News @ M-Media

Blog

  • FaceBook တွင် မွတ်စ်လင်မ် ဆန့်ကျင်ရေးသည့် နယူးယောက် Walmart ၏ လက်ထောက် မန်နေဂျာ တစ်ဦးအလုပ်ဖြုတ်ခံရ

    စက်တင်ဘာ၊ ၉ ၊ ၂၀၁၃
    M-Media

    A Walmart in Hamburg, N.Y.
    Walmart ဈေးဝယ်ကုန်တိုက်ကြီး၏ လက်ထောက် မန်နေဂျာသည် လျှော့ဈေးကောင်တာ၌ ဘာသာရေးဝတ်စုံ ဆင်ယင်ထားသော အမျိုးသမီးများ၏ ဓာတ်ပုံနှင့် တစ်ကွ ဖေ့စ်ဘွတ်ပေါ်တွင် မှိုချိုးမျှစ်ချိုးစာများကို ရေးတင်ခဲ့သည့်အတွက် အရေးယူခံရသည်။

    နယူးယော့ခ်၊ ဟမ်းဘတ်ရှိ Walmart ကုန်တိုက်ဝန်ထမ်း တစ်ဦးသည် အနက်ရောင်ခြုံထည် ၀တ်ဆင်ထားသည့် မွတ်စ်လင်မ်အမျိုးသမီး နှစ်ဦး၏ဓာတ်ပုံနှင့်အတူ “ ဟောလိုဝင်း (မျက်နှာဖုံးစွပ်လျက် နှစ်သက်ရာလူနှင့် ပလူးနိုင်သော) ပွဲတော်မှာ ဤနှစ်တွင် စောစီးစွာ ကျင်းပခဲ့ပြီ ” ဟု ထင်ထင်ရှားရှားစာလုံးဖြင့် ဖော်ပြခဲ့သည်။ ၄င်းအပြင် ထိုအမျိုးသမီးတို့မှာ ဘာသာရေးဆင်ယင်မှုအား ချွတ်ပစ်သင့်ကြောင့် ရိုင်းစိုင်းစွာ ရေးသားခဲ့သည်။

    စော်ကားတိုက်ခိုက်ထားသည့်ရေးသားဖော်ပြမှုနှင့်ပတ်သက်၍ သြဂုတ်လ ၃၀ ရက် ထိုနေ့မှာပင် ကုမ္ပဏီထံသို့ သတိပေးချက်များ ရောက်လာကြောင်း၊ ၄င်းနောက် ကုမ္ပဏီမှ ထိုသူအား လက်တွဲဖော်(၀န်ထမ်း)အဖြစ်မှ စွန့်လွှတ်လိုက်ကြောင်း Walmart ၏ ပြောဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

    “ ကျွန်မတို့ရဲ့လက်တွဲဖော်ဝန်ထမ်းများအပေါ် ကျွန်မတို့ အလွန်မျှော်မှန်းထားပါတယ်။ သူကတော့ ဒီမျှော်မှန်းချက်တွေဆီ အရောက်မလှမ်းနိုင်တော့ဘူး ” ဟု ပြောဆိုခွင့်ရသူ Kayla Whaling သည် Al Jazeera သတင်းဌာနသို့ ပြောပြခဲ့သည်။

    မီးလုံခြုံရေးဆိုင်ရာလက်ထောက်မန်နေဂျာသည် The Buffalo News နှင့် အင်တာဗျူးလုပ်သောအခါ မိမိ၏ရေးသားချက်များအတွက် တောင်းပန်သွားခဲ့သည်။

    “ ဒီကိစ္စအပေါ် ကျွန်တော့်အနေနဲ့ စစ်စစ်မှန်မှန် အနှူးအညွတ် တောင်းပန်ပါတယ် ” ဟု ထည့်သွင်းပြောဆိုသွားကြောင်း သတင်းစာမှ ဖော်ပြသည်။

    နယူးယော့ခ်၊ အမေရိကန်-အစ္စလာမ်ဆက်ဆံရေး – Council on American-Islamic Relations(CAIR) ဌာနမှ ကြပ်မတ်စာရောက်လာပြီးနောက် Walmart က ထိုဝန်ထမ်းအား အလုပ်မှရပ်စဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera

    Photo-Getty Images

  • စက်တင်ဘာ ၉ အားကစားသတင်းများ

    စက်တင်ဘာ ၉
    M-Media
    ကိုလေးစုစည်း တင်ဆက်သည်။

    ဘေးလ်၏ပြောင်ရွှေ့ကြေးမှာ နားမလည်နိုင် စရာဖြစ်သည်ဟု ဇီဒိန်းပြော

    bale_2997288

    ရီးယဲမက်ဒရစ်အသင်း၏ ဂန္တ၀င်ကစားသမား ဇီနဒင်းဇီဒိန်းက ရီးယဲလ်မှ ဘေးလ်အတွက်ပေးခဲ့ရသည့် ပြောင်းရွှေ့ကြေးအား နားမလည်နိုင်စရာတစ်ခုအဖြစ်ဖေါ်ပြခဲ့ပြီး မည်သည့်ကစားသမားမှ ထိုပြောင်းရွှေ့ကြေးနှင့် မထိုက်တန်ဟု ပြောကြားခဲ့သည်။ ဂါရက် ဘေးလ်မှာ ပရီးမီးယားလိဂ်ကလပ် စပါးအသင်းမှ ပြောင်းရွှေ့ကြေး ပေါင် ၈၅.၃သန်း(ယူရိုသန်း ၁၀၀ ၀န်းကျင်) ဖြင့် ရီးယဲလ်သို့ ၆ နှစ်စာချုပ်ဖြင့် ယခုအပြောင်းအရွှ့ရာသီပိတ်ခါနီးတွင် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။

    ရီးယဲလ်မက်ဒရစ်အသင်း၏ လက်ထောက်နည်းပြအဖြစ်တာဝန်ထမ်းဆောင်နေသည့် ဇီဒိန်းမှာ ၂၀၀၁ခုနှစ်က ရီးယဲလ်သို့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်းဖြင့်ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ထိုစဉ်ကလည်း ဇီဒိန်းမှာ ထိုပြောင်းရွှေ့ကြေးအား မြင့်မားသည်ဟု ခံစားခဲ့ရပြီး လက်ရှိဈေးကွက်အရ ဘေးလ်ကဲ့သို့ ကစားသမားမျိုးအား ဤကဲ့သို့ပြောင်းရွှေ့ကြေးမြင့်မားစွာပေးဆောင်ရသည်ကို နားလည်ရန် ခက်ခဲကြောင်း ဖွင့်ဟခဲ့သည်။

    ဘေးလ်မှာထိုပြောင်းရွှေ့ကြေးဖြင့် ထိုက်တန်ပါရဲ့လားဟု Canal Plus တီဗီချန်နယ်မှ မေးမြန်းရာတွင် “ခင်ဗျားအနေနဲ့ဒီမေးခွန်းကို နှစ်အလိုက်မေးဖို့လိုပါတယ်။ လွန်ခဲ့ဆယ်နှစ်ကဆို သူတို့(ရီးယဲလ်)က ကျနော့်ကို ယူရို ၇၅ သန်းနဲ့ခေါ်ခဲ့တယ်။ အဲလောက်မတန်ပါဘူးလို့ ကျနော်ပြောခဲ့ပါတယ်။ ဒီနေ့တော့ သူ့(ဘေးလ်) ကို မတန်ဘူးလို့ပြောရပါတော့မယ်။ ဈေးနှုန်းကို ကလပ်အသင်းနှစ်ခုက သဘောတူပြီးဆောင်ရွက်ကြတာဖြစ်လို့ အဲဒီလိုမလုပ်ပါနဲ့လို့ ဘယ်သူကမှ အတင်းအကျပ်ပြောလို့မရဘူး။

    ဒါဟာ ဘောလုံးလောကပါ။ ကံမကောင်းစွာနဲ့ ဒီနေ့ခေတ်မှာ မတန်တဆဈေးတွေပေးနေရတာ နားမလည်နိုင်စရာပါပဲ” ဟု ဇီဒိန်းက ဖြေကြားခဲ့သည်။

    အာဆင်နယ်ကို အလွတ်ကြေးဖြင့် ပြောင်းရွှေ့ခဲ့သင့်ဟု အိုဇေးလ်ပြော

    Ozil

    အာဆင်နယ်အသင်းသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ရောက်ရှိလာသည့် ကွင်းလယ်လူသစ်အိုးဇေးလ်က အာဆင်ဝင်းဂါးနှင့်စကားပြောပြီးနောက်ပိုင်းတွင် ရီးယဲလ်ရှိ သူ၏အခြေအနေအား အမှန်အတိုင်းမြင်လာခဲ့သည်ဟုပြောဆိုလိုက်သည်။

    အိုဇေးလ်က အာဆင်နယ်အသင်းသို့အလွတ်ပြောင်းရွှေ့ကြးဖြင့်ပြောင်းခဲ့ရမည်ဟုဆိုပြီး၊ ရီးယဲလ်တွင် ပွင့်လင်းမြင်သာမှု၊ ယုံကြည်မှုနှင့် လေးစားမှုများ ပျောက်ဆုံးခဲ့သည်ဟု ၀န်ခံလိုက်သည်။

    အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့တွင် ယူရို ၄၇ သန်းဖြင့်ရောက်ရှိလာခဲ့သည့် အိုဇေးလ်က ” ပြောရရင် အဲဒီ(အပြောင်းအရွှေ့အတွက် ၀င်းဂါးနဲ့) စကားပြောဆိုမှုက ကျနော့်ကို လှုပ်နှိုးလိုက်ပြီး ရီးယဲလ်မှာ ပွင်းလင်းမြင်သာမှု ယုံကြည်မှုနဲ့ လေးစားမှုတွေပျောက်နေတယ်ဆိုတာ ကျနော့်ကို အသိတရား ရစေခဲ့ပါတယ်။ ကျနော့်ကိုဘယ်လိုမြင်လဲ၊ ဘယ်လိုသုံးချင်လဲ၊ ကျနော်နဲ့ပက်သက်ပြီး ဘာတွေမျှော်လင့်ထားသလဲဆိုတာတွေကို သူ(၀င်းဂါး)က ကျနော့်ကိုပြောခဲ့ပါတယ်။

    ပြောင်းရွှေ့ကြေးနဲ့ပက်သက်ပြီး ကျနော်ဘာမှလုပ်လို့မရပါဘူး။ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းခဲ့ရမှာပါ” ဟု ဂျာမန်နေ့စဉ်သတင်းစာ Die Welt သို့ပြောကြားခဲ့သည်။

    hippy crack မူးယစ်ဆေးရှူခဲ့သော အင်္ဂလန်ခံစစ်မှူး ဝေါလ်ကာ ပြန်လည်တောင်းပန်
    IMG_7852 (1).jpg

    hippy crack မူးယစ်ဆေးရှုနေသည့် ၎င်း၏ ဓာတ်ပုံ သတင်းစာတွင်ပါလာပြီးနောက် အင်္ဂလန်လက်ရွေးစင် အသင်း၏ နောက်ခံလူဖြစ်သူ ကီလီဝေါလ်ကာက ၎င်း၏လုပ်ရပ်အတွက် ပြန်လည်တောင်းပန်လိုက်သည်။

    အင်္ဂါနေ့တွင် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ယူကရိန်းအသင်းနှင့် ကစားမည့်ပွဲအတွက် အင်္ဂလန်အသင်းနှင့်အတူ ယူကရိန်းနိုင်ငံ ကိဗ်မြို့သို့ရောက်ရှိနေသည့် ဝေါလ်ကာမှာ ညဘက် လမ်းထွက်လျှောက်စဉ် ဘောလုံးကဲ့သို့ အရာဝတ္ထု တစ်ခုဖြင့် ထို hippy crack မူးယစ်ဆေးအား ရှူနေခဲ့ခြင်းဖြစ်ပြီး ထိုပုံမှာ ယမန်နေ့ထုတ် သတင်းစာများတွင် ပါဝင်ခဲ့ကာ အင်္ဂလန်အသင်းအတွက် အရှက် ရစရာဖြစ်ခဲ့သည်။

    “ကျနော့်ရဲ့လုပ်ရပ်တွေဟာ ကျနော့်ရဲ့ ဆင်ခြင်တုံတရား ညံ့ဖျင်းမှုကြောင့်ဆိုတာ ကျနော်လက်ခံပါတယ်။ ဒါတွေဟာ တခြားသူတွေကို အားပေးသလိုမျိုးဖြစ်သွားပြီး သူတို့ကိုကျန်းမာရေး အန္တရာယ်တွေနဲ့ ကြုံတွေ့ရမှာမျိုး မဖြစ်ဘူးလို့ ကျနော်မျှော်လင့်ပါတယ်” ဟု ဝေါလ်ကာ၏ကလပ် စပါး အသင်းကထုတ်ပြန်ခဲ့သည့် သူ၏ ကြေညာချက်တွင်ရေးသားထားပြီး၊ ထိုကြေညာချက် ထဲတွင် ဝေါလ်ကာက သူ၏ ထိုလုပ်ရပ်မှာ အင်္ဂလန်အသင်းအား ထိခိုက်စေသည့်ဟု ရေးသားထားကြောင်း အင်္ဂလန် အားကစား သတင်းစာ Sportsmail တွင် ဖော်ပြခဲ့သည်။ ယမန်နေ့ ညနေကလည်း ဝေါလ်ကာက သူ၏ တွစ်တာစာမျက်နှာတွင် “ယနေ့ဖြစ်ခဲ့တဲ့ ကျနော်ရဲ့အဖြစ်အပျက်တွေအပေါ်မှာ မြန်မြန်ဆန်ဆန် မှတ်ချက်မပေးခဲ့တဲ့ အတွက် ကျနော်တောင်းပန်ပါတယ်။

    လာမည့် အင်္ဂါနေ့ အင်္ဂလန်ပွဲစဉ်အတွက် အာရုံစူးစိုက်ပြီး လေ့ကျင့်ခန်း ဆင်းနေပါတယ်” ဟု ရေးသားခဲ့သည်။ hippy crack မူးယစ်ဆေးမှာ နိုက်ထရတ်အောက်ဆိုက် ဓာတ်ငွေ့ဖြစ်ပြီး တနည်းအားဖြင့် ရယ်ရွှင်မှုစေရန်လှုံ့ဆော်သော ဓာတ်ငွေ့(laughing gas)ဖြစ်သည်။
    ထိုဓာတ်ငွေ့မှာ မူးယစ်စေသော ဂုဏ်သတ္တိ အနည်းငယ်ရှိသောကြောင့် အပျော့စားမူးယစ်ဆေးဝါးအဖြစ်အသုံးပြုကြပြီး အလွန်အကျွံအသုံးပြုမိပါက အသက်အန္တရာယ်နှင့်ရင်ဆိုင်ရနိုင်သည်ဟု သိရသည်။
    dailymail

    အလ်ဘာမှာ ရောဘတ်တို ကားလို့စ်ထက်ပိုကောင်းလာမည်ဟု ကပ်ဒဗီလာပြော

    Jordi Alba

    စပိန်အသင်း၏နောက်ခံလူ ဂျိုအန် ကပ်ဒဗီလာက ဘာစီလိုနာအသင်း၏ ဘယ်နောက်ခံလူဖြစ်သူ တစ်နိုင်ငံတည်းသား ဂျော်ဒီအလ်ဗာမှာ ကမ္ဘာကျော်ဘရာဇီးလ် ဘယ်နောက်ခံလူဟောင်း ရော်ဘတ်တို ကားလို့စ်ထက် ပိုမိုကောင်းမွန်လာကာ၊ ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူ တစ်ယောက်အဖြစ် တိုးတက်လာ လိမ့်မည်ဟု ပြောဆိုလိုက်သည်။

    အသက် ၂၄ နှစ်အရွယ်ရှိသည့် အလ်ဘာမှာ သောကြာနေ့က ဖင်လန်အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲတွင် စပိန်အတွက် တစ်ဂိုး သွင်းယူပေးခဲ့ပြီး စပိန်အသင်းအတွက် သူ၏ ငါးဂိုးမြောက်ဂိုးဖြစ်ခဲ့ကာ သူ၏ ကောင်းမွန်သော စွမ်းဆောင်ရည်အား ကပ်ဒဗီလာက ချီးကျူးခဲ့သည်။

    “ဂျော်ဒီ(အလ်ဘာ) ဟာ အင်မတန်ပါရမီရှိတဲ့ ကစားသမားတစ်ဦးပါ။ သူဟာ ကမ္ဘာ့အကောင်းဆုံးဖြစ်လာမယ့် လမ်းကြောင်းပေါ်ရောက်နေပါတယ်။ သူဟာ ရော်ဘတ်တိုကားလို့စ်ထက်တောင်ပိုကောင်းလာပါလိမ့်မယ်” စပိန်အားကစားသတင်းစာ တစ်စောင်ဖြစ်သည့် မာကာသို့ ပြောကြားခဲ့သည်။

    ————————————————–

    ကာဗာနီမှာ ပီအက်စ်ဂျီအသင်းအား တောင့်တင်းစေသည်ဟု မိုရာဆို

    ကာဗာနီအား အသင်းသို့ရောက်ရှိစေခဲ့သည့် ပဲရစ်စိန့်ဂျာမိန်းအသင်း၏ နွေရာသီခေါ်ယူမှုအား ကွင်းလယ်လူ လူးကပ်စ်မိုရာက ချီးကျူးပြောဆိုလိုက်သည်။

    ဥရုဂွေးတိုက်စစ်မှူး ကာဗာနီမှာ အီတလီကလပ်နာပိုလီမှ ပြင်သစ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၆၄ သန်းဖြင့် ပီအက်စ်ဂျီသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး မိုရာက ကာဗာနီမှာ  လာဘ်မြင်သောကစားသမားတစ်ဦးဖြစ်သည်ဟု ယုံကြည်နေသည်။

    “ပီအက်စ်ဂျီဟာ အသင်းကောင်းတစ်သင်းပါ။ ပြီးတော့ သူတို့ဟာ အသင်းပိုမိုတောင့်တင်းဖို့အတွက် ကာဗာနီလိုကစားသမားမျိုးကို ခေါ်ယူနိုင်ခဲ့ပါတယ်။” ဟု မိုရာက ပြောကြားခဲ့သည်။

    ————————————-

    ဘာကာကွင်းလယ်ဖန်တီးရှင် အင်နီယေစတာ အသင်းနှင့်သက်တမ်းတိုးတော့မည်

    Iniesta

    ဘာစီလိုနာအသင်း၏ ကွင်းလယ်လူ အန်ဒရီယက်စ် အင်နီယေစတာမှာ အသင်းနှင့်စာချုပ်သက်တမ်းတိုးတော့မည်ဟု ဘာစီလိုနာအသင်း၏ ဥက္ကဌဖြစ်သူ ဆန်ဒရိုရော့ဆဲလ်က ပြောကြားလိုက်သည်။

    TV3 ပရိုဂမ်တစ်ခု၏ အင်တာဗျူးတွင် ရော့ဆဲလ်က လာမည့်သီတင်းပတ်အများအတွင်း အင်နီယေစတာ၏ သက်တမ်းတိုးစာချုပ် ချုပ်ဆိုမှုအား ကြေငြာနိုင် လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

    “အင်နီယေစတာဟာ ကျနော်တို့အတွက် အဓိကကစားသမားတစ်ယောက်ပါ။ ဘာစီလိုနာအသင်းအတွက် နောက်ထပ်သတင်းကောင်းတစ်ခုကတော့ အင်နီယေစတာ စာချုပ်သက်တမ်းတိုးမယ့် သတင်းပဲဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

    အသက် ၂၉ နှစ်အရွယ်ရှိ အင်နီယေစတာမှာ ဘာစီလိုနာအသင်းနှင့် ၂၀၀၅ ခုနှစ်တွင် စတင်ပွဲထွက်ခဲ့ပြီး ဘာကာအတွက် ပွဲပေါင်း ၂၄၂ ပွဲ ပွဲထွက်ခွင့်ရခဲ့သည်။
    Ref: Goal.com
    ——————————————–

    အီတူးရောက်ရှိလာခြင်းမှာ အသင်းတွက် အားသစ်ဖြစ်စေသည်ဟု ချယ်ဆီး နည်းစနစ်ဒါရိုက်တာဆို

    ချယ်ဆီးအသင်း၏ နည်းစနစ်ဒါရိုက်တာဖြစ်သူ မိုက်ကယ် အီမီနာလိုက အသင်းသို့ အီတူးရောက်ရှိလာခြင်းမှာ အသင်း၏တိုက်စစ်ကို အားအင်သစ်ဖြစ်စေသည်ဟု ပြောဆိုခဲ့သည်။ ချယ်ဆီးအသင်းမှာ မန်ယူတိုက်စစ်မှူး ၀ိန်းရူနီအားခေါ်ယူရန်ကြိုးစားခဲ့သော်လည်း မခေါ်ယူနိုင်ခဲ့ပေ။

    အီတူးမှာ ယခုချယ်ဆီးနည်းပြ မော်ရင်ဟို စီးရီးအေကလပ်အင်တာအသင်းအားကိုင်တွယ်ခဲ့စဉ်က မော်ရင်ဟိုနှင့်အတူ လက်တွဲခဲ့ဖူးသူဖြစ်သည်။

    ……………………………………………………………..
    ယူအက်စ်အိုးပင်းငါးကြိမ်မြောက်ချန်ပီယံဖြစ်လာတဲ့ဆရီနာ

    536854_587267114649096_308168633_n

    ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲအမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲစဉ်များကို ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့ရာ အမေရိကန်နာမည်ကြီးတင်းနစ်မယ် ဆရီနာဝီလံယံက ကမ္ဘာ့အဆင့် ၂ ဘီလာရုဇ်တင်းနစ်မယ် ဗစ်တိုးရီးယား အဇာရန်ကာအား အနိုင်ရရှိခဲ့သည်ဟုသိရသည်။

    ၂ နာရီနှင့် ၄၅ မိနစ်ကြာမြင့်ခဲ့သည့် အဆိုပါဗိုလ်လုပွဲတွင် ဆရီနာမှာ အဇာရန်ကာအား ၇-၅၊ ၆-၇(၆-ဂ)၊ ၆-၁ ဖြင့်အနိုင်ရရှိခဲ့ပြီး ယူအက်စ်အိုးပင်းချန်ပီယံဘွဲ့အား ၅ ကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့သည်။ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်သည့် ဆရီနာမှာ ၁၉၇၃ ခုနှစ်က ဗိုလ်စွဲခဲ့သည့် သြစေတးလျတင်းနစ်မယ် မာဂရတ် ကောတ့် ထက် ၂၉၃ ရက်အသက်ပိုကြီးခဲ့ပြီး ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲသမိုင်းတစ်လျှေက် ဗိုလ်စွဲခဲ့သည့် အသက်အကြီးဆုံးတင်းနစ်မယ်ဖြစ်လာခဲ့သည်။ တင်းနစ်ကစားသမားသက်တမ်းတစ်လျှောက် ၁၇ ကြိမ်မြောက် ဂရန်းစလမ်းဆုဖလားအား ဆွတ်ခူးနိုင်ခဲ့သည့် ဆရီနာက “ဗစ်တိုးရီးယား(အဇာရန်ကာ) ဟာ မယုံကြည်နိုင်လောက်အောင်ကစားခဲ့ပြီး ပွဲကောင်းတစ်ပွဲပါပဲ။ သူဟာ ပြိုင်ဘက်ကောင်းတစ်ဦးပါ။ ဒါ့ကြောင့်လည်း သူဟာ ဂရန်းစလမ်းဆုဖလားများစွာကို ရယူနိုင်ခဲ့တာပါ။ ဒါကြောင့်နောက်ဆုံးပွဲပြီးတဲ့အချိန်အထိ အရှုံးအနိုင်ပြောလို့မရခဲ့ပါဘူး” ဟု ပြောကြားခဲ့သည်။

    ချန်ပီယံဆုဖလားအား လက်တစ်ကမ်းအကွာမှ လက်လွှတ်လိုက်ရသည့် အဇာရန်ကာကလည်း “ခက်ခဲတဲ့ရှုံးနိမ့်မှုတစ်ခုပါပဲ။ ကျမ အိတ်သွန်ဖာမှောက်ကို ကစားခဲ့တာပါ။ ကျမတို့နှစ်ယောက်စလုံးဟာ ကျမတို့ရဲ့ရင်ကိုဖွင့်ပြီး ယှဉ်ပြိုင်ခဲ့တာပါ။ ဒါပေမယ့် ထိုက်တန်တဲ့ရလဒ်တခုဖြစ်ခဲ့ပြီး…………. ဂုဏ်ယူပါတယ် ဆရီနာ……” ဟု ပြောကြားခဲ့သည်။

  • “နိုင်ငံရေးနဲ့ ဘာသာရေးကို မရောယှက်စေချင်” အမျိုးသား ညီညွတ်ရေး ကွန်ဂရက် ဆွေးနွေးပွဲ

    စက်တင်ဘာ ၉၊ ၂၀၁၃
    M-Media
    လင်းလင်း

    IMG_20130908_161501

    ရန်ကုန် ။             ။ အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီမှ  ပသီအမျိုးသားရေးရာ အမျိုးသမီးကဏ္ဍ ဆွေးနွေးပွဲတစ်ရပ်ကို စက်တင်ဘာလ ၈-ရက်နေ့ နေ့လည် ၂-နာရီက ပါတီရုံးချုပ် တည်ရှိရာ မအူကုန်း၊ တာမွေမြို့နယ်၌ ပြုလုပ်ခဲ့သည်။

    ဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေး ကွန်ဂရက်၏ မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များ၊ ပသီသမိုင်းကြောင်း၊ ပသီနှင့်ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ အမျိုးသမီးနှင့် နိုင်ငံရေး အကြောင်း စသည်တို့ကို ပါတီခေါင်းဆောင်များမှ ဦးဆောင်ဆွေးနွေးကြပြီးနောက် ဆွေးနွေးပွဲသို့ တက်ရောက် လာကြသော အမျိုးသမီးများမှ သိရှိ လိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေး ခဲ့ကြသည်။

    “ပါတီလုပ်မယ်ဆို တိုင်ပင်ကြတော့ ဟိုးယခင်က ရှိခဲ့သည့် ပသီကွန်ဂရက်အမည်နဲ့ လျှောက်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ အထင်နဲ့အမြင်လွဲခဲ့ပါတယ်။ ပသီအမျိုးသားကွန်ဂရက်နာမည်နဲ့ မရလို့ အမျိုးသားညီညွတ်ရေး ကွန်ဂရက်လို့ ပြောင်းလဲပြီး လျှောက်ထား ခဲ့ရပါတယ်။ ၂၈.၂.၂၀၁၃-ခုမှာ မှတ်ပုံတင်အမှတ် ၆၂ နဲ့ ပါတီမှတ်ပုံတင် ခွင့်ရခဲ့ပါတယ်။ မတ်လကစလို့ ဖြစ်ပေါ်လာတဲ့ ဆူပူ အကြမ်းဖက်မှုတွေဖြစ်ပြီးတဲ့နောက် သမ္မတကြီး ဦးသိန်းစိန်က ဒီအကြမ်းဖက်မှုတွေရဲ့နောက်ကွယ်မှာ ကြိုးကိုင်သူတွေရှိတယ် ဖော်ထုတ် အရေးယူရမယ်လို့ ပြောခဲ့တဲ့အတွက် သက်ဆိုင်ရာအာဏာပိုင်တွေက အရေးယူလိုက်ရင် ဒီကိစ္စရပ်တွေ ပြီးပြတ်သွားမယ်လို့ ကျွန်တော်တို့ မျှော်လင့်ခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။ ဒါကြောင့် ဇူလိုင်လ ၅-ရက်နေ့မှာ သမ္မတကြီးထံ အိတ်ဖွင့်ပေးစာ ပေးခဲ့ပါတယ်။ အဲဒီပေးစာမှာ ကျွန်တော်တို့ပါတီဟာ ဘယ်အရပ်ဒေသမှာဖြစ်ပါစေ၊ ဘယ်လူမျိုး ဘယ်ဘာသာဝင်ကိုဖြစ်ပါစေ ဆူပူအကြမ်းဖက်တာကို ဆန့်ကျင်ကန့်ကွက်ပါတယ်၊ ဆူပူအကြမ်းဖက်မှုဟာ တိုင်းပြည်တိုးတက်တဲ့နေရာမှာ အနှောက်အယှက်ဖြစ်တယ်ကြောင့် အကြမ်းဖက်မှုတွေဖြစ်အောင် လှုံ့ဆော်တဲ့သူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ လောကမှာ အဆိုးအကောင်းရှိတာ သဘာဝပါ။ ဘယ်လူမျိုး ဘယ်ဘာသာမှာမဆို လူဆိုးတွေရှိသလို လူကောင်းတွေလည်းရှိပါတယ်။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ပုတ်တာမျိုး မဖြစ်စေချင်ပါဘူး။”လို့ ဥက္ကဋ္ဌကြီး ဦးမြင့်ဝေမှ အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြား ခဲ့ပါတယ်။

    “ကျွန်တော်တို့ ပါတီက လိုအပ်ချက်တစ်ခုကြောင့် ပေါ်ပေါက်လာရတာပါ။ အရင်က ကျွန်တော်တို့တွေ အမှုမဲ့အမှတ်မဲ့ နေထိုင်ခဲ့ကြတယ်။ အဲလိုနေလာရင်း ကိုယ့်အမျိုးသားတိုးတက်မှုကို မတည်ဆောက်နိုင်ကြဘူး။ ဒီတော့ ပြဿနာတစ်ခုကြုံလာတိုင်း ဘယ်လိုဖြေရှင်းမလဲဆိုတာ မလုပ်နိုင်ခဲ့ကြဘူး။ အခုပါတီထူထောင်ခွင့်ရလာတဲ့အခါ ကျွန်တော်တို့အမျိုးသားတွေရဲ့ လိုအပ်မှုကို ကျွန်တော်တို့ လုပ်ကိုင်နိုင်ပြီဆိုတာ သိလာရတယ်။ အရင်က အလွယ်တကူနေလို့ရလို့ နေလာခဲ့ပေမယ့် အခုက ကျွန်တော်တို့တွေ ပြင်ဆင်ရတော့မယ်။ အများနဲ့ယှဉ်ပြေးရမယ့် အချိန်မှာ ကိုယ် ထိုင်နေလို့ မရဘူး။ ကျွန်တော်တို့ရဲ့ society ကို ကျွန်တော်တို့ ပြုပြင်ပြောင်းလဲယူရမှာဖြစ်တယ်။ ပတ်ဝန်းကျင်က ရိုက်ခတ်ခဲ့တဲ့ အချက်တွေကို ကျွန်တော်တို့ မပြင်ဆင်ခဲ့ကြလို့ပါ။ ပညာရေးက အရေးပါပါတယ်။ ဒီနေ့ လူ့အဖွဲ့အစည်းကို ဦးဆောင်တာ ပညာရေးပါ။ ကျွန်တော်တို့ ပါတီအနေနဲ့ တဘက်က ပါတီတာဝန်တွေထမ်းဆောင်ရင်း တဘက်က ကိုယ့်အမျိုးသားတွေရဲ့ level educational ကို လုပ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ ထာဝရ ငြိမ်းချမ်းရေးရဖို့က တိုင်းရင်းသားအချင်းချင်းသိမှု၊ နားလည်မှုတွေရှိဖို့ လိုပါတယ်။ ဒါတွေကို တိုင်းရင်းသားအဖွဲ့တွေ ဆက်သွယ်ပြီး အင်အားချင်း၊ ယဉ်ကျေးမှုချင်း၊ စွမ်းအားချင်းပေါင်းရင် ငြိမ်းချမ်းရေး ရကို ရမယ်။ Peace and development က ဆက်စပ်နေတာဖြစ်တဲ့အတွက် ကျွန်တော်တို့တွေဟာ မဖြစ်မနေ လုပ်ဆောင်ရမှာဖြစ်ပါတယ်”လို့ အတွင်းရေးမှူး ဦးမြင့်သိန်းမှ ပြောခဲ့ပါတယ်။

    နိုင်ငံရေးနဲ့ ဘာသာရေးကို ရောယှက်မှု မဖြစ်စေပဲ နိုင်ငံရေးကို ခွဲခြားနားလည်ဖို့ လိုတဲ့အကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

    အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိမလဲဆိုတဲ့ မေးမြန်းဆွေးနွေးချက်ကို “အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ အမျိုးသမီးတွေ ပညာတတ်မြောက်မှ သူတို့ရဲ့ကလေးငယ်တွေကို ထိန်းကျောင်းပဲ့ပြင်နိုင်ပြီး ကလေးတွေ ပညာတတ်မယ်။ ကလေးငယ်တွေ ပညာတတ်မှ တိုင်းပြည်တိုးတက်မယ်။ ကမ္ဘာ့သမိုင်းကြောင်းအရရော၊ ကုလသမဂ္ဂလူ့အခွင့်အရေးပြဌာန်းချက်တွေကရော ဘာကို လာတွေ့ရလဲဆိုတော့ အမျိုးသမီးအခွင့်အရေးကို ဘယ်လောက်ထိ မြှင်တင်ပေးဖို့လိုလဲဆိုတာ တွေ့ရတယ်။ ဖွံ့ဖြိုးတဲ့ ဥရောပနိုင်ငံတွေမှာ စစ်အေးကာလပြီးနောက် စနစ်တွေ၊ တိုက်ပွဲတွေအောက်မှ စနစ်တွေ ပြန်လည်ထူထောင်တယ်၊ အမျိုးသမီးတွေ အခွင့်အရေးကို ပိုလုပ်လာကြတယ်။ ဖွံ့ဖြိုးတိုးတက်လာရင် အမျိုးသမီး ရင်ဘောင်တန်းလာနိုင်မယ်။ အမျိုးသမီးတွေခေါင်းဆောင်တွေ ဘယ်မှာရှိလဲဆိုရင် အမျိုးသမီးတွေရာ တရားဥပဒေစိုးမိုးရေး၊ တရားသူကြီးတွေ၊ ရှေ့နေတွေနေရာမှာ နိုင်ငံရေးကို လုပ်နိုင်ကိုင်နိုင်တာတွေ့ရတယ်။ ဒါကြောင့် အမျိုးသမီးတွေဟာ နိုင်ငံရေးမှာလည်း ရှေ့တန်းအခန်းကဏ္ဍကနေ ပါဝင်နေပါတယ်”လို့ ထည့်သွင်း ဖြေကြားခဲ့ပါတယ်။

    IMG_20130908_161630

    20130908_142357

    20130908_144247

    20130908_145436

  • “ပထမ ပစ်မှတ် အင်န်အယ်လ်ဒီ အမတ် ဦးဝင်းထိန်”

    “ပထမ ပစ်မှတ် အင်န်အယ်လ်ဒီ အမတ် ဦးဝင်းထိန်”

    စည်သူအောင်မြင့် FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

    ပြီးခဲ့တဲ့ ရက်ပိုင်းမှာ မိတ္တီလာမြို့ခံ တစ်ချို့ အင်န်အယ်လ်ဒီ ပါတီက ပြည်သူ့လွှတ်တော် အမတ် ဦးဝင်းထိန်ကို ဆန့်ကျင်ကန့်ကွက်မယ့် ဆန္ဒပြပွဲတစ်ခု လုပ်ဖို့ ခွင့်ပြုချက် တင်ခဲ့ကြပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာက ခွင့်မပြုတဲ့အတွက် ဆန္ဒမပြခဲ့ကြပါဘူး။ အခု နောက်ထပ် လုပ်တာကတော့ ဦးဝင်းထိန်ကို အမတ်တာဝန်ကနေ ပြန်ရုပ်သိမ်းရေး တင်ပြနိုင်ဖို့ မဲဆန္ဒရှင် ပြည်သူတွေရဲ့ လက်မှတ်တွေ ကောက်ခံ တင်ပြသွားမယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို လုပ်ရတဲ့ အကြောင်းကတော့ သိပ်မကြာသေးမီက ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူ မစ္စတာ ကင်တားနား ကာဖျူးအမိန့် ထုတ်ထားတဲ့ ည ၁၀ နာရီခွဲ အကျော် မိတ္တီလာ မြို့ကို ရောက်လာစဉ် မြို့ခံတစ်ချို့က ဥပဒေချိုးဖေါက်ပြီး မစ္စတာ ကင်တားနား ကားကို ၀ိုင်းဝန်းခဲ့တဲ့ ကိစ္စ၊ ဒါကို ရဲတပ်ဖွဲ့ကလည်း မတားဆီးခဲ့တဲ့ကိစ္စ ဦးဝင်းထိန်က သတင်းမီဒီယာတွေကို အမှန်အတိုင်း ပြောဆိုခဲ့လို့ ဖြစ်ပါတယ်။

    U Win Htein
    ၂၀၁၂ ခုနှစ် ပြည်သူဂုဏ်ရည် ဆု ချီးမြှင့်ခြင်းခံခဲ့ ရသူများ ဦးဖိုးဖြူ၊ ဒေါ်သန်းမြင့်အောင်၊ ဒေါ်ရှု၊ ဦးဝင်းထိန်၊ ဒေါက်တာ ထားထား Photo- http://www.myanmarij.com

    သတင်းမီဒီယာတွေကို ဦးဝင်းထိန် ပြောဆိုခဲ့တာမှာ ရှုတ်ရှုတ်ထွေးထွေး ဘာမှ မပါပါဘူး။ ည ၁၀း၀၀ နာရီကျော်ရင် လမ်းပေါ်မထွက်ရဆိုတဲ့ တင်းကြပ်တဲ့ လုံခြုံရေးဆိုင်ရာ စည်းကမ်း ထုတ်ထားတာ ည ၁၀း၃၀ တိုင်အောင် အဲဒီ လူစု ဘာကြောင့် လမ်းပေါ်မှာ ရှိနေခဲ့ရသလဲ၊ နောက် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူနဲ့ ပြန်ကြားရေးဒုဝန်ကြီး ပြောသလို ရဲလုံခြုံရေးတွေ အလုံအလောက် ချထားတယ် ၊ လူအုပ်ကြီးကို လူစုခွဲပါလို့ ပြောတယ် ဆိုပါလျက်နဲ့ လူအုပ်ကြီးက မစ္စတာကင်တားနား ကား အနားကို ဘာကြောင့် ချဉ်းကပ် ကားမှန်ကို ထုနိုင်ရတာလဲ။ အဲဒါတွေကို မေးခွန်းထုတ်ပြီး အမှန်တွေကို ပြောခဲ့တာပါ။ ဒီအတွက် ဘာကြောင့် အင်န်အယ်လ်ဒီ အမတ် ဦးဝင်းထိန် ဆန့်ကျင်ရေး ပေါ်ပေါက်လာ ရသလဲ၊ ဘာသာရေး ခေါင်းစဉ်တပ် လှုပ်ရှားနေသူတွေရဲ့ နောက်ကွယ်က ဇာတိရုပ် ပေါ်လာပြီလား ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားမယ် ဖြစ်ပါတယ်။

    ရခိုင်ပြည်နယ်မှာ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက် ဒါကို အသုံးချပြီး တစ်ချို့ပုဂ္ဂိုလ်တွေက ပြသနာကို ပြည်မ ထဲ ဆွဲသွင်းလာခဲ့ပါတယ်။ အဲလို ပြသနာကို ဆွဲသွင်းလာပြီး အကြမ်းဖက်မှုတွေ၊ မီးလောင်မှုတွေ၊ လူသတ်မှုတွေ၊ ဒုက္ခသည်ဖြစ်မှုတွေ ဖြစ်ပွားလာတဲ့ အခါ အကြမ်းဖက်မှုကို မလိုလားတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင် အပါအ၀င် နိုင်ငံရေးသမားတစ်ချို့နဲ့ သတင်းစာဆရာ တစ်ချို့က ဒါတွေနဲ့ ပါတ်သက်တဲ့ သဘောထား အမြင်တွေကို ထုတ်ဖော်ပြောဆိုလာကြပါတယ်။ ဒီအခါ ဘာသာရေးခေါင်းစဉ်တပ် လှုပ်ရှားနေသူတွေက ဒေါ်အောင်ဆန်း စုကြည်၊ မင်းကိုနိုင် အပါအ၀င် အကြမ်းဖက်မှုကို မလိုလားတဲ့၊ ဆန့်ကျင်တဲ့၊ ငြိမ်းချမ်းရေးကို လိုလားတဲ့၊ လူ့အခွင့်အရေးကို လေးစားတဲ့၊ လူပုဂ္ဂိုလ်တွေကို စော်ကား ပုတ်ခတ်မှုတွေ စပြီး လုပ်လာပါတော့တယ်။

    အဲဒီလို တစ်စွန်းတစ်စ လုပ်ကိုင်မှုတွေ ပေါ်ထွက်လာပြီးတဲ့နောက် လက်ရှိ အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်မှာ ကြိုးကိုင်သူ ရှိရမယ်၊ အဲဒီ လူတွေဟာ လက်ရှိ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံတွေ အပေးအယူ အလျော့အတင်း လုပ်ပြီး ငြိမ်းချမ်းစွာ သွားနေတဲ့ အပြောင်းအလဲကို မလိုလားသူတွေ၊ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင် အပါအ၀င် ပြည်သူလူထု ထောက်ခံမှု အပြည့်အ၀ ရထားသူတွေကို ဘာသာရေး ခေါင်းစဉ်တပ် တိုက်ခိုက်ပြီး ပြည်သူတွေကို လမ်းလွဲရောက်အောင် ပို့မယ့် သူတွေဖြစ်တယ် ဆိုပြီး အစိုးရဘက်က ပုဂိုလ်တစ်ချို့ရော အတိုက်အခံနိုင်ငံရေးသမားတွေ ဘက်ကပါ သုံးသပ်ပြောဆိုမှု ရှိခဲ့ပါတယ်။

    တကယ့်တကယ်လည်း အဲလို ဖြစ်တယ်ဆိုတာ သက်သေ အထောက်အထားတွေ ဟိုနေရာ တစ်စ ဒီနေရာ တစ်စ တွေ့မြင်လာနေ ရပါတယ်။ အေးမြငြိမ်းချမ်းတဲ့ ဗုဒ္ဓဘာသာကိုခံယူထားတဲ့ ဘုရားသားတော် တစ်ပါးဆိုရင် သံဃာဖြစ်ပါလျက် မြတ်ဗုဒ္ဓရဲ့ ငြိမ်းချမ်းတဲ့ တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးရမယ့်အစား ဘာသာခြားတွေကို မုန်းတီးဖို့ တရားဟောပါတယ်။ ဒါပေမယ့် သူ့ အဓိက နောက်ဆုံး ဦးတည်ပစ်မှတ်ဟာ အဲဒီ ဘာသာဝင်တွေ ဟုတ်ဟန် မတူပါဘူး။ သူဟောတဲ့ တရားထဲမှာ ဘာသာခြား တွေက ဗုဒ္ဓဘာသာတွေကို ဘယ်လို စော်ကားနေတယ်၊ ဘယ်လို မဟုတ်တာ လုပ်နေတယ်ဒါကြောင့် မြန်မာပြည်ဟာ ဘာသာခြားလွှမ်းမိုးတဲ့ အိမ်နီးချင်း နိုင်ငံတစ်ချို့လို ဖြစ်သွားနိုင်တယ် စသဖြင့် မမှန်ကန်တဲ့ အချက်အလက်တွေနဲ့ အမုန်းတရား ပွား အောင် လုပ်နေတဲ့အပြင် အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ခွတ်ဒေါင်းအလံကို မွတ်ဒေါင်း အလံဖြစ်သွားပြီ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင် ဆိုရင်လည်း ဘာသာခြားတွေရဲ့ ကိုယ်စားလှယ် ဖြစ်သွားပြီ စသဖြင့် ဘာသာရေးမှိုင်းတိုက် တိုက်ခိုက်တာတွေ လုပ်တာ တွေ့လာရပါတယ်။

    ဒီအတွက်လည်း ဘာသာရေးအကြမ်းဖက်မှု ပြသနာတွေဖြစ်ပေါ်တိုင်း၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေဖြစ်ပေါ်တိုင်း ဒေါ်အောင်ဆန်း စုကြည်နဲ့ အတိုက်အခံ အင်အားစုတွေဟာ အတော့်ကို သတိကြီးကြီးထား ပြောရ ဆိုရ ချဉ်းကပ်ရတာ တွေ့လာရပါတယ်။ တစ်ခုခု ပြောလိုက်တာနဲ့ ဘာသာခြားဘက် လိုက်တယ် ဆိုတဲ့ တံဆိပ်ကပ်ပြီး ပြည်သူကို လိမ်ညာစည်းရုံး မှိုင်းတိုက်ကြပါတော့တယ်။ အဲဒီကနေ တဆင့် ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေး၊ မင်းကိုနိုင်နဲ့ ၈၈ မျိုးဆက် ဆန့်ကျင်ရေး၊ အတိုက်အခံအင်အားစု ဆန့်ကျင်ရေး ဆိုတာမျိုးအထိ သွားကြဖို့ ရည်ရွယ်ကြဟန်တူပါတယ်။ ဒီအတွက် အဲဒီ နောက်ကွယ်က အင်အားစုတွေဟာ အမုန်းတရား ဖြန့်ဖြူး သူတွေကို နောက်ကွယ် ကနေ ငွေကြေးထောက်ပံ့တာ လုပ်ပါတယ်။ ဒါ့အပြင် အခြား အကြမ်းဖက်မှုတွေထဲလည်း ထဲထဲဝင်ဝင် မပါဝင်ပါဘူးလို့ မပြောနိုင်ပါဘူး။ တစ်ဖက်မှာတော့ အဲဒါတွေကို ဝေဖန်၊ ထောက်ပြ ပြောဆိုရဲသူ မရှိတော့ဘူး ဆိုပြန်ရင်လည်း အမုန်းတရားတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်၊ ပြသနာ တစ်ခု ပေါ်လာတာနဲ့ အကြမ်းဖက်အောင် လှုံ့ဆော်တာတွေ ရဲရဲတင်းတင်း ပြုလုပ်နိုင်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့ အဓိက ရည်ရွယ်ချက် ပစ်မှတ်ဟာ အဲဒီ ဘာသာခြားတွေကို နှိပ်ကွပ်ဖို့ ချည်းသက်သက် မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ ပြည်သူတွေဘက်က စွန့်လွှတ် အနစ်နာခံ တိုက်ပွဲဝင်ရင်း ပြည်သူလူထုကြီးရဲ့ ယုံကြည်ကိုးစားမှု၊ လေးစားထောက်ခံမှုကို အပြည့်အ၀ ရထားတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီ ပါတီ၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့နဲ့ တိုးတက်တဲ့ အတိုက်အခံ အင်အားစုတွေ ဖြစ်ပါတယ်။

    ဒီနေရာမှာ ပြည်ထဲရေးဝန်ကြီးဌာန ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံတွေကလည်း မေးခွန်းထုတ်စရာပါ။ မစ္စတာ ကင်တားနား လာချိန် ဆန္ဒပြတယ်လို့ ဆိုသူတွေဟာ ကာဖျူးချိန် ၁၀ နာရီ ကျော်သည်အထိ လမ်းပေါ်ကနေ ထွက်ခွာမသွားပဲ စုရုံးနေကြတာဟာ အတော် သတ္တိကောင်းတယ် လို့ ယူဆ စရာရှိပါတယ်။ ဒါပေမယ့် တကယ့် တကယ် ဦးဝင်းထိန်ကို ဆန္ဒပြဖို့ ခွင့်ပြုချက်တင်၊ ခွင့်ပြုချက် မရတဲ့ အခါမှာတော့ ဆန္ဒပြမယ့် အစီအစဉ်ကို အလွယ်တကူ ဖျက်သိမ်းလိုက်တာကိုကြည့်ရင် ကာဖျူးကို ဆန့်ကျင်ရဲတဲ့ သတ္တိနဲ့ ကွာခြားနေတာ တွေ့ရပြန်ပါတယ်။ ရန်ကုန်မှာ ပုဒ်မ ၁၈ ကို တခြိမ်းခြိမ်း ဆန့်ကျင်ကန့်ကွက် ဆန္ဒပြနေချိန် အဲဒီ ပုဂ္ဂိုလ်တွေက ခွင့်ပြုချက် မရတာနဲ့ အသာတကြည် နောက်ဆုတ်သွားသူတွေပါ။ အဲလို လူတစ်ချို့ဟာ အခန့်မသင့်ရင် သေနတ်နဲ့ အပစ်ခံရနိုင်တဲ့ ည အချိန်မတော် လူစုရဲနိုင်တာဟာ ရဲတပ်ဖွဲ့ရဲ့ ခွင့်ပြုချက်ကြောင့် မဟုတ်ရင် ဖြစ်နိုင်ပါ့မလားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။

    အခုတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာ ရေးသူ မစ္စတာ ကင်တားနား ကိစ္စ အမှန်အတိုင်း ဝေဖန်ပြောဆိုလိုက်တဲ့ အင်န်အယ်လ်ဒီ အမတ် ဦးဝင်းထိန်ဟာ ပထမ ဦးဆုံးပစ်မှတ် ဖြစ်သွားပါပြီ။ ဒီလိုနည်းနဲ့ အမုန်းတရားတွေ ဆက်ဖြန့်ဖြူး၊ အကြမ်းဖက်မှုတွေ ဖြစ်အောင်၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ပေါ်ပေါက်အောင် ဆက်ပြီး လှုံ့ဆော်ကြပါဦးမယ်၊ ဒီအခါ ဒါကို ဝေဖန် ထောက်ပြကြသူတွေဟာ ဦးဝင်းထိန်နည်းတူ ဒုတိယ တတိယ ပစ်မှတ်တွေ ထပ် ထပ်ပြီး ပေါ်ပေါက်လာဦးမှာပဲ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

    စည်သူအောင်မြင့်

    Link >>https://www.facebook.com/sithu.aungmyint/posts/196719130510895

  • Magwe:မကွေးမှ ၅ နှစ်သမီး  အဓမ္မကျင့်ခံရသည့် လက္ခဏာများ မရှိဘဲ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းသာဖြစ်ကြောင်း မှုခင်းဆေးစာ အရသိရ

    Magwe:မကွေးမှ ၅ နှစ်သမီး အဓမ္မကျင့်ခံရသည့် လက္ခဏာများ မရှိဘဲ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းသာဖြစ်ကြောင်း မှုခင်းဆေးစာ အရသိရ

    စက်တင်ဘာ ၉၊ ၂၀၁၂
    M-Media
    ဇာဏီ

    မကွေး  ။             ။             ပြီးခဲ့သည့် စက်တင်ဘာ ၃-ရက်နေ့က မကွေးမြို့တွင် အကြမ်းဖက်မှုဖြစ်ပွားစေရန် ရည်ရွယ်၍ ၅-နှစ်သမီးအား အဓမ္မကျင့်သည်ဟု စွတ်စွဲခံရပြီး ဖမ်းဆီးခံလိုက်ရသူသည် မည်သည့်နေရာတွင်ရောက်ရှိနေကြောင်း မသိရသည့်အတွက် မိသားစုမှ စိတ်ပူပန်နေကြောင်း သိရသည်။

    အသက် ၅၁-နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးမှ ၅-နှစ်အရွယ် မိန်းကလေးအား အဓမ္မကျင့်သည်ဟု စွပ်စွဲချက် ထွက်ပေါ်လာပြီး နာရီပိုင်းမပြည့်ခင်မှာပဲ အကြမ်းဖက်မှုဖြစ်ပွားစေရန် လှုံ့ဆော်ခဲ့သော်လည်း အချိန်မီ ၀ိုင်းဝန်းထိန်းသိမ်းနိုင် လိုက်သောကြောင့် အကြမ်းဖက်မှု မဖြစ်ပွားသွားခဲ့ပေ။ သို့သော် အဓမ္မကျင့်သည်ဟုဆို ခံရသူအား ရဲစခန်းမှ ဖမ်းဆီးသွားရာ ယခုအချိန်ထိ မိသားစုမှ တွေ့ဆုံခွင့်လည်းမရ အဆက်အသွယ်လည်း မရသောကြောင့် စိုးရိမ်ပူပန်နေကြောင်းသိရသည်။

    ရဲစခန်းသို့ဆက်သွယ်၍ စုံစမ်းမေးမြန်းသော်လည်း သေချာမသိရပဲ သရက်အကျဉ်းထောင်သို့ ပို့လိုက်ပြီဟုသာ သိရကြောင်း၊ ၅-နှစ်သမီးအား ဆေးစစ်ချက် မအောင်မြင်သော်လည်း အမှုမှန်ပေါ်ပေါက်စေရန် ဆောင်ရွက်ပေးခြင်း မရှိကြောင်း၊ မကွေးရှိ ဘာသာပေါင်းစုံအဖွဲ့အား ယခုကိစ္စတွင် ပါဝင်ဆောင်ရွက်ခြင်း မရှိရန် သတိပေးမှုများရှိသောကြောင့် ဘာသာရေးအဖွဲ့မှလည်း မည်သို့မျှ ဆောင်ရွက်ပေးနိုင်ခြင်း မရှိကြောင်း ပြောလာသည့်အတွက် စွတ်စွဲခံရသူ မိသားစုဝင်များမှာ အမှုမှန်ပေါ်ပေါက်ရေးအတွက် မည်သို့မည်ပုံ ကြိုးစားရမည်ကို မသိ၍ စိတ်သောက ရောက်နေကြောင်း သိရပါသည်။

    မှုခင်းဆရာဝန်၏ ဆေးစာအရ ကလေးတွင် အဓမ္မ ပြုကျင့်ခံထားရသည့် လက္ခဏာများ မရှိဘဲ ဆီး လမ်းကြောင်း ပိုးဝင်သည့် လက္ခဏာသာ တွေ့ရှိရသည်ဟု သိရသည်။

    ၂၀၁၃ ခုနှစ် သြဂုတ်လ အတွင်း၌ ကန့်ဘလူ မြို့ထန်းကုန်းကျေးရွာတွင်လဲ ၂၅ နှစ် အရွယ်အမျိုးသမီး တဦးကို မတရားပြုကျင့်သည်ဟု သတင်းများထွက်ပေါ်ပြီး လှုံ့ဆော်မှုများကြောင့် ထောင်နှင့် ချီသော လူအုပ်က ထန်းကုန်းကျေးရွာရှိ မွတ်စလင်မ်များ ပိုင် အိမ်နှင့် ဈေးဆိုင်ခန်းများကို အကြမ်းဖမ်းမီးရှို့ဖျက်ဆီးပြီး ပစ္စည်းဥစ္စာများ လုယက်ဖျက်ဆီးသည့် ဖြစ်ရပ်ဖြစ်ပွားခဲ့ပါသည်။

    ၂၀၁၂-ခုနောက်ပိုင်းဖြစ်ပွားခဲ့သော ဘာသာတစ်ခုမှ အခြားဘာသာတစ်ခုသို့ အကြမ်းဖက်မှုများတွင် စတင်အကြောင်းရင်းခံ တစ်ခုအဖြစ် အမျိုးသမီးများကို အဓမ္မပြုကျင့်သည့် သတင်းများကို အခြေခံပြီး လှုံ့ဆော်မှုစတင်ပြုလုပ်ခဲ့တာကို လေ့လာတွေ့ရှိရပါသည်