News @ M-Media

Blog

  • အီရန်မှ အာကာသတွင်း ဒုတိယအကြိမ် မျောက်ငယ်တစ်ကောင် စေလွှတ်ရန်ရှိ

    အောက်တိုဘာ၊ ၁၄
    M-Media

    329067_Monkey astronaut
    ဇန္န၀ါရီလ ၂၈ ရက်က ပစ်ရှ်ဂမ် (စွန့်ဦးစတင်သူ)ဟု အမည်ပေးထားသော ပြည်တွင်းထုတ်ဇီဝလှောင်အိမ်ယာဉ်ဖြင့် အာကာသတွင်း အီရန်မှ ပထမဆုံး တင်လွှတ်ခဲ့သည့် မျောက်ငယ်တစ်ကောင်

    အီရန်နိုင်ငံမှ သက်ရှိမျောက်ငယ် တစ်ကောင်ကို ပြည်တွင်းထုတ် ဇီဝလှောင်အိမ်ယာဉ်ဖြင့် နောက်လအကုန်၌ အာကာသတွင်းသို့ လွှတ်တင်ရန် စီစဉ်ပြင်ဆင်နေကြောင်း အီရန်အာကာသအေဂျင်စီ ISA ၏ လက်ထောက်ဦးစီးမှူး ဟာမစ် ဖဇာလီမှ စနေနေ့တွင် ပြောဆိုသည်။

    လူသားများလိုက်ပါမှု၏ အကြိုခရီးစဉ်အဖြစ် ဇန္န၀ါရီ ၂၈ ရက်က ပစ်ရှ်ဂမ်(စွန့်ဦးစတင်သူ)ဟု အမည်ပေးထားသော ပြည်တွင်းထုတ်ဇီဝလှောင်အိမ်ယာဉ်ဖြင့် အာကာသတွင်း အီရန်မှ မျောက်ငယ်တစ်ကောင်ကိုထည့်၍ ပထမဆုံးတင်လွှတ်ခဲ့သည်။ စီမံကိန်း၏ ရှေ့ဆက်အဆင့်များတွင် အခြားသောသက်ရှိများကိုလည်း အာကာသတွင်း ပို့လွှတ်ရန် စီစဉ်ထားသေးသည်ဟု အာဏာပိုင်များက ဆိုသည်။

    ၂၀၁၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် Tadbir (Prudence) ၊ Sharifsat နှင့် Nahid အမည်ရှိ ဂြိုလ်တုများကို ပတ်လမ်းကြောင်းအတွင်း လွှတ်တင်မည်ဟု ဖဇာလီက စက်တင်ဘာလအတွင်း ပြောကြားခဲ့သည်။

    အီရန်အနေနှင့် ၄င်း၏ ပထမဆုံးပြည်တွင်းထုတ်ဂြိုလ်တု Omid (Hope) အား ၂၀၀၉ ခုနှစ်က စတင် လွှတ်တင်ခဲ့သည်။ သက်ရှိမျိုးစိတ်များပါဝင်သည့် ဇီဝလှောင်အိမ်ယာဉ် Kavoshgar-3 (Explorer-3) ကို အာကာသအတွင်းသို့ ၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပထမဆုံး ပို့ဆောင်ခဲ့သည်။ ၂၀၁၁ ခုနှစ်၊ ဇွန်လတွင် ကမ္ဘာဂြိုလ်နှင့်မြေပြင်ဆိုင်ရာ ဓာတ်ပုံအချက်အလက်များရယူရန် Rasad (Observation) ကိုလည်းကောင်း၊ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်တွင် အီရန်နိုင်ငံသည် ၁၉၅၉ ခုနှစ်တွင်တည်ထောင်ခဲ့သော UN Committee on the Peaceful Uses of Outer Space ၏ ၂၄ နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်သည်။

    MYA/HGH

  • အောက်တိုဘာ ၁၄၊ အားကစားသတင်း စုစည်းမှု

    အောက်တိုဘာ ၁၄၊ အားကစားသတင်း စုစည်းမှု

    အောက်တိုဘာ ၁၄၊ ၂၀၁၃
    M-Media

    ပရီးမီးယားလိဂ်မှာ ကစားချင်တဲ့ လီဝန်ဒေါ့စကီး


    ဂျမနီကလပ် ဘိုရုရှားဒေါ့မွန်အသင်း၏ တိုက်စစ်မှူးဖြစ်သူ လီဝန်ဒေါ့စကီးက ၎င်းအနေဖြင့် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ပရီးမီးယားလိဂ်သို့ သွားရောက်ကစားချင်သည် ဟု ဖွင့်ဟ လိုက်သည်။

    မကြာသေးခင်ကမှ လာမည့်ဇန်န၀ါရီတွင် ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့တော့မည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး ထိုသတင်းမှာ မှားယွင်းခြင်းသာဖြစ်သည်ဟု လီဝန်ဒေါ့စကီးက ပြောကြားခဲ့သည်။

    အသက် ၂၅-နှစ် အရွယ်ရှိပြီး ယခုနှစ်ရာသီကုန်တွင် ဒေါ့မွန်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သည့် လီဝန်ဒေါ့စကီးအား ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့တွင် မန်ယူအသင်းမှ ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးသည်။

    “ဇန်န၀ါရီမှာ အသင်းတစ်ခုခုနဲ့ ကျွန်တော်စာချုပ် ချုပ်သွားမှာပါ။ ဒါပေမယ့် ဘိုင်ယန်အသင်းနဲ့ စာချုပ် ချုပ်ဖြစ်မယ်လို့ ဘယ်တုန်းကမှ ကျွန်တော်မပြောဖူးပါဘူး။ အဲဒါ (ဘိုင်ယန်နှင့် စာချုပ်ချုပ်မည်ဟု သတင်းထွက်ပေါ်လာခြင်း) ဟာ မှားယွင်းမှုတစ်ခုပါ။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ ကျွန်တော်ဟာ ပရီးမီးယားလိဂ်မှာ ကစားချင်ပါ တယ်။ သိပ်ကို ကောင်းမွန်တဲ့ အတွေ့အကြုံဖြစ်လာမှာပါ” ဟု အင်္ဂလန်သတင်းစာ The Daily Telegraph သတင်းစာသို့ လီဝန်ဒေါ့စကီးက ပြောကြားခဲ့သည်။
    goal
    _______________________

     

    ဟီဂူအင်မှာ မာရာဒိုနာကဲ့သို့ဖြစ်လာမည်ဟု ရေနာဆို


    နာပိုလီအသင်း၏ ဂိုးသမား ရီနာက သင်းဖော်ဟီဂူအင်မှာ နာပိုလီအသင်းတွင် လေးစားထိုက်သောကစားသမားတစ်ဦး ဖြစ်လာမည်ဟုယုံကြည်နေပြီး အသင်းမှာလည်း
    ယခုနှစ်စီးရီးအေချန်ပီယံဆုကို ဆွတ်ခူးနိုင်မည်ဟု မျှော်လင့်နေသည်။

    ဟီဂူအင်မှာ နာပိုလီနှင့် နေပယ်လ်မြို့တွင် မာရာဒိုနာကဲ့သို့ အောင်မြင်မှုများရှရှိနိုင်လိမ့်မည်ဟု ပြောကြားခဲ့သည် ရီနာက “ဘောလုံးရဲ့ငွေ့အသက်တွေကို ဒီမှာ (နေပယ်လ်) ရှုရိုက်နိုင်ပါတယ်။ ဘောလုံးဆိုတာ ဒီမှာတော့ အယူဝါဒတစ်ခုလိုပါပဲ။ တစ်ခေတ်တစ်ခါမှာတော့ မာရာဒိုနာဟာ ဒီမှာ ဘုရင်တစ်ဆူပါ။ နေပယ်လ်မှာရှိတဲ့ ဘယ်ဟိုတယ်မှာမဆို တီရှပ်ကစပြီး ဓာတ်ပုံတွေအထိ မာရာဒိုနာအထိမ်းအမှတ်တွေကို တွေ့ရမှာပါ။ ဟီဂူအင်လည်း ဒီလိုဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု စပိန်အားကစားသတင်းစာ မာကာသို့ ပြောကြားခဲ့သည်။

    ယခုနှစ်နွေရာသီအပြောင်းအရွှေ့က ရီးယဲလ်မက်ဒရစ်အသင်းမှ နာပိုလီအသင်းသို့ ပြောင်းရွှေ့လာသည့် ဟီဂူအင်မှာ နာပိုလီပရိတ်သတ်များ၏ လေးစားမှုကို ခံရ လိမ့်မည် ဟုလည်း ရေနာက ထပ်လောင်းပြောကြားခဲ့သည်။

    နာပိုလီအသင်း၏ ဂန္တ၀င်ကစားသမားဖြစ်သည့် မာရာဒိုနာမှာ ၁၉၈၄ ခုနှစ်မှ ၁၉၉၁ နှစ်အထိ နာပိုလီအသင်းတွင် ၇ နှစ်ကြာကစားခဲ့ပြီး စီးရီးအေချန်ပီယံဘွဲ့ကို နှစ်ကြိမ် ဆွတ်ခူးခဲ့သည်။
    goal
    _______________________
    ရီဘာရီမှာ ပြင်သစ်အသင်း၏ ဦးဆောင်သူ ဖြစ်သည်ဟု ဖာနန်ဒက်ဇ်ဆို


    သြစတေးလျအသင်းအား ၆-ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည့်ပွဲတွင် ပြသခဲ့သည့် ရီဘာရီ၏  ခြေစွမ်းအား ပြင်သစ်ကစားသမားဟောင်း လူးဝစ်ဖာနန်ဒက်ဇ်က ချီးကျူးလိုက် ပြီး ပြင်သစ်အသင်းမှာ အလှည့်အပြောင်းတစ်ခုသို့ ရောက်ရှိနေသည်ဟု ပြောဆိုလိုက်သည်။

    ထိုပွဲတွင် အသင်းအားမောင်းနှင်ခဲ့သူ ရီဘာရီမှာ ပင်နယ်တီမှတစ်ဆင့် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး သြစတေးလျအသင်းနောက်တန်းအား အလုပ်ရှုပ်စေခဲ့သည်။

    “အသင်းကြီးတွေတိုင်းမှာဦးဆောင်သူတစ်ဦးတော့ ရှိပါတယ်။ ရီဘာရီက ပြင်သစ် အသင်းရဲ့ ခေါင်းဆောင်ပါ။ နောက်ပြီး အသင်းကို ကာကွယ်ပေးသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

    ကျွန်တော်တို့ဟာ ပြင်သစ်အသင်းကို စုစုစည်းစည်းနဲ့အားထုတ်ပြီး တိုက်စစ်ဆင် ဖိကစားတဲ့ ပုံစံနဲ့ မြင်ချင်တာပါ။ အဲဒီပွဲမှာ (သြစတေးလျနဲ့ပွဲမှာ) သူတို့ ဒီလို ကစားခဲ့ကြ ပါတယ်” ဟု beIN Sport အားကစားသတင်းစာသို့ ဖာနန်ဒက်ဇ်က ပြောကြားခဲ့သည်။
    goal
    _______________________

    ပေါ်ထရိုကို အနိုင်ယူကာ Shanghai Masters ချန်ပီယံဘွဲ့အား ဂျိုကိုဗစ် ကာကွယ်


    ကမ္ဘာ့အဆင့် ၂ ဆားဘီးယားတင်းနစ်သမား နိုဗက်ဂျိုကိုဗစ်မှာ အာဂျင်တိုင်း တင်းနစ်သမား ဒဲလ် ပေါ်ထရိုအားအနိုင်ယူကာ Shanghai Masters တင်းနစ်ပြိုင်ပွဲတွင် ဗိုလ်စွဲသွားခဲ့သည်ဟု သိရသည်။

    ၂-နာရီ ၃၂-မိနစ်ကြာမြင့်ခဲ့သည့် ယမန်နေ့ဗိုလ်လုပွဲတွင် ဂျိုကိုဗစ်မှာ ပေါ်ထရိုအား ၆-၁၊ ၃-၆၊ ၇-၆ ဖြင့်အနိုင်ရရှိခဲ့ပြီး တရုတ်နိုင်ငံတွင်ကျင်းပသည့် တင်းနစ်ပြိုင်ပွဲတွင် ပွဲနှစ်ဆယ် ဆက်တိုက် ရှုံးပွဲမရှိသည့် ကစားသမားတစ်ဦး ဖြစ်လာခဲ့သည်။ ယမန်နှစ်ကလည်း ဗိုလ်စွဲခဲ့သည့် ဂျိုကိုဗစ်မှာ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
    _______________________
    ဒုတိယအကြိမ်မြောက် ဂျပန်အိုပင်း ချန်ပီယံဖြစ်သွားခဲ့သည့် ဆမ်စတိုဆာ


    သြစတေးလျ တင်းနစ်မယ် ဆမ်စတိုဆာမှာ အိုဆာကာတွင် ကျင်းပပြုလုပ်ခဲ့သည့် ဂျပန်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် ဗိုလ်လုပွဲတွင် စတိုဆာမှာ ကနေဒါ လူငယ်တင်းနစ်မယ် ဘောက်ချာဒ်နှင့် ယှဉ်ပြိုင်ကစားခဲ့ရခြင်းဖြစ်သည်။ ထိုပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး ၂-နာရီနှင့် ၁၃-မိနစ်ကြာမြင့်ခဲ့သည့် အဆိုပါပွဲစဉ်တွင် စတိုဆာမှာ ပထမပွဲငယ်၌ ရှုံးနိမ့်ခဲ့ပြီး ဒုတိယနှင့် တတိယပွဲငယ်တို့တွင် အနိုင်ကစားနိုင်ခဲ့ကာ ၃-၆၊ ၇-၅၊ ၆-၂ ဖြင့် ပွဲသိမ်းခဲ့သည်။

    စတိုဆာ၏ ယခုပွဲဗိုလ်စွဲနိုင်ခဲ့ခြင်းမှာ ယခုနှစ်အတွက် ဒုတိယမြောက် WTA  ချန်ပီယံဘွဲဖြစ်ခဲ့ပြီး၊ ဂျပန်အိုးပင်းတွင် ဒုတိယအကြိမ်မြောက် ဗိုလ်စွဲနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
    skysports
    _______________________


    Linz Open တင်းနစ်ပြိုင်ပွဲတွင် ကာရ်ဘာရ်ဗိုလ်စွဲ


    သြစတြီးယားနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် WTA Linz Open တင်းနစ်ပြိုင်ပွဲတွင် ဂျာမန်တင်းနစ်မယ် အိန်ဂျလီက် ကာရ်ဘာရ်က အနိုင်ရဗိုလ်စွဲသွားသည်ဟုသိရသည်။

    ဗိုလ်လုပွဲကို ယမန်နေ့ကယှဉ်ပြိုင် ကစားခဲ့ရာ နိုင်ခြေအဆင့် ၁ သတ်မှတ်ခြင်းခံရသည့် ကာရ်ဘာရ်က Linz Open အား နှစ်ကြိမ်တိုင်တိုင် ရရှိခဲ့ဖူးသည့် ဆားဘီးယား တင်းနစ်မယ် အိုင်ဗန်နိုဗစ်အား အကြိတ်အနယ်ကစားကာ ၆-၄၊ ၇-၆(၈-၆) ဖြင့် အနိုင်ရရှိခဲ့ပြီး ယခုနှစ်အတွက် သူမ၏ ပထမဆုံး WTA ဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။

    “အဆုံးမှာတော့ တော့်တော့်ကို စိတ်သက်သာရာရပါတယ်။ ဗိုလ်စွဲခဲ့တဲ့အတွက် ကျွန်မ အရမ်းပျော်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အန်နာ(အိုင်ဗန်နိုဗစ်)ဟာ
    ခြွင်းချက်မရှိတဲ့ကစားသမားဖြစ်တာကြောင့်ပါ။ အနိုင်ရဖို့အတွက် အခွင့်အရေးတွေအရယူဖို့ ကျွန်မ ပိုပြီးတည်ငြိမ်ခဲ့သင့်တယ်လို့ ကျွန်မကိုကျွန်မ သတိထားခဲ့တယ်။ ” ဟု ကာရ်ဘာရ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ယခုအခါ ကာရ်ဘာရ်မှာ ကမ္ဘာ့အဆင့် ၈ သို့ရောက်ရှိလာခဲ့ပြီး အဆင့် ၁ မှ ၈ အတွင်းရှိ ကစားသမားများသာ ပါဝင်ယှဉ်ပြိုင်ရသည့် ရာသီပိတ် အစ္စတန်ဘူလ် WTA ချန်ပီယံရှစ်တွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိသွားပြီဖြစ်သည်။
    skysports
    _______________________

  • နိုင်ငံတကာ မျက်မမြင်လမ်းလျှောက်တုတ်နေ့အထိမ်းအမှတ် လမ်းလျှောက်ပွဲ

    နိုင်ငံတကာ မျက်မမြင်လမ်းလျှောက်တုတ်နေ့အထိမ်းအမှတ် လမ်းလျှောက်ပွဲ

    အောက်တိုဘာ ၁၄၊ ၂၀၁၃
    M-Media
    အငယ်လေး

    pic1510-roh-9
    Photo : zeenews

    ရန်ကုန် ။        ။    ၂၀၁၃ ခုနှစ် နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့ကို အောက်တိုဘာ ၁၅-ရက်နေ့ နံနက် ၆း၀၀ နာရီ အချိန်တွင်စလျှောက်မည်ဟု သိရှိရသည်။

    ၂၀၁၃-ခုနှစ် နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ် အဖြစ် (၂၂) ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန်ဖလားမျက်မမြင် လမ်းလျှောက်ပွဲကို အောက်တိုဘာ ၁၅-ရက် (အင်္ဂါနေ့) နံနက် ၆-နာရီတွင် မြို့တော်ခန်းမ ရှေ့ မဟာဗန္မုလလမ်း စင်မြင့်မှ မြို့တော်ဝန်က သေနတ်ပစ်ဖောက် တာလွှတ် ပေးမည်ဖြစ်ရာ မျက်မမြင် လမ်းလျှောက် သူများသည် ဆူးလေဘုရားလမ်း၊ ကုန်သည်လမ်း၊ ဘုန်းကြီးလမ်း၊ ကမ်းနားလမ်း၊ မဟာဗန္မုလလမ်းအတိုင်း မြို့တော်ခန်းမရှေ့သို့ လမ်းလျှောက်မည်ဖြစ်၍ ၎င်းကားလမ်း များကို နံနက် ၅-နာရီမှ လမ်းလျှောက်ပွဲပြီးဆုံးသည်အထိ ခေတ္တလမ်းပိတ်ထားမည် ဖြစ်သဖြင့် တစ်ခြားလမ်းများမှ လမ်းလွဲ၍ သွားရမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

  • Rakhine: ရန်ကုန်-သံတွဲ ကားများတွင် မွတ်စလင်မ်ဆိုလျှင် လက်မှတ်မရောင်း

    အောက်တိုဘာ ၁၄၊ ၂၀၁၃
    M-Media
    ချမ်းငြိမ်းအေး

    A Muslim woman from Thabyuchine village

    ရန်ကုန် ။        ။        ရခိုင်ပြည်နယ် သံတွဲမြို့တွင် စက်တင်ဘာ ၂၉-ရက်နေ့က စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများပြီးနောက် မွတ်စလင်မ်များအနေဖြင့် ရန်ကုန်-သံတွဲသွားလာရန် အဝေးပြေးကားမှ တင်ဆောင်ခြင်း မပြုသည့်အတွက် အခက်အခဲ ဖြစ်ရကြောင်းသိရပါတယ်။

    ကားလက်မှတ်ဝယ်သည့်အခါ မွတ်စလင်မ်ဆိုရင် လက်မှတ် မရောင်းတာကြောင့် သွားလာရခက်ခဲရကြောင်း၊ ရန်ကုန်-သံတွဲ ခရီးသည်တင်ကားမှာ မွတ်စလင်မ်ပိုင် ကားလိုင်းများမရှိပဲ ကုန်တင်ကားလိုင်းများသာ မွတ်စလင်မ်ပိုင်ရှိပြီး အဆိုပါ ကားလိုင်းများမှာလည်း ယခုအခါ ရန်ကုန်-သံတွဲ ပြေးဆွဲရာတွင် အခက်အခဲရှိသောကြောင့် ခရီးသွားလာမည့် မွတ်စလင်မ်များ အခက်ကြုံရနေကြာင်း သံတွဲမြို့ခံမှ ပြောပါတယ်။

    “ရန်ကုန်-သံတွဲ လူစီးကားလိုင်းက ရဲအောင်လံနဲ့ အောင်သစ္စာဆိုတဲ့ ကားတွေရှိတယ်။ အဲဒါက ဗုဒ္ဓဘာသာဝင်တွေပိုင်တာပါ။ မွတ်စလင်မ်ပိုင် လူစီးအဝေးပြေးကား မရှိဘူး။ မွတ်စလင်မ်ပိုင်က ကုန်တင်ကားပဲရှိတာ။ အဲဒါလည်း ဟိုးတလောက ဖျက်စီးခံရလို့ ကုန်တင်ပို့ရေးလည်း အခက်အခဲ ဖြစ်နေပါတယ်။ ကားလမ်းနဲ့ သွားလို့ ဘယ်လိုမှ မရတော့ဘူးလေ။ မွတ်စလင်မ်ဆို လက်မှတ်မရောင်းဘူး။ ဒါကြောင့် ပိုက်ဆံတတ်နိုင်သူတွေကတော့ လေယာဉ်ပျံနဲ့ သွားကြတာပေါ့ဗျာ။ ပိုက်ဆံမတတ်နိုင်သူတွေတော့ ဒုက္ခရောက်ရတာပေါ့”လို့ သံတွဲ မြို့ခံက ဆိုပါတယ်။

    အဆိုပါကိစ္စအား ရန်ကုန်ရှိ အောင်သစ္စာကားဂိတ်သို့ ဆက်သွယ်၍ မေးမြန်းရာ “ကျွန်တော်တို့က မွတ်စလင်မ်တွေကို သီးသန့် မရောင်းတာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်သွားခဲ့တဲ့ ကိစ္စရပ်တွေကြောင့် လုံခြုံရေးကို အထူးပိုပြီး သတိထားရလို့ပါ။ ကားလက်မှတ် လာဝယ်ရင် မှတ်ပုံတင် ရှိတဲ့သူကိုပဲ ရောင်းပါတယ်။ မှတ်ပုံတင် မရှိတဲ့သူ၊ မပြနိုင်တဲ့သူဆို မရောင်းတာ။ မွတ်စလင်မ်ဖြစ်လို့ မရောင်းတာ မဟုတ်ပါဘူး”လို့ ဂိတ်မှူးမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    မှတ်ပုံတင် မရှိသူများအား လက်မှတ်ရောင်းချမှု မပြုခြင်းဟု သိရသည့်အတွက် သံတွဲမြို့ခံများအား မှတ်ပုံတင် ကိစ္စ မေးမြန်းရာ “မှတ်ပုံတင် ရှိတဲ့ သူတွေလည်း ရှိပါတယ်။ ရခိုင်မှာ အများစုက မှတ်ပုံတင် မရတဲ့သူတွေလည်းရှိတယ်။ အရင်က ရှိထားတဲ့သူတွေအနေနဲ့လည်း အကြမ်းဖက်ခံရတဲ့ အချိန် မီးရှို့ခံရလို့ အိမ်ဖျက်ဆီးခံရလို့ မှတ်ပုံတင် မရှိတော့တဲ့သူတွေ ရှိတယ်လေ။ မှတ်ပုံတင် ရှိမှ လက်မှတ်ရောင်းပေးမယ်ဆိုတော့ ကျွန်မတို့ မွတ်စလင်မ်တွေ ဘယ်လိုလုပ် ခရီးသွားလို့ ရနိုင်ပါတော့မလဲ။”ဟု သံတွဲမြို့ခံက ဖြေကြားခဲ့ပါတယ်။

    ယခုအခါ သံတွဲမြို့မှာ ယခင်ထက် ခရီးသွားလာမှုတွေ ရှိနေတယ်လို့ ကားဂိတ်များမှ ပြောဆိုမှုများ ရှိခဲ့သော်လည်း မွတ်စလင်မ်များအနေနှင့် ခရီးသွားလာမှုအတွက် အခက်အခဲရှိတာကြောင့် သွားလာရေး နှောင့်နှေးနေရတယ်လို့ သိရပါတယ်။

    ဓါတ်ပုံအညွှန်း >> စက်တင်ဘာ ၂၉ ရက်နေ့ကစတင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မီးရှို့မှုများ ကြောင့် အိုးအိမ်ပျက်ဆီးဆုံးရှုံးမှု့ကြောင့် ဝမ်းနည်းပူဆွေးနေသည့် သဗြုချိုင်ကျေးရွာမှ ကမန်တိုင်းရင်းသူ မွတ်စလင်မ် အမျိုးသမီးကြီးတဦး (ဓါတ်ပုံ-RFA)

  • ကုရ်ဗာနီ (သဘောတရား၊ သမိုင်းနှင့် အနှစ်သာရ) [M-Media စာအုပ် အညွှန်းကဏ္ဍ]

    အောက်တိုဘာ၊၁၄
    M-Media

    Full page fax print

    စာအုပ်အမည်- ကုရ်ဗာနီ (သဘောတရား၊ သမိုင်းနှင့် အနှစ်သာရ)
    ရေးသူ- ငြိမ်းချမ်းလုလင် (အလ်ဟဂ်ျ မွဖ်သီ ဒေါက်တာမြင့်သိန်း)အစ္စလာမ်အပေါ် နားလည်မှု အလွဲမှားဆုံးအကြောင်းအရာ

    • ကုရ်ဗာနီသည် ယဇ်ပူဇော်ခြင်း မဟုတ် သစ္စာတရားအတွက် စွန့်လှူခြင်းသည်သာ ကုရ်ဗာနီဖြစ်သည်။
    • ကုရ်ဗာနီဟူသည် အဘယ်နည်း။
    • ကုရ်ဗာနီ ဖြစ်ပေါ်လာပုံသမိုင်း
    • ကုရ်ဗာနီ၏ အနှစ်သာရ
    • အသက်နှင့် ၀ိညာဉ်ကွာခြားပုံ
    • အစ္စလာမ်နှင့် အစာအာဟာရ
    • အစ္စလာမ့်နည်းကျ ဇဗဟ်လှီးဖြတ်ခြင်း၏ အကျိုးကျေးဇူးများ

    . . . စသည်တို့ကို ကုရ်အာန်ကျမ်းမြတ်ကို မှတ်ကျောက်ပြု၍ ဟဒီးဆ်သြ၀ါဒတော်များ၊ သမိုင်းနှင့် သိပ္ပံရှုထောင့် အသီးသီးမှ ဆန်းစစ်လေ့လာ တင်ပြထားသည်။

    @ Download: Google Doc >>http://goo.gl/ZsNV9z

    File Size – 190 KB