News @ M-Media
Blog
  • သြဂုတ်လ ၃၀ အားကစားသတင်းများ
    သြဂုတ်လ-၃၀၊ ၂၀၁၃
    M-Media
    130829151654-franck-ribery-2-single-image-cut
    ချန်ပီယံလိဂ်အုပ်စုအဆင့် မဲခွဲပြီးစီး
    ချန်ပီယံလိဂ်အုပ်စုအဆင့် မဲခွဲမှုများကို ယမန်နေ့ညကပြုလုပ်ခဲ့ပြီး မန်ချက်စတာစီးတီးအသင်းမှာ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်နှင့် တစ်အုပ်စုတည်းကျရောက်လျက်ရှိသည်။
    ရီးယဲမက်ဒရစ်နှင့်ဂျူဗင်တပ်စ်အသင်းတို့ပါဝင်သည့် အုပ်စု B မှာ အုပ်စုကျပ်အဖြစ်ယူဆရပြီး ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာယူနိုက်တက်အသင်းမှာ အုပ်စုအဆင့်မှတက်ရောက်ရန် အလားအလာကောင်းနေသည်။ အာဆင်နယ်အသင်းမှာ ယမန်နှစ်ချန်ပီယံလိဂ်ဒုတိယရရှိခဲ့သည့် ဘိုရုရှားဒေါ့မွန်၊ မာဆေးနှင့် နာပိုလီတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး အုပ်စုမှတက်ရန် ရုန်းကန်ရဖွယ်ရှိနေသည်။ စပိန်ထိပ်သီး ဘာစီလိုနာအသင်းမှာ အေစီမီလန်၊ အေဂျက်နှင့် ဆဲလ်တစ်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေသည်။
    အုပ်စု (A) ၊ မန်ချက်စတာယူနိုက်တက်၊ ရှက်ဒါဒိုးနက်၊ လေဗာကူဆင်၊ ရီးယဲလ်ဆိုဆီဒက်
    အုပ်စု (B) – ရီးယဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်၊ ဂါလာတာစာရေး၊ ကိုပင်ဟေဂင်
    အုပ်စု (C) – ဘင်ဖီကာ၊ ပဲရစ်စိန့်ဂျာမိန်း၊ အိုလံပီယာကော့စ်၊ အန်ဒါလက်ခ်ျ
    အုပ်စု (D) – ဘိုင်ယန်မြူးနစ်၊ စီအက်စ်ကေအေ မော်စကို၊ မန်ချက်စတာစီးတီး၊ဗစ်တိုးရီးယား ပဲလ်ဇန်
    အုပ်စု (E) – ချယ်ဆီး၊ ရှော်ကာ၊ ဘေဆယ်၊ စတူအာဘူခါရက်
    အုပ်စု (F) – အာဆင်နယ်၊ မာဆေး၊ ဘိုရုရှားဒေါ့မွန်၊ နာပိုလီ
    အုပ်စု (G) – ပေါ်တို၊ အက်သလက်တီကို မက်ဒရစ်၊ ဇင်းနစ်၊ သြစတြီးယားဗီယင်နာ
    အုပ်စု (H) – ဘာစီလိုနာ၊ အေစီမီလန်၊ အေဂျက်၊ ဆဲလ်တစ်
    ……………………………………………………
    Dinamo Tbilisi အား အနိုင်ယူကာ နောက်တစ်ဆင့်သို့တက်ရောက်သွားခဲ့သည့် တော့တင်ဟမ်
    ယူရိုပါလိဂ် ခြေစစ်ပွဲပလေးအောဖ့် ဒုတိယအကျော့အဖြစ် တော့တင်ဟမ်အသင်းနှင့် ဂျော်ဂျီယာကလပ် Dinamo Tbilisi အသင်းတို့ ယနေ့နံနက်က ယှဉ်ပြိုင်ကစားခဲ့ရာ တော့တင်ဟမ်အသင်းက ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်ဟုသိရသည်။
    တော့တင်ဟမ်အသင်းအတွက်ဂိုးများကို ပထမပိုင်းတွင် ဂျာမိန်းဒီဖိုးက ၂ ဂိုး၊ ဒုတိယပိုင်းတွင် လီဝစ် ဟော့ဘီက ၁ ဂိုး သွင်းယူပေးခဲ့သည်။ ပထမကျော့အဝေးကွင်းတွင် ၅ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည့်တော့တင်ဟမ်အသင်းမှာ ယခုပွဲအနိုင်ကြောင့် နှစ်ကျော့ပေါင်းရလဒ် ၈ ဂိုး ဂိုးမရှိဖြင့် ယူရိုပါလိဂ် အုပ်စုအဆင့်သို့ တက်ရောက်သွားပြီဖြစ်သည်။
    _______________________________________
    ၂၀၁၂-၂၀၁၃ ဥရောပ အကောင်းဆုံးဘောလုံးသမားဆုအား  ရီဘာရီ ဆွတ်ခူး
    ၂၀၁၂-၂၀၁၃ ဥရောပအကောင်းဆုံးဘောလုံးသမားဆုကို ပြင်သစ်နိုင်ငံ မိုနာကိုမြို့တွင် ပေးအပ်ချီးမြှင့်ခဲ့ရာ ဘိုင်ယန်မြူးနစ်အသင်း၏ ပြင်သစ်ကွင်းလယ်လူ ဖရန့် ရီဘာရီက ဆွတ်ခူးရရှိခဲ့သည်ဟုသိရသည်။ နာမည်ကျော်ဘောလုံးဂျာနယ်လစ်များ မဲပေးရွေးချယ်ကြသည့် အဆိုပါဆုကို ရီဘာရီက ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီနှင့် ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုတို့အားကျော်ဖြတ်ကာ ရရှိခဲ့ခြင်းဖြစ်သည်။ ရီဘာရီမှာ ယမန်နှစ်က ဖလားသုံးလုံးရရှိခဲ့သည့် ဘိုင်ယန်မြူးနစ်အသင်းတွင် အဓိကနေရာမှ ပါဝင်ကစားခဲ့သူဖြစ်သည်။
    _______________________________________
    ပရီးမီးယားလိဂ်တွင် နည်းပြလုပ်ချင်သည်ဟု ဂွာဒီယိုလာဆို
    ဘိုင်ယန်မြူးနစ်အသင်း၏နည်းပြဖြစ်သူ ပက်ပ်ဂွာဒီယိုလာက ၎င်းအနေဖြင့် အနာဂတ်တွင် ပရီးမီးယားလိဂ်အသင်းတစ်သင်းအား ကိုင်တွယ်ချင်သည်ဟု ပြောဆိုလိုက်သည်။ အသက် ၄၂ နှစ်အရွယ်ရှိပြီး ဘာစီလိုနာအသင်းနှင့်အတူ အောင်မြင်မှုများစွာ ရရှိခဲ့သည့် ဂွာဒီယိုလာက “ကျနော်အခု ဘိုင်ယန်မှာပါ။ ဘာစီလိုနာမှာအောင်မြင်မှုတွေရအောင် စွမ်းဆောင်ပေးခဲ့သလို ဘိုင်ယန်အတွက်လည်း အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်ပေးချင်ပါတယ်။ ဘိုင်ယန်မှာ တတ်နိုင်သလောက် နေသွားမှာပါ။ ဒါပေမယ့် တစ်ချိန်ချိန်မှာတော့ ပရီးမီးလားလိဂ်ကို သွားရောက်ပြီး စွန့်စားမှုတွေကို ရင်ဆိုင်ချင်ပါတယ်” ဟု ပြောဆိုခဲ့သည်။
    _______________________________________
    ချန်ပီယံလိဂ်အုပ်စုမှာ ခက်ခဲသောအုပ်စုဖြစ်သည်ဟု ဂျူဗီနည်းပြဆို
    ဂျူဗင်တပ်စ်အသင်း၏ နည်းပြဖြစ်သူ အန်တိုနီယို ကွန်တီက ချန်ပီယံလိဂ်တွင် ၎င်းတို့ကျရောက်သည့်အုပ်စုမှာခက်ခဲသောအုပ်စုဖြစ်ပြီး ယမန်နှစ်ကအတွေ့အကြုံကို အသုံးပြု၍ အုပ်စုအဆင့်အားကျော်ဖြတ်ရန် အသင်းသားအားလုံးကို နှိုးဆော်လိုက်သည်။ ယမန်နှစ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့သည့် ဂျူဗင်တပ်စ်အသင်းမှာ ယခုနှစ်ချန်ပီယံလိဂ်အုပ်စု (B) တွင် ရီးယဲလ်မက်ဒရစ်၊ ဂါလာတာစာရေးနှင့် ကိုပင်ဟေဂင်တို့နှင့်အတူ ကျရောက်လျက်ရှိသည်။
    _______________________________________
    ရီးယဲလ်မှထွက်ခွာချင်သည်ဟု ကာကာဆို
    ရီးယဲမက်ဒရစ်အသင်း၏ကွင်းလယ်လူ ကာကာက ယခုနှစ်နွေရာသီတွင် အသင်းမှထွက်ခွာချင်သည်ဟု ရီးယဲလ်နည်းပြ အန်ဆယ်လော့တီအား ပြောဆိုလိုက်သည်။ ကာကာမှာ နည်းပြဟောင်းမော်ရင်ဟိုလက်ထက်တွင် ပုံမှတ်နေရာရရှိရန်ရုန်းကန်ခဲ့ရပြီး ယခုနှစ်လာလီဂါအဖွင့်ပွဲစဉ်နှစ်ခုတွင်လည်း အရံခုံတွင်သာ အချိန်ကုန်ခဲ့ရသည်။ ကာကာမှာ အပြောင်းအရွှေ့ဈေးကွက်မပိတ်မီတစ်ပတ်အတွင်း အသင်းမှထွက်ခွာရန် ဆန္ဒရှိနေသည်။
    _______________________________________
    တော့ရက်စ်အားချယ်ဆီး ရောင်းထုတ်ချင်
    အသင်းသို့ တိုက်စစ်မှူးသစ် အီတူးရောက်ရှိလာပြီးနောက် ချယ်ဆီးအသင်းသည် ၎င်းတို့၏စပိန်တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်အား ရောင်းထုတ်ရန်ဆန္ဒရှိနေသည်ဟုသိရသည်။ နည်းပြမော်ရင်ဟိုမှာ ပွဲထွက်စာရင်းတွင် အီတူးနှင့် လူကာကူတို့အား ထည့်သွင်းရန် အလားအလာရှိနေသောကြောင့် တောရက်စ်မှာ အသင်းမှထွက်ခွာနိုင်ဖွယ်ရှိနေသည်။
    Daily Mirror
    _______________________________________
    ဘယ်ရီအားခေါ်ယူရန် အဲဗာတန် ဆန္ဒရှိ
    အဲဗာတန်အသင်း၏နည်းပြဖြစ်သူ မာတီနက်ဇ်က မန်ချက်စတာစီးတီးအသင်း၏ အလယ်တန်းလူ ဂါရတ်ဘယ်ရီအား ခေါ်ယူရန်ကြိုးပမ်းနေသည်ဟုသိရသည်။ အသင်း၏ ကွင်းလယ်အင်အားတောင့်တင်းရန် ခေါ်ယူလိုနေခြင်းဖြစ်သော်လည်း ဘယ်ရီ၏တစ်ပတ်လုပ် ပေါင် ၁ သိန်းကျော်ပေးချေရန်မှာ အဲဗာတန်အသင်းအတွက် အခက်အခဲဖြစ်လာဖွယ်ရှိနေသည်။
    Liverpool Echo
    _______________________________________
    နာဒယ်လ်၊ ဖက်ဒါရာနှင့် အီဗန်စ်တို့ တတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့ကြသည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ
    ကျင်းပလျက်ရှိသည့်ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ တတိယအဆင့်သို့ နာမည်ကြီးတင်းနစ်သမား ရော်ဂျာ ဖက်ဒါရာနှင့် ဗြိတိန်တင်းနစ်သမား ဒန် အီဗန်စ်တို့ တက်ရောက်သွားပြီဟုသိရသည်။
    ယူအက်စ်အိုးပင်းငါးထပ်ကွမ်းချန်ပီယံ ဖက်ဒါရာမှာ ဒုတိယအဆင့်တွင် ကမ္ဘာ့အဆင့် ၄၈ ရှိ အာဂျင်တိုင်းတင်းနစ်သမား ကားလို့စ် ဘာလော့က် အားအနိုင်ရရှိခဲ့သည်။ ၁နာရီခွဲသာကြာမြင့်ခဲ့သော အဆိုပါပွဲစဉ်တွင် ဖက်ဒါရာက သက်တောင့်သက်သာ ကစားကာ ၆-၃၊ ၆-၂၊ ၆-၁ ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    နိုင်ခြေအဆင့် ၂ ရှိ စိပိန်တင်းနစ်အကျော်အမော် ရာဖေးလ် နာယ်လ်မှာ ဘရာဇီး တင်းနစ်သမား ရိုဂီရီယို ဒူထရာ ဆေးလ်ဗားအား ၆-၂၊ ၆-၁၊ ၆-၀ ဖြင့် သုံးပွဲပြတ်အနိုင်ရခဲ့ပြီး တတိယအဆင့်သို့ တက်ရောက်သွားပြီဟုသိရသည်။
    ဗြိတိန်တင်းနစ်သမား အီဗန်စ်မှာလည်း သြစတေးလျတင်းနစ်သမား ဘားနဒ် တိုမစ်အား ၁-၆၊ ၆-၃၊ ၇-၆၊ ၆-၃ဖြင့်အနိုင်ရရှိခဲ့သည်။ ယခုပွဲအနိုင်ကြောင့် အသက် ၂၃ နှစ်အရွယ်ရှိအီဗန်စ်မှာ သူ၏ကစားသမား ဘ၀ ပထမဦးဆုံး ဂရင်စလင်းဆုဖလားအား ဆွတ်ခူးရန် မျှော်လင့်လာနိုင်သည်။
    sky sports
    _______________________________________
    ယူအက်စ်အိုပင်း တင်းနစ်ပြိုင်ပွဲ တတိယအဆင့်သို့ ဆရီနာ တက်ရောက်
    အမေရိကန်နိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် အမေရိကန် နာမည်ကျော်တင်းနစ်မယ် ဆရီနာ ၀ီလီယံမှာ တတိယအဆင့်သို့တက်ရောက်သွားပြီဟု သိရသည်။
    ဆရီနာဝီလီယံမှာ ဒုတိယအဆင့်တွင်ကာဇက်ခ်စတန်တင်းနစ်မယ် ဂါလီနာ ဗိုစ်စကိုဘိုအီဗာအား သက်တောင့်သက်သာကစားကာ ၆-၃၊ ၆-၃ ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
  • လတ်ဆတ်သော သီးနှံများကို စားသုံးခြင်းက သွေးချိုရောဂါအား ဟန့်တားနိုင်
    သြဂုတ်လ- ၃၀ ၊ ၂၀၁၃
    M-Media
    health-diabetes_8-30-2013_115901_l
    ပဲရစ်။    ။ လတ်ဆတ်သည့်အသီးအနှံများ အထူးသဖြင့် ဘလူးဘယ်ရီ၊ စပျစ်သီး၊ ပန်းသီး နှင့် သစ်တော်သီးတို့အား ပိုမို စားသုံးခြင်းသည် သွေးထဲရှိ သကြားဓာတ် အဆင့် ၂ သို့ရောက်သွားစေခြင်းကို လျှော့ချနိုင်ကြောင်း၊ သို့သော် သစ်သီးဖျော်ရည်အား ပိုမိုသောက်သုံးခြင်းက ဆန့်ကျင်ဖက်အကျိုးဖြစ်စေကြောင်း ဆက်စပ်နေမှုကို တွေ့ရသည်ဟု လေ့လာမှု တစ်ရပ်ကဆိုသည်။
    အမေရိက၌ ၂၅ နှစ် သက်တမ်းရှိ အကြီးစားကျန်းမာရေးစစ်ဆေးသုံးသပ်ချက် သုံးမျိုးထံမှ အချက်အလက်များကို ဗြိတိန်၊ အမေရိကန် နှင့် စင်္ကာပူ သုတေသီများက ဖော်ထုတ်လိုက်ခြင်းဖြစ်သည်။
    ယင်းလုပ်ငန်း၌ သူနာပြု နှင့် အခြားကျန်းမာရေးဝန်ထမ်းများ ၁၈၇,၀၀၀ ဦးထက်မနည်း ပါဝင်ခဲ့ကြသည်။
    စေတနာ့ဝန်ထမ်းများအနက် ၆.၅ % မှာ လေ့လာမှုကာလအတွင်း သွေးအတွင်း သကြားဓာတ်များ တက်လာခဲ့သည်။
    ဘလူးဘယ်ရီ၊ စပျစ်သီး၊ ပန်းသီး နှင့် သစ်တော်သီး စသည်တို့အား အသီးအတိုင်း တစ်ပတ်လျှင် နှစ်ကြိမ်ခန့်  စားသုံးသူများမှာ တစ်လလျှင် တစ်ကြိမ်သာစားသုံးသူထက် သွေးထဲရှိ သကြားဓာတ် အဆင့် ၂ သို့ရောက်စေခြင်းကို
    ၂၃ %  ပိုမို၍ လျှော့ချနိုင်ကြောင်း တွေ့ရသည်။
    “ ဒီလိုသီးနှံတွေစားသုံးခြင်းဟာ အထူးသဖြင့် သွေးချိုတက်ခြင်းအန္တရာယ်ကို လျှော့ချပေးနိုင်တဲ့ အကျိုးထူးရှိကြောင်း ကျွန်တော်တို့ရဲ့ရှာဖွေတွေ့ရှိမှုက အထောက်အထားဖြစ်စေပါတယ် ” ဟု ဟားဗတ်တက္ကသိုလ်၊ လူထုကျန်းမာရေးဌာနရှိ အာဟာရဆိုင်ရာ တွဲဖက်ပါမောက္ခ ကီဆွန်(Qi Sun) မှ ပြောကြားသည်။
    ဆန့်ကျင်ဖက်အားဖြင့် သစ်သီးဖျော်ရည်အား တစ်ပတ်လျှင် တစ်ကြိမ်ထက်ပိုမို သောက်သုံးသူတို့သည် သာမန်ထက် သွေးချိုတက်မှု ၂၁ % ပိုမိုလာကြောင်းတွေ့ရလေ၏။
    သစ်သီးဖျော်ရည်အစား အသီးသက်သက်စားသုံးခြင်းသို့ ပြောင်းလဲလိုက်သောအခါ ၇ % လျော့ကျသွားကြောင်း တွေရသည်။ သို့သော် စတော်ဘယ်ရီ နှင့် ဖရဲသီး(အ၀ါရောင်အတွင်းသားမျိုး)တို့အတွက်ကား ကွာခြားမှုကို မတွေ့ရချေ။
    သောကြာနေ့ထုတ် ဗြိတိသျှဆေးပညာဂျာနယ် (British Medical Journal – BMJ)က ပြတ်သားသည့် ကွဲပြားခြားနားမှုကို ထပ်မံဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း ဖော်ပြထားသည်။
    သစ်သီး နှင့် သစ်သီးဖျော်ရည်၌ ပါဝင်သော အာဟာရဓာတ်မှာ တစ်ခုတည်းပင်ဖြစ်နေပါလျက် ပုံပြောင်းသည်နှင့် ကွဲပြားသွားရခြင်းအပေါ် အနုစိတ် အဖြေရှာသုံးသပ်နေကြသည်။
    အာဟာရဓာတ်သဘောသည် တူပင်တူငြား အဖတ်ထက် အရည်က ၀မ်းဗိုက်မှတဆင့် အူအတွင်းသို့ ၀င်ရောက်မှု ပိုမိုမြန်ဆန်သောကြောင့်ဖြစ်ကြောင်း၊ သစ်သီးအရည်သည် သစ်သီးအသားထက် သွေးထဲရှိ ဂလူးကို့စ် နှင့် အင်ဆူလင် ဓာတ်များကို လျင်မြန်စွာ တိုးပွားသွားစေသည့် သဘောမျိုးဖြစ်နိုင်ကြောင်း ဂျာနယ်မှ ဥပမာပေးဖော်ပြသည်။
    အချို့သောသီးနှံများသည် ကျန်းမာရေးအတွက် ကောင်းကျိုးဖြစ်ထွန်းစေသည်ကို လေ့လာချက်မှ အထောက်အထားတစ်ရပ်အဖြစ် တွေ့ရသည်။
    သာဓကအားဖြင့် ဘလူးဘယ်ရီ နှင့် စပျစ်သီးတို့၌ Anthocyanins အမည်ရှိ ဒြပ်ပေါင်းများ ပါဝင်နေသည်။ ၄င်းက နှလုံးရောဂါ၏အန္တရာယ်ကို ကာကွယ်လျှော့ချပေးနိုင်သည်။ သို့သော် သွေးချိုဓာတ်အား အဘယ်ကြောင့် နှင့် အဘယ်ကဲ့သို့ လျော့ကျသွားစေကြောင်းကိုမူ ရှင်းလင်းစွာ မသိရှိရသေးဟု ရေးသားထား၏။
    သူနာပြုတို့၏ကျန်းမာရေးလေ့လာချက်အပိုင်း ၁ (၁၉၈၄ မှ ၂၀၀၈ ခုနှစ်)၊ အပိုင်း ၂ (၁၉၉၁ မှ ၂၀၀၉ ခုနှစ်) နှင့် မျက်ခြေမပြတ်ကျန်းမာရေးလေ့လာချက် (၁၉၈၆ မှ ၂၀၀၈ခုနှစ်) စစ်တမ်းများမှ အချက်အလက်ထုတ်ယူထားခဲ့ခြင်း ဖြစ်သည်။
    ဦးတည်လေ့လာသည့် အသီး ၁၀ မျိုးမှာ စပျစ်သီး၊ မက်မုံသီး၊ ဆီးသီး(ဇီးသီး)၊ ဇီးချိုသီး၊ ငှက်ပျောသီး၊ (အတွင်းသားဝါ) ဖရဲသီး၊ ပန်းသီး သို့ သစ်တော်သီး၊ လိမ္မော်သီး၊ ရှောက်ချိုသီး၊ စတော်ဘယ်ရီ နှင့် ဘလူးဘယ်ရီ တို့ဖြစ်ကြသည်။ သစ်သီးရည်များမှာ ပန်းသီး၊ လိမ္မော်သီး၊ ရှောက်ချိုသီး နှင့် အခြားသစ်သီးရည်တို့ ဖြစ်ကြသည်။
    – AFP/nd
  • ရခိုင်အကြမ်းဖက်မှုများတွင် သတင်းသွားရောက်ယူခဲ့သည့် အမေရိကန်ဂျာနယ်လစ်နှစ်ဦးအား မြန်မာအစိုးရ နာမည်ပျက်စာရင်းသွင်း
    ရခိုင်အကြမ်းဖက်မှုများတွင် သတင်းသွားရောက်ယူခဲ့သည့် အမေရိကန်ဂျာနယ်လစ်နှစ်ဦးအား မြန်မာအစိုးရ နာမည်ပျက်စာရင်းသွင်း
    M-Media
    သြဂုတ်လ ၃၀ ရက်၊ ၂၀၁၃
    www.dvb.no
    ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့သည့် မွတ်စလင်ဆန့်ကျင်ရေးအကြမ်းဖက်မှုမှ ဗွီဒီယိုအပိုင်းအစတစ်ခု အင်တာနက်ပေါ်တွင် ပျံ့နှံ့ခဲ့ပါသည်။ ထိုဗွီဒီယို ကို နိုင်ငံခြား သား သတင်းထောက်များက ခဲရာခက်ဆစ် ရိုက်ကူးထားပုံပေါ်နေပြီး လူအုပ်ကြီးက ၄င်းတို့အား ရန်မူပုံများပါ ပါဝင်နေပါသည်။
    နိုင်ငံခြားသား သတင်းထောက်များက ဗလီအတွင်းသို့ ၀င်ရောက်လာကြသည်ကို အဓမ္မမောင်းထုတ်ရုံမက အမျိုးသားတစ်ဦးက နိုင်ငံခြားသူ အမျိုးသမီးအား မဖွယ်မရာ ပြုလုပ်ပြခဲ့ရုံမက (၀.၄၁ မိနစ်) ရဲဝန်ထမ်းကလည်း ရိုက်သတ်ပစ်လိုက်မယ် ဟု ခြိမ်းခြောက်ပြောနေခဲ့ပါသည်။ (၁.၃၂ မိနစ်)
    ထိုနေရာသည် ဗလီအဆောက်အဦဖြစ်သော်လည်း ရခိုင်ဗုဒ္ဓဘာသာလူအုပ်ကိုသာ တွေ့ရပြီး ဗလီထဲသို့ အ၀င်မခံသည့်အချက်မှာ မည်သည်ကြောင့်ဖြစ် သည်ကိုမူ ကွဲပြားစွာ မသိရှိရသော်လည်း အာဏာ ပိုင်များကမူ ကန့်သတ်နယ်မြေဟု ဆိုပါသည်။
    ယခုကဲ့သို့ ရိုဟင်ဂျာအရေးကို အရင်းတည်ကာ နိုင်ငံနှင့်အ၀ှမ်း မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ တအုံနွေးနွေးရှိနေစဉ် မြန်မာအစိုးရက ထိုဗွီဒီယိုအား ကိုယ်တိုင်ရိုက်ကူးခဲ့သည့် အမေရိကန်နိုင်ငံသား ဂျာနယ်လစ်နှစ်ဦးကို အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း သိရပါသည်။
    ထိုအကြောင်းနှင့်စပ်လျဉ်း၍ အသေးစိတ်ကို DVB အင်္ဂလိပ်ပိုင်းက “Burma blacklists two US-based reporters for covering Rohingya crisis” ခေါင်းစဉ်ဖြင့် တင်ပြထားပါသည်။
    အမ်-မီဒီယာပရိသတ်ကြီး မြန်မာဘာသာပြန်အား ရှုစားနိုင်ပါပြီ။
    ==================================================================
    Download လုပ်ပြီးကြည့်လိုသူများအတွက်
    File Size= 17.6 MB
    Google Doc =>http://goo.gl/UiKEOO
    ရိုဟင်ဂျာများအပေါ် ဖိနှိပ်ညှဉ်းဆဲခံနေရမှုများကို မှတ်တမ်းတင်ဖို့ ရခိုင်ကို သွားရောက်ခဲ့ကြတဲ့ အမေရိကန်ဂျာနယ်လစ်နှစ်ယောက်ကို မြန်မာအစိုးရက အမည်ပျက် စာရင်းသွင်းခဲ့တယ်လို့ သိရပါတယ်။
    သူတို့က ရခိုင်ပြည်နယ်မှာ ပြဿနာတွေဖြစ်နေတုန်း သွားရောက်ခဲ့ကြတာပါ။ ဒါပေမယ့် ယခုလ၊ သြဂုတ်လဆန်းပိုင်းမှာ မြန်မာပြည်ထဲပြန်ဝင်ဖို့ ကြိုးစားရာ မှာတော့ ၀ါရှင်တန်မြန်မာသံရုံးက သူတို့ကို ဗီဇာထုတ်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ သူတို့နှစ်ဦးကတော့ အစိုးရမဟုတ်တဲ့ ဓါတ်ပုံထောက် လှမ်းရေးအေဂျင်စီ တစ်ခုရဲ့ ၀န်ထမ်းတွေပါ။
    မြန်မာသံရုံးတာဝန်ရှိသူတွေကတော့ သူတို့နှစ်ဦးဟာ Lux Capio Photography Agency ဖြစ်ပြီး မတ်ရိန်းနဲ့ အာလီယာ မဟ်ဘူးဘ်တို့ဖြစ်ကြောင်း အတည်ပြုပြောကြားပါတယ်။ အကြောင်းပြချက် ပေးရာမှာတော့ သူတို့တွေက ပြီးခဲ့တဲ့တခေါက် ရခိုင်ပြည်နယ် ရောက်ခဲ့စဉ် ထိန်းချုပ်ကန့်သတ်ထားတဲ့ မွတ်စလင်ဧရိယာကို ၀င်ရောက်ခဲ့ကြတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦးအနေနဲ့ လာမယ့်နှစ်မှာ ဗီဇာရဖို့ ထပ်ကြိုးစားနိုင် ပါတယ်လို့လည်း ဆိုပါတယ်။
    ပြီးခဲ့တဲ့နှစ်အတွင်း သူတို့နှစ်ဦး ရခိုင်ကိုရောက်ခဲ့တော့ ဒေါသပုန်ထနေတဲ့ ဗုဒ္ဓဘာသာဝင် ရခိုင်တွေက သူတို့ကိုအုပ်စုလိုက် ၀ိုင်းဝန်းရန်မူခဲ့ကြတာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့က စစ်တွေမြို့စွန် အောင်မင်္ဂလာမှာရှိတဲ့ ဗလီထဲကို ၀င်ရောက်ခဲ့လို့ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူတို့ကို လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေက ထိန်းသိမ်းခဲ့ပြီး ရန်ကုန်ကို ပြန်ခိုင်းခဲ့ပါတယ်။ ရန်ကုန်ရောက်တော့ သူတို့နောက်က စစ်ထောက်လှမ်းရေးတွေ တကောက်ကောက် လိုက်နေတယ်လို့ သူတို့က ဆိုပါတယ်။
    သူတို့နှစ်ဦးက တိုးရစ်ဗီဇာကိုင်ဆောင်ခဲ့ကြတာပါ။ ဒါပေမယ့် ရန်ကုန်မှာရှိတဲ့ နိုင်ငံခြားခရီးသွားလာရေးဝန်ကြီးဌာနက သူတို့ကို စစ်တွေမြို့မှာရှိတဲ့ ဘယ်နေရာ ကိုမဆို သွားလာခွင့်ရှိတယ်ဆိုတဲ့ ခွင့်ပြုချက်ကို ပေးခဲ့ပါတယ်။ ဒါပေမယ့် အောင်မင်္ဂလာကိုဝင်တော့ ရဲတွေက သူတို့ကို တားဆီးခဲ့ကြတယ်။ အဲဒီနောက်သူ တို့က အနီးအပါးမှာရှိတဲ့ ဗုဒ္ဓဘာသာဝင် ရခိုင်တွေ နေရာယူထားတဲ့ ဗလီထဲကို ၀င်တဲ့အခါ ဆိုးသွမ်းလူအုပ်က သူတို့နားကို ၀ိုင်းဝန်း ချဉ်းကပ်ခဲ့ပါတယ်။
    “နေရာတိုင်းက လူတွေ ရောက်လာတယ်။ အာလီယာကို အဲဒီထဲက လူတစ်ယောက်က ခန္ဓာကိုယ် အောက်ပိုင်းကို ပြပြီး မဖွယ်မရာလုပ်ပြခဲ့တယ်။ တချို့ကတော့ ကျွန်တော်တို့ကျောဘက်ကနေ ဓါတ်ပုံမှတ်တမ်းတွေ ရိုက်ယူနေကြတယ်။ ကျွန်တော့်ကင်မရာကိုလည်း လုယူဖို့ ကြိုးစားခဲ့ပါတယ်။” လို့ ရိန်းက ရှင်းပြခဲ့ပါတယ်။
    သူတို့နှစ်ဦး ရိုက်ယူခဲ့တဲ့ဗွီဒီယိုဖိုင်ကတော့ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီဗွီဒီယိုမှတ်တမ်းမှာ ရဲတွေက သူတို့ကို သေနတ်တပြပြ လုပ်ပြီး ခြိမ်းခြောက်နေ တာတွေလည်း ပါဝင်ပါတယ်။ ရခိုင်တွေကတော့ ကင်မရာကိုလုဖို့ ကြိုးစားနေပါတယ်။ အရပ်ဝတ်နဲ့ လူတစ်ယောက်ကတော့ သူ့ကိုယ်သူ ချဲမင်း(Chairman) လို့ဆိုပြီး ဗလီထဲကနေ သူတို့ကို မောင်းထုတ်ပြီးတော့ ပတ်စ်ပို့ပေးဖို့လည်း အော်ငေါက် တောင်းဆိုခဲ့ပါတယ်။
    အဲလိုဖြစ်နေစဉ် သူတို့နှစ်ဦးက ရဲစခန်းကို သွားဖို့ တောင်းဆိုခဲ့တာကြောင့် ရဲစခန်းကို ရောက်ခဲ့ပါတယ်။ ရဲတွေက သူတို့ပတ်စ်ပို့ကို နာရီပေါင်းများစွာ သိမ်းဆည်းထားခဲ့ပါတယ်။ နောက်ဆုံးတော့ နောက်နေ့မနက်အစောဆုံးလေယာဉ်နဲ့ ရန်ကုန်ကို ပြန်ပို့ခဲ့တာပါ။ သူတို့က ဘာကြောင့်ဒီလိုလုပ်ရတာလဲလို့ အထပ်ထပ်အခါခါမေးတဲ့အခါ ကန့်သတ်ဇုန်ထဲ ၀င်ရောက်တာကြောင့်လို့ ရဲတွေက အဖြေပေးခဲ့တယ်လို့ ဆိုပါတယ်။
    “ကျွန်တော်တို့ကို ရန်ကုန်ဝင်ခွင့်ပေးခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့နောက်က လူ ၄ယောက်ကနေ ၆ ယောက်လောက်ထိ ဘယ်နေရာသွားသွား လိုက်နေတယ်။ ကားနှစ်စင်းကို ထရိတ်ဒါးဟော်တယ် ရှေ့မှာ ရပ်ထားတယ်၊ လူတွေက ဟော်တယ်ထဲက ဧည့်သည်ဆောင်မှာထိုင်နေပြီး ကျွန်တော်တို့ ကို စောင့်နေကြတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ကို တွေ့ဆုံစကားပြောမယ့် ဘယ်သူတစ်ဦးတစ်ယောက်မဆိုမှာ အန္တရာယ်ဖြစ်နိုင်တယ်လို့ ယူဆတာကြောင့် ကျွန်တော်တို့လည်း ပြန်ဖို့ လေယာဉ်လက်မှတ်ဖြတ်ခဲ့တယ်။” လို့ ရိန်းက ပြောပြခဲ့ပါတယ်။
    မြန်မာအစိုးရကတော့ ထုံးစံအတိုင်း ဥပဒေတွေ ချပြပြီး နိုင်ငံတကာက ပြစ်တင်ဝေဖန်တာတွေကို အကာအကွယ်ယူပါတယ်။ သူတို့နှစ်ဦးက ဂျာနယ်လစ်ဗီဇာ မပါဘဲ ကန့်သတ်နယ်မြေထဲဝင် တယ်လို့ မြန်မာ အာဏာပိုင်တွေက ပြောကြောင်း ဒီဗွီဘီအင်္ဂလိပ်ပိုင်းက တင်ပြပါတယ်။
    ဒီဗွီဘီအင်္ဂလိပ်ပိုင်းကတော့ မီဒီယာပီပီ မြန်မာအာဏာပိုင်တွေကိုလည်း ဆက်သွယ်မေးမြန်းသလို ရိုဟင်ဂျာ ဂျာနယ်လစ်ဖြစ်တဲ့ ကိုအောင်ဝင်း ကိုလည်း မေးမြန်း ခဲ့ပါတယ်။ ကိုအောင်ဝင်းက အောင်မင်္ဂလာကိုသွားချင်တဲ့ အဲဒီအမေရိကန် ဂျာနယ်လစ်နှစ်ဦးကို ရဲတွေက တင်းတင်းကြပ်ကြပ်ချုပ်နှောင်ခဲ့ တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ အောင်မင်္ဂလာမှာတော့ နိုင်ငံတကာ အထောက်အပံ့တွေနဲ့ ကူညီရေးတွေ ၀င်ခွင့်မရှိတဲ့ မွတ်စလင်ဒုက္ခသည် စခန်းရှိပါတယ်။
    “ခင်ဗျားတို့ ရခိုင်ပြည်နယ်အစိုးရဆီကနေ ပါမစ်ယူရလိမ့်မယ်။ ကျွန်တော်ခင်ဗျားတို့ (ဂျာနယ်လစ်များ) ကို အိုင်ဒီပီစခန်းပတ်လည်နေရာတွေ ကို ခေါ် သွားနိုင်တယ်။ ဒါပေမယ့် အောင်မင်္ဂလာကိုတော့ အာဏာပိုင်တွေက သွားခွင့်မပြုဘူး” လို့ ကိုအောင်ဝင်းက ရှင်းပြပါတယ်။
    ဒါပေမယ့် ဝေဖန်သူတွေကတော့ ဂျာနယ်လစ်တွေကို အဲဒီလိုထောက်လှမ်းတဲ့လုပ်ရပ်တွေဟာ အရင်စစ်အစိုးရလက်ထက်က လုပ်ရပ်တွေဖြစ်တဲ့အကြောင်း၊ အဲဒီလုပ်ရပ်တွေကြောင့်လည်း ရိုဟင်ဂျာတွေ အလူးအလဲခံခဲ့ရတာတွေံ လူမသိသူမသိဖြစ်ခဲ့ရကြောင်း ဆိုပါတယ်။
    ရိန်းနဲ့ မဟ်ဘူးဘ်ကတော့ သူတို့အနေနဲ့ ရိုဟင်ဂျာတွေ ညှဉ်းပမ်းနှိပ်စက်ခံရတာကို မှတ်တမ်းတင်ဖို့ ကြိုးစားတာကြောင့် ကာယိနြေ္ဒပျက်ပြားအောင် အနှောင့်အယှက်ပေးခံခဲ့ရတာဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ကြောင်း၊ သူတို့မှာ အတွေ့အကြုံရှိနေပြီးဖြစ်ကြောင်း၊ မြန်မာအစိုးရက ရိုဟင်ဂျာတွေကို တရားမ၀င်ခိုးဝင်သူတွေလို့ ဆိုပြီး အခြေခံလူ့အခွင့်အရေးတွေကိုတောင် ငြင်းပယ်ထားကြောင်း၊ ၂၀၁၂ သြဂုတ်လမှာတော့ သူတို့နှစ်ဦးကို ရခိုင်ရဲတွေက ပိတ်နှောင်ထားတာမျိုး အကြိမ်ကြိမ်လုပ်ခဲ့ကြောင်း၊ ရခိုင်ဒေသခံတွေက အာလီယာကို မီးရှို့သတ်ပြစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း၊ အာလီယာကတော့ ပါကစ္စတန်လူမျိုး အစ္စလာမ်ဘာသာဝင် ဂျာနယ်လစ်ဖြစ်ကြောင်း ဆိုပါတယ်။
    အမေရိကန်နိုင်ငံသား ရိန်းကတော့ စစ်တွေအရှေ့မြောက်ဘက်က မြောက်ဦးကိုရောက်တော့ သူတို့နှစ်ဦး ရုပ်ရှင်ဝင်ကြည့်တဲ့အတွေ့အကြုံကို ပြောပြပါတယ်။ သူက အဲဒီအတွေ့အကြုံကို Third Reich ခေါ် နာဇီဂျာမနီလုပ်ရပ်နဲ့ အလားတူဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ သူတို့နှစ်ဦး ရုပ်ရှင်ရုံထဲဝင်တော့ ရုပ်ရှင်မစခင် ရှေးဟောင်း မျိုးချစ်စိတ်ဓာတ်ထက်သန်ရေး နိုင်ငံတော်သီချင်း စလာပါတယ်၊ ဖန်သားပြင်မှာတော့ ရခိုင်စာသားတွေပြည့်လို့နေပါတယ်။
    ဒါနဲ့ သူတို့က ဘေးကလူကို မေးမြန်းကြည့်တဲ့အခါ သူက – “အဲဒီစာသားတွေက ရိုဟင်ဂျာတွေ အိမ်တွေကို ဘယ်လိုမီးရှို့တယ်၊ လူတွေကို ဘယ်လိုသတ် တယ်ဆိုတာ ရေးထားတာ” လို့ ပြောပြပါတယ်တဲ့။ အဲဒီအချိန်မှာ ရိန်းက သူ့ရဲ့ကင်မရာကို ထုတ်လိုက်တယ်ဆိုရင်ပဲ ဖန်သားပြင်က ၁၉၈၀ ပြည့် လွန်နှစ်တွေ မှာ ရိုက်ကူး ခဲ့တဲ့ ရုပ်မြင်သံကြားဇတ်လမ်းတွဲတွေဆီ ချက်ချင်း ပြောင်းသွားတယ်။ ပြီးတော့ မန်နေဂျာက သူတို့ကို မောင်းထုတ်ခဲ့တယ်။
    “ဒါမျိုး ၀ါဒဖြန့်တာက အရှိန်ပြင်းပြင်းနဲ့ အဆိုးဆုံးအခြေအနေကို ရောက်နေပြီ” လို့ ရိန်းကဆိုပါတယ်။
    မြန်မာအစိုးရက ဒီမိုကရေစီအပြောင်းအလဲကြောင့်နိုင်ငံတကာရဲ့ ချီးကျူးမှုတွေ ခံနေရပါတယ်။ အဲဒီထဲမှာ မီဒီယာထိန်းချုပ်မှု လျော့ချတာတွေ၊ အာဏာရှင် အစိုးရလက်ထက် အမည်ပျက်စာရင်း သွင်းခံရသူတွေကို ပယ်ဖျက်ပေးတာတွေ ပါဝင်ပါတယ်။ အမည်ပျက်စာရင်းထဲ မှာတော့ နိုင်ငံတကာ ဂျာနယ်လစ်တွေ လည်း ပါနေတာကြောင့် အဲဒီဂျာနယ်လစ်တွေအတွက်တော့ အမည်ပျက်စာရင်း ဆိုတာ ထောင်ဘားတန်းတွေ လို မြန်မာပြည်ထဲဝင်ဖို့ကာထားတဲ့ အကာအရံတွေပါပဲ။ ဒါပေမယ့်လည်း လေ့လာသူတွေက အဲဒီအမည်ပျက်စာရင်းထဲမှာ လူပေါင်း ၄၀၀၀ လောက် ကျန်နေသေးတယ်လို့ ဆိုပါတယ်။ ဒီလိုပါပဲ၊ စစ်ထောက်လှမ်းရေးကလည်း အစ္စလာမ်ဆန့်ကျင်ရေး အကြမ်းဖက်လုပ်ရှားမှုတွေမှာ လိုက်လံသတင်းယူကြသူများကို ထောက်လှမ်းစောင့်ကြည့်နေကြ ဆဲဖြစ်ပါတယ်။
  • ဗြိတိန် စစ်ဆန့်ကျင်ရေး သမားများ ဆီးရီးယားကို ဆင်နွှဲမည့် စစ်ပွဲကို ကန့်ကွက်ဆန္ဒပြ
    သြဂုတ်လ – ၃၀ ၊ ၂၀၁၃
    M-Media
    against Syria attack
    ထောင်နှင့်ချီသော စစ်ဆန့်ကျင်ရေးသမား ဗြိတိန်နိုင်ငံသားများမှ ဆီးရီးယားအပေါ် အနောက်တိုင်း၏ စစ်ဆင်မှုကို ကန့်ကွက်ဆန္ဒပြကြမည်ဖြစ်သည်။
    ဆီးရီးယားအားစစ်ဆင်မှုအလိုမရှိ – “No attack on Syria” ခေါင်းစဉ်တပ် ဆန္ဒပြခြင်းကို စစ်အုပ်စုဖွဲ့မှုရပ်တန့်ရေး နှင့် နျူကလိယလက်နက်ဖျက်သိမ်းရေးအဖွဲ့(Stop the War Coalition and Campaign for Nuclear Disarmament – CND) မှ ဦးဆောင်ကာ သြဂုတ်လ ၃၁ ရက် စနေနေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည်။
    ဆန္ဒပြသူများသည် Temple Place ၌ စုရုံးကာ ပါလီမန် နှင့် ဒေါင်းနင်းလမ်းသို့ ချီတက်ကြမည်ဖြစ်သည်။ ဒမတ်စကတ် အနီးတွင် ဓာတုလက်နက်များ အသုံးပြုခြင်း စွပ်စွဲချက်ဖြင့် ဆီးရီးယားအစိုးရ အပေါ် စစ်ရေးအရ ၀င်ရောက် စွက်ဖက် အရေးယူမှုကို ဆန့်ကျင်ကြောင်း ကြွေးကြော်ကြမည်ဖြစ်သည်။
    CND ၏အဖွဲ့မှူးဖြစ်သူ လင်းဆေး ဂျာမန် (Lindsey German) မှ  “ ၂၀၀၃ ခုနှစ်တုန်းက လူတွေဟာ (အီရတ်စစ်ပွဲနဲ့ပတ်သက်လို့) လိမ်ညာခံခဲ့ရတယ်။ နောက်တစ်ကြိမ် ထပ်လိမ်မှာကို လူတွေက မခံစားချင်ကြတော့ဘူး။ ကျွန်မတို့ဟာ အီရတ်၊ အာဖဂန်နစ္စတန် နဲ့ လစ်ဗျား မှာ စစ်ရေး စွက်ဖက်မှုကြီး သုံးရပ်ကြုံခဲ့ပြီးပြီ။ ဘယ်တစ်ခုကမှ ငြိမ်းချမ်းရေးကိုသော် လည်းကောင်း၊ လူ့အခွင့်အရေးကိုသော် လည်းကောင်း အနှစ်သာရပြည့်ဝအောင် မဖော်ဆောင်နိုင်ခဲ့ပါဘူး။ ဆီးရီးယားကို ထပ်ပြီး စစ်ဆင်ဖို့ ကျွန်မတို့ မလုပ်အပ်တော့ဘူး ” ဟု သူမက ဆိုခဲ့သည်။
    ကြာသပတေးနေ့အစောပိုင်းက ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ် ကင်းမရွန်း၏ အဆိုပြုချက်ဖြစ်သော ဆီးရီးယားအစိုးရအပေါ် စစ်ဆင်ရေးမှာ မဲအရ ရှုံးနိမ့်ခဲ့သည်။ သို့သော် ဗြိတိန်၏ ထောက်ခံမှု မပါဝင်လျှင်လည်း အမေရိကန်အစိုးရသည် စုပေါင်းစစ်ဆင်ရန် အသင့်ဖြစ်နေပြီဟု အမေရိကန်အာဏာပိုင်များက ဆိုသည်။
    သြဂုတ်လ ၂၁ ရက်တွင် ဆီးရီးယား တော်လှန်ရေးသမားများက ဒမတ်စကတ် နယ်မြေ၀န်းကျင်အတွင်းရှိ စစ်သွေးကြွအုပ်စုအပေါ် အစိုးရ၏ ဓာတု လက်နက်သုံး တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၃၀၀ သေဆုံးသွားသည်ဟုဆို၏။
    သို့တစေ ယင်းအဆိုမှာ အခြေအမြစ်မရှိကြောင်း ဆီးရီးယားအစိုးရမှ ငြင်းဆိုပယ်ချခဲ့သည့်အပြင် ယင်းဓာတုလက်နက်များမှာ ၄င်းစစ်သွေးကြွများကိုယ်တိုင်က ယူဆောင်လာပြီး ဖန်တီးခဲ့ခြင်းဖြစ်သည်ဟု ကြေငြာခဲ့သည်။
    MOS/SSM/HE
    Photo- BBC
  • တောင်ဥက္ကလာပမြို့နယ်တွင် ကျောင်းကြိုသွားသည့် အမျိုးသမီး၏ ပါးကို ဓါးဖြင့် ခြစ်ခဲ့သည့် တရားခံများအား (၃)ရက်အတွင်းဖေါ်ထုတ် ဖမ်းဆီးရမိ
    crime
    ရန်ကုန်၊ သြဂုတ် ၃၀
    ၂၆.၈.၂၀၁၃ ရက်နေ့ ၁၄၃၀ အချိန် ဒေါ်ချိုချိုဝင်း၊(၄၆)နှစ်၊(ဘ)ဦးစိန်ဝင်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်နေသူသည် တောင်ဥက္ကလာပ မြို့နယ်၊ အ.ထ.က(၃)ကျောင်းသို့ ကျောင်းကြို ရန် ဆိုက္ကားဖြင့်သွားစဉ် ကျောင်းလမ်းဆုံအရောက်၌ အမည်မသိလူ(၂)ဦးအနက်တစ်ဦးမှ ဆိုက္ကား အားတားကာ ကျန်တစ်ဦးမှသံပြားဝိုင်းဖြင့်ခြစ်ခဲ့သဖြင့် ဒေါ်ချိုချိုဝင်း၏ ယာပါးတွင် ၃လက်မခန့် ဒေါင်လိုက်ပြတ်ရှဒဏ်ရာရရှိခဲ့သောကြောင့် အရေးယူပေးပါရန် ဒေါ်ချိုချိုဝင်းမှ တိုင်တန်းခဲ့၍ တောင်ဥက္ကလာပမြို့မရဲစခန်း (ပ)၃၁၂/၂၀၁၃၊ပုဒ်မ ၃၂၆/၃၄၁/၁၁၄ ဖြင့် အရေးယူကာစုံစမ်း ဆောင်ရွက်ခဲ့ပါသည်။
    အဆိုပါအမှုနှင့်ပတ်သက်၍ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရှိ တပ်ဖွဲ့ဝင်များမှ အချိန်နှင့်တပြေးညီ စုံစမ်းဖေါ်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူတရားခံများဖြစ်သည့် လှဌေး၊ (ဘ)ဦးကျော်သိန်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ လှတိုး၊ (ဘ)ဦးစံရင်၊ (၁၃)ရပ်ကွက်၊(၁၀)တောင်၊ သာကေတမြို့နယ်၊ ဟိန်းမင်းလတ်(ခ)အောင်အောင်၊ (ဘ)ဦးဖိုးထောင်၊ အားကစားကွင်းဝင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မိုးသူ၊(ဘ)ဦးသန်းဌေး၊ မှော်စက်ရပ်ကွက်၊ ဒလမြို့နယ်နှင့် ဇော်ကြီး၊ (ဘ)ဦးသောင်းစိန်၊ ကျန်စစ်သားရပ်ကွက်၊ ဒလမြို့နယ်နေသူတို့(၅)ဦးအား ပြစ်မှုကျူးလွန်ပြီး(၃)ရက်အတွင်း ဖေါ်ထုတ် ဖမ်းဆီးရမိခဲ့ပါသည်။
    အမှုဖြစ်စဉ်မှာ ဒဏ်ရာရရှိသူဒေါ်ချိုချိုဝင်းနှင့်အိမ်ချင်းကပ်လျက်နေ လှဌေး (မြေပဲယိုလုပ်ငန်း) တို့မှာ မုန့်လုပ်စဉ် အညှော်နံ့ နံသည့်ကိစ္စဖြင့် မကြာခဏ စကားများခဲ့ကြသည့်အတွက် လှဌေးမှ မကျေမနပ် ဖြစ်ကာ ဒေါ်ချိုချိုဝင်း၏ မျက်နှာအား ရုပ်ဆင်းပျက်အောင် လုပ်ပေးရန် အတွက် ထောင်ထွက်(၂)ဦးဖြစ်သည့် လှတိုးနှင့်ဟိန်းမင်းလတ် (ခ) အောင်အောင် တို့အား ငွေကျပ်(၅)သိန်းဖြင့် ငှါးရမ်းခဲ့ကြောင်း၊ လှတိုးနှင့် ဟိန်းမင်းလတ်(ခ)အောင်အောင်တို့မှ ၎င်းတို့ကိုယ်တိုင် ကျူးလွန်ခြင်း မပြုဘဲ မိုးသူနှင့် ဇော်ကြီး တို့(၂)ဦးအား ထပ်မံခိုင်းစေခဲ့သဖြင့် အခင်းဖြစ်ပွားသည့် အချိန်၌ ဒေါ်ချိုချိုဝင်းစီး လာသော ဆိုက္ကားရှေ့တွင် ဇော်ကြီးမှပိတ်ရပ်ကာ မိုးသူမှခဲတံ ချွန်ခေါက်ဓါးဖြင့် ဒေါ်ချိုချိုဝင်း၏ ယာပါးအား ဆွဲခြစ်ကျူးလွန် ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း၊ လှဌေးမှ ငှားရမ်းခငွေကျပ်(၅)သိန်းအား လှတိုးထံပေးအပ်ခဲ့ရာ လှတိုးမှ ငွေကျပ်(၂၃၀၀၀၀)ယူကာ၊ ဟိန်းမင်းလတ်(ခ)အောင်အောင် အား ငွေကျပ် (၁၈၀၀၀၀)၊ မိုးသူနှင့် ဇော်ကြီးတို့အား တစ်ဦးလျှင်ငွေကျပ် (၄၅၀၀၀)စီ ခွဲဝေပေး အပ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။
    ဒေါ်ချိုချိုဝင်းနှင့် အခင်းဖြစ်နေရာတွင် ပြစ်မှုကျူးလွန်ခဲ့ကြသူ တရားခံ(၂)ဦးမှာ ရန်ငြိုးရန်စ နှင့် တိုက်ရိုက်ဆက်စပ်ပတ်သက် သိရှိမှုမရှိဘဲ တရားခံ(၂)ဦးမှ ငွေကြေးရရှိ၍ ပြစ်မှုကျူးလွန်ခဲ့ကြခြင်း သာဖြစ်ကြောင်း သတင်းရရှိပါသည်။
    ဓါတ်ပုံနှင့် သတင်း Yangon Police FB မှာ ကူးယူဖော်ပြသည်။
    ===================
    M-Media ဖြည့်စွက်ဖော်ပြချက်
    အဆိုပါသတင်းအား သြဂုတ်လ ၂၆ ရက်နေ့တွင် The Voice Weekly မှ ပြစ်မှုကျူးလွန်သူများမှာ အိန္ဒိယနွယ်ဖွားများနှင့် တူသည်ဟု တောင်ဥက္ကလာရဲစခန်းမှပြောဟု ရေးသားဖော်ပြခဲ့သည်။ Yangon Police FB ရဲ့ သတင်းထုတ်ပြန်ချက်တွင် ပြစ်မှုကျူးလွန်သူများမှာ အိန္ဒိယနွယ်ဖွားများမဟုတ်ကြောင်း တရားဝင်ထုတ်ပြန်ခဲ့သည်။ အဆိုပါ သတင်းမှားဖော်ပြခဲ့မှုကို ယခုအချိန်ထိ ပြင်ဆင်ဖော်ပြထားတာကို မတွေ့ရှိသေးပေ။
    ပြည်တွင်းမီဒီယာများအနေဖြင့် ကောလဟာလ သတင်းများပါ ကျူးလွန်သူ အစ္စလာမ်ဘာသာဝင်/ အိန္ဒိယအနွယ် ဖြစ်ကြောင်းကို ထင်ယောင်ထင်မှား၊ သွေးထိုးလှုံဆော်သည့် အရေးအသားများ ဖြင့် ဖော်ပြသော်လည်း ၄င်းသတင်းမှာ မှန်/မမှန် လေ့လာဆန်းစစ်ခြင်း မပြု၊ သတင်းမှားဖြစ်နေသည့်တိုင် နောက်ဆက်တွဲ အမှန်ကို ထုတ်ပြန်ကြေညာရေးသားခြင်းများ မရှိတာကို လေ့လာတွေ့ရှိရသည်။
    ယခုကဲ့သို့ နိုင်ငံအဝှမ်း ဘာသာရေးကို အခြေခံပြီး အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့် အခြေအနေတွင် လူမျိုးရေး၊ ဘာသာရေး အထင်အမြင်လွဲစေနိုင်သည့် အရေးအသားမျိုးကို ပြည်တွင်း မီဒီယာကြီးများမှ အထူး သတိပြု ဆင်ခြင်သင့်ကြောင်း ရန်ကုန်မြို့နေ အငြိမ်းစား သတင်းထောက်တစ်ဦးက M-Media ကိုပြောကြားခဲ့ပါသည်။
    Ref: ။
    **တောင်ဥက္ကလာသတင်း The Voice ဂျာနယ်မှ ရေးသားမှု >>http://goo.gl/vOsjFn
    **ရန်ကုန်တိုင်း ရဲတပ်ဖွဲသတင်းထုတ်ပြန်မှု့ >>https://www.facebook.com/yangonpolice/posts/371109059685034