News @ M-Media
Blog
  • အောက်တိုဘာ ၂၄ အားကစားသတင်းများ
    အောက်တိုဘာ-၂၄
    M-Media
    ရီးယဲလ်ဆိုစီဒက်နှင့်ပွဲတွင် ပြသခဲ့သည့် ကာဂါဝါ၏ ခြေစွမ်းအား ဒေးဗစ်မိုယက်စ် ချီးကျူး
    Kagawa
    မန်ချက်စတာယူနိုက်တက်အသင်းတွင် ကစားခွင့်နည်းပါးလှပြီး ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေသည်မှာကြာပြီဖြစ်သည့် ဂျပန် အလယ်တန်းကစားသမား ရှင်ဂျီကာဂါဝါ၏ ရီးယဲလ်ဆိုစီဒက်နှင့်ပွဲတွင် ပြသခဲ့သည့် ခြေစွမ်းအား မန်ယူ နည်းပြ ဒေးဗစ်မိုယက်စ်က ချီးကျူးပြောဆိုလိုက်သည်။
    မန်ယူအသင်းမှာ ယနေ့နံနက်က ကစားခဲ့သည့် ရီးယဲလ်ဆိုစီဒက်နှင့်ပွဲတွင် ၁ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပြီး၊ ထိုပွဲတွင် ဒေးဗစ်မိုယက်စ်လက်ထက် ပွဲထွက်ခွင့် နည်းပါးသည့် ကာဂါဝါမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ကာ ချီးကျူးဖွယ်ကောင်းသည့် ခြေစွမ်းအား ပြသခဲ့သည်။
    “ကျွန်တော်အသင်းကို ကိုင်တွယ်တဲ့အချိန်ကတည်းက ရှင်ဂျီရဲ့ အကောင်းဆုံးခြေစွမ်းလို့ ကျွန်တော်ထင်ပါတယ်။ သူခြေပြန်မတွေ့သေးပါဘူး။ ဒါပေမယ့် အခြားပွဲတွေမှာထက်စာရင် ဒီပွဲမှာ သူ့ဆီက ပိုကောင်းတဲ့ခြေစွမ်းကို ကျွန်တော် တွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တကယ့်ကို ကျေနပ်ပါတယ်” ဟု ကာဂါဝါနှင့် ပက်သက်သည့် မိုယက်စ်၏ ပြောကြားမှုအား မန်ယူအသင်း၏ ၀ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
    မန်ယူအသင်းမှာ ချန်ပီယံလိဂ် အုပ်စု A တွင် ရီးယဲလ်ဆိုစီဒက်၊ ရှက်တာဒိုးနက်၊ လေဗာကူဆင်အသင်းတို့နှင့်အတူ ကျရောက်နေပြီး ၃ ပွဲကစားထားကာ ၇ မှတ်ဖြင့် အုပ်စုအား ဦးဆောင်နေသည်။
    ………………………………………….
    ချီလီနီ၏ အနီကဒ်က ပွဲကိုပြောင်းလဲစေခဲ့သည်ဟု အန်ဆယ်လော့တီဆို
    ဘာနေဗျူးတွင်ကစားခဲ့သည့် ဂျူဗင်တပ်စ်အသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဂျူဗီကစားသမား ချီလီနီအား ထုတ်ပယ်ရန် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်မှာ ပွဲကို အလှည့်အပြောင်းဖြစ်စေခဲ့သည်ဟု ရီးယဲလ်အသင်း၏နည်းပြဖြစ်သူ ကားလို့စ် အန်ဆယ်လော့တီက ပြောကြားခဲ့သည်။
    ထိုပွဲတွင် ပွဲကစားချိန် ၄၈ မိနစ်၌ ချီလီနီက ဘောလုံးဖျက်ထုတ်ရာတွင် ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုအားထိခိုက်ခဲ့ပြီး ထိုဖျက်ထုတ်မှုမှာ သဘောရိုးဖြင့်ဖျက်ထုတ်ခဲ့သည်ဟု မြင်ရသော်လည်း ဒိုင်လူကြီး မန်နျူယဲလ် ဂရာဖီက ချီလီနီအား တိုက်ရိုက်အနီကဒ်ဖြင့် ထုတ်ပယ်လိုက်သည်။ ထိုအချိန်တွင် ရီးယဲလ်အသင်းက ၂ ဂိုး ၁ ဂိုးဖြင့်ဦးဆောင်ထားပြီး တစ်ယောက်မလျော့ခဲ့ပါက ဂျူဗီမှ ချေပဂိုးသွင်းယူနိုင်မည့် အခြေအနေကောင်းတစ်ခု ရှိနေသည်။
    “(ချီလီနီထွက်ပြီးတဲ့နောက်) ပွဲက ပြောင်းလဲသွားခဲ့ပါတယ်။ ဒိုင်လူကြီး ငါးဦးရှိကြပြီး သူတို့ဟာ ဂျူဗင်တပ်စ်အသင်း ကစားသမားကို အရေးယူဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ဒါကို လက်ခံရပါမယ်” ဟု အန်ဆယ်လော့တီက သတင်းထောက်များအား ပြောကြားခဲ့သည်။
    ဂျူဗင်တပ်စ်အသင်းမှာ အုပ်စု B တွင် သုံးပွဲကစားကာ နှစ်မှတ်သာ ရရှိထားသောကြောင့် နောက်တစ်ဆင့်တက်ရန် အခွင့်အလမ်းနည်းနေသည်။
    ………………………………..
    လူမျိုးရေးခွဲခြားမှုနှင့် ပက်သက်ပြီး ပိုမိုတင်းကျပ်စွာကိုင်တွယ်ရန် ယူအီးအက်ဖ်အေအား ယာယာတိုးယေး တိုက်တွန်း
    ၎င်းအား လူမျိုးရေးခွဲခြားမှုများနှင့်ပက်သက်ပြီး အရေးယူရန် ယူအီးအက်ဖ်အေ အား မန်ချက်စတာစီးတီးအသင်း၏ ကွင်းလယ်လူ ယာယာတိုးယေးက တိုက်တွန်းပြောကြားလိုက်သည်။
    ယနေ့နံနက်က ရုရှားမြေတွင်ကစားခဲ့သည့် မန်စီးတီးနှင့် စီအက်စ်ကေအေမော်စကိုတို့၏ ချန်ပီယံလိဂ်ပွဲစဉ်တွင် စီအက်စ်ကေအေ ပရိတ်သတ်အချို့က ယာယာတိုးယေးအား လူမျိုးရေးခွဲခြားသည့် စကားများဖြင့် ဟစ်အော်ခဲ့ကြသည်။
    “မယုံနိုင်စရာပါပဲ။ ယူအီးအက်ဖ်အေအနေနဲ့ ပြင်းထန်တဲ့ အရေးယူမှု တစ်ခုပြုလုပ်ဖို့ လိုအပ်ပါတယ်။ (လူမျိုးရေးခွဲခြားမှုနဲ့ပက်သက်ပြီး) ကျွန်တော် ဒိုင်လူကြီးကို ပြောခဲ့ပါတယ်။ ကျွန်တော်တို့ ဒါ(လူမျိုးရေးခွဲခြားမှု)ကို ရပ်တန့်ချင်ပါတယ်။ ပြီးတော့ ယူအီးအက်ဖ်အေက တစ်ခုခုလုပ်ဖို့ လိုအပ်ပါတယ်” ဟု Sky Sports သို့ ယာယာတိုးယေးက ပြောကြားခဲ့သည်။
    ထို့ပြင် မန်စီးတီးနည်းပြ ပယ်လီဂရီနီကလည်း ယာယာတိုးရေးအား လူမျိုးရေးခွဲခြားမှု များပြုလုပ်ခဲ့သောအပြုအမူအတွက် အရေးယူရန် ယူအီးအက်ဖ်အေအား တိုက်တွန်းခဲ့သည်။
    …………………………………………..
    ပရိတ်သတ် အပြုမူများနှင့်ပက်သက်ပြီး အေဂျက်အသင်းအား ယူအီးအက်ဖ်အေ တရားစွဲ
    ဆဲလ်တစ်အသင်း၏ ကွင်းတွင် ပြုလုပ်ခဲ့သော ပရိတ်သတ်များ၏ စည်ကမ်းချိုးဖောက်မှုများအတွက် အေဂျက်အသင်းအား ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်ကေက တရားစွဲဆိုလိုက်သည်ဟု သိရသည်။
    အေဂျက်အသင်းက အဝေးကွင်းတွင် စကော့တလန်ကလပ် ဆဲလ်တစ်အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်တွင် အေဂျက်ပရိတ်သတ်များမှာ ကွင်းလုံခြုံရေးများအား ထိုင်ခုံများချိုးကာ ပစ်ပေါက်ခဲ့သည့် ဓာတ်ပုံများ ပေါ်ထွက်လာပြီးနောက် ယူအီးအက်ဖ်အေက ထိုကဲ့သို့ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
    ထို့ပြင် ထိုကဲ့သို့ပစ်ပေါက်မှုများကြောင့် လုံခြုံရေးဝန်ထမ်းများ ဒဏ်ရာရခဲ့သည်ဟူသည့် သတင်းများလည်းထွက်ပေါ်လာခဲ့ပြီး၊ စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီဟု ယူအီးအက်ဖ်အေ ပြောရေးဆိုခွင့်ရှိသူက ယမန်နေ့တွင်ပြောကြားခဲ့သည်။
    စကော့တလန်ရဲတပ်ဖွဲ့ကလည်း ထိုသတင်းအား အတည်ပြုခဲ့ပြီး ၎င်းတို့အနေနှင့်လည်း ထိုအဖြစ်အပျက်များအတွက် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေပြီဟု သတင်းထုတ်ပြန်ခဲ့သည်။
    …………………………………………
  • နိုင်ဂျီးရီးယားနွယ်ဖွား မွတ်စ်လင်မ် မိန်းကလေးတစ်ဦး ကမ္ဘာ့အထူးချွန်ဆုံး ဆယ်ကျော်သက်စာရင်းမှာ မှတ်တမ်းဝင်
    အောက်တိုဘာ-၂၄
    M-Media
    Muslim-In-World’s-Smartest-Teenagers-List1
    နယူးဂျာစီ။        ။ နိုင်ဂျီးရီးယား မွတ်စ်လင်မ်မိန်းကလေး တစ်ဦးသည် “ကမ္ဘာ့အထူးချွန်ဆုံးဆယ်ကျော်သက် ၅၀” စာရင်း၌ သတ်မှတ်ခံရသည်။
    ယင်းမိန်းကလေးမှာ နယူးဂျာစီပြည်နယ်၊ အက်ဒီဆင်မြို့နေ အသက် ၁၆ နှစ်အရွယ် စဟီးလား အီဗ်ရာဟီမ် (Saheela Ibraheem) ဖြစ်ပြီး၊ ယခုနှစ်အစောပိုင်းတွင် အသက်အငယ်ဆုံး ဟားဗတ်တက္ကသိုလ်ရောက်လာသူကျောင်းသား အဖြစ် စာရင်းဝင်ခဲ့သည်။ သူမသည် သင်္ချာနှင့်သိပ္ပံဘာသာရပ်ကို အထူးစိတ်ပါဝင်စားသည်ဟု သူမ၏အမည်စာရင်းကြေငြာသည့် The Best Schools ၀က်ဘ်ဆိုက်မှ ဖော်ပြသည်။
    ဂုဏ်ထူးဆောင်တက္ကသိုလ်ဖြစ်သော MIT အပါအ၀င် ပဲန်စီလ်ဗေးနီးယား၊ ကော်နဲလ်၊ ဘရောင်း၊ ပရင့်စ်တန်၊ ကိုလံဘီယာ၊ ရှီကာဂို စသည့် တက္ကသိုလ်ကောလိပ် ၁၂ ခုမှ သူမအား လက်ခံခဲ့သော မှတ်တမ်းဝင်ခဲ့သည်။
    နောက်ဆုံးတွင် ဟားဗတ်တက္ကသိုလ်တက်လိုသော သူမ၏ ၇ နှစ်အရွယ်မောင်ငယ်၏အကြံပြုချက်အရ သူမက ဟားဗတ်တက္ကသိုလ်ကိုသာ ရွေးချယ်ခဲ့သည်ဟုဆိုသည်။
    စဟီးလားသည် အောင်မြင်ခြင်း၏သော့ချက်မှာ အသိပညာဖြစ်ပြီး မိမိနှစ်သက်သည်ကို တတ်နိုင်သမျှ စောစီးစွာ သင်ယူလေ့လာရမည်ဟု မိမိအသက်ငါးနှစ်အရွယ်ကပင် သိရှိယုံကြည်ခဲ့သည်ဟု ပြောပြသည်။
    ယဉ်ကျေးသိမ်မွေ့သည်ဟုလူသိများသော ပါရမီရှင်မိန်းကလေးအား ပညာရေးအားပေးသည့် သူမ၏မိဘများက ကျောင်းစာသင်ခန်းမှမသင်ကြားသော ဘာသာရပ်များကို ရံဖန်ရံခါသင်ကြားပေးလေ့ရှိခဲ့သည်။ သူမသည် အရဗီ၊ စပိန်၊ လက်တင်၊ အင်္ဂလိပ် စသည့် ဘာသာစကားများကိုလည်း စိတ်ဝင်စား၏။ အစ္စလာမ့်ဦးခေါင်းခြုံလွှာ(ဟိဂျာ့ဗ်)ကို ၀တ်ဆင်ထားလေ့ရှိပြီး ကျောင်းတွင်းလှုပ်ရှားမှုများ၊ အားကစားများ၌လည်း ဦးဆောင်ပါဝင်သော စံပြကျောင်းသူတစ်ဦးဖြစ်သည်။
    သူမသည် အဏုဇီဝသိပ္ပံဘာသာရပ်ကို အထူးပြုယူရန် ရည်ရွယ်ထားကာ ဦးနှောက်ယန္တရားဖြစ်စဉ်ကိုလေ့လာသည့် သိပ္ပံပညာရှင်တစ်ဦးဖြစ်လာဖို့ ရည်ရွယ်ထားသည်။ ထိုအချက်များမှအပ သူမအတွက် ပထမဦးစားပေးမှာ သူမ၏ မိသားစု ဖြစ်သည်ဟုလည်း ဆို၏။
    သူမ၏ဦးနှောက်မှတ်ဥာဏ်မှာ ထူးထူးခြားမဟုတ်လေသည့်အကြောင်း စဟီးလားက ဤသို့ပြောပြသည်။
    “ ကျွန်မလုပ်သမျှအရာတိုင်းကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပါတယ်။ စိတ်ဆန္ဒကြီးမားပြင်းထန်သူ ဘယ်သူမဆို ထူးထူးခြားခြား လုပ်ဆောင်နိုင်တာချည်းပါပဲရှင် ”။
    Ref: OnIslam
  • လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် လယ်မြေသိမ်းဆည်းမှု တိုင်ချက်များက မြန်မာ-တရုတ် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းအား မတားမြစ်နိုင်
    အောက်တိုဘာ-၂၄
    M-Media
    421861
    မြန်မာ-တရုတ် နှစ်နိုင်ငံကြား ဓာတ်ငွေ့ပိုက်လိုင်း ဖွင့်လှစ်ပို့လွှတ်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လယ်မြေသိမ်းဆည်းမှုများ နှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ဖြစ်ပေါ်စေသည့် အဓိကအကြာင်းအရာပင်ဖြစ်သည်ဟု လူအခွင့်အရေးလှုပ်ရှားသူများက ဆိုသည်။
    လူအခွင့်အရေး အဖွဲ့အစည်းများ နှင့် ပြည်တွင်းအသိုင်းအ၀ိုင်းတို့က ၄င်း ၂,၅၀၀ ကီလိုမီတာရှိ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုနောက်ကွယ်မှတာဝန်ရှိသူများအား မတရားမှုအမြောက်အများ ကျူးလွန်ထားသူများအဖြစ် စွပ်စွဲခဲ့ပြီး၊ လူမျိုးရေး ပဋိပက္ခများကို ပိုမိုဆိုးရွားသွားစေခဲ့ကြောင်း ပြောကြားလိုက်သည်။
    ရွှေသဘာဝဓာတ်ငွေ့တူးဖော်မှုအဖွဲ့(SGM) က အသက် ၁၄ နှစ်ဝန်းကျင်သာရှိသော ယောက်ျားလေးများအား နိုင်ငံခြားဖက်စပ်ကန်ထရိုက်တာတို့က လုပ်သားများအဖြစ် ခေါ်ယူခိုင်းစေခဲ့သလို တံငါသည် နှင့် လယ်သမားများသည်လည်း သဘာ၀၀န်းကျင်ပျက်စီးခြင်း သို့မဟုတ် မြေသိမ်းယူခြင်းကြောင့် သူတို့၏မြေယာများအား ဆုံးရှုံးနစ်နာခဲ့ကြရသည်ဟု ဖော်ပြခဲ့၏။
    ရခိုင်ပြည်နယ်မှ လူတစ်ဦးက The Democratic Voice of Burma ပြည်တွင်းသတင်းစာတိုက်သို့ “ သူတို့ဟာ မြေတွေကိုမြေထိုးစက်တွေနဲ့ထိုးပြီးနောက် လယ်ကွင်းတွေထဲမှာ စွန့်ပစ်နေကြတယ်။ အခုဆိုရယ် လယ်တွေထဲမှာ အလုပ်တောင်လုပ်လို့ကို မရနိုင်တော့ဘူး ” ဟူ၍ ပြောကြားခဲ့သည်။
    အဆိုပါ စီမံကိန်းသည် မြန်မာနိုင်ငံအတွက် အကြီးမားဆုံး စီမံကိန်းတစ်ခုဖြစ်ပြီး၊ ပီကင်းအစိုးရပိုင် တရုတ်နိုင်ငံ သဘာဝလောင်စာကော်ပိုရေးရှင်း (China Natural Petroleum Corporation) နှင့် မြန်မာနိုင်ငံ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (Myanmar’s national Myanmar Oil and Gas Enterprise) တို့၏ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်။ ထို့အတူ တောင်ကိုးရီးယား နှင့် အိန္ဒိယနိုင်ငံတို့မှလည်း စီမံကိန်းအတွင်း အချိုးကျ ပါဝင်ထားကြောင်း သိရသည်။
    တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ၁၂ ဘီလီယံ ကုဗမီတာကို ပိုက်လိုင်းဖြင့် ပို့ဆောင်ပေးရန်ခန့်မှန်းထားသည် ဟု တရုတ်နိုင်ငံသဘာဝလောင်စာကော်ပိုရေးရှင်း က Global Times သို့ ပြောကြားသည်။ သုံးနှစ်တာ တည်ဆောက်မှုအပြီးတွင် ယခုအခါ ပိုက်လိုင်းဖြင့် စတင်ဖွင့်လှစ်ပို့ဆောင်လျက်ရှိသည်။ အဆိုပါ ပိုက်လိုင်းကို ပဋိပက္ခဇုံနှစ်ရပ်ဖြစ်သည့် ယမန်နှစ် လူရာဂဏန်းသေဆုံးပြီး ၁၄၀,၀၀၀ ဦး အိုးအိမ်မဲ့ခဲ့ရသော ဘာသာရေး အကြမ်းဖက်မှုဖြစ်ပွားရာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အနောက်ပိုင်း (နှင့်) ယခုနှစ် အစောပိုင်း မြန်မာနိုင်ငံ စစ်တပ် နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (Kachin Independence Army – KIA ) တို့ စစ်ဖြစ်ပွားရာ တရုတ်နယ်စပ် ရွိုင်းလီ (Ruili) တို့ကို ဖြတ်သန်းတည်ဆောက်ထားသည်။
    “ စစ်အင်အားတိုးချဲ့မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ထို့အတူ တစ်ဖက်စောင်းနင်းပြုမူချက်များ နဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို အဆိုပါပိုက်လိုင်းဖြတ်သန်းတဲ့ ဒေသတစ်လျှောက်လုံးလိုလို တွေ့နေရပါတယ်။ ဒါဟာ မြန်မာနိုင်ငံက ပြည်သူတွေကို ကူညီရာ မရောက်ပါဘူး ”။
    တရုတ်နိုင်ငံအတွင်း ဂက်စ်ဈေးနှုန်းအားလျှော့ချရန် နှင့် ပြည်တွင်းဒေသအသီးသီးသို့ လျှပ်စစ်စွမ်းအင်ဖြည့်တင်းရန် ယင်းသို့ ပိုက်လိုင်းသွယ်တန်းခြင်းဟု ဆိုသည်။ တရုတ်နိုင်ငံ စွမ်းအင်ဓနဆိုင်ရာ သုတေသနဌာန(China Centre for Engergy Economics Research) မှ ပါမောက္ခ လင်ပေါ့ကျင်း (Lin Boqiang) က “ တရုတ်နိုင်ငံအတွက် ဂက်စ်ကို မလက္ကာ ရေလက်ကြား (Malacca Strait) ဒေသတစ်ခွင်ကနေ အဓိကတင်သွင်းသွယ်တန်းပါတယ်။ အခုဆိုရင် ရေအောက်ပိုက်လိုင်းမဟုတ်ပဲ ဂက်စ်ပိုက်လိုင်းတစ်ခုကို ထပ်မံတိုးမြင့်ရရှိနိုင်ခဲ့ပြီဖြစ်လို့ ဘေးအန္တရာယ်ဖြစ်နှုန်း လျော့ကျသွားစေမှာဖြစ်ပါတယ် ” ဟု ပြောသည်။
    Ref: International Business Times
  • ဗုဒ္ဓဘာသာအခြေခံ အမျိုးသားရေးဝါဒကြောင့် မြန်မာပြည်မှာ မွတ်စလင်မ်တို့အတွက် နေရာမရှိတော့ပြီလား? (ဘာသာပြန်)
    အောက်တိုဘာ-၂၄
    M-Media
    မြင့်မိုရ်မောင်မောင် ဘာသာပြန်ဆိုသည်။
    myanmar-riot-21-e13642619127821
    ယခုလအစောပိုင်း မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ်သို့ သမ္မတဦးသိန်းစိန် ရောက်ရှိနေခိုက် ရာဂဏန်းရှိ ဗုဒ္ဓဘာသာဝင်တို့သည် မွတ်စ်လင်မ်ရွာတစ်ခုကို ၀င်ရောက်စီးနင်းရာ နေအိမ် ၇၀ ကျော် ပြာကျမြေခခဲ့ပြီး အသက် ၉၄ နှစ်အရွယ် မွတ်စ်လင်မ်အမယ်အိုကြီးတစ်ဦး ဓားဒဏ်ရာများဖြင့် သေပွဲဝင်ခဲ့ရသည်။ နိုင်ငံအ၀ှန်း ဗုဒ္ဓဘာသာဝင်များ နှင့် မွတ်စ်လင်မ်လူ့အဖွဲ့အစည်းတို့အကြား တောက်လျှောက်ဖြစ်ပွားလာသည့်ပြဿနာများအနက် ဤဖြစ်ရပ်သည် နောက်ဆုံးတိုက်ခိုက်မှုဖြစ်နေသည်။
    လွန်ခဲ့သည့်နှစ်များအထိ အပယ်ခံအာဏာရှင်တိုင်းပြည်ဖြစ်သော မြန်မာနိုင်ငံသည် အနောက်တိုင်းနှင့် နွေးထွေးသည့် ဆက်ဆံရေးကိုထူထောင်ကာ ဒီမိုကရေစီနှင့်စီးပွားရေးပြုပြင်တည်ဆောက်မှုလမ်းကြောင်းသို့ တက်လှမ်းလာလင့်ကစား မွတ်စ်လင်မ်လူထုအပေါ် အကြမ်းဖက်မှုကြီးထွားလာခြင်းက –  မြန်မာပြည်အနေနှင့် ဆယ်စုနှစ်များစွာစစ်အုပ်ချုပ်ရေးထံမှ ထိုးထွက်ခဲ့သည့်ပြဿနာတို့အား အပြည့်အ၀မကိုင်တွယ်မဖြေရှင်းနိုင်သေးကြောင်း လှစ်ဟပြဆိုလျက်ရှိပေသည်။ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများအတိုင်း မွတ်စ်လင်မ်များစွာတို့မှာ စစ်အုပ်ချုပ်ရေး၏လောင်းရိပ်ကြောင့် ဒီမိုကရေစီ နှင့် လွတ်လပ်မျှတမှုအကြောင်း ပြောဆိုရန် လက်မဲ့ဖြစ်နေရသည်။ ၄င်းအစား ဗုဒ္ဓဘာသာဝင်လူများစု နှင့် ဗုဒ္ဓဘာသာဝင်များသာ ကြီးစိုးနေသည့် စစ်အစိုးရလက်အောက်ရှိ အစွဲနှင့်ဖိနှိပ်ခြင်းများက အမုန်း သွတ်သွင်းမှု အသွင်ဖြင့် ရှေ့ဆက်စီးဆင်းနေသည်။
    ဖိနှိပ်ခြင်းရာဇ၀င်
    —————–
    ၁၉၈၉ ခုနှစ်၌ Burma မှ Myanmar သို့ နိုင်ငံအမည်ပြောင်းလိုက်သလို Arakan မှ Rakhine အဖြစ် အမည်ပြောင်းခဲ့သော ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာတို့သည် သမိုင်းနှင့်ချီ၍နေထိုင်လာသူများဖြစ်သည်။ ယင်းပြည်နယ်ကို အရှေ့ပါကစ္စတန်နယ်စပ်နှင့်ပေါင်းစည်းရန် ကနဦးပိုင်းက ဆွေးနွေးမှုရှိခဲ့သော်လည်း ၁၉၄၈ ခုနှစ် ဗြီတိသျှအုပ်ချုပ်မှုမှ လွတ်လပ်ရေးရပြီးနောက်တွင်လည်း မြန်မာနိုင်ငံ၏အစိတ်အပိုင်းအဖြစ် ဆက်လက်တည်ရှိလာခဲ့သည်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်းမှ စစ်အာဏာသိမ်းလိုက်ပြီးနောက် လူများစု၏လူမျိုးနှင့်ဘာသာ(ဗမာလူမျိုးနှင့်ဗုဒ္ဓဘာသာ)အပေါ်မူတည်၍ နိုင်ငံသားသတ်မှတ်ခြင်း လုပ်ငန်းစဉ်ကို အစိုးရမှ စတင်ဖော်ဆောင်သည်။ ယင်းလုပ်ရပ်သည် မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ ပေါင်းစည်းရေးအမြင်မှာ ဖယ်ခွာသွားခြင်းဖြစ်၏။ ဗိုလ်ချုပ်သည် ၁၉၄၇ ခုနှစ် လုပ်ကြံခြင်းမခံရမီက လူနည်းစုဝင်များ၊ ဘာသာရေးအသိုင်းအ၀ိုင်းများကို မိမိ၏ယာယီအစိုးရအဖွဲ့၌ ကိုယ်စားလှယ်များပါဝင်ထည့်သွင်းစေခဲ့သည်။
    ဗမာလူမျိုး မဟုတ်သော၊ ဗုဒ္ဓဘာသာဝင်မဟုတ်သောပြည်သူတို့မှာ နိုင်ငံခြားသားများအဖြစ် တံဆိပ်တပ်ခံလိုက်ရပြီး၊ ရိုဟင်ဂျာမွတ်စ်လင်မ်တို့မှာလည်း ဗြိတိသျှအုပ်စိုးစဉ် မြန်မာပြည်သို့ တရားမ၀င်ရောက်လာသည့် ခိုးဝင်ဘင်္ဂါလီများအဖြစ် စွပ်စွဲခံရသည်။ ၁၉၇၀ နှစ်များစဦးပိုင်းတွင် ဗမာစစ်တပ်မှ ရိုဟင်ဂျာလူမျိုးစုဖယ်ရှားရှင်းလင်းရေးကို စတင်ပြုလုပ်ခဲ့၏။
    ပထမဆုံးလုပ်ရပ်မှာ နဂါးမင်းစစ်ဆင်ရေးဟု ခေါ်ဆိုပြီး ၁၉၇၈ ခုနှစ်တွင် စတင်သည်။ ၄င်းတို့အား တရားမ၀င်ပြောင်းရွှေ့ဝင်ရောက်လာသူများဟု သတ်မှတ်၍ မောင်းထုတ်လိုက်ရန် ရည်ရွယ်ကြသည်။ နဂါးမင်း ဟူသည် ဗုဒ္ဒဘာသာ၏အရေးပါသော သင်္ကေတတစ်ရပ်ဖြစ်သည်။ ၄င်းမှာ မူလက ဗုဒ္ဓရာဇ၀င်ရှိ အိန္ဒိယရိုးရာ ရုပ်လုံးဖော်ချက် တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် နဂါးရုံကျောင်းတိုက်ဟူသည် နဂါးကို အကာအကွယ်အစောင့်အရှောက်ထားရှိခြင်း အတွေးအမြင်ဖြင့် အနီးစပ်ဆုံးခေါ်တွင်ထားသည်။ ယင်းကျောင်းတိုက်တို့တွင် ပါးပျဉ်းထောင်နေသော မြွေဟောက်ကြီး ဖြင့် ဗုဒ္ဓရုပ်ပွားတော်အား အုပ်မိုးကာကွယ်ထားသည့် ပန်းပုရုပ်လုံးများကို တွေ့ရပေမည်။ ဗုဒ္ဓဘာသာကို နိုင်ငံခြားသားတို့၏ အန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရေးအတွက် လူမျိုးစုရှင်းလင်းဖယ်ရှားခြင်းကို စစ်တပ်မှ စစ်ဆင်ရေးပြုလျက် ကျယ်ပြန့်စွာလုပ်ဆောင်ရန် ယင်းသတ်မှတ်ချက်အားဖြင့် စတင်ခြေလှမ်းခဲ့သည်။
    ဤစစ်ဆင်ရေးကာလအတွင်း ရိုဟင်ဂျာတို့သည် လိင်ပိုင်းဆိုင်ရာစော်ကားမှုများ၊ တစ်ဖက်စောင်းနင်းဖမ်းဆီးမှု၊ မြေယာသိမ်းယူခြင်းများကို အကျယ်တ၀င့် ခံကြရသည်။ ဗလီဝတ်ကျောင်းနှင့်ကျေးရွာများ ဖျက်ဆီးခံရသည်။ ဗလီဝတ်ကျောင်း၏သာသနိကပစ္စည်းများကိုလည်း ဒေသတွင်း စစ်အခြေစိုက်စခန်းများ၌ အမိုးအကာများအဖြစ် ယူငင်သုံးစွဲလေ့ရှိကြသည်။ သုံးလတာအတွင်း ရိုဟင်ဂျာဦးရေ ၂ သိန်းခွဲနီးပါး နယ်နှင်ခံရပြီး တစ်ဖက်ကမ်းအိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ကာ ဒုက္ခသည်အဖြစ် ခိုလှုံခဲ့ကြရသည်။ နောက်တစ်နှစ်တွင် ၄င်းဒုက္ခသည်များအနက် အများအပြားမှာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရသည်။
    ၁၉၉၁ ခုနှစ်တွင် စစ်တပ်အခြေပြုဒုတိယစစ်ဆင်ရေးဖြစ်သော ပြည်သာယာစစ်ဆင်ရေးကို အလားတူရည်ရွယ်ချက်အတိုင်း ထပ်မံပြုလုပ်ခဲ့သည်။ ရိုဟင်ဂျာပေါင်း ၂ သိန်းမျှ ဘင်္ဂလားဒေ့ရှ်သို့ နောက်တစ်ကြိမ် ထွက်ပြေးရပြန်သည်။ ယနေ့သော် ယင်းနေရာ၌ ရွှေ့ပြောင်းဒုက္ခသည်စခန်းများအတွင်း ဒုက္ခသည် ၃ သိန်းခန့်မျှ ရှိနေပြီး အများအားဖြင့် အစာရေစာနှင့်ဆေးဝါးကုသမှု ချို့တဲ့လျက်ရှိသည်။ ၄င်းတို့အနက် ၂၈၀၀၀ သာလျှင် UNHCR (United Nations High Commissioner for Refugees) စခန်းမှ တရားဝင်အသိအမှတ်ပြုခြင်းခံရသည်။ မိမိတို့နိုင်ငံ၏ ဒေသ၀န်းကျင်၊ စီးပွားရေး၊ လူဦးရေအနေအထားအရ လက်ခံပေး၍မရကြောင်းဆို၍ ရိုဟင်ဂျာများ ပြည်တွင်းထဲစိမ့်ဝင်လာမှုကို ဘင်္ဂလားဒေ့ရှ်မှလည်း ငြင်းဆန်ထားသည်။
    နိုင်ငံအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်လာမည်ကိုလည်းကောင်း၊ မြန်မာပြည်မှနယ်စပ်မှတဆင့် ရိုဟင်ဂျာများ ထပ်မံ ကျော်ဖြတ်ဝင်ရောက်လာမည်ကိုစိုးရိမ်သဖြင့် ဒုက္ခသည်စခန်းများတိုးမြှင့်ရေး၊ လူသားစာနာမှုအထောက်အကူ ပေးရေးတို့ကို လျှော့ချကန့်သတ်လိုက်သည်။ ၂၀၁၁ ခုနှစ်တွင် ရိုဟင်ဂျာများအတွက် ကုလသမဂ္ဂမှ ပေးပို့သည့် ဒေါ်လာ ၃၃ သန်းတန် ကူညီကယ်ဆယ်ရေးပစ္စည်းထုတ်များကို ဘင်္ဂလားဒေ့ရှ်မှ လက်မခံဘဲ ငြင်းဆန်ခဲ့သည်။
    မျိုးသုဉ်းစေသည့်လုပ်ရပ်များလော ?
    ————————————–
    မြန်မာနိုင်ငံတွင်း၌ ရိုဟင်ဂျာများသည် မိမိတို့၏တည်ရှိမှုကို အလျဉ်မပြတ် ငြင်းပယ်ခံနေရသည်။ ၁၉၈၂ နိုင်ငံသားဥပဒေ အရ တိုင်းရင်းအုပ်စုနိုင်ငံသားကို ၁၃၅ မျိုးဟု ပြင်ဆင်သတ်မှတ်လိုက်ရာတွင် ၄င်းတို့မှာ နိုင်ငံသားအဖြစ်မှ အလိုအလျောက် ပယ်ဖျက်ပြီးသား ဖြစ်သွားသည်။ နိုင်ငံသားစာရင်းမ၀င်တော့သဖြင့် ရိုဟင်ဂျာတို့သည် ရွာပြင်ထွက် ခရီးသွားလာရန်၊ ဗလီဝတ်ကျောင်းများပြုပြင်မွမ်းမံရန်၊ လက်ထပ်ထိမ်းမြားရန်၊ ကလေးမွေးဖွားရယူရန်အထိပင် အာဏာပိုင်တို့ထံ ခွင့်ပြုချက်တောင်းခံနေကြရသည်။ ထိုအရာများကို ခွင့်ပြုချက်မရဘဲ ပြုလုပ်မိသူမှန်သမျှ ဖမ်းဆီးချုပ်နှောင်ခံရသည်။ သို့တိုင်အောင် အာဏာပိုင်တို့အား လာဘ်ထိုး၍ ခွင့်ပြုချက်ရယူနိုင်အောင် တတ်စွမ်းသူများမှာ မဆိုစလောက်မျှသာ ရှိကြသည်။
    အိမ်ထောင်ပြုရန်၊ ကလေး ၂ ဦးထက်မယူရန် ပြည်တွင်းမူဝါဒတစ်ရပ်ကို ရိုဟင်ဂျာများအပေါ် ၁၉၉၄ ခုနှစ်ကပင် ချမှတ်ကျင့်သုံးပြီး ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် အစိုးရဖက်မှ အပြည့်အ၀ထောက်ခံမှုပြုသည်ကို တွေ့ရသည်။ အမျိုးသမီး တစ်ယောက်သည် ခွင့်ပြုချက်မဲ့ ပဋိသန္ဓေရလာလျှင် သူမအား ဒုက္ခသည်တစ်ဦးအဖြစ် နိုင်ငံမှထွက်ခွာသွားရန် သို့မဟုတ် အလွန်ညစ်ပတ်မဲမှောင်သည့်လျှိုမြှောင်တစ်ခုခုသို့သွားရောက်၍ ပဋိသန္ဓေဖျက်ချရန် အဓမ္မစေခိုင်းခံရလေ့ရှိသည်။ ခရီးသွားလာခွင့်ကိုပိတ်ပင်ခံထားရခြင်း၊ ဆေးဝါးကုသခွင့်ကောင်းစွာမရရှိခြင်းကြောင့် များစွာတို့မှာ ကိုယ်ဝန်ဖျက်ချရန်ကိုသာ ရွေးချယ်ရာမှ သေဆုံးကြရသည်။
    ရိုဟင်ဂျာတို့အား ရွှေ့ပြောင်းစေပြီး ဗမာ/မြန်မာများ အခြေချနေထိုင်နိုင်ရန်ရည်ရွယ်သည့် စံပြကျေးရွာများအပါအ၀င် ဆောက်လုပ်ရေးလုပ်ငန်းခွင်အသီးသီး၌လည်း ရိုဟင်ဂျာအမြောက်အများသည် ခေတ်သစ်ကျွန်များအဖြစ် အတင်းအဓမ္မစေခိုင်းခံကြရ၏။ ရိုဟင်ဂျာအမျိုးသမီးများကို လိင်ကျေးကျွန်အဖြစ် ဒေသတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အဓမ္မစေခိုင်းမှုသတင်းနှင့်အစီရင်ခံချက်များလည်း ရှိနေသည်။
    မျိုးဖြုတ်သုတ်သင်မှုကိုကာကွယ်ခြင်းနှင့်အရေးယူခြင်းဆိုင်ရာ ၁၉၄၈ ကုလသမဂ္ဂပဋိညာဉ် အပိုဒ် ၂ တွင် ရှင်းလင်းစွာ ဖော်ပြထားသည်မှာ “ အသက်ကိုသတ်ဖြတ်ခြင်း၊ ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေခြင်း ကဲ့သို့သော ပျက်လိုဖျက်ဆီးပြုမှုကို နိုင်ငံ့ပြည်သူ၊ တိုင်းရင်းသား၊ မျိုးနွယ်စု သို့မဟုတ် ဘာသာရေးလူ့အုပ်စုများအပေါ် ခြုံငုံ၍ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ကျူးလွန်လုပ်ဆောင်ချက်မှန်သမျှကို မျိုးဖြုတ်သုတ်သင်မှု – Genocide ဟု အဓိပ္ပာယ် ဖွင့်ဆိုသည်။ ယင်းသို့ဆိုရာ၌ ထိုအုပ်စုအားလုံးအပေါ်ကိုဖြစ်စေ တစ်စိတ်တစ်ဒေသအားဖြင့်ဖြစ်စေ စံနစ်တကျကြိုတင်တွက်ချက်ကြံစည်မှုသည်လည်းကောင်း၊ အုပ်စုတွင်း ကလေးမွေးဖွားနှုန်းအားကန့်သတ်ရန် တမင် ရည်ရွယ်စည်းမျဉ်းချမှတ်မှုသည်လည်းကောင်း ပါဝင်သည် ”။
    ဗုဒ္ဓဘာသာရခိုင်အသိုင်းအ၀ိုင်းများအတွင်း ရိုဟင်ဂျာများအပေါ် ၂၀၁၂ ဇွန်လ အကြမ်းဖက်မှုမှစတင်၍ ရှုပ်ထွေးနောက်ကျိသော သမိုင်းဖြစ်လာသည်။ တရားဝင်ထုတ်ပြန်သော သေဆုံးသူစာရင်းမှာ ၁၉၂ ဦးဖြစ်သော်လည်း ရိုဟင်ဂျာလူ့အခွင့်အရေးလှုပ်ရှားသူများအဆိုအရ လူ ၁၀၀၀ ကျော် သတ်ဖြတ်ခံရသည်ဟု ဖော်ပြသည်။ ရခိုင်အုပ်စုက ရွာများကို တက်တက်ပြောင်အောင် မီးရှို့၍ ရိုဟင်ဂျာပေါင်း ၁၂၅၀၀၀ ကျော်အား အဓမ္မရပ်ရွာစွန့်စေခဲ့သည်။ မည်သည့် ထောက်ပံ့ကူညီမှုမျှလည်း မရရှိခဲ့။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့အစီရငိခံစာတစ်ရပ်၌ အာဏာပိုင်မှကျားကန်ပေးသော လူမျိုးရှင်းလင်းရေးအဖြစ် သမုတ်ပြီး၊ အစိုးရလုံခြုံရေးတပ်ဖွဲ့များက ၄င်းတို့၏နံပါတ်တုတ်များ၊ ခုခံကာကွယ်ရေးကိရိယာများဖြင့် လက်နက်မဲ့ရိုဟင်ဂျာတို့ကို သတ်ဖြတ်ရာ၌ ပါဝင်ခဲ့ကြောင်း ရေးသားထားသည်။ ဤအကြမ်းဖက်မှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ မီဒီယာများစွာကလည်း အပြန်အလှန်ဖြစ်သည့် လူမျိုးရေးပဋိပက္ခအသွင်ဖြင့် သတင်းဖော်ပြခဲ့ကြ၏။
    နောက်တစ်လတွင် ရိုဟင်ဂျာများသည် မြန်မာနိုင်ငံသား မဟုတ် ဟူသော အစိုးရအမြင်ကို သမ္မတဦးသိန်းစိန်သည် ထပ်ဖန်တလဲလဲ ဆိုလျက် ၄င်းတို့အား အခြားနိုင်ငံတစ်ခုခုတွင်အခြေချစေရေးအတွက် UNHCR လက်ထဲ လွှဲပြောင်းပေးချင်နေခဲ့၏။ မန္တလေးရှိ ဗုဒ္ဓဘာသာဝင်သံဃာများကလည်း သမ္မတ၏အဆိုကိုထောက်ခံသောအားဖြင့် ရိုဟင်ဂျာဆန့်ကျင်ရေးဆန္ဒပြခဲ့ကြသည်။
    ၉၆၉ ဂိုဏ်းလှုပ်ရှားမှု
    ———————-
    ယမန်နှစ်အတွင်း အစိုးရသည် ပြန်လည်ပြုပြင်ရေး၊ အနောက်တိုင်းနှင့်ဆက်ဆံရေး တံခါးဖွင့်လိုက်သလို တစ်ဖက်တွင် အခြားမွတ်စ်လင်မ်လူ့အဖွဲ့အစည်းအားအကြမ်းဖက်မှု ကြီးမားကျယ်ပြန့်လာသည်။ မွတ်စ်လင်မ်အိမ်ခြေ ၁၃၀၀ ကျော်ကို မီးလောင်တိုက်သွင်းပြီး လူ ၄၃ ဦး သေဆုံးစေခဲ့သော မတ်လ မိတ္ထီလာအကြမ်းဖက်မှုမှာ ၉၆၉ ဂိုဏ်းဝင် ဗုဒ္ဓဘာသာသံဃာများမှ လမ်းကြောင်းဖော်ခဲ့ခြင်းဖြစ်သည်။ ထိုဂိုဏ်းလှုပ်ရှားမှု၏အရေးပါသည့်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝီရသူသည် မွတ်စ်လင်မ်များနှင့်အရောင်းအ၀ယ်မလုပ်ကြရန်၊ ၄င်းတို့၏ဈေးဆိုင်များကို သပိတ်မှောက်ရန်၊ ၉၆၉ တံဆိပ်ကပ်ထားသည့် ဗုဒ္ဓဘာသာဝင်ဆိုင်များ၌သာ အားပေးကြရန် ပြည်သူတို့အား ဆော်သြတိုက်တွန်းမပျက် ရှိနေသည်။ ၉၆၉ သည် ဘုရား၊ တရား၊ သံဃာ့ဂုဏ်တော်များကို ကိုယ်စားပြုချက်ဟုလည်း ဆိုသည်။ ၄င်းတို့က မွတ်စ်လင်မ်တို့ကို တိုင်းပြည်အတွက်အန္တရာယ်ဟု အမြင်ထားရှိသည်။ ဦးဝီရသူဦးဆောင်သည့် ဆန္ဒပြပွဲတစ်ခု၌ “အကြမ်းဖက်ခြင်းမဟုတ်၊ အမျိုးဘာသာသာသနာကိုကာကွယ်စောင့်ရှောက်နေခြင်းသာဖြစ်သည်” ဟူသော အဓိပ္ပာယ်ထွက်သည့် စာတန်းများကို ဗုဒ္ဓဘာသာသံဃာများမှကိုင်ဆောင်ထားကြောင်းတွေ့ရသည်။ မြန်မာတိုင်းရင်းသားအဖြစ်လည်းကောင်း၊ တင်းပြည့်နိုင်ငံသားအဖြစ်လည်းကောင်း တရားဝင်အသိအမှတ်ပြုခံထားရသော ရခိုင်ပြည်နယ်ရှိကမန်လူမျိုးတို့အပေါ် လတ်တစ်လောကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုက ဤအချက်အား ပိုမိုထင်ရှားသွားစေသည်။
    ဒီမိုကရေစီနှင့်လူ့အခွင့်အရေးသူရဲကောင်း ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်သည် လတ်တစ်လောဖြစ်ပွားသည့် မွတ်စ်လင်မ်အကြမ်းဖက်မှုများကို ဝေဖန်ရှုတ်ချခဲ့သော်လည်း ရိုဟင်ဂျာများနှင့်ပတ်သက်၍ ထူးထူးခြားခြား နှုတ်ဆိတ်လျက်ရှိနေသည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ BBC နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ရိုဟင်ဂျာအရေးကိုမေးမြန်းရာ၌ သူမက “ သဟဇာတဖြစ်အောင်နေကြဖို့ ကျွန်မ တိုက်တွန်းနေပါတယ်။ ဒါပေမယ့် ဒီလိုကိစ္စမျိုးဆိုတာ ပြဿနာရဲ့အရင်းအမြစ်ကို တိတိကျကျမသုံးသပ်ပဲ ဝေဖန်ချက်မပေးသင့်ဘူးလို့ မြင်ပါတယ် ” ဟု ပြောကြားခဲ့သည်။ ရိုဟင်ဂျာတို့ကို ဘင်္ဂါလီများဟုလည်း သုံးနှုန်းခဲ့သည်။ ၄င်းမှာ ယမန်နှစ် နိုဝင်ဘာလက မြန်မာနိုင်ငံသို့တရားဝင်အလည်အပတ်ရောက်လာပြီး ရန်ကုန်တက္ကသိုလ်၌ အမေရိကန်သမ္မတ ဘားရက်ခ်အိုဘားမား၏မိန့်ခွန်းမှ “မိမိသည် မြန်မာပြည်တွင်းရှိ အလွန်နည်းပါးသောလူနည်းစုဖြစ်သည့် အပြစ်မဲ့ရိုဟင်ဂျာတို့၏ဂုဏ်သိက္ခာနှင့်ခံစားမှုကို အသိအမှတ်ပြုကြောင်း” ပြောကြားချက်နှင့် ဆန့်ကျင်ဖက်ဖြစ်နေပေသည်။
    ဒုက္ခသည်အဖြစ် ပြည်ပရောက်နေသူများသာမက ပြည်တွင်းရှိ ရိုဟင်ဂျာတို့၏ အဖြစ်ဆိုးများ၊ အခြားမွတ်စ်လင်မ်လူ့အဖွဲ့အစည်းတစ်ရပ်လုံးအပေါ် ဆက်လက်အကြမ်းဖက်နေမှုများက နိုင်ငံ၏မည်သည့်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲဖော်ဆောင်ရေးကိုမဆို ပျက်စီးစေပါသည်။ သို့သော် မြန်မာပြည်သည် ရာစုနှစ်ဝက်မျှ ပြည်တွင်းစစ် နှင့် အကြမ်းဖက်မှုများဖြင့်ဖြတ်သန်းလာခဲ့ကြောင်းကိုမူ သိသူနည်းပါးလှ၏။ အကြမ်းဖက်မှုများသည် အခြားအုပ်စုသစ်များကိုပါ မြှားဦးလှည့်ကျယ်ပြန့်လာလေသဖြင့် အနေအထားက အဆိုးရွားဆုံးသို့ရောက်နေပေသည်။
    မြန်မာနိုင်ငံသည် လူ့အခွင့်အရေး၊ အတူယှဉ်တွဲနေထိုင်ရေး၊ တိုင်းသူပြည်သားအပေါ်၏လုံခြုံမှု၊ တရားဥပဒေစိုးမိုးရေးအပေါ် ခိုင်မာစွာရပ်တည်ရန် လိုအပ်နေသည်။ ရိုဟင်ဂျာတို့၏တည်ရှိမှု နှင့် ဝေဒနာများကို အသိအမှတ်ပြုရေးသည်လည်း အခြေခံလိုအပ်ချက်တစ်ရပ်အဖြစ်ပါဝင်ပါသည်။ သို့မှသာလျှင် တိုင်းသူပြည်သားများနှင့်တစ်ကွ နိုင်ငံတကာအသိုင်းအ၀ိုင်းတို့မှ မြန်မာနိုင်ငံအား ဒီမိုကရေစီဖော်ဆောင်နေသည့် တိုင်းပြည်အဖြစ် တရားဝင်အသိအမှတ်ပြုနိုင်တော့ပေမည်။
    xxxxxxx
    Harrison Akins ၏ No place for Islam? Buddhist nationalism in Myanmar ကို “ မြင့်မိုရ်မောင်မောင် ” မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။ မူရင်းဆောင်းပါးရှင် Harrison Akins သည် American University’s School of International Service ရှိ Ibn Khaldun Chair Research မှ သုတေသီအဖွဲ့သားတစ်ဦးဖြစ်ပြီး၊ ပါမောက္ခ Akbar Ahmed ပြုစုသော The Thistle and the Drone: How America’s War on Terror Became a Global War on Tribal Islam (၂၀၁၃ ခုနှစ်ထုတ်) ကျမ်းတွင်လည်း ပါဝင်ကူညီခဲ့သူဖြစ်သည်။
    ဤဆောင်းပါးသည် ရေးသားတင်ဆက်သူ၏ကိုယ်ပိုင်အမြင်သာဖြစ်ပြီး အလ်ဂျဇီးရား၏ အယ်ဒီတာ့အာဘော် မဟုတ်ပါ။
  • မန်ယူ၊ မန်စီးတီး တို့အနိုင်ရခဲ့ကြပြီး ဘိုင်ယန်၊ ရီးယဲလ်နှင့် ပီအက်စ်ဂျီတို့ နောက်တစ်ဆင့်တက်ရန် နီးစပ်သွားခဲ့သည့် ဥရောပချန်ပီယံလိဂ် ကြာသာပတေးနေ့ နံနက်ပွဲစဉ်များ
    အောက်တိုဘာ-၂၄
    M-Media
    Psg
    ချန်ပီယံလိဂ် အုပ်စု A၊ B၊ C၊ D တို့၏ အုပ်စု တတိယပွဲစဉ်များကို ယနေ့ နံနက်ကယှဉ်ပြိုင်ကစားခဲ့ရာ ပရီးမီယားလိဂ် အသင်းများဖြစ်ကြသည့် မန်ယူ၊ မန်စီးတီး အသင်းတို့မှာ အနိုင်ရရှိခဲ့သည်။ ရီးယဲလ်မက်ဒရစ်အသင်းမှာ အိမ်ကွင်းတွင် စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းကို အနိုင်ကစားနိုင်ခဲ့ပြီးဘိုင်ယန်နှင့် ပီအက်စ်ဂျီအသင်းတို့မှာ ပြိုင်ဘက်အသင်းများကို ၅ ဂိုးပြတ်ဖြင့် အသီးသီးအနိုင်ရရှိခဲ့ကြသည်။
    အုပ်စု A
    မန်ချက်စတာယူနိုက်တက် ၁-၀ ရီးယဲလ်ဆိုစီဒက်
    နောက်ဆုံးအိမ်ကွင်းနှစ်ပွဲတွင် အနိုင်ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့သည့် မန်ယူမှာ ယနေ့ပွဲတွင် ဆိုစီဒက်ကစားသမား၏ ကိုယ့်ဂိုးကိုယ်သွင်းယူမိသော ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
    မန်ယူအသင်းတွင်တိုက်စစ်မှူးဗန်ပါစီ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ဘဲ ဟာနန်ဒက်ဇ်ကပွဲထွက်လာခဲ့သည်။ မန်ယူအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးမှာ ပွဲအစ ၂ မိနစ်တွင်ရရှိခဲ့ခြင်းဖြစ်ပြီး ဆိုဆီဒက်ကစားသမား အီနီဂို မာတီနက်ဇ်၏ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့မှုကြောင့် ရရှိခဲ့ခြင်းဖြစ်သည်။
    ပွဲတစ်ပွဲလုံးအား မန်ယူအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် စိုးမိုးထားနိုင်ခဲ့သော်လည်း ထပ်မံ ဂိုးသွင်းယူနိုင်ခြင်းမရှိသောကြောင့် ၁ ဂိုး ဂိုးမရှိဖြင့်ပွဲပြီးခဲ့သည်။ ယခုပွဲအနိုင်ကြောင့် မန်ယူအသင်းမှာ ၃ ပွဲကစား ၇ မှတ်ဖြင့် အုပ်စုအား ဦးဆောင်နိုင်ခဲ့သည်။
    လေဗာကူဆင် ၄-၀ ရှက်တာဒိုးနက်
    ဂျာမနီတွင်ကစားခဲ့သည့် ယခုပွဲစဉ်တွင် အိမ်ရှင်လေဗာကူဆင်အသင်းက ၄ ဂိုးပြတ်ဖြင့်အနိုင်ရရှိခဲ့သည်။
    ပွဲတစ်ပွဲလုံးအား လေဗာကူဆင်အသင်းက ထိန်းချုပ်နိုင်ခဲ့ပြီး ဂိုးများကို ၂၂ မိနစ်နှင့် ၇၂ မိနစ်တို့တွင် ကီစ်စလင်းကလည်းကောင်း၊ မိနစ် ၅၀ တွင် အသင်းခေါင်းဆောင် ရိုလ်ဖက်စ်ကလည်းကောင်း၊ ဆမ်က ၅၇ မိနစ်တွင်လည်းကောင်း အသီးသီးသွင်းယူပေးခဲ့သည်။
    ……………………………………….
    အုပ်စု B
    ရီးယဲလ်မက်ဒရစ် ၂-၁ ဂျူဗင်တပ်စ်
    ဘာနေဗျူးတွင်ကစားခဲ့သည့် ယခုပွဲတွင် အိမ်ရှင်ရီးယဲလ်မက်ဒရစ်က ဂျူဗင်တပ်စ်အား အနိုင်ယူကာ ချန်ပီယံလိဂ်တွင် ရာနှုန်းပြည့်နိုင်ပွဲဆက်နိုင်ခဲ့သည်။
    ရီးယဲလ်မက်ဒရစ်အသင်းအတွက် အဖွင်းဂိုးမှာ ပွဲအစ ၄ မိနစ်တွင် ရရှိခဲ့ခြင်းဖြစ်ပြီး ခေဒီရာ၊ အာဘီလိုအာနှင့် ဒီမာရီယာတို့ ပူးပေါင်းဖန်တီးပေး မှုမှတစ်ဆင့် ရော်နယ်ဒိုက သွင်းယူပေးခဲ့သည်။ သို့သော်လည်း ၂၂ မိနစ်တွင် ဧည့်သည်ဂျူဗင်တပ်စ်တို့ ချေပဂိုးရရှိခဲ့ပြီး လော်ရန်တေးကသွင်းယူပေးခဲ့သည်။
    သိပ်မကြာခင် ၂၉ မိနစ်မှာပင် ရီးယဲလ်တို့ ဒုတိယဦးဆောင်ဂိုးရရှိခဲ့ပြီး ပင်နယ်တီမှတစ်ဆင့် ရော်နယ်ဒိုကသွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    ၄၇ မိနစ်တွင် ပွဲ၏အလှည့်အပြောင်းဟု ခေါ်ဆိုနိုင်သည့် အဖြစ်အပျက်တစ်ခုဖြစ် လာခဲ့သည်။ ဂျူဗင်တပ်စ်အသင်း၏ ကစားသမား ချီလီနီမှာ ရော်နယ်ဒိုအား ကြမ်းတမ်းစွာကစားမှုကြောင့် တိုက်ရိုက်အနီကဒ်ဖြင့် အထုတ်ခံခဲ့ရသည်။ နောက်ပိုင်းတွင် ရီးယဲလ်အသင်းက ဘောလုံးကိုထိန်းကစားသွားခဲ့ပြီး အနိုင်သုံးမှတ်ကိုရယူသွားသည်။
    ယခုပွဲရှုံးနိမ့်မှုကြောင့် ဂျူဗင်တပ်စ်အသင်းမှာ ၃ ပွဲကစား ၂ မှတ်သာရရှိထားပြီး အုပ်စုတတိယနေရာတွင်ရှိနေကာ နောက်တစ်ဆင့်တက်ရေးမျှော်လင့်ချက်မှာ အနည်းငယ်မှေးမှိန်လာခဲ့ပြီဖြစ်သည်။
    ဂါလာတာစာရေး ၃-၁ ကိုပင်ဟေဂင်
    တူရကီကလပ်ဂါလာတာစာရေးမှာ အိမ်ကွင်းတွင်ကစားခဲ့သည့် ယခုပွဲတွင် ပွဲတစ်ပွဲလုံးအား စိုးမိုးထားနိုင်ခဲ့ပြီး ပထပိုင်းတွင်ပင် အနိုင်ဂိုး သုံးဂိုးစလုံးကို ရရှိခဲ့သည်။
    ဂါလာတာစာရေးအတွက်ဂိုးများကို ၁၀ မိနစ်တွင် ဖီးလစ်မယ်လိုက လည်းကောင်း၊ ၃၈ မိနစ်တွင် ရီးယဲလ်တိုက်စစ်မှူးဟောင်း စနိုက်ဒါက လည်းကောင်း၊ ပထမပိုင်း နာကျင်အချိန်ပိုတွင် ချယ်ဆီးတိုက်စစ်မှူးဟောင်း ဒရော့ဘာကလည်းကောင်း အသီးသီးသွင်းယူပေးခဲ့သည်။
    ဂါလာတာစာရေးမှာ ယခုပွဲအနိုင်ရရှိမှုကြောင့် ၃ ပွဲကစား ၄ မှတ်ဖြင့် ဒုတိယနေရာတွင်ရှိနေသည်။
    ………………………………………………….
    အုပ်စု C
    အန်ဒါလက်ခ်ျ ၀-၅ ပီအက်စ်ဂျီ
    အန်ဒါလက်ခ်ျအသင်း၏ အိမ်ကွင်းတွင်ကစားခဲ့သော်လည်း ပီအက်စ်ဂျီအသင်းမှာ ခက်ခဲမှုမရှိခဲ့ပဲ အီဗရာဟီမိုဗစ်ခ်ျ၏ သွင်းဂိုးများဖြင့် အောင်ပွဲခံခဲ့သည်။
    ပီအက်စ်ဂျီအသင်းအတွက်ဂိုးများကို ၁၇၊ ၂၂၊ ၃၆၊ ၆၂ မိနစ်များတွင် အီဗရာဟီမိုဗစ်ခ်ျနှင့် ၅၂ မိနစ်တွင် ကာဗာနီတို့က အသီးသီးသွင်းယူပေးခဲ့သည်။ ပီအက်စ်ဂျီမှာ ၃ ပွဲကစား ၃ ပွဲနိုင်ဖြင့် ၉မှတ်ရရှိကာ နောက်တစ်ဆင့်တက်ရန် အခြေအနေကောင်းနေပြီး အီဗရာဟီမိုဗစ်ခ်ျမှာလည်း ချန်ပီယံလိဂ်တွင် တစ်ပွဲတည်း ၄ ဂိုး သွင်းယူသည့် ၁၀ ယာက်မြောက်ကစားသမားဖြစ်လာခဲ့သည်။
    ဘင်ဖီကာ ၁-၁ အိုလံပီယာကော့စ်
    ပေါ်တူဂီတွင်ကစားခဲ့သည့် ယခုပွဲတွင် အိမ်ရှင်ဘင်ဖီကာအသင်းမှ ကံကောင်းစွာဖြင့် ၁ မှတ်ရရှိခဲ့ခြင်းဖြစ်သည်။
    ဦးဆောင်ဂိုးကို ဧည့်သည် အိုလံပီယာကော့စ်က ၂၉ မိနစ်တွင် အလက်ဂျန်ဒရို ဒိုမီဂွက်ဇ်၏ဂိုးဖြင့် ရရှိခဲ့ပြီး ၈၃ မိနစ်တွင်မှ အိမ်ရှင်အသင်းအတွက် ကာဒိုဇိုက ချေပဂိုးသွင်းယူပေးနိုင်ခဲ့သည်။
    ………………………………..
    အုပ်စု D
    ဘိုင်ယန်မြူးနစ် ၅-၀ ပါဇန်
    ယခင်နှစ်ပွဲတွင်အနိုင်ရရှိခဲ့သည့် ဘိုင်ယန်မြူးနစ်အသင်းမှာ ယခုပွဲတွင်လည်း အသင်းငယ်ပါဇန်အား ဂိုးပြတ်ခြေပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
    ဘိုင်ယန်မြူးနစ်အတွက် ဂိုးများကို ရီဘာရီက ပင်နယ်တီတစ်ဂိုးအပါအ၀င် ၂ ဂိုး၊ အလ်ဘာ၊ ရှဝိုင်းစတိုင်ဂါနှင့် ဂေါ့တ်ဇီတို့က တစ်ဂိုးစီသွင်းယူပေးခဲ့သည်။ ယခုပွဲတွင် ဂိုးသွင်းခွင့် ၃၅ ကြိမ်အထိရရှိခဲ့သည့် ဘိုင်ယန်အသင်းမှာ သုံးပွဲကစား ၉ မှတ်ဖြင့် နောက်တစ်ဆင့်တက်ရန် အခြေအနေကောင်းသွားပြီဖြစ်သည်။
    စီအက်စ်ကေအေမော်စကို ၁-၂ မန်စီးတီး
    ပရီးမီးယားလိဂ်ထိပ်သီးမန်စီးတီးအသင်းမှာ ရုရှားမြေတွင်ကစားခဲ့သည့် ယခုပွဲတွင် အမှားအယွင်းမရှိခဲ့ဘဲ အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့သည်။
    သို့သော်လည်း ဦးဆောင်ဂိုးကို အိမ်ရှင်အသင်းက ၃၂ မိနစ်တွင် တိုစစ် ၏ သွင်းဂိုးဖြင့်ရရှိခဲ့သည်။ ဦးဆောင်ဂိုးပေးလိုက်ရပြီး ၂ မိနစ်အကြာတွင်ပင် မန်စီးတီးတို့ ချေပဂိုးရရှိခဲ့ပြီး အဂူရိုက သွင်းယူပေးခဲ့သည်။ ထို့နောက် ၄၂ မိနစ်တွင် မန်စီးတီးအသင်း ဒုတိယမြောက်ဂိုးကို ရရှိခဲ့ပြီး အဂူရိုကပင် သွင်းယူပေခဲ့ခြင်းဖြစ်သည်။
    မန်စီးတီးအသင်းမှာ ယခုပွဲအနိုင်ကြောင့် ချန်ပီယံလိဂ်အုပ်စုအဆင့်မှတက်ရန် မျှော်လင့်လာနိုင်ပြီဖြစ်သည်။