News @ M-Media

Blog

  • အောက်တိုဘာ ၁၇၊ အားကစားသတင်း စုစည်းမှု

    အောက်တိုဘာ ၁၇၊ အားကစားသတင်း စုစည်းမှု

    အောက်တိုဘာ ၁၇၊ ၂၀၁၃
    M-Media

    ပုံမှန်နေရာအတွက် ဘိုင်ယန်တွင် ယှဉ်ပြိုင်ရခြင်းကို ကြောက်ရွံ့ခြင်းမရှိဟု ရာဖင်ဟာဆို


    အသင်းရှိဝါရင့်ညာနောက်ခံလူဖီလစ်လမ်း၏ နေရာအား ရယူရန်မျှော်လင့်ချက်အတွက် စိုးရိမ်နေမည်မဟုတ်ဟု ဖွင့်ဟခဲ့ပြီး၊ နိုင်ငံအသင်းတွင်ကစားခွင့်ရရေးအတွက် စိတ်ဝင်စားမှုမရှိဟု ပြောကြားခဲ့သည်။

    ဘိုင်ယန်အသင်းသို့ နည်းပြသစ်ဂွာဒီယိုလာ ရောက်ရှိလာပြီးကတည်းက အသင်းရှိအလယ်တန်းကစားသမားများမှာ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရသောကြောင့် အသင်း၏ညာနောက်ခံလူ ဖီလစ်လမ်းက အလယ်တန်းတွင် တက်ရောက်ကစားခဲ့ရပြီး ရာဖင်ဟာမှာ ပုံမှန်နေရာရခဲ့သည်။ သို့သော် ယခုအချိန်တွင် ဒဏ်ရာရကစားသမား များမှာ ပြန်လည်ကြံ့ခိုင်လာပြီဖြစ်သောကြာင့် ရာဖင်ဟာမှာ အရန်ခုံတွင် ပြန်လည်ထိုင်နေရဖွယ်ရှိနေသည်။

    ဖြစ်လာသောစိန်ခေါ်မှုများအား ရင်ဆိုင်ရန်အသင့်ရှိနေသည့် ရာဖင်ဟာက “လူတိုင်းဟာ ကျွန်တော်တို့အသင်းမှာ ပါဝင်ခွင့်မရနိုင်ပါဘူး။ ဘိုင်ယန်အသင်းရဲ့ အရန်ခုံမှာ ထိုင်ရတာ ရှက်စရာမဟုတ်တဲ့အတွက် ကျွန်တော်ကြောက်ရွံ့နေမှာမဟုတ်ပါဘူး။ တစ်ပွဲလုံးပဲကစားရ ကစားရ၊ ငါးမိနစ်ပဲ ကစားရကစားရ အသင်းအတွက် ကျွန်တော် အပြည့်အ၀ ပေးဆပ်သွားမယ်ဆိုတာကို ကတိပေးပါတယ်” ဟု ရာဖင်ဟာက ဂျာမနီသတင်းစာတစ်စောင်ဖြစ်သည့် Bild သို့ ပြောကြားခဲ့သည်။
    goal
    ______________________

    အာဆင်နယ်မှာ ဖလားများစွာကို ဆွတ်ခူးနိုင်မည်ဟု မွန်ရီယဲလ်ဆို


    ရာသီအစ ကောင်းမွန်သောစွမ်းဆောင်ရည်များက ရှေ့တွင်လာမည့် များစွာသောစိန်ခေါ်မှုများအတွက် အဆင်သင့်ဖြစ်စေပြီး အသင်းမှာ ဖလားများစွာကို စိန်ခေါ်နိုင်သူ အစစ်ဖြစ်လာလိမ့်မည်ဟု ယုံကြည်ကြောင်း အာဆင်နယ်အသင်း၏ စပိန်ကစားသမား မွန်ရီယဲလ်က ပြောဆိုလိုက်သည်။

    အာဆင်နယ်အသင်းမှာ ယခုနှစ်ရာသီတွင်ပုံစံကောင်းများရရှိနေပြီး ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်တို့တွင် ထိပ်ဆုံးနေရာ၌ ရှိနေသည်။

    “ဖလားတစ်လုံးလို့ကျွန်တော်မပြောပါဘူး။ ဖလားအနည်းငယ်ပါ။ ရရှိဖို့ တကယ့်ကိုခက်ခဲ့တဲ့ဖလားတွေပါ။ (အာဆင်နယ်အသင်းရရှိမယ်လို့ ယုံကြည်ပါတယ်) ကျွန်တော်တို့ ဇယားထိပ်ဆုံမှာရှိတယ်။ စောသေးပေမယ့် ပွဲတိုင်းကိုကျွန်တော်တို့အကောင်းဆုံး ကစားသွားမယ်။ ပြီးတော့ နောက်ဆုံးမှာ ချန်ပီယံဖြစ်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု မွန်ရီယဲလ်၏ ပြောကြားမှုကို အာဆင်နယ်အသင်းဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

    မွန်ရီယဲလ်မှာ အာဆင်နယ်အသင်းသို့ ယခုနှစ်ဇန်န၀ါရီအပြောင်းအရွှေ့က မာလာဂါအသင်းမှ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး အာဆင်နယ်သို့ အကောင်းဆုံး အချိန်တွင် ပြောင်းရွှေ့လာခြင်းဖြစ်သည်ဟု သူက ယူဆနေသည်။
    goal
    ____________________

    ဗလင်စီယာနောက်ခံလူ ရာမီ အေစီမီလန်သို့ပြောင်းရွှေ့တော့မည်


    ဗလင်စီယာအသင်းတွင် ပုံမှန်နေရာမရရှိခြင်းမရှိသည့် နောက်ခံလူး အဒီလ် ရာမီမှာ လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန်တွင် အေစီမီလန်အသင်းသို့ ပြောင်းရွှေ့တောမည့်ဟု ဗလင်စီယာအသင်းက အတည်ပြုပြောဆိုခဲ့သည်။

    ဗလင်စီယာအသင်း၏ ယခုနှစ်ရာသီအစ ရလဒ်များမှာ ကောင်းမွန်ခြင်းမရှိဘဲ လေးပွဲဆက်တိုက်ရှုံးနိမ့်ထားပြီး အသင်း၏ ဆိုးရွားသောရလဒ်များနှင့် ပက်သက်၍ ရာမီက Spanish ရေဒီယိုသို့ အသင်းနည်းပြ မီရိုဆလဗ် ဂျူကစ်အား ဝေဖန်ပြစ်တင်သည့ှ်မှက်ချက်များပေးခဲ့သောကြောင့် တစ်ပါတ်လုပ်ခ ဖြတ်တောက်ခံခဲ့ရပြီး အသင်းတွင်လည်း ပါဝင်ကစားခွင့်မရရှိခဲ့ပေ။ ထို့ကြောင့် အေစီမီန်လန်သင်းသို့ ပြောင်းရွှေ့ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ရာမီမှာ ယခုအချိန်တွင် အေစီမီလန်အသင်းနှင့် လေ့ကျင့်ခန်းဆင်းနေသော်လည်း လာမည့် ဇန်န၀ါရီလတွင်မှ မီလန်အတွက် ကစားပေးနိုင်မည်ဖြစ်သည်။

    ပြင်သစ်နိုင်ငံသား ရာမီမှာ ၂၀၁၁ ခုနှစ်က ပြင်သစ်ကလပ်လိုင်လီအသင်းမှ ဗလင်စီယာအသင်းသို့ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။
    goal
    ____________________

    Kremlin Cup တင်းနစ်ပြိုင်ပွဲ ကွာတားသို့ တစ်ကျော့ပြန်တင်းနစ်မယ် အလီဆာတက်ရောက်


    ရုရှား၌ကျင်းပပြုလုပ်နေသည့် WTA Kremlin Cup တင်းနစ်ပြိုင်ပွဲတွင် အိမ်ရှင်တင်းနစ်မယ် အလီဆာ ကလီဘန်နိုဘာမှာ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီဟု သိရသည်။

    အလီဆာမှာ ဒုတိယအဆင့်တွင် နိုင်ခြေအဆင့် ၆ သတ်မှတ်ခြင်း ခံထားရသည့် စပိန်တင်းနစ်မယ် ကာရ်လာ ဆွာရက်ဇ် နာဗာရိုနှင့် ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်ပြီး အကြိတ် အနယ် ကစားကာ ၇-၆၊ (၇-၂)၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့သည်။

    တင်းနစ်ကစားသမားသက်တမ်းတစ်လျှောက် ပြိုင်ပွဲနှစ်ပွဲတွင်သာ အနိုင်ရဗိုလ်စွဲဖူးသည့် အလီဆာမှာ ၂၀၁၁ ခုနှစ်ကတည်းက ကင်ဆာရောဂါကို ခံစားခဲ့ရပြီး ယခုနှစ် တွင်မှ တင်းနစ်ပြန်လည်ကစားခဲ့ခြင်းဖြစ်သည်။

    “ကျွန်မ အမြဲတမ်း ကာရ်လာနဲ့ ကစားချင်ပါတယ်။ ပြီးတော့ ဒီနေ့ပွဲဟာလည်း တော်တော်ခက်ခဲမယ်ဆိုတာလည်း ကျွန်မသိခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲရဲ့ အရေးကြီးဆုံး အချိန်တွေမှာ ကျွန်မဟာ ကာရ်လာထက် ပိုမိုတိကျစွာ ကစားနိုင်ခဲ့တာကြောင့် အခုလို အနိုင်ရရှိခဲ့တာပါ” ဟု အလီဆာက ပွဲအပြီးတွင်ပြောကြားခဲ့သည်။

    အခြားဒုတိယအဆင့်ပွဲစဉ်တွင် အိမ်ရှင်တင်းနစ်မယ် အန်နက်တာစီယာ ပက်ဗလူချင်ကိုဗာက နိုင်ခြေအဆင့်သုံး သတ်မှတ်ခံရသည့် မာရီယာ ကီရီလန်ကို ၆-၃၊ ၆-၃ ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့သည်။

    နိုင်ခြေအဆင့် ၂ ရ ရော်ဘက်တာ ဗင်စီမှာလည်း အလီနာ ဗက်စ်နီနာအား ကြိတ်အနယ်ကစားကာ အနိုင်ရရယူနိုင်ခဲ့သည့်။ ဗစ်စီမှာ ပထမပွဲငယ်တွင် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယနှင့် တတိယ ပွဲငယ်တို့တွင် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သောကြောင့် ၂-၆၊ ၆-၁၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့သည်။
    skysports
    ______________________

  • အောက်တိုဘာ ၁၇၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

    အောက်တိုဘာ ၁၇၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

    အောက်တိုဘာ ၁၇၊ ၂၀၁၃
    M-Media

     

    လက်ပံတောင်းစီမံကိန်း မိုင်းဒဏ်ကြောင့် လယ်တီဆရာတော် သိမ်ပျက်ဆီးမည့် အခြေအနေနှင့်ကြုံတွေ့နေရ

    လက်ပံတောင်း ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးအစီရင်ခံစာတွင် သိမ်နှင့် သာသနိက အဆောက်အအုံများကို မပျက်စီးစေပဲ ရွှေ့ပြောင်းပြီးမှသာ စီမံကိန်းအား ဆက်လုပ်ရမည်ဟု ပါရှိသော်လည်း လိုက်နာမှုမရှိသည့်အတွက် ဒေသခံတို့၏ အသံများအား စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် နားထောင်သင့်ကြောင်းနှင့် စီမံကိန်းမှ
    မိုင်းခွဲသည့်ဒဏ်ကြောင့် လယ်တီဆရာတော်ဘုရားကြီး သိမ်ပျက်စီးမည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း မြန်မာ့ခေတ်သတင်းဌာနမှာ ဖော်ပြထားပါတယ်။
    _______________________

    မြန်မာ့တပ်မတော်အတွက် အမျိုးသမီးဗိုလ်လောင်းများ ခေါ်ယူမည်

    မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်ရန် အမျိုးသမီးဗိုလ်လောင်းများ ခေါ်ယူမည်ဖြစ်ပြီး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူများ၊ မဟာဘွဲ့ရပြီးသူများ၊ ပါရဂူဘွဲ့ ရပြီးသူများ အနေဖြင့် ဗိုလ်လောင်းလျှောက်ထားနိုင်ကြောင်း၊ ယခုခေါ်ယူမှုသည် နှစ်ပေါင်း ၅၀-ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ခေါ်ယူမှုဖြစ်ကြောင်း တပ်မတော် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦးက ဧရာဝတီသို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

    ______________________

    တိုက်ပွဲများကြောင့် အပစ်ရပ်ရေး ပျက်ပြယ်နိုင်ကြောင်း RCSS သတိပေး

    ရှမ်းပြည်နယ် တောင်ပိုင်း ကွန်ဟိန်း မြို့နယ်တွင် ယခုလအတွင်း မြန်မာစစ်တပ်နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) တို့အကြား တိုက်ပွဲများ ဖြစ်ပွား နေပြီး တိုက်ပွဲများကြောင့် အစိုးရ ဦးဆောင်ကျင်းပရန် စီစဉ်ထားသည့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပျက်ပြယ် သွားနိုင်ကြောင်း RCSS/SSA၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလောဝ်ဆိုင်းက ပြောကြောင်းနှင့် ၂၀၁၃-ခု ဇန်န၀ါရီလ ၈-ရက်နေ့ ပြည်ထောင်စုအဆင့် အပစ်ရပ် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ၁၃၀ ကျော်ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီသတင်းဌာနတွင် ဖော်ပြထားချက်မှ သိရှိရပါတယ်။
    ______________________

    နိုင်ငံတော်သမ္မတ ဦးသိန်းစိန် Pew Charitable Trusts မှ Executive Vice President နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် Pew Charitable Trusts မှ Executive Vice President ဖြစ်သူ Mr. Joshua Reichert နှင့်အဖွဲ့အား ယနေ့ နံနက် ၉ နာရီခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော်ရှိ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်ရန် နည်းပညာများနှင့် ငွေကြေး လိုအပ်မှု၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူများ အကျိုးရှိစေမည့် လုပ်ငန်းများကို အလေးထား ဆောင်ရွက်ရန် လိုအပ်မှု၊ ပြည်သူလူထု အကျိုးရှိစေရန် သယံဇာတများ ထုတ်လုပ်မှုကို ရေတို၊ ရေရှည် စီမံချက်များ ရေးဆွဲဆောင်ရွက်ရန် လိုအပ်မှု၊ အဆိုပါ အဖွဲ့အနေဖြင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် လေ့လာမှုများ ဆက်လက် လုပ်ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းနှင့် တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးမြင့်လှိုင်၊ ဦးအုန်းမြင့်၊ ဦးဝင်းထွန်း၊ ဦးဇေယျာအောင်၊ ဒေါက်တာ ကိုကိုဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သမ္မတရုံး၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားပါတယ်။

    ______________________

    ခေတ်သစ်ကျွန်စနစ်တွင် အသက်ရှင်နေရသူ သန်း-၃၀ ခန့်ရှိနေ

    ကမ္ဘာ့တစ်ဝန်းရှိ လူပေါင်းသန်း ၃၀ မှာ ခေတ်သစ်ကျွန်စနစ်တွင် အသက်ရှင်နေရပြီး အများစုမှာ လူကုန်ကူးခံရသည့် လိင်အလုပ်သမများနှင့် မတရားခိုင်းစေခြင်းခံရသည့် လုပ်သားများဖြစ်သည်ဟု ကမ္ဘာ့လုံးဆိုင်ရာ ခေတ်သစ် ကျွန်စနစ်နှင့် ပက်သက်သည့် စစ်တမ်းများက ဖော်ပြသည်။

    ထိုစစ်တမ်းအား ကျွန်စနစ်ကိုဆန့်ကျင်သည့် Walk Free ဖောင်ဒေးရှင်းမှ ခေတ်သစ်ကျွန်စနစ်တွင် နေထိုင် ရှင်သန် ရမှု၊ ကျွန်အဖြစ် ခိုင်းစေခံရနိုင်သည့်အန္တရာယ်နှင့် တရားမ၀င်လုပ်ငန်းဆောင်တာများအတွက် အစိုးရများ၏ တုံ့ပြန်မှုကို အခြေခံကာ နိုင်ငံပေါင်း ၁၆၂ နိုင်ငံတွင် လေ့လာကောက်ယူခဲ့ခြင်းဖြစ်ပြီး ရလဒ်အား ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

    အိန္ဒိယ၊ တရုတ်၊ ပါကစ္စတန်၊ နိုက်ဂျီးရီးယား၊ အီသီယိုးပီယား၊ ရုရှား၊ ထိုင်း၊ ကွန်ဂို၊ မြန်မာနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံများရှိ ၂၉.၈ သန်းသော ပြည်သူများမှာ ခေတ်သစ်ကျွန်ဘ၀တွင် အသက်ရှင်နေထိုင်ရပြီး ကောက်ယူရရှိခဲ့သည့် လူဦးရေ၏ ၇၆ ရာခိုင်နှုန်းရှိသည်။

    ခေတ်သစ်ကျွန်စနစ်တွင် လူကုန်ကူးခြင်း၊ မတရားခိုင်းစေခြင်း၊ အကြွေးဖြင့်သိမ်းခြင်း၊ အဓ္ဓမလက်ထက်ခြင်း၊ ကလေးငယ်များအား ရောင်းချခြင်းနှင့် ခိုင်းစေခြင်းတို့ပါဝင်သည်။
    Ref : aljazeera

    ________________________

    အစိုးရအဖွဲ့ ပြန်လည် လည်ပတ်ရန် မူကြမ်းတစ်ခုအား ကန်လွှတ်တော်တွင် အတည်ပြု

    အမေရိကန်နိုင်ငံအား အခက်တွေ့စေပြီး ကမ္ဘာ့စီးပွားရေးအား ခြိမ်းခြောက်နေသည့် နိုင်ငံ၏ ဘဏ္ဍာရေးအကြပ်အတည်းကြာရှည်နေမှုကို အဆုံးသတ်ရန် ကြိုးပမ်းမှုတစ်ခုအဖြစ် အမေရိကန်အစိုးရအား ကြုံတွေ့နေရသည့် ဘဏ္ဍာရေးအကြပ်အတည်းအား ရှောင်ရှားနိုင်စေရန် ဥပဒေမူကြမ်းတစ်ခုကို အမေရိကန် အထက်လွှတ်တော်က အတည်ပြုလိုက်ပြီဟုသိရသည်။

    ထောက်ခံမဲ ၈၁-မဲ၊ ကန့်ကွက်မဲ ၁၈-မဲနှင့် အတည်ပြုခဲ့သည့် အဆိုပါမူကြမ်းမှာ ယာယီဖြေရှင်းမှုသာဖြစ်ပြီး ဒီမိုကရက်တစ်နှင့် ရီပက်ပလစ်ကန်တို့ကြား သဘောထားကွဲလွဲလျက်ရှိသည့် သုံးငွေ၊ လိုငွေပြဿနာအား အခြေခံကျကျ ဖြေရှင်းနိုင်မည်မဟုတ်ပေ။

    ထို့ပြင် ထိုမူကြမ်းအရ ဇန်န၀ါရီ ၁၅-ရက်နေ့အထိသာ အစိုးရအတွက် အသုံးစားရိတ်များကို ချပေးမည်ဖြစ်ပြီး၊ အနည်းဆုံး ဖေဖော်ဝါရီလ ၇-ရက်နေ့အထိ နိုင်ငံတကာကြွေးမြီများကို ပြန်လည်ပေးဆပ်ရန် အစိုးရ၏ ချေးငွေပမာဏကို တိုးမြှင့်ပေးမည်ဖြစ်သည်။
    Ref : aljazeera

    ________________________

    NSA နှင့်ပက်သက်၍ စနိုးဒင်၏ ဖော်ထုတ်မှုက ဗြိတိန်၏လုံခြုံရေးအား ထိခိုက်သည်ဟု ဒေးဗစ်ကင်မရွန်းဆို

    အမေရိကန်ထောက်လှမ်းရေး အေဂျင်စီ NSA၏ လျို့ဝှက်ချက်များအား အေးဂျင့်ဟောင်း အက်ဒ၀ပ်စနိုးဒင်က Guardian သတင်းစာသို့ ဖွင့်ပြောခဲ့ ခြင်းမှာ ဗြိတိန်၏ အမျိုးသားလုံခြုံရေးကို ထိခိုက်ပျက်စီးစေသည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောကြားလိုက်သည်။

    ယမန်နေ့က အောက်လွှတ်တော်တွင်ပြုလုပ်သည့် အမေးအဖြေကဏ္ဍတွင် ကင်မရွန်းက ပြောကြားလိုက်ခြင်းဖြစ်ပြီး သတင်းစာများအနေဖြင့် မီဒီယာဥပဒေချိုးဖောက်ကာ စနိုးဒင်၏ပြောကြားချက်များအား ဖော်ပြခြင်းရှိမရှိကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ပါလီမန်အမတ်များကို တိုက်တွန်းပြောဆိုသွားခဲ့သည်။

    အမေရိကန်ထောက်လှမ်းရေးဌာနနှစ်ခုဖြစ်သည့် NSA နှင့် FBI တို့မှာ တစ်ကမ္ဘာလုံးမှ လူသန်းပေါင်းများစွာတို့၏ ဖုန်းခေါ်ဆိုမှုများနှင့် Facebook, Yahoo, Google, Apple, and Microsoft စသည့် အင်တာနက်ကုမ္ပဏီကြီးများမှ အချက်အလက်များကို စောင့်ကြည့်နေသည်ဟု စီအိုင်အေ အေးဂျင့်ဟောင်းဖြစ်သူ အက်ဒ၀ပ်စနိုးဒင်က လူသိရှင်ကြား ဖော်ထုတ်ခဲ့သည်။
    Ref : presstv
    ________________________

    တိုင်ဖုန်းနရီကြောင့် ဗီယက်နမ်တွင် လူ ၉-ဦးသေဆုံး

    တိုင်ဖုန်းမုန်တိုင်းများဒဏ်ကို ခံစားနေရသည့် ဗီယက်နမ်ကမ်းရိုးတန်းပြည်နယ်များတွင် ယမန်နေ့အထိ မုန်တိုင်းကြောင့် အနည်းဆုံး လူ ၉-ဦးသေဆုံးခဲ့ပြီး ၆-ဦး ပျောက်ဆုံး ကာ ၇၆-ဦးမှာဒဏ်ရာရရှိခဲ့သည်ဟု ရေကြီးမှုနှင့် မုန်တိုင်းကာကွယ် တားဆီးရေး ဗဟိုကော်မတီက ယနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

    နရီအမည်ရသည့် အဆိုပါ တိုင်ဖုန်းမုန်တိုင်းဒဏ်ကို Thua Thien-Hue၊ Da Nang၊ Quang Namနှင့် Quang Ngai ပြည်နယ်များက အဓိကခံစားခဲ့ရပြီး လူနေအိမ်များ အပါအ၀င် အဆောက်ဦးပေါင်း ၁၂၅၀၀ ကျော်ပျက်ဆီးခဲ့ပြီး စပါးခင်း ၃၅၀-ဧကနှင့် အခြားကောက်ပဲသီးနှံစိုက်ခင်း ၃၂၈၄-ဧကတို့လည်း ပျက်စီးခဲ့သည်။ ထို့ပြင် မုန်တိုင်း ကြောင့် ငါးဖမ်းသင်္ဘော ၇၇-စီးနစ်မြုပ်ခဲ့ပြီး ဓာတ်အားလိုင်းများလည်းပျက်တောက်ခဲ့သည်။ မုန်တိုင်းကြောင့် ပျက်စီးမှုတန်ဖိုးမှာ ဗီယက်နမ်ဒေါင် ၁.၅-ထရီလီယံ (ကန်ဒေါ်လာ ၇၁-ဘီလီယံ) ရှိနေပြီဟု သိရသည်။
    Ref : xinhua
    ________________________

    နိုင်ငံ၏အတွင်းရှိ ထွက်ကုန် ၅၀၀ အတွက် စံညွှန်းအသစ်များ လာမည့်နှစ်တွင် အင်ဒို သတ်မှတ်မည်

    ထွက်ကုန်များ ယှဉ်ပြိုင်ရမှုကို မြှင့်တင်ရန် ကြိုးပမ်းမှုအဖြစ် နိုင်ငံ၏ ထွက်ကုန် ၅၀၀ အတွက် စံချိန်စံညွှန်း အသစ်များကို လာမည့်နှစ်တွင် သတ်မှတ်ရန် စီစဉ်နေသည်ဟု အင်ဒိုနီးရှား စံချိန်စံညွှန်းအေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။

    အဆိုပါ စံညွှန်းသတ်မှတ်မှုတွင် စိုက်ပျိုးရေး၊ အစားအသောက်၊ လျှစ်စစ်၊ စက်ရုံအလုပ်ရုံနှင့် ဆောက်လုပ်ရေး လုပ်ငန်းများအပါဝင် နယ်ပယ်များစွာတို့မှ ထွက်ကုန်များ ပါဝင်မည်ဖြစ်သည်ဟု အမျိုးသား စံချိန်စံညွှန်းသတ်မှတ်ရေး အေဂျင်စီ၏ အကြီးအကဲဖြစ်သူ Bambang Prasetya က ပြောကြားခဲ့သည်။

    အေဂျင်စီအနေဖြင့် ယခုအချိန်အထိ စံညွှန်း ၉၅၀၀ အားသတ်မှတ်ပေးထားကြောင်း၊ အချို့သော စံညွှန်းသတ်မှတ်မှုများမှာ နိုင်ငံတကာစံညွှန်းများဖြစ်ပြီး ထိုစံညွှန်းများကိုအတုယူကာ အင်ဒိုနီးရှား စံညွှန်းအဖြစ် သတ်မှတ်ရန်အတွက် အစိုးရအနေဖြင့် အလိုရှိနေကြောင်း၊ ထိုမှသာ နိုင်ငံအတွင်းရှိ စံညွှန်းသတ်မှတ်ချက်များမှာ နိုင်ငံတကာနှင့် တူညီနိုင်မည်ဖြစ်ကြောင်း Prasetya က ထပ်လောင်းပြောကြားခဲ့သည်။
    Ref : xinhua
    ________________________

    ကာရိုလိုင်းကနေဒီ သံအမတ်အဖြစ် ဂျပန်သို့သွားမည်

    သံအမတ်အဖြစ် ဇူလိုင်လတွင် သမ္မအိုဘားမားက
    အမည်စာရင်း တင်သွင်းထားသည့် ကာရိုလိုင်းကနေဒီမှာ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံတမန်အဖြစ် သွားရောက်တော့မည်ဟု ယမန်နေ့ညပိုင်းက အတည်ပြုခဲ့သည်။

    ကာရိုလိုင်းမှာ ယခင်သမ္မတဟောင်း ဂျွန်အက်ဖ်ကနေဒီ၏ မိသားစုထဲမှ အသက်ရှင်ကျန်ရစ်နေသည့် တစ်ဦးတည်းသော မိသားစုဝင်ဖြစ်ပြီး သံအမတ်ဟောင်း ဂျွန်ရုစ်၏နေရာအားအစားထိုး တာဝန်ထမ်းဆောင်သွားမည် ဖြစ်သည်။

    ရုစ်မှာ ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့သို့ အဏုမြူဗုံးကျရောက်သည့် နှစ်ပတ်လည်အခမ်းအနားကို တက်ရောက်ခဲ့သည့် ပထမဆုံး အမေရိကန် သံအမတ်ဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် တက်ရောက်ခဲ့ခြင်းဖြစ်သည်။

    Harvard and Columbia တက္ကသိုလ်မှ ဘွဲ့ရခဲ့သည့် ကာရိုလိုင်းကနေဒီမှာ ဘွဲ့ရပြီးနောက်ပိုင်း လူထုအကျိုးဆောင် လုပ်ငန်းများတွင် နှစ်မြှုပ်လုပ်ကိုင် နေပြီး သံအမတ်တာဝန်ကို ထမ်းဆောင်ရန်အတွက် ထိုလုပ်ငန်းများအား စွန့်လွှန်တော့မည်ဟု ပြောကြားခဲ့သည်။
    Ref : cnn
    ________________________

    ပါရာဂွေးဇနီးမောင်နှံနှစ်ဦး နှစ်ပေါင်း ၈၀-ကျော်ပေါင်းသင်းခဲ့ပြီးမှ ဘာသာရေးအခမ်းအနားဖြင့် ဘုရားကျောင်းတွင်လက်ထပ်

    ပါရာဂွေးနိုင်ငံရှိ သက်ကြီးဇနီးမောင်နှံနှစ်ဦးမှာ နှစ်ပေါင်း ၈၀-ကျော် အတူ နေထိုင်ခဲ့ပြီးမှ ဘာသာရေးအခမ်းအနားဖြင့် လက်ထပ်ခဲ့ကြောင်း သိရသည်။

    ထိုဇနီးမောင်နှံနှစ်ဦးမှာ အသက် ၁၀၃ နှစ်အရွယ်ရှိ အဘိုးအို ဂျိုဆေး မန်နျူယဲလ် ရီလာနှင့် အသက် ၉၉ နှစ်အရွယ် အဘွားအို မာတီနာ လိုပက်ဇ် တို့ဖြစ်ကြသည်။ ၎င်းတို့နှစ်ဦး၏ လက်ထပ်ပွဲကို ၎င်းတို့၏ အိမ်ရှိပန်းခြံတွင် ပြုလုပ်ခဲ့ပြီး သားသမီး ၈-ယောက်၊ မြေး အယောက်-၅၀၊ မြစ် ၃၅-ယောက်နှင့် တီ အယောက်-၂၀ တို့ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

    ၎င်းတို့နှစ်ဦးမှာ လွန်ခဲ့သော ၄၉-နှစ်က လူမှုရေးအရ လက်ထပ်ပွဲ ပြုလုပ်ခဲ့ သော်လည်း ဘာသာရေးအရ လက်ထပ်ခဲ့ခြင်းမရှိပေ။ သတို့သမီးဖြစ်သူ အဘွားလိုပက်ဇ်က ဘုန်းတော်ကြီး၏ဆုတောင်းပေးမှုကိုခံရချိန်တွင် အလွန်ပင်စိတ်လှုပ်ရှားမိကြောင်းပြောကြားခဲ့ပြီး၊ ခရစ်ယာန် ဘုန်းတော်ကြီး ကိုယ်တိုင် ကလည်း ၎င်းတို့ဇနီးမောင်နှံနှစ်ဦးမှာ မြင်ဖူးသမျှထဲတွင် အသက်အကြီးဆုံး သတို့သားနှင့် သတို့သမီးဖြစ်သည်ဟု ပြောကြားခဲ့သည်။
    Ref : bbc
    ________________________

  • သီတင်းကျွတ်အမီ မန္တလေးမှာ အရောင်းသွက်လာတဲ့ ရောင်စုံတရုတ်မီးပုံးများ

    သီတင်းကျွတ်အမီ မန္တလေးမှာ အရောင်းသွက်လာတဲ့ ရောင်စုံတရုတ်မီးပုံးများ

    အောက်တိုဘာ ၁၇၊ ၂၀၁၃
    M-Media
    ပြည့်ပြည့်

    photo : google
    photo : google

    မန္တလေး   ။          ။ မကြာမီ ကျရောက်တော့မည့် သီတင်းကျွတ်ပွဲတော်အတွက် တရုတ်နိုင်ငံမှ ရောင်စုံမီးပုံးများ ယခင်နှစ်များထက် ပိုမိုဆန်းသစ်သော ဒီဇိုင်းများဖြင့် ရောက်ရှိလာကြောင်း သိရသည်။

    မန္တလေးမြို့တွင် ယခင်နှစ်များထက် ပိုမိုထူးခြားစွာ ရောင်စုံတရုတ်မီးပုံးဒီဇိုင်းအဆန်းများ ၀င်ရောက်လာမှုကြောင့် ပြည်တွင်းဖြစ် မီးပုံများ ယခင်နှစ်များကလောက် အရောင်း မသွက်ကြောင်းတော့ကြောင်းကို ပြည်တွင်းဖြစ် မီးပုံးရောင်းသူတစ်ဦးမှ ပြောသည်။

    “ကျွန်တော်တို့က ဟိုးအရင် နှစ်စဉ်ကတည်းက ပြည်တွင်းဖြစ် ရောင်စုံ မီးပုံလေးတွေကို ရောင်းလာတာပါ။ ဒါပေမယ့် မနှစ်က စပြီးတော့ တရုတ်က လာတဲ့ မီးပုံလေးတွေကိုလည်းတင်ရောင်းတယ်။ တရုတ်ကမီးပုံးက ၀င်တာတော့ ကြာပါပြီ ကျွန်တော်တို့က မနှစ်ကမှ စတင်ဖြစ်တာပါ။ ဒီနှစ်မှာ သိသာသွားတာက ပြည်တွင်းဖြစ်မီးပုံးက အရောင်း တော်တော်ကျသွားတယ်။ ပြည်တွင်းမီးပုံက လက်နဲ့တစ်ခုချင်း လိုက်လုပ်ရတာ အချိန်ကြာတာကြောင့် အများကြီး ထွက်မလာနိုင်ဘူး။ ပြီးတော့ သုံးတဲ့ စက္ကူအမျိုးအစားကလည်း တရုတ်မီးပုံးတွေလောက် တောက်ပမှု သိပ်မရှိတော့ဘူး။ ဒီတော့ တရုတ်ရောင်စုံ မီးပုံးတွေက အရောင်းပိုသွက်သွားတယ်။”ဟု ပြောသည်။

    ယခင်နှစ်များထက် ၀င်ရောက်လာသော ရောင်စုံတရုတ်မီးပုံးများမှာ ဈေးလည်းသင့်တင့်ပြီး ပိုမို စွဲဆောင်မှု ရှိတာကြောင့် အရောင်းသွက်ပြီး ပိုမိုဝင်ရောက်လာကြောင်း သိရသည်။

  • ဥက္ကာခဲကြီး ရုရှမှာတွေ့ရှိ

    အောက်တိုဘာ၊ ၁၇
    M-Media

    _70513773_70513771
    ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရုရှအလယ်ပိုင်းမှာရှိတဲ့ ချီဘာကဲလ်ရေကန်ထဲကို ဥက္ကာခဲကြီးတလုံးပြုတ်ကျခဲ့ပါတယ်။ ဒါကြောင့် ရေတွေခဲနေတဲ့ အဲဒီရေအိုင်ကြီးဟာ ၆ မီတာလောက်ကျယ်တဲ့ အပေါက်ကြီးဖြစ်သွားခဲ့ပါတယ်။

    သိပ္ပံပညာရှင်တွေကတော့ ဒီလောက်ကြီးတဲ့ ဥက္ကာခဲကြီးကို တစ်ကြိမ်မှမတွေ့ဖူးသေးဘူးလို့ ဆိုပါတယ်။ ဥက္ကာခဲကြီးက တခြားဂြိုလ်တစ်ခုကနေ ပဲ့ထွက်လာတာဖြစ်သလို အကျယ်အားဖြင့် ၁၇ မီတာရှိပြီး မတ္ထရစ်တန်ချိန် တစ်သောင်းလေးတယ်လို့ ဆိုပါတယ်။ ဥက္ကာခဲကြီးကျလာတာကြောင့် လူပေါင်း ၁ ထောင်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ ပြတင်းပေါက်တွေကျိုးပျက်ခဲ့ပြီး အဆောက်အဦတွေလည်း သိမ့်သိမ့်တုန်အောင် ခါသွားခဲ့တယ်လို့ ဆိုပါတယ်။

    ရေကန်ထဲက ဥက္ကာခဲကြီးကို ပြန်လည်ဆယ်ယူချိန်မှာတော့ အကျယ်က ငါးပေလောက် (၁.၅မီတာ) ပဲရှိပါတော့တယ်။ ရေထဲမှာတင် အဲဒီဥက္ကာခဲကြီးကို သေသေချာချာရစ်ပတ်ပြီး သံမဏီပြားပေါ်မှာ တင်ပြီးမှာ မြေပေါ်ကို ဆွဲတင်ခဲ့တာပါ။ ဒါပေမယ့်လည်း မြေကြီးပေါ်ရောက်တော့ ဥက္ကာခဲကြီးက အပိုင်းကြီး ၃ ခု ကွဲထွက်သွားခဲ့ပါတယ်။ လန်ဒန်သဘာဝသမိုင်းပြတိုက်က ဒေါက်တာ ကဲရိုလင်းစမစ်ကတော့ အဲဒီအုတ်ခဲတုန်းကြီးကို ဥက္ကာခဲအဖြစ်အတည်ပြုခဲ့ပါတယ်။ အမျိုးအစားကတော့ regmaglypt လို့ခေါ်တဲ့ အနားသားအကာ (ပေါင်မုန့်ဘေးသားအခွံပုံစံ) ဥက္ကာခဲ ဖြစ်တယ်လို့ ဆိုပါတယ်။

    စမစ်ကတော့ အဲဒီလို ဥက္ကာခဲတွေက အာကာသထဲမှာ မီးလုံးကြီးတွေလို ပျံသန်းနေတတ်ကြတယ်လို့ ဘီဘီစီကို ပြောပြပါတယ်။ အပြင်ပိုင်းက ပူလွန်းတာကြောင့် ကြယ်တွေပုံစံလိုမျိုးလင်းလက် နေသလို အဲဒါမျိုးကို fusion crust (ဥက္ကာခဲ အခွံ) လို့ ခေါ်ကြောင်း၊ သူတို့ရဲ့ပုံသဏ္ဌာန်က လက်ဗွေရာနဲ့တူကြောင်း သူမကဆိုပါတယ်။

    Chelyabinsk State University ရဲ့ပရောဖက်ဆာ Sergey Zamozdr ကတော့  ဥက္ကာခဲအကြီးဆုံး ၁၀ ခုတွေ့ရှိခဲ့ရာမှာ ဒီတစ်ခုလည်းအပါအ၀င်ပဲလို့ ဆိုပါတယ်။

    Ref: BBC

  • ဗုံးပေါက်ကွဲမှု့ဖြစ်စဉ်များနှင့် ဆက်လျဉ်းပြီး သတင်းစာ ရှင်းလင်းပွဲလုပ်မည်။

    ဗုံးပေါက်ကွဲမှု့ဖြစ်စဉ်များနှင့် ဆက်လျဉ်းပြီး သတင်းစာ ရှင်းလင်းပွဲလုပ်မည်။

    အောက်တိုဘာ၊ ၁၇
    M-Media

    ရန်ကုန်မြို့နှင့် မြို့ကြီးများတွင် အဆက်မပြတ်ဖြစ်ပွားနေသော ဗုံးပေါက်ကွဲမှုများနှင့် ဆက်လျဉ်းပြီး ဖော်ထုတ်ဖမ်းဆီး ရရှိမှုအခြေအနေများကို မြန်မာနိုင်ငံရဲတပ်ဖွဲမှ သတင်းစာရှင်းလင်းပွဲတ၇ပ် အောက်တိုဘာ ၁၈ ရက် နေလည် ၂း၀၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ရဲ့ FB စာမျက်နှာမှာ ဖော်ပြထားပါသည်။

    တက်ရောက်သတင်းယူလိုသူ သတင်းထောက်များ အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  ဂိတ် (၃) တွင် နေ့လည် ၁၂း၄၅ နာရီ မှ ၁၃း၄၅ နာရီအတွင်း မှတ်ပုံတင်ဝင်ရောက်နိုင်ကြောင်းနှင့် အသေးစိတ်သိရှိ လိုပါက ဦးအောင်ကျော်ဦး၊ ညွှန်ကြားရေးမှူး၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနကို ဆက်သွယ်နိုင်ကြောင်းသိရှိရပါသည်။

    လတ်တလောဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများနှင့် ဗုံးတွေ့ရှိမှုများ
    —————————————————
    ၁။ အောက်တိုဘာ ၉ ပဲခူးတိုင်း ဖြူးမြို့နယ်၊ဖြူးစာတိုက် ရုံးရှေ့ ခရီးသည် တင်ယာဉ်ပေါ်တွင် လက်လုပ် ဗုံးတလုံးတွေ့ရှိခဲ့
    ၂။ အောက်တိုဘာ ၁၁ တောင်ငူမြို့ရှိ ချမ်းမြေ့ဧည့်ရိပ်သာတွင် ဗုံးပေါက်ကွဲ ၂ ဦး သေဆုံး ၊ ၁ ဦး ဒဏ်ရာရ
    ၃။ အောက်တိုဘာ ၁၃ ရန်ကုန်မြို့ စော်ဘွားကြီးကုန်း အဝေးပြေးဝင်းရှေ့ ဗုံးတလုံးပေါက်ကွဲ၊ အနီးတွင် အခြား ချိန်ကိုက်ဗုံး ဖယ်ရှားနိုင်၊
    ၄။ အောက်တိုဘာ ၁၃ ဒေါပုံမြို့နယ်နှင့် သာကေတမြို့နယ်ကြား ယမုံနာလမ်းဘေး၊ ဗုံးပေါက် ၁၄ နှစ် အရွယ်ကလေး ၂ ဦး ဒဏ်ရာရ၊
    ၅။ အောက်တိုဘာ ၁၄  ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ် ၉ လွှာ ဗုံးပေါက် အမေရိကန်သူ တစ်ဦး ဒဏ်ရာရ၊
    ၆။ အောက်တိုဘာ ၁၄  ရန်ကုန်မြို့ အလုံမြို့နယ်၊ ကမ်းနားလမ်းမ ဘေးရှိ Western Park Ruby စားသောက်ဆိုင်တွင် ချိန်ကိုက်မိုင်းတလုံးတွေ့၊ အချိန်မှီဖယ်ရှားနိုင်၊
    ၇။ အောက်တိုဘာ ၁၄  မန္တလေးမြို့၊ကျုံးအနောက်ဘက် ၁၆ လမ်းနှင့် လမ်း ၈၀ ထောင့်ရှိ ရွှေဘဲ စားသောက်ဆိုင်အနီးတွင် ချိန်ကိုက်ဗုံးတွေ စနက်တံဖြုတ်မရ သဖြင့် ဖောက်ခွဲလိုက်ရ၊
    ၈။ အောက်တိုဘာ ၁၅  စစ်ကိုင်းမြို့ ရွှေပြည့်စုံတည်းခိုခန်း ဗုံး ၁ လုံးပေါက် ဒဏ်ရာရသူမရှိ၊
    ၉။  အောက်တိုဘာ ၁၅  စစ်ကိုင်းမြို့ ဆွမ်းဦးပုညရှင်ဘုရား အ၀င်ယာဉ်ရပ်နား ၀င်းအနီး ဗုံး ၁လုံးပေါက် ဒဏ်ရာရသူမရှိ၊
    ၁၀။ အောက်တိုဘာ ၁၇ ရှမ်းပြည်နယ် နမ်းခမ်းမြို့ ဗုံး ၃ လုံးပေါက်၊ ၁ ဦးသေ၊ ၇ ဦး ဒဏ်ရာရ၊