News @ M-Media
Blog
  • သြဂုတ် ၂၇ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို စုစည်းမှု
    သြဂုတ်လ- ၂၇ ရက်၊ ၂၀၁၃
    M-Media
    2013515154954395580_20
    မြန်မာတိုင်းမ်ရပ်ဆိုင်းရန်အတွက် ဒေါက်တာတင်ထွန်းဦးမှ တရားရုံးသို့ လျှောက်ထား
    မြန်မာတိုင်းမ်ဂျာနယ်သည် အင်္ဂလိပ်-မြန်မာ ၂-ဘာသာဖြင့် ထုတ်ဝေလျက်ရှိနေရာမှ ယင်းအား ရပ်ဆိုင်းရန်နှင့် ဂျာနယ်ထုတ်ဝေနေသော Myanmar Consolidated Media ကုမ္ပဏီအား ဖျက်သိမ်းရန် ကုမ္ပဏီဒါရိုက်တာများဖြစ်သည့် ဒေါက်တာတင်ထွန်းဦးနှင့် ဒေါက်တာခင်မိုးမိုးတို့မှ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးသို့ ၂၀၁၃-ခုနှစ် တရားမ အထွေထွေ အမှုအမှတ် ၁၅၁ ဖြင့် လျှောက်ထားခဲ့ပါတယ်။
    _________________________________
    မြန်မာနိုင်ငံအတွင်းက ပဋိပက္ခတွေအတွက် အာဆီယံ သတိပေးပြီ
    မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဟာ လူမျိုးရေးဘာသာရေး ပဋိပက္ခချောက်ကမ်းပါးအစွန်းသို့ ရောက်ရှိနေပြီဟု အာဆီယံမှ သတိပေးလိုက်ပါတယ်။ အမုန်းပွားအောင် သွေးထိုးလှုံ့ဆော်နေတာတွေကို ရပ်တန့်အောင်လည်း အစိုးရအနေနဲ့ ထိရောက်စွာ မလုပ်ဆောင်နိုင်ဘူးလို့လည်း ဝေဖန်လိုက်ပါတယ်။
    ______________________________
    ကချင်ပြည်နယ်သွားမည့် မြန်မာနိုင်ငံရောက် ကုလသမဂ္ဂအကြံပေး မစ္စတာ နမ်ဘီယား
    ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာ နမ်ဘီးယားဟာ မြန်မာနိုင်ငံကို ရောက်ရှိနေရာ မနက်ဖြန်တွင် ကချင်ပြည်နယ်ကို သွားရောက်မှာ ဖြစ်ပေမယ့် မည်သည့်သတင်းဌာနကိုမှ တရားဝင်အသိပေးထားခြင်း မရှိဘူးလို့ သိရပါတယ်။
    ဓာတုလက်နက်များသုံစွဲသည်ဟု စွပ်စွဲခြင်းကို ဆီးရီးယားငြင်းဆို
    ဆီးရီးယားနိုင်ငံအတွင်းဖြစ်ပွားနေသည့် ပြည်တွင်းစစ်တွင် ဆီးရီးယားအစိုးရအနေဖြင့် ဓာတုလက်နက်များသုံးစွဲနေသည်ဟု အမေရိကန်နှင့် ဥရောနိုင်ငံများက စွပ်စွဲပြောဆိုနေမှုများမှာ မဟုတ်မှန်ကြောင်း ဆီးရီးယားအစိုးရက ငြင်းဆိုလိုက်ပြီး အနောက်နိုင်ငံများ၏ စစ်ရေးအရ၀င်ရောက်စွက်ဖက်ရန် ကြိုးစားလာမှုများနှင့် ပက်သက်၍လည်း ရှုတ်ချပြောဆိုလိုက်သည်။
    __________________________
    ဘရာဇီး နိုင်ငံခြားရေးဝန်ကြီး ရာထူးမှ နှုတ်ထွက်
    ဘရာဇီးနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို ပက်ထရီယိုတာမှာ ယမန်နေ့က ရာထူးမှ နှုတ်ထွက်သွားသိဟု သိရသည်။ ဘိုလီဗီးယားအတိုက်အခံနိုင်ငံရေးသမားတစ်ဦးအား ဘိုလီဗီးယားရှိ ဘရာဇီးသံရုံးတွင် တစ်နှစ်ကျော်ကြာ ၀ှက်ထားပြီး တိုင်းပြည်မှထွက်ပြေးရန် ကူညီပေးခဲ့သည့်အတွက် ဘရာဇီးနှင့် ဘိုလီဘီးယားနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးတင်းမာနေချိန်တွင် နှုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။ ပက်ထရီယိုတာမှာ ဘရာဇီးသမ္မတ ဒီလ်မာ ရူဆက်ဖ်နှင့် ဆွေးနွေးခဲ့ပြီးနောက် နှုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး သူ၏နေရာတွင် လူးဝစ် အလ်ဘာတို ဖစ်ဂီရီဒို အစားထိုးခန့်အပ်ခဲ့သည်။
    __________________________
    အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်း ပါကစ္စတန်တွင် တစ်ရက်ပိုနေမည်။
    ပါကစ္စတန်နိုင်ငံသို့ အလည်အပတ်ခရီးရောက်ရှိနေသည့် အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းမှာ မူလက သတ်မှတ်ထားသည့်ရက်ထက် ပါကစ္စတန်နိုင်ငံတွင် တစ်ရက်ပိုနေမည်ဟုသိရသည်။ တာလီဘန်များနှင့် ငြိမ်ချမ်းကိစ္စဆွေးနွေးရန် ပါကစ္စတန်သမ္မတ နာဝဇ်ရှရစ်ဖ်၏ကမ်လှမ်းမှုကြောင့် ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ဖြစ်သည်ဟု အာဖဂန်နှင့် ပါကစ္စတန် တာဝန်ရှိသူများကပြောဆိုသည်။
    __________________________
    ပလိပ်ရောဂါကြောင့် ကာဂျစ္စတန်တွင် လူတစ်ဦးသေဆုံး
    ကာဂျစ္စတန်နိုင်ငံတွင် အကြိတ်ထွက်သော ပလိပ်ရောဂါကြောင့် အသက် ၁၅ နှစ်အရွယ်လူငယ်တစ်ဦး သေဆုံးခဲ့သည်ဟုသိရသည်။ အဆိုပါသေဆုံးမှုမှာ နှစ် ၃၀ အတွင်း ပလိပ်ရောဂါကြောင့် ပထမဦးဆုံ သေဆုံးမှုဖြစ်သည်ဟု တာဝန်ရှိသူများက ဆိုသည်။
    __________________________
    ကုလအစည်းအဝေးတစ်ခုအား အမေရိကန် ထောက်လှမ်းရေးမှကြားဖြတ် ခိုးယူနားထောင်ခဲ့
    ၂၀၁၂ ခုနှစ် နှစ်လည်ပိုင်းကပြုလုပ်ခဲ့သည့် ကုလသမ္မက ထိပ်တန်းအရာရှိများ၏ ဗီဒီယို အစည်းဝေးကို အမေရိကန်ထောက်လှမ်းရေးမှ ကြားဖြတ်ထောက်လှမ်းခဲ့သည်ဟု ဂျာမန်မဂ္ဂဇင်းတစ်ခုက ဖော်ပြခဲ့ပြီး ထိုကိစ္စနှင့်ပက်သက်၍ အမေရိကန်အစိုးရနှင့် ဆွေးနွေးသွားမည်ဟု ကုလသမ္မဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ဖာဟန် ဟက်က သတင်းထောက်များအား ယမန်နေ့က ပြောဆိုလိုက်သည်။
    __________________________
    နိုင်ငံလုံးဆိုင်ရာ မွတ်စလင်ဖိုရမ်တစ်ခု နယူဇီလန်တွင် ကျင်းပတော့မည်
    နယူးဇီလန်နိုင်ငံအတွင်းရှိနိုင်ငံသားများ အစ္စလာမ်သာသနာအား နားလည်လာစေရန် အစ္စလာမ်လေ့လာရေးသီတင်းပတ်တစ်ခုကို နယူးဇီလန်အစိုးရကပြုလုပ်ခဲ့ပြီး လာမည့် နိုဝင်ဘာလတွင် နိုင်ငံလုံးဆိုင်ရာ မွတ်စလင်ဖိုရမ်တစ်ခုကျင်းပရန် စီစဉ်နေသည်ဟု ထုတ်ဖော်ပြောဆိုလိုက်သည်။
    __________________________
    ဂျပန်ဒုံးပျံ မလွှတ်တင်နိုင်ခဲ့
    ဂျပန်နိုင်ငံမှ ယနေ့လွှတ်တင်မည့် Epsilon ဒုံးပျံကို နောက်ဆုံးအချိန်မှ ချွတ်ယွင်းမှု အချို့ကြောင့် ရွှေ့ဆိုင်းလိုက်ရသည်။ ယခုအကြိမ်သည် ဒုတိယမြောက် ရွှေ့ဆိုင်းခြင်းဖြစ်သည်။ ၎င်း ဒုံးပျံသည် နေအဖွဲ့အစည်းကိုလေ့လာနိုင်မည့် မှန်ပြောင်းတစ်ခုကို သယ်ဆောင်ပို့လွှတ်မည်ဖြစ်သည်။
    __________________________
    ဆီရီးယားကိစ္စ ရုရှနှင့် တရုတ်ကန့်ကွက်
    ဆီရီးယားအစိုးရတပ်မျးက သူပုန်တပ်များကို ဓါတုလက်နက်ဖြင့် တိုက်ခိုက်မှုအတွက် အမေရိကန်နှင့် မဟာမိတ်များက စစ်ရေးအရ အရေးယူတိုက်ခိုက်ရန် စီစဉ်မှုကို ရုရှနှင့် တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။
    __________________________
    တာလီဘန်က အစိုးရဝန်ထမ်း ၁၂ဦးကိုသတ်
    အာဖဂန် တာလီဘန်က Herat နယ်မြေကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အစိုးရဝန်ထမ်း ၁၂ဦးကို သတ်ဖြတ်ခဲ့သည်။
    __________________________
    ပါလက်စတိုင်း ဆွေးနွေးပွဲပျက်
    ပါလက်စတိုင်း ဒုက္ခသည်စခန်းကို အစ္စရေးက ဝင်ရောက်တိုက်ခိုက်ကာ သုံးဦးကိုသတ်ဖြတ်ခဲ့သောကြောင့် အစ္စရေးနှင့် အဆွေးနွေးလိုတော့ ဟု ပါလက်စတိုင်းဘက်မှ ပြောဆိုသည်။
  • ဒေါသူပုန် ထနေတဲ့ ဗုဒ္ဓဘာသာဝင်များ သီရိလင်္ကာပြည်ကြီးကို မွတ်စလင်များ အတွက် ငရဲဘုံအဖြစ် ဖန်တီးနေ
    သဂုတ်လ- ၂၇ ရက်၊ ၂၀၁၃
    ဘာသာပြန်ဆို – မြင့်မိုရ်မောင်မောင်
    မူရင်းဆောင်းပါးရှင်- Joseph Cox
    သီရိလင်္ကာတွင် မွတ်စ်လင်မ်တို့ တိုက်ခိုက်ခံနေရသည်။  ဗုဒ္ဓဘာသာဝင် လူရမ်းကားအုပ်စုများသည် လမ်းမများပေါ်ထွက်၍ မွတ်စ်လင်မ်တို့၏လုပ်ငန်းဌာနများ၊ ၀တ်ပြုနေရာများကို တိုက်ခိုက်ဖျက်ဆီးပြီး သွေးထွက်သံယိုများလည်းရှိခဲ့သည်ဟု လက်ရှိသတင်းများက ညွှန်ပြနေသည်။ မချက်ပြုတ်ရသေးသည့် ၀က်သားကို ဗလီဝတ်ကျောင်းများထဲ ပစ်သွင်းခြင်း၊ ဟလာလ်တံဆိပ်များကို တားမြစ်ပိတ်ပင်ခြင်း၊ အစိုးရဝေဖန်ရေး၌ထင်ရှားသူ အာဇဒ် စာလီအား ဖမ်းဆီးလိုက်ခြင်းတို့ ဖြစ်ပွားခဲ့သည်။ ထိုဖြစ်ရပ်များအနက် ထိထိရောက်ရောက်ကိုင်တွယ်လိုက်သည့် ကိစ္စမှာ သီရိလင်္ကာ၏အကြီးမားဆုံးမြို့ ကိုလံဘိုရှိ ဗလီဝတ်ကျောင်းတစ်ခုကို ဗုဒ္ဓဘာသာလူရမ်းကားတစ်စုမှ အဓမ္မပိတ်ပင်စေမှုအပေါ် အစိုးရကွန်မန်ဒိုများက တရားဥပဒေစိုးမိုးရေးအတွက် ဖြိုခွင်းခဲ့သည်။ လူရမ်းကား ၄ ဦး ဒဏ်ရာရခဲ့ပြီး ထိုနေရာတစ်ဝိုက်ကို နေ၀င်မီးငြိမ်း ကာဖျူးအမိန့်ထုတ်ပြန်လိုက်သည်။
    သီရိလင်္ကာတွင် မွတ်စ်လင်မ်တို့၏ ဘာသာရေးနှင့်ဟောပြောမှုလွတ်လပ်ခွင့်များမှာ ခြိမ်းခြောက်ခံနေရကြောင်း အစ္စလာမ့်နိုင်ငံရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် All Ceylon Jamiyyathul Ulama မှ မော်လ၀ီ ဖဇိလ် ဖာရူးက် က (ဆောင်းပါးရှင်သို့) ပြောကြားသည်။ ၄င်းပြင် အကြမ်းဖက်တိုက်ခိုက်သည့်အဖွဲ့အဖြစ် ကျော်ကြားနေသော (ဗုဒ္ဓဘာသာအင်အားစုတပ်ဖွဲ့ဟု အကြမ်းဖျင်းဘာသာပြန်ရမည့်) Bodu Bala Sena ဂိုဏ်းတည်ရှိရာအား ညွှန်ပြခဲ့သည်။ မွတ်စ်လင်မ်နှင့်ခရစ်ယာန်အုပ်စုများ၏ အန္တရာယ်အောက်သို့ရောက်နေသော ဗုဒ္ဓဘာသာယဉ်ကျေးမှုကို ကာကွယ်ရန် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု ၄င်းတို့က ဆိုကြသည်။ သီရိလင်္ကာနိုင်ငံရှိလူဦးရေပမာဏအားလုံး၏ ၇၀ % မှာ ဗုဒ္ဓဘာသာဝင်များဖြစ်၍ မွတ်စ်လင်မ်နှင့်ခရစ်ယာန်တို့မှာကား ၁၀ % အောက်မှာသာရှိနေကြသည်။ သို့သော်လည်း မိမိ၏အဖွဲ့အစည်းသည် မည်သည့်အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်ခြင်းမရှိဟု Bodu Bala Sena ၏ CEO    ဖြစ်သူ ဒီလန်သေး ၀ီသီနေ့ဂ်ျ (Dilanthe Withinage) က ဗြောင်ငြင်းခဲ့သည်။ ၄င်းနောက်တွင်တော့ အတိုင်းထက်အလွန် ကျယ်ပြန့်သွားရသည့်ဖြစ်အင်အပေါ်ကာကွယ်သည့်အားဖြင့် ၄င်းမှ ကျွန်ုပ်(ဆောင်းပါးရှင်)အား ဤသို့ ဖုန်းဖြင့် ပြောကြားသည်။
    “ မနေ့ညက ကျွန်တော် ကိုလံဘိုမြို့ပြင် တစ်နေရာမှာ ရှိနေခဲ့တယ်။ အဲ့ဒီ(အခင်းဖြစ်ပွားတဲ့) နေရာမှာရှိတဲ့ ၈၀ % နှုန်းသောလူတွေက မွတ်စ်လင်မ်တွေပါ။ သူတို့တွေ သွားလာစားသောက်မပျက်ကြပါဘူး။ ဒါက ပြဿနာကြီးတစ်ခုလို့ ကျွန်တော် မထင်ပါဘူး ”။
    လက်တွေ့အခြေအနေတွင်မူ မွတ်စ်လင်မ်တို့မှာကား သီရိလင်္ကာ၌ စိုးတထိတ်ထိတ်ဖြင့် နေထိုင်စားသောက်နေကြရ၏။ သူတို့၏မျက်နှာထံ ၀က်သားဖတ်များဖြင့် တမင်သက်သက် ပစ်ပေါက်ခံရခြင်း စသည်တို့ကိုပင်လျှင် ပြန်လည်တုန့်ပြန်ခွင့် မရကြချေ။
    1d2ca9b3f5e979dc45c7554175833140
    Bodu Bala Sena ဂိုဏ်း၏ အကြီးအကဲတစ်ဦး Dilanthe Withinage (၀ဲဖက်လူ)
    နိုင်ငံတွင်းမွတ်စ်လင်မ်တို့၏ ဘာသာရေးလွတ်လပ်ခွင့်ကို ပြောင်ပြောင်တင်းတင်း ဒုက္ခပေးချက်တစ်ရပ်ဖြစ်သော ဟလာလ်တံဆိပ် ဟန့်တား ပိတ်ပင်မှုနှင့်စပ်လျဉ်း၍ Withinage က “ အဲ့ဒါက မွတ်စ်လင်မ်တွေ နှစ်သက်ခွင့် ရှိပါတယ် ” ဟု ဆိုသော်ငြား “ ဟလာလ်တံဆိပ်ဟာ အစ္စလာမ် နဲ့ မွတ်စ်လင်မ် အခြေခံမူတွေကို အားပေးအားမြှောက်ပြုဖို့ မွတ်စ်လင်မ်အဖွဲ့အစည်းတွေက အသုံးချတဲ့ အရာသာဖြစ်တယ်။ မီဒီယာတွေက အကြမ်းဖက်မှုလို့ ခေါင်းစဉ်တပ်ပါလိမ့်မယ်။ ဖြစ်ပျက်မှုအချို့ကတော့ ရှိပါတယ်။ ဒါပေမယ့် သီရိလင်္ကာမှာ မွတ်စ်လင်မ်တွေနဲ့ဗုဒ္ဓဘာသာဝင် လူ့အသိုင်းအ၀ိုင်းအကြားမှာ ကြီးကြီးမားမား ပဋိပက္ခဖြစ်နေတယ်လို့ မထင်မိပါဘူး ” ဟုလည်း တစ်ဖက်လှည့်ထောက်ပြခဲ့ပြန်သည်။
    ကိုယ်တိုင်ကိုယ်ကျကြုံဆုံမှု မရှိပါလျှင် ဘာသာရေးစော်ကား နှိပ်ကွက်မှု မဟုတ်လောက်ပါဟု အလွယ်တကူ ကောက်ချက်ချမိပေလိမ့်မည်။ ကျွန်ုပ်သည် အစ္စလာမ်အပေါ် တစ်ဖက်သတ် အမုန်းပွားရွံကြောက်မှုဆိုင်ရာ ဖြစ်ရပ်ပေါင်း ၁၃၀ ထက်မနည်း မှတ်တမ်းတင် သုတေသနပြုပြီးမှ ဤဆောင်းပါးကို ရေးသားခြင်း ဖြစ်သည်။  ယင်းမှတ်တမ်းတင်ချက်များ၌ မွတ်စ်လင်မ် လုပ်ငန်းရှင်များကို ပြန်ပေးဆွဲရန် ကြိုးပမ်းခြင်း၊ မွတ်စ်လင်မ်အိမ်များရှေ့တွင် ၀က်ခေါင်းများကို ချိတ်ဆွဲပြသခြင်း စသည်တို့လည်းပါဝင်သည်။ ထိုလုပ်ရပ်များက Bodu Bala Sena ဂိုဏ်း၏ လှုံ့ဆော်မှုများနှင့် တိုက်ရိုက် ပတ်သက်လျက်ရှိပေသည်။
    သီရိလင်္ကာရှိ မွတ်စ်လင်မ်နှင့် ဗုဒ္ဓဘာသာဝင်တို့အကြား တင်းမာမှုနှင့်စပ်လျဉ်း၍ Bodu Bala Sena ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်သော Withinage ၏ အဆိုမှာ အဖြစ်မှန်နှင့်များစွာ ကွာဟနေသည်။
    “ ဗုဒ္ဓဘာသာဝင်တွေရဲ့နောက်ထပ် ပစ်မှတ်ဟာ မိမိတို့ဘဲ ဖြစ်တော့မလား (လူတွေကိုတိုက်ခိုက်မှုဖြစ်လာမလား) ဆိုပြီး မွတ်စ်လင်မ်တွေ ကြောက်ရွံ့ထိတ်လန့်နေကြပါတယ်။ ဒီကိစ္စဟာ အနှေးနဲ့အမြန်ဆိုသလို ပွင့်အံတော့မယ်လို့ သူတို့ထင်မြင်နေကြပါတယ် ” ဟု ဆိုသူကဆိုကြသည်။ ဤအနေအထားက တစ်သမတ်တည်းတော့ မဟုတ်ပေ။ ဗလီဝတ်ကျောင်းတစ်လုံးအား တိုက်ခိုက်ခံရစဉ်က ထိုဒေသရှိ မွတ်စ်လင်မ်တို့သည် အင်အားအလုံးအရင်းဖြင့် ပြန်လည် ခုခံတိုက်ခိုက်ခဲ့ကြောင်း Perera ဆိုသူမှ ကျွန်ုပ်အား ပြောပြခဲ့သည်။
    သို့ဖြစ်လျှင် အကြမ်းဖက်မှုအား အမှန်တကယ် ဖြစ်ပွားစေသည်မှာ အဘယ်အရာပါနည်း ? ဒေသတွင်း  မတည်ငြိမ်မှု လှိုင်းထခြင်း ထပ်မံဖြစ်ပွားခြင်း နောက်ကွယ်အကြောင်းရင်းမှန်က အဘယ်အရာပါနည်း ?
    ဗုဒ္ဓတရားနှင့်ဆန့်ကျင်၍ (အထက်ဖော်ပြပါအတိုင်း) နှိပ်စက်စော်ကားကြသည့် လုပ်ရပ်များကြောင့်ဖြစ်ကြောင်း သိသာထင်ရှားနေပါ၏။
    သို့သော် ၂၀၀၃ ခုနှစ်တွင် တမီလ်ကျားအဖွဲ့အား အပြီးသတ်ဖြိုခွင်းသည့် သွေးချောင်းစီးပြည်တွင်းစစ်ကြီးဖြစ်ပွားခဲ့ရာ လူပေါင်းတစ်သိန်းမျှ သေကြေပျက်စီးခဲ့သည်။ ထိုအချိန်မှစ၍ လူများစုဖြစ်သော ဆင်ဟာလီလူမျိုးတို့အတွင်း အစွန်းရောက်အမျိုးသားရေးအမြင်က စိမ့်ဝင်ကြီးထွားလာသည်။
    b9b52cbb35f54768009b037e0e4fb6f4
    ( ယခုနှစ်အစောပိုင်းတွင် မွတ်စ်လင်မ်ဆန့်ကျင်ရေးသမားတစ်ဦးက ဗလီတစ်ခုကို ဆေးမှုတ်ရေးခြစ်ရမ်းကားနေစဉ်)
    “ ကိုလံဘိုက မွတ်စ်လင်မ်ဝတ်ကျောင်း တစ်ခုအပေါ် တိုက်ခိုက်ခဲ့တဲ့ နောက်ဆုံးဖြစ်ရပ်ဟာ  လွန်ခဲ့တဲ့အချိန်ကာလထက်စာယင် ဗုဒ္ဓဘာသာဝင် အစွန်းရောက်အမျိုးသားဝါဒီတွေ အဆမတန်ကြီးထွားလာတဲ့ လက္ခဏာာကို ပြသနေတာပါဘဲ။ ဗုဒ္ဓဘာသာဝင်တွေရဲ့ အတွေးထဲမှာ သီရိလင်္ကာကို ဗုဒ္ဓဘာသာတိုင်းပြည်လို့ ထင်နေကြတယ်။ (ပြီးခဲ့တဲ့) စစ်ပွဲကို အနိုင်ရဖို့အတွက် အစိုးရက ဒီအမျိုးသားရေးဝါဒကို အသုံးချခဲ့တာဖြစ်တယ်။ အစိုးရက သူတို့ကိုယ်ကျိုးအတွက် ပျက်လို ဖျက်ဆီးဖြစ်ပွားစေတာမျိုးပါ ” ဟု Perera မှ ရှင်းလင်းသုံးသပ်ပြ၏။
    အကြမ်းဖက်မှုများ ကျယ်ပြန့်လာလင့်ကစား ရဲတပ်ဖွဲ့ဝင်တို့မှ မဆိုစလောက်မျှသာ ဟန့်တားနေခြင်းက ဤအချက်ကြောင့် ဖြစ်ပေလိမ့်မည်။
    “ ဗုဒ္ဓဘာသာဝင်တွေက မွတ်စ်လမ်မ်တွေကို ဆန့်ကျင်ပြီး ဘာသာရေး တင်းမာမှုဖြစ်ပွားလာယင် အစိုးရအတွက် လွတ်လမ်းတစ်ခု တိုးတာပေါ့။ အစိုးရက သူတို့နောက်ကွယ်မှာ ဗုဒ္ဓဘာသာဝင်တွေကို အင်အားစုအဖြစ်အသုံးချမှာဖြစ်လို့ ဟုတ်တိပတ်တိ တုန့်ပြန်အရေးယူမှာ မဟုတ်ဘူး ” ဟု ထိုသူကပင် ထပ်မံပြောပြလေသည်။
    သီရိလင်္ကာဖြစ်ရပ်များသည် မြန်မာနိုင်ငံမှပုံ ရိပ်များ၏ ရောင်ပြန်ဟပ်မှုဖြစ်လာပြီလောဟု စိုးရိမ်စရာ ရှိပါသည်။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမွတ်စ်လင်မ်များအပေါ် ဗုဒ္ဓဘာသာဝင်တို့၏အကြမ်းဖက်မှုမှာ (တစ်နိုင်ငံလုံးရှိ အခြား မွတ်စ်လင်မ်များအထိ) ကြီးထွားကျယ်ပြန့်လာသည်နှင့်အမျှ ရိုဟင်ဂျာအချို့သည် လှေငယ်များဖြင့် ပင်လယ်ဖြတ်စွန့်စားခဲ့ကြကုန်သည်။ “ မြန်မာအစိုးရကဖြစ်စေ ဗုဒ္ဓဘာသာဝင်မြန်မာတွေကဖြစ်စေ ဒီလိုရှေ့ဆက်မှုကို မရပ်တန့်ဘူးဆိုယင် အလ်ကိုင်ဒါရဲ့မိတ်ဖက် အစ္စလာမ်အစွန်းရောက်တွေကို ဒီဒေသတွင်းထဲရောက်လာအောင် လက်ယပ်ဖိတ်ခေါ် နေရာရောက်ပါတယ် ” ဟု သမိုင်းပညာရှင်နှင့်စာရေးဆရာ ဂျပ်စ်တင် ၀င်းထဲလ်(Justin Wintle) မှ ပြောဆိုသည်။
    “ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေရဲ့နိုင်ငံသားဖြစ်တည်မှုအရေးနဲ့ပတ်သက်ပြီး အငြင်းပွားနေဆဲဖြစ်တယ်။ သူတို့ဟာ တိုင်းတစ်ပါးသားတွေအဖြစ် သတ်မှတ်ခံနေရတယ် ” ဟု HRW မှ Meenakshi Ganguly ကလည်း ကျွန်ုပ်အား ပြောပြသည်။
    သီရိလင်္ကာမွတ်စ်လင်မ်များသည် မြန်မာမွတ်စ်လင်မ်များထက်တော့ လုံခြုံမှုများစွာ ရှိနေပါသေးသည်။ ၄င်းတို့အဖို့ နိုင်ငံသားကိစ္စနှင့် ပတ်သက်၍ ပြဿနာဖြစ်လာရန်လည်း အကြောင်းမမြင်ပါ။ သို့ရာတွင် သီရိလင်္ကာ၌ မွတ်စ်လင်မ်ဆန့်ကျင်ရေး မှိုင်းတိုက်မှု ပိုမိုအားကောင်းလာလျှင် ရှေ့ဆက်ဘာဖြစ်မည်ကို မဆိုနိုင်သေးချေ။ Jehan Perera ထံမှရရှိသော အထောက်အထားများအရ အချို့က မွတ်စ်လင်မ်တို့အား နိုင်ငံ၏အရပ်ဒေသတစ်ခုသို့ တစ်ဦးမကျန် ထွက်ခွာသွားစေရန် လှုံ့ဆော်နေကြလေသည်။
    “ သီရိလင်္ကာနိုင်ငံဟာ ကြောက်ခမန်းလိလိ ထိခိုက်သေကြေမှုတွေနဲ့အတူ ဆယ်စုနှစ်များစွာ အကြမ်းဖက်မှုဒဏ်ကို ခံစားခဲ့ရပြီးပါပြီ ” ဟု Ganguly မှ ထပ်မံဆိုလိုက်သည်။
    ၂၀ ရာစုနှောင်းပိုင်းအတွင်း သွေးမြေအကျဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်သည့် သီရိလင်္ကာရှိ စော်ကားမှုအခံရဆုံးမွတ်စ်လင်မ်တို့မှ ကြုံနေရသည့် အကြမ်းဖက်မှုများအပေါ် လက်တုန့်ပြန်လာခဲ့မည် ဆိုပါက အဖြစ်ဆိုးကြီးတစ်ရပ် ကြုံဆုံရပေတော့မည်။ သီရိလင်္ကာအစိုးရအနေနှင့် ဤပဋိပက္ခများကို ပြတ်သားစွာဖြင့် ကိုင်တွယ်ခြင်း မစတင်ပါလျှင် နှစ်အနည်းငယ် သက်တမ်းမျှသာရှိသေးသော ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုမှာ နောက်ကြောင်းပြန်လှည့် ပျက်သုဉ်းရခြင်းကို ကျွန်ုပ်တို့မှ တွေ့မြင်ရတော့မည်ဖြစ်ပါ၏။
    Joseph Cox ၏ Furious Buddhists Are Making Life Hell for Sri Lanka’s Muslims ဆောင်းပါးကို  မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် မြန်မာပြန်ဆိုရေးသားသည်။
    Ref: http://www.vice.com/
  • သြဂုတ် ၂၇ အားကစားသတင်းများ
    သြဂုတ်လ- ၂၇ ရက်၊ ၂၀၁၃
    M-Media
    စုစည်းတင်ဆက်သူ- ကိုလေး
    Mu and chalea
    ရူနီ၏ ဆုံးဖြတ်ချက်အား ရှင်းရှင်းလင်း သိလိုသည့် မော်ရင်ဟို
    ချယ်ဆီးအသင်းသို့ပြောင်းရွှေ့ရန်ကိစ္စနှင့်ပက်သက်၍ ပြတ်ပြတ်သားသားဆုံးဖြတ်ရန် မန်ယူတိုက်စစ်မှူး ၀ိန်းရူနီအား ချယ်ဆီးနည်းပြ မော်ရင်ဟိုက တိုက်တွန်းလိုက်သည်။ ချယ်ဆီးအသင်းသည် ၀ိန်းရူနီအားခေါ်ယူရန် နှစ်ကြိမ်တိုင်တိုင်ကမ်းလှမ်းခဲ့ပြီး မန်ယူအသင်းမှ ပယ်ချခဲ့သောကြောင့် ယခုတတိယအကြိမ်ကမ်းလှမ်းရန်အတွက် ရူနီ၏ သဘောထားအား တိတိကျကျ သိလိုခြင်းဖြစ်သည်။
    __________________________________
    နာမည်ကြီးကစားသမားများအား ရီးယဲလ်ရောင်းထုတ်မည်
    ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်းရှိ နာမည်ကြီးကစားသမားများဖြစ်ကြသည့် ကရင်မ် ဘန်ဇီမာ၊ ဒီမာရီယာနှင့် မီဆု အိုဇေးလ်တို့အား ရောင်းချရန်ရှိနေသည်ဟုသိရသည်။ လူးဝစ်ဆွာရက်ဇ်နှင့် ဂါရက်ဘေးလ်တို့အား ခေါ်ယူရာတွင် ငွေကြေးကာမိစေရန် ရောင်းချလိုနေခြင်းဖြစ်ပြီး အာဆင်နယ်အသင်းက ၎င်းတို့သုံးဦးအား အလိုရှိနေသည်။
    Daily Mirror
    __________________________________
    တိုက်စစ်မှူး လမယ်လာအတွက် တော့တင်ဟမ်အသင်းမှ ကမ်းလှမ်းမှုအား ရိုးမားလက်ခံ
    စီးရီးအေကလပ်ရိုးမားအသင်းသည် ၎င်းတို့၏ တိုက်စစ်မှူး အဲရစ်က် လမယ်လာအား တော့တင်ဟမ်အသင်းမှ ယူရို ၃၅ သန်းဖြင့်ခေါ်ယူရန်ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီဟု သိရသည်။ တော့တင်ဟမ်အသင်းသည် လမယ်လာအား တပတ်လုပ်ခ ယူရို ၇သောင်း ၆ ထောင်ပေးကာ ငါးနှစ်စာချုပ်ဖြင့်ခေါ်ယူရန်ရှိနေပြီး နောက် ၄၈ နာရီအတွင်း အပြီးသတ်စာချုပ်မည်ဟု သိရသည်။
    __________________________________
    မက္ကာသီအားခေါ်ယူရန် နယူးကာဆယ်စိတ်ဝင်စား
    နယူးကာဆယ်အသင်းသည် ၀ီဂန်အသင်း၏ ကွင်းလယ်လူမက္ကာသီအား ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟုသိရသည်။ အသင်းမှ ထွက်ခွာဖွယ်ရှိနေသည့် ယိုဟန် ကာဘာယီ၏နေရာအား အစားထိုးရန်အတွက်ဖြစ်ပြီး မက်ကာသီအား ပေါင် ၁၅ သန်းဖြင့် ကမ်းလှမ်းဖွယ်ရှိနေသည်။
    Daily Mail
    __________________________________
    ဂိုးမရှိ သရေကျခဲ့သည့် မန်ယူနှင့်ချယ်ဆီးတို့၏ ထိပ်တိုက်တွေ့ဆုံပွဲ
့ပရီးမီးယားလိဂ်ပွဲစဉ် ၂ အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းနှင့် ချယ်ဆီးအသင်းတို့ ယနေ့နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိသရေကျခဲ့သည်ဟု သိရသည်။
    မန်ချက်စတာယူနိုက်တက်အသင်းတွင် ချယ်ဆီး အသင်းမှ ခေါ်ယူရန်ကြိုးစားနေသည့် တိုက်စစ်မှူးဝိန်းရူနီ ပါဝင်လာခဲ့သည်။
    ယခုပွဲတွင် နှစ်သင်းစလုံးမှာ တိုက်စစ်ပုံစံ ကစားသွားခဲ့ကြသည်။ ပထမပိုင်းတွင် ချယ်ဆီးဘက်မှ အော်စကာနှင့် မန်ယူဘက်မှ ဗန်ပါစီနှင် ရူနီတို့ ကန်သွင်းခွင့်ရခဲ့သော်လည်း ဂိုးအဖြစ်သို့မပြောင်းလဲနိုင်ခဲ့ပေ။ ပထမပိုင်းတစ်ပိုင်းလုံးတွင် မန်ယူအသင်းမှာ ကွယ်လယ်ကစားကွက် အသာဖြင့် ချယ်ဆီးအသင်းအား ဖိကစားနိုင်ခဲ့သည်။
    ဒုတိယပိုင်း ၅၅ မိနစ်တွင် မန်ယူတိုက်စစ်မှူး ၀ဲလ်ဘက် အပိုင်တစ်လုံးရခဲ့ပြီး ဂိုးရရှိခြင်းမရှိခဲ့ချေ။ ၆၁ မိနစ်တွင် မန်ယူကွင်းလယ်လူ ကလဲဗားလေး ကန်သွင်းသည့်ဘောလုံမှာ ဧရိယာအတွင်း ချယ်ဆီးကွင်းလယ်လူ လမ်းပတ်၏လက်နှင့် ထိခဲ့သော်လည်း ဒိုင်လူကြီးက ပင်နယ်တီပေးရန်ငြင်းဆန် ခဲ့သည်။
    နောက်ပိုင်းမိနစ်များတွင်ချယ်ဆီးအသင်းမှာ ကစားကွက်အသာဖြင့် ဖိကစားနိုင်ခဲ့သော်လည်း ဂိုးရရှိအောင်မစွမ်းဆောင်နိုင်ခဲ့၍ သရေရလဒ်နှင့်သာ ကျေနပ်ခဲ့ရသည်။ ယခုပွဲတွင် မန်ယူကွင်းလယ်လူ ဗလင်စီယာခြေစွမ်းပြခဲ့ပြီး ဒိုင်၏ ဆုံးဖြတ်ချက် အမှားများကိုလည်း တွေ့ရှိခဲ့ရသည်။
    ချယ်ဆီးအသင်းမှာ ယခုပွဲ သရေ ရလဒ်ကြောင့် ၃ ပွဲကစား ၂ ပွဲနိုင် တစ်ပွဲသရေ ၇ မှတ်ဖြင့် အမှတ်ပေး ဇယားထိပ်ဆုံး၌ ဦးဆောင်လျက်ရှိသည်။
    __________________________________
    ဖယ်လိုင်နီအားခေါ်ယူရန်အတွက် မန်ယူထပ်မံကြိုးစားဖွယ်ရှိ
    မန်ချက်စတာယူနိုက်တက်အသင်းသည် အဲဗာန်အသင်း၏ ကွင်းလယ်လူ ဖယ်လိုင်နီအား ခေါ်ယူရန်အတွက် ထပ်မံကြိုးစားသွားမည်ဟုသိရသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က ဖယ်လိုင်နီနှင့် လေတန်ဘိန်းနှစ်ဦးပေါင်း ပေါင် ၂၈ သန်းဖြင့်ကမ်းလှမ်းမှု ပယ်ချခံရပြီးနောက် ဖယ်လိုင်နီအား ပေါင် သန်း ၂၀ ဖြင့် ကမ်းလှမ်းရန်ရှိနေသည်။
    Daily Telegraph
    __________________________________
    လိုပက်ဇ်၏လက်စွမ်းအား အန်ဆယ်လော့တီကျေနပ်
    ရီးယဲလ်မက်ဒရစ်အသင်း၏ နည်းပြဖြစ်သူ ကာလို့စ် အန်ဆယ်လော့တီမှာ အသင်းရှိ ဂိုးသမား ဒီယေဂိုလိုပက်ဇ်၏ စွမ်းဆောင်ရည်အား ကျေနပ်သည်ဟုပြောဆိုလိုက်သည်။ လိုပက်ဇ်မှာ ရီးယဲလ်၏ နံပါတ် ၁ ဂိုးသမား အီကာ ကာဆီးလက်အား ကျော်ဖြတ်ကာ
    ကစားပြီးခဲ့သည့် လာလီဂါပွဲစဉ်နှစ်ခုစလုံးတွင်ပါဝင်ခွင့်ရခဲ့သူဖြစ်သည်။
    __________________________________
    လီဗာပူးလ်အသင်းမှ ဘိုရီနီ ထွက်ခွာလိမ့်မည်မဟုတ်
    လီဗာပူးလ်အသင်း၏ တိုက်စစ်မှူး ဖေဘီယို ဘိုရိုနီမှာ အသင်းမှ အငှားစာချုပ်ဖြင့် ထွက်ခွာလိမ့်မည်မဟုတ်ဟု နည်းပြ ရော်ဂျာက ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ရာသီက ရိုးမားအသင်းမှ လီဗာပူးလ်အသင်းသို့ရောက်ရှိလာသည့် ဘိုရီနီမှာ ရောက်စကတည်းက ဒဏ်ရာပြဿနာနှင့်ရင်ဆိုင်နေခဲ့ရပြီး အသင်းအတွက် ပွဲ ၂၀ သာ ပါဝင်ကစားခွင့်ရခဲ့သည်။
    __________________________________
    ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်သို့ နာဒယ်လ်တက်ရောက်
    စပိန်တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ်လ်မှာ ကျင်းပလျက်ရှိသည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ပထမအဆင့်တွင် ရွိုင်ယန်ဟာရစ်ဆန်အား အနိုင်ရရှိကာ ဒုတိယအဆင့်သို့ တက်ရောက်သွားပြီဟု သိရသည်။ ၂ နာရီ ၆ မိနစ်ကြာခဲ့သည့် အဆိုပါပွဲစဉ်တွင် နာဒယ်လ်က ၆-၄၊ ၆-၂၊ ၆-၂ ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
    __________________________________
    ဗီးနပ်စ်ဝီလီယံ၊ ရဒ်ဝန်စကာနှင့် လီနာတို့ အနိုင်ရရှိခဲ့ကြသည့် ယူအက်စ်အိုးပင်း
    တင်းနစ်ပြိုင်ပွဲ အမျိုးသမီး ပထအဆင့်ပွဲစဉ်များ ကျင်းပပြုလုပ်လျက်ရှိသည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသမီး ပထမအဆင့်ပွဲစဉ်များတွင် နာမည်ကြီး တင်းနစ်မယ်များဖြစ်ကြသည့် ဗီးနပ်စ် ၀ီလီယံ၊ ရဒ်ဝန်စကာနှင့် လီနာတို့ အသီးအသီးအနိုင်ရရှိခဲ့ကြသည်ဟု သိရသည်။
    အမေရိကန်တင်းနစ်မယ် ဗီးနပ်စ်ဝီလီယံမှာ ဆီဒင် ၁၂ ရ ဘယ်လ်ဂျီယံတင်းနစ်မယ် ကာရ်စတန် ဖလစ်ပ်ကန်အား ၆-၁၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့ပြီး ရဒ်ဝန်စကာမှာ စပိန်တင်းနစ်မယ် ဆီလ်ဗီယာ ဆိုလာ အက်စ်ပီနိုဆာအား ၆-၁၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့သည်။ ဆီဒင်၅ ရ တရုတ်တင်းနစ်မယ် လီနာမှာ ဘီလာရုဇ်တင်းနစ်မယ် အိုလ်ဂါ ဂိုဗော့တ်ဆိုဗာအား ၆-၂၊ ၆-၂ ဖြင့်အနိုင်ရရှိခဲ့ပြီး အမေရိကန် နာမည်ကြီးတင်းနစ်မယ် ဆိုလိန်း စတီဖင်မှာလည်း လူဇင်ဘတ်တင်းနစ်မယ်အားအနိုင်ရရှိခဲ့ကာ ဒုတိယအဆင့်သို့ တက်ရောက်သွားပြီဟုသိရသည်။
  • ရေဘူးဟောင်း တလုံးကို ဘယ်လိုပြန်သုံးမလဲ?
    သြဂုတ် ၂၇၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်
    bottle
    လူဦးရေထူထပ် များပြားလာတဲ့ ကမ္ဘာကြီးမှာ Ready-Made ပစ္စည်းတွေသုံးပြီး စွန့်ပစ်ပစ္စည်းတွေပေါများလာပါတယ်။ တစ်ချို့စွန့်ပစ် ပစ္စည်းတွေကို ပြန်လည်ပြုပြင် ထုတ်လုပ်တဲ့ Recycle လုပ်ငန်းကလည်း ကမ္ဘာကြီးကို ကုစားတဲ့နေရာမှာ အရေးပါလာပါတယ်။
    အခုအိမ်မှာတင် လုပ်လို့ရမယ့် Home-Made Recycle နည်းတနည်းကို တင်ဆက်ပေးပါမယ်။ ဒီနည်းနဲ့ တခါမှမသုံးဘူးသေးတဲ့ ပစ္စည်းအသစ် ဖန်တီးကြည့်ကြရအောင်။
    လုပ်မယ့်ပစ္စည်းကတော့ သားရေကွင်းအစားထိုး ပလတ်စတစ်အိပ်ပိတ် ပစ္စည်းပါ။ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ရေဘူးဟောင်း တစ်လုံးနဲ့ ဓါး (သို့) ကက်ကြေးတစ်လက် ပါပဲ။
    ၁။ ပထမဆုံး ပုံမှာပြထားတဲ့အတိုင်း ရေဘူးထိပ် အဖုံးနားကို ဖြတ်ချလိုက်ပါ။
    ၂။ လိုအပ်သည့်အရွယ် အဝိုင်းညီအောင် ညှပ်ပါ။
    ၃။ ပိတ်ချင်သည့် ပလတ်စတစ်အိပ်ကို ပုံပါအတိုင်း အပေါက်ထဲမှ စွပ်ပါ။
    ၄။ အိပ်အနားစများကို ဖြန့်ချပြီး အဖုံးပိတ်ကာ လေလုံသည့် အိပ်တလုံးကို ရရှိပါပြီ။
    သုံးပြီးသား ရေဘူးတွေကို ပစ်လိုက်မယ့်အစား ဒီနည်းနဲ့ ပြန်သုံးကြည့်ပါ။ သားရေကွင်းထက် သုံးရတာပိုလွယ်တယ်။ လေပိုလုံတယ်။ အမှုန့်တွေဆို ရေဘူးထဲထည့်လို့ရပေမယ့် မုန့်ကြွတ်လို ပစ္စည်းတွေကျ ဒါကပိုအသုံးဝင်တယ်။ အခေါက်ခေါက် အခါခါ ပြန်သုံးလို့ရတယ်။ အခုဆို ပစ်ရမယ့် ရေဘူးဟောင်းကနေ အသုံးဝင်မယ့် ပစ္စည်းအသစ် တစ်ခုရပါပြီ။ ကျေးဇူးတင်ပါတယ်။
  • မွတ်စ်လင်မ် ပရဟိတအသင်းသည် အမေရိကန်နိုင်ငံအတွင်း ထိပ်တန်းစာရင်းဝင် ဖြစ်သွား
    သြဂုတ်လ- ၂၇ ရက်၊ ၂၀၁၃
    M-Media
    Muslim Charity Top Ranked in US
    အမေရိကန်နိုင်ငံရှိ မွတ်စလင်မ်ပရဟိတအဖွဲ့အစည်းတစ်ခုသည် နိုင်ငံ၏ပထမတန်းပရဟိတအသင်း ၁၀ ခုအတွင်း တစ်ခုအပါအ၀င်အဖြစ် အသိအမှတ်အပြုခံခဲ့ရပြီး၊ ကြယ်လေးပွင့် ထိပ်တန်းအဆင့်ဝင်အဖြစ် ရောက်ရှိသွားသည်။
    အမေရိကန် မွတ်စ်လင်မ်များအတွက် ၄င်းအရာသည် ၀မ်းမြောက်ဂုဏ်ယူစရာ ကိစ္စတစ်ခုပင် ဖြစ်၍ ၄င်း Helping Hand for Relief and Development (HHRD) အဖွဲ့အစည်းအား ၀မ်းမြောက်စွာဂုဏ်ပြုပါကြောင်း Islamic Circle of North America (ICNA) ၏ ဥက္ကဌ နအီးမ် ဗိုဂ် (NaeemBaig) က OnIslam သို့ ပြောကြားခဲ့သည် ဟုသိရသည်။
    “   Helping Hand ရဲ့အောင်မြင်မှု ဆက်လက်တည်တံ့စေဖို့နဲ့ ကမ္ဘာအနှံ့ ဆင်းရဲသူတွေ ချို့တဲ့သူတွေကို အထောက်အကူပေးရေးမှာ သူတို့ရဲ့ကြိုးပမ်းလုပ်ဆောင်မှုများ ယခုထက်ပိုမို အားကောင်းလာဖို့ ကျွန်တော်တို့ဆုတောင်းပေးပါတယ်။” ဟု သူက ဆိုလိုက်သည်။
    ပုဂ္ဂလိက လှူဒါန်းမှု၌ HHRD အား ပထမတန်းပရဟိတအသင်း ၁၀ ခုအနက် တစ်ခုအပါအ၀င်အဖြစ် အသိအမှတ်ပြုကြောင်း သြဂုတ်လ ၂၂ ရက်၊ ကြာသပတေးနေ့က ထုတ်ပြန်ကြေငြာခဲ့သည်။
    ဘက်လိုက်ခြင်းမရှိ၊ ရည်ရွယ်ချက်ခိုင်မာပြီး၊ လူဦးရေမဲနံပါတ်ဖြင့် အမှတ်ပေးစံနစ်ကိုအသုံးပြုသော နိုင်ငံ၏အကြီးမာဆုံးပရဟိတလုပ်ငန်းဆိုင်ရာအကဲဖြတ်အဖွဲ့အစည်း Charity Navigator မှ အမေရိကန်နိုင်ငံ၏ နာမည်ကျော်လူသိများသည့် ပရဟိတလုပ်ငန်း ၆၀၀၀ ကျော်မှ ရွေးထုတ်ကြေညာခဲ့ခြင်းဖြစ်သည်။
    HHRD သည် လက်ရှိတွင် နံပါတ် ၆ စာရင်းဝင်ပြီး၊ ဘဏ္ဍာရေးလည်ပတ်မှုတွင် ၆၈.၉၅ မှတ်၊ တာဝန်ယူမှု နှင့် ပွင့်လင်းမြင်သာမှုတွင် ၇၀ မှတ်၊ ပေးမှတ်စုစုပေါင်း ၇၀ အနက် ၆၉.၂၅ မှတ် ရရှိခဲ့သောကြောင့် HHRD မှာထိပ်တန်းအဆင့် ကြယ်လေးပွင့်ရ ပရဟိတအဖွဲ့အဖြစ် စာရင်းဝင်ခဲ့ပါသည်။
    NGO ဆိုသည်မှာ မျိုးနွယ်၊ ယောက်ျားမိန်းမ၊ ဇာတိ၊ အဆင့်အတန်း နှင့် ဘာသာတို့ကို ခွဲခြားခြင်းမရှိပဲ ကမ္ဘာအနှံ့ရှိ လူသားချင်းစာနာထောက်ထားမှုကိစ္စများကို လုပ်ဆောင်သော အဖွဲ့အစည်းဖြစ်ပြီး၊ အရေးပေါ်နှင့် ကပ်ဘေးသင့်အခြေအနေများတွင် သွားရောက်ကူညီပေးလေ့ရှိကြသည်။
    HHRD တွင် လက်တွဲလုပ်ဆောင်နေသောအဖွဲ့အစည်းအမြောက်အများရှိသည်။ သေးငယ်သောအသိုင်းအ၀ိုင်းတစ်ခုအား ကူညီထောက်ပံ့ပေးခြင်းမှသည် နိုင်ငံတကာကွန်ယက်နှင့် ချိတ်ဆက်ပြီး နိုင်ငံတော်အဆင့်အထိ အထောက်အကူပေးလျက်ရှိသည်။
    မြောက်အမေရိက၌ HHRD တွင် ရုံးခွဲ ၁၃ ခုရှိပြီး၊ ကမ္ဘာတစ်ဝှန်း၌ ၀န်ထမ်းပေါင်း ၃၀၀ နီးပါးမျှရှိ၏။ အရှေ့အလယ်ပိုင်းရှိ ဂျော်ဒန်၊ အာဖရိကရှိ ကင်ညာ နှင့် ဆိုမားလီယား၊ တောင်အာရှရှိ ပါကစ္စတန်၊ အရှေ့တောင်အာရှရှိ မြန်မာ နှင့် ထိုင်း စသည်တို့တွင်လည်း ရုံးခွဲများအသီးသီးရှိကြောင်းသိရသည်။
    HHRD သည် ဟေတီ၊ ကင်ညာ၊ ဆိုမားလီးယား၊ အိန္ဒိယ၊ ဆီးရီးယား၊ ဂျော်ဒန်၊ အီဂျစ်၊ တူနီးရှား၊ ပါကစ္စတန်၊ ကရှ်မီးယား၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်း နှင့် အင်ဒိုနီးရှား တို့တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။
    ယင်းအဖွဲ့အစည်းသည် ရာသီအလိုက်လုပ်ဆောင်ချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအကူအညီပေးမှု၊ ဆင်းရဲမှု ပပျောက်ရေး၊ မိဘမဲ့ကလေးများထောက်ပံ့ရေး နှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို နိုင်ငံပေါင်း ၅၅ နိုင်ငံ၌  ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။
    အမေရိကားသည် မွတ်စ်လင်မ် ဦးရေ ၆ သန်းမှ ၈ သန်းအတွင်း နေထိုင်ကြသောဒေသတစ်ခုဖြစ်သည်။ ဘာသာရေးနှင့်လူထုရေးရာ Pew Forum အဖွဲ့မှ ယခုလအစောပိုင်းတွင် “The World’s Muslims: Religion, Politics and Society” ခေါင်းစဉ်ပါ ကွင်းဆင်းသုတေသနမှတ်တမ်းတစ်စောင်ကို ထုတ်ပြန်ခဲ့ရာ အမေရိကန်မွတ်စ်လင်များသည် အစွန်းမရောက် သမမျှတမှုအမြင်ရှိသည့်-  ပဋိပက္ခများကို မလိုလားသည့် – မိမိနိုင်ငံအပေါ် အကောင်းမြင်အကျိုးပြုပြီး သစ္စာရှိသည့် လူ့အဖွဲ့အစည်းဖြစ်ကြောင်း ဖော်ပြထားသည်။
    Ref: OnIslam