News @ M-Media
Blog
  • စက်တင်ဘာ ၂၃ အားကစားသတင်းများ
    စက်တင်ဘာ၊ ၂၃
    M-Media
    မန်ယူဂိုးပြတ်ရှုံး၊ စပါးအနိုင်ရခဲ့ပြီး အာဆင်နယ်ဇယား ထိပ်ရောက်သွားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် ၅ စူပါဆန်းဒေးပွဲများ
    city_2679527b
    န်စီးတီး ၄-၁ မန်ယူ
    အာဆင်နယ် ၃-၁ စတုတ်စီးတီး
    ခရစ္စတယ်ပဲလေ့စ် ၀-၂ ဆွမ်ဆီး
    ကာဒစ်ဖ် ၀-၁ တော့တင်ဟမ်ဟော့စပါး
    မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် မန်ချက်စတာစီးတီးအသင်းနှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့ အီတီဟတ်ကွင်းတွင်ကစားခဲ့ရာ မန်ယူအသင်းက ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ပွဲစကတည်းက နှစ်သင်းစလုံးမှာ မြန်မြန်ဆန်ဆန် ကစားခဲ့ပြီး မန်စီးတီးအသင်းက ကွင်းလယ် အသာရခဲ့သည်။ ပထမိုင်း ၁၅ မိနစ်တွင် မန်စီးတီးအသင်း ဦးဆောင်ဂိုးရခဲ့ပြီး ကိုလာရော့ဗ်၏ ဖန်တီးမှုမှတစ်ဆင့် အဂူရိုက သွင်းယူနိုင်ခဲ့သည်။ မန်စီးတီးအသင်းမှာ မိနစ် ၃၀ ကျော်သည်အထိ မန်ယူအား ဖိအားပေး ကစားနိုင်ခဲ့ပြီး နောက်ပိုင်းတွင် မန်ယူက ကစားကွက်ပြန်မိလာခဲ့သည်။
    သို့သော်လည်း ပထမပိုင်းပြီးကာနီး နာကျင်အချိန်ပိုတွင် မန်စီးတီးအသင်းက ဒုတိယဂိုးရရှိခဲ့ပြီးထောင်ကန်ဘောမှတစ်ဆင့် ယာယာတိုးရေးက သွင်းယူနိုင်ခဲ့သည်။
    ဒုတိယပိုင်းအစတွင် မန်ယူအသင်းကချေပဂိုးရရန် တရစပ်ဖိကစားခဲ့သော်လည်း တန်ပြန်တိုက်စစ်မှတစ်ဆင့် ၄၆ မိနစ်တွင် အဂူရိုက တတိယဂိုးသွင်းယူနိုင်ခဲ့သည်။ ဆက်တိုက်ဆိုသလိုပင် ၄၉ မိနစ်တွင် နာဆရီက မန်စီးတီးအသင်းအတွက် စတုတ္ထမြောက်ဂိုးကို သွင်းယူပေးခဲ့သည်။
    နောက်ပိုင်းတွင် မန်ယူအသင်းမှာ မန်စီးတီးအသင်းဘက်သို့ ထိုးဖောက်တိုက်စစ်ဆင်နိုင်ခဲ့သော်လည်း ဂိုးမရရှိခဲ့ဘဲ မန်ယူအသင်းအတွက် နှစ်သိမ့်ဂိုးကို ၈၅ မိနစ်တွင်ရူနီက ပြစ်ဒဏ်ဘောမှတစ်ဆင့် လှပစွာကန်သွင်းယူခဲ့သည်။ ယခုပွဲအနိုင်ကြောင့် မန်စီးတီးအသင်းမှာ ရမှတ် ၁၀ မှတ်ဖြင့် စပါးအသင်း၏အောက် တတိယနေရာတွင်ရှိနေသည်။
    အာဆင်နယ်အသင်းမှာ အိမ်ကွင်းတွင် စတုတ်စီးတီးအသင်းအား ၃ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်လေးပွဲဆက်တိုက်နိုင်ပွဲရရှိခဲ့သည်။ ယခုပွဲတွင်ရရှိသည့် ၃ ဂိုးစလုံးကို အသင်းသို့ စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ရောက်လာခဲ့သည့် မိဆုအိုဇေးလ်က
    ဖန်တီးပေး ခဲ့ခြင်းဖြစ်သည်။ အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုးကို ပွဲအစ ၅ မိနစ်တွင် အိုဇေးလ်၏ ဖရီးကစ်အား ဂိုးသမားပုတ်ထုတ်၍ ထွက်လာသောဘောလုံးကို ရမ်ဆေးက အပိုင်ပိတ်ကာသွင်းယူပေးခဲ့သည်။ သို့သော်လည်း ၂၆ မိနစ်တွင် ဂျီအော့ဖ်ကင်မရွန်းက
    စတုတ်စီးတီးအတွက်ချေပဂိုးကိုသွင်းယူပေးခဲ့သည်။ အာဆင်နယ် အသင်းအတွက် အနိုင်ဂိုးများကို အိုဇေးလ်၏ဖန်တီးမှုမှတစ်ဆင့် ၃၆ မိနစ်တွင် မာတီဆက်ကာနှင့် ၇၂ မိနစ်တွင် ဆဂ်နာက သွင်းယူပေးခဲ့သည်။ အာဆင်နယ်အသင်းမှာ ယခုပွဲအနိုင်ကြောင့် ၅ ပွဲကစား ၁၂ မှတ်ဖြင့် ပရီးမီးယားလိဂ်ဇယားကို ဦးဆောင်နိုင်ခဲ့သည်။
    ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ဆွမ်ဆီးအသင်းတို့၏ပွဲစဉ်ကို ခရစ္စတယ်ပဲလေ့စ်အသင်း၏ အိမ်ကွင်း ဆဲလ်ဟာစ်ထ် ပါ့က်တွင်ကစားခဲ့ပြီး ဧည့်သည် ဆွမ်ဆီးအသင်းက အနိုင်ရရှိခဲ့သည်။ ဆွမ်ဆီးအတွက် ပရီးမီးယားလိဂ် ဒုတိယမြောက်နိုင်ပွဲဖြစ်ခဲ့ပြီး အနိုင်ဂိုးများကို ပွဲအစ ၂ မိနစ်တွင် မီချူးကလည်းကောင်း၊ ၄၈ မိနစ်တွင် နသန်ဒိုင်ယာ ကလည်းကောင်း အသီးသီးသွင်းယူပေးခဲ့သည်။ ယခုပွဲအရှုံးကြောင့် ခရစ္စတယ်ပဲလေ့စ်အသင်းမှာ ၅ ပွဲကစားသုံးမှတ်ဖြင့် အဆင့် ၁၉ သို့ကျဆင်းသွားခဲ့သည်။
    ကာဒစ်ဖ်စီးတီးနှင့် စပါးတို့ပွဲစဉ်တွင် စပါးအသင်းက ပေါ်လင်ဟို၏ ဒုတိယပိုင်းနာကျင်အချိန်ပိုသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ၅ ပွဲကစား ၁၂ မှတ်ရရှိကာ အာဆင်နယ်အသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာတွင်ရှိနေသည်။
    …………………………………..
    မန်စီးတီးအားဂိုးပြတ်ဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက် ပွဲစဉ်ဇယားအား မိုယက်စ်အပြစ်တင်
    မန်ချက်စတာယူနိုက်တက်အသင်း၏ နည်းပြ ဒေးဗစ်မိုယက်စ်က မန်စီးတီးအသင်းအားဂိုးပြတ်ရှုံးနိမ့်ပြီးနောက် အသင်း၏ ခက်ခဲလှသောရာသီအစပွဲစဉ်များအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ဇယားအား မေးခွန်း ထုတ်လိုက်သည်။ မန်ယူအသင်းသည် ပရီးမီးယားလိဂ်နောက်ဆုံး သုံးပွဲတွင် နိုင်ပွဲမရှိဘဲ လီဗာပူးလ်နှင့် မန်စီးတီးကိုရှုံးကာ ချယ်ဆီးအသင်းအား သရေကျခဲ့သည်။ “(ကျွန်တော်တို့ရဲ့ ရာသီအစဟာ) နည်းနည်းပိုကောင်းရပါမယ်။ ဒါပေမယ့် ခက်ခဲတဲ့စတင်မှုလို့ကျွန်တော်တို့ပြောခဲ့ပြီးပါပြီ။ ပြီးတော့ ပရီးမီးယားလိဂ်မဲခွက်ထဲကမဲလိပ်တွေထွက်လာတဲ့ပုံစံကို ကျွန်တော်မယုံကြည်နိုင်ပါဘူး။ အခုထက်ထိပါပဲ” ဟု Sky Sports သို့ပြောကြားခဲ့သည်။
    Ref: Goal.com
    ……………………………………..
    ဆန်းဒါးလန်းနည်းပြဒီကာနီယိုအား အသင်းမှထုတ်ပယ်
    အဓိက ကစားသမားများပါဝင်ခဲ့သော်လည်း ၀က်စ်ဘရွန်းအသင်းအား အနိုင်ရရှိအောင်မစွမ်းဆောင်နိုင်ခဲ့သည့် ဆန်းဒါးလန်းအသင်းနည်းပြ ဒီကာနီယိုအား ဆန်းဒါးလန် အသင်းမှ ထုတ်ပယ်လိုက်ပြီဟုသိရသည်။
    စနေနေ့ကကစားခဲ့သည့် ၀က်စ်ဘရွန်းအသင်းနှင့်ပွဲစဉ်အပြီးတွင် အသင်း၏ ဆိုးရွားသောရလဒ်များနှင့်ပက်သက်ပြီး အသင်းပိုင်ရှင် အီလစ်ရှော့က ဒီကာနီယိုနှင့် အသင်းသားများအား အသင်းလေ့ကျင့်ရေး ကွင်းတွင် ပြင်းထန်စွာဖြေရှင်းချက်တောင်းခဲ့ပြီး ဒီကာနီယို၏ ဆန်းဒါးလန်းအသင်းနည်းပြဘ၀မှာလည်း အဆုံးသတ်ခဲ့သည်။ ယခုအချိန်အတွင် ဒီကာနီယို၏နေရာအားဆက်ခံရန် ရောဘတ်တိုဒီမတ်တီယိုက ရေပန်းစားနေသည်။
    Ref: Mirror
    …………………………………..
    ဘာလော့တယ်လီ ပါးစပ်ပိတ်ထားဖို့လိုပါတယ် (အယ်လ်လီဂရီ)
    အေစီမီလန်အသင်းက နာပိုလီအသင်းအား ၂ ဂိုး ၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့သော ပွဲအပြီးတွင် ဒိုင်လူကြီးအား ပြင်းပြင်းထန်ထန်စောဒကတက်ခဲ့သောကြောင့် ဒုတိယအကြိမ်အ၀ါကဒ်ပြခံခဲ့ရသည့် ဘာလိုတယ်လီ၏ အပြုအမူအား အေစီမီလန်အသင်းနည်းပြ မက်ဆီမီလာနို အယ်လ်လီဂရီက ပြင်တင်ပြောဆိုကာ ဘာလော့တယ်လီအနေဖြင့် ပါးစပ်ပိတ်ထားရန်လိုသည်ဟု သတိပေးလိုက်သည်။
    ထိုပွဲတွင်ဘာလော့တယ်လီမှာ ပရော်ဖက်ရှင်နယ်သက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ်ပင်နယ်တီလွဲချော်ခဲ့ပြီး အယ်လ်လီဂရီက”ပွဲပြီးသွားတဲ့အခါ တိတ်တိတ် ဆိတ်ဆိတ်လေးနေတာကောင်း ပါတယ်။ စိတ်မချုပ်တည်းနိုင်တာကို ကျွန်တော်မကြိုက်ပါဘူး။ အကောင်းဆုံးကတော့ ဒိုင်လူကြီးနဲ့ငြင်းခုံတာထက် ပါးစပ်လေးပိတ်ပြီး အေးအေးဆေးဆေးနေတာက အကောင်းဆုံးပါပဲ။
    ဘာကြောင့်လဲဆိုတော့ အဲဒါ(ငြင်းခုံတာ)ဟာ ဘာမှကိုမပြောင်းလဲနိုင်စေလို့ပါ။ ဘာလော့တယ်လီအနေနဲ့ ရင်ကျင့်ဖို့ လိုအပ်ပါတယ်” ဟု အယ်လ်လီဂရီက ပြစ်တင်ပြောကြား ခဲ့သည်။
    Ref: Goal.com
    ……………………………………………..
    ATP Moselle Open တင်းနစ်ပြိုင်ပွဲတွင် ဂီလက်စ် စီမွန်ဗိုလ်စွဲ
    ပြင်သစ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ATP Moselle Open တင်းနစ်ပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲကို ယမန်နေ့ကယှဉ်ပြိုင်ကစားခဲ့ရာ ပြင်သစ် တင်းနစ်သမား ဂီလက်စ်စီမွန်က တစ်နိုင်ငံ တည်းသား ဂျိုးဝိုင်းလ်ဖရိုဒ် ဆွန်ဂါအား အနိုင်ရဗိုလ်စွဲခဲ့သည်။
    စီမွန်မှာ ဆွန်ဂါအား သက်တောင့်သက်သာကစားပြီး ၆-၄၊ ၆-၃ ဖြင့်နှစ်ပွဲပြတ်အနိုင်ရခဲ့ကာ ယခုနှစ်ရာသီပထမဆုံး ဆုဖလားအား ဆွတ်ခူးရရှိခဲ့သည်။ “ကျွန်တော့်ရဲ့ အခွင့်အရေးကို ကျွန်တော် ရယူနိုင်ခဲ့တယ်လို့ ခံစားရပါတယ်။ ပြီးတော့ ကျွန်တော် အရမ်းပျော်ပါတယ်။ ဂျိုး(ဆွန်ဂါ)ဟာ ဒီနေ့သူရဲ့ အကောင်းဆုံး ပုံစံကို မစွမ်းဆောင်နိုင်ခဲ့ဘူးလို့ ကျွန်တော် ထင်ပါတယ်” ဟု စီမွန်က ပွဲအပြီးတွင်ပြောကြားခဲ့သည်။
    Ref:skysports
    ………………………………………..
    St Petersburg Open တင်းနစ်ပြိုင်ပွဲတွင် ဂူလ်ဘစ်ဗိုလ်စွဲ
    ရုရှားနိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သည့် St Petersburg Open တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် လတ်ဗီးယားတင်းနစ်သမား အာန်နတ်စ် ဂူလ်ဘစ်က အနိုင်ရဗိုလ်စွဲခဲ့သည်ဟု သိရသည်။
    ဂူလ်ဘစ်မှာ စပိန်တင်းနစ်သမား ဂါစီယာလိုပက်ဇ်အား အကြိတ်အနယ်ကစားကာ ၃-၆၊ ၆-၄၊ ၆-၀ ဖြင့်အနိုင်ရရှိခဲ့သည်။ ယခုရရှိခဲ့သည့် ဆုဖလားမှာ ဂူလ်ဗစ်၏ ကစားသမား သက်တမ်းတစ်လျှောက် စတုတ္ထမြောက်ရရှိခဲ့သည့် ဆုဖလားဖြစ်သည်။ “ဒီပြိုင်ပွဲမှာ ကျွန်တော် တော်တော်လေးဗိုလ်စွဲချင်ခဲ့ပါတယ်။
    ဒီအကြောင်းကြောင့်ပဲ ဒီနေ့ပွဲမှာ အမှတ် တစ်မှတ်ချင်းစီအတွက် ကျွန်တော်တိုက်ပွဲဝင်ခဲ့တာပါ။ ကျွန်တော်အနှစ်သက်ဆုံးမြို့တွေထဲကတစ်မြို့ဖြစ်တဲ့ စီန့်ပီတာစဘတ်မြို့မှာ ဒီပြိုင်ပွဲကို ဗိုလ်စွဲခဲ့တဲ့အတွက် ကျွန်တော်အရမ်းပျော်ပါတယ်။ နောက်နှစ်ချန်ပီယံဘွဲ့ကိုကာကွယ်ဖို့ ဒီကိုလာတဲ့အခါမှာလည်း ကျွန်တော်ပျော်ရွှင်နေမှာပါ” ဟူ ဂူလ်ဘစ်က ပွဲအပြီးတွင်ပြောကြားခဲ့သည်။
    skysports
  • ဆရာကြီး ၀မ်းအိုဝမ်း ကျော်ဝင်းမောင် ကွယ်လွန်ခြင်း တနှစ်ပြည့် အောက်မေ့ဖွယ် ဆုတောင်းမှုပြုလုပ်
    စက်တင်ဘာလ ၂၃
    M-Media
    သတင်းဓာတ်ပုံ- ဆူးထက်
    P9230063
    သန်လျှင်။        ။ မေတ္တာ Campaign နာယကကြီး၊ ဂျပန်ခေတ် မင်္ဂလာဒုံ စစ်တက္ကသိုလ် တတိယပတ်၊ ကန်တော့ခံ သက်ကြီး စာပေပညာရှင်၊ လွတ်လပ်ရေး မော်ကွန်းဝင် (ဒု)အဆင့်၊ နိုင်ငံဂုဏ်ရည် (ဒု) အဆင့်၊ အတ္ထုပ္ပတိ စာပေဆုရှင် (၂၀၀၈) ၏ တစ်နှစ်ပြည့် ဇေယာသရ် (ဆုတောင်းမှု) ပြုခြင်းကို ဆရာကြီး၏ မိသားစုဝင်များ၊ အမျိုးသား ညီညွှတ်ရေး ကွန်ဂရက်မှ ရဲဘော်ရဲဘက်များ၊ ဆရာကြီးအား ချစ်ခင်လေးစားကြသူများ၊ ဆရာကြီး၏ မြေးတပည့် မိသားစုတို့မှ စက်တင်ဘာ ၂၃ရက်နေ့ နံနက် (၉)နာရီတွင် စုပေါင်း၍  ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
    P2160017
  • ရုရှ စတုတ္တအကြီးဆုံမြို့ Yekaterinburg ၏ မြို့မ ဗလီသစ်ကြီး ဖွင့်လှစ်တော့မည်
    စက်တင်ဘာ၊ ၂၃
    M-Media
    Ekaterinburg_mosque
    လာမည့် စက်တင်ဘာ ၂၇ ရက်နေ့တွင် ရုရှနိုင်ငံ၏ စတုတ္ထမြောက်အကြီးဆုံးမြို့တော်ဖြစ်သည့် Yekaterinburg ၌ ဗလီဝတ်ကျောင်းသစ်ဖွင့်ပွဲ တစ်ရပ် ကျင်းပမည်ဖြစ်သည်။ ၄င်းမြို့၌ ဗလီငယ်လေး ၂ လုံးသာရှိရာ အစ္စလာမ်ဘာသာဝင်များ အဖို့ လူဦးရေနှင့်နေရာ မမျှမတဖြစ်နေသောကြောင့် နေ့ကြီးရက်ကြီးများတွင် စုပေါင်းဝတ်ပြုနိုင်ဖို့အတွက် Verhnyaya Pishma ဗလီကြီး တည်ဆောက် ရခြင်းဖြစ်သည်။
    ယင်းဗလီသစ်ကြီးတည်ဆောက်ရန် ၁၅ နှစ်တာအချိန်ယူခဲ့ရသည်။ ၁၉၉၈ ခုနှစ်တွင် ရမ်ဇာန်ဗလီ၏အိမာမ်(ရှေ့ဆောင်ဆရာ) Fatkulkodir Hasanov မှ Deputy of the Legislative Assembly ရှိ Sverdlovsk Yevgeniy Zyablitsev ထံသို့ အကူအညီတောင်းပန်ကြားခဲ့သည်။
    “ ဒီပရောဂျက်နဲ့သက်ဆိုင်တဲ့စာရွက်စာတမ်းတွေစီစဉ်ဖို့၊ သင့်လျော်လျောက်ပတ်တဲ့နေရာရရှိဖို့ ကျွန်တော် သူ့ကို ကူညီပေးခဲ့ပါတယ်။ အဲ့ဒီနောက် သစ်သားဆောင်ဗလီငယ်လေးတစ်လုံးကို တည်ဆောက်ခဲ့တယ်။ ၁၅ နှစ်လွန်မြောက်ပြီး အခုအခါမှာတော့ Fatkulkodira Nasretdinovicha ရဲ့အိပ်မက်က ရုပ်လုံးပေါ်လာခဲ့တာပါဘဲ ” ဟု Yevgeniy Zyablitsev မှ ပြောပြသည်။
    “Delovoi Kvartal” သတင်းစာ၏အဆိုအရ Yekaterinburg ၌ အငယ်စားဂျေရုဆလင် စီမံကိန်း တစ်ခုပြုလုပ်ရန် စီစဉ်ခဲ့ကြောင်းသိရသည်။ Synagogue and  Cathedra အနီးတွင် ၀တ်ပြု ဖိတ်ခေါ်မျှော်စင်လေးခု ပါဝင်ပြီး လူ ၂၅၀၀ ၀င်ဆန့်သော ဒေသတွင်း အခမ်းနားဆုံးဗလီ ၀တ်ကျောင်းတစ်ခု တည်ဆောက်ရန် ယင်းစီမံကိန်းထဲ ထည့်သွင်းခဲ့သည်။ ယင်းဒေသကိုလည်း “ဘာသာတရား သုံးမျိုး၏နယ်ပယ်” အဖြစ် သတ်မှတ်မည်ဖြစ်သည်။ ဗလီအုတ်မြစ်ချပွဲကို ၂၀၀၇ ခုနှစ်ကပြုလုပ်ခဲ့သော်လည်း ရံပုံငွေပြဿနာကြောင့် တည်ဆောက်မှုလုပ်ငန်းစဉ် ရပ်ဆိုင်းသွားခဲ့ရသည်။ သို့သော် တည်ဆောက်ရေး ရံပုံငွေကိုမူ ဆက်လက်ကောက်ခံ စုဆောင်းလျက် ရှိနေပေသည်။
    Source : islam.ru
    Yekaterinburg သည် ရုရှနိုင်ငံ၏စတုတ္ထမြောက်အကြီးဆုံးမြို့တော်ဖြစ်ပြီး ဥရောပနှင့် အာရှနယ်စပ်ပေါ် တည်ရှိသည်။ လူဦးရေမှာ ၂၀၁၀ ခုနှစ် စစ်တမ်းအရ ၁,၃၄၉,၇၇၂ ဦး(၁၃ သန်းကျော်) ရှိသည်။ ၄င်းမြို့သည်  Ural Federal ခရိုင်အတွင်း စက်မှုလုပ်ငန်း နှင့် ယဉ်ကျေးမှုတို့၏ ဗဟိုချက်မဒေသဖြစ်သည်။ မြို့အမည်ကို ၁၉၂၄ နှင့် ၁၉၉၁ ခုနှစ်အတွင်း Sverdlovsk (Свердло́вск) ဟု ခေါ်ဆိုခဲ့ကြသည်။
    နယ်မြေအကျယ်အ၀န်း ၆,၅၉၂,၇၆၉ စတုရန်းမိုင် နှင့် လူဦးရေ ၁၄၂.၈ သန်းရှိသော ရုရှတွင် ဘာသာတရားကို ကိုးကွယ်လက်ခံသူမှာ အနည်းစု သာဖြစ်နေ၏။
    နိုင်ငံတွင်း လက်ခံ ကျင့်သုံးခွင့်ပြုထားသော ဘာသာတရားများမှာ ရုရှအော်သိုဒေါ့စ်၊ ရှေးရိုးစွဲအော်သိုဒေါ့စ်၊ ကက်သလစ်၊ ဧ၀ံဂေလိ ခရစ်ယာန်၊ အစ္စလာမ်၊ ဂျူး ၊ ဗုဒ္ဓဘာသာ နှင့် ၄င်းတို့၏မျိုးကွဲ အယူအဆများဖြစ်ကြသည်။ နိုင်ငံသား သန်း ၁၀၀ ခန့်မှာ မိမိကိုယ်ကို အော်သိုဒေါ့စ် ရုရှခရစ်ယာန်များဟု ခေါင်းစဉ်တပ်သော်လည်း အများစုက အမည်ခံမျှသာဖြစ်သည်။ ဒုတိယအကြီးမားဆုံး ခရစ်ယာန်အုပ်စုမှာ ပရိုတက်စတင့် ဖြစ်သည်။
    လူနည်းစုဝင်များ၌ အင်အားအကြီးမားဆုံးမှာ မွတ်စ်လင်မ်များဖြစ်၍ လူဦးရေ ၁၄ သန်းမှ ၂၃ သန်းအကြားတွင် ရှိသည်။ ဗုဒ္ဓဘာသာဝင်များမှာ ၁.၅ သန်းမှ ၂ သန်းအတွင်းရှိကြသည်။
    (ဤအချက်အလက်ကို http://en.wikipedia.org/wiki/Yekaterinburg နှင့် http://en.wikipedia.org/wiki/Freedom_of_religion_in_Russia မှ ထုတ်နှုတ်ဖော်ပြပါသည်)
  • “တစ်အချက် ဆန့်ကျင်တယ်၊ နှစ်အချက် မကြောက်ဘူး။” (အောင်ဝေး)
    စက်တင်ဘာလ ၂၃
    M-Media
    ကဗျာဆရာ အောင်ဝေး
    4
    အာရပ်နွေဦးကို
    ငါတို့ ထောက်ခံခဲ့တယ်
    မှားပြီလား။
    ငါတို့ နွေဦးကို
    သူတို့ နားမလည်ပါလား။
    လူ့ အခွင့်အရေးလား
    ဂျေဟတ်လား။
    ငါ့သဘောထား
    ( ကဗျာဆရာအောင်ဝေး သဘောထား)
    ဘယ်ခြိမ်းခြောက်မှုမျိုး မဆို
    တစ်အချက် ဆန့်ကျင်တယ်
    နှစ်အချက် မကြောက်ဘူး။
    အခု
    (ပြည်တွင်းမှာ)
    မွတ်ဆလင်စစ်စစ်ကြီး
    အဘ ၀မ်းအိုဝမ်းကျော်ဝင်းမောင်
    မကျန်းမမာ ဖြစ်နေတယ်။
    ငါ
    ဒါကိုပဲ စိတ်ဝင်စားတယ်။
    ကမ္ဘာ့ လွတ်လပ်ရေးတိုက်ပွဲဝင်
    သူရဲကောင်းကြီး
    အဲဒီ မွတ်ဆလင်ကြီး
    ကျန်းမာပြီး
    အသက်ရှည်ပါစေ
    ငါဆုတောင်းတယ်။
    မပြီးဆုံးသေးတဲ့
    ဗမာ့ ဒီမိုကရေစီ ခရီး
    ဆုံးခန်းတိုင်
    အဘ လျှောက်လှမ်းနိုင်ပါစေ
    ငါ ဆုတောင်းတယ်။
    အောင်ဝေးဟာ
    ဗမာ့နိုင်ငံသား
    မြန်မာတိုင်းရင်းသား
    အားလုံးက
    နားလည်နိုင်ကြပါစေသား။    ။
    (လျှက်တစ်ပြက် သတင်းဂျာနယ်၊ အတွဲ (၃)၊ အမှတ် (၉၃) တွင်  ကဗျာဆရာ အောင်ဝေးမှ ဆရာကြီး ၀မ်းအိုဝမ်း ကျော်ဝင်းမောင် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူစဉ်က ရေးသားပေးပို့ခဲ့သော ကဗျာအား ဆရာကြီး တစ်နှစ်ပြည့် အမှတ်တရ အောင့်မေ့ဖွယ်ဖြင့် ပြန်လည်ဖော်ပြအပ်ပါသည်။)
    ဓါတ်ပုံအညွှန်း-ဆရာ ဒဂုန်တာရာ အသက် ၉၃နှစ်ပြည့် အကြို အလှူပွဲ သို့ တက်ရောက်သော စာရေးဆရာ ၀မ်းအိုဝမ်း ကျော်ဝင်းမောင် (ဘီဒီအေ လေယာဉ်ပစ်တပ်သားဟောင်း) 2012, January
  • မြန်မာတပ်ရင်း ၃ ခု ကို နယ်စပ်သို့ပို့ဆောင်စေလွှတ် ထားသော်လည်း စိုးရိမ်စရာမရှိဟု ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များပြော
    စက်တင်ဘာ၊ ၂၃
    M-Media
    border-300
    ဘင်္ဂလားဒေ့ရှ်နှင့်ငါးမိုင်ဝန်းကျင်အကွာရှိ နယ်စပ်ဒေသသို့ မြန်မာနိုင်ငံစစ်တပ်မှ တပ်ရင်း ၃ စုကို ပို့ဆောင်စေလွှတ်ခဲ့သည်။ နိုင်ငံရေးအနေအထား တည်ငြိမ်စေရန် ဟူသော အကြောင်းပြချက်ဖြင့် စေလွှတ်ခြင်းဖြစ်သည်ဟု သက်ဆိုင်ရာမှပြောကြားကြောင်း Eleven Myanmar သတင်းစာမှ ဖော်ပြထား၏။
    နယ်စပ်လုံခြုံရေးအတွက် ရဲတပ်ရင်း ၂ ခုကိုလည်း ထပ်မံပို့ဆောင်သွားဦးမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချူပ် ကလည်း ပြောကြားသည်။
    သို့သော် မြန်မာ၏ ဆောင်ရွက်ချက်နှင့် စပ်လျဉ်းပြီး စိုးရိမ်စရာမရှိဟု ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဆိုသည်။
    ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ Bangladesh Border Guard (BGB) ၏ ဦးစီးဒါရိုက်တာ ဗိုလ်ချုပ်ကြီး အဇီးဇ် အဟ်မဒ်က မြန်မာနိုင်ငံမှ ယင်းသို့ဆောင်ရွက်ခြင်းမှာ မလိုလားမှု ရည်ရွယ်ချက်ကြောင့်မဟုတ်ဘဲ ၄င်းတို့၏ ပြည်တွင်းလုံခြုံရေး အနေအထားကြောင့်ဖြစ်ကြောင်း bdnews24.com ၌ ပြောပြခဲ့သည်။
    “ ကျွန်တော်တို့အဖို့ ဘာမှစိုးရိမ်စရာမရှိပါဘူး ” ဟုပြောဆိုကာ မြန်မာနိုင်ငံသည် အလားတူ စေလွှတ်မှုမျိုးကို ယခင်ကလည်း ဆောင်ရွက်မှုများရှိနေခဲ့ကြောင်း ထည့်သွင်းထောက်ပြခဲ့သည်။
    ရခိုင်ဒေသတွင်းပြဿနာများကြောင့် မြန်မာအာဏာပိုင်များက နစကတပ်ဖွဲ့အားဖျက်သိမ်းလိုက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသတွင် ရဲများက စောင့်ကြပ်လျက်ရှိကြသည်။ ထိုဒေသ၌ လူမျိုးရေးဆိုင်ရာအကြမ်းဖက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိနေ၏။
    ကိုးကား- bdnews24.com