ ဟောပြောမှုတွင် “၁၉၆၂-ခုနှစ် အာဏာသိမ်းပြီးနောက် ဘယ်လောက်ထိတောင်မွဲသွားလဲဆိုရင် အာဏာသိမ်းပြီး ၂၅-နှစ်ကြာ ငွေရတု ကျင်းပရမည့် အချိန်ကောင်း အခါကောင်း အဲ့ဒီနေ့အဲ့ဒီအချိန်မှာ  တိုက်တိုက်ဆိုင်ဆိုင် ကမ္ဘာ့ ကုလသမဂ္ဂက ကျွန်တော်တို့ မြန်မာနိုင်ငံကို ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်နိုင်ငံအဖြစ် တရားဝင်ကြေညာပေး လိုက်တယ်။ အာဏာသိမ်းလိုက်တဲ့ အချိန်က အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံ အကောင်းဆုံးတွေကို ပိုင်တဲ့နိုင်ငံဟာ အာဏာသိမ်းပြီး ၂၅-နှစ်ကြာ ငွေရတု အခမ်းအနား ကျင်းပတဲ့အချိန်မှာ ကမ္ဘာ့ ကုလသမဂ္ဂက ဘာဆုချီးမြင့်လဲဆိုတော့ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများ စာရင်းဝင် ဆုချီးမြင့်ခြင်းခံရတယ်။ တစ်နှစ်တစ်ခါမှာ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ကိုသွားပြီးတော့ အဲ့ဒီလက်မှတ်လေးပြပြီး ကမ္ဘာ့သူဌေးကြီးများ လှူထားတဲ့ အလှူငွေထဲက ခွဲတမ်းသွားထုတ်ရတယ်။ ဒီလက်မှတ်လေး ပြပြီးတော့ သူများပေးစာကမ်းစာ စားရတဲ့အထိ ကျွန်တော်တို့ တိုင်းပြည် ဆင်းရဲသွားပါတယ်။  နိုင်ငံရဲ့အသက် ဝိညာဉ်လို့ ခေါ်ဆိုနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို တပ်မတော်က အာဏာသိမ်း တဲ့နေ့မှာ ရင်ဘတ်ထဲက ဆွဲထုတ်လိုက်တယ်။ ကျွန်တော်တို့ တိုင်းပြည် ဘယ်လောက်ပျက်သွားပြီလဲ။ ခင်ဗျားတို့မသိဘူး ၊ ကျွန်တော်လည်း မသိဘူး ကျွန်တော်တို့ရဲ့ စီးပွားရေးဟာ ဘယ်လောက်ထိတောင် ဆိုက်ဆင်းသွားပြီလဲ ကျွန်တော်တို့ မသိဘူး ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က အဲ့ဒီဘက်မှာကျွမ်းကျင်တဲ့ ပညာရှင် မဟုတ်ဘူး။  အဲ့ဒီဘက်မှာ ကျွမ်းကျင်တဲ့ပညာရှင် စီးပွားရေးပညာရှင် လက်ရှိ မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေး ဦးမြင့်က ရှစ်လေးလုံး အရေးတော်ပုံကြီး ငွေရတု အခမ်းအနားတွင် ပြောကြားသွားသည်မှာ ကျွန်တော်တို့တိုင်းပြည် စီးပွားရေးကို ပြန်လည် တည်ဆောက်ရမယ်။ စီးပွားရေးပြန်လည် တည်ဆောက်တဲ့ နေရာမှာ အရှိန်အဟုန် ကောင်းကောင်းနဲ့ တည်ဆောက်ရမယ်။ ၃-နှစ်လောက်ကြိုးစားနိုင်ရင် အဆင်းရဲဆုံးဘဝက လွတ်ပြီးတော့ ဖွံဖြိုးစ နေရာကိုရောက်မယ်။ လုံးဝ ဆင်းရဲခြင်းကနေ လွတ်မယ် ထမင်းတော့မှန်မှန်စားနိုင်မယ်လို့ပြောသွားခဲ့ပါတယ်”လို့ ဦးကိုနီက ပြောကြားပါတယ်။

    ၎င်းနောက် “အစိုးရမင်းများ လိုက်နာရမည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုရေးရင် ပြည်သူလူထုရဲ့ဆန္ဒနဲ့အညီရေးရမယ်။ ပြည်သူ့ဆန္ဒမပါရင် ဘယ်တော့မှ ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေ မဖြစ်နိုင်ပါဘူး။ လွတ်လပ်ရေး ကြေညာ စာတမ်းရဲ့ စာပိုဒ် (၅) မှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဟာ လူတစ်ဦး တစ်ယောက်ပိုင်တဲ့ နိုင်ငံတော်မဟုတ်တဲ့ လူတစ်စုရဲ့ အမွေအနှစ်လည်း မဟုတ်တဲ့ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်တဲ့ နိုင်ငံသား တိုင်းရင်းသား အားလုံးပိုင်တဲ့ အမွေအနှစ်သာ ဖြစ်တယ်။ ၁၉၄၇ အခြေခံဥပဒေရဲ့ ပုဒ်မ ၃ မှာ နိုင်ငံတော်အာဏာရဲ့ မှုလပိုင်ရှင်သည် နိုင်ငံသားများသာ ဖြစ်သည်။ ပုဒ်မ ၄ မှာလည်း ဥပဒေပြုတဲ့ လွှတ်တော်ဆိုတာ တိုင်းပြည်ကို အုပ်ချုပ်တဲ့ အစိုးရဆိုတာဟာ တရားစီရင်တဲ့ တရားသူကြီးတွေဆိုတာဟာ နိုင်ငံသားတွေ ပိုင်တဲ့ နိုင်ငံတော်အာဏာ ကိုယ်စားသုံးစွဲတဲ့ သူတွေသာဖြစ်တယ်။ လွတ်တော်ဆိုတာ  ဥပဒေပြု အာဏာပိုင်မဟုတ်ဘူး၊ အစိုးရဆိုတာ အုပ်ချုပ်ရေးအာဏာပိုင် မဟုတ်ဘူး ၊ တရားရေးဌာနဟာ တရားရေးအာဏာပိုင် မဟုတ်ဘူး ၊ အာဏာပိုင်ဆိုတာဟာ ပြည်သူပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာဟာ ပြည်သူလူထုကရေးလို့ ပြည်သူလူထုပဲ ပြင်ဆင်၊ အသစ် ရေး ခွင့်ရှိတယ်”လို့ ၎င်းကပင် ဆက်လက်ပြောကြားခဲ့ပါတယ်။

    Facebook တွင် ဓါတ်ပုံများ ကြည့်ရန် >>http://goo.gl/ALmBxn

  • အောက်တိုဘာ- ၂၅ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းတို

    အောက်တိုဘာ-၂၅၊ ၂၀၁၃
    M-Media
    ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုသည် အများအကျိုးစီးပွားသာ ဖြစ်သည်ဟု သူရဦးရွှေမန်းပြောကြား

    လာမည့် နိုဝင်ဘာလတွင် တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ကြေညာနိုင်ရေးအတွက် သမ္မတ ဦးသိန်းစိန်အစိုးရ၏ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အရှိန်မြင့်လာနေချိန်တွင် ငြိမ်းချမ်းရေးဖော်ဆောင်တဲ့အခါမှာ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်တဲ့ ဘာသာတရားတွေ မထားပဲနဲ့ အများအကျိုးစီးပွားအတွက် ဖြစ်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့အတွက် လွှတ်တော်တွင်းကနေ ဖော်ဆောင်နိုင်ရန် ကြိုးစားနေကြောင်း အောက်တိုဘာ ၂၄-ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ လွှတ်တော်နာယက သူရ ဦးရွှေမန်းက ပြောကြားလိုက်ကြောင်း ဧရာဝတီသတင်းမှာ ဖော်ပြထားပါတယ်။
    _______________________

    ကချင်ဒုက္ခသည်စခန်း တပ်မတော် ၀င်ရောက်မှု တိုင်မှူးရှင်းလင်း

    အောက်တိုဘာ ၂၂-ရက်နေ့က ဗန်းမော်မြို့ မန်စီံမြို့နယ်ရှိ မုန်းတင်ပါဒုက္ခသည်စခန်းကို အစိုးရတပ်များ ၀င်ရောက်ခြင်းသည် နယ်မြေကျွမ်းကျင်မှုရရှိရန်၊ ပြည်သူများနှင့် ထိတွေ့နိုင်ရန်သာ ဖြစ်တယ်လို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်က ငြိမ်းချမ်းရေးအကျိုးဆောင် PCG အဖွဲ့ဝင် ၃-ဦး၊ ဒုက္ခသည်စောင့်ရှောက်ရေးအဖွဲ့ KBC တာဝန်ခံတစ်ဦးတို့ကို မြစ်ကြီးနားမြို့မှာ ခေါ်ယူတွေ့ဆုံပြီး ရှင်းပြခဲ့ကြောင်း၊ အစိုးရတပ်တွေ နယ်မြေကျွမ်းကျင်အောင်ဆိုပြီး လှုပ်ရှားမှုရှိသော်လည်း အကြောင်းကြားပြီးသွားကြောင်း၊ လက်နက်ကြီးနဲ့ပစ်သည့်ကိစ္စကို ရှင်းပြမှုမရှိကြောင်းကို PCG အဖွဲ့မှ ဦးဆန်းအောင်က ပြောကြားလိုက်ကြောင်း RFA သတင်းဌာနမှ သိရှိရပါတယ်။
    ______________________

    ဖွဲ့စည်းပုံပြင်ဆင်ရေး တရားမျှတမှုရှိစေဖို့ လုပ်ဆောင်မည်ဟု သူရဦးရွှေမန်း ပြော

    ဖွဲ့စည်းပုံ ပုဒ်မ ၅၉(စ)ရဲ့ သမ္မတအရည်အချင်း ကန့်သတ်မှုများသည် ၂ဝ၁၅ ရွေးကောက်ပွဲ တရားမျှတရန် အတားအဆီးဖြစ်နေတယ်ဆိုရင် လွတ်လပ်မျှတအောင် လုပ်ဆောင်ရမှာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အောက်တိုဘာ ၂၄-ရက်နေ့မှာ ပြောဆိုလိုက်ကြောင်း ကမာရွတ် ရုပ်သံသတင်းဌာနမှာ ဖော်ပြထားပါတယ်။
    ______________________


    ထိုင်းနိုင်ငံ၏ သံဃာ့ဥသျှောင် ဘုန်းတော်ကြီး ပျံလွန်တော်မူ

    Supreme Patriarch

    နိုင်ငံရှိ ဘုန်းတော်ကြီးများ၏ ဥသျှောင်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ အကြီးဆုံး ဘုန်းတော်ကြီးဖြစ်သော ဆွမ်ဒက် ဖရာ ဥာဏ်နသံဝရမှာ ယမန်နေ့က ဘ၀နတ်ထံသို့ ပျံလွန်တော်မူသွားပြီဟုသိရသည်။

    ထိုင်းနိုင်ငံဘန်ကောက်မြို့ ချူလာလောင်ကွန်ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ထိုဘုန်းတော်ကြီးမှာ သက်တော် ၁၀၀ ရှိပြီဖြစ်ပြီး သွေးကင်ဆာရောဂါဖြင့် ယမန်နေ့ညနေ ၇ နာရီခွဲက ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

    ၂၀၀၂ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့ကတည်းက ကျန်းမာရေးအခြေအနေ ဆိုးရွားမှုကြောင့်ဆေးကုသမှုခံခဲ့ရပြီး ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်နေ့က သက်တော် ၁၀၀ ပြည့်ခဲ့ခြင်းဖြစ်သည်။

    ဘုန်းတော်ကြီး ပျံလွန်တော်မူသည့်အတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံတော်အလံအား ၃ ရက်ဆက်တိုက် တိုင်တစ်ဝက်လွှင့်ထူထားရန် ထိုင်းအစိုးရက ကြေညာထားပြီး၊ ၀မ်းနည်းခြင်းအခမ်းအနားကို ၁၅ ရက်ပြုလုပ်မည်ဖြစ်သည်။ ထို့ပြင် ဘုန်းတော်ကြီးအား ပြည်သူများ နောက်ဆုံးဖူးမျှော်နိုင်ရန် ဆေးရုံနှင့် ထိုဘုန်းတော်ကြီးကျောင်းထိုင်ရာ ဘုန်းကြီးကျောင်းတို့တွင် စီစဉ်ပေးထားသည်ဟုသိရသည်။

    ၁၉၁၃ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့တွင် မွေးဖွားခဲ့သည့် ဘုန်းတော်ကြီး ဥာဏ်နသံဝရမှာ အသက် ၂၀ အရွယ်တွင် ဘန်ကောက်မြို့ရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် ရဟန်းဝတ်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှစ၍ ထိုင်းနိုင်ငံ၏ အကြီးဆုံးဘုန်းတော်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

    ကိုးကား- ဆင်ဟွာ
    ……………………………………
    မဟာမိတ်များကို သူလျိုလုပ်ခြင်းကြောင့် အမေရိကန်ကို ယုံကြည်မှု ပျက်သုဉ်းစေကြောင်း ဂျာမန် ဝန်ကြီးချူပ်ပြော

    EU leaders unite over US spying allegations - Europe

    မဟာမိတ်နိုင်ငံများအား အမေရိကန်က လျှို့ဝှက်စွာထောက်လှမ်းနေသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပြီးနောက် ဥရောပခေါင်းဆောင် များမှာထိုကိစ္စအတွက်ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့ကြပြီး ထိုကဲ့သို့သောလုပ်ရပ်များက အိုဘားမားအစိုးရအပေါ် ယုံကြည်မှုများ ပျက်သုဉ်းစေပြီး အတ္တလန်တိတ် ပြင်ပနိုင်ငံများနှင့် အရေးပါသောဆက်ဆံရေးကို ထိခိုက်စေသည်ဟု ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာ မာကယ်လ်က ပြောကြားလိုက်သည်။

    မိမိနိုင်ငံသားများအပေါ် စောင့်ကြည့်နေသည့် ထိုသူလျှိုလုပ်ငန်းအား ဝေဖန်ခဲ့သည့် ပြင်သစ်နိုင်ငံက ၂ ရက်တာ ကြာမြင့်ခဲ့သည့် အဆိုပါဆွေးနွေးပွဲတွင် ဥရောပနိုင်ငံများ၏ ကိုယ်ပိုင် အချက်အလက်များအား ကာကွယ်ခြင်းနှင့် ပက်သက်သည့် အစီအစဉ်တစ်ခုကိုလည်း ထည့်သွင်းတင်ပြခဲ့သည်။

    ထိုဆွေးနွေးပွဲမှာ ယမန်နေ့သန်းခေါင်းယံအချိန်မှပြီးဆုံးခဲ့ပြီး အမေရိကန်၏ သူလျှိုလုပ်ငန်းပြဿနာအားဖြေရှင်းရန် ယခုနှစ် နှစ်ကုန်ပိုင်းတွင် ပြင်သစ်နှင့် ဂျာမနီတို့က အမေရိကန်နှင့် ညီလာခံတစ်ခုအား ကျင်းပမည်ဟု ဥရောပကောင်စီ ဥက္ကဌက ဟာမန်း ဗန် ရွမ်ပွိုင်းက ဆွေးနွေးပွဲအပြီးတွင် ပြောကြားခဲ့သည်။

    အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများဖြစ်ကြသည့် NSA နှင့် CIA တို့က ကမ္ဘာတစ်ဝှမ်းရှိ သန်းပေါင်းများစွာသောပြည်သူများ၏ ဖုန်းခေါ်ဆိုမှုများ၊ အင်တာနက်အသုံးပြုမှုများကို စောင့်ကြည့်နေသည်ဟု NSA ၀န်ထမ်းဟောင်း စနိုးဒင်က ဖွင့်ချခဲ့ပြီးနောက်ပိုင်း အမေရိကန်၏ သူလျှိုလုပ်ငန်းအား နိုင်ငံ့ခေါင်းဆောင်များက ပြင်းပြင်းထန်ထန်ဝေဖန်မှုများ အများအပြား ထွက်ပေါ်လာခဲ့သည်။
    Ref:aljazeera
    ……………………………………….
    ပထမဆုံး လျှင်စစ်ကားကလပ် လန်ဒန်တွင်ဖွင့်လှစ်


    အခကြေးငွေပေးကာ မောင်းနှင်ရမည့် လျှင်စစ်ကားကလပ်အား လန်ဒန်မြို့တွင် ဗုဒ္ဓဟူးနေ့က ဖွင့်လှစ်လိုက်ပြီဟု သိရသည်။

    E-Car Club ဟု အမည်ရသည့် အဆိုပါကားကလပ်ကို လန်ဒန်မြို့အရှေ့ဘက်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ထိုနေရာမှာ လန်ဒန်မြို့၏ အဆင်းရဲဆုံးနေရာလည်းဖြစ်သည်။

    လျှစစ်ကားအသုံးပြုရန်အတွက် ထိုကလပ်တွင်အသင်းဝင်ထားရမည်ဖြစ်ပြီး၊ ထိုဒေသတွင် ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့်  Poplar Housing and Regeneration Community Association (HARCA) ကုမ္ပဏီနှင့် Renault ကားထုတ်လုပ်ရေးတို့မှ ပူးပေါင်းကာ ကလပ်အားဖွင့်လှစ် ထားခြင်းဖြစ်သည်။ HARCA မှာ ထိုဒေသတွင် အိမ်ရာ ၉၀၀၀ ပိုင်ဆိုင်ထားသည်။

    E-Car Club အား ပူးပေါင်းတည်ထောင်ထားသည့် ခရစ္စတိုဖာ မော်ရစ်က ထိုကလပ်မှာရိုးရှင်းပြီး၊ ၎င်းတို့အနေဖြင့် ဒေသတွင်း ခရီးသွားလာမှုကို တိုးတက်ချင်ကြောင်း တစ်ပြိုင်နက်တည်းမှာပင် ခရီသွားလာမှု ကုန်ကျစားရိတ်နှင့် ပတ်ဝန်းကျင်ထိခိုက်မှုကို လျော့ကျစေလိုသော ရည်ရွယ်ချက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ယခုဖွင့်လှစ်မှုမှာ ပထမဦးဆုံး ခြေလှမ်းတစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင်ထပ်မံဖွင့်လှစ်ရန် ရည်ရွယ်ထားကြောင်း မော်ရစ်က ထပ်လောင်းပြောကြားခဲ့သည်။
    ကိုးကား- ဆင်ဟွာ
    ………………………………..
    ယူကရိန်းလှက်ဝှေ့ကျော်ဟောင်း ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ပြိုင်မည်

    WTA ဟဲဗီးဝိတ်ချန်ပီယံဟောင်းတစ်ဦးဖြစ်ပြီး ယူကရိန်းနိုင်ငံ၏ အတိုက်အခံ နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဗစ်တာလီ ကလစ်ရှ်ကိုက ၎င်းအနေဖြင့် ၂၀၁၅ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု ယမန်နေ့က ကြေညာလိုက်သည်။

    ထိုကြေညာမှုမှာ ယူကရိန်းပါလီမန်မှ ဥပဒေမူကြမ်းတစ်ခုကို ပြဌာန်းပြီးချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်ပြိး ထိုဥပဒေမူကြမ်းအရ ယူကရိန်းတွင်နေထိုင်းခြင်းမပြုဘဲ နိုင်ငံရပ်ခြားတွင်နေထိုင်ရန်အခွင့်ရေးရှိနေသည့် လူပုဂ္ဂိုလ်အား သမ္မတအဖြစ် စဉ်းစားရာတွင် ကန့်သတ်ချက်ထားရန်ပါဝင်သည်။

    သမ္မတရွေးကောက်ပွဲကို လာမည့်နှစ် မတ်လတွင်ကျင်းပရန်ရှိနေပြီး ဂျာမနီတွင် နေထိုင်ခွင့်ရနေသည့် ကလစ်ရှ်ကိုအနေဖြင့် ထိုဥပဒေမူကြမ်းကြောင့် ရွေးကောက်ပွဲတွင် အခက်တွေ့ဖွယ်ရှိနေသည်။ သမ္မတအဖြစ်အရွေးခံသူမှာ ယူကရိန်းနိုင်ငံတွင် ၁၀ နှစ်နေထိုင်သူဖြစ်ရမည်ဟု ဥပဒေတွင်ပါရှိသည်။

    အသက် ၄၂ နှစ်အရွယ်ရှိပြီဖြစ်သည့် ဟဲဗီးဝိတ်ချန်ပီယံဟောင်း ကလစ်ရှ်ကိုမှာ ပါလီန်မန်တွင် ၄၂ နေရာရရှိထားသည့် Udar ပါတီခေါင်းဆောင်ဖြစ်ပြီး ၂၀၀၅ခုနှစ်က ကိဗ်မြို့၏ မြို့တော်ဝန်အဖြစ်အရွေးခံခြင်းဖြင့် နိုင်ငံရေးလောက ထဲသို့ စတင်ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
    ဆင်ဟွာ
    ……………………………………..
    မက္ကဆီကိုမြောက်ပိုင်းတွင် စက်ရုံတစ်ခုပေါက်ကွဲမှုဖြစ်ပွား


    မက္ကဆီကိုနိုင်ငံမြောက်ပိုင်း Chihuahua ပြည်နယ် Ciudad Juarez မြို့ရှိ သကြားလုံးစက်ရုံတစ်ခုတွင် ယမန်နေ့က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ၅၁ ဦးဒဏ်ရာရခဲ့ကာ ၂၀ ဦးမှာပျောက်ဆုံးနေသည်ဟုသိရသည်။

    ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် စက်ရုံမှာ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်နှင့် နယ်နိမိတ်ချင်းနီးစပ်သည့် Benito Juarez စက်မှုဇုန်ရှိ Blueberry ကုမ္ပဏီပိုင် စက်ရုံဖြစ်ပြီး ယမန်နေ့ ဒေသစံတော်ချိန် နေ့လည် ၂ နာရီတွင်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒဏ်ရာရသူများကို အနီးအနားရှိဆေးရုံများသို့ ပို့ဆောင်ကာ ကုသပေးလျက်ရှိကြောင်း Ciudad Juarez မြို့ မြို့တော်ဝန် အာကွင်း ဆာရာနိုက ပြောကြားခဲ့သည်။
    *ဆင်ဟွာ
    …………………………………
    ၉/၁၁ မတိုင်ခင်ကတည်းက လုံခြုံရေးကောင်စီအဖွဲ့ဝင်များကို တယ်လီဖုန်းကြားဖြတ် နားထောင်သည့် သူလျှိုလုပ်ငန်းများကို အမေရိကန်မှ လုပ်ခဲ့ဟု CIA အေးဂျင့်ဟောင်းတစ်ဦး ပြော

    ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်များ အပါအ၀င် နိုင်ငံခြားအစိုးရ တာဝန်ရှိသူများအား စုံးစမ်းထောက်လှမ်းမှုများမှာ ၉/၁၁ တိုက်ခိုက်မှု မဖြစ်ပွားခင်ကတည်းက အစပြုခဲ့ခြင်းဖြစ်သည်ဟု CIA အေးဂျင့်ဟောင်းတစ်ဦးဖြစ်သူ Susan Lindauer က ပြောကြားခဲ့သည်။

    “ကျွန်မတို့ဟာ သံအမတ်တွေ၊ အကြီးတန်းသံအရာရှိတွေကို ထောက်လှမ်းမှုများ ပြုလုပ်ခဲ့ပြီး ဒီအလုပ်ကို ကျွန်မတို့ နှစ်ပေါင်းတော်တော်ကြာအောင် လုပ်ခဲ့တာပါ” ဟု Lindauer က ပြောကြားခဲ့သည်။

    အမေရိကန်အမျိုးသားထောက်လှမ်းရေး အေဂျင်ဆီ NSA က နိုင်ငံ ၃၅ နိုင်ငံ၏ခေါင်းဆောင်များ၏ တယ်လီဖုန်းခေါ်ဆိုမှုများကို စောင့်ကြည့်ခဲ့သည်ဟု The Guardian သတင်းစာတွင်လည်း ယမန်နေ့က ဖော်ထုတ် ရေးသားထားသည်။

    အိမ်ဖြူတော်၊ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် အမေရိကန် အစိုးရတို့မှ NSA အား ကမ္ဘာ့ခေါင်းဆောင်များ၏ ဖုန်းနံပါတ်များကိုပေးထား ခဲ့သည်။

    “CIA အေးဂျင့်ဟောင်းအဖြစ် ကျွန်မ စိတ်ဝင်စားတာကတော့ ကုလသမဂ္ဂ ကို ထောက်လှမ်းခြင်းပါ။ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကို မကြာမကြာ ကျွန်မတို့ ပစ်မှတ်ထားထောက်လှမ်းပါတယ်။ ဒီလိုထောက်လှမ်းခြင်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက လုပ်နေကြအလုပ်ပါ။ ၉/၁၁ မတိုင်ခင်ကတည်းက ကျွန်မတို့ ဒါကိုလုပ်နေတာပါ” ဟု Lindauer က ထပ်လောင်းပြောကြားခဲ့သည်။

    ထို့ပြင် စစ်ဆန့်ကျင်ရေးလှုပ်ရှားသူများက အမေရိကန်မှာ ကမ္ဘာ့ပါဝါကို လွှမ်းမိုးနိုင်သော နိုင်ငံမဟုတ်တော့ကြောင်း၊ အခြားနိုင်ငံများအနေဖြင့် အမေရိကန်၏ စော်ကားမှုများကို ဆက်လက်၍ သည်းခံတော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
    Ref:AGB/AGB
    …………………………………
    နိုင်ငံ၏လျှို့ဝှက်ချက်ပေါက်ကြားမှုများအတွက် ဥပေဒမူကြမ်းတစ်ခု ဂျပန်တင်သွင်း


    ဂျပန်နိုင်ငံ၏ လျို့ဝှက်ချက်များကို ထုတ်ဖော်ပြောဆိုသူအား အပြစ်ပေးနိုင်ရန်အတွက် လျို့ဝှက်ချက်များနှင့် သက်ဆိုင်သည့် အငြင်းပွားဖွယ် ဥပဒေမူကြမ်းတစ်ခုကို ပါလီမန်သို့တင်သွင်းလိုက်သည်ဟု သိရသည်။

    ဂျပန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ယိုရှီဟီဒီ ဆူဂါက ထိုမူကြမ်းအား ယနေ့တွင် တင်သွင်းလိုက်ခြင်းဖြစ်ပြီး ပါလီမန်တွင်အတည်ပြုလိမ့်မည်ဟု ပြေကြားခဲ့ကာ ဥပဒေပြုအမတ်များအနေဖြင့် တတ်နိုင်သမျှအမြန်ဆုံးအတည်ပြုရန် သူက အလိုရှိနေသည်။

    ထိုဥပဒေအရ နိုင်ငံ၏ လျှို့ဝှက်ချက်များအား ထုတ်ဖော်ပြောဆိုကြသည့် နိုင်ငံဝန်ထမ်းများအနေဖြင့် ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရမည်ဖြစ်ပြီး လွတ်လပ် စွာပြောဆိုခွင့် အခွင့်အရေးကို ကန့်သန်ထားခြင်းဖြစ်သည်ဟု အချို့က ပြောဆိုနေကြသည်။
    Ref:MR/HSN

  • ဘရပ်ဆဲလ် မှ တစ်ကျော့ပြန် အစ္စလာမ့်ဈေးပွဲတော်

    အောက်တိုဘာ-၂၅
    M-Media
    Brussels-Islamic-Fair-Returns
    (ဓာတ်ပုံ – လူနှစ်သောင်းပရိသတ်ရှိခဲ့သော ပထမဆုံး မွတ်စ်လင်မ်ဈေး ပွဲတော်၏ မြင်ကွင်း တစ်ခု)

    ကိုင်ရို ။        ။ ပထမဆုံးအကြိမ်ဈေးပွဲတော်၌ ထူးထူးခြားခြားအောင်မြင်မှုရခဲ့သည့်အတွက် ဘယ်လ်ဂျီယံမွတ်စ်လင်မ်တို့သည် ဒုတိယကြိမ်မြောက် ဘရပ်ဆဲလ် မွတ်စ်လင်မ်ဈေးပွဲတော်ကို ပြင်ဆင်လျက်ရှိသည်။ ဥရောပနိုင်ငံတွင်းရှိ မွတ်စ်လင်တို့၏ ပြဿနာနှင့် စိန်ခေါ်မှုဆိုင်ရာကျွမ်းကျင်သူများ၏ ဖိုရမ်တစ်ရပ်နှင့်တွဲ၍ ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်း Le Bourget အမည်ရှိသော ဖိုရမ်သည် ပြင်သစ်ပြည်၊ ပဲရစ်မြို့တွင် နှစ်စဉ်နှစ်တိုင်းပြုလုပ်သော နှစ် ၃၀ သက်တမ်းရှိ မွတ်စ်လင်မ်ကွန်ဖရင့်တစ်ခုဖြစ်သည်။

    ဒုတိယအကြိမ်ဈေးပွဲတော်ကို လာမည့် အောက်တိုဘာလ ၂၅ ရက်မှ ၂၈ ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း Saphir News မှ ဖော်ပြသည်။ မွတ်စ်လင်မ်ဆန့်ကျင်ရေးအစွဲများလျော့ပါးစေရန် ဘယ်လ်ဂျီယံမွတ်စ်လင်မ်များအတွက် ဤအစီအစဉ်မှာ အခွင့်အရေးကောင်းတစ်ရပ်ဖြစ်သည်။ ပထမဆုံးအကြိမ် ဈေးပွဲတော်ပြုလုပ်စဉ်က လာရောက်လည်ပတ်သူ နှစ်သောင်း အထက် ရှိခဲ့သည်။ Le Bourget အခမ်းအနားကို နှစ်ပေါင်းများစွာပြင်ဆင်ပေးလာခဲ့သည့် Gedis ကုမ္ပဏီကို Union of Islamic Organizations of France (UOIF) မှ ငှားရမ်းခေါ်ယူကာ ဤနှစ်ပွဲတော်အား စီစဉ်စေသည်။

    ဘယ်လ်ဂျီယံလူဦးရေ ၁၀ သန်းတွင် မွတ်စ်လင်မ် ၄သိန်းခွဲ ရှိမည်ဟု ခန့်မှန်းထားပြီး မော်ရိုကိုနွယ်ဖွား နှင့် တူရကီနွယ်ဖွား ထက်ဝက်စီမျှ ပါဝင်သည်။

    ဘရပ်ဆဲလ်လူဦးရေပမာဏ၏ ၂၀ ရာခိုင်နှုန်းကျော်ကျော်မှာ မော်ရိုကို၊ တူရီကီ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် နှင့် အာဖရိကန်နွယ်ဖွား မွတ်စ်လင်မ်များ ဖြစ်ကြသည်။ ဘရပ်ဆဲလ်တွင် ၀တ်ပြုခန်းမဆောင် ၇၇ ခု၊ ဘယ်လ်ဂျီယံတစ်ဝှန်းတွင် ၃၀၀ နှင့်အထက် ရှိသည်။

    Ref: OnIslam

  • ချင်းပြည်နယ်ရှိ ခရစ်ယာန်တို့အား ခွဲခြားဆက်ဆံမှု မပြုရန် အာဏာပိုင်မှ ညွှန်ကြားဖို့လို

    အောက်တိုဘာ-၂၅
    M-Media

    burma_na_ta_laschool.jpeg.size.xxlarge.letterbox

    မြန်မာအစိုးရသည် ချင်းပြည်နယ်ရှိ ခရစ်ယာန်တို့အား တမင်ချိုးနှိမ်ခွဲခြားဆက်ဆံမှုများနှင့်စပ်လျဉ်း၍ လမ်းညွှန်အပ်သည်ဟု ကုလသမဂ္ဂ၏လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာကင်တားနား မှ ဆိုသည်။

    ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်တွင် ကုလသမဂ္ဂအထွေထွေ ညီလာခံသို့တင်သွင်းသည့် သူ့အစီရင်ခံစာ၌ အာဏာပိုင်အစိုးရနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများမှ ခရစ်ယာန်များအပေါ် ခွဲခြားဆက်ဆံမှုမြှင့်တက်လာခြင်းအပေါ် စိုးရိမ်မိသည်ဟု ဖော်ပြထားသည်။

    ၂၀၁၃ ခုနှစ် သြဂုတ်လ၌ ချင်းပြည်နယ်သို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့သော မစ္စတာကင်တားနားက  “ ၀န်ထမ်းလောကထဲမှာ အလုပ်အကိုင် ရရှိဖို့ အထူးသဖြင့် ရာထူးမြင့်နေရာအတွက် ခွဲခြားဆက်ဆံခံရမှုလည်း ပါဝင်တယ် ” ဟု ပြောဆိုသည်။

    ချင်းပြည်နယ်တွင် ခရစ်ယာန်ဦးရေသည် ၉၀ ရာခိုင်နှုန်းနီးပါး၊ ဗုဒ္ဓဘာသာဝင်များမှာ ၁၁ ရာခိုင်နှုန်းနီးပါး ရှိနေသည်။ ပြည်နယ် အဆင့်ဌာနဆိုင်ရာ၌ ၁၄ ရာခိုင်နှုန်း၊ မြို့နယ်အဆင့်ဝန်ထမ်း၌ ၂၅ ရာခိုင်နှုန်းသာ ခရစ်ယာန်များ ပါဝင်နေ၏။

    မြန်မာပြည်၏တိုးတက်မှု အနိမ့်ကျဆုံး ချင်းပြည်နယ်ရှိ ခရစ်ယာန်များမှာ သာသနိက အဆောက်အဦများကို တည်ဆောက်ရန်၊ မွမ်းမံပြင်ဆင်ရန် သက်ဆိုင်ရာ ၀န်ကြီးဌာနခွင့်ပြုချက် ရယူရေး၌ အခက်အခဲများ ရင်ဆိုင်နေရဆဲဖြစ်ကြောင်း၊ မင်းတပ်မြို့သို့ရောက်စဉ်က အစိုးရကျောထောက်နောက်ခံ နတလကျောင်းများသို့ သွားရောက်ခဲ့ကြောင်း၊ ၄င်းတွင် ခရစ်ယာန်ကျောင်းသားများမှာ ဗုဒ္ဓဘာသာသို့ အဓမ္မသွတ်သွင်းခြင်းကို ခံရသည့်အချက်အား ချင်းလူ့အခွင့်အရေးအဖွဲ့ထုတ် Threats to Our Existence အစီရင်ခံစာ၌ တွေ့ရကြောင်း ကင်တားနားက ဆိုသည်။ ထိုကျောင်းများသည် နယ်စပ်ရေးရာ နှင့် သာသနာရေးဝန်ကြီးဌာန လက်အောက်တွင် ရှိကြသည်။

    မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ကုလပဋိညာဉ်အရ ကျောင်းသူကျောင်းသားတို့၏ ဘာသာရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးကို လေးစားလိုက်နာရန်၊ ကာကွယ်စောင့်ရှောက်ပေးရန် လိုကြောင်း မိမိမှ အာဏာပိုင်တို့အား တိုက်တွန်းခဲ့သည်ဟု ဆို၏။

    ချင်းပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်မင်းဦးက ကျောင်းများတွင် ခရစ်ယာန်ကျောင်းသားများကို ခွဲခြားနှိမ့်ချ ဆက်ဆံခြင်းမရှိကြောင်း၊ ၄င်းမှာ ဆင်းရဲသားကလေးငယ်နှင့် မိဘမဲ့ကလေးများကို ပညာရေးအကူအညီပေးသည့် အစီအစဉ်သာဖြစ်သည်ဟု ကနဦးငြင်းဆို ထားချက်နှင့် ဤအဖြစ်မှာ ဆန့်ကျင်လျက်ရှိကြောင်းတွေ့ခဲ့ရသည်။

    ချင်းဒေသတွင်း ပြည်နယ်လွှတ်တော်အစည်းအဝေး၌ ချင်းလူမျိုးလွှတ်တော်အမတ် Ki Thang Lon က နတလကျောင်းသားများကို အမျိုးသားရေးဝါဒီများဖြစ်အောင် သင်ကြားလေ့ကျင့်နေခြင်း အပေါ် ပြန်လှန်မေးခွန်း ထုတ်ခဲ့သည်ဟု Chinland Post မှ ဖော်ပြထားသည်။

    ချင်းပြည်နယ်အစိုးရ၏စာရင်းအင်းများအရ ချင်းပြည်နယ်တစ်ဝှန်းမှ နတလကျောင်း ၉ ကျောင်းတွင် ဗုဒ္ဓဘာသာဝင် ကျောင်းသူကျောင်းသား ၄၈၄ ဦး နှင့် ဆရာ ၁၁၄ ဦး ရှိသော်လည်း၊ ခရစ်ယာန် ဘာသာဝင်ကျောင်းသူကျောင်းသား ၂၉၀ ဦး နှင့် ဆရာ ၁၈ ဦးသာရှိနေကြောင်း သိရသည်။

    “ မစ္စတာကင်တားနားဟာ ကုလအထွေထွေညီလာခံမှာ ချင်းအရေးနဲ့ပတ်သက်ပြီး အလွန်ကျိုးကြောင်းသင့်စွာ အလေးပေး အစီရင်ခံ တင်ပြနိုင်တဲ့ အတွက် ကျွန်တော်တို့ နှစ်ထောင်း အားရဖြစ်မိပါတယ်။ သူက အခြေခံအဆောက်အဦ ပြဿနာကို ကွက်ကွက်ကွင်းကွင်းဖော်ပြလို့ တိုးတက်ဖွံ့ဖြိုးရေး ကဏ္ဍ လိုအပ်နေသေးကြောင်း၊ ပြည်သူရဲ့လူနေမှုဘ၀အပေါ် ခွဲခြားဆက်ဆံမှု အလျဉ်း မပြုအပ်ကြောင်း အထူးပြုဖော်ပြခဲ့ပါတယ်။ ကျွန်တော်တို့ လက်မခံနိုင်စရာ အချက်ကို မတွေ့ရပါဘူး ” ဟု CHRO ၏ Advocacy Director ဖြစ်သူ Rachel Fleming က Mr.Tomás Ojea Quintana ၏ အစီရင်ခံစာကို ချီးကျူးပြောဆိုလိုက်သည်။

    Ref:chinlandguardian

    Photo-The Star