News @ M-Media

Blog

  • တူရကီ လူမျိုးများကြား ဟလာလ် ဟိုတယ်များ လူကြိုက်များ နှစ်သက်မှုရ

    စက်တင်ဘာ၊ ၁၃
    M-Media
    Halal-Hotels
    တူရကီနိုင်ငံရှိ ဟလာလ် ဟိုတယ်များသည် လာရောက်လည်ပတ်သူ အာရဗ်များထက် တူရကီနိုင်ငံသားတို့အကြား ပိုမို၍ နှစ်ခြိုက် စိတ်ဝင်စားခြင်းခံခဲ့ရသည် ဟု ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း ကျွမ်းကျင်သူများက ဆိုကြောင်း တူရကီ သတင်းစာ Hurriyet Daily News က တင်ပြခဲ့သည်။

    “ အာရဗ် ခရီးသွားများသည် ရှေးရိုးစွဲနိုင်ငံများတွင် နေထိုင်ကြီးပြင်းလာသူများဖြစ်သောကြောင့် ၄င်းတို့မှ အပြောင်းအလဲဖြစ်စေရန် လိုလားကြ၍ဖြစ်သည် ” ဟုဆိုပြီး အာရဗ် ခရီးသွားများသည် တူရကီနိုင်ငံသို့လာရောက်သောအခါ ပုံမှန်ဟိုတယ်များတွင် အဘယ်ကြောင့် တည်းခိုရခြင်းကို တူရကီ အပန်းဖြေ ဟိုတယ်တစ်ခု၏ တာဝန်ရှိသူတစ်ဦးက သတင်းဌာနသို့ရှင်းလင်းပြောပြသည်။

    ဟလာလ် ဟိုတယ်များတွင် လာရောက်တည်းခိုသူများအတွက် အမျိုးသား၊ အမျိုးသမီး သီးသန့် ခွဲခြားထားသော ကမ်းခြေများ၊ ရေကူးကန်များဖြင့် ၀န်ဆောင်မှုပေးထားသည်။ ၄င်းဟိုတယ်များသည် ဟလာလ်အစားအစာ နှင့် အရက်မပါသည့် သောက်သုံးဖွယ်ရာများကိုသာ ရောင်းချပြီး၊  အားလပ်ရက်ကို ဟလာလ် နည်းကျ အပန်းဖြေနိုင်အောင် စီစဉ်ထားခြင်းဖြစ်သည် ဟု လန်ဒန်အခြေစိုက် Crescent Tours ခရီးသွားလာမှုလုပ်ငန်းက သူတို့၏ ၀က်ဘ်ဆိုဒ်တွင် ဖော်ပြထားခဲ့သည်။

    “ ဟလာလ်နည်းကျအားလပ်ရက်အစီအစဉ်သည် ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းအတွင်း လုပ်ဆောင်ချက်အသစ် တစ်ခုဖြစ်ပြီး၊ အာလပ်ရက်အား အစ္စလာမ် ထုံးတမ်းစဉ်လာများနှင့်အညီ ကုန်လွန်စေရန် ရည်ရွယ်ထားခဲ့သည် ” ဟု ဟလာလ်ခရီးသွားလုပ်ငန်း အထူးဝန်ဆောင်မှုပေးသည့် ကုမ္ပဏီက ဆိုသည်။

    ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကျွမ်းကျင်သူတစ်ဦးက ၄င်း ဟလာလ်အားလပ်ရက် အစီအမံသည် အစ္စလာမ် ဘာသာဝင်အမျိုးသမီးများအတွက် ဦးစားပေး စီစဉ်ထားခြင်းဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။

    “ ကိုယ်ခန္ဓာအား အမြဲတစေ လုံခြုံအောင် အ၀တ်အစားများဖြင့် ကာကွယ်ထားရသော အမျိုးသမီးများသည် ရေကူးဝတ်စုံ (၀ါ) ဘီကနီအား သီးသန့်ရေကူးကန်များတွင် ရေကူးချိန် သို့မဟုတ် သီးခြားကမ်းခြေများ၌ ၀တ်ဆင်နိုင်လိမ့်မည်။ ထို့အတူ  သူတို့အား အချို့ယောက်ျားတို့၏ အမူအကျင့်များမှ အနှောင့်အယှက်ကင်းဝေးစေရန် သူတို့မှ ဟလာလ် ဟိုတယ်များအား ရွေးချယ်ရခြင်း ဖြစ်သည် ” ဟု အပန်းဖြေဟိုတယ်၏ မန်နေဂျာချုပ် အိုမား ဆိုလ်မက်ဇ် (Ömer Solmaz) က Hurriyet Daily News သို့ ပြောကြားခဲ့သည်။

    မွတ်စ်လင်မ် ခရီးသွားများ

    လူဦးရေတိုးတက်လာခြင်း နှင့် ချမ်းသာကြွယ်ဝလာခြင်း တို့ကြောင့် မွတ်စ်လင်မ်များ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသများမှ ရေနံသူဌေးတို့သည် ယခင်ကနှင့် မတူအောင် ပိုမို၍ ခရီးသွားလာမှုကို ပြုလုပ်နေကြပြီး၊ ခရီးသွားဦးရေမှာ အရှိန်နှင့် တိုးပွားလာလျက်ရှိသည် ဟု AFP ကဆိုသည်။

    ကမ္ဘာ့ခရီးသွားလာမှုအဖွဲ့အစည်းမှ ယခုနှစ်ထုတ်ပြန်ခဲ့သောသတင်းတွင် ဤတစ်နှစ်တည်း၌ ပင်လယ်ကွေ့ဒေသမှ အပန်းဖြေခရီးအတွက် ခရီးသွားလာသူများ၏ သုံးစွဲငွေမှာ ဒေါ်လာ ၁၂ ဘီလီယံနီးပါး  ရှိနေသည်ဟု ဖော်ပြသည်။

    ကမ္ဘာ့မှတ်တမ်းအရ မွတ်စ်လင်မ်ခရီးသွားတို့အသုံးပြုသော အပန်းဖြေစရိတ်သည် တိုးတက်မှုအလွန်လျင်မြန်လာကြောင်း၊  ၂၀၂၀ ခုနှစ်တွင် နှစ်စဉ် အသုံးစရိတ် ဒေါ်လာ ၁၉၂ ဘီလီယံအထိ ရောက်ရှိလိမ့်မည်ဟု ခန့်မှန်းထားကြောင်း၊ ၂၀၁၁ ခုနှစ်ကရရှိခဲ့သော တွက်ချက်မှုမှာ ဒေါ်လာ ၁၂၆ ဘီလီယံသာ ရှိခဲ့ကြောင်းကို ခရီးသွား လုပ်ငန်း ကုမ္ပဏီနှစ်ခု၏လေ့လာချက်တွင် တွေ့ရှိခဲ့ရသည် ဟုဆိုသည်။

    ဟလာလ်ခရီးစဥ်ဝန်ဆောင်မှုများသည် ထိုခရီးသွားရောက်သူ လူဦးရေ အနေအထားအရ လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း ကမ္ဘာပေါ်တွင် မွတ်စ်လင်မ်လူဦးရေ ၁.၆ ဘီလီယံနီးပါး  ရှိလာပြီဖြစ်သဖြင့် မွတ်စ်လင်မ်များကို အဓိကထားသော ၄င်း ခရီးသွားလုပ်ငန်း ဈေးကွက်မှာ အလွန်ကြီးမားနေပြီဖြစ်သည်။

    Ref: alarabiya.net

  • Bago:ပေါင်းတည်တွင် မွတ်စလင်မ် အယောင်ဆောင် ဗလီ ဦးထုတ်ဆောင်းထားသူ တဦးမှ ဗုဒ္ဓဘာသာဝင်များကို ဆဲဆိုမှုဖြစ်ပွားခဲ့၊

    စက်တင်ဘာ ၁၃၊ ၂၀၁၃
    M-Media
    ဇာဏီ
    ပေါင်းတည် စွယ်တော်ပင့်ပွဲလုပ်မည်နေရာတွင် ဗလီဦးထောင်ဆောင်းထားသော မွတ်စလင်မ်အယောင်ဆောင် တစ်ဦးမှ  ဗုဒ္ဓဘာသာဝင်များကို ဆဲဆိုမှုဖြစ်ပွားခဲ့၊ မွတ်စလင်မ်များ သတိဖြင့် သွားလာနေထိုင်ကြရန် ပေါင်းတည် ဘာသာရေးခေါင်းဆောင်များ သတိပေး ညွှန်ကြား

    Paungde, Bago Region
    ပေါင်းတည် ။           ။         ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့တွင် ယခုရက်ပိုင်းများအတွင်း အစ္စလာမ်သာသနာဝင်များအနေနှင့် သွားလာပြောဆို နေထိုင်မှုများတွင် သတိပြုဆင်ခြင်နေကြရန် ဘာသာရေးခေါင်းဆောင်များမှ ညွှန်ကြားထားကြောင်း သတင်းရရှိပါတယ်။

    လွန်ခဲ့သော ရက်အနည်းအတွင်းက ပေါင်းတည်မြို့တွင် အစ္စလာမ်သာသနာဝင် မဟုတ်သူ တစ်ယောက်မှ အစ္စလာမ်ဘာသာဝင်များ ၀တ်ပြုချိန် ၀တ်ဆင်သည့် ဦးထုတ်အား ၀တ်ဆင်၍ ဘာသာခြားတို့အား ဆဲဆိုခဲ့သဖြင့် ပြဿနာတစ်ရပ်ဖြစ်ပေါ်စေရန် ဖန်တီးခဲ့သော်လည်း ထိုသူအား ထိန်းသိမ်းလိုက်နိုင်၍ မည်သည့်ပြဿနာမျှ ဖြစ်ပွားသွားခဲ့ခြင်း မရှိကြောင်း စုံစမ်းသိရှိရပါတယ်။

    အဆိုပါ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ပေါင်းတည်မြို့သို့ ဆက်သွယ်စုံစမ်းခဲ့ရာ “အခုလာမယ့် ၁၇-ရက်နေ့ကျရင် ပေါင်းတည်မှာ ဘုရား စွယ်တော်ပင့်မယ့် ပွဲရှိတယ်။ အဲလို ရှိနေတာကို လွန်ခဲ့တဲ့ ၄-ရက်လောက်ဖြစ်သွားတာက ဗလီဦးထုတ်ဆောင်းထားတဲ့ လူတစ်ယောက်က ဗုဒ္ဓဘာသာဝင်တွေကို အော်ဆဲတယ်။ စွယ်တော်ပွဲလုပ်မယ့်နေရာမှာ။ အဲဒီတုန်းကတော့ ပွဲမရှိသေး။ အဲလိုဆဲတော့ အနား ဗုဒ္ဓဘာသာဝင်တွေက စိတ်ဆိုးပြီး သူ့ကို ၀ိုင်းချုပ်ကြတဲ့အချိန်မှာ ရဲတွေလည်း ရောက်လာတယ်။ သေချာစစ်တော့မှ သူက ဗုဒ္ဓဘာသာဖြစ်နေတယ်။ သူ့ကို အခု ဘယ်လို အရေးယူမှု ပြုလုပ်လဲတော့ မသိဘူးဗျ။ အခုတော့ ပေါင်းတည်ဗလီမှာလည်း စာကပ်ပြီး ညွှန်ကြားထားတယ်။ ဒီစွယ်တော်ပွဲတော်ကာလအတွင်း မွတ်စလင်မ်များ အနေနဲ့ ပွဲတော်တ၀ိုက်သွားလာမှုများတွင် သတိဖြင့် ၀တ်စားဆင်ယင် သွားလာနေထိုင်ကြဖို့ ညွှန်ကြားလိုက်တယ်။”

    ပေါင်းတည်မှာ ဗလီသွားချိန်မဟုတ်ရင် ဗလီသွားတဲ့လမ်းလေးကို ပိတ်ထားတယ်။ ဟိုးတစ်ရက်ကလည်း ညဥ့်တော်တော်နက်မှ လူတစ်ယောက်က ဖြတ်သွားတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ ပြဿနာမဖြစ်အောင် သတိထားနေရပါတယ်။

    ပေါင်းတည်မှာ အကြမ်းဖက်မှုတွေ ဖြစ်အောင် လှုံ့ဆော်သူတွေရှိနေသလို အကြမ်းဖက်မှုတွေ မဖြစ်ပေါ်လာစေဖို့လည်း ဘာသာပေါင်းစုံ အဖွဲ့ပေါင်းစုံက ၀ိုင်းဝန်းလုပ်ဆောင်နေကြပါတယ်။”လို့ ပေါင်းတည်မြို့ခံမှ M-Media ကို ပြောပြခဲ့ပါတယ်။

    ၂၀၁၂-ခု ဇွန်လ နောက်ပိုင်းမှစ၍ ယခုအချိန်အထိ ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများသည် ဘာသာရေးအကြောင်းပြသည့် အကြမ်းဖက်မှုများဖြစ်ခဲ့တာတွေ ကြောင့် ပေါင်းတည်မြို့ပေါ်တွင်လည်း အလားတူ အကြမ်းဖက်မှုမျိုး မပေါ်ပေါက်လာစေရန် ထိန်းသိမ်းသည့်အနေဖြင့် ထိုကဲ့သို့ ညွှန်ကြား လိုက်သည်ဖြစ်ကြောင်း သိရပါတယ်။
    ၂၀၁၃ ခုနှစ် မတ်လ အတွင်း၌ မိထ္ထီလာမြို့မှ အစပြုဖြစ်ပေါ်ခဲ့သော မွတ်စလင်မ်များကို အကြမ်းဖက်မှုများ ပေါင်းတည်မြို့ကို ကူးစက်အောင် လုပ်ဆောင်ခဲ့ကြသေးသည်။ ပေါင်းတည်မြို့ခံနှင့် စစ်တပ်၊ ရဲများမှာ ဝိုင်းဝန်းပြီးထိန်းသိမ်းလုပ်ဆောင်မှုကြောင့် အကြမ်းဖက်မှုများ မဖြစ်ပွားခဲ့ခြင်းဖြစ်ပေသည်။ အဆိုပါ ဖြစ်စဉ်တွင် အကြမ်းဖက်ရန် လုပ်ဆောင်မှုကြောင့် လူ ၁၀ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းကို မတ်လ ၂၈ ရက်နေ့ DVB မှာ ဖော်ပြခဲ့တဲ့ သတင်းအရ သိရှိရပါတယ်။

  • မပုတု၏ Service အသစ် ( သရော်စာ )

    စက်တင်ဘာ၊ ၁၃ ၊
    M-Media
    ရေးသူ- အောင်ဝင်းထွဋ်

    00

    ကျမတို့ မပုတု အင်တာနက်ဝန်ဆောင်မှုမှ 2013 – Sea Game အမှီ 0/bps ဆားဗစ်ဖြင့် ၀န်ဆောင်မှုပေးတာတော့မည်…….. ရှဉ့်

    ရရှိမည့် အကျိုးကျေးဇူးများမှာ –

    1. ခန္တီသီးခံခြင်း တရား တက်လာနိုင်ခြင်း ( ထပ်မံလေ့ကျင့်ပေးပါက တရားပါ ပေါက်နိုင်ခြင်း)
    2. အ၀ိုင်းလေး လည်နေသည်ကို မျက်စိ ကလည်ကလည်ကြည့်နေရင်းဖြင့် မျက်စိလေ့ကျင့်ခန်း ရရှိနိုင်ခြင်း
    3. ပိန်သူများ တစ်နေကုန် ထိုင်စောင့်ခြင်းဖြင့် ၀ လာနိုင်ခြင်း
    4. ၀ နေသူများ အင်တာနက်လိုင်းကို မည်တွန်တောက်တီးခြင်းဖြင့် စိတ်ရော ကိုယ်ပါ မချမ်းမသာ ဖြစ်နေကာ ပိန်စေနိုင်ခြင်း
    5. လိုင်းကျနေပါက ဖေ့ဘုတ်ပေါ်ဝင်ပြီး ကျေနပ်စွာ ဆဲဆိုနိုင်ခြင်း
    6. နိုင်ငံခြားသားများအား လိုင်းကြနေပါသောကြောင့် e-mail မထွက်နိုင်သေးပါ ဟု အကြောင်းပြကာ အလုပ်ခိုနိုင်ခြင်း
    7. Online game ဆော့နေသူများ မိမိ မနိုင်ပါက ကွန်နရှင်ကို အကြောင်းပြက Lag နေသည်ဟု ပြောပြီး မိမိညံ့ဖျင်းမှုကို ဖုံးကွယ်နိုင်ခြင်း ( International Server များဖြစ်ပါက မြန်မာမှ ဟု ပြောလိုက်ရုံဖြင့် လုံလောက်ပါသည်.. ဤကား စကားချပ် )
    8. ခန့်မှန်းကြာချိန်ကို မသိနိုင်ခြင်းကြောင့် စိတ်မချမ်းသာခြင်း မဖြစ်စေပဲ စိတ်ချလက်ချ ကွန်ပျုတာပါ ပိတ်သွားနိုင်ခြင်း
    9. Connection မတက်ပါက Complain တက်ရန် ဖုန်းနံပါတ်များ မရှိသောကြောင့် အပိုကုန်ကျငွေများ မရှိခြင်း …..

    စသည်ဖြင့် မဖေါ်ပြသေးသော အခြားအကျိုးကျေးဇူးပေါင်း ထောင်သောင်းမက ရှိပါသည် ….

    ကျမတို့ ဇီးရိုး ဘီပီအက်စ် ဆားဗစ်ကို အသုံးပြုခြင်းဖြင့် နိုင်ငံဂုဏ်ကို မြှင့်တင်ကြပါစို့ …

  • ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် ညီညွတ်ရေးအဖွဲ့ မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်တွင် ဖွဲ့စည်း

    ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် ညီညွတ်ရေးအဖွဲ့ မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်တွင် ဖွဲ့စည်း

    စက်တင်ဘာ ၁၂၊ ၂၀၁၃
    M-Media
    သုတ

    မိတ္ထီလာ ။          ။     မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ဘာသာပေါင်းစုံပါဝင်သေ ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် ညီညွတ်ရေးအဖွဲ့ကို ယနေ့ နံနက် ၉း၃၀-နာရီ၌ မိတ္ထီလာခရိုင် အထွေထွေ အုပ်ချုပ်ရေးရုံးတွင် ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။

    မန္တလေးတိုင်း ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် ညီညွတ်ရေး အဖွဲ့၏ ဥက္ကဌ ဦးကျော်ဝင်း၊ အတွင်းရေးမှူး ဒေါ်ခင်စောဦး၊ ဦးမြင့်အောင်၊ ဦးခင်မောင်သိန်း၊ ကိုစလင်းတို့ ရောက်ရှိလာပြီး ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များ တက်ရောက်ပါဝင်ပြီး မိတ္ထီလာခရိုင် ဘာသာပေါင်းစုံချစ်ကြည်ရေးနှင့် ညီညွတ်ရေးကို အဖွဲ့ကို ယနေ့ မနက် ၉း၃၀-နာရီ မိတ္ထီလာခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ဖွဲ့စည်းခဲ့ရာ ၁၁-နာရီတွင် ဖွဲ့စည်းပြီးစီးသွားခဲ့သည်။

    ယင်း ဖွဲ့စည်းမှုတွင် ခရိုင် သာသနာရေးရာဦးစီးမှူးမှ အခမ်းအနားမှူးမှ ပါဝင်ဆောင်ရွက်ပေးပြီး ကြီးကြပ်ဖွဲ့စည်းပေးသည်မှာ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့မှ ဖြစ်သည်။ ယင်းသို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးမှ တက်ရောက် ပါဝင်နိုင်ခြင်းမရှိဟုလည်း သိရသည်။ မိတ္ထီလာခရိုင်မှာ ဘာသာတစ်ခုလျှင် ၉-ဦးစီ ပါဝင်ပြီး ဖွဲ့စည်းခဲ့သည်။ ဥက္ကဌနှင့် အတွင်းရေးမှူးတာဝန်ကို ဗုဒ္ဓဘာသာမှ တာဝန်ယူပြီး၊ တွဲဘက်အတွင်းရေးမှူး၊ ဒုတိယဥက္ကဌစသည့်တာဝန်များအား ကျန်သည့်ဘာသာဝင်များမှ အတူ ပူးတွဲ ယူခဲ့သည်။ စာရင်းစစ်နှင့် ပြန်ကြားရေးအဖွဲ့တို့တွင်လည်း ဘာသာလေးခုမှ ပုဂ္ဂိုလ် ၄-ဦးစီ ပါဝင်ခဲ့ကြသည်။ ယခုကဲ့သို့ ခရိုင်ဖွဲ့စည်းပြီးပါက မြို့နယ်နှင့် ရပ်ကွက်များလည်း ထပ်မံ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းသိရသည်။

    ၎င်းနောက် နေ့လည် ၂-နာရီ တွင် ရမည်းသင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးရုံးတွင်ပင် ရမည်းသင်း ခရိုင် ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် ညီညွတ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ရမည်းသင်း ခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးများကိုယ်တိုင် ပါဝင်တက်ရောက်ပြီး သာသနာရေးမှူးမှ အခမ်းအနားမှူးအဖြစ် ပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

    ရမည်းသင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းမှ “အားလုံးဟာ ညီအစ်ကိုများဖြစ်ကြောင်း၊ တမြေတည်းနေ တလှေတည်းစီး၊ နှစ်ပေါင်းများစွာကတည်းက အတူလက်တွဲနေထိုင်လာသူတွေဖြစ်တာကြောင့် လျှာနဲ့သွားလို မတော်တဆ ထိခိုက်မိပါက အချင်းချင်း အပြန်အလှန် ထိန်းကျောင်းပြီး ချစ်ကြည်ညီညွတ်ရေး ကိစ္စများ ဆောင်ရွက်ကြပါ”လို့ ညီညွတ်ရေးအားပေးစကားပြောရင်း သမ္မတကြီး ဦးသိန်းစိန်၏ မိန့်ခွန်းကို အကောင်အထည်ဖော်ရန် အပြည့်အ၀ တွန်းအားပေးခဲ့ပါတယ်။

    ယခုကဲ့သို့ Hate Speech များ ပွားပြားနေသော အချိန်ကာလတွင် ဒေသအာဏာပိုင်မှ သဘောထားကြီးပြီး၊ အပြန်အလှန် ခွင့်လွှတ်ဖို့၊ ညီအစ်ကို မောင်နှမတွေလို ချစ်ချစ်ခင်ခင်ရှိဖို့၊ တိုင်းပြည်အတွက် ၀ိုင်းဝန်းလက်တွဲကြဖို့ကို လမ်းညွှန်အားပေးစကားပြောခဲ့တာကြောင့် ရမည်းသင်းမြို့ခံများက ကျေးဇူးတင် ၀မ်းသာကြောင်းလည်း ရမည်းသင်းမြို့ခံတချို့က M-Media ကို ပြောပြခဲ့ပါတယ်။

    အဖွဲ့အနေနှင့် စိတ်စေတနာကောင်းထားရှိရန်နှင့် ၀ိုင်းဝန်း ဆောင်ရွက်ကြရန် တိုင်းဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့မှ လမ်းညွှန်ပေးခဲ့ကြောင်းလည်း သိရသည်။

  • ဒေါ်လာ ၁၁ ဘီလီယံ ကိစ္စ ကမ္ဘာ့ဘဏ် ရှင်းပြီ

    ဒေါ်လာ ၁၁ ဘီလီယံ ကိစ္စ ကမ္ဘာ့ဘဏ် ရှင်းပြီ

    စက်တင်ဘာ ၁၂၊ ၂၀၁၃
    M-Media

    ကမ္ဘာ့ဘဏ်၏ သတင်းထုတ်ပြန်ချက် 

    Untitled

    ရန်ကုန်  ။       ။    ၂၀၁၃-ခုနှစ် စက်တင်ဘာလ ၁၂-ရက်၊ ပြည်တွင်းထုတ် စာနယ်ဇင်းများတွင် ဖော်ပြပါရှိသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရက ကမ္ဘာ့ဘဏ်၏ ကြွေးကျန်များ ရှင်းလင်းဆောင်ရွက်မှု သတင်းဖော်ပြချက်များနှင့် စပ်လျဉ်း၍ ကမ္ဘာ့ဘဏ်က သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။

    Mr.Jelson Garcia သည် NGO အဖွဲ့အစည်းတစ်ခုဖြစ်သည့် Bank Information Center (BIC) တွင် တာဝန် ထမ်းဆောင်နေသူတစ်ဦးသာလျှင် ဖြစ်ပြီး ကမ္ဘာ့ဘဏ် (The World Bank) အဖွဲ့အစည်းနှင့် မည်သို့မှ သက်ဆိုင်ခြင်းမရှိသည့်အပြင် ကမ္ဘာ့ဘဏ် (The World Bank) အဖွဲ့အစည်း၏ ကိုယ်စားပြု ပြောရေးဆိုခွင့်ရှိသူတစ်ဦး မဟုတ်ပါ။

    ကမ္ဘာ့ဘဏ်၏ ကြွေးကျန်များကို ရှင်းလင်းရန်နှင့် နှစ်ရှည်အတိုးမဲ့ ချေးငွေများကို ပြန်လည် ရယူနိုင်ရန်အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရသည် မဟာဗျူဟာမြောက်သည့် ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်ဆောင်ရွက်ခဲ့ပါသည်။ ထိုနှစ်ရှည် အတိုးမဲ့ ချေးငွေများကို မြန်မာပြည်သူများ အကျိုးခံစားခွင့် ရရှိနိုင်မည့် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အသုံးပြုသွားမည်ဖြစ်ပါသည်။ ထိုဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံအစိုးရအနေနှင့် စီးပွားရေးဆိုင်ရာ ဖိအားများ ဖြစ်ပေါ်လာနိုင်သည့် ကာလတွင် ဂရုပြု ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းများ၏ ယုံကြည်မှု ရရှိစေမည့် အပေါင်း လက္ခဏာတစ်ရပ်ဖြစ်ခဲ့ပါသည်။ ကုန်သွယ်ရေးနှင့် ၀န်ဆောင်မှုဆိုင်ရာ လုပ်ငန်းများ ချောမွေ့လွယ်ကူစေရန်နှင့် နိုင်ငံခြား ငွေလဲလှယ်နှုန်းများကို တည်ငြိမ်အောင် စီမံ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံခြား ဘဏ်စာရင်းများ ထားရှိခြင်းသည် နိုင်ငံတော်အစိုးရ၏ ပုံမှန် လုပ်ငန်းတစ်ရပ် ကမ္ဘာ့ဘဏ်က ယူဆသည်။

    http://blog.irrawaddy.org/2013/09/burmese-version.html