News @ M-Media
Blog
  • ကန့်ဘလူမြို့ ထန်းကုန်းရွာ မွတ်စလင်မ်အိုးအိမ်များအား မီးရှို့အကြမ်းဖက်ခံရမှု ရုပ်သံသတင်း
    သြဂုတ်လ- ၂၆ ရက်၊ ၂၀၁၃
    ရုပ်သံ မူရင်း- BBC မြန်မာပိုင်း
    Gov
    ကန့်ဘလူမြို့က အကြမ်းဖက်ဖြစ်ရပ်ပုံရိပ်တချို့။ (ဓာတ်ပုံ – ပြန်ကြားရေးဝန်ကြီးဌာန) သြဂုတ်လ ၂၅ ရက်၊ ၂၀၁၃။
    ဘီဘီစီ မြန်မာပိုင်းမှ ထုတ်လွှင်ပြသခဲ့သော ကန့်ဘလူမြို့ ထန်းကုန်းရွာ မွတ်စလင်မ်အိုးအိမ်များအား မီးရှို့အကြမ်းဖက်မှု ရုပ်သံသတင်းဖြစ်ပါသည်။
    ယခင်က မတူညီတဲ့ဘာသာကြီး ၂ ခုမှ ပြည်သူများ ချစ်ချစ်ခင်ခင်နေထိုင်လာခဲ့ကြပေမယ့် လွန်ခဲ့သည့် ၃ လ ခန့်မှ သွေးကွဲလာကြကြောင်း။ တယောက်နှင့် တယောက်မကြည်မလင်တွေ ဖြစ်လာကြကြောင်း ၊အကြောင်းအရင်းမှာ ၉၆၉ အဖွဲ့ရဲ့ လမ်းစဉ်ပေါ်လစီတွေကြောင့်ဖြစ်ကြောင်းကို အဆိုပါရုပ်သံ သတင်းမှာ မီးရှို့ဖျက်ဆီးမှုခံခဲ့ရသော ဒေသခံ မွတ်စလင်မ် တဦးမှ ပြောကြားခဲ့ပါသည်။
    လိုင်းမကောင်းသော M-Media ပရိတ်သတ်များ Download ယူပြီးကြည့်ရန်လင့်ခ်
    File Size= 5.8 MB
    Google Dive >>http://goo.gl/ahspbo
  • ပန်းတနော်တွင် မွတ်စလင်မ် အိမ်တစ်လုံး ဖျက်ဆီးခံရ၊ အကြမ်းဖက်မှု ဖြစ်ပေါ်မည့် အခြေအနေကြောင့် ထိန်းသိမ်းနေရ
    သြဂုတ် ၂၆၊ ၂၀၁၃
    M-Media
    ထွန်းတောက်
    Pantanaw, Irrawaddy
    သံတွဲ ။ ။ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့တွင် ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သော အချင်းများမှုနဲ့ပတ်သက်ပြီး အိမ်တလုံး အဖျက်ခံရပြီး အကြမ်းဖက်မှု ဖြစ်ပေါ်မည့် အခြေအနေဖြစ်ပေါ်မှုကြောင့် ၀ိုင်းဝန်း ထိန်းသိမ်းနေရသည်ဟု သတင်းရရှိသည်။
    အဆိုပါ သတင်းကြောင့် ပန်းတနော်မြို့သို့ ဆက်သွယ်စုံစမ်းရာ –
    “ဟုတ်ကဲ့၊ ပြဿနာဖြစ်မယ့်ပုံစံ နည်းနည်းဖြစ်သွားတယ်။ အခုထိလည်း အေးအေးဆေးဆေးတော့မဖြစ်သေးဘူး။ ၀ိုင်းပြီး ထိန်းသိမ်းနေကြပါတယ်။
    ဖြစ်ပုံက ဒီလိုဗျ။ မွတ်စ်လင်မ်မိသားစုတစ်ခု အဝေးကနေ ပြောင်းလာပြီး နေကြတာ။ ပန်းတနော်ဒေသကတော့ မဟုတ်ဘူးဗျ။ သူနေတဲ့ ၀န်းကျင်က ဘာသာခြားတွေပဲရှိတယ်။ အဲ့မှာ အိမ်ဝယ်ပြီးနေတယ်။ အဲလို သူ့ဘေးဝန်းကျင်က ၉၆၉ တရားနာနေကြတဲ့အချိန် သူက ဒီဘက်ကနေ သီချင်းဖွင့်တဲ့အချိန် အဲဒီကနေ အခြေခံပြီး နည်းနည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ အဲလို ဖြစ်တဲ့အချိန်ပဲ အာဏာပိုင်တွေရော၊ ဘာသာရေးဂေါပကအဖွဲ့တွေရော ရောက်သွားပြီး သွားထိန်းကြတယ်။ အခုအချိန်ထိတော့ ဂေါပကအဖွဲ့တွေ အစည်းအဝေးသွားတာ ပြန်မရောက်ကြသေးဘူး။
    အဲဒီ မွတ်စလင်မ်မိသားစုကိုတော့ ချက်ချင်းပဲ ရန်ကုန်ကားပေါ် ပြန်တင်ပေးလိုက်တယ်။ တဘက်ကတော့ ဒီအိမ်ကို မီးရှို့ရမှ ကျေနပ်မယ်၊ ဖျက်ဆီးရမယ် ကျေနပ်မယ်လို့ ပြောနေကြတော့ ဖြစ်ချင်တဲ့ပုံစံ ဖြစ်အောင် လုပ်ပေးမယ်ဆိုပြီး အာဏာပိုင်တွေကတော့ ထိန်းထားတယ်။
    ဒါပေမယ့် အခု အဲ့ဒီနားမှာ သံဃာတချို့လည်းရှိတယ်၊ တချို့ကလည်း ဖျက်ရမှ ကျေနပ်မယ်လို့ပြောတယ်။ ခယက လည်း ရောက်နေတယ်။ အခုတော့အစည်းအဝေးလုပ်နေကြတယ်။
    ၄း၁၅ နာရီမှာ နောက်ဆုံးထပ်ရတဲ့ သတင်းအရ အာဏာပိုင်များနဲ့ ဂေါပကများ ညှိနှိုင်းပြီးနောက်တွင် မွတ်စလင်မ်ပိုင်အိမ်ကို ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်းသိရသည်။ အိမ်ရှိ ပစ္စည်းများအား ထော်လာဂျီနှင့် တင်ဆောင်၍ ဗလီအတွင်းသို့ ပို့ဆောင်နေကြောင်းလည်း သိရသည်။
    အဆိုပါအိမ်မှာ ၁၅-ပေ x ပေ-၃၀ ပတ်လည် သွပ်မိုးထရံကာ မြေစိုက်အိမ်တစ်လုံးဖြစ်သည်။ ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစာများမှလည်း အဆိုပါ အိမ်အား မဖျက်ဆီးရပါက မကျေနပ်နိုင်ကြောင်း ဖြစ်ပေါ်လာသဖြင့် ဖျက်ဆီးခွင့်ပြုလိုက်သည်ကို သိရခြင်းဖြင့် တရားဥပဒေစိုးမိုးရေး အရေးတကြီး လွန်စွာလိုအပ်နေကြောင်း သိရှိရသည်။
    ဖြစ်တာက ၉-ရပ်ကွက် ရေလှည်းလမ်းမှာပါ။ ပန်းတနော်မှာ မွတ်စလင်အိမ်ခြေက (၃၆၀)လောက် ရှိပါတယ်။ အိမ်ထောင်စုက (၅၀၀)လောက်ရှိပါတယ်။ ဗလီက မြို့ပေါ်မှာ ၁-လုံးတည်းရှိပါတယ်။ အာရဗီစာသင်ကျောင်းက ဗလီနဲ့တွဲလျက်ပဲ အခြေခံဘာသာရေး စာသင်ကျောင်းပဲရှိပါတယ်။ အတန်းကျောင်းအနေနဲ့ မရှိပါဘူး။ ကျောင်းတောင် ပြန်ဖွင့်တာ ရက်ပိုင်းပဲ ရှိသေးတယ်။ ဟိုးတလောက နိုင်ငံအနှံ့အခြေအနေတွေကြောင့် ကျောင်းပိတ်ထားရာကနေ အခုရက်ပိုင်းလေးကမှ ပြန်ဖွင့်လိုက်တာပါ။
    ပန်းတနော်မှာရှိတဲ့ မွတ်စလင်မ်အများစုက လယ်သမားနဲ့ အရောင်းအ၀ယ်သမားများတယ်။ ဈေးရောင်းတာလည်းရှိတယ်။ အများစုက လက်လုပ်လက်စားများပါတယ်။”လို့ ပန်းတနော်မြို့ခံများမှ M-Media ကို ပြောပြခဲ့ပါတယ်။
    ပန်းတနော်မြို့သည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၏ မွေးရာဇာတိ မြို့လည်းဖြစ်ပြီး ယခင်ကတည်းက ဘာသာလူမျိုးပေါင်းစုံ အေးချမ်းသာယာစွာနေထိုင်လျက်ရှိသော ဧရာဝတီတိုင်းအတွင်းရှိ မြို့တစ်ခုဖြစ်သည်။
  • သံတွဲမြို့တွင် အကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်မှုများ ပြုလုပ်နေ
    သြဂုတ် ၂၆၊ ၂၀၁၃
    M-Media
    ဇာဏီ
    Thandwel 2
    သံတွဲ ။              ။            သံတွဲမြို့တွင် ယနေ့ပြုလုပ်နေသော နိုင်ငံတော်ဘာသာနေ့ ဆွမ်းလောင်းလှူပြီးအပြီး ညနေပိုင်းတွင် အကြမ်းဖက်မှုများ စတင်လုပ်ဆောင်မည်ဟု သတင်းများ ထွက်ပေါ်နေပြီး သံတွဲမြို့ပေါ်တွင်လည်း လူများ အုပ်စုဖွဲ့ကာ အဆမတန် များပြားနေပြီး အကြမ်းဖက်ရန် အလားအလာများ ရှိနေကြောင်း သတင်းရရှိသည်။
    သံတွဲမြို့တွင် ယနေ့ပြုလုပ်နေသော နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ် အစီအစဉ်ပြီးပါက သံတွဲမြို့တွင် အကြမ်းဖက်လုပ်ငန်းများ ဖြစ်ပေါ်လာစေရန် လှုံ့ဆော်နေသော အဖွဲ့များရှိနေသည်ဟု သိရသည်။
    ရွှေကျောင်းပြင်ရွာရှိ ကိုတင့်လွင်ဆိုသူ၏အိမ်၌ ယမန်နေ့က အစည်းအဝေးပြုလုပ်ခဲ့ကြပြီး ယနေ့ ၂၆-ရက်နေ့ ညနေ ၅-နာရီမှစတင်ကာ သံတွဲမြို့ အမှတ်(၁)ရပ်ကွက်၊ နံတော်တောင်ရပ်ကွက်ရှိ နံတော်တောင် ခြေရင်းကို ၀င်ပြီး အကြမ်းဖက်မှုများ ပြုလုပ်မည်ဟု တိုင်ပင်ခဲ့သည်။
    ယင်း အစည်းအဝေးတွင် ပါဝင်သူများမှာ ကုဋေစိုး(ဆင်ဂေါင်း)၊ ငမိုက်(မာဃလမ်း ဆိုင်ကယ်ပြင်ဆိုင်)၊ ၀င်းနိုင်(ဗောဓိကုန်း)၊ အရှည်ကြီး(ဆိုင်ကယ်ပြင်ဆိုင်)၊ သာလေး(ဆေးဆိုင်)၊ မောင်လေးငယ်(နံတော်တောင်ဘုရားလမ်း)၊ ကျော်ကြီး(အမှတ် ၁-ရပ်ကွက်)၊ နိုင်ဦးလေး(နံတော်တောင်ခြေရင်း)၊ ကျော်မင်း(ပသီတောင်ခြေရင်း)၊ ခွေးဂျပု(ရွှေကျောင်းပြင်ရွာ)၊ ဂွတို(ရွှေကျောင်းပြင်ရွာ)၊ တင့်လွင်(ရွှေကျောင်းပြင်ရွာ)၊ ဦးထွန်းရွှေ(ဥက္ကဋ္ဌ၊ အမှတ် ၁-ရပ်ကွက်)၊ ကျော်ကျော် (GTI ကျောင်းရှေ့) တို့ဖြစ်ပြီး ယနေ့ညနေ ၅-နာရီတွင် နံတော်တောင်ခြေရင်းကို ၀င်စီးပြီး ဖျက်ဆီးမည်ဟု တာဝန်ခွဲဝေယူလိုက်ကြကြောင်း ယင်းအစည်းအဝေးတွင် ပါဝင်ခဲ့သူတစ်ဦးမှတဆင့်သိရသည်။
    သံတွဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းများကို ဦးဆောင်ပြုလုပ်နေသည့် ကိုရဲမောင် အားလည်း သံတွဲမြို့ကို ဖျက်ဆီးရန် ပြုလုပ်မှုများ ရှိနေသဖြင့် သတိထားပြီး နေကြပါရန် ဓါးသွေးကျောက်ရွာမှနေ၍ သတိပေးစကား ပြောကြားလာကြောင်းသိရသည်။
    သံတွဲမြို့တွင် ယနေ့နေ့လည် ၁-နာရီမှ ၃-နာရီအထိ ဆွမ်းဆန်စိမ်း လောင်းလှူကြမည်ဖြစ်ပြီး မနက်ပိုင်းမှစတင်ကာ ၉၆၉ သီချင်းများ၊ လူမျိုးရေး လှုံ့ဆော်မှု သီချင်းများကို ကားများပေါ်တွင် အသံချဲ့စက်များဖြင့် ဖွင့်ကာ တစ်မြို့လုံး လှည့်လည်နေပြီး ပုလဲကျောင်း ပြည်ကျော်ဆရာတော်မှလည်း ယခုသည် ဘာသာရေးပွဲဖြစ်သည့်အတွက် မည်သူမှ မကြောက်ကြပဲ ရဲရဲဝံ့ဝံ့လာကြရန် အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်နေကြာင်းလည်း သိရသည်။
    ဓါတ်ပုံအညွန်း- သံတွဲမြို့တွင် နိုင်ငံတော်ဘာသာနေ့ ကျင်းပရန် ၉၆၉ အဖွဲ့မှာ သံတွဲမြို့အတွင်း လှုံ့ဆော်  ဖြန့်ဝေခဲ့သည့် စာရွက်များ
  • ကန့်ဘလူမြို့ ထန်းကုန်း အကြမ်းဖက် မီးရှို့ကြောင့် မွတ်စလင် အိုးအိမ်များ ပျက်ဆီးဆုံးရှုံးမှုနှင့် ဓါတ်ပုံ မှတ်တမ်း
    သြဂုတ်- ၂၆ ရက်၊ ၂၀၁၃
    M-Media
    မောင်ပုည
    Gov
    ကန့်ဘလူမြို့က အကြမ်းဖက်ဖြစ်ရပ်ပုံရိပ်တချို့။ (ဓာတ်ပုံ – ပြန်ကြားရေးဝန်ကြီးဌာန) သြဂုတ်လ ၂၅ ရက်၊ ၂၀၁၃။
    ၂၀၁၃ ခုနှစ် သြဂုတ်လ – ၂၄ ရက်နေ့က ကန့်ဘလူ ထန်းကုန်းမှ အကြမ်းဖက် မီးရှို့ဖျက်ဆီးခံရသည့် မွတ်စလင်မ် အိုးအိမ် များနှင့် ဒုက္ခသည်တို့၏ မှတ်တမ်း ပုံရိပ်များဖြစ်ပါသည်။ ဓါတ်ပုံများကို အွန်လိုင်း မီဒီယာတို့ ကူးယူ စုစည်းဖော်ပြခြင်းဖြစ်ပါသည်။
    ဗုဒ္ဓဘာသာဝင် အမျိုးသမီး တယောက်ကို မွတ်စလင်မ် အမျိုးသား တယောက်က လက်ဆွဲသည်ကို ဗလက်ကာယပြုကျင့်သည်ဟု ကောလဟာလ သတင်းများ ပြန်နှံခဲ့ပြီး အကြမ်းဖက် သမားများက ထန်းကုန်းရှိ မွတ်စလင်မ်တို့၏ အိုးအိမ်စည်းစိမ်များကို မီးရှို့ဖျက်ဆီးလုယက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
    အကြမ်းဖက်မှုကြောင့် ထန်းကုန်း ကျေးရွာမှာ နေအိမ် ၄၄ လုံး မီးလောင်ပျက်ဆီးခဲ့ပြီး၊ ဈေးဆိုင် ၉ ဆိုင်၊ အိမ်ဆိုင် ၄ ဆိုင် ဖျက်ဆီးခံခဲ့ရသလို မီးသတ်သမား တဦးနဲ့ တခြား လူတဦးတို့ ထိခိုက် ဒဏ်ရာ ရခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။
    ပြစ်မှုကျူးလွန်သူလို့ ယူဆရသူ တဦးနဲ့ မီးရှို့ ဖျက်ဆီးသူတွေလို့ ယူဆရသူ ၁၂ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးနေကြောင်း အစိုးရသတင်းထုတ်ပြန်ချက်များအရသိရပါတယ်။
    အကြမ်းဖက်မီးရှို့မှုကြောင့် မွတ်စလင်မ် အိမ်ထောင်စု ၅၀ မှ ဒုက္ခသည် စုစုပေါင်း လူဦးရေ ၂၆၅ ဦးယာယီကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေရကြောင်း သတင်းရှိပါသည်။
  • ကလေးရေ၊ တိတ်ပါတော့ …
    ရေးသူ- ဆွေမွန်
    BBC-6
    မနေ့က အိမ်နဲ့
    ဒီနေ့ အိမ်မဲ့
    ပျော်နေတဲ့ နှလုံးသားလေးကို ၀မ်းနည်းတတ်အောင်
    ရယ်သံတွေစည်ဝေနေတဲ့ နေရာကို ငိုသံတွေ လွှမ်းစေအောင်၊
    မနေ့ကကျက်စရာစာအုပ်
    ဒီနေ့ ပြာထုတ်ဖြစ်အောင်၊
    ဘယ်လို ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင်တွေက
    စေခိုင်းလိုက်ပါလိမ့်နော်။
    ဒီကနေ့ ဒီကလေးရဲ့ မျက်ရည်တစ်စက်အတွက်
    နောင်ဘ၀ အဆက်ဆက်
    ခင်ဗျားတို့ မပျက်မကွက်
    တစ်ရက်တစ်လေလေးတောင်
    မပျက်မပြယ်ဘဲ တိုက်ကြမယ့်
    ကျိန်စာဆိုးတွေနဲ့
    ဒီတစ်သက် မသေသေးသရွေ့
    ပို့ကြမယ့် မေတ္တာကျိုးတွေကို
    နောင်ဘ၀ အစဉ်အမြဲနေရမယ့်
    အ၀ီစိငရဲ ထိအောင်
    ကိုယ့်စရိတ်နဲ့ ကိုယ်သယ်ကြပေတော့ဗျို့။
    ဆွေမွန်
    ၂၅၊ ၈ ၊၂၀၁၃
    Original Link >>http://goo.gl/MuHAb5
    ဓါတ်ပုံ-ရိုက်တာ
    ဓါတ်ပုံရှင်းလင်းချက်- သြဂုတ်လ- ၂၄ ၇က်နေတွင် ကန့်ဘလူမြို့ ကျွဲကုန်းတွင် အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်ပြင်မှ ၄င်းတို့ရဲ့ ကျန်ရစ်ပစ္စည်းများကို ရှာဖွေသယ်ယူနေသည့် မွတ်စလင်မ် ကလေးငယ်တစ်ဦးရဲ့ပုံရိပ်ပါ။