News @ M-Media

Blog

  • မလေးရှားမှ Tan Chong ကားကုမ္ပဏီ မြန်မာနိုင်ငံတွင် ဒေါ်လာ သန်း ၅၀ ရင်းနှီးမြှုပ်နှံမည်။

    စက်တင်ဘာ ၂၁၊ ၂၀၁၃
    M-Media

    Tan Chong

    မလေးရှားနိုင်ငံမှ ကားကုမ္ပဏီတစ်ခုဖြစ်သည့် Tan Chong Motor Holdings Bhd (TCMH) မှာ မြန်မာနိုင်ငံတွင် မော်တော်ကားများ ထုတ်လုပ်ဖြန့်ဖြူးရန် အတွက် အမေရိကန်ဒေါ်လာ သန်း-၅၀ ခန့်ရင်းနှီးမြှုပ်နှံမည်ဟုသိရသည်။

    ပဲခူးဒေသရှိ စက်မှုဇုံတွင် မော်တော်ကားများထုတ်လုပ်ကာဖြန့်ဖြူးရန်အတွက် ၎င်း၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် ETCM (MM) Pte Ltd သည် မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ပါမစ်ရရှိခဲ့သည်ဟု အဆိုပါကုမ္ပဏီက သောကြာနေ့က ပြောကြားခဲ့သည်။

    အဆိုပါ ပါမစ်မှာ နှစ် ၅၀ သက်တမ်းရှိမည်ဖြစ်ပြီး ထပ်မံ၍ ၁၀-နှစ်သက်တမ်း နှစ်ကြိမ် သက်တမ်းတိုးနိုင်မည်ဖြစ်သည်။ ပဲခူးရှိ မြေဧက-၅၀ အား ငှားရမ်းကာ Nissan မော်တော်ယာဉ်များ ထုတ်လုပ်တပ်ဆင်သည့်စက်ရုံဆောက်လုပ်၍ TCMH မှ မော်တော်ယာဉ်များအား ထုတ်လုပ်ဖြန့်ဖြူးမည်ဖြစ်သည်။ ထိုစက်ရုံကို ပါမစ်ရရှိသည့်နေ့မှစ၍ တစ်နှစ်အတွင်း စတင်ဆောက်လုမည်ဖြစ်ပြီး သုံးနှစ်အတွင်း အပြီးဆောက်လုပ်သွားမည်ဖြစ်သည်။

    “အဆိုင်းတစ်ဆိုင်းတည်းကို အခြေခံပြီး ငါးနှစ်အတွက် ကနဦးစထုတ်တဲ့အချိန်မှာ တစ်နှစ်ကို ကားအစီးရေ ၉၁၀၀ ထုတ်ဖို့ သတ်မှတ်ထားပါတယ်။ စက်ရုံ၊ အရောင်းပြခန်း တည်ဆောက်မှု၊ ပထမသုံးနှစ်အတွက် စက်ကိရိယာပစ္စည်း ၀ယ်ယူမှုများအပါအ၀င် TCM Myanmar မှ ဆောင်ရွက်မယ့်လုပ်ငန်းတွေအတွက် ရင်နှီးမြှုပ်နှံမှုပမာဏကို ကန်ဒေါ်လာသန်း ၅၀ ရင်းနှီးမြုပ်နှံဖို့ လျာထား ထားပါတယ်” ဟု အဆိုပါကုမ္ပဏီမှ ပြောကြားခဲ့သည်။

    Ref : thestar

  • အစ္စလာမ့် ဓမ္မသတ်မှူးချုပ်မှ မွတ်စ်လင်မ် မဟုတ်သူတို့အား တိုက်ခိုက်မှုများကို ရှုံချ

    စက်တင်ဘာ၊ ၂၁
    M-Media

    Sheikh Abdul Aziz Al-Asheikh
    အစ္စလာမ်နိုင်ငံများအတွင် နေထိုင်လျက်ရှိကြသော မွတ်စ်လင်မ် မဟုတ်သူတို့အပေါ် အကြမ်းဖက်မှုများကိုလည်းကောင်း၊ မွတ်စ်လင်မ်အချင်းချင်းအပေါ် သာသနာ့လမ်းစဉ်မှသွေဖယ် ကျောခိုင်းသူဟု စွဲချက်တင်၍ ဓမ္မသတ်ပေး တိုက်ခိုက်နေမှုများကိုလည်းကောင်း ဆော်ဒီအာရေဗျ ဘုရင့်နိုင်ငံ၏ အစ္စလာမ့်ဓမ္မသတ်မှူးချုပ် ရှိုင်းခ် အဗ်ဒုလ် အဇီးဇ် အလ် အရှ်ရှိုင်းခ် မှ ပြင်းထန်စွာ ရှုတ်ချလိုက်သည်။

    မွတ်စ်လင်မ်အချင်းချင်းသွေးချောင်းစီးစေမည့် လှုံ့ဆော်ချက်များအား ပြစ်တင်ရှုတ်ချကာ၊ မိမိတို့တိုင်းပြည်များအတွင်း၌ ငြိမ်းချမ်းရေးလက်ကိုင်ပြုနေထိုင်သွားကြရန် တိုက်တွန်းလိုက်သည်။

    “ အဲ့ဒီအစွန်းရောက်သူတွေက သာသနာ့သွေဖည်မှုလို့စွဲချက်တင်အရေးယူတာမျိုးကို တီထွင်ကြံဆောင်ခဲ့ကြတယ်။ အဲ့ဒီ တီထွင်ဖန်တီးချက်က မွတ်စ်လင်မ်တွေ (နဲ့) နိုင်ငံတော်ရဲ့အကာအကွယ်အောက်မှာရှိတဲ့ အခြားလူ့အဖွဲ့အစည်းဝင်တွေကို သတ်ဖြတ်မှုဖြစ်ပွားစေတာပါဘဲ ” ဟု သူက ပြောဆိုခဲ့၏။

    Ref: Arab News

  • တစ်နိုင်ငံလုံးအတိုင်းအတာ လူထုလှုပ်ရှားမှုများ ပြုလုပ်ခဲ့တဲ့  အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့

    တစ်နိုင်ငံလုံးအတိုင်းအတာ လူထုလှုပ်ရှားမှုများ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့

    စက်တင်ဘာ ၂၁၊ ၂၀၁၃
    M-Media
    လင်းလင်း

    DSC00376

    ရန်ကုန် ။       ။       ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပနေသလို ရန်ကုန်မြို့မှာလည်း ရပ်ဖက်လူမှုအဖွဲ့အစည်း ၆၀-ကျော်ပါဝင်ပြီး ဒီနေ့ မနက် ၉-နာရီကနေ ညနေ ၆-နာရီထိ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ပြုလုပ်ခဲ့ကြပါသည်။

    ငြိမ်းချမ်းရေးနေ့ လူထုလှုပ်ရှားမှု ပွဲတော်ကို မနက် ၉-နာရီမှစတင်ကာ ပြခန်းများ၊ သီဆိုဖျော်ဖြေမှုများ၊ ဥာဏ်စမ်းဂိမ်းကစားခြင်း၊ ကဗျာရွတ်ခြင်းများ ပြုလုပ်ကာ၊  ဆူးလေ-မြို့တော်ခန်းမရှေ့မှ စတင်ခဲ့သော လူအင်အား ၁၀၀၀-ကျော်မှ ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်လာကြပြီး ပူးပေါင်းကာ ငြိမ်းချမ်းရေး သရုပ်ဖော်မှုများကို ပြုလုပ်ခဲ့ကြသည်။

    အရပ်ဖက်လူမှုအဖွဲ့အစည်း ၆၀-ကျော်မှ စုပေါင်း၍ ငြိမ်းချမ်းရေးနေ့ လူထုလှုပ်ရှားမှု ကြေညာချက်တစ်စောင်ကိုလည်း အဆိုပါ ပွဲတော်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

    အဆိုပါပွဲတော်သို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအပါအ၀င်၊ ၀န်ကြီး ဦးခင်ရီ၊ ၀န်ကြီး ဦးစိုးသိမ်းနှင့် အစိုးရ ၀န်ကြီးဌာနများမှ ၀န်ကြီးများ၊ ရှစ်လေးလုံး မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုဋ္ဌေးကြွယ်၊ ဒေါက်တာမြင့်သိန်း(ငြိမ်းချမ်းလုလင်)တို့လည်း ပါဝင်တက်ရောက် အားပေးခဲ့ကြသည်။

    တက်ရောက်သော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ကြိုးပမ်းတည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုသည် မြန်မာနိုင်ငံသားများအတွက်သာမက ကမ္ဘာ့လူထုတစ်ရပ်လုံးအတွက်ပါ ကောင်းကျိုးပြုမည့်ဖြစ်စဉ်တစ်ရပ်ဖြစ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးကို တာဝန်ယူ အကောင်ထည်ဖော်ဆောင်နေရသူတစ်ဦးဖြစ်တဲ့ မိမိအနေနဲ့ တင်ပြလိုသည်မှာ လက်ရှိငြိမ်းချမ်းရေးတည်ဆောက်မှုဟာ မတူညီတဲ့အမြင်များ၊ ကွဲလွဲသည့် အယူအဆများအပြင် ခြားနားတဲ့ ရပ်တည်များ အမျိုးမျိုး ရှိကြသည့်အတွက် ငြိမ်းချမ်းရေးကို ရှုမြင်တဲ့ပုံစံ အမျိုးစုံရှိကြောင်း လက်တွေ့အရှိတရားဖြင့် လက်ခံထားကြောင်း ပြောကြားခဲ့သည်။

    ၎င်းကပင် ဆက်လက်၍ အခိုင်အမာပြောဆိုနိုင်သည့်အချက်မှာ ယနေ့ရရှိထားသည့် ငြိမ်းချမ်းရေးတည်ဆောက်မှု အဆင့်ဆင့်သည် ဆွေးနွေးဘက်အားလုံး၏
    စိတ်ရင်း စေတနာကို အခြေခံတည်ဆောက်ထားတာ ဖြစ်သည့်အတွက် အာမခံချက်ရှိသော အခွင့်အလမ်းများ ပေါ်ပေါက်နေပြီဖြစ်ကြောင်း၊ ဤကာလသည် အနာဂတ် ကာလအတွက် ဘုံသဘောတူညီထားသော ငြိမ်းချမ်းရေးအတွက် ခိုင်ခိုင်မာမာတည်ရှိနေပြီဖြစ်ကြောင်း ထပ်လောင်းပြောဆိုခဲ့ပါသည်။

    အနာဂတ်တွင်လည်း နိုင်ငံသားတစ်ဦးချင်းစီ၏ လူ့အဖွဲ့အစည်းတစ်ရပ်လုံးတွင် ယခုရရှိထားသည့် အခွင့်အလမ်းများအား လက်လွှတ်မခံပဲ အမိအရ ဆုပ်ကိုင်ပြီး
    စိတ်ရှည်သည်းခံခြင်းနှင့် ညှိနှိုင်းမှုများအား လုပ်ဆောင်သွားကြမည်ဆိုပါက အားလုံးတောင့်တနေကြသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး လုပ်ငန်းစဉ်များကို နိုင်ငံသားအားလုံး အောင်မြင်စွာ လုပ်ဆောင်နိုင်ကြမည်ဖြစ်ကြောင်း၊ လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် သိမ်မွေ့နက်နဲပြီး စိမ်ခေါ်မှုများနှင့် ပြည့်နှက်နေသော်လည်း မြန်မာပြည်လူငယ်ထုအနေနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို စိတ်ဝင်စားတက်ကြွစွာ ပါဝင်သည်ကို
    သိရသည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပုခုံးပြောင်း တာဝန်ယူမည့် မျိုးဆက်သစ်များကို မြင်ရသည့်အတွက် ၀မ်းမြောက်မိကြောင်း၊ မှန်ကန်သည့်
    နိုင်ငံရေး ရည်မှန်းချက်များကို ပုဂ္ဂလိက အကျိုးအမြတ် တစ်စုံတစ်ရာ မပါရှိပဲ မွန်မြတ်သည့် ရည်မှန်းချက်များဖြင့် အမျိုးသားရေးတာဝန်ကို လုပ်ဆောင်နေသည်ကို မြင်ရသည့်အတွက် လေးစားဂုဏ်ယူကြောင်း၊ ငြိမ်းချမ်းရေးအတွက် လူငယ်ထုအနေနဲ့ ကြိုက်ရာအခန်းကဏ္ဍမှ ပါဝင်ရန် တိုက်တွန်းကြောင်း၊ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်နေသော မိမိတို့ နိုင်ငံရဲ့ ကြုံတွေ့နေရတဲ့ အခက်အဲများကို အရှိတရားများဖြင့် လက်ခံပေးထားရမည်ဖြစ်ကြောင်း ကိုလည်း ဦးအောင်မင်းမှပင် ဆက်လက်
    ပြောကြားသွားခဲ့ပါသည်။

    ပွဲတော်ကို တက်ရောက်လာသူတချို့ကတော့ “ကျွန်တော်တို့က ငြိမ်းချမ်းရေးကို လိုလားလို့ လုပ်တာပါ။ နောက်ပိုင်းကျရင်လည်း ကျွန်တော်တို့ လိုလားတဲ့ငြိမ်းချမ်းရေး အတွက် ဖော်ဆောင်မှုတွေလုပ်မှာပါ”

    “ဟိုအရင် နိုင်ငံရေးတုန်းက လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယလို့ အော်ခဲ့ကြတာ၊ အခုက ဒီမိုကရေစီရေးသည် ပထမ၊ ငြိမ်းချမ်းရေးသည် ပထမ၊ လူမှုစီးပွားတိုးတက်ရေးသည် ပထမ ဖြစ်သွားပြီ။ ဒါကြောင့် အမိမြန်မာပြေ ငြိမ်းချမ်းပါစေ၊ လူတိုင်းငြိမ်းချမ်းပါစေပေါ့ဗျာ”ဟု M-Media ကို ပြောပြခဲ့ပါတယ်။

    မနက်ပိုင်းကတည်းမှ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးနေ့ လူထုလှုပ်ရှားမှုပွဲတော်ကို ညနေ ၆-နာရီကျော်တွင် ပြီးဆုံးခဲ့ကြပါသည်။

    ရန်ကုန်မြို့တွင် ကျင်းပသည့်နည်းတူ မန္တလေးမြို့နှင့် အခြားမြို့များတွင်လည်း ကျင်းပပြုလုပ်ခဲ့ကြကြောင်းလည်း သိရှိရပါသည်။

    ဓါတ်ပုံများ ကြည့်လိုပါက >>  အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မြင်ကွင်းဓါတ်ပုံ

  • စက်တင်ဘာ ၂၁ အားကစားသတင်းများ

    စက်တင်ဘာ ၂၁ အားကစားသတင်းများ

    စက်တင်ဘာ ၂၁၊ ၂၀၁၃
    M-Media

    ရီးယဲလ်တွင် ဆက်ရှိနေသည့် အကြောင်းအရင်းအား ထုတ်ဖော်သည့် ဒီမာရီယာ

    ရီးယဲအသင်း၏ ကွင်းလယ်လူ ဒီမာရီယာက အသင်းတွင်ပါဝင်ခွင့်ရမည်ဟု အသင်းနည်းပြ အန်ဆယ်လော့တီထံမှ သိရပြီးနောက် အသင်းတွင် ဆက်လက်ရှိနေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ဖော်ပြောကြား လိုက်သည်။ သူ၏အနာဂတ်နှင့်ပက်သက်ပြီး အာဂျင်တီးနား အသင်းဖော် ပီအက်စ်ဂျီတိုက်စစ်မှူး လာဗက်ဇ်ဇီ၊ ရီးယဲလ်နည်းပြ အန်ဆယ်လော့တီတို့နှင့် ဆွေးနွေးပြီးနောက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။
    ပြီးခဲ့သည့်နွေရာသီအစောပိုင်းက အသင်းမှ ထွက်ခွာမည်ဟု ပြောဆိုထားသော်လည်း အသင်းတွင်ဆက်ရှိနေခဲ့သည့် ဒီမာရီယာက “ကစားသမားအသစ်တွေ အသင်းကို ရောက်ရှိလာပေမယ့်လည်း အသင်းမှာ ကျွန်တော် ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကောင်းမွန်တဲ့ အချိန်ကာလတွေကိုကို ဖြတ်သန်းခဲ့ပြီး ဒီမှာဆက်ကစားဖို့ အရည်အချင်းတွေ ရှိနေတယ်ဆိုတာ ကျွန်တော်သိခဲ့ပါတယ်” ဟု Rock and Pop ရေဒီယိုသို့ပြောကြားခဲ့သည်။
    goal
    _______________________

    မန်စီးတီးအသင်းမှာ မန်ယူအသင်းထက် စိတ်ဓာတ်ပိုမိုကြံ့ခိုင်သည်ဟု ပယ်လီဂရီနီဆို

    မန်ချက်စတာစီးတီးအသင်း၏နည်းပြဖြစ်သူ ပယ်လီရီနီက သူ၏ အသင်းသားများမှာ မန်ယူအသင်းသားများထက် စိတ်ဓါတ်ပိုင်းဆိုင်ရာတွင် ပိုမိုကြံ့ခိုင်သည်ဟု ပြောဆိုလိုက်သည်။ မန်စီးတီးအသင်းမှာ တနင်္ဂနွေနေ့တွင် အိမ်ကွင်း၌ မန်ယူအသင်အားဧည့်ခံကစားရမည်ဖြစ်သည်။ ယမန်နှစ်က ချန်ပီယံဘွဲ့ကိုမကာကွယ်နိုင်ခဲ့ဘဲ ချန်ပီယံမန်ယူထက် ၁၁-မှတ် ကွာဟခဲ့ပြီးစိတ်ဓာတ်ပိုင်းဆိုင်ရာအား မေးခွန်းထုတ်စရာဖြစ်ခဲ့သော်လည်း ၎င်းအသင်းသို့ရောက်ရှိစဉ်ကတည်းက အသင်း၏ စိတ်ဓာတ်ပိုင်းကို ပြင်ဆင်ခဲ့ပြီး ထိုရလာဒ်အား လာမည့်တနင်္ဂနွေနေ့ပွဲတွင်ပြသည်မည်ဟု ပယ်လီဂရီနီက ဆိုသည်။ “အတိမှာဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် အခုအချိန်ကျွန်တော်တို့မှာရှိတဲ့စိတ်ဓါတ်ခွန်အားဟာ သိပ်ကောင်းနေပါတယ်။ မန်ယူထက်ကိုပိုကောင်းနေတာပါ” ဟု သူက ပြောကြားခဲ့သည်။
    mirror
    ______________________

     

    ချယ်ဆီးတွင် ဘာပြဿနာမှမရှိဟု မော်ရင်ဟိုဆို

    Untitled1

    ချန်ပီယံလိဂ်အဖွင့်ပွဲ အိမ်ကွင်းတွင်ရှုံးနိမ့်ခဲ့သော်လည်း ချယ်ဆီး၏ကစားပုံအား စိုးရိမ်ပူပန်ခြင်းမရှိသည့် မော်ရင်ဟိုက ချယ်ဆီးအသင်းတွင် ဘာပြဿနာမှမရှိဟု
    ပြောဆိုလိုက်သည်။ ချယ်ဆီးအသင်းမှာ ပြီးခဲ့သည့် သီတင်းပတ်က အဲဗာတန်အသင်း နှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင်လည်းရှုံးနိမ့်ခဲ့ပြီး  တစ်ပါတ်အတွင်း နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကာ ဝေဖန်မှုများနှင့်ရင်ဆိုင်နေရသော်လည်း ယခုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။  “ဝေဖန်တယ်ဆိုတာကတော့ ပုံမှန်ပါပဲ။ ကျွန်တော် ဘောလုံးလောကမှာ ကာလကြာရှည်စွာကျင်လည်ခဲ့ပြီး ဝေဖန်တယ်ဆိုတာ အံ့သြစရာ မဟုတ်ဘူးလို့ ကျွန်တော်သိပါတယ်။ ဝေဖန်မှုတွေ၊ ထင်မြင်ချက်တွေရှိမှာပါ။
    ကျွန်တော်မအံ့သြသလို စိုးလည်းမစိုးရိမ်ပါဘူး” ဟု မော်ရင်ဟိုကပြောကြားခဲ့သည်။
    goal
    ______________________

    ကိုရီးယားအိုးပင်းတင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲသို့ ရဒ်ဝန်စကာ တက်ရောက်

    ကျင်းပလျက်ရှိသည့် ကိုရီးယားအိုးပင်းအမျိုးသမီးတင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် နိုင်ခြေအဆင့် ၁ ရ ပိုလန်တင်းနစ်မယ် ရဒ်ဝန်စကာမှာ စပိန်တင်းနစ်မယ် လာရာ အာရူအာဘာယူနာအား အနိုင်ရရှိခဲ့ကာ နောက်ဆုံးဗိုလ်လုပွဲသို့တက်ရောက်သွားပြီဟုသိရသည်။
    ၆၄-မိနစ်သာကြာမြင့်ခဲ့သည့် အဆိုပါပွဲစဉ်တွင် ရဒ်ဝန်စကာမှာ အာရူအာဘာယူနာအား သက်တောင့်သက်သာကစားပြီး ၆-၀၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ “ဒါဟာ တကယ့်ကိုကောင်းတဲ့ပွဲပါပဲ။ ကျွန်မ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ အပြင်မှာအရမ်းပူပါတယ်။ ဒါပေမယ့် ကျွန်မ ရာနှုန်းပြည့်ကစားနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပွဲက မြန်မြန်ပြီးသွားခဲ့တာပါ”ဟု ယခုနှစ်အတွင်း တင်းနစ်ပြိုင်ပွဲများအတွင်း ဗိုလ်လုပွဲသို့ လေးကြိမ်မြောက် တက်ရောက်နိုင်ခဲ့သည့် ရဒ်ဝန်စကာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ကိုရီးယားအိုးပင်းတင်းနစ်ပြိုင်ပွဲဗိုလ်လုပွဲကို မနက်ဖြန်တွင်ကျင်းပမည်ဖြစ်ပြီး ရဒ်ဝန်စကာနှင့် ပက်ဗဘလူချင်ကိုဗာတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
    skysports

    ________________________

  • စက်တင်ဘာ၊ ၂၁ နိုင်ငံတကာနှင့် ပြည်တွင်းသတင်းတို

    စက်တင်ဘာ၊ ၂၁ နိုင်ငံတကာနှင့် ပြည်တွင်းသတင်းတို

    စက်တင်ဘာ ၂၁၊ ၂၀၁၃
    M-Media

    စင်္ကာပူဝန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

    စင်္ကာပူကို ခေတ္တရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူဝန်ကြီးချုပ်ရုံးဝန်ကြီးနှင့် နိုင်ငံခြားရေးဒုတိယ၀န်ကြီးဖြစ်သူ Grace Fu နဲ့ မနေ့က တွေ့ဆုံခဲ့၍ မြန်မာ့နိုင်ငံရေး အခြေအနေများနဲ့ပတ်သက်ပြီး ဆွေးနွေးဖလှယ်ခဲ့ကြပြီး စင်္ကာပူနှင့် မြန်မာဆက်ဆံရေး ယခင်ကတည်းက ကောင်းမွန်ခဲ့သလို ဆက်လက်ထိန်းသိမ်းမည်ဖြစ်ပြီး၊ မြန်မာ့စီးပွားရေးနဲ့ လူမှုကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးကို စင်္ကာပူက ပံ့ပိုးကူညီမည်ဖြစ်ကြောင်း ၀န်ကြီး Grace Fu က ပြောကြားခဲ့တယ်လို့ RFA သတင်းစာမျက်နှာ ဖော်ပြချက်မှာ သိရှိရပါတယ်။

    _____________________________

    သန်လျင်ရှိ ဆည်မြောင်းမြေ ကျူးကျော်နေထိုင်သူများ စက်တင်ဘာ ၂၁-ရက်နေ့ နောက်ဆုံး ဖယ်ရှားပေးရမည်

    သန်လျင်မြို့အတွင်းရှိ ဆည်မြောင်းဦးစီးဌာနပိုင် မြေများတွင် ကျူးကျော်နေထိုင်သည့် အိမ်ခြေ ၆၀၀-ကျော်ရှိနေသည့်အတွက် နောက်ပိုင်းတွင် ဆည်မြောင်း ပြုပြင်ထိန်းသိမ်းရေးမှာ အခက်အခဲဖြစ်လာမည်နှင့် မြေယာ ပြဿနာ အငြင်းပွားမှုများ မဖြစ်ပွားစေရန်အတွက် စက်တင်ဘာလ ၂၁-ရက်နေ့ နောက်ဆုံးထား၍ ဖယ်ရှားပေးရန် ဆည်မြောင်းဌာနမှ ညွှန်ကြားစာ ထုတ်ပြန်ထားကြောင်း၊ ထိုမြေနေရာတွင် မူလက နေအိမ်ဆောက်လုပ် ထိုင်သူများမှာ ဆည်မြောင်းဝန်ထမ်းဟောင်းအချို့ထံ ပိုက်ဆံပေးခဲ့ရသော်လည်း နောက်ပိုင်း နေထိုင်သူများမှာ ပိုက်ဆံမပေးရတော့ကြောင်း ဧရာဝတီ သတင်းဌာနမှ သိရှိရပါတယ်။

    ___________________________

    ဓါတုလက်နက်များနှင့်ပက်သက်၍ ဆီးရီးယားထုတ်ဖော်ပြီ


    ဆီးရီးယားနိုင်ငံသည် ၎င်းတွင်ရှိနေသည့် ဓါတုလက်နက်များနှင့်ပက်သက်ပြီး ကနဦးကြေညာချက်ထုတ်ပြန်လိုက်ပြီဟု ကုလသမဂ္ဂက ကျောထောက်နောက်ခံ ပြုထားသည့် ဓါတုလက်နက်တားဆီးရေးအဖွဲ့က ယမန်နေ့က ပြောကြားလိုက်သည်။ ဆီးရီးယားသမ္မတ ဘာရှာအလ်အာဆတ်အစိုးရတွင်ရှိနေသည့် ဓါတု လက်နက်များ၏ အသေးစိတ်အချက်အလက်များကို လာမည့်နှစ်ရက်အတွင်း သိရှိနိုင်ရန်မျှော်လင်ရသည်ဟု OPCW ၏ ပြောရေးဆိုခွင်ရှိသူ မိုက်ကယ် လူဟန်က ပြောကြားခဲ့သည်။ စစ်ရေးအရ တိုက်ခိုက်မှုကို ရှောင်ရှားရန် အမေရိကန်နှင့် ရုရှားတို့ပူးပေါင်းစီစဉ်ထားသည့် အစီအစဉ်အစိတ်အပိုင်း တစ်ခုအဖြစ် ဆီးရီးယားရှိ ဓါတုလက်နက်များကို ဖယ်ရှားမှုအားစောင့်ကြည့်ရန် နိုင်ငံတကာ ဓါတုလက်နက် စောင့်ကြည့်ရေး အဖွဲ့များက တာဝန်ယူထားသည်ဟု သိရသည်။
    Ref : cnn, Photo : kwkt
    __________________________

    တာလီဘန်ထိပ်တန်းခေါင်းဆောင်တစ်ဦးအား ပါကစ္စတန်လွှတ်ပေး

    အာဖဂန်နစ္စတန်နိုင်ငံရှိ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းများအား ကူညီနိုင်ရန် တာလီဘန်အကြီးတန်း ခေါင်းဆောင် မူလာအဗ်ဒူလ်ဂနီ ဘာရာဒါအား ယနေ့တွင် လွှတ်ပေးလိုက်သည်ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။ တာလီဘန်အမှတ် ၂ ခေါင်းဆောင် ဘာရာဒါအား ပါကစ္စတန်နှင့် အမေရိကန်ထောက်လှမ်းရေး အေဂျင်စီတို့ ပူးပေါင်းဆောင်ရွက်သည့် စစ်ဆင်ရေးတစ်ခုတွင် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလာက ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်လက ပါကစ္စတန်သို့ လာရောက်လည်ပတ်ခဲ့သည့် အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်၏ ခရီးစဉ်တွင် ဘာရာဒါအားလွှတ်ပေးရန်တောင်ဆိုခဲ့ခြင်းကြောင့် ပါကစ္စတန်အစိုးရက လွှတ်ပေးခဲ့ခြင်းဟု သိရသည်။ ဘာရာဒါအား အာဖဂန်အစိုးသို့ လွှဲပြောင်းပေးအပ်မည်မဟုတ်ဘဲ မည်သည့်နေရာကိုမဆို သွားခွင့်ပေးထားသည်ဟု ပါကစ္စတန်အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
    Ref : xinhua, Photo : presstv


    ___________________

    မိသားစုပြန်လည် ပေါင်းစည်းရေးအစီစဉ်ကို ရပ်ဆိုင်းခဲ့သည့် မြောက်ကိုရီးယားအား တောင်ကိုရီးယားရှုတ်ချ

    ကိုရီးယားစစ်ပွဲ(၁၉၅၀-၅၃) အတွင်း ကွဲကွာခဲ့ကြသည့် မိသားစုများ ပြန်လည်ပေါင်းစည်းရေး အစီအစဉ်ကို တစ်ဖက်သက်ရပ်ဆိုင်းခဲ့သည့် မြောက်ကိုရီးယား၏ လုပ်ရပ်အား တောင်ကိုရီးယားနိုင်ငံမှ ရှုတ်ချပြောဆိုလိုက်ပြီး ထိုကဲ့သို့ဆောင်ရွက်မှုမှာ လူသားချင်းစာနာမှုကို ဆန့်ကျင်ဖောက်ဖျက်ခြင်းဖြစ်သည်ဟု ပြောဆိုလိုက်သည်။
    “ကျွန်တော်တို့ ပြည်သူတွေရဲ့ နာကျင်မှုတွေကို ကုစားဖို့အတွက် လူသားချင်စာနာထောက်ထားစွာ စီစဉ်ထားတဲ့ ဒီမိသားစု ပြန်လည်ပေါင်းစည်းရေး အစီအစဉ်ကို ၄-ရက် အလိုမှာမှ မြောက်ကိုရီးယားဘက်က တစ်ဖက်သတ် ရပ်ဆိုင်းခဲ့တာဟာ တကယ့်ကို စိတ်မကောင်းစရာပါပဲ” ဟု ကိုရီးယားနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင်ရှိသူ ကင်မ်အီဒိုက အရေးပေါ်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွင်ပြောကြားခဲ့သည်။
    Ref : xinhua, Photo :

    _____________________

    အငြင်းပွားနေသည့် ကျွန်းကိစ္စအား ဆွေးနွေးရန်အဆင်သင့်ရှိနေသည်ဟု တရုတ်ပြော

    ရေကြောင်းသွားလာရေး ကဏ္ဍတွင် စိုးရိမ်ပူပန်မှုများတိုးလာစေသည့် အငြင်းပွားဖွယ် ကျွန်;ပိုင်ဆိုင်မှုကိစ္စအား ဂျပန်နှင့်ဆွေးနွေးရန်အဆင်သင့်ရှိနေပြီး ဂျပန်ဘက်က ထိုကျွန်;အား အငြင်းပွားဖွယ်ကျွန်းဟု အသိအမှတ်ပြုမှသာလျှင် ဆွေးနွေးမည်ဟု တရုတ်နိုင်ငံ ယမန်နေ့က ပြောကြားလိုက်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီ ၀ါရှင်တန်သို့ ချစ်ကြည်ရေးခရီးသွားရောက်စဉ် ထိုကိစ္စအားအမေးခံခဲ့ရပြီး အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးတွင်အပြန်အလှန်လေးစားမှုရှိကြရန် ၀မ်ယီက ဆော်သြခဲ့သည်။ ” ဂျပနိုင်ငံနဲ့ စားပွဲဝိုင်းမှာထိုင်ကာ ဆွေးနွေးပြီး လက်ရှိအခြေအနေကို ဖြေရှင်းဖို့နည်းလမ်းကို ပူးပေါင်းရှာဖွေဖို့အတွက် ကျွန်တော်ဆို့အဆင့်သင့် ရှိနေပါတယ်။ ဒါပေမယ့် ပထမဦးဆုံး ဂျပန်က ဒီကိစ္စဟာ အငြင်းပွားဖွယ်ကိစ္စဖြစ်တယ်ဆိုတာ သတိရဖို့လိုပါတယ်။ တစ်ကမ္ဘာလုံးကလည်း ဒါဟာ အငြင်းပွားဖွယ်ဆိုတာ သိပါတယ်” ဟု ၀မ်ယီက ၀ါရှင်တန်တွင်ပြောကြားခဲ့သည်။
    channelnewsasia

    Untitled
    _________________________

    အမေရိကန်ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦး မုဒိမ်းမှုဖြင့် တရားစွဲဆိုခံရ

    အမေရိကန်ပြည်ထောင်စု ကွန်နက်တီကတ်ပြည်နယ် နော်ဝေါ့က်မြို့ရှိ ခရစ်ယာန်အသင်းအုပ်ဆရာတစ်ဦးမှာ မုဒိမ်းမှုဖြင့်တရားစွဲဆိုခြင်းခံထားရသည်ဟုသိရသည်။ ဂျော့ဂ်ျဂျူအန် ကက်စထရိုဟု အမည်ရသည့် အဆိုပါသင်းအုပ်ဆရာမှာ နော်ဝေါ့က်ရှိ Las Buenas Nuevas ဘုရားကျောင်းသို့ ဘုရားရှိခိုးရန်လာရောက်ကြသည့် အမျိုးသမီး ၂၀-ကျော်ကို မုဒိမ်းကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ ၂၀၀၄ ခုနှစ်ကတည်းက စတင်ကျုးလွန်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးအများစုမှာ နေထိုင်ခွင့်အထောက်အထားမရှိသည့် စပိန်စကားပြောပြောင်းရွှေ့အခြေချသူများဖြစ်သည်ဟု ရဲတပ်ဖွဲ့ကထုတ်ပြန်သော အစီရင်ခံစာတွင်ဖော်ပြထားသည်။
    Ref : cnn, Photo : phillyburbs