News @ M-Media
Blog
  • ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထား ရယူရေးဆွေးနွေးပွဲ ဒလမြို့နယ် NLD ပြုလုပ်
    ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထား ရယူရေးဆွေးနွေးပွဲ ဒလမြို့နယ် NLD ပြုလုပ်
    အောက်တိုဘာ ၁၃၊ ၂၀၁၃
    M-Media
    အငယ်လေး
    DSC00385
    ဒလ  ။       ။      ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် တောင်ပိုင်းခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ၂၀၀၈-ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထား ရယူရေးဟောပြောပွဲတစ်ရပ်ကို ယနေ့ နံနက် ၉း၀၀-နာရီ အချိန်၌ ပြုလုပ်ခဲ့သည်။
    ဆွေးနွေးပွဲတွင် ဦးကိုနီမှ ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပေဒတစ်ခု သတ်မှတ်ဖို့ ပထမဆုံး စဉ်းစားရမယ့် တစ်ခုက ပြည်သူ့ဆန္ဒနှင့် အညီရေးရန်၊ စဉ်းစားရမည့် အချက်အနေနှင့် ဒီမိုကရေစီ နိုင်ငံတိုင်းမှာ ပါလီမန် ဒီမိုကရေစီစနစ် နဲ့အုပ်ချူပ်တဲ့နိုင်ငံတိုင်းမှာ နိုင်ငံတော်ရဲ့ မူလ အာဏာပိုင်ရှင်က ပြည်သူလူထုဖြစ်ကြောင်း၊ ပြည်သူ ရွေးချယ်သည့် သူသည်သာ လွှတ်တော်အမတ်ဖြစ်ခွင့်ရှိတယ်ပြီး လွှတ်တော်ကို သွားခွင့်ရှိကြောင်းနှင့် ဥပဒေကို ပေးခွင့်မရှိကြောင်း ပြောပါတယ်။  ဆက်လက်၍ ပြည်သူကပဲ နိုင်ငံတော် အာဏာကိုပိုင်လို့ ပြည်သူရွေးတဲ့သူကပဲ နိုင်ငံတော်ကိုအုပ်ချူပ်ခွင့်ရှိကြောင်းတို့ကို ရှင်းလင်း ဆွေးခဲ့ပါတယ်။
    ၎င်းနောက် ဒလမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်မှုဆောင် ဦးထွန်းရင်ကလည်း “ဒီနေ့ ၁၃.၁၀.၂၀၁၃ ရက်နေ့မှာ ကျင်းပတဲ့ အဓိက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒလမြို့နယ် တောင်ပိုင်းခရိုင် ရန်ကုန်တိုင်းဒေသကြီး၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာဟောပြောပွဲ ဖြစ်ပါတယ်။ ဒီပွဲရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပြည်သူလူထုရဲ့အသံ လွတ်တော်အသံ၊ လွတ်တော်အသံဟာ ပြည်သူလူထုရဲ့အသံလို့ ပြောထားပါတယ်။ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကြီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူလူထုရဲ့အသံကိုနားထောင်နေပါတယ်။  အထူးသဖြင့် ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ပြည်သူလူထုကို ဘယ်လောက် ကိုယ်စားပြုသလဲ၊ ပြည်သူလူထုရဲ့ ဆန္ဒ ဘယ်လောက်ထိပါသလဲ၊ ပြည်သူလူထုရဲ့ ဆန္ဒဟာ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေ အပေါ်မှာ ဘယ်လိုသဘောထားသလဲ၊ ဘယ်လိုမြင်သလဲ ဆိုတဲ့အသံပါ။ ဒီရည်ရွယ်ချက်ကို ကျွန်တော်တို့က အကောင်အထည်ဖော်ပေးခြင်းဖြစ်ပါတယ်။ ဒီနေ့ ပြည်သူ လူထု တက်လာတဲ့ ၁၀၀၀ ဝန်းကျင် လောက် လူထုမှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး အသစ်ရေးဆွဲမလား ဒါမှမဟုတ် ပြင်မလား ဒါမှမဟုတ် အစားထိုးဖြည့်စွက်မလား ဒါသူတို့ရဲ့ သဘောထား ဆန္ဒအမှန်ကို ကျွန်တော်တို့သိချင်လို့ လူထုရဲ့သဘောထား ဆန္ဒအမှန်ကိုထင်ဟပ်စေချင်လို့ ဒီပွဲကို စီစဉ်ခြင်းဖြစ်ပါတယ်လို့ ဒလမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စား ဦးထွန်းရင်ကပြောကြားသွားခဲ့ ပါတယ်။
    ထို့နောက် ပြည်သူလူထုရဲ့သဘောထား ဆန္ဒအမှန်ကိုကောက်ခံရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရေးဆွဲဖို့အတွက် ၉၀% ကျော်ထောက်ခံခဲ့ပြီး ၊ အသစ်ရေးဆွဲရာမှာ တော့ ၁၀% ကျော်သာ ထောက်ခံခဲ့ကြောင်း ဤကောက်ခံမှုကို ၎င်းအခမ်းနားရဲ့ သဘာပတိ ဦးမြင့်ဌေးမှ အတည်ပြုပေးခဲ့ပါတယ်။
    အခမ်းအနားသို့ လူအင်အား ၁၀၀၀ ဝန်းကျင်ခန့်တက်ရောက်ခဲ့ကြပါတယ်။
  • ပါကစ္စတန်တွင် လေကြောင်းမှ ဒရုန်းများဖြင့် တိုက်ခိုက်မှုများကို ရပ်တန့်ရန် အိုဘားမားအား မာလာလာတောင်းဆို
    အောက်တိုဘာ၊ ၁၃
    M-Media
    ku-bigpic
    သူမ၏ တိုင်းပြည်အတွင်း အမေရိကန်မှ လေကြောင်းမှ ဒရုန်းများဖြင့် တိုက်ခိုက်နေမှုများမှာ အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒကို ပိုမိုကြီးထွားစေသဖြင့် ထိုကဲ့သို့တိုက်ခိုက်မှုများကို ရပ်တန့်ရန် ပါကစ္စတန်အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ မာလာလာ ယူစွဖ်ဇိုင်က အမေရိကန်သမ္မ အိုဘားမားအား
    အိမ်ဖြူတော်၌ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
    အမျိုးသမီးများ ပညာသင်ကြားခွင့်ရရန် ကြိုးပမ်းခဲ့သောကြောင့် ပြီးခဲ့သည့်နှစ်က တာလီဘန်အဖွဲ့၏ လုပ်ကြံခြင်းခံခဲ့ရသည့် မာလာလာမှာ အမေရိကန်သမ္မတ အိုဘားမား၊ ၎င်း၏ဇနီးတို့နှင့် သောကြာနေ့က အိမ်ဖြူတော်တွင်တွေ့ဆုံခဲ့သည်။
    “ပါကစ္စတန်၊ အာဖဂန်နစ္စတန်နိုင်ငံတွေရဲ့ ပညာရေးနဲ့ ဆီးရီးယား ဒုက္ခသည်များအတွက် ထောက်ပံ့ပေးနေတဲ့ အမေရိကန်ရဲ့လုပ်ဆောင်ချက်တွေအတွက် သမ္မတအိုဘားမားကို ကျေးဇူးတင်ရှိပါတယ်” ဟု မာလာလာက ပြောကြားခဲ့သည်။
    ထို့ပြင် ပါကစ္စတန်နယ်စပ်ရှိ ဒေသများအား အမေရိကန်မှ ဒရုန်းများဖြင့် တိုက်ခိုက်မှုများနှင့်ပက်သက်ပြီး မာလာလာက “ဒီလိုတိုက်ခိုက်မှုတွေဟာ အကြမ်းဖက်ဝါဒကို ပိုမိုကြီးထွားစေနိုင်တယ်လို့ ကျွန်မရဲ့ စိုးရိမ်မှုတွေကိုလည်း ပြောပြခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားတွေ သေဆုံး ရပြီး ပါကစ္စတန်ပြည်သူတွေကြား မှာလည်း အမုန်းတရားတွေကိုဖြစ်စေပါတယ်။ တကယ်လို့ ကျွန်မတို့အနေနဲ့ ပညာရေး အတွက်ကြိုးပမ်းမှုကို အာရုံစိုက်မယ်ဆိုရင် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိလာမှာပါ” ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ဒရုန်း များဖြင့် တိုက်ခိုက်မှုများမှာ အာဖဂန်နစ္စတန်ရှိ အမေရိကန်နှင့် နိုင်ငံတကာတပ်ဖွဲ့များအား ခြိမ်းခြောက်နေသည့် တာလီဘန်များကို အဓိကထား၍ သုတ်သင်ခြင်းဖြစ်သည်ဟု ၀ါရှင်တန်က ပြောဆိုခဲ့သော်လည်း ကုလသမဂ္ဂမှ တားမြစ်ထားသော ထိုတိုက်ခိုက်မှုများကြောင့် ပါကစ္စတန် အရပ်သားများ သေကြေ ဒဏ်ရာရမှုများကိုသာ တွေ့မြင်နေရသည်။
    Ref:Press TV
  • အဖေ သူပုန်နှင့် အနာဂတ် မွတ်စလင်မ်တော်လှန်ရေး
    အဖေ သူပုန်နှင့် အနာဂတ် မွတ်စလင်မ်တော်လှန်ရေး
    အောက်တိုဘာ ၁၃၊ ၂၀၁၃
    M-Media
    ဇွဲတေဇာ
    အခုချိန် ကုလားဆန့် ကျင်ရေး ရေရှိန်မြင့်လာနေတော့ ပြောသင့်မပြောသင့်မသိပါ။ သို့ သော် ပြောချင်၍ပြောပါမည်။ ကျနော့အဖေသည် သူပုန်တစ်ယောက်ဖြစ်သည်။ ၈၈ အရေးအခင်းအတွင်း ကျနော်တို့ မြို့တွင် ရှေ့တန်းကပါဝင်ခဲ့ရာ စစ်တပ် အာဏာသိမ်းသည့်အခါ တောခိုသည်။ ရှင်းရှင်းပဲ ပြောပါမည်။ တောခို၍ လက်နက်ကိုင် တပ်ဖွဲ့သို့ ရောက်သဖြင့် သူပုန်ဖြစ်သည်ပေါ့။
    သူပုန်ထက် တော်လှန်ရေးသမားဟု ခေါ်ချင်သည်။ သို့ သော် ထွက်ပြေးတဲ့လူဟု သတ်မှတ်ကြသည့်အတွက် အဖေ့ကို သူပုန်ဟုသာခေါ်တော့မည်။ ၀မ်းနည်းစရာမရှိပါ။
    ၈၈ အရေးအခင်း ဖြစ်တုန်းက ကျနော့်အသက် ၁၀-နှစ်မပြည့်သေး။ အရေးအခင်းပြီးပြီးချင်း အဖေ တောခိုစ ဘယ်ရောက် ဘယ်ပေါက်ဆိုတာ မသိရခင် ရပ်ကွက်ထဲက မိတ်ရင်းဆွေရင်းဆိုသူ မွတ်စလင်မ် အဒေါ်ကြီးက ခုလိုပြောသည်။ “နင့်အဖေ ပြေးပြီမလား၊ ကောင်းတယ်လေ ဒီမိုကရေစီလို ချင်အုံး”။ လုပ်ကြံမပြောပါ။ ကုရ်အာန် ကိုင်ပြီး ကျိန်ရဲသည်။
    အဲ့ဒီ မွတ်စလင်မ်အဒေါ်ကြီးရဲ့ စကား နှစ်ပေါင်း အစိပ်ကျော်လည်း မှတ်မိနေဆဲပါ။ နံနက်ခင်း ပလီ ကျောင်းအဆင်း သူ့ အိမ်တောင်ဖက်လမ်းကြားမှဖြတ်ပြန်စဉ် အုတ်ခုံပေါ်တွင်ထိုင်နေရင်းကမှ လှမ်းပြောခြင်းဖြစ်သည်။
    ကျနော်က ဒီအတိုင်း အိမ်မပြန်ခဲ့ပါ။ သူ့ ပန်းခြံထဲက ပန်းပင်များကိုဖျက်ဆီးပစ်သည်။ မွတ်စလင်မ်တွေကိုနှိမ်တာ လုံးဝမခံနိုင်တဲ့အဖေ၊ ကျောင်းမှာတော်ပေမဲ့ ကျောင်းပြီး တော့ ကုလားဖြစ်လို့ ဆိုပြီး အလုပ်မရတဲ့ အဖေ့အကြောင်း နောက်မှသိရပေမဲ့ အဖေနိုင်ငံရေးလုပ်တာ ငယ်ငယ် ကတည်းက ကျနော်အားပေးတဲ့အတွက် အဖေကို ပြေးပြီ မလားလို့ ပြောတာ လက်ပိုက်ကြည့် မနေခဲ့ပါ။ အဖေ့သွေးလောက် ကျနော့်သွေးလည်း ရဲသည်။
    အဖေပြေးတော့ ရပ်ကွက်ရုံးကြော်ညာဘုတ်မှာ စာကပ်သည်။ အဖေ့ကို ကုလားဆိုး ဆိုပြီး။ ဒီမိုကရေစီလုပ်ချင်းတူတူ မွတ်စလင်မ်မဟုတ်သူများပြေးတော့ ဦးဘယ်သူ ကိုဘယ်သူဟုသာ စာကပ်ပြီး အဖေ့ကျမှ ကုလားဆိုးဟု ကင်ပွန်းတပ်သည်။ ရပ်ကွက်လူကြီးများ ကုလားကိုအလေး မထားခြင်းမှာ မဆန်းပါ။ ဆိုးသည်မှာ ခုနက မွတ်စလင်မ် အဒေါ်ကြီး။ အဖေနိုင်ငံရေးလုပ်ရသည့် ရည်ရွယ်ချက်မှာ အာဏာရှင်စနစ်အောက်မှလွတ်မြောက်ဖို့ ၊ မွတ်စလင်မ်များ အနှိမ်ခံရသည့်ဘ၀၊ ဖိနှိပ်ခံရသည့် ဘ၀မှ လွတ်မြောက်ပြီး တန်းတူအခွင့်အရေးရဖို့ ။
    ဒီလိုလူမျိုးကို အားပေးရမည့်အစား၊ ဒီလိုလူမျိုးမရှိပါက မွေးထုတ်ရမည့်အစား၊ ဒီလိုနိုင်ငံရေးသမား ထောင်ကျလျှင် သူနိုင်ငံရေးအလုပ်ဆက်လုပ်နိုင်ရန်၊ တခြားနိုင်ငံရေး သမားများလည်း မိသားစု နောက်ဆန်မတင်းပဲ တိုင်းပြည်အရေး မွတ်စလင်မ်အရေး ဆက်လုပ်နိုင်ရန် သူ့ မိသားစုကို တာဝန်ယူပေးရမည့်အစား၊ အဖေနိုင်ငံရေး လုပ်သည် ကို အပစ်ပုံချသည်။ ပြေးပြီမလား ဒီမိုကရေစီ ရချင်အုံးဟု ဆိုသည်။
    အဖေပြေးတော့ စာနာသူများရှိသည်။ သို့ သော် အဖေထွက်ပြေးရကောင်းမလား၊ သူများတွေ အလင်းဝင်လာနေလျက် အဖေ အလင်းပြန်ဝင်မလာရကောင်းလားဆိုပြီး တာဝန်မဲ့သူတဦးအဖြစ်၊ အလုပ် လက်ကြောမတင်းတဲ့လူအဖြစ် အပစ်တင်ကြသည်။ ကလေးများအတွက် ဂရုဏာဒေါကြောင့် လည်းဖြစ်ပေလိမ့်မည်။ သို့ သော် ပြည်သူလူထု၏ အခြေအနေ၊ မွတ်စလင်မ်လူထု၏ အခြေအနေ သည် နိုင်ငံရေးအပေါ်မူတည်ပြီး အခွင့်အရေးများကို နိုင်ငံရေးအရ တိုက်ယူရမည်ဟု နားလည်ကြပုံ မပေါ်။ နိုင်ငံရေးကို အလုပ်လက်ကြောမတင်းသည့်လူများအလုပ်ဟုသာ ထင်ကြသည်။
    ဤသို့ သော အမြင်များသည် မြန်မာမွတ်စလင်မ်အများစု၏ အမြင်ဖြစ်တော့သည်။ တလောကပင် မွတ်စလင်မ်အဖွဲ့ ကြီးတစ်ဖွဲ့ မှ မွတ်စလင်မ်များအား နိုင်ငံရေး ၀င်မလုပ်ရန် တားမြစ်စာထုတ်သည့် အနေအထားသို့ပါရောက်တော့သည်။
    ထိုသို့ သော အမြင်ကျဉ်းမြောင်းမှုရလဒ်ကြောင့် ၈၈ မှစ၍ ယခု ၂၅ နှစ်အတွင်း မွတ်စလင်မ် အသိုင်းအ၀ိုင်းထဲတွင် အထင်ကရ နိုင်ငံရေးသမားမရှိတော့။ ၈၈-ကျောင်းသား ခေါင်းဆောင်အချို့နှင့် ၉၀ နောက်ပိုင်းမျိုးဆက် လက်တဆုတ်စာသာရှိသည်။ မွတ်စလင်မ်များအား မီးကုန်ယမ်းကုန် တိုက်ခိုက်နေသည့် ယခုလို အချိန်အခါတွင်တောင် နိုင်ငံရေးအရ အခွင့်အရေးတောင်းဆိုရန် အင်အားကောင်းသည့် နိုင်ငံရေးအဖွဲ့ ၊ နိုင်ငံရေးအခြေခံ၊ နိုင်ငံရေးသမားမရှိ။ မရှိရခြင်း၏ အဓိက တရားခံများမှာ ယခင် မွတ်စလင်မ်လူကြီးများ (သို့ ) ယခင်မွတ်စလင်မ်မျိုးဆက်ဖြစ်သည်။ ကိုယ်တိုင်လည်း နိုင်ငံရေးလုပ်ရကောင်းမှန်းမသိ၊ နိုင်ငံရေးလုပ်သူကို အားပေးအားမြောက်ပြုရမှန်းမသိသည့် အပြင် နိုင်ငံရေးကြောင့် တောခိုရသူကိုပင် ကဲ့ရဲ့ ဝေဖန်ကြသည်။ အဖေမကောင်းကြောင်း ခနခနကြားရသဖြင့် အဖေနိုင်ငံရေး သမား သူပုန်လုပ်ပေမဲ့ အဖေ့သား အဖေ့သမီး တစ်ယောက်မှ နိုင်ငံရေးထဲမရောက်တော့။ ဗိုလ်ချုပ်သမီး ဒီမိုကရေစီခေါင်းဆောင်ဖြစ်ပေမဲ့ အဖေသူပုန်ရဲ့သား သမီးများ နိုင်ငံရေးစိတ်မ၀င်စား။ ခေါင်းဆောင်ဖြစ်ဖို့  ဝေးစွ (ဗိုလ်ချုပ်သမီးနှင့် မနှိုင်းယဉ်လိုပါ၊ သို့ သော် ဥပမာကောင်းတခုဖြစ်သည့်အတွက် တင်ပြခြင်းဖြစ်သည်။ မြန်မာပြည်နိုင်ငံရေး အသိုင်းအ၀ိုင်းနှင့် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းများလေ့လာလျှင် အဖေခြေယာ အမေခြေယာ ဆက် ဆံသော နိုင်ငံရေးခေါင်းဆောင်များ၊ အတိုက်အခံခေါင်းဆောင်များကို တွေ့ ရပါလိမ့်မည်)။
    နယ်စပ်တွင်အလုပ်ရစဉ်က ပြန်စဉ်းစားမိလာသည်။ သူများတကာ ဆန္ဒပြသည်။ ထောင်ကျခံ သည်။ နိုင်ငံရေးလုပ်သည်။ ထောက်လှမ်းရေးလိုက်သဖြင့် နယ်စပ်သို့ ထွက်ပြေးသည်။ အချို့ လည်း စီးပွားပျက်ခံပြီး နိုင်ငံရေးလုပ်သည်။ နိုင်ငံခြားအဖွဲ့ များနှင့် ဆက်သွယ်သည်၊ သတင်းပို့ သည်။ အ ခန့် မသင့် သဖြင့် ထောင်ကျသည်။ အချို့ ကံကောင်း၍ လွတ်မြောက်နယ်မြေရောက်ကြသည်။ ထိုထွက်ပြေးသူများ ထောင်ကျသူများကို သူတို့ အသိုင်းအ၀ိုင်းက လေးစားကြသည်။ မိသားစုကို တာဝန်ယူ ပေးကြသည်။ သူ့ ငါကြည့် ငါ့သူကြည့် ဖေးမပြီး စစ်အာဏာရှင်စနစ်ကို တိုက်ကြောင်း ဒုက္ခသည်စခန်းရောက် နိုင်ငံရေးအကျဉ်းသားမိသားစု အသိုင်းအ၀ိုင်းဆီမှ သိခွင့်ရသည်။
    ကျနော်တို့ မွတ်စလင်မ်တွေမှာသာ နိုင်ငံရေးသမားများကို လေးစားဖို့ အနေသာ၊ အားပေးဖို့ အနေသာ၊ ပြုစုပျိုးထောင်ဖို့ အနေသာ၊ ဖေးမဖို့ အနေသာ၊ ကဲ့သာရဲ့ကြ သည်။ မကဲ့ရဲ့တောင် မမြင်ချင်ဟန် ဆောင်ကြသည်။ စွန့် လွတ်သည့်လူ၊ အနစ်နာခံသည့်လူကို အလေးမထားသဖြင့်၊ ကိုယ်ကျိုးစွန့် လွတ်ကာ နိုင်ငံရေးတိုက်ပွဲဝင်မည့် လူလည်းမရှိတော့။ သတ္ထိလည်းမရှိတော့။ နမူနာယူစရာလည်း မရှိ၊ အားကျစရာလည်းမရှိ၊ အသိုင်းအ၀ိုင်းလည်းမရှိ။
    ထိုစိတ်ဓာတ်၏ ရလဒ်မှာ ယခုကဲ့သို့ မွတ်စလင်မ်မုန်းတီးရေး အရှိန်မြင့်လာသောအခါ ဘာလုပ်ရ မှန်းမသိဖြစ်နေခြင်းပင်။ သူများကဲ့သို့  တကိုယ်တော် ဆန္ဒပြမည့် လူတောင် တယောက်မှမတွေ့ ရသေး။ သူများတကာ လမ်းလျှောက်၊ ချီတက်ဆန္ဒပြ၊ အစာငတ်ခံ၊ ထုတ်ဖော်စသဖြင့် နိုင်ငံရေး လမ်းကြောင်းအရ မွတ်စလင်မ်များမှာ မလုပ်ကြ၊ မလုပ်ရဲ။ လုပ်၍ တစုံတခုဖြစ်ရင်လည်း နောက်က လိုက်မည့်လူရှိမရှိ မသေချာ။ ပလီမီးရှိ့ မှာမလို့  ဖယ်ပေးလိုက်ပါဆိုတဲ့ မွတ်စလင်မ်လူကြီးဆို သူတွေကြောင့် ငါလိုလူ ဆန္ဒပြလို့  ဆွဲခံထိရင် နည်းတောင်နည်းသေးတယ်ဟု ဆဲလေမလားဟု ထင်မိသည်။
    သို့ သော် မွတ်စလင်မ်များ စော်ကား မတရားခံနေရသည်ကို သည်းမခံနိုင်တော့သည့် မွတ်စလင်မ်လူငယ်ထုတစ်ရပ်ကို ယခု မွတ်စလင်မ်ဆန့် ကျင်ရေး လှုပ်ရှားမှုက မွေးထုတ်ပေးလျက်ရှိကြောင်း မြင်နေရသည်။ လုပ်ရပ်တိုင်းတွင် တန်ပြန်အကျိုးသက်ရောက်မှုရှိသည့်အတွက် နှစ်ပေါင်းများစွာ မိန်းနေသည့် မွတ်စလင်မ် လူငယ်များ မွတ်စလင်မ် ဆန့်ကျင်ရေးကြောင့် ပြန်နိုးထလာနေသည်ကို တွေ့ နေရသည်။ မွတ်စလင်မ်လူကြီးများ အားမပေးခဲ့၊ ပျက်ကွက်ခဲ့သော်လည်း လူငယ်များသည် လက်တွေ့ကို မြင်လာနေပြီဖြစ်သည်။ တော်လှန်ရေးအင်အားစု၊ နိုင်ငံရေး အင်အားစု မရှိသဖြင့် ဤမျှခံနေရသည့် မွတ်စလင်မ်လူထုအတွက် အမြင်ချို့ခဲ့သည့် လူကြီးများ၏ အမှားကို ချေပဖို့  တော်လှန်မည့် လူငယ်များရှိလာနေပြီဖြစ်သည်။ လက်နက်ကိုင်သည့် တော်လှန်ရေးမဟုတ်ပဲ မတရားမှုကို နိုင်ငံရေးအရ တော်လှန်မည့် တော်လှန်ရေးဖြစ်သည်။ တရားမျှတရေးအတွက် နိုင်ငံရေးတိုက်ပွဲဖြစ်သည်။
    “ပြေးပြီမလား၊ ကောင်းတယ်လေ ဒီမိုကရေစီလို ချင်အုံး” ဟု နောက်တခါ မပြောမိပါစေနှင့်။
    * ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။
  • ထူးချွန်မြန်မာကျောင်းသားများအတွက် အမေရိကန်တက္ကသိုလ် University of Vermont မှပေးအပ်မည့် ပညာသင်ထောက်ပံ့ကြေးအမေရိကန်ဒေါ်လာ ၁ဝ,ဝဝဝ စတင်လျှောက်ထားနိုင်
    ထူးချွန်မြန်မာကျောင်းသားများအတွက် အမေရိကန်တက္ကသိုလ် University of Vermont မှပေးအပ်မည့် ပညာသင်ထောက်ပံ့ကြေးအမေရိကန်ဒေါ်လာ ၁ဝ,ဝဝဝ စတင်လျှောက်ထားနိုင်
    အောက်တိုဘာ ၁၃၊ ၂၀၁၃
    M-Media
    ဆူးထက်
    ဓါတ်ပုံအညွန်း - crowneducation
    ဓါတ်ပုံအညွန်း – crowneducation
    ရန်ကုန်   ။        ။    အမေရိကန်တက္ကသိုလ်များမှ မြန်မာကျောင်းသားများအား ပညာသင်ထောက် ပံ့ကြေးများပိုမိုပေးအပ်လျက် ရှိရာ ထူးချွန်သည့်(၁ဝ)တန်းအောင် (သို့) IGCSE အောင်မြင်သူများ အတွက် University of Vermont မှ Scholarship US$ 10,000 အထိပေးအပ် မည်ဖြစ်ကြောင်း၊ CROWN Education တာဝန်ရှိသူတစ်ဦးမှ ပြောကြားလိုက်သည်။
    အဆိုပါ Scholarship 10,000 အတွက်သီးသန့်လျှောက်ထားရန်မလိုအပ်ပဲ(၁ဝ)တန်း(သို့) IGCSE အမှတ်နှင့် အင်တာဗျူးဖြေဆိုမှုကိုဆုံးဖြတ် ၍ ချီးမြင့်မည် ဖြစ်ကြောင်း၊University of Vermont သို့ဝင်ခွင့်ရပါက ကျန်စာသင်နှစ်များတွင်သတ်မှတ်အရည်အချင်းပြည့်မှီသူများအနေဖြင့် ထပ်မံ၍ ပညာသင် ထောက်ပံ့ကြေးများ ရရှိနိုင်ကြောင်းသိရသည်။
    University of Vermont ကို ၁၇၉၁ တွင်တည်ထောင်ခဲ့ပြီး အမေရိကန်အစိုး ရမှရန်ပုံငွေထောက်ပံ့မှုရရှိထား သော တက္ကသိုလ်ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု ၏ အရှေ့မြောက်ပိုင်း၊ဘေးကင်းလုံခြုံမှု အရှိဆုံးVermont ပြည်နယ်တွင်တည်ရှိသည်။ ဘွဲ့ကြိုဘာသာရပ်ပေါင်း ၁ဝဝ ကျော်၊ ဘွဲ့လွန် ၄၈ ခု နှင့် ပါရဂူဘွဲ့ ၂၁ ခု ပို့ချပေးကာ ကျောင်းသားကျောင်းသူပေါင်း ၂ဝဝဝဝ ကျော်သင်ယူနေပါသည်။ Alumni (ကျောင်းသူကျောင်းသားဟောင်းပေါင်း) ၉ဝဝဝဝ ကျော် ရှိပြီး ဆေးပညာ နှင့် ငြိမ်းချမ်းရေး နိုဘယ်ဆုရ ပုဂ္ဂိုလ်များပေါ် ထွက်သည့်ကျောင်းဖြစ်သည်။ US News and World Report အရ အမေရိကန် ထိပ်တန်းတက္ကသိုလ် အဆင့်(၉၂)ဖြစ်ကြောင်း သိရသည်။
    ၁ဝ-တန်းအောင်(သို့)IGCSE အောင်မြင်သူများအနေဖြင့် SAT ရမှတ်မလိုပဲ အမေရိကန်တက္ကသိုလ် ပထမနှစ်နှင့်ညီမျှသော Global Gateway Program ကိုလျှောက်ထားနိုင်ပါသည်။ အဆိုပါ Global Gateway Program သည် နိုင်ငံတကာကျောင်းသားကျောင်းသူများအတွက် ဝင်ခွင့်ခေါ်ယူခြင်းဖြစ်ပြီး အမေရိကန်တက္ကသိုလ် ပညာရေးစနစ်တွင်လိုအပ်မည့် Academic Skills များကိုသင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။
    (၁ဝ)တန်းအောင်(သို့) IGCSE ကျောင်းသားများအနေဖြင့်ရွေးချယ် သင်ယူနိုင်သော ဘာသာရပ် နယ်ပယ်များ- Agriculture & Life Sciences၊ Arts & Sciences ၊ Business Administration၊ Education & Social Services၊ Engineering & Mathematical Sciences၊ Environment & Natural Resources၊ Nursing & Health Sciences တို့ဖြစ်သည်။
    ဝင်ခွင့်ဆိုင်ရာ အင်္ဂလိပ်စာအရည်အချင်း IELTS 6.0 ရှိရန်လိုအပ်ပြီး Global Gateway Program မှာ(၈)လ ကြာမြင့်မည်ဖြစ်ကာ၊ ပြီး မြောက်ပါ က ဒီဂရီဒုတိ ယနှစ်ပရိုဂရမ်တွင် မိမိနှစ်သက်ရာမေဂျာများကို ရွေးချယ် တက်ရောက်နိုင်သည်။  ကျောင်းဝင်ခွင့်လမှာဇန်နဝါရီနှင့်သြဂုတ်လတို့ဖြစ်ပြီး တစ်နှစ်စာ ကျောင်းလခ အမေရိကန်ဒေါ်လာ ၃၄,၆ဝဝ ခန့်နှင့် နေထိုင်စားသောက် စားရိတ် ဒေါ်လာ ၁ဝ,ဝဝဝ ကျော်ခန့်ကုန်ကျမည်ဖြစ်သည်။
    ကျောင်းလျှောက်ထားခြင်းနှင့်အသေးစိတ်သိရှိလိုသူများ အနေဖြင့် CROWN Education အမှတ် ၂၇ဝ၊ ပထမထပ်၊အခန်း(1 B)ပြည်လမ်း ၊ မြေနီကုန်း ၊ ဖုန်းနံပါတ်– ဝ၉ ၇၃၂ ၇၃၂ ၇၇ နှင့် ဝ၁ ၅၂၇ ၈၃၈ တို့သို့ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။
  • အောက်တိုဘာ ၁၂၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို
    အောက်တိုဘာ ၁၂၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို
    အောက်တိုဘာ ၁၂၊ ၂၀၁၃
    M-Media
    ၂၀၁၄-ခုနှစ် မတ်လ ၃၀-ရက်နေ့မှ ဧပြီ ၁၀-ရက်နေ့အတွင်း ကောက်ယူမည့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အိမ်တိုင်ရာရောက် သန်းခေါင်စာရင်းကောက်ယူရာတွင် မေးခွန်းများကို မှန်ကန်စွာဖြေဆိုခြင်းဖြင့် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ရေပေးဝေမှု၊ လျှပ်စစ်ဓါတ်အား ဖြန့်ဝေမည့် ပမာဏ၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးမည့်အခြေအနေ၊ နယ်မြေကာကွယ်ရေးလိုအပ်ချက်၊ မသန်စွမ်းသူများ၊ ဘိုးဘွားများ၊ အမျိုးသမီးနှင့် ကလေးသူငယ်စောင့်ရှောက်မှုကို ဆောင်ရွက်ရန် ရည်ရွယ်ကြောင်း လားရှိုးမြို့တွင် မနေ့ကပြုလုပ်သည့် သန်းခေါင်စာရင်းဆိုင်ရာ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့ကြောင်း မြန်မာ့ခေတ်သတင်းတွင် ဖော်ပြထားပါတယ်။
    _______________________
    သံတွဲမြို့ အကြမ်းဖက်မှုအား ဖမ်းဆီးရာတွင် ဥပဒေနှင့်အညီဖြစ်စေရန် သံဃာအဖွဲ့မှ တောင်းဆို
    ရခိုင်ပြည်နယ် သံတွဲမြို့မှာ စက်တင်ဘာ ၂၉-ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွင် ဖမ်းဆီးသူများအား သံသယနှင့် မဖမ်းပဲ ဖမ်းထားသူတွေအား မြန်မြန် စစ်ဆေးပြီး အပြစ်မရှိသူတွေကို လွှတ်ပေးရန်၊ ဖမ်းဆီးထားသူများတွင် အပြစ်မရှိသူများပါဝင်နေပြီး၊ ရခိုင်တိုင်းရှုးသားများ တိုးတက်ရေးပါတီ ဥက္ကဌအပါအ၀င်
    ၁၇-ယောက်အား သံတွဲမှ ကျောက်ဖြူ အကျဉ်းထောင်သို့ ပြောင်းသည့်ကိစ္စကို လူထုမှ မကျေနပ်၍ ဘုန်းကြီးများမှ လူထုကျေနပ်အောင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း
    ဒီနေ့နေ့လည်ပိုင်းက ဒုတိယဗိုလ်ချုပ်ကြီး လှမင်းနဲ့ တွေ့ဆုံစဉ်မှာ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ဝင် သံတွဲမြို့
    ပုလဲရတနာကျောင်းတိုက်မှ အရှင်ဣန္ဒာစာရက RFA ကို ပြောကြားကြောင်း သိရပါတယ်။
    ______________________
    ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး အကြံပြုနိုင်ရန် လူထုအခြေပြုအဖွဲ့များပါဝင်တဲ့ ကွန်ရက် ဆွေးနွေး
    ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး လေ့လာသုံးသပ်ရေးကော်မတီကို လာမယ့် နိုဝင်ဘာ ၁၅-ရက်နေ့မတိုင်ခင် အကြံပေးနိုင်ရန် အတွက် လူထုအခြေပြုအဖွဲ့အစည်းများပါဝင်သည့် ကွန်ရက် ဒီနေ့မှာ ဆွေးနွေးခဲ့ကြကြောင်း၊ ယခု ဆွေးနွေးမှုသည် ပမာဏ ဆွေးနွေးမှုကို စတင်တာဖြစ်ပြီး၊ ကျန်သည့် အဖွဲ့အစည်းများနှင့် အများပြည်သူ ပါဝင်လာနိုင်ရေးအတွက် မကြာခင်မှာလည်း ဆွေးနွေးပွဲတစ်ခု ပြုလုပ်သွားမည်ဖြစ်ကြောင်း ကမာရွတ် ရုပ်သံမီဒီယာမှတဆင့် သိရှိရပါတယ်။
    ______________________
    ပါကစ္စတန်တွင်လှုပ်ရှားနေသည့် တာလီဘန်ခေါင်းဆောင်အား အမေရိကန် ဖမ်းဆီး
    ပါကစ္စတန်တွင်ပြုလုပ်ခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများအတွက် အလိုရှိနေသည့် တာလီဘန်ခေါင်းဆောင်တစ်ဦးဖြစ်သူ လာတီဖူလ်လာ မဲဟ်ဆူဒ်အား အာဖဂန်ရှိ အမေရိကန် စစ်တပ်မှ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ မဟ်ဆူဒ်အား ဖမ်းဆီးရမိကြောင်း အမေရိကန်အစိုးရက ကြေညာခဲ့ပြီး မည်သည့်ကိစ္စရပ်များဖြစ်ပွားခဲ့သည်ကို မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
    အမေရိကန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ မရီဟာ့ဖ်က ဖမ်းဆီးရမိခဲ့သူမှာ ပါကစ္စတန်အခြေစိုက် တာရစ် အီ တာလီဘန်အဖွဲ့၏  အကြီးတန်းခေါင်းဆောင် တစ်ဦး ဖြစ်သည်ဟု ယမန်နေ့က ပြောဆိုခဲ့သည်။
    အာဖဂန်တွင်ပြုလုပ်သည့် အမေရိကန်စစ်တပ်၏ စစ်ဆင်ရေးတစ်ခုတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ပင်တဂွန်ကပြောဆိုခဲ့သော်လည်း ငြိမ်ချမ်းရေးကိစ္စ ဆွေးနွေးရန် သီတင်းပတ်အနည်းငယ်အရင်က အာဖဂန်စိုးရမှ မဲဟ်ဆူဒ်အား လိုဂါပြည်နယ်တွင် ထိန်းသိမ်းထားခဲ့ခြင်းဖြစ်ပြီး အမေရိကန်က အာဖဂန်အစိုး၏လက်မှ အဓမ္မဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်ဟု ၀ါရှင်တန်ပို့စ်သတင်းစာက ရေးသားဖော်ပြခဲ့သည်။
    ပါကစ္စတန်အခြေစိုက် တာလီဘန်အဖွဲ့ကလည်း မဲဟ်ဆူဒ်အဖမ်းခံရကြောင်း အတည်ပြုပြောကြားခဲ့ပြီး မဲဟ်ဆူဒ်အား ခို့စ်ပြည်နယ် ဂူလမ်ခန်းနယ်ခြားဒေသတွင်
    အာဖဂန်စစ်တပ်မှ အောက်တိုဘာ ၅ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    Ref : aljazeera
    _______________________
    တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်မည်
    ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်များတွင် လွန်ခဲ့သည့် နှစ်-၄၀ အတွင်း သိသိသာသာတိုးတက်လာခဲ့သည့် အင်ဒိုနီးရှားနှင့် တောင်ကိုရီးယားတို့မှာ နှစ်နိုင်ငံ
    စီးပွားရေးအား ယခုထက်ပိုမိုတိုးတက်အောင်လုပ်ဆောင်ရန် သဘောတူညီခဲ့ကြသည်ဟု သိရသည်။
    နှစ်နိုင်ငံစလုံးတွင် စီးပွားရေးအခွင့်အလမ်းများ ပိုမိုဖန်တီးရန် ရည်ရွယ်သည့် ထိုသဘောတူညီချက်မှာ ယမန်နေ့ညနေက အင်ဒိုနီနိုင်ငံ ဂျကာတာမြို့ရှိ ဟိုတယ်တစ်ခု တွင် အင်ဒိုနီးရှားဝန်ကြီးများက ကျင်းပပြုလုပ်ခဲ့သည့် စီးပွားရေးဆိုင်ရာ အဆင့်မြင့် ဖိုရမ်တွင်သဘောတူညီခဲ့ခြင်းဖြစ်သည်ဟု အင်ဒိုနီးရှားအစိုးရက ကြေညာခဲ့သည်။ အဆိုပါဖိုရမ်အား အင်ဒိုနီးရှားနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် တောင်ကိုရီးသားသမ္မတ ပက်ဂျုံဟေးနှင့် အဖွဲ့လည်းတက်ရောက်ခဲ့ကြသည်။
    Ref : xinhuanet
    _______________________
    အမေရိကန်ပိုင် သင်္ဘောတစ်စီးအား ဗင်နီဇွဲလားဖမ်းဆီး
    မိမိတို့၏ ပိုင်နက်အတွင်းသို့ ခွင့်ပြုချက်မရဘဲ ၀င်ရောက်လာသောကြောင့်ဆိုကာ အမေရိကန်ကုမ္ပဏီတစ်ခုအောက်တွင် အလုပ်လုပ်နေသည့် သင်္ဘောတစ်စီး အား ဗင်နီဇွဲလားရေတပ်က ဖမ်းဆီးလိုက်သည်ဟု တောင်အမေရိကမှ နိုင်ငံငယ်လေးဖြစ်သည့် ဂူယာနာနိုင်ငံ၏ အစိုးရက ယမန်နေ့က ကြေညာလိုက်သည်။
    မနားမားအလံလွှင့်ထူထားပြီး စင်ကာပူရေကြောင်းဆိုင်ရာ ကုမ္ပဏီတစ်ခုမှ ပိုင်ဆိုသည့် Teknik Perdana ဟုအမည်ရသည့် အဆိုပါသင်္ဘောမှာ တက္ကဆက်ပြည်နယ်ရှိ Anadarko Petroleum Corp ကုမ္ပဏီလက်အောက်တွင်ရှိနေပြီး ဗင်နီဇွဲလားရေပိုင်နက်တွင် ခွင့်ပြုချက်ဖြင့် တရာဝင်ရေနံရှာဖွေနေသည့် သင်္ဘောဖြစ်သည်။
    ထိုသင်္ဘောတွင် အမေရိကန်နိုင်ငံသား ၅ ဦးပါဝင်နေပြီး ဂူယာနာနှင့် ဗင်နီဇွဲလားတို့ နှစ်နိုင်ငံအငြင်းပွားနေသည့် ရေပိုင်နက်တွင်ဖမ်ဆီးခဲ့ခြင်းဖြစ်သည်။ ဗင်နီဇွဲလား ရေတပ်မှ ထိုသင်္ဘောအား ရပ်တန့်ခိုင်းခဲ့ပြီး အစောင့်အရှောက်ဖြင့် Margarita ကျွန်းသို့ခေါ်ဆောင်သွားခဲ့သည်ဟု ဂူယာနာ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ရေးသားဖော်ပြခဲ့သည်။
    “အဲဒီသင်္ဘောနဲ့ သင်္ဘောသားတွေကို ဂူယာနာရေပိုင်နက်ထဲကနေ အစောင့်အရှောက်နဲ့ ခေါ်သွားယုံတင်မဟုတ်ပါဘူး။ ဖမ်းဆီသွားတာပဲဖြစ်ပါတယ်။ ဗင်နီဇွဲလားရေတပ် က လုပ်ခဲ့တဲ့ ဒီလိုလုပ်ရပ်မျိုးဟာ ဗင်နီဇွဲလားနဲ့ ဂူယာနာ နှစ်နိုင်ငံဆက်ဆံရေးမှာ မကြုံစဖူးဖြစ်ပွားခဲ့တာပါပဲ” ဟု ထိုအစီရင်ခံစာတွင် ထည့်သွင်းရေးသားခဲ့သည်။
    Ref : presstv
    _______________________
    ခန္ဓာကိုယ်အစိတ်အပိုင်းများအား တရားမ၀င်ရောင်းချသူ လေးဦးအား ကော်စတာရီကာ ရဲတပ်ဖွဲ့ဖမ်းဆီး
    နိုင်ငံခြားသားများထံသို့ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများအား တရားမ၀င်ရောင်းချသည်ဟု သံသယရှိသည့် ဂိုဏ်းတစ်ခုမှ လူလေးဦးအား ကော်စတာရီကာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု နိုင်ငံ၏ ရှေ့နေချုပ်ကပြောကြားခဲ့သည်။
    ဖမ်းဆီးမှုကို ကြာသာပတေးနေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြို့တော် ဆန်ဂျို့စ်ရှိ Calderon Guardia ဆေးရုံတွင် အလုပ်လုပ်ကိုင်နေသည့် ဆရာဝန်သုံးဦးနှင့် လူများအား ၎င်းတို့၏ ကျောက်ကပ်များကို လှူဒါန်းရန်ဆွဲဆောင်တိုက်တွန်းသည့် ဂရိနိုင်ငံသားတစ်ဦးပါဝင်သည်ဟု ရှေ့နေချုပ် ကာလို့စ်ဂျီမီနက်ဇ်က ပြောကြားခဲ့သည်။
    ဖမ်းဆီးရမိခဲ့သည့် ဆရာဝန်များမှာ ကျောက်ကပ်အစားထိုးခွဲစိပ်မှုကို ဆောင်ရွက်ရသူများဖြစ်ပြီး ကျောက်ကပ်လှူဒါန်းသူများမှာ ၎င်းတို့၏ ကျောပ်ကပ်အတွက်
    ကန်ဒေါ်လာ ၈၀၀၀၀ မှ ၁၀၀၀၀၀ အထိ ရရှိကြသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
    ယခုကဲ့သို့ ဖမ်းဆီးမှုမှာ ဒုတိယအကြိမ်မြောက်ဖမ်းဆီးမှုဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လကလည်း ခန္ဓာကိုယ်အစိတ်အပိုင်းများကို တရားမ၀င်ရောင်းချသည့် ဂိုဏ်းခေါင်းဆောင် ဖရန်စစ္စကို မိုရာ ပါလ်မာအပါအ၀င် အစိုးရတာဝန်ရှိသူ တစ်ဦးအား ဖမ်ဆီးခဲ့သေးသည်။
    Ref : presstv
    _______________________
    အမေရိကန် လေတပ်ဗိုလ်ချုပ်တစ်ဦး ရာထူးမှ ထုတ်ပယ်ခံရ
    တာဝေးပစ် နျူးကလီးယားဒုံးကျည်များအား တာဝန်ယူထိန်းသိမ်းရသည့် လေတပ်ဗိုလ်ချုပ်ကြီးတစ်ဦးအား ဆိုးရွားသောအပြုအမူများကြောင့် ရာထူးမှ ထုတ်ပယ်လိုက် ကြောင်း အမေရိကန်လေတပ်မှ ကြေညာခဲ့သည်။
    အမှတ် ၂၀ လေတပ်မှ ဗိုလ်ချုပ်ကြီး မိုက်ကယ် ကာရေးဖြစ်ပြီး တာဝန်ထမ်းဆောင်ချိန်အတွင်း ပြုမူခဲ့သည့်အပြုအမူများနှင့်ပက်သက်ပြီး တပ်မှ ၎င်းအား ယုံကြည်မှု မရှိတော့သောကြောင့် ထုတ်ပယ်လိုက်ခြင်းဖြစ်သည်ဟု လေတပ်မှပြောဆိုခဲ့သည်။
    အမှတ် ၂၀ လေတပ်မှာ နျူးကလီးယားထိပ်ဖူးများ တပ်ဆင်ထားသည့် 450 တာဝေးပစ်ဒုံးကျည်များကို တာဝန်ယူထိန်းသိမ်းရသည့် တပ်တစ်ခုဖြစ်သည်။
    ဗိုလ်ချုပ်ကြီးမိုက်ကယ်ကာရေးအား ထုတ်ပယ်ခဲ့ခြင်းမှာ နျူးကလီယားဒုံးကျည်များ၊ ဗိုလ်ချုပ်ကြီး၏ လိင်ပိုင်းဆိုင်ရာ အပြုအမူများနှင့် ဆက်စပ်ခြင်းမရှိဟု အမေရိကန် လေတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဘရီဂါဒီယာ လက်စ် ကော့ဒလစ်က ပြောကြားခဲ့သည်။ သို့သော်လည်း အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ယောက်ကမူ ထိုကဲ့သို့ ထုတ်ပယ်ခဲ့ခြင်းမှာ အရက်သေစာသောက်စားမှုနှင့် ဆက်စပ်မှုရှိသည်ဟု အေပီ သတင်းဌာနသို့ပြောကြားခဲ့သည်။
    အမေရိကန်စစ်တပ်မှ ဗိုလ်ချုပ်ကြီးများအား ထုတ်ပယ်ကြောင်း လူထုအားအသိပေးခြင်းမှာ ဖြစ်ခဲလှပြီး မကြာသေးမီကလည်း ရေတပ်ဗိုလ်ချုပ်ကြီး တီမော်သီ ဂီယာဒ့်ဒီနာ အား အမေရိကန်ရေတပ်က ရာထူးမှ ထုတ်ပယ်ခဲ့သေးသည်။
    Ref : aljazeera
    _______________________
    အမေရိကန်ရှိ ပန်းခြံများနှင့် အထိမ်းအမှတ်အဆောက်အုံများ ပြန်ဖွင့်
    အမေရိကန်တွင်ကြုံတွေ့နေရသော ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ပိတ်ထားခဲ့ရသည့် ပန်ခြံများနှင့် အထိမ်းအမှတ်အဆောက်အအုံအချို့ကို ပြန်လည် ဖွင့်လှစ် လိုက်ပြီဟု သိရသည်။ ဗဟိုအစိုးရက ယာယီရံပုံငွေထုတ်ပေးခဲ့ပြီးနောက် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လေဘာတီရုပ်ထု၊ Grand Canyon အမျိုးသားပန်းခြံ အပါအ၀င် ပန်းခြံအချို့နှင့် အထိမ်းအမှတ်အဆောက်အအုံ အချို့တို့ ပါဝင်သည်။
    ဘဏ္ဍာရေး အကြပ်အတည်းကြောင့် အောက်တိုဘာ ၁ ရက်နေ့ကတည်းက ပိတ်ထားခဲ့ရသည့် နယူးယောက်၊ အရီဇိုးနား၊ ကိုလိုရာဒိုနှင့် ယူတာ ပြည်နယ်များရှိ ခရီးသွား ဧည့်သည်များ စိတ်ဝင်စားသည့် နေရာများအား ပြန်လည်ဖွင့်လှစ်လိုက်သည်ဟု နိုင်ငံတော်ပန်းဥယာဉ်ထိန်းသိန်းရေးဌာနမှ ကြေညာခဲ့သည်။
    Ref : channelnewsasia
    _______________________
    နာဇီစစ်ရာဇ၀တ်မှုကျူးလွန်သူတစ်ဦး သေဆုံး
    ၁၉၄၄-ခုနှစ် အီတလီနိုင်ငံ Ardeatine Caves တွင်ဖြစ်ပွားခဲ့သည့် အစုလိုက်ပြုံလိုက်သတ်ဖြတ်မှုတွင် ပါဝင်မှုကြောင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံနေရသည့် နာဇီရာဇ၀တ်မှုကျူးလွန်သူ Priebke မှာ ယမန်နေ့က ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။
    အသက် ၁၀၀ ရှိပြီဖြစ်သည့် Priebke မှာ ပြီးခဲ့သည့်နှစ်က ထောင်မှ နေအိမ်အကျယ်ချုပ်သို့ပြောင်းရွှေ့ကျခံနေရသူဖြစ်သည်။ ဂျာမနီစစ်တပ်အား တိုက်ခိုက်ခဲ့မှု ကြောင့် လက်တုန့်ပြန်သည့် အနေဖြင့် ၁၉၄၄ ခု မတ်လ ၂၄ ရက်နေ့တွင် အီတလီအမျိုးသား ၃၃၅ ဦးအား ဂျာမန်စစ်သားများက သတ်ဖြတ်ခဲ့သည့် အမှုတွင် ပါဝင်ခဲ့ကြောင်း တွေ့ရှိရ၍ ၁၉၉၈ ခုနှစ်က အီတလီသံရုံးမှ Priebke အား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ခြင်းဖြစ်သည်။
    ၎င်းတို့သတ်ဖြတ်ခဲ့သူများထဲတွင် အီတလီတော်လှန်ရေးတပ်ဖွဲ့မှတပ်သားများ၊ တော်လှန်ရေးအား ထောက်ခံအားပေးသူများနှင့် ဂျူးလူမျိုးများပါဝင်သည်။ စစ်ကြီး ပြီးနောက် Priebke မှာ အာဂျင်တီးနားသို့ ထွက်ပြေးခဲ့ပြီး နှစ်ပေါင်း ၅၀ နီးပါး လွတ်လပ်စွာနေထိုင်ခဲ့ပြီးမှ ၎င်းပြစ်မှုကျူးလွန်ခဲ့သည့် အီတလီနိုင်ငံ တရားရေးဌာနသို့ လွှဲအပ်ခြင်းခံခဲ့ရသည်။
    Ref : cnn
    _______________________