News @ M-Media

Blog

  • ဘရပ်ဆဲလ် မှ တစ်ကျော့ပြန် အစ္စလာမ့်ဈေးပွဲတော်

    အောက်တိုဘာ-၂၅
    M-Media
    Brussels-Islamic-Fair-Returns
    (ဓာတ်ပုံ – လူနှစ်သောင်းပရိသတ်ရှိခဲ့သော ပထမဆုံး မွတ်စ်လင်မ်ဈေး ပွဲတော်၏ မြင်ကွင်း တစ်ခု)

    ကိုင်ရို ။        ။ ပထမဆုံးအကြိမ်ဈေးပွဲတော်၌ ထူးထူးခြားခြားအောင်မြင်မှုရခဲ့သည့်အတွက် ဘယ်လ်ဂျီယံမွတ်စ်လင်မ်တို့သည် ဒုတိယကြိမ်မြောက် ဘရပ်ဆဲလ် မွတ်စ်လင်မ်ဈေးပွဲတော်ကို ပြင်ဆင်လျက်ရှိသည်။ ဥရောပနိုင်ငံတွင်းရှိ မွတ်စ်လင်တို့၏ ပြဿနာနှင့် စိန်ခေါ်မှုဆိုင်ရာကျွမ်းကျင်သူများ၏ ဖိုရမ်တစ်ရပ်နှင့်တွဲ၍ ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်း Le Bourget အမည်ရှိသော ဖိုရမ်သည် ပြင်သစ်ပြည်၊ ပဲရစ်မြို့တွင် နှစ်စဉ်နှစ်တိုင်းပြုလုပ်သော နှစ် ၃၀ သက်တမ်းရှိ မွတ်စ်လင်မ်ကွန်ဖရင့်တစ်ခုဖြစ်သည်။

    ဒုတိယအကြိမ်ဈေးပွဲတော်ကို လာမည့် အောက်တိုဘာလ ၂၅ ရက်မှ ၂၈ ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း Saphir News မှ ဖော်ပြသည်။ မွတ်စ်လင်မ်ဆန့်ကျင်ရေးအစွဲများလျော့ပါးစေရန် ဘယ်လ်ဂျီယံမွတ်စ်လင်မ်များအတွက် ဤအစီအစဉ်မှာ အခွင့်အရေးကောင်းတစ်ရပ်ဖြစ်သည်။ ပထမဆုံးအကြိမ် ဈေးပွဲတော်ပြုလုပ်စဉ်က လာရောက်လည်ပတ်သူ နှစ်သောင်း အထက် ရှိခဲ့သည်။ Le Bourget အခမ်းအနားကို နှစ်ပေါင်းများစွာပြင်ဆင်ပေးလာခဲ့သည့် Gedis ကုမ္ပဏီကို Union of Islamic Organizations of France (UOIF) မှ ငှားရမ်းခေါ်ယူကာ ဤနှစ်ပွဲတော်အား စီစဉ်စေသည်။

    ဘယ်လ်ဂျီယံလူဦးရေ ၁၀ သန်းတွင် မွတ်စ်လင်မ် ၄သိန်းခွဲ ရှိမည်ဟု ခန့်မှန်းထားပြီး မော်ရိုကိုနွယ်ဖွား နှင့် တူရကီနွယ်ဖွား ထက်ဝက်စီမျှ ပါဝင်သည်။

    ဘရပ်ဆဲလ်လူဦးရေပမာဏ၏ ၂၀ ရာခိုင်နှုန်းကျော်ကျော်မှာ မော်ရိုကို၊ တူရီကီ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် နှင့် အာဖရိကန်နွယ်ဖွား မွတ်စ်လင်မ်များ ဖြစ်ကြသည်။ ဘရပ်ဆဲလ်တွင် ၀တ်ပြုခန်းမဆောင် ၇၇ ခု၊ ဘယ်လ်ဂျီယံတစ်ဝှန်းတွင် ၃၀၀ နှင့်အထက် ရှိသည်။

    Ref: OnIslam

  • ချင်းပြည်နယ်ရှိ ခရစ်ယာန်တို့အား ခွဲခြားဆက်ဆံမှု မပြုရန် အာဏာပိုင်မှ ညွှန်ကြားဖို့လို

    အောက်တိုဘာ-၂၅
    M-Media

    burma_na_ta_laschool.jpeg.size.xxlarge.letterbox

    မြန်မာအစိုးရသည် ချင်းပြည်နယ်ရှိ ခရစ်ယာန်တို့အား တမင်ချိုးနှိမ်ခွဲခြားဆက်ဆံမှုများနှင့်စပ်လျဉ်း၍ လမ်းညွှန်အပ်သည်ဟု ကုလသမဂ္ဂ၏လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာကင်တားနား မှ ဆိုသည်။

    ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်တွင် ကုလသမဂ္ဂအထွေထွေ ညီလာခံသို့တင်သွင်းသည့် သူ့အစီရင်ခံစာ၌ အာဏာပိုင်အစိုးရနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများမှ ခရစ်ယာန်များအပေါ် ခွဲခြားဆက်ဆံမှုမြှင့်တက်လာခြင်းအပေါ် စိုးရိမ်မိသည်ဟု ဖော်ပြထားသည်။

    ၂၀၁၃ ခုနှစ် သြဂုတ်လ၌ ချင်းပြည်နယ်သို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့သော မစ္စတာကင်တားနားက  “ ၀န်ထမ်းလောကထဲမှာ အလုပ်အကိုင် ရရှိဖို့ အထူးသဖြင့် ရာထူးမြင့်နေရာအတွက် ခွဲခြားဆက်ဆံခံရမှုလည်း ပါဝင်တယ် ” ဟု ပြောဆိုသည်။

    ချင်းပြည်နယ်တွင် ခရစ်ယာန်ဦးရေသည် ၉၀ ရာခိုင်နှုန်းနီးပါး၊ ဗုဒ္ဓဘာသာဝင်များမှာ ၁၁ ရာခိုင်နှုန်းနီးပါး ရှိနေသည်။ ပြည်နယ် အဆင့်ဌာနဆိုင်ရာ၌ ၁၄ ရာခိုင်နှုန်း၊ မြို့နယ်အဆင့်ဝန်ထမ်း၌ ၂၅ ရာခိုင်နှုန်းသာ ခရစ်ယာန်များ ပါဝင်နေ၏။

    မြန်မာပြည်၏တိုးတက်မှု အနိမ့်ကျဆုံး ချင်းပြည်နယ်ရှိ ခရစ်ယာန်များမှာ သာသနိက အဆောက်အဦများကို တည်ဆောက်ရန်၊ မွမ်းမံပြင်ဆင်ရန် သက်ဆိုင်ရာ ၀န်ကြီးဌာနခွင့်ပြုချက် ရယူရေး၌ အခက်အခဲများ ရင်ဆိုင်နေရဆဲဖြစ်ကြောင်း၊ မင်းတပ်မြို့သို့ရောက်စဉ်က အစိုးရကျောထောက်နောက်ခံ နတလကျောင်းများသို့ သွားရောက်ခဲ့ကြောင်း၊ ၄င်းတွင် ခရစ်ယာန်ကျောင်းသားများမှာ ဗုဒ္ဓဘာသာသို့ အဓမ္မသွတ်သွင်းခြင်းကို ခံရသည့်အချက်အား ချင်းလူ့အခွင့်အရေးအဖွဲ့ထုတ် Threats to Our Existence အစီရင်ခံစာ၌ တွေ့ရကြောင်း ကင်တားနားက ဆိုသည်။ ထိုကျောင်းများသည် နယ်စပ်ရေးရာ နှင့် သာသနာရေးဝန်ကြီးဌာန လက်အောက်တွင် ရှိကြသည်။

    မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ကုလပဋိညာဉ်အရ ကျောင်းသူကျောင်းသားတို့၏ ဘာသာရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးကို လေးစားလိုက်နာရန်၊ ကာကွယ်စောင့်ရှောက်ပေးရန် လိုကြောင်း မိမိမှ အာဏာပိုင်တို့အား တိုက်တွန်းခဲ့သည်ဟု ဆို၏။

    ချင်းပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်မင်းဦးက ကျောင်းများတွင် ခရစ်ယာန်ကျောင်းသားများကို ခွဲခြားနှိမ့်ချ ဆက်ဆံခြင်းမရှိကြောင်း၊ ၄င်းမှာ ဆင်းရဲသားကလေးငယ်နှင့် မိဘမဲ့ကလေးများကို ပညာရေးအကူအညီပေးသည့် အစီအစဉ်သာဖြစ်သည်ဟု ကနဦးငြင်းဆို ထားချက်နှင့် ဤအဖြစ်မှာ ဆန့်ကျင်လျက်ရှိကြောင်းတွေ့ခဲ့ရသည်။

    ချင်းဒေသတွင်း ပြည်နယ်လွှတ်တော်အစည်းအဝေး၌ ချင်းလူမျိုးလွှတ်တော်အမတ် Ki Thang Lon က နတလကျောင်းသားများကို အမျိုးသားရေးဝါဒီများဖြစ်အောင် သင်ကြားလေ့ကျင့်နေခြင်း အပေါ် ပြန်လှန်မေးခွန်း ထုတ်ခဲ့သည်ဟု Chinland Post မှ ဖော်ပြထားသည်။

    ချင်းပြည်နယ်အစိုးရ၏စာရင်းအင်းများအရ ချင်းပြည်နယ်တစ်ဝှန်းမှ နတလကျောင်း ၉ ကျောင်းတွင် ဗုဒ္ဓဘာသာဝင် ကျောင်းသူကျောင်းသား ၄၈၄ ဦး နှင့် ဆရာ ၁၁၄ ဦး ရှိသော်လည်း၊ ခရစ်ယာန် ဘာသာဝင်ကျောင်းသူကျောင်းသား ၂၉၀ ဦး နှင့် ဆရာ ၁၈ ဦးသာရှိနေကြောင်း သိရသည်။

    “ မစ္စတာကင်တားနားဟာ ကုလအထွေထွေညီလာခံမှာ ချင်းအရေးနဲ့ပတ်သက်ပြီး အလွန်ကျိုးကြောင်းသင့်စွာ အလေးပေး အစီရင်ခံ တင်ပြနိုင်တဲ့ အတွက် ကျွန်တော်တို့ နှစ်ထောင်း အားရဖြစ်မိပါတယ်။ သူက အခြေခံအဆောက်အဦ ပြဿနာကို ကွက်ကွက်ကွင်းကွင်းဖော်ပြလို့ တိုးတက်ဖွံ့ဖြိုးရေး ကဏ္ဍ လိုအပ်နေသေးကြောင်း၊ ပြည်သူရဲ့လူနေမှုဘ၀အပေါ် ခွဲခြားဆက်ဆံမှု အလျဉ်း မပြုအပ်ကြောင်း အထူးပြုဖော်ပြခဲ့ပါတယ်။ ကျွန်တော်တို့ လက်မခံနိုင်စရာ အချက်ကို မတွေ့ရပါဘူး ” ဟု CHRO ၏ Advocacy Director ဖြစ်သူ Rachel Fleming က Mr.Tomás Ojea Quintana ၏ အစီရင်ခံစာကို ချီးကျူးပြောဆိုလိုက်သည်။

    Ref:chinlandguardian

    Photo-The Star

  • တရုတ်ပြည်တွင် လေထုညစ်ညမ်းမှုကြောင့် လူ ၁၁ သန်းနေ မြို့တော် အားလုံး ရပ်ဆိုင်းခဲ့ရ

    အောက်တိုဘာ-၂၅
    M-Media

    1001711_610857448956729_1950468525_n

    တရုတ်နိုင်ငံ ဆောင်းတွင်း ပထမဦးဆုံး လေထုညစ်ညမ်းမှုကြီးကြောင့် အောက်တိုဘာ ၂၁ရက်၊ တနင်္လာနေ့တွင် နိုင်ငံ၏ အရှေ့မြောက်ဘက် မြို့ကြီးများအနက် တစ်မြို့တွင် အားလုံး အသက်ရှုမွမ်းကြပ်ကာ ကျောင်းများ ပိတ်ထားရ၊ ယာဉ်လိုင်းများရပ်ဆိုင်းထားရပြီး လေဆိပ်ပါ ပိတ်ခဲ့ရ

    ပီအမ် ၂.၅ (PM 2.5 )အမှုန်တိုင်း ကိန်းညွှန်းသည် Harbin မြို့၏ နေရာအချို့တွင် ၁ ၀၀၀ ယူနစ် အထိရောက်ရှိနေသည်။ ထိုမြို့သည် အရှေ့ မြောက်ဘက် Heilongjiang ဒေသ၏ မွမ်းကြပ်လှသော မြို့တော်ဖြစ်ကာ နေထိုင်သူ လူဦးရေပေါင်း ၁၁ သန်း ရှိသည်။

    ထိုကိန်းညွှန်း ယူနစ် ၃၀၀ အထက်ကျော်လျှင် ဘေးအန္တရာယ်ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အဆိုအရ နေ့စဉ် ယူနစ် ၂၀ ထက် မကျော်သင့်ပေ။

    ညစ်ညမ်း မီးခိုးပေါင်း များကြောင့် အလယ်တန်းနှင့် မူလတန်းကျောင်းများသာမက လေဆိပ်နှင့် အများသုံး ကားယာဉ်လိုင်းများပါ ပိတ်ထားရကြောင်း စင်ဟွာသတင်းဌာနမှ သတင်းထုတ်ပြန်ခဲ့ကာ မြို့တော်တွင်း ဆောင်းရာသီအတွက် အပူဓာတ်ထုတ်ယူခြင်း၏ ပထမနေ့ရက်ကြောင့် ဖြစ်ပေါ်လာသောထိုအရေးပေါ်အခြေအနေကို ပြစ်တင်ပြောဆိုလိုက်ပါသည်။ သတင်းပေးပို့ချက်များအရ မီးခိုးများကြောင့် ဆယ်မီတာ အကွာလောက်ကိုသာ မြင်ရတော့ကြောင်း သိရသည်။

    နောက်ထပ် ၂၄ နာရီအထိ မီးခိုးများ ဆက်လက်ရှိနေနိုင်သည်ဟု မျှော်လင့်ရသည်။

    တရုတ်ပြည် မြို့ကြီးများ၏ လေအရည်အသွေးသည် တရုတ်ပြည်၏ နိုင်ငံတည်ငြိမ်ရေးကိုသာ ဦးစားပေးသော ခေါင်းဆောင်မှုနှင့်ပတ်သက်ပြီး စိုးရိမ်မှုများကို မြင့်တက်လာစေခဲ့သည်။ ယခုဖြစ်ရပ်သည် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံကြီးတွင် မညီမျှမှုများ မြင့်တက်လာနေခြင်းနှင့် နိုင်ငံရေးအခွင့်ထူးခံအုပ်စုများအပေါ် မကျေနပ်မှုများကို ဖော်ထုတ်လူသိစေရန် အကြောင်းများကို ဦးတည်စေခဲ့သည်။

    ပြည်တွင်းမီဒီယာများက တန်ဖိုးကြီး လေသန့်စက်များကို အစိုးရအရာရှိပိုင်းများ မိမိတို့အိမ်နှင့် ရုံးများတွင် အားပါးတရ တပ်ဆင်သုံးစွဲနေသည့် ဖြစ်ရပ်ပေါင်းများစွာကို ထုတ်လွှင့်လာကြသည်။ အထူးသီးသန့် သဘာဝအော်ဂယ်နစ် စိုက်ခင်းများ စီစဉ်ထားကာ အခွင့်ထူးခံလူတန်းစားတစ်စုမှာ ပြည်သူများအကြား မကြာခဏဖြစ်ပွားနေသော အစားအသောက် အရည်အသွေး စိတ်မချရမှု ပြဿနာဆိုးများ၏ ဘေးမှ လွတ်ကင်းနေကြသည့် သတင်းများကိုလည်း ထုတ်ပြန်လာကြသည်။

    အစိုးရမှာ ညစ်ညမ်းမှု ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရန် စီမံကိန်းများစွာကို နှစ်များစွာကတည်းက ကြေငြာထားခဲ့သော်လည်း သိသာသော တိုးတက်မှု မရှိသလောက်ပင်။

    တရုတ်ပြည်၏ လူသုံးများလှသော တွစ်တာကဲ့သို့ Sina Weibo microblogging ဆိုဒ် သုံးစွဲသူများကHarbin မြို့ လေထုညစ်ညမ်းမှုဖြစ်စဉ်ကို ဒေါသသကြီးရော ပြက်ရယ်ပြုရှုံ့ချမှုများနှင့်ပါ တုန့်ပြန်ခဲ့ကြသည်။

    “နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်ပြီးနောက်မှာ အသိဥာဏ်ကြွယ်ပြီး အလုပ်ကြိုးစားကြသော Harbin ပြည်သူများမှာ အဆုံးမတော့ လူလတ်တန်းစား အသိုင်းအဝန်းနှင့် ကွန်မြူနစ် အသိုင်းအဝန်း ဘဝအဆင့်ဆင့်တို့ ကို ခုံ ကျော်နိုင်ကာ အခုဆိုရင် အထက်တန်းလွှာ လူအသိုင်းအဝန်းများထဲသို့ ဝင်ရောက်သွားကြပါပြီ။” ဟု ဆိုဒ်သုံးစွဲသူ တစ်ယောက်က သရော်ထားခဲ့သည်။

    တရုတ်ပြည် အရှေ့ မြောက်ဘက် အခြားဒေသများတွင်လည်း ထိုဆိုးဝါးသော မီးခိုးများ လေထုညစ်ညမ်းမှုများ ကြုံခဲ့ရသည်။ ထိုဒေသများတွင် ဘေကျင်းမြို့တော်မှ နှစ်နာရီသာ ဝေးသော Tangshan နှင့် Heilongjiang ဒေသနှင့် ထိစပ်နေသောJilin ဒေသ၏ မြို့တော် Changchun တို့ ပါဝင်သည်။

    လွန်ခဲ့သောအပတ်က ဘေကျင်းမြို့တော်တွင် လေထုညစ်ညမ်းမှုအရေးပေါ်အခြေအနေများနှင့်ပတ်သက်သည့် ရောင်စုံကားချပ် သတိပေးစနစ်တစ်ခုကို ထုတ်ပြန်ခဲ့သည်။ ထိုသတိပေးချက်များတွင် ဆောက်လုပ်ရေးလုပ်ငန်းများ၊ စက်ရုံထုတ်ကုန်လုပ်ငန်းများ၊ လမ်းဘေး အကင်ဆိုင်များနှင့် မီးရှူး မီးပန်းများပစ်ဖောက်ခြင်းများကို ယာယီရပ်ထားရန် ပါရှိသည်။
    ဘေကျင်းတွင် ပြီးခဲ့သော ဆောင်းရာသီက မြို့တွင်းမီုးခိုးပေါင်းများကြောင့် အရေးပေါ်ဖြစ်ခဲ့ရပြီး ဇန်နဝါရီလ၏ အဆိုးဝါးဆုံးရက်တစ်ရက်တွင် PM2.5မှာ ယူနစ် ၉၀၀ အထိ အဆမတန် မြင့်တက်ခဲ့သည်။

    Ref: Reuters

  • BBC: လူမျိုးရေး သုတ်သင်မှု ဒေါ်စု ငြင်းဆို

    အောက်တိုဘာ၊ ၂၄

    131024121854_dassk_uk_304x171_reuters

    မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ လူမျိုးရေး အကြမ်းဖက်မှုတွေဟာ ရိုဟင်ဂျာ မွတ်ဆလင်တွေကို လူမျိုးတုန်း သတ်ဖြတ်တဲ့ အခြေအနေမျိုး အထိ ရောက်လာနေတယ် ဆိုတဲ့ စွပ်စွဲချက်ကို မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုလိုက်ပါတယ်။

    ဘီဘီစီကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာမှာ ဗုဒ္ဓဘာသာဝင်တွေလည်း အကြမ်းဖက် တိုက်ခိုက်ခံရတာပဲ၊ နှစ်ဖက်စလုံးမှာ ကြောက်ရွံ့ထိတ်လန့်မှုတွေ ရှိနေပါတယ်လို့ ဆိုပါတယ်။

    မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေကြောင့် ရိုဟင်ဂျာ တစ်သိန်းလေးသောင်းလောက် အိုးအိမ်မဲ့ ဖြစ်နေတယ်လို့ ဒုက္ခသည် စောင့်ရှောက်ရေး အဖွဲ့တွေက ခန့်မှန်း ပြောဆိုကြပါတယ်။

    အကြမ်းဖက် တိုက်ခိုက်ခံရတာ မွတ်ဆလင်တွေက အများစု ဆိုတာကို အသိအမှတ်ပြုလား ဆိုတဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က တုန့်ပြန် ဖြေကြားရာမှာတော့ ဗုဒ္ဓဘာသာဝင် အများအပြားလည်း နိုင်ငံကနေ ထွက်ခွာ ပြေးခဲ့ရတာပါပဲလို့ ဆိုပါတယ်။

    နိုဗယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်လို့ ထုတ်ဖော် ပြောကြားဖို့ ပျက်ကွက်ခဲ့တယ် ဆိုပြီး အရင်တုန်းက အကဲခတ်တွေက စွပ်စွဲ ပြောတာတွေ ရှိခဲ့ဖူးပါတယ်။

    Source: BBC Burmese
    http://www.bbc.co.uk/burmese/burma/2013/10/131024_dassk_bbc.shtml

  • အောက်တိုဘာ- ၂၄ နိုင်ငံတကာနှင့် ပြည်တွင်သတင်းတို

    အောက်တိုဘာ- ၂၄ နိုင်ငံတကာနှင့် ပြည်တွင်သတင်းတို

    အောက်တိုဘာ-၂၄၊ ၂၀၁၃
    M-Media

    ရှစ်လေးလုံးကြေညာစာတမ်းပါ အချက်(၃)ချက်အတွက် လုပ်ငန်းကော်မတီဖွဲ့ရန် ဆွေးနွေး

    ရှစ်လေးလုံး ရွှေရတုအခမ်းအနားမှ ကြေညာစာတမ်းပါအချက်(၃)ချက်အား တရားဝင် အကောင်အထည်ဖော်မည့် လုပ်ငန်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် ပြည်နယ်ဒေသအသီးသီးမှ တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ လူမျိုးစုနိုင်ငံရေးအင်အားစုများနှင့် ပြည်သူလူထုများထံမှ သဘောထားအကြံပြု ဆွေးနွေးကို မနေ့က နေ့လည်ပိုင်းမှာ လားရှိုးမြို့၌ ပြုလုပ်ခဲ့ရာ ၈၈ မျိုးဆက်များဖြစ်သည့် ကိုတိုးကျော်လှိုင်၊ ကိုဇေယျနှင့် ကိုစိုင်းထင်ကျော်တို့က စာတမ်းပါ အချက်(၃)ချက်ကို ဆွေးနွေးချက်မျး တောင်းခံသွားကြောင်း မြန်မာ့ခေတ်သတင်းမှာ ဖော်ပြထားပါတယ်။
    _______________________

    ထိုင်းဘုရင်သင်္ချိုင်းဂူအောက်မှ ရှေးဟောင်းအဆောက်အအုံ တွေ့ရှိ

    မန္တလေးမြို့ လင်းဇင်းကုန်းသင်္ချိုင်းရှိ ထိုင်းဘုရင်၏ သင်္ချိုင်းဂူကို တူးဖော်ရာမှ ပေ ၆၀-ခန့် ကျယ်သည့် ကျောင်းဆောင်နှင့် အဆောက်အအုံများ၏ အုတ်မြစ်များကို တွေ့ရှိခြင်းကြောင့် ဘုရင်ကြီးအဆက်အနွယ် ထိုင်းဘုန်းကြီးများ သီတင်းသုံးခဲ့သည့် ကျောင်းကြီးဖြစ်နိုင်ကြောင်း ထိုင်း ရှေးဟောင်း သုတေသန တူးဖော်ရေးတာဝန်ခံ မစ္စတာ မစ်ကီဟတ်က ပြောကြောင်း ဧရာဝတီ သတင်းဋ္ဌာန၏ ဖော်ပြချက်မှာ ဖော်ပြထားပါတယ်။
    ______________________

    ဇိုမီးပါတီ ကြိုးပမ်းနေသည့် တိုင်းရင်းသားဖြစ်ခွင့်

    ချင်းပြည်နယ်ရှိ ဇိုမီးတိုင်းရင်းများအား သီးသန့်တိုင်းရင်းသား လူမျိုးအဖြစ် အသိအမှတ်အပြုရေးအတွက် ယနေ့ ထုတ်ပြန်ကြေညာချက်သည် ဖွဲ့စည်းပုံပြင်ရန် အဓိကထားပြီး ၂၀၁၄ ပင်လုံကဲ့သို့ ညီလာခံတွင် တက်ရောက်ပြီး ဖက်ဒရယ်ပြည်ထောင်စုဖြစ်မြောက်ရန် အဆိုတင်သွင်းဖို့ ပြင်ထားပြီး ချင်းအစား ဇိုမီးဟု ခေါ်ဆိုရန် ဆက်လက်ကြိုးပမ်းမည်ကို ကြေညာကြောင်း ဇိုမီးပါတီ အထွေထွေအတွင်းရေးမှူး ဦးဂင်ကမ်းလျန်က RFA ကို ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။
    ______________________

    (၆၈) နှစ်မြောက် ကုလသမဂ္ဂနေ့ အထိမ်းအမှတ် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်မှ သဝဏ်လွှာပေးပို့

    (၆၈) နှစ်မြောက် ကုလသမဂ္ဂနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ၏ သမ္မတ ဦးသိန်းစိန်မှ ပေးပို့သော သဝဏ်လွှာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို တစိုက်မတ်မတ်အားပေးလျက်ရှိသည့် ကုလသမဂ္ဂအားလည်း မြန်မာပြည်သူများကိုယ်စား ကျေးဇူးတင်ကြောင်းနှင့် ပိုမို သာယာဝပြောပြီး ငြိမ်းချမ်းသော ကမ္ဘာကြီးတစ်ခုဖြစ်ရန် ရည်မှန်း ဆောင်ရွက်နေသည့် ကုလသမဂ္ဂကြီးအပေါ် ထားရှိသည့် မြန်မာနိုင်ငံ၏ အားပေးကူညီမှုနှင့် ကတိ က၀တ်တို့ကိုလည်း ထပ်လောင်းအတည်ပြုကြောင်းကို ထည့်သွင်း ပြောကြားခဲ့သည်ကို သမ္မတရုံး အင်တာနက်စာမျက်နှာမှတဆင့် သိရှိရပါတယ်။
    ______________________

    အရွယ်မရောက်သေးသည့် အမျိုးငယ်တစ်ဦးအား အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု အိန္ဒိယတွင် ဖြစ်ပွားပြန်

    အမျိုးသမီးများအား အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုများကြောင့် လူထုလှုပ်ရှားမှုများ မကြာခဏပေါ်ပေါက်နေသည့် အိန္ဒိယနိုင်ငံတွင် အရွယ်မရောက်သေးသည့် အမျိုးသမီးငယ်တစ်ဦးအား အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုတစ်ခု အင်္ဂါနေ့က နယူးဒေလီမြို့တွင် ဖြစ်ပွားခဲ့သည်ဟု အကြီးတန်း ရဲအရာရှိတစ်ဦးက ယနေ့တွင် ပြောကြားလိုက်သည်။

    အင်္ဂါနေ့ညက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား လူသုံးဦးက မောင်းနေသောကားပေါ်တွင် အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့ခြင်းဖြစ်သည်။

    “အသက် ၂၀ ကျော်အမျိုးသားသုံးယောက်က အဲဒီမိန်းကလေးကို ကားကြုံလိုက်ဖို့ ခေါ်ပါတယ်။ ပထမ အဲဒီအမျိုးသမီးဟာ စိတ်ငြိမ်ဆေးထည့်ထားတဲ့ အချိုရည်ကို အတိုက်ခံရပါတယ်။ ပြီးတော့ မြို့တောင်ပိုင်းစိတ်ငြိမ်ရပ်ကွက် တစ်ခုကိုခေါ်သွားပြီး အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့ကြပါတယ်” ဟု အဆိုပါ အကြီးတန်း အရာရှိက ထပ်လောင်းပြောကြားခဲ့သည်။

    ထိုအမှုအား ယမန်နေ့ကတိုင်ကြားခဲ့ပြီးနောက် မုဒိမ်းမှုကျူးလွန်သူဟု သံသယရှိသူ သုံးဦးအနက်မှ တစ်ဦးအား ဖမ်းဆီးရမိထားပြီး၊ အခြားနှစ်ဦးအား ဖမ်းဆီးနိုင်ရန် ပိုက်စိတ်တိုက် ရှာဖွေမှုများပြုလုပ်နေသည်ဟု သိရသည်။

    ယခုမုဒိမ်းမှုမှာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက အသက် ၂၃ နှစ်အရွယ်ရှိ ဆေးကျောင်းသူတစ်ဦးကို မုဒိမ်းကျင့်ခဲ့သည့် လူခြောက်ဦးအား သေဒဏ်ပေးခဲ့ပြီး နှစ်လအကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    Ref: ဆင်ဟွာ

    ______________________
    ဖမ်းဆီးထိန်းသိမ်းထားသော တောင်ကိုရီးယားနိုင်ငံသား ၆ ဦးကို မြောက်ကိုရီးယား ပြန်လွှတ်ပေးမည်

    နိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်လာသောကြောင့် ဖမ်းဆီးထိန်းသိမ်းထားသည့် တောင်ကိုရီးယားနိုင်ငံသား ၆-ဦးအား နှစ်နိုင်ငံ ငြိမ်းချမ်းရေးရွာတစ်ခုဖြစ်သည့် Panmunjom ရွာမှ ဆိုလ်းမြို့သို့ မနက်ဖြန် နေ့လည်ပိုင်းတွင် ပြန်လွှတ်ပေးတော့မည်ဟု မြောက်ကိုရီးယားနိုင်ငံက ကြေညာလိုက်သည်။

    ထိုကြေညာချက်ကို တောင်ကိုရီးယား ကြက်ခြေနီ ဥက္ကဌအမည်ဖြင့် ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ဆိုးလ်ရှိ ကိုရီးယားနှစ်နိုင်ငံပေါင်းစည်းရေးဝန်ကြီးဌာနက ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထုတ်ပြန်ခဲ့သည်။

    ထိန်းသိမ်းခံထားရသည့် ၆-ဦးထဲမှ လေးဦးမှာ ၂၀၁၀-ခုနှစ် ဖေဖော်ဝါရီ ၂၆-ရက်နေ့က မြောက်ကိုရီးယားနိုင်ငံသို့ တရားမ၀င် ၀င်ရောက်လာမှုဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု မြောက်ကိုရီးယားသတင်းအေဂျင်ဆီ (KCNA) က ဖော်ပြခဲ့ပြီး ထိုစဉ်က ထိုသူများအား ပြန်လွှတ်ပေးရန်တောင်ကိုရီးယားက တောင်းဆိုခဲ့သော်လည်း မြောက်ကိုရီးယားက ပြန်လွှတ်ပေးခဲ့ခြင်းမရှိချေ။

    ထိုသူများအား ပြန်လွှတ်ပေးခြင်းမှာ အလွန်နောက်ကျနေသော်လည်း ထိုကိစ္စအား ကြိုဆိုကြောင်း၊ ထိုသူများ ဆိုးလ်သို့ပြန်ရောက်ပြီးပါက မြောက်ကိုရီးယားသို့ ပြန်လည်ဝင်ရောက်ရန် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း နှစ်နိုင်ငံပေါင်းစည်းရေး ၀န်ကြီးဌာနက ပြောကြားခဲ့သည်။

    Ref : xinhua

    ______________________

    ဒရုန်းလေယာဉ်များဖြင့်တိုက်ခိုက်မှုများအား ရပ်တန့်ရန် အမေရိကန်အား ပါကစ္စတန်တိုက်တွန်း

    ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ်ရှရစ်ဖ်က ပါကစ္စတန်နိုင်ငံအတွင်းရှိ ဒေသများတွင် အမေရိကန်က ပြုလုပ်နေသည့် ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုများအား ရပ်တန့်ရန် အမေရိကန်သမ္မတ အိုဘားမားကို တိုက်တွန်းပြောဆိုလိုက်သည်။

    အကြမ်းဖက်မှုများအပေါ် ဆင်နွှဲသည့်စစ်ပွဲနှင့် အာဇဂန်နစ္စတန်နိုင်ငံတွင် ဆင်နွှဲသော စစ်ပွဲများနှင့်ပက်သက်ပြီး တစ်ဦးကိုတစ်ဦးသံသယများ ဖြစ်ပွားပြီနောက် ပြန်လည်တိုးတက်လာသည့် နှစ်နိုင်ငံဆက်ဆံမှုဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးရာတွင် နာဝဇ်ရှရစ်ဖ်က ဤကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

    “ကျွန်တော်တို့တွေ့ဆုံဆွေးနွေးမှုမှာ  ဒရုန်းလေယာဉ်နဲ့ တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ လိုအပ်နေပြီဆိုတာကို အလေးထားပြောကြားခဲ့ပါတယ်” ဟု အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်း၌ သမ္မတ အိုဘားမားနှင့် ဆွေးနွေးပြီးနောက် နာဝဇ်ရှရစ်ဖ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    အိုဘားမားက အမေရိကန်-ပါကစ္စတန် နှစ်နိုင်ငံ တင်းမာမှုများနှင့် နားလည်မှု လွဲများနေမှုများရှိနေကြောင်းလက်ခံခဲ့ပြီး၊ ပါကစ္စတန်၏ အချုပ်အချာအာဏာကို လေးစားသောနည်းလမ်းဖြင့် လုံခြုံရေးကိစ္စများတွင် နှစ်နိုင်ငံ အတူတကွ ဆောင်ရွက်ရန်ကိုလည်း ကတိပြုခဲ့သည်။
    http://www.aljazeera.com/news/americas/2013/10/pakistani-pm-urges-obama-end-drone-strikes-2013102322503172689.html
    ______________________
    ဗြိတိန်တွင် ကလေးငယ်များ လိင်ပိုင်ဆိုင်ရာ စော်ကားခံနေရ

    ဗြိတိန်နိုင်ငံရှိကလေးငယ်များမှာ လိင်ပိုင်းဆိုင်ရာ အစော်ကားခံရမှုများရှိနေပြီး အထူးသဖြင့် ကျောင်းများ၊ ကလေးထိန်းကျောင်းများနှင့် ခရစ်ယာန်ဘုရားကျောင်းများတွင်ဖြစ်ကြသည်ဟု လေ့လာဆန်းစစ်မှုအသစ် များက ဖေါ်ပြကြသည်။

    ယူကေအမျိုးသားရာဇ၀တ်မှုအေဂျင်စီ(NCA) ၏ လေ့လာချက်များအရ အထက်တွင် ဖော်ပြခဲ့သော နေရာများမှ ကလေးငယ်များအားကာကွယ်ရန် ပိုမိုလုပ်ဆောင်ရမည်ဟု ယနေတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ‘အစော်ကားခံရသည့် အခြေခံများ’ ဟု အမည်ရသည့် အဆိုပါအစီရင်ခံစာတွင် ကလေးငယ်များမှာ အစော်ကားခံရသူများ၏ အန္တရာယ်အပြင် အနားတွင်ရှိနေသူများက အစော်ကားခံနေရခြင်းကို သတိမပြုမိခြင်းနှင့် သတိပြုမိသော်လည်း တိုင်ကြားရန် ပျက်ကွက်သည့် အန္တရာယ်များလည်း ရှိနေကြောင်း၊ ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာအရ စော်ကားခြင်းမှာ မဖြစ်တော့ဟု လူအများ၏ မှားယွင်းသောအမြင်များလည်း ရှိနေကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

    Ref : press TV

     

    331041_Child-abuse

     

    ______________________
    အမေရိကန်တွင် ကစားစရာ သေနတ်ကိုင်တဲ့ ကလေးငယ်တစ်ဦးအား ကယ်လီဖိုးနီးယား ရဲတပ်ဖွဲ့ ပစ်ခတ်မှုကြောင့်သေဆုံး

    အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာရိုဆာမြို့တွင် ကော်စေ့ထည့်ပစ်ရသည့် ရိုင်ဖယ်သေနတ်အား ကိုင်ဆောင်လာသည့် အသက် ၁၃ နှစ်အရွယ်ကလေးငယ်တစ်ဦးအား ရဲတပ်ဖွဲ့က မှားယွင်းပစ်ခတ်မှုတစ်ခု အင်္ဂါနေ့က ဖြစ်ပွားခဲ့ပြီး ထိုကလေးငယ်မှာ သေဆုံးခဲ့သည်ဟု သိရသည်။

    ထိုကလေးငယ်မှာ အန်ဒီ လိုပက်ဇ်ဟုအမည်ရပြီး ကော်စေ့ထည့်ပစ်ရသည့် ရိုင်ဖယ်သေနတ်ကိုင်ကာ လမ်းလျှောက်လာစဉ် ရဲတပ်ဖွဲ့ဝင်များကတွေ့မြင်ခဲ့ပြီး သေနတ်အစစ်ဟုထင်မှတ်ကာ လက်နက်ချရန် အမိန့်ပေးခဲ့သည်။ တစ်ဆက်တည်းမှာပင် ရဲတပ်ဖွဲ့ဝင်များမှာ ထိုကလေးငယ်အား အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်ဟု အခင်းဖြစ်ပွားခဲ့သည့် ဆိုနိုမာကောင်တီ၏ ရဲတပ်ဖွဲ့က ထုတ်ပြန်သော ကြေညာချက်တွင် ရေးသားထားသည်။

    ထိုအဖြစ်အပျက်က ဆန်တာရိုဆာမြို့ရှိ လူ့အသိုင်းအ၀ိုင်းအား စိုးရိမ်မှုများကို ဖြစ်ပေါ်စေသည်။ အမေရိကန်တွင် သေနတ်ဖြင့်ပစ်ခတ်မှုများမှာ မကြာခဏဖြစ်ပွားလေ့ရှိပြီး မကြာသေးခင်ကလည်း နီဗာဒါပြည်နယ်တွင် အလယ်ကျောင်းသားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ဆရာတစ်ဦးသေဆုံးခဲ့ကာ အခြားကျောင်းသားနှစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်။

    Ref : channelnewsasia

    a-bb-gun-modeled-on-an

     

    ______________________
    အာဖရိကရှိ အမေရိကန်စစ်စခန်းအား ဖြုတ်မည်မဟုတ်ဟု ပင်တဂွန်ဆို

    ကာကွယ်ရေးအသုံးစရိတ်နှင့်ပက်သက်ပြီး ဖိအားများကြီးထွားနေသော်လည်း အာဖရိကတွင်ချထားသည့် အမေရိကန် စစ်စခန်းအား ဖြုတ်ပစ်ရန် အစီအစဉ်မရှိဟု အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က ပြောဆိုလိုက်သည်။

    အမေရိကန်အစိုးရအနေဖြင့် အစိုးရအသုံးစားရိတ်များလျှော့ချရန် စီစဉ်နေပြီး ကာကွယ်ရေးဝန်ကြီးဌာနကလည်း ဒေသတွင်းစစ်ခန်းများနှင့် ရာထူးကြီးနေရာ များအတွက် အသုံးစားရိတ်များလျှော့ချရန်ရှိရှိနေကာ ထိုအစီစဉ်တွင် အာဖရိကရှိ အမေရိကန်စစ်စခန်းပါဝင်သည်ဟု ကောလဟာလများထွက်ပေါ် လာသောကြောင့် ပင်တဂွန်က ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

    Africom ဟုခေါ်သည့် အမေရိကန်စစ်စခန်းမှာ ၂၀၀၇-ခုနှစ်တွင် စတင်တပ်စွဲ ခဲ့ပြီး အာဖရိကတိုက်အတွင်း စစ်သွေးကြွများ၏ လေ့ကျင့်ခန်းပေးမှုများနှင့် အင်အားတိုးချဲ့မှုများအား တန်ပြန်တိုက်ခိုက်ရန် အာရုံစိုက်လုပ်ဆောင်နေကာ အာဖရိကတိုက်အတွင်း အမေရိကန်စစ်တပ်၏ အခန်းကဏ္ဍကို မိုမိုချဲ့ထွင်နေသည်။

    Ref : channelnewsasia

     

    ______________________