News @ M-Media

Blog

  • ၉၆၉ အမှတ်တံဆိပ် အသုံးပြုလှုပ်ရှားမှုများသည် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့စည်းမျဉ်းဥပဒေများနှင့် မညီဟုဆို

    စက်တင်ဘာ ၇၊ ၂၀၁၃
    M-Media

    1209068_586443108064830_736928584_nဗုဒ္ဓဘာသာ၏ အမှတ်တံဆိပ်အဖြစ် ၉၆၉ ကို အသုံးပြုလှုပ်ရှားနေခြင်းနှင့် သံဃာ့ကွန် ရက်အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်နေခြင်းသည် သံဃမဟာနာ ယကအဖွဲ့မှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ ဥပဒေများအရ ဖွဲ့စည်းဆောင်ရွက်ခွင့် မရှိကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ညွှန်ကြားချက်ထုတ်ပြန် လိုက်သည်။

    အဆိုပါ ညွှန်ကြားလွှာကို သြဂုတ် ၁၄-ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တိုင်းဒေ သကြီးနှင့် ပြည်နယ်အသီးသီးရှိ သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်များ သို့ ပေးပို့ထားသည်ဟု သိရသည်။

    “အဲဒီစာမရောက်သေးဘူး။ နာယကဆရာတော်ကြီးတွေဆီလည်း ရောက်တာ မကြာသေး ဘူး။ ဟိုတစ်ခါ တိုင်းဝန်ကြီးချုပ်ပို့တဲ့ အခမ်းအနား လုပ်ရင်း နှစ်ပတ် ကြို အသိပေါ်ရမယ်ဆိုတဲ့စာတော့ရတယ်။ ဘုန်းကြီးတို့ကတော့ ဘာသာရေး ပဲလုပ် တာ။ နိုင်ငံရေးမလုပ်ဘူး။ ငြိမ်းချမ်းစွာပဲ ဆောင်ရွက်တယ်။ အကြမ်းမ ဖက်ဘူး။ ထိပ်တိုက် ရင်ဆိုင်တာ မလုပ်ဘူး။ ၉၆၉ ဆိုတာက ဘုရား၊ တရား၊ သံဃာ ဂုဏ်တော်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ကျော်ကတည်းက ပေါ်တာ။ နံပါတ် သင်္ကေတကတော့ အခုမှ လုပ်တာပေါ့။ ဘုန်းကြီးတို့ လှုပ်ရှားမှုတွေက အမြဲတမ်း ငြိမ်းချမ်းစွာပါ။ သက်ဆိုင်သူ ၀န်ကြီးတွေကိုတွေ့ရင် ရှင်းပြချင်ပါ တယ်”ဟု ဆရာတော် ဦးကေသရ(ထေရ၀ါဒ ဓမ္မကွန်ရက်)က မိန့်ကြားသည်။

    ဇူလိုင် ၁၅-ရက်တွင်ကျင်းပသော သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇-ပါ စုံညီဒုတိယအစည်းအဝေးမှ ထိုကဲ့သို့ ဆုံးဖြတ် ခဲ့ခြင်းဖြစ်ပြီး ၉၆၉ သာသနပါလက ဂဏ၀ါစဏနှင့် သံဃာ့က်ွနရက်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နေမှုကို လိုအပ်သလို သြ၀ါဒပေးနိုင်ပါရန် လျှောက် ထား တင်ပြလာမှုအပေါ် ညွှန်ကြားချက် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု သိရသည်။

    သံဃမဟာနာယကအဖွဲ့ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်း အခန်း ၂၊ အပိုင် ၄၊ ၅၊ ၈ အရလည်းကောင်း၊ သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ အခန်း ၂၊ အပိုဒ် ၃၊ ၅နှင့် အခန်း ၃၊ အပိုဒ် ၈၊ ၉ တို့အရလည်းကောင်း ညွှန်ကြားလွှာစာအရလည်းကောင်း ထိုကဲ့သို့ ဖွဲ့စည်းပိုင်ခွင့်မရှိခြင်း ဖြစ်ကြောင်း ညွှန်ကြားလွှာ တွင် ဖော်ပြထားသည်။

    ၉၆၉ အမှတ်တံဆိပ်နှင့်ပတ်သက်၍ နိုင်ငံတ၀န်း ကျယ်ပြန့်စွာ အသုံးပြုလာကြပြီးနောက် အဆိုပါ အမှတ်တံဆိပ် သင်္ကေတကို ဗုဒ္ဓသာသနာတော် ညှိုးနွမ်းစေမည့် နေရာဌာနများတွင် အသုံးမပြုရန် ဇွန် ၁၄ ရက်က ပြုလုပ်ခဲ့သည့် ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြ၀ါဒခံယူပွဲ၌ ကြေညာချက်တစ်ရပ် ထုတ်ပြန် ခဲ့သည်။

    ထို့အပြင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းကလည်း လှုံ့ဆော်မှုများပြုလုပ်နေသော ၉၆၉ လှုပ်ရှားသူ အဖွဲ့များကို ဥပဒေအရ အရေး ယူမည်ဖြစ်ကြောင်း ယခုနှစ် ဇွန်လအတွင်း အမေရိကန် နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။

    Ref : 7-Day Daily

  • တိရိစ္ဆာန်အစိတ်အပိုင်းများဖြင့် စားသုံးဆီပြုလုပ်သည့် တရုတ်နိုင်ငံသား ၁၆-ဦး တရားစွဲဆိုခံရ

    စက်တင်ဘာ ၇၊ ၂၀၁၃
    M-Media

    998130_586349491407525_1442203327_n

    တရုတ်နိုင်ငံတွင် တိရိစ္ဆာန်များ၏ စွန့်ပစ်အစိတ်အပိုင်းများအားအသုံးပြုကာ ကန်ဒေါ်လာ ၁၀ သန်းဖိုးရှိ စားသုံးဆီများကို ချက်လုပ်ခဲ့သည်ဟု သံသယ ရှိသူ တရုတ်နိုင်ငံသား ၁၆-ဦးအား တရားစွဲဆိုထားသည်ဟု ဒေသတွင်းမီဒီယာက အင်္ဂါနေ့တွင်ဖေါ်ပြခဲ့သည်။

    ထိုသံသယရှိသူများမှား ကြက်၊ ဘဲ၊ ၀က်၊ ကျွဲ၊ နွားများနှင့် ၀ံပုလွေတို့မှ စွန့်ပစ်အဆီများ၊ ၀ံပုလွေအမွှေး၊ ကြက်အမွှေးနှင့် ဥစားကြက်၊ ဘဲတို့၏ အသုံးမပြုတော့သော အစိတ်အပိုင်းများအား အသုံးပြုကာ စားသုံးဆီများပြုလုပ်ခြင်းဖြစ်သည်ဟု China Daily သတင်းစာတွင်ဖော်ပြထားသည်။

    ထိုကဲ့သို့ဖမ်းဆီးရမိခြင်းမှာ တရုတ်နိုင်ငံ၏ အစားအသောက် ဘေးကင်းမှုအတွက် ညံ့ဖျင်းသော စံနှုန်းအား မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်သည်။ ပြီးခဲ့ သည့် မေ လမှ စ၍ ထိုကဲ့သို့ တရားမ၀င်လုပ်ငန်းများအား ပစ်မှတ်ထားနှိမ်နင်းရန် ဥပဒေထုတ်ပြန်ပြီးနောက် အကြီးမားဆုံး ဖမ်းဆီးရမိခြင်းဖြစ်ပြီး၊ ထိုစားသုံးဆီ များမှာ အစာခြေစနစ်အား ပျက်စီးစေနိုင်သည့်ဟု ကျန်းမာရေးကျွမ်းကျင်သူများက ပြောကြားခဲ့သည်ဟု Chin Daily သတင်းစာတွင်ဖော်ပြခဲ့သည်။

    “အဲဒီ့စားသုံးဆီတွေကို ခရိုင်၅ ခုမှာရှိတဲ့အစားအသောက်လုပ်ငန်း ၁၀၀-ကျော်ကိုရောင်းချခဲ့ပြီး ယွမ်သန်း၆၀(ဒေါ်လာ ၉.၈သန်း)ဖိုးလောက် ရှိပါတယ်။” ဟု အဆိုပါသတင်းစာတွင် ဖေါ်ပြထားသည်။

    ထိုသံသယရှိသူ ၁၆-ဦးအား တရုတ်ပြည်အရှေ့ပိုင်း ဂျီအန်ဆုခရိုင်တွင် တနင်္လာနေ့ကရုံးထုတ်ခဲ့သည်။ ပြီးခဲ့သည့်နှစ်က တရုတ်ကျန်းမာရေး တာဝန်ရှိသူများမှာ တရားမ၀င်စားသုံးဆီချက်လုပ်မှုနှင့် စားသောက်ဆိုင်များမှ စွန့်ပစ်ပစ္စည်းများအားပြန်လည်အသုံးပြုကာ စားသုံးဆီချက်လုပ်မှုများအား နှိမ်နင်းသည့် အစီအစဉ် တစ်ခုကို လုပ်ဆောင်ခဲ့သည်။ ထိုအစီအစဉ်အတွင်း လူပေါင်း ၁၀၀-ကျော် ဖမ်းဆီးဖမ်းဆီးရမိခဲ့ပြီး တစ်သက်တစ်ကျွန်း ၂-ဦးအပါအ၀င် လူ-၂၀ အားထောင်ဒဏ်များချမှတ်ခဲ့သည်။

    အထူးသဖြင့် ပြည်ပမှသွင်းကုန်များအား မ၀ယ်နိုင်သည့် ငွေးကြေးချို့တဲ့သူများ ကြားတွင်အစားအသောက်ဘေးကင်းမှုစံနှုန်း ညံ့ဖျင်းမှုမှာ တရုတ်ပြည်၏ အဓိ ကပြဿနာပင်ဖြစ်သည်။

    Ref : channelnewsasia

  • အားလပ်ရက်အလွန် အလုပ်ပြန်ဝင်ချိန် ကြုံရသော စိတ်ဖိစီးမှု ၁၀ ချက်

    စက်တင်ဘာ ၇ ၊ ၂၀၁၃
    M-Media
    Ref: BBC
    အားလပ်ရက်ပြီးသည့်နောက် အလုပ်ပြန်ဝင်ရသောပထမဆုံးနေ့ရက်သည် တစ်နှစ်တာ၏လုပ်ငန်းခွင်ရက်များအတွက် စိတ်ပျက်ဖွယ်အကောင်းဆုံးအချိန်ဖြစ်သည်။ ကမ်းခြေများ၊ မိုးကောင်ကင်ပြာများ၏ပုံလွှာတို့ကို ရုပ်သိမ်းလိုက်ရပြီး၊ ဆိုးရွားသော နေ့စဉ်အလုပ်ဆင်းချိန်နှင့် ဖုန်းတစ်လုံးနှင့် ပျင်းရိဖွယ် ထပ်တလဲလဲ စာကားများဖြင့်ပြောဆိုနေရသူအဖို့ ဆိုးရွားလှချေ၏။ အောက်တွင်ဖော်ပြထားသည်များမှာ အားလပ်ရက်အလွန် ကြုံတွေ့ရလေ့ရှိသော အဆိုးဆုံး စိတ်ဖိစီးစေသည့်အချက်များအနက် အချို့ဖြစ်သည်။

    ၁။ အီးမေးလ်တွေ တောင်ပုံရာပုံ

    မဖတ်ရသေးသော အီးမေးလ်စာများအမြောက်အများသည် သင့်ကိုစောင့်ကြိုနေလိမ့်မည်။ သင်၏စာတိုက်ပုံးတွင် သူတို့အား အာရုံစိုက်အောင် သတိပေးစာလေးများ အမြောက်အများ ၀င်နေလိမ့်မည်။ လက်တွေ့မဆန်သည့် လူ့ဘ၀များက ထိုနေရာ၌ သင့်ကိုကြိုဆိုနေလိမ့်မည်။ မိမျ၏အရေးကိစ္စကိုသာအလေးထားသော  ဒုမန်နေဂျာများထံမှ လာနေကျစာများ၊ ထူးမခြားနား အထူးလျော့ဈေးစာများ၊ သင်ရှောင်ဖယ်နေသော ရှုပ်ထွေးသည့် တောင်းဆိုစာများ၊ စိတ်ပျက်ဖွယ် သတိပေးစာတိုများ၊ အဓိပ္ပာယ်မဲံ့စာများ နှင့် အန္တရာယ်ပါလာသည့်စာများ၊ ဟာသများဟုဆိုသော်လည်း မည်သို့မျှရယ်စရာမကောင်းသည့်လင့်ခ်များ၊ အလုပ်ချိန်ကိုဖဲ့ပေးရသည့် အကြံပြုစာများ စသည်တို့အား တွေ့ရပေလိမ့်မည်။ ပြန်လည်မဖြေကြားခဲ့သော နှစ်ချို့စာများလည်း ရှိနေပေလိမ့်မည်။ ခဏလောက် မျက်ကွယ်ပြုလိုက်ယုံဖြင့် သင်၏စာတိုက်ပုံးက တစ်မဟုတ်ချင်း ပြည့်လျှံနေတတ်သည်။ ၄င်းတို့မှာကား လက်ရှိ ဒီဂျစ်တယ်ခေတ၏စက်ရုံစွန့်ပစ်ပစ္စည်းကဲ့သို့သာဖြစ်သည်။ နေ့စဉ်နှင့်အမျှ အီးမေးလ်ပေါင်း  ၁၅၀ ဘီလီယံခန့် လောက်ပို့နေကြရာ အသင်သည် ရံဖန်ရံခါ မိမိကိုယ်ကိုမပိုင်တော့သည့်အလား ၄င်းတို့ထံ စီးမျောသွားသကဲ့သို့  ခံစားနေရတတ်၏။

    ၂။ ခရီးစဉ်အား နောက်ကြောင်းပြန်လွမ်းဆွတ်မိခြင်း

    02

    အားလပ်ရက်၏နောက်ဆုံးချိန်အထိ အသုံးချခြင်းသည် အလွန်ကိုကောင်းသည့်အမြင်တစ်ခုဟု လူတိုင်းယူဆကြလေသည်။ သို့သော်လည်း ခရီးမှ သင်ပြန်ရောက်ပြီးများမကြာမီပင် ထုတ်ပိုးစည်းနှောင်ခံရသည့် ဟင်းသီးဟင်းရွက်ကဲ့သို့ ညကာလကို ဖြတ်သန်းရတော့သည်။ လေယာဉ်ကွင်းရောက်သော်လည်း နေလောင်ခံထားရသော လူထံလူနများကဲ့သို့ ခြေလှမ်းက တရွတ်တိုက်ဆွဲနေရတော့သည်။  အားလပ်ရက်များမှာ ချွတ်ပစ်ရမည့်အ၀တ်ဟောင်းကဲ့သို့အလား အချိန်နှင့်အမျှ ၀မ်းနည်းစရာဖြစ်လာတော့သည်။ ယခုမူ အသင်သည် အသင့်အလုပ်ခန်းစားပွဲရှေ့ ရောက်နေပေပြီ။ တစ်ယောက်ယောက်က သင့်အား မေးခွန်းတစ်ခုခုမေးနေသော်လည်း အသင်သည် အသင့်အချိန်စက်ကွင်းထဲက မလွတ်မြောက်နိုင်သေးဘဲ စကားပြောဆိုရန် မစွမ်းသာဖြစ်နေသည်။ လာမေးသူအား လေဆိပ်ရှိ ပစ္စည်းရွေးနေရာတွင် ကျိုးပဲ့နေသော ပစ္စည်းတင်လှည်းဖြင့် သယ်ဆောင်ခံရသည့် ပစ္စည်းအိပ်ကဲ့သို့ ခံစားချက်ကင်းမဲ့သူပမာ အကြိမ်ကြိမ် ပြန်ကြည့်ယုံသာ လုပ်မိနေပေလိမ့်မည်။

    ၃။ ဘ၀အခင်းအကျင်း တစ်ခန်းပြန်စခြင်း

    03
    အခိုင်မာဆုံးအချက်က သင် အွန်လိုင်းပေါ်မှ အသင့်အကောင့်နှင့်လျှို့ဝှက်နံပါတ်များပြောင်းသွားသကဲ့သို့ ရှေ့မှောက်ရှိကွန်ပျူတာကိုပြန်အော်နေရသည့် မနက်ခင်းဖြင့် စတင်ခြင်း ဖြစ်နေနိုင်သည်။ ကွန်ပျူတာသည် စစ်စစ်မူ အီလက်ထရောနစ်သေတ္တာတစ်လုံးသာဖြစ်သော်လည်း သင့်အား ဆပ်ကပ်တစ်ခုထဲက တိရိစ္ဆာန်တစ်ကောင်လို ခိုင်းစေဆက်ဆံနေမည့်အရာဖြစ်၏။ ၄င်းအတွင်းခုန်ဝင်လိုက်သည်နှင့် အသင်မှတ်မိနေသော စကားလုံးဖြင့် အသင့်အားခိုင်းစေတော့မည်ဖြစ်သည်။ မိမိ၏ သုံးနေကျအကောင့်နာမည်ကို မေ့နေပြီလား ဟူသော မေးခွန်းလို ပြန်လည်စတင်သည့်ရက်သတ္တပတ်မှာကား အသင့်အားလပ်ရက်ကို အစ,ဖော်ရတော့မည်မဟုတ်။

    ၄။ ဘာကြောင့်အားလုံးက ငါ့ကိုပဲ ဂရုစိုက်ကြည့်နေကြတာလဲ ?
    04
    သင်ဖတ်ခဲ့ဖူးသော ပုံပြင်ဝတ္ထုများထဲ၌ လူထူးဆန်းဟူသည်ကိုတွေ့ရှိဖူးပါလိမ့်မည်။ ယခုတော့ ၄င်းလူထူးဆန်းက အသင်ကိုယ်တိုင်ဖြစ်နေလေပြီ။ ၄င်းသည် ခံစားချက်နေရာလွှဲမှားနေခြင်းဖြစ်သည်။  ငါဟာ ဆွေးနွေးမှုထဲမှာလား၊ ဒါမှမဟုတ် ဖန်တီးထားတဲ့ ငြီးငွေ့စရာ ပြဇာတ်တစ်ခုထဲရောက်နေတာလား ဟု ခံစားရလိမ့်မည်။ လှန်လျောလို့ရတဲ့ ပုံစံဇယားကွက်ကားချပ်များ၌ ကြေကွဲဝမ်းနည်းစရာဇာတ်လမ်းပင်။ အရာရာဟာ အဓိပ္ပာယ်မဲ့ကာ လေးနက်မှုမရှိသလို ဖြစ်နေလိမ့်မည်။ မိမိကိုယ်ကို “သူဌေး” ဟု ခေါ်ဆိုနေသူ ဤပုဂ္ဂိုလ်မှာ မည်သူနည်း ? အဘယ်ကြောင့် သူ့လက်များကို ဝှေ့ရမ်းကာ ငါ့အား ပေါက်ကရအရာတွေ လာပြောနေရပါသနည်း ? (ဟု ကိုယ့်ကိုယ်ကို မေးမိနေပါလိမ့်မည်)။

    ၅။ အားလပ်ရက်ဆိုင်ရာ မနာလိုမှု

    သူမကတော့ သူမ၏ iPhone screensaver မှာ ကမ်းခြေ၏ဆည်းဆာပုံကို ပြောင်းထားပြီး၊ ခရီးပြန်အဆင့်မြင့်အိတ်ကို တမင်သက်သက်မဟုတ်လေဟန်နှင့် စားပွဲပေါ်တွင် တင်ထားချေပြီ။ မိမိကမူ သာမန်အဆင့်အားလပ်ရက်က ပြန်လာခဲ့ရပြီးနောက် တစ်စုံတစ်ဦး၏ ကြယ်ငါးပွင့်ဟိုတယ်၌ တည်းခိုခဲ့သည့်အကြောင်းကို နားဆင်နေရသော ဒုက္ခမှာ မသေးလှချေ။ ငါကတော့ “၀က်စ်ကိုစ့်” နဲ့ ကယ်လီဖိုးနီးယားကို ရောက်ခဲ့သလိုမျိုးပြောကောင်းပြောဆိုနေသော်လည်း အမှန်မှာတော့ အသင်သည် ရထားလမ်းခရီးစဉ်တစ်ခုသာ သွားရောက်ခဲ့ခြင်းဖြစ်နေခဲ့ပေမည်။

    ၆။ ဘာမှအပြောင်းအလဲမရှိသေးပါလား

    အားလပ်ရက်ရချိန်မှာ ရေးဖို့ရည်ရွယ်ထားသော ၀တ္ထုက ယခုတိုင် မစတင်ရသေး။
    ကျန်းမာရေးလိုက်စားမည့်အစီအစဉ်ကလည်း လုပ်ဆောင်မှုမြင်ကွင်းထဲလည်း မရောက်လာသေး။ ယခုသော် သွားခဲ့သောရထားဖြင့်ပင် အသင် ပြန်ရောက်လာပြီး ယခင်အလုပ်ကိုပင် ပြန်လည်ဆောင်ရွက်နေချေပြီ။ အားလပ်ရက်မှာ ငွေသုံးကြမ်းသွားပြီး ကျဉ်းကြပ်သည့် စက်တင်ဘာလဖြစ်နေပြန်ပြီ။ မည်သည့်အလုပ်သမားမှ လစာတိုး ပေးဖို့ မမျှော်လင့်ရဲသည့်ကာလရောက်နေခဲ့လေပြီ်။ အသင့် အားလပ်ရက်များအတွင်း လွတ်လပ်ခွင့်ကို အထိုက်အလျောက်ရခဲ့သော်လည်း ယခုတော့ အသင်သည် စမှတ်ကို ပြန်လည်ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ပြီးနောက် လူအများဖြစ်လေ့ရှိသော အားလပ်ရက်အလွန် စိတ်မတည်ငြိမ်မှုပြဿနာကို အသင်ခံစားနေရပြီဖြစ်သည်။

    ၇. နံနက်စာ၏စိတ်ချမ်းသာမှု
    07
    အားလပ်ရက်မှပြန်လာချိန်ဟူသည် ရှာဖွေတွေ့ရှိခဲ့သော သာယာမှုလေးများကို တမဟုတ်ချင်းစွန့်လွှတ်လိုက်ရသည့်နှယ် ဖြစ်သည်။ အလားတူအရာများထဲကတစ်ခုမှာ  အားလပ်ရက်နံနက်ခင်းတွင် စားဖွယ်စုံလင်စွာဖြင့် အေးအေးလူလူ စားသောက်ရသော နံနက်စာလည်း အပါအ၀င်ဖြစ်သည်။ မိသားစုနှင့်အတူစားရသော နံနက်စာသည်လည်း ဤသို့သော ရက်များမှအပ ပြင်ပတွင် ရှာဖွေတွေ့ရှိနိုင်ရန် မရနိုင်သလောက်ပင်။ ယခုသော်ကား အသင် အလုပ်ခွင်သို့ ပြန်ရောက်ပြီ၊ ကတ်ထူပြားကဲ့သို့ မာကျောကျောအစာများကို နို့ထဲတွင်စိမ်ကာ စားနေရပြီး ရေဒီယိုထဲက လူတို့၏ဝေဖန်နေသံတစီစီ နားထောင်၍ စားသောက်နေရလေပြီ။

    ၈။ ခြေအိတ်များကို ပြန်စွပ်ရပြီ
    08
    နှစ်ပတ်တာအချိန်၌ အသင်သည် ပဲရစ်မြို့ရှိ လာတင် အရပ်က အခြားလူတစ်ဦးဖြစ်နေခဲ့သည်။ သင်၏ ရိုးအီနေသောနေ့စဉ်ပုံဟန်မှ လွတ်မြောက်၍ ဘောင်းဘီအတို၊ မြက်ဦးထုပ်နှင့်သော် လည်းကောင်း၊ အစင်းကြားများပါသော အင်္ကျီနှင့် ကွင်းထိုးဖိနပ်ကိုသော် လည်းကောင်း ပျော်ရွှင်စွာ  စိတ်လွတ်ကိုယ်လွတ် ၀တ်စားဆင်ယင်နေခဲ့လိမ့်မည်။ ယခုမှာတော့ စက်တင်ဘာလ၏ရက်များဝယ် ကုတ်အင်္ကျီ တဖားဖားနှင့် ပြန်လည်ရောက်ရှိ အလုပ်ခွင်ဝင်ရသောအခါ လုပ်ငန်းခွင်ဝတ်စုံများသည် လေးလံနေသယောင်ယောင် ခံစားရပေသည်။ ခြေအိတ်များ ပြန်စွပ်ချိန်ရောက်လာသည်။

    ၉။ အားပါးတရ အိပ်စက်ခြင်း

    အားလပ်ရက်၏ချိုမြိတ်သာယာမှုများအနက်တစ်ခုမှာ အနှောင့်အယှက်ကင်းကင်း အိပ်စက်ရခြင်းဖြစ်သည်။ နေ့လည်နေ့ခင်မှာပင်လျှင် အိပ်နိုင်သေးသည်။ အလုပ်ခွင်ပြန်ဝင်ချိန်တွင်တော့  နာရီနှိုးစက်မြည်လျှင် ဒုက္ခအကြီးစား တွေ့ပါတော့သည်။ အိမ်မက်များထဲတွင် မပျော်ဝင်နိုင်တော့ပဲ၊ အလုပ်ချိန်အတွက် အိပ်ရေးပျက်မှုများက အစားထိုးသွားပြန်သည်။

    ၁၀။ တစ္ဆေ ရထား
    10
    အလုပ်သွားပြန်မှုသည် ခေါက်ရိုးကျိုးနေသော်လည်း စိတ်ညစ်စရာအလွန်ကောင်းသည့်ပြင် အလုပ်ပြန်ချိန်တွင်လည်း အရာတိုင်းတိုင်းကို စိတ်မရှည်နိုင်အောင် ဖြစ်ရပြန်သည်။  လူအပြည့်အသိပ်တင်ထားသော  မြို့ပတ်ရထားပေါ်တွင် မွန်းကြပ်မှုနှင့် အိမ်တော်ပြန်နေကြရ၏။ မျက်နှာအမူအရာများကိုလည်း ကြည့်လေဦး။ Apocalypse ရုပ်ရှင်ထဲမှ Marlon Brando က “ကြောက်စရာ၊ ကြောက်စရာ” ဟု လေသံဖြင့်ညည်းတွားနေပုံနှင့် အတန်ဆင်တူနေသည်။ တဂျစ်ဂျစ်မြည်သံများသည် အခြားသူတစ်ဦးဦး၏ နားကြပ်ကက်ဆက်ထံမှ မဟုတ်ပဲ၊ သင်၏ စိတ်ဝိဥာည်အား ဖိသိပ်ညှပ်ခံရသော အသင့်စိတ်ဝိညာဉ်၏ စည်းချက်ကျကျ ထွက်လာခြင်းတည်း။ ငါတို့မင်းကိုလွမ်းနေပြီ၊ ပြန်ရောက်ခြင်းကို ကြိုဆိုပါတယ်ဟု ရထားများက ပြောနေသလိုလို ……………။

  • “မုန်းတီးရေး မီဒီယာ၊ သွေးထိုး လှုံ့ဆော်မှု့နှင့် ဦးဆောင်ခဲ့သူတို့၏ နိဂုံး”

    စက်တင်ဘာ- ၇ ၊ ၂၀၁၃
    ရေးသူ- ဝါးလုံးရှည်အတီး

    Hate

    ၁၉၉၄ခုနှစ် ရဝမ်ဒါ လူမျိုးတုန်း သတ်ဖြတ်မှုကြီး အပြီးမှာတော့ သတ်ဖြတ်မှုတွက် အဓိကတာဝန်ရှိသူတွေကို နိုင်ငံတကာတရားရုံးမှ တရားစွဲဆိုခဲ့ရာမှာ ထူးခြားချက်အနေနဲ့ “ဟဆန်ဂီဇီ”၊ “ဂျင်း ဘော့စကို” နဲ့ “ဖာဒီနန် နဟီမားနား” လို့ အမည်ရတဲ့ နာမည်ကြီး
    မီဒီယာ သမား သုံးယောက်လဲ ပါဝင်ပါတယ်။

    ၁၉၉၀ခုနှစ် အစောပိုင်းမှာပဲ ရဝမ်ဒါဘာသာ စကားနဲ့”နိုးထကြလော့”ဟု အဓိပ္ပာယ်ရပြီး “ကန်ဂူရ(Kangura)” ဆိုတဲ့ ဂျာနယ်တစောင်ကို “ဟဆန်ဂီဇီ” (၂၀၀၃ခုနှစ်တွင် နိုင်ငံတကာ တရားရုံးမှ တသက်တကျွန်းအမိန့်ကျပြီး ယခု မာလီနိုင်ငံ အကျဉ်းထောင်တွင် အပြစ်ဒဏ်ကို ခံစားလျှက်ရှိသူ) ဆိုတဲ့ အစွန်းရောက် ဟူတူအမျိုးသားတစ်ယောက်က စတင်တည်ထောင်ခဲ့ပါတယ်။ အရေးအခင်းကာလ အတွင်းမှာလဲ ကန်ဂူရဂျာနယ်ဟာ ဟူတူတွေအပေါ် လွန်ကဲတဲ့ မျိုးချစ် စိတ်ဓာတ် ပြင်းထန်လာအောင် တိုက်တွန်းပြီး တွတ်စီတွေအပေါ်မှာ သနားကြင်နာဖို့မလိုကြောင်းကို မှန်မှန် တင်ဆက်ပေးနေပါတော့တယ်။ ဒါ့အပြင် ရဝမ်ဒါ အစိုးရပိုင် ရေဒီယိုနှစ်ခုဟာ အရေးအခင်း ကာလအတွင်း အသံလွှင့်တဲ့ နေရာမှာ တွက်စီလူမျိုးတွေဟာ ရဝမ်ဒါနိုင်ငံမှာ၊ ပိုးဟပ်များလို အသုံးမဝင်ဘဲ ဆိုးကျိုးကိုသာ ပေးတာမို့ သတ်ဖြတ်ပစ်ဖို့လိုကြောင်း ဝါဒဖြန့်ခဲ့တာ ဖြစ်ပါတယ်။ အဲသလို ရေဒီယိုကနေ လှုံ့ဆော်အပြီး နာရီပိုင်းအတွင်းမှာ တွတ်စီလူမျိုးများ စတင်အသတ်ခံရပါတော့တယ်။ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ရလဒ်ကတော့ သိပ်ပြီးမကောင်းလှပါဘူး။ ယခုလက်ရှိ ရေဒီယိုအစီအစဉ် နှစ်ခုက တာဝန်ရှိသူတွေဟာ တသက် တကျွန်းပြစ်ဒဏ်ကို ကန်ဂူရဂျာနယ် တိုက်ပိုင်ရှင်နဲ့ အတူခံစားနေရပါတယ်။

    “ဖာဒီနန် နဟီမားနား” ကတော့ Radio Télévision Libre des Mille Collines ကိုတည်ထောင်သူ တစ်ဦးဖြစ်ကာ ပြင်သစ် ဒီးဒရော့ ယူနီဗာစီတီ ထွက် ပညာတတ် တစ်ဦးလည်းဖြစ်သည်။ ထို့ပြင် စာရေးဆရာနှင့် သမိုင်းပညာရှင် တစ်ဦးလည်းဖြစ်ကာ ရဝမ်ဒါ သမိုင်းနှင့် ပတ်သတ်၍ အငြင်းပွါးဖွယ် စာအုပ်စာတမ်း များစွာကို ပြုစုရေးသားခဲ့သူ တစ်ယောက်လည်းဖြစ်သည်။ အရေး အခင်း ကာလ အတွင်း သူ တည်ထောင်ခဲ့သော ရေဒီယိုမှ မဟုတ်မမှန်သော သတင်းများနှင့် အမုန်းတရားများကို လေလှိုင်းမှ တဆင့် လှုံ့ဆော်ခဲ့သောကြောင့် နိုင်ငံတကာခုံရုံး၌ တစ်သက်တကျွန်း ပြစ်ဒါဏ်ကိုခံစားခဲ့ရသည်။ သို့သော်လည်း သူ၏ အယူခံဝင်မှုကြောင့် တစ်သက်တကျွန်း ပြစ်ဒါဏ်မှ အနှစ် ၃၀ သို့ ပြောင်းလဲ လျှော့ပေါ့ပေးကာ ယနေ့ထိတိုင်အောင် မာလီ နိုင်ငံရှိ အကျဉ်းထောင်တစ်ခုတွင် အပြစ်ဒါဏ်ကို ခံစားလျက်ရှိသေးသည်။

    “ဂျင်း ဘော့စကို” ဟာလည်း Radio Télévision Libre des Mille Collines မှ တာဝန်ရှိသူတစ်ဦးဖြစ်ကာ မဟုတ်မမှန် ဝါဒဖြန့်မှု များအတွက် ထောင်ဒါဏ် ၃၅ ပြစ်ဒါဏ်ချမှတ်ခံရကာ ဘီနင် ရီပတ်ဗလစ် နိုင်ငံရှိ အကျဉ်းထောင်အတွင်း အပြစ်ဒါဏ်ကို ခံစားနေဆဲတွင်ပင်ဧပြီလ ၂၅ ရက် ၂၀၁၀ ခုနှစ်၌တွင်ပင် အသည်းရောင် အသားဝါ စီပိုး ဖြင့် ကွယ်လွန်သွားရရှာလေသည်။

    အထက်ပါ လူများ အားလုံး ကိုင်တွယ်ခဲ့သော ဂျာနယ်၊ ရေဒီယို အစီအစဉ် များမှာ ထို အချိန်က ရိုးသားသော ပြည်သူများအတွင်း အမျိုးသား၊ မျိုးချစ်၊ ဝံသာနု၊ စည်းလုံးညီညွတ်ရေးဟူသော စကားလုံးများကို အသုံးပြုပြီး မျိုးချစ်စိတ်ဓာတ်ကို ပိုမိုပြင်းထန်အောင်ပြုလုပ်ကာ မီဒီယာများမှတဆင့် ထုတ်လွှင့်တင်ဆက်မှုကြောင့် လူကြိုက် အများဆုံး၊ရေပန်း အစားဆုံးနှင့် အောင်မြင်မှု များ ဖြစ်ခဲ့သော်လည်း အရေးအခင်းကြီး ပြီးဆုံးသွားချိန်မှာတော့ ရည်ရွယ်ချက် မကောင်းမှုကြောင့် အထက်မှာ တင်ပြခဲ့သည့် အတိုင်း လူ့ဘဝ ၏နေဝင်ချိန်များကို သံတိုင်များနောက်တွင် လူမသိ၊သူမသိ ကုန်ဆုံးသွားခဲ့ရလေသည်။

    တူညီသော အချက်များမှာကား ၄င်းတို့ မုန်းတီးခဲ့သည့်လူများအား ဘာသာကွဲဒိဋ္ဌိများ၊ အရိုင်းအစိုင်းများ၊ ဥပဒေ နှင့် မညီသော အမှုများကို ပြူလုပ်လေ့ရှိ သူများ အောက်တန်းစားလူမျိုးများ၊ ခွဲထွက်ရေးသမားများ၊ သောင်းကျန်းသူအဖျက်သမား၊ အကြမ်းဖက်သမားများ၊ ဖောက်ပြန်ရေး သမားများ၊ ယဉ်ကျေးမှု ကို ဖျက်ဆီးမည့်သူများ စသည်ဖြင့် တံဆိပ်အမျိုးမျိုးကပ်ပြီး အလိုရှိသည့်ပစ်မှတ်ကို အများနဲ့မတူသည့်နေရာသို့ရောက်အောင် အခြား နိုင်ငံသားများနှင့် မတူ ကွဲပြားစေရန်ကြိုတင်လုပ်ဆောင်လေ့ရှိကြသည်။ ကိုယ့်အတွက်ကိုမူ ယဉ်ကျေးမှု မြင့်မားသူများ၊ မြင့်မြတ်သောလူမျိုးများ၊ မဟုတ်မခံ စိတ်ရှိသူများ၊ သူရဲကောင်း စိတ်ဓာတ်ရှိသူများ၊ အမျိုးဘာသာသာသနာ သန့်ရှင်း တည်တံ့ရေးကို စောင့်ထိန်းသူများ၊ တိုင်းပြည်ကို အဓိကစောင့်ရှောက်နေရသူများ၊ စသည်ဖြင့် မိမိတို့ကိုယ်မိမိ ပြန် သတ်မှတ်ကြခြင်းပင်ဖြစ်သည်။

    တနည်းဆိုရသော် လူသားတိုင်းမှာ ပါရှိသည့် အတ္တ ဟူသော ချို့ယွင်းချက်ကို နားလည်ထားကြပြီး မိမိတို့ ကိုယ်ကျိုးနှင့် မုန်းတီးမှုများ အတွက် ပြည်သူများကို ချနင်း၍ အသုံးချသွားခြင်းပင်ဖြစ်သည်။ထိုအတ္တလွန်ကဲ ချို့ယွင်းချက်သည် နဂို မွေးရာပါ ဉာဏ်ရည် ဉာဏ်မပြည့် မှီသောကြောင့်ဖြစ်နိုင်သလို ၊ ကိုယ်မွေးဖွားကြီးပြင်းရာ ပတ်ဝန်းကျင်မှ ငါတကောကောသည့် အယူအဆများ ငယ်စဉ်မှ စ၍ နှစ်ရှည်လများ တစတစ ရိုက်သွင်းခံထားခြင်း သို့ လူတန်းစား တစ်ရပ်ကိုဦးတည်၍ ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေ ဖြစ်စွာ မနေနိုင်စေရင် Brain wash လုပ်ခံထားရခြင်း (သို့) မှိုင်းတိုက်ခံထားရခြင်းမျိုးလည်းဖြစ်နိုင်ပါသည်။

    တိုးတက်ရန် လမ်းစပြုနေပြီဖြစ်သော မြန်မာလူ့အဖွဲ့အစည်းတွင် စေတနာအစစ်အမှန်ရှိလျှင် မြေယာ အငြင်းပွါးမှု ပြဿနာများ၊ အလုပ်လက်မဲ့ နှင့် ကောင်းမွန်သော ပညာရေးစနစ်နှင့် အလှမ်းဝေးနေသေးခြင်း တို့ကဲ့သို့သော အရေးတကြီးလုပ်စရာ ပြဿနာ အများအပြားရှိနေပါသေးသည်။ လူမှုရေး ဘာသာရေးခွဲခြားမှုများက ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ပြင်းပြင်းထန်ထန် ဖြိုခွဲသည့်အတွက် ဦးဆောင်သူများ၏ ရည်ရွယ်ချက်မှာ မြန်မာပြည်သူများ၏ ကောင်းကျိုးကိုမလိုလားဘဲ ဆိုးရွားသော အခြေအနေကိုသာလျှင် ဦးတည်သွားစေနိုင်ကြောင်း ထင်ထင်ရှားရှားမြင်တွေ့နိုင်သလို ထို့ ဦးဆောင်သူများ၏ နိဂုံးဟာ လည်း သိပ်မကောင်းလှကြောင်းကို ထင်ထင်ရှားရှားမြင်တွေ့နိုင်ပါသည်ဟု တင်ပြလိုက်ရပါသည်ခင်မျာ။

    ဝါးလုံးရှည်အတီး FB စာမျက်နှာမှ ကူးယူဖော်ပြသည်။

  • မယ်စကြ၀ဠာပြိုင်ပွဲ(မြန်မာ) ပြိုင်ပွဲနှင့် ပတ်သက်ပြီး စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်

    စက်တင်ဘာ ၆၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    miss

    ရန်ကုန် ။ ။ ၂၀၁၃-ခုနှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် မယ်စကြာဝဠာ Miss Universe ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် မယ်စကြာဝဠာ(မြန်မာ) Miss Universe (Myanmar) ပြိုင်ပွဲအတွက် Hello Madam Group မှ ကြီးမှူးကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း Managing Director ဒေါ်စိုးဝေယုက ပြောကြားသည်။

    “Miss Universe ၂၀၁၃ ပြိုင်ပွဲကို စေလွှတ် ယှဉ်ပြိုင်နိုင်ဖို့ Miss Universe Organization ရဲ့မြန်မာနိုင်ငံ National Director အဖြစ် စီစဉ် ကျင်းပခွင့် ရရှိထားပါတယ်။ ၂၀၁၃-ခုနှစ်၊ နိုဝင်ဘာလမှာ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပတဲ့ Miss Universe ၂၀၁၃ ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မယ့် Miss Myanmar အား ကျွန်မတို့ Hello Madam Group မှ အောက်တိုဘာလ ၃ရက်နေ့မှာ ပြိုင်ပွဲကျင်းပပြီး ရွေးချယ်စေလွှတ်သွားမှာ ဖြစ်ပါတယ်” ဟု ကန်တော်ကြီး ဟိုတယ်၌ ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းမှ ပြောကြားခဲ့ခြင်း ဖြစ်သည်။

    Miss Universe Myanmar ပြိုင်ပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီသော မြန်မာနိုင်ငံကိုယ်စားပြု Miss Myanmar ပေါ်ထွက်လာစေရန် ဖြစ်ကြောင်း၊ နှစ်ပေါင်း(၅၀)ကျော်ကြာ မယှဉ်ပြိုင်နိုင်ခဲ့သော မယ်စကြာဝဋ္ဌာ ပြိုင်ပွဲသို့ ပြန်လည် ၀င်ရောက် ယှဉ်ပြိုင်နိုင်ရန် ဖြစ်ကြောင်း၊ မြန်မာအမျိုးသမီးများ ကိုယ်ကာယလှပ ကြံ့ခိုင်မှု အားကစားနည်းကို ပိုမို စိတ်ဝင်စားလာစေရန် ဖြစ်ကြောင်း၊ အတွေ့အကြုံ့ဗဟုသုတများ ကြွယ်ဝသည့် ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင် အမျိုးသမီးများ ပေါ်ထွက်လာစေရန် ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် လှပသော သဘာဝ ပတ်ဝန်းကျင် အနေအထားများကို နိုင်ငံတကာမှ သတိပြုမိစေရန် ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် အပြန်အလှန် ထိတွေ့ ဆက်ဆံမှုများ ပိုမိုရရှိစေရန် ရည်ရွယ်ကြောင်း ၎င်းက မီဒီယာများသို့ ပြောသည်။

    မြန်မာနိုင်ငံမှ ၁၉၅၉-ခုနှစ်တွင် မယ်မြန်မာ၊ ၁၉၆၀-ခုနှစ် မယ်မြန်မာနှင့် ၁၉၆၁-ခုနှစ်တွင် မယ်မြန်မာတို့မှ Miss Universe ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ကြပြီး နောက်ပိုင်း နှစ်ပေါင်း ၅၀-ကျော်အကြာတွင် ယခုကဲ့သို့ ပြန်လည် ၀င်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲဝင်သည် ၂၀၁၃-ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် အသက်(၁၈)နှစ် ပြည့်ပြီးသူ ဖြစ်ရမည့် အပြင် အသက် (၂၇)နှစ်ထက် မကြီးသူ ဖြစ်ရမည် ဖြစ်ကြောင်း၊ အရပ် ၅-ပေ ၆-လက်မနှင့် အထက် ရှိရမည် ဖြစ်ကြောင်း၊ Miss Universe ပြိုင်ပွဲသို့ စေလွှတ်မည့် Miss Myanmar ပြိုင်ပွဲဝင် လျှောက်လွှာများကို Hello Madam Group ရုံးခန်းနှင့် www.missmyanmaruniverse.org တို့တွင် Dawnload ပြုလုပ်၍ လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း၊ လျှောက်လွှာများကို စက်တင်ဘာလ ၇-ရက်နေ့တွင် တိုက်(အေ- ၃-၁)၊ အခန်း(၇၀၃)၊ (၇)လွှာ၊ မြန်မာ့ဂုဏ်ရည် အိမ်ရာ၊ အထက်ပန်းဆိုးတန်းလမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်မြို့သို့ နောက်ဆုံးထား၍ ပေးပို့ သွားရမည် ဖြစ်ကြောင်း သိရသည်။

    “စက်တင်ဘာလ ၁၂-ရက်နေ့မှာ လူတွေ့စစ်ဆေးမှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၂၆ရက်နေ့ကနေ ၃၀-ရက်နေ့ထိကို ပမာဏ ရွေးချယ်ခံထားရတဲ့ Miss Myanmar တွေကို လူမှုရေး လှည့်လည် ဆောင်ရွက်ခြင်း ပြုလုပ်ရမှာ ဖြစ်တယ်။ အောက်တိုဘာ ၁-ရက်နေ့ကနေ ၁၀-ရက်နေ့ထိကို ပြိုင်ပွဲဝင် အစမ်းလေ့ကျင့်မှာပါ။ အောက်တိုဘာ ၃-ရက်နေ့မှာ ပြိုင်ပွဲကို အမျိုးသား ကဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံ မော်စကိုမြို့မှာ Miss Universe 2013 ပြိုင်ပွဲကို ၁၇. ၁၀. ၂၀၁၃ မှ ၉. ၁၁. ၂၀၁၃ ထိ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်” ၎င်းက M-Media သို့ပြောသည်။

    “မြန်မာအမျိုးသမီးတွေဟာ မပြောင်းမလဲတဲ့ စိတ်ဓါတ်ကတော့ နိုင်ငံတကာကို ယှဉ်ဘောင်တန်းဖို့ အမြဲအဆင်သင့် ဖြစ်နေတာကို တွေ့ရတဲ့အတွက် အရမ်းပဲ ၀မ်းသာပါတယ်။ ဒါဟာ ဟိုးအရင်တုန်းက မမိုး မက်ခဲ့တဲ့ အိမ်မက်ပါ။ ခုဆိုရင်တော့ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံ့တွေ၊ ကိုယ်ရှာဖွေ စုဆောင်းထားတဲ့ အတွေ့ကြုံ့တွေ အားလုံးကို မျှဝေပေးဖို့ အဆင်သင့်ပါပဲ။ ဒီမှာ သူတို့လိုချင်တာက အမျိုးအနွယ်ရော၊ ယဉ်ကျေးမှုရော၊ အမွေအနှစ်ကိုရော စောင့်ထိန်းနိုင်တဲ့ မြန်မာနှလုံးသား စစ်စစ်ဖြစ်တယ်လို့ သိရတယ်။ ဒါလေးကတော့ တော်တော်ကောင်းတဲ့ အချက်လို့ မမိုး အနေနဲ့ မြင်ပါတယ်။ ပြိုင်ပွဲဝင်သူတွေဟာ ဒီအကန့်အသတ်ထဲမှာ ရှိနေပြီးသား ဖြစ်ဖို့လဲလိုတယ်လို့ မမိုးက ထင်ပါတယ်”ဟု မော်ဒယ်အေဂျင်စီမှ မတင်မိုးလွင်က M-Media သို့ပြောသည်။

    Miss Universe Myanmar 2013 ပြိုင်ပွဲအတွက် Main Sponsor အဖြစ် Htoo Foundation မှ ကူညီပံ့ပိုးပေးပြီး bsc မှ မိတ်ကပ်၊ Swim Wear နှင့် ဖိနပ်၊ Voting System အတွက် M188၊ ၀တ်စုံ အင်ကြင်းခိုင် ပိုးထည်၊ ဒီဇိုင်နာ မျိုးမင်းစိုးနှင့် အမျိုးသား ၀တ်စုံအတွက် မိတ်ကပ်တိုးတိုးတို့မှ ကူညီပံ့ပိုးပေးထားကြောင်း သိရသည်။

    အဆိုပါ ပြိုင်ပွဲနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များအား သိရှိလိုပါက တယ်လီဖုန်း ၀၉-၈၆၃၃၅၀၀၊ ၀၉ ၈၆၀၁၈၅၄၊ ၀၁ ၃၉၂၀၉၉ တို့တွင် ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

    ဓါတ်ပုံများကြည့်ရန်။ >> http://goo.gl/wh15I6