News @ M-Media
Blog
  • စက်တင်ဘာ ၁၈ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို
    စက်တင်ဘာ၊ ၁၈
    M-Media
    ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ဟင်္သာတမြို့မှာ ဟောပြောဆွေးနွေး
    ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖွဲ့စည်းပုံအသစ် မရေးဆွဲရဘူး၊ အသစ်ရေးခွင့်မရှိဘူးလို့ ပိတ်ထားတဲ့ အချက်လည်းမပါရှိတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ခေတ်နှင့် မလျော်ညီလို့ သို့တည်းမဟုတ် ပင်ကိုပြဋ္ဌာန်းထားသော နည်းလမ်းက ခက်ခဲသည့်အကြောင်းပြချက်ဖြင့် အသစ်ရေးဆွဲသင့်သည်ဟု ၁၀၅-ဦးကော်မတီမှ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာပို့ပါက လွှတ်တော်က ဆုံးဖြတ်မယ်ဆိုရင် ဖွဲ့စည်းပုံကို ပြင်ဆင်လို့ ရနိုင်တယ်လို့ ဒီနေ့ နေ့လည်က ဟင်္သာတမြို့မှာ ပြုလုပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ဟင်္သာတမြို့မှာ ဟောပြောဆွေးနွေးပွဲမှာ ဦးကိုနီက ပြောကြားခဲ့ကြောင်း အင်တာနက် သတင်း စာမျက်နှာများတဆင့် သိရှိရပါတယ်။
    _____________________
    စစ်တပ်အခန်းကဏ္ဍလျှော့နေကြောင်း ထိုင်းဝန်ကြီးချုပ်သို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော
    ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့က ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေအရ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေပြီဖြစ်ပြီး စစ်တပ်ရဲ့ အခန်းကို လျှော့ချနေကြောင်း ပြောဆိုလိုက်တယ်လို့ ဧရာဝတီသတင်းဋ္ဌာနမှ သိရှိရပါတယ်။
    ______________________
    စစ်တပ်ကချုပ်ကိုင်ထားဆဲ နိုင်ငံရေးအာဏာသိမ်းမှု ၂၅-နှစ်ပြည့်ပြီ
    ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကို အကြမ်းဖက်နှိမ်နင်းခဲ့ပြီး ၁၉၈၈-ခုနှစ်ကတည်းက နိုင်ငံတော်အာဏာကို စစ်တပ်မှ သိမ်းယူခဲ့သည်မှာ ယနေ့တွင် ၂၅-နှစ်ပြည့်မြောက်ခဲ့သော်လည်းလွှတ်တော်တွင် တပ်မတော်သား ၂၅-ရာခိုင်နှုန်းကို တရားဝင် ထည့်သွင်းထားသော ပြဋ္ဌာန်းချက်များအား ကြည့်ခြင်းအားဖြင့် စစ်တပ်မှ နိုင်ငံတော်အာဏာကို ချုပ်ကိုင်ထားဆဲဟု ပြောနိုင်ကြောင်း နိုင်ငံရေးသမားများက ထုတ်ဖော်ပြောကြား လိုက်ကြကြောင်းကို ဧရာဝတီ သတင်းစာမျက်နှာမှာဖော်ပြထားပါတယ်။
    _______________________
    ရွှေဝါရောင် ကံဆောင်သပိတ်ရှိဆဲဖြစ်တာကြောင့် အစိုးရမှ ၀န်ချတောင်းပန်ရန် သံဃာများမိန့်ကြား
    ရဟန်းသံဃာတွေအနေနဲ့ ရွှေဝါရောင်တော်လှန်ရေးအား သပိတ်မှောက် ကံဆောင်ထားတာကြောင့် နိုင်ငံရေးအရ ပြေလည်သွားစေဖို့ အစိုးရအနေနဲ့ သပိတ်ကိုလှန်ပေးရမှာမို့ သံဃာထုကို ၀န်ချတောင်းပန်သင့်ကြောင်း ဒီနေ့ပြုလုပ်တဲ့ ရွှေဝါတောင် တော်လှန်ရေး ၆-နှစ်ပြည့် အထိမ်းအမှတ်မှာ ဦးစန္ဒာသီရိက ပြောဆိုလိုက်ကြောင်း ကမာရွတ်မီဒီယာ ရုပ်သံသတင်းမှာ ဖော်ပြပါရှိပါတယ်။
    ဆီးရီးယားအားတိုက်ခိုက်ပါက မီးတောက်ထဲသို့ ဓာတ်ဆီ လောင်းခြင်းသာဖြစ်မည်ဟု ကာကွယ်ရေးဝန်ကြီးဟောင်း  ရောဘတ်ဂိတ်ဆို
    gholami20130918114143797
    အမေရိကန်ကာကွယ်ရေးဝန်ကြီးဟောင်း ရောဘတ်ဂိတ်က အမေရိကန်အနေဖြင့် ဆီးရီးယားအားအပေါ်စစ်ပွဲဆင်နွှဲပါက အရှေ့အလယ်ပိုင်းမီးတောက်အတွင်းသို့ ဓာတ်ဆီလောင်းပေးခြင်းသာဖြစ်လိမ့်မည်ဟုပြောကြားလိုက်သည်။
    ယမန်နေ့က ဒါးလက်စ်တွင်ကျင်းပခဲ့သည် ဖိုရမ်တစ်ခုတွင်ပြောကြားလိုက်ခြင်းဖြစ်ပြီး အီရတ်၊ အာဖဂန်နှင့် လစ်ဗျားတို့တွင် အမေရိကန်က ကျူးကျော်ခဲ့မှုကြောင့် မရည်ရွယ်ထားသည့် အကျိုးဆက်များရရှိခဲ့သည်ကို ထောက်ပြပြောဆိုခဲ့သည်။
    အမေရိကန်အနေဖြင့် ဆီးရီးယားအား ၀င်ရောက် ကျူးကျော်ရန် အစီအစဉ်ရှိခဲ့သော်လည်း ဆီးရီးယားရှိ ဓာတုလက်နက်များအား နိုင်ငံတကာထိန်းချုပ်မှု လက်အောက်ရောက်ရှိအောင်ဆောင်ရွက်ရန် ရုရှား၏ အဆိုပြုချက်ကြောင့် ကျူးကျော်ရန်အစီစဉ်အား ရပ်တန့်ထားခြင်းဖြစ်သည်။
    Press TV
    …………………………………………..
    တူရကီ-ဆီးရီးယားနယ်ဖြတ်ကျော် ဂိတ်နားတွင် ကားဗုံးပေါက်ကွဲမှုဖြစ်ပွား
    တူရကီ-ဆီးရီးယားနယ်စပ်သို့ဖြတ်ကျော်ဂိတ်  Bab al-Hawa အနီး ဆီးရီးယားဘက်ခြမ်းတွင် ယမန်နေ့က ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၇ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့သည်ဟု သိရသည်။
    အတိုက်အခံများက ထိန်းချုပ်ထားသည့် နယ်စပ်ဖြတ်ကျော် ဂိတ်အ၀င် လက်နက်ကိုင်များစောင့်ကြပ်နေသည့် စစ်ဆေးရေးဂိတ်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာမှာ တူရကီမှ မီတာများစွာဝေးကွာသည်ဟု နယ်စပ်အနီးရှိ အတိုက်အခံဘက်မှ သတင်းထုတ်ပြန်ခဲ့သည်။ ပေါက်ကွဲမှုဖြစ်ပြီးနောက်ထွက်ပေါ်လာသော ဓာတ်ပုံတွင် ရစရာမရှိအောင် မီးလောင်ထားကာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် ကားများနှင့် လမ်းဘေးသို့လွင့်ကျနေသည့် ကားအင်ဂျင်များကို တွေ့ရှိရသည်။
    ………………………………………
    အီရန်နျူးကလီးယားကိစ္စ အိုဘားမားဆွေးနွေးမည်
    အီရန်သမ္မတသစ် ဟာဆန်ရူဟာနီထံမှပြေငြိမ်းရေး စာချုပ်ချုပ်ဆိုပြီးနောက် အမေရိကန်သမ္မတ ဘာရက်အိုဘာမားက အီရန်၏ နျူးကလီးယား အစီအစဉ်အတွက် ပြန်လည်ဆွေးနွေးရန် ဆန္ဒရှိနေသည်ဟု သိရသည်။
    သို့သော်လည်း အိုဘာမားက အီရန်အနေဖြင့် နျူကလီးယားစွမ်းအင်ဖြင့် လက်နက် မထုတ်လုပ်ဟု သဘောတူခြင်းဖြင့် သေချာစွာဖေါ်ပြရမည်ဟု ယမန်နေ့ကပြောကြားခဲ့သည်။
    “သံတမန်ပုံစံနဲ့သွားဖို့ အခွင့်အရေးရှိနေပါတယ်။ အီရန်က ဒါကိုအသုံးချမယ်လို့မျှော်လင့်ပါတယ်။ သမ္မတသစ်ရူဟာနီကလည်း ယခင်ကမရှိခဲ့တဲ့ အနောက်နိုင်ငံတွေ၊ ပြီးတော့ အမေရိကန်နဲ့ ပွင့်ပွင်းလင်းလင်းဆွေးနွေးလိုတဲ့ လက္ခဏာတွေရှိနေပါတယ်။ ဒါကြောင့် ဒါကို ကျွန်တော်တို့ စမ်းကြည့်သင့်ပါတယ်” ဟု စပိန်ဘာသာဖြင့်ထုတ်လွှင့်သည့်  Telemundo ရုပ်သံနှင့် အင်တာဗျူးတွင်ဖြေကြားခဲ့သည်။
    ……………………………………………….
    ရဲတပ်ဖွဲ့ဝင်များအားသတ်ခဲ့သည်ဟု သံသယရှိသူ၏အလောင်းအား သြစတေးလျ ရဲတပ်ဖွဲ့မှရှာဖွေတွေ့ရှိ
    ရဲတပ်ဖွဲ့ဝင်သုံးဦးနှင့် ဆေးဘက်ဆိုင်ရာအကူတစ်ဦးအားပစ်သတ်ခဲ့သည်ဟု သံသယရှိသူ၏ ရုပ်အလောင်းအား ဗီယင်နာမြို့ ကီလိုမီတာ ၇၀ အကွာ Melk ဒေသ တောထဲတွင် သြစတေးလျရဲတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့သည်ဟုသိရသည်။
    မီးလောင်ကျွမ်းနေသော အဆိုပါ အလောင်းအား လယ်တောထဲရှိ အိမ်တစ်လုံးရှိ အခန်းထဲတွင် ယနေ့ နံနက်စောစောပိုင်းက တွေ့ရှိခဲ့ရပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေသော်လည်း လူလေးဦးအားသတ်ခဲ့သည့် လူသတ်သမားဖြစ်မည်ဟု ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Roland Scherscher က ပြောကြားခဲ့သည်။ တနင်္လာနေ့ကဖြစ်ပွားခဲ့သော အသက် ၅၅ နှစ်အရွယ်ရှိလူတစ်ဦးမှာ လိုင်စင်မရှိဘဲ သမင်များကို အမဲလိုက်သောကြောင့် ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ဖမ်းဆီးရာ ရဲတပ်ဖွဲ့ဝင်သုံးဦးနှင့် ဆေးဘက်အကူတစ်ဦးတို့အား ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ထွက်ပြေး လွတ်မြောက်သွားခြင်းဖြစ်သည်ဟု Roland Scherscher က ထည့်သွင်းပြောကြားခဲ့သည်။
    ……………………………………………………..
    ဂရိတွင် အလုပ်သမားများဆန္ဒပြ
    အစိုးရ၏ စီးပွားရေးပြင်ဆင်ခန့်ခွဲမှုနှင် အလုပ်အကိုင်လျှော့ချရန်စီစဉ်မှုများအား ဆန့်ကျင်သောအနေဖြင့် ဂရိအစိုးရ၀န်ထမ်းများက နိုင်ငံတစ်ဝှမ်း ၂ ရက်ကြာဆန္ဒပြမှုကိုစတင်လိုက်သည်။ အဆိုပါဝန်ထမ်းများသည် မြို့တော်အေသင်တစ်ဝှမ်းတွင် “အလုပ်အကိုင်လျှော့ချခြင်း အလိုမရှိ””ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား ဖျက်သိမ်းခြင်းအလိုမရှိ” စသည့် ပိုစတာများကိုင်ဆောင်ကာ လှည့်လည်ဆန္ဒပြခဲ့ကြသည်။
    …………………………………
    သဘောတူညီထားသည့် နျူကလီးယား ဖျက်သိမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖေါ်ရန် မြောက်ကိုရီးယားအား ဂျပန်တိုက်တွန်း
    မြောက်ကိုရီးယား အနေဖြင့် ယခင်က သဘောတူညီထားသည့် ကိုရီးယားကျွန်းဆွယ် နျူးကလီးယား ကင်းစင်ရေး သဘောတူညီချက်အား ၆ နိုင်ငံဆွေးနွေးပွဲ မစတင်မီ အကောင်အထည်ဖော်ရန် ဂျပန် ကတ်ဘိနက် အတွင်းရေးမှူးချုပ် ယိုရှိဟိုင်ဒီက တိုက်တွန်းပြောကြားလိုက်သည်ဟု ဂျပန်ပြည်တွင်း မီဒီယာများက ဖော်ပြခဲ့သည်။ ထိုတိုက်တွန်းချက်မှာ မည်သည့်ကြိုတင် သတ်မှတ်ချက်မှမပါဘဲ ၆ နိုင်ငံဆွေးနွေးပွဲအား ပြန်စရန် မြောက်ကိုးရီးယား၏ ကမ်းလှမ်းမှုအား ပယ်ချလိုက်ခြင်းဖြစ်သည်ဟု ဂျပန်သတင်းဌာနတစ်ခုဖြစ်သည့် ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့သည်။
  • ၂၀၀၉ ခုနစ်မှ ၂၀၁၃ ခုနစ်အတွင်း တကမ္ဘာလုံး အမဲသားနှင့် ဝက်သား ထုတ်လုပ်မူ့ အများဆုံး နိုင်ငံများစာရင်း
    စက်တင်ဘာ-၁၈
    စုစည်းတင်ဆက်သူ -Maung Khin
    pork
    ၂၀၁၃ (ဧပြီလအထိ) အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဌာန (United States Department of Agriculture) ကထုတ်တဲ့ ကမ္ဘာ့ သားငါးထုတ်လုပ်မူ့ မှတ်တမ်းတွင်………..
    ၂၀၁၃ ခုနစ် ဧပြီလအထိ တကမ္ဘာလုံး အမဲသားထုတ်လုပ်မူ့ ၅၇.၅၂၇ မီလီယံ မက်ထရစ်တန် ရှိ၍
    (၁) ပထမ – အမေရိကန်နိုင်ငံ ၁၁.၃၈၆ မီလီယံ မက်ထရစ်တန်
    (၂) ဒုတိယ – ဘရာဇီးနိုင်ငံ ၉.၅ မီလီယံ မက်ထရစ်တန်
    (၃) တတိယ – ဥရောပယူနီယံ ၇.၇၃၅ မီလီယံ မက်ထရစ်တန်
    (၄) စတုတ္ထ – တရုတ်နိုင်ငံ ၅.၅၉ မီလီယံ မက်ထရစ်တန်
    (၅) ပဉ္စမ – အိန္ဒိယနိုင်ငံ ၃.၈ မီလီယံ မက်ထရစ်တန်
    ၂၀၁၃ ခုနစ် ဧပြီလအထိ တကမ္ဘာလုံး ဝက်သားထုတ်လုပ်မူ့ ၁၀၇.၄၁၂ မီလီယံ မက်ထရစ်တန် ရှိ၍
    (၁) ပထမ – တရုတ်နိုင်ငံ ၅၃.၈ မီလီယံ မက်ထရစ်တန်
    (၂) ဒုတိယ – ဥရောပယူနီယံ ၂၂.၅၅ မီလီယံ မက်ထရစ်တန်
    (၃) တတိယ – အမေရိကန်နိုင်ငံ ၁၀.၆၆၉ မီလီယံ မက်ထရစ်တန်
    (၄) စတုတ္ထ – ဘရာဇီးနိုင်ငံ ၃.၃၇ မီလီယံ မက်ထရစ်တန်
    (၅) ပဉ္စမ – ရုရှားနိုင်ငံ ၂.၁၅ မီလီယံ မက်ထရစ်တန်
    (အလေးချိန်ကို CWE ဟုခေါ်သော တိရိစ္ဆာန်ကို သတ်ပြီးလျှင် ခေါင်း၊ကလီစာ၊အရေပြား များကိုဖယ်ပြီး metric tonနှင့် ချိန်စက်သည်)
    ၂၀၀၉ ခုနစ်မှ ၂၀၁၃ ခုနစ်အတွင်း တကမ္ဘာလုံး အမဲသားထုတ်လုပ်မူ့ အများဆုံး နိုင်ငံများစာရင်းတွင် မွတ်စ်လင်နိုင်ငံဆို၍ ပါကစ္စတန် တစ်နိုင်ငံသာလျှင် အဆင့် ၉ ချိတ်ပါသည်။
    ၂၀၁၃ ခုနစ်အတွက် တစ်ကမ္ဘာလုံးတွင် မွတ်စ်လင် မဟုတ်သော နိုင်ငံများမှ သတ်သော နွားအကောင် အရေအတွက်နဲ့ မွတ်စ်လင်နိုင်ငံများက သတ်သော နွားအကောင်အရေအတွက်ကို [ cattle weight at slaughtering – round about 0.5 ton or 500 kg] သတ်ခါနီး နွားတစ်ကောင်ရဲ့ အသားထွက်ရှိမူ့ ၀.၅ မက်ထရစ်တန် နဲ့တွက်ပြီး နှိုင်းယှဉ် တွက်ကြည့်နိုင်ပါသည်။
    တစ်နှစ်ကို ဝက်ကောင်အရေအတွက် ဘယ်လောက်သတ်သလဲသိချင်ရင် သတ်ခါနီး ဝက်တစ်ကောင်ရဲ့ အလေးချိန်ကို ပျမ်းမျှခြင်း ၀.၁ မက်ထရစ်တန် နဲ့တွက်ကြည့်နိုင်ပါသည်။
    ၂၀၀၉ ခုနစ်မှ၂၀၁၃ (ဧပြီလအထိ) အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဌာန (United States Department of Agriculture) ကထုတ်တဲ့ ကမ္ဘာ့ သားငါးထုတ်လုပ်မူ့ မှတ်တမ်းတွင် http://www.fas.usda.gov/psdonline/circulars/livestock_poultry.pdf
  • စက်တင်ဘာ ၁၈၊ အားကစားသတင်းများ
    စက်တင်ဘာ ၁၈၊ အားကစားသတင်းများ
    စက်တင်ဘာ ၁၈၊ ၂၀၁၃
    M-Media
    ချယ်ဆီးတွင်နေရာရရှိရန် တိုက်ပွဲဝင်သွားမည်ဟု ဘားဆို
    ချယ်ဆီးအသင်းသို့အငှားစာချုပ်ဖြင့်ပြောင်းရွှေ့လာခဲ့သည့် တိုက်စစ်မှူးသစ် ဒမ်ဘာဘားက အသင်းတွင် နေရာရရှိရန် တိုက်စစ်မှူးများဖြစ်ကြသည့် ဆင်မြူရယ် အီတူးနှင့် ဖာနန်ဒိုတောရက်စ်တို့ဖြင့် ယှဉ်ပြိုင်သွားမည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။ ချယ်ဆီးသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရောက်ရှိလာသည့် အီတူးနှင့် တောရက်စ်တို့အကြားတွင် နေရရှိရန်ခက်ခဲနေသော်လည်း ဘားက “ကျွန်တော်အသင်းမှာဆက်ရှိနေရင် နေရာရဖို့အတွက်တိုက်ပွဲဝင်သွားမယ်လို့ နည်းပြကို ပြောခဲ့ပါ တယ်။ အခုကျွန်တော် ချယ်ဆီးမှာဆက်ရှိနေပါတယ်။ ကျွန်တော်ဟာဖရော်ဖက်ရှင်နယ်ကစားသမားကောင်းဖြစ်ပြီး အမြဲတမ်း အလုပ်ကိုလည်း ကြိုးစားလုပ်ပါတယ်။ ကျွန်တော်ဒီအတိုင်းပဲ ဆက်လက်လက်ဆောင်သွားမှာပါ။ ပွဲတွေကစားချင်ပါတယ်။ ဒါတွေက ကျွန်တော်နဲ့ အသင်းမှာကျနော်ဘယ်လောက် စွမ်းဆောင်လဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ တကယ်လို့အသင်းမှာ မပါရဘူးဆိုရင် အဲဒါ ကျွန်တော့အပြစ်ပဲဖြစ်မှာပါ” ဟု ပြောကြားခဲ့သည်။
    goal
    __________________
    အေဂျက်နှင့်ပွဲတွင်မက်ဆီပါဝင်နိုင်မည်ဟု မာတီနိုဆို
    ဘာစီလိုနာနည်းပြ မာတီနိုက အသင်းတိုက်စစ်မှူးမက်ဆီမှာ ဒဏ်ရာမှသက်သာကာ ကြံ့ခိုင်မှုအပြည့်အ၀ ရနေပြီး ယနေ့ညတွင်ကစားမည့် အေဂျက်အသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပါဝင်နိုင်မည်ဟု ပြောဆိုလိုက်သည်။ မက်ဆီမှာ အက်သလက်တီကိုနှင့်ကစားခဲ့သည့် စပိန်စူပါဖလားပွဲစဉ်တွင် တံကောက်ကြော ဒဏ်ရာရရှိခဲ့ပြီး အနားယူနေရခဲ့ရသည်။ “မက်ဆီဟာ ဒီရာသီမှာ ခုအချိန်အထိ သင်းအတွက် အနည်းငယ်သာ ပါဝင်ခွင့်ရတဲ့ကစားသမားတစ်ဦးပါ။ မာလာဂါနဲ့ပွဲမှာမပါနိုင်ခဲ့သလို၊ အက်သလက်တီကိုနဲ့ စပိန်စူပါဖလားပထမအကျော့မှာလည်း ၄၅ မိနစ်ပဲ ပါဝင်ကစားနိုင်ခဲ့ပါတယ်။ အာဂျင်တီးနားနဲ့လည်း တစ်ပွဲပဲကစားခဲ့ပြီး အခုသူဟာ ကြံ့ခိုင်နေပါပြီ။ အက်သလက်တီကိုနဲ့ပွဲမှာရခဲ့တဲ့ တံကောက်ကြောဒဏ်ရာကနေ အခုသက်သာလာပါပြီး ဆက်လက်ကစားနိုင်မယ်လို့ကျွန်တော်တို့ထင်ပါတယ်”
    ဟု မာတီနိုက သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
    goal
    ______________________
    ချန်ပီယံလိဂ်တွင်အာရုံစိုက်ရန် အသင်းဖော်များအား ဟဇားဒ်တိုက်တွန်း
    ချယ်ဆီးအသင်းကွင်းလယ်လူ အေဒင် ဟဇားဒ်က အဲဗာတန်အသင်းအားရှုံးနိမ့်ခဲ့မှုအား ချန်ရစ်ကာ ဘေဆယ်နှင့်တွေ့ဆုံမည့် ချန်ပီယံလိဂ်ပွဲကို အာရုံစိုက်ရန် အသင်းဖော်များအား တိုက်တွန်းပြောဆိုလိုက်သည်။ စနေနေ့က ဂွဒ်ဒီဆင်ပါ့ခ်တွင်ကစားခဲ့သည့်ပွဲတွင် အခွင့်အရေးများစွာရရှိခဲ့သော်လည်းရှုံးနိမ့်ခဲ့သောကြောင့်
    ဟဇားဒ်က “(ချန်ပီယံလိဂ်ပွဲကို) ကျွန်တော်တို့နိုင်ဖို့လိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ချယ်ဆီးအသင်းဟာ အသင်းကြီးတစ်သင်းပါ။ တကယ်လို့ကျွန်တော်တို့ နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့မယ်ဆိုရင် ကျွန်တော်တို့အတွက်တော်တော်ဆိုးရွားမှာပါ။ အဲဗာတန်နဲ့ပွဲပထမပိုင်းမှာ ကျွန်တော်တို့ဂိုးရခဲ့ရင် ရလဒ်က တစ်မျိုးဖြစ်သွား မှာပါ။ (ချပီယံလိဂ်မှာ) ဘေဆယ်ကိုအနိုင်ရဖို့ လေ့ကျင့်ရေးအစီအစဉ်မှာ ကြိုးကြိုးစားစားလုပ်ဖို့လိုပါတယ်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
    goal
    ____________________
    ဖယ်လ်ကာအိုအား လူကပ်ရလွယ်သည်ဟု ကုန်းဆို
    ပြင်သစ်လိဂ်ဝမ်းကလပ် လော်ရီယန့်အသင်း၏နောက်ခံလူ လမိုင်းကုန်းက မိုနာကိုအသင်း တိုက်စစ်မှူး ဖယ်လ်ကာအိုမှာ လူကပ်ကစားရလွယ်သည်ဟု ပြောဆို လိုက်သည်။ တနင်္ဂနွေနေ့ကစားခဲ့သည့် မိုနာကိုအသင်းနှင့် လော်ရီယန့်အသင်းတို့ကစားခဲ့သောပွဲစဉ်တွင် မိုနာကိုက ဖယ်လ်ကာအို၏ ပင်နယ်တီသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဖယ်လ်ကာအိုမှာ အီဗရာဟီမိုဗစ်နှင့် ဂိုးမစ်လောက် လူကပ်ရမခက်ဟု ပြောဆိုခဲ့သည့် ကုးန်က “သူ(ဖယ်လ်ကာအို)ဟာ ကျွန်တော် လူကပ် ကစားခဲ့တဲ့ တိုက်စစ်မှူးတွေမှာ အခက်ခဲဆုံးလား။ မဟုတ်ပါဘူး။ လိဂ်ဝမ်းမှာ လူကပ်ကစားရ ပိုခက်တဲ့ကစားသမားတွေရှိပါတယ်။ ဥပမာ အီဗရာဟီမိုဗစ်လိုပေါ့. သိပ်ကို
    ခက်တဲ့ကစားသမားပါ။ ဘဖီ ဂိုမစ်၊ ပြီးတော့ (စိန့်အက်တီယန်တိုက်စစ်မှူး) ဘရန်ဒိုလို ကစားသမားမျိုးတွေဟာလည်း လူကပ်ဖို့ခက်ပါတယ်။ သူတို့ဟာ ပါဝါရှိတယ်၊ ပြီးတော့ ဂိုးသွင်းဖို့လည်း သန်မာကြတယ်။ သူတို့ဆီကဘောလုံးပျက်သွားအောင်လုပ်ဖို့ မလွယ်ပါဘူး” ဟု France Football သို့ ပြောကြားခဲ့သည်။ ဖယ်လ်ကာအိုမှာ မိုနာကိုအသင်းနှင့် ပြင်သစ်လိဂ်ပြိုင်ပွဲတွင် ၅ ပွဲကစားခဲ့ပြီး လေးဂိုးသွင်းယူပေးထားနိုင်သည်။
    goal
    _______________________
    ချန်ပီယံလိဂ်နိုင်ပွဲအတွက် အသင်းသားများအား ဂွာဒီယိုလာချီးကျူး
    ဘိုင်ယံမြူးနစ်အသင်း၏နည်းပြဖြစ်သူ ပက်ပ် ဂွာဒီယိုလာက စီအက်စ်ကေအေမော်စကိုအသင်းအား အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် အသင်းသားများ၏ စွမ်းဆောင်ရည်အား ချီးကျူးပြောဆိုလိုက်သည်။ ဘိုင်ယန်မှာ ယမန်နေ့ကကစားခဲ့သည့် အဆိုပါပွဲစဉ်တွင် အယ်လ်ဘာ၊ မန်ဇူကစ်၊ ရော်ဘင်တို့၏သွင်းဂိုးများဖြင့်  အနိုင်ရရှိခဲ့ပြီး၊ ထိုပွဲအနိုင် ရလဒ်ကြောင့် ချီးကျူးမှုကို ခံထိုက်သူများမှာ အသင်းသားများဖြစ်ကြပြီး ၎င်းကိုယ်တိုင်မဟုတ်ဟု ဂွာဒီယိုလာကဆိုသည်။ “ကစားခဲ့တဲ့ပုံစံက ဘိုင်ယန်အသင်းရဲ့ ကစားပုံဖြစ်ပြီး ကျွန်တော့်ရဲ့ပုံစံမဟုတ်ပါဘူး။ အသင်းကစားသမားအသစ်တွေကို အားပေးဖို့ကျွန်တော်ဒီမှာရှိနေတာဖြစ်ပြီး သူတို့အတွက် ကျွန်တော်ဂုဏ်ယူမိပါတယ်။ ချန်ပီယံလိဂ်ဖလားရပြီးနောက်ပိုင်း ပထမဆုံးကစားတဲ့ပွဲဟာ မလွယ်ပါဘူး။ လူတိုင်းကဒါကိုလွယ်တယ်လို့ထင်ကြပါတယ်။ ဒါပေမယ့်မလွယ်ပါဘူး။ ဒါပေမယ့်
    အသင်းရဲ့စွမ်းဆောင်ရည်ကိုကျွန်တော်ကျေနပ်ပါတယ်။ အထူးသဖြင့်ပထမပိုင်းကစားပုံပေါ့။ သိပ်ကိုကျေနပ်စရာကောင်းပါတယ်” ဟု ချန်ပီယံလိဂ်ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
    goal
    _____________________
    မန်ယူအတွက် ရွန်းနီ ဂိုး ၂၀၀ ပြည့်သွင်း၊ ရော်နယ်ဒို ဟက်ထရစ်ရသွားတဲ့ အသင်းကြီးများ အနိုင်ရရှိခဲ့ကြသည့် ချန်ပီယံလိဂ်အုပ်စုအဖွင့် အင်္ဂါနေ့ညပွဲစဉ်များ
    ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်များကို အုပ်စုလေးခုမှ အသင်းများ ယနေ့နံနက်ကယှဉ်ပြိုင်ကစားခဲ့ရာ အသင်းကြီးအားလုံးနီးပါးအနိုင်ရရှိခဲ့ကြသည်။
    အုပ်စု A
    မန်ချက်စတာယူနိုက်တက် ၄-၂ လေဗာကူဆင်
    ရီးယဲလ်ဆိုဒီဒက် ၀-၂ ရှက်တာဒိုးနက်
    အိုးထရက်ဖို့ဒ်တွင်ကစားခဲ့ကြသည့် မန်ယူနှင့်လေဗာကူဆင်တို့ပွဲတွင် ဗန်ပါစီ၊ ရူနီတို့၏သွင်းဂိုးများဖြင့် မန်ယူအသင်းက အနိုင်ရရှိခဲ့သည်။ ၄ ဂိုး ၂ ဂိုးဖြင့် မန်ယူကအနိုင်ရရှိခဲ့သောအဆိုပါပွဲတွင် ရူနီက ၂၂ မိနစ်ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး လေဗာကူဆင်က ရိုလ်ဖက်စ်က ၅၄ မိနစ်တွင်ချေဂိုးသွင်းယူပေးခဲ့သည်။ လေဗာကူဆင်အသင်းမှာ မန်ယူအသင်းအားအပြန်အလှန်ကစားနိုင်ခဲ့ပြီး မန်ယူဂိုးပေါက်ကိုခြိမ်းခြောက်နိုင်ခဲ့သော်လည်း အဆုံးသတ်ပိုင်းအားနည်းမှုကြောင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ မန်ယူအသင်းအတွက်အနိုင်ဂိုးများကို ၅၉၊ ၇၀၊ ၇၉ မိနစ်တို့တွင် ဗန်ပါစီ ရူနီနှင့် ဗလင်စီယာတို့ကအသီးအသီးသွင်းယူပေးခဲ့ကြပြီး လေဗာကူဆင်အတွက် ဒုတိယချေဂိုးကို ၈၈ မိနစ်တွင် အိုမာတော့ပ်ရက်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ယခုပွဲအနိုင်ရရှိမှုကြောင့် မန်ယူနည်းပြဒေးဗစ်မိုယက်စ်မှာ မျက်နှာပန်းလှခဲ့ပြီး ရူနီမှာလည်း မန်ယူအတွက်သူ၏ ၁၉၉ မြောက်နှင့် ၂၀၀ မြောက်ဂိုးကိုသွင်းယူပေးနိုင်ခဲ့သည်။
    စပိန်တွင်ကစားခဲ့ကြသည့် ရှက်တာဒိုးနက်နှင့် ရီးယဲလ်ဆိုဆီဒက်တို့ပွဲစဉ်တွင် ရှက်တာဒိုးနက်က အိမ်ရှင်အား အဲလက်တက်စီရာ၏ ၆၅ မိနစ်နှင့် ၈၇ မိနစ်သွင်းဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ဂိုးကွာခြားချက်ဖြင့် အုပ်စုပထမနေရာတွင်ရှိနေသည်။
    ………………………………………………….
    အုပ်စု B
    ဂါလာတာစာရေး ၁-၆ ရီးယဲလ်မက်ဒရစ်
    ကိုပင်ဟေဂင် ၁-၁ ဂျူဗင်တပ်စ်
    ဂါလာတာစာရေး၏အိမ်ကွင်း အလီဆာမီယန်ကွင်းတွင် ကစားခဲ့ကြသည့် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဂါလာတာစာရေးတို့ ပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်က ၆ ဂိုး ၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ ယခုပွဲတွင် ရီးယဲလ်တိုက်စစ်မှူးရော်နယ်ဒို အထူးခြေစွမ်းပြခဲ့ပြီး ဟက်ထရစ်သွင်းယူပေးနိုင်ခဲ့သည်။ ရီးယဲလ်အသင်းအတွက်ဂိုးများကို ၃၃ မိနစ်တွင် အစ္စကို၊ ၅၄ နှင် ၈၁ မိနစ်တို့တွင် ဘန်ဇီမာ၊ ၆၃၊ ၆၆ နှင့် ဒုတိယပိုင်းပြီးကာနီး နာကျင်အချိန်ပိုတွင် ရော်နယ်ဒိုတို့က အသီးအသီးသွင်းယူပေးခဲ့သည်။ ဂါလာတာစာရေးအတွက် နှစ်သိပ့်ဂိုးကို ၈၄ မိနစ်တွင် အူမွတ် ဘူလွတ်က သွင်းယူပေးခဲ့သည်။ ပြိုင်ပွဲမတင်မီက ဂါလာတာစာရေးနည်းပြဖြစ်သူမှာ ရီးယဲလ်အားယှဉ်ကစားနိုင်လိမ့်မည်ဟုပြောဆိုခဲ့သော်လည်း ရီးယဲလ်အသင်းအား အဖက်ဖက်မယှဉ်နိုင်ခဲ့ပေ။
    အီတလီထိပ်သီးဂျူဗင်တပ်စ်နှင့် ကိုပင်ဟေဂင်တို့၏ပွဲစဉ်မှာ ၁ ဂိုး စီသရေဖြင့်ပြီးဆုံးခဲ့သည်။ ဦးဆောင်ဂိုးကို ကိုပင်ဟေဂင်မှရရှိခဲ့ပြီး ၁၄ မိနစ်တွင် နီကိုလိုင် ဂျော်ဂန်ဆန်က သွင်းယူပေးခဲ့သည်။ ဂျူဗင်တပ်စ်အသင်းအတွက်ချေပဂိုးကို ၅၄ မိနစ်တွင် ဖေဘီယို ကွာဂလီရယ်လာက သွင်းယူပေးခဲ့သည်။
    …………………………………………….
    အုပ်စု C
    အိုလံပီယာကော့စ် ၁-၄ ပီအက်စ်ဂျီ
    ဘင်ဖီကာ ၂-၀ အန်ဒါလက်ခ်ျ
    အုပ်စု C ပွဲစဉ်များအဖြစ် အိုလံပီယာကော့စ်နှင့် ပီအက်စ်ဂျီ၊ ဘင်ဖီကာနှင့် အန်ဒါလက်ခ်ျတို့ကစားခဲ့ကြသည်။
    ဂရိတွင်ကစားခဲ့ကြသည့် အိုလံပီယာကော့စ်နှင့် ပီအက်စ်ဂျီတို့၏ပွဲတွင် ပီအက်စ်ဂျီက အိမ်ရှင်အသင်းအား ၄ ဂိုး ၁ဂိုးဖြင့် ပြတ်ပြတ်သားသားအနိုင်ရရှိခဲ့သည်။ ဦးဆောင်ဂိုးကို ၁၉ မိနစ်တွင် ပီအက်စ်ဂျီမှ ကာဗာနီက သွင်းယူပေးခဲ့ပြီး ၂၅ မိနစ်တွင် အိုလံပီယာကော့စ်မှ ၀ီစစ်က ပြန်လည်ချေပခဲ့သည်။ သို့သော်လည်း ၆၈နှင့် ၇၃ မိနစ်တို့တွင် သီယာဂိုမော်တာနှင့် ၈၆ မိနစ်တွင် မာကွင်ဟိုတို့က ပီအက်စ်ဂျီအသင်းအတွက် အနိုင်ဂိုးများကို အသီးသီးသွင်းယူပေးခဲ့သည်။ ယခုပွဲတွင် ပီအက်စ်ဂျီအသင်းက ဖိကစားနိုင်ခဲ့ပြီး ဂိုးပေါက်ကန်သွင်းခွင့် ၁၀ ကြိမ်အထိရရှိခဲ့သည်။
    ဘင်ဖီကာနှင့် အန်ဒါလက်ခ်ျတို့ပွဲတွင် ဘင်ဖီကာက ပထမပိုင်းသွင်းဂိုးများဖြင့် အန်ဒါလက်ခ်ျအား ၂ ဂိုး ပြတ်ဖြင့်အနိုင်ရရှိခဲ့သည်။ ဘင်ဖီကာအတွက်ဂိုးများကို ပွဲအစ ၄ မိနစ်တွင်
    ဂျူရစ်စစ်နှင့် မိနစ် ၃၀ တွင် လူဝီဆာအိုတို့က သွင်းယူပေးခဲ့သည်။
    ……………………………………….
    အုပ်စု D
    ဘိုင်ယန်မြူးနစ် ၃-၀ စီအက်စ်ကေအေမော်စကို
    ဗစ်တိုးရီးယား ပါဇန် ၀-၃ မန်ချက်စတာစီးတီး
    ဘာစီလိုနာနည်းပြဟောင်း ဂွာဒီယိုလာကိုင်တွယ်သည့် ချန်ပီယံလိဂ် လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းမှာလည်း အိမ်ကွင်းတွင်အောင်ပွဲခံနိုင်ခဲ့ပြီး စီအက်စ်ကေအေမော်စကိုအသင်းအား ၃ ဂိုးပြတ်ဖြင့်အနိုင်ရရှိခဲ့သည်။ ပွဲအစ ၄ မိနစ်မှာပင် ဘိုင်ယန်က အဖွင့်ဂိုးရရှိခဲ့ပြိး ဖရီးကစ်မှတစ်ဆင့် အလ်ဘာက သွင်းယူခဲ့သည်။ ဘိုင်ယန်ကတောက်လျှောက်ဖိကစားခဲ့ပြီး စီအက်စ်ကေအေဂိုးပေါက်သို့အကြိမ်ကြိမ်ခြိမ်းခြောက်နိုင်ခဲ့သည်။ ဘိုင်ယန်အတွက်ဒုတိယဂိုးကို ၄၁ မိနစ်တွင် မန်ဇူကစ်ကသွင်းယူပေးခဲ့ပြီး နောက်ဆုံးပိတ်အနိုင်ဂိုးကို ကွင်းလယ်လူရော်ဘင်က ၆၈ မိနစ်တွင် သွင်းယူပေးခဲ့သည်။
    ဗစ်တိုးရီးယား ပါဇန်အသင်းနှင့် မန်စီးတီးတို့ပွဲစဉ်ကို ပါဇန်အသင်း၏အိမ်ကွင်း ဒိုဆန်အရီနာတွင် ကစားခဲ့ကြပြီး ဧည့်သည်မန်စီးတီးအသင်းက ၃ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ မန်စီးအသင်းတွင် ဒဏ်ရာရရှိခဲ့သည့် အသင်းခေါင်းဆောင် ကွန်ပနီပြန်လည်ပါဝင်လာခဲ့သည်။ မန်စီးတီးအသင်းအတွက်ဂိုးများမှာ ဒုတိယပိုင်းတွင်ရရှိခဲ့ခြင်းဖြစ်ပြီး ၄၈ မိနစ်တွင် ဇက်ကို၊ ၅၃ မိနစ်တွင် ယာယာတိုးရေးနှင့် ၅၈ မိနစ်တွင် အဂူရိုတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ မန်စီးတီးအသင်းမှာ ပြီးခဲ့သည့် ၂ နှစ်အတွင်း ချန်ပီယံလိဂ်အုပ်စုအဆင့်မှသာ လှည့်ပြန်ခဲ့ရပြီး ယခုနှစ်တွင် အုပ်စုအဆင့်အားဖြတ်ကျော်နိုင်မည်လားဆိုသည်ကိုစောင့်ကြရမည်ဖြစ်သည်။
  • မြန်မာမွတ်စလင်မ်တိုင်း သိထားသင့်သည့် ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေ
    စက်တင်ဘာ ၁၈၊ ၂၀၁၃
    ရေးသူ – Robert Elhose
    1208985_158313511034256_1545417434_n
    ဒီနေ့ မြန်မာပြည်က မွတ်စ်လင်မ် အားလုံးအတွက် သေရေး ရှင်ရေးတမျှ အရေးကြီးနေတဲ့ ၁၉၈၂ နိုင်ငံသားဥပဒေ ဆိုတာကို ပညာရပ် ဆိုင်ရာ စကားလုံးများ မပါပဲ လူတိုင်း နားလည် နိုင်အောင် တတ်နိုင်သလောက် ပြောကြည့်ပါမယ်။ ဒါဟာ ကျွန်တော်တို့ အားလုံးအတွက် တကယ့် နိုင်ငံရေး လုပ်ကြံမှုကြီးပါ။
    ပထမဦးစွာ ဒီညစ်ပတ်တဲ့ ဥပဒေကြီး ဘယ်လိုကဖြစ်လာသလဲ ဆိုတာပါ။ ဒီဥပဒေရဲ့ အဓိက ဗိသုကာကတော့ အာဏာရှင်ဟောင်းကြီး ဦးနေ၀င်း၊ သူ့ရဲ့ နောက်ဆုံး ဇနီး ဒေါ်နီနီမြင့်၊ ပြီးခဲ့တဲ့ နှစ် အနည်းငယ်ကမှ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကွယ်လွန် သွားခဲ့တဲ့ အစွန်းရောက် မွတ်စ်လင်မ် မုန်းတီးရေးဝါဒီ၊ ရခိုင်လူမျိုး သမိုင်း ပါမောက္ခဟောင်း ဒေါက်တာအေးကျော်နဲ့ အဲ့ဒီအချိန်က သူ့လက်ရင်း တပည့် ဖြစ်ခဲ့တဲ့ ယခု ဂျပန်နိုင်ငံ ကန်တတက္ကသိုလ်မှာ အရှေ့တောင်အာရှရေးရာ သမိုင်းပါမောက္ခ လုပ်နေသူ ဒေါက်တာအေးချမ်း ဆိုသူတွေဟာ အဓိက လက်သည်တွေပါပဲ။ အဲ့ဒီ အချိန်က တိုင်းပြည်ရဲ့ အလုံးစုံအာဏာ ကို ဆုပ်ကိုင်ထားတဲ့ အာဏာရှင်ကြီး ဦးနေ၀င်းကို သူ့ဇနီး ဒေါ်နီနီမြင့်မှ တဆင့် မွတ်စ်လင်မ် မုန်းတီးရေးဝါဒီ ရခိုင်လူမျိုးများရဲ့ ထိုးဖောက် အကွက်ဆင်မှုများထဲက တစ်ခုဆိုတာ မှန်းဆ နိုင်ကြမှာပါ။
    သုံးလေးနှစ်လောက် အချိန်ယူပြီး မွတ်စ်လင်မ်များကို အဓိက ပစ်မှတ်ထားရေးဆွဲထားတဲ့ ဒီဥပဒေဟာ ရေပက်မ၀င်လောက်အောင်ကို ကျွန်တော်တို့ အားလုံးကို ဘယ်လို လည်မြိုညှစ်ထားတယ် ဆိုတာကို နားလည်သလောက် တင်ပြနိုင်အောင် အားထုတ်ကြည့်ပါမယ်။
    ဒီဥပဒေ အရ ဆိုရင် –
    ၁။ နိုင်ငံသားဆိုရာမှာ တိုင်းရင်းသားနဲ့ ပြုနိုင်ငံသား (ဟိုတုန်းကတော့ ဧည့်နိုင်ငံသားလို့ သုံးပါတယ်) ဆိုပြီး နှစ်မျိုးခွဲ လိုက်ပါတယ်။ တိုင်းရင်းသား ဆိုရာမှာ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ (၁၈၂၃) မတိုင်မီ မြန်မာ နိုင်ငံထဲမှာ နေထိုင် လာခဲ့သူတွေလို့ သတ်မှတ်ထားပြီး ဒီ့နောက်ပိုင်းမှ ရောက်လာတယ်လို့ သူတို့က သက်သေ ပြမယ့် သူတွေအတွက်တော့ တိုင်းရင်းသား အဆက်အနွယ်မဟုတ်ဘူးလို့ ဆိုလိုတာ ရှင်းပါတယ်။
    ၂။ နောက်တစ်ခုက လွပ်လပ်ရေးမရခင် အရင် ၈-နှစ် (၁၉၄၀ ခုနှစ်၊ ဇန္န၀ါရီလ ၄ ရက်နေ့) နောက်ပိုင်း တိုင်းပြည်တွင်း တစ်ဆက်စပ်တည်း နေထိုင်လာသူ ဘိုးဘွားများက ပေါက်ဖွားလာသူများက သူတို့ပြောတဲ့ ပြုနိုင်ငံသား(ဧည့်နိုင်ငံသား)အဖြစ် လျှောက်ထားနိုင်တယ် လို့ဆိုထားပါတယ်။ သူတို့က စဉ်းစားပြီး ခွင့်ပြု ရင်တောင် အဲ့ဒီပုဂ္ဂိုလ်က ဧည့်နိုင်ငံသားပဲ ဖြစ်မှာနော်။ နိုင်ငံသားမဖြစ်သေးဘူး။ အဲ … အဲ့ဒီ ဧည့်နိုင်ငံသားက မွေးတဲ့ တတိယမျိုးဆက်၊ မြေးအဆင့်ကမှ အထောက်အထား အပြည့်အစုံနဲ့ လျှောက်ထားပါမှ နိုင်ငံသား အဖြစ် စဉ်းစားပေးမယ်တဲ့။
    ၃။ အဲ့ဒီလိုနဲ့မှ တင်းပြည့် နိုင်ငံသား ဖြစ်လာရင်တောင် တိုင်းရင်းသား မိဘက ပေါက်ဖွားလာတဲ့ ပထမတန်းစား နိုင်ငံသား မဟုတ်ခြင်းကြောင့် ဤသူများအား နိုင်ငံတော်က လိုအပ်သည်ဟု ယူဆချိန်တွင် နိုင်ငံသား အခွင့်အရေး အချိန်မရွေး ပြန်လည် ရုပ်သိမ်းနိုင်သည်လို့ ပါရှိပါတယ်။
    ဒီသုံးချက်ကို အခြေခံ ပြီး လူတိုင်း နားလည်အောင် အကျယ် ထပ်ရှင်းပါမယ်။
    ရှင်းလင်းချက် နံပါတ်(၁)
    ခရစ်နှစ် ၁၈၂၃-ခု အရင် မြန်မာနိုင်ငံတွင်းမှာ မှီတင်း နေထိုင်ခဲ့ကြသူ မွတ်စ်လင်မ်တွေ အကြောင်း ပြန်ပြောင်းပြောရမယ် ဆိုရင် အခုအငြင်းပွားနေတဲ့ ရိုဟင်ဂျာကစပြီး ရခိုင်ပြည်တွင်းမှာဆို ကမန်၊ မဟာမေဒင် တွေနဲ့ ရခိုင်မဟုတ်တဲ့ လက်ရှိမြန်မာပြည် အရပ်ရပ်မှာဆို ပသီ၊ မြေဒူး၊ ပန်းသေး၊ ပသျှူး စတဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်သူတွေ ဆိုတာ အမှန်တကယ် ရှိခဲ့ကြောင်း ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်း ကျမ်းအစောင်စောင်မှာ မွှေနှောက် ရှာဖွေ ကြည့်နိုင်ပါတယ်။ ဒီအကြာင်း အကျယ်မရှင်းလိုပါ။
    ရိုဟင်ဂျာ ဆိုတဲ့ ရခိုင်ပြည်နယ်တွင်း နေထိုင်ခဲ့တဲ့ မွတ်စ်လင်မ် လူမျိုးစုတွေဟာ သူတို့ပြောနေသလို ၁၈၂၃ ဟိုမှာဖက် ကတည်းက ဒီနယ်မြေထဲမှာ နေထိုင်ခဲ့ကြောင်း ကျိုးကြောင်းခိုင်လုံတဲ့ အထောက်အထားနဲ့ တကွ တင်ပြနိုင်ရင် ဒါ တိုင်းရင်းသားပဲပေါ့။ ၈၂-ဥပဒေ အရကို နိုင်ငံသားသာမဟုတ် ၊ တိုင်းရင်းသားပါ ဖြစ်နေပါပြီဆိုတာ ရှင်းပါတယ်။
    ခရစ်နှစ် ၁၇၉၉-ခုနှစ် က ရိုက်နှိပ် ထုတ်ဝေ ခဲ့တဲ့ ဒေါက်တာဖရန်စစ် ဘူခါနန် ရဲ့ ခရီးသွားမှတ်တမ်းမှာ မဟာမေဒင်ဘာသာ ကိုးကွယ်သော ရိုဟန်းဂျာ လူမျိုးဆိုတာ ရခိုင်ဒေသမှာ အုံလိုက်ကျင်းလိုက် နေထိုင်ခဲ့ဘူးကြောင်း သမိုင်းအထောက်အထားဟာ ပထမတန်း စား Primary Source အထောက်အထား ဖြစ်ကြောင်း သမိုင်းပညာရှင်အားလုံးက လက်ခံထားပါတယ်။ ဒီကိစ္စ မကြာခင်ကပဲ ကိုဌေးလွင်ဦးနဲ့ ရခိုင်သမိုင်း ပညာရှင် ဒေါက်တာအေးချမ်းတို့ အကြား ငြင်းအခုံ ဖြစ်ခဲ့ကြတာ အားလုံးအသိပါ။
    အချက်အလက်နဲ့ ငြင်းခုံဖို့ရာ မစွမ်းသာတော့တဲ့ အခါ ဒေါက်တာ အေးချမ်းက ဒီ ရိုဟန်းဂျာ ဆိုတာ သူတို့ ရခိုင် ဗုဒ္ဓဘာသာ ၀င်တွေကို ပြောတာဖြစ်ကြောင်း မခိုင်မလုံ ရယ်မောဖွယ်ရာငြင်းခုံ သွားတာကိုလည်း မှတ်သား လိုက်ရပါတယ်။ ပြီးတော့ ကိုဌေးလွင်ဦးကိုလည်း သူနဲ့ တန်းမတူသူမို့ Debate မလုပ်နိုင်သလိုလို အပြောအဆိုမျိုးကိုလည်း တွေ့ရပါတယ်။ ကိုဌေးလွင်ဦးက သူနဲ့တန်းမညီလို့ မဆွေးနွေး နိုင်ဘူးလို့ ဆိုရင် သူနဲ့ တန်းညီရုံမက ကမ္ဘာ့အဆင့်မှာ သူ့ထက် တန်း ပိုမြင့် နေသူ Dr. Abib Bahar က သူ့ကို ဒီ Issue ကိုပဲ တီဗီချယ်နယ်လ်တွေရှေ့ ဆွေးနွေးကြရအောင်လို့ ကမ်းလှမ်းထားတာကို ၂-နှစ် နီးပါး သူ နှာစေး နေတာကလည်း ကလေးဆန်လှပါတယ်။ ရိုဟင်ဂျာ ကိစ္စမှာ ဒီလို ခိုင်လုံတဲ့ စာအုပ်စာတမ်း အထောက်အထား တွေအပြင် ရှေးဟောင်း ကျောက်စာတွေ၊ ဒင်္ဂါးတွေ၊ ရှေးဟောင်း မှတ်တမ်း မှတ်ရာတွေ အမြောက်အများ ရှိနေပေမယ့်လည်း ဒီနေရမှာ အကျယ်မချဲ့လိုတော့ပါ။
    ဘယ်နိုင်ငံမှာမှ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ရေးဆွဲခဲ့တဲ့ နေ့စွဲ အရင် နှစ်ပေါင်း တစ်ရာ့ငါးဆယ်၊ တစ်ရာ့ခြောက်ဆယ် လောက် အပြင်ဖက်မှာ နေထိုင်လာသူတွေကိုပဲ နိုင်ငံသားစစ်စစ် ပေးပါတယ် ဆိုတာမျိုး မတွေ့ဘူးပါဘူး။ ရှိခဲ့ရင် လည်း ကျွန်တော့် ကိုထောက်ပြပေးပါ။ ဒါဟာ ရယ်ဖွယ်သက်သက်ပါ။
    ပြီးရင်ရော ခင်ဗျား၊ ကျွန်တော်၊ သူတို့ ၊ ဘယ်သူမဆို အဲ့ဒီ နှစ်၂၀၀ နီးပါးက ဘိုးဘွားများ ဒီမှာ နေထိုင်လာခဲ့တဲ့ အထောက်အထား ကို တကယ်တမ်း ပြသနိုင်မယ့်သူ ရှိပါသလား။ ရှိမယ်ဆိုရင် လက်ရှိသမ္မတကြီး အပါအ၀င် မည်သူမဆို ပြသနိုင်ပါသလား။
    ဒါကျွန်တော့် မေးခွန်းပါ။ နောက်တစ်ခါ သူတို့က မွတ်စ်လင်မ် ဆိုရင် တိုင်းရင်းသား မဟုတ်ဘူး၊ တိုင်းရင်းသား ဆိုရင် မွတ်စ်လင်မ် မဖြစ်ရဘူးဆိုတဲ့ အတင်းရော အဓမ္မရော လုပ်ထားတဲ့ မူကလည်း ရှိထားတာ အားလုံးအသိပါ။
    ရှင်းလင်းချက် နံပါတ် (၂)
    ကျွန်တော်အထက်က တင်ပြထားတဲ့ နံပါတ်နှစ်အချက်မှာ ပါသလို လွတ်လပ်ရေးမရခင် အနည်းဆုံး ရှစ်နှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်း တစ်ဆက်တစ်စပ်တည်း နေထိုင်လာခဲ့ကြောင်း အထောက်အထား ပြသနိုင်သူ ဘိုးဘွားများရဲ့ မြေးအဆင့်ကို (ပြု) နိုင်ငံသား လျှောက်ထား နိုင်ကြောင်း ဆိုထားတယ်၊ လျှောက်ထားနိုင်တာနော်။ သူတို့က ပေးမှ ခင်ဗျားရမှာ။ ရရင်တောင် ခင်ဗျားက နိုင်ငံသားစစ်စစ် မဖြစ်ပြန်သေးဘူးတဲ့။ ခင်ဗျားရဲ့ မြေးလက်ထက်ကျမှ ဒီအထောက်အထားတွေ အားလုံး နှစ်ဖက် မိဘများရဲ့ ဘိုးဘေး အစဉ်အဆက် အထောက်အထားတွေ ခင်ဗျား စုံစုံလင်လင် ထုတ်ပြ နိုင်မှ ခင်ဗျားမြေးကို နိုင်ငံသား ဖြစ်ကြောင်း သူတို့က စဉ်းစားပေးမယ်။ စဉ်းစားပေးမှာ။ ဒါတွေဟာ ကျွန်တော် အထောက်အထားမဲ့ ပြောနေတာ မဟုတ်ရပါ။ သိပ်မကြာသေးခင်ကပဲ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီး ဦးခင်ရီ အမေရိကန် အခြေစိုက် သတင်းဌာနတွေ ဖြစ်တဲ့ ဗွီအိုအေတို့ အာရ်အက်ဖ်အေ တို့နဲ့ အင်တာဗျူးများမှာ ပြောဆိုသွားခဲ့တာတွေပါ။
    ကဲ အဲ့ဒီ (ပြု) နိုင်ငံသားနဲ့ နိုင်ငံသား ဖြစ်ဖို့ရာကြား အဆင့်ဆင့်တွေ အတွက် ခင်ဗျား ဘယ်လောက်စောင့် ရမလဲ။ ပြန်တွက်ကြည့်နိုင် ပါတယ်။ အနည်းဆုံး မျိုးးဆက် ခြောက်ဆက်။ ဒါနေရာတိုင်းမှာ ခင်ဗျား သိပ်ကံကောင်းလွန်းပြီး အဆင်ပြေပြေ ဖြစ်ခဲ့မှသာ။ ကံမကောင်းရင် မျိုးဆက် ခုနစ်ဆက် ရှစ်ဆက်လောက်တောင် ဖြစ်သွားနိုင်ပါတယ်။ ဒါနော် ခင်ဗျားတို့ ဆွေမျိုးခုနစ်ဆက်တွေ သိပ် အမှတ်အသားကောင်းပြီး မှတ်ပုံတင် အထောက်အထား အားလုံး အဆင့်ဆင့်ကို ပြသနိုင်မှ ဖြစ်လာမယ့် အရာတွေ။ အဲ့လို ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် အထောက်အထား တွေပြသနိုင်မယ့် သူ မြန်မာနိုင်ငံမှာ ရှိပါသလား။ ရှိရင် နိုင်ငံတော် သမ္မတကြီးတို့ လူဝင်မှုဝန်ကြီးဦးခင်ရီ တို့ပဲ အရင်ပြပါ။ လုံးဝ မဖြစ်နိုင်တာတွေနဲ့ လူတွေကို ချောက်တွန်းနေတာပါ။
    ကျွန်တော့် ကိုယ်ပိုင် ဥပမာ လေး တစ်ခုပဲ ပြောပြပါရစေ။ ကျွန်တော် ငယ်ငယ်တုန်းက အသက် ၁၂-နှစ်ပြည့် မှတ်ပုံတင် လုပ်ရတဲ့အခါ သုံးခေါက်ချိုး၊ ယောက်ျားလေးဖြစ်လို့ အစိမ်းရောင် နိုင်ငံသား မှတ်ပုံတင် ကဒ် ရပါတယ်။ အဲ့ဒီတုန်းက လူမျိုးနဲ့ နိုင်ငံသား နေရာတွေမှာ မြန်မာလို့ ရေးသားထားပြီး၊ ဘာသာနေရာမှာ အစ္စလာမ်လို့ ရေးထားပါတယ်။ နောက် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ ကမှ စခဲ့တဲ့ အခု ပန်းရောင် (နိုင်) နိုင်ငံသားကဒ်တွေလည်း ပေါ်လာရော ကျွန်တော်ရော၊ ကျွန်တော့်မိဘများ သဘောရောမပါပဲ အစ္စလာမ် ဘာသာဝင် ဖြစ်လို့ဆိုပြီး လူမျိုးနေရာမှာ အိန္ဒိယ/ဗမာ လို့ရေးပြီး ဘာသာနေရာမှာ အစ္စလာမ် ဆိုပြီး အတင်းရော အဓမ္မရော ရေးသဗျ။ ကျွန်တော့်မိဘများက အကြောက်အကန် ကန့်ကွက်ခဲ့ကြ ရှာပါသော်လည်း အလိုမတူပဲ အတင်းရော အဓမ္မရော ပြုကျင့်ခြင်းခံလိုက် ရသလို ဒီလိုမှ မရေးရင် နိုင်ကဒ် ဘယ်တော့မှ မထုတ်ပေးနိုင်ဘူး။ ဒါ နိုင်ငံတော်ရဲ့မူ စတဲ့ ရှင်းလင်းချက်တွေနဲ့ နိုင်ငံသားကဒ် ရသွားခဲ့တာပါ။ အစစ် အနေနဲ့ မွေးရာပါ ဗမာ၊ ဗုဒ္ဓဘာသာ စင်စစ် ဖြစ်တဲ့ ကျွန်တော့် မိခင်တောင် အခု အစ္စလာမ် ကိုးကွယ်နေတယ် ဆိုတဲ့ ပုဒ်မ နဲ့ လူမျိုးနေရာမှာ အိန္ဒိယ/ဗမာ ဆိုပြီး အရေးခံလိုက်ရတာ ခုထိ မှတ်မိနေသေးတယ်။ ကျွန်တော့် အမေကတော့ ခွက်ထိုးခွက်လှန် ရယ်လို့ပေါ့လေ။ ထားပါတော့။
    ရှင်းလင်းချက် နံပါတ် (၃)
    ကဲထားပါဦး။ အဲ့ဒီထောင်ချောက်အားလုံးကို ကျော်ဖြတ်ပြီး ပန်းရောင် (နိုင်)ကဒ်ကို ခင်ဗျား အခု ကိုင်ထား နိုင်တယ် ဆိုရင်တောင် ခင်ဗျားက ပင်ရင်းနိုင်ငံသားဖြစ်ပိုင်ခွင့်  ရှိသူ တိုင်းရင်းသားထဲက မဟုတ်လို့ဆိုပြီး ဒီလို Naturalized နိုင်ငံသား တွေကို နိုင်ငံတော်က လိုအပ်သည်ဟု ယူဆပါက အချိန် မရွေး နိုင်ငံသား ဖြစ်ခြင်းမှ နုတ်သိမ်း ပယ်ဖျက် နိုင်သည် လို့ဆိုထားပြန်တော့။ ခင်ဗျား သားမြေးတွေ အတွက် တော့ ပန်းရောင် ကိုင်ကိုင်၊ ဘာကိုင်ကိုင် ဘာအာမခံချက်မှ မရှိတော့ဘူး ကိုယ့်ဆရာရေ။
    ဒါအဆင့်အမြင့်ဆုံး ပန်းရောင်ကဒ် ကိုင်ထားသူတွေကို ပြောတာနော်။ အခုနောက်ပိုင်း သွေးနှော သံသယ၊ နိုင်ငံသား သံသယ ဆိုပြီး ထုတ်ပေးထားတဲ့ သုံးခေါက်ချိုးကဒ် တို့ အဖြူရောင်ကဒ်တို့ ဆိုတာကတော့ ဆောရီးပဲ ကိုယ့်ဆရာ။ မသိနားမလည်ရှာလို့ ဟိုးတုန်းက ဘိုးဘေးများရဲ့ အထောက်အထား စာရွက် စာတမ်းတွေ သိမ်းမထားနိုင်ကြရှာတဲ့ ၊ မပြသနိုင်ကြတဲ့ မွတ်စ်လင်မ် အများစုကတော့ ဆရာကြီး ဦးရာဇတ်က တိုက်ရိုက်ဆင်းသက် လာသူဖြစ်ပေ့စေ၊ ကုန်းဘောင်မင်းဆက် နန်းတွင်း မြန်မာ စာဆိုတော်ကြီး ဦးနု ကနေ တိုက်ရိုက်ပဲ ဆင်းသက်လာလာ သူတို့ဥပဒေ အရဆိုရင်တော့ နိုင်ငံသား ဖြစ်ဖို့အရေး ဝေရာမဏိ၊ ဝေးဝေး ကသာ ဖြစ်ကြောင်း အကျိုးမျှော် နှိုးဆော်လိုက်ရပါကြောင်း။
  • စလိုဗေးနီးယား၏ ပထမဆုံးဗလီကို လူဘလ်ယားနား (Ljubljana)၌ အုတ်မြစ်ချ
    စက်တင်ဘာ၊ ၁၈
    M-Media
    Muslims Celebrate Slovenia First Mosque
    “ လူဘလ်ယားနားတွင် ယခုကဲ့သို့ စီမံကိန်းအကောင်အထည်စတင်နိုင်ခြင်းအတွက် ကျွန်တော်တို့မှ အလွန်ကို ၀မ်းမြောက်မိပါတယ်။ မြို့တော်သည်လည်း လူသိများပြီး၊ လူမျိုးစုံနေထိုင်ရာဒေသလည်း ဖြစ်လာပါတော့မည် ” ဟု ဆလိုဗေးနီယား အစ္စလာမ်လူ့အဖွဲ့အစည်းကို ကိုယ်စားပြုသူ မွတ်ဖ်သီ နဒ်ဇဒ်ဂရာဘတ်စ် (NedzadGrabus) ပြီးခဲ့သည့်စနေနေ့၊ စက်တင်ဘာ ၁၄  ရက်တွင် ပြုလုပ်ခဲ့သောအခမ်းအနား၌ပြောကြားခဲ့သည် ဟု Reuters သတင်းမှ ဖော်ပြခဲ့သည်။
    လူဘလ်ယားနားတွင် အစ္စလာမ်ယဉ်ကျေးမှုဆိုင်ရာအဆောက်အဦးတစ်ခုရှိလာရေးအတွက် ၁၉၆၉ ခုနှစ်လောက်က လူဘလ်ယားနား၏ အစ္စလာမ့် အသိုင်းအ၀ိုင်းခေါင်းဆောင် စူလိဂ်ျမန် ကီမူရာတို (SulejmanKemurato) မှ ပထမဆုံးဦးဆောင်တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
    ထိုအချိန်မှစ၍ အစ္စလာမ့် လူ့အဖွဲ့အစည်းသည် ဆောက်လုပ်ရေး ခွင့်ပြုချက်ရရှိရန် နှင့် တည်နေရာအား ရှာဖွေရေးတို့ဖြင့် များစွာသော ပြဿနာများကို ရင်ဆိုင်ခဲ့ရသည်။
    ၂၀၀၄ ခုနှစ်တွင် မွတ်စ်လင်မ်များသည် ဗလီကျောင်းတော်အတွက် လူဘလ်ယားနား မြို့ပြင်ရှိ အမှိုက်စွန့်ပစ်ရာ နေရာ အနီးမှ မြေတစ်ကွက်အား တောင်းဆိုခဲ့သည်။ သို့သော် ထိုကဲ့သို့သော ရိုးစင်းသောမြေကိုပင်လျှင် လေလံပါဝင်ခွင့် ပိတ်ပင်ခံခဲ့ရသည်။
    လက်ျာစွန်းရောက်နိုင်ငံရေးသမားများက ထိုစီမံကိန်းကို အတိုက်အခံလုပ်ကာ၊ လူအယောက် ၁၁,၀၀၀ နီးပါး၏ လက်မှတ်များဖြင့် တင်သွင်း ကန့်ကွက်ခဲ့ကြသည်။
    မြို့တော်ဝန် ဂျန်ကိုဗစ်ခ် (Jankovic) တက်လာပြီးသည့်နောက် လူဘရီးယားနား၏ ဗလီကျောင်းတော် ဆောက်လုပ်ရေးအတွက် မြို့လယ်ရှိနေရာ အသစ်အား ရှာစေခဲ့သည်။ ၂၀၀၈ ခုနှစ် တွင် အစ္စလာမ် လူ့အဖွဲ့အစည်းမှ ၄င်းမြေနေရာအား ၀ယ်ယူရန် ပြောဆိုခဲ့သည်။
    ယခုပြုလုပ်ခဲ့သောအခမ်းအနားတွင် ဆလိုဗေးနီးယား၏ လက်ဝဲယိမ်း ၀န်ကြီးချုပ် အလန်ကာ ဘရာတူစက်ခ် (AlenkaBratusek)  အပါအ၀င် လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့သည်။ လူဘလ်ယားနား၏ မြို့တော်ဝန် ဇိုရန် ဂျန်ကိုဗစ်ခ် (ZoranJankovic)မှ ပထမဆုံးအုတ်မြတ်ချပေးခဲ့သည်။
    ထို့အပြင် ဘော့စနီးယား (Bosnia) ဘောစနီရက်ခ် (Bosniak)များ၏ သမ္မတအဖွဲ့ဝင် ဟာဇီဂိုးဗီးနား ဘကရ် အဇက်ဘီဂိုဗစ် (Herzegovina Bakir Izetbegovic) နှင့် ဆလိုဗေးနီးယားသမ္မတဟောင်း ဒါနီလိုတခ် (Danilo Turk) တို့လည်း ပါဝင်တက်ရောက်ခဲ့ကြသည်။
    အခမ်းအနားလာရောက်သူအမျိုးသမီးအချို့သည်  ခရိုအေးရှား (Croatia)၊ အီတလီ(Italy) နှင့် သြစတီးယား(Austria) ကြားတွင် တည်ရှိပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သော ယူဂိုစလဗ် တောင်တန်းဒေသဟောင်း (Alpine ex-Yugoslav republic) ၌ မြင်ရခဲလှသည့် ခေါင်းဆောင်းပုဝါများကို ဆင်ယင်ထားခဲ့ကြသည်။
    “ အမိမြေမှာ ခေတ်သစ်အစ္စလာမ့်ယဉ်ကျေးမှုဌာနနဲ့ဗလီဝတ်ကျောင်းတော်တစ်လုံးရရှိကြတော့မှာဖြစ်တဲ့ ဆလိုဗေးနီးယားနဲ့လူဘလ်ယားနား တစ်ခွင်က မွတ်စ်လင်မ်တွေ၊ ဘော့စနီးယန်းတွေ အတူတစ်ကွ ပျော်ရွင်စွာကျင်းပကြတဲ့ ဒီလို ထူးထူးခြားခြားအခမ်းအနားမျိုးကို တက်ရောက်ခွင့်ရလို့ ကျွန်တော် အလွန် ၀မ်းမြောက်မိပါတယ် င်္” ဟု အဇက်ဘီဂိုဗစ် က အခမ်းအနားအကြောင်းကို ပြန်ပြောင်းပြောပြခဲ့သည်။
    “ ယခုကဲ့သို့သော စီမံကိန်းကို လိုအပ်တဲ့ခွင့်ပြုမိန့်များထုတ်ပေးပြီး၊ ဆောက်လုပ်ခွင့်အားအတည်ပြုပေးတဲ့အတွက် ဆလိုဗေးနီးယား နဲ့ လူဘလ်ယားနားရှိ အာဏာပိုင်များကိများစွာကျေးဇူးတင်ရှိပါတယ်။ သမိုင်းတွင်မယ့် ဒီစီမံကိန်းကို အားပေးခဲ့တဲ့ စိတ်ထားကောင်းမြတ်သူတွေ၊ မိတ်ဆွေစိတ် အပြည့်ရှိတဲ့နိုင်ငံများမှ အစိုးရ အဖွဲ့ဝင်တွေ နဲ့ အဖွဲ့အစည်းတွေ၊ လှူဒါန်းမှုနဲ့တစ်ကွ စေတနာလုပ်အားပါဝင်ခဲ့တဲ့ မွဖ်သီနဒ်ဇဒ်ဂရာဘတ်စ် တို့ကို အထူးကျေးဇူးတင်ပါတယ် ” ဟုလည်း သူကထည့်သွင်းပြောကြားခဲ့သည်။
    ကြိဆိုမှု
    ဆလိုဗေးနီးယား၏ ပထမဆုံးသောဗလီကျောင်းတော်အတွက် အုတ်မြစ်ချအခမ်းအနာ့းသို့ တက်ရောက်လာကြသည့် မွတ်စ်လင်မ်တို့မှာ အတိုင်းထက် အလွန် ၀မ်းမြောက်ပျော်ရွင်ဆိုခဲ့သည်။
    “ ကမ္ဘာနှင့်ချီ၍ ပျော်ရပါတယ်” ဟု လူဘလ်ယားနားတွင် ဗလီကျောင်းတော်ဆောက်လုပ်ခွင့်ကို စတင် လျှောက်ထားခဲ့သည့်နှစ်၌ မွေးဖွားခဲ့သော အသက် ၄၄ နှစ်အရွယ် ဆာရာ ကေကာ (SahraKacar) က ဆိုသည်။
    “ အများသုံး ခန်းမတွေအသုံးပြုနေမှုထက် ပိုမိုကောင်းမွန်စွာ ဘုရားဝတ်ပြုနိုင်မယ့်နေရာတစ်ခုကိုရရှိလာတော့မယ်လေ ”
    နိုဝင်ဘာလတွင် ဗလီကျောင်းတော်ကို စတင်ဆောက်လုပ်ရန်ခန့်မှန်းထားကြောင်း၊ စီမံကိန်းသည် ၃ နှစ်ကြာမြင့်မည်ဖြစ်ပြီး၊ ယူရို ၁၂ သန်း (ဒေါ်လာ ၁၅.၉ သန်း) ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
    အစ္စလာမ့်လူ့အဖွဲ့အစည်းမှ ကုန်ကျငွေအများစုကို တာဝန်ယူမည်ဖြစ်ပြီး၊ Qatar မှလည်း ကြီးမားသော လှူဒါန်းမှုတစ်ရပ်ဖြင့် တစ်စိတ်တစ်ဒေသ ပါဝင် ကူညီမည်ဟု သိရသည်။
    ယူဂိုစလားဗီးယား၏ ပြည်နယ် ၆ ခုအနက် အလွန်စီးပွားရေးဖြစ်ထွန်းသော ဆလိုဗေးနီးယားတွင် မွတ်စ်လင်မ်များ အပါအ၀င် လူအမြောက်အများသည် ၁၉၉၀ ခုနှစ် ပြည်နယ်များကွဲထွက်ချိန် နှစ်ပေါင်း ၅၀ အထိရရာအလုပ်ကိုလုပ်ကိုင်ခဲ့ကြရသည်။ ၁၉၉၁ ခုနှစ်တွင် ဆလိုဗေးနီးယားသည် ခွဲထွက်ခဲ့သည်။ အခြားသောဘော့စနီးယား (Bosnia)၊ ခရိုအေးရှား(Croatia) နှင့် ကိုဆိုဗို(Kosovo) စသည့်ဒေသများ၌ စစ်မက်များပွားနေချိန်တွင် ဆလိုဗေးနီးယား ၏စီးပွားရေးမှာ တရိပ်ရိပ်ထိုးတက်လာခဲ့သည်။
    ဆလိုဗေးနီးယားတွင် မွတ်စ်လင်မ် ဦးရေ ၅၀,၀၀၀ နီးပါးရှိပြီး၊ နိုင်ငံ၏ ၂ သန်းရှိလူဦးရေတွင် ၂.၄ ရာခိုင်နှုန်း ပါဝင်သည်။
    ၂၀၀၂ ခုနှစ်တွင် ပြုလုပ်ခဲ့သောလူဦးရေစစ်တမ်းတွင် ၁.၁ သန်းရှိပြည်သူများသည် ကက်သလစ်ဘာသာဝင် ဖြစ်၍အစ္စလာမ်ဘာသာသည် ဒုတိယအကြီးဆုံးဘာသာဖြစ်ကြောင်းတွေ့ရှိခဲ့ရသည်။ မွတ်စ်လင်မ်အသိုင်းအ၀ိုင်းများက နိုင်ငံအတွင်းမွတ်စ်လင်မ်ဦးရေ ၈၀,၀၀၀ နီးပါးရှိသည် ဟုဆိုကြသည်။ ဆလိုဗေးနီးယားတွင် လွတ်လပ်ရေးမရမှီအချိန်က ဗလီကျောင်းတော်တစ်ခုရှိသော်လည်း ပထမကမ္ဘာစစ်အပြီးတွင် အဖျက်ဆီးခံခဲ့ရသည် ဟုသိရသည်။