News @ M-Media
Blog
  • Magway:: မကွေးမြို့တွင် ကောလဟလများဖြင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်ဖန်တီး
    စက်တင်ဘာ ၃၊ ၂၀၁၃
    M-Media
    ဇာဏီ
    Magway_TS
    မကွေးတိုင်း ။ ။ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ကောလဟလများလွှင့်၍ အကြမ်းဖက်မှုများဖြစ်ပေါ်စေရန် လှုံ့ဆော်ဖန်တီးမှု တစ်ခု ယနေ့ ၆-နာရီခန့်တွင် ဖြစ်ပွားခဲ့သော်လည်း အကြမ်းဖက်မှုများမဖြစ်ပေါ်စေရန် ၀ိုင်းဝန်းထိမ်းသိမ်းလိုက်ကြောင်း သတင်းရရှိသည်။
    ဖြစ်ပွားပုံမှာ ယခင်ဖြစ်နေကျပုံစံများအတိုင်း မုဒိမ်းကျင့်မှုဟု သတင်းလွှင့်ကာ အကြမ်းဖက်မှုဖြစ်ပေါ်စေရန် ဖန်တီးခဲ့ကြောင်း မကွေးမြို့ခံ တချို့ထံမှ သိရသည်။
    “အခု ကောလဟလလွှင့်လိုက်တာက မုဒိမ်းမှုဖြစ်တယ်ဆိုပြီးလွှင့်ပါတယ်။ ၅-နှစ်သမီးကို မုဒိမ်းကျင့်တယ်လို့ သတင်းလွှင့်လိုက်တာ။ အခုတော့ အဲ့ဒီလူကို ရဲစခန်းက ဖမ်းသွားပါပြီ။ သူက မကွေးမြို့ နွားမွေးမြူရေးခြံရှင် တစ်ဦးပါ။ အသက်က ၅၀-ကျော်ပါပြီ။ သူက ဟိုးအရင်ကတည်းက အေးအေးဆေးဆေးနေထိုင်တဲ့သူတစ်ဦးပါ။ အဲဒီနေရာမှာ သူနေလာတာလည်း အနှစ် ၂၀-ကျော် နေပါပြီ။ ဘာပြဿနာမှလည်း မရှိခဲ့ဘူး။ အခု သူ့ကို ရဲစခန်းက ဖမ်းသွားတယ်ဆိုတော့ သူ့အနီးဝန်းကျင်တ၀ိုက် စုံစမ်းကြည့်တော့လည်း ဘယ်သူကမှ သူ အဲဒါမျိုးလုပ်တယ်လို့ မသိကြဘူး။ မုဒိမ်းကျင့်တယ်ဆိုပြီး တိုင်တာကလည်း ဘယ်သူမှန်းမသိဘူး။ ညနေ ၅-နာရီလောက်မှ သတင်းစထွက်လာတယ်။ ၅း၃၀ နာရီလောက်မှာ သူ့ကို ရဲစခန်းက လာဖမ်းသွားတယ်။
    မကွေးမှာ တခြားတော့ ဘာမှ မဖြစ်ပါဘူး။ အဲ့ဒီ ဖမ်းတဲ့အချိန် ရုတ်ရုတ်သဲသဲ ခဏဖြစ်သွားတာပဲရှိပါတယ်။ ကောလဟလသတင်းလွှင့်ပြီး ပြဿနာဖြစ်အောင် ဖန်တီးတာပါ။ ဖြစ်ခါစကတော့ လုံခြုံရေးတော့ ရှိလိုက်တယ်။ ရဲအစောင့်ချတာမျိုးပေါ့။ အခုတော့ ထိန်းထားလို့ ဘာမှ မဖြစ်ပါဘူး။ အေးအေးဆေးဆေးပဲ ဖြစ်သွားပါပြီ။
    နောက်ထပ်လည်း ဘာပြဿနာမှ မဖြစ်လာစေဖို့ ဆုတောင်းတယ်။ ကျွန်တော့်အနေနဲ့ ဘယ်ဘာသာတရားကိုမှ မစော်ကားသလို ဘယ်ဘာသာဝင်မှ ဒုက္ခရောက်တာမျိုးကို မလိုလားပါဘူး။ ဒါကြောင့် ကောလဟလလွှင့်ပြီး အကြမ်းဖက်မှုဖြစ်အောင် ဖန်တီးမှုအပေါ်မှာ ပြဿနာ မဖြစ်အောင် ၀ိုင်းဝန်းထိန်းသိမ်းကြပါလို့ မကွေးက ဒေသခံတွေကို ကျွန်တော် ပြောချင်ပါတယ်။”လို့ ငြိမ်းချမ်းရေးကို လိုလားသူ မကွေးမြို့ခံတချို့မှ M-Media ကို ပြောပြခဲ့ပါတယ်။
  • စက်တင်ဘာလ ၃ ၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းအကျဉ်းစုစည်း
    စက်တင်ဘာလ ၃ ၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းအကျဉ်းစုစည်း
    M-Media
    စက်တင်ဘာလ- ၃ ရက် ၂၀၁၃
    ရဲအချင်းချင်း မန္တလေးတွင် ပစ်ခတ်မှုဖြစ်
    မန္တလေး မှုခင်းအကူတပ်ဖွဲ့ရုံးအတွင်း တာဝန်ကျနေသည့် ရဲအုပ်မောင်တင့်အား ဒုရဲအုပ်သိန်းသန်းစိုးမှ တာဝန်ကျရာ အခန်းတွင်းဝင်ရောက်ပြီး ခြောက်လုံးပြူးသေနတ်ဖြင့် နားထင်သို့ ပစ်ခတ်ခဲ့သဖြင့် ရဲအုပ်မောင်တင့် သေဆုံးသွားခဲ့သည်။ (ဧရာဝတီ)
    …………………………………………..
    သမ္မတ ဦးသိန်းစိန်နှင့် တရုတ်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာ လီကာကျန်း နန်နင်းမြို့တွင် တွေ့ဆုံဆွေးနွေး
    တရုတ်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ လီကာကျန်းတို့သည် နန်နင်းမြို့ လီယွမ် အပြည်ပြည်ဆိုင်ရာ အစည်းအဝေးခန်းမတွင် တွေ့ဆုံ၍ နှစ်နိုင်ငံဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး၊ မိတ်ဖက်နိုင်ငံများနှင့် ဆက်ဆံရေးတို့ကို အမြင်ချင်းဖလှယ်၍ ဆွေးနွေးခဲ့ကြသည်။
    (နိုင်ငံတော် သမ္မတရုံး)
    …………………………………………..
    ရခိုင်အမျိုးသား သမဂ္ဂ ၂၅-နှစ်မြောက် ကျင်းပခွင့်မရသော်လည်း တွေ့ဆုံပွဲအဖြစ် ပြောင်းလဲ ကျင်းပ
    ရခိုင်အမျိုးသားသမဂ္ဂရဲ့ ၂၅-နှစ်မြောက် နှစ်ပတ်လည်နေ့ကို ယနေ့ နေ့လည်က တော်ဝင်နှင်းဆီမှာ ပြုလုပ်ခဲ့ပါတယ်။ ရခိုင်အမျိုးသားသမဂ္ဂအနေနဲ့ တရားဝင် မှတ်ပုံတင်မရှိတာကြောင့် အစိုးရဘက်က ခွင့်မပြုခဲ့သော်လည်း ရခိုင်တိုင်းရင်းသားများ တွေ့ဆုံပွဲဟု အမည်ပြောင်းကာ ကျင်းပခဲ့ပါတယ်။ (RFA)
    …………………………………………..
    ဆီးရီးယားပဋိပက္ခကြောင့် ဒုက္ခသည် ၂ သန်းအထိရှိလာ
    ဆီးရီးယားတွင်ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကြောင့် ဒုက္ခသည်ဦးရေ နှစ်သန်းအထိရှိလာပြီဟု သိရသည်။ ထိုပမာဏမှာ လွန်ခဲ့သည့်တစ်နှစ်ကထက် ၁၀ ဆ တိုးလာခြင်းဖြစ်သည်။ ထို ၂ သန်းမှာ အိမ်နီးချင်းနိုင်ငံများရှိ ဒုက္ခသည်စခန်းများတွင်နေထိုင်နေရသူများဖြစ်ပြီး ဆီးရီးယားနိုင်ငံအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများမှာ ၄.၂၅ သန်းခန့်ရှိသည်ဟု ကုလသမ္မဂ္ဂက ထုတ်ပြန်သောကြေညာချက်တွင်ဖော်ပြထားသည်။ ၂၀၁၁ ခုနှစ်မတ်လကတည်းက စတင်ဖြစ်ပွားခဲ့သော ဆီးရီးယားပြည်တွင်းစစ်ကြောင့် လူပေါင်း ၁ သိန်းကျော် သေဆုံးခဲ့ပြီးဖြစ်သည်။
    http://www.aljazeera.com/news/middleeast/2013/09/20139364935830495.html
    …………………………………………..
    နယူးယောက် ရဲအရာရှိတစ်ဦးအားတိုက်ခိုက်မှုဖြင့် ဗြိတိန် စစ်သားခြောက်ဦး စွဲချက်တင်ခံရ
    ဗြိတိန်စစ်သားခြောက်ဦးမှာ နယူးယောက်ရဲအရာရှိတစ်ဦးအား တိုက်ခိုက်မှုအတွက် တရားစွဲဆိုခြင်းခံရပြီး ယခုတစ်ပါတ်အတွင်း တရားရုံးသို့ရုံးတင်ဖွယ်ရှိသည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ မက်ဟန်တန် Murray Hill neighborhood ရှိ အရက်ဘားအပြင်ဘက်၌ အသက် ၃၀ အရွယ်ရဲအရာရှိတစ်ဦးဒဏ်ရာရမှုနှင့် ပက်သက်ပြီး စစ်သား ၆ ဦးကို သောကြာနေ့ နံနက်ပိုင်းက ဖမ်းဆီးခဲ့သည်ဟု နယူးယောက် ရဲဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဆာဂျင် သောမတ်စ် အန်တိုနက်တီက ပြောကြားခဲ့သည်။
    http://edition.cnn.com/2013/09/02/justice/new-york-british-soldiers-arrested/index.html?hpt=ieu_c2
    ……………………………………………..
    လစ်ဗျားထောက်လှမ်းရေးအရာရှိဟောင်း၏ သမီး ပြန်ပေးဆွဲခံရ
    ကဒါဖီလက်ထက်က တာဝန်ထမ်းဆောင်ခဲ့သည့် လစ်ဗျားထောက်လှမ်းရေးအကြီးအကဲဟောင်း၏ သမီးဖြစ်သူမှာ ထရီပိုလီမြို့တွင် ပြန်ပေးဆွဲခံခဲ့ရသည်ဟုသိရသည်။ ထောက်လှမ်းရေးအကြီးအကဲဟောင်း အဗ်ဒူလာ အလ် ဆီနော့စ်ဆီ၏ သမီးဖြစ်သူ အနွတ်မှာ သူမ၏ ဖခင်အား တွေ့ဆုံရန် ထရီပိုလီမြို့ရှိ အလ် ရေယိုမီအကျဉ်းထောင်သို့ရောက်ရှိလာခဲ့ပြီး ထောင်မှအပြန်တွင်ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်ကာ ထိုကိစ္စနှင့်ပက်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေသည်ဟု လစ်ဗျားအကျဉ်းဦးစီးဌာန အကြီးအကဲက ပြောဆိုခဲ့သည်။
    http://www.aljazeera.com/news/middleeast/2013/09/20139301541688628.html
    ……………………………………………..
    ဆီရီးယားရှိ ၎င်းတို့၏နိုင်ငံသားများအား ခေါ်ယူရန် အင်ဒိုနီးရှားဆောင်ရွက်မည်
    အင်ဒိုနီးရှားနိုင်ငံသည် ပြင်ပနိုင်ငံများမှ ၀င်ရောက်တိုက်ခိုက်ရန် အခြေအနေရှိနေသည့် ဆီးရီးယားနိုင်ငံရှိ ၎င်းတို့၏ နိုင်ငံသားများအား ကာကွယ်ရန်နှင့် နေရပ်သို့ပြန်လည်ခေါ်ဆောင်ရန် ဦးစားပေးလုပ်ဆောင်သွားမည်ဟု ယမန်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။ သြဂုတ်လတွင်း အင်ဒိုနီးရှားသည် ဆီရီယားရှိ အင်ဒိုနိုင်ငံသား ၅၀၀၀ အားပြန်လည်ခေါ်ယူရန် လေကြောင်းခရီးစဉ်ပေါင်း ၁၇၈ ခုကို စီစဉ်ပေးခဲ့ပြီး ၃၅၀၀ ကျော်မှာ ဌာနေသို့ပြန်လည်ရောက်ရှိခဲ့ကြသည်။ ဆီရီးယားအစိုးရ၏ ထုတ်ပြန်ချက်အရ ဆီးရီးယားနိုင်ငံတွင် အင်ဒိုနီးရှားနိုင်ငံသား ၁၂၅၀၀ ကျော်ရှိပြီး ယခုအချိန်တွင် ၃၈၀၀ ကျော်သာ ကျန်ရှိတော့သည်ဟု သိရသည်။
    http://news.xinhuanet.com/english/world/2013-09/02/c_132685398.htm
    ………………………………………………..
    တူနီးရှားနိုင်ငံတွင် ထောင်ဖောက်မှုဖြစ်ပွား
    အာဖရိကနိုင်ငံတစ်ခုဖြစ်သည့် တူနီးရှားနိုင်ငံတွင် တနင်္ဂနွေနေ့ညက ထောင်ဖောက်မှုတစ်ခုဖြစ်ပွားခဲ့သည်ဟုသိရသည်။ တူနီးရှားနိုင်ငံအရှေ့တောင်ဘက် ဂါဘီဒေသတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုထောင်ဖောက်မှုအတွင်း ထွက်ပြေးခဲ့သည့် အကျဉ်းသား ၁၃ ဦးအား ထိန်းသိမ်းထားနိုင်ခဲ့ပြီး ၄၉ ဦးလွတ်မြောက်သွားသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
    http://edition.cnn.com/2013/09/02/world/africa/tunisia-prison-break/index.html?hpt=iaf_c2
  • အိုင်ယာလန်တွင် အကြီးဆုံးဗလီ တည်ဆောက်ခွင့်ရရှိ
    စက်တင်ဘာ- ၃ ၊၂၀၁၃
    M-Media
    Ireland's Largest Mosque
    ဗလီဝတ်ကျောင်း အကျိုးဆောင်သူများက မွတ်စ်လင်မ် မဟုတ်သူများပါ ကြိုဆိုမည့် ပွင့်လင်း အသိုင်းအ၀ိုင်း တစ်ရပ် ထူထောင်ရန် မျှော်လင့်ထားကြသည်။
    လူနည်းစုမွတ်စ်လင်မ်တို့၏ဘာသာရေးလိုအပ်ချက်အား ဖြည့်စွမ်းပေးရန်အလို့ငှာ ဒဗ်လင် စီမံရေးရာအာဏာပိုင်များက ဒဗ်လင်မြို့မြောက်ပိုင်း ကလုန်းဂရစ်ဖင် (Clongriffin) မြို့တွင် အိုင်ယာလန်၏အကြီးဆုံးဗလီဝတ်ကျောင်းတော် တည်ဆောက်ရန် လက်ခံခွင့်ပြုလိုက်ပြီဖြစ်သည်။
    “ နေရာတိုင်းမှာ အဆိုးမြင်မှုနဲ့တင်းမာမှုတွေ ဖြစ်နေတဲ့ကြားက ဒါဟာ အိုင်ယာလန်မွတ်စ်လင်မ်အသိုင်းအ၀ိုင်းအတွက်ရော အရှေ့အလယ်ပိုင်းအတွက်ပါ အကောင်းမြင်မှုကို ဖြစ်ထွန်းစေပါတယ်။ ကျွန်တော်တို့ကို နေရာပေးခြင်းတစ်ရပ် ဖြစ်ပါတယ် ” ဟု ကလုန်းဂရစ်ဖင်ဗလီတည်ဆောက်ရေး ပရောဂျက်အကျိုးဆောင် အဗ်ဒုလ် ဟစီးဗ် မှ The Irish Times သို့ ပြောကြားခဲ့သည်။
    အိုင်ယာလန်အာဏာပိုင်များမှ ကမကထပြုသည့် စီမံကိန်းဘုတ်အဖွဲ့မှ ဗလီတည်ဆောက်ခွင့်ပြုကြောင်း ဆုံးဖြတ်ထုတ်ပြန်ခဲ့သည်။
    ၅၅၇၃ မီတာပတ်လည်ပေါ်တွင် အထပ် ၃ ထပ်ရှိ ဗလီကိုတည်ဆောက်ရန် လျာထားသည်။ ယင်းအဆောက်အဦတွင် သောကြာနေ့ဝတ်ပြုသူပေါင်း ၅၅၀ ၀င်ဆန့်ပြီး ပွဲလမ်းအခမ်းအနားအတွက် လူ ၃၀၀၀ အထိ တက်ရောက်နိုင်မည်ဟု ခန့်မှန်းကြသည်။ တည်ဆောက်ရေးကုန်ကျစားရိတ်မှာ ပေါင်စတာလင် သန်း ၄၀ ၀န်းကျင် ဖြစ်၍ စွယ်စုံအသုံးချအစ္စလာမ့်စင်တာတစ်ခုအနေနှင့် ရည်မှန်းထားကြသည်။ ဗလီတွင် ၀တ်ပြုရေးဖိတ်ခေါ်မျှော်စင် ၂ ခု၊ ယဉ်ကျေးမှုဌာနတစ်ခု နှင့် ၀တ်ပြုခန်းမတစ်ဆောင် ပါဝင်မည်ဟု သိရသည်။
    ယင်းစီမံကိန်း၌ ရုံးခန်းများ၊ နေ့ကလေးထိန်းကျောင်း၊ စာအုပ်ဆိုင်၊ စာကြည့်တိုက်၊ ဈာပနဆိုင်ရာအခန်း၊ ထိုင်ခုံ ၆၀၀ ဆန့် စည်းဝေးခန်းမ၊ စားသောက်ဆိုင်၊ မူလတန်းနှင့်အလယ်တန်းကျောင်းအပြင် ရေကူးကန်၊ အားကစားရုံ၊ ရေနွေးငွေ့သုံးအပူပေးခန်း စသည်တို့ပါဝင်သည့် လေလုံမိုးလုံ ၂ ထပ်ဆောင်ကျန်မာရေးစင်တာတစ်ခုလည်း ထည့်သွင်းအကောင်အထည်ဖော်မည်ဖြစ်သည်။
    ဗလီတည်ဆောက်ခွင့်ပြုလိုက်ခြင်းအပေါ် အိုင်ယာလန်မွတ်စ်လင်မ်များမှ အလွန်ကြည်နှူးဝမ်းမြောက်လျက်ရှိသည်။
    “ ၀မ်းမြောက်ခြင်းနဲ့အတူတစ်ချိန်တည်းမှာဘဲ  သိမ်ငယ်မှုကို ကျွန်တော်တို့ ခံစားလိုက်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစီမံကိန်းက သိပ်ကြီးပြီး လုပ်စရာတွေ ဒုနဲ့ဒေး ဖြစ်သွားလို့ပါ ”။
    ဗလီဝတ်ကျောင်းအကျိုးဆောင်သူများက မွတ်စ်လင်မ်မဟုတ်သူများပါကြိုဆိုမည့် ပွင့်လင်းအသိုင်းအ၀ိုင်းတစ်ရပ် ထူထောင်ရန် မျှော်လင့်ထားကြသည်။
    “ မည်သူမဆို ပါဝင်နိုင်အောင် ကျွန်တော်တို့ ကြိုးစားသွားပါမယ်။ စိန်ခေါ်မှုများစွာ ရှိဦးမယ်ဆိုတာ ကျွန်တော်တို့ သိထားပါတယ်။ ဒေသတွင်း လူ့အဖွဲ့အစည်းခေါင်းဆောင်နဲ့ဒေသခံတွေကို ဖိတ်ခေါ်ပြီး အတူတစ်ကွ ဆွေးနွေးပြောဆိုရဦးမှာ ဖြစ်တာကြောင့်ပါဘဲ။ ကျွန်တော်တို့က မွတ်စ်လင်မ်အသိုင်းအ၀ိုင်းအတွက်ပဲ အဓိက ရည်ရွယ်ထားခဲ့တာဖြစ်ပေမယ့် အခုအခါမှာတော့ ဒေသခံတွေအားလုံးကိုလည်း ဖိတ်ခေါ်ပါဝင်စေမှာဖြစ်ပါတယ် ” ဟု ပရောဂျက်အကျိုးဆောင် အဗ်ဒုလ် ဟစီးဗ် မှ ဆိုသည်။
    ဒေသခံများကလည်း အလုပ်အကိုင်အခွင့်အလမ်းများပြားလာသဖြင့် ဤစီမံကိန်းပြုရန်ဆုံးဖြတ်ချက်ကို ကြိုဆိုလိမ့်မည်ဖြစ်ကြောင်း လုပ်သားတစ်ဦးဖြစ်သူ TD Sean Kenny က ပြောပြ၏။
    အိုင်ယာလန်လူဦးရေ ၄.၅ သန်းအနက် မွတ်စ်လင်မ်တို့မှာ ၁.၁ ရာခိုင်နှုန်းရှိသည်။ လွန်ခဲ့သော နှစ် ၂၀ က မွတ်စ်လင်မ်ဦးရေမှာ ၄၀၀၀ ခန့်သာရှိခဲ့သည်။ ပြောင်းရွှေ့အခြေချသူများ၊ မွေးဖွားမှုများ နှင့် ကူးပြောင်းသက်ဝင်လာသူများအားဖြင့် များပြားလာကြသည်။ ၂၀၁၁ ခုနှစ်စစ်တမ်းအရ ကျောင်းနေအရွယ်ကလေးငယ် တစ်သောင်းနှစ်ထောင်အပါအ၀င် မွတ်စ်လင်မ်လူဦးရေ ၄၉၂၀၄ ဦး ရှိပြီး ၂၀၀၆ ခုနှစ်မှစ၍ ၅၁ % ထိ တိုးတက်လာခဲ့သည်။
    Ref : OnIslam
  • နာမည်ကြီး ဟိန္ဒူ ဂုရုတစ်ဦး မုဒိန်းမှုဖြင့် ထိန်းသိမ်းခံရ
    စက်တင်ဘာ ၃ ၊ ၂၀၁၃
    M-Media
    _69601966_69601961
    သူသည် ဒဏ်ငွေဆောင်လျော်ကြေးပေးရန်တောင်းဆိုခြင်းခံထားရကာ အင်္ဂါနေ့တွင် တရားရုံးမှ ကြားနာမည်ဖြစ်သည်။
    အဆရာမ်ဘာဘူက မိမိ၌ အပြစ်မရှိကြောင်းဆို၍ ဒဏ်ငွေတပ်ခံရမှုကို ငြင်းဆိုထားသည်။
    ယခုနှစ်အစောပိုင်းတွင် ဒေလီမြို့ရှိ မုဒိန်းဂိုဏ်း၏ဓားစာခံများနှင့်ပတ်သက်၍ မဆင်မခြင်ပြောဆိုမှုအတွက် သူ့အား ဝေဖန်ခဲ့ကြသည်။
    သူ၏အမြင်က အိန္ဒိယလူထုအကြား ဒေါသူပုန်ထသွားစေခဲ့သည်။
    အသက် ၇၂ နှစ်အရွယ် ဂုရု၏ ပင်မတရားစခန်းမှာ ဂူဂျာရတ်ပြည်နယ်၊ အဟ်မဒီဘတ်မြို့၌ တည်ရှိပြီး အိန္ဒိယအတွင်း နောက်လိုက်သား သန်းနှင့်ချီရှိနေသည်။ သူ၏ ဟိန္ဒူဘာသာနှင့်ကျင့်ကြံမှုပုံဟန်များကြောင့် တဟုန်ထိုးရေပန်းစား ကျော်ကြားလာခဲ့သူဖြစ်သည်။
    အင်ဒိုရီမြို့လယ်ရှိ သူ့တရားစခန်း၌ သူ့အား စနေနေ့ညတွင် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ တနင်္ဂနွေနေ့တွင် အခင်းဖြစ်ပွားခဲ့သော ရာဂျတ်စတန်ပြည်နယ်အနောက်ပိုင်းရှိ ဂျိုဟ်ပူးရ်မြို့သို့ ပို့ဆောင်ခဲ့သည်။
    မြို့အသီးသီးရှိ သူ့အားထောက်ခံသူများမှ ပြင်းထန်စွာကန့်ကွက်ခဲ့ပြီး နိုင်ငံရေးကိစ္စဖြင့် ထိန်းသိမ်းခံရသည်ဟု ဆိုကြသည်။
    သို့သော် ယင်းတရားစခန်းကို ဆန့်ကျင်သူတို့လည်း အများအပြားရှိနေကြကာ အခြားသောမုဒိန်းမှုကျူးလွန်သူတို့အတိုင်း စီရင်ဖို့တောင်းဆိုလျက်ရှိကြသည်။
    မိန်းကလေး၏မိသားစုသည် မိမိတို့မှာ ယင်းဂုရု၏နောက်လိုက်များအဖြစ် ၁၂ နှစ်ကြာအောင်ရှိခဲ့ကြကြောင်း၊ ပြီးခဲ့သည့် အပတ်က ၀တ်ပြုမှုပြီးသည့်နောက် မိန်းကလေးငယ်အား နေရစ်ရန် ခိုင်းစေပြီးစော်ကားခဲ့ကြောင်း၊ ထိုအချိန်တွင် မိခင်ဖြစ်သူမှာ ပြင်ပတွင်စောင့်ဆိုင်းနေခဲ့ရကြောင်း ရဲဌာနသို့ တိုင်ကြားထားသည်။
    Ref: BBC
  • စက်တင်ဘာ ၃ ၊ အားကစားသတင်းများ
    စက်တင်ဘာ ၃ ၊၂၀၁၃
    M-Media
    ကိုလေး စုစည်းတင်ဆက်သည်။
    Ozil
    အိုဇေးလ်အား အာဆင်နယ်ခေါ်ယူ
    နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ငွေးကြေးသုံးစွဲမှုနည်းပါးခဲ့သည့် အာဆင်နယ်အသင်းမှာ ရီးယဲမက်ဒရစ်အလယ်တန်းလူ မီဆုအိုဇေးလ်အား ဈေးကွက်မပိတ်မီနာရီအနည်းငယ်အလိုတွင် ယူရိုသန်း ၅၀ ဖြင့်ခေါ်ယူလိုက်ပြီဟုသိရသည်။ အာဆင်နယ်အသင်းသို့ မထင်မှတ်ဘဲရောက်ရှိလာသည်ကို အံ့သြနေသည့် အိုဇေးလ်က “ဖြစ်ပျက်လာတဲ့အကြောင်းအရာတွေဟာ လွန်ခဲ့တဲ့ရက်အနည်းက ကျနော်ထင်ထားတာထက်  ခြားနားနေပါတယ်။ ခင်ဗျားတို့နဲ့အတူရှိနေခဲ့တဲ့ ပျော်ရွှင်ဖွယ်သုံးနှစ်တာအတွက် ခင်ဗျားတို့အားလုံးကိုကျေးဇူးတင်ပါတယ်။ ရီးယဲယ်မှာ ရှိနေခဲ့တဲ့အချိန်တွေဟာ ကျနော့်အတွက်တော့ ထူးခြားကောင်းမွန်တဲ့အချိန်တွေပါပဲ။ ရီးယဲလ်အသင်းကို စွန့်ခွာခဲ့ပေမယ့် ရီးယဲလ်နဲ့ ခင်ဗျားတို့ အကောင်းဆုံးအနာဂတ်ကို ရရှိပါစေလို့ ကျနော် ဆန္ဒပြုပါတယ်။ အခုတော့ ကျနော်ရဲ့ ကလပ်အသစ် အမြောက်တပ်သားတွေနဲ့ ရှေ့ကို ခရီးဆက်လိုက်ပါဦးမယ်” ဟု သူ၏ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားခဲ့သည်။
    ထို့ပြင်အာဆင်နယ်အသင်းမှာ ပါလာမိုအသင်း၏ ဂိုးသမား အီမီလီယာနို ဗီဗီယာနိုကိုလည်း တစ်နှစ်အငှားစာချုပ်ဖြင့်ခေါ်ယူလိုက်သည်။
    …………………………………………………
    ရီဘာရီမရှိပါက ဘိုင်ယန် ဖလားသုံးလုံးမရနိုင်
    ယမန်နှစ်က ဖလားသုံးလုံးရရှိခဲ့သည့် ဘိုင်ယန်မြူးနစ်အသင်းတွင် အဓိကနေရာမှ ပါဝင်ခဲ့သည့် ပြင်သစ်ကွင်းလယ်လူ ရီဘာရီအား ဂျာမနီနှင့် ဘိုင်ယန်မြူးနစ်အသင်း၏ ဂန္တ၀င်ကစားသမား ဘက်ကင်ဘောင်ဝါက ချီးကျူးပြောဆိုလိုက်သည်။ ရီဘာရီမှာ ၂၀၁၂-၂၀၁၃ ဥရောပအကောင်းဆုံးကစားသမားဆုအား ပူပူနွေးနွေးရရှိထားသူဖြစ်သည်။ “ရီဘာရီမရှိဘဲနဲ့ ဘိုင်ယန်ဟာဖလားသုံးလုံးမရနိုင်ပါဘူး။ တစ်လုံး၊ နှစ်လုံးလောက်တော့ ရကောင်းရနိုင်ပါတယ်။ ဒါပေမယ့် သုံးလုံးစလုံးတော့ မရနိုင်ပါဘူး။ ဖရန့်ရီဘာရီဟာ အသင်းအတွက် အများကြီးကူညီပေးခဲ့ပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာမဆို သူဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတွေထဲက တစ်ယောက်ပါ။ ဒီနှစ်တော့သူဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဖြစ်ခဲ့ပါတယ်” ဟု ဘက်ကင်ဘောင်ဝါ၏ ပြောကြားခဲ့မှုအား ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ ၀ဘ်ဆိုဒ်တွင်ဖော်ပြထားသည်။
    …………………………………………………………..
    ဖယ်လိုင်နီ မန်ယူရောက်ပြီ
    အဲဗာတန်အသင်း၏ ကွင်းလယ်လူ မာရော်နီ ဖယ်လိုင်နီမှာ မန်ချက်စတာယူနိုက်တက်အသင်းသို့ ပေါင် ၂၇.၅ သန်းဖြင့်ပြောင်းရွှေ့သွားပြီဖြစ်သည်။ ဖယ်လိုင်နီမှာ နည်းပြဟောင်းဒေးဗစ်မိုယက်စ်နှင့်ပြန်လည်တွေ့ဆုံရမည်ဖြစ်သည်။ ဒေးဗစ်မိုယက်စ်က “မာရော်နီနဲ့ ကျနော် ငါးနှစ်လောက် အလုပ်တွဲလုပ်ခဲ့ဖူးပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့တဲ့အတွက် ကျနော်ပျော်ရွှင်မိပါတယ်။ သူဟာ သန်မာပြီး စွမ်းရည်ပြည့်ဝတဲ့ ကစားသမားကောင်းတစ်ယောက်ပါ။ ပြီးတော့ သူဟာ ကျနော်တို့အသင်းကို ပြောင်းလဲစေလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။” ဟု ပြောကြားခဲ့သည်။
    ………………………………………………………….
    ဖယ်လိုင်နီ၏နေရာကို အားဖြည့်ရန်အတွက် ကစားသမားနှစ်ဦးအား အဲဗာတန်ခေါ်ယူ
    အဲဗာတန်အသင်းသည် အသင်းမှထွက်ခွာသွားသည့် အလယ်တန်းလူ ဖယ်လိုင်နီ၏နေရာအား အစားထိုးရန်အတွက် ၀ီဂန်အသင်း၏ လူငယ် အလယ်တန်းကစားသမား ဂျိမ်းမက္ကာသီနှင့် မန်စီးတီးအသင်း၏ ကစားသမား ဂါရတ် ဘယ်ရီတို့အား ခေါ်ယူလိုက်သည်ဟုသိရသည်။ မက္ကာသီအတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၇.၅သန်းပေးချေခဲ့ရပြီး ဘယ်ရီအား ၁ နှစ်အငှားစာချုပ်ဖြင့်ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အဲဗာတန်အသင်းမှာ ချယ်ဆီးလူငယ်တိုက်စစ်မှူး လူကာကူကိုလည်း တစ်နှစ်အငှားစာချုပ်ဖြင့်ခေါ်ယူခဲ့သည်။
    ………………………………………………………
    တတိယဂိုးသမား အဒန်အား ရီးယဲလ်သက်တမ်းမတိုးတော့
    ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်းရှိ တတိယဂိုးသမား အန်တိုနီယိုအဒန်အား စာချုပ်သက်တမ်းထပ်မံမတိုးတော့ဘဲ အသင်းမှ ထွက်ခွာခွင့်ပေးလိုက်ပြီဟု ကြေညာခဲ့သည်။ အသက် ၂၆ နှစ်အရွယ်ရှိ အဒန်မှာ ရီးယဲလ်အသင်း၏ လူငယ်သင်တန်းကျောင်းမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး ၂၀၁၀ ခုနှစ် ချန်ပီယံလိဂ်ပွဲစဉ်တစ်ခုတွင် ရီးယဲလ်အသင်းနှင့် ပထမဦးဆုံးပွဲထွက်ခွင့်ရခဲ့သည်။ “ရီးယဲလ်အသင်းနှင့် အန်တိုနီယို အဒန်တို့ ချုပ်ဆိုထားသောစာချုပ်မှာ ပြီးဆုံးသွားပြီဖြစ်သည်။ သူ၏ ဖရော်ဖက်ရှင်နယ်ပီသမှုနှင့် အသင်းအားချစ်မြတ်နိုးမှုအတွက် ရီးယဲလ်မှ ကျေးဇူးတင်ရှိပါသည်။ အဒန်၏အနာဂတ်တွင် ကံကောင်းပါစေကြောင်း အသင်းမှ ဆုတောင်းလိုက်ပါသည်။” ဟု ရီးယဲလ်မက်ဒရစ် အသင်း၏ ၀ဘ် စာမျက်နှာတွင်ရေးသားထားသည်။ အဒန်မှာ ရီးယဲလ်မက်ဒရစ်အသင်းနှင့် ၁၈ ပွဲသာ ပွဲထွက်ခွင့်ရခဲ့သည်။
    ………………………………………………………
    စပိန်ကစားသမားများ ကွာတားသို့ရောက်ရှိခဲ့ကြသည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ စတုတ္ထအဆင့်ပွဲစဉ်များ
    ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားပွဲစဉ်များကို ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့ရာ နာမည်ကြီးကစားသမား ရော်ဂျာဖက်ဒါရာ ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီး၊ နာဒယ်လ်နှင့် ဖာရဲရားတို့မှာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်ဟုသိရသည်။
    ယခင်ကမ္ဘာ့အဆင့် ၁ တင်းနစ်သမား ရော်ဂျာဖက်ဒါရာနှင့် စပိန်တင်းနစ်သမား တိုမီ ရော်ဘာဒိုတို့ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် ဖက်ဒါရာမှ ရှုံးနိမ့်ခဲ့သည်ဟုသိရသည်။
    ဂရင်လင်းဆုဖလားအား ၁၇ ကြိမ်ရခဲ့သည့် ဖက်ဒါရာမှာ သြစတေးလျအိုပင်းတင်းနစ်ပြိုင်ပွဲတွင် ဆီးမီးဖိုင်နယ်၊ ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရပြီး ယခု ယူအက်စ်အိုးပင်းတစ်နစ်ပြိုင်ပွဲတွင် ရော်ဘာဒိုအား ၇-၆(၇-၃)၊ ၆-၃၊ ၆-၄ ဖြင့်ရှုံးနိမ့်ခဲ့ကာ စတုတ္ထအဆင့်မှပင် ထွက်ခွာခဲ့ရသည်။ ဖက်ဒါရာမှာ ယခင်က မည်သည့်စပိန်တင်းနစ်သမားကိုမှ ရှုံးနိမ့်ဖူးခြင်းမရှိခဲ့ဘဲ ယခု ပထမဦးဆုံးအကြိမ်အဖြစ် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
    နာဒယ်လ်မှာ ဂျာမန်တင်းနစ်သမား ဖီးလစ် ကိုရှရိုင်ဘာအား အကြိတ်အနယ်ကစားကာ ၆-၇(၇-၄)၊ ၆-၄၊ ၆-၃၊ ၆-၁ ဖြင့် အနိုင်ရရှိခဲ့ပြီး ဖာရဲရားမှာ ဆားဘီးယန်း တင်းနစ်သမား ဂျန်ကို တစ်စရေးဗစ်အား ၇-၆(၇-၂)၊ ၃-၆၊ ၇-၅၊ ၇-၆(၇-၃) ဖြင့်အနိုင်ရရှိခဲ့သည်။
    အခြားပွဲစဉ်တစ်ခုဖြစ်သည့် ရစ်ချတ်ဂတ်စ်ကွက်နှင့် မီလို့စ် ရိုအာနစ်တို့ပွဲစဉ်တွင် ပြင်သစ်တင်းနစ်သမား ရစ်ချတ်ဂတ်စ်ကွက်က ရိုအာနစ်အား ၆-၇(၇-၄)၊ ၇-၆(၇-၄)၊ ၂-၆၊ ၇-၆(၁၁-၉)၊ ၇-၅ ဖြင့်အနိုင်ရရှိခဲ့ကာ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည်။
    skysport
    …………………………………………………………………..
    ဗင်ချီနှင့် ဟန့်ချိုဗာတို့ ကွာတားသို့တက်ရောက်နိုင်ခဲ့ကြသည့် ယူအက်စ်အိုးပင်း အမျိုးသမီး စတုတ္ထအဆင့်ပွဲစဉ်များ
    ယူအက်စ်အိုးပင်း စတုတ္ထအဆင့်ပွဲစဉ်တွင် အီတလီတင်းနစ်မယ် ရော်ဘက်တာ ဗင်ချီမှာ တစ်နိုင်ငံတည်းသူ ကမီလာ ဂျီအော်ဂျီအား အနိုင်ရရှိခဲ့ကာ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီဟုသိရသည်။ ၁ နာရီကျော်သာကြာမြင့်ခဲ့သည့် အဆိုပါပွဲစဉ်တွင် ဗင်ချီက တတိယအဆင့်အတွင် ကမ္ဘာ့နံပါတ် ၁ တင်းနစ်မယ် ကာရိုလိုင်း ၀ုဇ်နီအက်ကီကို အနိုင်ရရှိခဲ့သည့် ဂျီအော်ဂျီအား ၆-၄၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဗင်ချီမှာ ကွာတားဖိုင်နယ်တွင် ဆီမိုနာ ဟာလက်ပ်အား ၆-၂၊ ၇-၆ ဖြင့်အနိုင်ရရှိခဲ့သည့် ဆီဒင်မဲ့ တစ်နိုင်ငံတည်းသူ ဖလာဗီယာ ပန်နက်တာနှင့် တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဗင်ချီမှာ ယူအက်စ်အိုးပင်းကွာတားဖိုင်နယ်သို့ ၂ နှစ်ဆက် တက်ရောက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။
    အခြားပွဲစဉ်များတွင် ၁၁ နှစ်တိုင် ယူအက်စ်အိုးပင်းကွားတားဖိုင်နယ်သို့မရောက်ခဲ့သည့် ဆလိုဗက်ကီးယား တင်းနစ်မယ် ဒန်နီယယ်လာ ဟန့်ချိုဗာမှာ အမေရိကန်တင်းနစ်မယ် အလိုင်ဆန် ရစ္စကီအား ၆-၃၊ ၅-၇၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့ကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။
    skysport
    …………………………………………………………………..
    Deutsche Bank Championship ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဟင်းနရစ် စတန်ဆန် ဗိုလ်စွဲ
    အမေရိကန်နိုင်ငံ ဘော်စတွန်မြို့တွင်ကျင်းပပြုလုပ်သည့် Deutsche Bank Championship ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဆွီဒင်နိုင်ငံသား ဟင်းနရစ်စတန်ဆန်က အနိုင်ရဗိုလ်စွဲခဲ့သည်ဟု သိရသည်။ စတန်ဆန်မှာ ပြိုင်ပွဲနောက်ဆုံးနေ့အစပိုင်းတွင် ဆာဂျီယို ဂါစီယာ၏နောက် ဒုတိယနေရာတွင်ရှိနေခဲ့သော်လည်း ဘာဒီငါးချက်ရခဲ့ပြီး စုစုပေါင်းရိုက်ချက် ၆၆ချက်ဖြင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ စတန်ဆန်က “နောက်ဆုံးနေ့မှာကျနော် နည်းနည်းပိုကောင်းအောင်ရိုက်နိုင်ခဲ့ပါတယ်။ အနောက်ရောက်နေရာက ဗိုလ်စွဲအောင်ရိုက်နိုင်တဲ့အတွက် ကျနော်ကျေနပ်မိပါတယ်” ဟု ပွဲပြီးတွင် ပြောကြားခဲ့သည်။