News @ M-Media

Blog

  • ဘာသာကြီး နှစ်ခုအကြား သဟဇာတရှိရေးအတွက် ဆွေးနွေးသည့် “သင့်မြတ်သူများပွဲတော်”

    စက်တင်ဘာ ၇၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    ဘာသာကြီး နှစ်ခုအကြား သဟဇာတရှိရေးအတွက် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာအကြား ဆွေးနွေးသည့် “သင့်မြတ်သူများပွဲတော်”

    565049_586517901390684_575443552_n

    ရန်ကုန် ။ ။ ဘာသာကြီး နှစ်ခုအကြား သဟဇာတရှိရေးအတွက် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာအကြား ဆွေးနွေးသည့် သင့်မြတ်သူများပွဲတော်ဆွေးနွေးပွဲကို ယနေ့ နေ့လည် ၁း၃၀-နာရီမှ ၄း၀၀-နာရီထိ ရန်ကုန်မြို့၊ ရွှေ္ဂဂုံတိုင်လမ်း၊ ဗဟန်းအားကစားကွင်းရှိ M-3 Food Center တွင် ကျင်းပပြုလုပ်ခဲ့သည်။

    အဆိုပါ ဆွေးနွေးပွဲတွင် မလေးရှာနိုင်ငံမှ ဒေါက်တာ ချန်ဒရာမူဇာဗာ၊ အရှင် ဓမ္မာစရိယစာရ၊ ဒေါက်တာမြင့်သိန်းနှင့် စာရေးဆရာ ကိုတာ တို့မှ ပါဝင်ဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာသူများမှ မေးမြန်းချက်များကို ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည် ဖြေကြားပေးခဲ့ကြသည်။ ၎င်းဆွေးနွေးပွဲသို့ ဘာသာပေါင်းစုံမှ စုစုပေါင်း လူ ၄၀၀-ခန့် တက်ရောက်ခဲ့ကြသည်။

    ဒေါက်တာ ချန်ဒရာမူဇာဗာမှ “ယနေ့ကမ္ဘာရဲ့ အကြီးကျယ်ဆုံးသော စိန်ခေါ်မှုကတော့ ကွဲပြားခြားနားတဲ့ နောက်ခံအခြေအနေနဲ့ ကွဲပြားမှု အမျိုးမျိုးရှိသူတွေအနေနဲ့ ဘယ်လိုမျိုးအတူတကွ နေနိုင်မလဲဆိုတာ ဆွေးနွေးကြဖို့လိုပါတယ်။ ကွဲပြားခြားနားမှုရှိတဲ့ လူ့အသိုင်းအ၀ိုင်းမှာ တင်းမာမှုတွေ၊ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေနဲ့ စစ်ပွဲတွေ ဖြစ်နေတာ မြင်ရမှာဖြစ်ပါတယ်။ ကွဲပြားခြားနားတဲ့ လူ့ဝန်းကျင်တစ်ခုမှာ ငြိမ်းချမ်းစွာအတူနေကြမယ်ဆိုတာနဲ့ပတ်သက်ပြီး ရိုးရိုးရှင်းရှင်းအဖြေတော့မရှိပါဘူး။ အခြေအနေတစ်ခုချင်းစီကို အသုံးပြုနိုင်တဲ့ ပုံသေနည်း၊ ဖော်မြူလာဆိုတာလည်း မရှိပါဘူး။ လူမျိုးဘာသာပေါင်းစုံ နေထိုင်ခဲ့ကြတဲ့အပေါ်မှာ မူတည်ပြီးတော့ ဘယ်လို ငြိမ်းချမ်းစွာနေထိုင်နိုင်မလဲဆိုတာ ဆန်းစစ်လေ့လာလို့ရပါတယ်။

    လူ့အဖွဲ့အစည်းကြားမှာ ရိုသေလေးစားမှု (Respect)ပျက်စေတဲ့ အကြောင်းချင်းရာတစ်ခုကတော့ အမုန်းစကားတွေ၊ အမုန်းတရားတွေ၊ အမုန်းနဲ့ပတ်သက်တဲ့အကြောင်းတရားတွေ Hate Speech တွေ ပျံ့နှံ့နေခြင်းပဲဖြစ်ပါတယ်။ Hate speech ဟောပြောသွန်သင်ချက်တွေ ပျံ့နှံ့နေတဲ့ လူ့အသိုင်းဝိုင်းကြားမှာ တစ်ဦးနဲ့တစ်ဦး၊ တစ်ယောက်နဲ့တစ်ယောက် ဟန်ချက်ညီမှုဆိုတာ ရှာတွေ့ဖို့ ခဲယဉ်းမှာဖြစ်ပါတယ်။ ဒါကြောင့် တာဝန်ရှိတဲ့၊ တာဝန်သိတဲ့ အစိုးရတိုင်းက အမုန်းတရားတွေ မပြန့်ပွားစေဖို့ ခိုင်ခိုင်မာမာနဲ့ ချက်ချင်းလက်ငင်းနဲ့ အရေးယူဆောင်ရွက်လေ့ရှိတယ်ဆိုတာ တွေ့ရပါတယ်။ Hate speech တွေဟာ လူနည်းစုဆီကဖြစ်ဖြစ်၊ လူများစုဆီကဖြစ်ဖြစ်၊ ဘယ်နေရာကလာသည်ဖြစ်ဖြစ် အစိုးရအနေနဲ့ တိတိကျကျ အရေးယူဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဲလို အမုန်းပွားစေတဲ့ အကြောင်းအရာတွေကို ထိထိရောက်ရောက်နဲ့ ချက်ချင်း အရေးယူရာမှာ ကျွန်တော်တို့ အရှေ့တောင်အာရှမှာ နမူနာယူရမယ့်နိုင်ငံတစ်ခုက စင်ကာပူအစိုးရဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ပုတ်ခတ်ခြင်း၊ နိမ့်ကျသေးသိမ်အောင် ပြုလုပ်ခြင်းတို့ မရှိအပ်ပဲ တစ်ဦးနဲ့တစ်ဦး လေးစားမှုရှိရမှာဖြစ်ပါတယ်။

    လူမှုဆက်ဆံရေး အလေ့အထတွေမှာ အလေးထားမှုဆိုတာ ပါဝင်မနေရင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြားမှာ ယုံကြည်မှု၊ လေးစားမှု ပျက်စီးသွားမှာဖြစ်ပါတယ်။ အတိုချုံးကြည့်မယ်ဆိုရင် လူ့အဖွဲ့အစည်းတစ်ခု နိုင်ငံတစ်ခုမှာ အတိုင်းအတာတစ်ခုထိ ဟန်ချက်ညီမှု၊ ငြိမ်းချမ်းမှုအတွက် အရေးကြီးတဲ့အကြောင်းအချက် ၃-ခုက လူ့အခွင့်အရေး၊ တာဝန်ယူမှု၊ အလေးထားမှု ဆိုတာကို အလေးအနက်ပြုဖို့ လိုပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

    အရှင် ဓမ္မာစရိယစာရ မှ မိန့်ကြားသည်မှာ “မတူကွဲပြားမှုများနှင့် လက်တွဲနေထိုင်ကြခြင်းဆိုတဲ့အကြောင်းကို ပြောမှာပါ။ ဂျာနယ်တွေ၊ သတင်းစာတွေရဲ့အဆိုရ မြန်မာပြည်မှာ လူဦးရေ သန်းပေါင်း(၆၄)သန်းနဲ့ လူမျိုးနွယ်စုပေါင်း (၁၃၅)လို့ ဆိုထားပါတယ်။ အဲလို မတူညီတာတွေမှာ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အနုပညာရေး စတဲ့နယ်ပယ်အသီးသီးမှာ မတူညီကြတဲ့အတွက် ပြဿနာတွေရှိနေတာဟာ အရင်ကလည်းရှိခဲ့တယ်၊ အရှိလည်းရှိဆဲ၊ နောင်လည်း ရှိဦးမှာပဲ။ ရခိုင်နဲ့ မိတ္ထီလာမှာဖြစ်ခဲ့တဲ့ ရုပ်ပျက်ဆင်းပျက်ပြဿနာတွေ ဘာကြောင့်ဖြစ်ခဲ့ရတာလဲ။ လူ့တန်ဖိုးကို ပိုပြီးတော့ တန်ဖိုးထားကြတဲ့ ခေတ်ကာလကြီးမှာ အတိတ်က ဆိုးဝါးတဲ့ဖြစ်ရပ်တွေ ဘာကြောင့်ဖြစ်နေရတာလဲ။ ပြဿနာမဟုတ်တာကို ကြံဖန်လုပ်ကြလို့ ပြဿနာတွေ ပိုကြီးထွားလာရတာပါ။ ပြဿနာဆိုတာဟာ နားလည်မှုလွဲတာက စပါတယ်။

    နားလည်မှုလွဲတာက မိမိတို့ရဲ့ လောဘတွေ၊ ဒေါသတွေကို ရှေ့တန်းတင်ခဲ့ကြလို့၊ လူလူချင်း အပြန်အလှန် မလေးစားကြလို့၊ စည်းကမ်းမရှိကြလို့၊ တရားဥပဒေ စိုးမိုးမှု မရှိလို့ဖြစ်ပါတယ်။ ပြည်သူအချင်းချင်းကြားမှာ မယုံကြည်မှုတွေ ဖြစ်လာရင် နောင်လာမယ့် အနာဂတ်ဟာ ကောင်းဖို့ လမ်းမမြင်ပါဘူး။ အဲလိုတွေမဖြစ်အောင် ယုံကြည်မှု တည်ဆောက်ကြရပါမယ်၊ ဥပဒေကို လေးစားရပါမယ်။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် အသိအမှတ်ပြုရပါမယ်။ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာတွေးခေါ်ခွင့်တွေ လူတိုင်းမှာ ရှိပြီးသားဖြစ်လို့ ဥပဒေအထက်မှာ စစ်တပ်တစ်ခုသော်လည်းကောင်း၊ လူတစ်စုသော်လည်းကောင်း၊ ပါတီတစ်ခုသော်လည်းကောင်း၊ လူမျိုးတစ်မျိုးသော်လည်းကောင်း၊ ဘာသာတစ်ရပ်သော်လည်းကောင်း ရှိမနေရပါဘူး။ ဥပဒေအောက်မှာ ဗမာဟာ တစ်ကျပ်ရလိမ့်မယ်ဆိုရင်၊ ကရင်လည်းတစ်ကျပ်၊ ကယားလည်းတစ်ကျပ်၊ ကချင်လည်းတစ်ကျပ်၊ အားလုံးတစ်ကျပ်ရ ရပါမယ်။ ဘိန်းစားချင်းအတူတူ တစ်မူး ပိုမရှူချင်ကြပါနဲ့။ လူသားချင်းအတူတူ တန်ဖိုးထားရပါမယ်။

    ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဟောကြားထားတယ်။ လောကမှာကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုး၊ မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုး ရပါလိမ့်မယ်။ မနာလို ၀န်တိုစိတ်မထားပါနဲ့။ ကိုယ့်ထက်သာ မနာလိုတဲ့ ၀န်တို မစ္ဆိယစိတ်ကြောင့် မြန်မာပြည်ဟာ အောက်တန်းနောက်တန်းကျခဲ့ရတာပါ။

    ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ရဟန်းတွေကို ဆုံးမခဲ့ပါတယ်။ သူတစ်ပါးကို စကားပြစ်တင် မဆိုပါနှင့်။ ကိုယ် နှုတ် ဥစ္စာတို့ကို မနှိပ်စက်ပါနှင့်။ လောကပါလတရား ၂-ပါး ရှိပါတယ်။ “လို့ ထည့်သွင်း မိန့်ကြားခဲ့ပါတယ်။

    ဒေါက်တာမြင့်သိန်းမှ “မြန်မာနိုင်ငံမှာ ဟိုးယခင်ကတည်းက အစ္စလာမ်ဘာသာဝင်တွေဟာ ပသီအဖြစ်နဲ့ ရှိခဲ့တာ ကျောက်စာတွေအရ အထင်အရှားပါ။ မြန်မာနိုင်ငံလို့ပေါ်ပေါက်လာ ကတည်းက ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ နတ်ကိုးကွယ်တာ ဒါတွေဟာ မြန်မာနိုင်ငံရဲ့ သာသနာတော်တွေပါ။ ဒီနေ့ ဒီမိုကရေစီခေတ် ဖွဲ့စည်းခါစပဲရှိသေးတယ်။ မင်းမပါဘူး။ ငါမပါဘူနဲ့ ဆိုတာဟာ မဖြစ်သင့်ဘူး။ အမိမြန်မာနိုင်ငံမှာ လူမျိုး ၁၃၅ မျိုးဆိုတာဟာ ၁၉၇၃-ခုနှစ်စာရင်းမှာ တိုင်းရင်းသားလူမျိုး ၁၄၄-မျိုးရှိတယ်။ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေ အာဏာပြင်ဆင်တဲ့အခါမှာ ၉-န၀င်းချေတဲ့အနေနဲ့ တိုင်းရင်းသား ၉-မျိုးကို မည်သူ့သဘောထားဆန္ဒမျှ မပါပဲ ဖြုတ်ပြစ်ခဲ့တာကြောင့် ၁၃၅-မျိုးပဲ ကျန်တော့တာ။

    ကံ ကံ၏အကျိုးတရားကို ယုံကြည်ပါ။ ပြည်သူတွေကို၊ အခြားဘာသာတွေကို ညှဉ်းပန်းနေမယ်၊ ဒုက္ခတွေပေးနေမယ်ဆိုရင် ဘယ်သူမဆို ကံ ကံ၏အကျိုးတရားက မကြာခင် ကိုယ်ပဲ ဒုက္ခရောက်မယ်ဆိုတာ ပြောရင်း နိဂုံးချုပ်ပါတယ်။”လို့ သူ၏ ဟောပြောမှုမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    တဖန် စာရေးဆရာ ကိုတာမှလည်း ဗုဒ္ဓဘာသာတရားတော်နှင့်အညီ နေထိုင်ကြရန် အစွန်းရောက်မှုမရှိအောင် နေထိုင်ကြရန်ကို ဓမ္မတရားနှင့် အညီ ထည့်သွင်းပြောကြားခဲ့ပါတယ်။ လူမျိုးရေး၊ ဘာသာရေးအရ သင့်မြတ်စွာနေထိုင်ကြဖို့ အထူးလိုအပ်ကြောင်းနဲ့ သင့်မြတ်စွာနေဖို့အဆင့်များ၊ သီလနဲ့ညီတဲ့ စိတ်ကူးကို စိတ်ကူးကြဖို့ကိုလည်း ပြောကြားပြီး ဆိုရှယ်မီဒီယာတွေမှာလည်း မဟုတ်တဲ့ ဒေါသတွေမလုပ်ကြပါနဲ့ မဖျက်ဆီးကြပါနဲ့ဟုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ထို့နောက် တက်ရောက်လာသူများ၏ မေးခွန်းများကို ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြပါတယ်။

    အဆိုပါ သင့်မြတ်သူများပွဲတော် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများမှာ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်အများစု တက်ရောက်ကြပြီး ခရစ်ယာန်ဘာသာဝင်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

  • စက်တင်ဘာ ၇ ၊ အားကစားသတင်းများ

    စက်တင်ဘာ ၇ ၊ ၂၀၁၃
    M-Media
    ကိုလေး စုစည်းတင်ဆက်သည်။

    အင်္ဂလန်၊ စပိန်၊ ဂျာမနီ၊ ပေါ်တူဂီတို့ အနိုင်ရရှိခဲ့ပြီး ပြင်သစ်အသင်းသရေကျခဲ့သည့် ကမ္ဘာ့ဖလားဥရောပဇုန်ခြေစစ်ပွဲများ

    Klose

    ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန်ပွဲများကို ယနေ့နံနက်ပိုင်းက ကစားခဲ့ရာ ဥရောပနာမည်ကြီးအသင်းများအနိုင်ရရှိခဲ့သည်ဟုသိရသည်။

    အင်္ဂလန်နှင့် မော်လ်ဒိုဗာအသင်းတို့ကစားခဲ့သောပွဲစဉ်တွင် အင်္ဂလန်အသင်းက ၄ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ အင်္ဂလန်အသင်းအတွက်ဂိုးများကို ၁၂ မိနစ်တွင် စတီဗင်ဂျာရတ်၊ ၂၇ မိနစ်တွင် ရစ်ကီလမ်ဘာတ်၊ ၄၅ မိနစ်နှင့် ၅၁ မိနစ်တို့တွင် ၀ဲလ်ဘတ်တို့က အသီးသီးသွင်းယူပေးခဲ့ကြသည်

    အခြားပွဲစဉ်များတွင် ဂျာမနီအသင်းက သြစတီးယားအသင်းအား ၃ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ အီတလီအသင်းက ဂီလာဒီနိုင်၏ သွင်းဂိုးဖြင့် ဘူလ်ဂေးရီးယားအား ၁ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ စပိန်အသင်းက ဖင်လန်အား ၂ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ဆွီဒင်က အိုင်ယာလန်အား ၂ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ ရော်နယ်ဒို၏ ဟက်ထရစ်သွင်းဂိုးအပါအ၀င် ပေါ်တူဂီအသင်းက မြောက်အိုင်ယာလန်အသင်းအား ၄ ဂိုး ၂ ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင် ရရှိခဲ့ကြပြီး ပြင်သစ်အသင်းမှာမူ ဂျော်ဂျီယာ အသင်းအား ဂိုးမရှိသရေကျခဲ့သည်။
    …………………………………………………….
    မာဆေးအသင်း အားကစာဒါရိုက်တာ၏ သားဖြစ်သူ ပစ်သတ်ခံရ

    ပြင်သစ်လိဂ်ဝမ်းကလပ် အိုလံပီကိုမာဆေးအသင်းမှ အားကစားဒါရိုက်တာ၏ သားဖြစ်သူမှာ သေနတ်ဖြင့်ပစ်သတ်ခတ်ခံခဲ့ရသည်။ ကြာသာပတေးနေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်တွင် အသက် ၃၀အရွယ်ရှိ အေဒရီယန် အန်နီဂိုမှာ မာဆေးမြို့လမ်းမပေါ်တွင် ကားမောင်း၍သွားနေစဉ် ဆိုင်ကယ်နှစ်စီးကနောက်မှ လိုက်ကာ အနီးကပ်ပစ်သစ်ခဲ့ခြင်းဖြစ်သည်။
    …………………………………………………….
    ဂျူဗင်တပ်စ်အသင်းမှာ ချန်ပီယံလိဂ်ကိုစိန်ခေါ်နိုင်သည့် အသင်းဖြစ်သည်ဟု ၀င်းဂါးဆို

    စီးရီးအေကလပ်ဂျူဗင်တပ်စ်အသင်းမှာ တောင့်တင်းသောအသင်းတစ်သင်းဖြစ်ပြီး ယခုနှစ်ချန်ပီယံလိဂ်ဖလားအားစိန်ခေါ်နိုင်သည့်အသင်းဖြစ်သည်ဟု အာဆင်နယ် အသင်း၏ နည်းပြဖြစ်သူ အာဆင်ဝင်းဂါးကပြောကြားလိုက်သည်။ ဂျူဗင်တပ်စ်အသင်းမှာ လုပ်ပွဲအရှုပ်တော်ပုံတွင် ပါဝင်ပက်သက်ခဲ့သည့်အတွက် ၂၀၀၆ ခုနှစ်က စီးရီး ဘီသို့တန်းဆင်းသွားခဲ့ရပြီး ၂၀၀၇-၀၈ ဘောလုံးရာသီတွင် စီးရီးအေသို့ပြန်လည်တက်ရောက်လာကာ ၂၀၀၈-၀၉ ရာသီတွင်ချန်ပီယံဖြစ်ခဲ့သည်။ ယမန်နှစ်ကလည်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့ပြီး ယခုနှစ်တွင် ပိုမိုတောင့်တင်းကောင်းမွန်သောအသင်းဖြစ်လာမည့်ဟု ၀င်းဂါးက မျှော်လင့်နေသည်။ “ဂျူဗင်တပ်စ် အသင်းကို ချန်ပီယံလိဂ်မှာ အံ့အားသင့်ဖွယ်ရာတွေလုပ်ပြနိုင်တဲ့အသင်းတစ်သင်းအဖြစ်သာ သတ်မှတ်တာဟာ လုံးဝမှားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂျူဗီအသင်းဟာ နှစ်အနည်းငယ် အတွင်းမှာ ထိပ်ဆုံးအဆင့်ကိုပြန်ရောက်လာတဲ့ တောင့်တင်းတဲ့အသင်းပါ။ ” ဟု အီတလီအားကစားသတင်းစာ Corriere dello ၀င်းဂါးက ပြောကြားခဲ့သည်။
    …………………………………………………
    ဘာကာတွင်ကစားလိုသည့်အိပ်မက်ပျက်ပြယ်ခဲ့သည်ဟု သီယာဂိုဆေးလ်ဗားဆို

    ပဲရစ်စိန့်ဂျာမိန်း၏ နောက်ခံလူ သီယာဂိုဆေးလ်ဗားသည် မအောင်မြင်သောဆွေးနွေးမှုက ဘာစီလိုနာတွင်ကစားလိုသော ၎င်း၏ရည်ရွယ်ချက်အား တားဆီးခဲ့သည်ဟု ပြောဆို လိုက်သည်။ အသက် ၂၈ နှစ်အရွယ်ရှိ ဆေးလ်ဗားအား ဘာစီလိုနာအသင်းက ခေါ်ယူရန်ကြိုးပမ်းခဲ့သော်လည်း အပြောင်းအရွှေ့မှာ ဖြစ် မလာခဲ့ပေ။ ” ကံမကောင်းစွာပဲ အချို့သောအဖြစ်အပျက်တွေက အပြောင်းအရွှေ့ကိစ္စကို ဆက်မဆွေးနွေးဖို့ဆိုတဲ့ ဆုံးဖြတ်ချက် ကိုဖြစ်စေခဲ့ပါတယ်။ ဒါဟာ ကျနော်နဲ့ ကျနော့်မိသားစုအတွက် ဆိုးဝါးခဲ့ပါတယ်။ တစ်နေ့မှာဘာစီလိုနာအသင်းရဲ့အင်္ကျီကိုဝတ်ဆင်ဖို့ ကျနော်အိပ်မက်မက်ခဲ့တာပါ။ ဒါပေမယ့် ဖြစ်မလာခဲ့ပါဘူး။ ပီအက်စ်ဂျီမှာဆက်နေဖို့ ဆုံးဖြတ်လိုက်ကတည်းက ကျနော့်ရဲ့စိတ်ကိုဒီအသင်းမှာပဲ မြှုပ်နှံလိုက်ပါပြီ။ ဒီအသင်းမှာ ကစားရတာကို ပျော်ရွှင် မိပါတယ်။” ဟု ဆေးလ်ဗားက သတင်းထောက်များအား ယမန်နေ့တွင် ပြောကြားလိုက်သည်။
    …………………………………………………….
    ဂန္တ၀င်ကစားသမားမူလာနှင့်နှိုင်းယှဉ်ခြင်းမှာ ရယ်စရာဖြစ်သည်ဟု ကလိုဆေးဆို

    ဂျာမနီအသင်း၏တိုက်စစ်မှူးဖြစ်သူ ကလိုဆေးက ၎င်းအား ဂျာမန်ဂန္တ၀င်ကစားသမား ဂျာဒ်မူလာနှင့်နှိုင်းယှဉ်ဖေါ်ပြခြင်းမှာ ရယ်စရာသာဖြစ်သည်ဟုပြောဆိုခဲ့သည်။ ယနေ့နံနက်က သြစတြီးယားအား ၃ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သော ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ၁ ဂိုး သွင်းယူပေးခဲ့ပြီး နိုင်ငံတကာသွင်းဂိုး ၆၈ ဂိုးရရှိခဲ့ကာ ဂျာမန်ဂန္တ၀င် တိုက်စစ်မှူး ဂျာဒ်မူလာ၏စံချိန်နှင့်တူညီသွားပြီဖြစ်သည်။ အသက် ၃၅နှစ်အရွယ်ရှိ ကလိုဆေးက “ဒါဟာသိပ်ကိုအံ့သြစရာကောင်းပါတယ်။ ဒါပေမယ့် ဂျာဒ်မူလာနဲ့တစ်တန်းတည်းတော့ ကျနော့်ကိုမထားစေချင်ပါဘူး။ ကျနော့်ကို ဂျာဒ်မူလာနဲ့နှိုင်းယှဉ်တာဟာ တကယ့်ကိုရယ်စရာပါပဲ။ ပွဲတွေအများကြီးကစားခဲ့ပြီး ဂိုးတွေအများကြီးသွင်းခဲ့တဲ့ သူ(မူလာ)ဟာ တကယ့်ကို ပြိုင်စံရှားပါပဲ။” ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    …………………………………………………….
    မာတီနိုအား ဘာကာ ဥက္ကဌချီးကျူး

    နည်းပြသစ်ဖြစ်သူ ဂျရာဒို မာတီနိုကိုင်တွယ်သည့် ဘာစီလိုနာအသင်း၏ ရာသီအစကောင်းမွန်သောရလဒ်များက ရာသီအဆုံးတွင်ကောင်းမွန်စွာအဆုံးသတ်နိုင်မည့် အရိတ်နိမိတ်ပင်ဖြစ်သည်ဟု ဘာစီလိုနာအသင်း၏ ဥက္ကဌဖြစ်သူ ဂူအီလာမို လော်ရန်တေးက ပြောဆိုလိုက်သည်။ အသက် ၅၀ အရွယ်ရှိပြီဖြစ်သည့် မာတီနိုမှာ ယခုနှစ် ရာသီတွင်မှ ဘာစီလိုနာအသင်းအား ကိုင်တွယ်ခြင်းဖြစ်ပြီး ရာသီအစ သုံးပွဲတွင် သုံးပွဲစလုံးအနိုင်ရရှိအောင် စွမ်းဆောင်ပေးထားနိုင်သည်။ မာတီနိုအား ထူးခြားသောနည်းပြအဖြစ်မှတ်ချက်ပေးခဲ့သည့်  ဂူအီလာမိုက “သူတာဝန်ယူခဲ့တဲ့ အသင်းတစ်သင်းတိုင်းစီကို ပေးဆပ်ဖို့အတွက် သူရောက်လာခဲ့တာပါ။ သူဟာပတ်ဝန်းကျင်အသစ်နဲ့မြန်မြန်လိုက်လျောညီထွေအောင်နေတတ်ပြီး အသင်းပရိတ်သတ်တွေရဲ့ အားပေးထောက်ခံမှုကို အလျင်အမြန်ရယူနိုင်သူပါ” ဟု ပြောကြားခဲ့သည်။
    …………………………………………………
    ပုံမှန်နေရာအတွက် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသည်ဟု ဘတ္တနာဆို

    အသင်း၏အနာဂတ်အစီစဉ်ပါဝင်နေသည်ဟု မန်ယူအသင်း၏နည်းပြဖြစ်သူဒေးဗစ်မိုယက်စ်ကထံမှ ကြားရပြီးနောက် မန်ယူအသင်း၏ နောက်ခံလူဖြစ်သူ အလက်ဇန်းဒါး ဘတ္တနာက ပုံမှန်နေရာအတွက် တိုက်ပွဲဝင်သွားရန်အဆင်သင့်ဖြစ်နေပြီဟု ပြောကြားလိုကသည်။ ဘယ်နောက်ခံလူအီဗရာ၏နောက် ဒုတိယဦးစားပေးဖြစ်နေသည့် အသက် ၂၄ နှစ်အရွယ် ဒတ်ခ်ျနောက်ခံလူ ဘတ္တနာက “ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နည်းပြဒေးဗစ်မိုယက်စ်နဲ့ ဆွေးနွေးခဲ့ပါတယ်။ ကျနော့်အနေနဲ့ မန်ယူအသင်းမှာ ဒီနှစ် ကောင်းကောင်း ကစားရမယ်လို့ သူက ပြောပါတယ်။ သူက ကျနော့်ကို အသင်းကမထွက်ခွာစေချင်ပါဘူး။ အသင်းအနေနဲ့ ကျနော့်ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ ဆန္ဒရှိနေပါတယ်။ ဒါတွေက ကျနော့်ကို စိတ်ကျေနပ်စေပါတယ်။” ဟု ဒတ်ခ်ျ နေ့စဉ်သတင်းစာ De Telegraaf သို့ ပြောကြားခဲ့သည်။ ဘတ္တနာမှာ ၂၀၁၂ ခုနှစ်က မန်ယူအသင်းသို့ရောက်ရှိလာခဲ့ပြီး အသင်းနှင့် ၅ ပွဲသာပွဲထွက်ခွင့်ရခဲ့ကာ မိုယက်စ်၏လက်ထက်တွင် အသင်း၌ ပါဝင်ခွင့်မရရှိသေးပေ။
    …………………………………………………….
    ဆရီနာနှင့် အဇာရန်ကာတို့ ဗိုလ်လုရမည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ

    ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့ရာ ကမ္ဘာ့အဆင့် ၁ ကန်နာမည်ကြီးတင်းနစ်မယ် ဆရီနာဝီလီယံနှင့် ကမ္ဘာ့အဆင့် ၂ ဘီလာရုစ်တင်းနစ်မယ် ဗစ်တိုးရီးယားအဇာရန်ကာတို့ အသီးသီးအနိုင်ရရှိခဲ့သည်ဟု သိရသည်။

    ယူအက်စ်အိုးပင်းလက်ရှိချန်ပီယံ ဆရီနာမှာ ယူအက်အိုးပင်းဆီးမီးဖိုင်နယ်သို့ ပထမဦးဆုံးတက်ရောက်လာသည့် တရုတ်တင်းနစ် မယ်လီနာနှင့်ယှဉ်ပြိုင် ကစားခဲ့ရခြင်းဖြစ်ပြီး ၆-၀၊ ၆-၃ ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့သည်။ ထိုပွဲအနိုင်ရရှိမှုကြောင့် ဗိုလ်လုပွဲသို့တက်ရောက်သွားခဲ့သည့်ဆရီနာမှာ ၅ ကြိမ်မြောက်ယူအက်စ် အိုးပင်းချန်ပီယံဖြစ်ရန် လက်တစ်ကမ်းအကွာသို့ရောက်ရှိနေသည်။

    အခြားဆီးမီးဖိုင်နယ်ပွဲစဉ်တစ်ခုမှာ အဇာရန်ကာနှင့် အီတလီတင်းနစ်မယ် ဖလာဗီယာ ပန်နတ်တာတို့ပွဲစဉ်ဖြစ်ပြီး နိုင်ခြေအဆင့် ၁ ရ အဇာရန်ကာနှင့် နိုင်ခြေ အဆင့်သတ်မှတ်ခြင်း မခံရသည့် ပန်နတ်တာတို့၏ အဆိုပါပွဲစဉ်မှာ ၁ နာရီနှင့် ၃၄ မိနစ်ကြာမြင်ခဲ့ကာ အဇာရန်ကာက ၆-၄၊ ၆-၂ဖြင့် အနိုင်ရရှိခဲ့သည်။ “နောက်ဆုံးဗိုလ်လုပွဲကိုတက်ရောက်လာနိုင်ခဲ့ပြီး ချန်ပီယံဆုကိုရယူဖို့အခွင့်အရေးရတဲ့အတွက် ကျမအရမ်းစိတ်လှုပ်ရှားမိပါတယ်။” ဟု အဇာရန်ကာက ပွဲအပြီးတွင်ပြောကြားခဲ့သည်။

    ယူအက်စ်အိုပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးနောက်ဆုံးဗိုလ်လုပွဲကို တနင်္ဂနွေနေ့တွင် ကျင်းပမည်ဖြစ်ပြီး ဆရီနာနှင့် အဇာရန်ကာတို့ယှဉ်ပြိုင်ရမည်ဖြစ်သည်။
    skysports

  • ၉၆၉ အမှတ်တံဆိပ် အသုံးပြုလှုပ်ရှားမှုများသည် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့စည်းမျဉ်းဥပဒေများနှင့် မညီဟုဆို

    စက်တင်ဘာ ၇၊ ၂၀၁၃
    M-Media

    1209068_586443108064830_736928584_nဗုဒ္ဓဘာသာ၏ အမှတ်တံဆိပ်အဖြစ် ၉၆၉ ကို အသုံးပြုလှုပ်ရှားနေခြင်းနှင့် သံဃာ့ကွန် ရက်အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်နေခြင်းသည် သံဃမဟာနာ ယကအဖွဲ့မှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ ဥပဒေများအရ ဖွဲ့စည်းဆောင်ရွက်ခွင့် မရှိကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ညွှန်ကြားချက်ထုတ်ပြန် လိုက်သည်။

    အဆိုပါ ညွှန်ကြားလွှာကို သြဂုတ် ၁၄-ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တိုင်းဒေ သကြီးနှင့် ပြည်နယ်အသီးသီးရှိ သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်များ သို့ ပေးပို့ထားသည်ဟု သိရသည်။

    “အဲဒီစာမရောက်သေးဘူး။ နာယကဆရာတော်ကြီးတွေဆီလည်း ရောက်တာ မကြာသေး ဘူး။ ဟိုတစ်ခါ တိုင်းဝန်ကြီးချုပ်ပို့တဲ့ အခမ်းအနား လုပ်ရင်း နှစ်ပတ် ကြို အသိပေါ်ရမယ်ဆိုတဲ့စာတော့ရတယ်။ ဘုန်းကြီးတို့ကတော့ ဘာသာရေး ပဲလုပ် တာ။ နိုင်ငံရေးမလုပ်ဘူး။ ငြိမ်းချမ်းစွာပဲ ဆောင်ရွက်တယ်။ အကြမ်းမ ဖက်ဘူး။ ထိပ်တိုက် ရင်ဆိုင်တာ မလုပ်ဘူး။ ၉၆၉ ဆိုတာက ဘုရား၊ တရား၊ သံဃာ ဂုဏ်တော်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ကျော်ကတည်းက ပေါ်တာ။ နံပါတ် သင်္ကေတကတော့ အခုမှ လုပ်တာပေါ့။ ဘုန်းကြီးတို့ လှုပ်ရှားမှုတွေက အမြဲတမ်း ငြိမ်းချမ်းစွာပါ။ သက်ဆိုင်သူ ၀န်ကြီးတွေကိုတွေ့ရင် ရှင်းပြချင်ပါ တယ်”ဟု ဆရာတော် ဦးကေသရ(ထေရ၀ါဒ ဓမ္မကွန်ရက်)က မိန့်ကြားသည်။

    ဇူလိုင် ၁၅-ရက်တွင်ကျင်းပသော သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇-ပါ စုံညီဒုတိယအစည်းအဝေးမှ ထိုကဲ့သို့ ဆုံးဖြတ် ခဲ့ခြင်းဖြစ်ပြီး ၉၆၉ သာသနပါလက ဂဏ၀ါစဏနှင့် သံဃာ့က်ွနရက်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နေမှုကို လိုအပ်သလို သြ၀ါဒပေးနိုင်ပါရန် လျှောက် ထား တင်ပြလာမှုအပေါ် ညွှန်ကြားချက် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု သိရသည်။

    သံဃမဟာနာယကအဖွဲ့ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်း အခန်း ၂၊ အပိုင် ၄၊ ၅၊ ၈ အရလည်းကောင်း၊ သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ အခန်း ၂၊ အပိုဒ် ၃၊ ၅နှင့် အခန်း ၃၊ အပိုဒ် ၈၊ ၉ တို့အရလည်းကောင်း ညွှန်ကြားလွှာစာအရလည်းကောင်း ထိုကဲ့သို့ ဖွဲ့စည်းပိုင်ခွင့်မရှိခြင်း ဖြစ်ကြောင်း ညွှန်ကြားလွှာ တွင် ဖော်ပြထားသည်။

    ၉၆၉ အမှတ်တံဆိပ်နှင့်ပတ်သက်၍ နိုင်ငံတ၀န်း ကျယ်ပြန့်စွာ အသုံးပြုလာကြပြီးနောက် အဆိုပါ အမှတ်တံဆိပ် သင်္ကေတကို ဗုဒ္ဓသာသနာတော် ညှိုးနွမ်းစေမည့် နေရာဌာနများတွင် အသုံးမပြုရန် ဇွန် ၁၄ ရက်က ပြုလုပ်ခဲ့သည့် ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြ၀ါဒခံယူပွဲ၌ ကြေညာချက်တစ်ရပ် ထုတ်ပြန် ခဲ့သည်။

    ထို့အပြင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းကလည်း လှုံ့ဆော်မှုများပြုလုပ်နေသော ၉၆၉ လှုပ်ရှားသူ အဖွဲ့များကို ဥပဒေအရ အရေး ယူမည်ဖြစ်ကြောင်း ယခုနှစ် ဇွန်လအတွင်း အမေရိကန် နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။

    Ref : 7-Day Daily

  • တိရိစ္ဆာန်အစိတ်အပိုင်းများဖြင့် စားသုံးဆီပြုလုပ်သည့် တရုတ်နိုင်ငံသား ၁၆-ဦး တရားစွဲဆိုခံရ

    စက်တင်ဘာ ၇၊ ၂၀၁၃
    M-Media

    998130_586349491407525_1442203327_n

    တရုတ်နိုင်ငံတွင် တိရိစ္ဆာန်များ၏ စွန့်ပစ်အစိတ်အပိုင်းများအားအသုံးပြုကာ ကန်ဒေါ်လာ ၁၀ သန်းဖိုးရှိ စားသုံးဆီများကို ချက်လုပ်ခဲ့သည်ဟု သံသယ ရှိသူ တရုတ်နိုင်ငံသား ၁၆-ဦးအား တရားစွဲဆိုထားသည်ဟု ဒေသတွင်းမီဒီယာက အင်္ဂါနေ့တွင်ဖေါ်ပြခဲ့သည်။

    ထိုသံသယရှိသူများမှား ကြက်၊ ဘဲ၊ ၀က်၊ ကျွဲ၊ နွားများနှင့် ၀ံပုလွေတို့မှ စွန့်ပစ်အဆီများ၊ ၀ံပုလွေအမွှေး၊ ကြက်အမွှေးနှင့် ဥစားကြက်၊ ဘဲတို့၏ အသုံးမပြုတော့သော အစိတ်အပိုင်းများအား အသုံးပြုကာ စားသုံးဆီများပြုလုပ်ခြင်းဖြစ်သည်ဟု China Daily သတင်းစာတွင်ဖော်ပြထားသည်။

    ထိုကဲ့သို့ဖမ်းဆီးရမိခြင်းမှာ တရုတ်နိုင်ငံ၏ အစားအသောက် ဘေးကင်းမှုအတွက် ညံ့ဖျင်းသော စံနှုန်းအား မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်သည်။ ပြီးခဲ့ သည့် မေ လမှ စ၍ ထိုကဲ့သို့ တရားမ၀င်လုပ်ငန်းများအား ပစ်မှတ်ထားနှိမ်နင်းရန် ဥပဒေထုတ်ပြန်ပြီးနောက် အကြီးမားဆုံး ဖမ်းဆီးရမိခြင်းဖြစ်ပြီး၊ ထိုစားသုံးဆီ များမှာ အစာခြေစနစ်အား ပျက်စီးစေနိုင်သည့်ဟု ကျန်းမာရေးကျွမ်းကျင်သူများက ပြောကြားခဲ့သည်ဟု Chin Daily သတင်းစာတွင်ဖော်ပြခဲ့သည်။

    “အဲဒီ့စားသုံးဆီတွေကို ခရိုင်၅ ခုမှာရှိတဲ့အစားအသောက်လုပ်ငန်း ၁၀၀-ကျော်ကိုရောင်းချခဲ့ပြီး ယွမ်သန်း၆၀(ဒေါ်လာ ၉.၈သန်း)ဖိုးလောက် ရှိပါတယ်။” ဟု အဆိုပါသတင်းစာတွင် ဖေါ်ပြထားသည်။

    ထိုသံသယရှိသူ ၁၆-ဦးအား တရုတ်ပြည်အရှေ့ပိုင်း ဂျီအန်ဆုခရိုင်တွင် တနင်္လာနေ့ကရုံးထုတ်ခဲ့သည်။ ပြီးခဲ့သည့်နှစ်က တရုတ်ကျန်းမာရေး တာဝန်ရှိသူများမှာ တရားမ၀င်စားသုံးဆီချက်လုပ်မှုနှင့် စားသောက်ဆိုင်များမှ စွန့်ပစ်ပစ္စည်းများအားပြန်လည်အသုံးပြုကာ စားသုံးဆီချက်လုပ်မှုများအား နှိမ်နင်းသည့် အစီအစဉ် တစ်ခုကို လုပ်ဆောင်ခဲ့သည်။ ထိုအစီအစဉ်အတွင်း လူပေါင်း ၁၀၀-ကျော် ဖမ်းဆီးဖမ်းဆီးရမိခဲ့ပြီး တစ်သက်တစ်ကျွန်း ၂-ဦးအပါအ၀င် လူ-၂၀ အားထောင်ဒဏ်များချမှတ်ခဲ့သည်။

    အထူးသဖြင့် ပြည်ပမှသွင်းကုန်များအား မ၀ယ်နိုင်သည့် ငွေးကြေးချို့တဲ့သူများ ကြားတွင်အစားအသောက်ဘေးကင်းမှုစံနှုန်း ညံ့ဖျင်းမှုမှာ တရုတ်ပြည်၏ အဓိ ကပြဿနာပင်ဖြစ်သည်။

    Ref : channelnewsasia

  • အားလပ်ရက်အလွန် အလုပ်ပြန်ဝင်ချိန် ကြုံရသော စိတ်ဖိစီးမှု ၁၀ ချက်

    စက်တင်ဘာ ၇ ၊ ၂၀၁၃
    M-Media
    Ref: BBC
    အားလပ်ရက်ပြီးသည့်နောက် အလုပ်ပြန်ဝင်ရသောပထမဆုံးနေ့ရက်သည် တစ်နှစ်တာ၏လုပ်ငန်းခွင်ရက်များအတွက် စိတ်ပျက်ဖွယ်အကောင်းဆုံးအချိန်ဖြစ်သည်။ ကမ်းခြေများ၊ မိုးကောင်ကင်ပြာများ၏ပုံလွှာတို့ကို ရုပ်သိမ်းလိုက်ရပြီး၊ ဆိုးရွားသော နေ့စဉ်အလုပ်ဆင်းချိန်နှင့် ဖုန်းတစ်လုံးနှင့် ပျင်းရိဖွယ် ထပ်တလဲလဲ စာကားများဖြင့်ပြောဆိုနေရသူအဖို့ ဆိုးရွားလှချေ၏။ အောက်တွင်ဖော်ပြထားသည်များမှာ အားလပ်ရက်အလွန် ကြုံတွေ့ရလေ့ရှိသော အဆိုးဆုံး စိတ်ဖိစီးစေသည့်အချက်များအနက် အချို့ဖြစ်သည်။

    ၁။ အီးမေးလ်တွေ တောင်ပုံရာပုံ

    မဖတ်ရသေးသော အီးမေးလ်စာများအမြောက်အများသည် သင့်ကိုစောင့်ကြိုနေလိမ့်မည်။ သင်၏စာတိုက်ပုံးတွင် သူတို့အား အာရုံစိုက်အောင် သတိပေးစာလေးများ အမြောက်အများ ၀င်နေလိမ့်မည်။ လက်တွေ့မဆန်သည့် လူ့ဘ၀များက ထိုနေရာ၌ သင့်ကိုကြိုဆိုနေလိမ့်မည်။ မိမျ၏အရေးကိစ္စကိုသာအလေးထားသော  ဒုမန်နေဂျာများထံမှ လာနေကျစာများ၊ ထူးမခြားနား အထူးလျော့ဈေးစာများ၊ သင်ရှောင်ဖယ်နေသော ရှုပ်ထွေးသည့် တောင်းဆိုစာများ၊ စိတ်ပျက်ဖွယ် သတိပေးစာတိုများ၊ အဓိပ္ပာယ်မဲံ့စာများ နှင့် အန္တရာယ်ပါလာသည့်စာများ၊ ဟာသများဟုဆိုသော်လည်း မည်သို့မျှရယ်စရာမကောင်းသည့်လင့်ခ်များ၊ အလုပ်ချိန်ကိုဖဲ့ပေးရသည့် အကြံပြုစာများ စသည်တို့အား တွေ့ရပေလိမ့်မည်။ ပြန်လည်မဖြေကြားခဲ့သော နှစ်ချို့စာများလည်း ရှိနေပေလိမ့်မည်။ ခဏလောက် မျက်ကွယ်ပြုလိုက်ယုံဖြင့် သင်၏စာတိုက်ပုံးက တစ်မဟုတ်ချင်း ပြည့်လျှံနေတတ်သည်။ ၄င်းတို့မှာကား လက်ရှိ ဒီဂျစ်တယ်ခေတ၏စက်ရုံစွန့်ပစ်ပစ္စည်းကဲ့သို့သာဖြစ်သည်။ နေ့စဉ်နှင့်အမျှ အီးမေးလ်ပေါင်း  ၁၅၀ ဘီလီယံခန့် လောက်ပို့နေကြရာ အသင်သည် ရံဖန်ရံခါ မိမိကိုယ်ကိုမပိုင်တော့သည့်အလား ၄င်းတို့ထံ စီးမျောသွားသကဲ့သို့  ခံစားနေရတတ်၏။

    ၂။ ခရီးစဉ်အား နောက်ကြောင်းပြန်လွမ်းဆွတ်မိခြင်း

    02

    အားလပ်ရက်၏နောက်ဆုံးချိန်အထိ အသုံးချခြင်းသည် အလွန်ကိုကောင်းသည့်အမြင်တစ်ခုဟု လူတိုင်းယူဆကြလေသည်။ သို့သော်လည်း ခရီးမှ သင်ပြန်ရောက်ပြီးများမကြာမီပင် ထုတ်ပိုးစည်းနှောင်ခံရသည့် ဟင်းသီးဟင်းရွက်ကဲ့သို့ ညကာလကို ဖြတ်သန်းရတော့သည်။ လေယာဉ်ကွင်းရောက်သော်လည်း နေလောင်ခံထားရသော လူထံလူနများကဲ့သို့ ခြေလှမ်းက တရွတ်တိုက်ဆွဲနေရတော့သည်။  အားလပ်ရက်များမှာ ချွတ်ပစ်ရမည့်အ၀တ်ဟောင်းကဲ့သို့အလား အချိန်နှင့်အမျှ ၀မ်းနည်းစရာဖြစ်လာတော့သည်။ ယခုမူ အသင်သည် အသင့်အလုပ်ခန်းစားပွဲရှေ့ ရောက်နေပေပြီ။ တစ်ယောက်ယောက်က သင့်အား မေးခွန်းတစ်ခုခုမေးနေသော်လည်း အသင်သည် အသင့်အချိန်စက်ကွင်းထဲက မလွတ်မြောက်နိုင်သေးဘဲ စကားပြောဆိုရန် မစွမ်းသာဖြစ်နေသည်။ လာမေးသူအား လေဆိပ်ရှိ ပစ္စည်းရွေးနေရာတွင် ကျိုးပဲ့နေသော ပစ္စည်းတင်လှည်းဖြင့် သယ်ဆောင်ခံရသည့် ပစ္စည်းအိပ်ကဲ့သို့ ခံစားချက်ကင်းမဲ့သူပမာ အကြိမ်ကြိမ် ပြန်ကြည့်ယုံသာ လုပ်မိနေပေလိမ့်မည်။

    ၃။ ဘ၀အခင်းအကျင်း တစ်ခန်းပြန်စခြင်း

    03
    အခိုင်မာဆုံးအချက်က သင် အွန်လိုင်းပေါ်မှ အသင့်အကောင့်နှင့်လျှို့ဝှက်နံပါတ်များပြောင်းသွားသကဲ့သို့ ရှေ့မှောက်ရှိကွန်ပျူတာကိုပြန်အော်နေရသည့် မနက်ခင်းဖြင့် စတင်ခြင်း ဖြစ်နေနိုင်သည်။ ကွန်ပျူတာသည် စစ်စစ်မူ အီလက်ထရောနစ်သေတ္တာတစ်လုံးသာဖြစ်သော်လည်း သင့်အား ဆပ်ကပ်တစ်ခုထဲက တိရိစ္ဆာန်တစ်ကောင်လို ခိုင်းစေဆက်ဆံနေမည့်အရာဖြစ်၏။ ၄င်းအတွင်းခုန်ဝင်လိုက်သည်နှင့် အသင်မှတ်မိနေသော စကားလုံးဖြင့် အသင့်အားခိုင်းစေတော့မည်ဖြစ်သည်။ မိမိ၏ သုံးနေကျအကောင့်နာမည်ကို မေ့နေပြီလား ဟူသော မေးခွန်းလို ပြန်လည်စတင်သည့်ရက်သတ္တပတ်မှာကား အသင့်အားလပ်ရက်ကို အစ,ဖော်ရတော့မည်မဟုတ်။

    ၄။ ဘာကြောင့်အားလုံးက ငါ့ကိုပဲ ဂရုစိုက်ကြည့်နေကြတာလဲ ?
    04
    သင်ဖတ်ခဲ့ဖူးသော ပုံပြင်ဝတ္ထုများထဲ၌ လူထူးဆန်းဟူသည်ကိုတွေ့ရှိဖူးပါလိမ့်မည်။ ယခုတော့ ၄င်းလူထူးဆန်းက အသင်ကိုယ်တိုင်ဖြစ်နေလေပြီ။ ၄င်းသည် ခံစားချက်နေရာလွှဲမှားနေခြင်းဖြစ်သည်။  ငါဟာ ဆွေးနွေးမှုထဲမှာလား၊ ဒါမှမဟုတ် ဖန်တီးထားတဲ့ ငြီးငွေ့စရာ ပြဇာတ်တစ်ခုထဲရောက်နေတာလား ဟု ခံစားရလိမ့်မည်။ လှန်လျောလို့ရတဲ့ ပုံစံဇယားကွက်ကားချပ်များ၌ ကြေကွဲဝမ်းနည်းစရာဇာတ်လမ်းပင်။ အရာရာဟာ အဓိပ္ပာယ်မဲ့ကာ လေးနက်မှုမရှိသလို ဖြစ်နေလိမ့်မည်။ မိမိကိုယ်ကို “သူဌေး” ဟု ခေါ်ဆိုနေသူ ဤပုဂ္ဂိုလ်မှာ မည်သူနည်း ? အဘယ်ကြောင့် သူ့လက်များကို ဝှေ့ရမ်းကာ ငါ့အား ပေါက်ကရအရာတွေ လာပြောနေရပါသနည်း ? (ဟု ကိုယ့်ကိုယ်ကို မေးမိနေပါလိမ့်မည်)။

    ၅။ အားလပ်ရက်ဆိုင်ရာ မနာလိုမှု

    သူမကတော့ သူမ၏ iPhone screensaver မှာ ကမ်းခြေ၏ဆည်းဆာပုံကို ပြောင်းထားပြီး၊ ခရီးပြန်အဆင့်မြင့်အိတ်ကို တမင်သက်သက်မဟုတ်လေဟန်နှင့် စားပွဲပေါ်တွင် တင်ထားချေပြီ။ မိမိကမူ သာမန်အဆင့်အားလပ်ရက်က ပြန်လာခဲ့ရပြီးနောက် တစ်စုံတစ်ဦး၏ ကြယ်ငါးပွင့်ဟိုတယ်၌ တည်းခိုခဲ့သည့်အကြောင်းကို နားဆင်နေရသော ဒုက္ခမှာ မသေးလှချေ။ ငါကတော့ “၀က်စ်ကိုစ့်” နဲ့ ကယ်လီဖိုးနီးယားကို ရောက်ခဲ့သလိုမျိုးပြောကောင်းပြောဆိုနေသော်လည်း အမှန်မှာတော့ အသင်သည် ရထားလမ်းခရီးစဉ်တစ်ခုသာ သွားရောက်ခဲ့ခြင်းဖြစ်နေခဲ့ပေမည်။

    ၆။ ဘာမှအပြောင်းအလဲမရှိသေးပါလား

    အားလပ်ရက်ရချိန်မှာ ရေးဖို့ရည်ရွယ်ထားသော ၀တ္ထုက ယခုတိုင် မစတင်ရသေး။
    ကျန်းမာရေးလိုက်စားမည့်အစီအစဉ်ကလည်း လုပ်ဆောင်မှုမြင်ကွင်းထဲလည်း မရောက်လာသေး။ ယခုသော် သွားခဲ့သောရထားဖြင့်ပင် အသင် ပြန်ရောက်လာပြီး ယခင်အလုပ်ကိုပင် ပြန်လည်ဆောင်ရွက်နေချေပြီ။ အားလပ်ရက်မှာ ငွေသုံးကြမ်းသွားပြီး ကျဉ်းကြပ်သည့် စက်တင်ဘာလဖြစ်နေပြန်ပြီ။ မည်သည့်အလုပ်သမားမှ လစာတိုး ပေးဖို့ မမျှော်လင့်ရဲသည့်ကာလရောက်နေခဲ့လေပြီ်။ အသင့် အားလပ်ရက်များအတွင်း လွတ်လပ်ခွင့်ကို အထိုက်အလျောက်ရခဲ့သော်လည်း ယခုတော့ အသင်သည် စမှတ်ကို ပြန်လည်ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ပြီးနောက် လူအများဖြစ်လေ့ရှိသော အားလပ်ရက်အလွန် စိတ်မတည်ငြိမ်မှုပြဿနာကို အသင်ခံစားနေရပြီဖြစ်သည်။

    ၇. နံနက်စာ၏စိတ်ချမ်းသာမှု
    07
    အားလပ်ရက်မှပြန်လာချိန်ဟူသည် ရှာဖွေတွေ့ရှိခဲ့သော သာယာမှုလေးများကို တမဟုတ်ချင်းစွန့်လွှတ်လိုက်ရသည့်နှယ် ဖြစ်သည်။ အလားတူအရာများထဲကတစ်ခုမှာ  အားလပ်ရက်နံနက်ခင်းတွင် စားဖွယ်စုံလင်စွာဖြင့် အေးအေးလူလူ စားသောက်ရသော နံနက်စာလည်း အပါအ၀င်ဖြစ်သည်။ မိသားစုနှင့်အတူစားရသော နံနက်စာသည်လည်း ဤသို့သော ရက်များမှအပ ပြင်ပတွင် ရှာဖွေတွေ့ရှိနိုင်ရန် မရနိုင်သလောက်ပင်။ ယခုသော်ကား အသင် အလုပ်ခွင်သို့ ပြန်ရောက်ပြီ၊ ကတ်ထူပြားကဲ့သို့ မာကျောကျောအစာများကို နို့ထဲတွင်စိမ်ကာ စားနေရပြီး ရေဒီယိုထဲက လူတို့၏ဝေဖန်နေသံတစီစီ နားထောင်၍ စားသောက်နေရလေပြီ။

    ၈။ ခြေအိတ်များကို ပြန်စွပ်ရပြီ
    08
    နှစ်ပတ်တာအချိန်၌ အသင်သည် ပဲရစ်မြို့ရှိ လာတင် အရပ်က အခြားလူတစ်ဦးဖြစ်နေခဲ့သည်။ သင်၏ ရိုးအီနေသောနေ့စဉ်ပုံဟန်မှ လွတ်မြောက်၍ ဘောင်းဘီအတို၊ မြက်ဦးထုပ်နှင့်သော် လည်းကောင်း၊ အစင်းကြားများပါသော အင်္ကျီနှင့် ကွင်းထိုးဖိနပ်ကိုသော် လည်းကောင်း ပျော်ရွှင်စွာ  စိတ်လွတ်ကိုယ်လွတ် ၀တ်စားဆင်ယင်နေခဲ့လိမ့်မည်။ ယခုမှာတော့ စက်တင်ဘာလ၏ရက်များဝယ် ကုတ်အင်္ကျီ တဖားဖားနှင့် ပြန်လည်ရောက်ရှိ အလုပ်ခွင်ဝင်ရသောအခါ လုပ်ငန်းခွင်ဝတ်စုံများသည် လေးလံနေသယောင်ယောင် ခံစားရပေသည်။ ခြေအိတ်များ ပြန်စွပ်ချိန်ရောက်လာသည်။

    ၉။ အားပါးတရ အိပ်စက်ခြင်း

    အားလပ်ရက်၏ချိုမြိတ်သာယာမှုများအနက်တစ်ခုမှာ အနှောင့်အယှက်ကင်းကင်း အိပ်စက်ရခြင်းဖြစ်သည်။ နေ့လည်နေ့ခင်မှာပင်လျှင် အိပ်နိုင်သေးသည်။ အလုပ်ခွင်ပြန်ဝင်ချိန်တွင်တော့  နာရီနှိုးစက်မြည်လျှင် ဒုက္ခအကြီးစား တွေ့ပါတော့သည်။ အိမ်မက်များထဲတွင် မပျော်ဝင်နိုင်တော့ပဲ၊ အလုပ်ချိန်အတွက် အိပ်ရေးပျက်မှုများက အစားထိုးသွားပြန်သည်။

    ၁၀။ တစ္ဆေ ရထား
    10
    အလုပ်သွားပြန်မှုသည် ခေါက်ရိုးကျိုးနေသော်လည်း စိတ်ညစ်စရာအလွန်ကောင်းသည့်ပြင် အလုပ်ပြန်ချိန်တွင်လည်း အရာတိုင်းတိုင်းကို စိတ်မရှည်နိုင်အောင် ဖြစ်ရပြန်သည်။  လူအပြည့်အသိပ်တင်ထားသော  မြို့ပတ်ရထားပေါ်တွင် မွန်းကြပ်မှုနှင့် အိမ်တော်ပြန်နေကြရ၏။ မျက်နှာအမူအရာများကိုလည်း ကြည့်လေဦး။ Apocalypse ရုပ်ရှင်ထဲမှ Marlon Brando က “ကြောက်စရာ၊ ကြောက်စရာ” ဟု လေသံဖြင့်ညည်းတွားနေပုံနှင့် အတန်ဆင်တူနေသည်။ တဂျစ်ဂျစ်မြည်သံများသည် အခြားသူတစ်ဦးဦး၏ နားကြပ်ကက်ဆက်ထံမှ မဟုတ်ပဲ၊ သင်၏ စိတ်ဝိဥာည်အား ဖိသိပ်ညှပ်ခံရသော အသင့်စိတ်ဝိညာဉ်၏ စည်းချက်ကျကျ ထွက်လာခြင်းတည်း။ ငါတို့မင်းကိုလွမ်းနေပြီ၊ ပြန်ရောက်ခြင်းကို ကြိုဆိုပါတယ်ဟု ရထားများက ပြောနေသလိုလို ……………။