News @ M-Media
Blog
  • ဆီးဂိမ်းတွင် လာရောက်ကြမည့် မလေးနိုင်ငံသားများ အတွက် မလေးရှားသံရုံးမှ ခရီးသွားခြင်းနှင့် ပတ်သက်ပြီး အကြံဥာဏ်ပေးသွားမည်
    ဆီးဂိမ်းတွင် လာရောက်ကြမည့် မလေးနိုင်ငံသားများ အတွက် မလေးရှားသံရုံးမှ ခရီးသွားခြင်းနှင့် ပတ်သက်ပြီး အကြံဥာဏ်ပေးသွားမည်
    စက်တင်ဘာ ၂၈၊ ၂၀၁၃
    M-Media
    Myanmar-Sea-Games-2013-250
    ဒီဇင်ဘာ ၁၁-ရက်နေ့မှ ၂၂-နေ့ရက်နေ့ အထိ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာနိုင်ငံသို့ လာရောက်ကြမည့် မလေးရှားနိုင်ငံသားများအား ခရီးသွားခြင်းနှင့်ပက်သက်ပြီး မလေးရှားနိုင်ငံရှိ မြန်မာသံရုံးမှ အကြံဥာဏ် ပေးသွားမည်ဟု သိရသည်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားခရီးသွားလုပ်ငန်းနှင့် မရင်းနှီးသေးသည့် နိုင်ငံတစ်ခု ဖြစ်သည့်အတွက် ခရီးသွားလမ်းညွှန်မှု ဆိုင်ရာအကြံပေးမှုများလိုအပ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ် ဒေါက်တာ အဟ်မဒ် ဖိုင်ဇယ်က ပြောကြားခဲ့သည်။
    “ဒီကိစ္စနဲ့ ပတ်သက်ပြီး သံရုံးရဲ့ ၀ဘ်ဆိုဒ်မှာမကြာခင်က တင်ထားပါတယ်” ဟု ဆီးဂိမ်းအကြိုအဖြစ် မြန်မာနိုင်ငံသို့ ယမန်နေ့က လာရောက်ခဲ့သည့် မလေးရှား မီဒီယာအဖွဲ့အား မလေးရှားသံရုံးမှ တည့်ခင်းဧည့်ခံသော ညစာစားပွဲတွင် ဖိုင်ဆယ်က ပြောကြားခဲ့သည်။
    ဆီးဂိမ်းပြိုင်ပွဲနှင့် ပတ်သက်၍ ပြင်ဆင်ထားမှုများအပေါ် မြန်မာ့ဆီးဂိမ်း ကျင်းပရေးကော်မတီက ယခုအချိန်အထိ မလေးရှားသံရုံးအား အကြောင်းကြားခြင်းမရှိသေးဟု ဖိုင်ဇယ်က ထည့်သွင်းပြောကြားခဲ့သည်။
    “ဆီးဂိမ်းပြိုင်ပွဲ ကျင်းပမည့်နေရာတွေမှာ ကျင်းပနေတဲ့အချိန် လုံခြုံရေးကို မြန်မာအစိုးရအနေနဲ့ တင်းတင်းကြပ်ကြပ် လုပ်ဆောင်ပါလိမ့်မယ်။ မြန်မာနိုင်ငံကိုလာရောက်ကြသူတွေက နိုင်ငံရဲ့ဥပေဒနဲ့ ယဉ်ကျေးမှုတွေကို လေးစားရပါမယ်။ ပြီးတော့ လာရောက် လည်ပတ်သူတွေဟာ ပြိုင်ပွဲကျင်းပရာ နေရာတွေဖြစ်တဲ့ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနဲ့ ငွေဆောင်စတဲ့ နေရာတွေကိုပဲ လည်ပတ်လို့ရမှာဖြစ်ပြီး တခြားနေရာတွေကို သွားလို့မရပါဘူး” ဟု ဖိုင်ဇယ်က ထပ်လောင်းပြောကြားခဲ့သည်။
    မြန်မာနိုင်ငံတွင်ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲတွင် ကစားနည်းပေါင်း ၃၃-မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ရွှေတံဆိပ် ၄၆၀ ချီးမြှင့်မည်ဖြစ်သည်။
    Ref : bernama
  • မွတ်စလင်မ်များအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုမှာ အတွင်းမှလာသည်ဟု နာဂျစ်ဆို
    စက်တင်ဘာ ၂၉၊ ၂၀၁၃
    M-Media
    najib
    ကမ္ဘာတစ်ဝှမ်းရှိ ငြိမ်းချမ်းရေးကိုလိုလားသော မွတ်စလင်များအနေဖြင့် ဘာသာတရားအား အလွဲသုံးစားလုပ်ကာ အကြမ်းဖက်မှုများ ကျူးလွန်နေကြသည့် အစွန်းရောက်များကို ညီညီညွတ်ညွတ်ဖြင့် ဆန့်ကျင်ကြရန်နှင့် အနာဂတ် အစ္စလာမ်သာသနာအတွက် ထိုးနှက်နေသည့်တိုက်ပွဲများကို အောင်မြင်ရန်အတွက် အလယ်အလတ်လမ်းစဉ်ကသာ အဓိကသော့ချက်ဖြစ်သည်ဟု မလေးရှားဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
    “ကမ္ဘာတစ်ဝှမ်းလုံးမှာ အစွန်းရောက်ဝါဒဟာ အသက်တွေကိုနှုတ်ယူနေပြီး အခွင့်အရေး တွေကိုလည်း ဖျက်ဆီးပစ်နေပါတယ်။ ဒါဟာ ကျွန်တော်တို့အားလုံးကို အကျိုးသက်ရောက် ပါတယ်။ ဒါပေမယ့် အယူဝါဒတစ်ခုက လူတစ်စုရဲ့လုပ်ရပ်ပါ။ ယနေ့ မွတ်စလင်မ်တွေကို အကြီးမားဆုံးသောခြိမ်းခြောက်မှုဟာ အပြင်ကနေလာတာမဟုတ်ပါဘူး။ ကျွန်တော်တို့အတွင်းထဲကနေလာတာပါ” ဟု မလေးရှားဝန်ကြီးချုပ် မိုဟာမက် နာဂျစ်က ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ယမန်နေ့ကပြောကြားလိုက်သည်။ ထို့ပြင် စွန်န္နီနှင့် ရှီအာအကြားဖြစ်ပွားသည့် ပဋိပက္ခများက ဆီးရီးယား၊ လက်ဘနွန်၊ အီရတ်နှင့် ပါကစ္စတန်တို့ရှိ မွတ်စလင်မ်သန်းပေါင်းများစွာ၏ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်နေသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
    “ငြိမ်ချမ်းမှုနဲ့ တည်ဆောက်ထားတာပြီး၊ ခန္တီတရားထားဖို့ကိုလည်း သွန်သင်တဲ့ ကျွန်တော်တို့သာသနာကို အစွန်းရောက်တွေက အလွဲသုံးစားလုပ်နေပါတယ်။ သူတို့ဟာ မှားယွင်းတဲ့ ငြင်းခုံမှုတွေကို အသုံးပြုပြီး (မွတ်စလင်မ်တွေ) ကွဲသွားအောင်၊ (အစ္စလာမ်ကို) အကြမ်းဖက်မှုတွေနဲ့ တွဲမြင်လာအောင်လုပ်နေကြပါတယ်။ အစ္စလာမ်ကမ္ဘာတစ်ဝှမ်းလုံးမှာ အစွန်းရောက်တွေဟာ သူတို့ရဲ့မှားယွင်းတဲ့ လုပ်ငန်းစဉ်တွေကို ဘာသာရေးအရေခြုံပြီး လုပ်နေကြပါတယ်။ ရလဒ်အနေနဲ့ကတော့ မိသားစုတွေ မျက်ရည်ကျရတယ်၊ ပြီးတော့ နိုင်ငံတွေနဲ့ အွမ္မသ်(မွတ်စလင်မ်လူထု)ဟာ ကွဲပြားသွားရတာပါပဲ” ဟု သူကဆိုသည်။
    သို့သော်လည်း အကြမ်းဖက်မှုများအားတိုက်ထုတ်ရန် မွတ်စလင်များတွင် စွမ်းအားရှိနေပြီး ဘာသာရေးနှင့်နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အလယ်အလတ်ဖြစ်ခြင်းက အသက်များ ဆုံးရှုံးနေခြင်းကို ရပ်တန့်နိုင်ပြီး မွတ်စလင်မ်ကမ္ဘာတွင် လွတ်လပ်မှုများရနိုင်ကြောင်း၊ အကြမ်းဖက်မှုများနောက်ကွယ်တွင် အနာဂတ်အစ္စလာမ်သာသနာအတွက် အန္တရာယ်ရှိစေမည့် စစ်ပွဲများရှိနေကြောင်း နာဂျစ်က ပြောကြားခဲ့သည်။
    Ref : xinhua
  • မြန်မာမွတ်စလင်မ်လူငယ်များ (ဘာသာရေး)အဖွဲ့မှ အိမ်မဲမြို့ ဘုန်းတော်ကြီးကျောင်းများသို့ ကုရ်အာန်ကျမ်းလှူဒါန်းခဲ့
    စက်တင်ဘာ ၂၈၊ ၂၀၁၃
    M-Media
    ပြည့်ပြည့်
    ma ma la
    အိမ်မဲ ။ ။ ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၈-ကျောင်းသို့ အိမ်မဲမြို့နယ် မြန်မာမွတ်စလင်မ်လူငယ်များ (ဘာသာရေး)အဖွဲ့မှ ကုရ်အာန်ကျမ်းမြတ်များကို မနေ့က စက်တင်ဘာ ၂၇-ရက်နေ့တွင် လှူဒါန်းခဲ့ကြောင်းသိရသည်။
    အဆိုပါ လှူဒါန်းမှုမှာ မကြာသေးမီက ပြုလုပ်ခဲ့သော ရတနာမြေ လူမှုဖွံ့ဖြိုးရေးအသင်းမှ ဦးစီးသည့် ဘာသာပေါင်းစုံ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး အခမ်းအနားမှ တောင်းဆိုချက်အရ အိမ်မဲမြို့နယ် မြန်မာမွတ်စလင်မ်လူငယ်များ (ဘာသာရေး)အဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မင်းထက်မှ ကျမ်းမြတ်ကုရ်အာန် (မြန်မာဘာသာပြန်) ၈-စုံကို ဘုန်းတော်ကြီးကျောင်း ၈-ကျောင်းသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
    ၎င်းပြင် ကုရ်အာန်ကျမ်းမြတ် မြန်မာဘာသာပြန် အပြည့်အစုံကို လေ့လာလိုသူများ၏ တောင်းဆိုမှုကြောင့် ကျမ်းတော်မြတ်ကုရ်အာန် ဘာသာပြန် အစောင်-၁ မှ ၃၀ အထိ ၈-စုံကိုလည်း ထပ်မံ လှူဒါန်းခဲ့ကြောင်း သိရပါသည်။
    ဓါတ်ပုံအညွှန်း > သြဂုတ်လ ၅-ရက်နေ့က အိမ်မဲမြို့တွင် ပြုလုပ်ခဲ့သည့် ဘာသာပေါင်းစုံ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မှ
  • ကာဇစ္စတန်နိုင်ငံ အက်စ်တာနာတွင် ကျင်းပသည့် ကမ္ဘာ့ဘာသာ ပေါင်းစုံခေါင်းဆောင်များ၏ ညီလာခံ
    စက်တင်ဘာ၊ ၃၀
    M-Media
    XII session of secretariat of religious leaders congress held in Astana
    ၁၂ ကြိမ်မြောက် ကမ္ဘာ့ခေါင်းဆောင်များ နှင့် ဘာသာတရားကြီးများ၏ ခေါင်းဆောင်များ ၀န်ကြီးအဆင့်တွေ့ဆုံဆွေးနွေးမှု (XII session of the Secretariat of the Congress of Leaders of World and Traditonal Religions) ကို ကာဇစ္စတန်နိုင်ငံ အက်စ်တာနာ (Astana) ရှိ လွတ်လပ်ရေးနန်းတော် (Palace of Independence) တွင် စက်တင်ဘာလ ၂၅ ရက်နေ့က ကျင်းပခဲ့သည်။
    ကာဇာခ် (Kazakh) လွှတ်တော်၏ပြန်ကြားရေးဝန်ကြီး တဲလ်ဂတ် ဇူးမာဂူလော့ဗ် (TalgatZhumagulov)သည် အပတ်စဉ်သတင်းစာရှင်းလင်းပွဲအားကျင်းပသော ဗဟိုဆက်သွယ်ရေးဌာန (Central Communications Service) တွင် ဤသို့ ပြောဆိုခဲ့သည်။
    “ လွှတ်တော်ညီလာခံအတွင်း ပါဝင်တက်ရောက်သူများသည် ၂၀၁၂ ခုနှစ် မေလတွင် ပြုလုပ်ခဲ့သည့် လေးကြိမ်မြောက် ကမ္ဘာ့ခေါင်းဆောင်များ နှင့် မိရိုးဖလာဘာသာတရားများ၏ ၀န်ကြီးအဆင့်တွေ့ဆုံမှုညီလာခံမှ ရရှိခဲ့သည့် ရလဒ်မျာကို အခြေတည်၍ အမြင်များကိုဖလှယ်ခဲ့ကြသည်။ ထို့ပြင် ဘာသာရေးနှင့်ယဉ်ကျေးမှုများအကြား နားလည်မှုစကားဝိုင်းတိုးမြှင့်ရေးအပေါ် အုပ်ချုပ်သူများ နှင့် အပြည်ပြည်ဆိုင်ရာအနေအထားများ၌ ပူးပေါင်းဆောင်ရွက်ရေးပြဿနာတို့ကိုလည်း ဆွေးနွေးခဲ့ကြပါသည် ” ။
    သူ၏ပြောကြားချက်များအရ ၂၀၁၅ ခုနှစ်တွင်ပြုလုပ်မည့် ၅ ကြိမ်မြောက် ညီလာခံတွင်လည်း လက်ရှိပါဝင်တက်ရောက်ခဲ့သူများသည် အယူအဆရေးရာ နှင့် အဖွဲ့အစည်းရေးရာများအပေါ် သူတို့၏အမြင်များအား ဆက်လက်ဖလှယ်ဦးမည် ဖြစ်ကြောင်းသိရသည်။
    အပြည်ပြည်ဆိုင်ရာဆွေးနွေးချက်ပြုလုပ်ခဲ့သည့်ထိုနေ့မှာပင် “ ယဉ်ကျေးမှုဆိုင်ရာစကားဝိုင်းဖြင့် အက်စ်တာနာ၏ဘာသာပေါင်းစုံဆွေးနွေးပွဲအခန်းကဏ္ဍ ” – (The Role of the Astana Inter-Faith Forum in the Dialogue of Civilizations) ဟူသော ဖိုရမ်ကို ကျင်းပခဲ့၏။ ၄င်းသည် ဘာသာပေါင်းစုံဖိုရမ်များ ပုံမှန်ပြုလုပ်သွားရန် ဟူသည့် နူးရ် စူလ်တန် နဇာဘာရိဗ် (NursultanNazarbayev) ၏ သမိုင်းဝင်အတွေးအမြင်ပေါ်မူတည်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း ဇူးမာဂူလော့ဗ် က ထပ်လောင်းပြောပြခဲ့သည်။
    အရေးပါထင်ရှားသည့် ကမ္ဘာ့ခေါင်းဆောင်ကိုယ်စားလှယ်များ နှင့် အစဉ်အလာကြီးမားသော ဘာသာရေးခေါင်းဆောင်များအပြင် နိုင်ငံတကာအဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ကာဇာခ်စတန် (Kazakhstan) နှင့် ပြည်ပရှိ သိပ္ပံပညာရှင်များကလည်း ထိုဆွေးနွေးပွဲသို့တက်ရောက်ခဲ့ကြသည်။
    ကာဇာခ် (Kazakh) လွှတ်တော်၏ပြန်ကြားရေးဝန်ကြီးက ၄င်းဆွေးနွေးလုပ်ဆောင်ချက်များသည် အက်စ်တာနာတွင် ပြုလုပ်သော ကမ္ဘာ့ခေါင်းဆောင်များ နှင့်ဘာသာတရားကြီးတို့၏ ပထမဆုံးကွန်ကရက်မှတွက်ပါက ဤအခမ်းအနားမှာ ၁၀ နှစ်မြောက်နှစ်ပတ်လည်တွေ့ဆုံဆွေးနွေးမှုဖြစ်သည်ဟု ရည်ညွှန်းပြောကြားသွားခဲ့သည်။
  • မြန်မာနိုင်ငံစက်မှု လယ်ယာကဏ္ဍ အတွက် တောင်ကိုးရီးယားမှ အကူအညီပေးမည်
    စက်တင်ဘာ၊ ၃၀
    M-Media
    Myanmar in agricultural
    တနင်္ဂနွေနေ့ က ထုတ်ပြန်ခဲ့သည့် တရားဝင်သတင်းဌာနတစ်ခု၏ သတင်းအရ တောင်ကိုးရီးယားသည် မြန်မာနိုင်ငံ၏ စက်မှုလယ်ယာအခန်းကဏ္ဍအား မြန်မာလယ်သမားများကို သင်တန်းလမ်းညွှန်မှုဖြင့် ကူညီပေးမည် ဟု သိရသည်။
    မြန်မာနိုင်ငံ၏လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး နှင့် ကိုးရီးယား၏နိုင်ငံတကာပူပေါင်းဆောင်ရွက်မှုအေဂျင်စီ (Korean International Cooperation Agency (KOICA)) တို့သည် တွေ့ဆုံဆွေးနွေးသဘောတူညီမှုတစ်ခုအရ လယ်ယာစိုက်ပျိုးရေးသင်တန်းကျောင်းတစ်ခုကို နေပြည်တော်ကောင်စီဒေသ၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်း၌ တည်ထောင်ဖွင့်လှစ်ပေး၍ ကူညီပေးမည်ဟုဆိုသည်။
    ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အခြားစိုက်ပျိုးဒေသတွင်လည်း အလားတူ တိုးမြှင့်ပြောင်းလဲလုပ်ဆောင်မည် ဖြစ်သည်။
    စက်မှုလယ်ယာစိုက်ပျိုးမှုကိုအခြေခံသော စီမံကိန်းများသည် စိုက်ပျိုးရေးလုပ်ငန်းနှင့်လယ်ယာထွက်ကုန် ပိုမိုတိုးတက်လာစေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးလာမှုအားဖြင့် အသွင်ပြောင်းလဲရန် နှင့် လယ်သမားတို့၏ ၀င်ငွေများတိုးပွားလာစေရန် ရည်ရွယ်လုပ်ဆောင်ရ၏။
    KOICA သည် ငါးနှစ်စီမံကိန်းအောက်မှ ရိတ်သိမ်းမှုအပြီးသတ်နည်းပညာဌာန (Post-harvest Technology Application Center) ကို နေပြည်တော်တွင် ဆောက်လုပ်ပေးမည်ဖြစ်ပြီး၊ လယ်ယာသုံး ပိုးသတ်ဆေးများကိုလည်း အကူညီပေးသွားမည် ဖြစ်ကြောင်း ကနဦးသတင်းများက ဖော်ပြသည်။
    ဇူလိုင်လက မန္တလေးတိုင်း ပုသိမ်ကြီးရှိ ဆည်မြောင်းနည်းပညာရှေ့ပြေးစမ်းသပ်ချက်တစ်ရပ်ကို World Friends KOICA- Volunteer (WFK-Volunteer) of KOICA မှ ဆောင်ရွက်ပြီးစီး၍ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်သည်။
    သို့သာမက KOICAသည် နိုင်ငံအတွင်း စစ်တမ်းကောက်ယူမှုစံနစ်၊ ညီလာခံများတွင် စွမ်းရည်မြှင့်နည်းလမ်းများ၊ စိုက်ပျိုးမြေနေရာဖော်ထုတ်ရေး နှင့် တောတောင်များ စိမ်းလန်းစိုပြေထိန်းသိမ်းရေးဆိုင်ရာ အကူအညီများကိုလည်း သြဂုတ်လတွင်ပြုလုပ်သောသဘောတူညီချက်လမ်းကြောင်းအောက်မှ ကူညီပေးသွားမည်။
    ဇူလိုင်လ ၂၀၁၃ ထိ တရားဝင်စာရင်းအင်းများအရ မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်နောက်ပိုင်း တံခါးဖွင့်ဝါဒကျင့်သုံးချိန်မှစ၍ စီမံကိန်း ၇၉ ခု၌ တောင်ကိုးရီးယား၏ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ ၃.၀၂ သန်း ရှိပြီး၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုစုစုပေါင်း၏ ၇ ရာခိုင်နှုန်း နှင့် စတုတ္ထအဆင့် စာရင်းဝင်ကြောင်း တွေ့ရသည်။
    တောင်ကိုးရီးယား နှင့် မြန်မာကြားရှိ အပြန်အလှန်ကုန်သွယ်မှုသည် ၂၀၁၂-၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၂၃.၉၈ သန်း သို့ရောက်ရှိခဲ့သည်။ မြန်မာနိုင်ငံ၏ထုတ်ကုန်တန်ဖိုးမှာ ၂၈၀.၇၇ သန်း၊ သွင်းကုန်တန်ဖိုးမှာ ၃၄၃.၂၁ သန်း ရှိသည်။
    Ref: ဆင်ဟွာ
    ဓါတ်ပုံအညွန်း- မြန်မာ့လယ်ယာလုပ်ငန်းခွင်မြင်ကွင်းတခု (Photo-wiki)