News @ M-Media

Blog

  • စက်တင်ဘာ ၂၇ အားကစားသတင်းများ

    စက်တင်ဘာ ၂၇
    M-Media

    2792013

    ဘာကာ ဖန်တီးရှင်ဟောင်း ဒေကို တားမြစ်ဆေးကြောင့် ဘောလုံးလောကမှ တစ်နှစ်ပိတ်ပင်

    ဘာစီလိုနာအသင်းနှင့် ချယ်ဆီးအသင်းတို့၏ ကစားသမားဟောင်းဖြစ်သူ ဒေကိုအား တားမြစ်သုံးစွဲကြောင်းတွေ့ရှိရ၍ ဘောလုံးလောကမှ တစ်နှစ်ပိတ်ပင်ခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် သြဂုတ်လက ဘောလုံးကစားခြင်းမှ အနားယူသွားပြီဖြစ်သည့် ဒေကိုမှာ ဘရာဇီးကလပ် ဖလူမင့်စ်အသင်းတွင် ကစားနေစဉ် မတ်လက တားမြစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး ယာယီအနေဖြင့် ရက်သုံးဆယ်ကစားခွင့် ပိတ်ပင်ခဲ့သည်။

    အသေးစိတ် စစ်ဆေးမှုများ ဆက်လက်ပြုလုပ်ပြီးနောက် ဘရာဇီးအားကစားခုံရုံးမှ ယခုကဲ့သို့ တစ်နှစ်ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ကစားသမားဘ၀မှ အနားယူသွားခဲ့သည့် ဒေကိုအတွက် အကျိုးသက်ရောက်မှု ကြီးကြီးမားမား ရှိမည် မဟုတ်ချေ။ ဒေကိုမှာ ပေါ်တိုအသင်းနှင့်ထင်ရှားလာခဲ့သူဖြစ်ပြီး ဘာစီလိုနာနှင့် ချယ်ဆီးအသင်းတို့တွင် ကစားခဲ့ကာ ၂၀၁၀-ခုနှစ်က ဖလူမင်စ့်အသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် သြဂုတ်လတွင် ကစားသမားဘ၀မှ အနားယူခဲ့သည်။
    goal
    ________________________
    ရီးယဲလ်အား မည်ကဲ့သို့အနိုင်ယူရမည်ဆိုသည်ကို သိသည်ဟု ကော့တွစ်ဆို

    အက်သလက်တီကို မက်ဒရစ်အသင်း၏ ဂိုးသမားဖြစ်သူ သီဘောက် ကော့တွစ်က စနေနေ့တွင် ကစားမည့် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ပွဲတွင် အက်သလက်တီကိုမှာ ရီးယဲလ်အား ကျော်လွှားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။ အက်သလက်တီကိုမှာ ပြီးခဲ့သည့်နှစ်က ဘာနေဗျူးတွင် ကစားခဲ့သည့် စပိန်ဘုရင့်ဖလားပွဲစဉ်တွင် ရီးယဲလ်အား အနိုင်ယူနိုင်ခဲ့သည်။

    ထို့ကြောင့် ယခုအကြိမ်တွင်လည်း ၎င်းတို့၏ မြို့ခံပြိုင်ဘက်အား မနိုင်စရာအကြောင်းမရှိဟု ပြောကြားခဲ့သည့် ကော့တွစ်က “ကျွန်တော်တို့မှာ အသင်းကောင်းတစ်သင်းရှိပြီး သူတို့(ရီးယဲလ်ကို) နိုင်အောင် ကစားတတ်ပါတယ်။ သုံးမှတ်ရမယ့်ပွဲဖြစ်ပြီး နောက်ဆုံး ဗိုလ်လုပွဲလိုပဲဖြစ်မှာပါ။ ကျွန်တော် ဘယ်တော့မှ သရေကျဖို့အတွက် မကစားပါဘူး။ နိုင်ဖို့အတွက်ပါပဲ” ဟု သတင်းထောက်များက ပြောကြားခဲ့သည်။
    goal
    ________________________

    နာပိုလီနှင့်ပွဲ လုပ်ရပ်အတွက် ဘာလော့တယ်လီ ပြန်လည်တောင်းပန်

    အေစီမီလန်အသင်းက နာပိုလီအသင်းအား ၂-ဂိုး ၁-ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်အပြီးတွင် ပြုလုပ်ခဲ့သည့် ၎င်း၏ အပြုအမူများမှာ မသင့်လျော်သော အပြုအမှုများ ဖြစ်သည်ဟု ၀န်ခံခဲ့သော်လည်း သူ၏ လုပ်ရပ်မှာ အသေးအဖွဲမျှသာ ဖြစ်သည်ဟု အေစီမီလန်တိုက်စစ်မှူး ဘာလော့တယ်လီက ပြောကြားခဲ့သည်။ ထိုပွဲအပြီးတွင် ဘာလော့တယ်လီမှာ ဒိုင်လူကြီး၊ ပွဲတာဝန်ရှိသူများနှင့် နာပိုလီအသင်းသားများအား ပြင်းပြင်းထန်ထန်စောဒတက်ခဲ့သောကြောင့် ဒိုင်လူကြီးက ဒုတိယအကြိမ် အ၀ါကတ်ပြသခဲ့သည်။

    ထိုလုပ်ရပ်ကြောင့် ဘာလော့တယ်လီအား အီတလီဘောလုံးအဖွဲ့ချုပ်က သုံးပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့သည်။ “ပထမဆုံးအနေနဲ့ ကျွန်တော့် အသင်းဖော်တွေကို တောင်းပန်ပါတယ်။ သူတို့တွေဟာ ကျွန်တော်နဲ့အတူ လေ့ကျင့်ကြ အလုပ်လုပ်ကြပြီး ကျွန်တော့်ရဲ့ဒီအပြုအမူက သူတို့ကို အထီးကျန်သွားစေပါတယ်။ ကျွန်တော့်ကိုဂရုစိုက်တဲ့ ပရိတ်သတ်တွေနဲ့ အသင်းအတွက်လည်း ကျွန်တော်ဟာ အပြစ်ရှိတယ်လို့ ခံစားရပါတယ်။ ဒိုင်လူကြီးကိုလည်းတောင်းပန်ပါတယ်။ ကျွန်တော် ဒီလိုလုပ်ရပ်မျိုး မလုပ်သင့်ခဲ့ပါဘူး။ တချို့အခြေအနေတွေမှာ ကျွန်တော့်ကို ကျွန်တော်ထိန်းချုပ်ရမယ် ဆိုတာ ကျွန်တော် နားလည်သွားပါပြီ “ဟု ဘာလော့တယ်လီက အီတလီ အားကစားသတင်းစာ La Gazzetta dello Sport သို့ပြောကြားခဲ့သည်။
    goal
    ________________________
    ဘာစီလိုနာနဲ့ စစ်ဖြစ်နေတာမဟုတ်ပါဘူးလို့ အင်နီယေစတာ ပြော

    ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းတိုးရန် နှောင့်နှေးနေသည့် ကွင်းလယ်ဖန်တီးရှင် အင်နီယေစတာက အသင်းအုပ်ချုပ်ရေးအဖွဲ့နှင့် ပဋိပက္ခများရှိနေသည်ဆိုသည့် သတင်းကို ငြင်းဆိုလိုက်ပြီး သူ၏ ကစားသမားဘ၀အား ဘာကာတွင်ပင် အဆုံးသတ်ချင်သည်ဟု ပြောကြားလိုက်သည်။

    ၂၀၁၅ တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် အင်နီယေစတာအား ဘာကာမှ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စိတ်အားထက်သန်နေသော်လည်း အင်နီယေစတာဘက်မှ နှောင့်နှေးနေသည်ဟု သတင်းများထွက်ပေါ်လာခဲ့ပြီး ပီအက်စ်ဂျီအသင်းကလည်း ခေါ်ယူရန်စောင့်ကြည့်နေသည်။
    “ဘာကာနဲ့ အင်နီယေစတာကြားထဲမှာ ထူးဆန်းတာမျိုးဘာမှမရှိသလို စစ်လည်းမဖြစ်ပါဘူး။ ကလပ်ကလည်း ကျွန်တော့်ကို အလိုရှိတယ်။ ကျွန်တော်ကလည်း ဒီမှာနေချင်ပါတယ်။ ကျွန်တော်ဒီအသင်းမှာပဲ ကစားသမားဘ၀က အနားယူချင်တယ်လို့ ခဏခဏပြောပြီးပါပြီ။ အသင်းကလည်းဒီအတိုင်းပါပဲ။ သဘောတူညီချက်တစ်ခုကိုကျွန်တော်တို့ ရောက်ချင်ပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် အင်နီယေစတာက ပြောကြားခဲ့သည်။
    goal
    ________________________
    မလေးရှားအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ၀ါဝရင်ကာ ကွာတားဖိုင်နယ်သို့တက်ရောက်

    မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင်ကျင်းပလျက်ရှိသည့် မလေးရှားအိုးပင်းနစ်ပြိုင်ပွဲတွင် ဆွစ်ဇလန်တင်းနစ်သမား စတာနစ်လက်စ် ၀ါဝရင်ကာမှာ ကွာတားဖိုင်နယ်သို့တက်ရောက်သွားပြီဟု သိရသည်။

    နိုင်ခြေအဆင့် ၂ ရှိ ၀ါဝရင်ကာမှာ ဆိုက်ပရပ်စ် တင်းနစ်သမား မားကို့စ် ဘဂ်ဒါတစ်အား ၆-၁၊ ၇-၅ ဖြင့်အနိုင်ရရှိခဲ့သည်။ ၀ါဝရင်ကာမှာ မကြာမီလန်ဒန်မြို့၌ကျင်းပမည့် နှစ်တစ်နှစ်၏ နောက်ဆုံးတင်းနစ်ပြိုင်ပွဲ ATP World Tour finals ကို ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ယခုပြိုင်ပွဲတွင် ကောင်းမွန်စွာစွမ်းဆောင်နိုင်ရန်မျှော်လင့်နေသည်။

    ATP World Tour finals တင်းနစ်ပြိုင်ပွဲမှာ ကမ္ဘာ့တင်းနစ်အဖွဲ့ချုပ်ကသတ်မှတ်သည့် ကမ္ဘာ့အဆင့် ၁ မှ ၈ အတွင်းဝင်သောကစားသမားများသာ ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး ၀ါဝရင်ကာမှာ ယခုလက်ရှိတွင် ကမ္ဘာ့အဆင့် ၈ နေရာတွင်ရှိနေသည်။

    “အဲဒီ(လန်ဒန်)မှာကစားခွင့်ရရေးဟာ ကစားသမားအားလုံးရဲ့အိပ်မက်ပါ။ သိပ်ကိုကြီးကျယ်ပြီး အံ့သြစရာလည်းကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်ကတော့ အခုပြိုင်ပွဲမှာ ဘာဖြစ်နေတယ်ဆိုတာကို ဂရုစိုက်တာ ပိုကောင်းပါတယ်။ ကျွန်တော်အဲဒီ(လန်ဒန်)မှာကစားချင်ပါတယ်။ ကျွန်တော်ပွဲကောင်းကောင်းကစားပြီး ပွဲတွေနိုင်ဖို့လည်းလိုပါတယ်။ တကယ်လို့ကျွန်တော်အတွေးမလွန်ဘူးဆိုရင် အဲဒီမှာယှဉ်ပြိုင်ဖို့အခွင့်အရေးရးမှာပါ” ဟု ပွဲအပြီးတွင်ပြောကြားခဲ့သည်။ ၀ါဝရင်ကာမှာ မလေးရှားအိုးပင်းဆီမီးဖိုင်နယ်တွင် နိုင်ခြေအဆင့် ၆ ရ ရုရှားတင်းနစ်သမား ဒီမီထရီ တာဆူနော့ဗ်နှင့် တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။

  • တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    စက်တင်ဘာ၊ ၂၅၊
    M-Media
    မျိုးမင်း စုစည်းတင်ဆက်သည်။

    ၁။ အာကာသမှ လာသော သက်ရှိများ

    992298_10151866173763166_1209631394_n
    ဂြိုဟ်သား… လို့ ပြောလိုက်ရင်တော့ ရုပ်ရှင်ထဲမှာ မြင်ဖူးတဲ့ မျက်လုံးပြူးပြူး အစိမ်းရောင် ခန္ဓာကိုယ်နဲ့ ပုံးစံမျိုးကိုပဲ ပြေးမြင်မိကြပါ လိမ့်မယ်။ အခုဟာကတော့ အာကာသကလာပေမယ့် အလွန်သေးငယ်တဲ့ ပိုးမွှားအရွယ် သက်ရှိလေးတွေ ဖြစ်ပါတယ်။ University of Sheffield and Buckingham က သုတေသီတွေက ဒီလို အာကာသကနေ ပိုးမွှားလေးတွေ ရောက်လာတာ ရှိနိုင်တယ်လို့ သံသယ ရှိတာကြောင့် လေဘောလုံးတစ်ခု ကို မြေပြင်ကနေ ၁၆မိုင် အမြင့်ကို လွှတ်တင်ပြီး လေထုကို စစ်ယူပြီး စစ်ဆေးတဲ့အခါမှာ diatom လို့ ခေါ်တဲ့ ရေညှိပုံစံ သက်ရှိ အပိုင်းအစကို တွေ့ရှိခဲ့ပါတယ်။ ဒီလိုသေးငယ်တဲ့ အရွယ်အစားပေမယ့် မြေပြင်ကနေ ၁၆မိုင် အမြင့်ကို လွင့်ပျံတက်သွားဖို့ဆိုတာ မဖြစ်နိုင်ပဲ အာကာသက လွင့်လာတဲ့ ဥက္ကာပျံများနဲ့ တွယ်ကပ်ပါလာတာသာ ဖြစ်နိုင်တယ်လို့ သုတေသီများက အခိုင်အမာ ပြောဆိုခဲ့ပါတယ်။
    .

    ၂။ Apple နဲ့ Samsung

    1373071_10151866174358166_1807145420_n
    နည်းပညာ သတင်းတွေကို စိတ်ဝင်စားတဲ့ ပရိသတ်ကြီး သိကြလိမ့်မယ်လို့ ထင်ပါတယ်… Apple နဲ့ Samsung ဆိုတာ အပြန်အလှန် တရားစွဲနေကြတယ်ဆိုတာကိုပါ။ အခုတော့ ထူးဆန်းတဲ့ သတင်းကြားရပါတယ်။ အခုနောက်ဆုံးထွက်တဲ့ iPhone 5s မှာ သုံးထားတဲ့  A7 Processor ဟာ  Samsung ကထုတ်လုပ်ပေးတဲ့ ပစ္စည်း ဖြစ်ပါတယ်တဲ့။ ဟိုး အရင်ကတော့  iDevice တွေအတွက် အကောင်းဆုံး display ကိုလည်း Samsung ကပဲ ထုတ်လုပ်ပေးခဲ့ပါသေးတယ်။ နောက်တော့   Apple က Samsung display တွေ မသုံးတော့လို့ သူတို့ တွေ ပြတ်စဲခဲ့ပြီလို့ ထင်ကြပေမယ့် မပြတ်နိုင်သေးဘူး ဆိုတဲ့သဘောပေါ့ ခင်ဗျာ။
    .

    ၃။ Cygnus spacecraft

    1368644_10151866180203166_869724805_n
    အမေရိကန်အာကာသ လွန်းပျံယာဉ်တွေ ရပ်ဆိုင်းလိုက်ကတည်းက ဆိုယုစ် အာကာသယာဉ်တွေကိုပဲ နိုင်ငံတကာ အာကာသစခန်း ISS နဲ့ ပို့ဆောင်ရေး လုပ်နေရတာကြာပါပြီ။ အခုတော့ ပုဂ္ဂလိက ကုမ္ပဏီ ဖြစ်တဲ့  Orbital Sciences Corp က ဒီလုပ်ငန်းကို ဝင်ရောက်လာပါတယ်။ ၂၂ရက် ညက လွှတ်တင်လိုက်တဲ့ Cygnus spacecraft ဟာ ထောက်ပံ့ရေး ကုန်စည်တွေ သယ်ဆောင်သွားပြီး ၂၃ ရက်မနက်မှာတော့  ISS နဲ့ ချိတ်ဆက်ဖို့ ရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့်  ချိတ်ဆက်ဖို့ ISS နဲ့ အချက်ပေး ဆက်သွယ်မှုတွေမှာ software ချွတ်ယွင်းမှုကြောင့် မချိတ်နိုင်ခဲ့ပါဘူး။ နောက်တစ်ကြိမ် ပြန်လည် ကြိုးစားဖို့ နောက်ထပ် နှစ်ရက် စောင့်စားရမှာ ဖြစ်ပြီး ဒီကာလ အတွင်းမှာ  software ကို ပြုပြင် သွားမယ်လို့ သိရပါတယ်။

    ၄။ အင်္ဂါဂြိုဟ်

    1371719_10151866176478166_473736840_n
    နာဆာရဲ့ Mars rover ယာဉ်ငယ်လေးရဲ့ ရှာဖွေခဲ့တဲ့ ရှစ်လတာ ကာလတလျှောက် အင်္ဂါဂြိုဟ် ပေါ်မှာ မီသိန်းဓါတ်ငွေ့ ထွက်ရှိခြင်း မရှိသလို သက်ရှိ လည်း မတွေ့ရှိကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ မီသိန်းဓါတ်ငွေ့ကတော့ အရင်က ရှိခဲ့ပြီး တဖြည်းဖြည်းချင်း လျှော့ပါးသွားတာလို့ ဆိုပါတယ်။

    ၅။ ကံကောင်းစွာမပေါက်ကွဲခဲ့တဲ့ နျူကလီးယားဗုံး
    အခုဖွင့်ထုတ်ပေးလိုက်တဲ့ လျို့ဝှက် မှတ်တမ်းတစ်ခုမှာ  ၁၉၆၁ ခုနှစ်က  B-52 လေယာဉ်ဟာ မြောက် ကယ်ရိုလိုင်းနား ပြည်နယ် တစ်ခုပေါ်မှာ ပျံသန်း နေတုန်း ချွတ်ယွင်းမှုကြောင်း ဟိုက်ဒရိုဂျင် ဗုံးတစ်လုံး လွှတ်ချလိုက်မိပါတယ်။ ကံကောင်းစွာနဲ့  လုံခြုံရေး ခလုတ်တစ်ခုက တားဆီးထားလို့သာ မပေါက်ကွဲခဲ့တာပါတဲ့။ ပေါက်ကွဲခဲ့မယ်သာဆိုရင် ဟီရိုရှီးမား ဗုံ့းထက် အဆ ၂၆၀ ပြင်းထန်တဲ့ ဗုံးဟာ Washington, Baltimore, Philadelphia နဲ့  New York City  တွေ ပျက်စီးရမှာ ဖြစ်ပါတယ်။ ( ဟိုက်ဒရိုဂျင် ဗုံး ဆိုတာကတော့ နျူကလီးယား fusion ဗုံးဖြစ်ပါတယ်။)

  • ၂၀၁၃-ခုနှစ် ကုရ်ဘာနီ ကြီးကြပ်ရေးကော်မတီ ဖွဲ့စည်းခြင်း

    စက်တင်ဘာ ၂၄၊ ၂၀၁၃
    M-Media
    KK

    ရန်ကုန် ။         ။       မကြာခင် ကျရောက်တော့မည့် အစ္စလာမ်သာသနာဝင်များ၏ အီဒွလ်အသွလ်ဟာ (ကုရ်ဘာနီ)ရက်မြတ် ကျရောက်တော့မည်ဖြစ်သဖြင့် ကုရ်ဘာနီကြီးကြပ်ရေး ကော်မတီ တစ်ရပ်ကို မနေ့က စက်တင်ဘာ ၂၃-ရက်နေ့က ရွေးချယ် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

    အဆိုပါ ကုရ်ဘာနီကြီးကြပ်ရေးကော်မတီအား မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးများဖြစ်သည့် အိုလမာ အစ္စလာမ်သာသနာ့ ပညာရှင်များအဖွဲ့ချုပ်၊ အစ္စလာမ် သာသနာရေးရာကောင်စီ ဌာနချုပ်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ မော်လ၀ီ အဖွဲ့ချုပ် (ဗဟို)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ(ဘာသာရေး)အဖွဲ့၊ မြန်မာမွတ်စလင်မ် အမျိုးသားရေးရာ အဖွဲ့ချုပ်တို့၏ စက်တင်ဘာ ၂၃-ရက်နေ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

    ၎င်း ကုရ်ဘာနီကြီးကြပ်ရေးကော်မတီတွင် နာယကကြီးများအဖြစ် အလ်ဟာဂ်ျမောင်လာနာ မုဟမ္မဒ် ဆွာလေ (ခ) ဦးစိုးသန်း၊ အလ်ဟာဂ်ျ ဦးတင်မောင်သန်း၊ အလ်ဟာဂ်ျဦးကျော်စိုး၊ အလ်ဟာဂ်ျဦးမြင့်ထွန်း၊ ဟာဂျီဦးကျော်ခင်တို့ ပါဝင်ပြီး ၊ ဥက္ကဋ္ဌ အလ်ဟာဂ်ျမောင်လာနာ မုဟမ္မဒ်ယူစွဖ် (ခ) ဦးသိန်းမြင့်၊ အတွင်းရေးမှူး အလ်ဟာဂ်ျဦးမြင့်ရွှေ၊ ဘဏ္ဍာရေးမှူး ဦးရဲနောင်သိန်း၊ စာရင်းစစ် အလ်ဟာဂ်ျဦးတင်ယု၊ ပြန်ကြားရေးမှူး ဟာဂျီဦးကိုကိုအောင်နှင့် ကော်မတီဝင်များအဖြစ် အလ်ဟာဂ်ျဦးခင်မောင်သန်း၊ ဦးဝဏ္ဏရွှေ၊ ဦးကျော်ဝင်းဦး တို့ ပါဝင်ကြောင်းသိရှိရပါသည်။

    1 2

  • စက်တင်ဘာ ၂၄၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

    စက်တင်ဘာ ၂၄၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

    စက်တင်ဘာ ၂၄၊ ၂၀၁၃
    M-Media

     

    ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံ မပြင်ဆင်နိုင်ရင် ပြဿနာတွေ ကြီးထွားလာနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် သတိပေး

    လက်ရှိကျင့်သုံးနေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လာမယ့် ၂၀၁၅-ခု ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး၊ အကယ်၍ အချိန်မီ မပြင်ဆင်နိုင် ပါက ပြဿနာများ ပိုမိုများပြား ကြီးထွားလာနိုင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားလိုက်ကြောင်း VOA အင်တာနက် သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။

    ________________________

    လက်ရှိဖွဲ့စည်းပုံဥပဒေကိုဖျက်ပြီး အသစ်တစ်ခုပြဋ္ဌာန်းရန် မလိုအပ်ဟု ဦးဋ္ဌေးဦးပြော

    ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲရန် သို့မဟုတ် ဖျက်သိမ်းရန်ဆိုသည့် တောင်းဆိုချက်အား ရှစ်လေးလုံး ရွှေရတုမှ အစပြုပြီး၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် လူမှုအဖွဲ့အစည်းများမှ ထွက်ပေါ်လာပြီးနောက် လက်ရှိပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်း ကျင့်သုံးနိုင်ရန် ရည်ရွယ် ရေးဆွဲခဲ့တာ ဖြစ်တာကြောင့် အသစ်ရေးဆွဲ ပြဋ္ဌာန်းရန် မလိုအပ်ပဲ လူထုဆန္ဒအရ လိုအပ်လာတယ်ဆိုရင် ပြင်ဆင်သင့်သည့် အချက်များကို ပြင်ဆင်ပေးသွားမည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒု-ဥက္ကဋ္ဌ ဦးဋ္ဌေးဦးမှ ပြောဆိုလိုက်ကြောင်း ဧရာဝတီသတင်းဋ္ဌာနကို ကိုးကား၍ သိရှိရပါတယ်။

    _________________________

    တောင်ကြီး ငြိမ်းချမ်းရေးယုံကြည်မှုတည်ဆောက်ရေးဆွေးနွေးပွဲမှ ဖက်ဒရယ်နှင့် ပင်လုံညီလာခံကျင်းပရန် တောင်းဆို

    ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ပြီးခဲ့သည့် ၂၁-ရက်နေ့မှ ၂၃-ရက်နေ့အထိ ပြုလုပ်နေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ ပါဝင်သည့် ငြိမ်းချမ်းမှု ယုံကြည်မှုတည်ဆောက်ရေးဆွေးနွေးပွဲမှ အချက် ၅-ချက်ပါဝင်သော ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ကြောင်း၊ ယင်းတို့မှာ တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး ၊ မတရား အသင်း ဥပဒေ အပါအ၀င် ဒီမိုကရေစီ စံနှုန်းနှင့် မညီသော ဥပဒေအားလုံးကို ရုပ်သိမ်းပေးရေး၊ တန်းတူ၍ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ပင်လုံ စိတ်ဓာတ်ကို အခြေခံသော ညီလာခံကြီးတစ်ရပ် ကျင်းပရေး နှင့် ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ် ပြန်လည် ရေးဆွဲရေးတို့ ပါဝင်ကြောင်း ဧရာဝတီ သတင်းဋ္ဌာနမှာ ဖော်ပြထားပါတယ်။

    _________________________

    စင်္ကာပူနိုင်ငံ ခရီးစဉ်မှ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ရောက်ရှိ

    စက်တင်ဘာ ၂၀-ရက်နေ့မှာ စင်္ကာပူကို စတင်သွားရောက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့ နေ့လည်ပိုင်းက မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ပြီး စင်္ကာပူခရီးစဉ်အတွင်းမှာ စင်္ကာပူထိပ်သီးညစာစားပွဲနှင့် ဆွေးနွေးပွဲ၊ စင်္ကာပူရောက် မြန်မာမိသားစုနှင့်
    တွေ့ဆုံ၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပညာရေးတိုးတက်မှု ကိစ္စရပ်များကို ဆွေးနွေးခဲ့သလို စင်္ကာပူဝန်ကြီးချုပ်၊ နိုင်ငံခေါင်းဆောင်အချို့ အပါအ၀င် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့တယ်လို့ RFA သတင်းစာမျက်နှာမှာ ရေးသားထားပါတယ်။

    _________________________

    နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ သံအမတ် ခန့်အပ်လွှာများပေးအပ်

    ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရသူ မစ္စတာ အင်ဒရူး ပက်ထရစ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂအဖွဲ့ သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရသူ မစ္စတာ ရိုလန် ကိုဘီယာတို့က ၎င်းတို့၏ သံအမတ်ခန့်အပ်လွှာများကို ယနေ့ နံနက်ပိုင်းက နိုင်ငံတော် သမ္မတထံ ပေးအပ်ခဲ့ကြောင်း သမ္မတရုံး၏ အင်တာနက် စာမျက်နှာမှတဆင့် သိရှိရပါတယ်။

    __________________________

    အီရန် နျူးကလီးယားကိစ္စနှင့် ပက်သက်သည့် ၆-နိုင်ငံဆွေးနွေးပွဲအား အီရန်ပါဝင်မည်

    အီရန်က ပြုလုပ်နေသည့် နျူးကလီးယားအစီအစဉ်အား ထိန်းသိမ်းရန်အတွက် ကုလသမဂ္ဂတွင်ပြုလုပ်မည့် ၆-နိုင်ငံဆွေးနွေးပွဲတွင် အီရန်နိုင်ငံကပါဝင်မည်ဟု ဥရောပယူနီယံ နိုင်ငံခြားရေးပေါ်လစီ အကြီးအကဲ ကက်သရင်း အရှ်တန်က ပြောကြားလိုက်သည်။

    ကြာသာပတေးနေ့ နယူးယောက်တွင်ကျင်းပပြုလုပ်မည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် သီခြားပြုလုပ်ရန်ရှိသည့် အဆိုပါဆွေးနွေးပွဲတွင် အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ပါဝင်လာမည်ဖြစ်ပြီး ၆-နှစ်အတွင်း ပထမဦးဆုံး ပါဝင်ခြင်းဖြစ်သည်။ ထိုအစီအစဉ်မှာ ၁၉၇၉ ခုနှစ် အီရန် အစ္စလာမ့်မစ်တော်လှန်ရေး ဖြစ်ပွားပြီးခဲ့တကည်းက ပြတ်တောက်ခဲ့သည့် သံတမန်ဆက်ဆံရေး မကြာသေးခင်က ပြန်လည်စတင်ပြီးနောက်ပိုင်းတွင် ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။ အီရန်နိုင်ငံသည် ၎င်းတို့၏ နျူးကလီးယားအစီအစဉ်အား အရပ်ဖက်တွင်အသုံးပြုရန်ဖြစ်သည်ဟု အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း အမေရိကန်နှင့် အပေါင်းအပါများက လက်နက်ထုတ်လုပ်ရန် အတွက်ဟု စွပ်စွဲထားသည်။

    Ref : aljazeera
    __________________________

    သမီးငယ်နှစ်ဦး အ၀တ်လျှော်စက် အတွင်းတွင်သေဆုံးမှု တရုတ်နိုင်ငံတွင်ဖြစ်ပွားခဲ့

    တရုတ်နိုင်ငံ ဂျန်ရှိပြည်နယ်တွင် ကလေးငယ်နှစ်ဦးမှာ အ၀တ်လျှော်စက် အတွင်းတွင် သေဆုံးနေကြာင်း တွေ့ရှိခဲ့ရပြီး ထိုကိစ္စနှင့်ပက်သက်ပြီး ရဲတပ်ဖွဲ့ဝင်များက စုံစမ်း စစ်ဆေးနေသည်ဟုသိရသည်။

    ဇီဂျန်ကောင်တီ၊ ကွီအိုရှိမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၃-နှစ်နှင့် ၂-နှစ် အရွယ်သမီးငယ် နှစ်ဦးမှာ အိမ်အတွင်းကစားနေစဉ် အ၀တ်လျှော်စက်ထဲသို့ ၀င်ရာက်ခဲ့ပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ယမန်နေ့ကသတင်းထုတ်ပြန်ခဲ့သည်။

    အခင်းဖြစ်ပွားချိန်တွင် မိခင်ဖြစ်သူမှာ ချက်ပြုက်နေပြီး ဖခင်ဖြစ်သူက သီးချင်းနောထောင်နေကာ အသက် ၁-နှစ် အရွယ် သားငယ်တစ်ဦးလည်း အိမ်တွင်ရှိနေသည်ဟုသိရသည်။ သမီးငယ်နှစ်ဦးမှာ အသက်ရှုကျပ်၍သေဆုံးခဲ့ခြင်းဟု ရဲတပ်ဖွဲ့ကတွေ့ရှိခဲ့ပြီး အ၀တ်လျှော်စက် ထုတ်လုပ်သည့်ကုမ္ပဏီက တာဝန်ရှိသူများလည်း စုံးစမ်းစစ်ဆေးမှုကိုခံယူရန် ရဲစခန်းသို့လာရောက်ခဲ့ကြသည်။

    Ref : xinhua, Photo : channelnewsasia
    __________________________

    ဖိလစ်ပိုင် မြေပြိုမှုအတွင်း လူ ၁၉-ဦးသေ

    ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းတွင် သည်းထန်စွာမိုးရွာသွန်းမှုကြောင့် လူ ၁၉-ဦးသေဆုံးခဲ့ပြီး အများစုမှာ ကလေးငယ်များဖြစ်ကြသည်ဟု နိုင်ငံပိုင်မီဒီယာက ဖေါ်ပြခဲ့သည်။ ထို့ပြင် လူ ၄-ဦးပျောက်ဆုံးနေပြီး မြို့နယ်အများစုမှာလည်း ရေလွှမ်းနေသည်ဟု သိရသည်။

    သေဆုံးသူအများစုမှာ Zambales ပြည်နယ်တွင်ဖြစ်ပြီး မိုးသည်းထန်စွာသွန်းမှုကြောင့် ဖြစ်ပေါ်ခဲ့သောမြေပြိုမှုများတွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု အစိုးရပိုင် PNA သတင်းဌာနက သတင်းထုတ်ပြန်ခဲ့ကာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ကောင်စီက အတည်ပြုခဲ့သည်။ စူဘစ်မြို့တွင်မြေပြိုမှုကြောင့် လူ ၁၆-ဦးသေဆုံးခဲ့ပြီး အနည်းဆုံး ၁၀-ဦးမှာ အသက် ၁၂-နှစ်အောက် ကလေးငယ်များဖြစ်ကြသည်။

    Ref : cnn
    __________________________

    မွေးစားကလေးငယ်နှစ်ဦးအား အဓ္ဓမပြုကျင့်ခဲ့သည့် ဇနီးမောင်နှံနှစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

    အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ်ရှိ ဇနီးမောင်နှံနှစ်ဦးမှာ ၎င်းတို့၏ မွေးစားကလေးနှစ်ဦးအား အဓ္ဓမပြုကျင့်ခဲ့ကြောင်းတွေ့ရှိခဲ့ရသည့်အတွက် တနင်္လာနေ့က ထောင်ဒဏ်အသီးသီးချမှတ်ခြင်းခံခဲ့ရသည်ဟုသိရသည်။

    ထိုဇနီးမောင်နှံမှာ အသက်၅၀-နှစ် အရွယ်ရှိ ဂျိုးဆက် မေယော့တီ နှင့် အသက် ၄၉-နှစ်အရွယ်ရှိ လင်ဒါ မေယောတီတို့ ဖြစ်ကြသည်။ ဂျိုးဆက်မှာ အသက် ၁၃-နှစ်အရွယ်မွေးစားသမီးအား အသက် ၈-နှစ်မှစပြီး အဓ္ဓမကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ပြစ်မှု ၁၁-မှုဖြင့် စွဲချက်တင်ခံခဲ့ရကာ ထောင်ဒဏ် နှစ်-၂၀ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။

    သူ၏ဇနီးဖြစ်သူ လင်ဒါမှာ အသက် ၁၅-နှစ်အရွယ်သာ ရှိသေးသည့် မွေးစားသားအား အဓ္ဓမပြုကျင့်ခဲ့ခြင်း ဖြစ်ပြီး ကိုယ်ဝန်ရရှိသည်အထိ ဖြစ်ခဲ့သည်။ လင်ဒါမှာ စွဲချက် ၁၉-ခုဖြင့် တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၂၂-နှစ် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။

    Ref :  cnn
    __________________________

     

    ကင်ညာ ရှော့ပင်းမောလ် တိုက်ခိုက်မှုအား ရုရှားမွတ်စလင် ခေါင်းဆောင်များ ပြင်းပြင်းထန်ထန်ရှုတ်ချ

    ဆိုမာလီအခြေစိုက်အကြမ်းဖက်အဖွဲ့ အလ်ရှာဘတ်အဖွဲ့၏ အစ္စလာမ်သာသနာ အမည်အား အလွဲသုံးစားလုပ်ကာ ကင်ညာမြို့တော် နိုင်ရိုဘီရှိ Westgate ရှော့ပင်းမောလ်အား ၀င်ရောက် စီးနင်းတိုက်ခိုက်သည့် လုပ်ရပ်ကို ရုရှားရှိ အစ္စလာမ့် ပညာရှင်များက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သည်။

    ထိုတိုက်ခိုက်မှုအတွင်းလူပေါင်း ၆၀ ကျော်သေဆုံးခဲ့ပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ ထိုကဲ့သို့ ဆိုးရွားသည့် တိုက်ခိုက်မှု သတင်းက ပူပင်သောကရောက်စေပြီး မကျေမနပ်ဖြစ်စရာကောင်းသည့် လုပ်ရပ်ဖြစ်သည်ဟု မွတ်စလင်ခေါင်းဆောင်များက ပြောကြားခဲ့သည်။ “မွဖ်သီ (အစ္စလာမ့်ဓမ္မသတ် ပညာရှင်များ)ကောင်စီက အစ္စလာမ်အရေခြုံပြီးလုပ်တဲ့ ရာဇ၀တ်မှုမြောက်တဲ့ ဒီလိုအကြမ်းဖက် လုပ်ရပ်မျိုးကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ အစ္စလာမ်က အကြမ်းဖက်ဝါဒကို ရွံရှာပါတယ်။

    အပြစ်မဲ့တဲ့ လူတစ်ယောက်ကိုသတ်ဖြတ်ခြင်းဟာ လူသားအားလုံးကို သတ်ဖြတ်ခြင်းသာဖြစ်တယ်လို့ ကုရ်အာန်မှာ တိတိကျကျဆိုထားပါတယ်။ အကြမ်းဖက်သမား တစ်ယောက်၊ ဒါမှမဟုတ် ရာဇ၀တ်မှုကျူးလွန်သူ တစ်ယောက်ဟာ မွတ်စလင် မဖြစ်နိုင်တော့ပါဘူး။ အဲဒီလိုပဲ စစ်မှန်တဲ့ မွတ်စလင်တစ်ယောက်ဟာလည်း အကြမ်းဖက်သမား မဖြစ်နိုင်ပါဘူး။” ဟု မွဖ်သီကောင်စီ၏ကြေညာချက်ကို ပြောကြားခဲ့သည်။

    လူသတ်သမားများသည် ငရဲဘုံသို့ သွားရမည်ဟု ကုရ်အာန် ကျမ်းတော်မြတ်တွင် ဖော်ပြထားသောကြောင့် ယခုကဲ့သို့ လုပ်ရပ်များကိုကျူးလွန်နေသောတရားခံများမှာ ၎င်းတို့၏လုပ်ရပ်များ အတွက်ပြန်လည်ပေးဆပ် ရမည်ဟု အစ္စလာမ့်ပညာရှင်များက ထပ်လောင်းပြောကြားခဲ့သည်။

    အစ္စလာမ်သာသနာတွင် မိမိအားမတရားသဖြင့် အနိုင်ကျင့်ကျူးကျော်သူများကို ထိုသူတို့၏ မတရားသောလုပ်ရပ်များ ချုပ်ငြိမ်းသွားသည် အထိ ခုခံ ပိုင်ခွင့်ပေးထားသော်လည်း အပြစ်မဲ့သူများအား သတ်ဖြတ်ခြင်းကို ပြင်းပြင်းထန်ထန်တားမြစ်ထားသည်။

    အလ်ရှာဘတ်အဖွဲ့မှာ ဆိုမာလီယာတွင် အခြေစိုက်ပြီး အာဖရိက တစ်ဝှမ်းတွင် အမေရိကန်နှင့် အစ္စရေးတို့၏ အကျိုး စီးပွားများအား အကြမ်းဖက် တိုက်ခိုက်နေသည့် စစ်သွေးကြွအဖွဲ့ တစ်ခုဖြစ်ပြီး သီတင်းနှစ်ပတ်ကျော်ခန့်ကပင် ဆိုမာလီယာ အစ္စလာမ့် ပညာရှင်များက အလ်ရှာဘတ်အဖွဲ့၏ လုပ်ရပ်များမှာ အစ္စလာမ်၏ သွန်သင်မှုနှင့် ဆန့်ကျင်ကြောင်း ဓမ္မသတ်ထုတ်ပြန်ခဲ့သေးသည်။

    Ref: Voice Of Russia

    _________________________

    ဆီးရီးယားရှိ ဓါတုလက်နက်များလွှဲပြောင်းယူခဲ့သည်ဆိုသည့်သတင်းအား ဟစ်ဇ်ဘိုလာငြင်းဆို



    ဆီးရီးယားအစိုးရ၏ ခိုင်မာသော မဟာမိတ်ဖြစ်သည့် လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် ဟာဆန်နာဆရာလာက ၎င်းတို့အဖွဲ့အနေဖြင့် ဆီးရီးယားမှ ဓာတုလက်နက်များ လွှဲပြောင်းရယူခဲ့သည့်ဆိုသည့် သတင်းအား ငြင်းဆိုလိုက်သည်။

    ဆီးရီးယားအနေဖြင့် ဓာတုလက်နက်များအား နိုင်ငံတကာ ထိန်းချုပ်မှု လက်သို့အပ်ရန် သဘောတူညီပြီးနောက် ထိုသဘောတူညီချက်အား ရှောင်ရှားရန် ဓာတုလက်နက်များကို လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့အား လွှဲပြောင်းပေးခဲ့သည်ဟု ဆီးရီးယားအတိုက်အခံတပ်ဖွဲ့မှ ပြီးခဲ့သည့်လက စွပ်စွဲခဲ့သည်။

    “ဒီစွပ်စွဲမှုဟာ သိပ်ကိုရယ်စရာကောင်းပါတယ်။ ဒီစွပ်စွဲမှုကို ဖြစ်ပေါ်လာတဲ့ နောက်ခံအကြောင်းအရင်းနဲ့ ရှုထောင့်တွေကို ကျွန်တော်တို့နားလည်ပါတယ်။ ပြီးတော့ ဒီစွပ်စွဲချက်မှာ လက်ဘနွန်နိုင်ငံအတွက် အန္တရာယ်ရှိတဲ့ အကျိုးဆက်ရှိနေပါတယ်” ဟု ယမန်နေ့က ရုပ်သံတွင်ပြောကြားခဲ့သည်။

    Ref : aljazeera
    _________________________

    ဇနီးသည်အား ကြောက်ရွံ့မှုကြောင့် ဆေးလိပ်ဖြတ်ခဲ့သည်ဟု အိုဘားမားဆို

    အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ၎င်းအနေဖြင့် ဆေးလိပ်ဖြတ်ခဲ့ခြင်းမှာ
    သူ၏ မိန်းမအားကြောက်ရွံ့သောကြောင့် ဖြစ်သည်ဟုအမှတ်တမဲ့ ပြောဆိုခဲ့ခြင်းအား မိုကရိုဖုန်းတစ်ခုမှ ဖမ်းယူနိုင်ခဲ့သည်။
    ကုလသမဂ္ဂအထွေထွေ ညီလာခံအတွင်း တနင်္ဂနွေနေ့က သီးခြားပြုလုပ်ခဲ့သည့် ယဉ်ကျေးသောလူ့အဖွဲ့အစည်း၏ အရေးပါမှုနှင့်ပက်သက်ပြီး ပြုလုပ်သော ပွဲတစ်ခုအပြီး စကားပြောဆိုနေချိန်တွင် ထိုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။

    ထိုပွဲပြီးနောက် အိုဘားမားက ရပ်နေပြီး ၎င်း၏ ဘေးနားရှိလူအား ဆေးလိပ်ဖြတ်လိုက်ပြီလားဟု မေးမြန်းခဲ့သည်။ ထိုလူမှ အိုဘာမားအား ပြန်လည်မေးမြန်းရာတွင် အိုဘာမားက ပြုံးစစဖြင့် “ကျွန်တော် ဆေးလိပ်မသောက်တော့တာ ၆-နှစ်လောက်ရှိပြီ ထင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော့မိန်းမကို ကြောက်ရလို့ပါ” ဟု
    အမှတ်တမဲ့ပြောကြားခဲ့မှုအား CNN သတင်းဌာန၏ သတင်းထောက်မှ အသံဖမ်းယူမိခဲ့သည်။

    အိုဘာမား၏လက်ရှိပုံစံမှာ ကျန်းမာသောသူတစ်ဦးအဖြစ် မြင်ရသော်လည်း ငယ်ငယ်ကဆေးလိပ်စွဲခဲ့ကာ၊ ကျန်းမာရေးချို့တဲ့ခဲ့သည်ဟု သူကိုယ်တိုင် ရေးသားသည့် “Dreams From My Father” စာအုပ်တွင်ရေးသားထားသည်။

    Ref : afp

    _________________________

  • စက်တင်ဘာ ၂၄၊ အားကစားသတင်းများ

    စက်တင်ဘာ ၂၄၊ အားကစားသတင်းများ

    စက်တင်ဘာ ၂၄၊ ၂၀၁၃
    M-Media

    မန်ယူပြန်လာမည်ဟု ဗီဒစ်ဆို

    မန်ချက်စတာ ယူနိုက်တက်အသင်း၏ နောက်ခံလူဖြစ်သူ ဗီဒစ်က မန်စီးတီးအသင်းအား ၄-ဂိုး ၁-ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် အသင်း၏ကစားပုံမှာ ညံ့ဖျင်းခဲ့သော်လည်း လာမည့် လီဗာပူးလ်အသင်းနှင့်ပွဲတွင် နည်းပြနှင့် ကစားသမားများမှာ အမှားများအား ပြန်လည် ပြင်ဆင်နိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။

    သိုသော်လည်း နည်းပြအား အပြစ်တင်ရန်မသင့်ဟု ထင်မြင်သည့် ဗီဒစ်က “ဒါဘီပွဲမှာ ရှုံးတာဟာ ဆိုးရွားပါတယ်။ ပြီးတော့နာလည်း နာကျင်စရာပါ။ ဒါပေမယ့်ဘယ်သူမှ ဒါကိုမှတ်မထားချင်ပါဘူး။ နိုင်တာ ရှုံးတာကိစ္စမရှိပေမယ့် နည်းပြကြောင့်လား။ ကစားသမားကြောင့်လား ဆိုတဲ့မေးခွန်းကို အမြဲတမ်းမေးကြပါတယ်။ ကျွန်တော်ကတော့ ဒီလိုမမြင်ပါဘူး။ မန်ယူဟာသမိုင်းရှိတဲ့အသင်းပါ။ ကစားသမားတွေဟာလည်း နိုင်ငံ့လက်ရွေးစင်တွေဖြစ်ပြီး ဆုဖလားများစွာရရှိခဲ့သူပါ။ ဒီအရှုံးက နာကျင်စေခဲ့ပါတယ်။ ဒါပေမယ့် နည်းပြအဟောင်းရော၊ နည်းပြအသစ်ပါ ပြောတဲ့စကားကတော့ နောက်ပွဲမှာ အကောင်းဆုံးနဲ့ အနိုင်ကစားဖို့ လိုတယ်ဆိုတာပါပဲ” ဟု Sky Sports သို့ ပြောကြားခဲ့သည်။
    goal
    ____________________


    နာပိုလီနှင်ပွဲတွင် ပြုမူခဲ့သည့် အပြုအမူကြောင့် ဘာလော့တယ်လီ ပွဲစဉ် ၃-ခု ပယ်ခံရ

    အေစီမီလန်အသင်း၏ တိုက်စစ်မှူး ဘာလော့တယ်လီမှာ နာပိုလီအသင်းအား ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ပြသခြင်းခံခဲ့ရသည့် အနီကတ်ကြောင့် ၃-ပွဲ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်ဟုသိရသည်။ ထို့ကြောင့် လာမည့်သီတင်းပတ်တွင် ကစားမည့် ဂျူဗင်တပ်စ်အသင်းနှင့် ပွဲစဉ်တွင် ပါဝင်နိုင်မည်မဟုတ်ပေ။ ဘာလော့တယ်လီမှာ နာပိုလီအသင်းနှင့်ပွဲစဉ် အပြီးတွင် ဒိုင်လူကြီးအား ပြင်းပြင်းထန်ထန် စောဒကတက်ခဲ့သောကြောင့် ဒုတိယအကြိမ် အ၀ါကတ် ပြသခြင်းခံခဲ့ရသည်။

    “ပြိုက်ဘက်တွေကို သိက္ခာကျစေမှု၊ ပွဲတာဝန်ရှိသူတွေကို စောဒကတက်မှုနဲ့ ဒိုင်လူကြီးကို ခြိမ်းခြောက်စော်ကားတဲ့ အပြုအမှုတွေလုပ်တဲ့အတွက် ဒီလိုပြစ်ဒဏ်ချမှတ်လိုက်တာပါ” ဟု အီတလီဘောလုံးအဖွဲ့ချုပ်၏ တရားသူကြီးက ဆုံးဖြတ်ချက်နှင့်ပက်သက်ပြီး ပြောကြားခဲ့သည်။
    goal
    ____________________

     

    ရှဝိုင်းစတိုင်ဂါမှာ ဘိုင်ယန်အတွက် အသက်ဖြစ်လာသည်ဟု ရော်ဘင်ဆို

    ဘိုင်ယန်မြူးနစ်အသင်း၏ ကွင်းလယ်လူ အာဂျန်ရော်ဘင်က အသင်းဖော် ရှဝိုင်းစတိုင်ဂါနှင့် ဖိလစ်လမ်းတို့အား ချီးကျူးပြောဆိုလိုက်သည်။ ရှဝိုင်းစတိုင်ဂါမှာ ဒဏ်ရာကြောင့် အသင်းမှ အနားယူနေရသူဖြစ်ပြီး ဒဏ်ရာသက်သာကာ အသင်းတွင် ပြန်လည်ပါဝင်လာခြင်းမှာ ဘိုင်ယန်အတွက် အရေးပါသည်ဟု ရော်ဘင်က ခံစားနေရသည်။ ရှဝိုင်းစတိုင်ဂါမှာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ချယ်ဆီး၊ ဟန်နိုဗာအသင်းတို့နှင့် ကစားခဲ့သည့်ပွဲများတွင် ပါဝင်နိုင်ခဲ့ခြင်းမရှိပဲ စီအက်စ်ကေအေ မော်စကိုအသင်းနှင့် ချန်ပီယံလိဂ်ပွဲတွင် မိနစ်-၂၀ ပါဝင်ကစားခဲ့ပြီး ပြီးခဲ့သည်တစ်ပါတ်က ကစားခဲ့သည့် ရှော်လ်ကာအသင်းနှင့် ကစားသည့်ပွဲတွင် ပထမကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သည်။

    “ရှဝိုင်းစတိုင်ဂါပြန်ပါလာတာဟာ ကျွန်တော်တို့ အတွက် အရေးကြီးပါတယ်။ ကျွန်တော်တို့မှာ အဓိကကျတဲ့ကစားသမားတွေရှိနေပြီး ဘက်စတီယန် (ရှဝိုင်းစတိုင်ဂါ)ဟာ အဲဒီထဲကတစ်ယောက်ပါပဲ။ သူဟာ ကျွန်တော်တို့အသင်းရဲ့ ဒုတိယ အသင်းခေါင်းဆောင်တစ်ယောက်ပါ။ ပြီတော့ ရှော်လ်ကာကို ၁-ဂိုး ဂိုးမရှိနဲ့နိုင်တဲ့ပွဲမှာ သူသွင်းခဲ့တဲ့ဂိုးဟာ သိပ်ကို အရေးပါပါတယ်” ဟု ရော်ဘင်က TZ သို့ပြောကြားခဲ့သည်။ ထို့ပြင် ဘိုင်ယန်အသင်းခေါင်းဆောင် ဖိလစ်လမ်းမှာ နေရာစုံကစားနိုင်ကြောင်း၊ နည်းစနစ်ပိုင်းကောင်းမွန်ပြီး ဥာဏ်ရည်ပြည့်ဝသောကစားသမားဖြစ်ကြောင်း ရော်ဘင်က ပြောကြားခဲ့သည်။
    goal

    ____________________

     

    KDB Korea Open အမျိုးသမီးတင်းနစ်ပြိုင်ပွဲတွင် ရဒ်ဝန်စကာဗိုလ်စွဲ

    တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့တွင်ကျင်းပခဲ့သည့် KDB Korea Open တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲကို တနင်္ဂနွေနေ့ကကျင်းပပြုလုပ်ခဲ့ပြီး ပိုလန်တင်းနစ်မယ် အဂ်နစ်ဇ်ကာ ရဒ်ဝန်စကာက ရုရှားတင်းနစ်မယ် အန်နက်စ်တာစီယာ ပက်ဗလူချင်ကိုဗာအား အနိုင်ရ ဗိုလ်စွဲခဲ့သည်ဟု သိရသည်။

    ၂-နာရီနှင့် ၄၈-မိနစ်ကြာမြင့်ခဲ့သည့် အဆိုပါပွဲစဉ်တွင် နိုင်ခြေအဆင့်-၁ ရ ရဒ်ဝန်စကာမှာ နိုင်ခြေအဆင့်-၃ ရ ပက်ဗလူချင်ကိုဗာအား အကြိတ်အနယ်ကစားကာ ၆-၇(၆-၈)၊ ၆-၃ ဖြင့်အနိုင်ရရှိခဲ့သည်။ “ဒီပွဲဟာ တော်တော်လေးခက်ခဲတဲ့ပွဲစဉ်ပါ။ ဒါပေမယ့် ကျွန်မဟာ အရေးကြီးတဲ့ အချိန်တွေမှာ ပိုကောင်းခဲ့ပါတယ်” ဟု ရဒ်ဝန်စကာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    skysports


    ____________________

    ပြင်သစ် ပထမတန်း(PSG) ဘောလုံးအသင်းအား ပံ့ပိုးကူညီမည့် Ooredoo ကုမ္ပဏီ

    ဒိုဟာအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုဖြစ်သည့် Ooredoo ကုမ္ပဏီသည် ပြင်သစ် ပထမတန်း ဘောလုံးကလပ် Paris Saint – Germain (PSG) ဘောလုံးအသင်းအား ပံ့ပိုး ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

    အဆိုပါ ပံ့ပိုးကူညီရခြင်း၏ အဓိကရည်ရွယ်ချက်မှာ လူငယ်များနှင့် လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုကို ကူညီထောက်ပံ့ပေးရန် အတွက်ဖြစ်ပြီး Ooredoo ၏ လုပ်ငန်းများဆောင်ရွက်နေသည့် အရှေ့ အလယ်ပိုင်း၊ မြောက် အာဖရိကနှင့် အရှေ့တောင် အာရှနိုင်ငံများမှ လူငယ်များအတွက် ဘောလုံး လေ့ကျင့်ရေး စခန်းကျောင်း အပါအ၀င် လူ့အဖွဲ့အစည်းဆိုင်ရာ လမ်းညွှန်မှု အစီအစဉ်များကို မိတ်ဆက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

    Ooredoo ကုမ္ပဏီ အမှတ်တံဆိပ်ကို Paris Saint – Germain (PSG) အသင်း၏ တီရှပ်နောက်ကျောနှင့် လေ့ကျင့်ရေး ပစ္စည်းများပေါ်တွင် ရိုက်နှိပ်မည်ဖြစ်ပြီး အသင်း၏ လေ့ကျင့်ရေး အဆောက်အဦးကိုလည်း Ooredoo Training Center ဟု ပြောင်းလဲ ခေါ်ဆိုမည်ဖြစ်ကြောင်းလည်း သိရသည်။
    ooredoo