News @ M-Media

Blog

  • အရပ် လက်မဝက်ပိုရှည်တဲ့ မနက်

    သြဂုတ် ၃၁၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်

    height

    သင်သိပါသလား? သင် ညဖက်အရပ်အမြင့်တိုင်းပြီး မနက်ဖက် ပြန်တိုင်းကြည့်တဲ့အခါ လက်မဝက်လောက် ပိုရှည်တယ်ဆိုတာကို သိလား?

    ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲဆိုတော့ ကျွန်တော်တို့ အိပ်ပျော်နေတဲ့အချိန်မှာ အရိုးဆစ်တွေကြားမှာရှိတဲ့ အရိုးနုပြားတွေထဲက အရည်တွေဟာ ပြန်ပြည့်လာပြီး အဆစ်ပေါင်းများစွာ ရှိတာကြောင့် လက်မဝက်ခန့် မနက်ပိုင်းမှာ အရပ်ပိုမြင့်ပါတယ်။

    နေ့ပိုင်းမှာ မတ်တပ်ရပ်တာတွေများတာကြောင့် အရိုးနုပြားဟာ တဖြည်းဖြည်းပိပြားလာပြီး ကြားထဲက အရည်တွေစိမ့်ထွက်ကုန်ပါတယ်။ ဒီလိုနဲ့ ညဖက်မှာ မနက်ကမြင့်ခဲ့တဲ့ လက်မဝက်ခန့် အရပ်ဟာ ပြန်ပျောက်သွားပါတယ်။

    ကိုးကား – Interesting Facts & Info

  • Mobile ဖုန်းလိုင်းဆက်သွယ်မှု ပြတ်တောက်မှုများကြောင့် ပြည်သူများ အခက်အခဲဖြစ်

    သြဂုတ် ၃၁၊ ၂၀၁၃
    M-Media
    သုတ

    MPT

    ရန်ကုန်  ။         ။      ရန်ကုန်မြို့တွင် သြဂုတ်လနှောင်းပိုင်းအတွင်း GSM ဖုန်းလိုင်းပြတ်တောက်မှုများကြောင့် ပြည်သူများအကြား ဆက်သွယ်မှုကိစ္စရပ်အတွက် အခက်အခဲများဖြစ်ပေါ် လျက်ရှိကြောင်း သိရသည်။

    “ကျွန်မအလုပ်က ဖုန်းနဲ့အမြဲဆက်သွယ်ပြောဆိုနေရတာ။ ဒီရက်ပိုင်း လိုင်းက တအားပြတ်ပြတ်ကျသွားတော့ အလုပ်ကိစ္စပြောဆိုရတာ လုံးဝ အဆင်မပြေဘူး။ ဟိုဘက် ဒီဘက် ပြန်ခေါ်ရင်လည်း ဆက်သွယ်မှု ဧရိယာပြင်ပရောက်နေတယ်ဆိုတာမျိုး၊ ဖုန်းမအားသေးဘူးဆိုတာမျိုးလည်း ဖြစ်ဖြစ်သွားတယ်။ အဆိုးဆုံးကတော့ ဖုန်းခေါ်တာနဲ့ အကြာကြီးနေမှ ဖုန်းဝင်တယ်၊ ဖုန်းဝင်တာနဲ့ ချက်ချင်းလိုင်းကျသွားတာ။ ပထမတော့ ကျွန်မရဲ့ ဟန်းဆက်ကြောင့် ဖြစ်တယ်ထင်လို့ တစ်ခြားသူငယ်ချင်းတွေကို ပြောပြတော့မှ သူတို့လည်း အဲလိုတွေဖြစ်နေတာ သိရတာ။ ဒါဆိုရင်တော့ ဟန်းဆက်ကြောင့်မဟုတ်တော့ဘူး ဆက်သွယ်ရေးက တစ်ခုခုဖြစ်တာလို့ သိလိုက်တယ်”လို့ ကုမ္ပဏီလုပ်ငန်းရှင်တစ်ဦးမှ ပြောခဲ့သည်။

    “ကျွန်တော်ကတော့ လခစားဝန်ထမ်းတစ်ဦးပါ။ ဖုန်းက အမြဲတမ်း ပြောနေရတာမျိုးမရှိဘူး။ ပြီးတော့ ရုံးကိစ္စဆိုတော့ ကြိုးဖုန်းနဲ့ပြောဖြစ်တာ။ တဘက်က မိုဘိုင်းဖုန်း ဆိုရင် ဖုန်းပြောနေရင်း လိုင်းပြတ်ကျသွားတာ၊ ပြန်ခေါ်ရင် မရတော့တာမျိုးဖြစ်တယ်။ အိမ်ပြန်ရောက်ရင်လည်း ကျွန်တော်က ဖုန်းနဲ့ အင်တာနက်သုံးတာဆိုတော့ အရင်က သုံးလို့အဆင်ပြေပေမယ့်၊ ဒီရက်ပိုင်းတွေမှာ လုံးဝ အဆင်မပြေဘူး။ သူငယ်ချင်းတွေ တော်တော်များများကပြောတယ် ကျွန်တော့်ဖုန်းကို ခေါ်လို့မရဘူး၊ ခေါ်လို့မရဘူးနဲ့။ ကျွန်တော့်အိမ်ထဲမှာ ဖုန်းလုံးဝပြောလို့မရဘူး။ ဖုန်းပြောချင်ရင် အိမ်ရှေ့ဝရံတာ ထွက်ပြောရတယ်။ ဒါတောင် ပြောနေရင်း ပြတ်ပြတ်သွားတယ်။ GSM တွေရော၊ CDMA ရော WCDMA ဖုန်းတွေပါ ဖြစ်တာပါ”လို့ ရန်ကုန်မြို့မှ လူငယ်တစ်ဦးကလည်း ပြောပြလာပါတယ်။

    ယခုကဲ့သို့ ဖုန်းလိုင်းများ ပြတ်တောက်မှုဖြစ်ရခြင်းမှာ ဖုန်းသုံးစွဲမှု ပိုများသည့်အချိန်များတွင် ဖုန်းလိုင်းပြတ်တောက်ခြင်းဖြစ်ပြီး လိုအပ်သည့် ပြင်ဆင်မှုများအး အမြန်ဆုံးလုပ်ဆောင်နေပါကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြောကြားထားပါသည်။

  • မိတ္ထီလာမြို့အကြမ်းဖက်ခံများ ကိုယ်စား မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံသို့ စာပို့

    သြဂုတ် ၈၁၊ ၂၀၁၃
    M-Media
    KK

    1

    မိတ္ထီလာ ။           ။           မိတ္ထီလာမြို့ အကြမ်းဖက်ခံများနှင့်ပတ်သက်သည့် သဘောထားတင်ပြချက်မှတ်တမ်းများကို အကြမ်းဖက်ခံများကိုယ်စား ဦးအောင်သိန်း(တရားလွှတ်တော်ရှေ့နေ)မှ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံသို့ ပေးစာတစ်စောင်ကို သြဂုတ်လ ၂၇-ရက်နေ့က ပေးလို့လိုက်ကြောင်းသိရသည်။

    ဤပေးစာတွင် မိတ္ထီလာမြို့ရှိ အစ္စလာမ်ဘာသာဝင်များသည် ရှေးမြန်မာမင်းများလက်ထက်ကပင် တိုင်းရင်းသားများအဖြစ် ရှေးမင်းများအပေါ် သစ္စာစောင့်သိ ခစားလျက် သားစဉ်မြေးဆက် နေထိုင်လာခဲ့သူများဖြစ်ကြောင်းနှင့် မတူကွဲပြားသည့် (လူမျိုး/ဘာသာ) လူ့အသိုင်းအ၀ိုင်းကြားတွင် အပြန်အလှန်လေးစားခြင်း၊ ခွင့်လွှတ်သည်းခံခြင်းနှင့် ဗြဟ္မစိုရ်တရားမျးကို လက်ကိုင်ထား၍ ခေတ်ဆက်ဆက်ကကဲ့သို့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေနိုင်မည်ဟု မုချယုံကြည်၍ နိုင်ငံတော်အကြီးအကဲများနှင့် မြန်မာနိုင်ငံ လူမှုအသိုင်းအ၀ိုင်းများမှ ကူညီစာနာဖေးမစောင့်ရှောက်နိုင်ရန်အတွက် အကြမ်းဖက်ခံများ၏ အခက်အခဲသဘောထားဆန္ဒနှင့် ပန်ကြားချက်များကို စုစည်းတင်ပြလိုက်ကြောင်းသိရသည်။

    အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ဦးအောင်သိန်း(တရားလွှတ်တော်ရှေ့နေ)ထံ M-Media မှ ဆက်သွယ်မေးမြန်းရာ “အခုပေးစာက တစ်ယောက်တည်းအနေနဲ့ ပေးပို့တာ မဟုတ်ပါဘူး။ အဖွဲ့ငယ်လေးအနေနဲ့ပို့တာပါ။ မိတ္ထီလာမှာ ကူညီရေးအဖွဲ့ငယ်လေးဖွဲ့ပြီး ကျွန်တော်တို့လုပ်နေကြပါတယ်။ အဲဒါကလည်း တရားဝင် ဖွဲ့ခွင့်မရခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော် ရှေ့နေတစ်ယောက်အနေနဲ့ ပေးပို့လိုက်တာပါ။ လွန်ခဲ့တဲ့ လတွေကလည်း ကျွန်တော်တို့အဖွဲ့လေးကနေ အကြမ်းဖက်ခံတွေရဲ့ စာရင်းလေးတွေကောက်တယ်။ အဲဒါမှာလည်း ကျွန်တော်တို့ကိုဟန့်တားခံရတယ်။ အခု ဒီစာပေးပို့တာကလည်း မိတ္ထီလာက အကြမ်းဖက်ခံတွေရဲ့ တကယ့်စစ်မှန်တဲ့ အခက်အခဲတွေကို သိစေချင်တာပါ။ ဒီမှာက ဘာဖြစ်နေလဲဆိုတော့ အကြမ်းဖက်ခံတွေရဲ့ ခံစားချက်အစစ်အမှန်တွေကို ပြောခွင့်မရအောင် ပိတ်ပင်တာတွေ အများကြီးရှိတယ်။ မစ္စတာကင်တားနားတို့ မစ္စတာနမ်ဘီးယားတို့ လာတုန်းကဆိုလည်း မိတ္ထီလာကသူတွေ တတ်နိုင်သမျှ မွတ်စလင်မ်တွေ မပါအောင် ဟန့်တားတာမျိုးရှိခဲ့တယ်။ အဲလို မျိုးတွေလည်း မဖြစ်စေချင်ဘူး။

    ကျွန်တော်တို့ ဒီမှာလုပ်ပေးနေတာက မွတ်စလင်မ်တွေကိုပဲ သီးသန့်လုပ်ပေးနေတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာ CAMP တွေကိုလည်း သွားတယ်။ တချို့တွေကျ မွတ်စလင်မ်တွေ တကယ်ခံစားခဲ့ရတာကို ဖုံးဖိပြီး အခု အဆင်ပြေနေသယောင် လုပ်နေတာမျိုးတွေရှိတယ်။ အဲဒါတွေကြောင့် ဒီစာကို ပေးပို့တာပါ။

    အခု ပို့တဲ့စာအတွက်လည်း အနှောက်အယှက် အခက်အခဲတွေ အများကြီးရှိလာနိုင်ပါတယ်။ ဒါပေမယ့် အများအတွက်ကို ကျွန်တော်ပို့တာပါ။ နောက်လည်း တကယ့်တကယ် လိုအပ်ချက် အစစ်အမှန်တွေကို ကျွန်တော်တို့ ရဲရဲဝံ့ဝံ့ထုတ်ဖော် ပြောသွားမှာပါ”လို့ ဖြေကြားခဲ့ပါတယ်။

    မတ်လအတွင်းက ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့ အကြမ်းဖက်မှုတွင် အကြမ်းဖက်ခံများသည် ယခုအချိန်ထိ CAMP များအတွင်း နေထိုင်နေရသူများရှိသကဲ့သို့ မိမိနေအိမ်ကို ပြန်ခွင့်ရသူများသည်လည်း စိတ်ဓါတ်ပိုင်းဆိုင်ရာများ ပြန်လည် ထူထောင်ရန် အများကြီး လိုအပ်နေသေးကြောင်းကိုလည်း မိတ္ထီလာမြို့ခံများ၏ ပြောစကားများအရ ထပ်မံသိရှိရပါသည်။

    မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကို ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲပြီးနောက် ယခုနှစ် မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်အစိုးရ အဖွဲ့တာဝန်ကို လွှဲပြောင်းလက်ခံခဲ့သည့် သမ္မတဦးသိန်းစိန်မှ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့ တွင် အဖွဲ့ဝင် (၁၅) ဦးဖြင့် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။ အဖွဲ့ဝင်အားလုံးနီးပါးမှာ အငြိမ်းစား အစိုးရ အရာရှိကြီးများဖြစ်ပြီး အငြိမ်းစား သံတမန်၊ ပါမောက္ခနှင့် အခြားသော အစိုးရဋ္ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်ခဲ့သူ များဖြစ်သည်။ ကော်မရှင်၏ ဥက္ကဋ္ဌမှာ အငြိမ်းစား သံအမတ် ဦးဝင်းမြ ဖြစ်သည်။

    ပေးပို့စာကို Download ယူပြီးဖတ်လိုလျှင်
    File Size= 1.4 MB
    Google Drive Link >>http://goo.gl/rdOwJH

    Letter From Meiktila Muslims IDP to the Myanmar National Human Rights Commission

  • ဗျူဟာကောင်းပေမယ့် ကံမကောင်းခဲ့ဘဲ စူပါဖလားကို လက်လွှတ်လိုက်ရတဲ့ ချယ်ဆီး

    သြဂုတ်လ- ၃၁ ရက်၊ ၂၀၁၃
    M-Media
    ကိုလေး

    Bayern Munich celebrate with the Super Cup
    ဥရောပချန်ပီယံလိဂ် ချန်ပီယံအသင်းနှင့် ယူရိုပါလိဂ်ချန်ပီယံအသင်းတို့ယှဉ်ပြိုင်ကစားရသည့် ဥရောပစူပါဖလားဗိုလ်လုပွဲကို ဘိုင်ယန်မြူးနစ်အသင်းနှင့် ချယ်ဆီးအသင်းတို့ ယနေ့နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြသည်။

    ချယ်ဆီးအသင်းတွင် အဓိက ကစားသမားများဖြစ်ကြသည့် လူးဝစ်ဇ်၊ အက်ရှ်လေကိုး၊ အီဗန်နိုဗစ်၊ လမ်းပတ်၊ ရာမီးရက်စ်၊ တောရက်စ် စသည့်ကစားသမားများပါဝင်ခဲ့ကြပြီး ဘိုင်ယန်မြူးနစ်အသင်းတွင်လည်း ဖီလစ်လမ်း၊ ရော်ဘင်၊ ရီဘာရီ၊ မန်ဇူကစ်တို့ ပါဝင်ခဲ့ကြသည်။

    ပွဲစသည်နှင့်တစ်ပြိုင်နက် ဘိုင်ယန်အသင်းမှ ချယ်ဆီးအသင်းအား ကစားကွက်အသာဖြင့် ဖိကစားနိုင်ခဲ့ပြီး ချယ်ဆီးအသင်းက တန်ပြန်တိုက်စစ်ဖြင့်သာ ဘိုင်ယန်အသင်းဘက်သို့ ထိုးဖောက်ရန်ကြိုးစားခဲ့သည်။ ဘိုင်ယန်၏တိုက်စစ်ကို ခုခံနေရင်း ပထမပိုင်း ၈ မိနစ်တွင် ချယ်ဆီးအသင်းက တန်ပြန်တိုက်စစ်မှ တစ်ဆင့် ဦးဆောင်ဂိုးရရှိခဲ့သည်။ ထိုဂိုးကို ဟာနန်ဒက်ဇ်၊ ရှိုယေးတို့တွဲလုံးမှတစ်ဆင့် ချယ်ဆီးအသင်းမှ ထွက်ခွာရန်ရှိနေသည့် တိုက်စစ်မှူးဖာနန်ဒိုတောရက်စ် သေသေသပ်သပ်သွင်းယူသွားခဲ့သည်။

    ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းမှာ ချယ်ဆီးအသင်းဘက်သို့ ပိုမိုဖိကစားခဲ့သော်လည်း ချေပဂိုးမရရှိခဲ့ဘဲ ပထမပိုင်းအပြီးတွင် ချယ်ဆီးက ၁ ဂိုး ဂိုးမရှိဖြင့်ဦးဆောင်နေခဲ့သည်။

    ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၂ မိနစ်အကြာတွင် ဥရောပအကောင်းဆုံး ဘောလုံးသမားဆုကို ပူပူနွေးနွေးရရှိထားသည့် ဘိုင်ယန်ကွင်းလယ်လူ ရီဘာရီက ၁၈ ကိုက်စည်းထိပ်မှ လှပစွာကန်သွင်းပြီး ချေပဂိုးသွင်းယူခဲ့သည်။ ချေပဂိုးရပြီး နောက်ပိုင်း ဘိုင်ယန်ကပင် အသာစီးဖြင့်ကစားနိုင်ခဲ့သည်။ ၆၃ မိနစ်တွင် ချယ်ဆီးကွင်းလယ်လူ အော်စကာအပိုင် တစ်လုံးရခဲ့သော်လည်း ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ချေ။ ၇၁ မိနစ်တွင်ချယ်ဆီးဂိုးသမား ပီတာချက် အမှားတစ်ခုပြုလုပ်ခဲ့ပြီး ကံကောင်းစွာပင် ဂိုးမပေးခဲ့ရချေ။ ၈၇ မိနစ်တွင် ရာမီးရက်ဇ် ဘောလုံးဖျက်ထုတ်ရာတွင်ကြမ်းတမ်းသည့်အတွက် နှစ်ဝါတစ်နီဖြင့် အထုတ်ခံခဲ့ရသည်။ ပွဲပြီးဆုံးချိန်တွင်တစ်ဂိုးစီ သရေကျနေခဲ့ပြီး အချိန်ပိုဆက်လက်ကစားရာ ၉၂ မိနစ်တွင် ဟာနန်ဒက်ဇ်က ချယ်ဆီးအသင်းအတွက်ဒုတိယဦးဆောင်ဂိုး သွင်းယူခဲ့သည်။
    အနိုင်ဂိုးရပြီးနောက် ချယ်ဆီးအသင်းမှာ ပိတ်ကစားလာခဲ့ပြီး ဘိုင်ယန်အသင်းက ပိုမို ဖိကစားလာနိုင်ခဲ့သည်။ အချိန်ပို ဒုတိယပိုင်းပြီးဆုံးပြီး နာကျင်အချိန်ပို တစ်မိနစ်တွင် မာတီနက်ဇ်က ဘိုင်ယန်အသင်းအတွက် ဒုတိယချေပဂိုးကို သွင်းယူခဲ့သဖြင့် ပွဲပြီးဆုံးချိန်တွင် ၂ ဂိုးစီသရေကျနေခဲ့ကာ ပင်နယ်တီအဆုံးအဖြတ်ကို ခံယူခဲ့ရသည်။

    ဘိုင်ယန်မြူးနစ်အသင်းမှ ပင်နယ်တီ ၅ လုံးစလုံးကို ၀င်အောင် ကန်သွင်းနိုင်ခဲ့ပြီး ချယ်ဆီးအသင်းမှ နောက်ဆုံးကန်သွင်းသည့် လူငယ် တိုက်စစ်မှူး လူကာကူ၏ ဘောလုံးအား ဘိုင်ယန်ဂိုးသမားနူအာ ကာကွယ်နိုင်ခဲ့သဖြင့် ဘိုင်ယန်မြူးနစ်အသင်းမှာ ဥရောပစူပါဖလားကို ရရှိသွားခဲ့သည်။

    Photo-Getty Images

  • သြဂုတ် ၃၀ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

    သြဂုတ် ၃၀ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

    သြဂုတ် ၃၀ ရက်၊ ၂၀၁၃
    M-Media

    လယ်မြေသိမ်းခံရသည့် ကိစ္စများ အမြန်ဆုံးဖြေရှင်းပေးဖို့ သူရဦးရွှေမန်းက သမ္မတဦးသိန်းစိန်သို့ သဝဏ်လွှာပို့

    မြန်မာနိုင်ငံအနှံ့ အကြောင်းအမျိုးမျိုးနဲ့ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေကို အစိုးရအဖွဲ့က အချိန်မဆွဲဘဲ အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးဖို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း က နိုင်ငံတော်သမ္မတဆီ သ၀ဏ်လွှာ ပေးပို့ထားကြောင်းသိရပါတယ်။
    _________________________
    ကာချူပ် မင်းအောင်လှိုင် နှင့် အမေရိကန်သံအမတ်တွေ့ဆုံဆွေးနွေး

    စစ်ဘက်ဆက်ဆံရေး တိုးမြှင့်ရန် မြန်မာတပ်မတော် အကြီးအကဲ ကာချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ် မစ်ချဲလ် တို့ သြဂုတ်လ ၂၉ ရက်နေ့က တွေ့ဆုံ၍ ဆွေးနွေးကြောင်း သိရသည်။
    _________________________
    မစ္စတာ ဗီဂျေနမ်ဘီးယား အား သူရဦးရွှေမန်း လက်ခံတွေ့ဆုံ

    ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယားအား နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်တွင် လက်ခံတွေ့ဆုံသည်။
    ___________________________
    ဗြိတိန် က ဆီးရီးယားကို တိုက်ခိုက်ရာတွင်မပါဝင်တော့

    ဗြိတိန် ပါလီမန်က ဆီးရီးယားကို အရေးယူတိုက်ခိုက်မည့်ကိစ္စကို ပယ်ချခဲ့သည်။ ပြင်သစ်နှင့် ဟော်လန် ကမူ အရေးယူတိုက်ခိုက်ရာတွင် ပူးပေါင်းသွားမည် ဟုဆိုသည်။
    ___________________________
    မြောက်ကိုးရီးယား ဥသျှောင် ကမ်ဂျုံအွန်းကို လူကြိုက်များ

    စစ်တမ်းကောက်ယူမှုအရ အင်မ်ဂျုံအွန်း၏ ရမှတ်မှာ ၅၀% ၏ အထက်တွင်ရှိနေသည်။ နိုင်ငံတွင်းတွင် ကောက်ယူသော စစ်တမ်း မဟုတ်သော်လည်း မြောက်ကိုရီးယားမှ တောင်ကိုရီးယားသို့ ထွက်ပြေးလာသူများကို မေးမြန်းထားသည့် ရလာဒ်ဖြစ်သည်။
    ___________________________
    စနိုးဒန်းမှ ထုတ်ဖေါ်ထားသော ”အမဲရောင် ဘတ်ဂျတ်”

    NSA နှင့် CIA တို့အပြင် အမေရိကန်၏ ဘတ်ဂျတ် အများဆုံး သုံးစွဲသော လျှို့ဝှက် အဖွဲ့အစည်းများ ရှိသေးကြောင်း National Reconnaissance Office သည် စပိုင်ဂြိုဟ်တုများကို ထိန်းချုပ်ရပြီး National Geospatial-Intelligence Program သည် ထောက်လှမ်းရေး မြေပုံများနှင့် တယ်လီဖုန်းများကို ခြေရာခံသော အဖွဲ့များ ဖြစ်ကြောင်း ဖေါ်ထုတ်ထားသည်။
    ___________________________
    ရေခဲပြင်အောက်မှ ကျောက်တောင်ကြား

    Greenland ရေခဲပြင်အောက်ကို ယခုနောက်ဆုံး သုတေသီများက လေ့လာရာတွင် Grand Canyon ထက် ပိုမို ရှည်လျား၍ ပိုမိုကြီးမားသော Canyon ကြီးကို တွေ့ရှိခဲ့သည်။
    ___________________________
    ကိုးကင်းသယ်ဆောင်လာသည့် ဗြိတိန်အမျိုးသမီးတစ်ဦးအား အင်ဒိုနီးရှားသေဒဏ်ချမှတ်

    ကိုးကင်းသယ်ဆောင်လာမှုအတွက် ဗြိတိန်အမျိုးသမီးတစ်ဦးအား အင်ဒိုနီရှားတရားရုံးတစ်ခုက သေဒဏ်ချမှတ်လိုက်သည်ဟုသိရသည်။ လင်ဆေးဆန်ဒီဖို့ဒ်ဟု အမည်ရသည့် အသက် ၅၇ နှစ်အရွယ်ရှိ ဗြိတိန်အမျိုးသမီးတစ်ဦးမှာ ဒေါ်လာ ၂.၅သန်းတန်ဖိုးရှိ ကိုကင်း ၄.၇၉ ကီလိုဂရမ်အား ဇန်န၀ါရီလအတွင်းက အင်ဒိုနီးရှားနိုင်ငံ ဘာလီသို့ သယ်ဆောင်လာစဉ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းမိခဲ့ခြင်းဖြစ်ပြီး တရားစွဲဆိုကာ ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။
    ___________________________
    မဲရလဒ်နှင့်ပက်သက်၍ ဆွေနွေးရန် ကမ္ဘောဒီးယားအတိုက်အခံ ပါတီခေါင်းဆောင် တိုက်တွန်း

    ကမ္ဘောဒီးယားအတိုက်အခံပါတီခေါင်းဆောင် ဆမ် ရိန်းစီ က ဂျူလိုင် ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါလီမန်ရွေးကောက်ပွဲတွင် အငြင်းပွားဖွယ်မဲရလဒ်များနှင့်ပက်သက်၍ဆွေးနွေးညှိနှိုင်းရန် အဏာရပါတီအားတိုက်တွန်းပြောဆိုလိုက်သည်။ ထိုရွေးကောက်ပွဲ၌ ပါလီမန်နေရာ ၁၂၃ နေရာတွင် ယခုလက်ရှိ အာဏာရပါတီ CNRP ပါတီက ၆၈ နေရာရရှိခဲ့ပြီး၊ အတိုက်အခံ CPP ပါတီက ၅၅ နေရာရရှိခဲ့သော်လည်း မဲပေးရွေးချယ်ရာတွင်မရိုးသားမှုများရှိသည်ဟု CPP ကပြောကြားခဲ့ပြီး ယခုကဲ့သို့ ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
    ___________________________
    အပူပိုင်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် လူတစ်ဦးသေဆုံး

    ဖိလစ်ပိုင်နိုင်ငံတွင်တိုက်ခတ်ခဲ့သော အပူပိုင်းမုန်တိုင်း “ကွန်ရေး” ကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။ မိသားစု ၃၆၀၀မှ လူပေါင်း ၁၇၀၀၀ မှာအဆိုပါအပူပိုင်းမုန်တိုင်းဒဏ်ကို ခံစားခဲ့ရသည်ဟု အမျိုးသားသဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် စီမံခန့်ခွဲရေးကောင်စီမှ ယနေ့ နေ့လည်ပိုင်းက ထုတ်ပြန်ခဲ့သည်။
    ___________________________
    နှစ်လျှောစီးရာတွင်အသုံးပြုသည့်ပစ္စည်းများတင်သွင်းမှုပိတ်ပင်ခဲ့သည့် နိုင်ငံများအား မြောက်ကိုရီးယားအပြစ်တင်

    ဥရောပနိုင်ငံများက နှင်းလျှောစီးရာတွင်အသုံးပြုသည့်ပစ္စည်းများအား မြောက်ကိုရီးယားသို့တင်ပို့မှုကို ပိတ်ပင်လိုက်ပြီး ထိုကိစ္စနှင့်ပက်သက်၍ မြောက်ကိုရီးယားက ဥရောပနိုင်ငံများအား ပြစ်တင်ပြောဆိုလိုက်သည်။ ကုလသမ္မဂ္ဂ၏ စီးပွားရေးပိတ်ဆို့မှုအရ ဇိမ်ခံပစ္စည်းများအား မြောက်ကိုရီးယားသို့တင်သွင်းခြင်းမပြုရန် တားမြစ်လိုက်ခြင်းကြောင့် ဥရောပနိုင်ငံများက နှင်းလျှောစီးရာတွင်အသုံးပြုသည့် ပစ္စည်းများအား တင်ပို့မှု ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။