News @ M-Media

Blog

  • သာယာဝတီမင်း(ခ) ရွှေဘိုမင်း လက်ထက်(၁၈၃၇-၁၈၄၆) ရန်ကုန်မြို့ မြေပုံ

    ရှာဖွေတင်ပြသူ- ဝါးလုံးရှည်အတီး

    ရန်ကုန်မြို့ကို အင်္ဂလိပ် တို့၏ အာဏာ မသက်ရောက်မှီ မြန်မာ မင်းများလက်ထက်ထဲကပင် စေတီများ၊ ရှေးဟောင်း ရိုမန် ကက်သလစ် ချာခ်ျ၊ အာမေးနီးယန်း ချာခ်ျ၊ ဗလီများ အစရှိသည်ဖြင့် လူမျိုး၊ဘာသာ မှီတင်းနေထိုင်ရာ ဖြစ်ကြောင်း သိသာထင်ရှားစွာ တွေ့မြင်နိုင်ပေသည်။

    Yangon Map

    ပုံထဲတွင် တွေ့မြင်ရသော အာမေးနီးယန်း ချာခ်ျမှာ ဗိုလ်အောင်ကျော်လမ်းနှင့် ကုန်သည်လမ်း ထောင့် တွင် တည်ရှိပြီး ယနေ့ထက်တိုင် တွေ့မြင်နိုင်သေးပါသည်။ မြေပုံထဲတွင်ပါရှိသော ဗလီ သုံးလုံး အနက် အနောက်ဘက် ဆုံးကျသည့် ဗလီမှာ ဆူးလေ နှင့် အနီးတဝိုက်၊ အလယ် မှ တစ်လုံးမှာ ကျောက်တံတား မြို့နယ် ၃၉လမ်းနှင့် လမ်း၄၀နား၊ အရှေ့ ဘက်ရှိ ဗလီတစ်လုံးမှာမူ ပုဇွန်တောင် မြို့နယ် အတွင်း နေရာများတွင် တည်ရှိခဲ့မည်ဟူ ခန့်မှန်းရသည်။

    ၁၈၅၂ ခုနှစ် အင်္ဂလိပ် မြန်မာ ဒုတိယစစ်ပွဲ အတွင်းတွင် ရန်ကုန်မြို့ရှိ အဆောက်အအုံ များ ပျက်စီးခဲ့ရပြီး စစ်အပြီး ယနေ့ ရန်ကုန်မြို့၏ လက်ရှိ အနေအထား အတိုင်းဖြစ်ပေါ်လာအောင် ဖန်တီးခဲ့သော ဖရေဇာ စီမံကိန်း အရ လမ်းနှင့် မလွတ်သည့် စေတီများ၊ သိမ်များ၊ ဗလီများ အစရှိသည့် ဘာသာရေး အဆောက်အအုံ အတော်များများကို ဖြိုချပြီး လမ်းများကို ဖောက်လုပ်ခဲ့ခြင်း ဖြစ်ပေသည်။

    မြေပုံကို B.R. PEARN ရေးသားသည့် History of Rangoon စာအုပ် မှ ရရှိပါသည်။

    ဝါးလုံးရှည်အတီး FB Page မှ ကူးယူဖော်ပြပါသည်။

  • ရပ်စောက်မြို့တွင် လတ်တလော ဖြစ်ပေါ်နေသော လူမှုရေး ကိစ္စရပ်များကို ရှမ်းပြည်နယ် အစ္စလာမ်ဘာသာရေး အဖွဲ့မှ ညှိနှိုင်းဖြေရှင်း

    သြဂုတ် ၂၂၊ ၂၀၁၃
    M-Media
    ဘုန်းမင်းခန့်

    1

    ရပ်စောက် ။      ။        ရှမ်းပြည်နယ်၊ ရပ်စောက်မြို့အတွင်း မကြာသေးမီရက်ပိုင်းအတွင်း ဗုဒ္ဓဘာသာဝင်မိသားစုနှင့် အစ္စလာမ်ဘာသာဝင်မိသားစုအကြား ဖြစ်ပေါ်ခဲ့သော လူမှုရေး၊ အိမ်ထောင်ရေးပြဿနာများ ပြေလည် စေရန်နှင့် နှစ်ဖက် အသိုင်းအ၀ိုင်းများအကြား ဖြစ်ပေါ်နေသော သံသယများပြေပျောက်စေရန် (၂၁.၈.၂၀၁၃)ရက်နေ့တွင် ရှမ်းပြည်နယ်အစ္စလာမ် ဘာသာရေးအဖွဲ့မှ ရပ်စောက်မြို့သို့ သွားရောက်ခဲ့ပြီး ရပ်စောက်မြို့နယ် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ရပ်စောက်မြို့ရှိ အစ္စလာမ်ဘာသာဝင်လူကြီးများ၊ ရပ်မိရပ်ဖ လူကြီးမင်းများနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းပြီး ပြေလည်စွာဖြေရှင်း ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

    ရပ်စောက်မြို့၊ ဥတ္တံတားရပ်ကွက်နေ အဘဦးမြဟန်၏သားဖြစ်သူ အစ္စလာမ်ဘာသာ ကိုးကွယ်သူ မောင်အောင်လွင် (ခ)အောင်လေးနှင့် ရပ်စောက်မြို့၊ လွယ်ကိုး ရပ်ကွက်နေ အဘ ဦးထွန်းရွှေ၏ သမီး ဗုဒ္ဓဘာသာကိုးကွယ်သူ မတင်တင်အေးတို့သည် လွန်ခဲ့သော (၆)နှစ်ခန့် ၂၀၀၇ခုနှစ်မှ စတင်ကာ နှစ်ဦးသဘောတူ အကြင် လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့ကြကာ မိမိတို့ယုံကြည် ကိုးကွယ်ရာများကို သီးခြားစီ လွတ်လပ်စွာ ကိုးကွယ်ခဲ့ကြပြီး သားသမီး(၂)ဦး ထွန်းကားခဲ့ပါသည်။ မောင်အောင်လွင် (ခ)အောင်လေးနှင့် မတင်တင်အေးတို့ ဇနီးမောင်နှံနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး အိမ်ထောင်ရေး အဆင် မပြေဖြစ်မှုကြောင့်လည်းကောင်း၊ မိခင်၏ခေါ်ယူမှုကြောင့်လည်းကောင်း မတင်တင်အေးသည် လွန်ခဲ့သော ၁နှစ် ၂၀၁၂-ခုနှစ် သြဂုတ်လမှ စတင်၍ မိဘများနေအိမ်သို့ ပြန်သွားခဲ့ကြောင်းသိရှိရပါသည်။

    မောင်အောင်လွင်မှာ သားသမီးနှစ်ဦးနှင့် အတူနေထိုင်လျှက် ၎င်းသားသမီးနှစ်ဦးတို့အား ယနေ့ ထက်တိုင် ပြုစုစောင့်ရှောက်ခဲ့ကြောင်းလည်း သိရှိရပြီး (၁၆.၈.၂၀၁၃)ရက်နေ့တွင် မတင်တင်အေးမှ မိမိအနေဖြင့် ခင်ပွန်းဖြစ်သူ မောင်အောင်လွင် (ခ) အောင်လေး နှင့် ပြန်လည်ပေါင်းသင်းလိုသော ဆန္ဒ မရှိတော့ကြောင်း၊ သားသမီးနှစ်ဦးအား မိမိမှ မိခင်ဖြစ်သည့်အားလျှော်စွာ ပြန်လည်ရယူ ထိန်းသိမ်းစောင့်ရှောက် လိုကြောင်း၊ ခင်ပွန်းဖြစ်သူ မောင်အောင်လွင်(ခ)အောင်လေးထံမှ သားသမီးနှစ်ဦးအား ပြန်လည်ပေးအပ်ရန်
    တောင်းဆိုခဲ့ရာတွင် ခင်ပွန်းဖြစ်သူ မောင်အောင်လွင်မှ သားသမီးနှစ်ဦးအား ပြန် မပေးနိုင်ကြောင်းနှင့် မနှစ်သက်ဖွယ်ရာ စကားများဖြင့် ပြန်လည်ပြောဆိုခဲ့ သဖြင့် မတင်တင်အေးမှ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံ မိမိတို့၏ အိမ်ထောင်ရေးဖြစ်စဉ်အား တင်ပြခဲ့ကြောင့် သိရသည်။ သက်ဆိုင်ရာ တာဝန်ရှိ လူကြီးမင်းများမှ မောင်အောင်လွင် (ခ)အောင်လေးနှင့် မတင်တင်အေးတို့ ဇနီးမောင်နှံနှစ်ဦးအား ခေါ်ယူညှိနှိုင်းဆောင်ရွက်ပေးခဲ့သော်လည်း မောင်အောင်လွင် (ခ) အောင်လေးမှ မိမိတို့၏ သားနှစ်ဦးအား ဇနီးဖြစ်သူ မတင်တင်အေးအား ပြန်မပေးနိုင်ကြောင်းပြောဆိုခဲ့ပြီး ညှိနှိုင်းမှု အဆင်မပြေခဲ့သဖြင့် တစ်ဦးနှင့်တစ်ဦး တစ်ဖက်နှင့် တစ်ဖက် တင်းမာမှုများဖြစ်ပေါ်ခဲ့ပါသည်။

    ရှမ်းပြည်နယ်၊ ရပ်စောက်မြို့တွင် ထိုသို့သော အိမ်ထောင်ရေးနှင့်ပြဿနာပြေလည်မှု မရှိသည့် အကြောင်းကို အခြေခံသည့် သံသယများ၊ ကောလဟာလများကြောင့် အေးချမ်းစွာ နေထိုင်လျက်ရှိ ကျသော ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင် နှစ်ဖက် အသိုင်း အ၀ိုင်းကြားတွင် မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက်လာမည်ကို စိုးရိမ်သော ရပ်စောက်မြို့နယ် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရပ်စောက်မြို့ပေါ်ရှိ ရပ်မိရပ်ဖများနှင့် အစ္စလာမ်ဘာသာဝင် လူကြီးများမှ ဦးဆောင်၍ ရှမ်းပြည်နယ် အစ္စလာမ် ဘာသာရေးအဖွဲ့ဝင် လူကြီးများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး  (၂၁.၈.၂၀၁၃)ရက်နေ့တွင် နံနက် (၁၀း၀၀)နာရီတွင် ရပ်စောက်မြို့ အစ္စလာမ် ဗလီဝတ်ကျောင်းတော် ခန်းမ၌ တွေ့ဆုံဆွေးနွေးကာ မောင်အောင်လွင်(ခ)အောင်လေးနှင့် မတင်တင်အေးတို့ ဇနီးမောင်နှံနှစ်ဦး၏  အိမ်ထောင်ရေးနှင့် သားသမီး ကိစ္စရပ်များအား နှစ်ဦးနှစ်ဖက် ပြေလည်စွာ ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။

    မတင်တင်အေးမှ ခင်ပွန်းဖြစ်သူ မောင်အောင်လွင်(ခ)အောင်လေးနှင့် ဆက်လက်ပေါင်းသင်းလိုသော ဆန္ဒမရှိတော့သဖြင့် (၂၁.၈.၂၀၁၃)ရက်နေ့တွင် နှစ်ဦးသဘောတူ လင်မယား ကွာရှင်းပြတ်ဆဲခြင်း စာချုပ်အား သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် သက်သေ လူကြီးမင်းများရှေ့တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး၊ မတင်တင်အေးမှ မိခင်ဖြစ်၍ သားသမီးနှစ်ဦးအား ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ကျွေးမွေးထောက်ပံ့မှုကိုလည်း မိခင်ဖြစ်သူမှပင် တာဝန်ယူရန်၊ မိခင်လက်ဝယ်ရှိ သားသမီးနှစ်ဦးအား ဖခင်မှ ခေတ္တခဏတွေ့ဆုံ လိုပါကလည်း မိခင်ဖြစ်သူမှ ခွင့်ပြုပေးရန် စသည်တို့ကိုလည်း နှစ်ဦးသဘောတူ ၀န်ခံကတိပြု လက်မှတ်ရေးထိုးခဲ့ပြီး လူမှုရေးပြဿနာကို ဖြေရှင်းခဲ့ကြောင်းသိရသည်။

     

  • အစ္စလာမ်ဆန့်ကျင်ရေး အကြမ်းဖက်များကို ထိရောက်စွာ ဖြေရှင်း ကိုင်တွယ်ဖို့ မြန်မာအား လူ့အခွင့်အရေးစောင့်ကြည့်မှု အဖွဲ့ ပြော

    သြဂုတ်လ- ၂၂ ရက်၊ ၂၀၁၃
    M-Media

    မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုများအတွက် မြန်မာအစိုးရက တာဝန်ယူဆောင်ရွက်မှုများ ပြုလုပ်ရမည်ဟု ဆရာဝန်များအတွက် လူ့အခွင့်အရေးအဖွဲ့အစည်း (Physicians for Human Rights) က ပြောကြားလိုက်ကြောင်း အေအက်ဖ်ပီက သတင်းဖော်ပြထားသည်။

    riot-hit-meiktila
    ယခုနှစ် မတ်လအတွင်းဖြစ်ပွားခဲ့သည့် မိထ္ထီလာမြို့က မွတ်စလင်မ် နေအိမ်များကို မီးရှို့အကြမ်းဖက်မှုများ

    ဆရာဝန်များအတွက် လူ့အခွင့်အရေးအဖွဲ့အစည်းက ယမန်နှစ်အတွင်းဖြစ်ပျက်ခဲ့သော မွတ်စလင်ဆန့်ကျင်ရေး အဓိကရုဏ်းများကို “ကျယ်ပြန့်စွာ ပျံ့နှံ့ခဲ့သည့် စနစ်ကျသော လှုပ်ရှားမှုကြီး” အဖြစ် ကင်ပွန်းတပ်ထားသည်။ ထိုအဖွဲ့၏ အစီရင်ခံစာအရ အဓိကရုဏ်းကြောင့် လူပေါင်း ၂၅၀ အသတ်ခံခဲ့ပြီး ထောင်ပေါင်းများစွာ အိုးအိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။

    ထိုအဖွဲ့က မြန်မာ၏ လက်ရှိအခြေအနေသည် ငြိမ်သက်နေပြီဟု ထင်ရသော်လည်း အကြမ်းဖက်မှုကျူးလွန်ခဲ့သူများကို ထိရောက်စွာ အရေးယူမှု ပျက်ကွက်နေသေးကြောင်း၊ ထို့ကြောင့် ထပ်မံဖြစ်လာမည့် အဓိကရုဏ်းများကို ကြိုတင်ကာကွယ်ရေးကဏ္ဍ၌လည်း ပျက်ကွက်နေကြောင်း ဆိုသည်။

    “ဒီလိုမျိုးအခြေအနေတွေနဲ့ပတ်သတ်ပြီး ဖုံးဖိထားမယ်၊ နုတ်ဆိတ်နေမယ်ဆိုရင် မြန်မာပြည်တစ်နိုင်ငံလုံးမှာ ဆူပူမှုတွေ ဒါမှမဟုတ် ကပ်ဆိုက်သလိုမျိုးထိ ဖြစ်လာလိမ့်မယ်။ အဲဒီထဲမှာ လူ့အခွင့်အရေးကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေ၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ပါဝင်တယ်။” ဟု ဆရာဝန်များအတွက် လူ့အခွင့်အရေးအဖွဲ့အစည်း၏ အစီရင်ခံစာက Burma ဟု သုံးနှုံးကာ ဖော်ပြထားသည်။

    မြန်မာအစိုးရကမူ HRW ၏ စောင့်ကြည့်မှုအစီရင်ခံချက်များကို ပြင်းထန်ခါးသီးစွာ ငြင်းဆန်ပယ်ချခဲ့သည်ချည်းဖြစ်သည်။ သို့သော် မတ်လအတွင်းဖြစ်ခဲ့သည့် မိတ္ထီလာအကြမ်းဖက်မှုတွင် အစ္စလာမ်ဘာသာရေးကျောင်းမှ ကျောင်းသားလူမမယ် အယောက် ၂၀ ကျော်နှင့် ဆရာများ သတ်ဖြတ်ခံခဲ့ရသည်။ ကင်းတားနားကမူ ရဲများ၏ အကာအကွယ်ပေးရန်ပျက်ကွက်ခဲ့မှုကို မိမိအနေဖြင့် ကိုယ်ချင်းစာနိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ထို့ပြင် ဆရာဝန်များအတွက် လူ့အခွင့်အရေးအဖွဲ့အစည်း၏ မြန်မာပြည် ဒါရိုက်တာ ၀ီလျံဒေးဗစ်က မြန်မာမွတ်စလင်ကျူးလွန်သူများသည် ဗုဒ္ဓဘာသာဝင်ကျူးလွန်သူများထက် ပို၍ အပြစ်ဒဏ်ပေးခြင်း ခံနေရကြောင်း ဘန်ကောက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ “အကြမ်းဖက်တာတော့ ရပ်သွားပြီ။ ဒါပေမယ့် အဲဒီမှာ အကြမ်းဖက်ဖို့ အထောက်အပံ့တွေ ရှိနေတုန်းပဲ။” ဟု ၀ီလျံဒေးဗစ်က အပြစ်ပေးရန်ပျက်ကွက်မှုများ နှင့် အကျင့်စာရိတ္တပျက်ဆီးနေသော တရားသူကြီးများဦးစီးသည့်  တရားစီရင်ရေးကဏ္ဍများကို ရည်ညွှန်းပြောကြားသွားသည်။

    မြန်မာအစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွတ်ကမူ သမ္မတဦးသိန်းစိန်က ကုလကိုယ်စားလှယ်အား တွေ့ဆုံဖို့ လုံးဝ (လုံးဝ) အစီအစဉ်မရှိကြောင်း လတ်တလော ကြေညာခဲ့သော်လည်း ကင်းတားနားကမူ ကုလကိုယ်စားလှယ်အား မြန်မာအစိုးရက လုံခြုံရေးပေးရန် ပျက်ကွက်ခဲ့သည်ဟု လူသိရှင်ကြား ပြောဆိုလိုက်ပြီဖြစ်သည်။

    အေအက်ဖ်ပီ
    Ref: (http://www.mmtimes.com/index.php/national-news/7902-rights-group-calls-on-myanmar-to-address-anti-muslim-sentiment.html)

  • ဖေ့စ်ဘွတ် CEO ဖြစ်သော Zuckerberg ၏ အကောင့်အား ဟက်ခဲ့သူ ငွေသားဆုပေး ကမ်းခံရ

    သြဂုတ်လ- ၂၁ ရက်၊ ၂၀၁၃
    M-Media
    Man who hacked Zuckerberg's Facebook
    အပြစ်အနာအဆာချို့ယွင်းမှုအား ထောက်ပြနိုင်သူအပေါ် ပုံမှန် ဆုချီးမြှင့်လေ့ရှိသည့် FaceBook ကုမ္ပဏီ ပရိုဂရမ်၏်ငြင်းပယ်မှုကိုခံလိုက်ရပြီးနောက် မိမိသည် အင်တာနက် Website များ၏ လုံခြုံရေးယိုပေါက်များကို ရှာဖွေနိုင်သူ တစ်ဦးဖြစ်ကြောင်း ဖော်ပြရန် Zuckerberg ၏ဖေ့စ်ဘွတ်စာမျက်နှာအား ဟက်ခဲ့သူ ပါလက်စတိုင်းသား ခလီးလ် သည် ကမ္ဘာ့ဟက်ကာများထံမှ အလှူငွေများ ရလျက်ရှိသည်။

    ခလီးလ် ရှရီတဲဟ်(Khalil Shreateh) မှ ထိုအားနည်းချက်ကို တွေ့ရှိကာ ရီပို့တင်၍ထောက်ပြခဲ့သော်လည်း ကုမ္ပဏီ လုံခြုံရေးအုပ်စုက ဖြုတ်ချပစ်ခဲ့သည်။ ထို့နောက်တွင် သူသည် ထိုအချက်ကိုထင်ရှားစေရန် ကုဋေကြွယ်သူဌေး၏ ဝေါလ်ပေါ်တွင် ပို့စ်တစ်ခုကို ရေးတင်လိုက်လေသည်။

    ရှရီတဲလ်အား ဖေ့စ်ဘွတ်မှငြင်းဆန်လိုက်ပြီးနောက် သူ့ကို ဒေါ်လာ တစ်သောင်းအထိ ချီးမြှင့်ပေးကမ်းနိုင်ရန် ယခုအခါ BeyondTrust ဆိုင်ဘာလုံခြုံရေးအဖွဲ့၏ နည်းပညာအဖွဲ့မှူး မာ့က် မိုက်ဖရက် (Marc Maiffret) မှ ဟက်ကာအဖွဲ့သားများဆီ ဆော်သြလျက်ရှိသည်။

    အထက်တန်းကျောင်းမှထွက်ပြီး ကိုယ်ပိုင်လေ့လာမှုဖြင့် ဟက်ကာဖြစ်လာသူ မိုက်ဖရက်က သူ၏ စဦးမ,တည်ငွေ ဒေါ်လာ ၂၀၀၀ အပါအ၀င် ဒေါ်လာ ကိုးထောင်နီးပါးအထိ ကောက်ခံရရှိနေပြီဖြစ်ကြောင်း အင်္ဂါနေ့တွင် ပြောခဲ့သည်။

    ဖေ့စ်ဘွတ်သည် ၄င်း၏ Bug Bounty အစီအစဉ်အောက်မှချီးမြှင့်မှုကို ပါလက်စတိုင်းလူမျိုး ရှရီတဲလ်အား ပေးရန် ငြင်းဆိုလိုက်ခြင်းမှာ တရားမျှတမှုမရှိကြောင်း သူနှင့်အခြားဟက်ကာတို့မှ ဆိုကြသည်။

    “ သူဟာ ပါလက်စတိုင်းကနေ လက်ပ်တော့လေးတစ်လုံးနဲ့ ငါးနှစ်ကြာအောင် ဒီသုတေသနကို ဇောက်ချလုပ်ခဲ့တာပါ။ ဒီလိုဖြစ်သွားခြင်းက သူ့ကိုရိုက်ချိုးသလိုဖြစ်နေပါတယ်။ သူ့ကို ထိထိရောက်ရောက် ဆွဲထုတ်ကူညီဖို့ လိုအပ်ပါတယ် ” ဟု မိုက်ဖရက်က ပြောပြသည်။

    ရှရီတဲလ်က ဇူကာဘာ့က်၏ ဝေါလ်အပါအ၀င် မည်သည့် user’s wall တွင်ဖြစ်စေ ၀င်၍ ပို့စ်တင်နိုင်သော ၀က်ဘ်ဆိုဒ် အားနည်းချက်ကို ဖော်ထုတ်နိုင်ခဲ့သည်။ ယင်းအားနည်းချက်ကို တင်ပြခဲ့သော်လည်း ၀က်ဘ်ဆိုဒ်လုံခြုံရေးအဖွဲ့မှ လက်မခံခဲ့ချေ။ သို့ဖြင့် သူက စီအီးအို၏ ကိုယ်ပိုင်အကောင့်ပေါ် “ ခင်ဗျားရဲ့ privacy ကို ချိုးဖောက်လိုက်တဲ့အတွက် ၀မ်းနည်းပါတယ် ” ဟူသော စာသားပါဝင်သည့် message တစ်ခုတင်ပြလိုက်၏။

    ထိုအခါ ဖေ့စ်ဘွတ်မှ ယင်းတင်ပြချက်ကို မဆိုင်းမတွ ဖြုတ်ချမိသည့်အပေါ် တနင်္လာနေ့တွင် ရှရီတဲလ်အား တောင်းပန်လိုက်သည်။ သို့သော် ဆုကြေးငွေကိုမူ မချီးမြှင့်ခဲ့ချေ။

    လုံခြုံရေးအရာရှိချုပ် ဂျိုး ဆူလီဗန်(Joe Sullivan) က “ အမှန်အကန်အသုံးပြုနေသူတွေကို ထိခိုက်အောင် စမ်းသပ်တင်ပြသူတွေကို ကျွန်တော်တို့က ဆုချီးမြှင့်ရိုး ထုံးစံမရှိပါဘူး။ စည်းမျဉ်းကိုလိုက်နာတဲ့ သုတေသီတွေကိုတော့ ဒီဖေ့စ်ဘွတ်ပရိုဂရမ်အောက်က ဂုဏ်ပြုပေးကမ်းနေတာ ဒေါ်လာ တစ်သန်းထိ ရှိသွားပြီ ဖြစ်ပါတယ် ” ဟု ဘလော့ဂ်ပို့စ် တစ်ခု၌ ပြောကြားခဲ့သည်။

  • သြဂုတ်လ- ၂၁  မြန်မာနှင့် နိုင်ငံတကာ သတင်းတို

    သြဂုတ်လ- ၂၁ မြန်မာနှင့် နိုင်ငံတကာ သတင်းတို

    သြဂုတ်လ- ၂၁ ရက်၊ ၂၀၁၃
    M-Media

    ဖူကူရှီးမား ယိုစိမ့်မှု တရုတ်ထိတ်လန့်

    ဂျပန်နိုင်ငံ ဖူကူရှီးမား ညူကလီးယား ဓါတ်ပေါင်းဖို ယိုစိမ့်မှုကို စိုးရီမ်ရသော အခြေအနေ အဆင့် ၃ သို့ သတ်မှတ်လိုက်ရပြီး တရုတ်နိုင်ငံကလည်း နှစ်နှစ်ကြာအချိန်ထိ ယခုလို အခြေအနေ ရှိနေခြင်းကို ထိတ်လန့်မီသည်ဟု ပြောဆိုသည်။
    _______________________________
    ဆီးရီးယားအစိုးရတပ်များဓါတုလက်နက်သုံး

    Damascus မြို့အနီးတိုက်ပွဲတွင် သမ္မတ Bashar al-Assad ၏ တပ်များသည် သူပုန်တပ်များကို ဓါတုလက်နက် တစ်မျိုး ဖြစ်သည့် nerve ဓါတ်ငွေ့ ဖြင့် တိုက်ခိုက်သောကြောင့် ၂၁၃ဦးသေဆုံးခဲ့သည်။
    _______________________________
    အမေရိကန် မူလတန်းကျောင်း ပစ်ခတ်မှု

    သေနတ်သမား တစ်ဦးသည် AK-47 အပါအ၀င် အခြားလက်နက်များဖြင့် မူလတန်းကျောင်းကို ပစ်ခတ်ခဲ့သည်။ ထိခိုက်ဒါဏ်ရာရသူ မရှိပါ။
    _______________________________
    ဂျာမန် အဓိပတိ နာဇီ စခန်းဟောင်းသို့ သွားရောက်

    ဂျာမဏီ၏ အဓိပတီများအနက် Angela Merkel သည် နာဇီအကျဉ်းစခန်းသို့ ပထမဆုံး သွားရောက်လေ့လာသူ ဖြစ်၍ ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် မသွားရောက်သင့်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့ရသည်။ ၎င်းနာဇီကာလသည် ဂျာမန်တို့အတွက် အရှက်ရစရာဖြစ်ကြောင်း ခံစားခဲ့ရသူများအတွက် ၀မ်းနည်းမိကြောင်း Merkel က ပြောဆိုသည်။
    _______________________________
    မြို့တော်ခန်းမရှေ့ ဆန္ဒပြသူ ပြန်လည်လွတ်မြောက်

    လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်နော်အုန်းလှကို ပြန်လွှတ်ပေးဖို့နဲ့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာကို ရုပ်သိမ်းပေးဖို့ မနေ့က မြို့တော်ခန်းမရှေ့မှာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့တဲ့ (Generation Youth) မျိုးဆက်သစ်လူငယ်များအဖွဲ့က ကိုကျော်သူကို မနေ့ညပိုင်းက ကျောက်တံတားမြို့နယ်ရဲစခန်းက ကိုယ်ပိုင်ခံဝန်နဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
    _______________________________
    အကြမ်းဖက်သမားတွေ လက်ပိုက်ကြည့်နေရင် ကြီးမားတဲ့ ပဋိပက္ခနဲ့ကြုံတွေ့ရနိုင်

    မြန်မာနိုင်ငံအနေနဲ့ မွတ်ဆလင် ဆန့်ကျင်ရေး လှုံ့ဆော်တာတွေကို ကိုင်တွယ်အရေးယူရမှာဖြစ်ပြီး၊ ဘာသာရေး အကြမ်းဖက်တာတွေ အပေါ်လက်ပိုက်ကြည့်နေတတ်တဲ့ အစဉ်အလာကိုလည်း တိုက်ဖျက်ရမှာဖြစ်ကြောင်း၊ ဒီလိုမဟုတ်ရင်တော့ ကြီးမားတဲ့ ကပ်ဘေးအဆင့် ပဋိပက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရဖွယ်ရှိကြောင်း အမေရိကန် အခြေစိုက် PHR ခေါ် လူ့အခွင့်အရေးအဖွဲ့က သတိပေးလိုက်ပါတယ်။
    _______________________________
    မိတ္ထီလာတွင် ကင်တားနားကို ဆန္ဒပြမှု ၈၈ မျိုးဆက်အဖွဲ့ သဘောထား မပါဟု ဆို

    မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားအား ဒေသခံများနှင့် အတူ ဆန္ဒပြခဲ့ကြသော မိတ္ထီလာမြို့ခံ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ဝင်များကို ပြင်းပြင်းထန်ထန် သတိပေးလိုက်ပြီး ထိုဆန္ဒပြမှုတွင် ရန်ကုန်ရှိ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၏ သဘောထား လုံးဝ မပါဝင်ကြောင်း သိရသည်။

    “ရန်ကုန်က ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့၊ တာဝန်ရှိသူတွေရဲ့ သဘောထားအရ ဒီ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ရဲ့ နာမည်ကိုသုံးပြီး လုပ်ဆောင်ခွင့် မပြုပါဘူး။ ရန်ကုန် ၈၈ ကျောင်းသား ခေါင်းဆောင်တွေရဲ့ သဘောထားမပါဘဲ လုပ်တဲ့အတွက် သူတို့ကို လှမ်းပြောပြီး သတိပေးပြီးသား ဖြစ်တယ်။ နောက်နောင်တွေ ဒီလိုမျိုးလုပ်တဲ့ ကိစ္စတွေမှာ ကြိုတင်အကြောင်းကြား အသိမပေးရင် ကျနော်တို့နဲ့ ဖြေရှင်းမှုတွေ လုပ်ရမယ်” ဟု ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ကိုဇော်မင်းက ဧရာဝတီသို့ ပြောသည်။
    Ref:ဧရာဝတီ
    _______________________________
    ကင်တားနား မြန်မာနိုင်ငံခရီးစဉ်အပြီး သတင်းစာရှင်းလင်း

    ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား၏ မြန်မာနိုင်ငံသို့ ၈ ကြိမ်မြောက် ၁၀ ရက် ခရီးစဉ်အပြီး ၄င်း၏ ခရီးစဉ်အတွေ့အကြုံများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သြဂုတ် ၂၁ ရက်နေ့ ညနေပိုင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ အဆိုပါခရီးစဉ်တွင် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မတ္တီလာ၊ လားရှိုးနှင့် နေပြည်တော်သို့ သွားရောက်ခဲ့ပြီး လူ့အခွင့်အရေးနှင့် ပက်သက်သည့် အချက်အလက်များအား လေ့လာခဲ့သည်။ အင်းစိန်ထောင်သို့လည်း သွားရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေအဖွဲ့အချုပ် ဒေါ်အောင်ဆန်းစုကြည်၊ လိင်တူချစ်သူအရေး လှုပ်ရှားသူများနှင့်လည်း တွေ့ဆုံခဲ့သည်ဟု သိရပါသည်။
    Ref: မဇ္ဈိမ
    _______________________________
    မိတ္ထီလာတွင် ရဲများအနီးအနားရှိနေလျက် အကာအကွယ်မရခဲ့ဟု ကင်တားနား ပြောပြီ

    မိတ္ထီလာမြို့အဝင်မှာ ၂ဝဝကျော်လောက်ရှိတဲ့ လူအုပ်ကြီးက သူ့ရဲ့ကားမှန်တွေကို ထုရိုက်ပြီး အော်ဟစ်နေချိန်မှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေ လက်ပိုက်ကြည့်နေတာဟာ အစိုးရရဲ့ အဓိကပျက်ကွက်မှုကြီးလို့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်စ် ကင်တားနားက ရန်ကုန်မြို့မှာ ကြေညာချက်ထုတ် ပြောဆိုလိုက်ပါတယ်။
    Ref: ကမာရွတ်မီဒီယာ
    _______________________________
    အီလက်ထရောနစ် ဥပဒေကို ပြင်တဲ့ ဥပဒေကြမ်း တင်ပြ

    စစ်အစိုးရလက်ထက်တုန်းက ရေးဆွဲခဲ့တဲ့ ထောင်ဒဏ် နှစ်ရှည်ချခဲ့တဲ့ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်အမတ် ဦးသိန်းညွန့် က တင်သွင်းတာကို လွှတ်တော်က လက်ခံလိုက်ပါတယ်။