News @ M-Media

Blog

  • ဖမ်းထားသည့် ဩစတေးလျနိုင်ငံသား ၂ ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေး

    ဖမ်းထားသည့် ဩစတေးလျနိုင်ငံသား ၂ ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေး

    ဧပြီ ၅၊ ၂၀၂၁
    M-Media

    -ပြီးခဲ့တဲ့လက ဖမ်းဆီးထားတဲ့ ဩစတေးလျနိုင်ငံသား ဇနီးမောင်နှံ ၂ ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

    မက်သယူး အိုကိန်းနဲ့ ခရစ္စတာ အဗီရီတို့ဖြစ်ပြီး ရန်ကုန်မှာ စီးပွားရေးအကြံပေးလုပ်ငန်းတစ်ခုကို ထူထောင် လုပ်ကိုင်နေသူတွေ ဖြစ်ပါတယ်။ မတ်လအတွင်း ကယ်ဆယ်ရေးလေယာဉ်နဲ့ ဩစတေးလျနိုင်ငံကို ပြန်ဖို့ စီစဉ်နေချိန်မှာ စစ်ကောင်စီက ဖမ်းဆီးပြီး နေအိမ်အကျယ်ချုပ် ချလိုက်တာပါ။

    ဩစတေးလျအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီဇနီးမောင်နှံ ပြန်လွတ်လာတာကို ကြိုဆိုတယ်လို့ ပြောကြားခဲ့ပြီး သူတို့ ဖမ်းဆီးခံနေရစဉ်အတွင်းမှာလည်း အကူအညီပေးခဲ့တယ်လို့ ဆိုပါတယ်။

    “ပြန်လွတ်လာပြီး ခင်ပွန်းနဲ့အတူ အိမ်ပြန်ရတော့မှာ ဖြစ်တဲ့အတွက် တကယ့်ကို စိတ်သက်သာရာ ရခဲ့ပါတယ်။ ဘာအမှားမှ မလုပ်ထားဘူးဆိုတာ ကျွန်မကိုယ်ကျွန်မ သိပေမယ့် ၂ ပတ်လောက် နေအိမ်အကျယ်ချုပ် နေရတာ တော့်တော့်ကို စိတ်ဖိစီးမှု ဖြစ်ခဲ့ပါတယ်” လို့ အဗီရီက ပြောကြားခဲ့ပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးဖြစ်တဲ့ ရှောင်တာနဲလ်ကတော့ လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

    ဒီကိစ္စတွေကြောင့် ဩစတေးလျဟာ မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရပ်ဆိုင်းခဲ့သလို နိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့အတွက်လည်း ညွှန်ကြားခဲ့ပါတယ်။

    Ref: Reuters

  • ဖာရိုဘုရင်၊ ဘုရင်မများ၏ မံမီရုပ်အလောင်းများကို အီဂျစ်က ခမ်းနားကြီးကျယ်စွာ ပြတိုက်ပို့

    ဖာရိုဘုရင်၊ ဘုရင်မများ၏ မံမီရုပ်အလောင်းများကို အီဂျစ်က ခမ်းနားကြီးကျယ်စွာ ပြတိုက်ပို့

    မတ် ၄၊ ၂၀၂၁
    M-Media

    -ရှေးဟောင်းသမိုင်းဝင် မံမီရုပ်အလောင်း ၂၂ ခုကို အီဂျစ်က တစ်ခမ်းတစ်နားနဲ့ အမျိုးသားပြတိုက်ကို ရွှေ့ပြောင်းခဲ့ပါတယ်။

    တိုက်ကို ရွှေ့ပြောင်းခဲ့ပါတယ်။

    ဖာရိုဘုရင် ၁၈ ဦးနဲ့ ဘုရင်မ ၄ ဦးရဲ့ မံမီရုပ်အလောင်းတွေ ဖြစ်ပါတယ်။ မြို့တော်ကိုင်ရိုကို ဖြတ်ပြီး အမျိုးသားပြတိုက်သစ် National Museum of Egyptian Civilisation ကို ပို့ဆောင်ရာမှာ ဘုရင်တွေ သက်ရှိထင်ရှားရှိစဉ်က ပုံစံအတိုင်း အဆောင်အယောင် အခမ်းအနားကို အသုံးပြုတာပါ။

    စနေနေ့က ဒီအခမ်းအနားတွက် ဒေါ်လာသန်းချီ ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။ လမ်းတစ်လျှောက်မှာ လူထောင်ပေါင်းများစွာ ကြည့်ရှုအားပေးခဲ့ကြပါတယ်။

    အခမ်းအနားမှာ ပါဝင်ခဲ့တဲ့ မံမီရုပ်အလောင်းအများစုဟာ အီဂျစ်ကို ဘီစီ ၁၅၃၉ ခုနှစ်ကနေ ဘီစီ ၁၀၇၅ ခုနှစ်အထိ အုပ်စိုးခဲ့တဲ့ မင်းဆက်က ဖြစ်ပါတယ်။ နာမည်ကျော် ဖာရိုဘုရင်ဖြစ်တဲ့ ရမ်စီ ၂၊ အီဂျစ်သမိုင်းက တစ်ဦးတည်းသော ဖာရိုဘုရင်မ ဟတ်ရှပ်ဆုတို့ရဲ့ ရုပ်အလောင်းတွေလည်း ပါဝင်ပါတယ်။

  • မြန်မာနိုင်ငံဟာ ဆီးရီးယားလို ဖြစ်လာတော့မှာလား?

    မြန်မာနိုင်ငံဟာ ဆီးရီးယားလို ဖြစ်လာတော့မှာလား?

    ဧပြီ ၄၊ ၂၀၂၁
    M-Media

    -၂၀၁၁ ခုနှစ် ဩဂုတ်လတုန်းက တူရကီနိုင်ငံခြားရေးဝန်ကြီး အဟ်မတ် ဒါဗူတော့လူတစ်ယောက် ဆီးရီးယားကို ဖြန်ဖြေရေးခရီး ချက်ခြင်းသွားရောက်ခဲ့ပါတယ်။ အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှု ၅ လကျော်ကြာဖြစ်ပွားနေတဲ့အချိန် ကိုယ့်ရဲ့ပြည်သူလူထုကို သတ်နေတာတွေ ရပ်တန့်ဖို့၊ အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဒါဗူတော့လူက ဆီးရီးသမ္မတ ဘာရှာ အလ် အာဆတ်ကို လူချင်းတွေ့ ပြောခဲ့တာပါ။

    တူရကီကိုယ်စား သွားပြောတာဖြစ်ပေမယ့် အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ သဘောထားကိုလည်း သွယ်၀ိုက်ပြီး ကိုယ်စားပြုခဲ့တာ ဖြစ်ပါတယ်။ ဒီခရီးမတိုင်ခင် ဒါဗူတော့လူဟာ အမေရိကန်နိုင်ခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ ဆီးရီးယားကိစ္စ ဆွေးနွေးခဲ့ပါတယ်။ သိပ်နောက်မကျခင် ရပ်တန်းကရပ်ဖို့နဲ့ မဟုတ်ရင် ပြည်တွင်းစစ် ဖြစ်မယ်လို့ ဒါဗူတော့လူက သတင်းစကားပါးခဲ့တာ ဖြစ်ပါတယ်။ အာဆတ်ကတော့ ဒါကို လက်မခံပါဘူး။

    ဆီးရီးယားပြဿနာ အစပိုင်းဖြစ်တဲ့ အဲဒီအချိန်က လူ ၂၀၀၀ လောက် သေဆုံးနေပါပြီ။ အခြေအနေ ဆိုးရွားလာဖို့ ရှိတဲ့အတွက် ဒါဗူတော့လူက တားဆီးဖို့ ကြိုစားခဲ့ပါတယ်။ နောက်တစ်နှစ် ၂၀၁၂ ခုနှစ်မှာ ဆီးရီးယားက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေဆိုးကြီးကို တားဆီးရေး အမေရိကန်၊ ဗြိတိန်နဲ့ အခြားနိုင်ငံတွေ ပူးပေါင်းဆောင်ရွက်ဖို့ တူရကီက တောင်းဆိုခဲ့ပါတယ်။

    သန်းနဲ့ချီတဲ့ ဆီးရီးယားပြည်သူတွေ အန္တရာယ်နှုတ်ခမ်း၀ ရောက်နေတယ်လို့ ဒါဗူတော့လူက ကျွန်တော့်ကို ​ပြောပါတယ်။

    “ဒီအခြေအနေ ဘယ်လောက်ကြာကြာ ဆက်သွားအုံးမှာလဲ။ ဘောစနီးယားကိစ္စဆိုရင် နှစ် ၂၀ ကြာပြီးမှ ဘန်ကီမွန် (ထိုစဉ်က ကုလအတွင်းရေးမှူး) က တောင်းပန်ခဲ့တယ်။ နောက်ထပ် နှစ် ၂၀ ကြာရင် ဆီးရီးယားကိစ္စအတွက် နောက်တစ်ယောက်က ထပ်တောင်းပန်မှာလား” လို့ ဒါဗူတော့လူက ပြောပါတယ်။

    နောက်ထပ် ၁၀ နှစ်ကြာတဲ့အခါမှာတော့ ဒါဗူတော့လူတစ်ယောက် အဖြေရခဲ့ပါပြီ။ အနောက်နိုင်ငံတွေက တားဆီးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ဆီးရီးယားပြည်သူ ၅ သိန်းကျော် သေဆုံးခဲ့ပြီး၊ ၁၃.၃ သန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ တိုင်းပြည်ကလည်း ကြေမွသွားပြီး ဘယ်သူမှ ဒီကိစ္စအတွက် မတောင်းပန်ကြပါဘူး။ အခု ကမ္ဘာရဲ့ နောက်တစ်ဖက်မှာ သမိုင်းတစ်ပတ် ပြန်လည်လာပါပြီ။ မြန်မာနိုင်ငံဟာ ဆီးရီးယားလို ဖြစ်လာတော့မှာလား?

    အဖြစ်အပျက်တွေ၊ အ​တိတ်နမိတ်တွေ တော်တော်များများ တူနေပြီး စိုးရိမ်စရာလည်း ကောင်းလာပါတယ်။ ဘက်ပေါင်းစုံကိုထိခိုက်မယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဖြစ်ရပ်ဆိုးကြီးကို တားဆီးလို့ ရသေးတယ်လို့ ပြောတဲ့သူတွေက ပြောနေကြပါပြီ။ တားဆီးလို့ရတဲ့သူတွေက မတားဆီးကြဘဲ ဘူးခံငြင်းတာ ကိုယ့်အကျိုးပဲ ကြည့်တာတွေလည်း ဖြစ်နေပါတယ်။

    ဆီးရီးယားကိစ္စလိုပဲ ကုလကလည်း အရေးပေါ်ခေါင်းလောင်းထိုးနေပြီး သိပ်မကြာခင် သွေးချောင်းစီးတော့မယ်လို့ သတိပေးနေပါတယ်။ ဖေဖော်ဝါရီလက အာဏာသိမ်းလိုက်တဲ့ မြန်မာစစ်ကောင်စီဟာ ကိုယ့်ရဲ့ပြည်သူတွေအပေါ်မှာ စစ်ပွဲစစ်နွှဲနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှာရ်နာ ဘာဂီနာက ပြီးခဲ့တဲ့တစ်ပတ် လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    နိုင်ငံတကာဥပဒေကို ထိန်းသိမ်းဖို့၊ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ကာကွယ်ဖို့တာဝန်ရှိမှု အလေထားဖို့ ပျက်ကွက်တာတွေကြောင့် အာရှရဲ့ နှလုံးသည်းပွတ်နေရာမှာ နယ်ပယ်ပေါင်းစုံ ထိခိုက်စေမယ့် ဖြစ်ရပ်ဆိုးကြီး ဖြစ်လာနိုင်တယ်လို့လည်း သူမက ပြောပါတယ်။ ဆီးရီးယားတုန်းကလိုပဲ လုံခြုံရေးကောင်စီမှာလည်း သဘောထားကွဲလွဲမှု ထပ်ဖြစ်နေပါတယ်။

    မြန်မာကိစ္စမှာ ခြယ်လှယ်နေတဲ့နိုင်ငံက ရုရှားမဟုတ်ဘဲ တရုတ်ဖြစ်ပါတယ်။ ရုရှားလိုပဲ တရုတ်ကလည်း နှစ်ဖက်ခွ ကစားနေတာပါ။ ကုလသမဂ္ဂ တရုတ်သံအမတ် ကျန်းကျွင်းက မြန်မာ့အရေးမှာ တရုတ်နိုင်ငံအနေနဲ့ တည်ငြိမ်အေးချမ်းရေး၊ ဆွေးနွေးညှိနှိုင်းရေးကို အားပေးထောက်ခံတယ်လို့ ဆိုပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဆိုတဲ့ စကားလုံးကိုလည်း မတန်မရာ သုံးနှုန်းခဲ့ပါသေးတယ်။

    ဒါပေမယ့် စစ်ကောင်စီကို ထိန်းနိုင်ရေး နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှု၊ ကုလရဲ့ အခြား အရေးယူမှုတွေကို တားဆီးပိတ်ပင်နေတာ တရုတ်ပဲ ဖြစ်ပါတယ်။ ဆီးရီးယားမှာ ရုရှားက လူသတ်သမားတွေရဲ့ ကယ်တင်ရှင်ဖြစ်ခဲ့သလို မြန်မာကိစ္စမှာလည်း တရုတ်က လူသတ်ကောင်တွေကို ကယ်တင်သူ ဖြစ်နေပါတယ်။ သိပ်တော့ မထူးဆန်းပါဘူး။ အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီစနစ်ကို ရွေးရမယ်ဆိုရင် သမ္မတရှီကျင့်ဖျင်တစ်ယောက် ဘာကိုရွေးမလဲဆိုတာ တစ်ကမ္ဘာလုံး သိကြပါတယ်။

    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ လူ့အခွင့်အရေးက အဓိကရပ်တည်ချက်ဖြစ်တယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံနဲ့ပတ်သက်လာရင် သူဟာ ပျော့နေသေးပြီး တရုတ်ကလည်း ဘိုင်ဒန်ကို ပြောင်ပြနေသလိုပါပဲ။ အရင်က မြန်မာနိုင်ငံကို အုပ်စိုးဖူးတဲ့ ဗြိတိန်က ပြင်းပြင်းထန်ထန် တုန့်ပြန်ဖို့ ကြိုးစားနေပါတယ်။ ကုလရဲ့ မြန်မာ့အရေး ဆွေးနွေးပွဲတွေကို ဦးဆောင်နေသလို၊ စစ်တပ်နဲ့သက်ဆိုင်တဲ့ စီးပွားရေးတွေကို ပိတ်ဆို့အရေးယူတာ၊ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းယူဖို့ ထောက်ပံ့ကူညီတာတွေ လုပ်နေပါတယ်။

    မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အာဆီယံနိုင်ငံတွေက ဝတ်ကျေတမ်းကျေ ကြေငြာချက် ထုတ်ပြီး နောက်ထပ် ဘာမှ ဆက်မလုပ်တော့ပါဘူး။ ဒါတွေကို သုံးသပ်ရင် ဘာထိရောက်မှုမှ မရှိဘူးဆိုတာ တွေ့ရမှာပါ။ ယူကေက Burma Campaign အဖွဲ့ကလည်း မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု ပိတ်ဆို့ဖို့၊ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးလွှဲဖို့ တောင်းဆိုနေပါတယ်။

    အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လက်အောက်က စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ နေ့စဉ် လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်ဆိုတာ သံယဖြစ်စရာကို မလိုပါဘူး။ မင်းအောင်လှိုင်ဟာ ၂၀၁၇ ခုနှစ်တုန်းက လူနည်းစု ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုအတွက် နိုင်ငံတကာက အလိုရှိနေသူပါ။

    နိုင်ငံတကာရဲ့ မစည်းလုံးမှု၊ နှောင့်နှေး ကြန့်ကြာမှုတွေကြောင့် မြန်မာနိုင်ငံက ယူနီဖောင်းဝတ် လူသတ်သမားတွေ၊ လူရမ်းကားတွေဟာ အရေးယူမခံရဘဲ စိတ်ကြိုက် ကျူးလွန်ခွင့် ရနေပါတယ်။ ဒီအခြေအနေတွေကိုကြည့်ရင် သူတို့တွေဟာ အာဆတ်နဲ့ သူ့လူတွေလိုပဲ အရေးယူမခံရဘဲ လွတ်မြောက်နေကြအုံးမှာ ဖြစ်ပါတယ်။

    လက်ရှိ မြန်မာနိုင်ငံမှာ လူပေါင်း ရာချီ သေဆုံးခဲ့ပြီး ထောင်နဲ့ချီ ထိန်းသိမ်းခံရတာ၊ ပျောက်ဆုံးသွားတာတွေ ရှိနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ပြောပါတယ်။

    “ညဖက် စီးနင်းမှု၊ အစုလိုက်အပြုံလိုက် ဖမ်းဆီးမှု၊ သတ်ဖြတ်မှုတွေဟာ နေ့စဉ်လိုလို ဖြစ်နေပါတယ်။ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ RPG တွေ၊ လက်ပစ်ဗုံးတွေ၊ စက်သေနတ်တွေ၊ စနိုက်ဘာတွေ အသုံးပြုပြီး ဆန္ဒပြသူတွေကို အမြောက်အများ သတ်ဖြတ်နေပါတယ်”

    ဆန္ဒပြလူငယ်တွေဟာ ဒီစိတ်ဒဏ်ရာတွေကြောင့် စိတ်ဓာတ်ပြင်းထန်လာကြတယ်ဆိုတဲ့ အထောက်အထားတွေကိုလည်း တွေ့လာရပါတယ်။ ထူးခြားတာက လမ်းပေါ်ထွက်ဆန္ဒပြသူတွေကို အလယ်အလတ် လူတန်းစားတွေက အုံနဲ့ကျင်းနဲ့ ထောက်ခံကြတာပါ။ ကိုယ့်ကိုယ်ကိုကာကွယ်ရေး လက်နက်ကိုင်ဖို့၊ အတိုက်အခံအဖွဲ့တွေကို အခြေပြုပြီး ဖက်ဒရယ်စစ်တပ်ဖွဲ့စည်းဖို့ ပြောဆိုတာတွေလည်း ရှိလာပါတယ်။ ၂၀၁၁ ခုနှစ် ဆီးရီးယားကပုံရိပ်ကို ပြန်မြင်နေရတာပါ။

    ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲက ရွေးချယ်ခံအမတ်တွေ၊ ဖြုတ်ချခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့သူတွေ စုပေါင်းပြီး ဖွဲ့စည်းထားတဲ့ နဲ့ စင်ပြိုင်အစိုးရ CRPH က တိုင်းရင်းသား လူနည်းစုတွေရဲ့ အခွင့်အရေးကို အသိအမှတ်ပြုထားတဲ့ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဌာန်းဖို့ ဆောင်ရွက်နေပါတယ်။

    CRPH ရဲ့ ဒီဆောင်ရွက်မှုတွေဟာ တိုက်ပွဲအတွေ့အကြုံရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို သူတို့ဖက် ပါလာဖို့ အပေးအယူလုပ်တာမျိုး ဖြစ်ပုံရပါတယ်။ ဥပမာ စစ်တပ်ရဲ့ ဗိုလ်ကျစိုးမိုးမှုကို ကာလကြာရှည် ခုခံတွန်းလှန်ခဲ့တဲ့ ကရင်လွတ်မြောက်ရေးတပ်ဖွဲ့ KNLA လို အဖွဲ့မျိုးပါ။

    ရခိုင်တပ်ဖွဲ့ (AA)၊ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၊ တအန်းလွတ်မြောက်ရေးအဖွဲ့ (TNLA)၊ မြန်မာဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ (MNDAA) တို့ ပေါင်းထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ စစ်တပ်ရဲ့ စိတ်ထင်တိုင်း သတ်ဖြတ်နေမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။

    ပြည်သူကို ကာကွယ်သွားမယ်လို့လည်း သူတို့က ဆိုပါတယ်။ တိုင်းပြည်ကို ပေါင်းစည်းနိုင်တဲ့ တစ်ခုတည်းသော အဖွဲ့လို့ ကြွေးကျော်ထားတဲ့ မြန်မာစစ်တပ်ကတော့ ဆန့်ကျင်ဖက်လားရာကို သွားနေပါတယ်။ ဒီလို ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်နေတာဟာ ပြည်တွင်းစစ်ပွဲရဲ့အစဆိုတာ ဆီးရီးယားပြည်သူတွေက ကောင်းကောင်း သိနေပါတယ်။

    ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးရသလိုပဲ လက်ရှိ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးရတဲ့ ဒုက္ခသည်တွေဟာ ထိုင်းနဲ့ အိန္ဒိယနယ်စပ်မှာ ပုံလာတယ်။ ဆီးရီးယားက အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းမှုကြီးကို အခုအချိန်အထိ ခက်ခက်ခဲခဲ ရင်ဆိုင်နေရတဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းအတွက် နောက်ထပ် စိုးရိမ်စရာတစ်ခုပါ။

    အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုကနေ ဖြစ်ပေါ်လာတဲ့ တရားမဲ့မှု၊ ပရိဒေဝမီးတွေဟာ စိတ်ပျက်အားလျော့မှု၊ အငတ်ဘေး၊ ရောဂါဘယနဲ့ အကြမ်းဖက်ဝါဒရဲ့ ခြောက်လှန့်မှုတွေနဲ့ ပေါင်းစပ်သွားကြတော့မှာပါ။ ကမ္ဘာကြီးဟာ ဒါကို ကြုံတွေ့ခဲ့ဖူးပါတယ်။

    မြန်မာနိုင်ငံကလူတွေဟာ ဥရောပ ကမ်းခြေတွေကို မရောက်လာဘူးဆိုတာ မှန်ပါတယ်။ မြင့်တက်လာတဲ့ စိုးရိမ်စရာအခြေအနေကို ဒီအချက်ကြောင့် အရေးမပါတော့သလို၊ မစာနာသလို၊ ကိုယ်နဲ့မဆိုင်သလို၊ ကိုယ့်နိုင်ငံအရေးမဟုတ်သလို နေလို့ မရပါဘူး။ အာရှမှာ ဒုတိယဆီးရီးယားဖြစ်လာမှာကို ကမ္ဘာကြီးက လက်ပိုက်ကြည့်နေဖို့ ပြင်ဆင်ထားကြပြီလား?

    ဒါဗူတော့လူရဲ့ ၂၀၁၁ ခုနှစ် ဖြန်ဖြေရေးခရီးစဉ်ဟာ မအောင်မြင်ခဲ့ပေမယ့် စောစောစီးစီး ကြားဝင်ဆောင်ရွက်မှုက ပဋိပက္ခအညွန့်အဖူးကို ဖြတ်ထုတ်ဖယ်ရှားဖို့ အကောင်းဆုံးမျှော်လင့်ချက်အဖြစ် ရှိနေဆဲပါပဲ။ နောက်ထပ် ကြောက်မက်ဖွယ်ရာတွေ ဘယ်လောက်အထိဖြစ်လာမှ ‘တော်လောက်ပါပြီ’ လို့ ကျွန်တော်တို့ ပြောကြမှာလဲ….

    Ref: The Guardian

    (The Guardian တွင် ဖော်ပြထားသည့် Is Myanmar the new Syria? Rising violence threatens a repeat tragedy ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

    (ဓာတ်ပုံ – ဆီးရီးယာစစ်ပွဲမှ မြင်ကွင်းတစ်ခု)

  • အာဏာသိမ်းရန် ကြိုးပမ်းမှုခေါင်းစဉ်ဖြင့် ဂျော်ဒန်တွင် ထိပ်တန်း ပုဂ္ဂိုလ်များ ဖမ်းဆီးခံထားရ

    အာဏာသိမ်းရန် ကြိုးပမ်းမှုခေါင်းစဉ်ဖြင့် ဂျော်ဒန်တွင် ထိပ်တန်း ပုဂ္ဂိုလ်များ ဖမ်းဆီးခံထားရ

    ဧပြီ ၄၊ ၂၀၂၁
    M-Media

    -ဘုရင် အလ်ဒူလာ ၂ ကို ဖြုတ်ချဖို့ ကြံစည်နေတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ ဂျော်ဒန်မှာ အနည်းဆုံး လူ ၂၀ ဖမ်းဆီးခံထားရပြီး ဒီအထဲမှာ ဘုရင် အဘ်ဒူလာရဲ့ အဖေတူ အမေကွဲညီ အိမ်ရှေ့မင်းသားဟောင်း ဟမ်ဇာ ဘင် ဟူစိန်လည်း ပါဝင်ပါတယ်။

    မင်းသား ဟူစိန်ဟာ မနေ့က ဘီဘီစီသတင်းဌာနကို ဗီဒီယိုတစ်ခု ပေးပို့ခဲ့ပြီး သူ့အနေနဲ့ နေအိမ်အကျယ်ချုပ် ချထားခံရကြောင်း၊ နိုင်ငံရပ်ခြားက ဘယ်လိုကြံစည်မှုမျိုးမှာမှ မပါဝင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဘုရင်အဘ်ဒူလာအစိုးရဟာ အကျင့်ပျက်ခြစားတဲ့ အစိုးရဖြစ်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။

    ဂျော်ဒန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် ယူဆက်ဖ် ဟွန်နိုင်တီက မင်းသားဟူစိန်ရဲ့ ပြောကြားမှုကို ငြင်းဆိုခဲ့ပြီး လက်ရှိမှာ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကာ ရလဒ်ကို ပွင့်လင်းမြင်သာမှုရှိစွာ ချပြသွားမယ်လို့ တုန့်ပြန် ပြောကြားခဲ့ပါတယ်။

    “ဂျော်ဒန်နိုင်ငံရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးရဲ့အထက်မှာ ဘယ်သူမှ မရှိရပါဘူး”

    လုံခြုံရေးအကြောင်းပြချက်နဲ့ ဖမ်းဆီးခံရသူတွေထဲမှာ ဘုရင် အဘ်ဒူလာရဲ့ အကြံပေးဟောင်း၊ ဘုရင်ရဲ့လူယုံ ဘဏ္ဍာရေးဝန်ကြီး အာဆမ် အဘ်ဒူလာ၊ နန်းတွင်းကိုယ်စားလှယ် ရှာရစ်ဖ် ဟာဆန် ဘင် ဇိုက်တို့ ပါဝင်တယ်လို့ သတင်းဌာနတွေက ဖော်ပြပါတယ်။

    ဘုရင် အဘ်ဒူလာ ၂ ဟာ သူ့ဖခင် ဘုရင်ဟူစိန်ကွယ်လွန်တဲ့ ၁၉၉၉ ခုနှစ်ကတည်းက တိုင်းပြည်ကို အုပ်စိုးလာတာပါ။ ဂျော်ဒန်ဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ အနီးကပ်မဟာမိတ်ဖြစ်သလို အရှေ့အလယ်ပိုင်းက IS အကြမ်းဖက်အဖွဲ့ တိုက်ဖျက်ရေးမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ပါတယ်။

    အမေရိကန်၊ အနောက်နိုင်ငံတွေနဲ့ အရှေ့အလယ်ပိုင်းဒေသတွင်းနိုင်ငံတွေက ဂျော်ဒန်က အခြေအ​နေတွေကို စောင့်ကြည့်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

    Ref: Washington Post, Aljazeera

  • ထိုင်းအစိုးရက စစ်ကောင်စီကို ဆန့်ကျင်ဖွယ်မရှိဟု ကျွမ်းကျင်သူများ သုံးသပ်

    ထိုင်းအစိုးရက စစ်ကောင်စီကို ဆန့်ကျင်ဖွယ်မရှိဟု ကျွမ်းကျင်သူများ သုံးသပ်

    ဧပြီ ၃၊ ၂၀၂၁
    M-Media

    -အိမ်နီးချင်း ထိုင်းအစိုးရဟာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဖို့မရှိဘဲ မြန်မာနိုင်ငံကနေ ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေကိုလည်း လက်ခံဖို့ မရှိဘူးလို့ နိုင်ငံရေး လေ့လာဆန်းစစ်သူတွေက သုံးသပ်ပါတယ်။

    ဖေဖော်ဝါရီလ ၁ ရက်နေ့ ရွေးကောက်ခံအစိုးရကို ဖြုတ်ချအာဏာသိမ်းပြီး ရက်အနည်းငယ်အကြာမှာပဲ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ကိုထောက်ခံဖို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို သတင်းစကား ပါးခဲ့ပါတယ်။

    ထိုင်းအစိုးရကလည်း စစ်အာဏာသိမ်းမှုကို လူသိရှင်ကြား ရှုတ်ချတာမျိုးမလုပ်ဘဲ သေဆုံးမှုတွေ မြင့်တက်လာနေတဲ့အတွက် အလွန်အမင်း စိုးရိမ်တယ်လို့ ဗုဒ္ဓဟူးနေ့က စာထုတ်မှုဟာ အပြင်းထန်ဆုံး ပြောကြားမှု ဖြစ်ပါတယ်။

    ဝန်ကြီးချုပ်ပရာယွတ်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ပြီး နှစ်နိုင်ငံ စစ်တပ်အကြား နီးစပ်တဲ့ ဆက်ဆံရေးကြောင့် ရေရှည်မှာ စစ်ကောင်စီကို ဆန့်ကျင်ဖို့ မရှိဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    ၂၀၁၈ ခုနှစ်တုန်းက ထိုင်းအစိုးရဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို King Grand Cross of the Most Exalted Order of the White Elephant ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပြီး ထိုင်းစစ်တပ်ကို ထောက်ခံအားပေးတဲ့အတွက် ဖြစ်ပါတယ်။

    “သူတို့အတွက် စစ်ဖက်ညီအစ်ကိုဆက်ဆံရေးက အလွန့်အလွန်ကို အရေးကြီးပါတယ်။ ဒုက္ခသည်တွေနဲ့ပတ်သက်တဲ့ ထိုင်းအစိုးရရဲ့ဆုံးဖြတ်ချက်ဟာ အကြမ်းဖက်မှုမြင့်တက်လာတာကြောင့် ပြောင်းလဲမယ်လို့ ကျွန်တော် မထင်ပါဘူး။ မြန်မာနဲ့ပိုပြီး မိတ်ဆွေဖြစ်ချင်မယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ ထိုင်းနိုင်ငံ Kasetsart တက္ကသိုလ်က သမိုင်းပါမောက္ခ လာလီတာ ဟင်ကာနွန်တာက ပြောပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ ကရင်ပြည်နယ်မှာ စစ်ကောင်စီက ရွာတွေကို ဗုံးကြဲတာကြောင့် ပြည်သူ ထောင်နဲ့ချီ ထိုင်းဘက်ကိုထွက်ပြေးရပြီး ထိုင်းအာဏာပိုင်တွေက ဒီလူတွေကို ပြန်မောင်းထုတ်သလို နယ်စပ်မှာလည်း သံဆူးကြိုးတွေ လိုက်ကာနေတယ်လို့ သတင်းတွေ ထွက်လာပါတယ်။

    ထိုင်းဝန်ကြီးချုပ် ပရာယွတ်က ဒီသတင်းကို ငြင်းဆိုခဲ့ပေမယ့် နယ်စပ်က အစိုးရတာဝန်ရှိသူတစ်ဦးကတော့ အစည်းအဝေးတစ်ခုမှာ မြန်မာနိုင်ငံက ဝင်ရောက်လာသူတွေကို တားဆီးဖို့ မူဝါဒချထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    နိုင်ငံတကာ ဖိအားကြောင့် ထိုင်းအစိုးရက မြန်မာဖက်က ဒုက္ခသည်တွေကို အယောင်ပြလက်ခံတာ၊ စစ်ကောင်စီကို ဆန့်ကျင်တဲ့ ရပ်တည်ချက်မျိုး လုပ်လာနိုင်ပေမယ့် ရေရှည်မှာတော့ စစ်ကောင်စီနဲ့ လက်တွဲ့သွားလိမ့်မယ်လို့ လာလီတာက ပြောပါတယ်။

    “နိုင်ငံတကာဖိအားကြောင့် သူတို့ တစ်ခုခု လုပ်လိမ့်မယ်။ အယောင်ပြပြီး နည်းနည်းပါးပါးလောက်သာ လုပ်မှာပါ။ ခင်ဗျားတို့ပြောတဲ့အတွက် ကျွန်တော်တို့လုပ်ပေးတယ်ဆိုတာမျိုးပေါ့။ ဒါပေမယ့် အဲဒီလောက်ပါပဲ”

    မြန်မာနိုင်ငံမှာ ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားရေး အမြောက်အများ ရှိနေတာကလည်း စစ်ကောင်စီကို ဆန့်ကျင်ဖို့ လက်တွန့်နေရခြင်းရဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။

    မြန်မာနိုင်ငံရဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုမှာ စင်ကာပူနဲ့ တရုတ်တို့ပြီးရင် ထိုင်းနိုင်ငံက အများဆုံးပါ။ နယ်စပ်ကုန်သွယ်ရေး​မှာလည်း ဒေါ်လာ ဘီလီယံချီရှိနေသလို ထိုင်းနိုင်ရဲ့ စီးပွားရေးလုပ်ငန်း တော်တော်များများက မြန်မာရွှေ့ပြောင်းလုပ်သားတွေကို မှီခိုနေရတာဖြစ်ပါတယ်။

    ချူလာလောင်ကွန်တက္ကသိုလ် အာဆီယံရေးရာလေ့လာမှုဌာန တာဝန်ရှိသူ ပီတီ ဆရီ ဆဂ်နမ်က ထိုင်းနိုင်ငံဟာ စီးပွားရေးအားသာချက်ကိုယူပြီး စစ်ကောင်စီအပေါ် ဖိအားပေးဖို့ အလားအလာမရှိဘူးလို့ ဆိုပါတယ်။

    အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ဖမ်းဆီးခံထားရတဲ့ အရပ်သားအစိုးရအဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးပြီး ဆွေးနွေးညှိနှိုင်းဖို့အတွက် ကန့်လန့်ကာနောက်ကွယ်ကနေ သံတမန်နည်းလမ်းအရ ဆောင်ရွက်ပေးတာမျိုးလောက်ပဲ ထိုင်းနိုင်ငံက လုပ်ဆောင်လိမ့်မယ်လို့ သူက ဆိုပါတယ်။

    “အရင်ကတည်းကခင်လာတဲ့ သူငယ်ချင်းတစ်ယောက် တစ်ရက်မှာ လူသတ်မှုကျူးလွန်လိုက်လို့ သူနဲ့ အပေါင်းအသင်းမလုပ်တော့ဘူး ဆိုတာမျိုး မရှိပါဘူး။ အပေါင်းအသင်းတော့ လုပ်အုံးမယ်။ ဒါပေမယ့် သူလုပ်တာ မှားယွင်းကြောင်း ပြောဆိုတာက အကောင်းဆုံးပါ”

    Ref: Retuers