News @ M-Media

Blog

  • တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    အောက်တိုဘာ-၂၉ ၂၀၁၃
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    Google ရဲ့ Project Shield

    သတင်း website အသေးစားများ၊ ရွေးကောက်ပွဲ website များ၊ လူ့အခွင့်အရေး website များကဲ့သို့ အသေးစား website များအတွက် Google က သူတို့ကိုယ်တိုင် သုံးတဲ့ DDoS ကာကွယ်ရေးစနစ်ကို အသုံးပြုပြီး ဒီ website လေးတွေရဲ့ အချက်အလက် ကို  Google ဆက်သွယ်မှုက တစ်ဆင့် စီးဆင်းစေခြင်းနဲ့ ကာကွယ်ပေးသွားမည့် အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ https://projectshield.withgoogle.com/ ဖြစ်ပါတယ်
    shield————————————————————–

    တစ်ကိုယ်ရေသုံး လေသန့်စက်

    Electrolux Design Lab ရဲ့ နည်းပညာသစ်ပြိုင်ပွဲမှာ  ရုရှနိင်ငံက Alexandr Kostin ရဲ့Hand Tree design concept ဆုရသွားပါတယ်။ ဒီလိုလက်မှာပတ်ထားရုံနဲ့ ပါတ်ဝန်းကျင်က လေထုကို သန့်စင်သွားနိုင်မယ်ဆိုရင် ကမ္ဘာ့လေထုကိုတောင် သန့်စင်သွားနိုင်မှာ ဖြစ်ပါတယ်။ Hand Tree လို့ နာမည်ပေးထားသလိုပဲ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပြီး အောက်ဆီဂျင်ကို ထုတ်လွှတ်ပေးမှာ ဖြစ်ပါတယ်။

    handtree————————————————————–

    ကမ္ဘာနဲ့ လ အကြား မြန်နှုန်းမြင့် ဆက်သွယ်ရေး နာဆာစမ်းသပ်

    စက်တင်ဘာလအတွင်းက လွှတ်တင်ခဲ့တဲ့ လသို့သွားတဲ့ အာကာသယာဉ် LADEE နဲ့ ဆက်သွယ်ရာမှာ လေဆာ နည်းပညာသစ်နဲ့ ပို့လွှတ်စမ်းသပ်ခဲ့ပါတယ်။  download speedsကတော့ 622  Mbps ရှိပြီးတော့ upload rate ကတော့ 20 Mbps ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ပျမ်းမျှ အင်တာနက် ဆက်သွယ်မှု အမြန်နှုန်းကတော့  256 Kbps သာရှိပါတယ်။

    ————————————————————–

    Sony Smart watch 2 အသစ် ကို ထုတ်ဖေါ်ပြသ

    Sonyက  Smart watch 2 လက်ပတ်နာရီကို အရင်အပါတ်က ဈေးကွက်ကို ထုတ်ဖေါ်ပြသလိုက်ပါတယ်။ ဒေါ်လာ ၂၀၀ လောက်နဲ့ ရောင်းမယ့် ‘ဒီနာရီကို Android version အနည်းဆုံ 4.0 Ice Cream Sandwich သုံးတဲ့ မည်သည့် ဖုန်းနဲ့မဆို တွဲပြီးသုံးနိုင်ပါတယ်။ ဖုန်းနဲ့ ဆက်သွယ်မှုအတွက် bluetooth 3.0 ကို အသုံးပြု ထားပါတယ်။
    sony

    ————————————————————–

    LG ရဲ့ ကွေးညွတ်ထားတဲ့ မျက်နှာပြင်နဲ့G Flex

    ၆လက္မ မျက်နှာပြင်ရှိတဲ့ ကွေးညွတ်ထားတဲ့ မျက်နှာပြင်နဲ့ ဖုန်းကို LG က ထုတ်ဖေါ်ပြသလိုက်ပါတယ်။ အရင်အပါတ်ကလည်း Samsung က ကွေးညွတ်ထားတဲ့ မျက်နှာပြင်နဲ့ ဖုန်းတစ်မျိုး ထုတ်လုပ်ခဲ့ပါတယ်။ Samsung ရဲ့ ဖုန်းက လက်ဖဝါးထဲမှာ ကိုင်တွယ်လို့ ကောင်းအောင် ဘေးဘက်တွေ ကွေးထားတာ ဖြစ်ပြီး LG ရဲ့ ဖုန်းကတော့ မျက်နှာနဲ့ အဆင်ပြေနိုင်အောင် အထက်အောက် ကွေးညွတ်ထားပါတယ်။
    LG

  • UK နာမည်ကြီးတက္ကသိုလ်များ ပါဝင်တဲ့ ရန်ကုန်က ပညာရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ

    UK နာမည်ကြီးတက္ကသိုလ်များ ပါဝင်တဲ့ ရန်ကုန်က ပညာရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ

    အောက်တိုဘာ ၂၈-၂၀၁၃
    M-Media
    A.N.lay

    UK မှ အထင်ကရ တက္ကသိုလ်များ ပါဝင်သော အဆင့်မြင့်ဆွေးနွေးပွဲတစ်ရပ်ကို ဗြိတိသျှကောင်စီ မြန်မာနှင့်  လန်ဒန်တက္ကသိုလ်တို့မှ ဦးစီး၍ The UK-MYANMAR Higher Education Partnership Turning Policy Into Action ခေါင်းစဉ်ဖြင့် ဆွေးနွေး

    DSC01022

    ရန်ကုန်    ။          ။        UK မှ အထင်ကရ တက္ကသိုလ်များ ပါဝင်သော အဆင့်မြင့်ဆွေးနွေးပွဲတစ်ရပ်ကို ဗြိတိသျှကောင်စီ မြန်မာနှင့် လန်ဒန်တက္ကသိုလ်တို့မှ ဦးစီး၍ The UK-MYANMAR Higher Education Partnership Turning Policy Into Action ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့ Park Royal Hotel, Padamya Room 3 တွင် အောက်တိုဘာ ၂၈-ရက် ညနေ ၅း၃၀ တွင်ပြုလုပ်ခဲ့ပါတယ်။

    ၎င်းဆွေးနွေးပွဲတွင် Mr.Chris Cobb ( Chief Operating Officer and University Secretary) က “ကျွန်တော်တို့ လွန်ခဲ့တဲ့ နှစ်စပိုင်း လန်ဒန်တက္ကသိုလ် ကို မြန်မာနိုင်ငံက ပညာရေး အဆင့်မြင့် အဖွဲ့သွားရောက်ပါတယ်။ အဲ့ဒီကနေ ဆွေးနွေးခဲ့တာ တွေဟာ ဆက်လက်ပြီးတော့ ကျွန်တော်တို့ ဒီမှာ အကောင်အထည်ဖော်ဖို့ ရှိပါ တယ်။ ဘာလို့လဲဆိုတော့ ဒီမြန်မာနိုင်ငံ အစိုးရဟာ အဆင့်မြင့် ပညာရေး အောက်မှာရှိတဲ့ တက္ကသိုလ်များအားလုံးကို ပိုပြီးတော့ စွမ်းဆောင်နိုင်ဖို့ တိုးတက်လာဖို့ ပြန်ပြီး ရှင်သန်လာနိုင်ဖို့ကို အင်မတန်မှ ဆန္ဒပြင်းပြပါတယ်။ ဒါကိုလုပ်ဖို့လည်း ပြည်ပ အကူအညီများလိုပါတယ်။

    UK မှာ မြန်မာ ပညာရေးအဖွဲ့ သွားရောက် ဆွေးနွေးတဲ့ အခါမှာ ဒါတွေပဲပြောပြီးတော့ နောက်ဆက်တွဲကို အကောင်အထည်ဖော်ဖို့ အတွက် ကျွန်တော်တို့ ဒီကိုလာရောက်ခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အစိုးရကတော့ ပညာရေးစနစ် တစ်ခုလုံးကို တိုးတက်အောင် ကောင်းမွန်အောင် ပြောင်းလဲစေချင်ပါတယ်။ အထူးသဖြင့် အခြေခံပညာရေး၊ အလယ်တန်းပညာရေး၊ အထက်တန်းပညာရေး၊ တက္ကသိုလ်များ အနုပညာတက္ကသိုလ်များ၊ ဆေးပညာတက္ကသိုလ်များ ၊ စက်မှုဆိုင်ရာတက္ကသိုလ်များ အားလုံးကို တိုးတက်စေချင် ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီကိုလာတာကလည်း တက္ကသိုလ်များကိုတိုးတက်အောင် လုပ်ဖို့ ဆွေးနွေးတိုင်ပင်ပြီးတော့ ကူညီပံပိုးဖို့အတွက်လာတာဖြစ်ပါတယ်။ နိုင်ငံတိုင်းမှာ ဖွံဖြိုးတိုးတက်ဖို့က ပညာရေးအဆင့်ဆင့်တိုင်း ကအရေးကြီးပါတယ်။ လက်ရှိကမ္ဘာမှာ ရာသီဥတု ပြောင်းလဲမှုတွေ ၊ သဘာဝဘေး အန္တရယ်တွေ ကို ဖြေရှင်းနိုင်ဖို့က တက္ကသိုလ်အဆင့် ပညာရေးသာလျှင် ဒါကိုဖြေရှင်းနိုင်မယ့် အလားအလာ ရှိပါတယ်။ ဒါကြောင့်ဒီကိုလာရောက်ခြင်းက တက္ကသိုလ်အဆင့် ပညာရေးကို တိုးတက်အောင် ကူညီပံပိုးပေးခြင်း ဖြစ်ပါတယ်။

    ပြသနာတိုင်းဟာ တစ်နိုင်ငံတည်းဖြစ်နေတာမဟုတ်ပါဘူး တစ်ကမ္ဘာတိုင်းမှာဖြစ်နေတဲ့ ပြဿနာဖြစ်တဲ့ အတွက်ကြောင့် တက္ကသိုလ်များမှာ သူတို့ရဲ့ ပညာရေးစနစ်ဖြင့် ဒီပြသနာများကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်တို့က ဒီကိုလာရောက်ခြင်းအားဖြင့် တက္ကသိုလ်များနဲ့ ပတ်သက်လို့ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာကို လာရောက် ကူညီဆောင်ရွှက်ပေးခြင်းဖြစ်ပါတယ်။ UK မှာတော့ ကျွန်တော်တို့ ပညာရေးအဖွဲ့ဟာ UK မှာရှိတဲ့ ပညာရေး ပြသနာ၊ အခက်အခဲပြသနာတွေကို နားလည်တယ်။ ဒါကိုဖြေရှင်းပေးမယ့် အင်အားတွေလည်းရှိတယ်။ အသိပညာတွေ အတတ်ပညာတွေလည်း ရှိပါတယ်။ ဒါပေမယ့် လည်း ကျွန်တော်တို့ အားလုံးဟာ ကမ္ဘာမှာရှိတဲ့ နိုင်ငံများမှာရှိတဲ့ ပြဿနာများကို အသေးစိတ် မသိနိုင်ပါဘူး ဒါကြောင့်နိုင်ငံတွေမှာဆိုရင် ကျွန်တော်တို့ရဲ့ ဗြိတိကောင်စီ ဆိုတဲ့ အဖွဲ့ကိုစေလွတ်ထားပါတယ်။ ဒီအဖွဲ့ဟာ နိုင်ငံရဲ့ပညာရေး စနစ်တွေ အခက်အခဲတွေအားလုံးကိုလေ့လာပြီးတော့ အစီရင်ခံခဲ့ပြီး သိရှိ နားလည်တဲ့အခါမှာ ဒီနိုင်ငံကို လာပြီးတော့ တဖြည်းဖြည်း ညှိနှိုင်းရမှာဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။
    ဆက်လက်ပြီး David J .Lock ( Director of International Projects) က “ကျွန်တော်တို့ဒီကိုလာရောက်ခြင်းဟာ မြန်မာအစိုးရနဲ့ ပူးပေါင်းပြီး အစိုးရရဲ့ ပြုပြင် ပြောင်းလဲရေးမှာ အထူးသဖြင့် ပညာရေးပြုပြင်ပြောင်းလဲရေးမှာ ကူညီပံ့ပိုးပေးဖို့ လက်တွဲဆောင်ရွက်ပေးဖို့ လာရောက်ခြင်းဖြစ်ပါတယ်။ ဒီနိုင်ငံမှာ ကူညီပံပိုးမှုပေးတာက ဘာလဲဆိုတော့ အင်္ဂလိပ်ဘာသာစကား နှင့် လူမှုရေးအဖွဲ့အစည်းများဖြစ်ပါတယ်။ နောက်တစ်ခြား ပညာရေးကဏ္ဍများကိုလည်း ပံ့ပိုးမှုပေးပါတယ်။ အခုမြန်မာနိုင်ငံမှာ အကောင်အထည်ဖော်တဲ့ CSR လို့ခေါ်တဲ့ပြီး ပြည့်စုံတဲ့ ပညာရေးကဏ္ဍမှာ အများကြီး ကူညီပံပိုးပြီးတော့ လက်တွဲဆောင်ရွက် နေပါတယ်။ အဲ့ဒါတွေမှာ ဒီဟာက အခြေခံပဲ ဒါနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံမှာ အဆင့်မြင့် ပညာရေး ဥပဒေကို ပြဋ္ဌာန်းသွားမှာ ဖြစ်ပါတယ်။ ဒီဟာကိုလည်း လွှတ်တော်မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာရေးအဖွဲ့ ဆွေးနွေးနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

    ၎င်းနောက်အဆိုပါ ဆွေးနွေးပွဲတွင် တာဝန်ရှိသူများက မီဒီယာများကို မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ပြီး ဆွေးနွေးပွဲကို ညနေ ၆း၃၀ တွင် ရုပ်သိမ်းခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်သူ ၅၀-ဦးခန့်ရှိပါတယ်။

  • အောက်တိုဘာ-၂၈၊ ပြည်တွင်းနှင့် နိုင်ငံတကာသတင်း စုစည်းမှု

    အောက်တိုဘာ-၂၈၊ ၂၀၁၃
    M-Media

    ငြိမ်းချမ်းရေးနှင့် ပဋိပက္ခစစ်ပွဲများ မြန်မာ့စီးပွားရေးနှင့် ဆက်စပ်

    မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခစစ်ပွဲများသည် စီးပွားရေးနှင့် ဆက်စပ်နေပြီး လူမျိုးစုများအကြားပြဿနာ၊ မြေယာပိုင်ဆိုင်မှုပြဿနာ၊ ဈေးကွက်စီးပွားရေး လက်ဝါးကြီးအုပ်ထားမှုတို့နှင့် ဆက်စပ်နေကြောင်း မြန်မာ့စီးပွားရေး အခြေအနေ အစီရင်ခံစာတွင် ဖော်ပြထားပြီး အစီရင်ခံစာ၏ ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးဖြစ်စဉ် တွင် လူမှုရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားများ၊ မီဒီယာအခန်းကဏ္ဍများ ပါဝင်ကြောင်း၊ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စီးပွားရေး ရင်းနှီးမြှုပ်နံမှုအခြေအနေ ဆက်စပ်မှုအပေါ် စုစည်းတင်ပြထားပြီး နိုင်ငံရေးအရ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး အထောက်အကူပြုရန် ထုတ်ဝေခြင်းဖြစ်ကြောင်း ဧရာဝတီသတင်းဌာနတွင် ဖော်ပြထားပါတယ်။
    _______________________
    အစိုးရစစ်ကြောင်း တိုးချဲ့မှုကြောင့် မန်စီ ဒေသခံ ၅၀၀ ခန့် ပြောင်းရွှေ့

    ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မုံးဒိန်ပါရွာတွင် အစိုးရစစ်ကြောင်းများ များပြားလာသည့်အတွက် ဒေသခံ လူ ၅၀၀-ခန့်ဟာ လုံခြုံရေးအတွက် စိုးရိမ်ပြီး ဗန်းမော်မြို့ဘက်သို့ပြောင်းရွှေ့နေကြပြီး အဆိုပါ ဒေသတွင် တိုက်ပွဲဖြစ်ပွားသည်ဟု အတည်ပြုချက် မရနိုင်သေးသော်လည်း ကျေးရွာအနီးတွင် စစ်ကြောင်းထိုးမှုများ ရှိနေပြီး လွန်ခဲ့သော ရက်ပိုင်းများက အစိုးရနဲ့ KIO တပ်များအကြား စစ်ရေးတင်းမာမှုများကြောင့် ဒေသခံကျေးရွာသား ထောင်နဲ့ချီ ပိတ်မိနေပြီး စားနပ်ရိက္ခာများလည်း ပြတ်လည်နေကြောင်း RFA သတင်းမှ သိရှိရပါတယ်။
    ______________________
    နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာလေကြောင်းလိုင်း၏ လေယာဉ်များဆင်းရန် လွှတ်တော်တွင် ဆွေးနွေး

    နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာလေကြောင်းလိုင်း၏ လေယာဉ်များဆင်းရန် လွှတ်တော်တွင် ဆွေးနွေးရာ နေပြည်တော်လေဆိပ်ကို နိုင်ငံတကာ လေကြောင်းလိုင်းများမှ စတင်ဆင်းသက် ပြေးဆွဲပျံသန်းလျက် ရှိပါကြောင်း Bangkok Airways ခရီးစဉ် ဘန်ကောက်-နေပြည်တော်၊ စင်ကာပူ Airlines၊ မလေးရှား Airlines များ ဒီဇင်ဘာလအတွင်း နေပြည်တော်သို့ ပျံသန်းဆင်းသက်လိုကြောင်း အဆိုပြုလွှာများ ရရှိပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍ နိုင်ငံတကာ လေကြောင်းလိုင်းများမှ နေပြည်တော် လေဆိပ်သို့ တိုက်ရိုက်ပြေးဆွဲ ထပ်မံဆင်းသက်ရေး အတွက် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဆက်လက် ဖိတ်ခေါ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် နေပြည်တော်လေဆိပ်တွင် အခြေပြု၍ ပြည်တွင်းခရီးစဉ်များ ပျံသန်းပြေးဆွဲခွင့်ပြု ရန် အဆိုပြုတင်ပြထားသည့် FMI လေကြောင်းလိုင်းနှင့် APEX လေကြောင်းလိုင်းများကိုလည်း လိုအပ်သည့် စိစစ်မှုများပြုလုပ်လျက် ခွင့်ပြုဆောင်ရွက်ပေး မည်ဖြစ်ကြောင်းကို ပို့ဆောင်ရေး ဒုဝန်ကြီး ဦးဇင်ယော်ကပို့ဆောင်ရေးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ပြန်လည်ဖြေကြားခဲ့ကြောင်း ပြည်သူ့လွှတ်တော်၏ အင်တာနက် စာမျက်နှာမှ တဆင့် သိရှိရပါတယ်။
    ______________________

    မုဒိမ်းမှုကျူးလွန်သူအား မြက်ရိတ်ခိုင်းသည့် ပြစ်ဒဏ်ပေးသောကြောင့် ကင်ညာပြည်သူ တသန်း အွန်လိုင်းတွင် လက်မှတ်ထိုး ကန့်ကွက်
    _70403347_dailynation
    အမျိုးသမီးငယ်တစ်ဦးအား အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့သည့် တရားခံသုံးဦးအား မြက်ရိတ်သည့်ပြစ်ဒဏ်သာပေးခဲ့သောကြောင့် ထိုကိစ္စအတွက် တရားမျှတမှုကို တောင်းဆိုသော အနေဖြင့် ရေးသားထားသော အသနားခံစာတစ်ခုအား ကင်ညာနိုင်ငံသားတစ်သန်းကျော်က အွန်လိုင်းတွင် စုပေါင်း လက်မှတ်ထိုးခဲ့ကြသည်ဟု သိရသည်။

    ထိုအသနားခံစာတွင် မုဒိမ်းမှုကျူးလွန်သူများအား အပြစ်ပေးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို မုဒိမ်းမှုနှင့်ပက်သက်ပြီး စုံစမ်းစစ်ဆေးမှုများ မပြုလုပ်ခဲ့သောကြောင့် အပြစ်ပေးသင့်သည်ဟု ရေးသားဖော်ပြထားသည်။

    ထိုမုဒိမ်းမှုမှာ ယခုလအစောပိုင်းက Busia မြို့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၁၆နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးမှာ အုပ်စုဖွဲ့မုဒိမ်းကျင့်ခံခဲ့ရပြီး အိမ်သာကျင်းတွင် စွန့်ပစ်ခြင်းခံခဲ့ရသည်။

    ပြည်သူ့တရားစီရင်ရေးဒါရိုက်တာဖြစ်သူက အောက်ခြေရဲတပ်ဖွဲ့ဝင်များအနေဖြင့် မည်သည့်အကြောင်းကြောင့် ထိုအမှုအား သေသေချာချာ စစ်ဆေးမှုမပြုခဲ့ဘဲ ကျူးလွန်သူများကို မြက်ရိတ်သည့် ပြစ်ဒဏ်သာပေးခဲ့ကြောင်းကို စုံစမ်းရန် အမျိုးသားရဲဌာနချုပ်အား အမိန့်ပေးထားသည်။ တရားခံများမှာ နောက်ပိုင်းတွင် ပျောက်ဆုံးသွားခဲ့သည်ဟု သိရသည်။

    Ref: BBC

    ——————————-

    အငြင်းပွားဖွယ် ကျွန်းစုသို့ တရုတ်မှ စစ်သင်္ဘောစေလွှတ်

    တရုတ်နှင့် ဂျပန်နိုင်ငံအကြားပိုင်ဆိုင်မှုဆိုင်ရာအငြင်းပွားနေသည့် အရှေ့တရုတ်ပင်လယ်ရှိ ကျွန်းစုသို့ ကမ်းခြေစောင့်စစ်သင်္ဘောလေးစင်းအား တရုတ်နိုင်ငံကစေလွှတ် လိုက်သည်ဟု သိရသည်။

    တရုတ်နိုင်ငံမှ Diaoyus ဟုခေါ်ဆိုပြီး ဂျပန်နိုင်ငံက Senkakus ဟုခေါ်ဆိုသည့် အဆိုပါကျွန်းစုနားသို့ တရုတ်နိုင်ငံမှ သင်္ဘောများစေလွှတ်ခြင်းမှာ မှန်ကန်ကြောင်း ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့ကလည်း အတည်ပြုပြောကြားခဲ့သည်။ ထိုသင်္ဘောများမှာ အငြင်းပွားဖွယ်ကျွန်းစုတွင် ၂ ရီကြာ ရှိနေခဲ့ကြသည်။

    ထို့ပြင် ဂျပန်၏ လေပိုင်နက်ထဲထို့ တရုတ်နိုင်ငံ၏ မောင်းသူမဲ့လေယာဉ်များ ၀င်ရောက်လာပါက ပစ်ချမည်ဟု ဂျပန်နိုင်ငံက ပြောဆိုထားပြီး တရုတ်နိုင်ငံကလည်း ထိုလေယာဉ်များကို ပစ်ချပါက ပြန်လည်တုံ့ပြန်သွားမည်ဟု ခြိမ်းခြောက်ထားသည်။

    ထိုကျွန်းစုမှာ ၁၉၇၂ ခုနှစ်က အမေရိကန်မှ သိမ်းပိုက်ထားသော အိုကီနာဝါ ကျွန်းအား ဂျပန်သို့ပြန်လည်ပေးအပ်ထားကတည်းက ဂျပန်၏ အုပ်ချုပ်မှုလက်အောက်တွင်ရှိနေပြီး၊ သဘာဝဓာတ်ငွေ့ကြွယ်ဝသော ကျွန်းစု တစ်ခုလည်းဖြစ်သည်။
    Ref: Press TV
    ………………….
    သာမန်လူများ အက်စပရင်သောက်ရန်မလို

    အချို့သောကင်ဆာရောဂါများ၊ နှလုံးရောဂါများနှင့် လေဖြတ်ရောဂါဖြစ်ပွားမှု အန္တရာယ်များကိုလျှော့ချရန်အတွင် သာမန်လူများတွင် အက်စ်ပရင်သောက်ခြင်း မပြုလုပ်ရဟု လေ့လာဖော်ထုတ်မှုအသစ်အရ သိရှိရသည်။

    နေ့စဉ် အက်စ်ပရင်ဆေးဝါးများသောက်သုံးခြင်းမှာ နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချကောင်းလျှော့ချနိုင်သော်လည်း လေ့လာတွေ့ရှိမှုအသစ်အရ အသက် ၅၀ ၀န်းကျင်အရွယ်ရှိ ကြီးမားသောရောဂါဘယမရှိသူများမှာ အက်စ်ပရင်ဆေးဝါးများ သောက်သုံးခြင်းမပြုရပေ။

    အင်္ဂလန်မှ NHS အမျိုးသားကျန်းမာရေးသုသေသနဌာနနှင့် Warwick ဆေးကျောင်းတို့မှ ပူးပေါင်းပြုလုပ်သော လေ့လာတွေ့ရှိချက်တွင် နေ့စဉ် အက်စပရင်ဆေးဝါးများသောက်သုံးခြင်းမှာ နှလုံးရောဂါများဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်သော်လည်း ဦးနှောက်နှင့် အစာအိမ်တို့တွင် သွေးယိုစီးမှုများ ဖြစ်ပွားမှုကို မြင့်တက်စေနိုင်သည်ဟု တွေ့ရှိခဲ့သည်။
    Ref: Press TV
    …………………………………..
    NSA မှ တစ်လအတွင်း စပိန်နိုင်ငံရှိ ဖုန်းခေါ်ဆိုမှုပေါင်း သန်း ၆၀ အား လျှို့ဝှက်ထောက်လှမ်းခဲ့

    အမေရိကန် အမျိုးသား လုံခြုံရေးအေဂျင်စီမှ စပိန်နိုင်ငံရှိ ဖုန်းခေါ်ဆိုမှုပေါင်း သန်း ၆၀ကို တစ်လအတွင်းတွင် လျှို့ဝှက်ထောက်လှမ်းခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့ကြသည်။

    NSA မှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် ထိုကဲ့သို့ လျှို့ဝှက်ထောက်လှမ်းမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု စပိန်နေ့စဉ် သတင်းစာတစ်စောင်ဖြစ်သည့် El Mundo က ယမန်နေ့ထုတ်သတင်းစာတွင် ဖော်ပြခဲ့သည်။ ထိုသတင်းအား ဘရာဇီးအခြေစိုက် ဂျာနယ်လစ် Glenn Greenwald က NSA ၀န်ထမ်းဟောင်း စနိုးဒင်၏ ဖွင့်ချမှုများကို ကိုးကား၍ ရေးသားခဲ့ခြင်းဖြစ်သည်။

    ထိုသတင်းမှာ စောစောပိုင်းကထွက်ပေါ်ခဲ့သော လျှို့ဝှက်ထောက်လှမ်းသည့် ကိစ္စများနှင့် ပက်သက်ပြီး စပိန်ဝန်ကြီးချုပ် မာရီယာနိုင် ရာဂျွိုင်းက အမေရိကန် သံအမတ်အား သတိပေးပြီးနောက်ပိုင်း တစ်လအကြာတွင် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ ထိုကဲ့သို့သတိပေးခဲ့စဉ်က ရာဂျွိုင်းမှာ ၎င်းတို့နိုင်ငံအား အမေရိကန်က လျှို့ဝှက် ထောက်လှမ်းနေကြောင်း မသိရှိခဲ့ပေ။

    ကမ္ဘာ့နိုင်ငံများရှိ နိုင်ငံခေါင်းဆောင်များအား စောင့်ကြည့်ထောက်လှမ်းသည့် သတင်းများထွက်ပေါ်လာသောကြောင့် တစ်ကမ္ဘာ့လုံးက ၀ိုင်း၍ ပြစ်တင်ပြောဆိုခြင်းကို ခံနေရသည့် အမေရိကန်အတွက် ယခုသတင်းမှာ ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။
    Ref:Press TV
    …………………………………..
    အမေရိကန် Rock ဂီတသမားကြီး ကွယ်လွန်

    တစ်ခေတ်တစ်ခါက အမေရိကန် Rock ဂီတလောကအား လွှမ်းမိုးနိုင်ခဲ့သည့် Rock ဂီတသမားကြီး Lou Reed မှာ ယမန်နေ့က နယူးယောက်မြို့တွင် ကွယ်လွန်သွားခဲ့သည်ဟုသိရသည်။

    Reed မှာ ပြီးခဲသည့် မေလက အသည်းအစားထိုးကုသမှုကိုခံယူခဲ့ရပြီး ထိုရောဂါဖြင့်ပင်ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကာ ကွယ်လွန်ချိန်တွင် အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်သည်။

    Reed ကို ၁၉၄၂ ခုနှစ်က မွေးဖွားခဲ့ပြီး ၁၉၆၀ ပြည့်နှစ်များတွင် Velvet Underground တီးဝိုင်းနှင့်အောင်မြင်ခဲ့သူဖြစ်သည်။ ထို့ပြင် Andy Warhol နှင့်ပူးပေါင်းကာ အနုပညာနှင့် ဂီတတို့ကို ပေါင်းစပ်ပေးခဲ့သူဖြစ်ပြီး ဂီတသမားများကို လွှမ်းမိုးနိုင်ခဲ့သည့် ဂီတပုံစံတစ်ခုကို ဖန်တီးပေးခဲ့သူလည်းဖြစ်သည်။

    ၁၉၇၀ ခုနှစ်တွင် တီးဝိုင်းအား စွန်ခွာခဲ့ပြီး တစ်ကိုယ်တော် ဂီတခရီးအား စတင်လျှောက်လမ်းခဲ့က Rock ဂီတလောကတွင် လူကြိုက်များသော Transformer အလ်ဘမ်ကို ထုတ်ဝေခဲ့သည်။ သို့သော်လည်း စီးပွားရေးအကျိုးအမြတ်များ ရရှိခဲ့ခြင်း မရှိချေ။
    Ref:aljazeera
    ……………………………………….
    ဆယ်စုနှစ်အတွင်း အပြင်းထန်ဆုံး မုန်တိုင်း ဗြိတိန်နှင့် ပြင်သစ်တို့တွင် တိုက်ခတ်

    ဆယ်စုနှစ်အတွင်း အပြင်းထန်ဆုံး မုန်တိုင်းတိုက်ခတ်မှုကြောင့် ဗြိတိန်တွင် ခရီးသွားလာရေးအခက်အခဲများ ကြုံတွေ့နေရပြီး၊ ပြင်သစ်နိုင်ငံတောင်ပိုင်းတွင်လည်း အိမ်ပေါင်း ၇၅၀၀၀ ခန့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် ကြုံတွေ့နေရကာ အနည်းဆုံး လူတစ်ဦးမှာလည်း မုန်တိုင်းကြောင့် ပင်လယ်ပြင်သို့ပါသွားသည်ဟု သိရသည်။

    ဗြိတိန်၏ရာသီဥတုစောင့်ကြည့်ရေး စင်တာမှ မုန်းတိုင်းကြောင့် သစ်ပင်များ ကျိုးကျမှုများ၊ အဆောက်အဦးများ ပျက်စီးမှုများနှင့် ဓာတ်အားပြတ်တောက်မှုများဖြစ်ပွားပြီး၊ အင်္ဂလန်နိုင်ငံအနောက်တောင်ဘက် ကမ်းရိုးတန်းရှိ ခရီးသွာလာမှုများတွင် ခက်ခဲမှုများ ဖြစ်ပွားမည်ဟု သတိပေးကြေညာထားသည်။ ထို့ပြင် သစ်ပင်များကျိုးကျမှုကြောင့် အသက် ၁၇ နှစ်အရွယ် မိန်းကလေးနှစ်ဦးနှင့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ကြသည်။

    မုန်းတိုင်းကြောင့် အချိန် ၆နာရီမှ ၉နာရီအထိ မိုးရွာသွန်းမှုများဖြစ်ပွားခဲ့ပြီး ဗြိတိန်တစ်ဝှမ်း မိုးရေချိန် ၀.၈ လက်မမှ ၁.၆ လက်မအထိ ရှိမည်ဖြစ်ကာ လေတိုက်မှုနှုန်းမှာလည်း အင်္ဂလန်နှင့် ဝေးလ်နိုင်ငံတောင်ဘက်တို့တွင် တစ်နာရီ ၉၉ မိုင်နှုန်း ရှိသည်ဟု သိရသည်။

    ထို့ပြင် ပြင်သစ်နိုင်ငံမြောက်ပိုင်းတွင် မုန်တိုင်းကြောင့် နေအိမ် ၇၅၀၀၀ မှာ ယနေ့နံနက်အထိ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများနှင့်ကြုံတွေ့နေရပြီး လေတိုက်နှုန်းမှာ တစ်နာရီ ၈၆ မိုင်နှုန်းရှိသည်။

    ——————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြလိုသူများ M-Media ၏ ခွင့်ပြုချက်လိုအပ်မည်ဖြစ်သည်။
    ဆက်သွယ်ရန် [email protected]

  • နိုင်ငံခြား ဖုန်းလုပ်ငန်း အုပ်စုများ၏ ဈေးကွက်ဝေစုကို မြန်မာမှ လက်ဝါးကြီးအုပ်ထား

    အောက်တိုဘာ-၂၈ ၊ ၂၀၁၃
    M-Media

    Myanmar courts foreign telecoms groupsလွန်ခဲ့သောလ အနည်းငယ်ခန့်က ကမ္ဘာ့ အနိမ့်ကျဆုံး တယ်လီဖုန်း ဆက်သွယ်ရေးဈေးကွက် တစ်ခုရှိရာ မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်ကို လက်လွှတ်ရပြီးနောက် Vodafone နှင့် Orange တို့သည် ထပ်မံ ၀င်ရောက်ရန်အတွက် ရည်ရွယ်လျက်ရှိသည်။

    မြန်မာနိုင်ငံသည် MPT၏ ဆက်သွယ်ရေး ကဏ္ဍ၌ ပုဂ္ဂလိက ဖက်စပ် လုပ်ကိုင်ရန် နိုင်ငံခြား ကုမ္ပဏီများကို ဖိတ်ခေါ်ခဲ့၏။ သို့သော် ကုမ္ပဏီ၏ ပုံမှန်လုပ်ငန်း ယန္တရားများ မသက်ဆိုင်ဟု နီးစပ်သော အသိုင်းအ၀ိုင်းမှဆိုသည်။

    Orange ၊ Vodafone နှင့် စင်္ကာပူမှ SingTel တို့သည် ယခုနှစ် တင်ဒါခေါ်ယူမှု၌ ပါဝင်ခဲ့ကြသော်လည်း နော်ဝေမှ Telenor နှင့် ကာတာမှ Ooredoo တို့က လိုင်စင်ရရှိသွားကြသည်။ ယခုသော် ယင်းလုပ်ငန်းစုနှစ်ခုမှာ အကြိတ်အနယ် ပြိုင်ဆိုင်နေကြပြီဖြစ်သည်။

    MPT ၏ ဖက်စပ်လုပ်ငန်းနှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာ မှတ်ချက်ပေးရန် Vodafone နှင့် Orange မှငြင်းဆိုခဲ့သည်။ SingTel  က မြန်မာနိုင်ငံအတွင်း အခွင့်အလမ်းများ ဆက်လက်ရှာဖွေသွားမည်ဟုသာ ပြောကြား၏။ MPT ကမူ မည်သည့်မှတ်ချက်ကိုမျှ မပေးခဲ့ချေ။

    လူဦးရေ သန်း ၆၀ ရှိပြီး အခြေခံအဆောက်အဦ၊ လျှပ်စစ်ဓာတ်အား နှင့် ပြည်တွင်းကျွမ်းကျင်ဝန်ထမ်းလိုအပ်ချက်များပြားနေပါလျက် စီးပွားရေး တိုးချဲ့စီမံကိန်းများဆောင်ရွက်နေသည့်နိုင်ငံ၌ မိုဘိုင်းလ် လိုင်စင်နှစ်ခုအတွက် အပြင်းအထန်ပြိုင်ဆိုင်မှုသည် စိတ်ဝင်စားစရာဖြစ်ခဲ့သည်။ မိုဘိုင်းလ်လိုင်းရရှိမည့် ဆင်းမ်ကဒ်တစ်ခုကို ဒေါ်လာ တစ်ရာကျော်အထိ လမ်းဘေးဆိုင်များတွင် အရောင်းအ၀ယ်ဖြစ်နေကြသည်။

    ဆက်သွယ်ရေးကဏ္ဍကွက်လပ်ဖြည့်ရန် MPT ဖက်စပ်လုပ်ငန်းအတွက် အစိုးရရည်ရွယ်ထားသော အဓိကအစီအမံမှာ မရှင်းမလင်းဖြစ်နေသည်။ အစိုးရဖက်မှ ဖက်စပ်လုပ်ကိုင်လိုသူ မည်မျှလိုအပ်သည်ကိုလည်းကောင်း၊ MPT ဘဏ္ဍာရေး၌ မည်မျှပါဝင်ပေးကမ်းရသည်ကိုလည်းကောင်း တိကျစွာဖော်ပြထားချက်မရှိပါ။ “ သူတို့က အကျိုးတူခံစားမယ့် ပါတနာ ကို လိုချင်တာလား၊ နည်းပညာပါတနာကို လိုအပ်တာလားဆိုတာကိုတောင် မရှင်းလင်းပါဘူး ” ဟု သတင်းပေးသူတစ်ဦးမှ ဆိုသည်။

    ယင်းအစီအစဉ်နှင့်နီးစပ်သူနောက်တစ်ဦး၏အဆိုအရ အစိုးရသည် ၄င်း၏မိုဘိုင်းလ်ကွန်ရက်အား ထူထောင်ရန်အထိ ကျယ်ကျယ်ပြန့်ပြန့် စီမံထားကြောင်း၊ လိုင်စင်မရရှိခဲ့သည့် Vodafone နှင့် ၄င်း၏လက်တွဲသူ China Mobile တို့က ထိုအချက်အား တစွန်းတစထုတ်ဖော်ထားကြောင်း သိရသည်။

    MPT ၌ စစ်တပ်ကျောထောက်နောက်ခံ MEC ၏ အဓိကပါဝင်ပတ်သက်မှုက ၄င်းတို့၏ကိုယ်ပိုင်မိုဘိုင်းလ်ကွန်ရက်ငယ်အား ယင်းကဏ္ဍအတွင်းမှနေ၍ ထပ်မံတိုးချဲ့ရန် ရည်ရွယ်ထားသလောဟူသည် ထပ်မံစိုးရိမ်စရာတစ်ခု ရှိနေသည်။

    ဆက်သွယ်ရေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာကုမ္ပဏီများအတွက် အတိုင်ပင်ခံအဖွဲ့ Vriens & Partners ၏ မြန်မာနိုင်ငံရှိ ဦးစီးဒါရိုက်တာ Romain Caillaud က MEC သည် MPT ၏ ပိုင်ဆိုင်မှု၌ ပါဝင်လာမည်လော သို့တည်းမဟုတ် MEC မှ ကိုယ်ပိုင်ကွန်ရက်ထူထောင်နိုင်ရန် MPT မှ ၄င်းအား ယာယီထည့်သွင်းမည်လော ဟူသည်ကို သိခွင့်မရကြောင်း၊ ရင်းနှီးမြှုပ်နှံလိုသည့်အဖွဲ့များအနေဖြင့် လုပ်ငန်းမဆောင်ရွက်မီ ပွင့်လင်းမြင်သာမှုပိုမိုရရှိအောင် ပြုလုပ်စေရန် မျှော်လင့်ကြောင်း ပြောဆိုလိုက်သည်။

    Ref:The Financial Times

  • ဆော်ဒီ၏ ဖုန်းခေါ်ဆိုမှုပေါင်းအကြိမ် သန်း (၇၈၀၀) ကို CIA မှ ဖြတ်ယူ နားထောင်ခဲ့

    အောက်တိုဘာ- ၂၈၊ ၂၀၁၃
    M-Media

    KSA-victimed-of-spy

    ဆော်ဒီအာရေဗျရှိ ဖုန်းခေါ်ဆိုပြောကြားမှုပေါင်း အကြိမ် သန်း(၇၈၀၀) ကို CIA မှ ကြားဖြတ် ထောက်လှမ်း နားထောင်ခဲ့သည်ဟု Cryptome မှ ထုတ်ဖော်ပြောကြားသဖြင့် အမေရိကန်ထောက်လှမ်းရေး အစီအစဉ် အပေါ် အငြင်းပွားဖွယ်ရာများ ဆက်လက်ဖြစ်ပေါ်နေသည်။ Cryptome သည် အမေရိကန်နိုင်ငံမှ ဖန်တီးထားသော လျှို့ဝှက်အချက်အလက်များ သိမ်းဆည်းသိုမှီးထားရာ ဒီဂျစ်တယ် ဘဏ်တိုက်ကြီးဖြစ်၏။

    ပြည်တွင်းရေးကိစ္စများကို ဦးတည်ပစ်မှတ်ထားခဲ့သည်မှာ ဆော်ဒီအာရေဗျသာမဟုတ်၊ အရှေ့အလယ်ပိုင်းနှင့်အာရှ နိုင်ငံအများအပြားလည်း ပါဝင်သည်ဟု Cryptome မှဆိုသည်။

    ဆော်ဒီအာရေဗျ၏ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာကော်မရှင် CITC – Communications & Information Technology Commission of Saudi Arabia ကမူ ထိုအကြောင်းနှင့်စပ်လျဉ်း၍ တရားဝင်ပြောကြားခြင်း မရှိသေးချေ။

    သို့သော် ဆက်သွယ်ရေးလုပ်ငန်း၌ အကြီးတန်း အိုင်တီပညာရှင်အဖြစ် ဆောင်ရွက်နေသူ R. K. Hussain က “ အဲ့ဒီလို ဖုန်းခေါ်ဆိုမှုကိုကြားဖြတ် နားထောင်စောင့်ကြည့်တာဟာ ကျင့်ဝတ်နဲ့ မညီသည့်တိုင် အမေရိကန်အပါအ၀င် နိုင်ငံတော်တော်များများရဲ့ ထောက်လှမ်းရေး အဖွဲ့တွေက ပုံမှန်ပြုလုပ်နေလေ့ ရှိပါတယ်။ အမေရိကန်ကိုဖြတ်သန်းတဲ့ နိုင်ငံတကာခေါ်ဆိုမှု လမ်းကြောင်းအများအပြား ဦးတည်ခံရတယ်။ ဘာကြောင့်လဲဆိုတော့ ဈေးနှုန်းချိုသာပြီး ဆက်သွယ်ရလွယ်ကူလို့ပါပဲ ” ဟု ပြောဆိုခဲ့သည်။

    ဖုန်းခေါ်ဆိုမှုများ၊ အီးမေးလ်များနှင့် ၀င်းဒိုး ချက်တင်များမှာ ဈေးချိုသာလွန်းသည့် အတွက် အေဂျင်စီအတွက် ထောက်လှမ်းစောင့်ကြည့်ရန် လွယ်ကူနေစေသည်။ “ ဒါပေမယ့် ဖုန်းပြောဆိုမှုစောင့်ကြည့်တာ၊ ကြားဖြတ် နားထောင်တာကို ကာကွယ်ပေးနိုင်တဲ့ ကိရိယာတွေရှိပါတယ်။ အဲ့ဒါနဲ့ ပေါက်ကြားမှု မဖြစ်အောင် အသုံးချနိုင်ပါတယ် ” ဟုလည်း ၄င်က ပြောပြသည်။

    ဆော်ဒီအာရေဗျ၊ ဂျော်ဒန်၊ အီရတ်၊ အီဂျစ်၊ အီရန်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန် အပါအ၀င် ကမ္ဘာတစ်ဝှန်းအတိုင်းအတာအရ ၂၀၁၃ ခုနှစ် ဇန္န၀ါလအတွင်း အမေရိကန်မှဖောက်ထွင်းထောက်လှမ်းမှုမှာ ၁၂၄.၉ ဘီလီယံဝန်းကျင် ရှိခဲ့ကြောင်း Cryptome ၀က်ဘ်ဆိုက်မှ ဆိုသည်။

    သတင်းများအရ အီဂျစ်ကိုဦးတည်သည့်အကြိမ်ရေပေါင်း ၁.၉ ဘီလီယံ၊ ဂျော်ဒန်ကို ၁.၆ ဘီလီယံ၊ အီရတ်ကို ၇.၈ ဘီလီယံ၊ အီရန်ကို ၁.၇၃ ဘီလီယံ၊ ပါကစ္စတန်ကို ၁၂.၇၆ ဘီလီယံ အသီးသီးရှိပြီး အကြီးမားဆုံးမှာ အာဖဂန်နစ္စတန် ဖြစ်ပြီး ၂၁.၉၈ ဘီလီယံ ရှိခဲ့သည်။

    ဖုန်းဆက်သွယ်မှုပေါင်း တစ်ဘီလီယံအထက် စောင့်ကြည့်ခံရသည့်နောက်ထပ်နိုင်ငံမှာ အိန္ဒိယဖြစ်ကြောင်း မှတ်တမ်းများကဖော်ပြနေသည်။

    CIA အမေရိကန်မှ အထူးမူဝါဒချမှတ်သူများအတွက် နိုင်ငံတော်လုံခြုံရေးကိုတာဝန်ယူထားရသည့် သီးခြားအဖွဲ့အစည်း တစ်ခုဖြစ်သည်။

    Ref:Arab News

    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြလိုသူများ M-Media  ၏ ခွင့်ပြုချက်လိုအပ်မည်ဖြစ်သည်။

    ဆက်သွယ်ရန် [email protected]