News @ M-Media

Blog

  • စက်တင်ဘာ ၁၇၊ မြန်မာနှင့် နိုင်ငံတကာ သတင်းတို စုစည်းမှု

    စက်တင်ဘာ ၁၇၊ မြန်မာနှင့် နိုင်ငံတကာ သတင်းတို စုစည်းမှု

    စက်တင်ဘာ ၁၇၊ ၂၀၁၃
    M-Media

    ၂၀၁၅မှာ စနစ်ကျသော ရွေးကောက်ပွဲဖြစ်လာရန် မည်သည့်စနစ်သုံးမည်ကို  ၂၀၁၃ မကုန်မီ အကြောင်းပြန်သင့်

    ရွေးကောက်ပွဲစနစ်ပြောင်းရန် ပါတီအချို့မှ ရွေးကောက်ပွဲ ကော်မရှင်အား တင်ပြလာသည့် အတွက် ဆုံးဖြတ်ပေးရန် လွှတ်တော်သို့ တင်ပြထားသော်လည်း
    ယခုထိ အကြောင်း ပြန်ကြားခြင်း မရှိသေးသောကြာင့် မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသည့် FPTP (First Past the Post) စနစ်အား ဆက်လက် ကျင့်သုံးမည် သို့မဟုတ် PR (Proportional Representation) ကို ကျင့်သုံးမည်လားဆိုသည်ကို ၂၀၁၃-ခု မကုန်မီ အကြောင်းပြန်မှ သာလျှင် ၂၀၁၅ ရွေးကောက်ပွဲ အတွက် စနစ်ကျမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ကြောင်း မြန်မာ့ခေတ်တွင် ဖော်ပြထားပါတယ်။
    _______________________

    အနုမြူစစ်ဆေးရေး သဘောတူစာချုပ် မြန်မာလက်မှတ်ထိုးမည်

    မြန်မာနိုင်ငံအတွင်း အနုမြူစစ်ဆေးခွင့်ကို လက်ခံသဘောတူသည့် စာချူပ်တရပ်ကို မြန်မာအစိုးရနှင့် ကုလသမဂ္ဂ နိုင်ငံတကာ အနုမြူအေဂျင်စီ (IAEA) အကြား လာမည့် အင်္ဂါနေ့တွင် IAEA ရုံးစိုက်ရာ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာလက်မှတ်ရေးထိုးတော့မည်ဖြစ်ကြောင်း RFA ရဲ့ သတင်းတပုဒ်မှာ ဖော်ပြထားချက်အရ သိရှိရပါတယ်။

    _______________________

    လွှတ်တော်များသည် အစိုးရတစ်ရပ်ဟု ပြောကြားခဲ့သည့် သူရဦးရွှေမန်းအား နိုင်ငံပိုင်း သတင်းစာများ တုန့်ပြန်ဝေဖန်

    ဦးရွှေမန်းက ယခင်က လွှတ်တော်အစည်းအဝေးများတွင် ထုတ်ဖော်ပြောဆိုလေ့ရှိသကဲ့သို့ပင် စက်တင်ဘာ ၈-ရက်နေ့က အင်းစိန်မြို့နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ပြုလုပ်သော စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင်လည်း လွှတ်တော်များသည် အစိုးရတစ်ရပ်ဖြစ်သည်ဟု အလေးပေး ပြောဆိုခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အာဏာ၃-ရပ်ပေါင်းမှ အစိုးရဟု ခေါ်ဆိုနိုင်ပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်သည်လည်း အစိုးရပင်ဖြစ်သည် ဆိုသည့်အပေါ် အစိုးရသတင်းစာများက တုန့်ပြန်ဝေဖန်လိုက်ကြပါတယ်။

    ________________________
    ဆီးရီးယားရဟတ်ယာဉ်တစ်စီးအား တူရကီပစ်ချ

    ယမန်နေ့က တူရကီလေပိုင်နက်ထဲသို့ဝင်ရောက်လာပြီး ထွက်ခွာသွားရန်သတိပေးမှုအား မလိုက်နာခဲ့သည့် ဆီးရီးယား စစ်ဘက်သုံး ရဟတ်ယာဉ်တစ်စီးအား တူရကီ တိုက်လေယာဉ်မှ ပစ်ချခဲ့သည်ဟု တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါရဟတ်ယာဉ်မှာ တူရကီလေပိုင်နက်ထဲသို့ ၂ ကီလိုမီတာခန့်ဝင်ရောက်ခဲ့ပြီး တူရကီ တိုက်လေယာဉ်မှ ဒုံးကျည်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် ဆီးရီးယားနယ်နမိတ်အတွင်း ပျက်ကျခဲ့သည်ဟု တူရကီ ဒုတိယ၀န်ကြီးချုပ် Bulent Arinc က ပြောကြားခဲ့သည်။
    aljazeera
    ___________________

    မက္ကဆီကိုတွင်မြေပြိုမှုကြောင့် ၁၂-ဦးသေဆုံး

    မက္ကဆီကိုနိုင်ငံ အရှေ့ဘက်ရှိမြို့တစ်မြို့တွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီးအပေါ် မြေပြိုမှုကြောင့် အနည်းဆုံး လူ ၁၂ -ဦး သေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့သည်။ နိုင်ငံအရှေ့ဘက် Veracruz ပြည်နယ်၊ Altotonga မြို့တွင် ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများထဲတွင် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ပါဝင်သည်ဟု ပြည်နယ်လူမှုကာကွယ်ရေးအေဂျင်ဆီကပြောကြားခဲ့သည်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား လုပ်ဆောင်ရန် အတွက် စစ်သားများနှင့် အရပ်သားများမှာ အခင်းဖြစ်ပွားရာနေရာသို့သွားရောက်ခဲ့ကြပြီး ပြည်နယ် အုပ်ချုပ်ရေးမှူး Javier Duarte de
    Ochoa ကလည်း သေဆုံးကွယ်လွန်သူများ၏ မိသားစုများအား ၀မ်းနည်းကြောင်းပြောကြားခဲ့သည်။
    xinhuanet

    ___________________

    ဆီးရီးယားအတိုက်အခံများအား လူကိုမသေစေနိုင်သည့် ဓာတုလက်နက်ပစ္စည်းများ အိုဘားမားထောက်ပံ့မည်

    ဓာတုလက်နက်များသုံးစွဲမှုတိုးပွားလာခြင်းအား ရပ်တန့်ရန် ဆီးရီးယားအတိုက်အခံများအား လူကိုမသေစေနိုင်သည့် ဓာတုလက်နက် ပစ္စည်းများ ထောက်ပံ့ရန် တာဝန်ရှိသူများအား အုပ်ချုပ်ရေးအမိန့်တစ်ရပ် တနင်္လာနေ့ကပေးခဲ့ကြောင်း သိရသည်။ ထိုအမိန့်အရ အတိုက်အခံများအား လေ့ကျင့်ပေးရေး၊ အတိုက်အခံများ၊ U.S. aid အစီအစဉ်အားကောင်အထည်ဖော်နေသည့် အဖွဲ့အစည်းများနှင့် ဓာတုလက်နက်သုံးစွဲမှုတိုးပွားလာခြင်းအား တားဆီးရန် ကူညီနေကြသည့် နိုင်ငံတကာ အဖွဲ့အစည်းများ အားလုံးအားထောက်ပံ့ရေးတို့ ပါဝင်မည်ဖြစ်သည်။
    xinhua
    ___________________

    မုန်တိုင်းကြောင့် ဂျပန်တွင်မြေပြိုမှုဖြစ်ပေါ် ၃-ဦးသေဆုံး

    အလွန်အင်အားကောင်းသော တိုင်ဖုန်းမုန်တိုင်းကြောင့် ဂျပန်နိုင်ငံတစ်ဝှမ်းတွင် မြေပြိုမှုများ၊ မိုးကြီးမှုများနှင့် လေပြင်းမုန်တိုင်းတိုက်ခတ်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ထိုဘေးအန္တရာယ်များကြောင့် ယခုအချိန်ထိ လူသုံးဦးသေဆုံးကာ ၅-ဦးပျောက်ဆုံးနေသည်ဟု သိရသည်။ မန်ယီအမည်ရှိ အဆိုပါတိုင်ဖုန်းမုန်တိုင်းမှာ ယခုနှစ် အတွင်း ဂျပန်နိုင်ငံတွင်ဝင်ရောက်သည့် ၁၈-ခုမြောက်တိုင်ဖုန်းမုန်တိုင်းဖြစ်ပြီး ဂျပန်နိုင်ငံအလယ်ပိုင်း Aichi ပြည်နယ် Toyohashi ဒေသအနီးသို့ ယမန်နေ့နံနက် ၈-နာရီက ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။ ဂျပန်မိုးလေ၀သအေဂျင်စီက Kyoto၊ Shiga နှင့် Fukui ပြည်နယ်များတွင်လည်း မုန်တိုင်းသတိပေးချက်များ ထုတ်ပြန်ထားသည်။
    xinhua

    _____________________
    ပါလက်စတိုင်းတစ်ဦးအား အစ္စရေးပစ်သတ်

    အစ္စရေးက မတရားသိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်းခြေရှိ ဒုက္ခသည်စခန်းတစ်ခု၌ဖြစ်ပွားခဲ့သည့် ယနေ့နံနက်ဆန္ဒပြမှုအတွင်း ပါလက်စတိုင်း လူငယ်တစ်ဦးအား အစ္စရေးစစ်တပ်က ပစ်သတ်ခဲ့သည်ဟုသိရသည်။ သေဆုံးသွားသူမှာ အသက် ၁၉-နှစ်အရွယ်သာရှိသေးသည့် အလ် တူဘာစစ်ဖြစ်ပြီး အစ္စရေးစစ်သားများက တူဘာစစ်မိသားစုနေအိမ်အားဝင်ရောက်ခဲ့ပြီး သေနတ်ဖြင့်ပစ်ခဲ့သောကြောင့် ပြင်းထန်စွာဒဏ်ရာရသွားကာ ဆေးရုံအရောက်တွင် သေဆုံးခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ ထိုဆန္ဒပြမှုအတွင်း အခြား ပါလက်စတိုင်းနိုင်ငံသားတစ်ဦးမှာလည်း ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။
    presstv

    Untitled_____________________
    ယခုနှစ်အတွင်း ဥဇဘက်ကစ္စတန်တွင် ဗလီဝတ်ကျောင်းတော် သုံးဒါဇင်ခန့်တည်ဆောက်မည်

    ယခုနှစ်အတွင်း ဗလီဝတ်ကျောင်းတော် ၃၆-လုံးအား တည်ဆောက်ရန်စီစဉ်ထားသည့် ဥဇဘက်ကစ္စတန်နိုင်ငံအတွင်း ဗလီဝတ်ကျောင်းတော် ၂၇ လုံးမှာ ဆောက်လုပ်ဆဲအနေအထားတွင်ရှိနေပြီး ဗလီကျောင်းတော်အဟောင်း ၁၂၄ လုံးအား ပြန်လည်ပြင်ဆင်နေသည်ဟုသိရသည်။ Tashkent မြို့တွင်ရှိသည့် Hajj Valius Ahrar ဗလီဝတ်ကျောင်းတော် ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းမှာ ပြီးစီးသွားပြီဖြစ်သည်။ ယမန်နှစ်က ဥဇဘက်ကစ္စတန်မွတ်စလင်စီမံခန့်ခွဲရေး
    အဖွဲ့အစည်း၏ အကူအညီဖြင့် ဗလီဝတ်ကျောင်းတော်အသင်း ၁၂ လုံးတည်ဆောက်ပြီးစီးခဲ့ပြီး ၂၀-ကျော်ကိုပြန်လည်ပြုပြင်နိုင်ခဲ့သည်။ ဥဇဘက်ကစ္စတန်နိုင်ငံတွင် အယူဝါဒ ၁၅ မျိုးမှ ဘာသာရေးအဆောက်အဦးပေါင်း ၂၂၃၀ ခန့်ရှိပြီး အစ္စလာမ်ဘာသာရေးအဆောက်အဦးမှာ ၂၀၃၀ခုဖြင့် ၉၂ ရာခိုင်နှုန်းရှိနေသည်။
    islam


    ____________________

    ဆီးရီးယားတွင် ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ကုလအတည်ပြု

    ပြီးခဲ့သည့်လက ဒမတ်စကတ်မြို့ဆင်ခြေဖုံးတွင်ဖြစ်ပွားခဲ့သောလူအမြောက်အများသေဆုံးခဲ့သည့် တိုက်ခိုက်မှုတွင် ဓာတုလက်နက်ပမာဏ အများအပြားသုံးခဲ့ကြောင်း ရှင်းလင်း၍ ယုံကြည်ရလောက်သော အထောက်အထားများအား ကုသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးက တွေ့ရှိခဲ့သည်ဟုသိရသည်။ စုံစမ်းစစ်ဆေးရေးမှူး၏ အစီရင်ခံစာကို ယမန်နေ့က ကုလသမဂ္ဂတွင်ထုတ်ပြန်ခဲ့ပြီး ထိုတိုက်ခိုက်မှုမှာ မည်သူကပြုလုပ်သည်ကို ဖော်ပြထားခြင်းမရှိပေ။ ဆီးရီးယာနိုင်ငံ ဒမတ်စကတ်မြို့တော် ဂူတာဒေသ အနီးတွင် သြဂုတ်လ ၂၁-ရက်နေ့က ပစ်ခတ်ခဲ့သည့် မြေပြင်မှမြေပြင်ပစ်ဒုံးကျည်တွင် ဆာရင်းအဆိပ်ဓာတ်ငွေ့ အမြောက်အများအသုံးပြုခဲ့ကြောင်း စုဆောင်းရရှိသည့် ပတ်ဝန်းကျင်ဆိုင်ရာ၊ ဓာတုဗေဒဆိုင်ရာ၊ ဆေးပညာဆိုင်ရာ နမူနာများက ဖော်ပြနေသည်ဟု အဆိုပါအစီရင်ခံစာတွင်ဖော်ပြထားသည်။
    aljazeera

    Untitled

    ____________________

    ပါကစ္စတန်တွင် ဟိန္ဒူများနှင့် ဆစ်ခ်လူမျိုးများ တင်းမာမှုများဖြစ်ပွား

    ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းပြည်နယ်တွင် ဟိန္ဒူလူမျိုးစုများနှင့် ဆစ်ခ်လူမျိုးများစုများအကြား တင်းမာမှုများ တစတစကျယ်ပြန့်လာကာ ထိုကဲ့သို့တင်းမာမှုများအား ပါကစ္စတန် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များက ရှုတ်ချလိုက်ပြီး အယူဝါဒအားလုံနှင့် သွေဖည်သော လုပ်ရပ်များဖြစ်သည်ဟုပြောကြားလိုက်သည်။ ဆစ်ခ်အယူဝါဒအား တည်ထောင်သူ Baba Gru Nanak ၏ သွန်သင်ချက်များကို စုစည်းထားသည့် Gru Garanth Saheb ကျမ်းစာအုပ်၏  မီးလောင်ကျွမ်း နေသော အစိတ်အပိုင်းများ၊ စုတ်ပြဲနေသည့်အစိတ်အပိုင်းများအားတွေ့ရှိရပြီးနောက် တင်းမာမှုများမှာ ကြီးထွားလာခြင်းဖြစ်သည်။ Mehhar၊ Pano Aqil၊ Sukkur၊ Mirpur Mathelo Shikarpur မြို့များရှိ ဟိန္ဒူဘုရားကျောင်းများတွင် ထိုကဲ့သို့တွေ့ရှိရခြင်းဖြစ်ပြီး ပါကစ္စတန်ဆစ်ခ်ကောင်စီမှ ထိုလုပ်ရပ်များအတွက် ဟိန္ဒူများကို အပြစ်တင်ပြောဆိုခဲ့သည်။  “ဟိန္ဒူတော်တော်များများက Baba Gru Nanak ရဲ့နောက်လိုက်တွေဖြစ်ကြပြီး ကျမ်းစာအုပ်ကို သူတို့ရဲ့ဘုရားကျောင်းတွေမှာ
    သိမ်းဆည်းထားကြပါတယ်။ ကျွန်တော် ဟိန္ဒူလူ့အဖွဲ့အစည်းတစ်ခုလုံးကို အပြစ်မတင်ချင်ပေမယ့် သူတို့အထဲမှာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းနှစ်ခုရဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးကို ပျက်သုဉ်းစေချင်တဲ့ လူအချို့ရှိနေပါတယ်” ဟု ပါကစ္စတန်ဆစ်ခ်ကောင်စီ၏ ဥက္ကဌဖြစ်သူ Sardar Ramesh က ပြောကြားခဲ့သည်။ “ဒီလိုပြဿနာတွေ
    ဘယ်နေရာမှာဖြစ်ခဲ့တယ်ဆိုတာ နိုင်ငံအဆင့်၊ ပြည်နယ်အဆင့်မှာရှိတဲ့ ဟိန္ဒူအသိုင်းအ၀ိုင်းရဲ့ လူကြီးတွေကိုလည်း ကျွန်တော်တို့အကြောင်းကြားပြီးပါပြီ။ ဒီလိုစက်ဆုပ်စရာကောင်းတဲ့လုပ်ရပ်တွေမှာ သူတို့လူတွေပါဝင်ခဲ့တယ်ဆိုတာလည်း သူတို့ဝန်ခံခဲ့ပါတယ်” ဟု Ramesh က ဒေါသတစ်ကြီးပြောဆိုခဲ့သည်။
    ပါကစ္စတန်ဟိန္ဒူကောင်စီ၏ အကြီးအကဲဟောင်းဖြစ်သူ Raja Asar Manglani က “ဒီလိုရွံစရာကောင်းတဲ့လုပ်ရပ်တွေမှာ ဟိန္ဒူအချို့ပါခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဟိန္ဒူအသိုင်းအ၀ိုင်းက ဒီလုပ်ရပ်ကိုပြင်းပြင်းထန်ထန်ရှုတ်ချတယ်။ ပြီးတော့  ပါကစ္စတန်မှာရှိတဲ့ ဆစ်ခ်နဲ့ ဟိန္ဒူလူမျိုးတွေရဲ့ကြားထဲမှာ အမုန်းမျိုးစေ့စိုက်ပျိုးချင်ကြတဲ့သူ တွေထဲမှာလည်း ပါဝင်မှာမဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။
    onislam

  • အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ကွန်ရက်များ စုပေါင်းပြုလုပ်မည်

    အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ကွန်ရက်များ စုပေါင်းပြုလုပ်မည်

    စက်တင်ဘာ ၁၇၊ ၂၀၁၃
    M-Media
    လင်းလင်း

    DSC00239

    ရန်ကုန် ။        ။        ၂၀၁၃-ခုနှစ် စက်တင်ဘာလ ၂၁-ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အား ကွန်ရက်များစုပေါင်း၍ ရန်ကုန်မြို့တွင် အထိမ်းအမှတ် လူထုလှုပ်ရှားမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက် ၁၁-နာရီတွင် မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

    ယနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် ၂၁-ရက်နေ့မှာပြုလုပ်မယ့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လူထုစုဝေးပွဲအစီအစဉ်များ နှင့် ပက်သက်ပြီး အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပါတယ်။ ၂၁-ရက်နေ့ မှာပြုလုပ်မယ့် အစီအစဉ်တွေရဲ့ ရည်ရွယ်ချက်ကတော့ တစ်နိုင်ငံလုံး ပြန်လည် သင့်မြတ်ဖို့အတွက်နှင့် လွတ်လပ်ငြိမ်းချမ်းမျှတလမ်းသို့ မတူလက်များတွဲကြဖို့ အတွက်ဖြစ်တယ်။ ဆက်လက်ပြီး ၂၁-ရက်နေ့မှာ ပြုလုပ်မယ့် အစီအစဉ်နဲ့ပတ်သက်ပြီး
    တက်ရောက် လာသူများမှ မေမြန်းချက်ကို ပြန်လည် ဖြေကြားပေးခဲ့ကြသည်။
    အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးအခမ်းအနား ကျင်းပမယ့် ရည်ရွယ်ချက်က ငြိမ်းချမ်းရေးအတွက်ဆိုတော့ သက်ရောက်မှုက အတိုင်းတာ ဘယ်လောက်အထိ မျှော်မှန်းထားလဲဆိုသည့် မေးခွန်းအား “ရည်ရွယ်ချက်ကတော့ ၃-ခုပေါ့ တစ်နိုင်ငံလုံးမှာရှိတဲ့ စစ်ပွဲတွေ၊ ဖိနှိပ်မှုတွေ၊ အကြမ်းဖက်မှုတွေ ပပျောက်စေဖို့ အတွက်က ပထမရည်ရွယ်ချက်။ကျွန်တော်တို့ ဒီအကြမ်းဖက်မှု ပပျောက်စေရေးအတွက် ပြည်သူတွေအားလုံးက အကြမ်းမဖက်ဘဲနဲ့ ဘယ်လိုကိစ္စဘဲဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက် သင့်သင့်မြတ်မြတ် ဖြေရှင်းတတ်ကြရင် ဒါဟာ ပြည်သူတွေရဲ့တာဝန်၊ ဒါပေမဲ့ စစ်ပွဲတွေရပ်ဖို့ဆိုတာ လက်ရှိအစိုးရနဲ့ အများကြီးဆိုင်တယ်၊ တပ်မတော်နဲ့လည်း အများကြီးဆိုင်တယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့လည်းဆိုင်တယ်။

    ကျွန်တော်တို့က သူတို့ ရပ်စေချင်တယ်။ စစ်ပွဲတွေ မတိုက်ပါနဲ့တော့ ကျွန်တော်တို့ တိုင်းပြည်နှစ်နာလှပြီ ဆိုတာ ကျွန်တော်တို့ပြောနိုင်တယ်၊ ဒါပေမယ့် ကျွန်တော်တို့မှာ ပါးစပ်ပဲရှိတယ်၊ သူတို့ပစ်ရင် ကျွန်တော်တို့ သေရမှာပဲ။ အဲဒါကသူတို့ကို ရည်ရွယ်ပါတယ်၊ နောက်ဒီစစ်ပွဲတွေရပ်ဖို့၊ ဖိနှိပ်မှုတွေပျောက်ဖို့အတွက် အစိုးရနဲ့တကွ ပါဝင်ပတ်သတ်နေတဲ့ နိုင်ငံရေး အင်အားစုအားလုံးကိုရည်ရွယ်ပါတယ်၊ နောက်ပြည်သူတွေကြားမှာ ငြိမ်းချမ်းရေးအနှစ်သာရတွေ ပြန့်ပွားဖို့ဆိုတာ
    ပြည်သူတွေကြားမှာ အမျိုးသားပြန်လည် သင့်ပြန့်ရေးလိုအပ်တယ်ဆိုတဲ့အကြောင်း၊ တစ်ဦးနဲ့တစ်ဦး မတူကွဲပြားမှုတွေ ကြားထဲမှာ ကျွန်တော်တို့ သင့်သင့်မြတ်မြတ် နေထိုင်ဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်း၊ ပြောမယ်ဆိုရင်လို့ရှိရင်တော့ ပြည်သူလူထုကိုရော၊ လက်ရှိအစိုးရကိုရော၊ နောက်ပြီးနိုင်ငံရေးအင်အားစု၊ တိုင်းရင်းသားအင်အားစု အားလုံးကို ရည်ရွယ်ပြီးပြောတာဖြစ်ပါတယ်။”

    လမ်းလျှောက်မယ့်အစီအစဉ်ကို မေးရာ “ကျွန်တော်တို့ ကျောက်တံတားကနေ မြို့တော်ခန်းမ ပြီးတော့ ဒဂုံမြို့နယ်ကနေလျှောက်ပြီး ပြည်သူ့ရင်ပြင်မှာ အဆုံးသတ်မှာဖြစ်တယ်။ မြို့နယ်တွေအရ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ အလုံ၊ ကျင်းမတိုင်၊ စမ်းချောင်း၊ ဒဂုံတို့ဖြစ်တယ်။ ခွင့်ပြုချက်မရခဲ့ရင်လည်း ရတဲ့နည်းနဲ့ ကျွန်တော်တို့ လုပ်လို့ရသလောက်တော့ လုပ်သွားမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ငြိမ်းချမ်းစေလိုတဲ့ တစ်နိုင်ငံလုံး ပြန်လည်သင့်ပြန့်စေလိုတဲ့ ကျွန်တော်တို့စိတ်ဓါတ်လေးကို ကျွန်တော်တို့ရတဲ့နည်းနဲ့ဖော်ထုတ်သွားမှာဖြစ်ပါတယ်။”လို့ ရှင်းလင်းပြောကြားခဲ့ကြပါတယ်။
    အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်ကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်ရန်အတွက် သက်ဆိုင်ရာဌာနများသို့ ခွင့်ပြုမိန့် တောင်းခံထားပြီ ဖြစ်ကြောင်းနှင့် လမ်းလျှောက်ခြင်း၊ ပန်းချီ၊ ကာတွန်း၊ ကဗျာရွတ်ပွဲများကို ပြုလုပ်မည်ဖြစ်ကြောင်းလည်းသိရသည်။

  • ရန်ကုန်မြို့လယ် ၈-လွှာတိုက်ပေါ်မှ လူတစ်ယောက် ပြုတ်ကျ သေဆုံး

    စက်တင်ဘာ ၁၇၊ ၂၀၁၃
    M-Media
    လင်းလင်း

    1255527_591051954270612_1442715786_n

    ရန်ကုန် ။ ။ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်အတွင်း ယနေ့မနက် ၁၀း၄၀-နာရီခန့်တွင် ၈-လွှာ တိုက်ပေါ်မှ လူတစ်ဦး ပြုတ်ကျ၍ သေဆုံးသွားခဲ့သည်။

    ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ၃၇လမ်း၊ အလယ်ဘလောက်တွင် တိုက်အပေါ်ဆုံး ၈-လွှာမှ နေ၍ လူတစ်ဦးသည် တိုက် ၂-တိုက်ကြား နောက်ဖေး လမ်းကြားအတွင်း ပြုတ်ကျခဲ့သဖြင့် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

    အဆိုပါ သေဆုံးသူမှာ အသက် ၂၇-နှစ်ဝန်းကျင်ရှိပြီး၊ ကုမ္ပဏီဝန်ထမ်း တစ်ယောက်လည်းဖြစ်ကာ အဆိုပါကုမ္ပဏီ ၀န်ထမ်းတိုက်ခန်းတွင် နေထိုင်သူဖြစ်သည်။ ပြုတ်ကျချိန်တွင် အရက်မူးနေသည်ဟု လည်း သိရပြီး နောက်ဆက်တွဲ အကြောင်းအရာများကို အသေးစိတ် မသိရှိရသေးပေ။

    ကျောက်တံတားမြို့နယ် ရဲစခန်းမှ သေမှုသေခင်းအရ အမှုဖွင့်အရေးယူရန် ဆက်လက် ဆောင်ရွက်နေကြောင်းသိရသည်။

  • မြန်မာမွတ်စလင်တွေကို သန်းခေါင် စာရင်းမှာ စာရင်းဖျောက်ခြင်း (STATISTICAL GENOCIDE)

    စက်တင်ဘာ ၁၇
    ဆောင်းပါးရှင်- အောင်တင်

    143

    တခါတခါ စဉ်းစားမိတယ်။

    မြန်မာ့ဒီမိုခေါင်းဆောင် ဆိုသူတွေနဲ့ အစိုးရလုပ်သူတွေဟာ အိပ်ပျော်နေရင်း လမ်းလျှောက်နေကြသူတွေလား။ အိပ်ပျော်ချင်ယောင်ဆောင်ပြီး လမ်းလျှောက်ပြနေသူတွေလား။

    အခြားနေရာတွေမှာသာ ဒီမိုခေါင်းဆောင်တွေနဲ့ အစိုးရတို့ သဘောထား မတူတာ ရှိချင် ရှိနေမယ်။ မြန်မာပြည်က မွတ်စလင်တွေနဲ့ ပတ်သက်ရင် အများစုကြီးက အိပ်လျှက်ဖြစ်ဖြစ်၊ အိပ်ချင်ယောင်ဆောင်လို့ဖြစ်ဖြစ် လမ်းလျှောက်ပြနေကြတာကတော့ တူကြတယ်။ Truth is Bitter. အမှန်တရားဆိုတာ ခါးသီးတယ်လို့ ဆိုပါတယ်။

    တစ်ချိန်က မြန်မာမွတ်စလင်(ပသီ)၊ ရိုဟင်ဂျာစတဲ့ တိုင်းရင်းသား အမည်စာရင်းဝင်သူတွေ အကုန်လုံးကို ၁၉၈၂နိုင်ငံသား ဥပဒေအရဆိုပြီး အရှင်လတ်လတ် ဘင်္ဂါလီနဲ့ စပ်ပစ်လိုက်တာ တချို့ဆိုရင် လူမျိုးရှစ်မျိုးလောက်စပ်ပြီး (ဥပမာ – ဘင်္ဂါလီ+ရှမ်း+မွန်+ကရင်+မြန်မာ+ပလောင်+ချင်း+ကချင် လူမျိုးလို့) မှတ်ပုံတင်မှာ တရားဝင် စာရင်းပေါက်နေကြပါပြီ။ ကိုယ့်ကိုကိုယ် ဘာလူမျိုးဖြစ်ကြောင်း ပြောချင်ရင် ရေသောက်ပြီး၊ နားပြီးမှ ပြောလို့ ရတော့မဲ့ကိန်းဘဲ။ တပ်မတော်က မဟာဦးနှောက်နဲ့ တီထွင်ထားသော ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မကြားဖူးတဲ့ အံ့ဘွယ် လူမျိုးအမည်တွေ ဖြစ်ပါတယ်။ ဒါက လက်တွေ့ဖြစ်ရပ်တွေပါ။ စိတ်ကူးယဉ် မဟုတ်ဘူး။ ဒီလူတွေကို သန်းခေါင်စာရင်းမှာ ဘယ်လို အမည်စာရင်းသွင်းကြမလဲ။

    ဒီမွတ်စလင်တွေထဲကဘဲ တဖအေ၊ တမအေထဲက မွေးချင်းချင်း အတူတူ ၁၉၈၂ နိုင်ငံသားဥပဒေ ပြဌာန်းပြီးနောက်ပိုင်း ဗုဒ္ဓဘာသာကို ပြောင်းကိုးကွယ်သွားရင် ဦးခင်ရီတို့က မြန်မာလူမျိုးလုပ်ပြီး ဆွဲစားလိုက်တယ်။ မွတ်စလင်ဖြစ်နေဆဲဆိုရင် ဘင်္ဂါလီနဲ့ စပ်ပြီး ကပြားလုပ်ပစ်လိုက်တယ်။ ဖအေ၊ မအေ ဗုဒ္ဓဘာသာ မြန်မာကမွေးပြီး နောက်ပိုင်းမှာ အစ္စလာမ်ကို ပြောင်းလဲကိုးကွယ်သူ ဖြစ်ရင်လည်း မူလမြန်မာလူမျိုး အဖြစ်ကနေပြီး ဘင်္ဂါလီကပြားလို့မှတ်ပုံတင်မှာ နောင်ကျဉ်သွားအောင် ကန်ထုတ်ပစ်လိုက်ပြန်ရော။ ဘာသာပြောင်းရင် လူမျိုးပြောင်းတယ်တဲ့ဗျာ။ အံ့ရော။ ၁၉၈၂ခုနှစ်ကတည်းက ဘာသာရေးကို နိုင်ငံရေးလက်နက်အဖြစ် မဟာလူမျိုးကြီးဝါဒ အသက်သွင်းရေးကို ဗြောင်အသုံးချနေသော ကမ္ဘာပေါ်က တစ်ခုတည်းသော လူမျိုးရေးအစွန်းရောက်နိုင်ငံ (Racist State)ပါ။ အတော်လေးကို အရှက်နဲကြပါတယ်။

    မြန်မာပြည်ထဲကို လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်က ဝင်ရောက်လာတာ လူမျိုးတစ်ဒါဇင်တောင် မရှိပါဘူး။ လူမျိုးချင်းစပ်ပြီး ကပြားတွေ ပေါက်ဖွားလာလိုက်တာ တိုင်းရင်းသားလူမျိုး (၁၄၄)ဖြစ်ခဲ့တယ်။ ဒီထဲက ကပြားချင်းအတူတူ အစ္စလာမ်သာသနာဝင် မြန်မာမွတ်စလင်(ပသီ)၊ ရိုဟင်ဂျာ၊ မြေဒူး၊ ပသျှူး၊ ပန်းသေးစသူတွေကို တမင်ရွေးပြီး စစ်အစိုးရက မိမိသဘောနဲ့ တိုင်းရင်းသားစာရင်းက ပယ်ဖျက်လိုက်တဲ့အတွက်ကြောင့် အစ္စလာမ်သာသနာဝင် မြန်မာတိုင်းရင်းသားတွေဟာ အရှင်လတ်လတ် နေရင်းထိုင်ရင်းနဲ့ ခိုးဝင်လာသူ၊ နိုင်ငံမဲ့သူ၊ ဧည့်သည်တွေ၊ နိုင်ငံခြားသားတွေသဖွယ် အနှိမ်ခံနေကြရတာ ကြာပါပြီ။

    တိုင်းရင်းသားဖြစ်ပြီးသူတွေကို တိုင်းရင်းသားစာရင်းက ပယ်ဖျက်ဖို့ ကမ္ဘာပေါ်မှာ ဘယ်လိုအစိုးရမျိုးမှာမှ လုပ်ပိုင်ခွင့်အာဏာ မရှိဘူး။ အဲဒီ စစ်အစိုးရ ဗိုလ်ချုပ်တွေ မမွေးခင် ပဝေသဏီကတည်းက တိုင်းရင်းသားဖြစ်နေသူတွေကို မနေ့တနေ့ကမှ မွေးလာတဲ့ ဗိုလ်ချုပ်တွေက မွတ်စလင်ဖြစ်ခြင်းကြောင့် တိုင်းရင်းသား မဟုတ်တော့ဘူး လုပ်လာတာကို ကျနော်တို့ လုံးဝ လက်မခံပါဘူး။

    ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေ ပြဌာန်းပြီးနောက် အစိုးရအဆက်ဆက်က ချမှတ်ထားတဲ့ မူများအရ အစ္စလာမ်သာသနာဝင်တွေကို အစိုးရဌာနတွေမှာ အလုပ်မခန့်ချင်ကြဘူး။ အဆင့်မြင့်ပညာသင်ကြားရေးမှာ ပိတ်ဆို့ခံနေရတယ်။ တရားခွင်တွေ၊ အစိုးရရုံးတွေ၊ ရဲဌာနတွေမှာ ပိုမိုခွဲခြား ဖိနှိပ်ခံနေကြရတယ်။ နိုင်ငံသားမှတ်ပုံတင် ရရှိရေးလည်း ခက်ခဲလာတယ်။ ခရီးသွားရာမှာ အစော်ကားခံရဆုံး လူတန်းစားဖြစ်လာတယ်။ အခြားအသက်မွေးဝမ်းကြောင်းမှုတွေ ပိတ်ပင်ထားတော့ ထမင်းစားဖို့၊ အသက်ရှင်ဖို့ လုပ်စရာက ကိုယ်ပိုင်လုပ်ငန်းနဲ့ ဈေးဆိုင်ဖွင့်တာဘဲ ကျန်တော့တယ်။ ဒီကျဉ်းကျဉ်းလေးရှိတဲ့ အသက်မွေးဝမ်းကြောင်းကိုလည်း ဒီမိုကရေစီ ဦးသိန်းစိန် လက်ထက်ရောက်ကာမှ သမိုင်းမှာ မကြုံဖူးအောင် အပြင်းထန်ဆုံး စနစ်တကျ တိုက်ခိုက်ဖျက်ဆီးတာကို ခံလိုက်ရတော့တာပါဘဲ။

    လက်ရှိ မြန်မာပြည်မှာ လူဦးရေ သန်း(၆၀) ရှိပါတယ်။ အစ္စလာမ်သာသနာဝင်က ရိုဟင်ဂျာအပါအဝင် အနည်းဆုံး ၅%ကနေ ၁၂%အထိ ရှိနိုင်တယ်လို့ အမျိုးမျိုး ခန့်မှန်းကြတယ်။ အနည်းဆုံး ခန့်မှန်းချက် ၅%ဖြစ်ရင်တောင် လူဦးရေသုံးသန်းဆိုတာ မြန်မာလူမျိုးပြီးရင် ဒုတိယအင်အားအကြီးဆုံး လူအုပ်စုကြီး ဖြစ်ပါတယ်။

    ဒီလူအုပ်စုကြီးက နိုင်ငံသားတွေ၊ တိုင်းရင်းသားတွေ၊ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေ၊ တိုင်းပြည်ရဲ့ စွမ်းအားစုတွေဖြစ်တယ်။ တိုင်းပြည်တစ်ပြည်မှာ ဒုတိယလူဦးရေ အများဆုံးဖြစ်တဲ့ လူအုပ်စုကြီးကို ခွဲခြားဖိနှိပ်ပြီး တရားမျှတ ခေတ်မီတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံ တည်ထောင်လို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာကိုလည်း မြင်နိုင်တဲ့စွမ်းအား ရှိကြဟန်တောင် မတူပါဘူး။ အတော်လေးကို အမျှော်အမြင် ကြီးကြပေပါတယ်။

    မွန်၊ ကရင်၊ ကချင်စစ်စစ်တွေတင်မက တိုင်းရင်းသားကပြားတွေကိုပါ မြန်မာလူမျိုးစာရင်းထဲမှာ မလိမ့်တပတ်နဲ့ သွင်းထားလို့ သက်ဆိုင်ရာ တိုင်းရင်းသားတွေ အလုံအလောက် ရှိလျှက်နဲ့ တိုင်းရင်းသားရေးရာဝန်ကြီး မရတဲ့ ပြသနာတွေကြောင့် ဝေဖန်ကန့်ကွက်နေကြတာတွေကို အားလုံး ကြားသိနေကြပါတယ်။ မြန်မာမွတ်စလင် အများအပြားကို ၁၉၇၂ သန်းခေါင်စာရင်းထဲမှာ မြန်မာလူမျိုးအဖြစ် တမင်ရေးသွင်းခဲ့တာကိုလည်း ကျနော်တို့ မမေ့သေးပါဘူး။ ဒါတွေကြောင့် မွတ်စလင်အပါအဝင် တိုင်းရင်းသားဦးရေက အလွန်နည်းပြီး မြန်မာက အလွန်များနေတာ၊ ဗုဒ္ဓဘာသာက အလွန်များနေပြီး အခြားဘာသာဝင်တွေက အလွန်နည်းနေခဲ့တာ ဖြစ်ပါတယ်။

    နှစ်ခါအလိမ်ခံရရင် အလိမ်ခံရသူရဲ့အပြစ်ဖြစ်တဲ့အတွက် ဒုတိယအကြိမ် အလိမ်မခံရအောင် သက်ဆိုင်ရာ တိုင်းရင်းသား ခေါင်းဆောင်တွေက ၂၀၁၄သန်းခေါင်စာရင်းကို အစိုးရက မကောက်ခင် မိမိတိုင်းရင်းသား ဦးရေစာရင်းကို ကြိုပြီးကောက်နေကြပါပြီ။ ဒါက ဦးသိန်းစိန် အစိုးရရဲ့ သန်းခေါင်စာရင်းကို တိုင်းရင်းသားတွေက လုံးဝ အယုံအကြည် မရှိပါဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ထုတ်ပြလိုက်ခြင်းလည်း ဖြစ်ပါတယ်။

    မြန်မာမွတ်စလင်နဲ့ ပတ်သက်လို့ ဦးခင်ရီက တိုင်းရင်းသား (၁၃၅)မျိုးမှာ မပါရင် မည်သည့်လူမျိုးအဖြစ် ရေးသွင်းသည်ဖြစ်စေ၊ အခြားလူမျိုးစာရင်းမှာ ထဲ့လိုက်မယ်လို့ ပြောနေပါတယ်။ လွန်ခဲ့သော နှစ်တစ်ထောင်ကျော် မြန်မာနိုင်ငံစတင် တည်ထောင်ကတည်းက သွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေကို တန်းတူပေးဆပ်ခဲ့တဲ့၊ တိုင်းပြည်လွတ်လပ်ရေး၊ ဒီမိုကရေစီရေး တိုက်ပွဲမှန်သမျှမှာ တန်းတူရည်တူ အသက်ပေးတိုက်ပွဲဝင်ခဲ့တဲ့ မြန်မာပြည်က မွတ်စလင်တွကို အမည်သညာမဲ့၊ မှတ်တိုင်မဲ့ အခြားလူမျိုးအဖြစ် စာရင်းဖျောက်မယ်ဆိုတာက အင်မတန် တာဝန်မဲ့သော၊ အင်မတန် သစ္စာမဲ့သော၊ အင်မတန် ကျေးဇူးကန်းသော လုပ်ရပ်ဖြစ်ပါတယ်။

    တိုင်းပြည်လွတ်လပ်ရေးတိုက်ပွဲ ဝင်ကြတုန်းကတော့ မွတ်စလင်တွေလည်း ပါဝင်ကြပြီး အားလုံး အတူတူလို့ ပြောခဲ့တယ်။ အခုလွတ်လပ်ရေး ရမယ်တောင် မကြံသေးဘူး၊ ခွဲခြားခွဲခြား လုပ်ချင်လာကြတယ်လို့ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ စကားကို ယနေ့ မြန်မာ့နိုင်ငံရေး ခေါင်းဆောင် ဘယ်နှစ်ယောက် သတိရကြပါသလဲ။

    တစ်ကယ်တော့ တိုင်းပြည်တစ်ပြည်မှာ နှစ်ကာလရှည်ကြာစွာ တဆက်တည်း အေးအတူ ပူအမျှ၊ သေဖေါ်သေဖက်၊ တိုက်ဖေါ်တိုက်ဖက်၊ တိုင်းပြည်ထူထောင်ဖေါ် ထူထောင်ဖက်ဖြစ်သည့်အပြင် သွေးချင်းလည်း စပ်နေကြတဲ့ တိုင်းရင်းသားတွေကို အမည်မဲ့ လူမျိုးအဖြစ် စာရင်းဖျောက်မယ် (STATISTICAL GENOCIDE) ဆိုလိုက်တာကတော့ ရက်စက်လွန်း၊ ပက်စက်လွန်းပါတယ်ဗျာ။

    အောင်တင်

  • တိုင်းပြည်တာဝန် ထမ်းဆောင်ခဲ့ကြသည့် မြန်မာ မွတ်စလင်မ်များနှင့် ကျဆုံးခဲ့သည့် မြန်မာမွတ်စလင်မ်များ

    စက်တင်ဘာ၊ ၁၆ ၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    photo-collage
    နိုင်ငံရေးဆိုင်ရာ ပါလီမန်နှင့် မြူနီစပါယ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ကြသူများကို အက္ခရာစဉ်အလိုက် အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်

    ၁။    ဦးကာ၊ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေး၊ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးနှင့် ပညာရေးဌာန၀န်ကြီး (အိမ်စောင့်အစိုးရလက်ထက်)
    ၂။    မစ္စတာကရင်ဂနီ၊ အောက်လွှတ်တော်အမတ် (၉၁-ဋ္ဌာနခေတ်)
    ၃။    ဦးကျော်ခင်၊ ရမည်းသင်း ရနောင် ပြည်သူ့လွှတ်တော်အမတ် (ဖဆပလ)
    ၄။    ဦးခင်မောင်လတ်၊ တရားရေးရာဌာနနှင့် ကျန်းမာရေးဋ္ဌာန၀န်ကြီး (ဖဆပလ)
    ၅။    ဦးဘိုးခိုင်(စစ်တွေ)၊ အောက်လွှတ်တော်အမတ် (၉၁-ဋ္ဌာန ခေတ်)
    ၆။    ဒေါ်ခင်ခင်၊ ပြည်သူ့လွှတ်တော်အမတ်(တပ်ကုန်း)ဆရာကြီးအစား (ဖဆပလ)
    ၇။    ဦးဘိုးချယ်၊ တပ်ကုန်းပြည်သူ့လွှတ်တော်အမတ် (ဖဆပလ)
    ၈။    ဦးဂျမား၊ ပုသိမ်တောင်၊ လူမျိုးစုလွှတ်တော်အမတ် (ဖဆပလ)
    ၉။    ဦးဂဖား၊ မောင်းတော – လူမျိုးစု လွှတ်တော်အမတ် (ဖဆပလ)
    ၁၀။    ဦးစူလ်တန်အဟ်မတ်၊ မောင်းတောမြောက်၊ ပြည်သူ့လွှတ်တော်အမတ်၊ ပါလီမန်အတွင်းဝန် (ဖဆပလ)
    ၁၁။    ဦးစူလ်တန်မာမွတ်၊ ၀န်ကြီး (သန့်ရှင်း)
    ၁၂။    ဒေါ်စောရွှေ၊ (၁) ရန်ကုန်မြို့မလမ်းမတော်၊ ပြည်သူ့လွှတ်တော်အမတ်၊ (၂) ရမည်းသင်းတောင်၊ လူမျိုးစု လွှတ်တော်အမတ်
    ၁၃။    ဦးထွန်းမြင့်ကြူ၊ မြို့သစ် ပြည်သူ့လွှတ်တော်အမတ် (ပထစ)
    ၁၄။    ဦးဖေခင်၊ ရမည်းသင်းကျေးလက်မြောက် ပြည်သူ့လွှတ်တော်အမတ်၊ (ဗိုလ်ချုပ်တို့ကျဆုံးပြီးနောက် ဌာန လက်ကိုင်မရှိဝန်ကြီး) နောင်အခါ သံအမတ်ကြီး (တိုင်းပြုပြည်ပြုလွှတ်တော်)
    ၁၅။    ဦးဘကြွယ်၊ (၁) လူမျိုးစုလွှတ်တော် (ဖဆပလ-မန္တလေး)၊ (၂) လူမျိုးစုလွှတ်တော် ဒုတိယနာယက (ပထစ-မန္တလေး)
    ၁၆။    ဦးဘရှား၊ ပြည်သူ့လွှတ်တော် (ဖဆပလ-ဘားအံ)
    ၁၇။    ဦးမြင့်သိန်း၊ ပြည်သူ့လွှတ်တော်အမတ် (ဖဆပလ-ဘားအံ)
    ၁၈။    ဦးရာဇတ်၊ အမျိုးသားစီမံကိန်းဌာန၀န်ကြီး (ဖဆပလ-မန္တလေးမြို့မအရှေ့)
    ၁၉။    ဦးရာရှစ်၊ ကူးသန်းရောင်းဝယ်ရေးနှင့် အိမ်ယာဆောက်လုပ်ရေး သတ္ထုတွင်းနှင့် အလုပ်သမားဋ္ဌာန၀န်ကြီး (ဖဆပလ-ရန်ကုန်အရှေ့၊ ပထစ)
    ၂၀။    ဦးလှမောင်၊ ပြည်သူ့လွှတ်တော် (ပမညတ-လှည်းကူး)
    ၂၁။    ဦးသန်းမြင့်၊ ပြည်သူ့လွှတ်တော်အမတ် (ဖဆပလ-မော်လမြိုင်မြောက်ပိုင်း)
    ၂၂။    ဦးသန်းညွန့်၊ ပြည်သူ့လွှတ်တော်အမတ် (မန္တလေးကျေးလက်တောင်)
    ၂၃။    ဦးအောင်သင်း၊ ဘုရင်ခံခန့် အထက်လွှတ်တော်အမတ် (၉၁-ဋ္ဌာနခေတ်)
    ၂၄။    ဒေါ်အေးညွန့်၊ ပြည်သူ့လွှတ်တော်အမတ် (ဖဆပလ-မောင်းတော တောင်)

    မြို့ပြရေးရာ တာဝန်ထမ်းခဲ့ကြသူများ
    ၁။    ဦးကြာဆိုင်(ပျဉ်းမနား)၊ မြူလူကြီး (၉၁-ဌာနခေတ်)
    ၂။    ဦးကိုကိုလေး(အလုံ၊ ရန်ကုန်)၊ မြူလူကြီး (ဖဆပလ)
    ၃။    ဟာဂျီဦးစိန်(မေမြို့)၊ မြူလူကြီး (ဖဆပလ)
    ၄။    ဦးစိုး(မန္တလေး)၊ ကျန်းမာရေးဌာနချယ်ယာမင် (ဖဆပလ)
    ၅။    ဦးစိမ်းမောင်(မန္တလေး)၊ မြူလူကြီး (ပထစ)
    ၆။    ဦးဆာလေ၊ မြူဥက္ကဋ္ဌ (မော်လမြိုင် ဖဆပလ)
    ၇။    ဟာဂျီဦးတင်မောင်(ရန်ကုန်)၊ ကျန်းမာရေးဌာနချယ်ယာမင် (ဖဆပလ)
    ၈။    ဟာဂျီဦးတင်ရွှေ(မြစ်ကြီးနား)၊ မြူလူကြီး(ဖဆပလ)
    ၉။    ဦးဘစိန်(သကြား)၊ ဘဏ္ဍာရေးဌာန ချယ်ယာမင် (တသီးပုဂ္ဂလ၊ ရန်ကုန်)
    ၁၀။    ဦးဘအေး(ရန်ကုန်)၊ ဘဏ္ဍာရေးဌာန ချယ်ယာမင် (ဖဆပလ)
    ၁၁။    ဦးဘမင်း(မန္တလေး)၊ မြို့တော်ဝန် (ဖဆပလ)
    ၁၂။    ဦးဘခင် (ရတနာပုံ-မန္တလေး)၊ မြူလူကြီး (ဖဆပလ)
    ၁၃။    ကေ-ဘစိန်(မန္တလေး)၊ မြူလူကြီး (ဖဆပလ)
    ၁၄။    ဦးဘသိန်း(ချစ်ညို၊ မန္တလေး)၊ မြူလူကြီး (ပထစ)
    ၁၅။    ဦးမောင်တင်(ရန်ကုန်)၊ မြူလူကြီး (ဖဆပလ)
    ၁၆။    ဦးမောင်ကြီး(မန္တလေး)၊ မြူလူကြီး (ဗမက)
    ၁၇။    ဦးမောင်ကြီး(ရန်ကုန်)၊ မြူလူကြီး (ဖဆပလ)
    ၁၈။    ဦးမောင်တင်(တိုက်ကြီး)၊ မြူဥက္ကဌ (ဖဆပလ)
    ၁၉။    ဦးလှမောင်(မြစ်ကြီးနား)၊ မြူလူကြီး (ဖဆပလ)
    ၂၀။    ဟာဂျီဦးသန်းညွန့်(မေမြို့)၊ မြူဥက္ကဋ္ဌ (ဖဆပလ)
    ၂၁။    ဦးသန်းရွှေ(မန္တလေး)၊ မြူလူကြီး (ဖဆပလ)
    ၂၂။    ဒေါက်တာသန်းကျော်(ပျဉ်းမနား)၊ မြူဥက္ကဋ္ဌ (ဖဆပလ)
    ၂၃။    ဦးသိန်းမောင်(မန္တလေး)၊ မြူလူကြီး (ဖဆပလ)
    ၂၄။    ဦးအေးမောင်(မန္တလေး)၊ မြူလူကြီး (ဗမက၊ နောင်-ဖဆပလ)

    အထက်ပါစာရင်းသည် စုံစမ်းလေ့လာ၍ ရသမျှတင်ပြခြင်းဖြစ်ပါသည်။ ကျန်ရှိကောင်း ကျန်ရှိလိမ့်ဦးမည် ထင်ပါသည်။

    လွတ်လပ်ရေးခေတ် နိုင်ငံရေးလုပ်ရင်း ကျဆုံးခဲ့ကြသူများ
    ၁။    ဦးရာဇတ်၊ အာဇာနည်ခေါင်းဆောင်ကြီး (ဖဆပလ)
    ၂။    ကိုထွန်းလှ(ဗန်းမော်)၊ မန္တလေးတွင် ကျသည် (အလံနီကွန်မြူနစ်ပါတီ)
    ၃။    ကိုလေးမောင်(ဘုံးအိုး)၊ မန္တလေးတွင် ကျသည်။ (အလံနီကွန်မြူနစ်ပါတီ)
    ၄။    အီဗရာဟင် ခေါ် ကိုမိုးသူ(ဆကာကြီး) တောတွင်းကျဆုံး (အလံနီကွန်မြူနစ်ပါတီ)
    ၅။    သခင်ကျော်သောင်း(တွံတေး) တောတွင်းကျဆုံး (ဗမာပြည်ကွန်မြူနစ်ပါတီ)
    ၆။    သခင်ဒေါင်း(ဖြူး) တောတွင်းကျဆုံး (ဗမာပြည်ကွန်မြူနစ်ပါတီ)
    ၇။    ကိုတင်မောင်(ညောင်လေးပင်)၊ တောတွင်းကျဆုံး (ဗမာပြည်ကွန်မြူနစ်ပါတီ)
    ၈။    မလှကြည်(ဗန်းမော်) ကိုတင်မောင်၏ဇနီး၊ တောတွင်းကျဆုံး (ဗမာပြည်ကွန်မြူနစ်ပါတီ)
    ၉။    ကိုအာဇစ် ခေါ် ကိုလှရွှေ(ကသာ)၊ တောတွင်းကျဆုံး (ဗမာပြည်ကွန်မြူနစ်ပါတီ)
    ၁၀။    ရဲဘော်အီဆာ (စကြနွယ်စဉ်)၊ မန္တလေးတိုက်ပွဲတွင်ကျဆုံး (အလံနီကွန်မြူနစ်ပါတီ)
    ၁၁။    ရဲဘော်ချစ်သန်း (ရန်ကုန်၊ သာကေတ)၊ တောတွင်းကျဆုံး (ဗမာပြည်ကွန်မြူနစ်ပါတီ)

    အထက်ပါစာရင်းသည် မိမိတို့ ယုံကြည်ရာ နိုင်ငံရေးပါတီများတွင် ပါဝင်ခဲ့ကြပြီး ကျဆုံးကြသည့်သူများမှ ရသမျှစာရင်းကို ဖော်ပြခြင်းပင်ဖြစ်ပါသည်။ ကျန်ရှိနိုင်ပါသည်။

    ပသီဦးကိုကိုလေး၏ မြန်မာနိုင်ငံနှင့် အစ္စလာမ်သာသနာ စာအုပ်၊ စာမျက်နှာ(၃၄၃-၃၄၅)မှ