News @ M-Media
Blog
  • အောက်တိုဘာ ၂၀၊ အားကစားသတင်း စုစည်းမှု
    အောက်တိုဘာ ၂၀၊ အားကစားသတင်း စုစည်းမှု
    အောက်တိုဘာ ၂၀၊ ၂၀၁၃
    M-Media
    ဖလားတစ်လုံးရလျှင်ပင် အဆင်ပြေသည်ဟု မိုယက်စ်အား ဖာဂူဆန်နှစ်သိမ့်
    မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြအဖြစ် ပထမဦးဆုံးရာသီတွင် ဖလားတစ်လုံးဆွတ်ခူးနိုင်ခဲ့လျှင်ပင်အလွန်ကောင်းမွန်သော စွမ်းဆောင်ရည် ဖြစ်လိမ့်မည်ဟု မန်ယူအသင်း၏ ဂန္တ၀င်နည်းပြဟောင်း ဖာဂူဆန်က ယမန်နေ့ ဆောက်သက်တမ်အသင်းအား ၁ ဂိုးစီသရေကျခဲ့သော ပွဲအပြီးတွင်ပြောကြားခဲ့သည်။
    ယခုပွဲသရေကျမှုကြောင့် လက်ရှိချန်ပီယံ မန်ယူအသင်းမှာ အမှတ်ပေးဇယားတွင် အဆင့် ၈ အထိရောက်ရှိသွားပြီး ချန်ပီယံလိဂ် ၀င်ခွင့်အနေရာထက် ၅-မှတ်လျော့နေ ပြီး၊ တန်းဆင်းဇုန်နှင့် လေးမှတ်အကွာတွင်ရှိနေခြင်းဖြစ်သည်။ မန်ယူအသင်းမှာ ကစားပြီးသည့် ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲတွင် ၃ ပွဲသာအနိုင်ရရှိထားသည်။
    အသင်းတွင် ၂၆ နှစ်တာရှိနေခဲ့ပြီးအောင်မြင်မှုများစွာရယူပေးခဲ့သည့် နည်းပြဖာဂူဆန်မှာ မန်ယူအသင်းသို့ စတင်ရောက်ရှိပြီး လေးနှစ်အကြာမှ အသင်းအတွက် ပထမဦးဆုံး ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။
    “ဒေးဗစ်(မိုယက်စ်)အတွက်တော့ ဖလာတစ်လုံးရခဲ့ရင်တောင်မှ အလွန်ကောင်းမွန်တဲ့ အောင်မြင်မှုမျိုးဖြစ်မှာပါ။ လိဂ်ဖလားဖြစ်ဖြစ်၊ အက်ဖ်အေဖလားဖြစ်ဖြစ်၊ ဥရောပ ဖလားဖြစ်ဖြစ်၊ ပရီးမီးယားလိဂ်ဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ အမှတ်ပေးပြိုင်ပွဲမှာ ချန်ပီယံဆုအတွက် အသင်းခြောက်သင်းလောက် ပြိုင်နေရတဲ့အတွက် ဗိုလ်စွဲဖို့ဆိုတာ မလွယ်ပါဘူး”ဟု MUTV နှင့် အင်တာဗျူးတွင် ဖာဂူဆန်က ပြောကြားခဲ့သည်။
    channelnewasia
    ______________________
    ATP Stockholm Open တင်းနစ်ပြိုင်ပွဲတွင် ဖာရဲရား ဗိုလ်လုပွဲသို့တက်ရောက်
    ဆွီဒင်နိုင်ငံတွင်ကျင်းပပြုလုပ်လျက်ရှိသည့် ATP Stockholm Open တင်းနစ်ပြိုင်တွင် စပိန်နာမည်ကြီးတင်းနစ်သမား ဒေးဗစ်ဖာရဲရားမှာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့ပြီဟုသိရသည်။
    နိုင်ခြေအဆင့် ၁ ရ ဖာရဲရားမှာ ဆီးမီးဖိုင်နယ်တွင် လတ်ဗီယား တင်းနစ်သမား အာန်နတ်စ် ဂူလ်ဘစ်နှင့် ကစားခဲ့ရခြင်းဖြစ်ပြီး ပထမပွဲငယ်တွင် ၆-၃ ဖြင့်ရှုံးနိမ့်ခဲ့သည်။ သို့သော်လည်း ဒုတိယပွဲငယ်တွင် ၆-၄ ဖြင့်လည်းကောင်း၊ တတိယ ပွဲငယ်တွင် ၆-၁ ဖြင့်လည်းကောင်း အနိုင်ရအောင် ပြန်လည်ကစားနိုင်ခဲ့သောကြောင့် ပွဲအပြီးတွင် ၃-၆၊ ၆-၄၊ ၆ -၁ ဖြင့် အနိုင်ရရှိခဲ့ကာ နောက်ဆုံးဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
    နောက်ဆုံးဗိုလ်လုပွဲတွင် ဖာရဲရားမှာ နိုင်ခြေအဆင့် ၆ ရ ပြင်သစ်တင်းနစ်သမား ဘန်နွိုက် ပိုင်ရီကို ၄-၆၊ ၆-၂၊ ၆-၂ ဖြင့်အနိုင်ရရှိခဲ့သည့် ဘူလ်ဂေးရီးယားတင်းနစ်သမား ဒီမီထရော့ဗ်နှင့် တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။
    skysports
    ______________________
    Erste Bank Open တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရော်ဘင်ဟေ့စ်နှင့် တော်မီ ဟက်စ်တို့တွေ့ဆုံမည်
    သြစတြီးယားနိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် Erste Bank Open တင်းနစ်ပြိုင်ပွဲဗိုလ်လုပွဲတွင် ရော်ဘင်ဟေ့စ်နှင့် တော်မီ ဟက်စ်တို့တွေ့ဆုံယှဉ်ပြိုင်ရမည်ဟု သိရသည်။
    ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဒခ်ျတင်းနစ်သမား ရော်ဘင်ဟေ့စ်မှာ နိုင်ခြေအဆင့် ၁ ရ ပြင်သစ်တင်းနစ်သမား ဂျိုးဝိုင်းလ်ဖရိုင်း ဆွန်ဂါအား အကြိတ်အနယ်ကစားကာ ၇-၅၊ ၇-၆(၆-၄)ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    “သူ(ဆွန်ဂါ)ဟာ ဒဏ်ရာနည်းနည်းရနေပြီး၊ ကျွန်တော်နည်းနည်းတုန်လှုပ်မိပါတယ်။ သူနဲ့ကစားတဲ့အခါမှာ ဘောလုံးကို ထိန်းပြီး သူရဲ့အမှားကိုစောင့်ရပါတယ်။ နောက်ပိုင်းမှာတော့ ပွဲကို ကျွန်တော်ပိုပြီးအာရုံစိုက်နိုင်ခဲ့ပါတယ်” ဟု အဆင့် ၁၀ အတွင်းရှိကစားမားများနှင့် ကစားရသည့် ၁၄ ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး ယခု ပွဲတွင်မှ အနိုင် ရရှိခဲ့သည့် ကမ္ဘာ့အဆင့် ၆၃ရှိ ဟေ့စ်က
    ပွဲအပြီးတွင်ပြောကြားခဲ့သည်။
    နိုင်ခြေအဆင့် ၂ ရ ဂျာမန်တင်းနစ်သမား တော်မီဟက်စ်မှာ နိုင်ခြေအဆင့် ၈ ရ ချက်တင်းနစ်သမား လူးကပ်စ် ရိုဆိုလ်အား ပထမပွဲငယ်တွင် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယနှင့် တတိယ ပွဲငယ်တို့တွင် အနိုင်ကစားနိုင်ခဲ့သောကြောင့် ၃-၆၊ ၆-၄၊ ၇-၆(၇-၀) ဖြင့် အနိုင်ရရှိခဲ့သည်။
    “အရေးကြီးတဲ့ အမှတ်တွေနဲ့ တိုင်းဘရိတ်ရိုက်ချက်တွေမှာ ကျွန်တော် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပါတယ်။ အဲဒီအတွက် ကျွန်တော်အရမ်းကို ကျေနပ်မိပါတယ်” ဟု တော်မီက ပွဲအပြီးတွင်ပြောကြားခဲ့သည်။
    skysports
    ______________________
    နေးမာအား ကာကွယ်မှုပေးရန် မာတီနိုတိုက်တွန်း
    အသင်းရှိ လူငယ်ကြယ်ပွင့်ကစားသမား နေးမာအား ပြိုက်ဘက်နောက်ခံလူများမှ ကြမ်းတမ်းစွာဖြတ်ထုတ်မှုများနှင့်ပက်သက်၍ တုန်လှုပ်မိသည်ဟု ဖွင့်ဟခဲ့ပြီး၊ ဒိုင်လူကြီးများအနေဖြင့် နေးမာအား ကာကွယ်မှုများပေးရန် ဘာစီလိုနာအသင်း၏ နည်းပြဖြစ်သူ မာတီနိုက ပြောကြားလိုက်သည်။
    ဘာစီလိုနာအသင်းမှာ ယမန်နေ့က ကစားခဲ့သည့် အိုဆူနာအသင်းနှင့် ပွဲစဉ်တွင်ဂိုးမရှိသရေကျခဲ့ပြီး ရာနှုန်းပြည့်နိုင်ပွဲစံချိန်ရပ်တန့်သွားခဲ့သည်။ ထိုပွဲတွင်နေးမာမှာ ပြိုင်ဘက်ကစားသမားများ၏ လူကပ်ကစားခြင်းနှင့် ကြမ်းတမ်းသောဖျက်ထုတ်မှုများကိုလည်း ခံခဲ့ရသည်။
    “နေးမာကို ပြိုက်ဘက်နောက်ခံလူတွေ ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်တာကို ဒိုင်လူကြီးက ပစ်ဒဏ်ဘောမပေးခဲ့ ပါဘူး။ အထူးသဖြင့် ဘောလုံးမရှိဘဲဖြတ်ထုတ်တဲ့ ပုံစံမျိုးတွေကို သူတို့(ဒိုင်လူကြီး)တွေက ပိုပြီး ဂရုစိုက်သင့်ပါတယ်” ဟု မာတီနိုက ပွဲအပြီးတွင် သတင်းထောက်များသို့ ပြောကြားခဲ့သည်။
    နေးမာမှာ ဥရောပသို့စရောက်လာပြီးကတည်းက ပြိုင်ဘက်အသင်း နောက်ခံလူများ၏ ပစ်မှတ်ထားခြင်းကိုခံနေရသူဖြစ်သည်။
    goal
    ______________________
    အာဆင်နယ်၊ ချယ်ဆီးနှင့် ဆွမ်ဆီးတို့ ဂိုးပြတ်ခဲ့ပြီး အဲဗာတန်အနိုင်ရ မန်ယူ၊ လီဗာပူးလ်တို့ သရေကျခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်-၈ စနေနေ့ညပွဲစဉ်များ
    ပရီးမီးယားလိဂ်ပွဲစဉ် ၈ အဖြစ် ယနေ့ညတွင်ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ်၊ ချယ်ဆီးတို့ ဂိုးပြတ်အနိုင်ရခဲ့ပြီး မန်ယူနှင့် လီဗာပူးလ်တို့ သရေကျခဲ့သည်။
    နယူးကာဆယ် ၂-၂ လီဗာပူးလ်
    စနေနေ့၏ အစောဆုံးပွဲစဉ်ဖြစ်သည့် လီဗာပူးလ်အသင်းနှင့် နယူးကာဆယ် အသင်းတို့မှာ နယူးကာဆယ်အသင်း၏ အိမ်ကွင်း စိန့်ဂျိမ်းပါ့က်တွင် ကစားခဲ့ကြသည်။
    လီဗာပူးလ်အသင်းတွင် ရဟီမ်းစတာလင်နှင့် ဂျိုအာကွင်းတို့ ပါဝင်ခြင်းမရှိချေ။ လီဗာပူးလ်းအသင်းမှာ နယူးကာဆယ်အသင်းအား အသားစီးကစားနိုင်ခြင်းမရှိဘဲ ဦးဆောင်ဂိုးကိုလည်း အိမ်ရှင်နယူးကာဆယ် အသင်းက စတင်ရရှိခဲ့သည်။ ပထမပိုင်း ၂၃ မိနစ်တွင် ယိုဟန်ကာဘာယီက အဝေးမှကန်သွင်းကာ နယူးကာဆယ် အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့သည့် သို့သော်လည်း ၄၂ မိနစ်တွင် စတီဗင်ဂျရတ်က ပင်နယ်တီမှတစ်ဆင့် ချေပဂိုးကို သွင်းယူပေးခဲ့သည်။ ထိုပင်နယ်တီမှာ လီဗာပူးလ် တိုက်စစ်မှူး ဆွာရက်ဇ်အား နယူးကာဆယ်ကစားသမား ယန်ဂါ မဘီဝါမှ ဖျက်ထုတ်မှုကြမ်းတမ်းသောကြောင့် ပေးခဲ့ရခြင်းဖြစ်ပြီး ယန်ဂါမှာလည်း တိုက်ရိုက် အနီကတ် ဖြင့် ထွက်ခဲ့ရသည်။
    တစ်ယောက်လျော့သွားသော်လည်း ကစားအားကျသွားခြင်းမရှိသည့် နယူးကာဆယ်အသင်းမှာ ဒုတိယပိုင်း ၅၇ မိနစ်တွင် ဒုတိယဂိုးရရှိခဲ့ပြီး ပေါလ် ဒမ်မတ်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ လီဗာပူးလ်အတွက် ဒုတိယချေပဂိုးကို ၇၂ မိနစ်တွင် တိုက်စစ်မှူးစတားရစ်ခ်ျက ဆွာရက်ဇ်၏ ဖန်တီးပေးမှုမှတစ်ဆင့် အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့ကာ အဝေးကွင်းတွင် သရေတစ်မှတ် ရယူနိုင်ခဲ့သည်။
    …………………………..
    အာဆင်နယ် ၄-၁ နော်ဝစ်ခ်ျ
    ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်နေသည့် အာဆင်နယ်အသင်းမှာ အိမ်ကွင်းအီမရိတ်၌ အမှားအယွင်းမရှိ ကစားနိုင်ခဲ့ပြီး ၄ ဂိုး ၁ ဂိုးဖြင့် နော်ဝစ်ခ်ျအား အနိုင်ရရှိခဲ့သည်။ ဂျာမနီအသင်းတွင် ရရှိခဲ့သည့် ဒူးဒဏ်ရာကြောင့် ပါဝင်နိုင်ဖွယ်မရှိဟု သတင်းထွက်ပေါ်ခဲ့သည့် ကွင်းလယ်လူ မီဆု အိုဇေးလ် ပါဝင်လာခဲ့သည်။
    အာဆင်နယ်အသင်းမှာ ပွဲကိုစိုးမိုးနိုင်ခဲ့ပြီး ပွဲအစ ၁၈ မိနစ်တွင် အဖွင့်ဂိုးစရခဲ့သည်။ ထိုဂိုးကို ဂျရူနှင့် ၀ီလ်ရှိုင်းယားတို့၏ လှလှပပ ထိုးဖောက်မှုမှတစ်ဆင် ၀ီလ်ရှိုင်းယားက သွင်းယူပေးခဲ့သည်။ ဒုတိယဂိုးကို ကွင်းလယ်လူ အိုဇေးလ်က ၅၈ မိနစ်တွင်သွင်းယူပေးခဲ့ပြီး မိနစ် ၇၀ တွင် ဂျိုနသန်ဟောင်ဆန်က နော်ဝစ်ခ်ျအသင်းအတွက် ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူပေးနိုင်ခဲ့သည်။
    သို့သော်လည်း ၈၃ မိနစ်နှင့် ၈၈ မိနစ်တို့တွင် ရမ်ဆေးနှင့် အိုဇေးလ်တို့က အာဆင်နယ်အသင်းအတွက်အနိုင်ဂိုးများကိုသွင်းပေးခဲ့ပြီး ၄ ဂိုး ၁ ဂိုးဖြင့် ပွဲပြီးဆုံးခဲ့သည်။ ယခုပွဲအနိုင်ကြောင့် အာဆင်နယ်အသင်းမှာ လီဗာပူးထက် နှစ်မှတ်အကွာဖြင့်ပရီးမီးယားလိဂ်ဇယားအား ဆက်လက်ဦးဆောင်ထားနိုင်သည်။
    …………………………………
    ချယ်ဆီး ၄-၁ ကာဒစ်ဖ်
    ယခုနောက်ပိုင်းတွင် ခြေစွမ်းပိုင်းပုံမှန်ဖြစ်လာသည့် မော်ရင်ဟို၏ ချယ်ဆီးအသင်းမှာ ကာဒစ်ဖ်အသင်းအား အိမ်ကွင်းတွင် ၄ ဂိုး ၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူနိုင်ခဲ့သည်။
    သို့သော်လည်း ဦးဆောင်ဂိုးကို ဧည့်သည် ကာဒစ်ဖ်အသင်းက ပွဲအစ ၁၀ မိနစ်တွင်ရရှိခဲ့ခြင်းဖြစ်ပြီး ချယ်ဆီးနောက်ခံလူ လူးဝစ်၏ အမှားမှတစ်ဆင့် ဂျော်ဒန်မတ်ခ်ျက သွင်းယူးပေးခဲ့ခြင်းဖြစ်သည်။ ချယ်ဆီးအသင်းအတွက် ချေပဂိုးကို ၃၃ မိနစ်တွင် အလယ်တန်းကစားသမား အေဒင် ဟာဇာတ်က သွင်းယူပေးခဲ့ပြီး၊ ၆၆ မိနစ်တွင် ၀ါရင့်တိုက်စစ်မှူး အီတူးမှလည်းကောင်း၊ ၇၈ မိနစ်တွင် မာတာအားကျော်ကာ မော်ရင်ဟို၏ အခွင့်အရေးအပေးခြင်းကို ခံရသော အော်စကာက လည်းကောင်း၊ ၈၂ မိနစ်တွင် ဟဖာတ်က သူ၏ ဒုတိယမြောက်ဂိုးအဖြစ်လည်းကောင်း အသီးအသီးသွင်းယူခဲ့ကြကာ ချယ်ဆီအသင်းအတွက် အနိုင် ၃ မှတ်ကို သေချာစေခဲ့သည်။
    ………………………………..
    အဲဗာတန် ၂-၁ ဟားလ်စီးတီး
    ပြီးခဲ့သည် သီတင်းပါတ်က ပရီးမီးယားလိဂ် ပထမဆုံး ရှုံးပွဲစတွေ့ခဲ့သည့် အဲဗာတန်အသင်းမှာ ယခုတစ်ပါတ်အိမ်ကွင်းတွင် ဟားလ်စီးတီအသင်းအား အနိုင်ယူနိုင် ခဲ့သည်။ ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး အိမ်ကွင်းသုံးပွဲဆက် နိုင်ပွဲရရှိခဲ့ခြင်းလည်းဖြစ်သည်။
    အဖွင့်ဂိုးကို အဲဗာတန်အသင်းက ပထမိုင်း ၈ မိနစ်တွင် ရရှိခဲ့သည်။ ထိုဂိုးအား ကီဗင် မီရာလာစ်က အနိမ့်ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း မိနစ် ၃၀ တွင် ဧည့်သည်အသင်းက ချေပဂိုးပြန်လည်ရရှိခဲ့ပြီး ယန်နစ် ဆဂ်ဘိုက သွင်းယူပေးခဲ့သည်။ အဲဗာတန်အသင်းအတွက် အနိုင်သေချာစေမည့်ဂိုးကို ၅၇ မိနစ်တွင် စတီဗင် ပီးနားက သွင်းယူပေးခဲ့သည်။
    ………………………………..
    မန်ယူ ၁-၁ ဆောက်သက်တမ်
    ဒေးဗစ်မိုယက်စ်၏ မန်ယူအသင်းမှာ ယခုနှစ်ပရီးမီးယားလိဂ်တွင် ယခုအချိန်အထိ နောက်တန်းအကောင်းဆုံးအသင်းဖြစ်သော ဆောက်သက်တမ်အသင်းအား အနိုင်ကစားနိုင်ခြင်းမရှိခဲ့ဘဲ အိမ်ကွင်းတွင် သရေတစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
    ၁ဂိုးစီ သရေကျခဲ့သော အဆိုပါပွဲတွင် အဖွင့်ဂိုးကို မန်ယူအသင်းက ၂၆ မိနစ်တွင် ဗန်ပါစီ၏ ကန်သွင်းမှုဖြင့် ရရှိခဲ့သော်လည်း ၈၉ မိနစ်တွင် အဒမ်လာလ်နာက ဆောက်သက်တမ် အသင်းအတွက် အဖိုးတန်ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။
    …………………………………
    ဆွမ်ဆီး ၄-၀ ဆန်ဒါးလန်း
    ဆွမ်းဆီးအသင်းမှာ နည်းပြသစ်ဖြင့် ပွဲထွက်လာသည့် ဆန်ဒါလန်းအသင်းအား အိမ်ကွင်း လေဘာတီတွင် ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
    ပထမပိုင်းတစ်ပိုင်းလုံးတွင် ဆွမ်ဆီးအသင်းမှာ ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ဒုတိပိုင်း ၅၇ မိနစ်တွင်မှ ဆန်းဒါလန်းကစားသမား ဖီလ် ဘာဒ်စလေ၏ ကိုယ့်ဂိုးကိုယ် သွင်းမှုကြောင့် ဂိုးစရခဲ့သည်။ ဂိုးစရပြီးနောက် တစ်မိနစ်အကြာတွင်ပင် ဂျိုနသန် ဒီ ဂုဇ်မန်က ဒုတိယဂိုးသွင်းယူနိုင်ခဲ့ပြီး ၆၄ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် ဘိုနီက
    တတိယဂိုး၊ မိနစ် ၈၀ တွင် ချီကိုက စတုတ္ထဂိုး အသီးသီးသွင်းယူပေးခဲ့သည်။
    ……………………………..
    စတုတ်စီးတီး ၀-၀ ၀က်စ်ဘရွန်း
    မန်အသင်းအား အဝေးကွင်းတွင် အနိုင်ကစားနိုင်ခဲ့ပြီး အာဆင်နယ်အသင်းအား ဦးဆောင်ဂိုးသွင်းကာ အိမ်ကွင်းတွင်သရေကစားနိုင်ခဲ့သည့် ၀က်စ်ဘရွန်းအသင်းမှာ စတုတ်စီးတီးအသင်း၏ အိမ်ကွင်း ဘရစ်တားနီးယားတွင်ကစားခဲ့သည့် ယခုပွဲတွင် သရေတစ်မှတ်သာရရှိခဲ့သည်။ ထိုပွဲမှာ မည်သူမျှ ဂိုးသွင်းနိုင်ခြင်းမရှိဘဲ ဂိုးမရှိ သရေဖြင့် ပြီးဆုံးခဲ့သည်။
    goal
    http://www.goal.com/en/match/109283/man-utd-vs-southampton/report#
    ______________________
    မန်စီးတီး အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်-၈
    ပပရီးမီးယားလိဂ်ပွဲစဉ်-၈ စနေနေ့ည နောက်ဆုံးပွဲစဉ်အဖြစ် ၀က်စ်ဟမ်းအသင်း နှင့် မန်စီးတီးအသင်းတို့ ၀က်စ်ဟမ်းအသင်း၏ အိမ်ကွင်း အက်ပ်တန်ပါ့က်တွင် ကစားခဲ့ကြပြီး ဧည့်သည့် မန်စီးတီးအသင်းက ၃-ဂိုး ၁-ဂိုးဖြင့် အနိုင်ရရှိခဲ့ သည်။
    ဒုတိယပိုင်းတွင်လည်း မန်စီတီးအသင်းက ကစားကွက် အသာဖြင့် ကစားနိုင်ခဲ့ပြီး ၅၁ မိနစ်တွင် အဂူရိုကပင် ဒုတိယဂိုးသွင်းယူပေးခဲ့သည်။ ၅၈ မိနစ် တွင် ၀က်စ်ဟမ်းမှ ရီကာဒို ဗက်ဇ်တီက ချေပဂိုးပြန်သွင်းခဲ့သော်လည်း မိနစ် ၈၀ တွင် ဒေးဗစ်ဆေးလ်ဗားက မန်စီးတီးအတွက် နောက်ဆုံးပိတ်အနိုင်ဂိုးကို သွင်းကာ အဖိုးတန် သုံးမှတ်ကို ရယူသွားခဲ့သည်။
    ယခုပွဲအနိုင်ကြောင့် မန်စီတီးအသင်းမှာ ပရီးမီးယားလိဂ်ဇယား အဆင့်လေး နေရာသို့ရောက်ရှိလာခဲ့ပြီး၊ အဂူရိုဂိုးသွင်းသည့် ၃၁ ပွဲတွင် ၂၉ ပွဲအနိုင် ရရှိသည့် ထူးခြားသည့် စံချိန်တစ်ခုကိုလည်း တင်သွားနိုင်ခဲ့သည်။
    goal
    ______________________
  • ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး KNU ရဲ့ သတင်းစာရှင်းလင်းပွဲ
    ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး KNU ရဲ့ သတင်းစာရှင်းလင်းပွဲ
    အောက်တိုဘာ ၂၀-၂၀၁၃
    M-Media
    A.N.Lay
    ရန်ကုန် ။       ။      ဗုံးပေါက် ကွဲမှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး KNU မှ သတင်းစာရှင်းလင်းပွဲတစ်ခုကို ယနေ့ အောက်တိုဘာ၂၀-ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ Myanmar Peace Center တွင် ပြုလုပ်ခဲ့ပါတယ်။
    ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သော ပဒို မန်းငြိန်းမောင်က လက်တလောမှာ ဖြစ်ပွားခဲ့သည့်ကိစ္စနှင့်ပက်သက်ပြီး “အားလုံးသိကြတဲ့အတိုင်း KNU နဲ့ တစ်စုံတစ်ရာ ပက်သက်နေတယ်လို့ သတင်းတွေကဖြစ်ပေါ်နေပါတယ်။ ကရင်ပြည်နယ် အမျိုးသား စည်းလုံးရေးနှင့် တိုင်းပြည်ကို ရှင်းလင်းဖို့ ကျွန်တော်တို့ရဲ့ သဘောထားကိုတင်ပြဖို့ တာဝန်ရှိတယ်လို့ ကျွန်တော်တို့ကမြင်တယ် ဒါကြောင့် ဒီသတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်တာပါ။ ဒါပေမယ့် ဒီရှင်းလင်းပွဲကို မတင်ပြခင်မှာ ကျွန်တော်တို့ရဲ့သဘောထားကို အနည်းငယ် ပြောကြားလိုပါတယ်။ ကျွန်တော်တို့ ကရင်အမျိုးသားတွေအပါအဝင် မြန်မာ ပြည်မှာရှိတဲ့ တိုင်းရင်းသား အသီးသီးဟာ သူတို့ တိုင်းရင်းသားတွေရဲ့အခွင့်အရေးကို နိုင်ငံရေးနည်းလမ်းအရ အေးအေးချမ်းချမ်းနဲ့ဖြေရှင်းခွင့်မရလို့သာ ဒီပဋိပက္ခ ပြည်တွင်းစစ်တွေဟာ လွတ်လပ်ရေး မရခင်ပေါ်ပေါက်လာတာဖြစ်တယ်။ တိုင်းရင်းသားတွေဟာ အခွင့်အခါကြုံတိုင်း နိုင်ငံတော်ကို အုပ်ချုပ်ခဲ့တဲ့အစိုးရအဆက်ဆက်နဲ့ အပစ်အခက် ရပ်စဲဖို့ ပြည်တွင်းစစ် ရပ်စဲဖို့အမြဲတမ်းကြိုးပမ်းခဲ့ပါတယ်။
    ကျွန်တော်တို့တိုင်းပြည်မှာ ကံမကောင်းအကြောင်းမလှစွာပဲ တိုင်းရင်းသားတွေအပေါ်မှာ ထားခဲ့တဲ့ အစိုးရ အဆက်ဆက်ရဲ့ သဘောထားဟာ သူတို့ လက်နက်ချ အညံ့ခံ ပေါ်လစီ အောက်မှာကျင့်သုံးခဲ့တဲ့ အတွက် ငြိမ်းချမ်းရေးကို တည်ဆောက်လို့မရခဲ့ပါဘူး။ ဒါပေမယ့် သမ္မတကြီး ဦးသိန်းစိန် တက်လာတဲ့အပေါ်မှာ ကျွန်တော်တို့ နှစ်ပေါင်း (၆၀)ကျော် တိုက်ပွဲတွေဖြစ်ခဲ့တာကို ရပ်စဲနိုင်ခဲ့တယ်။ အခုဆိုအားလုံး သိကြတဲ့အတိုင်းပဲ ကျွန်တော်တို့ ၂၀၁၂-ခုနှစ်က စပြီး အပစ်အခက်ရပ်စဲနိုင်ခဲ့တာ အခုဆို ၁ နှစ် နဲ့ ၁၀ လ တောင်ရှိသွားပြီ။ အပစ်အခက် ရပ်စဲတဲ့နေ့ကစပြီး ကရင်ပြည်နယ်မှာ တပ်မတော်နဲ့ KNU နဲ့ မတော်တဆ နားလည်မှုလွဲပြီး အသေးအဖွဲ
    ပဋိပက္ခလောက်ပဲရှိပါတယ်။ အကြီးအကျယ်ဆိုတာ တစ်ခုမှမရှိပါဘူး”လို့ပြောကြားခဲ့ပါတယ်။
    ဆက်လက်၍ ၎င်းက “ကျွန်တော်တို့ ကရင်အမျိုးသားရေး အနေနဲ့ ဖော်ဆောင်ထားတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို လုံးဝအထိခိုက် ခံမှာမဟုတ်ပါဘူး။ ဒါကြောင့် အခု လက်တလော ကိစ္စနဲ့ပက်သက်ပြီး ဖမ်းမိထားတယ်ဆိုတဲ့ စောမင်းလွင် ဟာ KNU ရဲ့ကာကွယ်ရေးတပ်တားဟောင်း KNU ရဲ့တပ်မတော်သားမဟုတ်ပါဘူး။ ဌာနေ ပြည်တွင်း အဆင့်လောက်ပဲ ရှိပါတယ်။ သူကလည်း ရိုးရိုးသားသားပဲ ဝန်ခံခဲ့တယ်။ ကျွန်တော်အဓိက ပြောချင်တာကတော့ ဒီလိုလုပ် ဆောင်ချက်တွေဟာ KNU သဘောထားမဟုတ်ပါဘူး။ အောက်ခြေက သူတို့ရဲ့ ခံစားချက်ပေါ်မှာ ရှေ့တန်းတင်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ရပ်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေးကိုပဲ ရှေ့တန်းတင်လို့ ငြိမ်းချမ်းရေးကိုပဲ အဓိကထားလုပ်ဆောင်သွားမှာဖြစ်တယ်”လို့ ပြောကြားခဲ့ပါတယ်။
    ဆက်လက်ပြီး မီဒီယာများရဲ့ မေးမြန်းချက်များကိုလည်း ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။ “အဓိကက ဒီပေါက်ကွဲမှုဖြစ်စဉ်တွေနဲ့ပက်သက်ပြီးတော့ လုပ်တဲ့ကိစ္စတွေက KNU နဲ့မဆိုင်ဘူး ။ ဒါဆိုရင် စောမင်းလွင်တို့က ဘယ်သူတွေနဲ့ပက်သက်နေတာလဲ ၊ ဘယ်လိုအဖွဲ့တွေနဲ့ပက်သက်နေတာလဲ၊ သူတို့က ဘယ်လို သဘောထားနဲ့ လုပ်တာလဲဟူသော မေးခွန်းအား “ကျွန်တော် စောစောက ပြောကြားခဲ့သလိုပဲ သူတို့ဟာ အောက်ခြေက လုပ်ဆောင်တဲ့လုပ်ရပ်တွေရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ နောက်ကွယ်က ညွှန်ကြား ကြိုးကိုင်တဲ့ လူတွေကိုတော့ ဖော်ထုတ်လို့ မရသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ လေ့လာတွေ့ဆုံခဲ့တာကတော့ ဒီပေါက်ကွဲမှုကို ပြုလုပ်ခဲ့တဲ့ လူငယ်တွေဟာ ရိုးရိုးသားသားပါ သူတို့မှာ ဘာမှရည်ရွှယ်ချက် ကြီးကြီးမားမား မရှိဘူး ဒီနောက်ကွယ်က စီစဉ်ညွန်ကြားမှု ရှိတယ်လို့ လေ့လာသုံးသပ်လို့ ရပါတယ်။ ဒါကြောင့်လေ့လာသုံးသပ်ပြီး အစိုးရ နဲ့ပူးပေါင်းပြီး ဖော်ထုတ်သွားမှာဖြစ်ပါတယ်လို့ပြန်လည်ဖြေးကြားခဲ့ပါတယ်။
    သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို တက်ရောက်သူ KNU မှ တာဝန်ရှိသူများ၊ အခြား တာဝန်ရှိသူများနှင့် မီဒီယာများ စုစုပေါင်း ၁၀၀ ကျော်တက်ရောက်ခဲ့ပြီး ညနေ ၄း၃၀ အချိန်တွင် ရုပ်သိမ်းခဲ့ပါတယ်။
    သတင်းစာရှင်းလင်းပွဲမှ ဓါတ်ပုံများ
  • ၂၀၁၅ ရွေးကောက်ပွဲအတွက် အခြေခံဥပဒေ ပြင်ဆင်ရမည်ဟု ဘရပ်ဆဲလ်ရောက် ဒေါ်အောင်ဆန်းစုကြည်ပြောကြား
    M-Media
    အောက်တိုဘာ ၂၀ ရက်၊ ၂၀၁၃
    jlsuukyi19e
    အခြေခံဥပဒေမပြင်ဆင်သရွေ့ မြန်မာပြည်၏ ၂၀၁၅ ရွေးကောက်ပွဲသည် ဒီမိုကရေဆန်သည့် ရွေးကောက်ပွဲဖြစ်လာမည် မဟုတ်ကြောင်း ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင်ရောက် ရှိနေ သည့် ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့သည်။
    “အခြေခံဥပဒေကို ပြင်ဆင်ရပါမယ်။ မပြင်သရွေ့တော့ ၂၀၁၅ ရွေးကောက် ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာမှမဟုတ်ဘူး” ဟု ဒေါ်အောင် ဆန်းစုကြည်က ဘရပ်ဆဲလ်မြို့၌ ဥရောပကော်မရှင်ဥက္ကဌ မာနြူရယ် ဘာရိုဆိုနှင့်တွေ့ဆုံစဉ် ပြောကြား ခဲ့သည်ဟု အေအက်ဖ် ပီသတင်းတစ်ရပ်က ဆိုသည်။
    ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတအရွေးခံလိုသည်ဟု တရား ၀င်ပြောဆို ထားသည့် ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာပြည်၏ လက်ရှိ စစ်အခြေပြု အခြေခံ ဥပဒေကြောင့် သမ္မတဖြစ်ခွင့်ဆုံးရှုံးရဖွယ် ရှိနေသည်။
    ဒေါ်အောင်ဆန်းစုကြည်သည် ဘရပ်ဆဲလ်မှတဆင့် လူဇင်ဘတ်သို့ ထွက်ခွာ မည်ဖြစ်ပြီး လူဇင်ဘတ်တွင် လွန်ခဲ့သည့် ၂၃ နှစ်က သူမရရှိခဲ့သည့် ဥရောပ သမဂ္ဂ၏ လူအခွင့်အရေး ဆုကို လက်ခံရယူသွားမည်ဖြစ်သည်။ တနင်္လာနေ့တွင်မူ လူဇင်ဘတ်၌ပင် ဥရောပ ၂၈ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ၂၈ ဦးပါ ၀င်မည့်အစုအဖွဲ့ကို မိန့်ခွန်းပြောကြားမည့်အကြောင်း လည်း နိုင်ငံတကာသတင်းများက ဝေေ၀ဆာဆာဖော်ပြထားကြသည်။
    ဓါတ်ပုံ – straitstimes singapore
  • မြန်မာနိုင်ငံက မျှော်လင့်ချက် ကင်းမဲ့နေရှာသည့် အခိုင်းခံ ရိုဟင်ဂျာကလေးငယ်များ
    အောက်တိုဘာ၊ ၁၉
    M-Media
    ဘာသာပြန်ဆိုသူ- မင်းသိုက်
    9b92c008c3fa3c22400f6a706700eefd
    မောင်းတော၊ မြန်မာ (AP)။    ။အသက် ၁၀ နှစ်အရွယ်ကလေးငယ်သည် တောင်ပေါ်သို့ ကျောက်တုံးများအပြည့်ပါသည့်ပုံးများကို သယ်ဆောင်ကာ ကြိုးစားပမ်းစားတက်နေရသည်။ သူ့သူငယ်ချင်းများအရှေ့တွင်တော့ အားခဲမာန်တင်းထားသော်လည်း သူ့မျက်ဝန်းတွင်တော့ မျက်ရည်စများ စွတ်စိုနေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး၌ ယားယံမှုကိုခံစားနေရပြီး၊ သူ့ထံအဖျားဝင်နေကြောင်း နှင့် အလေးအပင်များသယ်ထမ်းရသဖြင့် မူးဝေနေကြောင်း သူက ဆိုသည်။
    “ ဒီအဖြစ်ကို ကျွန်တော် ရွံမုန်းပါတယ် ” ဟု အဏ္ဏ၀ါ စာဒတ် (Anwar Sardad) က ဆိုသည်။ သူသည် သူ့မိသားစုအား ထောက်ပံ့ရမည်ဆိုသည်ကို သိပါ၏။ သို့ပေမင့် အစိုးရ၏ဆောက်လုပ်ရေးလုပ်ငန်းခွင်ထက် အခြားနည်းလမ်းဖြင့်လုပ်ကိုင်မှုကိုသာ လိုလားလျက်ရှိပါသည်။ “ ကျွန်တော်သာ မွတ်စ်လင်မ် မဟုတ်ခဲ့ရင် ဒီလိုမျိုးဘ၀ကို ဖြတ်သန်းရမှာမဟုတ်ဘူး ” ဟု သူက ဆက်ပြောပြသည်။
    ဗုဒ္ဓဘာသာ ကြီးစိုးသည့် လူဦးရေ သန်း ၆၀ ရှိ နိုင်ငံအတွင်း ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးအား အဆုံးသတ်မှုအတွက် ချီးမွှမ်းခံခဲ့ရသော်လည်း အဏ္ဏ၀ါကဲ့သို့ ရာထောင်ချီသည့် ရိုဟင်ဂျာကလေးငယ်များသည် တိုင်းပြည်ထဲတွင် မျှော်လင့်ချက်ကင်းမဲ့လျက်ရှိသည်။
    မွတ်စ်လင်မ်လူ့အဖွဲ့အစည်းသည် အချိန်အတော်ကြာ ခွဲခြားဆက်ဆံမှုကို ခံခဲ့ရပြီး၊ လူ့အခွင့်အရေးအုပ်စုများက ကမ္ဘာအတွင် အဆိုးဝါးဆုံးဟု ဆိုစမှတ်ပြုထားကြသည်။ သို့သော်လည်း ရခိုင်ပြည်နယ်သည် နိုင်ငံ၏ ရိုဟင်ဂျာ ၁ သန်းတွင် ၈၀ ရာခိုင်နှုန်းထိ နေထိုင်နေသောဒေသဖြစ်သည်။ ယခုသော် ကလေးငယ်များအတွက် ပညာရေး၊ အစာရေစာ နှင့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာလိုအပ်ချက်များသည် စစ်အုပ်ချုပ်ရေးကာလထက်ပင် ဆိုးရွားသောအခြေအနေသို့ ရောက်ရှိနေ၏။ တစ်နေ့လျှင် တစ်ဒေါ်လာသာရရှိရေးအတွက် အလုပ်ကြမ်းလုပ်ကိုင်ရန်မှအပ သူတို့ထံ မည်သည့်ရွေးချယ်မှုမျှ မရှိပေ။
    နိုင်ငံခြားသားသတင်းထောက်များ လုံးဝမရောက်ဖူးသေးသောနေရာသို့  The Associated Press (AP သတင်းဌာန) မှ ရောက်ရှိခဲ့ပါသည်။ ရိုဟင်ဂျာများအား တွေ့ဆုံမေးမြန်းသော အခါ ဒေသခံအာဏာပိုင်များသည် သင်္ကာမကင်းစွာဖြင့် တင်းတင်းမာမာ တုံ့ပြန်ခဲ့ကြသည်။ ရဲများနှင့်တွေ့ဆုံရန် ခေါ်ယူခံရသည်။ သတင်းထောက်များမှာ ထပ်ကြပ်မကွာ နောက်ယောင်ခံလိုက်ခြင်းခံရသည်။ ၄င်းအပြင် ကလေးငယ်များ အပါအ၀င် တွေ့ဆုံမေးမြန်းပြီးသောသူများကိုလည်း ခြိမ်းခြောက်အကြပ်ကိုင်မှုများ ပြုလုပ်ကြလေသည်။
    လွန်ခဲ့သော ၁၅ လကတည်းက လူမျိုးရေးအကြမ်းဖက်မှုဖြင့် ဖရိုဖရဲဖြစ်ခဲ့သော နိုင်ငံအတွင်း ဤနေရာသည် မွတ်စ်လင်မ် အကြမ်းဖက်သူများက ဗုဒ္ဓဘာသာဝင်များအား သတ်ဖြတ်ခဲ့သည့်နေရာဟု ဆိုကြသည်။ သို့သော် အဖြစ်အပျက်များကို ပြောင်းပြန်ဖော်ကျူးထားသည့် အဓိပ္ပာယ်ထွက်နေကြောင်း လေ့လာမှုများက ဖော်ပြသည်။ ယခုနေရာသည် နိုင်ငံအ၀ှန်းသေဆုံးသူ ၂၄၀ အတွင်းမှ ၁၀ ယောက်သာ သေဆုံးခဲ့သောနေရာဖြစ်သော်လည်း လူမျိုးတစ်စုလုံးမှာ ခရီးသွားလာခွင့်ကို တင်းကြပ်ခြင်းများ၊ အခြားသီးသန့်မူဝါဒများအားဖြင့် အပြစ်ပေးခံနေရသည့် တစ်ခုတည်းသောဒေသဖြစ်သည်။
    27e42e4cc4043d22400f6a7067000894
    မဒ်ရဆာ (Madrassas) ဟုခေါ်သော မွတ်စ်လမ်ကျောင်းများသည် အပိတ်ခံထားရပြီး ကလေးငယ်များသည် အစိုးရကျောင်းများအတွင်းသို့ တွန်းပို့ခြင်းခံခဲ့ရသည်။ ပြည်နယ် လူဦးရေ၏  ၉၀ ရာခိုင်နှုန်း နီးပါးရှိ ရိုဟင်ဂျာတို့မှာ မိမိနားမလည်သည့် ဘာသာစကားဖြင့် ဗုဒ္ဓဘာသာဝင် ဆရာများဖြင့် သင်ကြားစေခြင်းခံရသည်။
    ယမန်နှစ်အကြမ်းဖက်မှု၌ ဘုန်းတော်ကြီးတစ်ဦးအသတ်ခံရသည့် ဘဂုဏ်းနား ဆိုသော ရွာငယ်လေးတွင် သေးငယ်သော အစိုးရကျောင်း၌ လက်ခံထားသော ကလေးငယ်ဦးရေ ၁၂၅၀ နီးပါးရှိသည်။  မူကြိုကျောင်းသားအရွယ် မှ ၈တန်းကျောင်းသားအရွယ်ထိ ထိုကျောင်းလေးအတွင်း၌ ကျောင်းသားများအကြား လမ်းလျှောက်ဖို့ပင် မလွယ်ကူလောက်အောင်  ပြည့်ကျပ်နေခဲ့သည်။
    “ ကျွန်တော်တို့ဆရာများက သင်ပုန်းပေါ်မှာ စာတွေအများကြီးတော့ရေးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကို အဲဒါတွေ ဘယ်လိုဖတ်ရမလဲဆိုတာတော့ မသင်ပေးကြဘူး။ ဒီလိုကျောင်းမျိုးမှာ သင်ကြားတတ်မြောက်ဖို့ အရမ်းကိုခက်ခဲပါတယ် ” ဟု အသက် ၈ နှစ် အရွယ် အဏ္ဏ၀ါ စဂျခ် (Anwar Sjak) က ဆိုသည်။
    ကျောင်းထဲတွင် အစိုးရခန့်ဆရာ ၁၁ ယောက်သာရှိပြီး၊ ဆရာတစ်ဦးလျှင် ကလေးငယ် ၁၁၄ ယောက်အား သင်ကြားရသည်။ သတင်းထောက်များ ကျောင်းသို့သွားရောက်လေ့လာသောနေ့တွင် ၄င်းတို့သည် ကျောင်း၏ ပုံမှန်အခြေအနေအား မပြသခဲ့ကြပေ။
    ရိုဟင်ဂျာစောင့်ရှောက်ရေးစေတနာ့ဝန်ထမ်းများသည် ကျောင်းအတွင်း ငြိမ်သက်မှုရှိစေရန် ထိန်းသိမ်းပေးနေကြပြီး၊ လူတစ်ဦးသည် လက်ထဲတွင်ကြိမ်လုံးကိုင်၍ အမှိုက်များပြည့်နေသည့် ကွန်ကရစ်ကြမ်းပြင်အား ရိုက်ကာ ဆိတ်ငြိမ်စွာနေကြစေသည်။ ကလေးအနည်းငယ်မျှသာ ခုံ သို့မဟုတ် စားပွဲများ ရှိကြ၏။ အတော်များများသည် အချင်းချင်း စကားပြောနေကြသလို၊ ဗလာကျင်းဖြစ်နေသော မှတ်စုစာအုပ်များကို လှန်လျောနေကြသည်။ ထို့အတူ သူတို့ကျောင်းထဲ ၀င်ရောက်လာကြသော သူစိမ်းများအား ငေးမောလျက်သာရှိနေကြသည်။
    “ ဖြစ်ချင်တာဖြစ်ခွင့်ရမယ်ဆိုရင် ကျွန်တော်ကြီးလာတဲ့အခါ ဆရာဝန်တစ်ဦးဖြစ်ချင်တယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့မိသားစုထဲမှာ တစ်စုံတစ်ယောက် နေမကောင်း ဖြစ်လာတိုင်း ဆေးရုံကိုသွားရင် ၀န်ထမ်းတွေက ကျွန်တော်တို့အပေါ် ဂရုမစိုက်ကြဘူး။ ကျွန်တော် အဲဒါကို အလွန်ခံပြင်းပါတယ်။ ဒါပေမယ့် အစိုးရက ခွင့်ပြုမှာမဟုတ်လို့  ကျွန်တော့်ရည်မှန်းချက် ဘယ်တော့မှ ဖြစ်မလာနိုင်ဘူးဆိုတာ ကျွန်တော်သိပါတယ်  ” ဟု တတိယတန်းကျောင်းသား အဏ္ဏ၀ါက ဆိုသည်။
    မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများအား ဆေးကျောင်းတက်ရောက်ခွင့် မပေးချေ။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တက္ကသိုလ်များ မရှိ။ ၄င်းပြင် ရိုဟင်ဂျာများအား ထိုဒေသပြင်ပ ဘယ်ကိုမှ ထွက်ခွာခွင့် မပေးသည်မှာ ဆယ်စုနှစ်တစ်ခုမက ကြာမြင့်ခဲ့ပြီဖြစ်သည်။ ခြွင်းချက်အဖြစ် ရိုဟင်ဂျာတစ်ချို့အား ပြည်နယ်မြို့တော်စစ်တွေ၌ စာသင်ကြားခွင့် ခွင့်ပြုထားခြင်းသည်လည်း လွန်ခဲ့သောနှစ် သွေးချောင်းစီးမှု၏နောက်  နိဋ္ဌိတံခဲ့ပြီ ဖြစ်သည်။
    “ ကျွန်တော်တို့ကို သူတို့ စာသင်မပေးချင်ကြဘူး။ ကျွန်တော်တို့ကို (မွတ်စ်လင်မ်တွေကို ချိုးနှိမ်ခေါ်ဆိုတဲ့ အသုံးအနှုန်းဖြစ်တဲ့) ကုလား လို့ခေါ်ကြတယ်။ မင်းတို့ဟာ တန်းတူနိုင်ငံသားတွေမဟုတ်ဘူး၊ ဒါကြောင့် မင်းတို့ ဘာပညာမှရှိစရာမလိုအပ်ဘူး လို့ သူတို့ကပြောလေ့ရှိပါတယ် ” ဟု ပင်လယ်ကမ်းခြေရွာလေးဖြစ်သော မြင်းလွတ်ရွာမှ ရိုဟင်ဂျာကလေးငယ်များအတွက် ကိုယ်ပိုင်စာသင်ခန်းလေးအား မိမိနေအိမ်တွင် ဖွင့်လှစ်ထားသူ အသက် ၂၅ နှစ်အရွယ် စိုယဒ် အလမ် (Soyed Alum) က ပြောပြသည်။
    နှစ်စဉ်နှစ်တိုင်း ထောင်ချီသော ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်မြောက်ပိုင်းကို စွန့်လွှတ်ကာ၊ အခြားနိုင်ငံများ၌ ခိုလှုံသူဒုက္ခသည်အနေနှင့် နေထိုင်ခွင့်ရရေးမျှော်လင့်ချက်ဖြင့် အန္တရာယ်များသော ပင်လယ်ခရီးကို သွားကြသည်။ ရိုဟင်ဂျာအများစုပါဝင်သည့် လူပေါင်း  ၂၅၀,၀၀၀ ကို အဓမ္မအိုးအိမ်စွန့်စေသော မကြာသေးမှီက ဖြစ်ပျက်ခဲ့သည့် ဘာသာရေးအကြမ်းဖက်မှုများကြောင့် ထိုသို့ပြုကြခြင်းဖြစ်သည်။  ဤလ မုတ်သုံရာသီအကုန် ပင်လယ်ပြင်ငြိမ်သက်ချိန်စတင်သည်နှင့် အကြီးမားဆုံးစွန့်စားခန်းတစ်ခု စတင်ကြလိမ့်မည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများက တွက်ဆထားကြောင်း သိရသည်။
    ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရာစုနှစ်များစွာ နေထိုင်လာခဲ့သူများဖြစ်သည်။ သို့သော် ယခုအခါ ယင်းနေရာတွင် နေထိုင်နေသူအချို့မှာကား အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်မှ လတ်တစ်လော ပြောင်းရွှေ့ဝင်ရောက်လာကြသူများဟု အချို့ သမိုင်းပညာရှင်များက ဆိုသည်။ သူတို့အားလုံးမှာ နိုင်ငံသားအဖြစ်မှ ငြင်းပယ်ခံရသဖြင့် နိုင်ငံမဲ့လူသားများဘ၀သို့ ရောက်နေရသည်။
    “ သူတို့ဟာ တရားမ၀င် ခိုးဝင်နေထိုင်သူများဖြစ်တယ် ” ဟု ပြည်နယ်အာဏာပိုင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ် လှသိန်းက တင်းမာစွာပြောကြားသည်။
    သူတို့ကို နိုင်ငံသားဖြစ်ဖို့ တားမြစ်ခံရသလို၊ နိုင်ငံ့ဝန်ထမ်းအဖြစ်လည်း တာဝန်ထမ်းဆောင်ခွင့် မပေးချေ။ မည်သည့် ရိုဟင်ဂျာကိုမှ မွေးစာရင်း မထုတ်ပေးခဲ့သည်မှာ ၁၉၉၀ နှစ်များအလယ်ပိုင်းကာလကတည်းကပင်ဖြစ်သည်။ မိဘ နှစ်ပါးသည် တရားဝင်လက်ထပ်ထားခြင်းမရှိပါက သို့တည်းမဟုတ် ၄င်းတို့လူမျိုးတစ်စုတည်းပေါ်တွင်သာ ပြဋ္ဌာန်းထားသော တစ်မိသားစုတွင် ကလေး ၂ ဦးသာယူရေးမူဝါဒထက် ပိုယူပါက ယင်းရိုဟင်ဂျာ ကလေးငယ်များသည် “ ပယ်ဖျက်စာရင်း (Blacklist) ” ၀င်အဖြစ် သတ်မှတ်ခံထားရသဖြင့် သူတို့အတွက် အခြေခံရပိုင်ခွင့်လေးများပင် မခံစားကြရပေ။
    အာဏာပိုင်များသည် လျစ်လျူရှုပစ်ပယ်မှုမှသည် အမှန်းတရားအဆင့်သို့ ပြောင်းလဲလာကြသည်။
    AP ၏ ခရီးစဉ်အား ကူညီပေးရန်အတွက် ဗဟိုအစိုးရမှ လုံခြုံရေးထည့်ပေးသူသည် ဘာလို့များ ဒီလို “ ခွေးတွေ ” နဲ့ တွေ့ဆုံမေးမြန်းဖို့ စိတ်အားထက်သန်နေကြရတာလဲ ဟူ၍ပင် မေးမြန်းခဲ့သည်။ ရိုဟင်ဂျာမိန်းကလေးငယ်များသည် အဖွဲ့သား၏ကားမှန်များအတွင်း စောင်းငဲ့ကြည့်ရှု့ကြသောအခါ ယင်းလုံခြုံရေးပေးရန်လိုက်ပါလာသူမှ နှမချင်းမစာနာ  ရုန့်ရင်းရိုင်းစိုင်းသောအသုံးအနှုန်းများဖြင့် ဆဲဆိုတုံပြန်ခဲ့သည်။
    အစိုးရမှ ရိုဟင်ဂျာကလေးငယ်များကို ပေးအပ်သည့်အရာမှာ အလုပ်ခိုင်းစေခြင်း တစ်ခုသာ ရှိနေ၏။ သူတို့သည် အသက် ၁၀ နှစ်မျှသာ ရှိနေသော်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တစ်နေ့တွင် ၁၀၀၀ ကျပ် (တစ်ဒေါ်လာ) ပေး၍
    ၈ နာရီကြာအထိ နေပူပြင်းပြင်းအောက်တွင် ကျောက်တုံးများကို ကောက်ယူသယ်ထမ်းခိုင်းနေကြပေသည်။
    နံနက်စောစော ရွာများသို့လာရောက်သောာထရပ်ကားကြီးများဖြင့်  အိပ်ချင်မပြေသေးသည့် ရိုဟင်ဂျာ ယောင်္ကျားကလေးများကို တင်ဆောင်သွားကာ မြစ်ကမ်းနံဘေးသို့ ဖြန့်ကျက်နေရာချပေးကြသည်။
    “ တွေ့လား၊ သူတို့က အလုပ်လုပ်လိုချင်ကြတာပါ ” ဟု လေးမိုင်၏ အုပ်ချုပ်ရေးမှူး ဦးလှမိုးက ဆိုသည်။
    ထိုနေ့ နေ့လည်ပိုင်းလောက်တွင် သူသည် တွေ့ဆုံမေးမြန်းခြင်းခံရသော ကလေးငယ်များအား သူ၏ရုံးသို့ခေါ်ယူခဲ့သည်။ AP ၏ လုံခြုံရေးအတွက်ဟု သူကဆိုခဲ့သည်။ သို့သော်လည်း မိမိတို့အား မေးမြန်းဖြေကြားသည်များကို ပြန်လည်ပြောပြရန် ၄င်းက ခြိမ်းခြောက်တောင်းဆိုခြင်း ဖြစ်သည်ဟု ကလေးငယ်များက ဆိုသည်။
    ထိုကလေးငယ်များထဲတွင် အဏ္ဏ၀ါ စာဒတ် ဆိုသော အသက် ၁၀ နှစ်အရွယ် ကျောက်သယ်သူလည်း ပါဝင်သည်။ နံနက် ၈ နာရီမှ ညနေ နေ၀င်ချိန်အထိ သူ၏ အမွှာအစ်ကို နှင့် အခြားသော ကောင်လေး ၅၊ ၆ ယောက် နှင့်အတူ မြစ်ထဲမှ ကျောက်တုံးများအား တောင်ကုန်းပေါ်သို့ သယ်ပို့ရသော အလုပ်ကြမ်းကို လုပ်ဆောင်ရသည်။ သူတို့မှာ ကလေးငယ်များ ဆိုသည်ထက် မြီးကောင်ပေါက်များကဲ့သို့ ထင်မြင်စရာဖြစ်နေကြသည်။ သူတို့ထံ ရယ်မောခြင်း မရှိ။ သူတို့၏ ခြေလှမ်းတိုင်းသည် ကြမ်းတမ်းမာကြောပြီး ဆုံးဖြတ်ချက်ပြည့်နှက်နေသည်။ သူတို့၏ခွန်အားကိုလည်း တစ်ရွေးသားမှ အထိခိုက်မခံကြပေ။
    အဏ္ဏ၀ါသည် ပင်ပန်းနေသည့်တိုင် အလုပ်ကို ခပ်သွက်သွက်လုပ်ကိုင်သည်။ သူ့သူငယ်ချင်းများကိုပင် ပုံးများ သယ်ကူလိုက်သေး၏။ ကလေးငယ်များအဖို့ ပင်ပန်းကြမ်းတမ်းသည့်အလုပ်ဖြစ်သော်လည်း ၄င်းတို့နှင့်၎င်းတို့မိသားစု၏ စားသောက်ရေးအတွက် အထောက်အကူရစေသည်။ ဥရောပ လူမှုကယ်ဆယ်ရေး နှင့် အရပ်ဖက်စောင့်ရှောက်ရေးဌာန (European Commission Humanitarian Aid and Civil Protection Department) မှထုတ်ပြန်ခဲ့သော ယမန်နှစ်စာရင်းအရ နိုင်ငံ၏အကြီးမားဆုံး အာဟာရချို့တဲ့မှုနှုန်းကို အများဆုံးတွေ့ရသည်မှာ ထိုဒေသပင်ဖြစ်သည်။ ထိုချို့တဲ့မှုသည် စိတ်ပိုင်းဆိုင်ရာကိုရော ရုပ်ပိုင်းဆိုင်ရာကိုပါ ပြင်းထန်သည့်ဆိုးကျိုး သက်ရောက်စေပါသည်။
    ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများ၏လုပ်ပိုင်ခွင့်မှာ အကြီးအကျယ်ကန့်သတ်ခံထားရသည်။ ပစ်ပယ်ခံနေရာများတွင် ကာကွယ်ဆေးထိုးမှု မရှိသောကြောင့် ကလေးငယ်များသည် မည်သသည့်ရောဂါမဆို အလွယ်တကူ ဖြစ်ပွားနိုင်ချေရှိနေသည် ဟု မြန်မာနိုင်ငံအတွင်း ယင်းဒေသ၌ ၁၅ နှစ်ကြာ တာဝန်ယူလာသူ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (Doctors Without Borders) ၏ ဒုဦးစီးမှူး ဗစ်ကီ ဟော့ကင်းစ် (Vickie Hawkins) က ဆိုသည်။
    အကယ်၍ ရိုဟင်ဂျာကလေးငယ်များသည် စိုးရိမ်ဖွယ်ကျန်းမာရေးအခြေအနေဖြင့် ကြုံတွေ့ရပါက သူတို့သည် ဆေးရုံသို့ တက်ရောက်နိုင်ခြင်း အလျဉ်းမရှိကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏မိသားစုသည် စစ်ဆေးရေးဂိတ်များမှတောင်းဆိုသော လာဘ်ငွေများအား မပေးနိုင်ကြသလို၊ စစ်တွေသို့ကူးသန်းသွားလာခွင့်ကိုလည်း ပိတ်ပင်ခံထားရ၍ဖြစ်သည်။
    အသက် ၁၀ နှစ်အရွယ်  ရိုဟင်ဂျာကလေးငယ် မုဟမ္မဒ် သွိုင်ယုဗ် (Mohamad Toyoob)သည် ဆေးဝါးကုသခွင့်ကို ရရှိခဲ့သော်လည်း ဆရာဝန်များညွှန်ကြားထားသော ခွဲစိပ်မှုကိုတော့ မပြုလုပ်နိုင်ခဲ့ပေ။ ကလေးငယ်သည် ရှပ်အင်္ကျီကို မ,တင်လိုက်ပြီး သူ့ဝမ်းဗိုက်ညာဘက်ခြမ်းကို ဖိနှိပ်ပြကာ၊ လွန်ခဲ့သော ၃ နှစ်ခန့်ကပင် ထိုနေရာ၌ စူးစူးရှရှ နာကျင်နေလေ့ရှိကြောင်းကို “ ဘာဖြစ်မှန်း ကျွန်တော် မသိဘူး။ အထဲမှာ တစ်ခုခုရှိနေသလို ခံစားနေရတာပဲ ” ဟု သူက ပြောပြသည်။ သူမှသိမ်းဆည်းထားသော ဆေးစစ်တမ်းတစ်ခုတွင် ၀မ်းဗိုက်တွင်းအစိုင်အခဲ ဟုသာရေးသားထားပြီး မေးခွန်းသင်္ကေတများစွာ ခြစ်ထားသည်ကို တွေ့ရ၏။ မုဟမ္မဒ်ပြသခဲ့သော ဆရာဝန်များသည် ဆေးကိရိယာမပြည့်စုံသည့် အစိုးရဆေးရုံမှဖြစ်ပြီး၊ အသက်ကယ် ခွဲစိတ်ကုသမှုကို လုပ်ဆောင်နိုင်စွမ်းမရှိကြပေ။ ထိုခွဲစိတ်မှုအား ပြုလုပ်နိုင်ရန် သူသည် သွားလာရေးကန့်သတ်ထားသည့် စစ်တွေမြို့ သို့မဟုတ် ဘင်္ဂလားဒေ့ရှ်သို့သွားရောက်ရမည်ဖြစ်သည်။ သူ့မိသားစုက လာဘ်ငွေ တနင့်တပိုးကို ပေးဆောင်နိုင်ပါက သူသည် ဘင်္ဂလားဒေ့ရှ်သို့ထွက်သွားနိုင်မည် ဖြစ်သော်လည်း ဌာနီပြန်လာရန်မူ လွယ်ကူမည် မဟုတ်တော့ပေ။
    အခြားအခက်အခဲတစ်ခုမှာ ငွေကြေးပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ့မိသားစုထံ၌ သူ၏ ကျန်းမာရေးစားရိတ်နေနေသာသာ ခွဲစိတ်ကုသရန်အတွက်ပင် ငွေကြေး မလုံလောက်။ သူသည် အိတ်အတွင်းသို့လက်နှိုက်ကာ အနီ၊ ပန်းရောင်၊ အ၀ါ နှင့် အပြာနုရောင် ဆေးလုံးလေးများပါရှိသော ပလစ်စတစ်အိတ်ငယ်လေး နှစ်ခုကို ထုတ်ယူလိုက်သည်။ ၄င်းသည် တစ်ရက်စာဖြစ်၍ ဆေးဖိုး ၂၀၀ ကျပ် (ဆင့် ၂၀) စာမျှသာ ရှိ၏။ ထိုပိုက်ဆံအားရရှိရန် မုဟမ္မဒ်သည် ရွာမှ အခြားကလေးငယ်များနှင့်အတူ မြစ်ကမ်းနံဘေးတွင် ကျောက်တုံးများကို ခက်ခဲပင်ပန်းစွာ ထမ်းနေရရှာသည်။ ရံဖန်ရံခါ ထိုပင်ပန်းမှုများကြောင့် နာကျင်မှုပိုမို ဆိုးရွားလာသည်ဟု သူက ဆိုသည်။
    “ ကျွန်တော့်အဖေဟာ အကြမ်းဖက်မှုများအပြီးမှာ အလုပ်ပြုတ်သွားတယ်။ သူ အလုပ်လုပ်နေတုန်းကတော့ ကျွန်တော်တို့ တတ်နိုင်ပါတယ်။ အခုတော့ ကျွန်တော်တို့မှာ ဘာမှ မရှိတော့ဘူး။ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို ကရုစိုက်ဖို့သာ ရှိပါတော့တယ်ခင်ဗျာ ” ။
    **  အယ်ဒီတာမှတ်ချက်  **
    ဤအကြောင်းသည် ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးလက်အောက်မှလွတ်မြောက်လာပြီးနောက် ကာလရှည်ထီးတည်းရှိနေခဲ့သည့် မြန်မာနိုင်ငံ၏ တံခါးဖွင့်မှု နှင့် ဖြစ်စဉ် အပြောင်းအလဲရှိမရှိကို AP သတင်းဌာနက တစ်နှစ်ပတ်လုံး သုံးသပ်ဖော်ပြချက်ဇာတ်လမ်းရှည် “ ပြောင်းလဲမှု၏ ပုံတူကားချပ် ” (Potraits of Change) မှ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါသည်။
    AP သတင်းဌာတွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် ROBIN McDOWELL၏ Rohingya kids in Myanmar: hard labor, bleak lives ဆောင်းပါးကို ‘မင်းသိုက်’ ဘာသာပြန်ဆိုပါသည်။
  • ယာယာ တိုယေး (မန်စီးတီး/အိုင်ဗရီကို့စ်)
    အောက်တိုဘာ-၁၉
    M-Media
    ရှာဖွေတင်ဆက်သူ- ကိုလေး
    Yaya Toure
    အမည်အပြည့်အစုံ    ဂျန်နီရီ ယာယာတိုးယေး(Gnégnéri Yaya Touré)
    မွေးသက္ကရာဇ်    ၁၃.၅.၁၉၈၃
    ကစားသည့်နေရာ    အလယ်တန်း
    လက်ရှိကလပ်    မန်ချက်စတာစီးတီး
    နိုင်ငံ        အိုင်ဗရီကို့စ်
    ကိုးကွယ်သူဘာသာ- အစ္စလာမ်
    ယာယာတိုးယေးကို ၁၉၈၃ ခုနှစ် မေလ ၁၃ ရက်နေ့တွင် အိုက်ဗရီကို့စ်နိုင်ငံ ဘောက်ကီမြို့၌ မွေးဖွားခဲ့သည်။ အိုက်ဗရီကို့စ် လက်ရွေးစင် ကစားသမားဖြစ်သည့် ယာယာတိုးယေးမှာ ယခုလက်ရှိတွင် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ စီးတီး အသင်းတွင် ကစားနေသူဖြစ်သည်။
    ကွင်းလယ်နှင့် နောက်တန်းနှစ်နေရာ စလုံးတွင် ကစားနိုင်သည့် တိုးယေးမှာ သူ၏ အကွက်မြင်မှု၊ ဖြတ်တင်ဘော စွမ်းရည်နှင့် နည်းစနစ်ကျလှသည့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတို့ကြောင့် ကျော်ကြားသည်။ နေရာမျိုးစုံကစားနိုင်သည့် ကစားသမားဖြစ်ပြီး ငယ်စဉ်ဘ၀က တိုက်စစ်ကစားသမား အဖြစ်ကစားခဲ့သည်။ နောက်ခံ အတွင်းလူအဖြစ် ပွဲ အနည်းငယ်ကစားခဲ့ပြီး ၂၀၀၉ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်တွင်လည်း ဘာစီလိုနာအသင်း၏ နောက်ခံအတွင်းလူနေရာ၌ ကစားပေးခဲ့ရသည်။  တိုးယေးသည် နိုင်ငံအသင်းနှင့် ကလပ်အသင်းများတွင် မကြာခဏ ကွင်းလယ် ဖန်တီးရှင်အဖြစ်ကစားခဲ့ပြီး ပွဲတစ်ပွဲလုံးတွင် ခံစစ်၊ တိုက်စစ်အားလုံးတွင် လိုက်ပါကစား နိုင်သူဖြစ်သည်။
    တိုးယေးမှာ သူ၏ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ကို အိုက်ဗရီကို့စ်ကလပ် ASEC Mimosas တွင် စတင်ခဲ့သည်။ အသက် ၁၈နှစ်အရွယ်တွင် ASEC Mimosas, အသင်းကြီးအတွက် ပထမဆုံးပွဲထွက်ခွင့်ရခဲ့သည်။ ထိုက်နောက် ဘယ်လ်ဂျီယံကလပ် ဘီဗီရန်အသင်းသို့ရောက်ရှိလာခဲ့သည်။ ထို့နောက်အာဆင်နယ်အသင်း၏ စိတ်ဝင်စားခြင်းကိုခံခဲ့ရပြီး အာဆင်နယ်အသင်းမှ စမ်းသပ်မှုများရှိခဲ့သော်လည်း ၎င်း၏ အလုပ်လုပ်ခွင့်ပါမစ်အခက်ခဲကြောင့် အာဆင်နယ် အသင်းမှ ခေါ်ယူနိုင်ခြင်းမရှိခဲ့ပေ။ ထို့နောက် ယူကရိန်းကလပ် မီတာလာ ဒိုးနက်အသင်း၊ ဂရီကလပ် အိုလံပီယာကော့စ် အသင်းနှင့် ပြင်သစ်ကလပ် အေအက်စ်မိုနာကို အသင်းများသို့ အဆင့်ဆင့်ပြောင်းရွှေ့ခဲ့သည်။
    ဥရောပပြိုင်ပွဲငယ်များတွင် ပြသသည့် သူ၏ စွမ်းရည်များကြောင့် ဥရောပ ကလပ်အသင်းကြီးများက တိုးယေးအား စိတ်ဝင်စားခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် စပိန်ထိပ်သီး ဘာစီလိုနာအသင်းက ခေါ်ယူခဲ့သည်။ ဘာစီလိုနာအသင်းတွင် ပွဲပေါင်း ၁၀၀ ကျော်ကစားခဲ့ပြီး ၂၀၀၉ ခုနှစ် ဖလားခြောက်လုံးရရှိခဲ့သည့် ဘာစီလိုနာအသင်း၏ သမိုင်းဝင်အောင်ပွဲတွင် တိုးယေးမှာ အသင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သည်။
    ထို့နောက် ၂၀၁၀ ခုနှစ်တွင် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီးအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး အသင်း၏ အလယ်တန်းတွင် အရေးပါသည့် ကစားသမားတစ်ဦးဖြစ်လာခဲ့ကာ အသင်း၏ ပဲ့ကိုင်ရှင်လည်းဖြစ်လာသည်။ မန်စီတီးအသင်းတွင် တိုးယေးမှာ အရေးပါသောဂိုးများစွာကို သွင်းယူပေးခဲ့ပြီး သူ၏အကျော်ကြားဆုံးဂိုးမှာ ၂၀၁၀ ခုနှစ် FA ဖလားပြိုင်ပွဲ ဆီးမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲစဉ်တို့တွင် သွင်းယူခဲ့သောဂိုးများဖြစ်သည်။
    တိုးယေးမှာ ၂၀၀၄ ခုနှစ်တွင် အိုက်ဗရီကို့စ်လက်ရွေးစင်အသင်း၏ ရွေးချယ်မှုကိုခံခဲ့ရပြီး ၂၀၀၆ နှင့် ၂၀၁၀ ကမ္ဘာ့ဖလားတို့တွင် လက်ရွေးစင်အသင်း၏ အဓိကပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့သည်။ ၂၀၁၁၊ ၂၀၁၂ ခုနှစ်တွင် အာဖရိက အကောင်းဆုံးဘောလုံးသမားဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည့် တိုးယေးမှာ နိုင်ငံအသင်းအတွက် စုစုပေါင်း ပွဲ ၈၀ ကစားပေးထားပြီး ၁၆ ဂိုးသွင်းယူပေးထားသည်။
    အောင်မြင်မှုများ
    ASEC Mimosas
    —————–
    အိုင်ဗရီကို့စ် ပရီးမီယားလိဂ်ဖလား(၂၀၀၁)
    အိုလံပီယာကော့စ်
    ——————-
    ဂရိစူပါလိဂ် (၂၀၀၅-၀၆)
    ဂရိဖလား (၂၀၀၅-၀၆)
    ဘာစီလိုနာ
    ————
    လာလီဂါ -၂ ကြိမ် (၂၀၀၈-၀၉၊ ၂၀၀၉-၁၀)
    ကိုပါဒီရေးဖလား (၂၀၀၈-၀၉)
    စပိန်စူပါဖလား (၂၀၀၉)
    ချန်ပီယံလိဂ်ဖလား (၂၀၀၈-၀၉)
    ဥရောပစူပါဖလား (၂၀၀၉)
    ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံ (၂၀၀၉)
    မန်ချက်စတာစီးတီး
    ——————-
    ပရီးမီယားလိဂ်ဖလား (၂၀၁၁-၁၂)
    FA ဖလား (၂၀၁၀-၁၁)
    ကွန်မြူနတီဒိုင်း (၂၀၁၂)
    တစ်ဦးချင်းဆုတံဆိပ်များ
    ————————-
    အာဖရိကအကောင်းဆုံးဘောလုံးသမား – ၂ ကြိမ် (၂၀၁၁၊ ၂၀၁၂)
    ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးအသင်း (၂၀၁၁-၁၂)
    ကွန်မြူနတီဒိုင်း အကောင်းဆုံးဘောလုံးသမားဆု (၂၀၁၂)