စက်တင်ဘာ ၁၀ ၊ ၂၀၁၃
M-Media
ရှာဖွေတင်ဆက်သူ- ဂျူလိုင်ရဲရင့်
ကမ္ဘာ့နိုင်ငံများမှ မွတ်စလင်များ ကဏ္ဍ

(ပုံ- အယ်လ်ဘေးနီးယား နိုင်ငံတော်အလံ)
၂၀၁၁ ခုနှစ် လူဦးရေ စစ်တမ်းအရ အယ်လ်ဘေးနီးယားနိုင်ငံ၏ ၅၈.၇၉ % မှာ အစ္စလာမ်သာသနာဝင်များ ဖြစ်ပြီး၊ နိုင်ငံ၏ အကြီးမားဆုံး ဘာသာရေးဖြစ်သည်။ အယ်လ်ဘေးနီးယား မွတ်စ်လင်မ် အများစုမှာ လောကီဆန်သည့် စွန္နီများဖြစ်ကာ ဘခ်တာရှီ ရှီအဟ်အနည်းစု ပါဝင်သည်။ ခရစ်ယာန်ဘာသာသည် လူဦးရေပမာဏ၏ ၁၆.၉၉ % ရှိပြီး နိုင်ငံ၏ ဒုတိယအကြီးဆုံး ဘာသာရေးဖြစ်သည်။ ကျန်ရှိပမာဏမှာ အခြားဘာသာရေး အုပ်စုများ နှင့် ဘာသာမဲ့များ ဖြစ်၏။ အော်တိုမန်အင်ပါယာအောက်၌ရောက်ရှိစဉ်က အယ်လ်ဘေးနီးယား နိုင်ငံသားအများစုသည် အစ္စလာမ်သို့ ကူးပြောင်းလာခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် ဘာသာရေး အစဉ်အလာ အားလုံးကို ယိမ်းယိုင်စေသည့် ဘုရားမဲ့ဝါဒသည် ဆယ်စုနှစ်များစွာ ခေတ်ထလာခဲ့ပြီး ၁၉၉၁ ခုနှစ်၌ အဆုံးသတ်သွားခဲ့သည်။
Pew Research Center မှ ပြုစုလိုက်သည့် လတ်တစ်လော လူဦးရေစာရင်းအရ အယ်လ်ဘေးနီးယားရှိ မွတ်စ်လင်မ် ပမာဏမှာ ၇၉.၉ % ဟု သိရသည်။ သို့သော် Gallup poll ၏စာရင်းအရမူ မွတ်စ်လင်မ်သည် ၄၃ %၊ အရှေ့တိုင်း အော်သိုဒေါ့စ်မှာ ၁၉ %၊ ကက်သလစ်က ၁၅ % နှင့် ဘာသာမဲ့သည် ၂၃ % ဟု ဆိုသည်။ ၂၀၁၁ ခုနှစ် လူဦးရေစာရင်း တရားဝင်ကြေငြာချက်၌ ၅၆.၇၀ % မှာ စွန္နီမွတ်စ်လင်မ်၊ ၂.၀၉ % မှာ ဘခ်တာရှီ ရှီအဟ်မွတ်စ်လင်မ်၊ ၁၀.၀၃ % မှာ ကက်သလစ်၊ ၆.၇၅ % မှာ အော်သိုဒေါ့စ်၊ ၀.၁၄ % မှာ ဧမာနွေလ၊ ၀.၀၇ % မှာ အခြားခရစ်ယာန်အုပ်စုများ၊ ၅.၄၉ % မှာ ရောထွေး ယုံကြည်သူများ၊ ၂.၅၀ % မှာ ဘုရားမဲ့ဝါဒီ နှင့် ၁၃.၇၉ % မှာ မိမိ၏ ယုံကြည်ကိုးကွယ်မှုကို မဖော်ပြသူများ ဖြစ်ကြသည်။
သမိုင်းကြောင်း
အော်တိုမန်ခေတ်ကာလ

(ဓာတ်ပုံ – တီရာနာရှိ ရှေးအကျဆုံးဗလီများအနက်မှ Et’hem Bey ၀တ်ကျောင်းတော်)
၁၄ ရာစုတွင် အယ်လ်ဘေးနီးယားသို့ အော်တိုမန်လွှမ်းမိုးမှုဖြင့် အစ္စလာမ် ၀င်ရောက်လာပြီး ခရစ်ယာန်ဝါဒနှင့် အပြိုင် ဖြစ်ခဲ့သည်။ ရိုမန်ကက် သလစ်ချာ့ခ်ျ နှင့် တောင်တန်းဒေသသားတို့၏ ခုခံမှုကြောင့် နိုင်ငံမြောက်ပိုင်းတွင် အစ္စလာမ် ပြန့်ပွားမှု နှေးကွေးသည်။ သို့သော် အလယ်ပိုင်းနှင့်တောင်ပိုင်းတွင်မူ ၁၇ ရာစုနှစ်အကုန်၌ အယ်လ်ဘေးနီးယန်း မွတ်စ်လင်မ်ခေါင်းဆောင်တို့၏ တိုးတက်မှုနှင့်အတူ အစ္စလာမ်အား ကျယ်ကျယ်ပြန့်ပြန့် လက်ခံခဲ့ကြသည်။ အော်တိုမန်အုပ်ချုပ်ရေးနှင့် စီးပွားရေးကဏ္ဍ၌ အရေးပါအရာရောက်လှသော pashas နှင့် beys အမည်ရှိ အယ်လ်ဘေးနီးယန်းမွတ်စ်လင်မ်မျိုးနွယ်နှစ်စုကြောင့် အယ်လ်ဘေးနီးယန်းအများစုအတွက် အလုပ်အကိုင် အခွင့်အလမ်းအားကောင်းခဲ့ကြသည်။
အယ်လ်ဘေးနီးယားရှိ မွတ်စ်လင်မ်တို့ထံ အဓိကအားဖြင့် အုပ်စုကြီးနှစ်စု ကွဲပြားသည်။ စွန္နီအစ္စလာမ် အုပ်စု နှင့် ၁၈-၁၉ ရာစု အော်တိုမန်ခေတ်ကာလ အတွင်း အယ်လ်ဘေးနီးယားသို့ဝင်ရောက်လာသော ဒရ်ဝေးဇ် လမ်းကြောင်းမှ ဆင်းသက်သည့် ဘခ်တာရှီဆွူဖီ အုပ်စုတို့ဖြစ်ကြသည်။ ဘခ်တာရှီ အုပ်စုဝင်များမှာ လမ်းချော်သူများ အဖြစ် ပုံမှန်မွတ်စ်လင်မ်တို့မှ သတ်မှတ်ကြသည်။ စွန္နီအစ္စလာမ်တို့မှာ နိုင်ငံမြောက်ပိုင်းနှင့်ဗဟိုဒေသများ၌ သမိုင်းနှင့်ချီ၍ အခြေခိုင်ခဲ့ပြီး၊ ဘခ်တာရှီတို့ကို တောင်ပိုင်းရှိ Tosk ဒေသများတွင် အဓိကအားဖြင့် တွေ့ကြရ၏။
အော်တိုမန်အုပ်ချုပ်မှု ကာလအတွင်း ဘခ်တာရှီဝါဒအားဖြင့် အစ္စလာမ်သို့ ကူးပြောင်းသက်ဝင်သူ တဖြည်းဖြည်း တိုးပွားလာသည်။ အော်တိုမန် အင်ပါယာ၏ ကုန်သွယ်ရေး၊ ဗျူရိုကရေစီ အုပ်ချုပ်ရေး နှင့် စစ်တပ်ထံမှ အကျိုးအမြတ်များ ခံစားနိုင်၍ဖြစ်သည်။ အော်တိုမန်အုပ်စိုးမှုခေတ်၌ အကျော်ကြား အထင်ရှားဆုံး အယ်လ်ဘေးနီးယား နယ်သားများမှာ – ဒါဝုဒ် ပါးရှား၊ ဟမ်ဇဟ် ကက်စထရွိုက်တီ၊ အိလ်ဂျာ့င်္ဇ ဟော့စ်ဟာ၊ နဇီးမ် ဖရာကူလာ၊ ကော်ပရူလူ မဟာမက် ပါးရှား၊ အလီ ပါးရှား၊ အက်ဒ်ဟမ် ပါးရှား၊ ဟက်စ်ဟီ ရှီဟ်ရတီ၊ ဂူစီယာမှ အလီပါးရှား၊ ဘေရွတ်မှ အီဗ်ရာဟီမ်ပါးရှား၊ ကော်ပရူလူ ဖဇီးလ် အဟ်မဒ်၊ အီဂျစ်မှ မုဟမ္မဒ် အလီ၊ ကာရာ မုဟမ္မဒ် ဘူရှာတီ နှင့် အဟ်မဒ် ကာ့တ် ပါးရှားတို့ဖြစ်ကြသည်။
လွတ်လပ်ရေး

(ဓါတ်ပုံအညွန်း –Fier မြို့ရှိ ဗလီဝတ်ကျောင်းတော် တခု)
အယ်လ်ဘေးနီးယားနိုင်ငံသည် အော်တိုမန်အင်ပါယာလက်အောက်မှ ၁၉၁၂ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့သည်။ ၂၀ ရာစုအတွင်း အမျိုးသားရေး တစ်ခေတ်ဆန်း ၀ါဒ နှင့် ဘာသာရေး ဗဟုသုတ ကင်းမဲ့မှုဖြစ်ပေါ်လာပြီး ဒီမိုကရက်တစ်မှသည် ပဒေသရာဇ်စံနစ်၊ ၄င်းနောက် ကွန်မြူနစ် စံနစ်သို့ပြောင်းလဲသွားကာ ဘာသာရေးနှင့် ယဉ်ကျေးမှုတို့မှာ စံနစ်တကျ ရိုက်ချိုးခံရသည်။ ယင်းမူဝါဒများအရ အစ္စလာမ်သည်လည်း အခြားဘာသာ တရားများ နည်းတူ ဆိုးဝါးသည့် အပြောင်းအလဲများ ဖြစ်သွားရသည်။
၁၉၂၃ ခုနှစ် အစိုးရ စီမံကိန်းအရ ခလီဖဟ်စံနစ် နှင့် မယားပြိုင် စံနစ်ကို ဖျက်သိမ်းရန်၊ ထုံးတမ်းစဉ်လာ သမရိုးကျ ၀တ်ပြုမှုပုံဟန်အား အပြောင်းအလဲပြုရန်၊ အော်တိုမန်ခေတ်က မြို့ပြ အမျိုးသမီးတို့အား ဆင်ယင်စေသည့် ဟိဂျာ့ဗ်အမိန့် ကို စွန့်ပယ်ရန် ဆုံးဖြတ်ချက်အပေါ် အယ်လ်ဘေးနီးယန်း မွတ်စ်လင်မ် ကွန်ကရက်မှ တီရာနာ၌ လက်ခံခဲ့ရသည်။
အဲန်ဗာ ဟော့ရှား (Enver Hoxha) ၏ ကွန်မြူနစ်အုပ်ချုပ်ရေး ကာလအတွင်း မွတ်စ်လင်မ် ဘာသာရေးခေါင်းဆောင် စံနစ် အပါအ၀င် ကက်သလစ်နှင့်အော်သိုဒေါ့စ် ဘုန်းတော်ကြီး စံနစ်အား အမြစ်ပြတ် သုတ်သင်ခဲ့သည်။ ထိုသူသည် ၁၉၆၇ ခုနှစ်တွင် ဘာသာရေးကိုးကွယ် ယုံကြည်မှု မှန်သမျှကို တားမြစ် ပိတ်ပင်၍ အယ်လ်ဘေးနီးယားနိုင်ငံအား ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော ဘာသာမဲ့ တိုင်းပြည်အဖြစ် ကြေငြာခဲ့သူဖြစ်သည်။
ယနေ့သော်ကား အယ်လ်ဘေးနီးယားသည် အစ္စလာမ့်ရေးရာ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ကြီး (Organisation of Islamic Cooperation – OIC) ၏ အမာခံအဖွဲ့ဝင် ဥရောပနိုင်ငံ ဖြစ်လာသည်။ ၂၀၁၁ ဧပြီလတွင် ပထမဆုံး အစ္စလာမ့်တက္ကသိုလ် Bedër University အား တီရာနာ၌ ဖွင့်လှစ်နိုင်ခဲ့သည်။
( ဂျူလိုင် ရဲရင့် )
ကိုးကား wiki