News @ M-Media

Blog

  • စစ်ကိုင်းတိုင်း ထန်းကုန်းမြို့တွင် မွတ်စလင်မ် အိမ်နှင့်ဆိုင် တချို့ ဖျက်ဆီးခံရ

    သြဂုတ် ၂၄၊ ၂၀၁၃
    M-Media
    ထွန်းတောက်

    Kanbalu, Sagaing, Myanmar

    ကန့်ဘလူ ။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ထန်းကုန်းမြို့တွင် အကြမ်းဖက်သမားများမှ မွတ်စလင်မ်အိမ်နှင့် ဆိုင်တချို့ကို ယနေ့ည ၉း၃၀-နာရီခန့်က ဖျက်ဆီး ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

    ထန်းကုန်းမြို့တွင် ယနေ့ည ၉း၃၀-နာရီခန့်က ထန်းကုန်းမြို့ စည်ပင်သာယာဈေးရှိ မွတ်စလင်မ်ပိုင် ဆိုင် (၃)ဆိုင်ခန့်ကို ဖျက်ဆီးပြီးနောက် အကြမ်းဖက်လူစုလူဝေးဖြင့် မြို့မဗလီအနီးရှိ အိမ်နှင့်တွဲလျက် လ္ဘက်ရည်ဆိုင်အား ဖျက်ဆီးလျက်ရှိကြောင်းသိရသည်။

    ယခုအခါ ရဲများ ရောက်ရှိလာပြီး လူစုလူဝေးအား လူစုခွဲရန် ပြောကြားနေပြီး အပြင်ထွက်သူများအားလည်း မှတ်တမ်း ဓါတ်ပုံများ ရိုက်ယူလျက်ရှိကြောင်း ထန်းကုန်းမြို့ခံမှ ပြောပြခဲ့သည်။

    ရွှေဘိုမှ စအဖသည် ရွှေဘိုမြို့မှ ဘုန်းတော်ကြီးအား ပင့်ဆောင်၍ ထန်းကုန်းမြို့သို့ ထွက်ခွာသွားပြီဟုလည်းသိရသည်။ ယခုကဲ့သို့ အကြမ်းဖက်မှုများအား ဘုန်းတော်ကြီးမှ တားဆီးပေးရန်အတွက် ပင့်ဆောင်သွားခြင်းဖြစ်သည်ဟု ဇီးကုန်းမြို့ခံမှ M-Media အား ပြောကြားခဲ့သည်။

    မည်သည့်အတွက်ကြောင့် အကြမ်းဖက်မှု စတင်လုပ်ဆောင်ခဲ့သည်ဟူသည့် အကြောင်းပြချက်အားလည်း M-Media ဆက်လက် စုံစမ်းနေဆဲဖြစ်ပါသည်။

    ထန်းကုန်းမြို့သည် မွတ်စလင်မ်အိမ်ခြေ ၃၀၀-ခန့်ရှိပြီး ဗလီ ၂-လုံးရှိပြီး အာရဗီဘာသာရေးစာသင်ကျောင်း ၁-ကျောင်းလည်း ရှိသည်။

    နောက်ဆုံး စုံစမ်းသိရှိရသည့် သတင်းများအရ စစ်ကိုင်းလုံခြုံရေးဝန်ကြီးသည် (ဇီးကုန်းမြို့ အနီး)ရောက်နေပြီ ဖြစ်ကြောင်းသိရှိရပါသည်။

  • PCN ကွန်ရက်မှ ဦးဆောင်ပြီး ယင်းတော်တွင် မူလတန်း စာသင်ကျောင်းဆောက်လုပ်ပေးနိုင်ရန် ကြိုးစားလျက်ရှိ

    သြဂုတ်လ ၂၃၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    “ပညာရည် မြင့်မားအောင် ပြုလုပ်တာ ဖြစ်တဲ့အတွက် နိုင်ငံတော်အစိုးရ အနေနဲ့လည်း ကူညီပေးမှာပါ အဲဒီလိုပဲ ယုံကြည်တယ်…”ဟု PCN မှ မူဝါဒရေးရာ ကော်မတီဝင်တစ်ဦးမှ ဆို

    U Aung Mg

    ရန်ကုန်။        ။ PCN (ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ရက်) မှ မိတ္ထီလာခရိုင်၊ ယင်းတော်ရွာတွင် ကလေးသူငယ်များ နစ်နာခဲ့ရသော စာသင်နှစ် တစ်နှစ်အတွက် အမြန်ဆုံး ပြန်လည်ဖာထေးနိုင်ရန် ဒေသခံများ၊ သက်ဆိုင်ရာအာဏာပိုင်များ၊ ပညာရေးဋ္ဌာနများနှင့် ဆွေးနွေးခဲ့ပြီး အစိုးရအခြေခံ မူလတန်းလွန် ပညာသင်ကျောင်းဆောက်မည့်ဆိုသည့် သတင်းနှင့် ပတ်သပ်၍ သိလိုသမျှကို PCN မှ မူဝါဒရေးရာ ကော်မတီဝင် တစ်ဦးဖြစ်သော တရားလွှတ်တော်ရှေ့နေ ဦးအုန်းမောင်အား  M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။

    ” ကျွန်တော်တို့ ယင်းတော်ရွာမှာ မူလတန်းလွန် ကျောင်းဆောက်လုပ်မယ် ဆိုတဲ့ အကြောင်း ဖြစ်လာတာကတော့  ပြီးခဲ့တဲ့ ဥပုဉ်လ အတွင်းမှာ ကျွန်တော်တို့ မိတ္ထီလာနဲ့ ယင်းတော်ရွာတွေဆီကို ကွင်းဆင်းပြီး သွားကြည့်ကြတယ်။ ကျွန်တော်တို့ PCN ရဲ့ နဂိုမူလ ရည်ရွယ်ချက်ကိုက မငြိမ်းချမ်းသေးတဲ့နေရာတွေကို ငြိမ်းချမ်းအောင် ကျွန်တော်တို့ တတ်စွမ်းသလောက် လုပ်မယ်။ ငြိမ်းချမ်းမှု ပြိုပျက်သွားတဲ့ ဒေသတွေမှာလည်း ငြိမ်းချမ်းမှုကို ပြန်လည် တည်ဆောက်ပေးမယ် ဆိုတာက ကျွန်တော်တို့ရဲ့ အခြေခံမူပါ။ ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးရဲ့ နောက်ကွယ်မှာ ငြိမ်းချမ်းရေးကို အထောက်အကူ ပြုစေတဲ့ လုပ်ငန်းတွေ အများကြီး ရှိတယ်။ ဆိုလိုတာက ချစ်ကြည်ညီညွှတ်ရေးတွေ၊ ပွဲလမ်းသဘင်နဲ့ အပြန်အလှန် သက်ရောက်ရေးတွေ၊ ပညာမတတ်တဲ့နေရာမှာ ပညာတတ်အောင် သင်ပေးမယ်။ ဆင်းရဲတဲ့နေရာမှာ ဆင်းရဲမူ ပပျောက်အောင် လုပ်ပေးမယ်။ အလုပ်အကိုင် မရှိတဲ့သူတွေ အလုပ်အကိုင်ရအောင် လုပ်ပေးမယ်။ အသိပညာ အတတ်ပညာတွေကို ဖလှယ်ပေးမယ်။ အမုန်းတရားတွေ ပပျောက်သွားအောင် လုပ်ပေးမယ်။ အိုးအိမ်တွေ ပျက်ဆီးယိုယွင်းသွားတာ ရှိလို့ရှိရင် တတ်စွမ်းသမျှ တည်ဆောက်ပေးမယ်။

    မိထ္တီလာ ဒုက္ခသည်စခန်းမှာ ဒုက္ခသည် တွေဟာ ပျက်ဆီးဆုံးရှုံးသွားတဲ့ သူတို့ရဲ့ မူလ အိမ်နေရာလေးတွေကို သူတို့ ပြန်ပြီးတော့ နေချင်ကြတယ်။ အဲလို ပြန်ရောက်ပြီးတော့ အခါကြတော့မှ သူတို့ရဲ့ သားသမီးတွေ ကျောင်းတွေ ပြန်တက်နိုင်မယ်။ သူတို့ရဲ့ မူလနေရာလေးတွေမှာ အမြန်ဆုံး အိုးအိမ် ထူထောင်နိုင်ရေး၊ ဒုက္ခသည်တွေရဲ့ ဘ၀လုံ့ခြုံရေး၊ သူတို့ရဲ့ စီးပွားရေး ဘ၀ ပြန်လည် ဦးမော့လာဖို့၊ သူတို့ရဲ့ သားသမီးတွေ ပညာရေး ပြန်လည် မြှင့်တင်ဖို့ ကျွန်တော်တို့ ကွင်းဆင်းလေ့လာခဲ့ပါတယ်။

    နိုင်ငံတော် အစိုးရ အနေနဲ့ တစ်တိုင်းပြည်လုံး အတိုင်းအတာကို လွှမ်းခြုံပြီးတော့ တစ်ခါတည်း တထိုင်တည်း လုပ်ဖို့ မလွယ်ပါဘူး။ ကျွန်တော်တို့လို ရိုးရိုးအရပ်ဘက် လူ့မူအဖွဲ့အစည်းဆိုတော့ ပိုတောင် ဝေးတာပေါ့။ သို့သော် ဒီလိုပဲ နည်းနည်း နည်းနည်းနဲ့ စုဆောင်းလာလို့ရှိရင် ကျွန်တော်တို့ လိုချင်တဲ့ ရည်မှန်းချက်တစ်ခုကို တစ်ချိန်မှာ ရောက်လာမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ။ အဲဒီ့အခါမှာ ပြည်သူတွေနဲ့ ပူးပေါင်းမယ်။ နိုင်ငံတော်နဲ့လည်း ပူးပေါင်းမယ်။ ကောင်းသော ရည်ရွယ်ချက်နဲ့ အခုလို ဆောင်ရွက်နေခြင်းပါ။

    ကျွန်တော်တို့ ကွင်းဆင်းလေ့လာတဲ့အခါမှာ မိထ္တီလာမြို့ပေါ်ရဲ့ အနေအထားကတော့ ဒုက္ခသည်တွေ သူတို့နေရာကို ပြန်ရောက်ဖို့ အတွက် တော်တော်လေး အချိန်ယူရအုန်းမယ် ဆိုတဲ့ အနေအထားတွေ ကြားသိခဲ့ရတယ်။ အဲဒီ ဒုက္ခသည်စခန်းတွေကိုလည်း ရန်ကုန်နဲ့ မန္တလေးက အလှူရှင်တွေကနေပြီးတော့ ယခုလက်ရှိ တတ်နိုင်သလောက် ထောက်ပံ့ပေးနေကြတယ်။ မိထ္တီလာအနေအထားကတော့ ချက်ချင်းလက်ငင်းကြီး ဘာမှလုပ်လို့မရနိုင်သေးဘူး။

    အဲဒီကနေ ယင်းတော်ရွာ ကိုရောက်တယ်။ ယင်းတော်မှာရှိတဲ့ ပြည်သူတွေကလည်း ကြာပြီ ဖိတ်ခေါ်ထားတာ၊ PCN သူတို့ဆီ လာပေးပါ။ သူတို့ကို အားပေးပါ။ သူတို့ကို ကူညီပါ။ အဲဒီနောက် ကျွန်တော်တို့ ယင်းတော်ကို ရောက်တယ်။ ယင်းတော်ဒုက္ခသည် စခန်းတွေမှာ ကျွန်တော်တို့ကြည့်တယ်။ ယင်းတော်က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးတယ်။ အဲဒီမှာ ဘာသိခဲ့ရလဲဆိုတော့ ယင်းတော်မှာ သူတို့ တင်ပြချက်အရ မူလတန်းကျောင်း မရှိဘူးလို့ သိရတယ်။ မရှိတဲ့ အတွက် ကလေးတွေ ပညာသင်ကြားရေး အခက်အခဲ ဖြစ်နေတယ်။ ရှိတဲ့နေရာကလည်း ဝေးတယ်။ ဝေးတဲ့နေရာမှာလည်း အခြားဘာသာဝင်တွေ။  အခု ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေကို ခြုံငုံသုံးသပ်ကြတဲ့အထဲမှာ အချက်တစ်ချက်က ပညာနည်းလို့၊ ပညာမတတ်လို့ အသိပညာ ဗဟုသုတတွေ ခေါင်းပါးလို့ ဒီလို ပြင်ပ ပယောဂါတွေ သွေးထိုးလှုံဆော်မှုတွေကို ထင်ယောင်ထင်မှားတွေနဲ့ တလွဲယူဆပြီးတော့ သံသယတွေနဲ့ အမုန်းပွားရာကနေ ဖြစ်တယ်လို့ သုံးသပ်ကြတယ်။ ဒီလိုဆိုရင် အခြေခံ အကျဆုံးဖြစ်တဲ့ ကလေးတွေကို ပညာသင်ပေးမယ်။ သူတို့ရဲ့ ဘ၀ကို မြှင့်တင်ပေးမယ်။ လိမ္မာအောင် ယဉ်ကျေးအောင် သင်ပေးမယ်။ နောင်တစ်ချိန်မှာ အသိပညာရှင် အတတ်ပညာရှင်တွေ ဖြစ်အောင် မွေးထုတ်ပေးမယ်။ အဲလို စိတ်ကူးလေးနဲ့ အခြေခံ အဆောက်အအုံ့ ဖြစ်တဲ့ အခြေခံပညာ မူလတန်းလွန်ကျောင်းလေး တစ်ကျောင်း အဲဒီမှာ ဆောက်ပေးမယ်လို့စိတ်ကူးရတယ်။

    ယင်းတော်မှာ ရှိနေတဲ့ ကလေးတွေဟာ တော်တော်ဝေးတဲ့နေရာတွေကို သွားပြီး တက်ရင် လတ်တလော သံဟဇာတ မဖြစ်သေးဘူး။ အချိန်ယူပြီးတော့မှ ပြန်ပေါင်းစပ်ရမှာ ဖြစ်တယ်။ လတ်တလောမှာ ကျွန်တော်တို့က ဒီလို တစ်နေရာမှာဘဲ စုစည်းပြီးတော့ လုပ်ပေးသင့်တယ်လို့ ထင်တယ်။ တချို့ဆိုရင် မိတ္ထီလာမှာ သွားတက်နေရတယ်။ သူတို့တွေဟာ ကျောင်းသွားတဲ့အခါ ကားကြီးတစ်စီးထဲမှာ လူတွေက ခေါင်းမိုးပေါ်မှာပါ ပြည့်ကြပ်ပြီးတော့ လမ်းမှာ အချိန်မရွေး ပြုတ်ကျပြီး ထိခိုက်ဒဏ်ရာ ရပြီး အသက်အန္တာရာယ်ထိ  ဖြစ်နိုင်ပါတယ်။ နောက် မတော်တဆ လမ်းခရီးမှာ အနှောက်အယှက်တွေနဲ့ ကြုံတွေ့ပြီး မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်လာနိုင်ပါတယ်။ မိထ္တီလာမှာ ညမထွက်ရ အမိန့်ရှိနေတော့ သူတို့ ကျောင်းသွားတက်တဲ့ အချိန်နဲ့ ပြန်မယ့်အချိန်ကို အံ့ကိုက်အောင် မနည်းလုပ်ယူနေရတယ်။ အဲတာတွေကို ပြေလည်သွားအောင် လတ်တလော မူလတန်းအဆင့်လောက်တော့ လုပ်ပေးလိုက်ရင် ကောင်းမယ်လို့ စိတ်ကူးရတယ်။
    လတ်တလောကတော့ ကိုယ်ထူကိုယ်ထ မူလတန်းလွန်ကျောင်းပါ။  ဒေသဆိုင်ရာ အကြီးအကဲတွေက မြို့နယ် ပညာရေးမှူးတွေ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေက သဘောတူတယ်။ ကျောင်းဆောက်ပါ။ သူတို့က အသိအမှတ်ပြုပြီးတော့ ရှေ့ဆက် ပညာရေး ၀န်ကြီးဌာနကို တင်ပြပြီးတော့ လုပ်ပေးမယ်။ မြန်မြန်ဆောက်ပါ။ သုံးလအတွင်း ဆောက်ပါ လို့အကူအညီ တောင်းလာတယ်။ ပြီးတော့မှ အစိုးရနဲ့ ပေါင်းစပ်ပြီးတော့ ဒီကလေးတွေကို ပညာအရည်အချင်း စစ်ဆေးမယ်။ အစိုးရ ထုတ်တဲ့ မေးခွန်းတွေကို ဖြေနိုင်ဖို့ ကျွန်တော်တို့ ကျောင်းကြီးတွေနဲ့ ပေါင်းစပ်ပြီးတော့ လုပ်ပေးမယ်။ ပြီး သူတို့ရဲ့ အတန်းတင် စနစ်တွေကို ညှိနှိုင်းပြီးတော့ လုပ်ပေးမယ်။ အဲဒီဒေသမှာရှိတဲ့ မူလတန်း သင်ပြနိုင်တဲ့ သူတွေကို ကျွန်တော်တို့က ပြန်ခန့်မယ်။ ကျွန်တော်တို့က အစိုးရကို အထောက်အကူ ပြုတဲ့အနေနဲ့ ဒီနေရာမှာ လတ်တလော အဆင်ပြေအောင် လုပ်ပေးတာပါ။ နောင်ကို အစိုးရနဲ့ ပေါင်းစပ်ပြီးတော့ လွှဲပြောင်းပေးလိုက်မှာ ဖြစ်တယ်။ နောက်ပိုင်း အစိုးရ ကျောင်းအဖြစ်နဲ့ သွားမှာ ဖြစ်တယ်။ သုံးလ အတွင်းပြီးအောင် ဆောက်နိုင်ရင် ကလေးတွေကို တွန်းသင်ပြီး သက်ဆိုင်ရာ ပညာရေး ဌာနနဲ့ ညှိနှိုင်းပြီးတော့ ဒီလာမယ့်နှစ်မှာ ဒီနှစ် အတန်းတင် စာမေးပွဲကိုကို ၀င်ဖြေခွင့်ရအောင် ကြိုးစားမယ်။ ပညာရည် မြင့်မားအောင် ပြုလုပ်တာ ဖြစ်တဲ့အတွက် နိုင်ငံတော်အစိုးရ အနေနဲ့လည်း ကူညီပေးမှာပါ အဲဒီလိုပဲ ယုံကြည်တယ်။

    အလှူရှင် ရှိတဲ့အတွက် ကျောင်းဆောက်မယ့် မြေနေရာအတွက်ကတော့  ရရှိထားပါတယ်။ မူလတန်းကျောင်းဆိုပေမယ့် လေးတန်းကျော်မယ်၊ ဘယ်အတန်းထိလဲဆိုတာကတော့ အဲဒီဒေသမှာရှိတဲ့ လိုအပ်ချက်အရပေါ့။ ဒါကြောင့် မူလတန်းလွန်လို့ ခေါ်တာပါ။ ဒုက္ခသည် စခန်းမှာရှိတဲ့ ဒုက္ခသည်တွေရဲ့ အရည်အတွက်တွေ၊ သေသူတွေရဲ့ အရည်အတွက်တွေ၊ ပျောက်ဆုံးသူတွေရဲ့ အရည်အတွက်တွေ  အတိအကျ စရင်းမရသေးပါဘူး။ နည်းနည်း ကွာဟနေတာတွေ ရှိနေပါတယ်။ ကျောင်းသား အရေအတွက် ကလည်း ဘယ်လောက်ရှိမယ်ဆိုတာကို အတိအကျတော့ အခု မပြောနိုင်သေးပါဘူး။ ဒီတစ်ခေါက် ကျွန်တော်တို့ ပြန်သွားပြီး ကျောင်းသားစာရင်းတွေက်ု ကောက်ပြီး ပြုစုမှာ ဖြစ်တယ်။ တဆက်တည်း စာသင်ပေးနိုင်တဲ့ အရည်အချင်းရှိတဲ့ ဆရာ ဘယ်နှစ်ယောက်ရှိမလဲ၊ ကျောင်းသားက သူငယ်တန်း အဆင့် ဘယ်လောက်ရှိမလဲ၊ တစ်တန်းအဆင့် ဘယ်လောက်ရှိမလဲ စသည့်ဖြင့် အဲလို စာရင်းကောက်သွားမယ်။

    ကျောင်းဖြစ်ပေါ်လာဖို့ ကျွန်တော်တို့ PCN အနေနဲ့ စပြီး ပထမဆုံး မတည်မယ်။ ပြီးသွားရင် ကျွန်တော်တို့ကို အဆိုပြုထားတဲ့ အလှူရှင်တွေလည်း ရှိတယ်။ အဲဒီ့အပြင်ကို ကျွန်တော်တို့က စာတွေ နဲ့ ကျောင်းဆောက်မယ့်ပုံစံတွေကို ထုတ်ပြီးတော့ ဗလီတွေကို ဖြန့်ဝေထားတယ်။ အဲဒီဗလီတွေမှာ ရှိတဲ့ အလှူရှင်တွေကလှူဒါန်းရင်  ဗလီတွေက တာဝန်ခံပြီးတော့ စုပြီးတော့ ကောက်လာတဲ့ အလှူငွေတွေကိုလည်း လက်ခံပြီးတော့ သုံးသွားမယ်။ ကျောင်းဆောင် တစ်ဆောင်အတွက် ခန့်မှန်းကုန်ကျငွေက ကျပ်သိန်း ၄၀၀။ ကျောင်းဆောင်နှစ်ဆောင်ဆိုတော့  အနည်းဆုံး ကုန်ကျငွေက သိန်း၈၀၀ကျော်မှာ ရှိပါတယ်။ အလှူရှင်တွေအနေနဲ့ တစ်ဦးချင်းအနေနဲ့ ဖြစ်ဖြစ် လိုအပ်ချက်များကို အဆင်ပြေသလို လှူဒါန်းသွားလို့ ရပါတယ်။ ဒါမှမဟုတ် ကုန်ကျမယ့် သံတွေ၊ ကုန်ကျမယ့် အုတ်တွေလှူမယ်၊ ဘိလပ်မြေတွေ လှူမယ်၊ သဲတွေ လှူမယ်၊ လုပ်အားခတွေ လှူမယ် ဒါမှမဟုတ် လျှပ်စစ်မီးတွေ တပ်တဲ့အခါ လှူမယ်၊ စာသင်ခုံတွေ လှူမယ် စသည့်ဖြင့်ပေါ့ လှူချင်တဲ့ ပုံစံအလိုက် စရင်းတွက်ပေးပြီး လှူလို့ရမယ်။ ငွေကြေးလည်း လှူနိုင်တယ်၊ ကုန်ကျတဲ့ ပစ္စည်းတွေကိုလည်း အမယ်လိုက် လှူလို့ရတယ်။ ကိုယ့်တတ်နိုင်သလောက် လှူလို့ရတယ်။

    ယင်းတော်မှာ လိုအပ်နေတာကတော့ မိထ္တီလာမြို့ပေါ်ကနေ ထွက်ပြေးတိမ်းရှောင်လာရတဲ့ အချို့ဒုက္ခသည်တွေဟာ သူတို့ရဲ့ မူရင်းနေရာတွေကို ပြန်မသွားရဲတော့ဘူး။ အဲဒီလို ဖြစ်သွားတဲ့အခါမှာ သူတို့မှာ အလုပ်အကိုင်တွေလည်း မရှိတော့ဘူး။ သူတို့ရဲ့ အိမ်တွေ ရရှိရေးကို ပြန်လည်ကြိုးစားတာက တဂဏ္ဍ၊ ဒါပေမယ့် သူတို့တွေရဲ့အကြောက်တရား မပြေသေးတဲ့ သူတို့ကို ဒီနေရာမှာ အခြေကျဖို့ ကျွန်တော်တို့က အိမ်ယာတွေ ထူထောင်ပေးဖို့ လိုတယ်။ နောက် အလုပ်အကိုင်တွေ အခွင့်အလမ်းတွေ ရရှိအောင် ဖွံ့ဖြိုးအောင် လုပ်ငန်းတွေ အကောင်အထည်ဖော်ပေးဖို့ လိုတယ်။

    နိုင်ငံတော်အစိုးရနှင့် ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ၊ လူမှုရေး အဖွဲ့အစည်းတွေက မိထ္တီလာမြို့ပေါ်မှာလည်း ဒုက္ခသည်တွေ အားလုံးကို သူတို့ရဲ့မူလနေရာတွေမှာ ပြန်ပြီးတော့ လုံ့ခြုံစွာနဲ့ ဘ၀ အခြေချပြီး ပြန်လည်တည်ဆောက်နိုင်ဖို့ သူတို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပြန်လည်ပြီး တပြေးညီ ဖြည့်ဆည်းပေးဖို့၊ အမုန်းတရားတွေ ပပျောက်ပြီးတော့ အားလုံးငြိမ်းငြိမ်းချမ်းချမ်းနဲ့ ချစ်ချစ်ခင်ခင် လက်တွဲနေထိုင်နိုင်ဖို့၊ သူတို့ရဲ့ ပညာရေး အဆင့်အတန်းတွေ မြှင့်တင်ပေးဖို့ အဲဒါတွေ အားလုံးကို ဟန်ချက်ညီညီနဲ့ နေရာမလပ်ကျန်အောင် ကူညီပေးစေချင်ပါတယ်။ ဒီလိုကြိုးစား ဆောင်ရွက်နေတဲ့ NGO အဖွဲ့အစည်းတွေ၊ လူမူ အရပ်ဖက် အဖွဲ့အစည်းတွေကိုလည်း နိုင်ငံတော် အနေနဲ့ ပံ့ပိုး ကူညီပေးစေချင်တယ်၊ အားပေးစေချင်တယ်။ နိုင်ငံတော်နှင့်အတူ လက်တွဲပြီးတော့ ခေါ်ယူသွားစေချင်တယ်။ အဲဒီ့အခါမှာ ပြည်သူလူထု ကလည်း လူမျိုး၊ ဘာသာ၊ အသွေးအရောင်၊ အနိမ့်အမြင့်၊ ဆင်းရဲချမ်းသာ မခွဲခြားပဲနဲ့ လူသားချင်း စာနာတဲ့ ကိုယ်ချင်းစာနာစိတ်နဲ့ ၀ိုင်းဝန်းပြီးတော့ နိုင်ငံချစ်တဲ့စိတ် ပြည်ထောင်စုသား စိတ်ဓာတ်နဲ့ ၀ိုင်းဝန်းကူညီကြစေတယ်။ အဲလိုဆို ကျွန်တော်တို့ တိုင်းပြည်ကြီးဟာ အမြန်ဆုံး  ဖွံ့ဖြိုးမှာပါ ” ဟု M-Media သို့ပြောကြားသည်။

    အဆိုပါ မူလတန်းလွန် ကျောင်းဆောင်အပြီးသတ် ဆောက်လုပ်ပြီး စာသင်ကြားနိုင်ရန် အတွက် အခြား ကျန်ရှိလိုအပ်ချက်အားလုံးကို အလှူရှင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ PCN မှ အပြီးသတ်ဆောင်ရွက်သွားမည်ဟု ဆုံးဖြတ်ချက် ချထားပြီးဖြစ်ကြောင်း၊ ၎င်းကျောင်းမှ တဆင့် အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် တိုးချဲ့သွားနိုင်ရန် မျှော်လင့်ထားပါကြောင်း၊ အလှူရှင်များ အနေဖြင့် ကလေးသူငယ်များ၏ အနာဂတ်အရေး ဆောင်ရွက်နေခြင်းအပေါ် အသင်တို့လည်း အလ္လာဟ်မျက်နှာသက်သက်ဖြင့် လှူဒါန်း ပါဝင် ကူညီပေးကြပါရန် တိုက်တွန်း နှိုးဆော်ကြောင်း၊ အနယ်နယ် အရပ်ရပ်မှ ဆက်သွယ် လှူဒါန်းလိုသူများ အနေဖြင့် [email protected] သို့မဟုတ် အမှတ် (၂) ၊ ၁၁၉လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်။ ဖုန်း ၀၁-၈၆၁၉၃၇၂သို့ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

  • UN ၏ လူ့အခွင့်အရေး သံတမန် ချင်းပြည်နယ် ဆင်းရဲနွမ်းပါးမှု အခြေအနေ အပေါ်တုန်လှုပ်ခဲ့

    သြဂုတ်လ- ၂၃ ရက်၊ ၂၀၁၃
    M-Media
    Source: chinlandguardian

    Quintana and CHRO
    ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း (CHRO) နှင့် ကင်တားနား ရန်ကုန်မြို့တွင် တွေ့ဆုံနေစဉ်  (Photo-CHRO)

    ၂၀၁၃ ခုနှစ်  သြဂုတ်လ ၂၂ ရက်နေ့တွင် UN ၏ မြန်မာပြည်ဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဖြစ်သူသောမတ်စ် အိုယေး ကင်တားနား (Tomás Ojea Quintana)သည် မြန်မာပြည်၏ သီးခြားဒေသတစ်ခုကဲ့သို့ ဖြစ်နေသော ချင်းပြည်နယ်သို့ ပထမဆုံးအကြိမ်လာရောက်ခဲ့ပြီး၊ သူသည် ချင်းပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် ဆင်းရဲနွမ်းပါးမှုများကို မြင်တွေ့ခဲ့ရသဖြင့် များစွာတုန်လှုပ်ခဲ့ရသည်။

    ချင်းပြည်နယ်သည် နှစ်ပေါင်းများစွာ ဗဟိုအစိုးရ၏ ပစ်ပယ်ခြင်းကို ခံစားခဲ့ရကြောင်း ယမန်နေ့ထုတ်ပြန်ချက်တွင် မစ္စတာ ကင်တားနားက ပြောကြားခဲ့သည်။

    “ တံခါးဖွင့်ဝါဒနဲ့အတူ ဖွံ့ဖြိုးတိုးတက်မှုက ဖြစ်လာရပါမယ်။ သို့ပေမယ့် ဒီလုပ်ငန်းစဉ်ဟာ အတူတစ်ကွ အားလုံးပါဝင်နိုင်ဖို့၊ ပွင့်လင်းမြင်သာဖို့၊ တာဝန်ယူတတ်ဖို့၊ ညီတူမျှတူပေးအပ်ဖို့တော့ အလွန်အရေးကြီးပါတယ်။ ဖွံဖြိုးရေးလုပ်ငန်းစဉ် နဲ့ သယံဇာတဆိုင်ရာ အကျိုးအမြတ်များကို ချင်းပြည်နယ်က လူ့အဖွဲ့အစည်းတွေအပေါ်မှာလည်း ခံစားခွင့်ပေးသင့်ပါတယ် ” ” ဟု UN မှ တာဝန်ရှိသူက ချင်းပြည်နယ်မှပြန်လာပြီးသည်နှင့် ပြောကြားသွားခဲ့သည်။

    ချင်းပြည်နယ်ရှိ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် သာမန်ထက်ဆင်းရဲနွမ်းပါးနေသူများဖြစ်ပြီး၊ ချင်းပြည်နယ်သည် မြန်မာနိုင်ငံရှိ ပြည်နယ်များအားလုံးအနက် အဆင်းရဲဆုံး ဖြစ်နေပေသည်။ မြန်မာပြည်သို့ ၈ ကြိမ်မြောက် ရောက်ရှိလာသော မစ္စတာ ကင်တားနားသည် ချင်းပြည်နယ် တောင်ပိုင်းရှိ မင်းတပ် နှင့် ကန်ပက်လက်မြို့များသို့ သွားရောက်ခဲ့ကာ၊ ခရစ်ယာန် ဘုရားကျောင်းများ နှင့် အစိုးရလက်အောက်ခံ နတလ ကျောင်းများထံလည်း သွားရောက်ခဲ့သည် ဟု သိရသည်။

    သူက ခရစ်ယာန် ဘုရားဝတ်ပြုကျောင်းများဖွင့်လှစ်ရေး၌ ဗဟိုမှထိန်းချုပ်မှုကြောင့် အတားအဆီးအခက်အခဲ ဖြစ်ပေါ်နေခြင်း အခြေအနေများကိုလည်း ဖော်ပြခဲ့သည်။

    ဒေသတွင်း နတလ ကျောင်းများသည် စစ်တပ်လက်အောက်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကိုင်တွယ်ထားပြီး၊ ချင်း ခရစ်ယာန် ကျောင်းသားများအား နိုင်ထက်စီးနင်းပြုလုပ်ကာ ဗုဒ္ဓဘာသာသို့ ပြောင်းလဲရန် ခိုင်းစေလျက်ရှိသည်ဟု ဆိုသည်။

    ချင်း လူ့အခွင့်အရေးအဖွဲ့(Chin Human Rights Organization  – CHRO)၏ ဒါရိုက်တာ ဆလိုင်း ဇာအွခ်လင်း က “ နတလ ကျောင်းမှအောင်မြင်သူများဟာ အစိုးရ အလုပ်တွေကို ရရှိခံစားကြရတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်များသာဖြစ်ရမယ်လို့ဆိုပါတယ်။ ဒါဟာ ဘာသာရေးခံယူချက်နဲ့ပတ်သက်ပြီး အလွန်ထင်ရှားလွန်းတဲ့ ခွဲခြားဆက်ဆံမှု ဖြစ်နေပါတယ်။ နတလကျောင်းတွေမှာ ဒီစံနစ်ကို အခိုင်အမာ သွတ်သွင်းထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အဲ့ဒီကျောင်းများကို ဖျက်သိမ်းပေးဖို့ နဲ့ အဲ့ဒါအစား လူတိုင်းအတွက် တန်းတူညီမျှ ပညာရေးစံနစ်ရရှိရေးမှာ ပီပီပြင်ပြင် ငွေကြေးထောက်ပံ့ပေးဖို့ နှိုးဆော်မှုတွေ ပြုလုပ်နေရခြင်းပဲဖြစ်တယ် ” ဟု ပြောပြခဲ့၏။

    ချင်းပြည်နယ်သို့ မသွားရောက်မှီ အရင်အပတ်က ရန်ကုန်မြို့သို့ မစ္စတာ ကင်တားနား ရောက်ရှိနေစဉ် CHRO ကိုယ်စားလှယ်အဖွဲ့မှ သွားရောက်တိုင်ပင်ခဲ့သည် ဟု သိရသည်။

    အချို့ ပြည်နယ်ခေါင်းဆောင်များက မိမိတို့ ဆက်လက်ကြုံတွေ့နေရသော လူ့အခွင့်အရေးထိုးနှက်ခံနေရမှုများနှင့် ပတ်သက်၍ မစ္စတာကင်တားနားထံ တင်ပြခွင့်မရသဖြင့် မကျေမနပ်ဖြစ်နေခဲ့ကြသည်။

    UN အထူးသံတမန်သည် ချင်းပြည်နယ်အတွင်း ၂ ရက်ကြာနေထိုင်ခဲ့၏။ ရခိုင်၊ ရှမ်း၊ ကချင် စသော အခြားပြည်နယ်များသာမက မိတ္ထီလာ နှင့် မန္တလေးသို့လည်း သွားရောက်ခဲ့သည်။

    သူ၏ ၁၀ ရက်တာ ခရီးစဉ်တွင် မစ္စတာ ကင်တားနားသည် ကေအိုင်အို (Kachin Independence Organization) ၏ ဌာနချုပ်ဖြစ်သော ကချင်ပြည်နယ်၊ လိုင်ဇာမြို့သို့ သွားရောက်ခွင့်ကို ငြင်းပယ်ခံခဲ့ရသည်။

  • ဆင်ဖြူကို နဖားကြိုး ထိုးရန် ကြံစည်ကြ သူများ (သူ့အမြင်ကဏ္ဍ)

    Robert Elhose
    သြဂုတ်လ ၂၄ ရက်၊ ၂၀၁၃။

    Quintana
    သြဂုတ်လ ၁၉ ရက်နေ့ ကုလ လူအခွင့်အရေးကိုယ်စားလှယ် ကင်တားနား မိထ္ထိလာမြို့သို့ရောက်ရှိစဉ် တွေ့ရသော ဆန္ဒပြလူအုပ်ကို တွေ့ရစဉ်
    Photo Credit- (VOA Burmese Service)

    ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချူပ် ရဲ့ အထူးကိုယ်စားလှယ် ပါမောက္ခ တောမတ်စ်အိုဟေး ကင်တားနား ရဲ့ မြန်မာပြည် ယခု ခရီးစဉ် အတွင်း မှာ မြန်မာနိုင်ငံ အတွက် အရုပ်ဆိုး အကျည်းတန် တဲ့ မျက်နှာ ပျက်စရာ အဖြစ်အပျက် အတော် များ များ အများပြည်သူတို့ ကြားသိခဲ့ရပါတယ်။

    တခြားသော ကိစ္စ အများအပြားကို ထားလိုက်ပါတော့။ ဒီ မျက်နှာပျက်စရာ ကိစ္စ အတော်များများ ထဲမှာ အခုနောက်ဆုံး အနေနဲ့ မြန်မာအစိုးရ တာဝန်ရှိ သူတွေ အနေ နဲ့ ကင်တားနားရဲ့ မင်္ဂလာဒုံ လေဆိပ် သတင်းထုတ်ပြန်ချက် အပေါ် တရားဝင် ပြန် လည် တုံ့ပြန်မှု တွေက မျက်နှာပျက်စရာ တွေထဲက က ရုပ်အပျက်ဆုံး ဖြစ်ရပ် တွေ လို့ ကျွန်တော်တော့ ထင်ပါတယ်။

    ပထမ အနေနဲ့ မြန်မာအစိုးရအဖွဲ့ ရဲ့ ပြောရေး ဆိုခွင့် ရှိသူ လည်းဖြစ်၊ လက်ရှိ အစိုးရ ပြန်ကြားရေး ၀န်ကြီးဌာန ရဲ့ ဒုတိယ၀န်ကြီး လည်း ဖြစ်တဲ့ ဦးရဲထွဋ် ရဲ့ ပြောကြား ချက် တွေပါ။ သြဂုတ်လ ၂၂ ရက်နေ့ည ဘီဘီစီ မြန်မာပိုင်း အစီအစဉ် နဲ့ လုပ်တဲ့ အင်တာ ဗျူးမှာ သူပြောသွားတာတွေ တော့ အများကြီးပါပဲ။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ တစ်ချက် နှစ်ချက်လောက်ကိုပဲ ထောက်ပြချင်ပါတယ်။

    သူပြောချင်တာက ပါမောက္ခကင်တားနားက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားတဲ့ မိတ္ထီလာမှာ ဆန္ဒပြတယ် ဆိုတဲ့ လူအုပ်က သူ့ကားကို ကန်ကျောက်တယ်၊ လက်သီးနဲ့ ထိုးတယ် ၊ ပြီးတော့ သူ့ကားတံခါးကို ဆွဲ ဖွင့်ဖို့ ကြိုးစားခဲ့ကြတယ် ဆိုတဲ့ ပြောဆိုချက် ကို ဦးရဲထွဋ် ပြန်လည် ချေပတာက ၊ “မဟုတ်ပါဘူး။ ဆန္ဒပြတဲ့ သူတွေက သူ့ကို အိတ်ပိတ်စာ နဲ့ တီရှပ်တစ်ထည် ပေးဖို့ ကြိုးစားတာပါ။ ကားတံခါး မဖွင့်ပေးတော့ ကားတံခါး ဖွင့်ခိုင်း တဲ့အနေနဲ့ ကားမှန်ကို ခေါက်တာပါ ” ဆိုပြီး အဲ့ဒီအချိန်က မူးရူးနေ ကြတဲ့ ဆန္ဒပြသူများ ဆိုသူ တွေကို ကာကွယ်ဖို့ ထင်ထင်ရှားရှားကြီး ကြိုးစားထားတာ တွေ့ရပါတယ်။

    နောက်တစ်ခါ မိတ္ထီလာခရိုင် တာဝန်ခံ ရဲမှုးကြီးနဲ့ အာရ်အက်ဖ်အေ တို့ သြဂုတ်လ ၂၃ ရက် နံနက် ပိုင်း မြန်မာဘာသာ အစီအစဉ် အင်တာဗျူးမှာလည်း ဒီလေသံ ပဲ ဆန္ဒပြ လူအုပ်စု တွေက သူ့ကို အိတ်ပိတ်ပေးစာ တစ်စောင်နဲ့ တီရှပ်တစ်ထည် လက်ဆောင် ပေးဖို့ ကင်တားနား ရဲ့ ကားတံခါး ကို ဖွင့်ပေးဖို့ အချက်ပေးတဲ့ အနေနဲ့ ကားမှန်တွေ ကို ခေါက်ရတာပါ လို့ ထုချေ ထားပြန်ပါတယ်။ ကင်တားနားက ကား တံခါး မဖွင့်ပေးရ ကောင်းလား ဆိုပြီး တော့တောင် အပြစ်တင် ချင် ပုံ မျိုး။

    ပြီးတော့ အဲ့ဒီအချိန်က မိတ္ထီလာမှာ ညမထွက်ရ အမိန့်ထုတ်ထားတဲ့ ကန့်သတ်ချိန် က ည ၁၀ နာရီ။ သဘောက ည ၁၀ နာရီ ဆို လမ်းတွေပေါ်မှာ လူမပြောနဲ့ ၊ ခွေး တောင် ရှိမနေရ တော့ပါဘူး။ ကင်တားနား တို့ ကားတန်း အဲ့ဒီ မိတ္ထီလာ တံတား ပေါ် ရောက်လာခဲ့တဲ့ အချိန်က ၁၀ နာရီ ၃၀ လို့ အားလုံးလက်ခံ ထားကြတယ်။

    ဒီတော့ မေးစရာ မေးခွန်း ရှိလာတာက ကင်တားနား လိုလူရဲ့ ကားကို ဆိုပါစို့ လူတစ် အုပ် က ဆန္ဒပြတယ်ပေါ့ဗျာ။ ဒါလက်ခံနိုင်ပါတယ်။ ညမထွက်ရ အမိန့် နောက်ဆုံးကန့်သတ်ချိန် နဲ့ မိနစ်သုံးဆယ် အပြင်ဖက် ကို စွန်းနေတဲ့ အချိန်မတော် မှာ လူအုပ်စုနဲ့ ဒီလို ရုန့်ရင်းတဲ့ အပြု နဲ့ ဆန္ဒပြနိုင်၊ ဆန္ဒပြခဲ့တာ ကပဲ ထူးဆန်းနေတာ။

    ကဲ .. ကင်တားနား ကဘယ်သူလဲ။ ကင်တားနား ဆိုတာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချူပ် ဘန်ကီမွန်း ရဲ့ အထူးကိုယ်စားလှယ်တော်။ ကုလသမဂ္ဂ ရဲ့ အထူးအခွင့်အာဏာ (Mandate) အပ်နှင်းခံရသူတစ်ဦး အနေ နဲ့ မြန်မာပြည် ကို လာခဲ့ တာ။ သူ့ဟာသူ ပျော်လို့ ငါးမျှားထွက်လာတာ မ ဟုတ်ပါ ဘူး။ သူလာတာ ကုလအတွင်းရေးမှုးချူပ် ကိုယ်တိုင် လာတဲ့သဘော သက် ရောက်တယ်။

    ကုလအတွင်းရေးမှုးချူပ်လို လူက နေရာတိုင်းကို အသေးစိတ် သွားပြီး စစ်ဆေးမေးမြန်း တာတွေ လုပ်ဖို့ အခြေအနေ မပေးဘူး။ အချိန် မရှိဘူး။ ဒါ့ကြောင့် သူ့ ကိုယ်စား လာ တာ။ လေးစားလောက်တဲ့ သိက္ခာသမာဓိ ရှိသူ၊ ပညာရည် ရှိသူ၊ နိုင်ငံတကာ အတွေ့အကြုံ ရှိသူများ သာ ဒီလိုရာထူးမျိုး ထမ်းဆောင် နိုင်ပါတယ်။ ဦးရဲထွဋ် လိုလူမျိုး ဒါမျိုး ရာထူး သွားထမ်းဆောင်ချင်လို့လည်း အနားတောင် သီနိုင်မှာ မဟုတ်ပါ။

    ဒီတော့ ဒီလို အဆင့်ရှိသူ ကို လမ်းဘေးမှာ တွေ့တဲ့ ဘယ်သူမှန်းမသိရသူ လူအုပ်စု က ခပ်လှမ်းလှမ်း ကနေ ဆန္ဒပြတာမဟုတ်ဘဲ၊ အနားကပ်လာ၊ ပြီးတော့ တံခါးပါ ဖွင့်ခိုင်းတာဆိုတော့။

    ဥပမာဗျာ သမ္မတဦးသိန်းစိန် ကိုပဲ ဆိုပါစို့။ မင်္ဂလာဒုံ လေဆိပ်လို နေရာမျိုးမှာ သူ့ကားတန်း ထွက်လာတဲ့အခါ မကျေနပ်သူ လူတစ်စု က ဆန္ဒပြတယ်ပေါ့ဗျာ။ သမ္မတ ကို တီရှပ်တစ်ထည် ပေးချင်တယ်။ ဒီတော့ သမ္မတ စီးလာတဲ့ ကား ကို အနားကပ်ပြီး တံခါးသွားဖွင့် ခိုင်းတယ်။ ပုံစံအနေအထား တွေကြည့် ရတာကလည်း မူးရူးသောက် စား ထားတဲ့ ပုံစံတွေ ဆိုတာ မြင်ရုံ နဲ့တင် သိသာနေတယ်။ ဒီတော့ သမ္မတ က တံခါး ဖွင့်ပေးမလား။ ဖွင့်မပေးဘူးလား။ ဒါမျူိးလုပ်လာခဲ့ရင် ကားတန်းမှာ အသင့် ပါလာတဲ့ လုံခြုံရေး တပ်ဖွဲ့များကရော ဘယ်လိုတုန့်ပြန် ကြမှာလဲ။ ကျွန်တော်လည်း တမ္မတကြီးကို ဆန္ဒပြတဲ့ အနေနဲ့ သမ္မတ ကိုတီရှပ် တစ်ထည် သွားပေးချင်ပါတယ်။ ဒါ့ကြောင့် သမ္မတ ကားနားကို ကပ်သွားပြီး ကားတံခါး ဖွင့် ပေးဖို့ မှန်တံခါး ကို ခြေထောက်နဲ့ ကန် ပြိး ခေါက်ချင်ပါတယ်။ ရမလား ခင်ဗျာ။

    သမ္မတ အဆင့် ထားပါဦး တိုင်းမှုးအဆင့်လောက် ရှိသူတစ်ဦး ကို ဒီအချိုးမျိုး သွားချိုး ရင်ရော ဒါမျိုး သွားလုပ်တဲ့ သူတွေ ဘာဖြစ်သွား နိုင်သလဲ။ ပြီးတော့ ညမထွက်ရ ကာ ဖျူးအမိန့် ထုတ်ထားတဲ့ အချိန် မျိုးကြီးမှာ။ ဘာဖြစ်သွားနိုင်သလဲ ဆိုတဲ့ အဖြေကို မြန် မာပြည် မှာ မွေးပြီး ကြီးခဲ့တယ် ဆိုရင် အားလုံးသိပါတယ်။ မစ္စတာကင်တားနား ရဲ့ ကားတန်း ကိုဒါမျိုး သွားလုပ်ခဲ့ပါတယ်။

    ဒါကို တီရှပ်နဲ့ စာ ပေး ချင်လို့ တံခါးဖွင့် ဖို့ မှန်ကို ခေါက်တာပါဆို ပြီး အစိုးရ နဲ့ နယ်မြေစိုးမိုး ရေး အာဏာ ကို ဖော်ဆောင် နေကြတဲ့ တာဝန်ရှိသူများက တာဝန်မဲ့တုံ့ ပြန် ခဲ့ပါတယ်။ တံခါး မဖွင့် ပေးရ ကောင်းလားဆိုပြီး အပြစ်တင်ချင်တဲ့ သဘောထား ကိုလည်း တွေ့ရပါတယ်။ ဒါဟာ မိုးကြိုးပစ်ရာ ထန်းလက် နဲ့ ကာ ဆိုသလို အင်မတန် ရယ်ဖွယ် ကောင်းတဲ့ ပျက်လုံး သက်သက် ပါပဲ။ ရယ်စရာ လည်း ဟာသဂုဏ် မမြောက်လှတဲ့ ပျက်လုံးပဲ ဖြစ်ပါတယ်။

    ဒီလိုလုပ်ရ့ပ်မျိုး လုပ်ခဲ့ကြ သူတွေ နဲ့ သူတို့ရဲ့ လုပ်ရပ်ကို ရယ်ဘွယ် ကာကွယ် ပေး နေကြသူတွေ ဟာ ဆင်ဖြူတော် ကို နွားအမှတ် နဲ့ နဖားကြိုး ထိုး ဖို့ ကြိုးစား နေသူ တွေလို ပါပဲ။ ကိုယ့်အဖြစ် ကိုယ်ပြန်မမြင် နိုင်တာမို့ ကိုယ့်ကိုကိုယ် ဘာမှန်း ညာမှန်း မသိကြပေမယ့် အများအမြင် မှာတော့ ဆင်ဖြူတော်ကို နဖား ကြိုးထိုးဖို့ ကြံ သူများ သာ နွားလုံးလုံး ဖြစ်တယ် ဆိုတာ လယ်ပြင် ဆင်သွားသလို ထင်ရှားလှပါတယ်။

    နောက်နောင် ဆင်ခြင်ဖို့နဲ့ တွေးတော နိုင်စေဖို့ မိချောင်းမင်းများ ကို ရေခင်း ပြနေ ရခြင်းသာ ဖြစ်ပါကြောင်း ရေးသားရင်း နိဂုံးချူပ်ခွင့်ပြုပါခင်ဗျာ။    ။

    ဓါတ်ပုံ ရှင်းလင်းချက်- သြဂုတ်လ ၁၉ ရက်နေ့ ကုလ လူအခွင့်အရေးကိုယ်စားလှယ် ကင်တားနား မိထ္ထိလာမြို့သို့ရောက်ရှိစဉ် တွေ့ရသော ဆန္ဒပြလူအုပ်ကို တွေ့ရစဉ်
    Photo Credit- (VOA Burmese Service)

  • မိတ္ထီလာမြို့တွင် လူစုလူဝေးပြုနေကြသဖြင့် မွတ်စလင်မ်များ စိုးရိမ်နေ

    သြဂုတ် ၂၃၊ ၂၀၁၃
    M-Media
    ဇာဏီ

    Quintana
    ဓါတ်ပုံ ရှင်းလင်းချက်- သြဂုတ်လ ၁၉ ရက်နေ့ ကုလ လူအခွင့်အရေးကိုယ်စားလှယ် ကင်တားနား မိထ္ထိလာမြို့သို့ရောက်ရှိစဉ် တွေ့ရသော ဆန္ဒပြလူအုပ်ကို တွေ့ရစဉ်
    Photo Credit- (VOA Burmese Service)

    မိတ္ထီလာ ။          ။         မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင် လူစုလူဝေးပြုလုပ်နေသဖြင့် အကြမ်းဖက်မှုများ ထပ်မံ ပြုလုပ်လာမည်ကို မိတ္ထီလာမြို့ရှိ မွတ်စလင်မ်များမှ စိုးရိမ်နေကြောင်း သတင်းရရှိသည်။

    အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ မိတ္ထီလာမြို့သို့ ဆက်သွယ်မေးမြန်းရာ “ဘယ်ရပ်ကွက်မှာ မွတ်စလင်မ်လူဦးရေများလဲဆိုတာ ရဲတွေက လိုက်လံ checking လုပ်နေတာရှိတယ်။ မနက်ဖြန် ၂၄-ရက်နေ့ကစပြီး အခုလာမယ့် ၂၅-၂၆ ရက်နေ့တွေမှာ အရင်က ကျန်ခဲ့တဲ့အိမ်တွေကို အကြမ်းဖက်တာ လုပ်မယ်လို့ ကြားနေရတယ်။ အခုလို ဖြစ်နေတာတွေအပေါ်မှာ နိုင်ငံတော်က ကြေညာချက်ထုတ်ပြန်ပြီး တားဆီးပေးတာမျိုးမရှိဘူး။ တကယ်တမ်းဆိုရင် ခရိုင်အုပ်ချုပ်ရေးမှူးရုံးကပဲဖြစ်ဖြစ် လိုက်ပြီး လော်စပီကာနဲ့ လိုက်အော်ပြီး ထိန်းသိမ်းပေးတာမျိုး၊ သူတို့ ပုဒ်မ ၁၄၄ ထုတ်တုန်းက လိုက်အော်သလိုပေါ့ဗျာ၊ အဲ့လိုမျိုး ထိန်းသိမ်းပေးတာမျိုးဖြစ်စေချင်ပါတယ်။ ပဋိပက္ခဖြစ်အောင် လုပ်တဲ့သူကို ဘယ်လိုအရေးယူမှုမျိုးလုပ်မယ်၊ ဒီလို ပြဿနာတွေမဖြစ်အောင် ဟန့်တားတဲ့ ကြေညာချက်တွေ ကို မြို့နယ်အုပ်ချုပ်ရေးမှူးအမိန့်နဲ့ပဲဖြစ်ဖြစ် ထုတ်ပေးစေချင်တာ။ အခုဖြစ်နေတဲ့ ကောလဟလနဲ့ပတ်သက်ပြီးတော့လည်း ဘာမှ မပြောကြဘူး။ ရဲတွေကတော့ ရပ်ကွက်တွေထဲ ပတ်ကြည့်နေတာမျိုးရှိတယ်။

    လူစုလူဝေးနဲ့လုပ်နေကြတာကလည်း နိုင်ငံတော် ဘာသာနေ့အတွက် လှုပ်ရှားနေကြတယ်ပြောတယ်။ စာရွက်စာတမ်းတွေလဲ ဈေးထဲမှာတော့ ဝေတယ်။

    ခုနက ၁၀-နာရီဝန်းကျင်လောက်ကပဲ သာယာကုန်းရပ်ကွက်ထဲကို ဆိုင်ကယ်နဲ့ လူနှစ်ယောက်ဝင်လာပြီး ကုလားတွေ ဘာညာနဲ့ အော်ဟစ် ဆဲဆို သွားတယ်။

    အခုဆို ကျွန်တော်တို့တွေ ညမအိပ်နိုင်ကြတော့ဘူး။ ကင်းစောင့်သလိုမျိုး လုပ်နေရပြီ။ ဒါတွေကို နိုင်ငံတော် တာဝန်ရှိသူတွေက ထိန်းသိမ်းပေးစေချင်ပါတယ်။

    နောက်ပြီး ကျွန်တော်တို့ မွတ်စလင်မ်တွေ Facebook စာမျက်နှာမှာ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်နေကြတာ မြင်ရတာ တော်တော်ရှက်စရာကောင်းတယ်။ ပြဿနာတွေ ဖြစ်တော့ တကယ်ဆင်းလာတဲ့ ခေါင်းဆောင်တွေရှိတယ်ဗျာ။ တချို့တွေက ထိုင်ပြီး လက်မှတ်ထိုးနေတာတွေလည်းရှိတယ်။ ခုနကလို ဖေ့ဘွတ်မှာ အချင်းချင်း ရန်ဖြစ်နေကြတော့ တချို့ကော်မန့်တွေက ကုလားတွေ အချင်းချင်း သတ်ကုန်ပြီ ဘာညာနဲ့ဖြစ်နေတယ်။ ဒီအချိန်မှာ အဲဒါမျိုးတွေ မဖြစ်သင့်ဘူး။ အခု မိတ္ထီလာနဲ့ တခြားနေရာတွေမှာလည်း ဒုက္ခတွေရောက်ခဲ့ရပြီ။ အဲဒါတွေအတွက် ဆုတောင်း ဒုအာလုပ်ကြပါ။ ဒီအချိန်မှာ အစ္စလာမ် ခေါင်းဆောင်တွေ တစ်ယောက်နဲ့တစ်ယောက် ကြေညာချက်တွေထုတ်ပြီး ပြဿနာ မဖြစ်ကြပါနဲ့။ တကယ်ရန်ဖြစ်ကြရင်လည်း အပြင်မှာ ပါးစပ်နဲ့ ခေါ်ပြောကြပါလို့ ကျွန်တော် ပြောချင်တယ်ဗျာ”လို့ သူ့ခံစားချက်ကို M-Media ကို ရင်ဖွင့်လာပါတယ်။