News @ M-Media
Blog
  • တရုတ်သိပ္ပံပညာရှင်များအား အာကာသ ညီလာခံ တက်ရောက်ခွင့် ပိတ်ပင်ထားခြင်းကို နာဆာ(NASA) ပြန်ရုတ်သိမ်း
    အောက်တိုဘာ- ၂၁
    M-Media
    space-nasa-chinese-scientists.si
    တရုတ်သိပ္ပံပညာရှင်တွေကို အာကာသဆိုင်ရာ ညီလာခံတက်ရောက်ခွင့် ပိတ်ပင်တဲ့အပေါ် မနှစ်သက်တဲ့အတွက် ဒီညီလာခံကို ဝိုင်းကြဉ်ဖို့ အမေရိကန် အာကာသယာဉ်မှုးတွေရဲ့ ဆန္ဒ ထုတ်ဖော်တောင်းဆို လိုက်တဲ့နောက်မှာ နာဆာက ဒီဆုံးဖြတ်ချက်ကို ပြန်ရုတ်သိမ်းလိုက်ပါတယ်။အမေရိကန် အာကာသယဉ်မှုးတွေဟာ ပညာရပ်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့်အတွက် ခုလိုပြုလုပ်ခဲ့ကြတာပါ။
    ဒီညီလာခံကို နိုဝင်ဘာလ အစောပိုင်း ကယ်လီဖိုးနီးယားမှာ ကျင်းပဖို့ဖြစ်ပြီး နေအဖွဲ့အစည်းအပြင်ဖက်က ဂြိုဟ်တွေ အကြောင်း အဓိက ဆွေးနွေးကြဖို့ဖြစ်ပါတယ်။
    တရုတ်သိပ္ပံပညာရှင်တွေကို ပိတ်ပင်ရတဲ့အကြောင်းအရင်းက သူတို့ရဲ့ တရုတ်နိုင်ငံသားဖြစ်မှုနဲ့ လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်တွေ အတွက် ဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဒီအကြောင်းကြောင့် ထင်ရှားတဲ့ အမေရိကန် အာကာသ ယာဉ်မှူးများကြားမှာ ဒေါသလှိုင်းတွေ ပြင်းထန်ခဲ့ကြပါတယ်။
    ” ဒီညီလာခံ အစည်းအဝေးက ကမ္ဘာနဲ့ သန်းပေါင်းများစွာ ကွာဝေးတဲ့ ဂြိုဟ်တွေအကြောင်းပါ၊ ဘယ်လို အမျိုးသားလုံခြုံရေးနဲ့မှ မပတ်သတ်ပါဘူး” လို့ ဘာကလေ မှာရှိတဲ့ ကယ်လီဖိုးနီးယား တက္ကသိုလ် အာကာသဆိုင်ရာ ပါမောက္ခ ဖြစ်သူ ဂျော့ဖ် မာဆီ က အစည်းအဝေးစီစဉ်သူတွေထံပေးပို့တဲ့ အီးမေးလ် မှာ ထောက်ပြထားပါတယ်။
    တရုတ်နိုင်ငံခြားရေးဝန်ကြီးကလည်း နာဆာရဲ့ ငြင်းပယ်မှုကို ခွဲခြားနှိမ့်ချမှုအဖြစ် ရှုံ့ချထားပြီး နိုင်ငံရေးဟာ ပညာရေးဆိုင်ရာ ညီလာခံဆွေးနွေးမှုတွေမှာ နေရာ မရှိသင့်ဘူးလို့ ဝေဖန်ထားပါတယ်။
    ရက်အတန်ငယ်ကြာတဲ့အခါမှာ နာဆာက တရုတ်သိပ္ပံပညာရှင်ခြောက်ဦးထံကို ဥပဒေကြောင်း အရပြန်သုံးသပ်တဲ့အခါ ဘယ်လိုမှ အတားအဆီး မရှိတာကြောင့် တက်ရောက်ခွင့်ပေးမယ့် အကြောင်းစာပြန်ခဲ့ပါတယ်။
    ” ကိုးကားထုတ်ပြန်တဲ့ ဥပဒေတွေကို ပြန်လည်ရှင်းလင်းပြီးဖြစ်တာကြောင့် ဆုံးဖြတ်ချက်ကို ပြန်ရုတ်သိမ်းပြီးဖြစ်ပါတယ် ” ဒီအကြောင်းကြားစာကို ကိုးကားလို့ ဆင်ဟွာ သတင်းဌာနက တနင်္လာနေ့ကထုတ်ပြန်ခဲ့ပါတယ်။
    သို့ပေမယ့် လိုအပ်တဲ့ စီစစ်မှုတွေများစွာပြုလုပ်ဖို့ လိုအပ်နေပြီး သက်ဆိုင်ရာရုံးတွေဟာ အမေရိကန် အစိုးရရုံးတွေ ယာယီရပ်နားထားမှုနဲ့တိုက်ဆိုင်နေတာကြောင့် ဒီထုတ်ပြန်ချက်က အချိန်မီပါ့မလား မသေချာပါဘူး။
    နာဆာ အကြီးအကဲတစ်ဦးဖြစ်သူ ချားလ်စ် ဘိုးဒန်း ကတော့ ဒီလအစောပိုင်းမှာ ကော်မတီရဲ့ ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ဖို့ တောင်းဆိုခဲ့ပြီး ညီလာခံကို စီစဉ်တဲ့ အမေရိကန် အမျိုးသားလေကြောင်းနဲ့ အာကာသ လေ့လာရေးစင်တာ ( Ames Research Centre ) က အလယ်တန်းမန်နေဂျာတွေကို အပြစ်တင်ခဲ့ပါတယ်။
    ဒီလ အမေရိကန် အစိုးရရုံးတွေ တစ်စိတ်တပိုင်းရပ်နားမှုကြောင့် ကွန်ဂရက်က လုံလောက်တဲ့ ဘတ်ဂျက် အချိန်မီထုတ်မပေးနိုင်တာကြောင့် နာဆာဝန်ထမ်းတွေရဲ့ ၉၇ ရာခိုင်းနှုန်းခန့်ဟာ လစာမရဘဲ အိမ်ပြန်နားခဲ့ကြရပါတယ်။
    Source AFP
  • ASEAN CIVIL SOCIETY CONFERENCE, ASEAN People Forum (2014) ကျင်းပရေး သတင်းစာရှင်းလင်းပွဲပြုလုပ်
    ASEAN CIVIL SOCIETY CONFERENCE, ASEAN People Forum (2014) ကျင်းပရေး သတင်းစာရှင်းလင်းပွဲပြုလုပ်
    အောက်တိုဘာ ၂၁-၂၀၁၃
    M-Media
    A.N.Lay
    DSC00787
    ရန်ကုန် ။        ။          ASEAN CIVIL SOCIETY CONFERENCE, ASEAN People Forum (2014) ကျင်းပရေးနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ယနေ့ နေ့လည် ၃း၀၀-နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ Crystal Jade စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သည်။
    ယခုကဲ့သို့ Forum ပြုလုပ်ခြင်းသည် ပထမဦးဆုံး အခွင့်အရေးကို ဒုတိယ အကြိမ်ပြန်လည်ရရှိခြင်းဖြစ်ပြီး တိုက်ဆိုင်စွာပင် တိုင်းပြည် ပြုပြင်ပြောင်းလဲမှုတွေဖြစ်နေတယ် ဆိုသည့် ပြောကြားချက်များနှင့် ကိုက်ညီသည့် အချိန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေနှင့် အမှန် တကယ်တမ်းပြုပြင်ပြောင်းလဲမှုများ၊ လူထုအဖွဲ့အစည်းနဲ့ ပါဝင်ခဲ့သည်ကို မှတ်ကျောက်တင်နိုင်ရန် အတွက် ယခုဖိုရမ်ကို ဝိုင်းဝန်းပံ့ပိုး လုပ်ဆောင်ရန်၊ သက်သေပြနိုင်ရန် အခွင့်အလမ်းတစ်ရပ် အဖြစ် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
    ယခုအခါ တိုင်းပြည်အနေနှင့် လူ့အခွင့်ရေးချိုးဖောက်ခံရသည့် နိုင်ငံဟု လူသိများသော်လည်း လူ့အခွင့်ရေးကိစ္စတွေကို မြန်မာနိုင်ငံတွင်မက ဒေသဆိုင်ရာကပါ ဝိုင်းဝန်း ဆွေးနွေးနိုင်သည့် အဆင့်မြင့်နိုင်ငံတစ်ခုအဖြစ် ပြသရန် ပြည်သူလူထုအင်အားများ လိုအပ်ကြောင်း၊ ယခု ဖြစ်မြောက်ရန် အဓိက ငွေကြေးပိုင်းဆိုင်ရာ လိုအပ် ကြောင်း၊ အစိုးရအနေနှင့်လည်း ပံပိုးမှု မပေးနိုင်သည့် အနေအထားရှိနေကြောင်း၊ ခရီးသွားလာမှုမှာလည်း အာဆီယံနိုင်ငံများ ပါဝင်သည့် အတွက် ဗီဇာပိုင်းဆိုင်ရာ ကြာမြင့်မှုများ ရှိနေတတ်ကြောင်း၊ ပြည်နယ်တွေကို သွားရောက်သည့်အခါ တစ်ခါတစ်ရံတွင် ကျေးလက်တောရွာများတွင် ကန့်သတ်မှုများရှိနေသည်မှာ အခက်အခဲ တစ်ရပ်ဖြစ်ကြောင်းကို Equality Myanmar မှ Director ဖြစ်သူ ဦးအောင်မျိုးမင်းက ပြောကြားခဲ့သည်။
    DSC00796
    “ဆက်ပြီးလည်း ကျွန်တော်တို့ ၂၀၁၄-ခု မတ်လ နောက်ဆုံးပတ်မှာ Forum ကို ၃-ရက်ကျင်းပဖို့ရှိပါတယ်။ ရန်ကုန်မြို့မှာပဲ ကျင်းပမှာပါ။ နောက်ပြီး ကျွန်တော်တို့ ဘက်က ပြင်ဆင်မှုတွေ အများကြီးလုပ်နေပါတယ်။ အောင်မြင်မှုရရှိမယ်လို့လည်း ယုံကြည်တယ်။ Asean People Forum ဖြစ်တဲ့အတွက် ပြည်သူလူထုက ပြည်သူ လူထုရဲ့ ပုံစံမျိုး နဲ့ပိုက်ဆံ မရရင်တောင်မှာ အဲ့ဒီလိုမျိုးနည်းနဲ့ဖြေရှင်းသွားမှာဖြစ်ပါတယ်။  ထပ်ပြီးပြောချင်တာက ကျွန်တော်တို့ဒီလိုကိစ္စလုပ်တဲ့အခါမှာ အစိုးရ ဘက်ကလည်း ပံပိုးမှုလိုအပ်သလို၊ ကျွန်တော်တို့ဘက်ကလည်း တာဝန်ယူမှုတွေ အများကြီး လိုအပ်ပါတယ်။ နောက် တိုင်းပြည်တစ်ပြည်မှာ တိုးတက်လာပြီဆိုတဲ့ကိစ္စက ဒီ Asean People Forum တွေ ကလည်းမှတ်ကျောက်တင်စရာတစ်ခုဖြစ်တဲ့အတွက် Asean People Forum တွေက ထွက်လာတဲ့ရလဒ်တွေကို အစိုးရတွေ ကိုယ်တိုင် တကယ်လေးစား လိုက်နာမယ့် လုပ်ငန်းစဉ်မျိုး ယန္တရားမျိုးကို အလှည့်ကျတဲ့ မြန်မာနိုင်ငံမှာ ဖော်ဆောင်နိုင်မယ် ဆိုရင်တော့ ဂုဏ်ယူ ဝမ်းမြောက်စရာ ဖြစ်မှာပါ”ဟု ဦးအောင်မျိုးမင်းက မီဒီယာကို ပြောကြားပါသည်။
  • မလက္ကားရေလက်ကြားက ဓါတ်ငွေ့တွေကြောင့် တရုတ်-မလေး နယ်နိမိတ်အငြင်းပွားသလို ရွှေပိုက်လိုင်းကြီးကြောင့် ဘာတွေဖြစ်လာဦးမှာလဲ
    M-Media
    အောက်တိုဘာလ ၂၁ ရက်၊ ၂၀၁၃
    1402956_567459753309914_1673368760_o
    ကီလိုမီတာ ၂၅၀၀ ရှည်တဲ့ မြန်မာနဲ့ တရုတ်အကြားသွယ်တန်းထားတဲ့ ဓါတ်ငွေ့ပိုက်လိုင်း နောက်ဆုံးအဆင့်ပြီးစီးသွားလို့ လုပ်ငန်းခွင့် အပြည့်အ၀လည်ပတ်နေပြီလို့ တရုတ်မီဒီယာတွေက ဒီကနေ့မှာ သတင်းတင်ပြကြပါတယ်။
    ပိုက်လိုင်းရဲ့ အပြီးသတ်အဆင့်ကို တရုတ်ပြည်တွင်းမှာ ဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။ မြန်မာပြည် ကျောက်ဖြူကနေ တရုတ်ပြည် အနောက်တောင်ဘက်မှာရှိတဲ့ ယူနန်၊ ဂွီဇောင်း၊ ချောင်ကျင်းနဲ့ ဂွမ်ဇီမြို့တွေကို သွယ်တန်းထားတဲံ ပိုက်လိုင်းကြီးက တနင်္ဂနွေနေ့မှာ အပြီးသတ်လို့ အပြည့်အ၀လည်ပတ်နေပြီဖြစ်တယ်လို့ ဂလိုဘယ်လ်တိုင်းမ်စ်က သတင်းတင်ဆက်ခဲ့ပါတယ်။
    ဝေဖန်သူတွေကတော့ ပိုက်လိုင်းတလျှောက်မှာရှိတဲ့ ဒေသခံတွေရဲ့ မြေနေရာတွေ ထိခိုက်ဆုံးရှုံးခဲ့တာမျိုးတွေ၊ ပတ်ဝန်းကျင်ပျက်ဆီးယို့ယွင်းမှုတွေ ရှိနေတယ်လို့ ပြောဆိုသတိပေးကြကြောင်း စီအင်အေ သတင်းက ပြောပါတယ်။
    ဒီဓါတ်ငွေ့ပိုက်လိုင်းကြီးက မြန်မာအစိုးရစစ်တပ်နဲ့ ကချင်တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားခဲ့တဲ့ တရုတ်နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ ရုအိလိမြို့ကိုလည်း ဖြတ်သန်းသွယ်တန်းထားပါတယ်။ ဒီပိုက်လိုင်း ကြီးကနေ တရုတ်ကို တစ်နှစ်မှာ ကုဗမီတာ ၁၂ ဘီလီယံရှိတဲ့ ဓါတ်ငွေ့တွေ တင်ပို့သွားမှာ ဖြစ်ပါတယ်။
    တရုတ်နိုင်ငံ ဇီယာမင်းတက္ကသိုလ်ရဲ့ ပါမောက္ခ လင်ဘိုကျင်းကတော့ မလေးရှားပိုင် မလက္ကာရေလက်ကြားကနေပြီး တရုတ်ကို ဓါတ်ငွေ့တွေ တင်သွင်းနေရာကနေ အခု နောက်တလိုင်းတိုးပြီး မြန်မာပြည်ကနေ ဓါတ်ငွေ့ရရှိတော့မှာဖြစ်တာကြောင့် ပင်လယ်ရေအောက်ကနေ သွယ်တန်းထားတဲ့ တရုတ်-မလက္ကာဓါတ်ငွေ့လိုင်းကြောင့် ဖြစ်ပေါ်လာမယ့် ပင်လယ်ရေအောက် အန္တရာယ်တွေကို လျှော့ချနိုင်တော့မယ်လို့ ပြောပါတယ်။
    စွမ်းအင်ရှားပါးတဲ့ တရုတ်နိုင်ငံဟာ မလက္ကာရေလက်ကြားကနေ ဓါတ်ငွေ့တွေ သွင်းနေပေမယ့် မလေးရှားနိုင်ငံနဲ့ တောင်တရုတ်ပင်လယ်တွင်းက ကျွန်းတွေ ပိုင်ဆိုင်မှုမှာ အကြီးအကျယ် အငြင်းပွားနေခဲ့တာပါ။ ဒါဟာ တရုတ်ရဲ့ ဓါတ်ငွေ့လိုအပ်ချက်နဲ့ အဲဒီအငြင်းပွားမှုအကြား အဆက်အစပ်ဖြစ်နိုင်တယ်လို့လည်း လေ့လာသူများက ဝေဖန်နေကြပါတယ်။
    ဓါတ်ပုံ – ဘီဘီစီ
  • အီးဒ်နေ့မှာ ရွှေတိဂုံ ကို ဗုံးခွဲဖို့ အကြမ်ဖက်သမားများ ကြံစည်ခဲ့ကြောင်း KNU ပြော၊ လွန်ခဲ့သည့် ၂ ရက် အစိုးရသတင်းစာ ရှင်းလင်းပွဲတွင် အဆိုပါအချက်မပါဝင်ခဲ့
    အောက်တိုဘာ၊ ၂၀
    M-Media
    phdo nyein maung
    မြန်မာနိုင်ငံအတွင်းက ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွေမှာ ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ အောက်ခြေအဖွဲ့ဝင်တွေ ပါဝင်နေပြီး အခုထိ နောက်ကွယ်ကနေ ဘယ်သူကြိုးကိုင်နေတယ် ဆိုတာကို မသိရသေးသလို အခုလို ကြံစည်မှုတွေရဲ့နောက်မှာ နိုင်ငံရေးရည်ရွယ်ချက် တခုခု ရှိပုံထောက်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဖဒို မန်းငြိမ်းမောင်က ပြောပါတယ်။
    ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ စစ်ကိုင်းနဲ့ နမ့်ခမ်းမြို့တွေမှာ ပေါ်ပေါက်ခဲ့တဲ့ ဗုံးကွဲမှုတွေ ၊ ဗုံးတွေ့မှုတွေဟာ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပွားအောင်၊ အစိုးရနဲ့ တိုင်းရင်းသား အင်အားစုတွေ အကြား တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ ပျက်ပြားအောင် စီစဉ်ဆောင်ရွက် ခဲ့တာသာဖြစ်တယ်လို့ KNU ကရင် အမျိုးသား အစည်းရုံးမှ တာဝန်ရှိသူတွေက ဒီကနေ့ပြောကြားပါတယ်။
    လက်ရှိဗုံးဖောက်ခွဲမှုတွေ လုပ်ဆောင်ခဲ့တဲ့ တရားခံတွေကို KNU ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေကစစ်ဆေးတဲ့ အခါမှာတော့ ရန်ကုန်မှာရှိတဲ့ ရွှေတိဂုံဘုရားကြီးကိုပါ ဗုံးဖောက်ခွဲဖို့ အထိ ကြံစည်ခဲ့တာကို တွေ့ရတယ်လို့ ဖဒို မန်းငြိမ်းမောင်က ပြောပါတယ်။
    ဗုံးဖောက်ခွဲဖို့ ကြိုးစားတဲ့ တရားခံတွေကို စစ်ဆေးမေးမြန်းကြည့်ခဲ့တဲ့အခါမှာ သာသနိက အဆောက်အအုံတွေ ကိုပါ ဖောက်ခွဲရေးလုပ်ဖို့ ကြံစည်ခဲ့တာကိုတွေ့ရပြီး မူဆလင် ဘာသာဝင်တွေရဲ့ အစ်နေ့မှာ ရွှေတိဂုံဘုရားမှာ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွေဖြစ်ဖို့အထိ ကြံစည်ခဲ့တာ ကိုတွေ့ရတယ်-လို့လည်း သူကပြောပါတယ်။
    လက်ရှိအချိန်မှာတော့ KNu အောက်ခြေပိုင်းမှလည်း အခုလို ဗုံးဖောက်ခွဲမှုတွေ လုပ်ခဲ့တဲ့ လူတွေကို သိနိုင်အောင် KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးကိုယ်တိုင် ကရင် ပြည်နယ်ပြန်ရောက်ရင် အောက်ခြေထိ ကိုယ်တိုင် မေးမြန်းစုံစမ်းမှုတွေ လုပ်ဆောင်မှာဖြစ်တယ်လို့လည်း ဖဒိုမန်းငြိမ်းမောင်က ပြောပါတယ်။
    လွန်ခဲ့သည့် ၂ ရက် အောက်တိုဘာ ၁၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အတွင်းမှာ ပြုလုပ်တဲ့  လွန်ခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရန်ကုန်မြို့အပါအ၀င် မြန်မာနိုင်ငံ အတွင်းက နေရာတချို့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တာနဲ့ ပတ်သက်လို့ အစိုးရ တာဝန်ရှိသူတွေရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အဆိုပါ အချက်ကို ထုတ်ဖော်ထည့်သွင်းရှင်းလင်းသွားတာကို မတွေ့ခဲ့ရပါဘူး။
    ကိုးကား VOA,RFA
    ဓာတ်ပုံ အောင်ရဲမောင်မောင်/ဗွီအိုအေ (မြန်မာပိုင်း)
  • အောက်တိုဘာ ၂၀၊ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းတို
    အောက်တိုဘာ ၂၀၊ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းတို
    အောက်တိုဘာ ၂၀၊ ၂၀၁၃
    M-Media
    အာရှဒီမိုကရေစီ ကွန်ရက်ညီလာခံ တောင်ကိုရီးယားသို့ ဦးမင်းကိုနိုင်တက်ရောက်
    တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ အာရှဒီမိုကရေစီ ကွန်ရက် ညီလာခံကို တက်ရောက်ရန်အတွက် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်ဖြစ်သူ ဦးမင်းကိုနိုင်ဟာ ယနေ့ မနက်ပိုင်းက တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေကြာင်းနဲ့ ကွန်ရက် ညီလာခံသို့ မြန်မာနိုင်ငံရှိ အခြားသော အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များလည်း တက်ရောက်ကြကြောင်း၊ ယခု ကိုရီးယားခရီးစဉ်ဟာ ဦးမင်းကိုနိုင်၏ တောင်ကိုရီးယားနိုင်ငံသို့ ဒုတိယမြောက် ခရီးစဉ်ဖြစ်ကြောင်း ဧရာဝတီသတင်းဌာနမှ သိရှိရပါတယ်။
    _______________________
    ဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စ ပုသိမ်တွင် လူထုသဘောထားခံယူ
    ၂၀၀၈-ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား ပြင်ဆင်မည် သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲမည်ဆိုသည်အား လူထုသဘောထားခံယူပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီက ယနေ့မှာ ဧရာဝတီတိုင်း ပုသိမ်မြို့၌ ပြုလုပ်ခဲ့ပြီး NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်း၊ တရားရုံးချုပ် ရှေ့နေ ဦးကျော်ဟိုးနဲ့ ဧရာဝတီတိုင်း ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ဦးဝေလှိုင်ထွန်းတို့က ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ RFA သတင်းမှာ ဖော်ပြထားပါတယ်။
    ______________________
    သီလ၀ါသိမ်းဆည်းခံ မြေယာများပြန်လည်ပေး
    သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းတည်ဆောက်ရန်အတွက် မြေယာအိမ်များ ဖယ်ရှားခံရသူများအား နစ်နာခအဖြစ် ပြန်လည်ပေးအပ်သည်ဟု မဇ္ဈိမသတင်းဌာနမှ သိရှိရပါသည်။
    ______________________
    အီဂျစ်နှင့် ဆီးရီးယား ကိစ္စတွင် ပါဝင်ခြင်းမရှိဟု ဟားမက်စ်ပြောဆို
    အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် အီဂျစ်နှင့် ဆီးရီးယားနိုင်ငံများတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများတွင် ၎င်း၏ အဖွဲ့ဝင်များ ပါဝင်ခြင်းမရှိဟု ဂါဇာကမ်းမြှောင်ဒေသ၏ ဟားမက်စ်ဝန်ကြီးချုပ် အစ္စမေးလ် ဟာနီယာက ပြောကြားလိုက်သည်။
    “ကျွန်တော်တို့ဟာ ဘယ်နိုင်ငံရဲ့ ကိစ္စကိုမှ ၀င်ရောက်စွက်ဖက်ခြင်း မပြုပါဘူး။ ပြီးတော့ နိုင်ငံတွေရဲ့ ပြည်တွင်းရေးတွေမှာလည်း ကျွန်တော်တို့ မပါဝင်ပါဘူး” ဟု ဟာနီယာက ယမန်နေ့တွင်ပြောကြားခဲ့သည်။
    ထို့ပြင် ဟားမက်စ်အဖွဲ့နှစ်ပက်သက်ပြီး မီဒီယာများ၏အခြေအမြစ်မရှိသော စွပ်စွဲချက်များကို ရပ်တန့်ရန် တိုက်တွန်းပြောဆိုလိုက်ပြီး ပါလက်စတိုင်းပြည်သူများအတွက် ဦးဆောင်ဦးရွက်ပြုရခြင်းနှင့် ၎င်းတို့ ခံစားမှုများ၊ ၎င်းတို့၏ လွတ်မြောက်မှု၊ ဂုဏ်သိက္ခာနှင့် ဒီမိုကရေစီအရေးကိစ္စများကို ဆောင်ရွက်နေရခြင်းကို ဂုဏ်ယူမိသည်ဟု
    ထပ်လောင်းပြောကြားခဲ့သည်။
    Ref : aljazeera
    ________________________
    လူခန္ဓာကိုယ်အစိတ်အပိုင်းများအား မှောင်ခိုရောင်းချမှုများ ဗြိတိန်တွင်မြင့်တက်
    ဗြိတိန်နိုင်ငံတွင် လူ၏ခန္ဓာကိုယ်အစိတ်အပိုင်းများအား မှောင်ခိုရောင်းချမှုမှတ်တမ်းများမှာ မြင့်တက်လာခဲ့ပြီး မကြာသေးမီကလည်း ခန္ဓာကိုယ်အစိတ်အပိုင်းများအား ထုတ်ယူရန်ရည်ရွယ်၍ အမျိုးသမီးငယ်တစ်ဦးအား လူကုန်ကူးလာသည့် အဖြစ်အပျက်တစ်ခုလည်း ဖြစ်ပွားခဲ့သည်။
    ဆိုမာလီနိုင်ငံမှ အမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး သူမ၏ ခန္ဓာကိုယ်အစိတ်အပိုင်းအား မှောင်ခိုဈေးကွက်တွင် ရောင်းချရန်အလို့ငှာ လူကုန်ကူးသူများက ဗြိတိန်သို့ ခေါ်ဆောင်လာခဲ့သည့် ဖြစ်စဉ်တစ်ခုကို အစိုးရက ထုတ်ပြန်သောကြေညာချက်တွင် ရေးသားထားကြောင်း Daily Telegraph သတင်းစာတွင် ဖော်ပြခဲ့သည်။
    ထိုကြေညာချက်တွင် တစ်ဦးဖော်ပြထားသော်လည်း ကလေးငယ်များကို ကာကွယ်စောင့်ရှောက်နေသည့်အဖွဲ့က လူကုန်ကူးသူများမှာ အဖွဲ့လိုက်ကုန်ကူးလေ့ရှိကြ သဖြင့် ထိုကဲ့ဖြစ်စဉ်တွင်ပါဝင်သူမှာ သူမ တစ်ဦးတည်းမဟုတ်နိုင်ကြောင်း ပြောကြားခဲ့သည်။
    ယမန်နှစ်အတွင်း ဗြိတိန်သို့လူကုန်ကူးခြင်းခံရသည့် အရေအတွက်မှာ ယခင်နှစ်များထက် ၅၀ ရာခိုင်နှုန်းကျော် ပိုများလာပြီး ထိုလူများထဲမှ ကလေးငယ် ၃၇၁ ဦးမှာ အစေခံဖြစ်လည်းကောင်း၊ လိင်အလုပ်သမားအဖြစ်လည်းကောင်း လုပ်ဆောင်နေရကြောင်း၊ လူကုန်ကူးခံရသူအများစုမှာ ဗီယက်နမ်၊ နိုက်ဂျီးရီယား၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် ရိုမေးနီးယားနိုင်ငံတို့မှ ဖြစ်ကြသည်ဟု အစိုးရ၏ ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။
    ကလေးငယ်များအား ကာကွယ်စောင့်ရှောက်ရေးအဖွဲ့အစည်းများက ဗြိတိန်နိုင်ငံရှိ ခန္ဓာကိုယ်အစိတ်အပိုင်းအစားထိုးကုသမှုများအား ရာဇ၀တ်ဂိုဏ်းသားများက အမြတ် ထုတ်နေကြကြောင်း၊ ထိုဂိုဏ်သားများမှာ ခန္ဓာကိုယ်အစိတ်အပိုင်းများအား ထုတ်ယူရောင်းစားရန်အတွင် အခြားနိုင်ငံများမှ ကလေးငယ်များအား လူကုန်ကူးကြကြောင်း သတိပေးပြောဆိုခဲ့သည်။
    Ref : presstv
    ________________________
    ဗျူနိုအေရီးစ်တွင် ရထားတိမ်းမှောက်မှုဖြစ်ပွား အနည်းဆုံး ၁၀၀ နီးပါးခန့် ဒဏ်ရာရ
    ယမန်နှစ်က လူပေါင်းများစွာသေဆုံးခဲ့သည့် ရထားတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ဗျူနိုအေရီးစ်ရှိ ဘူတာရုံတစ်ခုတွင် ယမန်နေ့ကလည်း ရထားတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၉၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
    ယမန်နေ့ ဒေသစံတော်ချိန် ၇ နာရီ ၂၅ မိနစ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ သေဆုံးသူမရှိသေးဘဲ တိမ်းမှောက်ရသည့်အကြောင်းအရင်းကို မသိရှိရသေးဟု ရထားပို့ဆောင်ရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။
    ရထားပေါ်တွင်လိုက်ပါသွားသည့် ခရီးသည်တစ်ဦးကမူ အဆိုပါရထားမှာ ယခုကဲ့သို့တိမ်းမှောက်မှု မဖြစ်ပွားမီ ဘူတာရုံနှစ်ခုတွင် ဘရိတ်ပြဿနာနှစ်ကြုံတွေ့ရခဲ့သည်ဟု ထင်မြင်မိကြောင်းပြောကြားခဲ့သည်။
    အခင်းဖြစ်ပွားပြီးလျှင်ပြီးခြင်း အလူနာတင်ကားများ၊ လူနာတင်ရဟတ်ယာဉ်များရောက်ရှိလာကာ ဒဏ်ရာရရှိသူများအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။
    အဆိုပါဘူတာရုံတွင် ယမန်နှစ် ဖေဖော်ဝါရီလကလည်း ရထားတိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ၅၁ ဦးသေဆုံးကာ ၇၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်။
    Ref : channelnewsasia
    ________________________
    အမေရိကန်က မောင်းသူမဲ့ လေယာဉ် ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် ၄၈ နာရီအတွင်း အာဖဂန်အရပ်သား ၂၃ ဦးသေဆုံး
    အာဖဂန်နစ္စတန်နိုင်ငံရှိ နေရာလေးခု၌ ပြီးခဲ့သည့် ၄၈ နာရီအတွင်း အမေရိကန် မောင်းသူမဲ့ လေယာဉ်မှ ဒရုန်း များဖြင့်တိုက်ခိုက်ခဲ့မှုကြောင့် အာဖဂန်ပြည်သူ ၂၃ ဦးသေဆုံးခဲ့သည်ဟု သိရသည်။
    ယမန်နေ့က နိုင်ငံအရှေ့ပိုင်း ပါကစ္စတန်နယ်စပ် ကူနာပြည်နယ် တိုက်ခိုက်မှုတွင် အရပ်သား ၁၀ ဦး၊ သောကြာနေ့က နူရစ္စတန်ပြည်နယ်တွင် ၂ ဦးနှင့် ကန်ဒဟာပြည်နယ် တွင် ၁၁ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင့် အာဖဂန်တာဝန်ရှိသူများက ပြောကြားထားသည်။
    ကုလသမဂ္ဂက တားမြစ်ထားသည့် မောင်းသူမဲ့ လေယာဉ်မှ ဒရုန်းများ ဖြင့်တိုက်ခိုက်မှုများမှာ စစ်သွေးကြွများကိုသာ ရည်ရွယ်သည်ဟု ၀ါရှင်တန်က ပြောဆိုထားသော်လည်း များသောအားဖြင့် အရပ်သားများသာ သေဆုံးနေသည်ဟု စစ်တမ်းများက ဖော်ပြနေသည်။
    Ref : presstv
    ________________________
    စင်ကာပူနိုင်ငံသားတစ်ဝက်ကျော်မှာ လုံလောက်သော အသက်အာမခံမရှိဟု စစ်တမ်းများက ဖော်ပြ
    စင်ကာပူနိုင်ငံ၏ နိုင်ငံသားထက်ဝက်ကျော်မှာ လုံလောက်သောအသက်အာမခံ မရှိကြဘဲ လေးပုံသုံးပုံမှာလည်း ၎င်းတို့အတွက် ဆေးအာမခံရှိသည်ကိုပင် မသိကြသည့် မကြာသေးမီကပြုလုပ်ခဲ့သော စစ်တမ်းများအရ တွေ့ရှိရသည်။
    ထိုတွေ့ရှိချက်မှာ ၂၀၁၃ ခုနှစ် ဧပြီလမှ အောက်တိုဘာလအထိ အမျိုးသား ဘဏ္ဍာရေးဆိုင်ရာသင်ကြားမှုပရိုဂရမ်တစ်ခုဖြစ်သည့် MoneySENSE က စင်ကာပူနိုင်ငံသား ၂၀၀၀ ကျော်ကိုလေ့လာခဲ့ခြင်းမှ တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
    ရှေ့လာမည့်နှစ်များတွင် စင်ကာပူနိုင်ငံသားအာလုံးနှင့် ၀င်ငွေပိုင်းဆိုင်ရာ အုပ်စုများကို ကာကွယ်ပေးရန် ဘဏ္ဍာရေးဆိုင်ရာပညာသင်ကြားမှုကို ဆက်လက်ချဲ့ထွင် သွားမည်ဟု စင်ကာပူဒုတိယ၀န်ကြီးချုပ်ဖြစ်ပြီး ဘဏ္ဍာရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေသည့် Tharman Shanmugaratnam က ယမန်နေ့တွင် ပြောကြား ခဲ့သည်။
    Ref : channelnewasia
    ________________________
    ဘယ်လ်ဂျီယံတွင် လေယာဉ်ငယ်တစ်စီးပျက်ကျ အနည်းဆုံး လူ ၁၀ ဦးသေဆုံး
    ဘယ်လ်ဂျီယံနိုင်ငံအရှေ့တောင်ဘက် Namur မြို့အနီးတွင် နိုင်ငံခြားခရီးသွားများအား တင်ဆောင်လာသည့် လေယာဉ်တစ်စီးပျက်ကျခဲ့ပြီး လေယာဉ်ပေါ် လိုက်ပါ သွားသူအားလုံး သေဆုံးခဲ့သည်ဟုသိရသည်။
    အမြင့်ခုန် ကစားသမားအဖွဲ့တစ်ခုကိုတင်ဆောင်သွားသည့် အဆိုပါလေယာဉ်ငယ်မှာ Namur မြို့အနီး Temploux ဒေသရှိ ပုဂ္ဂလိကလေယာဉ်ကွင်းမှ ပျံတက်ခဲ့ပြီး ၁၀ မိနစ်ခန့်အကြာတွင် ပျက်ကြခဲ့ခြင်းဖြစ်သည်ဟု Namur မြို့၏မြို့တော်ဝန်က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။
    လေယာဉ်တောင်ပံတွင် ပြဿနာဖြစ်သောကြောင့် ပျက်ကျခဲ့ရခြင်းဖြစ်ပြီး လေယာဉ်ပေါ်တွင်လိုက်ပါသွားသူ ၁၀ ဦးခန့်မှာ ခုန်ချရန်အချိန်မရခဲ့ကြဟု ဘယ်လ်ဂျီယံ ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။
    Ref : bbc
    ________________________
    ကက်သလစ်သီလရှင်တစ်ဦး မိမိရင်သွေးအား သတ်ဖြတ်ခဲ့မှုကြောင့် တရားရင်ဆိုင်နေရ
    အဆိုပါသီလရှင်မှာ အသက် ၂၆ နှစ်အရွယ်ရှိ ဆိုဆီဖီနာ အေမိုအာဆိုသူဖြစ်ပြီး အာမခံမပေးဘဲဖမ်ဆီးထားကာ သူမ၏ ရင်သွေးအား အသက်မရှုနိုင်အောင် တစ်စုံတစ်ခု ဖြင့် ဖိ၍သတ်ဖြတ်ခဲ့မှုကြောင့် လူသတ်မှု ပထမဒီဂရီဖြင့် တရားစွဲဆိုထားသည်ဟုသိရသည်။
    ယခင်က လိင်ပိုင်းဆိုင်ရာအဖြစ်အပျက်များကို သီလရှင်ကျောင်းသို့ အကြောင်းကြားခြင်းမရှိခဲ့ကြောင်း၊ ထို့ကြောင့် ကလေးငယ်မွေးဖွားလာသောအခါ ကလေး၏ ငိုသံကို အခြားသော သီလရှင်များ ကြားသွားမည်ကိုကြောက်ရွံ့သဖြင့် ဖိ၍သတ်ခဲ့ခြင်းဖြစ်ကြောင်းအေမိုအာက ထွက်ဆိုခဲ့သည်။ သူမအား ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင်ဖမ်းဆီး ခဲ့ခြင်းဖြစ်ပြီး သောကြာနေ့က ရုံးထုတ်ခဲ့ကာ လာမည့် ၂၃ ရက်နေ့တွင် ဒုတိယအကြိမ် ရုံးချိန်းအား ရင်ဆိုင်ရမည်ဖြစ်သည်။
    Ref : bbc
    ________________________
    အိုင်ဖုန်းဝယ်ရန်အတွက် မိမိ၏ ရင်သွယ်ငယ်များအား ရောင်းစားခဲ့သည့် တရုတ်လင်မယားနှစ်ဦး တရားရင်ဆိုင်နေရ
    အိုင်ဖုန်း၊ ကွန်ပျူတာများနှင့် တန်ဖိုးကြီး ဖိနပ်များဝယ်ယူရန် ၎င်းတို့၏ မွေကင်းစကလေးငယ် သုံးဦးအား ရောင်းစားခဲ့သည် ဟူသော စွဲချက်ဖြင့် ရှန်ဟိုင်းမြို့မှ ဇနီး မောင်နှံ နှစ်ဦးမှာ တရားစွဲဆိုခြင်းခံနေရသည်ဟု သိရသည်။
    တန်နှင့် ဇန်ဟု အမည်ရသည့် အဆိုပါ ဇနီးမောင်နှံ နှစ်ဦးစလုံးမှာ အသက် ၃၀ အရွယ်ရှိပြီး အမျိုးသမီးများ၊ ကလေးငယ်များ လူကုန်ကူးမှုဥပဒေဖြင့် စွဲချက်တင်ခြင်း ခံခဲ့ရသည်ဟု ဆင်ဟွာသတင်းဌာနက သောကြာနေ့တွင် ဖေါ်ပြခဲ့သည်။
    အမျိုးသားအားဖမ်းဆီးထားပြီး အမျိုးသမီးအား ခံဝန်ဖြင့်ပြန်လည်လွှတ်ပေးခဲ့ကြောင်း၊ ထိုဇနီးမောင်နှံနှစ်ဦးမှာ မေလက တရုတ်နိုင်ငံတွင်လူသုံးများသည့် QQ မက်ဆေ့ခ်ျပေးပို့သည့်စနစ်ကို အသုံးပြုကာ ကလေးငယ်များအားရောင်းချရန် ကြော်ငြာခဲ့ကြောင်း၊ ထိုကြော်ငြာမှ အိုင်ပီလိပ်စာအား ရဲတပ်ဖွဲ့က ခြေရာကောက်ခဲ့ပြီး ၎င်းတို့အား ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
    Ref : cnn
    ________________________
    အစ္စရေးနှင့် စီးပွားရေးလုပ်ငန်းများမပြုလုပ်ရန် G4S ကုမ္ပဏီအား ဗြိတိန်ရှိ ကုန်သွယ်သမဂ္ဂ တိုက်တွန်း
    အစ္စရေးနှင့် စီးပွားရေးလုပ်ဆောင်ခြင်းမပြုရန် လန်ဒန်အခြေစိုက် လုံခြုံရေးဆိုင်ရာ ကုမ္ပဏီ G4S အား ဗြိတိန်၏ဒုတိယအကြီးဆုံး ကုန်သွယ်သမဂ္ဂ Unison union အဖွဲ့မှ တိုက်တွန်းလိုက်သည်။
    G4S မှာ ဗြိတိန်-ဒိန်းမတ် ဖက်စက်လုပ်ကိုင်သည့် လုံခြုံရေးဆိုင်ရာ ကုမ္ပဏီတစ်ခုဖြစ်ပြီး ပါလက်စတိုင်းနိုင်ငံသားများကို မတရားဖမ်းဆီးထောင်ချ နှိပ်စက်နေသည့် အစ္စရေးအကျဉ်းထောင်တစ်ခုအား လုံးခြုံရေးဝန်ထမ်းများနှင့် ကျွမ်းကျင်လုပ်သားများ ထောက်ပံ့ပေးနေသော ကုမ္ပစီတစ်ခုဖြစ်သည်။
    အလုပ်သမား ၁.၃ သန်းအား ကိုယ်စားပြုထားသည့် Unison union အဖွဲ့က ထိုကဲ့သို့ထောက်ပံ့ပေးနေမှုများအား ရပ်တန့်ရန် ၎င်းတို့၏ ၀ဘ်ဆိုဒ်မှတစ်ဆင့် တောင်းဆို လိုက်ပြီး၊ ဂျနီဗာကွန်ဗန်းရှင်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည့် အစ္စရေးနိုင်ငံနှင့် ချုပ်ဆိုထားသော စာချုပ်များအား ဖျက်သိမ်းရန်လည်းတိုက်တွန်း ပြောဆိုခဲ့သည်။
    ဗြိတိန်အခြေစိုက် ပါလက်စတိုင်းသွေးစည်းညီညွတ်ရေးအဖွဲ့ကလည်း Unison union အဖွဲ့၏တောင်းဆိုမှုအားကြိုဆိုခဲ့သည်။ G4S ကုမ္ပဏီမှာ အစ္စရေး စစ်ဆေးရေး ဂိတ်များ၊ ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေတွင် ဆောက်လုပ်နေသည့် အစ္စရေး၏ ကျူးကျော်အိမ်ရာများ၊ တံတိုင်ကြီးများနှင့် ပါလက်စတိုင်းနိုင်ငံသား များအား မတရားဖမ်းဆီးကာ ညှင်းပန်းနှိပ်စက်နေသည့် အစ္စရေးအကျဉ်းထောင်များအား ပစ္စည်းကိရိယာများ ထောက်ပံ့ပေးခြင်းများကြောင့် လူအများ၏ဝေဖန်ခြင်းကိုခံနေ ရသည်။
    Ref : presstv
    ________________________