News @ M-Media

Blog

  • သံတွဲအကြမ်းဖက်မှုပြီးနောက် ဖမ်းဆီးခံနေရသော ကမန်တိုင်းရင်းသားများ ထောင်ထဲတွင် ညှဉ်းပန်းနှိပ်စက်ခံနေရ

    အောက်တိုဘာ ၁၅၊ ၂၀၁၃
    M-Media
    ဇာဏီ

    သံတွဲထောင်အတွင်း ရိုက်နှက်ခံရမှုကြောင့် ခေါင်းကွဲသွားပြီး ၆-ချက် ချုပ်ထားရသူ ဇော်မင်းထွန်း ခေါ် လိုင်စင် အား ရုံးထုတ်လာစဉ် ရိုက်ကူးထားခြင်း ဖြစ်ပါသည်။
    သံတွဲထောင်အတွင်း ရိုက်နှက်ခံရမှုကြောင့် ခေါင်းကွဲသွားပြီး ၆-ချက် ချုပ်ထားရသူ ဇော်မင်းထွန်း ခေါ် လိုင်စင်အား ရုံးထုတ်လာစဉ် ရိုက်ကူးထားခြင်း ဖြစ်ပါသည်။

    သံတွဲ ။       ။          စက်တင်ဘာ ၂၉-ရက်နေ့က စတင်ဖြစ်ပွားခဲ့သော သံတွဲအကြမ်းဖက်မှုပြီးနောက် အကြမ်းဖက်ခံခဲ့ရသည့် ကမန်တိုင်းရင်းသားများထဲများလည်း ဖမ်းဆီးခြင်းခံခဲ့ရကာ ၎င်းဖမ်းဆီးထားသူများအား သံတွဲအကျဉ်းထောင်အတွင်းတွင် မတရားသဖြင့် ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်နေကြောင်း သိရပါတယ်။

    ဖမ်းဆီးခံထားရသူများအား သံတွဲတွင် မနေ့က တရားရုံးထုတ်လာစဉ် ထောင်အတွင်း၌ အကြမ်းဖက်ရိုက်နှက်ခံရသည့် ဒဏ်ရာများဖြင့် တွေ့ရကြောင်း၊ လင်းသီရွာမှ ကမန်တိုင်းရင်းသား ဇော်မင်းထွန်း ခေါ် လိုင်စင်မှာ ဦးခေါင်းတွင် ရိုက်နှက်ခံရထားသည့် ဒဏ်ရာဖြင့် ၆-ချက် ချုပ်ထားရကြောင်း၊ ၎င်းလင်းသီရွာမှပင် ရွာလူကြီး ကိုခင်မောင်သန်းမှာလည်း ရိုက်နှက်ခံရသည့်အတွက် သွား ၃-ချောင်း ကျွတ်ထွက်သွားကြောင်း၊ သဗြုချိုင်ရွာမှ နေလင်းကျော်မှာမူ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခံရမှု ကြောင့် မျက်လုံးမှ သွေးများယိုစီးကျသည်အထိ ဖြစ်ခဲ့ကြောင်းကို တရားရုံးထုတ်စဉ် သွားတွေ့ကြသူများမှ သိရှိခဲ့ကြပါတယ်။

    အဆိုပါ ညှဉ်းပန်းနှိပ်စက်မှုများအား စေခိုင်းသူမှာ သံတွဲထောင်မှ ဒု-ထောင်မှူးနေ၀င်း၊ ကိုယ်ပိုင်အမှတ် က/၄၀၃၄ ဖြစ်ပြီး တန်းစီးများမှ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

    အကြမ်းဖက်မှုဖြစ်စေရန် ဦးဆောင် လှုံ့ဆော်သူများထဲမှ ဖမ်းဆီးထားသူများအနက် ကျောက်ဖြူထောင်မှ ၀င်းကိုလေး၊ ကိုငယ်၊ ဋ္ဌေးအောင်နှင့် သံတွဲထောင်မှ စိုးစိုး၊ ကြည်လှိုင်တို့ (၅)ဦးကိုလည်း ကျူးလွန်မှု သက်သေမရှိဟုဆိုကာ ပြန်လွှတ်လိုက်သည့်အတွက် သံတွဲမြို့မှ ကမန်တိုင်းရင်းသားများအနေနှင့်လည်း စိုးရိမ်နေကြကြောင်း ပြောပါတယ်။

    “အကြမ်းဖက်မှုလှုံ့ဆော်တဲ့ ဒီလူတွေက အရင်ကတည်းက လှုံ့ဆော်နေတဲ့သူတွေ။ အဲဒါကိုမှ သက်သေအထောက်အထား မရှိလို့ဆိုပြီး လွှတ်တာဟာ အခြေအမြစ် မရှိပါဘူး။ သံတွဲမှာ သူတို့တွေကို ဖမ်းထားတဲ့အချိန်က တော်တော်လေး ငြိမ်သွားတယ်။ အခု ပြန်လွှတ်ပေးလိုက်တာဟာ ပြဿနာတွေကို မီးစပြန်မွှေး ပေးလိုက်သလိုပါ ပဲ။ မနေ့ကညကလည်း မွတ်စလင်မ်ပိုင် လယ်တဲ ၃-တဲကို မီးရှို့ပြန်တယ်။ အဲဒီအချိန်က ဗိုလ်ချုပ်လှမြင့်ကိုယ်တိုင် အဏ္ဏ၀ါမှာ ထိုင်နေတယ်။ အခု ဖြစ်သွားတဲ့ အကြမ်းဖက်မှု တွေရဲ့ ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးတာဟာ သံတွဲမြို့ကို မီးရှို့ဖို့ ထပ်လုပ်သလိုပါပဲ”ဟု သံတွဲမြို့ခံက ပြောပါတယ်။
    “အခုက ဖမ်းဆီးခံရတဲ့ ကမန်တိုင်းရင်းသားတွေကို ထောင်ထဲမှာ မတရားသဖြင့် ညှဉ်းပန်းနှိပ်စက်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ထဲက တချို့  ICRC ကို ဒီနေ့ သွားတွေ့ ပါမယ်။ အဲ့ဒီ ဓါတ်ပုံတွေ အကုန်လုံးယူသွားမယ်။ ဖြစ်နေတဲ့ ဖြစ်စဉ် အကျိုးအကြောင်းတွေကို ကျွန်တော်တို့ ပြောပြပါမယ်။ ကျွန်တော်တို့ တိုင်ပါမယ်။”လို့ ကမန်တိုင်းရင်းသား တစ်ဦးက ဆိုပါတယ်။

  • လူ ၂၀ အနည်းဆုံးသေဆုံးခဲ့တဲ့ ဖိလစ်ပိုင် ငလျင်

    လူ ၂၀ အနည်းဆုံးသေဆုံးခဲ့တဲ့ ဖိလစ်ပိုင် ငလျင်

    အောက်တိုဘာ ၁၅၊ ၂၀၁၃
    M-Media

    Phillipine

    ဖိလစ်ပိုင်နိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားများစိတ်ဝင်စားရာ ကျွန်းသုံးခုတွင် ပြင်းအား ၇.၁ မဂ္ဂနီကျုရှိသည့် ငလျင်တစ်ခု ယနေ့တွင်လှုပ်ခတ်ခဲ့ရာ အဆောက်အဦးများ ပြိုကြခဲ့ပြီး အနည်းဆုံး လူ ၂၀-ဦးသေဆုံးခဲ့သည်ဟုသိရသည်။

    ဖိလစ်ပိုင်နိုင်ငံ၏ ဒုတိယအရေးပါဆုံးဖြစ်သောဖြစ်ပြီး လှပသော အပန်းဖြေကမ်းခြေများများစွာရှိသည့် စီဘူးတွင် ငလျင်ဒဏ်ကြောင့် အဆောက်အဦး ၁၅-လုံး၊ စီဘူးမှ သင်္ဘောဖြင့်သွားရပြီး သဲဖြူကမ်းခြေများကြောင့် ကျော်ကြားသည့် ဘိုဟိုလ်ကျွန်းနှင့် စီကွီဂျာကျွန်းတို့တွင် အဆောက်အဦး ၅လုံး ပြိုကျပျက်စီးခဲ့သည်ဟု ဖိလစ်ပိုင် လူမှုကာကွယ်ရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ရိုင်နယ်လ်ဒို ဘာလီဒိုက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် တက္ကသိုလ်များ၊ ဆေးရုံများ၊ ခရစ်ယာန်ဘုရားကျောင်းများအပါအ၀င် အဆောက်အဦးအများအပြားမှာ ဆိုးဆိုးဝါးဝါး ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး၊ လမ်းမကြီး အချို့မှာလည်း ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည်ဟု ဒေသခံများနှင့် ကမ္ဘာ့လှည့်ခရီးသွားများက ပြောကြားခဲ့သည်။

    အဆိုပါငလျင်မှာ ဒေသစံတော်ချိန် ယနေ့နံနက် ၈ နာရီ ၁၂ မိနစ်တွင် ဘိုဟိုလ်ကျွန်းရှိ လူဦးရေ ၁၈၀၀၀ရှိသော ဘလီလီဟန်မြို့အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်း ဖြစ်သည် ဟု အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
    Ref : channelnewsasia

  • ရန်ကုန် ၃၈-လမ်းတွင် ဗုံးတွေ့သည်မဟုတ်ပဲ အိတ်တစ်လုံးသာဖြစ်

    ရန်ကုန် ၃၈-လမ်းတွင် ဗုံးတွေ့သည်မဟုတ်ပဲ အိတ်တစ်လုံးသာဖြစ်

    အောက်တိုဘာ ၁၅၊ ၂၀၁၃
    M-Media
    လင်းလင်း

    ရန်ကုန်     ။       ။   ရန်ကုန်မြို့၊ မဟာဗန္ဓုလမ်းနှင့် ၃၈-လမ်းထောင့်တွင် ယနေ့ နံနက် ၁၀း၀၀-နာရီခန့်က ဗုံးတစ်လုံး တွေ့ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့ရာ ဗုံးမဟုတ် လက်ဆွဲအိတ်တစ်လုံးသာဖြစ်နေကြောင်း သိရသည်။

    ၃၈-လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့် စည်ပင်သာယာအမှိုက်ပုံးတွင် ဗုံးတွေ့ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သဖြင့် ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးရာ ဗုံးမဟုတ်ပဲ အတာချီကေ့အခွံတစ်လုံးသာဖြစ်နေကြောင်း သိရသည်။

    ယခုရက်ပိုင်းအတွင်း တောင်ငူမြို့ ဗုံးပေါက်ကွဲမှုမှစတင်၍ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတို့တွင် ဆက်တိုက်ဆိုသလို ဗုံးပေါက်ကွဲမှုများ၊ ဗုံးတွေ့ရှိမှုများ ဖြစ်ပေါ်လာနေ သဖြင့် အများပြည်သူများအနေဖြင့် စိုးရိမ်စိတ်များ ဖြစ်ပေါ်နေကြောင်း သိရသည်။

    “ရန်ကုန်မှာ ဆက်တိုက် ဗုံးတွေပေါက်နေတာ အမေကြီး စိတ်ပူတယ်။ အိမ်က သားသမီးတွေ မြေးတွေ အပြင်သွားရင် စိတ်ပူနေရတယ်။ ဘာလို့များ ဒီလောက်တောင် အကြမ်းဖက်မှုတွေ လုပ်ချင်နေကြတာလဲ။ ပြည်သူတွေ အေးအေးချမ်းချမ်း မနေရတာကြာလည်း ကြာပါပြီ။ မသေခင်တော့ တိုင်းပြည် အေးအေးချမ်းချမ်းလေး နေနေကြတာ မြင်သွားချင်သေးတယ်”လို့ ရန်ကုန်မြို့ ၃၈-လမ်းအနီး နေထိုင်သည့် အသက် (၇၀)ကျော် အဘွားအိုတစ်ဦးမှ ပြောပါသည်။

  • စစ်ကိုင်းမြို့ နေရာ ၂-ခုတွင်လည်း ပေါက်ကွဲမှုဖြစ်

    စစ်ကိုင်းမြို့ နေရာ ၂-ခုတွင်လည်း ပေါက်ကွဲမှုဖြစ်

    အောက်တိုဘာ ၁၅၊ ၂၀၁၃
    M-Media
    KK

    ဓါတ်ပုံ - google image တွင် ဖော်ပြထားသည့် စစ်ကိုင်းတံတားပုံဖြစ်ပါသည်။
    ဓါတ်ပုံ – google image တွင် ဖော်ပြထားသည့် စစ်ကိုင်းတံတားပုံဖြစ်ပါသည်။

    စစ်ကိုင်း ။ ။ ယခုရက်ပိုင်းအတွင်း ရန်ကုန်၊ မန္တလေးနှင့် တောင်ငူမြို့တို့တွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲမှု၊ တွေ့ရှိမှုများရှိခဲ့သလို ယနေ့တွင် စစ်ကိုင်းမြို့ နေရာ၂-ခု၌လည်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

    စစ်ကိုင်းမြို့ ရွှေပြည့်စုံဟိုတယ်၌ ယနေ့မနက် ၃-နာရီခန့်က ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပြီး လူသေပျောက်မှု မရှိကြောင်း သိရပါသည်။

    ၎င်းနည်းတူ စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင်စေတီ၌လည်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး ပေါက်ကွဲရာနေရာမှာ မန္တလေးဘက် မျက်နှာလှည့်ထားသည့် ကားရပ်နားရန်နေရာအနီးတွင်ဟု သိရှိရပြီး အသေအပျောက် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရပါသည်။

    ပေါက်ကွဲမှုများမှာ မည်သည့်ပေါက်ကွဲမှုများဖြစ်သည်ဆိုသည်ကိုမူ မသိရှိရသေးပဲ ဆက်လက်စုံစမ်းမှုများ ပြုလုပ်ဆဲဖြစ်ကြောင်း သိရပါသည်။

  • ယခုရက်ပိုင်းအတွင်း ဆက်တိုက်တွေ့ရှိနေသော ဗုံးများအတွက် သတိပြုရန်

    ယခုရက်ပိုင်းအတွင်း ဆက်တိုက်တွေ့ရှိနေသော ဗုံးများအတွက် သတိပြုရန်

    အောက်တိုဘာ ၁၅၊ ၂၀၁၃
    M-Media

    Shrithu Aung ဖေ့ဘွတ်မှ ကူးယူမျှဝေပါသည်။

     ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ Western Park 2 စားသောက်ဆိုင်တွင် ယနေ့ တွေ့ရတဲ့ မပေါက်ကွဲသေးသောမိုင်းတခု၊  ဓာတ်ပုံ- ရန်ကုန်တိုင်း ရဲတပ်ဖွဲ့
    ဓါတ်ပုံအညွှန်း – ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ Western Park 2 စားသောက်ဆိုင်တွင် မနေ့က တွေ့ရသည့် မပေါက်ကွဲသေးသောမိုင်းတခု၊
    ဓာတ်ပုံ- ရန်ကုန်တိုင်း ရဲတပ်ဖွဲ့


    လက်လုပ်မိုင်း(ဗုံး) နှင့် အန္တရာယ် ရှိနိုင်သော မြို့တွင်း နေရာဒေသများ

    – လူစည်ကားရာ ဈေးများ

    – ယာဉ်ရပ်နားရာ နေရာများ

    – လမ်းဘေး အမှိုက်ပုံများ

    – ခြုံနွယ်ထူထပ်သော လမ်းဘေးများ

    – ရုပ်ရှင်ရုံ နှင့် ဟိုတယ်အ၀င်လမ်းများ

    – ခရီသည်တင်ယာဉ်လူတင်လူချရာနေရာများ

    – အဝေးပြေးကားကွင်းများ

    – မီးရထားဘူတာရုံ

    – လေဆိပ်

    – အများသုံးအိမ်သာများ

    – မီးလောင်လွယ်သည့် သိုလှောင်ရုံးအနီးဒေသများ

    – ကုန်တိုက်များ

    – လူကူးဂုံးကျော်တံတားများ

    (အထက်ဖော်ပြပါ နေရာတွေကိုအထူးသတိပြုသင့်ပါတယ်)

    ထင်ရှားနိုင်သည့် အမှတ်အသားများ

    – ပလပ်စတစ်အိတ်အမဲ/လုံးထွေးထားသည့်ပီနံအိတ်အပြဲအစုတ်

    – လက်ကိုင်အိတ်/လွယ်အိတ်/မျက်မှန်ထည့်သည့်ဗူးခွံ/စက္ကူဖြင့်ထုပ်ပိုးပြီး တိတ်ဖြင့်ပတ်ထားသည့် အထုပ်များ

    – သာမာန်စွန်ပစ်ပစ္စည်းမဟုတ်သည့် ရေဒီယီု/ကက်ဆက်/ဖုန်း/စားပွဲတင်နာရီများ/ခရီးဆောင်အိတ်များ/ ပုံမှန်မဟုတ်သည့်အမှိုက်သရိုက်အစုအပုံများ

    – ၀ါယာကြိုးအစများ/ဓါတ်ခဲမှ အခွံပလပ်စတစ်အစများ/ပုံမှန်မဟုတ်သည့် သစ်ရွက်စုပုံသဏ္ဍာန်များ/သံဗူးများ/ တိတ်အ၀ါအစအနများ/သံပိုက်လုံးများ/ယမ်းဟုယူဆ ရသောအမှုန်.များ/ပုံပျက်နေသည့် မြေသဏ္ဍာန်များ
    ( အထက်ဖော်ပြပါ အနေအထားတို့ကို တွေ.ရှိတတ်ပါသည်)

     

    အထူးသတိပြုရန်

    ( မိမိ မမြင်ဖူးသော(သို.) မသင်္ကာသော ပစ္စည်းတစုံတရာကို တွေ့ပါက ကိုင်တွယ်ကြည့်ရှုခြင်းမှ ရှောင်ရှားရန် နှင့် တာဝန်ရှိသူများသို. သတင်းပေးရန်အထူးအရေးကြီးပါသည် )
    *  ကံကောင်းသည့် အချက်မှာ ဒေသန္တရ လက်လုပ်မိုင်း များသာများပြီး စနစ်တကျထုတ်လုပ်ထားသည့် မိုင်း(ချိန်ကိုက်မိုင်း) ဖျက်အားပြင်း မိုင်းများ မဟုတ်ခြင်းပင်ဖြစ်သည်။

    အထက်ပါ ဖြစ်စဉ်များနှင့်ပတ်သက်၍

    –  သတင်းများ၊ မသင်္ကာဖွယ်ရာလူများ၊ သံသယဖြစ်ဖွယ်ရာပစ္စည်းများ တွေ့ရှိပါက –

    ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး Hot Line ဖုန်း ၀၁-၂၃၀၂၁၉၉၊
    နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံး Hot Line ဖုန်း ၀၆၇-၅၅၀၃၃၃၊
    မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး Hot Line ဖုန်း ၀၂-၆၁၄၄၄၊
    ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးဖုန်း ၀၅၂-၂၃၉၉၉ သို့ ဆက်သွယ်သတင်းပေး တိုင်ကြားနိုင်ကြောင်း သိရှိရသည်