News @ M-Media

Blog

  • သံတွဲမြို့ပေါ် တည်ငြိမ်နေသော်လည်း အခြေအနေမှာ စိတ်မချရသေး

    သံတွဲမြို့ပေါ် တည်ငြိမ်နေသော်လည်း အခြေအနေမှာ စိတ်မချရသေး

    အောက်တိုဘာ ၂၊ ၂၀၁၃
    M-Media
    KK

    ဓါတ်ပုံအညွှန်း > မဲကျွန်းကျေးရွာ မီးစရှို့ခံရစဉ် သံတွဲဘက်ကမ်းမှ ရိုက်ကူးထားသည့်ပုံ
    ဓါတ်ပုံအညွှန်း > မဲကျွန်းကျေးရွာ မီးစရှို့ခံရစဉ် သံတွဲဘက်ကမ်းမှ ရိုက်ကူးထားသည့်ပုံ

     

    စက်တင်ဘာ ၂၉-ရက်က စတင်အခြေတည်လာတဲ့ အကြမ်းဖက်မှုများကြောင့် သံတွဲမြို့ တ၀ိုက်ရှိ မွတ်စလင်မ်ရွာများမှ ကမန်တိုင်းရင်းသား ရာပေါင်းများစွာ အိမ်မဲ့အိမ်မဲ့ဖြစ်ပြီး သေဆုံးသူများလည်း ရှိလာခဲ့ရာ ယနေ့မှာ သံတွဲမြို့သို့ လာရောက်မည့် သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်ကြောင့် သံတွဲမြို့ပေါ်မှာ တည်ငြိမ်နေသော်လည်း စိုးရိမ်နေရသည်ဟု သံတွဲမြို့ခံက ပြောပါတယ်။

    အကြမ်းဖက် မီးရှို့၊ ဖျက်ဆီး သတ်ဖြတ်မှုများကြောင့် သံတွဲမြို့ပေါ် ၃-ရပ်ကွက်၊ ငကျော်တောင်၊ ရွှေလှေတိုက်နယ် သဗြုချိုင်၊ ပေါက်တော၊ လင်းသီ၊ မဲကျွန်း၊ ကျီးကန်းရဲ အစရှိသည့် ကျေးရွာများမှ မွတ်စလင်မ်လူအိမ်များ၊ ခြံများ၊ လယ်တောမှတဲများ၊ ဗလီများ ပျက်စီးသွားခဲ့ပြီး အိုးအိမ်မဲ့ဖြစ်ရကာ သေဆုံးကြသူများနှင့် ဒဏ်ရာရသူများလည်း ရှိခဲ့ပါတယ်။

    သဗြုချိုင်ကျေးရွာတွင် ရခိုင်အကြမ်းဖက်များမှ လာရောက်အကြမ်းဖက်စဉ် ရွာခံကမန်တိုင်းရင်းသားများမှ ပြန်လည် ခုခံတိုက်ခိုက်ကြတာကြောင့် နှစ်ဘက် ဒဏ်ရာရသူများရှိခဲ့သလို သေဆုံးမှုလည်း ရှိခဲ့တယ်။

    အကြမ်းဖက်မှုအား ပြန်လည် ခုခံတိုက်ခိုက်ကြတာကြောင့် လာရောက်အကြမ်းဖက်သူများဘက်မှ ၅-ဦး ခုခံသူများဘက်မှ လူကြီး၊ အမျိုးသမီးနဲ့ ကလေး စုစုပေါင်း လူ ၂၀-ကျော် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

    ယခုမနက်ပိုင်းတွင် သဗြုချိုင်၌ သေဆုံးနေသော ကမန်တိုင်းရင်းသား အလောင်း ၇-လောင်းကို တွေ့ရှိရာ မနက် ၁၁း၃၀-နာရီရှိသည့်တိုင်အောင် ကောက်ယူခွင့်မရသေးကြောင်းလည်း သဗြုချိုင်မှ ကမန်တိုင်းရင်းသားများက ပြောပါတယ်။

    အကြမ်းဖက်မှုအား ပြန်လည် ခုခံတိုက်ခိုက်ကြတာကြောင့် လာရောက်အကြမ်းဖက်သူများဘက်မှ ၅-ဦး သေဆုံးခဲ့ပြီး အကြမ်းဖက်ခံများဘက်မှ မည်မျှသေဆုံးကြောင်း မသိကြောင်း၊ ၂-ဘက် ဒဏ်ရာရမှုများရှိကြောင်း သဗြုချိုင်ရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းခင်က M-Media ကိုပြောပါတယ်။ အကြမ်းဖက်ခံများ သူတို့၏အိမ်များတွင် ပြန်လည်နေထိုင်နေကြပြီဟုလည်း ၎င်းက ပြောပါတယ်။

    အိုးအိမ်မဲ့ ဖြစ်သွားသော အကြမ်းဖက်ခံများအနေနှင့် နေစရာ စားသောက်စရာများ မရှိတာကြောင့် သူတို့အား တခြားသော ကျေးရွာများသို့ ခေါ်ဆောင်လိုသော်လည်း ခေါ်ဆောင်ခွင့်မရဖြစ်နေတယ်လို့ သံတွဲမြို့ခံများက ဆိုပါတယ်။

    ဒီကနေ့ သံတွဲမြို့ပေါ်မှာတော့ အခြေအနေများ တည်ငြိမ်နေပြီး ထိုကဲ့သို့တည်ငြိမ်နေခြင်းမှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သံတွဲမြို့သို့ လာရောက်မှုကြောင့် ဖြစ်နိုင်ပြီး နောက်ဆက်တွဲ အခြေအနေများ မည်သို့ရှိလာမည်ကို အလွန်တရာ စိုးရိမ်နေကြကြောင်းလည်း သံတွဲမြို့ခံများက M-Media ကို ပြောပါတယ်။

  • အောက်တိုဘာ ၂၊ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းတို

    အောက်တိုဘာ ၂၊ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းတို

    အောက်တိုဘာ ၂၊ ၂၀၁၃
    M-Media

    ဘရာဇီးတွင် ဆန္ဒပြကျောင်းဆရာများ အား ရဲများက အကြမ်းဖက်နှိမ်နင်း

    လုပ်ခလစာပိုမိုရရှိရန် ဘရာဇီးနိုင်ငံ ရိုယိုဒီဂျနေရိုးတွင် တစ်လကျော်ကြာ ဆန္ဒပြနေကြသည့် ကျောင်းဆရာများအား ဘရာဇီးရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ အကြားအာရုံထိခိုက်စေနိုင်မည့် ဗုံးများသုံးကာဖြိုခွင်းခဲ့သည်ဟုသိရသည်။ ယမန်နေ့ နေ့လည်ပိုင်းကဖြစ်ပွားခဲ့သည့် အဆိုပါဖြိုခွင်းမှုတွင် ရာဘာကြည်ဆံများ၊ အကြားအာရုံထိခိုက်စေနိုင်သည့် လက်ပစ်ဗုံးများဖြင့် ပစ်ခဲ့ကြပြီး အဓိကလမ်းမကြီးများကို ပိတ်ပစ်ခဲ့သောကြောင့် ဆိုးရွားသည့် ယာဉ်ကြောပိတ်ဆို့မှုများလည်းဖြစ်ပွားခဲ့သည်။

    လုပ်ခလစာပိုမို ရရှိရန်အတွက် မြို့တာဝန်ရှိသူများနှင့် ကျောင်းဆရာများ ညှိနှိုင်းဆွေးနွေးမှုမှာ မအောင်မမြင်ဖြစ်ခဲ့ပြီး ကျောင်းဆရာများက ရေးသားထားသော တောင်းဆိုချက်ကို မြို့တော်ဝန်အားပေးရန် မြို့တော်ခန်းမအတွင်းသို့ အတင်းဝင်ရောက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်များက စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

    ရီယိုဒီဂျနေရိုးရဲတပ်ဖွဲ့မှာ ဇူလိုင်လကတည်းက ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအား ပြင်းထန်စွာနှိမ်နင်းခဲ့သောကြောင့် ဝေဖန်မှုများနှင့်ရင်ဆိုင်နေရပြီး ရဲတပ်ဖွဲ့အကြီးအကဲမှာလည်း အစားထိုးခြင်းခံခဲ့ရသည်။ သို့သော်လည်း ရဲတပ်ဖွဲ့အကြီးအကဲသစ်မှာလည်း ယခင်ကကဲ့သို့ပင် ဆန္ဒပြမှုများအား ပြင်းပြင်းထန်ထန် ဆက်လက်နှိမ်နင်းနေသည်။
    Ref : aljazeera

    __________________________
    ကုလစုံစမ်းစစ်ဆေးရေးအရာရှိများ၏ ဆီးရီးယားခရီးစဉ်စတင်

    ဆီးရီးယားနိုင်ငံရှိ တားမြစ်ထားသောလက်နက်များ သိုလှောင်ထားသည့်လက်နက်တိုက်များအား စစ်ဆေးတွက်ချက်ခြင်းများစတင်ရန် ကုလမှ အဖွဲ့တစ်ဖွဲ့မှာ ဆီးရီးယားနိုင်ငံသို့ ရောက်ရှိနေကြပြီဟုသိရသည်။ ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုထားသည့် ဓာတုလက်နက်တားဆီးပိတ်ပင်ရေးအဖွဲမှ စစ်ဆေးရေးမှူးများမှာ လက်ဘနွန်မှတစ်ဆင့် ဆီးရီးယားသို့ ယမန်နေ့ကရောက်ရှိခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင် ၁၉ ဦးပါဝင်သည့် အဆိုပါအဖွဲ့ကို ပြည်တွင်းစစ်များ ဆက်လက်ဖြစ်ပွားနေသည့် ဆီးရီးယားနိုင်ငံတွင် ဓာတုလက်နက် ခန်မှန်းတန်ချိန် ၁၀၀၀ခန့်ရှိမည့်ဟုယူဆရပြီး ထိုဓာတုလက်နက်များအား သိမ်းဆည်းကာ စနစ်တကျဖျက်ဆီးပစ်ရန်အတွက်စေလွှတ်ခဲ့ခြင်းဖြစ်သည်။

    “လာမယ့်နေ့တွေမှာ ဆီးရီးယားအစိုးရကပေးထားတဲ့ အချက်အလက်တွေကိုစစ်ဆေးမှုအပေါ် သူတို့အနေနဲ့ အာရုံစိုက်လုပ်ဆောင်မယ်လို့ မျှော်လင့်ရပါတယ်။ ပြီးတော့ ဆီးရီးယားအနေနဲ့ ဓာတုလက်နက်ထုတ်လုပ်တဲ့ ပစ္စည်းကိရိယာတွေကို ဖျက်ဆီးတဲ့လုပ်ငန်းစဉ်မှာ ကူညီဖို့ ကနဦးအစီအစဉ်ကိုလည်း အာရုံစိုက်သွားမှာပါ” ဟု ကုလသမဂ္ဂကထုတ်ပြန်သောကြေညာချက်တွင် ရေးသားဖော်ပြထားသည်။

    ဓာတုလက်နက်များအား ၂၀၁၄ နှစ်လည်ပိုင်းတွင် နောက်ဆုံးထား၍ဖျက်ဆီးရမည်ဖြစ်ပြီး ထိုအဖွဲ့မှာ ၎င်းတို့၏လုပ်ငန်းစဉ်များကို အပြည့်အစုံဆောင်ရွက်ရန် ၉ လရရှိမည်ဖြစ်သည်။
    Ref : aljazeera
    111
    __________________________
    စပိန်တွင် အလုပ်လက်မဲ့လူဦးရေ ငါးသန်းနီးပါးရှိ

    စပိန်နိုင်ငံရှိ အလုပ်လက်မဲ့လူဦးရေမှာ တိုးလာနေပြီး ယခုလက်ရှိအချိန်တွင် ငါးသန်းနီးပါးရှိနေပြီဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ စပိန်အလုပ်သမား ၀န်ကြီးဌာနက ယမန်နေ့တွင်ထုတ်ပြန်သောအစီရင်ခံစာတွင် အလုပ်လက်မဲ့အဖြစ် စာရင်းပေးသွင်းထားသူမှာ စက်တင်ဘာလအတွင်း ၂၅၅၇၂ ဦးရှိနေပြီး စပိန်နိုင်ငံအတွင်း စုစုပေါင်းအလုပ်လက်မဲ့လူဦးရေမှာ ၄.၇ သန်းရှိနေသည်ဟုဖော်ပြထားသည်။

    စပိန်နိုင်ငံမှာ ဥရောပ၏ စီပွားရေးတွင် ၄ ခုမြောက်အကြီးဆုံးနိုင်ငံလည်းဖြစ်ပြီး ၂၀၁၃ခုနှစ် ဒုတိယလေးလပတ်တွင် အလုပ်လက်မဲ့ ၂၆- ရာနှုန်းတိုးလာခဲ့သည်။

    Ref : presstv
    __________________________

     

    တောင်အာရှနိုင်ငံများတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်သော်လည်း ဆင်းရဲမွဲတေမှုနှုန်းလျော့ကျခြင်းမရှိ

    တောင်အာရှနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ၂၀၀၀-ခုနှစ်မှ ၂၀၁၂-ခုနှစ်အတွင်း ပျမ်းမျှ ၆.၅ ရာခိုင်နှုန်းဖြင့် နှစ်စဉ်နှစ်တိုင်းတိုးတက်လာသော်လည်း ဆင်းရဲမွေတေမှုကို လုံလောက်အောင် မလျှော့ချနိုင်ဟု တောင်အာရှဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SAARC) က ယနေ့တွင်ထုတ်ပြန်သော အစီရင်ခံစာတွင်ဖော်ပြထားသည်။

    ‘SAARC ဒေသတွင်း ဆင်းရဲမွဲတေမှုလေ့လာချက်’ ဟု ခေါင်းစဉ်တပ်ထားသည့် အဆိုပါအစီရင်ခံစာတွင် တောင်အာရှတွင် နေထိုင်သူ ၃၂ ရာခိုင်နှုန်းမှာ နေ့စဉ်ပျမ်းမျှဝင်ငွေ ကန် ၁.၂၅ ဒေါ်လာအောက်ဖြင့် အသက်ရှင်နေရသည်ဟု ဖော်ပြထားသည်။
    “အချို့သောနိုင်ငံများသည် ၂၀၁၅ ခုနှစ်တွင်ပြည့်မည်ဖြစ်သည့် အလွန်ဆင်းရဲမွဲတေမှုနှုန်း ထက်ဝက်လျော့ကျရေး ထောင်စုနှစ်ရည်မှန်းချက်ကို ပြည့်မီနိုင်ခြေရှိနေပြီး၊ အချို့သောနိုင်ငံများသည် ဆင်းရဲမွဲတွေမှု၊ ငတ်မွတ်ခေါင်းပါးမှုနှင့် အဟာရချို့တဲ့မှု ပမာဏမှာ ဆက်လက်မြင့်မားလျက်ရှိသည်” ဟု အဆိုပါအစီရင်ခံစာတွင်ဖေါ်ပြထားသည်။

    Ref : xinhua

    __________________________

     

    စင်ကာပူစက်ရုံပြုပြင်မှု ငြမ်းစင်ပြိုကျမှုကြောင့် လူ ၅-ဦးဒဏ်ရာရ

    စင်ကာပူနိုင်ငံရှိ စက်ရုံတစ်ရုံအား ပြင်ဆင်မှုများပြလုပ်နေစဉ်အတွင်း ငြမ်းစင်ပြိုကျမှုကြောင့် ဆောက်လုပ်ရေးအလုပ်သမား ၅ ဦးဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။ ယနေ့နံနက် ၁၁ နာရီ မိနစ် ၄၀ တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများကို Tan Tock Seng ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု စင်ကာပူလူထုကာကွယ်ရေးတပ်ဖွဲ့(SCDF) က သတင်းထုတ်ပြန်ခဲ့သည်။ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ယခုကဲ့သို့ မတော်တဆဖြစ်မှုမှာ တစ်ပါတ်အတွင်း နှစ်ကြိမ်မြောက်ဖြစ်ပွားခြင်းဖြစ်ပြီး ပြီးခဲ့သည့်တနင်္လာနေ့ကလည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ကရိန်းပြိုကျမှုကြောင့် လူနှစ်ဦးသေဆုံးခဲ့သည်။
    Ref : channelnewsasia

    Untitled
    __________________________

  • အောက်တိုဘာ ၂၊ အားကစားသတင်း စုစည်းမှု

    အောက်တိုဘာ ၂၊ အားကစားသတင်း စုစည်းမှု

    အောက်တိုဘာ ၂၊ ၂၀၁၃
    M-Media

    တိုးတက်အောင်မကြိုးစားပါက မန်ယူတွင်မရှင်သန်နိုင်ဟု ကာဂါဝါဆို

    ပြီးခဲ့သည့်တစ်ပါတ်က ကစားခဲ့သည့် ၀က်စ်ဘရွန်းအသင်းနှင့်ပွဲစဉ်တွင် ပွဲထွက်ကစားသမားအဖြစ်ပါဝင်ခဲ့ပြီး ဒုတိယပိုင်း၌ လူစားလဲခံခဲ့ရသည့် ဂျပန်အလယ်တန်းလူ ကာဂါဝါက ၎င်းအနေဖြင့် စွမ်းဆောင်ရည်တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး ထိုကဲ့သို့ မဆောင်ရွက်နိုင်ပါက မန်ယူတွင် ဆက်လက်ရှင်သန်ရန် မဖြစ်နိုင်ဟု ပြောဆိုလိုက်သည်။

    မိုယက်စ်ကိုင်တွယ်သည့် မန်ယူအသင်းတွင် ပွဲထွက်ကစားသမားအဖြစ် ၄ ပွဲကစားထားသည့် ကာဂါဝါက “(လူစားလဲ ခံရမှုကနေရရှိခဲ့တဲ့) သင်ခန်းစာကို ကျွန်တော်သိပြီး ပိုကောင်းအောင် ကစားရမယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ အရှေ့မှာ သွားရမယ့်ခရီးက ရှည်ပါတယ်။ ဒါပေမယ့် အကယ်၍ဒီလိုအခွင့်အရေးတွေကနေ အကျိုးကျေးဇူးတွေ မယူနိုင်ဘူးဆိုရင် ကျွန်တော်ဒီမှာ ဆက်လက်ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော် ကောင်းကောင်းမွန်မွန်နေပြီး ပြင်းပြင်းထန်ထန်ကြိုးစားရပါမယ်” ဟု ကာဂါဝါက ဂျပန်သတင်းစာ The Hochi Simbun သို့ပြောကြားခဲ့သည်။
    goal
    _________________________
    လီဗာပူးလ်မှ ဆွာရက်ဇ် ထွက်ခွာမည်ကို ကြောက်ရွံ့သည်ဟု ဂျာရတ်ဆို

    နွေရာသီအပြောင်းအရွှေ့ကာလတွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့် အာဆင်နယ်အသင်းများသို့ပြောင်းရွှေ့မည်ဟု သတင်းထွက်ခဲ့သော်လည်း လီဗာပူးလ်အသင်းတွင်ဆက်လက်ရှိနေသည့် ဥရုဂွေးတိုက်စစ်မှူး လူဝစ်ဆွာရက်ဇ် အသင်းတွက်ဆက်ရှိနေမှုကို ကွင်းလယ်လူဂျရတ်က ချီးကျူးလိုက်ပြီး၊ ဆွာရက်ဇ် အသင်းမှ ထွက်ခွာသွားမည်ကို ကြောက်ရွံ့နေခဲ့ကြောင်း ၀န်ခံပြောဆိုလိုက်သည်။
    ထို့ပြင် ဆွာရက်ဇ်အသင်းတွင်ဆက်လက်ရှိနေစေရန် ၎င်းအနေဖြင့် အစွမ်းကုန်ကြိုးပမ်းခဲ့ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။ ဆွာရက်ဇ်မှာ လီဗာပူးလ်အသင်းမှထွက်ခွာရန် စိတ်အားထက်သန်ခဲ့သော်လည်း အသင်းက လုံးဝလက်မလွှတ်ခဲ့ပေ။

    “(ဆွာရက်ဇ်နဲ့ပက်သက်ပြီး) ဘာမှမဖြစ်ပါစေနဲ့၊ ဒီမှာပဲရှိနေပါစေဆိုတဲ့မျှော်လင့်ချက်နဲ့ နေ့တိုင်း ကျွန်တော်အိပ်ရာထခဲ့ပါတယ်။ သူအန်ဖီလ်းမှာရှိနေဖို့ ကျွန်တော့်လောက်ဘယ်သူမှ မကြိုးစားခဲ့ပါဘူး။ ကျွန်တော် သူနဲ့ပက်သက်ပြီးဘယ်လိုတွေးခဲ့တယ်ဆိုတာ သူသိပါတယ်။ လူးဝစ်လိုကောင်းမွန်တဲ့ကစားသမားမျိုးရှိပြီဆိုရင် အသင်းကြီးတွေက သူကိုလိုချင်ကြမှာပါ” ဟု ဂျရတ်က The Mirror သတင်းစာသို့ပြောကြားခဲ့သည်။ ဆွာရက်ဇ်မှာ ပွဲပယ်ပြစ်ဒဏ်စေ့ပြီးနောက် ကစားခဲ့သည့် ဆန်းဒါးလန်းအသင်းနှင့်ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းအတွက် ၂ ဂိုးသွင်းယူပေးခဲ့သည်။
    goal
    _________________________

    ဇာဗီမှာ ဆယ်စုနှစ်အတွင်း အကောင်းဆုံး အလယ်တန်းကစားသမားဖြစ်သည်ဟု ကာပယ်လိုဆို

    ရုရှားအသင်းအားကိုင်တွယ်နေသည့် ကာပယ်လိုက ဘာစီလိုနာအသင်း၏ ကွင်းလယ်ကစားသမား ဇာဗီအား ဆယ်စုနှစ်၏အကောင်းဆုံးကစားသမား အဖြစ် ချီးကျူးပြောဆိုလိုက်သည်။ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်သည့် ဇာဗီမှာ ၁၉၉၈-၉၉ ရာသီမှစ၍ ဘာစီလိုနာအသင်းအတွက် ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး ပွဲပေါင်း ၆၅၀ ကစားပေးထားသည်။ ချန်ပီယံလိဂ်ဖလားသုံးလုံးအပါအ၀င် ဘာစီလိုနာအသင်းနှင့် ဆုဖလားပေါင်း ၂၂ ခု ဆွတ်ခူးနိုင်ခဲ့သည့်ဇာဗီမှာ စပိန်လက်ရွေးစင်အသင်း၏ အဓိက ကစားသမားလည်းဖြစ်ပြီး ဥရောပဖလားနှင့် ကမ္ဘာ့ဖလားကိုလည်း ဆွတ်ခူးရရှိထားသည်။

    ထို့ပြင် ဘာစီလိုနာ၏လာမည့်နှစ်များတွင် ဘရာဇီးတိုက်စစ်မှူး နေးမာမှာ ဘာကာအသင်းအား ဦးဆောင်နိုင်လိ့မ်မည်ဟု ထင်မြင်နေသည့် ကာပယ်လိုက “ဇာဗီဟာ ရာစုနှစ်ရဲ့အကောင်းဆုံး အလယ်တန်းကစားသမားပါ။ ပြီတော့ အနာဂတ်ဘာစီလိုနာအသင်းကို ဦးဆောင်သူဟာ နေးမာ ဖြစ်လာမှာပါ” ဟု Onda Cero သို့ပြောကြားခဲ့သည်။

    ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ကားလို့စ်အန်ဆယ်လော့တီမှာ ရီးယဲလ်တွင်အချိန်ယူရမည်ဖြစ်ကြောင်း၊ ၎င်း၏အမြင်အရ ရီးယဲလ်မှာ ချန်ပီယံလိဂ်တွင် ဗိုလ်စွဲရန်ရေပန်းအစားဆုံးဖြစ်ကြောင်း ထည့်သွင်းပြေားခဲ့သည်။
    _________________________

    ဘာလော့တယ်လီမှာ တစ်ခါတစ်ရံတွင် ဆိုးရွားသော ဖျက်ထုတ်မှုများ၏ သားကောင်ဖြစ်သည်ဟု အေစီ ဒါရိုက်တာဆို

    ဘာလော့တယ်လီအနေဖြင့် ၎င်း၏ဒေါသကိုထိန်းချုပ်သင့်သော်လည်း တစ်ခါတစ်ရံတွင် ဘာလော့တယ်လီမှာ ပြိုင်ဘက်နောက်ခံလူများ၏ သားကောင်ဖြစ်၍ သွားသည်ဟု အေစီမီလန်အသင်း စီအီးအိုဖြစ်သူ အက်ဒရီယာနို ဂါလီယာနီက ပြောကြားခဲ့သည်။

    အသက် ၂၃-နှစ်အရွယ်ရှိ ဘာလော့တယ်လီမှာ နာပိုလီအသင်းနှင့်ကစားခဲ့သည့် စီးရီးအေပွဲစဉ်တွင် ဒိုင်လူကြီး၊ ပွဲတာဝန်ရှိသူများနှင့် ပြိုင်ဘက်ကစားသမားများအား ရိုင်းစိုင်းစွာ ပြုမှုခဲ့ခြင်းကြောင့် သုံးပွဲ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည်။ “ကျွန်တော်တို့ ဘာလော့တယ်လီနဲ့ စကားတော်တော်ပြောခဲ့ပါတယ်။ သူာနောက်ထပ်ဒီလိုပြုမူလို့မရတော့ပါဘူး ပြီးတော့ သူဟာ ပွဲကိုပဲအာရုံစိုက်ဖို့လိုပါတယ်။ ဘာလော့တယ်လီအနေနဲ့ သူရဲ့တုံ့ပြန်မှုတွေကို ပုံမှန်ဖြစ်ဖို့ သင်ယူရပါမယ်။ တစ်ခါတစ်ရံမှာ ပြစ်ဒဏ်ပေးခြင်းမခံရတဲ့ ဖျက်ထုတ်မှုတွေကိုသူခံရပါတယ်။” ဟု ဂါလီယာနီက သတင်းထောက်များသို့ ပြောကြားခဲ့သည်။

    ဘာလော့တယ်လီမှာ ယခုရာသီတွင် အေစီမီလန်အသင်းနှင့် ၇ ပွဲကစားခဲ့ပြီး ၄ဂိုးသွင်းယူပေးထားသည်။
    _________________________

    ဂျူဗင်တပ်စ်နှင့်အတူ စီးရီးအေချန်ပီယံ သုံးကြိမ်ဆက်ဖြစ်ချင်သည်ဟု ဗီဒယ်ဆို

    ဂျူဗင်တပ်စ်အသင်း၏ ကွင်းလယ်လူ အာတူရိုဗီဒယ်က ဂျူဗင်တပ်စ်အသင်းနှင့်အတူ ဆုဖလားများစွာ ဆွတ်ခူးချင်နေပြီး စီးရီးအေ ချန်ပီယံအား သုံးချိန်ဆက်ရယူချင်သည်ဟုပြောကြားလိုက်သည်။ ချီလီကစားသမားဖြစ်သူ ဗီဒယ်မှာ ၂၀၁၁ ခုနှစ်က လေဗာကူဆင် အသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ရောက်ရှိလာခဲ့ပြီးနောက် အသင်း၏ အဓိက ကစားသမားတစ်ဦးဖြစ်လာခဲ့ပြီး အသင်းနှင့်အတူ စီရီးအေချန်ပီယံ ၂-ကြိမ်နှင့် အီတလီစူပါဖလား ၂-ကြိမ်ရရှိခဲ့သည်။

    “ပြီးခဲ့တဲ့ ရာသီအနည်းငယ်မှာ ဂျူဗင်တပ်စ်ဟာ အရေးပါတဲ့အရာတွေကို လုပ်ဆောင်ပြီးပါပြီ။ ကျွန်တော်တို့ စီးရီးအေချန်ပီယံနှစ်ကြိမ်နဲ့ စူပါဖလားနှစ်ကြိမ် ရရှိထားပါတယ်။ နောက်ထပ်လည်း ဆုဖလားတွေရရှိဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော် ၂၆ နှစ်ရှိပါပြီ။ ရှေ့မှာ နှစ်တွေအများကြီးရှိပါသေးတယ်။ ဂျူဗင်တပ်စ်နဲ့အတူ သုံးကြိမ်ဆက် စီးရီးအေချန်ပီယံဖြစ်ချင်ပါတယ်” ဟု 24horas သို့ပြောကြားခဲ့သည်။ ဂျူဗင်တပ်စ်အသင်းမှာ စီးရီးအေ အမှတ်ပေးဇယားတွင် ရိုမားအသင်းနှင့် ၂ မှတ်အကွာ တတိယနေရာတွင်ရှိနေသည်။
    goal
    _________________________

    အာဆင်နယ်၊ ချယ်ဆီး၊ ဘာစီလိုနာနှင့် ဒေါ့မွန်တို့အနိုင်ရခဲ့ကြသည့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များ
    322424_heroa
    ချန်ပီယံလိဂ် အုပ်စု E, F, G, H
    များ၏ အုပ်စုဒုတိယပွဲစဉ်များကို ယနေ့နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြရာ အာဆင်နယ်၊ ချယ်ဆီး၊ ဘာစီလိုနာနှင့် ဒေါ့မွန်တို့ အနိုင်ရရှိခဲ့ကြသည်ဟုသိရသည်။

    အုပ်စု E 

    စတူအာဘူခါရက် ၀-၄ ချယ်ဆီး
    ဘေဆယ် ၀-၁ ရှော်လ်ကာ

    စတူအာဘူခါရက်နှင့် ချယ်ဆီးအသင်းတို့ပွဲစဉ်တွင် မော်ရင်ဟို၏ ချယ်ဆီးအသင်းက ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ချယ်ဆီးအသင်းမှာ စပါးအသင်းနှင့် သရေကျခဲ့သည့် ပွဲမှ လူစာရင်းအား နှစ်နေရာအပြောင်းအလဲလုပ်ထားပြီး စတူအာဘူခါရက်အား ရင်ဆိုင်ခဲ့သည်။ အဖွင့်ပွဲစဉ်တွင် ရှုံးနိမ့်ထားခြင်းကြောင့် ယခုပွဲတွင် အသေအချာပြင်ဆင်ခဲ့သည့် ချယ်ဆီးအသင်းမှာ ပထမပိုင်း မိနစ် ၂၀ တွင် အဖွင့်ဂိုးရရှိခဲ့ပြီး အလယ်တန်းလူ ရာမီးရက်စ်က သွင်းယူခဲ့သည်။ ချယ်ဆီးအသင်းက ဖိကစားနိုင်ခဲ့သော်လည်း စတူအာဘူခါရက်၏ တန်ပြန်တိုက်စစ်များမှ ချယ်ဆီးအသင်း၏ ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့သည်။ ၄၄ မိနစ်တွင် ဒန်နီယ် ဂျော့ဂီဗ်စကီးက ကိုယ့်ဂိုးကိုသွင်းယူမိခဲ့သဖြင့် ချယ်ဆီးအသင်း ဒုတိယဂိုးရရှိခဲ့သည်။ မိနစ် ၅၀ တွင် ရာမီးရက်စ်က တတိယဂိုးကိုလည်းကောင်း၊ မိနစ် ၉၀ တွင် ကွင်းလယ်လူ လမ်းပတ်က စတုတ္ထဂိုးကိုလည်းကောင်း အသီးသီးသွင်းယူပေးခဲ့သည်။ မော်ရင်ဟိုမှာ ယခုပွဲအနိုင်ကြောင့် ဖိအားအနည်းငယ်လျော့နည်းခဲ့သလို ချယ်ဆီးအသင်းမှာလည်း ၂ ပွဲကစား ၃ မှတ်ဖြင့် ဒုတိယနေရာတွင်ရှိနေသည်။

    အဖွင့်ပွဲစဉ်တွင် ချယ်ဆီးအသင်းအား အနိုင်ရရှိခဲ့သည့် ဂျာမန်ကလပ် ရှော်လ်ကာအသင်းမှာ ယခုပွဲတွင်လည်း ဘေဆယ်အသင်းကို အဝေးကွင်းတွင် အနိုင်ရရှိခဲ့ပြီး ချယ်ပီယံလိဂ် ရာနှုန်းပြည်နိုင်ပွဲဖြစ်ခဲ့သည်။ အိမ်ရှင်ဘေဆယ်အသင်းက ဂိုးသွင်းခွင့်မြောက်များစွာရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့သောကြောင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ ရှော်လ်ကာအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ဒုတိယပိုင်း ၅၄ မိနစ်တွင် ကွင်းလယ်လူ ဂျူလီယန် ဒရက်စလာက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    ……………………………………

    အုပ်စု F 

    အာဆင်နယ် ၂-၀ နာပိုလီ
    ဒေါ့မွန် ၃-၀ မာဆေးလ်

    ပရီမီးယားလိဂ်တွင်ပုံစံကောင်းရရှိနေပြီး ဇာယားထိပ်ကိုရောက်ရှိနေသည့် အာဆင်နယ်အသင်းမှာ အိမ်ကွင်း အီမရိတ်တွင် အမှားအယွင်းမရှိဘဲ နာပိုလီအသင်းအား ၂ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ နာပိုလီအသင်း၏ တိုက်စစ်မှူးဟီဂူအင်မှာ ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်းမရှိခဲ့ပေ။ အာဆင်နယ်အသင်းတွင် ပေါင်ဒဏ်ရာကြောင့် အနားယူနေရသည့် ရိုစစ်စကီး နှင့် အာတီတာတို့ လူစားဝင်ကစားခဲ့သည်။ အာဆင်နယ်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၈ မိနစ်တွင် ရမ်ဆေး၏ ဖြတ်တင်ဘောမှတစ်ဆင့် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့သည့် ဂျာမန်ကွင်းလယ်လူ မီဆု အိုဇေးလ်က လှပစွာသွင်းယူပေးခဲ့သည်။ ထိုဂိုးမှာ မီဆုအိုဇေးလ်၏ အာဆင်နယ်အသင်းအတွက် ပထမဦးဆုံးဂိုးလည်းဖြစ်ခဲ့သည်။အာဆင်နယ်အသင်းမှာ ကွင်းလယ်အား စိုးမိုးထားနိုင်ခဲ့ပြီး ၁၅ မိနစ်တွင် ဒုတိယဂိုးရရှိခဲ့ပြီး အိုလီဗီယာ ဂျီရူးက သွင်းယူပေးခဲ့သည်။ ယခုပွဲအနိုင်ကြောင့် အာဆင်နယ်အသင်းမှာ ၂ ပွဲကစား ၂ ပွဲနိုင် ၆မှတ်ဖြင့် အုပ်စုအား ဦးဆောင်နေသည်။

    ဂျာမန်မြေတွင်ကစားခဲ့သည့် ဒေါ့မွန်အသင်းနှင့် မာဆေးလ်အသင်းတို့ပွဲစဉ်တွင် ဒေါ့မွန်အသင်းက ၃ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ မာဆေးလ်အသင်း၏ အဓိကတိုက်စစ်မှူး ဂစ်နက်မှာ ခြေချောင်းဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်းမရှိသောကြောင့် မာဆေးလ်အသင်းတိုက်စစ်အားနည်းခဲ့ရသည်။ ဒေါ့မွန်အသင်းအတွက် ဂိုးများကို လာမည့်ဇန်န၀ါရီတွင်အသင်းမှထွက်ခွာမည်ဟု ပြောဆိုထားသည့် ပိုလန်တိုက်စစ်မှူး လီဝန်ဒေါ့စကီးက ၁၉ မိနစ်တွင်တစ်ဂိုး၊ မိနစ် ၈၀ တွင် ပင်နယ်မှ တစ်ဂိုးနှင့် မာကို ရီအက်စ်က ၅၂ မိနစ်တွင် တစ်ဂိုး အသီးသီး သွင်းယူပေးခဲ့သည်။
    …………………………………………

    အုပ်စု G 

    ပေါ်တို ၁-၂ အက်သလက်တီကို
    ဇင်းနစ် ၀-၀ သြစတီးယား ဗီယင်နာ

    လာလီဂါတွင် ရီးယဲလ်မက်ဒရစ်အား ၁ ဂိုး ဂိုးမရှိဖြင့် အဝေးကွင်းတွင်အနိုင်ယူနိုင်ခဲ့သည့် အက်သလက်တီကိုမှာ ချန်ပီယံလိဂ်တွင်လည်း ပေါ်တိုအသင်းအား အဝေးကွင်းတွင် ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ပေါ်တို၏ အိမ်ကွင်း ၈ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို ရိုက်ချိုးနိုင်ခဲ့သည်။ ဦးဆောင်ဂိုးကို အိမ်ရှင်ပေါ်တိုအသင်းက စတင်ရရှိခဲ့ပြီး ၁၆ မိနစ်တွင် ဂျက်ဆန် မာတီနက်ဇ်က သွင်းယူပေးခဲ့သည်။ သို့သော်လည်း ၅၈ မိနစ်တွင် ဒီယေဂို ဂေါ့ဒ်ဒင်က အက်သလက်တီကိုအတွက် ချေပဂိုးသွင်းယူပေးခဲ့ပြီး၊ ၈၆ မိနစ်တွင် တူရကီတိုက်စစ်မှူး အာဒါ တူရန်က နောက်ကျအနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။ ယခုပွဲအနိုင်ကြောင့် အက်သလက်တီကိုအသင်းမှာ နှစ်ပွဲကစား ၆ မှတ်ဖြင့် အုပ်စုအား ဦးဆောင်နေသည်။

    ရုရှားတွင်းကစားခဲ့သည့် ဇင်းနစ်အသင်းအသင်းနှင့် သြစတြီးယားဗီယင်နာအသင်းတို့ပွဲစဉ်တွင် ဂိုးမရှိသရေကျခဲ့ပြီး နှစ်သင်းစလုံးမှာ နှစ်ပွဲကစားပြီး တစ်မှတ်စီသာရရှိခဲ့သည်။
    ………………………………………..

    အုပ်စု H

    ဆဲလ်တစ် ၀-၁ ဘာစီလိုနာ
    အေဂျက်စ် ၁-၁ အေစီမီလန်

    မက်ဆီပါဝင်ကစားနိုင်ခြင်းမရှိသည့် ဘာစီလိုနာအသင်းမှာ ဆဲလ်တစ်အသင်းအား အဝေးကွင်းတွင် ဖာဘရီဂတ်စ်၏ နောက်ကျဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယမန်နှစ်ချန်ပီယံလိဂ်တွင် ဘာကာအားအနိုင်ကစားခဲ့သည့် ဆဲလ်တစ်အသင်းမှာ ယခုပွဲတွင်လည်း အာစီလိုနာအသင်းအား ဒုက္ခပေးနိုင်ခဲ့သည်။ ပထမပိုင်းတွင် နှစ်သင်းစလုံးအပြန်အလှန်ကစားပြီး ဂိုးသွင်းခွင့်အနည်းငယ်ရခဲ့သော်လည်း အသုံးမချနိုင်ခဲ့ပေ။ ဒုတိယပိုင်းတွင် ဆဲလ်တစ်အသင်းက ပိုမိုဖိကစားနိုင်ခဲ့သော်လည်း ၅၉ မိနစ်တွင် ဆဲလ်တစ် ကွင်းလယ်လူ ဘရောင်းမှာ ဘာကာတိုက်စစ်မှူးနေးမာအား ခြေဖြင့်ကန်ခဲ့သောကြောင့် တိုက်ရိုက်အနီကဒ်ဖြင့်ထွက်ခဲ့ရသည်။ တစ်ယောက်အသာရပြီးနောက်ပိုင်း ဘာကာကပွဲကို စိုးမိုးနိုင်ခဲ့ပြီး တစ်လုံးတည်းသောအနိုင်ဂိုးကို ၇၆ မိနစ်တွင် ဖာဘရီဂတ်စ်က သွင်းယူပေးခဲ့သည်။

    ဟော်လန်တွင်ကစားခဲ့သည့် အေဂျက်စ်နှင့် အေစီမီလန်တို့ပွဲစဉ်တွင် အေစီမီလန်အသင်းမှာ ကံကောင်းစွာဖြင့် သရေတစ်မှတ်ကို ရယူနိုင်ခဲ့သည်။ အေဂျက်စ်အသင်းမှာ ချန်ပီယံလိဂ်နောက်ဆုံး သုံးပွဲဆက်တိုက်ရှုံးနိမ့်ထားသော်လည်း ယခုပွဲတွင် အေစီမီလန်အသင်းအား ဖိကစားနိုင်ခဲ့ကာ ဂိုးသွင်းခွင့်များ ရရှိခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပေ။ မိနစ် ၉၀ တွင်မှ ဦးဆောင်ဂိုးရရှိခဲ့ပြီး စတီဖာနို ဒန့်စ်ဝီလ်က သွင်းယူပေးခဲ့သည်။ ချက်ချင်းဆိုသလိုပင် နာကျင်အချိန်ပိုတွင် အေစီမီလန်က ပင်နယ်တီရရှိခဲ့ပြီး ဘာလော့တယ်လီက ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့သောကြောင့် အိမ်ရှင်အသင်း အဖိုးတန် ၂ မှတ်ဆုံးရှုံးခဲ့ရသည်။
    _________________________

  • ဂျပန်ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာ ပြပွဲ

    ဂျပန်ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာ ပြပွဲ

    အောက်တိုဘာ ၂၊ ၂၀၁၃
    M-Media
    ဆူးထက်

    untitled

    ရန်ကုန် ။ ။ ဂျပန်ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာ ပြပွဲကို ရန်ကုန်မြို့ PARKROYAL HOTEL တွင် စက်တင်ဘာ ၂၉-ရက်နေ့က မနက် ၁၀-နာရီမှ ညနေ ၄-နာရီထိ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    အဆိုပါပွဲကို ဂျပန်နိုင်ငံမှ အဖွဲ့အစည်းများ ဖြစ်ကြသော Asia Innovators’ Initiative မှ ကြီးမှူးပြီး JAFSA ( Japan Network for International Education )၊ JASSO (Japan Student Services Organization ) နှင့် Fourth Valley Concierge Corporation တို့မှ ပူးပေါင်း စီစဉ်ကျင်းပခြင်း ဖြစ်ကြောင်း ပြပွဲစီစဉ်ပေးသည့် RVi Institute မှ သိရသည်။
    ပြပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ ” အရည်အချင်း ရှိတဲ့ မြန်မာကျောင်းသား ကျောင်းသူ လူငယ်တွေ အတွက် နိုင်ငံတကာ အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်နှင့် ဂျပန် တက္ကသိုလ်များနှင့် ကော်ပိုရေးရှင်းများ အတွက် ထူးချွန်သော မြန်မာ ကျောင်းသား ကျောင်းသူများ ရှာဖွေစုဆောင်းပေးရန် ဖြစ်တယ်။ အဲဒီ့အပြင် ဂျပန်နိုင်ငံရဲ့ ပညာရေး စနစ်အကြောင်း၊ ယဉ်ကျေးမှုနှင့် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ရာတွင် သိထားသင့်သည့် အချက်အလက်များကို မြန်မာလူငယ်များ ပိုမို နားလည် သဘောပေါက်လာစေရန် ဖြစ်ပါတယ် ” ဟု Fourth Valley Concierge Corporation ၏ ဒါရိုက်တာ Chien Nakayama က M-Media သို့ပြောကြားလိုက်သည်။
    ယခုပွဲသည် Fourth Valley Concierge Corporation မှ မြန်မာနိုင်ငံတွင် ပထမဆုံး စီစဉ် ကျင်းပသော ပွဲဖြစ်ပြီး ပညာရေး ဆွေးနွေးပွဲ ပုံစံ၊ အမေးအဖြေ ပုံစံတို့ဖြင့် ရှင်းလင်းတင်ပြ သွားခဲ့သည်။
    ဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံတွင် ပညာသင်ကြားခြင်းနှင့် အလုပ်လုပ်ကိုင်ခြင်း ဟူ၍ အပိုင်းနှစ်ပိုင်း ပါဝင်သည်။ ပညာရေး အပိုင်းတွင် ဂျပန်နိုင်ငံ၏ ပညာရေး စနစ်၊ မြန်မာနှင့် ဂျပန် ပညာရေး စနစ် ကွာခြားချက်များ၊ ၀င်ခွင့် စာမေးပွဲ အကြောင်း၊ ပညာသင်ကြားရာတွင် ကုန်ကျမည့် စရိတ်နှင့် ပညာသင်ဆုနှင့် ပတ်သပ်သော သတင်းအချက်အလက်များကို ပြောကြားပေးခဲ့ပြီး အလုပ်လုပ်ကိုင်ခြင်းနှင့် ပတ်သပ်၍ ဂျပန်နိုင်ငံ၏ အလုပ်အကိုင် အခွင့်အလမ်ဒ နမူနာများ၊ ၀န်ထမ်းခန့်အပ်မှု့ စနစ်၊ လူတွေ့ မေးမြန်းခြင်း ပုံစံများ၊ အလုပ်လျှောက်လွှာနှင့် လူတွေ့မေးမြန်မှု ဖြေဆိုရာတွင် မည်ကဲ့သို့ ပြင်ဆင်သင့်ကြောင်း အကြံပြု တင်ပြသွားခဲ့သည်။
    အဆိုပါ ပြပွဲသို့ အထက်တန်းနှင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ ဂျပန်နိုင်ငံတွင် ပညာသင်ကြားလိုသူများ၊ ဂျပန်ဘာသာစကားကို လေ့လာနေသူများ၊ ကျောင်းသား မိဘများ၊ ဂျပန်နိုင်ငံနှင့် ဂျပန်ကော်ပိုရေးရှင်းများတွင် အလုပ်လုပ်ကိုင် လိုသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
    ပညာသင်ကြားလိုသူများနှင့် အလုပ်လုပ်ကိုင်လို သူများ အနေဖြင့် www.topcareer.jp တွင် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း၊ အသေးစိတ် အချက်အလက်များ သိရှိလိုပါက ကြည့်ရှူ နိုင်ကြောင်း သိရသည်။

  • သံတွဲ ကျီးကန်းရဲကျေးရွာ အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီး

    သံတွဲ ကျီးကန်းရဲကျေးရွာ အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီး

    အောက်တိုဘာ ၂၊ ၂၀၁၃
    M-Media
    ဇာဏီ

    ဓါတ်ပုံအညွှန်း > မဲကျွန်းကျေးရွာ မီးစရှို့ခံရစဉ် သံတွဲဘက်ကမ်းမှ ရိုက်ကူးထားသည့်ပုံ
    ဓါတ်ပုံအညွှန်း > မဲကျွန်းကျေးရွာ မီးစရှို့ခံရစဉ် သံတွဲဘက်ကမ်းမှ ရိုက်ကူးထားသည့်ပုံ

    သံတွဲမြို့နှင့် မိုင်(၂၀)ခန့်ကွာဝေးသည့် ကျီးကန်းရဲကျေးရွာအား ဒီနေ့ မနက် ၅း၄၀-နာရီခန့် အကြမ်းဖက်သမားများမှ အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပါတယ်။

    အဆိုပါ မီးရှို့ဖျက်ဆီးမှုကြောင့် ရွာရှိ အိမ်ခြေ ၁၉-လုံး ပျက်စီးသွားခဲ့ရပြီး ဗလီတစ်လုံးလည်း မီးရှို့ခံလိုက်ရပါတယ်။ အသက် ၅၀-၀န်းကျင်ခန့်ရှိ နှလုံးရောဂါဝေဒနာခံစားနေရသူ ဦးမနီလည်း အကြမ်းဖက်သမားများ၏ လုပ်ရပ်ကြောင့် နှလုံးသွေးတက်ကာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

    ယခုအခါ ကျီးကန်းရဲကျေးရွာသားများအနေနှင့် တောင်ပေါ်သို့တက်ကာ ပုန်းအောင်းနေကြကြောင်း သံတွဲမြို့မှ သတင်းပေးပို့လာပါတယ်။