News @ M-Media

Blog

  • စက်တင်ဘာ ၁၅ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

    စက်တင်ဘာ ၁၅ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

    စက်တင်ဘာ ၁၅ ၊ ၂၀၁၃
    M-Media

    ၁။ မော်စကို ကုန်အာန်ဖတ်ရွတ်ပြိုင်ပွဲ အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မည်

    နိုင်ငံပေါင်း ၃၆ နိုင်ငံမှ ဟာဖစ်ဇ်(ကုန်အာန်ကျမ်တော်မြတ် အာဂုံဆောင်ထားသူ)များ ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံတကာကုရ်အာန်ကျမ်းတော်မြတ်ရွတ်ဖတ်ပြိုင်ပွဲ
    အရည်အချင်းစစ်ပွဲစဉ်များကို ရုရှားနိုင်ငံ မော်စကိုမြို့တွင် ယမန်နေ့က စတင်ကျင်းပခဲ့သည်ဟု သိရသည်။

    အဆိုပါပြိုင်ပွဲကို ရုရှားအစ္စလာမ့်ဓမ္မသတ်ပညာရှင်များကောင်စီ၏ ဥက္ကဌ မွဖ်သီ ရှိခ်ရာဗီလ်ဂိန်အွဒ်ဒင်၏ အားပေးမှု၊ မော်စကိုအာဏာပိုင်များ၊ နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် ရုရှားယဉ်ကျေးမှုဝန်ကြီးဌာနတို့၏ အကူအညီဖြင့်ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

    ရုရှားအစ္စလာမ့်ဓမ္မသတ်ပညာရှင်များကောင်စီမှ ထိုပြိုင်ပွဲအား အွန်လိုင်းမှ တိုက်ရိုက် ထုတ်လွှင့်သွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲအား နံနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ၊ နေ့လည် ၂ နာရီမှ ည ၇ နာရီအထိ ကျင်းပသွားမည်ဟု သိရသည်။
    Ref: islam.ru

    _________________________


    ၂။ ဓါတုလက်နက်များနှင့် ပက်သက်၍ ဆီးရီးယားအား အိုဘားမား ပြင်းထန်စွာသတိပေး

    ဓါတုလက်နက်များအားဖျက်ဆီးရန် ရုရှားနှင့်ညှိနှိုင်းထားသည့် အစီအစဉ်အား ဆီရီးယားဘက်က လိုက်နာမှုမရှိပါက ရရှိလာမည့်အကျိုးဆက်များနှင့်ပက်သက်၍
    အမေရိကန်သမ္မတဘာရက်အိုဘားမားက ဆီးရီးယားအား သတိပေးပြောဆိုလိုက်သည်။

    ဆီးရီးယားကိစ္စနှင့်ပက်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေးခဲ့ကြပြီး ထွက်ပေါ်လာသည့် သဘောတူညီချက်တွင် တစ်ပါတ်အတွင်း ဆီးရီးယားရှိ ဓာတုလက်နက်မည်မျှရှိသည်ကို အသိပေးရမည်ဟုသည့် အချက်တစ်ချက်လည်းပါဝင်သည်။

    ထိုသဘောတူညီချက်အား မလိုက်နာပါက နောက်ဆုံးရလဒ်အဖြစ် အင်အားသုံးဝင်ရောက်ကာဖြေရှင်းရန် ကုသမဂ္ဂက အတည်ပြုပေးရမည်ဖြစ်သည်။
    Ref: BBC

    _________________________


    ၃။ မက္ကဆီကိုတွင် ပြင်းထန်သည့် အပူပိုင်းမုန်တိုင်းဝင်ရောက်

    မက္ကဆီကိုနိုင်ငံအရှေ့ဘက်ကမ်းခြေနှင့် အနောက်ဘက်ကမ်းခြေတို့တွင် ပြင်းထန်သောအပူပိုင်းမုန်တိုင်းများဝင်ရောက်ခဲ့သည်ဟု တာဝန်ရှိသူများက သတင်း ထုတ်ပြန်ခဲ့သည်။

    နိုင်ငံအရှေ့ဘက် မက္ကဆီကိုပင်လယ်ကွေ့ရှိ ကမ်းရိုးတန်းတွင် ဟာရီကိန်း အင်ဂရစ်ဟုအမည်ရသည့် မုန်တိုင်းကြောင့် လူပေါင်း ၅၀၀၀ ခန့်အား ရွှေ့ပြောင်းပေးခဲ့ရပြီး လေတိုက်နှုန်းမှာ တစ်နာရီ ကီလိုမီတာ ၁၂၀ ရှိသည်။ နိုင်ငံအနောက်ခြမ်းတွင်လည်း မန်နျူရယ်ဟု အမည်ရသည့်  မုန်တိုင်းတစ်ခုဝင်ရောက်ခဲ့ပြီး မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးမှုများဖြစ်ပေါ်ခဲ့ကာ လမ်းများပျက်ဆီးခဲ့ပြီး ဆက်သွယ်ရေးလိုင်းများလည်း ပြတ်တောက်ခဲ့ရသည်။
    Ref: BBC

    _________________________


    ၄။ ပါကစ္စတန်-တူရကီ ပူပေါင်းဆောင်ရွက်ရေးစာချုပ်များချုပ်ဆိုမည်

    ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ်ရှရစ်မှာ တူရကီနိုင်ငံသို့ ၃-ရက်တာ လည်ပတ်မှုခရီးစဉ်အား တနင်္လာနေ့တွင်စတင်မည်ဖြစ်ပြီး နှစ်နိုင်ငံအပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရေး စာချုပ်များစွာကို ချုပ်ဆိုရန်ရှိသည်ဟု ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    ထိုစာချုပ်များတွင် လုံခြုံရေး၊ ဘဏ္ဍာရေး၊ လူနေအိမ်တည်ဆောက်ရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ သိပ္ပံနှင့် နည်းပညာနယ်ပယ်၊ ကုန်သွယ်ရေး စသည်ဖြင့် ကဏ္ဍပေါင်းများစွာပါဝင်မည်ဖြစ်သည်။ တူရကီဝန်ကြီးချုပ် ရီဆက်ပ် တိုင်ရစ်ပ် အာရ်ဒိုဂန်၏ ဖိတ်ကြားချက်အရသွားရောက်လည်ပတ်ခြင်းဖြစ်ပြီး တူရကီကတ်ဘိနက်ဝန်ကြီးများ၊ အစိုးရအကြီးတန်းအရာရှိများ လိုက်ပါသွားသည်။
    xinhua
    _________________________
    ၅။ အိုဟိုင်းယိုးတွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီး တိမ်းမှောက်

    အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ်တွင် ခရီးသည်တစ်ဘတ်စ်ကားတစ်စီးမှာ ယမန်နေ့က တိမ်းမှောက်ခဲ့သည်ဟု တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့သည်။
    အဆိုပါဘတ်စ်ကားမှာ စင်စင်နတီမြို့မှ ဒက်ထရွိုက်မြို့သို့ဦးတည်မောင်းနှင်နေခြင်းဖြစ်ပြီး ဘတ်စ်ကားတွင် ကားမောင်းသူအပါအ၀င် ခရီးသည်စုစုပေါင်း ၅၂ ဦးလိုက်ပါစီးနင်းခဲ့ကာ ၃၄ ဦးအား ဆေးရုံသို့တင်ပို့ခဲ့ရပြီး သေဆုံးသူမရှိဟု သိရသည်။
    Ref: CNN
    _________________________

    ၆။ သမိုင်းဝင်အမွေအနှစ်များကိုလေ့လာရန် ခရီးစဉ်တစ်ခု ကိုဆိုဗိုတွင်ပြုလုပ်

    ကိုဆိုဗိုအနောက်ပိုင်းရှိ သမိုင်းဝင်ဘာသာရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များကိုလေ့လာရန် အထူး ရထားခရီးစဉ်တစ်ခုကို ယမန်နေ့က စတင်လိုက်သည်ဟု သိရသည်။ အဆိုပါခရီးစဉ်အား Pristina မြို့မှ ယမန်နေ့နံနက်ပိုင်းကစတင်ထွက်ခွာခဲ့ပြီး လူပေါင်း ၁၂၀-ခန့် လိုက်ပါခဲ့သည်ဟုသိရသည်။

    ခရီးစဉ်မှာ နိုင်ငံအနောက်ဘက်ရှိ Peja/Pec မြို့တွင်အဆုံးသတ်မည်ဖြစ်ပြီး ထိုဒေသရှိ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ပါဝင်သည့် အော်သို့ဒေါ့စ်ဘုရားကျောင်း၊ ဗလီဝတ်ကျောင်းတော်နှင့် အခြားသော သမိုင်းဝင်နေရာများအား သွားရောက်လေ့လာခြင်းများ ပါဝင်မည်ဖြစ်သည်။
    xinhua

    _________________________
    ၇။ ကယ်လီဖိုးနီးယားတွင် လူသတ်မှုဖြင့် မိခင်အားတရားစွဲ

    အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ ဟိုတယ်တစ်ခုတွင် သေဆုံးနေသော ကလေးငယ်နှစ်ဦး၏ အလောင်းအား တွေ့ရှိခဲ့ပြီးနောက် အမျိုးသမီးတစ်ဦးအား
    တရားစွဲဆိုထားသည်ဟုသိရသည်။

    အသက် ၄၂ နှစ်အရွယ်ရှိအဆိုပါအမျိုးသမီးမှာ ၎င်း၏ကားဖြင့် မိမိကိုယ်ကိုသတ်သေရန်ကြံစည်မှုကြောင့် တာဝန်ရှိသူများက
    သွားရောက် ဟန့်တားခဲ့ရပြီးနောက် သူမ၏အမည်ဖြင့် ငှားထားသည့်ဟိုတယ် အခန်းထဲတွင် သူမ၏ကလေးနှစ်ဦးသေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ကလေးငယ်သေဆုံးမှုအတွက် သံသယဖြစ်သူအဆိုပါအမျိုးသမီး၏ အမည်အား မီဒီယာများသို့  ထုတ်ပြန်မည်မဟုတ်ဘဲ၊ မည်သည့်အချိန်ကတည်းက
    ကလေးငယ်များ သေဆုံးနေသည်နှင့် မည့်သည့်အကြောင်းကြောင့် ထိုကဲ့သို့ဖြစ်ရသည်ကို ဆက်လက်စုံစမ်းနေသည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
    CNN

  • အလုပ်သမား သမဂ္ဂများဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ILO မှ လုပ်မည်

    အလုပ်သမား သမဂ္ဂများဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ILO မှ လုပ်မည်

    စက်တင်ဘာ ၁၅၊ ၂၀၁၃
    M-Media
    KK

    ရန်ကုန် ။ ။ အလုပ်သမားများ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး ဆိုင်ရာ ယန္တရားနှင့် နည်းဗျူဟာများ စီစဉ်ချမှတ်ရေးနှင့် စပ်လျဉ်းသည့် အလုပ်သမား သမဂ္ဂများဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO)မှ ဦးစီး၍ စက်တင်ဘာလ ၂၆-၂၇ ရက်များတွင် ရန်ကုန်မြို့ Excel Treasure Hotel ၌ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

    အဆိုပါ Excel Treasure Hotel တွင် ပြုလုပ်မည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် အလုပ်သမားများ၏ လုပ်ခလစာ၊ အလုပ်သမား သမဂ္ဂအစည်းရုံးဖွဲ့စည်းခြင်း၊ အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ရေးဆိုင်ရာ ယန္တရား၊ စည်းရုံးလှုံ့ဆော်ရေး စွမ်းရည်များနှင့် စပ်လျဉ်းပြီး အလုပ်သမား သမဂ္ဂ၏ စွမ်းဆောင်ရည်များ တိုးတက်မြင့်မားရေး ဦးတည်ချက်များနှင့် စပ်လျဉ်း၍ တက်ရောက်လာသူများ ပါဝင်ဆွေးနွေးနိုင်မည့် အခွင့်အလမ်းတစ်ရပ်ကို စီစဉ်ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

    အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်ပြီး သိရှိလိုသည်များရှိပါက Mr. Pong-Sul Ahn (ILO DWT- Bangkok, [email protected])နှင့် မခင်အိမွန် (ILO – Yangon, [email protected]) သို့ စုံစမ်းနိုင်ပြီး တက်ရောက်မည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအနေဖြင့် အမည်နှင့် လိပ်စာအား စက်တင်ဘာလ ၁၉-ရက် နေ့နောက်ဆုံးထား၍ မခင်အိမွန်ထံ အီးမေလ်းဖြင့်ဖြစ်စေ တယ်လီဖုန်း ၀၁-၅၆၆၅၃၈၊ ၅၆၆၅၃၉၊ ၅၇၉၉၅၆ သို့ဖြစ်စေ ဆက်သွယ်ပေးပို့ နိုင်ကြောင်းလည်း သိရသည်။

  • တရုတ်နိုင်ငံ ဗလီကျောင်းတော်များတွင် ကျန်းမာရေးဟောပြောပွဲပြုလုပ်

    စက်တင်ဘာ ၁၅
    M-Media
    China Mosques Promote Reproductive Health
    ဗလီကျောင်းတော်၏သမိုင်းပေးအစဉ်အလာအရ လူမှုရေးရာပြဋ္ဌာန်းမှုများအား ထိန်းသိမ်းရန် တရုတ်နိုင်ငံ ဗဟိုမြို့တော် ၀ူဇောင်(Wuzhong) တွင် မျိုးဆက်ပြန့်ပွားမှုဆိုင်ရာ ကျန်းမာရေးပညာပေးဟောပြောချက်အား ပြုလုပ်ခဲ့ရာ ဒေသအတွင်း မကြုံဖူးလောက်အောင် အောင်မြင်မှုရရှိခဲ့သည်။

    “ အစ္စလာမ်ဘာသာဝင်များသည် ယခုအခါတွင် ကျန်းမာရေးအသိပညာ နှင့် ၀န်ဆောင်မှုများကဲ့သို့ အခြားသောကဏ္ဍများအတွက်ပါ ဗလီကျောင်းတော်များအား မျှော်လင့် အားကိုးလာကြသည်  ” ဟု ကျင်းကိုင် (Qinqiao) ဗလီကျောင်းတော်၏ အီမာမ်ဖြစ်သူ နှင့် ၀ူဇောင် မိသားစုစီမံကိန်းဆိုင်ရာအဖွဲ့အစည်း(Wuzhong Family Planning Association) မှ လက်ထောက် ဒါရိုက်တာ ၀ူရွှယ်ရှင်း (Wu Xuexing)  က စက်တင်ဘာလ ၁၂ ရက်၊  ကြာသပတေးနေ့တွင် China Daily သို့ပြောကြားခဲ့သည်။

    လွန်ခဲ့သောဆယ်ငါးနှစ်ခန့် ၁၉၉၉ ခုနှစ်က တရုတ်နိုင်ငံ မိသားစုစီမံကိန်းဆိုင်ရာအဖွဲ့အစည်း (China Family Planning Association) အား  စတင်ထူထောင်ခဲ့ပြီး၊ မွတ်စ်လင်မ်များအား မျိုးဆက်ပြန့်ပွားမှုဆိုင်ရာ ကျန်းမာရေးအသိပညာများ ပေးအပ်ရန် နင်းရှားဟွေ (Ningxia Hui) ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအတွင်းရှိ ၀ူဇောင် မှ အီမာမ်များ နှင့် ဗလီကျောင်းတော်များကိုလည်း ပါဝင်ထည့်သွင်းဆောင်ရွက်ခဲ့သည်။

    “ မွတ်စ်လင်မ်တို့သည် အီမာမ်များအား လေးစားကြပြီး၊ သူတို့၏ပြောဆိုချက်များကို အရေးပေးလေ့ရှိကြသည်။ ထိုကဲ့သို့ ဘာသာရေးဆိုင်ရာခေါင်းဆောင်များထံမှ အကူအညီရရှိခြင်းကြောင့် ကျန်းမာရေးစီမံချက် နှင့် မျိုးဆက်ပြန့်ပွားမှုဆိုင်ရာပညာပေးဟောပြောခြင်းများ၌ အတိုင်းထက်အလွန် ထိရောက်ခဲ့ပါသည်” ဟု  အဖွဲ့အစည်း၏လက်ထောက်ဒါရိုက်တာ ကောင်ချင်းမင် (Gou Qingming) က China Daily သို့ပြောကြားခဲ့သည်။

    မွတ်စ်လင်မ်တစ်သန်းလောက်အား အကျိုးဖြစ်ထွန်းစေသည့် ၄င်းစီမံချက်က ဗလီကျောင်းတော် ၅၀၀ ကျော်တွင် မျိုးဆက်ပြန့်ပွားရေးဆိုင်ရာ ၀န်ဆောင်မှုအခန်းများ နှင့် လူဦးရေယဉ်ကျေးမှုသမိုင်းဆိုင်ရာစာကြည့်တိုက်များအပါအ၀င် လိုအပ်ချက်တို့ကို ထားရှိဖြည့်ဆည်းပေးထားသည်။

    ဗလီကျောင်းတော်များမှ ကျန်းမာရေးအသိပေးခြင်း၏ရလဒ်သည် အလွန် အားရဖွယ်ကောင်းလျက်ရှိသည်။
    မကြာသေးမှီကပြုလုပ်ခဲ့သော ဒေသတွင်းလေ့လာချက်အရ ၀ူဇောင်တွင် မျိုးဆက်ပြန့်ပွားမှုဆိုင်ရာ ကျန်းမာရေးအသိရရှိမှုသည် ၁၉၉၉ ခုနှစ်တွင်  ၄၆% ရာခိုင်နှုန်းရှိခဲ့ရာမှ ယခု ၂၀၁၁ ခုနှစ်၌် ၉၇% ရာခိုင်နှုန်းအထိ တိုးပွားခဲ့ကြောင်း သိရသည်။

    ကျန်းမာရေးပညာပေးသင်တန်းများသည်လည်း အမျိုးသမီးများတွင် ဖြစ်လေ့ရှိသော မျိုးဆက်ပြန့်ပွားခြင်းမှ ရောဂါပိုး ကူးစက်မှုကိုလည်း ၁၉၉၉ ခုနှစ်တွင် ၇၇% ရာခိုင်နှုန်းမှ ၂၀၁၁ ခုနှစ်တွင် ၄၃% ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ခဲ့သည်။

    မြို့တော်ရှိ ဗလီကျောင်းတောင်များတွင် မွတ်စ်လင်မ်အမျိုးသမီးများအတွက် ရင်သားကင်ဆာ ရှိမရှိ အပါအ၀င် အခမဲ့ ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်ပေးနေသည်။
    “ မွတ်စ်လင်မ်များ အထူးသဖြင့် အမျိုးသမီးများသည် လက်ရှိစီမံချက်မှ ကောင်းကျိုး အမြောက်အများရရှိခဲ့ကြသည် ” ဟု ၀ူ က ဆိုသည်။

    “ ကြိုးစားမှုများကြောင့် ယခုဆိုလျှင် မလိုလားအပ်သော ပဋိသန္ဓေဆိုင်ရာပြဿနာများ၊ ကျန်းမာသော ရင်သွေးးငယ်အား မွေးဖွားပျိုးထောင်နည်းတွေကို ကျွန်မတို့ သိနားလည်လာခဲ့ကြပါသည် ” ဟု ဗလီကျောင်းတော်တွင် ခန္ဓာဗေဒကျန်းမာရေးစစ်ဆေးမှုကို လာရောက်ပြုလုပ်သည့် မာကောင်ဝ်မေ (Ma Qiomei) က ပြောပြသည်။

    အစ္စလာမ်ဘာသာသည် မိမိ၏နောက်လိုက်များအား လက်ထပ်ထိမ်းမြားရန်၊ မျိုးဆက်ပွားရန် နှင့် ကမ္ဘာမြေတွင် လူသားမျိုးဆက်ထိန်းသိမ်းစေရန် အားပေးထား၏။ သို့သော်လည်း အခြေအနေအချိန်အခါအရ လိုအပ်လာပါလျှင် သားဆက်ခြားခြင်းကိုလည်း ခွင့်ပြုထားပါသည်။ ထိုလုပ်ဆောင်ချက်များသည် အစ္စလာမ်၏ ပြဌာန်းချက်များ အတွင်း လုပ်ဆောင်ပါက ပိုင်နိုင်စွာလုပ်ဆောင်နိုင်လေသည်။ ဥပမာ vasectomy – လင်ယောက်ျား၏သားကြောဖြတ်ပစ်ခြင်း ကဲ့သို့ ပြန်လည်အစားထိုးမရသည့်နည်းလမ်းမျိုး မဟုတ်ပါက မိသားစုစီမံကိန်းဆောင်ရွက်ခွင့်ရှိကြောင်း သိရသည်။

    အမျိုးသမီး အီမာမ်များ

    အစ္စလာမ့်လူ့ဘောင်ရှိ အမျိုးသမီးများအခန်းကဏ္ဍအား ဦးစားပေးသောအားဖြင့်  ၀ူဇောင် ပလီကျောင်းတော်များ၌ ပြုလုပ်သည့် မျိုးဆက်ပြန့်ပွားခြင်းဆိုင်ရာ ကျန်းမာရေးပညာပေးမှုများတွင် အမျိုးသမီး အီမာမ်များလည်း ပါဝင်ဆောင်ရွက်ရန် ထည့်သွင်းထားသည်။

    “ သူတို့သည် သူတို့၏ အတွင်းရေးပြသနာများကို ကျွန်မတို့အား ပြောရန်လိုလားကြပါသည် ” ဟု အမျိုးသမီး အီမာမ်တစ်ဦးဖြစ်သူ ၀မ်ရှို့ယန် (Wang Xiuyan) က China Daily သို့ ပြောကြားခဲ့သည်။
    “ ဗလီကျောင်းတော်အတွင်း အမျိုးသမီးများသည် ယခုကဲ့သို့ ကွန်ဒုံးများ နှင့် ပဋိသန္ဓေတား ဆေးဝါးများကိုလက်ခံရန် တစ်ချိန်တုန်းကဆိုလျှင် စိတ်ပင်မကူးရဲကြပါ ”ဟု ဗလီကျောင်းတော်သို့လာရောက်သူ အမျိုးသမီး ၆၀ နီးပါးအား နေ့စဉ်တာဝန်ယူရသူ ၀မ်က ထည့်သွင်းပြောကြားခဲ့သည်။

    အောင်မြင်မှုကြီးမားလှသည့်အတွက် ဤသို့စီမံကိန်းအား ရှန်းစီးး (Shaanxi), ကျန်စု(Gansu) နှင့် ကျင်းဟိုင် (Qinghai) ၊ အလားတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ရှင်းကျန်း ဥဂါးရ် (Xinjiang Uighur) ထံသို့လည်း ဖြန့်ကျက်လုပ်ဆောင်နိုင်ရန် စီစဉ်ထားကြောင်း ကောင်ဝ် က ဆိုသည်။

    သို့သာမက ဟုတုဘီ (Hutubi) ကောင်တီမှ အီမာမ်များသည်လည်း ဥဂါးရ်နယ်များရှိ မွတ်စ်လင်မ်တို့အား မျိုးဆက်ပြန့်ပွားခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေးဟောပြောမှုများ စတင်ပြုလုပ်နေပြီဖြစ်သည်။
    “ ကျွန်တော်တို့၏ တွန်းအားပေးမှုသည် လူအများအဖို့ တစ်ကိုယ်ရည်သန့်ရှင်းမှုအပြင် ကျန်းမာသောဘ၀များကိုလည်း ရရှိစေလိမ့်မည် ဟုထင်ပါသည် ” ဟု ဟုတုဘီရှိ အီမာမ် ယန်ဂျီ (Yang Jie) က ဆိုသည်။

    အစ္စလာမ့်ယဉ်ကျေးမှု၌ ဆေးရုံများမပေါ်ပေါက်မှီ လွန်ခဲ့သောနှစ်ပေါင်းနှစ်ရာကျော်ကပင် တမန်တော်မြတ် (SAW) ၏ ဗလီကျောင်းတော်သည် စစ်ပွဲ၌ ဒဏ်ရာရရှိသူများ ကုသစောင့်ရှောက်ရေး နှင့် အခြားသော ကဏ္ဍများအတွက်ပါ တံခါးဖွင့်ပေးခဲ့သောဌာနတစ်ခု ဖြစ်ခဲ့သည်။ စာမတတ်သူများသည် တမန်တော်မြတ်၏ ဗလီကျောင်းတော်အတွင်း အရေး၊ အဖတ် သင်ကြားခဲ့ကြသည်။ မွတ်စ်လင်မ်များသည် ထိုဗလီကျောင်းတော်မှရရှိခဲ့သော ပညာများကို အခြေခံ၍ မိမိတို့၏ အစ္စလာမ့်ယဉ်ကျေးမှု တစ်ခုလုံးကို တိုးတက်ဖွံ့ဖြိုးအောင် တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။ ဗလီကျောင်းတော်အတွင်း တားမြစ်ထားသောအရာမှာ အကျင့်ပျက်ကိစ္စများ၊ ရောင်းဝယ်ဖောက်ကားခြင်း စသည့် လုပ်ရပ်မျိုးသာဖြစ်သည်။

    တရားဝင်အချက်အလက်များအရ တရုတ်နိုင်ငံတွင် မွတ်စ်လင်မ် ၂၂ သန်းရှိပြီး ရှင်းကျန်း (Xinjiang) ၊ နင်းရှ (Ningxia) ၊ ကျန်စု (Gansu) ၊ ကျင်းဟိုင် (Qinghai) ဒေသ နှင့် ပြည်နယ်များတွင် အများဆုံးနေထိုင်ကြသည်။
    တရုတ်နိုင်ငံအတွင်းပိုင်းဒေသများတွင်လည်း မွတ်စ်လင်မ်လူ့အဖွဲ့အစည်းများအား  လူနည်းစုဝင်များအဖြစ် တွေ့ကြရသည်။

    အတည်မပြုနိုင်သေးသောအချက်အလက်များအရ  မွတ်စ်လင်မ်လူဦးရေမှာ ၄င်းထက်ပိုမိုများပြားနိုင်ပြီး ၆၅ မှ သန်း ၁၀၀ ကြားတွင် ရှိနိုင်ကြောင်း၊ တရုတ်နိုင်ငံလူဦးရေပမာဏ၏ ၇.၅ ရာခိုင်နှုန်းအထက်ရှိကြောင်း သိရသည်။

  • Shan: မိတ္ထီလာ-တာချီလိတ်လိုင်းကား ဆွပ်လောင်ဝ် ရွာအနီး ကားမှောက်၍ ၉-ဦး သေဆုံး

    စက်တင်ဘာ ၁၄၊ ၂၀၁၃
    M-Media
    ကိုစိုင်း mmexport1379173376780

    မိုင်းဖြတ် ။        ။       မန္တလေးတိုင်း မိတ္ထီလာနှင့် ရှမ်းပြည်နယ် တာချီလိတ် ပြေးဆွဲနေသော ခရီးသည်တင်ကားတစ်စီးသည် မိုင်းဖြတ်မြို့၊ ဆွပ်လောင်ဝ်ရွာအ၀င်တွင် ယနေ့မနက် ၉း၀၀-နာရီခန့် ချောင်းအတွင်းထိုးကျသွားသဖြင့် ၉-ဦး သေဆုံးသွားကြောင်း သိရသည်။

    အဆိုပါ ခရီးသည်တင်ကားသည် မိတ္ထီလာ – မလိုင် – တာချီလိတ် ပြေးဆွဲသောသော ကားဖြစ်ပြီး ကျိုင်းတုံ နှင့် မိုင်းဖြတ်ကြားရှိ ဆွပ်လောဝ်ရွာ အ၀င် ချောင်းအတွင်း ထိုးကျခဲ့သဖြင့် ကားပေါ်ပါသူ ခရီးသည် ၂၀-ကျော်အနက် ၉-ဦး သေဆုံးသွားကြောင်းသိရသည်။

    အဆိုပါ ၉-ဦးတွင် ၇-ဦးမှာ အမျိုးသမီးများဖြစ်ပြီး ၂-ဦးမှာ အမျိုးသားဖြစ်သည်။ သေဆုံးသူ ၉-ဦးတွင် ဗုဒ္ဓဘာသာဝင် ၅-ဦး၊ ခရစ်ယာန်ဘာသာဝင် ၂-ဦး၊ အစ္စလာမ် ဘာသာဝင် ၂-ဦး ဖြစ်သည်။

    ခရစ်ယာန်ဘာသာဝင်(၂)ဦးအားလည်း ခရစ်ယာန်ဘာသာရေးအဖွဲ့များမှ လာရောက်သွားကြသကဲ့သို့ ဗုဒ္ဓဘာသာဝင်များအားလည်း ဗုဒ္ဓဘာသာသာရေးနာရေးအဖွဲ့များမှ အသီးသီး လာရောက်ယူဆောင်သွားကြကြောင်း သိရသည်။

    ၎င်း အစ္စလာမ်ဘာသာဝင် မွတ်စလင်မ် ၂-ဦးမှာ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးဖြစ်ပြီး မိတ္ထီလာဘက်မှ လာကြသူများဖြစ်သည်။ ထိုသေဆုံးသူ ၂-ဦးအား ကျိုင်းတုံနှင့် တာချီလိတ်မှ မွတ်စလင်မ်လူငယ်များ သာရေးနာရေးအကျိုးဆောင်အဖွဲ့များမှ တာချီလိတ်မြို့မွတ်စလင်မ်သုဿာန်တွင် မြှုတ်နှံရန်အတွက် မိုင်းဖြတ်ဆေးရုံမှ သယ်ဆောင်သွားကြသည်။

    mmexport1379173354249

  • ချေချင်းညှာမှ ဗလီ ရုရှားနိုင်ငံ၏ အထင်ကရ ပြယုဂ် အမှတ်သား ၁၀ ခု မှာ ရွေးချယ်ခံရ

    စက်တင်ဘာ၊ ၁၃
    M-Media
    Akhmad Kadyrov Mosque
    ရုရှားနိုင်ငံ၏ အထင်ကရ အမှတ်သား ၁၀ ခုအားရွေးချယ်သည့် Russia 10 ပြိုင်ပွဲတွင် Heart of Chechnya (ချေချင်းညာ၏ အသည်းနှလုံး) ဟု အမည်တွင်သည့် Akhmad Kadyrov Mosque ဗလီဝတ်ကျောင်းတော်နှင့် Kolomna ရှေးဟောင်းမြို့တော်တို့အား ရုရှား၏ အထင်ကရ အမှတ်အသားအဖြစ် Russia 10 ရွေးချယ်ရေးကော်မတီမှ တာဝန်ရှိသူများက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့သည်ဟု ပြိုင်ပွဲကျင်းပရေးကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။

    တယ်လီဖုန်း SMS မှ မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ပြီး Akhmad Kadyrov Mosque ဗလီဝတ်ကျောင်းတော်အတွက် ရွေးချယ်ထားသည့်မဲများအား နည်းပညာပြဿနာကြောင့်ဟုဆိုကာ ပယ်ဖျက်ခဲ့သည့်အတွက် ထိုရွေးချယ်ပွဲမှာနာမည်ပျက်ခဲ့သည်။

    မိုဘိုင်းအော်ပရေတာများဖြစ်သည့် Beeline နှင့် Megafon တို့မှလိမ်လည်ခဲ့မှုများလည်းရှိပြီး မဲပေးရွေးချယ်ခဲ့ကြသူများမှ ထိုဗလီဝတ်ကျောင်းတော်အား ပြိုင်ပွဲဝင်စာရင်းမှ ထုတ်ပယ်ရန် တောင်းဆိုမှုများလည်းရှိခဲ့သည်။

    “Heart of Chechnya ဗလီဝတ်ကျောင်းတော် နဲ့ Kolomna ရှေးဟောင်းမြို့တော်တို့ကို အနိုင်ရရှိတဲ့ နေရာတွေအဖြစ် ဆုံးဖြတ်ခဲ့ပါတယ်။

    ဆီမီးဖိုင်နယ်အဆင့်မှာ အဲဒီနေရာနှစ်ခုအတွက်ပေးတဲ့ မဲတွေက အခြားဟာတွေထက် ၁၀ ဆ ပိုများပါတယ်။

    ထိုပြိုင်ပွဲအတွက် Heart of Chechnya ဗလီဝတ်ကျောင်းတော်နဲ့ Kolomna ရှေးဟောင်းမြို့တော်တွေကို ပြိုင်ပွဲရဲ့အနိုင်ရရှိတဲ့နေရာတွေအဖြစ် အဖွဲ့ဝင်တွေက သေသေချာချာရွေးချယ်ခဲ့ပါတာပါ” ဟု Russia-10 ၀က်ဘက်ဆိုဒ်မှရွေးချယ်ခဲ့သည်။

    ရုရှရဲ့ ပြယုဂ် အမှတ်အသားအဖြစ် ရွေးချယ်ခံရခြင်းကို ဂုဏ်ယူကြောင်း ရုရှ ဥပေဒပြု အမတ်ပြောကြား

    ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ ဥပဒေပြုရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗီတလီ မီလိုနော့ဗ်က ချေချင်းညာရှိ Akhmad Kadyrov Mosque ဗလီဝတ်ကျောင်းတော်မှာ ရုရှားနိုင်ငံ၏ အမှတ်အသားတစ်ခုဖြစ်ပြီး ထိုကိစ္စမှာ ထူးဆန်းသောကိစ္စမဟုတ်ကြောင်းနှင့် ရုရှားနိုင်ငံ၏ သဟဇာတဖြစ်မှု ပြယုဂ် တစ်ခုဟု ယူဆနိုင်ကြောင်းပြောကြားခဲ့သည်ဟု BaltInfo သတင်းအေဂျင်ဆီမှ ရေးသားဖေါ်ပြခဲ့သည်။

    ချေချင်းညာဒေသရှိ Akhmad Kadyrov Mosque ဟု အမည်ရသည့်အဆိုပါဗလီဝတ်ကျောင်းတော်မှာ ‘ချေချင်းညာ၏ နှလုံးသား'(Heart of Chechnya)ဟု လည်း အမည်တွင်သည်။ ထိုပြင် ရုရှားအော်သိုဒေါ့စ် ဘုရားကျောင်းသာမက ထိုဗလီဝတ်ကျောင်းတော်မှာလည်း ရုရှားနိုင်ငံအထင်ကရ အမှတ်အသားများတွင် ပါဝင်နေသည်ကို ကြည်နူးမိကြောင်း မီလိုနော့ဗ်က ထည့်သွင်းပြောကြားခဲ့သည်။

    “ဗလီဝတ်ကျောင်းဆိုတာ နာမ်ပိုင်းဆိုင်ရာအဆောက်အအုံတစ်ခုပါ။ ပြီးတော့ ဒီဒေသမှာရှိတဲ့ပြည်သူတွေအတွက် ဘုရားသခင်နဲ့ဆက်သွယ်ပေးတဲ့ အဆောက်အဦးလည်းဖြစ်ပါတယ်။ တကယ်တော့ ရုရှားမှာ သမိုင်းဝင်ပြီးတန်ဖိုးရှိတဲ့ ဗလီဝတ်ကျောင်းတော်အဟောင်းတွေ တော်တော်များများရှိပါတယ်။ ဘယ်ဗလီက သမိုင်းဝင်ပြီးတန်ဖိုး အရှိဆုံးဆိုပြီး ကျနော် ပါစင်နယ် မညွှန်းချင်ပါဘူး။ ဒါပေမယ့် ချေချင်းညာမှာတည်ဆောက်ထားတဲ့ဒီဗလီဝတ်ကျောင်းတော်ဟာ အကောင်းဆုံးသော အမှတ်အသားတစ်ခုပါ။ ပြီးတော့ အော်သိုဒေါ့စ်နဲ့ မွတ်စလင်တွေအကြားမှာရှိတဲ့ ချစ်ခင်ရင်းနှီးမှုရဲ့ ပြယုဂ်တစ်ခုဖြစ်ပြီး ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်မှုရဲ့ အမှတ်အသားတစ်ခုပါပဲ” ဟု မီလိုနော့ဗ်က ပြောကြားခဲ့သည်။

    Ref: http://islam.ru