News @ M-Media

Blog

  • ဗြိတိန် စစ်ဆန့်ကျင်ရေး သမားများ ဆီးရီးယားကို ဆင်နွှဲမည့် စစ်ပွဲကို ကန့်ကွက်ဆန္ဒပြ

    သြဂုတ်လ – ၃၀ ၊ ၂၀၁၃
    M-Media

    against Syria attack

    ထောင်နှင့်ချီသော စစ်ဆန့်ကျင်ရေးသမား ဗြိတိန်နိုင်ငံသားများမှ ဆီးရီးယားအပေါ် အနောက်တိုင်း၏ စစ်ဆင်မှုကို ကန့်ကွက်ဆန္ဒပြကြမည်ဖြစ်သည်။

    ဆီးရီးယားအားစစ်ဆင်မှုအလိုမရှိ – “No attack on Syria” ခေါင်းစဉ်တပ် ဆန္ဒပြခြင်းကို စစ်အုပ်စုဖွဲ့မှုရပ်တန့်ရေး နှင့် နျူကလိယလက်နက်ဖျက်သိမ်းရေးအဖွဲ့(Stop the War Coalition and Campaign for Nuclear Disarmament – CND) မှ ဦးဆောင်ကာ သြဂုတ်လ ၃၁ ရက် စနေနေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည်။

    ဆန္ဒပြသူများသည် Temple Place ၌ စုရုံးကာ ပါလီမန် နှင့် ဒေါင်းနင်းလမ်းသို့ ချီတက်ကြမည်ဖြစ်သည်။ ဒမတ်စကတ် အနီးတွင် ဓာတုလက်နက်များ အသုံးပြုခြင်း စွပ်စွဲချက်ဖြင့် ဆီးရီးယားအစိုးရ အပေါ် စစ်ရေးအရ ၀င်ရောက် စွက်ဖက် အရေးယူမှုကို ဆန့်ကျင်ကြောင်း ကြွေးကြော်ကြမည်ဖြစ်သည်။

    CND ၏အဖွဲ့မှူးဖြစ်သူ လင်းဆေး ဂျာမန် (Lindsey German) မှ  “ ၂၀၀၃ ခုနှစ်တုန်းက လူတွေဟာ (အီရတ်စစ်ပွဲနဲ့ပတ်သက်လို့) လိမ်ညာခံခဲ့ရတယ်။ နောက်တစ်ကြိမ် ထပ်လိမ်မှာကို လူတွေက မခံစားချင်ကြတော့ဘူး။ ကျွန်မတို့ဟာ အီရတ်၊ အာဖဂန်နစ္စတန် နဲ့ လစ်ဗျား မှာ စစ်ရေး စွက်ဖက်မှုကြီး သုံးရပ်ကြုံခဲ့ပြီးပြီ။ ဘယ်တစ်ခုကမှ ငြိမ်းချမ်းရေးကိုသော် လည်းကောင်း၊ လူ့အခွင့်အရေးကိုသော် လည်းကောင်း အနှစ်သာရပြည့်ဝအောင် မဖော်ဆောင်နိုင်ခဲ့ပါဘူး။ ဆီးရီးယားကို ထပ်ပြီး စစ်ဆင်ဖို့ ကျွန်မတို့ မလုပ်အပ်တော့ဘူး ” ဟု သူမက ဆိုခဲ့သည်။

    ကြာသပတေးနေ့အစောပိုင်းက ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ် ကင်းမရွန်း၏ အဆိုပြုချက်ဖြစ်သော ဆီးရီးယားအစိုးရအပေါ် စစ်ဆင်ရေးမှာ မဲအရ ရှုံးနိမ့်ခဲ့သည်။ သို့သော် ဗြိတိန်၏ ထောက်ခံမှု မပါဝင်လျှင်လည်း အမေရိကန်အစိုးရသည် စုပေါင်းစစ်ဆင်ရန် အသင့်ဖြစ်နေပြီဟု အမေရိကန်အာဏာပိုင်များက ဆိုသည်။

    သြဂုတ်လ ၂၁ ရက်တွင် ဆီးရီးယား တော်လှန်ရေးသမားများက ဒမတ်စကတ် နယ်မြေ၀န်းကျင်အတွင်းရှိ စစ်သွေးကြွအုပ်စုအပေါ် အစိုးရ၏ ဓာတု လက်နက်သုံး တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၃၀၀ သေဆုံးသွားသည်ဟုဆို၏။

    သို့တစေ ယင်းအဆိုမှာ အခြေအမြစ်မရှိကြောင်း ဆီးရီးယားအစိုးရမှ ငြင်းဆိုပယ်ချခဲ့သည့်အပြင် ယင်းဓာတုလက်နက်များမှာ ၄င်းစစ်သွေးကြွများကိုယ်တိုင်က ယူဆောင်လာပြီး ဖန်တီးခဲ့ခြင်းဖြစ်သည်ဟု ကြေငြာခဲ့သည်။

    MOS/SSM/HE

    Photo- BBC

  • တောင်ဥက္ကလာပမြို့နယ်တွင် ကျောင်းကြိုသွားသည့် အမျိုးသမီး၏ ပါးကို ဓါးဖြင့် ခြစ်ခဲ့သည့် တရားခံများအား (၃)ရက်အတွင်းဖေါ်ထုတ် ဖမ်းဆီးရမိ

    crime

    ရန်ကုန်၊ သြဂုတ် ၃၀

    ၂၆.၈.၂၀၁၃ ရက်နေ့ ၁၄၃၀ အချိန် ဒေါ်ချိုချိုဝင်း၊(၄၆)နှစ်၊(ဘ)ဦးစိန်ဝင်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်နေသူသည် တောင်ဥက္ကလာပ မြို့နယ်၊ အ.ထ.က(၃)ကျောင်းသို့ ကျောင်းကြို ရန် ဆိုက္ကားဖြင့်သွားစဉ် ကျောင်းလမ်းဆုံအရောက်၌ အမည်မသိလူ(၂)ဦးအနက်တစ်ဦးမှ ဆိုက္ကား အားတားကာ ကျန်တစ်ဦးမှသံပြားဝိုင်းဖြင့်ခြစ်ခဲ့သဖြင့် ဒေါ်ချိုချိုဝင်း၏ ယာပါးတွင် ၃လက်မခန့် ဒေါင်လိုက်ပြတ်ရှဒဏ်ရာရရှိခဲ့သောကြောင့် အရေးယူပေးပါရန် ဒေါ်ချိုချိုဝင်းမှ တိုင်တန်းခဲ့၍ တောင်ဥက္ကလာပမြို့မရဲစခန်း (ပ)၃၁၂/၂၀၁၃၊ပုဒ်မ ၃၂၆/၃၄၁/၁၁၄ ဖြင့် အရေးယူကာစုံစမ်း ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါအမှုနှင့်ပတ်သက်၍ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရှိ တပ်ဖွဲ့ဝင်များမှ အချိန်နှင့်တပြေးညီ စုံစမ်းဖေါ်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူတရားခံများဖြစ်သည့် လှဌေး၊ (ဘ)ဦးကျော်သိန်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ လှတိုး၊ (ဘ)ဦးစံရင်၊ (၁၃)ရပ်ကွက်၊(၁၀)တောင်၊ သာကေတမြို့နယ်၊ ဟိန်းမင်းလတ်(ခ)အောင်အောင်၊ (ဘ)ဦးဖိုးထောင်၊ အားကစားကွင်းဝင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မိုးသူ၊(ဘ)ဦးသန်းဌေး၊ မှော်စက်ရပ်ကွက်၊ ဒလမြို့နယ်နှင့် ဇော်ကြီး၊ (ဘ)ဦးသောင်းစိန်၊ ကျန်စစ်သားရပ်ကွက်၊ ဒလမြို့နယ်နေသူတို့(၅)ဦးအား ပြစ်မှုကျူးလွန်ပြီး(၃)ရက်အတွင်း ဖေါ်ထုတ် ဖမ်းဆီးရမိခဲ့ပါသည်။

    အမှုဖြစ်စဉ်မှာ ဒဏ်ရာရရှိသူဒေါ်ချိုချိုဝင်းနှင့်အိမ်ချင်းကပ်လျက်နေ လှဌေး (မြေပဲယိုလုပ်ငန်း) တို့မှာ မုန့်လုပ်စဉ် အညှော်နံ့ နံသည့်ကိစ္စဖြင့် မကြာခဏ စကားများခဲ့ကြသည့်အတွက် လှဌေးမှ မကျေမနပ် ဖြစ်ကာ ဒေါ်ချိုချိုဝင်း၏ မျက်နှာအား ရုပ်ဆင်းပျက်အောင် လုပ်ပေးရန် အတွက် ထောင်ထွက်(၂)ဦးဖြစ်သည့် လှတိုးနှင့်ဟိန်းမင်းလတ် (ခ) အောင်အောင် တို့အား ငွေကျပ်(၅)သိန်းဖြင့် ငှါးရမ်းခဲ့ကြောင်း၊ လှတိုးနှင့် ဟိန်းမင်းလတ်(ခ)အောင်အောင်တို့မှ ၎င်းတို့ကိုယ်တိုင် ကျူးလွန်ခြင်း မပြုဘဲ မိုးသူနှင့် ဇော်ကြီး တို့(၂)ဦးအား ထပ်မံခိုင်းစေခဲ့သဖြင့် အခင်းဖြစ်ပွားသည့် အချိန်၌ ဒေါ်ချိုချိုဝင်းစီး လာသော ဆိုက္ကားရှေ့တွင် ဇော်ကြီးမှပိတ်ရပ်ကာ မိုးသူမှခဲတံ ချွန်ခေါက်ဓါးဖြင့် ဒေါ်ချိုချိုဝင်း၏ ယာပါးအား ဆွဲခြစ်ကျူးလွန် ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း၊ လှဌေးမှ ငှားရမ်းခငွေကျပ်(၅)သိန်းအား လှတိုးထံပေးအပ်ခဲ့ရာ လှတိုးမှ ငွေကျပ်(၂၃၀၀၀၀)ယူကာ၊ ဟိန်းမင်းလတ်(ခ)အောင်အောင် အား ငွေကျပ် (၁၈၀၀၀၀)၊ မိုးသူနှင့် ဇော်ကြီးတို့အား တစ်ဦးလျှင်ငွေကျပ် (၄၅၀၀၀)စီ ခွဲဝေပေး အပ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

    ဒေါ်ချိုချိုဝင်းနှင့် အခင်းဖြစ်နေရာတွင် ပြစ်မှုကျူးလွန်ခဲ့ကြသူ တရားခံ(၂)ဦးမှာ ရန်ငြိုးရန်စ နှင့် တိုက်ရိုက်ဆက်စပ်ပတ်သက် သိရှိမှုမရှိဘဲ တရားခံ(၂)ဦးမှ ငွေကြေးရရှိ၍ ပြစ်မှုကျူးလွန်ခဲ့ကြခြင်း သာဖြစ်ကြောင်း သတင်းရရှိပါသည်။

    ဓါတ်ပုံနှင့် သတင်း Yangon Police FB မှာ ကူးယူဖော်ပြသည်။
    ===================
    M-Media ဖြည့်စွက်ဖော်ပြချက်

    အဆိုပါသတင်းအား သြဂုတ်လ ၂၆ ရက်နေ့တွင် The Voice Weekly မှ ပြစ်မှုကျူးလွန်သူများမှာ အိန္ဒိယနွယ်ဖွားများနှင့် တူသည်ဟု တောင်ဥက္ကလာရဲစခန်းမှပြောဟု ရေးသားဖော်ပြခဲ့သည်။ Yangon Police FB ရဲ့ သတင်းထုတ်ပြန်ချက်တွင် ပြစ်မှုကျူးလွန်သူများမှာ အိန္ဒိယနွယ်ဖွားများမဟုတ်ကြောင်း တရားဝင်ထုတ်ပြန်ခဲ့သည်။ အဆိုပါ သတင်းမှားဖော်ပြခဲ့မှုကို ယခုအချိန်ထိ ပြင်ဆင်ဖော်ပြထားတာကို မတွေ့ရှိသေးပေ။

    ပြည်တွင်းမီဒီယာများအနေဖြင့် ကောလဟာလ သတင်းများပါ ကျူးလွန်သူ အစ္စလာမ်ဘာသာဝင်/ အိန္ဒိယအနွယ် ဖြစ်ကြောင်းကို ထင်ယောင်ထင်မှား၊ သွေးထိုးလှုံဆော်သည့် အရေးအသားများ ဖြင့် ဖော်ပြသော်လည်း ၄င်းသတင်းမှာ မှန်/မမှန် လေ့လာဆန်းစစ်ခြင်း မပြု၊ သတင်းမှားဖြစ်နေသည့်တိုင် နောက်ဆက်တွဲ အမှန်ကို ထုတ်ပြန်ကြေညာရေးသားခြင်းများ မရှိတာကို လေ့လာတွေ့ရှိရသည်။

    ယခုကဲ့သို့ နိုင်ငံအဝှမ်း ဘာသာရေးကို အခြေခံပြီး အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့် အခြေအနေတွင် လူမျိုးရေး၊ ဘာသာရေး အထင်အမြင်လွဲစေနိုင်သည့် အရေးအသားမျိုးကို ပြည်တွင်း မီဒီယာကြီးများမှ အထူး သတိပြု ဆင်ခြင်သင့်ကြောင်း ရန်ကုန်မြို့နေ အငြိမ်းစား သတင်းထောက်တစ်ဦးက M-Media ကိုပြောကြားခဲ့ပါသည်။

    Ref: ။
    **တောင်ဥက္ကလာသတင်း The Voice ဂျာနယ်မှ ရေးသားမှု >>http://goo.gl/vOsjFn
    **ရန်ကုန်တိုင်း ရဲတပ်ဖွဲသတင်းထုတ်ပြန်မှု့ >>https://www.facebook.com/yangonpolice/posts/371109059685034

  • အိုင်းစတိုင်းထက် IQ မြင့်သော အိန္ဒိယသူ

    သြဂုတ် ၃၀၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်

    1004525_10201598720586423_1978609899_n

    UK မှာ နေထိုင်တဲ့ အိန္ဒိယသူ တစ်ဦးရဲ့ IQ စမ်းသပ်ချက်မှာ မယုံနိုင်စရာကောင်းလောက်အောင် ၁၆၂ မှတ်ရရှိခဲ့ပြီး လူတိုင်းကို အံ့အားသင့်စေခဲ့ပါတယ်။ ဒီအမှတ်ဟာ ဘီလ်ဂိတ်၊ စတီဗင်ဟော့ကင်းနှင့် အိုင်းစတိုင်းတို့ထက်ပင် ပိုများနေပါတယ်။ အိန္ဒိယဒေါက်တာ မိဘနှစ်ပါးရဲ့သမီး Neha Ramu ဟာ Mensa IQ စမ်းသပ်ချက် တစ်ခုမှာ သူ့အသက်အတွက် အမှတ်အမြင့်ဆုံးဖြစ်နိုင်တဲ့ ၁၆၂ မှတ် အပြည့်ရရှိခဲ့ပါတယ်။

    ဒီအမှတ်က ဆယ်ကျော်သက်အရွယ် ကောင်မလေးကို UK ရဲ့ ဥာဏ်အထက်မြက်ဆုံး ၁ ရာခိုင်နှုန်းစာရင်းထဲကို ရောက်စေပြီး အမှတ် ၁၆၀ ပိုင်ရှင်တွေဖြစ်တဲ့ ရူပဗေဒပညာရှင် စတီဗင်ဟော့ကင်း နဲ့ သိပ္ပံပညာရှင် အိုင်းစတိုင်းတို့ထက် ပိုတော် ပိုထက်တယ်လို့ ဆိုလိုနေပါတယ်။

    British Mensa ရဲ့ပြောရေးဆိုခွင့်ရှိသူက “Neha ဟာ Cattell IIIB မေးခွန်းမှာ ၁၆၂ မှတ်ရရှိခဲ့ပြီး နိုင်ငံရဲ့ ထိပ်ဆုံး ၁ ရာခိုင်နှုန်းထဲကို ရောက်စေပါတယ်” လို့ဆိုပါတယ်။ Neha ရဲ့မိဘတွေဟာ အရင်က အိန္ဒိယမှာနေခဲ့ပြီး သူတို့သမီးလေး ၇ နှစ်အရွယ်မှာ ဗြိတိန်ကို ပြောင်းရွှေ့ခဲ့တယ်လို့ ‘The Telegraph’ သတင်းစာမှာ ဖော်ပြထားပါတယ်။

    ကိုးကား – The Telegraph

  • “ကိုယ်အိမ်ပြန်နေဖို့ ကန့်ကွက်ခံရတာ တရားဥပဒေစိုးမိုးမှု မရှိတာထင်ရှား” ဟု မိတ္ထီလာမြို့တွင် မွတ်စလင်မ်လူကြီးများ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် နှင့် တွေ့ဆုံစဉ် ပြောကြား

    သြဂုတ်လ- ၃၀၊ ၂၀၁၃
    M-Media
    သုတ

    “ကိုယ်အိမ်ပြန်နေဖို့ ကန့်ကွက်ခံရတာ တရားဥပဒေစိုးမိုးမှု မရှိတာထင်ရှား” ဟု  မိတ္ထီလာမြို့တွင် မွတ်စလင်မ်လူကြီးများ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် နှင့် တွေ့ဆုံစဉ် ပြောကြား

    Burning Meikhtila Muslim Houses and Mosque pic 3
    ၂၀၁၃ ခုနှစ် မတ်လ တွင် အကြမ်းဖက်မီးရှို့ခံရသည့် မိထ္ထိလာမှ မွတ်စလင်မ် နေအိမ်များ

    မိတ္ထီလာ ။        ။        မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်မှ တာဝန်ရှိသူ (၄)ဦးသည် မိတ္ထီလာမြို့ရှိ မွတ်စလင်မ် လူကြီး(၁၀)ဦးနှင့် သြဂုတ်လ ၂၈-ရက်နေ့ မနက်ပိုင်းက မိတ္ထီလာမြို့ ခရိုင်ရုံးတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

    အဆိုပါ တွေ့ဆုံမှုတွင် မွတ်စလင်မ် လူကြီးများမှ မတ်လအတွင်းက မိတ္ထီလာမြို့တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် CAMP များတွင် နေထိုင်နေရသော ‘အကြမ်းဖက်ခံ’ ဒေသခံ မွတ်စလင်မ် များမှ  မိမိတို့၏နေအိမ်များတွင် ပြန်လည်နေထိုင် ခွင့်ရရန်၊ ငြိမ်းချမ်းရေးနှင့် ပြန်လည် သင့်မြတ်ရေးကို ဦးတည်ကြောင်း၊ Hate Speech (အမုန်းတရားဝါဒဖြန့််မှု)  များကို တားဆီးပေးရန်၊ မွတ်စလင်မ်ဈေးဆိုင်များ ပြန်လည်ရောင်းချ ခွင့်ရရန်၊ ကလေးများ စိတ်အေး ချမ်းသာစွာ နေထိုင်ခွင့်ရရန် ၀ိုင်းဝန်းလုပ်ဆောင်ပေးရန်၊  ပြန်လည် ဖွင့်ခွင့် မရသေးသော ကျန်ရှိသည့် ဗလီ ၆-လုံးအား ပြန်လည် ဖွင့်ခွင့်ရရှိရေး၊ ဖျက်ဆီးခံရသည့် အိမ်များ၊ ဗလီဝတ်ကျောင်းများ ပြန်လည် ပြန်ဆင်ခွင့်ရရန် တင်ပြဆွေးနွေးခဲ့သည်။

    ထိုသို့ ဆွေးနွေးနေစဉ်မှာပင် ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးမှ အချိန် မရှိတော့ဘူးဟုဆိုကာ ဆွေးနွေးမှုအား တားဆီးခဲ့ပြီး  မင်္ဂလာဇေယုံတွင် ဖြစ်သွားသည့် ကိစ္စရပ်သည့် မွတ်စလင်မ်များမှ ဘုန်းကြီးကိုသတ်လိုက်သည့် အတွက် ပိုဆိုးသည်၊ မွတ်စလင်မ်များတွင် တာဝန်ရှိသည်၊ မွတ်စလင်မ်များတွင် ခေါင်းဆောင်ကောင်း မရှိဘူးဟု ပြောဆိုခဲ့ကြောင်း သိရသည်။

    မိမိရပ်ကွက်အတွင်း မိမိပြန်လာသည်ကို လက်သင့်မခံခြင်း၊ ကန့်ကွက်ခြင်းရှိသည့်အတွက် တရားဥပဒေ စိုးမိုးရေး မည်သို့ရှိကြောင်း၊ လွန်ခဲ့သော နှစ်ပေါင်း ရာချီက ရှိခဲ့သော ဗလီများအားလည်း ပတ်ဝန်းကျင်က ကန့်ကွက်သည်ဟု ဆိုကာ ပြန်လည် ဖွင့်လှစ်ခွင့် မပေးသည်မှာလည်း တရားဥပဒေစိုးမိုးမှု မရှိကြောင်း ပြန်လည်ပြောဆိုရာမှ တွေ့ဆုံမှုကို ရပ်တန့်လိုက်ရကြောင်း သိရသည်။

    မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကို ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲပြီးနောက် ယခုနှစ် မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်အစိုးရ အဖွဲ့တာဝန်ကို လွှဲပြောင်းလက်ခံခဲ့သည့် သမ္မတဦးသိန်းစိန်မှ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့ တွင် အဖွဲ့ဝင် (၁၅) ဦးဖြင့် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။ အဖွဲ့ဝင်အားလုံးနီးပါးမှာ အငြိမ်းစား အစိုးရ အရာရှိကြီးများဖြစ်ပြီး အငြိမ်းစား သံတမန်၊ ပါမောက္ခနှင့် အခြားသော အစိုးရဋ္ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်ခဲ့သူ များဖြစ်သည်။ ကော်မရှင်၏ ဥက္ကဋ္ဌမှာ အငြိမ်းစား သံအမတ် ဦးဝင်းမြ ဖြစ်သည်။

  • ဗြိတိန်တို့ ဆီးရီးယားကိုတိုက်မယ့်အရေးမှာ ပါလီမန်ကန့်ကွက်မှုကြောင့် ပါဝင်တော့မှာမဟုတ်

    M-Media
    သြဂုတ်လ ၃၀ ရက်၊ ၂၀၁၃

    ဗြိတိန်ပါလီမန်မှာ အပြန်အလှန်ဆွေးနွေးနေကြတဲ့ ကင်မရွန်းနဲ့ အတိုက်အခံလေဘာပါတီခေါင်းဆောင် အက်မီလီဘန်း
    ဗြိတိန်ပါလီမန်မှာ အပြန်အလှန်ဆွေးနွေးနေကြတဲ့ ကင်မရွန်းနဲ့ အတိုက်အခံလေဘာပါတီခေါင်းဆောင် အက်မီလီဘန်း

    မနေ့က ကျင်းပခဲ့တဲ့ ဆီးရီးယားအရေးပါလီမန်မဲခွဲပွဲမှာ စစ်တိုက်ဖို့ စိတ်အားထက်သန်တဲ့ ၀န်ကြီးချုပ်ဒေးဗစ်ကင်မရွန်း ရှုံးနိမ့်သွားတယ်လို့ ရိုက်တာသတင်း တစ်ရပ်က တင်ပြပါတယ်။ ကြာသပတေးနေ့ညပိုင်းမှာ မဲခွဲခဲ့တာဖြစ်ပြီး ကင်မရွန်းအရေးနိမ့်တာကြောင့် အမေရိကန်နှင့်အတူ ဆီးရီးယားကိုတိုက်မယ့် စစ်မှာ ဗြိတိန်တို့ပါဝင်နိုင်မယ့်လမ်းပိတ်သွားခဲ့ပါပြီ။

    ကင်မရွန်းခေါင်းဆောင်တဲ့ အစိုးရအဖွဲ့က ပါလီမန်မှာ ဆီးရီးယားအရေး စစ်ရေးအရအရေးယူဖို့ မဲခွဲတဲ့အခါ ထောက်ခံမဲ ၂၇၂ မဲရရှိခဲ့ပြီး ကန့်ကွက်မဲ ၂၈၅ မဲရရှိခဲ့ ပါတယ်။

    ဒါကြောင့် မိမိအနေနဲ့ ပါလီမန်ရဲ့ဆန္ဒကိုဆန့်ကျင်ပြီး တစ်စုံတစ်ရာလုပ်ဆောင်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ကင်မရွန်းက ပြောခဲ့ပါတယ်။ ဒါပေမယ့် ကင်မရွန်းက ဥပဒေပြုအမတ်တွေကို ရည်ညွှန်းပြီး သူတို့တွေက ဓါတုလက်နက်သုံးတဲ့ ဆီးရီးယားအစိုးရကို အပြစ်ပေးဖို့ မလိုလားဘူးလို့လည်း ဆိုခဲ့ပါတယ်။

    လေဘာပါတီခေါင်းဆောင် အက်မီလီဘန်းကတော့ ဓါတုလက်နက်ကိစ္စအတွက် ပြင်းပြင်းထန်ထန်တုန့်ပြန်သင့်တဲ့အကြောင်း သူယူဆပေမယ့် ပါလီမန်ရဲ့ဆန္ဒ ကို လေးစားရမှာဖြစ်တဲ့အကြောင်း ပြောခဲ့ပါတယ်။

    ဒါ့ပြင်သူက ပါလီမန်ရဲ့ဆန္ဒသည် လူထုကိုကိုယ်စားပြုတာကြောင့် လူထုကလည်း စစ်ရေးအရအရေးယူမှုကို မလိုလားဘူးလို့ မိမိယူဆကြောင်း ပြောခဲ့ပါတယ်။