News @ M-Media
Blog
  • စက်တင်ဘာ ၂၂ အားကစား သတင်းများ
    စက်တင်ဘာ ၂၂ အားကစား သတင်းများ
    စက်တင်ဘာ၊ ၂၂
    M-Media
    မော်ရင်ဟို ဖိအားလျော့တဲ့ ချယ်ဆီးနိုင်ပွဲ၊ ပထမဆုံး ရှုံးပွဲတွေ့ခဲ့တဲ့ လီဗာဗူး ၊ ၆ ပွဲမှာ အိမ်ရှင် ၄ ပွဲရှုံးတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ စနေနေ့ညပွဲစဉ်များ
    ပရီးမီးယားလိဂ်ပွဲစဉ် ၅ အဖြစ် ၆ ပွဲကို ချယ်ဆီး၊ အဲဗာတန်၊ ၀က်စ်ဘရွန်းနှင့် ဟားလ်စီးတီးတို့ အသီးသီးအနိုင်ရခဲ့ကြကာ လီဗာပူးလ်အသင်းမှာ ဆောက်သက်တန် အသင်းအားရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ် ပထမဆုံး ရှုံးပွဲကြုံတွေ့ခဲ့ရသည်။
    ချယ်ဆီးအသင်းမှာ စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ဖူလ်ဟမ်အသင်းအား ဧည့်ခံကစားခဲ့ရခြင်းဖြစ်ပြီး ပရီးမီးယားလိဂ်နှင် ချန်ပီယံလိဂ် နှစ်ပွဲဆက်ရှုံးနိမ့်ထားသောကြောင့် မော်ရင်ဟိုမှာ ယခုပွဲအတွက်အသေအချာပြင်ဆင်ခဲ့သည်။ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးပွဲစဉ်လေးပွဲ နိုင်ပွဲပျောက်ခဲ့သည့် ချယ်ဆီးအသင်းမှာ ယခုပွဲတွင်လည်း ၎င်းတို့၏အကောင်းဆုံးပုံစံကိုပြန်မရသေးဘဲ ဒုတိယပိုင်းသွင်းဂိုးများဖြင့်သာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ၅၂ မိနစ်တွင် အော်စကာက အနီးကပ်ကန်သွင်းခဲ့ကာ ချယ်ဆီးအတွက်ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး ၈၂ မိနစ်တွင် မီခေးလ်က ယခုနှစ်ရာသီ၎င်း၏ ပထမဦးဆုံးဂိုးအဖြစ် ဒုတိယဂိုးကိုသွင်းယူပေးခဲ့သည်။ ချယ်ဆီးအသင်း၏ ရလဒ်ဆိုးများကြောင့် ဝေဖန်ခံနေရသည့် နည်းပြမော်ရင်ဟိုမှာ ယခုပွဲအနိုင်ကြောင့် ဖိအား အနည်းငယ် လျော့ကြခဲ့ရသည်။
    ယခင်တပတ်က ချယ်ဆီးအသင်းအား အိမ်ကွင်းတွင်အနိုင်ယူခဲ့သည့် အဲဗာတန်အသင်းမှာ ယခုပွဲတွင်လည်း ၀က်စ်ဟမ်းအသင်းအား အဝေးကွင်းတွင် အနိုင်ယူနိုင်ခဲ့သည်။ ၀က်စ်ဟမ်းအသင်းက ၃၁ မိနစ်တွင် ရာဗီလ်မောရစ်ဆန်နှင့် ၇၆မိနစ်တွင် ပင်တယ်တီမှတဆင့် မာက့်နိုဘယ်တို့က နှစ်ကြိမ်တိုင်တိုင် ဦးဆောင်ဂိုးများသွင်းယူခဲ့သော်လည်း အဲဗာတန်နောက်ခံလူ လေတန်ဘိန်းက ၆၂၊ ၈၃ မိနစ်တို့တွင် ချေပဂိုးများသွင်းယူပေးခဲ့သည်။ အဲဗာတန်အသင်းအတွက် အနိုင်ဂိုးကို ၈၅ မိနစ်တွင် ချယ်ဆီးအသင်းမှ အငှားဖြင့်ပြောင်းရွှေ့လာခဲ့သည့် လူငယ်တိုက်စစ်မျူး လူကာကူက အပိုင်ခေါင်းတိုက်သွင်းယူပေးခဲ့သည်။
    ပရီးမီးယားလိဂ်ပဲစဉ်လေးပွဲတွင် ၃ ပွဲနိုင် ၁ ပွဲသရေဖြင့် ရှုံးပွဲမရှိဘဲ ဇယားထိပ်ကိုဦးဆောင်ထားသည့် လီဗာပူးလ်အသင်းမှာ အိမ်ကွင်းတွင် ဆောက်သက်တမ်အသင်းအား ၁ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ လီဗာပူးလ်အသင်းမှာ ဆွမ်ဆီးအသင်းနှင့်သရေကျခဲ့သည့်ပွဲမှ လူစာရင်းအား သုံးနေရာအပြောင်းအလဲလုပ်ကာ ပွဲထွက်ခဲ့သည်။ လီဗာပူးလ်အသင်းမှာ ဂိုးသွင်းခွင့်အကြိမ်ကြိမ်ရခဲ့သော်လည်း ဆောက်သက်တမ်ဂိုးသမားက လက်စွမ်းပြကာကွယ်ခဲ့သည်။ ဆောက်သက်တမ်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ၅၃ မိနစ်တွင် နောက်ခံလူ ဒီဂျန်လော့ဗ်ရန်က အဒမ် လာလ်လနာ၏ ဘယ်တောင်ပံမှဖြတ်တင်ဘောအား ခေါင်းတိုက်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    စိန့်ဂျိမ်းစ်ပါ့ခ်တွင်ကစားခဲ့ကြသည့် နယူးကာဆယ်နှင့် ဟားလ်စီးတီးတို့ပွဲစဉ်တွင် နယူးကာဆယ်အသင်းက နှစ်ကြိမ်တိုင်တိုင်ဦးဆောင်နိုင်ခဲ့သော်လည်း ဧည့်သည် ဟားလ်စီးတီးအသင်း၏ ချေပဂိုးများနှင့် အနိုင်ဂိုးများကိုခွင့်ပြုခဲ့ရသည်။ ပွဲအစ ၁၀ မိနစ်တွင် လိုအစ်ရမ်မီက နယူးကာဆယ်အတွက်ဦးဆောင်ဂိုးသွင်းယူပေးခဲ့သော်လည်း ၂၆ မိနစ်တွင် ရော်ဘီ ဘရဒ်ဒီက ချေပဂိုးသွင်းယူခဲ့သည်။ ၄၄ မိနစ်တွင် ရမ်မီကပင် ဒုတိယဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး ဟားလ်စီးတီးအသင်းမှ အလ် မိုဟာမက်ဒီက ချေပဂိုးသွင်းယူခဲ့ကာ ၇၆ မိနစ်တွင် ဆုန် အလူကိုက ဟားလ်စီးတီးအသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူးပေးခဲ့သည်။
    ပရီးမီးယားလိဂ်အောက်ဆုံးနှစ်သင်းဖြစ်ကြသည့် ၀က်စ်ဘရွန်းအသင်းနှင့် ဆန်ဒါလန်းအသင်းတို့ကစားခဲ့သောပွဲတွင် ၀က်စ်ဘရွန်းက ၃ ဂိုးပြတ်ဖြင့်အနိုင်ရရှိခဲ့သည်။ ၀က်စ်ဘရွန်းအသင်းအတွက်ဂိုးများကို ပထမပိုင်း မိနစ် ၂၀တွင် စတီဖိန်း ဆက်ဆဂ်နန်၊ ၇၆ မိနစ်တွင် လီယမ် ရစ်ဂ်ျဝဲလ်နှင့် ဒုတိယပိုင်းနာကျင်အချိန်ပိုတွင် မော်ဂန် အာမလ်ဖီတာနိုတို့က အသီးသီးသွင်းယူပေးခဲ့သည်။
    အခြားပွဲစဉ်တစ်ခုဖြစ်သည့် နော့ဝစ်ခ်ျအသင်းနှင့် အက်စတွန်ဗီလာတို့ပွဲတွင် လေဘာကိုဇက်၏ မိနစ် ၃၀ သွင်းဂိုးဖြင့် အက်စတွန်ဗီလာအသင်းက အနိုင်ရရှိခဲ့သည်။
    ——————————————–
    မန်စီးတီးနှင့်ပွဲမှာ ချန်ပီယံဆုအတွက်အဆုံးအဖြတ်ဖြစ်လာမည်ဟု ဗန်ပါစီပြော
    article-0-181E79C400000578-748_634x410
    စက်တင်ဘာလပင်ရှိသေးသော်လည်း ယနေ့ယှဉ်ပြိုင်ကစားမည့် မန်စီးတီး အသင်းနှင့် ပွဲက ချန်ပီယံဘွဲ့အတွက်အဆုံးအဖြတ်ဖြစ်လိမ့်မည်ဟု မန်ယူအသင်းတိုက်စ်မှူး ဗန်ပါစီက ပြောကြားလိုက်သည်။
    ဗန်ပါစီမှာပြီးခဲ့သည်နှစ် အီတီဟတ်တွင်ကစားခဲ့သည့် မန်စီးတီးအသင်းနှင့် ပွဲစဉ်တွင် ပွဲပြီးကာနီးနာကျင် အချိန်ပို၌ မန်ယူအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့သူဖြစ်ပြီး ထိုပွဲအနိုင်ကြောင့် မန်ယူအသင်းမှာ ဇယားထိပ်ဆုံးသို့ရောက်ရှိခဲ့ကာ ပြန်မဆင်းရတော့ဘဲ ရာသီအကုန်တွင် ချန်ပီယံဖြစ်ခဲ့သည်။
    “ဒီပွဲဟာသိပ်ကိုအရေးကြီးတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော့်တစ်ကိုတည်းဆန္ဒအရ ဘယ်တော့မှ အရှုံးကိုမတွေးပါဘူး။ ဒါပေမယ့် နှစ်သင်းစလုံးအတွက်က ထိပ်ဆုံးနေရာရောက်ဖို့ အရေးကြီးပါတယ်။ ဒီပွဲမှာရှုံးတဲ့သူဟာ ငါးပွဲမှာ ၅ မှတ်ဒါမှမဟုတ် ၆ မှတ်ဆုံးရှုံးရတဲ့သူဖြစ်လာမှာပါ။ ဒါဟာ သိပ်များတဲ့အမှတ်တွေပါ။ ဒါကိုကျွန်တော်တို့မလိုချင်ပါဘူး” ဟု ဗန်ပါစီကပြောကြားခဲ့သည်။
    Daily Mail
    ———————————————-
    လာမည့် ဇန်န၀ါရီ အပြောင်းအရွှေ့တွင် တိုက်စစ်မှူး တစ်ဦးအား ခေါ်ယူပေးရန် ချယ်ဆီးအသင်းအား မော်ရင်ဟိုတောင်းဆို
    နွေရာသီအပြောင်းအရွှေ့တွင် တိုက်စစ်မှူးတစ်ဦးခေါ်ယူရန်ကြိုးပမ်းမှု မအောင်မမြင်ဖြစ်ခဲ့မှုကြောင့် ချယ်ဆီအသင်း၏ နည်းပြဖြစ်သူမော်ရင်ဟိုက လာမည့်ဇန်န၀ါရီ အပြောင်းအရွှေ့တွင် တိုက်စစ်မှူးတစ်ဦးခေါ်ယူပေးရန် အသင်းသို့တောင်းဆိုလိုက်သည်။
    မော်ရင်ဟိုမှာ အသင်းတွင်ရှိနေသည့် တိုက်စစ်မှူးများဖြစ်ကြသည့် ဖာနန်ဒိုတောရက်စ်၊ ဆင်မြူယဲလ် အီတိုးနှင့် ဒမ်ဘာဘားတို့မှာ ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်သို့ ၀င်ရောက် ယှဉ်ပြိုင်နေရသည့် အသင်း တိုက်စစ်အတွက် လုံလောက်မှု မရှိဟု ယုံကြည်နေပြီး အသင်းလူငယ်တိုက်စစ်မှူး လူကာကူကိုလည်း အဲဗာတန်အသင်းသို့ အငှားချခဲ့သည်။
    …………………………………………..
    ATP Moselle Open တင်းနစ်ပြိုင်ပွဲ ဖိုင်နယ်သို့သို့ ဆွန်ဂါတက်ရောက်
    ပြင်သစ်နိုင်ငံတွင် ကျင်းပနေသည့် ATP Moselle Open တင်းနစ်ပြိုင်ပွဲဆီးမီးဖိုင်နယ်တွင် ပြင်သစ်တင်းနစ်သမား ဂျို ၀ီလ်ဖရိုက် ဆွန်ဂါမှာ ဂျာမနီတင်းနစ်သမားကို အနိုင်ရရှိခဲ့ကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဟုသိရသည်။
    ATP Moselle Open တင်းနစ်ပြိုင်ပွဲတွင် ချန်ပီယံနှစ်ကြိမ်ဖြစ်ထားသည့် ဆွန်ဂါမှာ နိုင်ခြေအဆင့် ၂ ရှိ ဂျာမနီတင်းနစ်သမား ဖလော်ရီယန်မေယားအား အကြိတ်အနယ် ကစားကာ ၄-၆၊ ၆-၂၊ ၆-၃ ဖြင့်အနိုင်ရရှိခဲ့သည်။ ဆွန်ဂါမှာ ၀င်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲတွင် ဒူးဒဏ်ရာ ခံစားခဲ့ရပြီးနောက် ပထမဦးဆုံးယှဉ်ပြိုင်သည့်ပွဲတွင် ဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။
    အခြားဆီးမီးဖိုင်နယ်ပွဲစဉ်တွင် ပြင်သစ်တင်းနစ်သမား ဂီလက်စ်စီမွန်က နီကိုလက်စ်မာဟုအား ၆-၃၊ ၇-၆ ဖြင့်အနိုင်ရရှိခဲ့သည်။
    ATP Moselle Open တင်းနစ်ပြိုင်ပွဲဗိုလ်လုပွဲကို ဒီကနေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဆွန်ဂါနှင့် စီမွန်တို့ ယှဉ်ပြိုက်ကစားရမည်ဖြစ်သည်။
    ………………………………………..
    ဂွမ်ဇူအိုးပင်း အမျိုးသမီးတင်းနစ်ပြိုင်ပွဲတွင် ဇန်ရွှေ ဗိုလ်စွဲ
    တရုတ်နိုင်ငံတွင်ကျင်းပပြုလုပ်သည့် ဂွမ်ဇူအိုးပင်းအမျိုးသမီးတင်းနစ်ပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲကို ယမန်နေ့ကကျင်းပခဲ့ရာ တရုတ်တင်းနစ်မယ် ဇန်ရွှေက ဗိုလ်စွဲခဲ့သည်ဟု သိရသည်။
    ဇန်ရွှေမှာ မိမိပရိတ်သတ်ရှေ့တွင် အမေရိကန်-ထိုင်ဝမ် တင်းနစ်မယ် ဗာနီယာကင်းအား ၇-၆၊ ၆-၁ ဖြင့် အနိုင်ရရှိခဲ့သည်။ ကမ္ဘာ့အဆင့် ၁၁၂ရှိ ဇန်ရွှေမှာ ၂၀၀၅ ခုနှစ် ဇီယန်နောက်ပိုင်း ဂွမ်ဇူအိုးပင်းတွင် ပထမဦးဆုံးအကြိမ်ပြန်လည်ဗိုလ်စွဲနိုင်ခဲ့သည့် တရုတ်တင်းနစ်မယ်ဖြစ်လာခဲ့သည်။
    …………………………
    ဂျပန်အိုးပင်းကြက်တောင်ရိုက်ပြိုင်ပွဲတွင် လီချုံဝေဗိုလ်စွဲ
    ယနေ့ကျင်းပပြုလုပ်ခဲ့သည့် ဂျပန်အိုးပင်းကြက်တောင်ရိုက်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ကမ္ဘာ့နံပါတ်တစ် မလေးရှားကြက်တောင်သမား လီချုံဝေက ဂျပန်ကြက်တောင်သမား ကီနီချီတာဂိုအား ၂၃-၂၁၊ ၂၁-၁၇ ဖြင့်အနိုင်ရရှိခဲ့သည်။ လီချုံဝေ၏နည်းပြဖြစ်သူ ရရှစ် ဆီဒက်မှာ ကြာသာပတေးနေ့က နှုတ်ထွက်စာတင်ကာ နှုတ်ထွက်သွားခဲ့သောကြောင့် လီချုံဝေမှာ နည်းပြမရှိဘဲ ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်သည်။
    ဂျပန်းအိုးပင်းအား လေးကြိမ်မြောက်ဗိုလ်စွဲကာ စံချိန်သစ်တင်နိုင်ခဲ့သည့် လီချုံဝေက “တာဂိုဟာ အိမ်ကွင်းမှာ ကစားပုံကောင်းခဲ့ပါတယ်။ ဒါပေမယ့် ကျွန်နော်သူ့ကိုနိုင်အောင် ပြင်ဆင်နိုင်ခဲ့ပြီး ဂျပန်အိုးပင်မှာ စံချိန်သစ်တင်နိုင်ခဲ့ပါတယ်” ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။
  • အန်ဂိုလာနှင့် မြန်မာနိုင်ငံ သံတမန်ဆက်သွယ်မှု ပြုလုပ်ရန် သဘောတူ
    စက်တင်ဘ၊ ၂၂
    M-Media
    angola
    အာဖရိက တိုက်မှာ နိုင်ငံ တနိုင်ငံဖြစ်သော အန်ဂိုလာနိုင်ငံ နှင့် မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်သွယ်ရေးစာချုပ်အား ကုလသမဂ္ဂ ဆိုင်ရာ အန်ဂိုလာသံအမတ် အစ္စမေးလ် မာတင်နှင့် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ် ကျော်တင်တို့ နယူးယောက်မြို့တွင် ကြာသာပတေးနေ့က ချုပ်ဆိုခဲ့ကြသည်ဟု သိရသည်။
    မာတင်က မြန်မာနိုင်ငံမှာ အန်ဂိုလာကဲ့သို့ တောင့်တင်းသော စီးပွားရေး၊ စီးပွားရေးဆိုင်ရာ အခြေခံအချက်အလက်များနှင့် ရေနံလုပ်ကွက်များ၊ ဓာတ်ငွေ့များ ရှိနေသည်ဟု ပြောကြားခဲ့သည်။
    ထို့အပြင်မြန်မာနိုင်ငံတွင် ဆန်အပါဝင် စိုးပျိုးရေးထွက်ကုန်များရှိနေပြီး အန်ဂိုလာတွင်မရှိသေးသောကြောင့် နှစ်နိုင်ငံဆက်ဆံရေးဖြစ်ပေါ်လာချိန်တွင် ထိုထွက်ကုန်များအား အကျိုးရှိစွာ ပူးပေါင်းအသုံးချနိုင်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    မြန်မာသံအမတ် ကျော်တင်ကလည်း နိုင်ငံတကာအသိုင်းအ၀ိုင်းများနှင့် ဆက်သွယ်ရာတွင် နှစ်နိုင်ငံစလုံးတူညီသော ရည်ရွယ်ချက်များ ရှိနေသောကြောင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခြင်းမှ အကျိုးကျေးဇူးများစွာရနိုင်သည်ဟု ပြောကြားခဲ့သည်။
    ထို့ပြင် မြန်မာနိုင်ငံသည် အန်ဂိုလာနိုင်ငံ၏ ကုလသမဂ္ဂအမြဲတမ်း မဟုတ်သော အဖွဲ့ဝင်နိုင်ငံအဖြစ်လျှောက်ထားမှုအားထောက်ခံမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
  • ရခိုင်မြောက်ပိုင်း ၃ မြို့နယ်တွင် ယူနက်စကို ပညာရေးပရောဂျက် အစိုးရလက်ခံ
    စက်တင်ဘာ၊ ၂၂
    M-Media
    northern Rakhine state
    ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများ၌ ကျောင်းပညာရေးအဆင့်တွင် မတူညီသော ယဉ်ကျေးမှုများအကြားအပြန်အလှန် လေးစားမှုကိုအားပေးသော နည်းလမ်းအဖြစ်ပြုလုပ်သော ငြိမ်းချမ်းသောပညာရေး အစီအစဉ်အား မြန်မာအစိုးရက လက်ခံခဲ့သည်ဟု တာဝန်ရှိသူများက ဒီကနေ့တွင်ပြောကြားလိုက်သည်။
    ထိုအစီအစဉ်အား ရခိုင်ပြည်နယ်ရှိမြို့သုံးမြို့ဖြစ်သော မောင်းတော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ယူနက်စကိုနှင့် မြန်မာအစိုးရတို့ပူးပေါင်းကောင် အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး ဘယ်လ်ဂျီယံအစိုးရက ငွေးကြေးထောက်ပံ့မည်ဖြစ်သည်။ ထိုအစီအစဉ်အောက်တွင် ပဋိပက္ခဖြစ်ခဲ့သည့် ဒေသများရှိ အခြေခံပညာကျောင်း ၄၀ မှ ဆရာ၊ ဆရာမ ၃၅၀ကို ငြိမ်းချမ်းသောပညာရေး အစီအစဉ်နှင့်ပက်သက်ပြီး လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကာ ကျောင်းသား၊ ကျောင်းသူပေါင်း (၁၀၀၀) ကျော်ကို အကျိုးသက်ရောက်စေမည်ဖြစ်သည်။
    ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် စာသင်ကျောင်းရာပေါင်းများစွာပိတ်ပစ်ခဲ့ရပြီး ကျောင်းသူကျောင်းသား ထောင်ပေါင်းများစွာမှာ ပညာသင်ခွင့်ဆုံးရှုံးခဲ့ရသည်။ ရခိုင်ပြည်နယ်ရှိ လူမျိုးစုနှစ်ခုအကြား ထင်ရှားစွာဖြစ်ပေါ်နေသည့် တင်းမာမှုများကို ကိုင်တွယ်ဖြေရှင်းရန် ငြိမ်းချမ်းသောပညာရေးအစီစဉ်ကို အဓိကထားလုပ်ဆောင်ရမည့် ကိစ္စတစ်ခုအဖြစ် မြန်မာအစိုးရနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက ရှုမြင်သုံးသပ်ကြသည်။
    ငြိမ်းချမ်းသောပညာရေး အစီအစဉ်ကို အကောင်အထည်ဖေါ်ရသည့် ဘုံရည်ရွယ်ချက်မှာ ဆရာဆရာမများ၊ ကျောင်းသားများနှင့် ကျောင်းသားမိဘများ ပြဿနာများကိုဖြေရှင်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို တိုးပွားစေလိုခြင်းနှင့် နိုင်ငံသားဆိုင်ရာဖော်ပြချက်ကို ပိုမိုခိုင်မာစေရန်ပင်ဖြစ်သည်။
    Ref: ဆင်ဟွာ
  • အမေရိကန်တွင် အစ္စလာမ်အပေါ် အမြင်မှားကြောက်ရွံ့အောင် လုပ်ကြံ ဖန်တီးသူများကို ဖော်ထုတ်ထားသော စာတမ်းထွက်ရှိလာ
    စက်တင်ဘာ၊ ၂၂
    M-Media
    US Muslim Group Unveils Islamophobia Makers
    အမေရိကန်နိုင်ငံတွင် အစ္စလာမ်အပေါ် အမြင်မှားကြောက်ရွံ့အောင် ဖန်တီးသူတို့၏ ကွန်ရက်အကြောင်းကို အမေရိကန် မွတ်စ်လင်မ် လူ့အခွင့်အရေးအုပ်စု တစ်ခုမှ ဖော်ထုတ် တင်ပြလိုက်သည်။ ယင်းဖော်ထုတ်မှုတွင် အစ္စလာမ် ဆန့်ကျင်ရေး အုပ်စုများသည် ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ထောက်ပံ့ငွေပေါင်း ဒေါ်လာ ၁၁၉ သန်းကျော် ရရှိခဲ့ကြောင်း ဖွင့်ချထား၏။
    “ ဒီတင်ပြချက်က ကျွန်တော်တို့လူ့အသိုင်းအ၀ိုင်းထဲ အစ္စလာမ်ကြောက်ရောဂါ ဖော်ဆောင် သွတ်သွင်းနေတဲ့အုပ်စု အကြောင်းကို သိသွားစေခဲ့ပါတယ်။ အစ္စလာမ်နဲ့ပတ်သက်ပြီး အတူ ယှဉ်တွဲနေထိုင်ရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ နိုင်ငံ့လမ်းစဉ်အပေါ် ဒီအုပ်စုတွေရဲ့ပယောဂကိုသာမက၊ အနာဂတ် ကာကွယ်ရေးတွေကိုပါ စာဖတ်သူတွေဆီ ဖွင့်ချနိုင်ခဲ့ပါတယ် ” ဟု အစ္စလာမ်ကြောက်ရောဂါ စောင့်ကြည့်ရင်ဆိုင်ရေး ဌာနဖြစ်သော ၀ါရှင်တန်အခြေစိုက် အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ (Council on American-Islamic Relations  – CAIR)၏ ညွှန်ကြားသူ ကိုရီစေလာ(Corey Saylor) မှ သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင်ပြောကြားခဲ့ကြောင်း OnIslam.net က တင်ပြခဲ့သည်။
    Legislating Fear: Islamophobia and its Impact in the United States ဟုခေါင်းစဉ် တပ်ထားသော အဆိုပါစာတမ်းကို စက်တင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့က ထုတ်ပြန်ခဲ့သည်။
    ၂၀၁၁-၂၀၁၂ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု၌ အစ္စလာမ်ကြောက် ရောဂါအား အဓိကကြံဆောင်ပြီး အစ္စလာမ့်ဆန့်ကျင်ရေး ကွန်ယက်၏ အတွင်းပိုင်း ဗဟိုချက်မအသွင် တည်ရှိနေသည့် အဖွဲ့အစည်းပေါင်း ၃၇ ဖွဲ့ကို ဖော်ပြထား၏။
    အစ္စလာမ်နှင့် မွတ်စ်လင်မ်တို့အား မုန်းတီးရန်ငြိုးကြီးထွားအောင်ကြံဆောင်မှု၌ မပါဝင်သော်လည်း အားပေးအားမြှောက်လုပ်ဆောင်လေ့ရှိသည့် အုပ်စုပေါင်း ၃၂ ခုကိုလည်း ထပ်မံဖော်ပြထားသည်။ ၄င်းတို့မှာ ကွန်ယက်၏ ပြင်ပရုပ်လုံးများ ဖြစ်ကြသည်။
    ဤစာတမ်းပြုစုစဉ် နှစ်နှစ်တာ ကာလတစ်လျှောက် အစ္စလာမ်ဘာသာရေးထုံး ဓလေ့များကို အဆိုးမြင်အောင် လုပ်ကြံချက်ပေါင်း ၇၈ မျိုးမှာ ပြည်နယ်ပေါင်း ၂၉ ခုနှင့် ကွန်ကရက်လွှတ်တော်သို့ ရောက်လာခဲ့၏။
    ယခုစာတမ်းသည် အမေရိကန်ပြည်ထောင်စု အတွင်း အစ္စလာမ်ကြောက်ရောဂါနှင့် စပ်လျဉ်း၍ CAIR ၏ ဒုတိယမြောက် တင်ပြချက်ဖြစ်သည်။ Same Hate, New Target အမည်ရှိသော ပထမစာတမ်းကို ၂၀၁၀ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ၄င်း၌ အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုသည် အမေရိကန် သမိုင်းတစ်လျှောက် လူနည်းစုဝင်များကြုံတွေ့ရသော ပြဿနာများအနက် အကြီးမားဆုံးဟု ဖော်ပြထားသည်။
    အမေရိကန်တွင် အစ္စလာမ်ကြောက်ရောဂါသွတ်သွင်းမှု လမ်းကြောင်းသည် စိုးရိမ်ရသော အခြေအနေသို့ရောက်လာကြောင်း ဖော်ပြ၍ CAIR တာဝန်ရှိသူများက ၄င်း၏အန္တရာယ်မှာ အမေရိကန်မွတ်စ်လင်မ်တို့၏ဘ၀ကို ပြင်းစွာထိခိုက်လျက်ရှိကြောင်း ဝေဖန်လိုက်သည်။
    “ အမေရိကန်မွတ်စ်လင်မ်တွေဟာ နေ့စဉ်နဲ့အမျှ ခွဲခြားဆက်ဆံမှုကို ကြုံတွေ့နေရတယ်။ အစ္စလာမ်ကြောက်ရောဂါက မွတ်စ်လင်မ်တွေရဲ့ဘ၀လုံခြုံမှုကို ခြိမ်းခြောက်တဲ့အဆင့် ရောက်နေပါပြီ ” ဟု CAIR ၏ အလုပ်အမှုဆောင်ဒါရိုက်တာ Nihad Awad မှ ၀ါရှင်တန်ပို့စ်သို့ ပြောကြားခဲ့သည်။
    အစ္စလာမ်အပေါ်အမြင်မှားကြောက်ရွံ့အောင်ဖန်တီးသူများက အမေရိကန်မွတ်စ်လင်မ်ပေါ်ရှိသော လူထုအမြင်ကို အဆိုးဖက်သို့ပြောင်းလဲစေပြီး၊ အစ္စလာမ်မုန်းတီးရေးဝါဒဖြန့်ချက်နှင့်စရိုက်လက္ခဏာများ မြှင့်တက်ကြီးထွားရန် ပြုလုပ်ခဲ့ကြသည်ဟု Awad က ဆိုသည်။
    “ အဲ့ဒီလိုလူစားတစ်ဦးချင်းစီဖြစ်စေ အုပ်စုလိုက်ဖြစ်စေ တိုက်ခိုက်မှုကို ကျွန်တော်တို့ ခံစားနေရဦးမှာဖြစ်တယ်။ အစ္စလာမ်ကြောက်ရောဂါ ကူးစက်ခံရသူတွေအနေနဲ့ အမြင်ရှင်းစေဖို့ရည်ရွယ်ပြီး ဒီစာတမ်းကို ကျွန်တော်တို့ ထုတ်ဝေရခြင်းဖြစ်ပါတယ် ” ဟု သူက ရှင်းပြခဲ့သည်။
    အမေရိကန်ပြည်ထောင်စု၌ မွတ်စ်လင်မ်ဦးရေသည် ၇ သန်းမှ ၈ သန်းအထိ ရှိမည်ဟုခန့်မှန်းထားကြသည်။ ၄င်းတို့သည် မိမိတို့၏နိုင်ငံအပေါ် သစ္စာစောင့်ထိန်းလျက် အကောင်းမြင်သူများဖြစ်ကြောင်း စစ်တမ်းတစ်ရပ်က ဖော်ပြခဲ့သည်။ ၉/၁၁ တိုက်ခိုက်မှု နောက်ပိုင်းမှစ၍ များစွာသော မွတ်စ်လင်မ်တို့မှာ မိမိတို့၏ အစ္စလာမ့်ဝိသေသများကြောင့် ခွဲခြားနှိမ့်ချချိုးနှိမ်ဆက်ဆံမှုကို ခံစားနေခဲ့ကြရသည်ဟု ဆိုကြပါသည်။
  • ရုရှ နှင့် OIC အဖွဲ့ဝင်နိုင်ငံများ၏ အပြည်ပြည်ဆိုင်ရာ စီးပွာရေးညီလာခံ ကျင်းပမည်
    စက်တင်ဘာ၊ ၂၂
    M-Media
    kazan_samit
    ရုရှနိုင်ငံ နှင့် OIC အဖွဲ့ဝင်နိုင်ငံများပူးတွဲ၍ အပြည်ပြည်ဆိုင်ရာစီးပွာရေးညီလာခံ KazanSummit 2013 ကို လာမည့် အောက်တိုဘာ ၂ ရက် မှ ၃ ရက်ထိ ကျင်းပသွားမည်။ ၄င်း KazanSummit မှာ အစ္စလာမ့်ကမ္ဘာမှ အဖွံ့ဖြိုးဆုံး နိုင်ငံများ နှင့် ရုရှတို့အကြားတွင် တစ်ခုတည်းသော စီးပွားရေးပူးဆောင်ရွက်မှုလမ်းကြောင်းဖြစ်သည်။
    ရင်းနှီးမြှုပ်နှံသူများ၊ လုပ်ငန်းရှင်များ နှင့် အစိုးရအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းဖြစ်သည့် ယင်းညီလာခံမှာ ပဉ္စမအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။ KazanSummit ကို ၂၀၀၉ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သည်။ အစ္စလာမ့်နည်းကျငွေကြေးလည်ပတ်မှုအပေါ် လက်တွေ့ကျကျ အဖြေရှာဆွေးနွေးရာမှ အပြည်ပြည်ဆိုင်ရာစီးပွားရေးညီလာခံအဆင့်အထိ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ထိုဆောင်ရွက်ချက်သည် ရုရှနိုင်ငံအတွက် နိုင်ငံတကာ ဆက်ဆံရေးကို တိုးတက်ကောင်းမွန်စေသည့်အပြင် လာရောက်ရင်းနှီးမြှုပ်နှံလိုသည့် ဆွဲဆောင်ချက်ကိုလည်း ဖြစ်ထွန်းလာစေခဲ့သည်။
    KazanSummit ကို ၂၀၀၉ ခုနှစ်တွင် ပါဝင်တက်ရောက်သူ ၂၅၀ ဦးသာရှိခဲ့ရာမှ ၂၀၁၀ ခုနှစ်တွင် ၄၀၀၊ ၂၀၁၁ ခုနှစ်တွင် ၇၅၀၊ ၂၀၁၂ ခုနှစ်တွင် တစ်ထောင်ကျော်အထိ ရောက်ခဲ့သည်။ ကမ္ဘာတစ်ဝှန်းလုပ်ငန်းရှင်များ၏ ၃၀ % တက်ရောက်ပါဝင်နိုင်သည်အထိ ထူးထူးခြားခြား တိုးတက်ခဲ့သည်။
    KazanSummit မှာ အစ္စလာမ့်နည်းကျ စီးပွားရေးနှင့်ငွေကြေးလည်ပတ်မှုကိုအခြေတည်၍ ကုန်သွယ်စီးပွားဆိုင်ရာညီလာခံ ဖြစ်သော်လည်း အစ္စလာမ်နိုင်ငံများသာ ပါဝင်ရန် ကန့်သတ်မထားပေ။ ၂၀၁၂ ခုနှစ်၌ ညီလာခံတက်ရောက်လာသည့် ၃၄ နိုင်ငံမှ ၇ နိုင်ငံသည် ဥရောပတိုင်းပြည်များဖြစ်၍ တောင်ကိုးရီးယား၊ ဟောင်ကောင် နှင့် အမေရိကန်နိုင်ငံများလည်း တက်ရောက်ပါဝင်ခဲ့ကြသည်။
    ယမန်နှစ်က ရင်းနှီးမြှုပ်နှံမှုအခန်းကဏ္ဍတွင် အကြောင်းအရာပေါင်း ၁၃ မျိုးအထိ ထည့်သွင်းဆွေးနွေးနိုင်ခဲ့သည်။ ထို့အပြင် OIC နိုင်ငံများ နှင့် ရုရှနိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်ခြင်းဆွေးနွေးမှု ခိုင်မာအားကောင်းလာသော အကျိုးကျေးဇူးလည်း ရရှိခဲ့သည်။
    သို့ဖြစ်ရာ KazanSummit သည် အရှေ့တိုင်း နှင့် အနောက်တိုင်းအကြား ပိုမိုကျယ်ပြန့်ပွင့်လင်းသည့်အမြင်ဖြင့် ဆွေးနွေးပွဲတစ်ရပ်သို့ တစ်စစကူးပြောင်းနေပေသည်။ ပါဝင်မှုနှင့်လှုပ်ရှားဆောင်ရွက်မှုအပေါင်းမှာ အပြုသဘောဆောင် စီးပွားရေးဆွေးနွေးချက်များ၊ ပူးပေါင်းအဖြေရှာမှုများဖြင့် နွေးထွေးသောညီလာခံဖြစ်ခဲ့သည်။ အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော နှောင်ကြိုးမဲ့ ပူးပေါင်းဆောင်ရွက်မှုများကို ဦးတည်ကြသည်။
    ရုရှအစိုးရကိုယ်စားလှယ်များနှင့်ပြည်ပနိုင်ငံများ၏ ဤသို့သော ပွင့်လင်းနွေးထွေးစွာ ဆွေးနွေးမှုများကြောင့် ကမ္ဘာ့လုပ်ငန်းရှင် အသိုင်းအ၀ိုင်း၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူနှင့်စက်မှု လုပ်ငန်းရှင်များသာမက ရှရှ၊ OIC နိုင်ငံများ၊ ဥရောပ၊ အရှေ့တောင်အာရှ နှင့် အရှေ့အလယ်ပိုင်းဒေသများရှိ ငွေကြေး လည်ပတ်မှုနှင့်ဘဏ်လုပ်ငန်း ကျွမ်းကျင် ပညာရှင်တို့ကပါ အထူးစိတ်ဝင်စားနေသည့် ညီလာခံဖြစ်လျက်ရှိနေပေသည်။
    Source : Ijtemt.org