News @ M-Media

Blog

  • အလုပ်သမား သမဂ္ဂများဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ILO မှ လုပ်မည်

    အလုပ်သမား သမဂ္ဂများဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ILO မှ လုပ်မည်

    စက်တင်ဘာ ၁၅၊ ၂၀၁၃
    M-Media
    KK

    ရန်ကုန် ။ ။ အလုပ်သမားများ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး ဆိုင်ရာ ယန္တရားနှင့် နည်းဗျူဟာများ စီစဉ်ချမှတ်ရေးနှင့် စပ်လျဉ်းသည့် အလုပ်သမား သမဂ္ဂများဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO)မှ ဦးစီး၍ စက်တင်ဘာလ ၂၆-၂၇ ရက်များတွင် ရန်ကုန်မြို့ Excel Treasure Hotel ၌ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

    အဆိုပါ Excel Treasure Hotel တွင် ပြုလုပ်မည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် အလုပ်သမားများ၏ လုပ်ခလစာ၊ အလုပ်သမား သမဂ္ဂအစည်းရုံးဖွဲ့စည်းခြင်း၊ အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ရေးဆိုင်ရာ ယန္တရား၊ စည်းရုံးလှုံ့ဆော်ရေး စွမ်းရည်များနှင့် စပ်လျဉ်းပြီး အလုပ်သမား သမဂ္ဂ၏ စွမ်းဆောင်ရည်များ တိုးတက်မြင့်မားရေး ဦးတည်ချက်များနှင့် စပ်လျဉ်း၍ တက်ရောက်လာသူများ ပါဝင်ဆွေးနွေးနိုင်မည့် အခွင့်အလမ်းတစ်ရပ်ကို စီစဉ်ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

    အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်ပြီး သိရှိလိုသည်များရှိပါက Mr. Pong-Sul Ahn (ILO DWT- Bangkok, [email protected])နှင့် မခင်အိမွန် (ILO – Yangon, [email protected]) သို့ စုံစမ်းနိုင်ပြီး တက်ရောက်မည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအနေဖြင့် အမည်နှင့် လိပ်စာအား စက်တင်ဘာလ ၁၉-ရက် နေ့နောက်ဆုံးထား၍ မခင်အိမွန်ထံ အီးမေလ်းဖြင့်ဖြစ်စေ တယ်လီဖုန်း ၀၁-၅၆၆၅၃၈၊ ၅၆၆၅၃၉၊ ၅၇၉၉၅၆ သို့ဖြစ်စေ ဆက်သွယ်ပေးပို့ နိုင်ကြောင်းလည်း သိရသည်။

  • တရုတ်နိုင်ငံ ဗလီကျောင်းတော်များတွင် ကျန်းမာရေးဟောပြောပွဲပြုလုပ်

    စက်တင်ဘာ ၁၅
    M-Media
    China Mosques Promote Reproductive Health
    ဗလီကျောင်းတော်၏သမိုင်းပေးအစဉ်အလာအရ လူမှုရေးရာပြဋ္ဌာန်းမှုများအား ထိန်းသိမ်းရန် တရုတ်နိုင်ငံ ဗဟိုမြို့တော် ၀ူဇောင်(Wuzhong) တွင် မျိုးဆက်ပြန့်ပွားမှုဆိုင်ရာ ကျန်းမာရေးပညာပေးဟောပြောချက်အား ပြုလုပ်ခဲ့ရာ ဒေသအတွင်း မကြုံဖူးလောက်အောင် အောင်မြင်မှုရရှိခဲ့သည်။

    “ အစ္စလာမ်ဘာသာဝင်များသည် ယခုအခါတွင် ကျန်းမာရေးအသိပညာ နှင့် ၀န်ဆောင်မှုများကဲ့သို့ အခြားသောကဏ္ဍများအတွက်ပါ ဗလီကျောင်းတော်များအား မျှော်လင့် အားကိုးလာကြသည်  ” ဟု ကျင်းကိုင် (Qinqiao) ဗလီကျောင်းတော်၏ အီမာမ်ဖြစ်သူ နှင့် ၀ူဇောင် မိသားစုစီမံကိန်းဆိုင်ရာအဖွဲ့အစည်း(Wuzhong Family Planning Association) မှ လက်ထောက် ဒါရိုက်တာ ၀ူရွှယ်ရှင်း (Wu Xuexing)  က စက်တင်ဘာလ ၁၂ ရက်၊  ကြာသပတေးနေ့တွင် China Daily သို့ပြောကြားခဲ့သည်။

    လွန်ခဲ့သောဆယ်ငါးနှစ်ခန့် ၁၉၉၉ ခုနှစ်က တရုတ်နိုင်ငံ မိသားစုစီမံကိန်းဆိုင်ရာအဖွဲ့အစည်း (China Family Planning Association) အား  စတင်ထူထောင်ခဲ့ပြီး၊ မွတ်စ်လင်မ်များအား မျိုးဆက်ပြန့်ပွားမှုဆိုင်ရာ ကျန်းမာရေးအသိပညာများ ပေးအပ်ရန် နင်းရှားဟွေ (Ningxia Hui) ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအတွင်းရှိ ၀ူဇောင် မှ အီမာမ်များ နှင့် ဗလီကျောင်းတော်များကိုလည်း ပါဝင်ထည့်သွင်းဆောင်ရွက်ခဲ့သည်။

    “ မွတ်စ်လင်မ်တို့သည် အီမာမ်များအား လေးစားကြပြီး၊ သူတို့၏ပြောဆိုချက်များကို အရေးပေးလေ့ရှိကြသည်။ ထိုကဲ့သို့ ဘာသာရေးဆိုင်ရာခေါင်းဆောင်များထံမှ အကူအညီရရှိခြင်းကြောင့် ကျန်းမာရေးစီမံချက် နှင့် မျိုးဆက်ပြန့်ပွားမှုဆိုင်ရာပညာပေးဟောပြောခြင်းများ၌ အတိုင်းထက်အလွန် ထိရောက်ခဲ့ပါသည်” ဟု  အဖွဲ့အစည်း၏လက်ထောက်ဒါရိုက်တာ ကောင်ချင်းမင် (Gou Qingming) က China Daily သို့ပြောကြားခဲ့သည်။

    မွတ်စ်လင်မ်တစ်သန်းလောက်အား အကျိုးဖြစ်ထွန်းစေသည့် ၄င်းစီမံချက်က ဗလီကျောင်းတော် ၅၀၀ ကျော်တွင် မျိုးဆက်ပြန့်ပွားရေးဆိုင်ရာ ၀န်ဆောင်မှုအခန်းများ နှင့် လူဦးရေယဉ်ကျေးမှုသမိုင်းဆိုင်ရာစာကြည့်တိုက်များအပါအ၀င် လိုအပ်ချက်တို့ကို ထားရှိဖြည့်ဆည်းပေးထားသည်။

    ဗလီကျောင်းတော်များမှ ကျန်းမာရေးအသိပေးခြင်း၏ရလဒ်သည် အလွန် အားရဖွယ်ကောင်းလျက်ရှိသည်။
    မကြာသေးမှီကပြုလုပ်ခဲ့သော ဒေသတွင်းလေ့လာချက်အရ ၀ူဇောင်တွင် မျိုးဆက်ပြန့်ပွားမှုဆိုင်ရာ ကျန်းမာရေးအသိရရှိမှုသည် ၁၉၉၉ ခုနှစ်တွင်  ၄၆% ရာခိုင်နှုန်းရှိခဲ့ရာမှ ယခု ၂၀၁၁ ခုနှစ်၌် ၉၇% ရာခိုင်နှုန်းအထိ တိုးပွားခဲ့ကြောင်း သိရသည်။

    ကျန်းမာရေးပညာပေးသင်တန်းများသည်လည်း အမျိုးသမီးများတွင် ဖြစ်လေ့ရှိသော မျိုးဆက်ပြန့်ပွားခြင်းမှ ရောဂါပိုး ကူးစက်မှုကိုလည်း ၁၉၉၉ ခုနှစ်တွင် ၇၇% ရာခိုင်နှုန်းမှ ၂၀၁၁ ခုနှစ်တွင် ၄၃% ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ခဲ့သည်။

    မြို့တော်ရှိ ဗလီကျောင်းတောင်များတွင် မွတ်စ်လင်မ်အမျိုးသမီးများအတွက် ရင်သားကင်ဆာ ရှိမရှိ အပါအ၀င် အခမဲ့ ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်ပေးနေသည်။
    “ မွတ်စ်လင်မ်များ အထူးသဖြင့် အမျိုးသမီးများသည် လက်ရှိစီမံချက်မှ ကောင်းကျိုး အမြောက်အများရရှိခဲ့ကြသည် ” ဟု ၀ူ က ဆိုသည်။

    “ ကြိုးစားမှုများကြောင့် ယခုဆိုလျှင် မလိုလားအပ်သော ပဋိသန္ဓေဆိုင်ရာပြဿနာများ၊ ကျန်းမာသော ရင်သွေးးငယ်အား မွေးဖွားပျိုးထောင်နည်းတွေကို ကျွန်မတို့ သိနားလည်လာခဲ့ကြပါသည် ” ဟု ဗလီကျောင်းတော်တွင် ခန္ဓာဗေဒကျန်းမာရေးစစ်ဆေးမှုကို လာရောက်ပြုလုပ်သည့် မာကောင်ဝ်မေ (Ma Qiomei) က ပြောပြသည်။

    အစ္စလာမ်ဘာသာသည် မိမိ၏နောက်လိုက်များအား လက်ထပ်ထိမ်းမြားရန်၊ မျိုးဆက်ပွားရန် နှင့် ကမ္ဘာမြေတွင် လူသားမျိုးဆက်ထိန်းသိမ်းစေရန် အားပေးထား၏။ သို့သော်လည်း အခြေအနေအချိန်အခါအရ လိုအပ်လာပါလျှင် သားဆက်ခြားခြင်းကိုလည်း ခွင့်ပြုထားပါသည်။ ထိုလုပ်ဆောင်ချက်များသည် အစ္စလာမ်၏ ပြဌာန်းချက်များ အတွင်း လုပ်ဆောင်ပါက ပိုင်နိုင်စွာလုပ်ဆောင်နိုင်လေသည်။ ဥပမာ vasectomy – လင်ယောက်ျား၏သားကြောဖြတ်ပစ်ခြင်း ကဲ့သို့ ပြန်လည်အစားထိုးမရသည့်နည်းလမ်းမျိုး မဟုတ်ပါက မိသားစုစီမံကိန်းဆောင်ရွက်ခွင့်ရှိကြောင်း သိရသည်။

    အမျိုးသမီး အီမာမ်များ

    အစ္စလာမ့်လူ့ဘောင်ရှိ အမျိုးသမီးများအခန်းကဏ္ဍအား ဦးစားပေးသောအားဖြင့်  ၀ူဇောင် ပလီကျောင်းတော်များ၌ ပြုလုပ်သည့် မျိုးဆက်ပြန့်ပွားခြင်းဆိုင်ရာ ကျန်းမာရေးပညာပေးမှုများတွင် အမျိုးသမီး အီမာမ်များလည်း ပါဝင်ဆောင်ရွက်ရန် ထည့်သွင်းထားသည်။

    “ သူတို့သည် သူတို့၏ အတွင်းရေးပြသနာများကို ကျွန်မတို့အား ပြောရန်လိုလားကြပါသည် ” ဟု အမျိုးသမီး အီမာမ်တစ်ဦးဖြစ်သူ ၀မ်ရှို့ယန် (Wang Xiuyan) က China Daily သို့ ပြောကြားခဲ့သည်။
    “ ဗလီကျောင်းတော်အတွင်း အမျိုးသမီးများသည် ယခုကဲ့သို့ ကွန်ဒုံးများ နှင့် ပဋိသန္ဓေတား ဆေးဝါးများကိုလက်ခံရန် တစ်ချိန်တုန်းကဆိုလျှင် စိတ်ပင်မကူးရဲကြပါ ”ဟု ဗလီကျောင်းတော်သို့လာရောက်သူ အမျိုးသမီး ၆၀ နီးပါးအား နေ့စဉ်တာဝန်ယူရသူ ၀မ်က ထည့်သွင်းပြောကြားခဲ့သည်။

    အောင်မြင်မှုကြီးမားလှသည့်အတွက် ဤသို့စီမံကိန်းအား ရှန်းစီးး (Shaanxi), ကျန်စု(Gansu) နှင့် ကျင်းဟိုင် (Qinghai) ၊ အလားတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ရှင်းကျန်း ဥဂါးရ် (Xinjiang Uighur) ထံသို့လည်း ဖြန့်ကျက်လုပ်ဆောင်နိုင်ရန် စီစဉ်ထားကြောင်း ကောင်ဝ် က ဆိုသည်။

    သို့သာမက ဟုတုဘီ (Hutubi) ကောင်တီမှ အီမာမ်များသည်လည်း ဥဂါးရ်နယ်များရှိ မွတ်စ်လင်မ်တို့အား မျိုးဆက်ပြန့်ပွားခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေးဟောပြောမှုများ စတင်ပြုလုပ်နေပြီဖြစ်သည်။
    “ ကျွန်တော်တို့၏ တွန်းအားပေးမှုသည် လူအများအဖို့ တစ်ကိုယ်ရည်သန့်ရှင်းမှုအပြင် ကျန်းမာသောဘ၀များကိုလည်း ရရှိစေလိမ့်မည် ဟုထင်ပါသည် ” ဟု ဟုတုဘီရှိ အီမာမ် ယန်ဂျီ (Yang Jie) က ဆိုသည်။

    အစ္စလာမ့်ယဉ်ကျေးမှု၌ ဆေးရုံများမပေါ်ပေါက်မှီ လွန်ခဲ့သောနှစ်ပေါင်းနှစ်ရာကျော်ကပင် တမန်တော်မြတ် (SAW) ၏ ဗလီကျောင်းတော်သည် စစ်ပွဲ၌ ဒဏ်ရာရရှိသူများ ကုသစောင့်ရှောက်ရေး နှင့် အခြားသော ကဏ္ဍများအတွက်ပါ တံခါးဖွင့်ပေးခဲ့သောဌာနတစ်ခု ဖြစ်ခဲ့သည်။ စာမတတ်သူများသည် တမန်တော်မြတ်၏ ဗလီကျောင်းတော်အတွင်း အရေး၊ အဖတ် သင်ကြားခဲ့ကြသည်။ မွတ်စ်လင်မ်များသည် ထိုဗလီကျောင်းတော်မှရရှိခဲ့သော ပညာများကို အခြေခံ၍ မိမိတို့၏ အစ္စလာမ့်ယဉ်ကျေးမှု တစ်ခုလုံးကို တိုးတက်ဖွံ့ဖြိုးအောင် တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။ ဗလီကျောင်းတော်အတွင်း တားမြစ်ထားသောအရာမှာ အကျင့်ပျက်ကိစ္စများ၊ ရောင်းဝယ်ဖောက်ကားခြင်း စသည့် လုပ်ရပ်မျိုးသာဖြစ်သည်။

    တရားဝင်အချက်အလက်များအရ တရုတ်နိုင်ငံတွင် မွတ်စ်လင်မ် ၂၂ သန်းရှိပြီး ရှင်းကျန်း (Xinjiang) ၊ နင်းရှ (Ningxia) ၊ ကျန်စု (Gansu) ၊ ကျင်းဟိုင် (Qinghai) ဒေသ နှင့် ပြည်နယ်များတွင် အများဆုံးနေထိုင်ကြသည်။
    တရုတ်နိုင်ငံအတွင်းပိုင်းဒေသများတွင်လည်း မွတ်စ်လင်မ်လူ့အဖွဲ့အစည်းများအား  လူနည်းစုဝင်များအဖြစ် တွေ့ကြရသည်။

    အတည်မပြုနိုင်သေးသောအချက်အလက်များအရ  မွတ်စ်လင်မ်လူဦးရေမှာ ၄င်းထက်ပိုမိုများပြားနိုင်ပြီး ၆၅ မှ သန်း ၁၀၀ ကြားတွင် ရှိနိုင်ကြောင်း၊ တရုတ်နိုင်ငံလူဦးရေပမာဏ၏ ၇.၅ ရာခိုင်နှုန်းအထက်ရှိကြောင်း သိရသည်။

  • Shan: မိတ္ထီလာ-တာချီလိတ်လိုင်းကား ဆွပ်လောင်ဝ် ရွာအနီး ကားမှောက်၍ ၉-ဦး သေဆုံး

    စက်တင်ဘာ ၁၄၊ ၂၀၁၃
    M-Media
    ကိုစိုင်း mmexport1379173376780

    မိုင်းဖြတ် ။        ။       မန္တလေးတိုင်း မိတ္ထီလာနှင့် ရှမ်းပြည်နယ် တာချီလိတ် ပြေးဆွဲနေသော ခရီးသည်တင်ကားတစ်စီးသည် မိုင်းဖြတ်မြို့၊ ဆွပ်လောင်ဝ်ရွာအ၀င်တွင် ယနေ့မနက် ၉း၀၀-နာရီခန့် ချောင်းအတွင်းထိုးကျသွားသဖြင့် ၉-ဦး သေဆုံးသွားကြောင်း သိရသည်။

    အဆိုပါ ခရီးသည်တင်ကားသည် မိတ္ထီလာ – မလိုင် – တာချီလိတ် ပြေးဆွဲသောသော ကားဖြစ်ပြီး ကျိုင်းတုံ နှင့် မိုင်းဖြတ်ကြားရှိ ဆွပ်လောဝ်ရွာ အ၀င် ချောင်းအတွင်း ထိုးကျခဲ့သဖြင့် ကားပေါ်ပါသူ ခရီးသည် ၂၀-ကျော်အနက် ၉-ဦး သေဆုံးသွားကြောင်းသိရသည်။

    အဆိုပါ ၉-ဦးတွင် ၇-ဦးမှာ အမျိုးသမီးများဖြစ်ပြီး ၂-ဦးမှာ အမျိုးသားဖြစ်သည်။ သေဆုံးသူ ၉-ဦးတွင် ဗုဒ္ဓဘာသာဝင် ၅-ဦး၊ ခရစ်ယာန်ဘာသာဝင် ၂-ဦး၊ အစ္စလာမ် ဘာသာဝင် ၂-ဦး ဖြစ်သည်။

    ခရစ်ယာန်ဘာသာဝင်(၂)ဦးအားလည်း ခရစ်ယာန်ဘာသာရေးအဖွဲ့များမှ လာရောက်သွားကြသကဲ့သို့ ဗုဒ္ဓဘာသာဝင်များအားလည်း ဗုဒ္ဓဘာသာသာရေးနာရေးအဖွဲ့များမှ အသီးသီး လာရောက်ယူဆောင်သွားကြကြောင်း သိရသည်။

    ၎င်း အစ္စလာမ်ဘာသာဝင် မွတ်စလင်မ် ၂-ဦးမှာ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးဖြစ်ပြီး မိတ္ထီလာဘက်မှ လာကြသူများဖြစ်သည်။ ထိုသေဆုံးသူ ၂-ဦးအား ကျိုင်းတုံနှင့် တာချီလိတ်မှ မွတ်စလင်မ်လူငယ်များ သာရေးနာရေးအကျိုးဆောင်အဖွဲ့များမှ တာချီလိတ်မြို့မွတ်စလင်မ်သုဿာန်တွင် မြှုတ်နှံရန်အတွက် မိုင်းဖြတ်ဆေးရုံမှ သယ်ဆောင်သွားကြသည်။

    mmexport1379173354249

  • ချေချင်းညှာမှ ဗလီ ရုရှားနိုင်ငံ၏ အထင်ကရ ပြယုဂ် အမှတ်သား ၁၀ ခု မှာ ရွေးချယ်ခံရ

    စက်တင်ဘာ၊ ၁၃
    M-Media
    Akhmad Kadyrov Mosque
    ရုရှားနိုင်ငံ၏ အထင်ကရ အမှတ်သား ၁၀ ခုအားရွေးချယ်သည့် Russia 10 ပြိုင်ပွဲတွင် Heart of Chechnya (ချေချင်းညာ၏ အသည်းနှလုံး) ဟု အမည်တွင်သည့် Akhmad Kadyrov Mosque ဗလီဝတ်ကျောင်းတော်နှင့် Kolomna ရှေးဟောင်းမြို့တော်တို့အား ရုရှား၏ အထင်ကရ အမှတ်အသားအဖြစ် Russia 10 ရွေးချယ်ရေးကော်မတီမှ တာဝန်ရှိသူများက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့သည်ဟု ပြိုင်ပွဲကျင်းပရေးကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။

    တယ်လီဖုန်း SMS မှ မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ပြီး Akhmad Kadyrov Mosque ဗလီဝတ်ကျောင်းတော်အတွက် ရွေးချယ်ထားသည့်မဲများအား နည်းပညာပြဿနာကြောင့်ဟုဆိုကာ ပယ်ဖျက်ခဲ့သည့်အတွက် ထိုရွေးချယ်ပွဲမှာနာမည်ပျက်ခဲ့သည်။

    မိုဘိုင်းအော်ပရေတာများဖြစ်သည့် Beeline နှင့် Megafon တို့မှလိမ်လည်ခဲ့မှုများလည်းရှိပြီး မဲပေးရွေးချယ်ခဲ့ကြသူများမှ ထိုဗလီဝတ်ကျောင်းတော်အား ပြိုင်ပွဲဝင်စာရင်းမှ ထုတ်ပယ်ရန် တောင်းဆိုမှုများလည်းရှိခဲ့သည်။

    “Heart of Chechnya ဗလီဝတ်ကျောင်းတော် နဲ့ Kolomna ရှေးဟောင်းမြို့တော်တို့ကို အနိုင်ရရှိတဲ့ နေရာတွေအဖြစ် ဆုံးဖြတ်ခဲ့ပါတယ်။

    ဆီမီးဖိုင်နယ်အဆင့်မှာ အဲဒီနေရာနှစ်ခုအတွက်ပေးတဲ့ မဲတွေက အခြားဟာတွေထက် ၁၀ ဆ ပိုများပါတယ်။

    ထိုပြိုင်ပွဲအတွက် Heart of Chechnya ဗလီဝတ်ကျောင်းတော်နဲ့ Kolomna ရှေးဟောင်းမြို့တော်တွေကို ပြိုင်ပွဲရဲ့အနိုင်ရရှိတဲ့နေရာတွေအဖြစ် အဖွဲ့ဝင်တွေက သေသေချာချာရွေးချယ်ခဲ့ပါတာပါ” ဟု Russia-10 ၀က်ဘက်ဆိုဒ်မှရွေးချယ်ခဲ့သည်။

    ရုရှရဲ့ ပြယုဂ် အမှတ်အသားအဖြစ် ရွေးချယ်ခံရခြင်းကို ဂုဏ်ယူကြောင်း ရုရှ ဥပေဒပြု အမတ်ပြောကြား

    ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ ဥပဒေပြုရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗီတလီ မီလိုနော့ဗ်က ချေချင်းညာရှိ Akhmad Kadyrov Mosque ဗလီဝတ်ကျောင်းတော်မှာ ရုရှားနိုင်ငံ၏ အမှတ်အသားတစ်ခုဖြစ်ပြီး ထိုကိစ္စမှာ ထူးဆန်းသောကိစ္စမဟုတ်ကြောင်းနှင့် ရုရှားနိုင်ငံ၏ သဟဇာတဖြစ်မှု ပြယုဂ် တစ်ခုဟု ယူဆနိုင်ကြောင်းပြောကြားခဲ့သည်ဟု BaltInfo သတင်းအေဂျင်ဆီမှ ရေးသားဖေါ်ပြခဲ့သည်။

    ချေချင်းညာဒေသရှိ Akhmad Kadyrov Mosque ဟု အမည်ရသည့်အဆိုပါဗလီဝတ်ကျောင်းတော်မှာ ‘ချေချင်းညာ၏ နှလုံးသား'(Heart of Chechnya)ဟု လည်း အမည်တွင်သည်။ ထိုပြင် ရုရှားအော်သိုဒေါ့စ် ဘုရားကျောင်းသာမက ထိုဗလီဝတ်ကျောင်းတော်မှာလည်း ရုရှားနိုင်ငံအထင်ကရ အမှတ်အသားများတွင် ပါဝင်နေသည်ကို ကြည်နူးမိကြောင်း မီလိုနော့ဗ်က ထည့်သွင်းပြောကြားခဲ့သည်။

    “ဗလီဝတ်ကျောင်းဆိုတာ နာမ်ပိုင်းဆိုင်ရာအဆောက်အအုံတစ်ခုပါ။ ပြီးတော့ ဒီဒေသမှာရှိတဲ့ပြည်သူတွေအတွက် ဘုရားသခင်နဲ့ဆက်သွယ်ပေးတဲ့ အဆောက်အဦးလည်းဖြစ်ပါတယ်။ တကယ်တော့ ရုရှားမှာ သမိုင်းဝင်ပြီးတန်ဖိုးရှိတဲ့ ဗလီဝတ်ကျောင်းတော်အဟောင်းတွေ တော်တော်များများရှိပါတယ်။ ဘယ်ဗလီက သမိုင်းဝင်ပြီးတန်ဖိုး အရှိဆုံးဆိုပြီး ကျနော် ပါစင်နယ် မညွှန်းချင်ပါဘူး။ ဒါပေမယ့် ချေချင်းညာမှာတည်ဆောက်ထားတဲ့ဒီဗလီဝတ်ကျောင်းတော်ဟာ အကောင်းဆုံးသော အမှတ်အသားတစ်ခုပါ။ ပြီးတော့ အော်သိုဒေါ့စ်နဲ့ မွတ်စလင်တွေအကြားမှာရှိတဲ့ ချစ်ခင်ရင်းနှီးမှုရဲ့ ပြယုဂ်တစ်ခုဖြစ်ပြီး ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်မှုရဲ့ အမှတ်အသားတစ်ခုပါပဲ” ဟု မီလိုနော့ဗ်က ပြောကြားခဲ့သည်။

    Ref: http://islam.ru

  • စက်တင်ဘာ ၁၄ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

    စက်တင်ဘာ ၁၄ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

    စက်တင်ဘာ ၁၄ ၊ ၂၀၁၃
    M-Media

    ၈၈-မျိုးဆက် ကျောင်းသားများ သမ္မတဦးသိန်းစိန်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံ

    ၈၈-မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်တဲ့ ဦိမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမင်းဇေယျာ၊ ဦးဋ္ဌေးကြွယ် တို့နှင့် သမ္မတဦးသိန်းစိန် အပါအ၀င် သမ္မတရုံး  ၀န်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးခင်ရီ တို့အဖွဲ့ဟာ ဒီနေ့ မနက်က နေပြည်တော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ရာ ဒီမိုကရေစီ တည်ဆောက်ရေးအတွက် အခြေခံသဘောထားတူညီမှုများ ရှိခဲ့နှင့် ဆွေးနွေးချက် အသေးစိတ်ကိုတော့ မပြောပြသေးကြောင်း ဧရာဝတီ သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။

    ______________________________________

    KIA အပစ်အခတ်ရပ်စဲရေး ဆက်ဆွေးနွေးမည်

    ငြိမ်းချမ်းရေးရရှိရေးအတွက် အချက် ၇-ချက်ကို သဘောတူညီ လက်မှတ်ရေးထိုးထားတဲ့ KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့နဲ့ မြန်မာအစိုးရတပ်ကြားမှာ ထိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသော်လည်း အပစ်အခတ်ရပ်စဲရေး ကိစ္စကို ဆက်လက်ဆွေးနွေးမယ်လို့ IKA ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားခဲ့တယ်လို့ အေပီ သတင်းကို ကိုးကား၍ RFA သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

    ______________________________________

    TNLA တပ်ရင်း ၇၁၇ နှင့် ခလ၇ ၁၁၄ တို့ တိုက်ပွဲဖြစ်

    တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း (၇၁၇)နှင့် ၎င်းတို့အား ထိုးစစ်ဆင်နေသည့် အစိုးရ ခလရ (၁၁၄) တို့သည် မြောက်ပိုင်း ကျောက်မဲမြို့နယ်အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နာရီဝက်ခန့်ကြာသော အဆိုပါတိုက်ပွဲတွင် အစိုးရတပ်မှ (၁၀)ကျော်ကျဆုံးပြီး (၂၀)ကျော် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်းသိရပါတယ်။ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားရန်လည်းရှိနေပြီး အစိုးရ စစ်ဆင်ရေးတပ်များ တိုးလာနေကြောင်း ရွှေဟင်္သာသတင်းဌာနမှာ ဖော်ပြထားတာ တွေ့ရှိရပါတယ်။

    ______________________________________

    ၁။ အိန္ဒိယ ဒေလီမှာ အုပ်စုဖွဲ့မုဒိမ်းကျင့်သူ ၄-ဦးအား သေဒဏ်ချမှတ်

    ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလက အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် အုပ်စုဖွဲ့မုဒိမ်းမှုကျူးလွန်ခဲ့သည့် တရားခံခြောက်ဦးမှ လေးဦးအား သေဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။ မုဒိမ်းမှု၊ လူသတ်မှု သက်သေဖျောက်ဖျက်မှုတို့ဖြင့် စွဲချက်တင်ကာ ယမန်နေ့က အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။ ရာဇ၀တ်မှုများနှင့် လူမဆန်သော ညှင်းပန်းမှုများကိုကျူးလွန်သူများအား ယခုကဲ့သို့ သေဒဏ်ချမှတ်မှုမှာ အိန္ဒိယနိုင်ငံတွင် မရှိသလာက်ရှားပါးသည်ဟု ဒေသတွင်း ရုပ်သံချန်နယ်တစ်ခု ဖြစ်သည့် CNN-IBN က ဖော်ပြခဲ့သည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ဒေလီမြို့ ဘတ်စ်ကားတစ်ခုပေါ်တွင် အသက် ၂၃-နှစ်အရွယ်ရှိ ဆေးကျောင်းသူ တစ်ဦးအား လူ ၆-ဦးမှ အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့သောကြောင့် ထိုအမျိုးသမီးမှာ ပြင်းထန်းစွာဒဏ်ရာရခဲ့ပြီး ရက်အနည်းငယ်အကြာတွင် သေဆုံးခဲ့သည်။ တရားခံ ၆ ဦးအနက် တစ်ဦးမှာ အချုပ်ခန်းအတွင်း မိမိကိုယ်ကို ဆွဲကြိုးချ အဆုံးစီရင်ခဲ့ပြီး တရားရုံးက တရားခံ ၄ ဦးကိုသေဒဏ်ချမှတ်ခဲ့ကာ အခြားတစ်ဦးအား ထောင်ဒဏ် ၃-နှစ်ချမှတ်ခဲ့သည်။ တရားရုံးမှ အမိန့်ချမှတ်ပြီးနောက် သေဆုံးသူ၏မိသားစုများက တရားရုံး၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရှေ့နေတို့ကို ကျေးဇူး တင်ကြောင်းပြောကြားခဲ့သည်။

    ________________________________________________

    ၂။ အာဖဂန်စစ်ဆင်ရေးအတွင်း တာလီဘန် ၃၈ ဦးသေဆုံး

    ယမန်နေ့နံနက်စောစောပိုင်းကပြုလုပ်ခဲ့သည့် အထူးစစ်ဆင်ရေးအတွင်း တာလီဘန်စစ်သွေးကြွ ၃၈-ဦးသေဆုံးခဲ့သည်ဟု အာဖဂန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။ “အဖဂန်စစ်တပ်၊ အမျိုးသားလုံခြုံရေးတပ်ဖွဲ့နဲ့ ပြည်နယ်အသီသီးသီးမှာရှိတဲ့ အဖွဲ့အစည်းတွေရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အာဖဂန် ရဲတပ်ဖွဲ့ ဟာ ၂၄-နာရီအတွင်း စစ်ဆင်ရေးများစွာကိုဆောင်ရွက်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးအတွင်းမှာ တာလီဘန်စစ်သွေးကြွ ၃၈-ဦးသေဆုံးခဲ့ညီ့း ၁၅-ဦး ဒဏ်ရာ ရရှိခဲ့ကာ ၁၃-ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်” ဟု အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
    Ref : xinhua

    __________________________________________

    ၃။ ဆန္ဒပြကျောင်းဆရာများကို မက္ကဆီကိုရဲတပ်ဖွဲ့မှ အင်အားသုံးရှင်းလင်း

    မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့တွင် ဆန္ဒပြနေသော ကျောင်းဆရာများအား ရဲတပ်ဖွဲ့မှ အင်အားသုံးနှိမ်နင်းမှုတစ်ခုဖြစ်ခဲ့သည်ဟုသိရသည်။ မက္ကဆီကို စီးတီးရှိ ဇိုကာလိုကွင်းပြင်တွင် ပညာရေးပြုပြင်ပြောင်လဲမှုများဆောင်ရွက်ရန် သီတင်းပတ်အတော်ကြာ ဆန္ဒပြနေသည့် ကျောင်းဆရာများအား ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များအသုံးပြုကာ နှိမ်နင်းခဲ့ခြင်းဖြစ်သည်။ အစိုးရက လူစုခွဲရန်ရက်ကို ယမန်နေ့အထိ သတ်မှတ်ပေးထားခဲ့ပြီး ယခုသီတင်းပတ် အကုန်တွင် လွတ်လပ်ရေးနေ့ကျင်းပရန် ဇိုကာလိုကွင်းပြင်အား ရှင်းလင်းခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲက ပြောကြားခဲ့သည်။
    Ref : bbc

    ___________________________________

    ၄။ ဖင်လန်နိုင်ငံတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွား ၁-ဦးသေဆုံး

    ဖင်လန်နိုင်ငံမြောက်ပိုင်း ကီမီဒေသတွင် ယမန်နေ့ညနေပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။  အဆိုပါ ပေါက်ကွဲမှုမှာ ကားဂိုထောင် တစ်ခုတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူအများအပြား ဒဏ်ရာရခဲ့သည်။ အမည်မသိ ခဲယမ်းမီးကျောက်တစ်ခုကြောင့် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အခြား သော ပေါက်ကွဲနိုင်သည့် ပစ္စည်းများရှိနေခြင်းကြောင့် ကယ်ဆယ်ရေး လုပ်သားများက အနီးအနားတွင် နေထိုင်သူများအား ပြောင်းရွှေ့ပေးထားသည်ဟု သိရသည်။
    Ref : xinhua

    _______________________________________

    ၅။ အာကာသအတွင်းသို့ ပထမဦးဆုံး တယ်လီစကုပ် ဂျပန်လွှတ်တင်

    နေအဖွဲ့အစည်းအားလေ့လာနိုင်ရန် တယ်လီစကုပ်တစ်ခုကို ဂျပန်နိုင်ငံက ယနေ့နေ့လည်တွင် အာကာသထဲသို့လွှတ်တင်လိုက်သည်ဟုသိရသည်။ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကာဂိုရှိမာရှိ ယူချီနိုယူရာ အာကသစခန်းမှ တယ်လီစကုပ် တင်ဆောင်ထားသည့် ဒုံးကျည်ကို ဒေသစံတော်ချိန် နေ့လည် ၂ နာရီတွင် လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။ SPRINT-A ဟု အမည်ရသည့် အဆိုပါ တယ်လီစကုပ်အား သြဂုတ်လ ၂၇-ရက်နေ့ လွှတ်တင်ရန် စီစဉ်ခဲ့သော်လည်း လွှတ်တင်ရန် စက္ကန့် ၂၀ အလိုမှ နည်းပညာ ပြဿနာကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး ယခုမှ ပြန်လည် လွှတ်တင်နိုင်ခဲ့ခြင်းဖြစ်ကာ အမြင့်ပေ ကီလိုမီတာ ၁၀၀၀ တွင် တွင်ရှိနေမည် ဖြစ်သည်။
    presstv

    ________________________________________
    ၆။ အာဆတ်မှာ လူသားများအပေါ် ရာဇ၀တ်မှုကျူးလွန်သူဖြစ်သည်ဟု ဘန်ကီမွန်ဆို

    ကုသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ ဘန်ကီမွန်က ဆီးရီးသား သမ္မတ ဘာရှာအလ်အာဆတ်အား လူသားများအပေါ် ရာဇ၀တ်မှု ကျူးလွန်သူအဖြစ် ယမန်နေ့က ပြောကြားလိုက်သည်။ ဆီးရီးယားရှိ ဓာတု လက်နက်များ နိုင်ငံတကာထိန်းချုပ်မှု လက်အောက် ရောက်အောင် ဆောင်ရွက်ရန် အမေရိကန်နှင့် ရုရှားတို့ ဆွေးနွေးမှုများပြုလုပ်နေစဉ်အတွင်း ဘန်ကီမွန်က ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

    ဆီးရီးသမ္မတအား လူသားများအပေါ် မြောက်များစွာသော ရာဇ၀တ်မှုများ ကျူလွန်ခဲ့သူအဖြစ်ပြောဆိုခဲ့ပြီး ထိုကိစ္စများအားလုံးအတွက် တာဝန် ယူရမည်ဟု ကုလသမဂ္ဂတွင် ဘန်ကီမွန်က ပြောကြားခဲ့သည်။ ဆီးရီးယားနိုင်ငံတွင် အမျိုးစုံသောဓာတုလက်နက် မက်ထရစ် တန်-၁၀၀၀ ပတ်ဝန်းကျင်ခန့်ရှိမည်ဟု အမေရိကန်က ခန့်မှန်းတွက်ချက်ထားသည်။
    Ref : channelnewsasia