News @ M-Media

Blog

  • မြန်မာ့မြေမှ တိုင်းရင်းသား ညီအကို မောင်နှမများ (၁၃၅)

    မြန်မာ့မြေမှ တိုင်းရင်းသား ညီအကို မောင်နှမများ (၁၃၅)

    စည်းလုံးချင်းရဲ့ အင်အား ဆိုဒ်မှ ကူးယူဖော်ပြပါသည်။

    Link >>http://photayokeking.org/rule-of-law/rule-of-laws/125-about-all-myanmar-ethnic

    တိုင်းရင်းသား ညီအမများ

    စာဖတ်သူများခင်ဗျား

    ပင်တိုင် ဆောင်းပါးရှင် ဆရာဂါမဏိက မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး နအဖက ကြေညာထားချက် အပေါ်တွင် အချက်အလက် အထောက်အထားများဖြင့် မှားယွင်းနေကြောင်း ထောက်ပြ ရှင်းလင်းထားတဲ့ ဆောင်းပါးတစ်ပုဒ် ပေးပို့လာပါတယ်။ ယခုလို ပေးပို့လာတဲ့အတွက် ဆရာဂါမဏိကို ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူးတင် ရှိပါကြောင်းနဲ့ စာဖတ်ပရိသတ်များအတွက် ဗဟုသုတ ရရှိစေဖို့ ကျွန်တော် ကိုဖိုးတရုတ်က တင်ပြပေးလိုက်ရပါတယ် ခင်ဗျား။

    နအဖဟာ အရင်အစိုးရအဆက်ဆက်နဲ့ လမ်းခွဲထွက်လာတာဖြစ်တယ်၊ အရင်အစိုးရတွေထက်သာတယ်လို့ ဝါကြွားနေပေမဲ့ ဦးနုအစိုးရလုပ်ခဲ့တဲ့ ကမ္ဘာအေးလှိုဏ်ဂူ၊ နေဝင်းလုပ်ခဲ့တဲ့ မြန်မာစာ ရေးရာမှာ တစ် ခု-တစ် ယောက် စသဖြင့် သုံးစွဲရေး၊ စောမောင်ထွင်ခဲ့တဲ့ မြန်မာနိုင်ငံတိုင်းရင်းသား ၁၃၅ မျိုး၊ ခင်ညွန့်ထွင်ခဲ့တဲ့ မြန်မာအစ-လူသားအစ ပုံတောင်ပုံညာက ဆိုတဲ့အယူအဆတွေကို ဆက်ကျင့်သုံးနေပါတယ်။ အခုဆောင်းပါးမှာတော့ မြန်မာပြည်မှာ တိုင်းရင်း သား ၁၃၅ မျိုးတကယ်ရှိမရှိကို ဆန်းစစ်ဖော်ထုတ်သွားပါမယ်။

    ပထဆုံး ကချင် လူမျိုးတွေကိုကြည့်ရင် နဝတ-နအဖက ကချင် ၁၂ မျိုး လို့ဖော်ပြထားရာမှာ လူမျိုးတမျိုး ထဲက ဆွေမျိုးစုကွဲ၊ ဘာသာစကားလေယူလေသိမ်းကွဲတွေကို သီးခြားလူမျိုးအဖြစ် ဇွတ်အတင်းပြထားပါတယ်။ ဒါ့အပြင် ကချင်ဆိုတဲ့နာမယ်နဲ့ လူမျိုးတမျိုး သီးသန့်ပြထားသလို ဂျင်းဖောနာမယ်နဲ့လည်း ပြထားပြန်တယ်။ တကယ်တော့ ကချင်ဆိုတာ အားလုံးကိုခြုံခေါ်တဲ့နာမယ်ဖြစ်မှန်း လူတိုင်းသိပေမဲ့ နအဖဟာ လူမျိုးအရေအတွက် ဖောင်းပွစေ ချင်လွန်းအားကြီးလို့ သီးသန့်လူမျိုးမဟုတ်တာကို အဟုတ်ကြီးလုပ်ထည့်တာဖြစ်တယ်။ နအဖ စာရင်းထဲက ဂေါ်ရီ၊ ခခူ နဲ့ ဒူးလန်းတို့ဟာ ဂျင်းဖောအနွယ်ကွဲတွေသာဖြစ်ပြီး သီးခြားလူမျိုးစုတွေ မဟုတ်ပါဘူး။ ခခူနဲ့ဒူးလန်း ဆိုရင် မျိုးနွယ်ကွဲတခုတည်းကိုဘဲ နာမယ်နှစ်မျိုး ခေါ်ထားတာဖြစ်ပါတယ်။ ကချင် ၁၂ မျိုးထဲက တမျိုးအဖြစ်ပြထားတဲ့ တရုမ်းနဲ့ဒလောင် ဆိုတာလည်း ရဝမ် မျိုးကွဲဖြစ်ပါတယ်။ ဒါကြောင့် နအဖပြောတဲ့ ကချင် ၁၂ မျိုးဟာ လက်တွေ့မှာ ၆ မျိုးဘဲဖြစ်ပါတယ်။

     နအဖစာရင်း အမှန်စာရင်း
     ၁  ကချင်  ဂျိန်းဖော၊ မရူ၊ ရဝမ်၊ လရှီ၊ အဇီးနှင့် လီဆူးတို့ကို လွှမ်းခြုံခေါ်ဝေါ်သည့် အမည်
    တရုမ်း ရဝမ်မျိုးနွယ်စု
    ဒလောင် ရဝမ်မျိုးနွယ်စု
     ဂျိန်းဖော  ၁  ဂျိန်းဖော (ဂေါ်ရီ၊ ခခူ၊ ဒူးလန်းနှင့် အခြား မျိုးနွယ်စုများပါဝင်)
    ဂေါ်ရီ ဂျိန်းဖောမျိုးနွယ်စု
    ခခူ ဂျိန်းဖောမျိုးနွယ်စု
    ဒူးလန်း ဂျိန်းဖောမျိုးနွယ်စု
     မရူ (လော်ဝေါ်)  မရူ
    ရဝမ် ရဝမ် သို့မဟုတ် နုံး (ဒလောင်၊ တရုမ်းနှင့် အခြား မျိုးနွယ်စုများ ပါဝင်)
    ၁၀ လရှီ (လချိတ်) လရှီ
    ၁၁ အဇီး အဇီး သို့မဟုတ် ဇိုင်ဝါး
    ၁၂ လီဆူး လီဆူး သို့မဟုတ် ယောယင် သို့မဟုတ် လီရှော
    ၁၂ စုစုပေါင်း စုစုပေါင်း

    နအဖရဲ့ ကယား လူမျိုးစာရင်းထဲမှာ လူမျိုး ၉ မျိုးပြထားတယ်။ ဒီထဲမှာ ဇယိမ်း၊ ကယန်း၊ (ပဒေါင်)၊ ကဲ့ခို၊ ယင်းဘော် ဆိုတဲ့လေးမျိုးဟာ တကယ်တော့ ကယန်း (ပဒေါင်) လူမျိုးရဲ့ အမည်ကွဲတွေ သို့မဟုတ် မျိုးနွယ်ကွဲတွေ သာဖြစ်လို့ နအဖပြောတဲ့ ၉ မျိုးဟာ လက်တွေ့မှာ ၅ မျိုးဘဲဖြစ်သွားပါတယ်။ ဂေဘားလူမျိုး ကတော့ ဘွဲကရင် သို့မဟုတ် ကယားထဲမှာ ပါဝင်ပါတယ်။

     နအဖစာရင်း အမှန်စာရင်း
     ၁  ကယား  ၁ ကယား
    ဇယိမ်း ကယန်းမျိုးနွယ်စု
    ကယန်း (ပဒေါင်) ကယန်း (ပဒေါင်၊ ကဲ့ဒို၊ ယင်းဘော်၊ ဇယိမ်းတို့ ပါဝင်)
    ကဲ့ဒို ကယန်းမျိုးနွယ်စု
    ဂေဘား ဘွဲကရင်မျိုးနွယ်စု
    ဘရဲ့ (ကယော) ကယော
    မနုမနော မနုမနော
    ယင်းတလဲ ယင်းတလဲ
    ယင်းဘော် ကယန်းမျိုးနွယ်စု
    စုစုပေါင်း စုစုပေါင်း

    နအဖရဲ့ကရင် လူမျိုး ၁၁ မျိုးစာရင်းဟာလည်း လူမျိုးတမျိုးထဲရဲ့ နာမယ်ကွဲတွေ၊ မျိုးနွယ်စုကွဲတွေကို သီးခြား လူမျိုးတွေအဖြစ် ဖန်တီးထားတယ်။ အားလုံးကိုလွှမ်းခြုံခေါ်တဲ့ ကရင်လူမျိုး ကသတ်သတ်၊ စကော ပိုး ဘွဲ စတဲ့လူမျိုး ကသတ်သတ်လုပ်ထားတာ အင်မတန်ရယ်စရာကောင်းပါတယ်။ လူမျိုးတွေဖောင်းပွစေချင်လွန်းလို့ ကြံမိကြံရာ လုပ်လိုက်တာ တိုင်းပြည်အုပ်ချုပ်နေတဲ့အစိုးရ အရည်အချင်းမဲ့မှုကို ပြတာလည်းဖြစ်သွားတယ်။ ကိုယ့်တိုင်းပြည်က လူမျိုးနာမယ်တောင် အမှန်အတိုင်းမသိဘဲ အစိုးရလုပ်နေရသလား၊ ဒါလောက်လေးမှ မသိဘူးလားလို့ အများမေးငေါ့ စရာ ဖြစ်ကုန်ပါတယ်။ ကရင်လူမျိုးဟာ ၃ မျိုးဘဲရှိပါတယ်။ ပကူး၊ တလှေပွား၊ မောနေပွား ဆိုတာတွေဟာ စကော ကရင် မျိုးနွယ်ကွဲတွေဖြစ်သလို ကရင်ဖြူ၊ ပလေကီး ကတော့ ဘွဲကရင်ရဲ့ အမည်ကွဲနဲ့ မျိုးနွယ်ကွဲသာဖြစ်ပါတယ်။ မိုးပွား နဲ့ မွန်ကရင်ဆိုတာ ပိုးကရင်ဖြစ်ပြီး စာဖြူကရင်ဆိုတာကတော့ လူမျိုးကိုပြောတာမဟုတ်ဘဲ ခရစ်ယန်ဘာသာ ဝင်တွေကို ပြောတာဖြစ်တဲ့အတွက် နအဖရဲ့ ကလိမ်ကကျစ်လုပ်မှုကို ထင်ရှားနေစေပါတယ်။

    ကယား၊ ကယန်းလူမျိုးများဟာ ရင်းမြစ်အားဖြင့် ဘွဲကရင်လူမျိုးဖြစ်ပေမဲ့ မျက်မှောက်ကာလမှာတော့ သီးခြား လူမျိုးတွေအဖြစ် ရပ်တည်သွားကြပါပြီ။ ကယားလူမျိုးထဲထည့်ထားတဲ့ ဂေဘားလူမျိုးကလည်း ဘွဲကရင်ဘဲ ဖြစ်ပါတယ်၊ သီးခြားလူမျိုးအမှတ်အသားလက္ခဏာ ခံယူတဲ့အနေအထားမရှိသေးဘဲ ဘွဲကရင်မျိုးနွယ်ကွဲ အမှတ်အသားလက္ခဏာ ကိုသာ ခံယူနေဆဲဖြစ်ပါတယ်။ ပအိုဝ်းလူမျိုးကတော့ နဂိုမူလရင်းမြစ်အားဖြင့် ပိုးကရင် ဖြစ်ပေမဲ့ အခုတော့ သီးခြားလူမျိုး လက္ခဏာ ခံယူထားပြီဖြစ်တယ်။

     နအဖစာရင်း အမှန်စာရင်း
     ၁  ကရင် စကော၊ ပိုးနှင့် ဘွဲတို့ကို ခြုံ၍ ခေါ်သော အမည်
    ကရင်ဖြူ ဘွဲကရင်မျိုးနွယ်စု သို့မဟုတ် အမည်ကွဲ
    ပလေကီး ဘွဲကရင်မျိုးနွယ်စု
    မွန်ကရင် (စာဖြူ) ပိုးကရင်အမည်ကွဲ၊ စာဖြူဆိုသည်မှာ ခရစ်ယာန်ဘာသာဝင်ကို ဆိုလို
    စကော  ၁ စကော (ပကူး၊ တလှေပွား၊ မောနေပွားနှင့် အခြား မျိုးနွယ်စုများ ပါဝင်)
    တာလှေပွား စကောကရင်မျိုးနွယ်စု
    ပကူး စကောကရင်မျိုးနွယ်စု သို့မဟုတ် အမည်ကွဲ
    ဘွဲ ဘွဲ (ကရင်ဖြူ၊ ပလေကီး၊ ဂေဘားနှင့် အခြား မျိုးနွယ်စုများ ပါဝင်)
    မောနေပွား စကောကရင်မျိုးနွယ်စု
    ၁၀ မိုးပွား ပိုးကရင်မျိုးနွယ်စု
    ၁၁ ရှူး (ပိုး) ပိုး (မိုးပွား၊ မွန်ကရင်နှင့် အခြား မျိုးနွယ်စုများ ပါဝင်)
    ၁၁ စုစုပေါင်း စုစုပေါင်း

    နအဖစာရင်းထဲမှာ အဆိုးဆုံးကတော့ ချင်း လူမျိုး ၅၃ မျိုးပြထားတာပါဘဲ။ ထုံးစံအတိုင်း ချင်း ဆိုတဲ့နာမယ် နဲ့ လူမျိုးတမျိုးလည်းပြထားပါသေးတယ်။ ၅၃ မျိုးထဲမှာ ချင်းလူမျိုးအဖြစ် အမှတ်အသားလက္ခဏာ identity မသတ် မှတ်နိုင်တဲ့ နာဂ၊ မဏိပူရနွယ်ဘွားကသည်း နဲ့ နီပေါနွယ်ဘွားလင်းဘု ကိုလည်းထည့်ထားတယ်။ ဒီကနေ့ ချင်းနိုင်ငံရေး ပါတီတွေနဲ့ပညာရှင်များ လက်ခံအတည်ပြုထားတာ ချင်းလူမျိုး ၈ မျိုးဘဲဖြစ်ပါတယ်။ လူမျိုး Race/Tribe မဟုတ်တဲ့ မျိုးနွယ်စု/ဆွေမျိုးစု Clan ၊ စကားဝဲအစု Dialect တွေကို ရောနှောပြထားတဲ့ ၅၃ မျိုးကို သရုပ်ခွဲလိုက်ရင် အခုလို တွေ့ရပါတယ်။

     နအဖစာရင်း အမှန်စာရင်း
     ချင်း ဇိုမီး၊ ကူကီး၊ လိုင်မီး၊ မရာ၊ ချိုမီး၊ ခမီး၊ ရှိုမီးနှင့် မီဇိုတို့ကို လွှမ်းခြုံခေါ်သောအမည်
    ၁၀ ခေါနိုး၊ ဂန်တဲ့၊ ဂွေးတဲ၊ ငန်း၊ ဆီစာန်၊ ဆိုင်းဇန်၊ ဇို၊ တီးတိန်၊ တေဇန်၊ ဒင်မ် ဇိုမီးချင်း
    ခေါင်ဆိုင်၊ တာ့ဒိုး ကူးကီးချင်း
     ၁၅ ခွာဆင်းမ်၊ ခွန်လီ၊ ဆင်တန်၊ ဇာဟောင်၊ ဇိုဖေ၊ ဇန်ညှပ်၊ တပေါင်၊ တိုင်ချွန်း၊ တောရ်၊ မိအဲ၊ လင်တဲ၊ လောက်တူ၊ လိုင်၊ လိုင်ဇို၊ ဇိုတု့း လိုင်မီးချင်း
    မရာ၊ မတူ မရာ
    ဒိုင် (ယင်ဒူး)၊ မကန်း၊ မွင်း၊ အုပု၊ ရောင်တူ ချိုမီးချင်း
    ခမီ၊ အဝခမီ၊ ခေါင်စို၊ ပနန်း၊ လေးမြို၊ ဝါကင်းမ်၊ အနူး ခမီးချင်း(မြို)
    ဆလိုင်း၊ အရှို ရှိုမီးချင်း
    ကလင်ကော (လူရှိုင်း)၊ လူရှိုင်း (လူရှေ)၊ ဟွာလ်ငို မီဇိုချင်း (လူရှိုင်း)
    နာဂ၊ တန်ခူး၊ မာရင်၊ အနန် နာဂ
    မေ့ထေး (ကသည်း) မဏိပူရ်
    လင်းဘု နီပေါ
    ၅၃ စုစုပေါင်း  ၈+၃ စုစုပေါင်း

    ကူကီး (သာဒိုး) ဟာ ရင်းမြစ်အားဖြင့် ဇိုမီးလူမျိုးဖြစ်ပေမဲ့ အခုတော့ သီးခြားလူမျိုးအဖြစ် ရပ်တည်ပါပြီ။ လိုင်မီး ရင်းမြစ်ဖြစ်တဲ့ မရာ ဟာလည်း အခု သီးခြားလူမျိုးအဖြစ် ရပ်တည်နေပါပြီ။ နအဖဟာ ခမွီးနဲ့မြို ကို ရခိုင်လူမျိုး ထဲထည့်မထားရင် ချင်း ၅၅မျိုး ဖြစ်သွားနိုင်တယ်။ ချင်းပုန်း၊ ချင်းဘုတ် စတဲ့နာမယ်ကွဲတွေ ထပ်ထည့်လိုက်ရင် နအဖရဲ့ ချင်းစာရင်းဟာ ၁ဝဝ နားကပ်သွားနိုင်ပါတယ်။ နာဂလူမျိုးကိုတော့ ချင်းလူမျိုးထဲ သတ်မှတ်ထည့်သွင်းလို့ မရဘဲ သီးခြားမြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးတမျိုးအဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။ နအဖရဲ့ချင်းတွေလိုဘဲ နာဂထဲက ဆွေမျိုးစု၊ စကားဝဲအစုတွေက အနည်းဆုံး ၆၄ မျိုးရှိလို့ ချင်းထက်များပါတယ်။ နာဂလူမျိုးမှာ ပြည်နယ် မရှိလို့ ချင်းလို လူမျိုးအများကြီး ခွဲမပြတာဖြစ်ပါလိမ့်မယ်။ နို့မဟုတ်ရင် နအဖရဲ့ မြန်မာပြည် “တိုင်းရင်းသားအရေအတွက်” ၃ဝဝ ကျော်သွားနိုင်ပါတယ်။

    နအဖစာရင်း အမှန်စာရင်း
    ဗမာ ဗမာ (ယော)
    ထားဝယ် ထားဝယ်
    ဘိတ် ထားဝယ်စကားဝဲအစု
    ယော ဗမာစကားဝဲအစု
    ကဗိန်း ယဗိန်း
    ကဒူး ကဒူးကနန်း
    ကနန်း ကဒူးကနန်းမျိုးနွယ်စု
    ဆလုံ ဆလုံ
    ဖွန်း ဖွန်း
    စုစုပေါင်း ၄+၂ စုစုပေါင်း

    နအဖက ဗမာ (ခေါ်) မြန်မာလူမျိုးစုအရေအတွက်ကို နဝင်းကျေအောင် ၉ ခုပြထားပါတယ်။ ယော၊ ထားဝယ်နဲ့ ဘိတ် တို့ကို သီးခြားလူမျိုးတွေအဖြစ် ပြထားတယ်။ စကားဝဲ dialect အစုကွဲသာဖြစ်တယ်လို့ မနုဿဗေဒပညာရှင်များနဲ့ ဘာသာဗေဒပညာရှင်များ သတ်မှတ်ထားတာ အားလုံးအသိပါဘဲ။ အခုအချိန်ထိတော့ ဒီအစုတွေဟာ သီးခြားလူမျိုး သရုပ်လက္ခဏာနဲ့ ရပ်တည်ချင်စိတ်ပြင်းပြတာ ကျယ်ကျယ်ပြန့်ပြန့်မရှိသေးပါဘူး။ နောင်မှာတော့ ဘိတ်နဲ့ထားဝယ်ဟာ သီးခြား သရုပ်လက္ခဏာနဲ့ ရပ်တည်ချင် ရပ်တည်လာနိုင် ပါတယ်။ နအဖဟာ ရှမ်းပြည်က သီးခြားဗမာလူမျိုးစုအနွယ်ဝင် ဓနု၊ တောင်ရိုးနဲ့ အင်းသား ကိုတော့ ရှမ်းလူမျိုးထဲ ထည့်ထားပါတယ်။ ကဒူးနဲ့ကနန်းကိုလည်း ခွဲပြထားသလို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ထဲက ဖွန်းလူမျိုးနဲ့ တိဘက်-ဗမာ အနွယ်မဟုတ်တဲ့ ဆလုံတွေကို ဗမာလူမျိုးထဲ ထည့်ထားတာတွေဟာ မနုဿဗေဒအသိ နုံ့နဲ့ရာကျပါတယ်။ စစ်ကိုင်းတိုင်းထဲက နာဂတွေကျတော့ ချင်းလူမျိုးထဲ ထည့်ထားပေမဲ့ ကချင်ပြည်နယ်ထဲက ကဒူး ကနန်းတွေကိုတော့ ဗမာလူမျိုးထဲ ထည့်ထားတယ်။

    နအဖဟာ မွန် ကိုတော့ တမျိုးထဲပဲပြထားပြီး တခြားမွန်ခမာမျိုးနွယ်တွေဖြစ်တဲ့ ဝ၊ ပလောင်၊ ယင်းနက် ယင်းကျား စတာတွေကို ရှမ်းလူမျိုးတွေထဲထည့်ပြထားပါတယ်။

     နအဖစာရင်း အမှန်စာရင်း
     မွန် မွန်
    စုစုပေါင်း စုစုပေါင်း

     

     နအဖစာရင်း အမှန်စာရင်း
     ရခိုင် ရခိုင်
    ကမန် ကမန်
    ခမွီး ခမီးချင်း
    ဒိုင်းနက် ဒိုင်းနက်
    မရာမာကြီး မရမာကြီး
    မြို ခမီးချင်းမျိုးနွယ်စု
    သက် သက်
    စုစုပေါင်း စုစုပေါင်း

    ရခိုင် လူမျိုးကို ၇ မျိုးစာရင်းပြထားရာမှာ တကယ်တော့ ခမွီး နဲ့မြို (မရို) ဟာ ရခိုင်ပြည်မှာနေတဲ့ ခမီးချင်းတွေ ဖြစ်ပြီး နအဖရဲ့ ချင်း ၅၃ မျိုးဆိုတဲ့အထဲပါပြီးဖြစ်ပါတယ်။ ဒါ့အပြင် ခမွီးနဲ့မြို ဟာ သီးခြားလူမျိုးနှစ်မျိုးမဟုတ်ဘဲ တမျိုး တည်းအောက်က မျိုးနွယ်ကွဲတွေသာ ဖြစ်ပါတယ်။

    နအဖစာရင်းပါ ရှမ်း ၃၃ မျိုးကတော့ ရှမ်းတင်မကဘဲ ဗမာမျိုးနွယ်တွေ၊ ပအိုဝ်း လို တခြားတိဘက်ဗမာမျိုးနွယ်တွေ၊ မွန်ခမာမျိုးနွယ်တွေစသဖြင့် ရောထွေးနေပါတယ်။ ရှမ်းကြီးနဲ့ တိုင်းလုံ ဆိုတာ တခုတည်းဖြစ်ပြီး ရှမ်းကလေးနဲ့ တိုင်းလေ့ ဟာလည်း တမျိုးတည်းဖြစ်တယ်။ ခန္တီးရှမ်း နဲ့ တိုင်းလျမ် ကိုပြထားပေမဲ့ တိုင်းနူ (ရှမ်းတရုတ်)၊ တိုင်းလီ၊ တိုင်းလျန် (ရှမ်းနီ) နဲ့ ဒရယ် ကိုချန်ထားတယ်။ တိုင်း (ရှမ်း) လူမျိုးတွေဟာ သီးခြားလူမျိုးတွေအဖြစ် သရုပ်လက္ခဏာခံယူမလား၊ တိုင်းလူမျိုးကြီးထဲက မျိုးနွယ်ကွဲ၊ စကားဝဲ အစုကွဲတွေအဖြစ်သာ ခံယူမလား ဆိုတာတော့ ဆက်လက်ဖော်ထုတ်ရအုံးမှာ ဖြစ်ပါတယ်။

    အင်၊ စုံ၊ ဝ နဲ့ တိုင်းလွယ် တို့ဟာ တမျိုးတည်း ဖြစ်ပါတယ်။ (တိုင်းလွယ် ကိုတော့ သီးခြားမွန်ခမာလူမျိုးတခု အဖြစ် ယူလို့ရနိုင်တယ်။) ကွီ နဲ့ လားဟူ မကွာသလို ဖျင်နဲ့ အခါလည်း အတူတူပါဘဲ။ ပလေးနဲ့ပလောင် တမျိုးတည်း ဖြစ်သလို မြောင်ဇီး၊ ယအို (ယောင်) နဲ့ အိုက်ဆွယ် တမျိုးတည်းဖြစ်ကြပါတယ်။ နယ်ချင်းထိစပ်နေလို့ ယူနန်တရုတ် လူမျိုးကို (ယူနန်တရုတ် မဟုတ်ဘဲ မင်မင်းဆက် နောက်ဆုံးဘုရင်နဲ့အတူပြေးလာတဲ့ မြောက်ပိုင်းသား မန်ဒါရင်တရုတ် လို့လဲ တချို့သမိုင်းတွေမှာ ဆိုပါတယ်) ဗမာပြည်ရဲ့ တိုင်းရင်းသား ကိုးကန့်လူမျိုးအဖြစ် သတ်မှတ်ထားတာတွေ့ရသလို ယွန်း (မြောက်ပိုင်းထိုင်း) လူမျိုး၊ ခမူ (လော) လူမျိုး၊ ရှမ်းကလေး (ဝါ) တိုင်းလေ့ (ထိုင်း)၊ တိုင်းလျမ် (ယူနန်) လူမျိုးတို့ကိုလည်း မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးအဖြစ် သတ်မှတ်ထားတာတွေ့ရတယ်။ ချင်းပြည်ဘက်မှာလည်း ကသည်း (မဏိပူရ) လူမျိုး၊ လင်းဘု (နီပေါ) လူမျိုးတို့ကို တိုင်းရင်းသားသတ်မှတ်ထားပေမဲ့ အလားတူ ဗမာပြည်နယ်နိမိတ်ထဲ နေထိုင်နေတဲ့ တိုင်းလိ (ယူနန်)၊ ပသျှူး (မလေး)၊ တိဘက်၊ ဂေါ်ရခါး (နီပေါ)၊ စစ်တကောင်းဘင်္ဂါလီ (ဘင်္ဂလားဒေ့ရှ်) တို့ကိုတော့ တိုင်းရင်းသားအဖြစ် ဖော်ပြထားတာမတွေ့ရပါဘူး။

     နအဖစာရင်း အမှန်စာရင်း
    ရှမ်း၊ ရှမ်းကြီး၊ တိုင်းလုံ တိုင်းလုံ (တိုင်းယိုင်)
    ဂုံ တိုင်းခွန် (ဂုံ)
    မောရှမ်း တိုင်းမော
    တိုင်းလျမ် တိုင်းလျမ် (ယူနန်)
    ခန္တီးရှမ်း တိုင်းခမ်းတီး (ကချင်)
    ရှမ်းကလေး၊ တိုင်းလေ့ တိုင်းနွဲ့ (ထိုင်း)
    ယွန်း တိုင်းယွန်း (ဇင်းမယ်ထိုင်း)
    ပလေး၊ ပလောင် ပလောင်
    ဝ၊ အင်၊ စုံ
    တိုင်းလွယ် ၁၀ တိုင်းလွယ် (ဝ)
    ဓနု ၁၁ ဓန
    တောင်ရိုး ၁၂ တောင်ရိုး
    ဓနော ၁၃ ဓနော
    လားဟူ၊ ကြီ ၁၄ လားဟူ
    ကော်၊ ဖျင် ၁၅ အခါ
    ခမူ ၁၆ ခမူ (လော)
    မြောင်ဇီး၊ ယောင်၊ အိုက်ဆွယ် ၁၇ မြောင်
    ကိုးကန့် ၁၈ ကိုးကန့် (တရုတ်)
    အင်းသား ၁၉ အင်းသား
    ပအိုဝ်း ၂၀ ပအိုဝ်း
    ယင်းကျား၊ ယင်းနက် ၂၁ ယင်း
    မိုင်းသာ ၂၂ မိုင်းသာ
    ၃၃ စုစုပေါင်း ၂၂ စုစုပေါင်း

    ဒါကိုချုပ်ကြည့်လိုက်ရင် နအဖပြောတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးဆိုတာမှာ ၇၆ မျိုးဟာ စာရင်းထပ်နေတာ၊ လုပ်ကြံတည်ထွင်ထားတာဖြစ်နေပြီး (၅၉) မျိုးသာ တကယ်အမှန်အကန်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ ဗမာပြည်မှာ လူမျိုး ၅၉ မျိုးသာရှိတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ထမန်၊ တိုင်းလျန်(ရှမ်းနီ)၊ ဒရယ်၊ ဗမာမူဆလင် (မြေဒူး၊ ဇေဒဘာရီ)၊ တို့နဲ့ နယ်စပ် ဟိုဘက် ဒီဘက်ခွနေလေ့ရှိတဲ့ တိဘက်၊ ဂေါ်ရခါး၊ တိုင်းလိ၊ တိုင်းနူ(ရှမ်းတရုတ်)၊ မလေး-ပသျှူး၊ စစ်တကောင်း သားဘင်္ဂါလီ တို့လို ဒီစာရင်းထဲမပါဘဲ ကျန်နေတဲ့လူမျိုးတွေ ရှိပါတယ်။ ဒီထဲမှာ ယဗိန်း၊ ဓနော၊ ဒရယ်၊ ထမန်၊ ဖွန်း၊ ခမူတို့ဟာ မျိုးတုံးလုဆဲဆဲ၊ သို့မဟုတ် လူဦးရေရာဂဏန်းလေးသာရှိတဲ့ လူမျိုးတွေဖြစ်ပါတယ်။ ဒါ့အပြင် သီးခြားလူမျိုးအဖြစ် အမှတ်လက္ခဏာသစ်ခံယူလိုတဲ့ သို့မဟုတ် မခံယူလိုတဲ့ မျိုးနွယ်ကွဲတွေ ရှိနိုင်ပါသေးတယ်။ ရှမ်းလူမျိုးကွဲတွေထဲက သီးခြားလက္ခဏာအမှတ်အသား မခံယူလိုတာရှိရင် ၅၉ မျိုးထက် လျော့နိုင်ပါတယ်။

    ဘယ်လိုဘဲဖြစ်ဖြစ် ဗမာပြည်ရဲ့ တိုင်းရင်းသားလူမျိုးအရေအတွက်ဟာ ၇ဝ မကျော်ပါဘူး။ ဒါပေမဲ့ နအဖဟာ တိုင်းရင်းသား လူမျိုးအရေအတွက် ဆယ်ဂဏန်းမပြည့်လည်း အကြောင်းအမျိုးမျိုးပြပြီး စစ်အာဏာရှင်စနစ် ထူထောင်မှာပါဘဲ။ နအဖ စကား၊ နအဖစာရင်းတွေဟာ ဘယ်လိုမှ စိတ်ချယုံကြည်စရာမရှိဘူး ဆိုတာရယ်၊ ကိုယ်အုပ်ချုပ်နေတဲ့နိုင်ငံထဲက လူမျိုး တွေကိုတောင် မှန်မှန်ကန်ကန် စာရင်းကောက်နိုင်တဲ့ အရည်အချင်း မရှိဘူးဆိုတာကိုတော့ ၁၃၅ မျိုးစာရင်းက သက်သေ ခံနေပါတယ်။

  • မလေးရှားမှ Tan Chong ကားကုမ္ပဏီ မြန်မာနိုင်ငံတွင် ဒေါ်လာ သန်း ၅၀ ရင်းနှီးမြှုပ်နှံမည်။

    စက်တင်ဘာ ၂၁၊ ၂၀၁၃
    M-Media

    Tan Chong

    မလေးရှားနိုင်ငံမှ ကားကုမ္ပဏီတစ်ခုဖြစ်သည့် Tan Chong Motor Holdings Bhd (TCMH) မှာ မြန်မာနိုင်ငံတွင် မော်တော်ကားများ ထုတ်လုပ်ဖြန့်ဖြူးရန် အတွက် အမေရိကန်ဒေါ်လာ သန်း-၅၀ ခန့်ရင်းနှီးမြှုပ်နှံမည်ဟုသိရသည်။

    ပဲခူးဒေသရှိ စက်မှုဇုံတွင် မော်တော်ကားများထုတ်လုပ်ကာဖြန့်ဖြူးရန်အတွက် ၎င်း၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် ETCM (MM) Pte Ltd သည် မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ပါမစ်ရရှိခဲ့သည်ဟု အဆိုပါကုမ္ပဏီက သောကြာနေ့က ပြောကြားခဲ့သည်။

    အဆိုပါ ပါမစ်မှာ နှစ် ၅၀ သက်တမ်းရှိမည်ဖြစ်ပြီး ထပ်မံ၍ ၁၀-နှစ်သက်တမ်း နှစ်ကြိမ် သက်တမ်းတိုးနိုင်မည်ဖြစ်သည်။ ပဲခူးရှိ မြေဧက-၅၀ အား ငှားရမ်းကာ Nissan မော်တော်ယာဉ်များ ထုတ်လုပ်တပ်ဆင်သည့်စက်ရုံဆောက်လုပ်၍ TCMH မှ မော်တော်ယာဉ်များအား ထုတ်လုပ်ဖြန့်ဖြူးမည်ဖြစ်သည်။ ထိုစက်ရုံကို ပါမစ်ရရှိသည့်နေ့မှစ၍ တစ်နှစ်အတွင်း စတင်ဆောက်လုမည်ဖြစ်ပြီး သုံးနှစ်အတွင်း အပြီးဆောက်လုပ်သွားမည်ဖြစ်သည်။

    “အဆိုင်းတစ်ဆိုင်းတည်းကို အခြေခံပြီး ငါးနှစ်အတွက် ကနဦးစထုတ်တဲ့အချိန်မှာ တစ်နှစ်ကို ကားအစီးရေ ၉၁၀၀ ထုတ်ဖို့ သတ်မှတ်ထားပါတယ်။ စက်ရုံ၊ အရောင်းပြခန်း တည်ဆောက်မှု၊ ပထမသုံးနှစ်အတွက် စက်ကိရိယာပစ္စည်း ၀ယ်ယူမှုများအပါအ၀င် TCM Myanmar မှ ဆောင်ရွက်မယ့်လုပ်ငန်းတွေအတွက် ရင်နှီးမြှုပ်နှံမှုပမာဏကို ကန်ဒေါ်လာသန်း ၅၀ ရင်းနှီးမြုပ်နှံဖို့ လျာထား ထားပါတယ်” ဟု အဆိုပါကုမ္ပဏီမှ ပြောကြားခဲ့သည်။

    Ref : thestar

  • အစ္စလာမ့် ဓမ္မသတ်မှူးချုပ်မှ မွတ်စ်လင်မ် မဟုတ်သူတို့အား တိုက်ခိုက်မှုများကို ရှုံချ

    စက်တင်ဘာ၊ ၂၁
    M-Media

    Sheikh Abdul Aziz Al-Asheikh
    အစ္စလာမ်နိုင်ငံများအတွင် နေထိုင်လျက်ရှိကြသော မွတ်စ်လင်မ် မဟုတ်သူတို့အပေါ် အကြမ်းဖက်မှုများကိုလည်းကောင်း၊ မွတ်စ်လင်မ်အချင်းချင်းအပေါ် သာသနာ့လမ်းစဉ်မှသွေဖယ် ကျောခိုင်းသူဟု စွဲချက်တင်၍ ဓမ္မသတ်ပေး တိုက်ခိုက်နေမှုများကိုလည်းကောင်း ဆော်ဒီအာရေဗျ ဘုရင့်နိုင်ငံ၏ အစ္စလာမ့်ဓမ္မသတ်မှူးချုပ် ရှိုင်းခ် အဗ်ဒုလ် အဇီးဇ် အလ် အရှ်ရှိုင်းခ် မှ ပြင်းထန်စွာ ရှုတ်ချလိုက်သည်။

    မွတ်စ်လင်မ်အချင်းချင်းသွေးချောင်းစီးစေမည့် လှုံ့ဆော်ချက်များအား ပြစ်တင်ရှုတ်ချကာ၊ မိမိတို့တိုင်းပြည်များအတွင်း၌ ငြိမ်းချမ်းရေးလက်ကိုင်ပြုနေထိုင်သွားကြရန် တိုက်တွန်းလိုက်သည်။

    “ အဲ့ဒီအစွန်းရောက်သူတွေက သာသနာ့သွေဖည်မှုလို့စွဲချက်တင်အရေးယူတာမျိုးကို တီထွင်ကြံဆောင်ခဲ့ကြတယ်။ အဲ့ဒီ တီထွင်ဖန်တီးချက်က မွတ်စ်လင်မ်တွေ (နဲ့) နိုင်ငံတော်ရဲ့အကာအကွယ်အောက်မှာရှိတဲ့ အခြားလူ့အဖွဲ့အစည်းဝင်တွေကို သတ်ဖြတ်မှုဖြစ်ပွားစေတာပါဘဲ ” ဟု သူက ပြောဆိုခဲ့၏။

    Ref: Arab News

  • တစ်နိုင်ငံလုံးအတိုင်းအတာ လူထုလှုပ်ရှားမှုများ ပြုလုပ်ခဲ့တဲ့  အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့

    တစ်နိုင်ငံလုံးအတိုင်းအတာ လူထုလှုပ်ရှားမှုများ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့

    စက်တင်ဘာ ၂၁၊ ၂၀၁၃
    M-Media
    လင်းလင်း

    DSC00376

    ရန်ကုန် ။       ။       ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပနေသလို ရန်ကုန်မြို့မှာလည်း ရပ်ဖက်လူမှုအဖွဲ့အစည်း ၆၀-ကျော်ပါဝင်ပြီး ဒီနေ့ မနက် ၉-နာရီကနေ ညနေ ၆-နာရီထိ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ပြုလုပ်ခဲ့ကြပါသည်။

    ငြိမ်းချမ်းရေးနေ့ လူထုလှုပ်ရှားမှု ပွဲတော်ကို မနက် ၉-နာရီမှစတင်ကာ ပြခန်းများ၊ သီဆိုဖျော်ဖြေမှုများ၊ ဥာဏ်စမ်းဂိမ်းကစားခြင်း၊ ကဗျာရွတ်ခြင်းများ ပြုလုပ်ကာ၊  ဆူးလေ-မြို့တော်ခန်းမရှေ့မှ စတင်ခဲ့သော လူအင်အား ၁၀၀၀-ကျော်မှ ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်လာကြပြီး ပူးပေါင်းကာ ငြိမ်းချမ်းရေး သရုပ်ဖော်မှုများကို ပြုလုပ်ခဲ့ကြသည်။

    အရပ်ဖက်လူမှုအဖွဲ့အစည်း ၆၀-ကျော်မှ စုပေါင်း၍ ငြိမ်းချမ်းရေးနေ့ လူထုလှုပ်ရှားမှု ကြေညာချက်တစ်စောင်ကိုလည်း အဆိုပါ ပွဲတော်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

    အဆိုပါပွဲတော်သို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအပါအ၀င်၊ ၀န်ကြီး ဦးခင်ရီ၊ ၀န်ကြီး ဦးစိုးသိမ်းနှင့် အစိုးရ ၀န်ကြီးဌာနများမှ ၀န်ကြီးများ၊ ရှစ်လေးလုံး မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုဋ္ဌေးကြွယ်၊ ဒေါက်တာမြင့်သိန်း(ငြိမ်းချမ်းလုလင်)တို့လည်း ပါဝင်တက်ရောက် အားပေးခဲ့ကြသည်။

    တက်ရောက်သော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ကြိုးပမ်းတည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုသည် မြန်မာနိုင်ငံသားများအတွက်သာမက ကမ္ဘာ့လူထုတစ်ရပ်လုံးအတွက်ပါ ကောင်းကျိုးပြုမည့်ဖြစ်စဉ်တစ်ရပ်ဖြစ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးကို တာဝန်ယူ အကောင်ထည်ဖော်ဆောင်နေရသူတစ်ဦးဖြစ်တဲ့ မိမိအနေနဲ့ တင်ပြလိုသည်မှာ လက်ရှိငြိမ်းချမ်းရေးတည်ဆောက်မှုဟာ မတူညီတဲ့အမြင်များ၊ ကွဲလွဲသည့် အယူအဆများအပြင် ခြားနားတဲ့ ရပ်တည်များ အမျိုးမျိုး ရှိကြသည့်အတွက် ငြိမ်းချမ်းရေးကို ရှုမြင်တဲ့ပုံစံ အမျိုးစုံရှိကြောင်း လက်တွေ့အရှိတရားဖြင့် လက်ခံထားကြောင်း ပြောကြားခဲ့သည်။

    ၎င်းကပင် ဆက်လက်၍ အခိုင်အမာပြောဆိုနိုင်သည့်အချက်မှာ ယနေ့ရရှိထားသည့် ငြိမ်းချမ်းရေးတည်ဆောက်မှု အဆင့်ဆင့်သည် ဆွေးနွေးဘက်အားလုံး၏
    စိတ်ရင်း စေတနာကို အခြေခံတည်ဆောက်ထားတာ ဖြစ်သည့်အတွက် အာမခံချက်ရှိသော အခွင့်အလမ်းများ ပေါ်ပေါက်နေပြီဖြစ်ကြောင်း၊ ဤကာလသည် အနာဂတ် ကာလအတွက် ဘုံသဘောတူညီထားသော ငြိမ်းချမ်းရေးအတွက် ခိုင်ခိုင်မာမာတည်ရှိနေပြီဖြစ်ကြောင်း ထပ်လောင်းပြောဆိုခဲ့ပါသည်။

    အနာဂတ်တွင်လည်း နိုင်ငံသားတစ်ဦးချင်းစီ၏ လူ့အဖွဲ့အစည်းတစ်ရပ်လုံးတွင် ယခုရရှိထားသည့် အခွင့်အလမ်းများအား လက်လွှတ်မခံပဲ အမိအရ ဆုပ်ကိုင်ပြီး
    စိတ်ရှည်သည်းခံခြင်းနှင့် ညှိနှိုင်းမှုများအား လုပ်ဆောင်သွားကြမည်ဆိုပါက အားလုံးတောင့်တနေကြသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး လုပ်ငန်းစဉ်များကို နိုင်ငံသားအားလုံး အောင်မြင်စွာ လုပ်ဆောင်နိုင်ကြမည်ဖြစ်ကြောင်း၊ လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် သိမ်မွေ့နက်နဲပြီး စိမ်ခေါ်မှုများနှင့် ပြည့်နှက်နေသော်လည်း မြန်မာပြည်လူငယ်ထုအနေနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို စိတ်ဝင်စားတက်ကြွစွာ ပါဝင်သည်ကို
    သိရသည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပုခုံးပြောင်း တာဝန်ယူမည့် မျိုးဆက်သစ်များကို မြင်ရသည့်အတွက် ၀မ်းမြောက်မိကြောင်း၊ မှန်ကန်သည့်
    နိုင်ငံရေး ရည်မှန်းချက်များကို ပုဂ္ဂလိက အကျိုးအမြတ် တစ်စုံတစ်ရာ မပါရှိပဲ မွန်မြတ်သည့် ရည်မှန်းချက်များဖြင့် အမျိုးသားရေးတာဝန်ကို လုပ်ဆောင်နေသည်ကို မြင်ရသည့်အတွက် လေးစားဂုဏ်ယူကြောင်း၊ ငြိမ်းချမ်းရေးအတွက် လူငယ်ထုအနေနဲ့ ကြိုက်ရာအခန်းကဏ္ဍမှ ပါဝင်ရန် တိုက်တွန်းကြောင်း၊ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်နေသော မိမိတို့ နိုင်ငံရဲ့ ကြုံတွေ့နေရတဲ့ အခက်အဲများကို အရှိတရားများဖြင့် လက်ခံပေးထားရမည်ဖြစ်ကြောင်း ကိုလည်း ဦးအောင်မင်းမှပင် ဆက်လက်
    ပြောကြားသွားခဲ့ပါသည်။

    ပွဲတော်ကို တက်ရောက်လာသူတချို့ကတော့ “ကျွန်တော်တို့က ငြိမ်းချမ်းရေးကို လိုလားလို့ လုပ်တာပါ။ နောက်ပိုင်းကျရင်လည်း ကျွန်တော်တို့ လိုလားတဲ့ငြိမ်းချမ်းရေး အတွက် ဖော်ဆောင်မှုတွေလုပ်မှာပါ”

    “ဟိုအရင် နိုင်ငံရေးတုန်းက လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယလို့ အော်ခဲ့ကြတာ၊ အခုက ဒီမိုကရေစီရေးသည် ပထမ၊ ငြိမ်းချမ်းရေးသည် ပထမ၊ လူမှုစီးပွားတိုးတက်ရေးသည် ပထမ ဖြစ်သွားပြီ။ ဒါကြောင့် အမိမြန်မာပြေ ငြိမ်းချမ်းပါစေ၊ လူတိုင်းငြိမ်းချမ်းပါစေပေါ့ဗျာ”ဟု M-Media ကို ပြောပြခဲ့ပါတယ်။

    မနက်ပိုင်းကတည်းမှ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးနေ့ လူထုလှုပ်ရှားမှုပွဲတော်ကို ညနေ ၆-နာရီကျော်တွင် ပြီးဆုံးခဲ့ကြပါသည်။

    ရန်ကုန်မြို့တွင် ကျင်းပသည့်နည်းတူ မန္တလေးမြို့နှင့် အခြားမြို့များတွင်လည်း ကျင်းပပြုလုပ်ခဲ့ကြကြောင်းလည်း သိရှိရပါသည်။

    ဓါတ်ပုံများ ကြည့်လိုပါက >>  အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မြင်ကွင်းဓါတ်ပုံ

  • စက်တင်ဘာ ၂၁ အားကစားသတင်းများ

    စက်တင်ဘာ ၂၁ အားကစားသတင်းများ

    စက်တင်ဘာ ၂၁၊ ၂၀၁၃
    M-Media

    ရီးယဲလ်တွင် ဆက်ရှိနေသည့် အကြောင်းအရင်းအား ထုတ်ဖော်သည့် ဒီမာရီယာ

    ရီးယဲအသင်း၏ ကွင်းလယ်လူ ဒီမာရီယာက အသင်းတွင်ပါဝင်ခွင့်ရမည်ဟု အသင်းနည်းပြ အန်ဆယ်လော့တီထံမှ သိရပြီးနောက် အသင်းတွင် ဆက်လက်ရှိနေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ဖော်ပြောကြား လိုက်သည်။ သူ၏အနာဂတ်နှင့်ပက်သက်ပြီး အာဂျင်တီးနား အသင်းဖော် ပီအက်စ်ဂျီတိုက်စစ်မှူး လာဗက်ဇ်ဇီ၊ ရီးယဲလ်နည်းပြ အန်ဆယ်လော့တီတို့နှင့် ဆွေးနွေးပြီးနောက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။
    ပြီးခဲ့သည့်နွေရာသီအစောပိုင်းက အသင်းမှ ထွက်ခွာမည်ဟု ပြောဆိုထားသော်လည်း အသင်းတွင်ဆက်ရှိနေခဲ့သည့် ဒီမာရီယာက “ကစားသမားအသစ်တွေ အသင်းကို ရောက်ရှိလာပေမယ့်လည်း အသင်းမှာ ကျွန်တော် ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကောင်းမွန်တဲ့ အချိန်ကာလတွေကိုကို ဖြတ်သန်းခဲ့ပြီး ဒီမှာဆက်ကစားဖို့ အရည်အချင်းတွေ ရှိနေတယ်ဆိုတာ ကျွန်တော်သိခဲ့ပါတယ်” ဟု Rock and Pop ရေဒီယိုသို့ပြောကြားခဲ့သည်။
    goal
    _______________________

    မန်စီးတီးအသင်းမှာ မန်ယူအသင်းထက် စိတ်ဓာတ်ပိုမိုကြံ့ခိုင်သည်ဟု ပယ်လီဂရီနီဆို

    မန်ချက်စတာစီးတီးအသင်း၏နည်းပြဖြစ်သူ ပယ်လီရီနီက သူ၏ အသင်းသားများမှာ မန်ယူအသင်းသားများထက် စိတ်ဓါတ်ပိုင်းဆိုင်ရာတွင် ပိုမိုကြံ့ခိုင်သည်ဟု ပြောဆိုလိုက်သည်။ မန်စီးတီးအသင်းမှာ တနင်္ဂနွေနေ့တွင် အိမ်ကွင်း၌ မန်ယူအသင်အားဧည့်ခံကစားရမည်ဖြစ်သည်။ ယမန်နှစ်က ချန်ပီယံဘွဲ့ကိုမကာကွယ်နိုင်ခဲ့ဘဲ ချန်ပီယံမန်ယူထက် ၁၁-မှတ် ကွာဟခဲ့ပြီးစိတ်ဓာတ်ပိုင်းဆိုင်ရာအား မေးခွန်းထုတ်စရာဖြစ်ခဲ့သော်လည်း ၎င်းအသင်းသို့ရောက်ရှိစဉ်ကတည်းက အသင်း၏ စိတ်ဓာတ်ပိုင်းကို ပြင်ဆင်ခဲ့ပြီး ထိုရလာဒ်အား လာမည့်တနင်္ဂနွေနေ့ပွဲတွင်ပြသည်မည်ဟု ပယ်လီဂရီနီက ဆိုသည်။ “အတိမှာဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် အခုအချိန်ကျွန်တော်တို့မှာရှိတဲ့စိတ်ဓါတ်ခွန်အားဟာ သိပ်ကောင်းနေပါတယ်။ မန်ယူထက်ကိုပိုကောင်းနေတာပါ” ဟု သူက ပြောကြားခဲ့သည်။
    mirror
    ______________________

     

    ချယ်ဆီးတွင် ဘာပြဿနာမှမရှိဟု မော်ရင်ဟိုဆို

    Untitled1

    ချန်ပီယံလိဂ်အဖွင့်ပွဲ အိမ်ကွင်းတွင်ရှုံးနိမ့်ခဲ့သော်လည်း ချယ်ဆီး၏ကစားပုံအား စိုးရိမ်ပူပန်ခြင်းမရှိသည့် မော်ရင်ဟိုက ချယ်ဆီးအသင်းတွင် ဘာပြဿနာမှမရှိဟု
    ပြောဆိုလိုက်သည်။ ချယ်ဆီးအသင်းမှာ ပြီးခဲ့သည့် သီတင်းပတ်က အဲဗာတန်အသင်း နှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင်လည်းရှုံးနိမ့်ခဲ့ပြီး  တစ်ပါတ်အတွင်း နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကာ ဝေဖန်မှုများနှင့်ရင်ဆိုင်နေရသော်လည်း ယခုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။  “ဝေဖန်တယ်ဆိုတာကတော့ ပုံမှန်ပါပဲ။ ကျွန်တော် ဘောလုံးလောကမှာ ကာလကြာရှည်စွာကျင်လည်ခဲ့ပြီး ဝေဖန်တယ်ဆိုတာ အံ့သြစရာ မဟုတ်ဘူးလို့ ကျွန်တော်သိပါတယ်။ ဝေဖန်မှုတွေ၊ ထင်မြင်ချက်တွေရှိမှာပါ။
    ကျွန်တော်မအံ့သြသလို စိုးလည်းမစိုးရိမ်ပါဘူး” ဟု မော်ရင်ဟိုကပြောကြားခဲ့သည်။
    goal
    ______________________

    ကိုရီးယားအိုးပင်းတင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲသို့ ရဒ်ဝန်စကာ တက်ရောက်

    ကျင်းပလျက်ရှိသည့် ကိုရီးယားအိုးပင်းအမျိုးသမီးတင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် နိုင်ခြေအဆင့် ၁ ရ ပိုလန်တင်းနစ်မယ် ရဒ်ဝန်စကာမှာ စပိန်တင်းနစ်မယ် လာရာ အာရူအာဘာယူနာအား အနိုင်ရရှိခဲ့ကာ နောက်ဆုံးဗိုလ်လုပွဲသို့တက်ရောက်သွားပြီဟုသိရသည်။
    ၆၄-မိနစ်သာကြာမြင့်ခဲ့သည့် အဆိုပါပွဲစဉ်တွင် ရဒ်ဝန်စကာမှာ အာရူအာဘာယူနာအား သက်တောင့်သက်သာကစားပြီး ၆-၀၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ “ဒါဟာ တကယ့်ကိုကောင်းတဲ့ပွဲပါပဲ။ ကျွန်မ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ အပြင်မှာအရမ်းပူပါတယ်။ ဒါပေမယ့် ကျွန်မ ရာနှုန်းပြည့်ကစားနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပွဲက မြန်မြန်ပြီးသွားခဲ့တာပါ”ဟု ယခုနှစ်အတွင်း တင်းနစ်ပြိုင်ပွဲများအတွင်း ဗိုလ်လုပွဲသို့ လေးကြိမ်မြောက် တက်ရောက်နိုင်ခဲ့သည့် ရဒ်ဝန်စကာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ကိုရီးယားအိုးပင်းတင်းနစ်ပြိုင်ပွဲဗိုလ်လုပွဲကို မနက်ဖြန်တွင်ကျင်းပမည်ဖြစ်ပြီး ရဒ်ဝန်စကာနှင့် ပက်ဗဘလူချင်ကိုဗာတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
    skysports

    ________________________